Wednesday, June 27, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၆)

ထို့နောက် ဖိုမင် သည် အခြားအရာရှိတစ်ယောက်အား ကျွန်တော့်ကို မီးကျင်းသို့ပို့ရန် ပြောသည်။ "ငမည်းတွေ က အပူဒဏ် ကို ပိုခံနိုင်တယ်"ဟု ပြောပါသည်။ ထိုအစီအစဉ်မှာလည်း ကျွန်တော့်ကို မထိ ခိုက်နိုင် ပါ။ သို့သော် မီးဖိုကြီးရှေ့ တွင် ရပ်ပြီး အလုပ်လုပ်ရသည်ကား မသက်သာလှ။ မီးကျီရဲရဲ ကြီး ရှေ့တွင် ကုန်းပြီး အလုပ်လုပ်ရရာ မျက်နှာ များ ကျိန်းစပ် ပူလောင်နေ၏။ နေ့လယ်စာ စားချိန် ဥသြ ဆွဲသောအခါ ကျွန်တော်သည် ကြမ်းပြင်ပေါ်တွင် ပစ်လဲကျကာ နာရီဝက် ခန့်ပင် သွေး အန်တော့သည်။ ထိုသွေးများ ကို ကိုယ့်ဘာသာကိုယ် သုတ်ပစ် ခဲ့ ရသေးသည်။ ကို ဆက်ဖတ်ရန်...
ရက်သတ္တပတ် ကုန်ဆုံးသောအခါ၌ ကျွန်တ်ာသည် အိမ်သို့လမ်းလျှောက်ပြန်ခဲ့ပြီး အမေ့လက်ကို ပိုက်ဆံများ အပ်နိုင်ခဲ့ပါသည်။ ဈေးကို အကြွေး ၀ယ်ရမည့် အစား လက်ငင်းငွေချေဝယ်နိုင်လာပြီ ဖြစ်ပါသည်။ အမေ့အဖို့ အကြွေးဟောင်း များလည်း ဆပ်လာနိုင်သည့်အပြင် သုံးပြီးသား ပရိဘောဂ တစ်စုံနှင့် အ၀တ်အထည်အချို့ ၀ယ်နိုင် ပါသည်။ ထို့ပြင် လူဖြူများ အိမ်သို့လည်း နေ့တိုင်း သွားအ လုပ်လုပ်စရာ မလိုတော့။ အိမ် တွင် ငွေပိုငွေလျှံလေးများပင် ရှိလာနိုင်ပြီ။ သို့သော် အထောက်အပံ့ခံ စာရင်းကိုတော့ မပယ်ဖျက်နိုင်သေး။
ဖျက်ပြီး လျှင် ထပ်ပြန်ရဖို့ အလွန်ခဲယဉ်းသည် မဟုတ်လော။

ကျောင်းပြန်ဖွင့်သည် အထိ ကျွန်တော် အလုပ်ဆက်လုပ်ပေးခဲ့သည်။ မနက် ၈ နာရီတွင် ဘင်ခရာအဖွဲ့ တွင် အထူး ဂီတသင်တန်းတက်ရသည်။ ကျောင်းစာမသင်မီ တစ်နာရီစောပြီး ယင်းသင်တန်း တက်ရသ ည်။ ဘင်ခရာ အဖွဲ့ခေါင်းဆောင် မစ္စတာဝီလဆင်ကို အတော်အကူအညီပေး ပေါင်းသင်းပြီး ထိုအဖွဲ့ထဲ ပါရအောင် ကြိုးစား ရသည်။ ထို့ကြောင့် စက်ရုံမှ တိုက်ရိုက်ပင် ကျောင်းသို့လာရသည်။ ကျောင်းလွှတ် လျှင် အပြေးလေ့ ကျင့်ပြီး အိမ်တွင် ခဏသာ အိပ်စက်နားနေလိုက်ရသည်။ ည ၁၁ နာရီကျထပ်ပြီး အလုပ်ဆင်းရပြန်သည်။ ထို့နောက် မနက်တိုင်း ဘင်ခရာ သင်တန်းခန်းမကို လှဲကျင်းသုတ်သင်၊ ဂီတ ဆရာများအတွက် ဂီတသင်္ကေတ တင်သော ခုံများ ကို လိုက်ချ၊ ဂီတသင်္ကေတ စာရွက်တွေ လျှောက် တင်။ ပြီးလျှင် ဘေးမှထိုင်ပြီး သူတို့တီးမှုတ် တာ ငေးကြည့်တော့ သည်။

လူအားလုံးစုပြီး အသံသာသာတစ်ခု ဖန်တီးပုံ၊ ဘင်ခရာခေါင်းဆောင်က သူ့တုတ်တံဖြင့် ဘယ်နေရာ ရပ်၊ ဘယ်နေရာ ကျရင် တီးစသဖြင့် အချက်ပေးနေပုံများကို ကြည့်သည်။ အထူးသဖြင့် ဘင်တီးသူကို ကြည့်ရ သည်မှာ အချက်ပေးနေပုံများကို ကြည့်သည်။ အထူးသဖြင့် ဘင်တီးသူကို ကြည့်ရသည်မှာ ပိုပျော်စရာ ကောင်းသည်။ တစ်နေရာတွင် ခပ်အေးအေးထိုင်နေပြီး ဘင်ကြီးကို စီးချက်ကျကျလိုက်တီး ပြီး ဂီတ တစ်ခု လုံး ကို အသက်သွင်းပေးသူ ဘင်သမားကို သဘောကျမိသည်။ ကျွန်တော်ကလည်း ဒူးပေါ်ကို လက်များ ရိုက်ချပြီး စည်းလိုက်ပေးနေသည်။ အိမ်ရောက်လျှင် ရေဒီယိုဖွင့်ပြီး အမေ့အိုးတစ် လုံးယူကာ ခက်ရင်းတစ်ခုနှင့် လိုက်တီး တတ်သည်။

ကျောင်းဆင်းလျှင် ကျောင်းဝင်းထဲမှာပင် ယူနီဖောင်းဝတ်ပြီး အပြေးလေ့ကျင့်ရသည်။ နည်းပြဆရာမှာ အသစ်။ "ဝါရင်စိန့်ဂျိမ်း" သူသည် ကျွန်တော့်ကို အချိန်များများယူပြီး သင်ပေးသည်။ ဘယ်လိုတာထွက် မယ်၊ ဘယ်လိုနေရာ ယူမယ်၊ ဘယ်လိုပန်းဝင်မယ်ဆိုသည်များကို စနစ်တကျ ပြပေးတတ်သည်။ ကျွန်တော်ကလည်း သူ သင်သမျှ ခဏလေး ရတတ်သည်။ နဂိုတည်းက သင်ခန်းစာ ငတ်နေသူကိုး။
အားကစား ရာသီ စသည်နှင့် ကျွန်တော်သည် တစ်မိုင်အပြေးနှင့် မိုင်ဝက်အပြေး နှစ်မျိုးစလုံး စပြေးတော့ သည်။ ကောင်းကောင်း ပြေးနိုင်သည်။ တစ်မျိုးမှာ တတိယ၊ တစ်မျိုးမှာ ဒုတိယပင် ရသည်။ သို့သော် မောပန်းလွန်း လှနေသည်။ အလုပ်မဆင်းမီလေးတွင် အိပ်ဖို့ရာပင် ပင်ပန်းလွန်းလှသဖြင့် အိပ် မပျော်နိုင် ဖြစ်နေခဲ့ ရသည်။

တစ်ညနေတွင် အိပ်ခန်းတွင်းသို့ အမေ ဝင်လာပါသည်။ ညရှစ်နာရီလောက်ပင် ရှိချေမည်။ ကျွန်တော် သည် ခုတင်ပေါ် ထိုင်ရင်း ယခင်အပတ် အပြေးပြိုင်ပွဲတုန်းက လုပ်ခဲ့သော အမှားများကို ပြန်စဉ်းစားနေ ပါသည်။ ပန်း ဝင်မမှန် ပုံ၊ ဒူးအနေအထား လွဲနေပုံများ။
"မအိပ်သေးဘူးလား ရစ်ချက်"
"မအိပ်ပါဘူး အမေ" "မင်းလည်း ဒီ အားကစားနည်းဟောင်းကြီးကို ဘာလို့ မစွန့်ပစ်သေးလဲဆိုတာ ငါဖြင့် မသိတော့ဘူး" သူက ခုတင်ပေါ် ထိုင်ချလိုက်သည်။ သူသည် ထိုင်သည့်အခါတိုင်း သက်ပြင်းတစ်ချက် ချလေ့ ရှိသည်။

"ငါ မင်းအတွက် စိုးရိမ်နေတယ် ရစ်ချက်၊ မင်း ဝမ်းဗိုက်ဝေဒနာအတွက်ရော၊ စိတ်ဝေဒနာ အတွက်ရော ပဲ၊ သိပ်စိတ်လောမကြီးနဲ့နော်" "အမေ" "ဘာလဲ လူလေး"
"အမေ ကျွန်တော့်ကို အဘွားကြီးတစ်ယောက်ဆီ ခေါ်သွားခဲ့တာ မှတ်မိသေးလား။ အဲဒီတုန်းက ကျွန် တော်က တကယ့် ချာတိတ်ပေါက်စနလေးလေ။ သူက တစ်နေ့မှာ ကျွန်တော်ဟာ တကယ့် လူချွန်တစ် ယောက် ဖြစ်လာမယ် လို့ ပြောခဲ့တယ် မဟုတ်လား"
အမေ သည် ကျွန်တော့်ခေါင်းကို သူ့ပေါင်ပေါ်တွင် တင်ပြီး ဒူးကိုလွှဲကာ သိပ်နေပါသည်။ "သူက မင်းရဲ့ နဖူး အလယ်တည့်တည့်မှာ ကြယ်ပုံ မြင်ရတယ်တဲ့။ အေး… ငါသိပြီ၊ ငါ မှတ်မိပြီ။ မင်း တစ်နေ့ တကယ့် လူတစ်ယောက်ဖြစ် မှာ သေချာတယ် ရစ်ချက်"
"အမေ ကျွန်တော် တကယ့် နာမည်ကျော် အပြေးသမားကြီးဖြစ်ရမယ် အမေ၊ နည်းပြဆရာကလည်း ပြောတယ်၊ ကျွန်တော် ထိပ်တန်း အပြေးသမားဖြစ်နိုင်တယ်တဲ့"

"ဖြစ်ရမှာပေါ့ သားရယ်"
"ဒါကြောင့် ကျွန်တော် အလုပ်ထွက်ချင်တယ် အမေ"
အမေသည် သူ့လက်ပေါ်တွင် လွှဲသိပ်ရင်း အကြွေးရောင်းစာအုပ်ကလေးကို ပြန်မြင်ယောင်နေမည်ဟု ကျွန်တော် ထင်မိပါသည်။ ထို့နောက် မနက် ၆ နာရီထပြီး လက်ကို အဝတ်စုတ်များဖြင့် ပတ်ကာ "ကောင်းပြီ ကလေး တို့ရေ… ဘာမှမပူကြနဲ့နော် အားလုံး အဆင်ပြေသွားမှာပါ" ဟု ပြောပုံကလေးကို ပြန်မြင်ယောင်နေရှာပါမည်။
ထိုည မှာ အလုပ်ခွင်တွင် နောက်ဆုံးလုပ်ခဲ့သော ညပင်ဖြစ်ပါသည်။ နောက်နေ့မနက်တွင် ဘင်ခရာခန်း ထဲသို့ ကျွန်တော် ရောက်သောအခါ ဘင်ခရာခေါင်းဆောင်ကြီးမှာ ပြတင်းပေါက်ကို ငေးကြည့်ရင်း မှိုင်နေ သည် ကို တွေ့ရပါသည်။ ရှေ့အပတ်ထဲတွင် တစ်ပွဲရှိသည်။ ဘင်ခရာဆရာ ကလည်း ဆေးရုံတက်နေရ သည်။

"ဂီတသင်္ကေတ ဖတ်တတ်လား ဂရီဂိုရီ"
"မတတ်ပါဘူး ဆရာ" "အေး… ဒါပေမဲ့ မင်းက ဘင်ရူးလေးဆိုတာတော့ ငါ သိတယ်၊ ကဲ… ငါ မင်းကို ပြစမ်းမယ်၊ ငါ မင်းကို ကြည့်ပြီး ဒီလိုခေါင်းညိတ်လိုက်တိုင်း ကြည့်စမ်း မင်းကို ဘင်တီးခိုင်းပြီးသာ အောက်မေ့ပြီး ဟောဒီလို ဘင်ကိုတီးလိုက်ကြားလား၊ နောက်ပြီး ငါက…" ဘင်ဆရာမှာ ဘယ်အခါမှ အလုပ်ပြန်ရတော့မည်မဟုတ်ချေ။ ကျွန်တော် တို့သည် ကပွဲတွင် ချောချော မောမော အသုံးတော်ခံနိုင်ခဲ့သည်။ ဘောလုံးပွဲရာသီရောက်သောအခါ ကျွန်တော်မှာ ကြေးဘင်ကြီးကို မ ပြီး တီးခါ ဘင်ခရာအဖွဲ့နှင့်အတူ ပါဝင်ချီတက်နေရပေပြီ။
ဘဝလမ်းကြောင်း သည် ကျွန်တော့်အတွက် တကယ်ပင်ပွင့်လာပါချေပြီ။ ကျောင်းမှ လူတိုင်း ကျွန်တော့် ကို သိကုန်ကြပါပြီ။ အားကစား ပရိသတ်ရော၊ ဂီတပရိသတ်ရော။ ထိုအထဲတွင် မိန်းကလေးများ ပါဝင် သည်ပေါ့။ သို့သော် ကျွန်တော် အပြင်သိပ်မထွက်ပါ။ ကျွန်တော့်မှာ ပိုက်ဆံကလည်းမရှိ၊ နောက်ပြီး ရှက်လည်း ရှက် တတ်သေးသည်။ စကားတော့ ပြောရဲ သည်။ သို့သော် မိန်းကလေးတစ်ယောက်ကို ချိန်း ဆိုဖို့ ရန်ကိုမူ ပါးစပ် မှ ပြောမထွက်ဝံ့။

ဘင်ခရာအဖွဲ့နှင့် အတူ ဗာဂျီးနီးယား အနောက်ဘက် အီလိနွိုက်စ်၊ တပ်ဆပ်စ် ပြည်နယ်များသို့ ရောက် ခဲ့ရသည်။ ဘီထိုဗင်၊ မိုးဇက်၊ ဘက်ရှ် စသော ဂီတဆရာကြီးများ၏ တေးသံများကို တီးကြသည်။ အရင် က ထိုတေးသံ များကို ကြားပင် မကြားဖူးခဲ့။ တစ်ကြိမ်တွင် ထိုတစ်ကြိမ်တစ်ခါထဲတွင်ပင် ကျွန်တော် သည် အမေ့ အား ကပွဲသို့ ဖိတ်ကြားခဲ့သည်။ ကျွန်တော်သည် ကျောင်းကပွဲရုံတွင် ဇာတ်ခုံပေးမှ အမေ့ ကို ကြည့်ပြီး အတော် ရှက်သွားသည်။ အမေသည် အပေါ်အင်္ကျီ အဟောင်းအနွမ်းကြီးဝတ်လာသည်။ သူ၏ယောင်ဖောနေသော ခြေဆစ်များမှာ ဆေးဆိုးထားသော ဖိနပ်ချွန်းများကိုပင် ကျော်ထွက်နေ သည်။ ထိုအဝတ်အစား များမှာ သူ့လူဖြူသူဌေးများ စွန့်ကြဲထားသော အဝတ်အစားများပင်ဖြစ်သည်။

နှုတ်ခမ်းဆိုးထားသည်မှာ နီရဲနေသည်။ နောက်ပြီး အပေါစား မိတ်ကပ်အမွှေးအကြိုင်တွေ လိမ်းလို့။ သူ့ ကို ဇာတ်ခုံ အပေါ်ထပ် လသာဆောင် အထူးခန်းသို့ခေါ်သွားကြသည်။ ကျွန်တော့်အဖို့ ကြေးဘင်ကြီးကို ဆရာဝန်နှင့် ဂုဏ်သရေ ရှိ လူကြီးမင်းများ မျက်နှာတည့်တည့် ပစ်ပေါက်ပြီး ထွက်ပြေးချင်စရာ ပင် ကောင်းလှတော့သည်။ သို့သော် မလုပ်ဖြစ်ပါ။ အမေမှာ လသာဆောင် တွင် ရောက်နေလေရာ သူ့ကို မည်သူမျှ သိပ်မတွေ့နိုင်သည်ကို ကျွန်တော် မြင်သွား၍ ဝမ်းသာသွားရပါသည်။

အမေ့ကို အပြေးပြိုင်ပွဲများတွင်လည်း မရှိစေလိုပါ။ ကျွန်တော် "အလံတိုင် ဂရီဂိုရီ"၊ "သံချောင်း ဂရီဂိုရီ" ဟု ခေါ်ကြပါသည်။ ကျွန်တော့် တစ်နေ့လုံး ပြေးနိုင်ပါသည်။ ကျွန်တော်က ဟန်ရေးကောင်း ပါသည်။ ပြေးပွဲတိုင်းတွင် အရောင်နှစ်မျိုးသုံးမျိုးပါသော ဆနွင်းမကင်းကွက် ခြေအိတ်ကို ဝတ်တတ် ပါသည်။ ခေါင်းတွင် လက်ကိုင်ပုဝါ စည်းတတ်ပါသည်။ နည်းနည်းလည်း လှည့်စားနောက်ပြောင်တတ်ပါသည်။ ကွင်းထဲ သို့ ဝင်လာလျှင် အလံတိုင်ကို မော့ကြည့်ပြီး ဦးညွှတ်ပြလေ့ရှိသည်။ ထို့နောက် ပြိုင်ပွဲဝင်ပြီး ပန်း ဝင်အောင် ပွဲဆင်ခဲ့သည်ချည်းဖြစ်၏။ လူတွေက ကျွန်တော်သည် မျိုးချစ်စိတ်အလွန်ရှိသူ၊ အလံသည် သူ့အတွက် ခွန်အား ဟုပင် ထင်ကြသည်။ တစ်ခါ ကျောင်းကြိုးတစ်ကျောင်းနှင့် ပြိုင်ရသော ပြိုင်ပွဲ၌ ကျောင်းသားအချို့ကို ကျွန်တော် ရှုံးစေရန်ဆိုကာ အလံကို ချထားကြပါသည်။ ကျွန်တော်မှာကား မသိ လိုက်ပါချေ။

ပြိုင်ပွဲတော်တော်များများမှာ စနေနေ့တွင် ကျင်းပလေ့ရှိကြသည်။ သောကြာနေ့ညတွင် ကျွန်တော်သည် ဆယ်နာရီ ဆယ့်တစ်နာရီလောက်အထိ မစ္စတာဘင်နှင့် စကားပြောချင်ပြော၊ "ဘူး" နှင့် လမ်းလျှောက် ချင်လျှောက်၊ သကြားချောင်းဆိုင်နှင့် ရေချိုးခန်းများတွင် မိတ်ဆွေများနှင့် ဝင်ရောလိုရော၊ သူတို့နှင့် စုံစီ ထွေလာ ပြောကြသည်။ အချို့က အရက်ပင် လာတိုက်ကြသည်။ ကျွန်တော်က အားကစား လေ့ကျင့် ချိန်မို့ မသောက်ပါ ဆိုကာ ငြင်းရသည်။ ကျွန်တော် မသောက်ချင်ဟုကားမပြော။ ဆယ့်တစ်နာရီလောက် ကျလျှင် ပင်ပန်းလာပြီး အိပ်ချိန်တန်ပြီဟု ယူဆကာ အိမ်ပြန်တတ်ည်။
စနေနေ့ မနက်စောစောထသည်။ မျက်နှာမှာ အပြုံးရိပ်ဆင်ပြီး ထလိုက်သည်။ တစ်အိမ်လုံးလျှောက် သွားပြီး ကျိုးတိုး ကျဲတဲ ကြမ်းခင်း၊ ဇလုံထဲက ပန်းကန်ခွက်ယောက်တို့ ညစ်ညစ်ပတ်ပတ်တွေကို၊ ခုတင် အောက်က ဖိနပ်စုတ်တွေ အကုန်လျှောက်ကြည့်သည်။

ဂါလင်၏လက်မောင်းကို လက်သီးနှင့်ထိုး၊ ရော် နယ်လေးကိုစ၊ ကောင်မလေးတွေကို လိုက်ဆိတ်၊ အမေ့ကို သွားဖက်။
"အားလုံး ကောင်းပါတယ် အမေ၊ အားလုံးကောင်းပါတယ်"
ထို့နောက် ခြေတစ်လှမ်းထဲနှင့် အိမ်ပေါ်က ခုန်ဆင်းလိုက်သည်။ တခြားကမ္ဘာတစ်ခုသို့ ရောက်သွားလေ ပြီ။
ယူနီဖောင်းအိတ် ကို လက်နှင့်လွှဲရင်း မနက်ဝေလီဝေလင်း အားကစားရုံသို့ လမ်းလျှောက်ထွက်ခဲ့ပါ သည်။ အားကစား ရုံရောက်လျှင် အစောင့်ကို လက်ဝှေ့ပြလိုက်လျှင်ပင် သူက ဂိတ်ဝဖွင့်ပေးတတ်ပါ သည်။ ပြိုင်ပွဲဝင် မှတ်ပုံတင် ကတ်ပြားပင် ထုတ်ပြစရာ မလိုပါ။ "ကံကောင်းပါစေ ဂရီဂိုရီ" ဟု ဆိုကာ သူက မျက်စိတစ်ဖက် မှိတ်ပြ သည်။ ကျွန်တော်ကလည်း ပြန်မှိတ်ပြလိုက်သည်။
နေမြင့် လာသော်လည်း ကျွန်တော် ဆွယ်တာ ဝတ်ထားလျက်နှင့် ချမ်းနေတုန်းပင်။ ဂျိုင်းကြား၊ ပခုံးနှင့် ဒူးဆစ်အောက်နား တို့တွင် ချွေးများတော့ ထွက်နေသည်။

"ဟေး… ဂရက်၊ ဟေ… ဂရက်"
"ကျွန်တော် က ဘယ်တော့မှ လှည့်မကြည့်။ အထူးတန်း ခုံပေါ်သို့သာ ဖြည်းဖြည်းတက်လာပြီး ခုံတစ်ခုံ ပေါ်တွင် ထိုင်ကာသာ ပွဲကြည့်ပရိသတ် တစ်ယောက်ပမာ ကြည့်နေလိုက်သည်။ သူတို့ကတော့ ချွေးတ လုံးလုံးနှင့် လေ့ကျင့်နေကြသည်။ ကျွန်တော်ကတော့ အေးအေးဆေးဆေးပင် ထိုင်ကြည့်နေသည်"
အသံချဲ့စက် မှ အသံထွက်လာသည်။ "တစ်မိုင်ပြေးပွဲမှာ ပါဝင်ကြမယ့် အားကစားသမားတွေ သက်ဆိုင် ရာမှာ လာပြီး သတင်းပို့ကြပါ။ တစ်မိုင် ပြေးပွဲမှာ…" ကျွန်တော် တကယ့်ကို ဖြည်းဖြည်းလေး မတ်တတ် ထရပ် လိုက်ပါသည်။ အေးနေတဲ့ တစ်ကိုယ်လုံးကို ရေနွေးပူများ လောင်းချလိုက်သလို တစ်ကိုယ် လုံး နွေးထွေးသွားပါသည်။ လှေကားထစ်များမှ ဆင်းလာ နေသော အချိန်တွင်ကား တစ်ကိုယ်လုံး မီးဖုတ် ထားသလို ပူလာနေပြီ။ အခန်းထဲတွင် အမြန်အဝတ်လဲ၊ အရောင်တောက်သော ဆနွမ်းမကင်း ကွက် ခြေအိတ်စွပ်၊ ခေါင်းမှာ လက်ကိုင်ပဝါစည်း၊ ထို့နောက် ကွင်းထဲသို့ ဆင်းလာခ့သည်။ ကမ္ဘာတစ်ခုလုံး ကိုပင် ခြေမွပစ်နိုင်မည်ဟု ကျွန်တော် သိသည်။

"ဂရီဂိုရီ မင်း က ဒီရောက်နေတာကိုး၊ ငါဖြင့် မင်းကို ရှာလိုက်ရတာကွာ။ ဘယ်သွားနေသလဲကွ"
"ကျွန်တော် အသင့်ဖြစ်နေပါပြီ ဆရာ"
ဆရာက ကျွန်တော့်ကိုကြည့်ပြီး "မင်း ကောင်းကောင်းလုပ်နော်၊ ငါ မင်းကို ပြောရဦးမယ်၊ ဟိုဘက် ကျောင်းက ကောင်ကြီးကလေ၊ ဒီကောင်လည်း တော်တော်ကောင်းတယ်ကွ၊ မင်း သူ့ကို ကြည့်ပြီး…"
"သူ့အကြောင်း ကျွန်တော့်ကို ပြောမပြပါနဲ့ဆရာ။ ကျွန်တော်အကြောင်းကိုသာ သူ့ကို သွားပြောပါ ဆရာ"
အခြား အပြေးသမားများနှင့်အတူ လိုင်းထဲသို့ ရောက်သွားပါသည်။ ခဏတော့ ကျွန်တော် ကြောက်စိတ် ဝင်လာပါသေးသည်။ ဒီလိုင်းပေါ်ကို ငါ ပေါင် ၁၁၈ ပေါက်လေးတဲ့ အရိုးတွေ သယ်လာခဲ့တယ်နော်၊ ဒါ ပေမယ့် ကောင်းကောင်း လေ့ကျင့်ထားတယ်၊ ညအိပ်ချိန် မှန်မှန်အိပ်တယ်။ စည်းမျဉ်းတွေ သေသေချာ ချာ လိုက်နာတယ် အခု...
"ဒိုင်း"

မှန်မှန်ပြေး ဂရက်၊ မှန်မှန်သာပြေး ကလေးရယ်။ ဒီလမ်းကပြေး၊ ဒီလမ်းကပြေး။ သူတို့တစ်ဝက်မှာ ကျန် ခဲ့ပြီ။ ပြေးမှမပြေးတတ်တဲ့ ကောင်တွေပဲ ဆေးလိပ်သောက်တဲ့ကောင်တွေ ဘာရမလဲ။ အားမရှိတဲ့ ကောင်တွေ၊ ဟော လေးပုံသုံးပုံ ချန်ထားခဲ့စမ်း။ ဒီလမ်းကွေ့မှာ တစ်ယောက်ကို အမှီလိုက်၊ တစ်ခြား တစ်ကောင်လာပေစေ အားလုံးကိုေ ကျာ်တက်ပစ်လိုက်စမ်း၊ တစ်ယောက်ပြီး တစ်ယောက်။ သူတို့နဲ့ သွားမကစား နဲ့ ဂရက်။ ကစားမနေနဲ့ "ရီးန်းနဲ့" "ဘူး" ပေါင်းတွေ နှုတ်ပြေး သလို ပြေးစမ်း… ပြေးစမ်း။ နောက်က ခွေးဆိုးလိုက်နေပြီ။ ခုဆို မင်းရှေ့ မှာ နှစ်ယောက် ပဲ ကျန်တော့တယ်။ ဟောဒီမှာ အလံတိုင်၊ မော့ကြည့်ပြီး အရိုအသေပေးဖို့ မမေ့နဲ့နော်။ ဒါဟာ မင်းရဲ့ အမှတ်တံဆိပ် ပဲကွ။ ဒီအချိန်မှာတော့ ဆရာ ကပြောနေပြီပေါ့ "ဟိုမှာကြည့်စမ်း၊ ဂရီဂိုရီ ဆိုတဲ့ကောင် စက်တပ် ထား သလားတောင်မသိဘူး မြန်လိုက် တဲ့ ကောင်" ငါ့ဒူးတွေ မြင့်သထက် မြင့်လာနေပြီ။ ငါ မြန် သထက် မြန်လာနေပြီ။ ဟိုနှစ်ယောက်ကို ကျော်တက်သွားပြီး၊ ဘတ်စ်ကားကြီးက ဓာတ်တိုင်တွေ ကို ကျော်တက် သွားသလိုပဲ၊ ခေါင်းကို နှိမ့်လိုက် ပေး၊ နှိမ့်လိုက်စမ်း၊ အားတွေကို လွှတ်ပေးလိုက်တော့။ ခန္ဓာကိုယ် တို့ ချန်ရစ်ခဲ့။ ရစ်ချက် ဂရီဂိုရီဆိုတဲ့ ကောင် အလံတိုင်လည်း မဟုတ်၊ သံချောင်းလဲမဟုတ် ရစ်ချက်မှ ရစ်ချက်ရယ်ပါ။

ဒူးညွှတ်ချလိုက်သည် မျက်နှာပါ ငုံ့ပစ်လိုက်သည်။ မြက်နံ့လေးက သင်းလို့၊ ဝမ်းဗိုက်တစ်ခု လုံး ကား ပေါက်ကွဲတော့မည့်အ လား ခံစားနေရသည်။ "ဒါ… ဒါ ကျွန်တော်ရဲ့နောက်ဆုံးပြေးပွဲပါပဲ ဆရာ ရယ်" နောက်ထပ် မပြေးတော့ ပါဘူး ဆရာ
"လာ ဂရီဂိုရီ၊ မတ်တပ်ရပ်လိုက်စမ်း။ မင်း အနားယူဖို့ သူတို့ ပြင်ပြီးကြပြီကွ"
ထို့ကြောင့် ကျွန်တော် တစ်ခါ ထရပ်လိုက်ပါသည်။ ကျွန်တော့် တစ်ကိုယ်လုံး ရေနွေးပူများ လောင်းသ ကဲ့သို့ ခံစား လာရပြန်သည်။ ခွန်အားများ ပြန်ပြည့်လာပြန်သည်။ လူအတော်များများ ကျွန်တော့်ကို ကျော်သွားကြပြီ။ ကျွန်တော် ခေါင်းကိုငုံ့လိုက်သည်။ ဒူးများသည် မြင့်တက်လာသည်။ တဖြည်းဖြည်း ပို ၍ မြင့် သထက် မြင့်လာသည်။ အလံတိုင်ထက်ပင် မြင့်သွားသည်။ ကိုယ့်ဒူးများကိုပင် ကိုယ် အရိုအသေ ပေး လိုက်ရသည်။ အားကုန် ထပ်သုတ်ရပြန်သည်။ သည်တစ်ကြိမ် မြက်ပေါ်သို့ လှဲချလိုက်သည့်အခါ တွင်ကား ကျွန်တော် သည် တစ်ခါတည်း အိပ်ပျော်သွားကာ အိပ်မက်ကမ္ဘာသို့ တန်းတန်းမတ်မတ်ပင် ရောက်သွားတော့၏။ နယူးယောက်မြို့ပေါ် တွင် အမိုးဖွင့်ကားနောက်မှ မတ်တပ်ရပ်ရင်း လိုက်ပါလာ သည်။ ကမ္ဘာပေါ်မှ လူအားလုံးက ကျွန်တော့် ကို ချီးကျူးနေကြ၏။

ခေါင်းငိုက်စိုက် ချနေသော "ပရက်စ် ကြီး"တော့ဖြင့်မပါ။ ကျွန်တော်သည် ကစားကွင်းအလယ်တွင် အိပ်ပျော် သွားမိသည်။ ကျွန်တော့်နာမည် ကို ကြွေးကြော်နေကြသော အမည်များကိုပင် မကြားမိတော့ချေ။
မကြာခဏ ယောင်ပြီးက နိုးလာတတ်သည်။ ခြေထောက်များကို ခွင်ပြီး တစ်ခုနှင့်တစ်ခု လိမ်ကာ အိပ် ပစ်နေမိ သည်။ အမေ သည် အထဲဝင်လာကာ ထိုင်ချလိုက်ပြီး ကျွန်တော့်ခြေထောက်ကို ငြင်ငြင်သာ ပွတ်သပ်ပေးနေ သည်။
"လူဖြစ်အောင် လုပ်စရာတွေ အများကြီးရှိပါသေးတယ် သားရယ်။ မင်းအပြင်ထွက်ပြီး ဒါမျိုးလုပ်တာ တော့ မင်း မိုက် တာပဲ။ မင်း ကိုယ်ခန္ဓာတွင်း မှာ မင်းကို အပြင်ရောက်အောင် လုပ်တဲ့အရာက ဘာလဲ ဟင်။ ငါ မင်းကို တကယ်ကြောက်လာပြီ ရစ်ချတ်" ဟု အမေ က ပြောကောင်း ပြောနေပါလိမ့်မည်။

ဆက်ရန်
.

No comments: