Monday, June 18, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၉)

မာတင် နိဂုံးချုပ်တော့ လူတွေ ကြက်သေသေကာ အော်ဟစ် သြဘာပေးဖို့ မေ့လျက် ငိုင်တွေနေ ကြသည်။ သူတို့ တစ်သက်တာ တွင် သည်မျှ စိတ်လှုပ်ရှားစရာ ကောင်းသည့် မိန့်ခွန်းမျိုးကို တစ်ခါဖူးမျှ ကြားဖူးဟန် မတူ။ သည်လို ရင်တသိမ့်သိမ့်ဖြစ်စေမည့် တရားမျိုးကို ဘယ်မှာမှ နာခဲ့ဖူး ဟန်မတူ။ ကို ဆက်ဖတ်ရန်........

အတန်ကြာမှ ဧရာမ လူထုကြီးက အော်ဟစ် ကောင်းချီးပေးကြသည်။ အချိန်အကြာကြီး လက်ခုပ် သြဘာပေးကြ သည်။ ထုနှင့် ထည်နှင့်ထွက်ပေါ်နေသည့် ကောင်းချီး ပေးသံသည် ဘ၀ဂ်သို့တိုင် တုန်ဟည်း ဆူညံ သွားလေတော့သည်။ ထို တဒင်္ဂတွင် ဘုရားသခင်၏ နယ်မြေသည် ကမ္ဘာမြေကြီး ပေါ်သို့ ဘွားခနဲ ပေါ်လာဘိ သို့ရှိ၏။
လူတစ်စု က မာတင့်ဆီ အတင်းတိုးလာနေသဖြင့် တာဝန်ရှိလူကြီးပိုင်းက သူ့ကို ၀ိုင်းရံထားပေးကြ ရသည်။ လမ်းလျှောက် ချီတက်ပွဲမစမီ မစ္စက် ၀ီလ်ကင်ပြောတာကို ကျွန်မ သွားသတိရသည်။ နေက ပူပြီး ပင်ပန်းနေ သဖြင့် သူက " ယောက်ျားလက်ကိုသာဆွဲမိရင် ကိုယ်တော့ လွှတ်မပေး တော့ဘူး၊ အတင်းဆွဲထားမှာပဲ" ဟု ဆိုသည်။ ကျွန်မလည်း မာတင့်လက်ကို ဆုပ်မိလျှင် သူပြော သလိုပင် လုပ်မိလိမ့်မည် ထင်ပါသည်။

နောက်ဆုံးကျမှ သူ့လက်မောင်း ကို ကျွန်မ ကိုင်ခွင့်ရပါသည်။ စောင့်နေသည့် ကားများဆီသို့ ကျွန်မ တို့ လျှောက် သွားကြသည်။ သမ္မတ ကနေဒီနှင့် ဆက်လက် ဆွေးနွေးဖို့ ကျွန်မတို့ ခေါင်းဆောင်တွေ အိမ်ဖြူတော် သို့ သွားကြမည်ဖြစ်ပါသည်။ မစ္စက်ဝီလ်ကင်နှင့် ကျွန်မတို့ နှစ်ယောက် အသာ လျှိုထွက်ခဲ့ပြီးဟိုတယ်သို့ တက္ကစီ ငှားပြန်ခဲ့ကြသည်။
မာတင် က အိမ်ဖြူတော်ကိစ္စပြီးလျှင် ရုပ်မြင်သံကြား ရိုက်ဖို့ သွားရသေးသည်။ သူ ဟိုတယ် ပြန်ရောက်တော့ ၁၀ နာရီ ထိုးပြီ။ သို့သော် ကျွန်မတို့ နာရီပေါင်းများစွာ စကားဆက်ပြောကြသေး သည်။ သည်နေ့ အကြောင်း ပြန်ပြောကြရင်း ကျွန်မ ဘယ်လောက် ပျော်မိကြောင်း၊ ဘယ်လောက် ဂုဏ်ယူ မိကြောင်းတွေ ပြောပြနေ မိသည်။

တစ်နိုင်ငံလုံး မှ လူဖြူလူမည်းတွေ ရောက်လာပြီး လက်တွဲခဲ့ကြခြင်း မဟုတ်လား။ သည်နေ့ကွဲမှာ တိုင်းပြည် အတွက်ရော လူမျိုးအတွက်ပါ မည်မျှ အရေးကြီးကြောင်း မာတင်ကောင်းကောင်းသိပါသည်။ လုံးဝ အကြမ်း မဖက်သော နည်းဖြင့် လူမည်းတို့၏ တောင်းဆိုမှုကို လူဖြူတွေက ကရုဏာ သက်လာ၊ ထောက်ခံလာခြင်းဖြစ်လေသည်။ မာတင် ပေးချင်သည့် သတင်းသူတို့ဆီသို့ ပထမဦးဆုံးရောက် သွားခြင်း လည်းဖြစ်၏။ ၀ါရှင်တန်မှ ကျွန်မတို့ ပြန်လာကြပြီး နောက်ပိုင်းတွင် အားလုံး ပို၍တက်ကြွနေကြသည်။ အမှန်တရား တစ်မျိုးဆီသို့ ရောက်နေသည့် အလား။ ၀ါရှင်တန် လူထု ချီတက်ပွဲသည် လုံးဝ အောင်မြင်ခဲ့သည် မှာ မှန်သော်လည်း မညီမျှမှုများ၊ ခွဲခြား ဆက်ဆံမှုများမှာ ရှိနေဆဲပင်။ အောင်မြင်မှုနှင့် ကပ်လျက် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာသည့် စိတ်မချမ်းမြေ့ဖွယ်ရာများ။
ရက်သတ္တ သုံးပတ်အတွင်း ဘာမင်ဂန် ၁၆ လမ်းမှ နှစ်ခြင်းဘုရားကျောင်း ဗုံးခွဲခံလိုက်ရသည်။ တနင်္ဂနွေ သင်တန်း များ လေ့ကျင့်နေချိန်ဖြစ်၍ အပြစ်မဲ့သည့် ချစ်စရာ မိန်းကလေးလေးယောက် အသက်ဆုံးခဲ့ရသည်။

သည်သတင်းကြောင့် ကျွန်မနှင့် မာတင် ဆောက်တည်ရာမရတုန်လှုပ်ချောက်ချားသွားခဲ့သည်။ အင်း … လူဖြူ ကြီးစိုး သည့် အမေရိကန်တွင် ကျွန်မတို့ တောင်းဆိုသည့် လူမည်း လူဖြူ တန်းတူ အခွင့်အရေးရဖို့အချိန် အများကြီး ယူရဦးမှာပါလား။
မိန်းကလေးတို့၏ မိသားစုများကို နှစ်သိမ့်ရန်နှင့် သူကလေးတို့၏ စွန့်လွှတ်မှုကို ချီးကျူးဂုဏ်ပြုရန် ဘာမင်ဂန်သို့ မာတင် လိုက်သွားသည်။ ကိုယ့်အသက် ကိုယ် အသေခံဖို့ အသင့်ဖြစ်နေသည့် ခေါင်းဆောင်များအနေဖြင့် သည်အလုပ်မျိုး ကို လုပ်ဖို့ လက်မနှေးကြပါ။ သူတို့က အန္တရာယ် ကြိုးတန်းပေါ် လျှောက်နေကြသူများ မဟုတ်လား။ သည်တိုက်ပွဲနှင့် တိုက်ရိုက် မပတ်သက်သူများက ထိထိခိုက်ခိုက် မဖြစ်ကြပါ။ မိသားစုတစ်စုကမူ စုပေါင်း အသုဘကို မပို့ဖြစ် လိုက်သည့်အတွက် ယူကျုံးမရဖြစ်နေသည်။
အသုဘရှင် များကို မာတင် ဖြေသိမ့် စကားပြောရာတွင် မိန်းကလေးများအား "လွတ်လပ်ရေး သာသနာပြု စစ်ပွဲနှင့် လူသား ၏ ဂုဏ်သိက္ခာအတွက် အသက်ပေးသွားကြသည့် အာဇာနည်မယ် ကလေးများ" ဟု ဂုဏ်ပြုမြွက်ကြားသွားသည်။

ပြီးတော့ သူ့ယုံကြည်မှုကိုလည်း ခါတိုင်းကဲ့သို့ပင် တင်စား ပြောသွားသေးသည်။
" ဘုရားသခင်ဟာ အဆိုးထဲက အကောင်းကို ရွေးချယ်တတ်တယ်၊ သမိုင်းကလည်း အတိုင်းအဆမရှိ ဆိုးယုတ်မှုများ ဟာ ဒဏ်ခတ်ခံရကြောင်းကို အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ပါ တယ်"

ကြေကွဲမဆုံး ယူကျုံးမရဖြစ်ရတဲ့ အခြားကိစ္စတစ်ခုကတော့ ကျွန်မတို့ချည်း မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးနှင့်အတူ ကျွန်မတို့ ရင်ကွဲနာ ကျခဲ့ရတာပါ။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မာတင် အလုပ်ရှုပ်နေသည်။ အပေါ်ထပ် တွင် တီဗွီကို ကျောခိုင်းလျက် သူ့အလုပ် စားပွဲတွင် ထိုင်နေချိန်ဖြစ်၏။ ကျွန်မကို အော်ခေါ်သည်။
" ကိုရီ ကိုရီ၊ သမ္မတ ကနေဒီ သေနတ်ပစ် ခံရလို့တဲ့"
ကျွန်မ ပြေးတက်သွားပြီး သမ္မတ သက်မသေဖို့ လင်မယားနှစ်ယောက် အတူ ဆုတောင်းကြသည်။ တစ်မျိုးသားလုံး အတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်လာမှာကို ကျွန်မတို့ အရမ်းစိုးရိမ်နေကြသည်။ ပြီးတော့ ကျွန်မတို့ အတွက် သူက သိပ်အရေးကြီးသည့် နံပါတ်စတ်မိတ်ဆွေမဟုတ်လား။ သူနှင့်မှ ကျွန်မတို့ တိုက်ပွဲတွေ အဆင်ပြေ မည်လေ။ ထိုစဉ်မှာပင် ကြေညာချက် ထွက်လာသည်။ သမ္မတ ကွယ်လွန်သွားရှာပြီတဲ့။ မာတင်ငြိမ်ကျ သွားသည်။ " ဒီအဖြစ်ဆိုးမျိုးနဲ့ မောင်လည်း ရင်ဆိုင်ရနိုင်တယ် မိန်းမရယ်" တဲ့။
ကျွန်မ ဘာပြန်ပြောရမှန်းမသိပါ။

" အိုကွယ်၊ မောင်ကလည်း မဖြစ်နိုင်တာ "
ပြောပြီး သူ့အနား တိုးသွားကာ သူ့လက်ကို တင်းတင်း ဆုပ်ထားလိုက်သည်။
ကျွန်မဘ၀ တွင် တစ်ခါမျှ သည်လောက်စိတ်မထိခိုက်ခဲ့ဖူးပါ။ မာတင် ဓားထိုးခံရစဉ်ကပင် သည်မျှ ကြေကြေကွဲကွဲ မဖြစ်ခဲ့ပါ။ ကျွန်မတို့မိသားစုအတွက် ဂျွန်ကနေဒီ သည် သမ္မတ တစ်ယောက် အဖြစ် သာမဟုတ် ဘဲ မိတ်ဆွေရင်းချာ တစ်ယောက်လို ဖြစ်နေပါသည်။
ကလေးတွေ ကျောင်းဆင်းချိန်တွင် ယိုကီက အပေါ်ထပ် ပြေးတက်လာပြီး အော်ငို ပြောပါလေ တော့သည်။
" မေမေ၊ သမ္မတ ကနေဒီကို သူတို့ ပစ်သတ်လိုက်ကြပြီတဲ့၊ သူက ဘယ်သူ့ကိုမှ ဒုက္ခပေးတဲ့လူ လည်း မဟုတ်ဘဲ နဲ့၊ မေမေ သမီး တို့ တောင်းတဲ့ဟာတွေ ရပါတော့မလားဟင် "

ကျွန်မက သူ့ကို ပွေ့ယူပြီး -
" သမီး ဘယ်လောက် စိတ်ထိခိုက်နေတယ်ဆိုတာ မေမေ သိပါတယ်၊ တကယ့် အဖြစ်ဆိုးကြီးပဲ၊ ဒါပေမဲ့ စိတ်မလျှော့ပါနဲ့ သမီးရယ်၊ ဘုရားသခင် ရှိပါသေးတယ်၊ ကိုယ်တော်အရှင်က မေမေတို့ကို စောင့်ရှောက်မှာပါ၊ ဒါကြောင့် သိပ်အစိုးရိမ် ကြငီးမနေပါနဲ့ သမီးရယ် "
သည်အတိုင်း ယုံပြီး ကျွန်မကိုယ် ကျွန်မလည်း သည်အတိုင်းပင် ပြောနေမိပါသည်။ သမ္မတ ကနေဒီသည် လူသားတိုင်း ကို ညီရင်း အစ်ကိုတွေလို ချစ်ကြဖို့ ဆန္ဒရှိသူဟု ကျွန်မ ယုံကြည်နေ သည်။ သည်ကြားထဲမှ ဘုရားသခင် က သူ့ကို မကယ်တင်နိုင်ခဲ့ခြင်းအတွက် ကျွန်မ များစွာ စိတ်မချမ်းမသာဖြစ်ရပါသည်။ သို့သော် သူသည် အသက်စွန့်ပြီး အားလုံးအတွက် ပေးဆပ်သွားသူ အဖြစ် ကျွန်မ မြင်လာသည်။ ကျွန်မ အထင်မမှားပါ။ နီဂရိုး လူမျိုးတို့အတွက် သူ တင်သွားသည့် ဥပဒေကြမ်းကို တစ်နေ့တွင် လွှတ်တော်က အတည်ပြု လိုက်သောကြောင့်ဖြစ် ပါ၏။

ကလေးတွေနှင့် အတူ ကျန်ခဲ့သည့် ဂျက်ကလင်း ကနေဒီ သည် အလွန် သတ္တိကောင်းသည့် အမျိုး သမီးဖြစ် သည်။ အသုဘ အခမ်းအနား ကို တီဗွီတွင် ကြည့်ရင်း ကျွန်မ ကိုယ်တိုင် သူ့နေရာ ရောက် သွားသလို ခံစားနေရ မိသည်။ အလွန် ရဲရင့်ပြတ်သားပြီး အလွန် ကရုဏာတရား ကြီးမားသော ထိုလူငယ် အတွက် ကျွန်မတို့ လင်မယား ဖြေမပြေနိုင်အောင် ယူကျုံးမရဖြစ်နေကြရပါသည်။
အသုဘ ကိစ္စ၀ိစ္စများ ပြီးသည်အထိ ပြည်သူတွေ သမ္မတအတွက် ပူဆွေးသောက ရောက်နေကြဆဲ ဖြစ်သည်။ တစ်နေ့ တွင် မာတီကလေး က သူ့အဖေ ကို မေးသည်။
" ဖေဖေ၊ သမ္မတ ကနေဒီက ဖေဖေ့အချစ်ဆုံး သူငယ်ချင်းလားဟင် "တဲ့။
တစ်နည်း အားဖြင့် ဟုတ်ပါသည်။

၁၉၆၄ ခုနှစ်သည် အမေရိကန် ပြည်သူတို့၏ နိုင်ငံသား အခွင့်အရေးဥပဒေကြမ်းကိစ္စနှင့် ပတ်သက်၍ လှုပ်လှုပ် ရှားရှား အဖြစ်ဆုံးနှစ်ဖြစ်ပါသည်။ အဆိုပါ ဥပဒေကြမ်းသည် အထက်လွှတ် တော်တွင် ဟူးဘတ်ဟမ်ဖရေရှေ့ တွင် ရောက်နေပြီး အိမ်ဖြူတော်တွင် လင်ဒန်ဂျွန်ဆင့် ရှေ့သို့ ရောက်နေပြီ။ သမ္မတ ဂျွန်ဆင်က လက်မှတ်ထိုးဖို့ မာတင် ကို အိမ်ဖြူတော်သို့ ဖိတ်သည်။ သူတို့နှစ် ယောက် နောင်တွင် အကြိမ်များစွာ ဆုံဖြစ်ကြသော်လည်း ထိုတစ်ကြိမ် မှာ ပထမဆုံးးအကြိမ်ဖြစ် သည်။
ထိုအချိန် မှ စ၍ မာတင်က သမ္မတသစ်ကို စိတ်ချ ယုံကြည်သွားသည်။ သူသည် အသားရောင် ခွဲခြားမှုနှင့် ပတ်သက် ၍ ကျွန်မတို့ဘက်မှာရှိကြောင်း ကျွန်မတို့ လင်မယားစိတ်ချသွားသည်။
ထိုနှစ်နွေ တွင် ဂျာမနီသို့ မာတင်သွားရသည်။ အနောက် ဘာလင်ဘုရားကျောင်းများတွင်ကော အရှေ့ဘာလင် ကျောင်းများတွင်ပါ တရားဓမ္မချီးမြှင့်ရသည်။ ထိုနောက် ဆဋ္ဌမမြောက် ပုပ်ရဟန်း မင်းပေါလ်နှင့်တွေ့ ဖို့ ရောမ သို့ ခရီးဆက်ရသည်။

မာတင်သည် ဘယ်သံဖြင့် သီချင်းဆိုတတ်သူဖြစ်သည်။ ကျွန်မတို့အိမ်တွင်လည်း မိသားစုတွေ သီချင်း စု ဆိုလေ့ရှိသည်။ အထူးသဖြင့် ခရစ်စမတ် အခါသမယတွင် ဖြစ်သည်။ ကျွန်မပြောခဲ့ဖူးသလို မာတင်သည် သူငယ်ချင်းများနှင့် စုကာ လွတ်လပ်ရေး သီချင်းများကို ငါးယောက်တွဲဆိုဖို့ အလွန် ၀ါသနာပါသူဖြစ်သည်။
သို့သော် ပရိသတ်ရှေ့တွင် တစ်ယောက်တည်း ဆိုဖို့ကျတော့ သူရှက်နေသည်။ ဧရာမ ပရိသတ် ရှေ့တွင် သီချင်းဆို ဖို့ ဖြစ်လာတော့ ပရိသတ်နှင့်အတူ ဆိုဖို့ သူက တောင်းဆိုသည်။ သီချင်း နာမည်က "အရှင်၏ မျက်လုံးများ က စာကလေး တစ်ကောင်ကို စိုက်ကြည့်နေတယ်"။ ပရိသတ်က အစအဆုံးမရသဖြင့် ဘာမျှ မတတ်နိုင်တော့ ဘဲ သူ တစ်ယောက်တည်း ဆက်ဆိုရတော့သည်။ သူ့ အသံသည် ဇာတ်ရုံထဲတွင် ဟိန်းထွက်နေ သည်။

"ကျွန်တော် သီချင်းဆိုပါတယ်။
ပျော်လွန်းလို့ဆိုတာ ဖြစ်ပါတယ်။
ကိုယ်တော်က စာကလေးတစ်ကောင်ကို စိုက်ကြည့်နေတယ်။
ကျွန်တော့် ကိုလည်း စောင့်ကြည့်နေမယ်ဆိုတာ
ကျွန်တော့် စိတ်ထဲက သိနေတယ်။
… …. ….။"
သီချင်းဆုံးတော့ ပရိသတ်က သြဘာပေးကြသည်။
အိမ်ပြန်ရောက်တော့ မာတင်က သူ့ကိုယ်သူ ဂုဏ်ယူသည့်လေသံဖြင့် ကျွန်မကို ပြောသည်။

" မင်းက မောင် သီချင်းမဆိုတတ်ဘူး ထင်နေတယ်၊ ဒါပေမဲ့ လူတွေက ပြောတယ်၊ မောင် သီချင်းဆိုတတ်တယ် တဲ့ဗျား "
စင်စစ် သူ သီချင်းမဆိုတတ်ဘူး လို့ ကျွန်မ တစ်ခါမျှ မပြောဖူးပါ။ မည်သို့ဖြစ်စေ အရေးကြီးသည်မှာ ဂီတကို သူ ချစ်ဖို့ဖြစ် ပါသည်။
ထိုနှစ်မှစ၍ ရံပုံငွေ ရှာဖို့ တေးသရုပ်ဖော် ကဇာတ်တွေ ကျွန်မတို့ တင်ဆက်ကြသည်။ SCLC နှင့် သူ့ လက်အောက်ခံ အဖွဲ့အစည်းများ အတွက် ကျွန်မ ဒေါ်လာ ငါးသောင်း ကို ရံပုံငွေ ရှာပေးနိုင်ခဲ့သည်။
အက်ဘင်နီဇာ ဓမ္မတေးအဖွဲ့နှင့် တွဲ၍ ကျွန်မ ပုံမှန် သီချင်းဆိုပါသည်။ ခရစ်စမတ်နှင့် အီစတာ ပွဲတော်တွင် မာတင် က သူ အကြိုက်ဆုံးတေးဖြစ်သည့် "ယေရှုငယ်ငယ်လူကလေး" သီချင်းကို အမြဲ တောင်းဆိုသည်။

သီချင်းစာသားထဲမှ စကားလုံးတို့၏ အဓိပ္ပာယ်သစ်ကို ကျွန်မပို၍ နားလည်လာသည်။ စကားလုံး များသည် မာတင့် ငယ်ဘ၀ကို လှစ်ဟပြနေဘိသို့ရှိသည်။
ချစ်စရာ ယေရှုငယ်ကလေးကို
နွားစားခွက်ထဲမှာ သူတို့ မွေးပေးခဲ့ကြတယ်။
အို … ချစ်စရာ သူတော်စင်ကလေး
သင့်ကို ကျွန်ုပ်တို့ ဘယ်သူဘယ်ဝါမှန်း မသိခဲ့ဘူးကွယ်။
ကျွန်ုပ်တို့၏ မျက်စိတွေ ကန်းနေခဲ့ကြတယ်။
ဒါကြောင့် မမြင်နိုင်တာပေါ့၊
ဒါကြောင့် အရှင်ကလေး ဘယ်သူဘယ်ဝါမှန်း မသိခဲ့တာပေါ့။

ကမ္ဘာလောကသည် သင့်အား မသိကျိုးကျွန်ပြုခဲ့တယ်၊
အို … ဘုရားသခင်၊ လောကသည် ကျွန်ုပ်အားလည်း
မသိကျိုးကျွန် ရွံရှာစက်ဆုပ်စရာပမာ
ဆက်ဆံလာခဲ့ကြတယ်။
ဤကမ္ဘာမြေပြင်မှာ သည်အတိုင်းဖြစ်နေတာပါ၊
ကျွန်ုပ်တို့သည် အရှင်အား ဘယ်သူဘယ်ဝါမှန်း …

ကျွန်မတို့၏ ကလေးအားလုံးသည်လည်း ဂိတနားရှိကြပါသည်။ ယိုလင်ဒါက စန္ဒရား တီးတတ် သည်။ ကလဲရီနက် မှုတ်တတ်သည်။ ချူ လှုပ်တတ်သည်။ မာတီက ထရမ်းဘုန်း မှုတ်တတ်ပြီး ဒက်စတာက ထရမ်ပက်လေ့ကျင့်နေ သည်။ သူက ပလွေပါ မှုတ်ချင်နေသေးသည်။ ယောက်ျားလေးများသည် အများအားဖြင့် အပြင်းအထန် မလေ့ကျင့်ချင်ကြ။ သို့သော် အဖောက် ညီကြောင်း တွေ့ရသည်။
ကျွန်မ တို့က ကလေးအားလုံး ပုံမှန်အနေအထားတွင် ရှိကြောင်း တွေ့ရသည်။ သိပ် အထိန်းရအသိမ်းရ ခက်သည့် ပုံစံမျိုး ကလေးတွေ မဟုတ်ရှာကြပါ။ ကျွန်မ အစောပိုင်းမှာ ပြောခဲ့ သလိုပဲ အန္တရာယ်များစွာကို သူတို့ ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။ အကြီးကလေးတွေကို ပထမတန်းမှစပြီး သာသနာပြုကျောင်းတွင် အပ်ဖို့ ကျွန်မတို့ ကြိုးစား ပါသည်။ ယိုလင်ဒါ ၀င်ခွင့်မရ ခဲ့ပါ။ မာတီလည်း အလားတူ အငြင်းခံရပါသည်။ အကြောင်းမှာ အသားမဖြူသောကြောင့်။

၁၉၆၅ ခုနှစ်ရောက်မှ အတ္တလန္တာကျောင်းများတွင် အဖြူအမည်းခွဲခြားမှုကို ဖျက်သိမ်းလိုက်သည်။ ယောနီတာ အက်ဘာနာသီနှင့် တိုင်ပင်ပြီး အကောင်းဆုံးမူလတန်းကျောင်းဖြစ်သည့် စပရင်းလမ်း ကျောင်း ကို ရွေးလိုက်ပါသည်။
ကျောင်းမဖွင့်မီ တစ်ရက်အလိုတွင် အက်ဘာနာသီ၏ ကလေးသုံးယောက်နှင့်အတူ ယိုလင်ဒါနှင့် မာတီတို့ ၀င်ခွင့် ရကြောင်း သိရသည်။ နောက်တစ်နေ့မနက်တွင် ကလေးတွေ ကျောင်းသွားကြ သည်။ သူတို့ စိတ်လှုပ်ရှားနေသော် လည်း ကြောက်ရွံ့အားငယ်မှုတော့မရှိကြပါ။ သူတို့သည် မာတင် လူသားကင်း၏ ကလေးများ၊ အက်ဘာနာသီ၏ ကလေးများမဟုတ်လား။ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင်ကလည်း ဂရုတစိုက် လက်ခံသည်။ သည်ကလေးတွေကို စော် ကားမော်ကား လုပ်လျှင် သည်းခံမည်မဟုတ်ကြောင်းလည်း ကျွန်မ တို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ သည်။ ပြီးတော့ ကလေး ငါးယောက်ကို တစ်တန်းစီတွင် ခွဲထားပေးသည်။ သူငယ်ချင်း များများရ အောင်ဟု ဆရာမကြီးက ဆိုပါသည်။ ကျွန်မတို့နှင့်ကလေးတွေကတော့ သည်ကိစ္စ သိပ်ဘ၀င် မကျလှပါ။ စိုးရိမ်စိတ်တွေ ၀င်နေသည်။ သို့သော် စမ်းကြည့်ပေးစေပေါ့။ ပထမနေ့တွင် ဘာပြဿနာမှ မရှိဘဲ ချောချောမွေ့မွေ့ပြီးဆုံးသွားသည်။

သည်အချိန်ပိုင်းလောက်တွင် SCLCက လူမည်းတိုင်း မဲဆန္ဒ ပေးပိုင်ခွင့်တိုက်ပွဲကို စလိုက်ခြင်းဖြစ် သည်။ ကျွန်မ တို့ ဂျော်ဂျီယာ ပြည်နယ်တွင် ၁၉၆၃ ခုနျစ်က ကောက်ထားသည့် မဲစာရင်းထက် လူဦးရေ သုံးသောင်း ပိုရလာပြီး၊ ၁၉၆၄ ခုနှစ်ထက် လေးသောင်းပိုရလာသည်။ သို့သော် အယ်လဘားမားတွင် တိုးတက်လာမှုက နည်းလွန်းသည်။ အထူးသဖြင့် တောပိုင်းတွင် ပိုနည်းသည်။
မာတင် သဘောပေါက်ထားသည့် လူမည်း အမျိုးသားရေးဝါဒမှာ ကိုယ့်လူမျိုး ကိုယ် လေးစားရေးပါ သည်။ ယင်းကို ဖော်ထုတ်ချင်သည်။ မက်ကွန်းက ခရစ်ယာန် မဟုတ်သူများကို ဖယ်ထုတ်ချင် သည်။ မာတင်က ညီအစ်ကိုတော်များ အဖြစ် မေတ္တာတရားကို အခြေခံထား၍ အားလုံး လက်တွဲ တိုက်ပွဲဝင်ချင်သည်။

သည်နည်းဖြင့်သာ အနစ်နာခံမှုများ သွေးမြေကျခဲ့မှုများအတွက် တုံ့ပြန်မှု အကျိုးရနိုင်မည်ဟု ယုံကြည် သည်။ နှစ်ဦးနှစ်ဝ ပြေလည်မှု ရကြလိမ့်မည်ဟု ယုံကြည်သည်။ အမေရိကန်သည် ခရစ်ယာန် တိုင်းပြည် ဖြစ်နေခြင်းကြောင့် လူမည်းများအတွက် ပို၍ အခွင့်သာ သည်ဟုယုံကြည်သည်။
မာတင် က နီဂရိုးများသည် အခြား လူမျိုးစုများတွင်ရှိသည့် အရည်အချင်းနှင့် အရေအတွက်သာမက ခွန်အားပါ တန်းတူ ရှိသည့် လူမျိုးဟုလည်း ယုံကြည်သည်။ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်ရေးကို ခုချက်ချင်း ရရမည် ယုံကြည်သည်။ သည်လို ယုံကြည်ရာတွင် အကြမ်းမဖက်ရေး တိုက်ပွဲဖြင့် ရရမည်။ ခါးသီးမုန်းတီးမှုတွေ ပါလာ လျှင် ကျွန်တို့၏ ၀ိညာဉ်တွေ ပျက်စီးသွားလိမ့်မည်ဟု သူက ပြောတတ်သည်။

သည်သဘောတရားများကို တစ်နေ့တွင် သူ့လူများအား အပြင်းအထန် တိုက်တွန်းနေသည်ကို ကျွန်မ မှတ်မိနေသည်။ ဟောပြောပွဲ တစ်စုတွင်ဖြစ်၏။ ကျွန်မတို့ သားအမိတွေပါ ပါသွားကြ သည်။ သူက လူအုပ်ကြီး ထဲမှနေ ၍ သား ကို လှမ်းကြည့်ပြီးမေးသည်။
" မာတီ၊ မင်းဘာလိုချင်လဲ " မာတီက ပြန်အော်ပြောသည်။
" လွတ် … လပ် … ရေး … " " မာတီ မင်းဘယ်တော့ လိုချင်တာလဲ "
မာတီ အသံကုန်ဟစ်ပြီး ပြန်ပြောသည်။ " ခုချက်ချင်းလိုချင်တယ် "

သည်လို စိတ်ဓာတ်မျိုး၊ သည်လို ခိုင်မာမှုမျိုးဖြင့် မာတင်သည် သူ့လူတွေ အထိမနာရအောင်၊ သူတို့၏ ၀ိညာဉ်တွေ မပျက်စီး ကြရအောင် တောင်ကြီးကို ဖြိုဖို့ကြံသည်။
သူနှင့် ကျွန်မ သိလို့ သိပ်မကြာခင်မှာပင် ဟာလင်မ်လူထု အစည်းအဝေးပွဲတွင် မက်ကွန်းလုပ်ကြံရ သည်။ ထိုအခါ သူ့အပေါ် ကျွန်မနှင့် မာတင် ပြန်လည် သုံးသပ်ရတော့သည်။ မက်ကွန်းသည် မက္ကာမှ ပြန်လာပြီး ကတည်းက အယ်လီဂျာ မိုဟာမက်နှင့် လမ်းခွဲလိုက်သည်။ သူသည် ပြည်တွင်း လူမျိုးရေး မုန်းတီးမှုမှသည် အပြည်ပြည် ဆိုင်ရာ တိုက်ပွဲများ ဆင်ရမည်ဟူသည့် အယူဝါဒကို ဆွဲ ကိုင်လာသည်။ သူ့ကို မာတင်က လူတော် တစ်ယောက် အဖြစ် အသိအမှတ် ပြုထားခဲ့သည်။ လမ်းလွဲ လိုက်သွားသည့် အတွက် သူ နှမြောမဆုံးဖြစ်နေသည်။

မတ်လ ၅ ရက်နေ့တွင် ၀ါရှင်တန်သို့ မာတင် လေယာဉ်ဖြင့် သွားရသည်။ မာတင်က အယ်လ ဘားမား အခြေအနေကို သမ္မတအား ရှင်းပြပြီး နီဂရိုးလူမျိုးများ မဲပေးပိုင်ခွင့်ဥပဒေကို အမြန် ထုတ်ပြန်ပေးဖို့ တိုက်တွန်းသည်။
ဝါရှင်တန် မှ သူ ပြန်လာပြီး မတ်လ ၇ ရက်နေ့တွင် ဆယ်လ်မာမှ ငါးဆယ့်လေးမိုင်ဝေးသည့် မောင်ဂိုမာရီသို့ လူထု လမ်းလျှောက်ပွဲ လုပ်မည်ဟု မာတင်က ကြေညာလိုက်သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ၀ါလေ့စ်က တားမြစ်မိန့် ထုတ်လိုက်သည်။ SCLC က သည်ပွဲကို မာတင် မပါဖို့ ဆုံးဖြတ်လိုက်သည်။ ခေါင်းဆောင်များ အဖမ်း မခံနိုင် ၍ အားလုံး သဘောတူစီစဉ်လိုက်ခြင်းဖြစ် သည်။ မာတင်ကလည်း သဘောတူ လိုက် ရပြီး ပြဿနာဖြစ်လိမ့်မည် ဟု မထင်ခဲ့ပေ။

လူဖြူ လူမည်း ငါးရာကျော် လူတန်းကြီးသည် အမှတ် ၈၀ လမ်းမကြီးအတိုင်း စီတန်း လမ်းလျှောက် သွားကြသည်။ ရဲ က မျက်ရည်ယို ဗုံးတွေသုံးပြီး လူစုခွဲသည်။
" လူမည်း နီဂရိုးတွေရော လူဖြူ နီဂရိုး ခွေးသားတွေပါချ" ဟု အော်ပြီး မြင်းတပ်နှင့် အကြမ်းဖက် တော့သည်။
မာတင် ယူကျုံးမရ ဖြစ်ရလေပြီ။
" သည်လို ဖြစ်မယ်မှန်း သိရင် ငါရှေ့က ပါတာပေါ့ကွာ" ဟု တဖွဖွပြောနေတော့သည်။
မာတင်ပါ လျှင် သူ့ကို သတ်လိမ့်မည်ဟူသည့် ကောလာဟလတွေထွက်နေသည်။ နောက်ထပ် ခရီးဆက်ဖို့ သူနှင့် ရော့ဖ် အဘာနာသီပါမည်ဟု မာတင်က ကြေညာလိုက်သည်။

တနင်္လာနေ့တွင် သူတို့ ဆယ်လ်မာသို့ လိုက်သွားကြသည်။ ရှေ့နေချုပ် နီကိုလပ်စ် ကက်ဇန်ဘက်က လိုက်မသွား ဖို့ အကြိမ်ကြိမ် တားသည့်ကြားမှ မာတင် ထွက်သွားခြင်းဖြစ်သည်။
မာတင် အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေရှာသည်။ သူသည် ပြည်ထောင်စု ဥပဒေကို ဖောက်ဖျက်ဖို့ အမြဲတမ်း ဆန့်ကျင်ခဲ့သူဖြစ်သည်။ သည်တစ်ခါ လူစုထဲတွင် သာသနာရေးပိုင်းက လူတွေပါ ပါလာသည်။ အယ်လ်ဘာနီ အဖြစ်အပျက်ကို မာတင် သတိရနေသည်။

အင်္ဂါနေ့ လမ်းလျှောက်ပွဲတွင် လူထောင့်ငါးရာကျော် ပါလာသည်။ သည်တစ်ခါ လူဖြူက တစ်ဝက် ကျော်သည်။ သူတို့ အထဲတွင် ကက်သလစ် ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေပါ ပါသည်။ ပစ်တပ်စ် တံတားတွင် သက်ဆိုင်ရာ တို့က တားသည်။ သူတို့အားလုံး ဒူးထောက်ချလိုက်ပြီး ဘုရား ရှိခိုးကြသည်။ မာတင်က သူ့လူတွေ ထိခိုက် အနာတရ မဖြစ်စေချင်၍ ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက် သည်။
သို့သော် လူမည်း မုန်းတီးရေး တစ်ဖက်စွန်းသမာ်း တို့က အခဲမကျေနိုင်ဖြစ်နေဆဲ။

ထိုညတွင် လူဖြူ ဘုန်းတော်ဘကီး ဂျိမ်းစ် ရိဘ်သည် လူမည်းပိုင် ဆယ်လ်မာ စားသောက်ဆိုင်တွင် အခြား ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ညစာ စားနေကြသည်။ စားပြီးလို့ သူတို့ ထွက်အလာတွင် ကေသုံးလုံး အဖွဲ့ဝင် လေးယောက်တို့က "လူမည်းဘက်တော်သား ငဖြူတွေကို ဆော်ဟေ့" ဟု ကြွေးကြော်ပြီး ၀ိုင်းရိုက် ကြသည်။ ဘုန်းတော်ကြီး ရိဘ်ခေါင်းကွဲပြီး၊ နောက် နှစ်ရက် အကြာတွင် ခရစ်တော်၌ အိပ်ပျော်သွားရှာသည်။
ရဲချုပ် ဘေကာက သူသတ်သမား သုံးယောက်ကို ဖမ်းမိသည်။ တစ်ယောက် လွတ်သွားသည်။ သည် သတင်းကြောင့် တစ်နိုင်ငံလုံး ဆူပွက်သွားလေတော့သည်။
သမ္မတဂျွန်ဆင် က လွှတ်တော်တွင် ပြောသည့် မိန့်ခွန်းကို တစ်နိုင်ငံလုံးသို့ အသံလွှ့င့်ပေးသည်။

" ဆယ်လ်မာ အရေးအခင်းမှာ အမေရိကန် ပြည်ဖွား နီဂရိုး လူမျိုးများက သူတို့ရဲ့ နိုင်ငံသား အခွင့် အရေး၊ သူတို့ ရဲ့ ဘ၀လုံခြုံရေး၊ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကို တောင်းဆိုတာသာဖြစ်တယ်။ သူတို့ရဲ့ အရေးဟာ ကျုပ်တို့ရဲ့ အရေးဖြစ်တယ်။ ခုလို တရားမျှတမှုကင်းမဲ့တာမျိုး တစ်ဖက်စွန်း လူမျိုးရေး ခွဲခြားမုန်းတီးတာမျိုးကို ကျုပ်တို့ ချက်ချင်း ရပ်ပစ်ရမယ် … မင်းမဲ့ စရိုက်ကို ၀ိုင်းတိုက်ကြရမယ်"
နာမည်ကျော် သမ္မတ ဂျွန်ဆင်၏ မိန့်ခွန်းကို နားထောင်ရင်း မာတင် ပြောနေကျ အတွေးအမြင်တွေ သမ္မတ ဆီ ရောက်သွားပြီဟု ကျွန်မ ခံစားလိုက်ရသည်။
ဆယ်လ်မာ လမ်းလျှောက်ပွဲများ ဆက်လက် ဆင်နွှဲကြသည်။ လူသတ်သမားနှစ်ဦး ထပ်ဖမ်းမိ သည်။ အကြမ်းဖက် သမား ၃၈၀၀ ဖမ်းလိုက်သည်။ သို့သော် နီဂရိုးများ မဲပေးပိုင်ခွင့်အတွက် လူငါး ဆယ်သာ ထပ်တိုးရသည်။

သည့်နောက်ပိုင်းတွင် အခြေအနေတွေ ပြောင်းလာခဲ့သည်။ ဆယ်လ်မာမှ မောင်ဂိုမာရီအထိ လူထု လမ်းလျှောက်ပွဲ ကို ပြည်ထောင်စု အစိုးရက ခွင့်ပြုလိုက်သည်။ မာတင်က လူများများ ပါအောင် ပြန်စည်းရုံးသည်။ သို့သော် ပြည်နယ် အုပ်ချုပ်ရေးမှူး ဝေါလေ့စ်က  တင်းခံနေသဖြင့် ပြည်နယ် လုံခြုံရေး ဥပဒေကို သမ္မတက လွှမ်းမိုးလိုက်ပြီး ကျွန်မတို့ကို အကာအကွယ်ပေးဖို့ ပြည်ထောင်စု စစ်တပ်ကြီး ပို့ပေးသည်။ အင်အား လေးထောင်ပါသည်။ အမေရိကန် စစ်သားများက ကျွန်မတို့ကို အကာ အကွယ်ပေးကြလိမ့်မည်။

မတ်လ ၂၁ ရက်နေ့၊ တနင်္ဂနွေနေ့တွင် မာတင်က လူငါးထောင်ကို ဦးဆောင်ပြီး ဆယ်လ်မာမှ ထွက်ခွာ လာခဲ့သည်။ ပစ်တပ်စ် တံတားကို ဖြတ်ပြီး ရှစ်မိုင်ခရီးကို ဆက်လျှောက်လာခဲ့ကြသည်။ ပြည်ထောင်စု အစိုးရနှင့် သဘောတူညီမှု ရထားသည့်အတိုင်း ထိုနေရာမှ လူသုံးရာလှည့်ပြန်သွား ကြရသည်။ ကျန်လူများ မောင်ဂိုမာရီသို့ ဆက်လက်ချီတက်ကြသည်။
ဗုဒ္ဓဟူးနေ့ တွင် မောင်ဂိုမာရီ မြို့ပြင်တွင် လူအုပ်ကြီး စခန်းချလိုက်သည်။ နိုင်ငံကျော် ရုပ်ရှင်မင်း သားတွေ၊ အဆိုတော်တွေ ရောက်လာကြသည်။ ဟယ်ရီ ဘယ်လ်ဖောင်တီ၊ လိယိုနဒ် အန်းစတိန်း၊ ဆမ်မီဒေးဗစ်နှင့် နောက်ထပ် နာမည်ကျော် တစ်ဒါဇင်လောက်ပါသည်။ သူတို့က ကျွန်မတို့ အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်ပေးသည်။

နောက်တစ်နေ့ကား ကျွန်မတို့အတွက် အားရစရာ အကောင်းဆုံးနေ့ဖြစ်လာလေသည်။ ရထားဖြင့် တစ်နည်း၊ ဘတ်စ်ကားဖြင့် တစ်ဖုံ၊ လေယာဉ်ဖြင့် တစ်မျိုး ကျွန်မတို့ကို အားဖြည့်ဖို့ လူတွေ ထပ် ရောက်လာကြသည်။ အားလုံး လူအင်အား ငါးသောင်းဖြစ်သွားသည်။ စိန့်ဂျူဒ်ဆေးရုံရှေ့တွင် ကျွန်မတို့ လူစုလိုက်ကြသည်။ ပြီးမှ မောင်ဂိုမာရီ မြို့လယ်သို့ လက်တွဲညီညီ ဆက်လျှောက်ကြသည်။ လမ်းဘေးဝဲယာမှ မြို့သူမြို့သားများက ၀မ်းသာအားရ ကြိုဆိုကြသည်။ သောင်းသောင်းဖြဖြ အားပေးကြသည်။ မာတင်ကို မှတ်မိနေကြ၍ "ဒေါက်တာကင်း ကျန်းမာပါစေ" ဟူသည့် အသံကြီး ဟိန်းထွက်လာသည်။

ဒက်စတာ ဘုရားကျောင်းရှေ့က ဖြတ်တော့ ကျွန်မတို့ လင်မယားနှစ်ယောက်စလုံး ရင်တွေ ခုန် နေကြသည်။ ဤသို့ဖြင့် ရှေးဟောင်း ပြည်နယ်ကက်ပီတောလ် အဆောက်အအုံကြီးရှေ့မှ ပန်းခြံ သို့ ရောက်လဲာ့ကြ သည်။ ရှေးဟောင်း ကျောက်တိုင်ကြီး များနှင့် လိပ်ခုံးကြီးမှာ ကျက်သရေရှိလှသည်။
မိန့်ခွန်းတွေ စပြောကြပြီ။ လွန်ခဲ့သည့် ဆယ်နှစ်က ကျွန်မတို့ တိုက်ပွဲစချိန်ကို သွားသတိရသည်။ ကျွန်မ တို့ လျှောက်ခဲ့ရသည့် လမ်းမှာ ကြမ်းတမ်းသလောက် ရှည်ကြာလွန်းလှပါကလား။ ဘတ်စ် ကားအရေးအခင်းက စခဲ့ တာလေ။ သည်တုန်းက ကျွန်မတို့ လက်တစ်ဆုပ်စာကလေးဖြင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲ ဆင်ခဲ့ကြခြင်းဖြစ်သည်။

ကျွန်မတို့ အောင်မြင်ခဲ့သည်။ လူဖြူ လူမည်း မခွဲခြားဘဲ ဘတ်စ်ကားစီးခွင့်ရခဲ့သည်။ ထို့နောက် ကျောင်းများတွင် လူဖြူကလေးများနှင့်အတူ ကျွန်မတို့ ကလေးတွေ ကျောင်းတက်ခွင့်ရခဲ့သည်။ အရေးကြီးဆုံးမှာ ကျွန်မ တို့ တောင်းဆိုသံများ သည် အမျိုးသားရေး လက္ခဏာကို ဆောင်လာခဲ့ခြင်း ဖြစ်သည်။
မာတင် သည် အသားပါပါ စကားလုံးများဖြင့် ဟောကြားနေလေပြီ။

" ကျွန်တော် တို့ ရှေ့ဆက်သွားနေပါပြီ။ ဘယ်လို အသားအရောင် လှိုင်းလုံးများနဲ့မှ ကျွန်တော်တို့ကို တားလို့ မရတော့ ပါဘူး။ ကျွန်တော် တို့ တစ်တွေ ခုအချိန်အထိ ခံနေရဆဲဖြစ်ပါတယ်။ ဘယ်လောက် ကြာကြာ ခံနေရဦး မှာလဲ။ မကြာတော့ပါဘူး ဒီနေရာကနေ ကျွန်တော် ပြောလိုက်ပါ့ မယ်။ ဘာပြုလို့လဲဆိုတော့ အမှန်တရား ကို ဘယ်တော့ မှ ကြာကြာ ဖုံးကွယ်ထား လို့ မရတဲ့အတွက် ကြောင့်ပါပဲ။ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ ကျွန်တော် တို့နဲ့ အတူရှိနေတဲ့အတွက်ကြောင့်ပါပဲ"

ထိုနေ့ည လေဆိပ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ လေယာဉ်စောင့်ရင်း အချို့က ဆိုဖာခုံ တွေပေါ်မှာ၊ အချို့က လှေကားထစ်တွေပေါ်မှာ၊ အချို့က ကြမ်းပြင်ပေါ်မှာ။ လူဖြူတွေ လူမည်းတွေ အားလုံး ရယ်ရယ်မောမော ပြောပြောဆိုဆိုနှင့် တင်းမာမှုများ လုံးဝ မရှိတော့ဘဲ သူငယ်ချင်းများပမာ၊ ညီရင်း အစ်ကိုများ ပမာ ရင်းနှီးစွာ ပြုံးပျော်နေကြလေသည်။ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှ မိသားစုများပမာ ရင်းနှီးစွာ ရယ်မောနေကြလေ သည်။

ဆက်ရန်
.

No comments: