Tuesday, June 19, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၂)

"ထားပါတော့လေ… ဒါတွေ ပြောနေလို့လဲ အပိုပါပဲ။ အတည်ပြုချက်ကို ခင်ဗျား ပေးခဲ့မိပြီပဲ။ အခု အချိန် ကတော့ အဲဒီအတည်ပြုချက်ဟာ မှားယွင်းကြောင်း ပြန်ပြောရုံပဲရှိတော့တယ်။ ဒီတစ်ခါတော့ သံသယဖြစ်စရာအကြောင်း ဘာမှ မရှိတော့ပါဘူး" ဟု ကာနယ်ဂျူးလယန်းက ပြောသည်။
"ဟုတ်ပါတယ်။ သံသယဖြစ်စရာ မရှိတော့ပါဘူး" ဟု မက်ဇင်မ်က ဝန်ခံ ခဲ့သည်။
ကို ဆက်ဖတ်ရန်.....

"ထုံးတမ်းစဉ်လာအတိုင်း ရုံးတော်က စစ်ဆေးမှာရယ်၊ လူသိရှင်ကြား ဖြစ်ရဦးမှာရယ်ကို ခင်ဗျား ခံနိုင် ရည်ရှိဖို့ လိုတယ်။ သိပ်တော့ မလွယ်ဘူးပေါ့ဗျာ" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"သိပ်တော့ မလွယ်ပါဘူး"ဟု မက်ဇင်မ်က ပြန်ပြောသည်။
"သိပ်ကြာမယ် လို့ မထင်ပါဘူး။ ခင်ဗျားအနေနဲ့ အတည်ပြုချက် ပြန်ပေးရုံပါပဲ။ သင်္ဘော ကို ပြုပြင် တည် ဆောက်ပေးတဲ့ မစ္စတာတက်ကိုတော့ စစ်ဆေးရဦးမှာပေါ့လေ။ ဒီသင်္ဘောကို ရဘက်ကာ လက်လွှဲ ပြောင်းပေးအပ်စဉ်က ပင်လယ်ထဲသွားဖို့ ကောင်းမွန်စိတ်ချရတဲ့ အခြေအနေ ရှိမရှိ စစ်ရဦးမှာပေါ့။ တကယ် ကလဲ ဒါတွေဟာ ကြိုးနီစနစ်တွေပါ။ ဒါပေမဲ့ မလုပ်လို့က မဖြစ်ဘူ။ အုတ်အော်သောင်းတင်းဖြစ် မယ့် အတွက် ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျားတို့လင်မယားအတွက် စိတ်မကောင်းပါဘူး"
"ကိစ္စမရှိပါဘူး ကာနယ်ဂျူလယန်း… ကျွန်တော်တို့ သဘောပေါက်ပါတယ်"
"ဟိုသင်္ဘောက အဲဒီနေရာမှ သွားပြီး သောင်တင်တာ ကံဆိုးသွားတော့တာပေါ့။ ဒါပေမဲ့လဲ အားလုံး အေးအေး ချမ်းချမ်း ပြီးသွားမှာပါ" ဟု ကာနယ်ဂျူလယန်းက ဆက်ပြောသည်။

"ရဘက်ကာဟာ ဝေဒနာကို ကြာရှည်လေးမြင့် ခံစားမနေရဘဲ မြန်မြန်ဆန်ဆန် သေဆုံးသွားတယ်ဆို တာကို သိရတဲ့အတွက် ကျွန်တော်တို့ ဖြေသာကြတာပေါ့။ အစကတော့ ဝေဒနာအကြီးအကျယ် ခံစားရ ပြီးမှ သေသွားတယ် လို့ ကျွန်တော်တို့ ယုံကြည်နေကြတာ မဟုတ်လား။ ကိစ္စတစ်ခုခုအတွက် ကေဗင် ထဲကို သူ ဝင် သွားတာဖြစ်မယ်။ တံခါး က ကျပ်သွားမယ်။ ဒီအချိန်မှာ လေဆင်နှာမောင်း ရုတ်တရက် တိုက်ပြီး သင်္ဘောနစ် သွားတာဖြစ်မယ်။ ပဲ့ ကိုင်ပြီး ထိန်းပေးမယ့်သူကလဲ မရှိဘူး။ နောက်ဆုံးအဖြစ်က တော့ ဒါပါပဲ။ မဟုတ်ဘူးလား မစ္စတာခရော်လေ…"
"မှန်ပါတယ် ခင်ဗျာ… ဘာမှ သံသရာဖြစ်စရာမရှိပါဘူး"
ကျွန်မ မော့ကြည့်လိုက်တော့ ဖရင့် က မက်ဇင်မ်အား ကြည့်နေသည်ကို တွေ့ရသည်။ ကျွန်မအကြည့် တွင် ဖရင့် က ကမန်းကတန်း မျက်နှာလွဲလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးထဲက အမူအရာကို ကျွန်မ မြင် လိုက်ရပါသည်။ သည်ကိစ္စအဖြစ်မှန်ကြီးကို သူ သိနေပါပြီ။ သူ သိနေကြောင်း မက်ဇင်မ် က တော့မသိရှာ။

ကော်ဖီပန်းကန်ကိုပဲ ကျွန်မ ငုံ့ကြည့်နေမိသည်။ လက်မှာ ချွေးစီးတွေလည်း စိုလာသည်။
"ဒီပင်လယ်အော်ထဲမှာ လေ ဘယ်လိုတိုက်ကြောင်း ရဘက်ကာ ကောင်းကောင်း သိရမယ်။ သူတစ် ယောက်တည်း ရွက်တိုက်သွားခဲ့တာလဲ အကြိမ်ကြိမ် မဟုတ်လား။ သူ့ရွက်သင်္ဘောကလေးက ဒီလို အချိန်မျိုးမှာ တက်မ ကိုင်မရှိဘဲ လွှတ်ထားလိုက်ဖို့မလွယ်ဘူး။ သင်္ဘောက သိပ်သေးလွန်းတယ်။ သူလဲ ဒီအကျပ်အတည်းက လွတ်ဖို့ ကြိုးစားရင်း မလွတ်နိုင်အောင် ဖြစ်သွားရတာနဲ့တူတယ်။ ကျွန်တော်တို့ အဖို့တော့ သင်ခန်းစာပါပဲ" ဟု ဂျူလယန်းက ဆက်ပြောနေသည်။

"မတော်တဆမှုဆိုတာ အလွယ်ကလေးနဲ့ဖြစ်တတ်ပါတယ်" ဟု ဖရင့်ခရော်လေက ဝင်ပြောသည်။ "အင်မတန်ကျွမ်းကျင်တဲ့ လူတွေတောင် ဖြစ်တတ်ပါတယ်။ အမဲလိုက်သွားရင်း သေသွားကြရတဲ့ မုဆိုး တွေ တစ်နှစ်တစ်နှစ် ဘယ်လောက်များတယ်ဆိုတာပဲ စဉ်းစားကြည့်တော့"
"ဟုတ်တာပေါ့ ဗျာ… အခုကိစ္စမှာ ရဘက်ကာဟာ တက်မကိုသာ လွှတ်မထားခဲ့ဘူးဆိုရင် ဒီအဖြစ်မျိုးလဲ မဖြစ်နိုင် ပါဘူး။ သူ ရွက်တိုက်တာကို ကျွန်တော် အကြိမ်ကြိမ် မြင်ဖူးပါတယ်။ ဘာတစ်ခုကလေးမှ မမှား ဘူး။ အခုဟာ ကတော့ ရွက်တိုက်သင်ခါစ လူတစ်ယောက်လုပ်မိတဲ့ အမှားမျိုးကို မတော်တဆ လုပ်မိ သွားတာပါပဲ။ အထူး သဖြင့် အောက်မှာ ကျောက်ဆောင်ရှိနေတဲ့ နေရာကျမှ ဒီလိုဖြစ်ရတယ်" ဟု ကာ နယ်ဂျူလယန်းက ပြောသည်။

"အဲဒီညကလဲ လေက သိပ်ထန်နေတယ်။ တက်မမှာလဲ တစ်ခုခုဖြစ်ချင် ဖြစ်နေမှာပေါ့။ မတော်တဆ ကျပ်သွားတာမျိုး၊ ဂျမ်းဖြစ်သွားတာမျိုးပေါ့။ ဒါကြောင့် ဓားယူရအောင် ကေဗင်ခန်းထဲကို ဝင်သွား တာ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်" ဟု ဖရင့်ခရော်လေက ပြောသည်။
"ဟုတ်တယ်… ဟုတ်တယ်… ကျွန်တော်တို့ ဘယ်သိနိုင်ပါ့မလဲ။ အခု ကြုံလာမှတော့ ရင်ဆိုင်ရတော့မှာ ပဲ။ စောစောက ကျွန်တော်ပြောခဲ့သလို တရားရုံးမှာ အစစ်ခံဖို့ကိစ္စကိုမဖြစ်စေချင်ဘူး။ တတ်နိုင်ရန် တား လိုက်ချင် တယ်။ ဒါပေမဲ့ ကျွန်တော် လဲ မတတ်နိုင်ဘူး မဟုတ်လား။ အင်္ဂါနေ့မနက်မှာ စစ်ဆေးဖို့ ကျွန် တော် စီစဉ်နေ ပါတယ်။ မြန်နိုင် သမျှ အမြန်ဆုံးပြီးသွားအောင် လုပ်မှာပါပဲ။ ထုံးတမ်းစသ်လာမို့သာ လုပ် နေရတာပါ။ ဒါပေမဲ့ သတင်းထောက်တွေ ဒီကိစ္စထဲမပါအောင်တော့ ကျွန်တော်တို့ တတ်နိုင်မှာမဟုတ် ဘူးဗျာ"
ကာနယ်ဂျူလယန်း ၏ စကားဆုံးတော့ အားလုံးငြိမ်နေကြသည်။ ထိုင်ရာမှထကြဖို့ အချိန်တန်ပြီဟု ကျွန်မ ထင်လိုက်ပါသည်။

"ပန်းခြံထဲ သွားကြရအောင်လား" ဟု ကျွန်မက ပြောသည်။
အားလုံး ထိုင်ရာမှ ထကြသည်။ ပန်းခြံထဲရောက်တော့ ရပ်နေမိကြသည်။ ခဏကြာတော့ ကာနယ်ဂျူလ ယန်းက သူ့ လက်ပတ်နာရီကိုကြည့်ပြီး ပြောသည်။
"နေ့လယ်စာ စားရတာ သိပ်မြိန်တဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စက်ဒီဝင်တား။ ဒီနေ့ခင်း အလုပ်က လေးတွေ နည်းနည်း များနေလို့ ကျွန်တော် သွားဦးမှာပဲ။ စားပြီး လမ်းကြည့်ဆိုတာမျိုး ဖြစ်နေတဲ့အတွက် စိတ်မရှိပါနဲ့နော်"
"ကိစ္စမရှိပါဘူးရှင်…"
"ဒီကိစ္စကြီးပေါ် လာတဲ့အတွက် ကျွန်တော် သိပ်ဝမ်းနည်းပါတယ်။ ခင်ဗျားတို့ကို စာနာမိပါတယ်။ ခင်ဗျား ယောက်ျား ထက် ခင်ဗျားက ပိုစိတ်ထိခိုက်မယ်ဆိုတာကိုလဲ ကျွန်တော် ခန့်မှန်းမိပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့လေ… ရုံးတော်မှာ စစ်ဆေးမှုပြီးသွားရင် ဒီအကြောင်းကို ခင်ဗျားတို့ နှစ်ယောက် စလုံး မေ့ပစ် လိုက် ကြပါ"

"ဟုတ်ပါတယ်ရှင်… ကျွန်မတို့ ကြိုးစားပါ့မယ်"
"ကျွန်တော့်မော်တော်ကား ကို ဟောဟိုနားကလေးမှာ ရပ်ထားခဲ့တယ်။ မစ္စတာခရော်လေ ကျွန်တော်နဲ့ လိုက်ခဲ့ ပါလား… ခင်ဗျားကို ရုံးမှာ ချထားပေးခဲ့မယ်လေ"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ…"
ကာနယ်ဂျူလယန်းက ကျွန်မဆီလာပြီး လက်ဆွဲနှုတ်ဆက်သည်။
"နောက်မှ ထပ်တွေ့ကြသေးတာပေါ့" "ဟုတ်ကဲ့ပါရှင်…" သူ့မျက်နှာကို ကျွန်မ မကြည့်ပါ။ ကျွန်မ၏အမူအရာကို ရိပ်မိသွားမှာ စိုးပါသည်။ သည်အဖြစ်မှန်များကို ကျွန်မ သိထားပြီးကြောင်း သူ မသိစေလိုပါ။ မက်ဇင်မ်က သူတို့ကို မော်တော်ကားဆီသို့ လိုက်ပို့သည်။ ကားထွက်သွားတော့ ကျွန်မဆီ ပြန်လာသည်။ ကျွန်မ လက်ကို ကိုင်ကာ နှစ်ယောက်အတူရပ်ပြီး ပင် လယ်ပြင်ဆီသို့ ငေးကြည့်နေမိကြသည်။

"အားလုံး အဆင်ပြေသွားမှာပါ။ အစ်ကို့စိတ်တွေ တည်ငြိမ်နေပါတယ်။ အပြည့်အဝလဲ ယုံကြည်မှုရှိနေ တယ်။ ထမင်းစားနေ တုန်း ဖရင့်နဲ့ ဂျူလယန်းတို့နှစ်ယောက် ဘယ်အခြေအနေမှာရှိတယ်ဆိုတာ မြင် တယ်မဟုတ်လား။ ရုံးတော် က စစ်ဆေးတဲ့အခါမှာ ဘာအခက်အခဲမှ ရှိမှာမဟုတ်ပါဘူး။ အားလုံး အဆင်ပြေသွားမှာပါ"
ကျွန်မ က ဘာမျှပြန်မပြောပါ။ သူ့လက်ကိုသာ တင်းတင်းကြီး ဆုပ်ထားမိပါသည်။ "ဟိုအလျင် တွေ့ခဲ့တဲ့ အလောင်းနဲ့ ပတ်သက်လို့လဲ ဘာမှပြောစရာမရှိတော့ပါဘူး။ အခုတွေ့ရတဲ့ အလောင်းကို အစ်ကို မပါဘဲ ဆရာဝန် တစ်ယောက်တည်းနဲ့တောင် အတည်ပြုပေးနိုင်ပါတယ်။ အားလုံး ရိုးရိုးစင်းစင်း ကလေးတွေ ချည်းပဲ။ အစ်ကို့ခြေရာလက်ရာတွေလဲ ဘာမှမကျန်ခဲ့ဘူး။ ကျည်ဆံကလဲ ဘယ်အရိုး ကိုမှ မထိဘူး"
လိပ်ပြာတစ်ကောင် က ကျွန်မတို့ကို ကျော်ဖြတ်ပျံသန်းသွားသည်။

"သူတို့ပြောသွားကြတာတွေ ကြားတယ်မဟုတ်လား။ ကေဗင်ထဲမှာ ပိတ်မိသွားတာဖြစ်မယ်လို့ ပြောကြ တာလေ။ ဂျူရီလူကြီးတွေကလဲ ဒါကို ယုံကြမှာပါပဲ။ ဆရာဝန်ကလဲ ဒီအတိုင်း ပြောပြမှာပါ"
သူက စကားဖြတ်လိုက်သည်။ ကျွန်မကမူ ဘာမျှပြန်မပြောဘဲ ငြိမ်မြဲ ငြိမ်နေသည်။

"မင်းအတွက်ပဲ အစ်ကို စိတ်မကောင်းဖြစ်မိပါတယ်ကွယ်… အခြား ဘာအတွက်မှဝမ်းမနည်းဘူး။ ဒီလို ဘဝမျိုးထပ်ကြုံရဦးမယ်ဆိုရင်လဲ ဒီအတိုင်းပဲ လုပ်မိမှာပါ။ ရဘက်ကာကို သတ်လိုက်မိတဲ့အတွက် ဝမ်း သာမိတယ်။ ဘာမှ စိတ်မကောင်းဖြစ်နေစရာ အကြောင်းမရှိဘူး။ ဘယ်တော့မှလဲ နောင်တရမှာမဟုတ် ဘူး။ ဒါပေမဲ့ မင်းအတွက် အစ်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီကိစ္စတွက် မင်း ဘယ်လို ခံစားသွားရ တယ်ဆိုတာ အစ်ကို့ တစ်သက် မေ့နိုင်တော့မှာ မဟုတ်ဘူး။ ထမင်းစားနေတုန်းက မင်းကိုကြည့်ပြီး စဉ်း စားနေမိတယ်။ အခုတော့ သွားပါပြီ။ မင်းရဲ့ပျိုမျစ်နုနယ်မှုဟာ ပျောက်ဆုံးသွားပြီ။ မင်းဟာ အိုစာသွား ပြီ။ ဒီလို ပျိုမျစ်နုနယ်မှုမျိုး ကို ဘယ်တော့မှ မင်း ပြန်မရနိုင်တော့ဘူး။ အဲဒီ မင်းရဲ့ပျိုမျစ်နုနယ်မှုကိုလဲ အစ်ကို သတ်ပစ် လိုက်မိ သလို ဖြစ်သွားပြီ။ ရဘက်ကာရဲ့အကြောင်းတွေ အစ်ကို ပြောပြနေဆဲမှာပဲ မင်း ရဲ့ပျိုမျစ်နုနယ်မှုတွေ အားလုံး ပျောက်ဆုံး ကုန်တော့တယ်။ ၂၄ နာရီအတွင်း အားလုံး ပျောက်သွားပြီ။ မင်းဟာ အများကြီး ပိုပြီး အိုမင်း ရင့်ရော်သွားပြီ…"

အခန်း (၂၂)


ထို့နေ ညဦးပိုင်းတုန်းက ကျွန်မတို့ နယ်ထုတ်သတင်းစာများကို ဖရစ်က ယူလာပေးသည်။ မျက်နှာဖုံး ထိပ်တွင် ဧရာမ စာလုံးမည်းကြီးများနှင့် ခေါင်းစဉ်များ တပ်ထားကြသည်။
ဖရစ် က စားပွဲပေါ်မှာ သတင်းစာကို တင်သွားသည်။ ထိုအချိန်က မက်ဇင်မ်မရှိပါ။ ညစာစားဖို့ အဝတ် အစား တက် လဲနေခိုက်ဖြစ်သည်။ ဖရစ်က ကျွန်မ တစ်ခုခုပြောမည်ထင်ပြီး ရပ်စောင့်နေသည်။ တစ် အိမ်လုံး သိပြီးဖြစ်သော အကြောင်းကြီး ကို ကျွန်မက မသိချင်ယောင်ဆက်ဆောင်နေမည်ဆိုလျှင် မိုက် မဲရာသာ ကျပေတော့ မည်။
"အင်မတန် ကြောက်စရာကောင်းတဲ့ အဖြစ်ကြီးပဲနော် ဖရစ်…" ဟု ကျွန်မက ပြောလိုက်သည်။

"ဟုတ်ပါတယ် ဆရာတော်… ကျွန်တော်တို့အားလုံးလဲ အကြီးအကျယ် စိတ်မချမ်းမသာဖြစ်နေကြရပါ တယ်"
"မစ္စတာဒီဝင်းတား အတွက် ပိုပြီး စိတ်ထိခိုက်စရာဖြစ်နေတယ်။ အဟောင်းတွေက အသစ်ပြန်ဖြစ် လာရ ပြန်ပြီလေ…"
"မှန်ပါတယ် ဆရာကတော်… ပထမ အလောင်းတစ်ခုတွေ့ခဲ့ပြီးမှ ဒုတိယအလောင်းတစ်ခုကို ထပ်ပြီး အတည်ပြုပေး ရဦးမယ်ဆိုတာ တုန်လှုပ်ချောက်ချားစရာ အင်မတန်ကောင်းတဲ့ အဖြစ်ပါပဲ။ သင်္ဘောထဲ မှာ တွေ့နေရ တဲ့ ပစ္စည်းတွေဟာ ကွယ်လွန်သူ မစ္စက်ဒီဝင်းတားရဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတာတော့ မယုံကြည်နိုင် စရာ အကြောင်းမရှိဘူး ထင်ပါရဲ့နော်"
"မယုံကြည်နိုင် စရာ ဘာမှမရှိပါဘူး ဖရစ်"
"ကေဗင်ခန်းထဲ မှာ ပိတ်မိသွားတယ်ဆိုတာလဲ အံ့သြစရာပဲ။ သူဟာ အင်မတန် ကျွမ်းကျင်တယ်"

"ဟုတ်ပါတယ် ဖရစ်… ကျွန်မတို့အားလုံးပဲ ဒီအတိုင်း သဘောရကြပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ် ခု ကတော့ ဖြစ်လာခဲ့ပြီလေ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာလဲ ဘယ်တော့မှ ကျွန်မတို့ သိနိုင်ကြတော့ မှာ မဟုတ်ဘူး"
"ပွဲလမ်းသဘင်ကြီး ကျင်းပပြီး နောက်တစ်နေ့မှာပင် ဒါမျိုးဖြစ်လာရတဲ့အတွက် ကျွန်တော်တို့အားလုံး ပိုပြီး စိတ် ထိခိုက်ကြရပါတယ်။ ဒီလိုဖြစ်ဖို့ မကောင်းပါဘူး" "ဟုတ်ပါတယ်… မကောင်းပါဘူး"
"ရုံးတော်က စစ်ဆေးရဦးမယ်ဆိုတာ ဟုတ်ပါသလား ဆရာကတော်" "ဟုတ်ပါတယ်။ ထုံးတမ်းစဉ်လာအတိုင်း လုပ်ရတာပါ" "ဒါလဲမှန်ပါတယ် ဆရာကတော်… ကျွန်တော်တို့အားလုံးပါ သက်သေခံနေရဦးမှလား ခင်ဗျာ"

"ကျွန်မတော့ မထင်ပါဘူး"
"မိသားစုအတွက်ဆိုရင် ကျွန်တော် ဘာပဲလုပ်ပေးရ လုပ်ပေးရ ဦးမလေးပါဘူး ဆရာကတော်။ ဒီ အကြောင်း မစ္စတာ ဒီဝင်းတားလဲ သိပါတယ်" "ဟုတ်ပါတယ် ဖရစ်… သူ ကောင်းကောင်း သိပါတယ်"
"ဒီအကြောင်းတွေ ဘာမှမဆွေးနွေးကြဖို့ အိမ်ဖော်တွေအားလုံးကို ကျွန်တော် မှာထားပါတယ်။ ဒါပေမဲ့ စောင့်ကြည့်နေဖို့ ဆိုတာလဲ မလွယ်ဘူး မဟုတ်လားခင်ဗျာ။ အထူးသဖြင့် မိန်းကလေးတွေ ပိုဆိုးတယ်။ ဒီသတင်းကြောင့် မစ္စက်ဒင်ဗာ လဲ အတော့်ကို ချောက်ချားနေပါတယ်"
"ဟုတ်ပါတယ်… ကျွန်မလဲ ထင်ထားပါတယ်"
"နေ့လယ်စာ စားပြီးတော့ သူ့အခန်းကို တောက်လျှောက်ပြန်တက်သွားပါတယ်။ ပြန်ကို ဆင်းမလာ တော့ပါဘူး၊ အဲလစ် က လက်ဖက်ရည်နဲ့ သတင်းစာကို စောစောကပဲသွားပို့ပေးပါတယ်။ သူ အတော့်ကို ယူကျုံး မရ ဖြစ်နေတယ်လို့ ပြောပါတယ်"

"သူ့အခန်းထဲမှာ သူ နေနေတာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။ မကျန်းမာတဲ့အခါမှာ ဘာမှ မလုပ်တာ ကောင်းတယ်။ အဲလစ် နဲ့ ပြောခိုင်းလိုက်ပါ။ အနားယူနေပါလို့ ကျွန်မပဲ အိမ်မှုကိစ္စတွေကို တာဝန်ယူ စီမံ သွားပါ့မယ်လို့…"
"ကောင်းပါပြီ ဆရာကတော်… ခန္ဓာကိုယ်အနေနဲ့ မကျန်းမာတာတော့ မဟုတ်ပါဘူး။ ကွယ်လွန်သူ မစ္စက်ဒီဝင်းတား ရဲ့အလောင်းကို ပြန်တွေ့ရတယ်ဆိုတဲ့အကြောင်း တုန်လှုပ်ပြီး စိတ်ဓာတ်ချောက်ချား သွားတာ ပါ။ မစ္စက်ဒီဝင်းတား အပေါ်မှာ သူ သိပ်သံယောဇဉ်ကြီးခဲ့ပါတယ်"
"ဟုတ်ပါတယ်… ကျွန်မ သိပါတယ်"
ပြီးတော့ အခန်းအပြင်သို့ ဖရစ် ထွက်သွားသည်။ မက်ဇင်မ် ဆင်းမလာမီ သတင်းစာကို ကမန်းကတန်း လှမ်းကြည့်လိုက်သည်။ မျက်နှာဖုံးတစ်မျက်နှာလုံး ထိုအကြောင်းနှင့် ပြည့်နေသည်။ မက်ဇင်မ်၏မှုန်ဝါး ဝါးဓာတ်ပုံတစ်ပုံ ကိုလည်း ဖော်ပြထားသေးသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်လောက်က ရိုက်ထားသည့် ဓာတ်ပုံဖြစ်လေ သည်။

သတင်းအဆုံးတွင် ကျွန်မအကြောင်းကိုလည်း အနည်းငယ် ထည့်ရေးထားသည်။ မက်ဇင်မ်သည် ကျွန်မကို ဒုတိယဇနီး အနေဖြင့် လက်ထပ်ခဲ့ကြောင်း၊ ဆန်းကြယ်သည့် အဝတ်အစားများ ဝတ်ဆင်ပြီး တက်ရသော ပွတ်သဘင်ပွဲကြီး ကိုလည်း ယခုကိစ္စကြီးမဖြစ်ပွားမီ ညက တည်ခင်းခဲ့ကြောင်း၊ ရဘက် ကာသည် အလွန် တရာချောမော လှပကြောင်း၊ အင်မတန် တော်ကြောင်း၊ သူနှင့်တွေ့ဖူးသူတိုင်းက သူ့ ကိုချစ်ကြောင်း များ ရေး ထားသည်။ ထိုအကြောင်းများကို ဖတ်ရတော့ အခံရခက်သလိုလို ဖြစ်မိသည်။
ရဘက်ကာ သည် လွန်ခဲ့သော တစ်နှစ်ကျော်က ရေနစ်သေဆုံးခဲ့ကြောင်း ထို့နောက် မက်ဇင်မ်က ကျွန်မကို လက်ထပ်ပြီး မန်ဒါလေစံအိမ်ကြီးသို့ တိုက်ရိုက်ခေါ်လာခဲ့ကြောင်း၊ (သူတို့ရေးသားချက်) ကျွန်မကို ဂုဏ်ပြုသည့် အနေဖြင့် ပွတ်သဘင်ပွဲကြီး ကျင်းပခဲ့ကြောင်း၊ နောက်နေ့တွင် အလောင်းကိုပြန် တွေ့ရကြောင်း၊ ကေဗင်ထဲမှာ ပိတ်မိ သွားခြင်းဖြစ်ကြောင်းများ ဆက်ရေးထားသည်။ အမှန်တွေလည်း ပါသည်။ သတင်းစာအနေနှင့်တော့ သူ့ စာဖတ်ပရိသတ် အတွက် တခမ်းတနား ရေးရပေလိမ့်မည်။

မက်ဇင်မ် မမြင်အောင် သတင်းစာကို ကုလားထိုင်အောက်မှာ ကျွန်မ ဝှက်ထားလိုက်မိသည်။ သို့သော် လည်း နောက်တစ်နေ့မနက်ထုတ် သတင်းစာများကိုတော့ သူ မမြင်အောင် ကျွန်မ မတတ်နိုင်တော့ပါ။ လန်ဒန်မြို့ထုတ် သတင်းစာတွေကလည်း ရေးကြသည်။ မန်ဒါလေစံအိမ်ကြီး၏ပုံကိုလည်း ဖော်ပြကြ သည်။ မက်ဇင်မ်သည်လည်း သတင်းဖြစ်နေည်။
နံနက်စာစားရင်း သတင်းစာဖတ်နေသော မက်ဇင်မ်ကို ကျွန်မ အကဲခတ်ကြည့်နေမိသည်။ သတင်းစာ ဖတ်နေ ရင်း သူ့မျက်နှာသည် တဖြည်းဖြည်းဖြူလာသည်။ ဘာမှတော့ မပြော။ ကျွန်မကို လှမ်းကြည့် သည်။ ကျွန်မက သူ့ဆီ သို့ လက်ကမ်းပေးလိုက်သည်။ သူက သတင်းစာများကို ခပ်တိုးတိုးဆဲနေသည်။

အဖြစ်မှန်ကို သိလျှင် သတင်းစာတွေက ဘယ်လောက်များ ရေးလိုက်ကြမလဲ။  သတင်းစာရောင်းသူ လက်ပွေ့သမား များလည်း ဘယ်လောက်တောင် အော်ဟစ်လိုက်ကြမလဲဟု စဉ်းစားနေမိသည်။ နံနက် စာ စားပြီးချိန် တွင် ဖရင့်ခရော်လေ ရောက်လာသည်။ သူ့မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်ပြီး ပင်ပန်းနွမ်း နယ်နေပုံ ရသည်။ ညတုန်းက သူ အိပ်ပျော်ခဲ့ပုံမပေါ်။
"မန်ဒါလေအိမ် ကို ဆက်တဲ့ဖုန်းမှန်သမျှ ရုံးကို လိုင်းပြောင်းပေးဖို့ အိပ်စ်ချိန်းကို ကျွန်တော် မှာထားလိုက် တယ်။ ဘယ်သူ ဆက်ဆက် ရုံးကိုပဲ ပေးလို့ပြောထားတယ်။ သတင်းထောက်တွေ ဆက်တာဆိုရင် ကျွန် တော် ကြည့်ရှင်း လိုက်မယ်။ တယ်လီဖုန်းအတွက် ဘာမှမပူပါနဲ့။ တစ်နယ်လုံးကလဲ ဝိုင်းဆက်နေကြ တယ်။ အခုလို အရေးတယူ ဆက်ကြတာကို မစ္စတာနဲ့ မစ္စက်ဒီဝင်းတားက ကျေးဇူးတင်ပါတယ်လို့…။ ဒါ ပေမဲ့ နောက်ရက် အနည်းငယ်တွင်းတော့ သူတို့ ဖုန်းလက်ခံစကားမပြောနိုင်သေးတာကို နားလည်ခွင့် လွှတ်ကြပါ လို့ ပြောလိုက်တယ်။ မနက် ရှစ်နာရီခွဲလောက်က မစ္စက်လေစီလဲ ဆက်သေးတယ်။ သူ ဒီကို လိုက်လာချင်ပါ တယ်တဲ့" "ဟိုက်… ဒုက္ခပါပဲ" ဟု မက်ဇင်မ်က အလန့်တကြား ညည်းလိုက်သည်။

"ဒါလဲ အရေးမကြီးပါဘူးခင်ဗျာ… သူ့ကိုလဲ ကျွန်တာ် တားလိုက်ပါတယ်။ ဒီကိုလိုက်လာခြင်းအားဖြင့် တစ်စုံတစ်ရာ အကျိုးထူးအောင် ဘာမှလုပ်ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ဘဲ  ကျွန်တော် ပြန် ပြော လိုက်ပါတယ်။ မစ္စတာ ဒီဝင်းတားအနေ နဲ့ ဘယ်သူနဲ့မှ မတွေ့ချင်သေးပါဘူးလို့လဲ ကျွန်တော် ပြန် ပြောလိုက်ပါတယ်။ ရုံးတော် က စစ်တော့မယ်ဆိုတာ သတင်းစာထဲမှာ တွေ့ရင်တော့ မလာဘဲနေမှာ မဟုတ်ဘူးထင်တယ်"
"တော်တော် သောက်သုံးမကျ တဲ့ သတင်းထောက်တွေကွာ…" ဟု မက်ဇင်မ်က ရေရွတ်ရင်း ဆဲနေပြန် သည်။
"ဟုတ်ပါတယ် ခင်ဗျာ။ ဒါပေမဲ့ သူတို့ဘက်က ကြည့်ရင်လဲ သူတို့ တရားပါတယ်။ သူတို့အဖို့တော့ စား ကောင်းသောက်ဖွယ်ကြီး ဖြစ်နေတော့တာပေါ့။ သတင်းကောင်းရအောင် ရှာမလာနိုင်ရင် အယ်ဒီတာ က သူ့ တို့ကို ထုမယ်။ သတင်းစာကို ရောင်းကောင်းအောင် အယ်ဒီတာက မလုပ်နိုင်ရင် ပိုင်ရှင်က သူ့ကို ထုမယ်။ သတင်းစာ မရောင်းရရင် ပိုင်ရှင်ရှုံးမယ်။ ဒါကြောင့် သူတို့နဲ့ တွေ့ဖို့မလိုပါဘူး မက်ဇင်မ်။  ကျွန် တော် ပဲ ကောင်းအောင်ကြည့်စီစဉ်ထားပါ့မယ်။ ရုံးတော်မှာ ကောင်းကောင်း အစစ်ခံနိုင်ဖို့အတွက်သာ အာရုံစိုက်ပါ"

"ဘယ်လို အစစ်ခံရမယ်ဆိုတာ ကိုယ် သိပါတယ်" "ဟုတ်ပါတယ်။ ခင်ဗျား သိပါတယ်။ ဒါပေမဲ့ မှုခင်းရှေ့နေ ကောရစ်ခ်ျကိုတော့ လျှော့မတွက်နဲ့နော်…။ အဘိုးကြီး က သူ့အလုပ်မှာ သူ ဘယ်လောက် ကျွမ်းကျင်ကြောင်း၊ ဂျူရီလူကြီးတွေရှေ့မှာ အစွမ်းပြ တတ်တယ်။ သူရဲ့ရေလာမြောင်းပေး စကားတွေနောက် ကို ကိုယ် က မလိုက်မိစေဖို့ဘဲ အရေးကြီးတယ်"
"သူ့ရေလာမြောင်းပေးနောက် ကို ကိုယ်က ဘာကြောင့်လိုက်ရမှာလဲ၊ ဘာမှ များများစားစား ပြောစရာရှိ တာမှ မဟုတ်ဘဲ"
"များများ စားစား ပြောစရာမရှိတာတော့ မှန်ပါတယ်။ မှုခင်းရှေ့နေ စစ်ဆေးတာကို ကျွန်တော်လဲ ခံခဲ့ရ ဖူးတယ်။ တောင်မေးမြောက်မေး နဲ့ စိတ်ထဲ မှာ ယားကျိကျိဖြစ်လာတတ်တယ်။ သူတို့နဲ့အကြောင်းသင့် နိုင်မှ"

"ဟုတ်ပါတယ်။ ဖရင့်ပြောတာ မှန်ပါတယ်" ဟု ကျွန်မက ဝင်ပြောသည်။ "ဖရင့် ဘာဆိုလိုတယ်ဆိုတာ ကျွန်မ သိတယ်။ အားလုံး ချောချောမောမောနဲ့ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားဖို့ လူတိုင်းအတွက် အရေး ကြီးပါတယ်။ ဒါပြီးသွား ရင် ဒီကိစ္စကြီးကို ကျွန်မတို့ မေ့ပစ်လိုက်နိုင်ပြီ။ လူတိုင်းကလဲ မေ့သွားကြမှာပါပဲ"
"ဒါ မှန်ပါတယ်" ဟု ဖရင့်က ပြောသည်။
သူနှင့် မျက်နှာချင်းမဆိုင်မိအောင် ကျွန်မ ရှောင်တိမ်းနေသည်။ ဖြစ်ရပ်အမှန်ကို ဖရင့်ခရော်လေ သိနေ ပြီဖြစ်ကြောင်း ယခင်က ထက် ပိုပြီး ယုံကြည်လာသည်။ မူလအစကတည်းက သည်အကြောင်းရင်းမှန် ကို သူ သိထား ခဲ့လေပြီ။ မန်ဒါလေစံအိမ်သို့ ကျွန်မ ရောက်သည့်အချိန်မှစ၍ ကျွန်မ သိခဲ့ပါသည်။ မက်ဇင်မ်၏ ကျန်းမာရေး အကြောင်းကို ဘီယက်ထရစ်ပြောစဉ်က ဖရင့်ခရော်လေသည် စကားလမ်း ကြောင်း ပြောင်းလဲ ပစ်ခဲ့ဖူးသည်။

ရဘက်ကာအကြောင်း ကို ပြောဖို့လည်း အမြဲတမ်း သူ တုံ့ဆိုင်းဆိုင်းဖြစ်နေတတ်သည်။ အဖြစ်မှန်ကို ဖရင့် သိနေကြောင်း မက်ဇင်မ်ကတော့ မသိ။ ဘယ်လိုသိသွားကြောင်းလည်း မက်ဇင်မ် မသိနိုင်ပါ။ ဖရင့် ကလည်း သူ သိနေကြောင်း မက်ဇင်မ် သိစေချင်ပုံ မရ။ ကျွန်မတို့ အားလုံးကြားမှာ အကာအဆီး အရံ အတားတွေ ရှိနေသည်။
တယ်လီဖုန်းနှောင့်ယှက်မှု အန္တရာယ်နှင့်တော့ ကင်းဝေးသွားသည်။ အချိန်ကို စောင့်နေဖို့သာရှိတော့ သည်။ အင်္ဂါနေ့ရောက်အောင် တည်တည်ငြိမ်ငြိမ်နှင့် စောင့်ဖို့သာ ရှိတော့သည်။
မစ္စက်ဒင်ဗာနှင့် လုံးဝ ထပ်မတွေ့တော့ပါ။ ယင်းလျာစာရင်းကိုတော့ ထုံးစံအတိုင်း နေ့စဉ်ပို့ပေးသည်။ ကျွန်မ ကလည်း ဘာအပြောင်းအလဲမှ မလုပ်။ မစ္စက်ဒင်ဗာအကြောင်း ကလားရစ်ကို မေးကြည့်သည်။ မစ္စက်ဒင်ဗာ သည် ပုံမှန်အလုပ်များကို လုပ်နေကြောင်း၊ သို့သော်လည်း မည်သူ့ကိုမှ စကားမပြော ကြောင်း၊ အစားအသောက် များကိုလည်း သူ့အခန်းထဲမှာသာ စားသောက်လေ့ရှိကြောင်း ပြောသည်။

ကလားရစ်၏ မျက်လုံးများမှာလည်း အမြဲတမ်း ပြူးကျယ်ဝိုင်းစက်နေသည်။ ဘာဖြစ်နေသည်ကို စပ်စုလို သော အမူ အရာဖြစ်သည်။ သို့သော် ကျွန်မက ဘာမှမပြော။ အိမ်ဖော်အားလုံးသည် အကြောင်းအရာ တစ်ခုတည်း ကိုသာ ပြောဆိုနေကြသည် မှာ သေချာပါသည်။
ရာသီဥတု ကလည်း မပြောင်း၊ ပူအိုက်မြဲ ပူအိုက်နေသည်။ ရုံးတော်က အင်္ဂါနေ့မွန်းလွဲနှစ်နာရီတွင် စတင် ကြားနာ စစ်ဆေးရန်အချိန်သတ်မှတ်လိုက်သည်။
အင်္ဂါနေ့ရောက်တော့ တစ်နာရီထိုးရန် ဆယ့်ငါးမိနစ်အလိုတွင် ကျွန်မတို့ နေလယ်စာစားကြသည်။ ထမင်းစားနေ တုန်း ဖရင့်ခရော်လေ ရောက်လာသည်။ ဘီယက်ထရစ် ဖုန်းဆက်ကြောင်း၊ သူ လာနိုင် တော့မည် မဟုတ်ကြောင်း၊ သူ့သား ရော်ဂျာကျောင်းမှပြန်ရောက်လာကြောင်း၊ ဝက်သက်ပေါက်နေ ကြောင်း ပြောပြ သဖြင့် ကျေးဇူးတင် ရသေးတော့သည်။

ခပ်သုတ်သုတ် ပင် ထမင်းစားကြသည်။ စိတ်တွေကလည်း လှုပ်ရှားနေသည်။ စကားလည်း များများစား စား မပြောဖြစ်ကြ။ စားလို့သာ စားနေရသည်။ စားလိုစိတ်လည်း မရှိပါ။ မျိုလို့လည်း မကျပါ။ ရင်ထဲမှာ တင်းကျပ်နေသည်။ မက်ဇင်မ်က အိမ်ပြင်ထွက်သွားသည်။
အသင့် ထုတ်ထားပြီးသည့် ကားကို စက်နှိုးသည်။ ကျွန်မတို့ သွား ကြရတော့မည်။ တစ်ခုခု လုပ်ကြရတော့မည်ဆိုသည့် သဘောဖြစ်သည်။ ဖရင့်ခရော်လေက သူ့ကားနှင့် နောက်မှလိုက်လာသည်။ ကျွန်မတို့ ကားကို မက်ဇင်မ်က မောင်းသည်။ ကျွန်မက မက်ဇင်မ်၏ဒူးပေါ်မှာ လက်တင်ပြီး လိုက်ခဲ့သည်။
သူ့ကိုကြည့်ရသည် မှာ စိတ်လှုပ်ရှားပုံမပေါ်။ တည်ငြိမ်နေသည်။ ဆေးရုံတွင် ဆရာဝန်၏ခွဲစိတ်ကုသခြင်း ခံရမည့်သူ ကိုကြည့်ရန် သွားနေသော သဘောမျိုးဖြစ်နေသည်။ ခွဲစိတ်ကုသမှု အောင်မြင်မည် မအောင် မြင်မည် ကို မသိ။ ကျွန်မ လက်တွေ အေးနေသည်။ နှလုံးသွေးက တဒိတ်ဒိတ်ခုန်နေသည်။

ရုံးတော်မှ ကြားနာ စစ်ဆေးမည့်နေရာမှာ လာညွန်တွင် ဖြစ်သည်။ လာညွန်သည် ကားရစ်မှနေ၍ အတွင်းဘက် သို့ ခြောက်မိုင်လောက်ဝေးသည်။ ကျွန်မတို့၏ကားများကို လာညွန်ဈေးဘက်ရှိ ကားရပ် ရန် ကွက်လပ်တွင် ရပ်ကြသည်။ ဒေါက်တာဖီးလစ်နှင့် ကာနယ်ဂျူလယန်းတို့၏ကားများ ရပ်နှင့်ထားကြ သည်ကို တွေ့ရသည်။ အခြားကား များလည်း ရှိသည်။ ဖြတ်သွား ဖြတ်လာများက မက်ဇင်မ်ကို အကဲ ခတ်ကြည့်ကြသည်။
"ကျွန်မ ဒီမှာပဲနေခဲ့ရင် ကောင်းမယ်ထင်တယ်… အထဲကို မလိုက်တော့ဘူး" ဟု ကျွန်မက ပြောသည်။
"အစ်ကိုကလဲ မလိုက်စေချင်ဘူး။ ဒီကိုတောင် လိုက်မလာစေချင်တာ။ အိမ်မှာပဲ နေခဲ့ဖို့ကောင်းတယ်" ဟု မက်ဇင်မ် က ပြောသည်။ "ကိစ္စမရှိပါဘူး။ ကျွန်မ ကားထဲမှာ ထိုင်နေရင် ဖြစ်ပါတယ်"
ဖရင့်ရောက်လာပြီး ကားထဲသို့ ငုံ့ကြည့်သည်။

"မစ္စက်ဒီဝင်းတားရော လိုက်မှာလား"
"မလိုက်ပါဘူး။ ကားထဲမှာပဲ နေခဲ့ချင်တယ်တဲ့" ဟု မက်ဇင်မ်က ပြန်ဖြေသည်။
"အဲဒါကောင်းပါတယ်ဗျာ… ဟိုကိုလိုက်ဖို့အကြောင်းလဲ မရှိပါဘူး။ ကျွန်တော်တို့လဲ ဘယ်လောက်ကြာ မှာမှတ်လို့" "ကိစ္စမရှိပါဘူး" ဟု ကျွန်မက ပြန်ဖြေသည်။
"ကုလားထိုင်တစ်နေရာ ကျွန်တော် စီစဉ်ထားလိုက်မယ်။ တကယ်လို့ လိုက်လာချင်စိတ် ပေါက်သွား ရင်…"
သူတို့ ထွက်သွားကြသည်။ ကားထဲမှာ ကျွန်မ ထိုင်နေရစ်ခဲ့သည်။ ယနေ့ ဈေးစောစောပိတ်သည့်နေ့ဖြစ် သည်။ ဈေးဝယ်နာဝယ်လည်း သိပ်ရှိပုံမပေါ်။ လာညွှန်သည် ပင်လယ်ကမ်းခြေနှင့်ဝေးပြီး အတွင်းပိုင်း နည်းနည်း ကျသောကြောင့် လူသိပ်မစည်ကားလှ။ တစ်မိနစ်ပြီး တစ်မိနစ် အချိန်တွေ ကုန်သွားသည်။ သူတို့ ဘာတွေ လုပ်နေကြသနည်း။ မှုခင်းရှေ့နေ၊ မက်ဇင်မ်၊ ဖရင့်၊ ကာနယ်ဂျူလယန်း… ဘာတွေလုပ် နေကြသနည်း။

ကားထဲမှဆင်းခဲ့ပြီး ဈေးဘက်လျှောက်ကြည့်သည်။ ပြီးတော့ ဟိုနား သည်နားလျှောက်နေမိသည်။ ဈေး ဆိုင်တစ်ခုနား သို့ ရောက်လာသည်။ ဈေးဆိုင်ကိုရှောင်သည့်အနေဖြင့် တစ်ဖက်သို့လှည့်ထွက်လာခဲ့ သည်။ သည်တော့မှ ပင် အမှုစစ်နေသည့် ရုံးနားသို့ရောက်လာကြောင်း သတိထားမိတော့သည်။
မည်သည့်အချိန် တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်းသိသူနည်းလှသည်။ ထို့ကြောင့်လည်း သည်နေရာ တစ်ဝိုက် တွင် လူသူလေးပါးနည်းနေခြင်းဖြစ်သည်။ အစကတော့ လူတွေ ကြိတ်ကြိတ်ထိုးဖြစ်နေမည်ကို တွေးပြီး ပူပင် ခဲ့ရသေးသည်။ လှေကားအတိုင်းတက်သွားပြီး တံခါးပေါက်နားမှာ ရပ်နေမိသည်။
ရဲသား တစ်ယောက် ရောက်လာသည်။

"ဘာများ အလိုရှိပါသလဲ ခင်ဗျာ…" "ဘာမှ မလိုချင်ပါဘူး" ဟု ကျွန်မက ပြန်ဖြေသည်။ "ဒီနားမှာ ရပ်စောင့်နေလို့ မရပါဘူး ခင်ဗျာ" "ဝမ်းနည်းပါတယ်ရှင်…" ကျွန်မက လမ်းဘက်သို့ ပြန်လျှောက်လာခဲ့သည်။
"စိတ်မရှိပါနဲ့ ခင်ဗျာ… အစ်မကြီးက မစ္စက်ဒီဝင်းတားပါလား…" "ဟုတ်ပါတယ်" "ဒီလိုဆိုရင် ရပါတယ်။ ဒီမှာ စောင့်ချင်စောင့်နိုင်ပါတယ်။ အခန်းထဲက ကုလားထိုင်မှာရော ဝင်ထိုင်ချင် ပါသလား" "ကျေးဇူးတင်ပါတယ်"

လူမရှိသည့် အခန်းကလေးတစ်ခုအတွင်းသို့ သူက လိုက်ပို့ပေးသည်။ စားပွဲကလေးတစ်လုံးရှိသည်။ ထို နေရာ မှာ ဝင်ထိုင်သည်။ ငါးမိနစ်လောက် ကြာသွားမည်။ ဘာမှမဖြစ်။ အပြင်ကကားထဲမှာ ထိုင်နေရ သည်ထက် ဆိုးနေ သည်။ ထိုင်ရာမှထပြီး စင်္ကြံအတွင်းသို့ ပြန်ဝင်ခဲ့သည်။ ရဲသားက ထိုနေရာမှာပင် ရပ် နေသည်။
"ဘယ်လောက်ကြာဦးမှာလဲ" ဟု ကျွန်မက မေးသည်။ "သိချင်ရင် ကျွန်တော် သွားစုံစမ်းပေးပါ့မယ် ခင်ဗျား"
စင်္ကြံအတိုင်း သူ လျှောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ ပြန်လာသည်။

"သိပ်ကြာတော့မယ် မထင်ပါဘူး။ မစ္စတာဒီဝင်းတား အစစ်ခံပြီးပါပြီ။ ကပ္ပတိန်ဆားလ်၊ ရေငုပ်သမား နဲ့ ဒေါက်တာဖီးလစ် တို့လဲ အစစ်ခံပြီးသွားပါပြီ။ သင်္ဘောတည်ဆောက်ပေးတဲ့ မစ္စတာတက် တစ်ယောက်ပဲ အစစ်ခံ ဖို့ ကျန်ပါတော့တယ်" "ဒါဆိုရင် ပြီးတော့မှာပဲ"
"ဟုတ်ပါတယ်ခင်ဗျာ…" ထိုသို့ပြောပြီး တစ်စုံတစ်ရာကို သတိရသွားပုံပေါ်သည်။ "ကျန်တဲ့လူရဲ့အစစ်ခံ ချက်ကို နားထောင် လိုပါသလား။ အခန်းထဲမှာ ထိုင်ခုံတစ်ခုရှိနေပါတယ်။ အခုနေဝင်သွားရင် ဘယ်သူမှ သတိထား လိုက်မိမှာ မဟုတ်ပါဘူး" "ဟုတ်ကဲ့… ဟုတ်ကဲ့… ဝင်နားထောင်လိုက်ရင် ကောင်းမယ်ထင်တယ်"
ပြီးခါလည်း နီးနေပြီ။ မက်ဇင်မ် အစစ်ခံပြီးပြီ။ ကျန်သူများ၏အစစ်ခံချက်ကို နားထောင်ရခြင်းအားဖြင့် ဘာမျှ အရေးမကြီးပါ။ မက်ဇင်မ်၏ အစစ်ခံချက်ကိုသာ ကျွန်မ နားမထောင်လိုခြင်းဖြစ်ပါသည်။ သူ့အစစ်ခံ ချက်ကို ကျွန်မ နားထောင် ရလျှင် စိတ်လှုပ်ရှားတော့မည်။ ထို့ကြောင့်လည်း သူတို့နှင့်အတူ လိုက်မသွား ခြင်းဖြစ်သည်။ ယခုတော့ အရေးမကြီးတော့ပါ။

ရဲသားနောက် သို့ ကျွန်မ လိုက်သွားသည်။ စင်္ကြံဆုံးတော့ တံခါးတစ်ခုကို သူ ဖွင့်ပေးသည်။ အတွင်းသို့ ဝင်ပြီး အပေါက်ဝ နားမှ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ သူများတွေ မမြင်အောင် ခေါင်းကို ပုထားမိ သည်။ ကျွန်မ ထင်ထားသည် ထက် အခန်းက ပိုကျဉ်းနေသည်။  ပူလည်း ပူအိုက်နေသည်။ ခုံတွေ အများကြီးရှိမည် ထင်ထားသော် လည်း များများစားစားမရှိ။ ရှေ့ဘက်အစွန်းတွင် မက်ဇင်မ်နှင့် ဖရင့်တို့ ထိုင်နေကြသည်။ မှုခင်းရှေ့နေ သည် ခပ်ပိန်ပိန်ဖြစ်သည်။ အသက်ကတော့ကြီးလှပြီ။ ကျွန်မ မသိသော အခြားလူတွေလည်း ရှိနေ သည်။

မစ္စက်ဒင်ဗာ ကို လှမ်းမြင်လိုက်ရတော့ ကျွန်မ ရင်တဒိတ်ဒိတ်ခုန်လာသည်။ သူ့ဘေးမှာလည်း ဂျက်ဖေ ဗယ်ဆိုသူ ထိုင်နေသည်။ ရဘက်ကာ၏ဝမ်းကွဲအစ်ကို ဂျက်ဖေဗယ်က ရှေ့ကိုင်းပြီး လက်နှစ်ဖက်ဖြင့် မေးထောက် ထားသည်။ မှုခင်းရှေ့နေ မစ္စတာဟောရစ်ခ်ျကို စိုက်ကြည့်နေသည်။ သူ ဒီမှာရှိနေလိမ့်မည် ဟု ကျွန်မ တွေးထင် မထား။ သူ့ကို မက်ဇင်မ် မြင်မှ မြင်ပါလေစ။ သင်္ဘောတည်ဆောက်သူ ဂျိမ်းစ်တက် မတ်တတ်ရပ်သေနည်။ မှုခင်းရှေ့နေ က သူ့ကို မေးခွန်းထုတ်နေသည်။

"ဟုတ်ပါတယ် ခင်ဗျာ။ အဲဒီ ရွက်သင်္ဘောကလေးကို မစ္စက်ဒီဝင်းတားအတွက် ကျွန်တော် ပြင် ဆင် ဆောက်လုပ်ပေး ခဲ့ ရပါတယ်။ ဒီသင်္ဘောဟာ အစကတော့ ငါးဖမ်းသင်္ဘောပါပဲ။ မစ္စက်ဒီဝင်းတား က ဝယ် ယူပြီး ရွက်သင်္ဘော ကလေးအဖြစ် ပြင်ဆင်တည်ဆောက်ပေးဖို့ ကျွန်တော့်ကို အပ်ပါတယ်"
"ပင်လယ်ထဲမှာ သုံးဖို့ သင့်လျော်တဲ့ အခြေအနေရော ရှိရဲ့လား" ဟု မှုခင်းရှေ့နေက မေးသည်။
"လွန်ခဲ့တဲ့နှစ် ဧပြီလတုန်းက ကျွန်တော် ပြင်ဆင်တည်ဆောက်ပြီး မစ္စက်ဒီဝင်းတားလက်ကို အပ်လိုက် တဲ့ အခါမှာ ပင်လယ်ထဲသွားနိုင်တဲ့ သင်္ဘောဖြစ်သွားပါတယ်။ မစ္စက်ဒီဝင်းတားရဲ့ခိုင်းစေချက်အတိုင်း ကျွန်တော် ပြုပြင်ပေး ခဲ့ပါတယ်။ ဒီသင်္ဘောကို မစ္စက်ဒီဝင်းတား အသုံးပြုနေတာ လေးရာသီလောက် ရှိ သွားပါပြီ"

"အလျင်တုန်း က ဒီသင်္ဘော နစ်ခဲ့ဖူးတယ်လို့ရော သိထားသလား"
"မနစ်ဖူး ပါဘူး ခင်ဗျာ။ မစ္စက်ဒီဝင်းတားကလဲ ဒီအကြောင်းကို မေးခဲ့ဖူးပါတယ်။ သင်္ဘောက မနစ်ဖူးပါ ဘူး။ ဒါကြောင့် မစ္စက်ဒီဝင်းတား ကလဲ သိပ်ကို ကျေနပ်နေပါတယ်"
"ဒီသင်္ဘော ကို အသုံးပြုဖို့ အများကြီး ဂရုစိုက်ပြုပြင်ဖို့တော့ လိုတယ်မဟုတ်လား"
"မှန်ပါတယ် ခင်ဗျာ… ရွက်သင်္ဘောဖြစ်ပြီဆိုရင် ဂရုတစိုက် ပြုပြင်ထိန်းသိမ်းဖို့ လိုတာအမှန်ပါပဲ။ ဒါပေမဲ့ မစ္စက်ဒီဝင်းတား ရဲ့သင်္ဘောကတော့ ဒါလောက်မဟုတ်ပါဘူး။ သူဟာ ပင်လယ်ထဲမှာ ရွက်လွင့်နိုင် လောက်အောင် တောင့်တင်းခိုင်မာတဲ့ သင်္ဘောဖြစ် ပါတယ်။ တော်ရုံတန်ရုံကြမ်း တဲ့ လေမုန်တိုင်းဒဏ် ကို လဲ ခံနိုင်ပါတယ်။ အခင်းဖြစ်ပွားတဲ့ ညထက်ဆိုးတဲ့ ရာသီဥတုမျိုးတွေတောင် မစ္စက်ဒီဝင်းတား ဟာ အကြိမ်ကြိမ် ရွက်တိုက်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီညက မစ္စက်ဒီဝင်းတားရဲ့သင်္ဘော နစ်မြုပ်ပျောက် ဆုံး သွားတယ်ဆိုတာ ကြားရတော့ ကျွန်တော် လုံးဝမယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ခုထိလဲ မယုံနိုင် ပါဘူး"

"တကယ်လို့ မစ္စက်ဒီဝင်းတားဟာ အနွေးထည်ယူဖို့ ကေဗင်ထဲ ဝင်သွား တုန်း လေပြင်း တစ်ချက် ဆောင့်တိုး လိုက်တာမျိုးရော မဖြစ်နိုင်ဘူးလား"
ဂျိမ်းစ်တက် က ခေါင်းခါပြသည်။ ပြီးတော့ သူ့အဆိုပြချက်အတိုင်း အခိုင်အမာသာ ရပ်တည်နေသည်။
"မဖြစ်နိုင်ပါဘူးခင်ဗျာ… ဒီလိုဖြစ်နိုင်တာမျိုး ကျွန်တော် လုံးဝမတွေ့ရပါဘူး"

"ကောင်းပြီ… ဒီလိုဆိုရင် ဘာဖြစ်နိုင်မလဲ။ မစ္စတာဒီဝင်းတားကရော ကျွန်တော်တို့အားလုံးကပါ ခင်ဗျား သင်္ဘော တည်ဆောက်တာ ညံ့တယ်လို့ အပြစ်ဆိုနေကြတာ မဟုတ်ပါဘူး။ ခင်ဗျားတည်ဆောက်လိုက် တဲ့သင်္ဘောဟာ ပင်လယ်မှာ ရွက်လွင့်သွားနိုင်တယ်လို့ ခင်ဗျား အစစ်ခံခဲ့တယ်။ ကျွန်တော်တို့ သိချင် တာကလဲ ဒါပါပဲ။ မစ္စက်ဒီဝင်းတား သတိလစ်သွားတဲ့အချိန်မှာ မတော်တဆ သင်္ဘောနစ်သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုမတော်တဆ မှုမျိုးတွ အလျင်တုန်းကလဲ ဖြစ်ခဲ့ဖူးပါတယ်။ ခင်ဗျားကို ထပ်ပြောဦး မယ်။ ကျွန်တော်တို့က ခင်ဗျား ကို အပြစ်ဆိုနေကြတာ မဟုတ်ပါဘူး"
"ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ… ဒါပေမဲ့ ကျွန်တော်ထပ်ပြီး နည်းနည်း အစစ်ခံစရာ ကျန်နေပါသေး တယ်။ ခွင့်ပြုမယ် ဆိုရင်  ကျွန်တော် ဆက်ပြီးအစစ်ခံပါ့မယ်" "ကောင်းပြီ… ဆက်ပြောပါ"

"ဒီလိုပါ ခင်ဗျာ… အဲဒီသင်္ဘောနစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်လုပ်ငန်းနဲ့ပတ်သက်ပြီး လူတွေက စိတ်မချနိုင်အောင် ဖြစ် လာကြပါတယ်။ မသေချာတဲ့ သင်္ဘောစုတ်ကြီး ကို ကျွန်တော်က မစ္စက် ဒီဝင်းတား လက် နွားမ ရွံ့ပိတ် ရောင်းလိုက်တယ် လို့ လူတွေက ပြောကြပါတယ်။ ဒါကြောင့် ကျွန်တော် တည်ဆောက်ပေး ရမယ့် သင်္ဘောနှစ်စင်း လက်လွတ်သွားပါတယ်။ ဒါဟာ ကျွန်တော့်အဖို့ အင်မတန် နစ်နာပါတယ်။ ဒါပေမဲ့ သင်္ဘော ကလဲ အမှန်တကယ် နစ်သွားတဲ့အတွက် ကျွန်တော့ဘက်က ဘာမှဖြေ ရှင်းမပြနိုင်တော့ပါဘူး။ အဲဒီနောက် မှာ ပျော်ပွဲစားထွက်တဲ့သင်္ဘော သောင်တင်ပါတယ်။ အားလုံးလဲ သိ ပြီးပါပြီ။ ဒါကြောင့် မစ္စတာ ဒီဝင်းတား ရဲ့သင်္ဘောကလေး ကို သွားတွေ့ပါတယ်။ ဒီသင်္ဘောကလေးကို ဆယ်ပြီး ကပ္ပတိန်ဆားလ်က ကျွန်တော့် ကို ကြည့်ရှုစစ်ဆေးခွင့် ပေးပါတယ်။ ကျွန်တော် စစ်ဆေးကြည့် တဲ့ အခါမှာ ပင်လယ်ရေပြင်အောက် မှာ တစ်နှစ်လုံးလုံး နစ်မြုပ်နေတာတောင် မှ ကျွန်တော် တည် ဆောက်ပေးခဲ့တာနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုကို အပြည့်အဝ ရခဲ့ပါတယ်"
"ဒါကတော့ သဘာဝ ပဲ… ခင်ဗျားအနေနဲ့ စိတ်တိုင်း ကျရပေမှာပေါ့" ဟု မှုခင်းရှေ့နေက ပြောသည်။

"မှန်ပါတယ်ခင်ဗျာ… ကျွန်တော် တည်ဆောက်ခဲ့တာနဲ့ပတ်သက်လို့တော့ အမှားအယွင်းတစ်စုံတစ်ရာ မရှိပါဘူး။ ဆယ်ယူလာပြီး တဲ့နောက် ကျွန်တော် အသေးစိတ် စစ်ဆေးကြည့်ရှုပါတယ်။ သင်္ဘောဟာ သဲ ရှိတဲ့နေရာမှာ နစ်နေ တာပါ။ ရေငုပ်သမား ကို ကျွန်တော် မေးကြည့်တော့ သူကလဲ ဒီအတိုင်းပြောပါ တယ်။ ကျောက်ဆောင်တန်း နဲ့ လုံးဝမတိုက်မိပါဘူး။ ကျောက်ဆောင်တန်းနဲ့ ငါးပေလောက်ဝေးတဲ့နေ ရာမှာ နစ်နေ တာပါ။ ရေအောက်သဲပြင်ပေါ်မှာ လဲနေပါတယ်။ ကျောက်ဆောင်နဲ့ တိုက်မိတဲ့ အမှတ်အ သားလဲ လုံးဝ မရှိပါဘူး"
သူက စကား ကို ရပ်လိုက်သည်။ မှုခင်းရှေ့နေက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။

"ကောင်းပြီ… ခင်ဗျား ဆက်ပြောချင်တယ်ဆိုတာ ဒါပဲလား"
"မဟုတ်ပါဘူး ခင်ဗျာ… ဒါ မဟုတ်ပါဘူး… ကျွန်တော် အစစ်ခံချင်တာက ဟောဒီလိုပါ။ သင်္ဘောရဲ့ဝမ်း ဗိုက်မှာ အပေါက်တွေ ဘယ်သူဖောက် ထားသလဲ။ ကျောက်ဆောင်ကြောင့်တော့ ဒီအပေါက်တွေ မ ပေါက်နိုင်ပါဘူး။ အနီးဆုံး ကျောက်ဆောင်ဟာ ငါးပေးဝေးပါတယ်။ ဒါတင်မကသေးပါဘူး။ အခု တွေ့ရ တဲ့ အပေါက်တွေ ဟာလဲ ကျောက်ဆောင်နဲ့တိုက်မိလို့ ပေါက်တဲ့ အပေါက်မျိုးမဟုတ်ပါဘူး။ ဝမ်းဗိုက်ကွဲ သွားတာမျိုးမဟုတ်ပါဘူး။ သံချွန် နဲ့ တမင် ထိုးဖောက်ထားတဲ့အပေါက်တွေ ဖြစ်နေပါတယ်"
သူ့ကို ကျွန်မ မကြည့်တော့ပါ။ ကြမ်းပြင်ပေါ်သို့သာ ငုံ့ကြည့်နေမိပါသည်။ မှုခင်းရှေ့နေက ဘာကြောင့် များ တစ်စုံတစ်ရာ ကို ဆက်မပြောပါလိမ့်ဟု တွေးနေမိသည်။ ဘာဖြစ်လို့ သူ အကြာကြီး ရပ်နေပါလိမ့် ဟု တွေးနေမိသည်။ နောက်ဆုံး သူပြောတော့ သူ့အသံက အဝေးကြီးက ပြောသလိုဖြစ်နေသည်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ… ဘယ်လို အပေါက်မျိုးလဲ"
"အဲဒီမှာ စုစုပေါင်း အပေါက်သုံးပေါက်ကို တွေ့ရပါတယ်။ တစ်ပေါက်က ဦးပိုင်းနားမှာ၊ နောက်တစ် ပေါက်က ညာဘက် ပျဉ်းပြားပေါ်မှာ၊ ကျန်တစ်ပေါက်က ဒုတိယအပေါက်နဲ့ကပ်လျက်၊ အဲဒီအပေါက် တွေတင် မဟုတ်သေး ပါဘူး။ ရေထုတ်တဲ့ ပိုက်ခေါင်းနှစ်ခုကလဲ ပွင့်နေပါတယ် ခင်ဗျာ…"
"ရေထုတ်တဲ့ ပိုက်ခေါင်း… အဲဒါ က ဘာလဲ…"
"ကိုယ်လက်သန့်စင် တဲ့ နေရာကရေ နဲ့ အိမ်သာက ရေကိုထုတ်တဲ့ ပိုက်ခေါင်းတွေဖြစ်ပါတယ်။ သင်္ဘောရွက်တိုက် သွားတဲ့အခါ မှာ အဲဒီပိုက်ခေါင်းတွေ ကို ပိတ်ထားရပါတယ်။ ကျွန်တော် စစ်ဆေး ကြည့်တော့ အဲဒီ ပိုက်ခေါင်း နှစ်ခုစလုံး အဆုံးအထိ ဖွင့်ထားတာကို တွေ့ရပါတယ်"

အခန်းထဲမှာ အရမ်းပူလာသည်။ မခံမရပ်နိုင်အောင် ပူလာသည်။ ဘာဖြစ်လို့များ ပြတင်းပေါက်တွေကို သူတို့ မဖွင့်ကြပါလိမ့်။ သည်အတိုင်းဆိုလျှင် အသက်ရှုကျပ်ပြီး သေဖွယ်ရာသာရှိတော့သည်။ သည် အခန်းထဲမှာ လူတွေ ကလည်း များလှသည်။
"အဲဒီလို ဝမ်းဗိုက်က အပေါက်သုံးပေါက်ရယ်… ရေထုတ်ပိုက်ခေါင်းကို အဆုံးအထိ ဖွင့်ထားတာရယ်ဆို ရင် အခုလို သင်္ဘောသေးသေးကလေးဟာ သေချာပေါက် နစ်ရမှာပါပဲ။ ဆယ်မိနစ်ထက်ပိုပြီးတော့ မကြာနိုင်ပါဘူးလို့ တင်ပြပါရစေ။ ကျွန်တော့်ဆီက ယူသွားတဲ့အချိန်မှာ အဲဒီအပေါက်တွေ မရှိပါဘူး။ ကျွန်တော့်လုပ်ငန်း အတွက် မစ္စက်ဒီဝင်းတားရော ကျွန်တော်ပါ ဂုဏ်ယူခဲ့ကြပါတယ်။ ကျွန်တော့်ထင် မြင်ချက်ကတော့ သင်္ဘောဟာ နစ်သွားတာ မဟုတ်ပါဘူး။ တမင်ရည်စူးချက် နဲ့ အနှစ်အမြုပ်ခံလိုက်ရ တာပါ"

အပြင်သို့ ထွက်ပြေးဖို့ ကျွန်မ ကြိုးစားရတော့မယ်။ အပြင်ဘက်က အခန်းကလေးထဲသို့ ပြန်သွားဖို့ ကြိုး စား ရတော့မယ်။ သည်အခန်းထဲ မှာ အရမ်းမွန်းကျပ်နေပြီ။ တစ်စုံတစ်ယောက်က ကျွန်မဘက်သို့ တိုး ကပ်လာသည် ဟု ထင်ရသည်။ ကျွန်မရှေ့ရှိ တစ်ယောက်က မတ်တတ်ရပ်သည်။ ပြီးတော့ သူတို့အား လုံးတစ်ပြိုင်တည်း စကားတွေ ပြောနေကြသည်။ ဘာတွေဖြစ်ကုန်သည်ကို ကျွန်မ မသိတော့ပါ။ အခန်း ထဲမှာ အရမ်း ပူအိုက်နေ သည်။ ဘာကိုမှ လည်း ကျွန်မ မမြင်ရတော့။
မှုခင်းရှေ့နေ က အားလုံးတိတ်ရန် သတိပေးနေသည်။ မစ္စတာဒီဝင်းတား အကြောင်းကိုလည်း တစ်စုံ တစ်ရာပြောလေ သည်။ ကျွန်မ ဘာကိုမှမမြင်ရတော့။ ဘာကိုမှလည်း မကြားရတော့။ ကျွန်မရှေ့မှာ မိန်းမ တစ်ယောက်၏ ဦးထုပ်တစ်လုံးကို မြင်နေရသည်။ မက်ဇင်မ်လည်း မတ်တတ်ရပ်နေပြီ။ သူ့ကို လည်း ကျွန်မ မကြည့်နိုင်တော့ ပါ။ မစ္စက်ဒင်ဗာ လည်း မတ်တတ်ရပ်နေသည်။ မှုခင်းရှေ့နေ ပြောနေ သည်များကို သူတို့ နားထောင်နေကြသည်။

"မစ္စတာဒီဝင်းတား… ဂျိမ်းစ်တက်ရဲ့ အစစ်ခံချက်ကို ခင်ဗျား ကြားလိုက်ရပါတယ်။ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘော ကို ဘယ်သူ စောင့်ရှောက်ထိန်းသိမ်းပေးပါသလဲ။ ဝမ်းဗိုက်က အပေါက်တွေအကြောင်းကို ခင်ဗျား ဘာသိပါသလဲ" "ကျွန်တော် ဘာမှမသိပါဘူး" "ဘာကြောင့် ဒီလိုအပေါက်တွေ ပေါက်နေရတယ်ဆိုတာကိုရော စဉ်းစားပေးနိုင်ပါသလား" "ကျွန်တော် ဘာမှမသိပါဘူး" "ဒီအကြောင်းကို ခင်ဗျား ကြားဖူးတာ ဒါဟာ ပထမဆုံး အကြိမ်ပဲ မဟုတ်လား" "မှန်ပါတယ်" "ဒီလိုကြားရတော့ ခင်ဗျား တုန်လှုပ်ချောက်ချားသွားပါသလား"

"လွန်ခဲ့တဲ့တစ်နှစ်က အလောင်းမှားပြီး အတည်ပြုချက် ပေးခဲ့မိတယ်ဆိုတာ တစ်ခုတည်းနဲ့တင် တုန် လှုပ်ချောက်ချားဖို့ အကြောင်း လုံလောက်သွားပါပြီ။ အခုအခါ ကွယ်လွန်သူ ကျွန်တော့်ဇနီးဟာ ရိုးရိုးရေ နစ်သေ ရတာ မဟုတ်ဘဲ သင်္ဘောထဲကို ရေဝင်အောင် တစ်စုံတစ်ယောက်က တမင်ရည်စူးပြီး အပေါက် ဖောက်ထားတယ် ဆိုတာကို ကြားရပြန်ပါတယ်။ ဒီလိုကြားရတဲ့အခါမှာ ရှေ့နေမင်းရော ကျွန်တော်သာ ဆိုရင် တုန်လှုပ်ချောက်ချား သွားမှာပဲ မဟုတ်ပါလား" မပြောရဘူး… မပြောရဘူး… မက်ဇင်မ် ဒီလိုမပြောရဘူး။ မှုခင်းရှေ့နေ က ကိုယ့်ကိုဆန့်ကျင်သွားလိမ့် မယ်။ စောစောတုန်းက ဖရင့်ပြောခဲ့တာ မကြားဘူးလား။ သတိမရတော့ ဘူးလား။ ဒီအသံမျိုးနဲ့မပြောပါ နဲ့။ စိတ်ဆိုးသံကြီးနဲ့ ပြန်မပြောပါနဲ့။ သူ နားမလည် ဘဲ ဖြစ်သွားလိမ့်မယ်။ ကိုယ့် ကို ဆန့်ကျင်သွားလိမ့် မယ်။

ကျေးဇူးပြုပြီး ဒီလိုမပြောလိုက်ပါနဲ့ အချစ်ရယ်… ဒီလို မပြောလိုက်ပါနဲ့ အချစ်ရယ်… အလို… ဘုရား… ဘုရား… ဘုရား ကယ်တော်မူပါ။ မက်ဇင်မ် ကို စိတ်မဆိုးပါစေနဲ့ ဘုရား… မက်ဇင်မ် စိတ်မတို အောင် ကယ်မတော်မူပါ ဘုရား.. ကျွန်မစိတ်ထဲမှာ တတွတ်တွတ် ရွတ်နေမိတော့သည်။

"မစ္စတာဒီဝင်းတား… ကျွန်တော်တို့ အားလုံးဟာ ဒီအမှုနဲ့ပတ်သက်ပြီး ခင်ဗျားအတွက် သိပ်ကို စိတ်မ ကောင်းဖြစ်နေကြပါတယ်ဆိုတာကို သိရတဲ့အတွက် ခင်ဗျား ဘယ်လောက် တုန်လှုပ်ချောက်ချားသွား မယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါတယ်။ ဒီအမှုကို အခုလို ကျွန်တော် စစ်ဆေးနေရတာဟာလဲ ခင်ဗျား အကျိုးအတွက် စစ်ဆေးနေရတာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ဇနီး ဘယ်လိုအကြောင်းနဲ့ ကွယ်လွန် သွားတယ်ဆိုတာ အမှန် အတိုင်း သိရအောင် စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်း စိတ်ချမ်းသာချင်တဲ့အတွက် ကျွန်တော့် ကိုယ်ကျိုးအတွက် စစ်ဆေးနေတာမဟုတ်ပါဘူး" "အခုအမှုက ထင်ရှားနေပြီပဲမဟုတ်လား" ဟု မက်ဇင်မ်က ပြောသည်။ "ဟုတ်ပါတယ်။ ကွယ်လွန်သူ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘောဝမ်းဗိုက်မှာ အပေါက် သုံးပေါက် ရှိနေကြောင်း နဲ့ ရေထုတ်ပိုက်ခေါင်းနှစ်ခုကိုလဲ အဆုံးအထိ ဖွင့်ထားကြောင်း ဂျိမ်းစ်တက်က အစစ်ခံ သွားပါတယ်။ သူရဲ့အစစ်ခံချက်ပေါ် မှာ ခင်ဗျား သံသယ ရှိသလား"

ဆက်ရန်
.

No comments: