Sunday, June 24, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၇)

တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးလာသည်။ တစ်မိုင်ပြီးတစ်မိုင် ခရီးပေါက်လာသည်။ ရှေ့တည့်တည့် သို့သာ ကျွန်မကြည့်နေ မိသည်။ နောက်ခုံမှာ ကာနယ်ဂျူလယန်းကတော့ တစ်လမ်းလုံးလိုလို အိပ် လိုက် လာသည်။ ဖေဗယ် ၏ ကားကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
တစ်ခါ တစ်ခါ ကျော်တက် သွားသည်။ တစ်ခါတစ်ခါ နောက်ပြန်ရောက်သွားပြန်သည်။ ခရိုင်မြို့ တစ်ခု ရောက်တော့ နေ့လယ်စာ ၀င်စားကြသည်။ ဖေဗယ် လည်း ကျွန်မတို့နှင့်အတူ ၀င်လိုက် လာလေ မည်လား ဟု ထင်မိသည်။ သို့သော် သူဝင်လိုက်မလာပါ။ ကို ဆက်ဖတ်ရန်.........

ညနေသုံးနာရီခွဲ တွင် လန်ဒန် ဆင်ခြေဖုံးရပ်ကွက်သို့ ရောက်လာသည်။ ကားတွေကကျပ်နေ သည်။ လူတွေက များ လှသည်။ မိုးလည်း ရွာထားပုံမရ။ ပူအိုက်နေသည်။ ကားကိုမြန်မြန်မမောင်း နိုင်တော့။ ကျွန်မစိတ်ထဲမှာ မွန်း ကျပ်ကျပ်ကြီးဖြစ် လာသည်။
ကာနယ်ဂျူလယန်း က ကိုယ်ကိုမတမတ်ပြန်ထိုင်လိုက်သည်။
"ဒီမှာ မိုးမရွာဘူး"
"မရွာဘူး"ဟု မက်ဇင်မ်က ပြန်ပြောသည်။
"ဒီမှာ မိုးရွာရင် နေ့လို့ သိပ်ကောင်းသွားမှာ"
"ဟုတ်ပါတယ်"
"ဖေဗယ်ဆိုတဲ့ အကောင်ကို ကျုပ်တို့ မျက်ခြည်ဖြတ်လို့ကို မရဘူးလား။ ဖင်ဖျားကပ်ပါလာတာပဲ လား"
"ဟုတ်ပါတယ်"

ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ဈေးတစ်ဈေးမှာ ဈေးဝယ်သူတွေ ပြွတ်သိပ်နေသည်။ ကလေးတစ် ဖက်၊ ဈေးခြင်းတောင်း တစ်ဖက်နှင့် မိန်းမ များကိုလည်း တွေ့ရသည်။ ဈေးဝယ်သူကို တကြော်ကြော် အော်ဟစ်ခေါ်နေသူ လည်း တွေ့ရည်။ လူတွေများလွန်းလှသည်။ အသံတွေက လည်း ဆူညံ လွန်း လှ သည်။ လေကလည်း ငြိမ်လှသည်။ စိတ်ပင်ပန်းစရာကောင်းလေစွ။
လန်ဒန်မြို့ ထဲမှာ ကားမောင်းရသည် မှာ ဆုံးခန်းတိုင် မရောက်နိုင်တော့ပြီလောဟု ထင်ရသည်။ အတော်ကြာမောင်းပြီးတော့ အတန်အသင့် ကားရှင်းသည့်နေရာသို့  ရောက်လာသည်။ ဟင့်မ် စတက် ရပ်ကွက် ကို ကျော်လာပြီ။ မက်ဇင်မ် ဘယ်လောက်ပင်ပန်းနေပြီနည်းဟု ကျွန်မတွေးကြည့် နေမိပါသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရောဖြစ်နေသည်။ မျက်လုံးအောက် မှာလည်း အရစ်များပေါ် လာသည်။ နောက်ခုံမှာ ထိုင်နေ သည့် ကာနယ်ဂျူလယန်းကတော့ ပါးစပ်ကို အကျယ်ကြီးဟကာ ကျယ်လောင်စွာ တသမ်းတည်း သမ်းနေ သည်။ သူ သမ်းနေပုံကြောင့် ကျွန်မစိတ်မှာ အနှောင့်အယှက်ဖြစ်နေသည်။ သူ့ဘက်ကို လှည့်ပြီး အော်ငေါက် ပစ် လိုက်ချင်သည်။

ဟင့်မ်စတက် ရပ်ကွက် ကျော်လာပြီးနောက် ကာနယ်ဂျူလယန်းက သူ့အိတ်ထဲမှ မြေပုံကြီးတစ် ချပ်ထုတ်ဖြန့်ပြီး ဘားနက် ရပ်ကွက် သို့သွားရန် မက်ဇင်မ်အား နတ်လမ်းညွှန်လေတော့သည်။ လမ်းကလည်း ရှင်းနေသည်။ လမ်းညွှန် ဆိုင်းဘုတ်တွေလည်း ရှိသည်။ သို့သော် သူ့က ဘယ်ကွေ့ ညာကွေ့ပြောနေသည်။ မက်ဇင်မ်က တုံ့ ဆိုင်းဆိုင်းဖြစ် သွား လျှင် လမ်းဘေးကလူကို သူကအော် ဟစ်မေးတတ်သေးသည်။
သည်လိုဖြင့် ပင် ဘားနက်ရပ်ကွက် သို့ ရောက်လာခဲ့ကြသည်။ ဂျူလယန်းက မက်ဇင်မ်ကို ခဏခဏ ရပ်ခိုင်းနေ သည်။
"ရို့စ်လင်း လို့ခေါ်တဲ့အိမ် ဘယ်နေရာမှာများ ရှိသလဲ။ ပြောပြနိုင်ပါသလား ခင်ဗျာ... ဒေါက်တာ ဘေကာ ပိုင် တာပါ။ ခုတော့ အငြိမ်းစား ယူထားပါပြီ။ ဒီကိုပြောင်းလာတာ သိပ်တော့ မကြာသေး ပါ ဘူး" စသည်ဖြင့် လမ်းဘေး က လမ်းသွားလမ်းလာများကို ဂျူလယန်းက မေးတတ်သည်။
"ဒေါက်တာဘေကာ လား...မသိဘူးဗျာ။ ဘုရားရှိခိုးကျောင်းနားမှာ ရို့စ်ကော့တိတ်လို့ခေါ်တဲ့ အိမ်တစ် လုံးတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီမှာက မစ္စက်ဝီလ်ဆင်နေ နေတယ်"ဟု မျက်မှောင်ကုပ်ပြီး ပြန်ဖြေတတ်သည်။

"မဟုတ်သေးဘူး။ ကျွန်တော်တို့သွားချင်တာက ရို့စ်လင်း၊ ဒေါက်တာဘေကာရဲ့အိမ်...."
သည် လိုပြောပြီး ဆက်မောင်းခဲ့ပြန်သည်။ ရှေးနားရောက်တော့ သူနာပြုဆရာမ တစ်ယောက်နှင့် တွေ့သဖြင့် ကားကို ရပ်ရပြန်သည်။
"ရို့စ်လင်း ဆိုတာ ဘယ်နားမှာ ရှိသလဲကွယ်"
"၀မ်းနည်း ပါတယ်ရှင်...ကျွန်မက ဒီကိုပြောင်းလာတာ မကြာသေးပါဘူး"
"ဒေါက်တာဘေကာ ကိုရော မင်းသိသလား"
"ဒေါက်တာဒေးဗင်ဆန် ကိုပဲ ကျွန်မသိပါတယ်"
"မဟုတ်သေးဘူး...ဒေါက်တာဘေကာ နဲ့ တွေ့ချင်တာ"
မက်ဇင်မ် ကို ကျွန်မမော့ကြည့်လိုက်သည်။ သူသိပ်ပင်ပန်းနေပြီ။ နှုတ်ခမ်းကို တင်းတင်းစေ့ထား သည်။ ဖေဗယ် ၏ ကားကလည်း နောက်မှ ကပ်လိုက်နေသည်။ သူ့ကားတစ်စီးလုံး ဖုန်တွေ မြင် မ ကောင်းအောင် ပေကျံနေပြီ။

နောက်ဆုံးကျတော့မှ စာပို့သမားတစ်ယောက်က ပြသဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရတော့ သည်။ လေးထောင့် အိမ် ဖြစ်သည်။ ခြံစည်းရိုး မှာ တိုက်ပန်းတွေ တွယ်ကပ်တက်နေသည်။ ခြံဝမှာ ဆိုင်းဘုတ် မရှိ။ သည်အိမ်ရှေ့  မှာ ကျွန်မတို့ နှစ်ကြိမ်ဖြတ်ခဲ့ပြီးပြီ။ ကျွန်မက လက်ကိုင်အိတ်ကို လှမ်းဆွဲပြီး မျက်နှာပေါ် မှာ ပေါင်ဒါဖို့ နေ သည်။ မက်ဇင်မ် က ခြံဝမှာ ကားကိုရပ်သည်။ ခြံထဲကို မောင်းမ၀င်။ ကျွန်မတို့ စကားမပြောဘဲ ခဏငြိမ် ထိုင်နေကြသည်။
"ကိုင်း....ရောက်ပြီ" ကာနယ်ဂျူလယန်း က ပြောသည်။

"ငါးနာရီ နဲ့ ဆယ်နှစ်နှစ်မိနစ်တိတိ ရှိပြီ။ သူတို့ လက်ဖက်ရည်သောက်တဲ့ အချိန်ဖြစ်နေလိမ့်မယ်။ ခဏစောင့်ကြသေး တာပေါ့"
မက်ဇင်မ် က စီးကရက်တစ်လိပ် မီးညှိသောက်သည်။ ကျွန်မဘက်သို့ လက်တစ်ဖက်ကို ဆန့်တန်း လိုက်သည်။ စကားတော့ မပြော။ ကာနယ်ဂျူလယန်း မြေပုံစာရွက် ပြန်ခေါက်နေသံ ကြားရသည်။
"လန်ဒန်မြို့ထဲ မ၀င်ဘဲ ဒီကိုတန်းလာရင် ရတာပဲ။ အနည်းဆုံး မိနစ် လေးဆယ်လောက် စောရောက် လာမယ်။ ပထမပိုင်း မိုင်နှစ်ရာကျော်လောက် အထိ ခရီးအတော်တွင်ခဲ့တာ။ ချစ္စ၀စ် ကစပြီးထင်သလောက် ခရီး မပေါက်တော့ ဘူး"

လေကလေးချွန်ပြီး ဘိုင်စကယ်စီးလာသော လူငယ်တစ်ယောက်က ကျွန်မတို့ကို ကျော်သွား သည်။ လမ်းထောင့် မှာ ဘတ်စ်ကား တစ်စီး ရပ်ပြီး အမျိုးသမီးနှစ်ယောက် ဆင်းသည်။ ဖေဗယ်ကထိုင်ခုံမှာမှီပြီး စီးကရက်သောက်နေ သည်။ ကျွန်မစိတ်ထဲမှာ ဘာခံစားချက်မျှ မရှိတော့။ ပတ်ဝန်းကျင်ရှုခင်းများကို သည် အတိုင်း ထိုင်ကြည့်နေမိသည်။
"ဘောကာ ဆိုတဲ့ ငနဲက ပန်းခြံတွေ ဘာတွေ ကောင်းကေင်းလုပ်တတ်ပုံမပေါ်ဘူး။ ခြံစည်းရိုးဖက် တက်နေတဲ့ ချုံတွေ ကြည့်ပါဦး" ကာနယ်ဂျူလယန်းက ပြောရင်း သူ့မြေပုံစာရွက်ကိုခေါက်ပြီး အိတ်ထဲပြန်ထည့်သည်။ "အငြိမ်းစား ယူပြီး ဒီနေရာမှာနေဖို့ ရွေးတာတော့ တော်တော်ရယ်စရာ ကောင်းတယ်။ လမ်းမကြီးနဲ့လဲ ကပ်နေ တယ်။ ဘေးကတိုက်တွေကလဲ ကိုယ့်အပေါ်မှာ မိုးေ န တယ်။ ဒီနေရာမှာ အိမ်တွေမဆောက်ခင်တုန်းကတော့ အတော် ကျယ်ကျယ်လွင့်လွင့် ရှိမယ့်နေ ရာပဲ။ ဂေါက်ကွင်းတစ်ကွင်းလောက်တောင် ရှိနိုင်ခဲ့တယ်"
ပြီးတော့ သူတိတ်သွားသည်။ ခဏကြာတော့ ကားတံခါးဖွင့်ဆင်းကာ လမ်းပေါ်မှာ ရပ်နေသည်။

"ဘယ်လိုသဘောရ သလဲ ဒီဝင်းတား"
"ကျွန်တော် ကတော့ အဆင်သင့်ပဲ"ဟု မက်ဇင်မ်က ပြန်ပြောသည်။
ကားပေါ်မှာ ကျွန်မတို့ ဆင်းကြသည်။ ဖေဗယ်က ကျွန်မတို့ဆီ လျှောက်လာသည်။
"ခင်ဗျားတို့ ဘာကိုစောင့်နေကြတာလဲ"ဟု သူကမေးသည်။
ကျွန်မ တို့က ပြန်မဖြေ။ ခြံတံခါးရှိရာသို့ လျှောက်သွားကြသည်။ အိမ်နောက်ဘက်တွင် တင်းနစ် ကွင်းကလေးကို လှမ်းမြင်ရသည်။ ဘောလုံးနှင့် ရက်ကက်ထိသံ၊ ဘောလုံးမြေထောက်သံများကို ကြားနေရ သည်။ ရမှတ် ကို အော်နေသည့်ကလေးတစ်ယောက် အသံလည်း ကြားရသည်။

"သူတို့ လက်ဖက်ရည်သောက်ပြီးကြပြီ"ဟု ကာနယ်ဂျူလယန်းက ပြောသည်။ ခဏတုံ့ဆိုင်းဆိုင်း လုပ်နေသေး သည်။ မက်ဇင်မ်ကို လှမ်းကြည့်သည်။ ပြီးတော့မှ ခေါင်းလောင်းကို နှိပ်လိုက်သည်။ အိမ်နောက်ဘက်မှာ သွားမြည် သည့် ခေါင်းလောင်းသံကိုကြားရသည်။ အတော်ကြာတော့မှ အလွန်ငယ်သည့် အိမ်ဖော် အမျိုးသမီးကလေး တစ်ယောက်က တံခါးလာဖွင့်ပေးသည်။ ကျွန်မတို့ လူစုကြီးကိုမြင်တော့ လန့်သွားပုံပေါ် သည်။ "ဒေါက်တာဘေကာ ရှိပါသလား" ကာနယ်ဂျူလယန်းက မေးသည်။ "ရှိပါတယ်ရှင်... အထဲကိုကြွကြပါ"
တံခါးဖွင့်ပေးသောကြောင့် ခန်းမ၏ဘယ်ဘက်အတိုင်း ကျွန်မတို့ ၀င်လိုက်သွားကြသည်။ ဧည့်ခန်း ဖြစ်ပေ လိမ့်မည်။ သို့သော်လည်း နွေရာသီတွင် များများစားစား အသုံးချထားပုံမရ။ နံရံပေါ်မှာ အသား မည်းမည်း အမျိုးသမီးကြီးတစ်ဦး၏ ပုံတူပန်းချီကားတစ်ချပ်ရှိသည်။ မစ္စက်ဘေကာ၏ ပုံ ဖြစ်မည်ဟု မှန်းဆကြည့်မိ သည်။ စားပွဲကုလားထိုင်များက တောက်တောက်ပပ သစ်သစ်လွင်လွင် ဖြစ်သည် မီးလင်းဖို အပေါ်တွင် မျက်နှာဝိုင်းဝိုင်းနှင့် ပြုံးနေသော ယောက်ျားကလေးနှစ်ယောက်၏ ဓာတ်ပုံများ ရှိသည်။

အခန်းထောင့် ပြတင်းပေါက်နားမှာ ကြီးမားသည့် ၀ိုင်ယာလက် စက်တစ်လုံး ရှိသည်။ နံရံပေါ်မှာ ပန်းချီကား ကို ဖေဗယ်ကကြည့်နေသည်။ ကာနယ်ဂျူလယန်းက မီးမရှိသည့် မီးလင်းဖိုနားမှာ သွားရပ်နေသည်။ မက်ဇင်မ်နှင့် ကျွန်မက အပြင် သို့ လှည့်ကြည့်သည့်။ သစ်ပင်အောက်မှာ ခုံတန်းရှည်တစ်ခု ချထားသည်။ အမျိုးသမီး တစ်ယောက်၏ခေါင်းကို နောက်စေ့ဘက်မှ လှမ်းမြင် ရသည်။ တင်းနစ်ကွင်းသည် တစ်ဖက်ထောင့် တွင် ရှိပေလိမ့်မည်။ လူငယ်နှစ်ယောက် အော်ဟစ် နေသံကို ကြားရသည်။ အလွန် အသက်ကြီးပြီဖြစ် သည့် ခွေးတစ်ကောင် ကို လမ်းလယ်မှာ မြင်ရ သည်။ ကျွန်မစိတ်ထဲမှာ မည်သို့ မျှမခံစားရပါ။ အိမ်တစ်အိမ်သို့ အလှူခံ လာရင်း အလှူရှင်ကို စောင့်နေရသလိုပင် ခံစားရပါသည်။

ထို့နောက် တံခါးပွင့်သွားပြီး အမျိုးသားကြီတစ်ယောက် ၀င်လာသည်။ အရပ်က မနိမ့်မမြင့်။ မျက်နှာက ရှည်မျောမျော။ ဆံပင်က အဖြူဘက်လုနေပြီ။ ဖလနမနယ်နှင့် အပြာရောင် ဘလေဇာ ကုတ်အင်္ကျီ ၀တ်ထားသည်။ ကျွန်မတို့ အုပ်စုကြီးကိုမြင်တော့ စောစောက အိမ်ဖော်မကလေးလို ပင်သူလည်း အံအားသင့် သွားသည်။
"စောင့်နေကြရတာ အားနာလိုက်တာဗျာ... ပြေးပြီး ကိုယ်ရေလက်ရေ ဆေး လိုက်ရသေး တယ်။ ခေါင်းလောင်းမြည်သံ ကြားတော့ ကျွန်တော် တင်းနစ်ရိုက်ကောင်းတုန်း။ ထိုင်ပါခင်ဗျာ..... ထိုင်ကြ ပါ"ဟု သူက ကျွန်မ ကို လှမ်းကြည့်ပြောသည်။ အနီးဆုံးကုလားထိုင်မှာ ကျွန်မထိုင်ချလိုက်သည်။
"စည်းမဲ့ကမ်းမဲ့ ဇွတ်ဝင်လာကြတယ် လို့ ထင်စရာဖြစ်နေပါတယ်။ ဒေါက်တာဘေကာ..." ကာနယ်ဂျူလယန်းက စပြောသည်။

"အခုလို အနှောင့်အယှက်ပေးရတဲ့အတွက် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော့ နာမည် ဂျူလယန်း ပါ။ သူကမစ္စတာ ဒီဝင်းတား၊ မစ္စက်ဒီဝင်းတား၊ မစ္စတာဖေဗယ်၊ မစ္စတာဒီဝင်းတားရဲ့ နာမည် ကို အခု တလော သတင်းစာတွေထဲမှာ တွေ့ကောင်း တွေ့မိပါလိမ့် မယ်"
"အို...ဟုတ်ပါရဲ့...ကျွန်တော် ဖတ်မိတယ်ထင်တယ်။ ရုံးတော်မှာ အစစ်ဆေးခံရတာလား.. ဘာပါလိမ့်... သြော်... ကျွန်တော့်ဇနီး ဖတ်ပြတာ ကြားရတယ်"
"ဂျူရိလူကြီးတွေက မိမိကိုယ်မိမိ သတ်သေမှုအဖြစ် စီရင်ချက်ချ လိုက်ပါတယ်" ဖေဗယ် က ရှေ့တိုး လာပြီး ပြောသည်။ "ဒါဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ပြောပါတယ်။ မစ္စက်ဒီဝင်းတားဟာ ကျွန်တော် ရဲ့ ၀မ်းကွဲနှမပါ။ သူ့အကြောင်း အတွင်းအပြင် အားလုံးကျွန်တော် သိပါတယ်။ ကျွန်တော့်နှမဟာ ဘယ်လိုနည်း နဲ့မှ ဒီအလုပ်မျိုး လုပ်မဲ့အမျိုးသမီး မဟုတ်ပါဘူး။

ဘယ်လိုအကြောင်း နဲ့မှ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် အမျိုးသမီး မဟုတ်ပါဘူး။ ကျွန်တော် တို့ သိချင် တာက သူသေမယ့်နေ့ မှာပဲ ဘာဖြစ်လို့ ခင်ဗျားနဲ့လာတွေ့သလဲဆိုတာ ဖြစ်ပါတယ်။"
"ဒီကိစ္စ မင်းဘာမှ ၀င်မပြောရင်ကောင်းမယ်။ ဂျူလယန်းနဲ့ငါရှင်းပြမယ်။ မင်းဘာလိုချင်တယ်ဆို တာ ဒေါက်တာဘေကာ အနေနဲ့ ဘယ်နည်းနဲ့မှ နားလည်နိုင်မှာ မဟုတ်ဘူး"
မက်ဇင်မ် က လေသံအေးအေးဖြင့် လှမ်းပြောသည်။

မက်ဇင်မ်က ဆရာဝန်ဘက် ပြန်လှည့်လိုက်သည်။ စောစောက ဆရာဝန်၏ မျက်နှာပေါ်တွင် ရှိနေခဲ့ သော ယဉ်ကျေးဖွယ်ရာ သည့် အပြုံးသည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားတော့သည်။
"ဒီလိုပါ ခင်ဗျာ....ကွယ်လွန်သွား တဲ့ ကျွန်တော့မိန်းမ ရဲ့ ၀မ်းကွဲအစ်ကိုက ရုံးတော်ရဲ့ စီရင်ချက်အ ပေါ် မကျေမနပ်ဖြစ်နေ ပါတယ်။ အခုလို ဒေါက်တာနဲ့ ကျွန်တော်တို့ လာတွေ့ရတဲ့ အကြောင်း ကတော့ ကျွန်တော့် မိန်းမရဲ့ အချိန်းအချက်စာအုပ်ထဲမှာ ဒေါက်တာ့နာမည်ရယ် ဆေးခန်းရဲ့တယ် လီဖုန်းနံပါတ် ရယ် ရေးထားတာတွေ့ လို့ပါပဲ။ လန်ဒန်မှာ သူနောက်ဆုံးနေခဲ့တဲ့ နေ့က မွန်းလွဲ နှစ်နှာရီ မှာ ဒေါက်တာ နဲ့တွေ့ခဲ့တယ်လို့ ယူဆရပါတယ်။ ဒီကိစ္စကလေးများ အတည်ပြုပေးနိုင်ပါ့ မလားလို့..."
ဒေါက်တာဘေကာက စိတ်ဝင်တစားဖြင့် နားထောင်နေသည်။ မက်ဇင်မ်၏ စကားဆုံးသော အခါ ခေါင်းယမ်းပြ သည်။

"၀မ်းနည်းပါတယ်ဗျာ... ခင်ဗျားတို့ လူမှားနေကြပြီထင်တယ်။ ဒီဝင်းတားဆိုတဲ့ နာမည်ကို ကျွန်တော် မှတ်မိနိုင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့်တစ်သက်မှာ မစ္စက်ဒီဝင်းတားဆိုတာနဲ့ လုံးဝ မပတ်သက်ခဲ့ဖူးပါဘူး"
မှတ်တမ်းစာအုပ်ထဲမှာ ဆွဲထုတ်ယူလာသည့် စာရွက်ကလေးကို ထုတ်ပြီး ကာနယ်ဂျူလယန်း က ဒေါက်တာ ဘေကာကို ပေးသည်။
"မှတ်တမ်းစာအုပ် ထဲမှာ ရေးထားတာ ဒီမှာပါခင်ဗျာ...'ဘေကာ၊ နှစ်နာရီ' တဲ့ ဘေးမှာလဲ ထင်ထင် ရှားရှား ကြက်ခြေခတ် ထားပါတယ်။ သဘောကတော့ ချိန်း ဆိုထားတဲ့ အတိုင်း တွေ့ဖြစ်တယ်ဆို တာပါပဲ။ ဟောဒီမှာ ကတော့ တယ်လီဖုန်း နံပါတ်ပါ။ မြူဇီယမ် ၁၄၈၈"
ဒေါက်တာဘေကာက စာရွက် ကို ယူကြည့်သည်။
"အင်း...တော်တော်တော့ ထူးဆန်းတာပဲ... အတော့်တော့ကို ထူးဆန်းတာပဲ။ ဟုတ်တယ်... တယ်လီဖုန်း နံပါတ် ကတော့ ခင်ဗျားပြောသလို အမှန်ပါပဲ"
"နာမည်လွှဲပြီး လာတွေ့ တာရော မဖြစ်နိုင်ဘူးလားဗျာ.."ဟု ကာနယ်ဂျူလယန်းက ဆက်ပြော သည်။

"အင်း...ဒါလဲဖြစ်နိုင်တာပဲ။ နာမည်လွှဲပြောသွားတာ ဖြစ်နိုင်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူးပေါ့ခင်ဗျာ... ဒါမျိုးတွေ ကို ကျွန်တော်တော့ လက်မခံချင်ဘူး။ ဆရာဝန်တွေကို နာမည် မှန်မပြောဘဲ နာမည်လိမ်နဲ့ တွေ့ရင်လဲ ရတယ် လို့ လူတွေထင်နေကြတာတော့ မကောင်းပါဘူး"
"လာတွေ့တဲ့ လူနာတွေ ကိုတော့ မှတ်တမ်းတင်ထားရမှာပေါ့နော်... စည်းကမ်းကျင့်ဝတ်အရ မမေးသင့်ကြောင်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ဖြစ်ရိုးဖြစ်စဉ် မဟုတ်လို့ပါ ခင်ဗျာ။ ဒေါက်တာနဲ့ ကျွန်တော် တို့ လာတွေ့ခြင်းအားဖြင့် မစ္စက်ဒီဝင်းတား သေကြောင်းကြံစည် သွားတဲ့ကိစ္စမှာ တစ်စုံတစ်ရာများ သိနိုင်လေမလား လို့..."
ကာနယ်ဂျူလယန်း က ဆက်ရှင်းပြသည်။
"လူသတ်ခံရတာပါ"ဟု ဖေဗယ်က ၀င်ပြောသည်။

ဒေါက်တာဘေကာ က မျက်ခုံးပင့်ပြီး မက်ဇင်မ်ကို စူးစမ်းသလို လှမ်းကြည့်သည်။
"ကျွန်တော်တော့ စိတ်ကူးမပေါ်မိပါဘူး။ ဒါပေမဲ့ ကျွန်တော် နားလည်ပါတယ်။ ခင်ဗျားတို့ကို ကူညီ နိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်။ ဖိုင်တွဲတွေ ကျွန်တော်သွားကြည့်ဖို့ အချိန်နည်းနည်း တော့ခွင့်ပြုပါ။ တစ်နှစ်လုံး အတွက် လူနာတစ်ဦးချင်း အသေးစိတ်မှတ်တမ်းတင်ထားတာ တွေရှိ ပါသည်။ ရောဂါမှတ်တမ်းလဲ ပါပါ တယ်။ စီးကရက် သောက်ကြပါဦးခင်ဗျာ... ရှယ်ရီအရက် တည်ဖို့တော့ အချိန်များ သိပ်စောနေသေး သလားလို့..."
ကာနယ်ဂျူလယန်းနှင့် မက်ဇင်မ်တို့က ပြိုင်တူခေါင်းခါကြသည်။ ဖေဗယ်က တစ်စုံတစ်ရာပြော မည် ဟန်ပြင်လိုက်သေးသည်။ သို့သော်လည်း ဒေါက်တာဘေကာ ထွက်သွားနှင့်ပြီ ဖြစ်သော ကြောင့် ပြောချိန် မရလိုက်။ "လူယဉ်ကျေးတစ်ယောက်ပေပဲ"ဟု ကာနယ်ဂျူလယန်းက ပြောသည်။

"ကျုပ်တို့ကို ဘာဖြစ်လို့များ ၀ီစကီနဲ့ဆိုဒါ မတည့်ဒါပါလိမ့်.... ဒီလူကို ကျုပ်ကတော့ တယ်မထင် ပါဘူး။ ကျုပ် တို့ကို ကူညီနိုင်မယ်လို့လဲ မယုံဘူး"ဟု ဖေဗယ်က ပြောသည်။
မက်ဇင်မ်က ဘာမျှမပြော။ တင်းနစ်ဘောလုံးရိုက်သံကို ကြားနေရသည်။ ခြံထဲမှ ခွေးကဟောင်နေ သည်။ အမျိုးသမီးက ခွေးကိုငေါက်နေသည်။ နွေရာသီကျောင်းပိတ်ရက်မို့ ဒေါက်တာဘေကာ သည်သူ့သားများနှင့် တင်းနစ် ရိုက်ကစားနေခြင်း ဖြစ်သည်။ သူတို့ မိသားစု၏ ပုံမှန်လုပ်ငန်းက လေးများကို ကျွန်မတို့က ၀င်ရောက်နှောင့်ယှက် မိလေပြီ။ မီးလင်းဖိုပေါ်ရှိ နာရီစက်သံက တစ်ချက် ချက်မြည်နေသည်။ ဂျီနီဗာ ရေကန်ကြီးပုံ ပါသည့် ပို့စကတ်လည်း ထောင်ထားသည်။ ဆွတ်ဇာလန်မှာ ဘေကာ၏ မိတ်ဆွေများ ရှိပါ လိမ့်မည်။
စာအုပ်ကြီးတစ်အုပ်နှင့် ဖိုင်တွဲတစ်ခုကိုကိုင်ကာ ဒေါက်တာဘေကာ ပြန်ဝင်လာသည်။ စားပွဲပေါ် သို့တင်လိုက် သည်။

"ပြီးခဲ့တဲ့နှစ် မှတ်တမ်းတွေ ကျွန်တော် ယူခဲ့တယ်။ ဒီကိုပြောင်းလာပြီးကတည်း ကတော့ တစ်ခါ မှ ပြန်မကြည့်ဖြစ်သေးဘူး။ ကျွန်တော် အငြိမ်းစား ယူလိုက်တာကလဲ ခြောက်လပဲ ရှိသေးတယ် မဟုတ်လား" စာအုပ် ကို ဖွင့်ပြီး စာမျက်နှာများကို လှန်လှောနေ သည်။ သူ့ကို အာရုံစိုက်ပြီး ကြည့်နေမိသည။် သူတွေ့တော့ မှာ သေချာသည်။ အချိန်ပိုင်း ကလေးမျှသာ လိုတော့သည်။ စက္ကန့် ပိုင်းကလေးမျှသာ လိုတော့သည်။
"၇ရက်... ၈ရက်... ၁၀ရက်" သူ့ပါးစပ်က တတွတ်တွတ် ရွတ်နေသည်။ "ဒီမှာပဲ မရှိပါလား... ခင်ဗျား တို့ပြောတာ ၁၂ရက်နေ့ ဟုတ်လား... မွန်လွဲ ၂နာရီ...အား..."
ကျွန်မတို့ အားလုံ အသက်ကိုပင် ပြင်းပြင်းမရှူရဲကြ။ သူ့မျက်နှာကိုသာ ၀ိုင်းကြည့်ပြီး အကဲခတ် နေကြသည်။

"၁၂ရက်နေ့မွန်းလွဲ ၂နာရီမှာ မစ္စက်ဒင်ဗာနဲ့ ကျွန်တော်တွေ့တယ်" "ဒင်နီ... ဒီမိန်းမကြီး က ဘာဝင်ရှုပ် တာလဲ..."
ဖေဗယ် က ထအော်သည်။ မင်ဇင်မ်က သူ့စကားကို ဖြတ်ပစ်လိုက်သည်။
"သူ နာမည်လွှဲပြော သွားတာပါ။ ဒါဆိုမှန်နေပြီ။ အခုလောက် ဆိုရင် မှတ်မိပါပြီလား ဒေါက်တာ"
သို့သော်လည်း ဒေါက်တာဘေကာ က ဖိုင်တွဲထဲမှာ ဆက်ရှာနေသည်။ (ဒဒွေး) စာလုံးရှိသော စာမျက်နှာကို လှန်ကြည့် သည်။ ချက်ချင်းတွေ့ပါပြီ။ "ဟုတ်တယ် ... မစ္စက်ဒင်ဗာ... ဟုတ်တယ်... ကျွန်တော် မှတ်မိပြီ"
သူက တစ်လုံးချင်းပြောနေ သည်။

"အရပ်မြင့်မြင့်...ကိုယ်လုံးသွယ်သွယ်...ဆံပင်နက်နက် အင်မတန် ချောတဲ့ အမျိုးသမီး"
ကာနယ်ဂျူလယန်း က ခပ်တိုးတိုးပြောသည်။
"ဟုတ်ပါတယ်...ဟုတ်ပါတယ်"
ဒေါက်တာဘေကာ ဖိုင်တွဲထဲတွင် ရေးမှတ်ထားသည်များကို ဖတ်နေသည်။ ပြီးတော့ နေရာတကျ ပြန်ထားပြီး မက်ဇင်မ် ကို လှမ်းကြည့်သည်။
"ဟုတ်ပါတယ်...ဒါဟာ ကျွန်တော်တို့ ဆရာဝန်ကျင့်ဝတ်အရတော့ မလုပ်အပ်တဲ့ အရာပါပဲ။ လူနာတွေနဲ့ ပတ်သက် လာရင် ကျွန်တော်တို့ဟာ အားလုံးကို လျှို့ဝှက်ထားရပါတယ်။ ဒါပေမဲ့ ခင်ဗျားဇနီးကလဲ ကွယ်လွန် သွားပြီ။ ပတ်ဝန်းကျင်အခြေအနေတွေကလဲ သာမန်မဟုတ်ဘူး။ ခင်ဗျားမိန်းမဟာ ဘာအကြောင်းကြောင့် သူ့ ကိုယ်သူ သတ်သေသွားတယ် ဆိုတာ ကျွန်တော် ကများပြောနိုင်မလားလို့ သိချင်တာမဟုတ်လား။ ကျွန်တော်ပြောပြနိုင်ပြီ ထင်ပါတယ်။ သူ့ကိုယ် သူ မစ္စက်ဒင်ဗာလို့ပြောတဲ့ အမျိုးသမီးဟာ အလွန်တရာကို ကျန်းမာရေး အခြေအနေ ဆိုးရွားနေ ပါတယ်"
သူက စကားဖြတ်လိုက်သည်။ ကျွန်မတို့အားလုံးကို တစ်ဦးချင်း လှည့်ကြည့်နေသည်။ ပြီးတော့ ဖိုင်တွဲ ကို ပြန်ကြည့်ပြန် သည်။

"သူ့ကို ကျွန်တော် သေသေချာချာ မှတ်မိပါပြီ။ ဟောဒီနေ့မတိုင်ခင် တစ်ပတ်က ပထမဆုံးအ ကြိမ်အဖြစ် ကျွန်တော့် ဆီ လာတွေ့ပါတယ်။ သူခံစားနေတဲ့ ဝေဒနာအကြောင်း ပြောပြတယ်။ ကျွန်တော်က ဓာတ်မှန်ရိုက် ယူထားလိုက်တယ်။ ဒုတိယအကြိမ် လာတွေ့တာကတော့ အဲဒီဓာတ် မှန်ရဲ့ အဖြေကိုသိဖို့ပါပဲ။ ဓာတ်မှန်တွေ ကတော့ ကျွန်တော့်ဆီမှာ မရှိတော့ဘူး။ ဒါပေမဲ့ ဒီထဲမှာ အသေးစိတ်ကျွန်တော် ရေးမှတ်ထားပါသည်။ ကျွန်တော့်ဆေးကုခန်း ထဲကို သူဝင်လာပြီး ဓာတ်မှန် တွေကို တောင်းတယ်။ အမှန်အတိုင်း ကျွန်မ သိချင်ပါတယ်တဲ့။ လူနာ စိတ်ချမ်းသာအောင် နှစ်သိမ့် စကားပြောတာမျိုး ကျွန်မ မကြိုက်ပါဘူးတဲ့။ ဒါကြောင့် ကျွန်မ မှာ ဘာရောဂါရှိနေတယ်ဆိုတာကို တဲ့တဲ့သာ ပြောပါတဲ့"

သူက စကားဖြတ်ပြီး ဖိုင်တွဲဖွင့်ကာ ဖတ်နေပြန်သည်။ ရင်တထိတ်ထိတ်ဖြင့် ကျွန်မစောင့်နေသည်။ ဘာကြောင့် များ အချိန်ဆွဲနေရပါသနည်း။ မြန်မြန်ပြောပြပြီး ကျွန်မတို့ကို ပြန်ခွင့်ပေးပါတော့လား။ သည်နေရာမှထိုင်ပြီး သူ့မျက်နှာ ကိုကြည့်ကာ ဘာကြောင့်များ စောင့်ဆိုင်းနေရပါမည်နည်း။
"အင်း..သူက အမှန်အတိုင်းပြောပါလို့ဆိုတယ်။ ကျွန်တော်ကလဲ အမှန်အတိုင်း ပြောပြလိုက် မိတယ်။ တချို့လူနာတွေ ဟာ အမှန်အတိုင်းပြောပြဖို့ လိုတယ်။ လှီးလွှဲပြောနေရင် အကျိုးမထူး ဘူး။ အဲဒီ မစ္စက်ဒင်ဗာ... ဒါမှမဟုတ် မစ္စက်ဒီဝင်းတားပေါ့လေ... သူကတော့ မမှန်တာ ညာပြော နေတာလက်ခံမယ့်ပုံစံမျိုး မဟုတ်ဘူး။ ခင်ဗျား တို့လဲ သိကြမှာပါ။ သူကတော့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ရင်ဆိုင်တယ်။ အေးအေးသက်သာ နားထောင်နေ တယ်။ တစ်ချက်ကလေး မျက်နှာ ပျက်မသွားဘူး၊ သူလဲ စိတ်ထဲက မသိုးမသန့်ဖြစ်နေရာ ကြာပြီ တဲ့။ ပြီးတော့ ကျသင့်တဲ့ဆေးဝါး ကုသခတွေ ရှင်းပြီး ပြန်ထွက်သွားတယ်။ နောက်ထပ်မတွေ့ရတော့ဘူး"
စာအုပ် ကို ပြန်ပိတ်လိုက်သည်။

"လောလောဆယ်တော့ နည်းနည်းပဲ နာသေးတယ်။ ဒါပေမဲ့ အမြစ်က စွဲနေပြီ။ ပွားလဲ ပွားနေပြီ။ ရောဂါက ကင်ဆာလေ... သုံးလ ဒါမှမဟုတ် လေးလ ကြာရင် မော်ဖီးယားထိုးပေးထားပြီး သူသေ မယ့် အချိန် ကို စောင့်ကြရတော့မယ်။ ခွဲစိတ်ကုသလို့လဲ ဘာမှအကျိုးထူးနိုင်တော့မှာ မဟုတ်ဘူး လေ.. ကျွန်တော်က သူ့ကို ဒီအတိုင်းပြောပြ လိုက်တယ်။ ဒီရောဂါမျိုး ဖြစ်လာပြီဆိုရင် ဘာမှမတက် နိုင်တော့ဘူး။ နာကျင်တဲ့ဝေဒနာ သက်သာအောင် မော်ဖီးယား တစ်လုံးပြီး တစ်လုံး ထိုးပေးရင်း အသက်ကုန်မယ့်အချိန်ကို စောင့်ရုံကလွဲလို့ ဘာမှလုပ် လို့ မရဘူး"
မည်သူမျှ စကားမပြောကြပါ။ မီးလင်းဖိုပေါ်ရှိ နာရီစက်သံသာ တစ်ချက်ချက် မြည်နေ သည်။ လေယာဉ်ပျံတစ်စီး က အပေါ်မှ ဖြတ်ပျံသွားသည်။

"အပြင်ပန်းကြည့်ရင်တော့ အင်မတန့် ကို ကျန်းမာတဲ့ အမျိုးသမီးပေပဲ။ အင်း... ပိန်တော့ ပိန်တာ ပေါ့လေ... ဖြူဖပ်ဖြူရော် ဖြစ်နေတာလဲ ကျွန်တော် မှတ်မိတယ်။ ဒါလဲ ဒီခေတ်အမျိုးသမီးတွေရဲ့ ဖက်ရှင်ဖြစ်နေ တယ် မဟုတ်လား။ ပိန်ပိန်ပါးပါးမှ... ဖြူရော်ရော်မှ ပိုလှတယ်ထင်ကြတာ။ ဒါပေမဲ့ နာကျင် တဲ့ ဝေဒနာက စနေပြီ။ တစ်ပတ်ပြီး တစ်ပတ်ပိုဆိုးလာတော့မယ်။ စောစောကပြောခဲ့သ လိုပဲ။ နောက်သုံးလ ဒါမှမဟုတ် လေးလကြာတဲ့အခါမှာ နာကျင်တဲ့ဝေဒနာဟာ မခံမရပ်နိုင် လောက်အောင် ဖြစ်လာတော့မယ်။ အဲဒီအခါမှာ မော်ဖီးယားထိုးပြီး အိပ်ခိုင်းထားရုံမှတစ်ပါး မရှိဘူး။ ဓာတ်မှန်တွေကိုကြည့်တော့ သားအိမ်ကလဲ ပုံမှန်အနေအထားမှာ မရှိဘူး။ ဟုတ်တယ်... ကျွန်တော်မှတ်မိနေသေးတယ်။ သားအိမ် ပုံသဏ္ဍာန်ပျက်နေ တဲ့ အတွက် သူဘယ်တော့မှ သား သမီး မရနိုင်ဘူး။ ဒါကတော့ တခြားကိစ္စပေါ့လေ... ကင်ဆာရောဂါနဲ့တော့ မဆိုင် ပါဘူး"

ဒေါက်တာဘေကာက ကယိကထခံပြီး ရှင်းပြသည့်အတွက် ကာနယ်ဂျူလယန်းက ကျေးဇူးတင် စကားပြောသည် ကို ကျွန်မ ပြန်လည်မှတ်မိနေပါသေးသည်။
"ကျွန်တော်တို့ သိချင်တာတွေအားလုံး ပြည့်စုံအောင် ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား... လိုအပ်လာမယ် ဆိုရင် ဒီဖိုင်တွဲထဲက ဆေးမှတ်တမ်းမိတ္တူကို ရလိုပါတယ်"
"ရပါတယ်ဗျာ.. ရပါတယ်"
အားလုံး မတ်တတ်ရပ်ကြသည်။ ကျွန်မလည်း ထိုင်ရာမှထပြီး ဒေါက်တာဘေကာနှင့် လက်ဆွဲ နှုတ်ဆက် သည်။ ဒေါက်တာဘေကာနှင့် အားလုံးပင် လက်ဆွဲနှုတ်ဆက်ကြသည်။ သူ့နောက်မှ လိုက်ပြီး အပြင်သို့ ထွက်ခဲ့ကြသည်။ အခန်းတစ်ခု၏အ၀မှ အမျိုးသမီးတစ်ယောက်က ကျွန်မတို့ ထွက်လာသည် ကို မြင်တော့ အခန်းထဲ ပြန် ၀င်သွားသည်။ အပေါ်ထပ်တွင် တစ်ယောက်ယောက် ရေချိုးနေသည်ကို ကျယ်လောင်စွာ ကြားနေ ရသည်။ ခွေးကလေးက ပန်းခြံထဲမှ ထွက်လာပြီး ကျွန်မ၏ဖနောင့်ကို နမ်းနေသည်။

"ဆေးမှတ်တမ်းကို ခင်ဗျားဆီပို့ရမလား... ဒါမှမဟုတ် မစ္စတာဒီဝင်းတားဆီ ပို့လိုက်ရမလား ခင်ဗျား.."
"ကျွန်တော် တို့ လိုချင်မှလည်း လိုမှာပါ။ မလိုသော်ရှိ လိုသော်ရှိ ပြောရတာပါ။ လိုရင် မစ္စတာ ဒီဝင်းတား ဖြစ်ဖြစ်... ကျွန်တော်ဖြစ်ဖြစ် စာလှမ်းရေးလိုက်ပါ့မယ်။ ဟောဒီမှာ ကျွန်တော့် လိပ်စာ"
"ခုလို ကျွန်တော့်ဆေးမှတ်တမ်း တွေ အသုံးဝင်သွားတဲ့အတွက် ၀မ်းသာပါတယ်ဗျာ။ မစ္စက် ဒီဝင်းတားနဲ့ မစ္စက်ဒင်ဗာ ဆိုတာ တစ်ယောက်တည်းပဲလို့ ကျွန်တော် လုံးလုံး စိတ်ကူးမရခဲ့ဘူး"
"မှန်ပါတယ်...စိတ်ကူးရဖို့လဲ အကြောင်းမရှိပါဘူး"ဟု ကာနယ်ဂျူလယန်းက ပြန်ပြောသည်။

"လန်ဒန်ကို ပြန်ကြမယ်ထင်တယ်" "မှန်ပါတယ်ခင်ဗျာ"
"အကောင်းဆုံးလမ်းကတော့ ဟောဟိုကျောက်တိုင်နားရောက်ရင် ဘယ်ကိုကွေ့… ပြီးတော့ ဘုရားရှိခိုးကျောင်း နားရောက်တော့ ညာကိုကွေ့...အဲဒီမှာ လမ်းဖြောင့်သွားပြီ" "ကျေးဇူးတင်ပါတယ်...သိပ်ကို ကျေးဇူးတင်ပါတယ်"
ကားများဆီ ကို ကျွန်မတို့ ထွက်လာကြသည်။ ဒေါက်တာဘေကာက ခွေးကိုအခန်းထဲ ဆွဲသွင်းပြီး တံခါးပိတ် လိုက်သံ ကြားရသည်။ ခြေတု တစ်ဖက်နှင့် လူတစ်ယောက်က လမ်းဟိုဘက်စွန်းတွင် "ပစ်ကာဒီ မှ နှင်းဆီပန်းများ" သီချင်းကို ပလွေစမှုတ်နေသည်။

ဆက်ရန်
.

No comments: