Saturday, June 16, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၇)

သို့သော် အမေရိကန် လူမည်းများက သူ့ကို ဘုရားတစ်ဆူ ဂူတစ်လုံးကိုးကွယ်နေကြသည်ကိုတော့ သူ တားဆီး ၍ မရတော့ပါ။ ဒါကလည်း သူတို့တွင် ဘယ်တုန်းကမှ အမျိုးသားရေး ခေါင်းဆောင် မရှိဖူး ၍ ဖြစ်နိုင်ပါ သည်။ သူတို့ စိတ်ထဲတွင် မာတင့်အား တစ်ကမ္ဘာလုံးရှိ လူမည်းအားလုံး ၏ ခေါင်းဆောင် ဟု စွဲနေကြပြီ။ ကို ဆက်ဖတ်ရန်...

(၆)

အတ္တလန္တရှိ SCLC အဖွဲကချုပ်နှင့်မောင်ဂိုမာရီကို အိမ်ဦးနှင့်ကြမ်းပြင်ကူးသန်းနေခဲ့ သည်မှာ သုံးနှစ်နီးပါး ရှိခဲ့ပြီ။ ၁၉၅၉ ခုနှစ် ကုန်ခါနီးတော့မာတင်တစ်ခုဆုံးဖြတ်ရ တော့သည်။ ဒက်စတာသင်းအုပ်ဆရာဘ၀ကို သူ စွန့်လွှတ် ရတော့ မည်။ အတ္တလန္တာကို ပြောင်းမနေ၍ မဖြစ်တော့ပေ။
ဒက်စတာဘုရားကျောင်း ပရိသတ်မှာ မာတင်ကိုလေးစား ကြည်ညိုကြသည်။ သံယောဇဉ်ကြီးကြသည်။ သင်းအုပ်ဆရာတစ်ဦး အတ္တလန္တာအတွက် ထပ်ရှာပြီး သူ့ကို ဒက်စတာတွင်သာဆက်နေစေ၍ SCLC လုပ်ငန်းတွေကို ဆက်လုပ်စေချင်ကြသည်။ တစ်သက်လုံး ဘယ်မှမပြောင်းစေချင်ကြ။
ကျွန်မတို့ဘက် ကလည်း မောင်ဂိုမာရီမှ ခွာဖို့အလွန် ခက်နေပါသည်။ အားလုံးနှင့် ရင်းနှီးခင်မင်နေကြပြီ မဟုတ်လား။

မာတင်မျက်ရည်မဆည်နိုင်ဘဲ ငိုကြွေးလေတော့သည်။
ဒက်စတာနှင့်ကျွန်မ တို့ သံယောဇဉ်မှာ အဘွားအိုတစ်ယောက်ကြောင့် ပို၍ နက်ရှိုင်းသွားခဲ့ရသည်။ မာသာနော်မန် ဆိုသည့် အဘွားဖြစ်၏။ "မာတင့်ကို သားအရင်းလို ကျုပ်ချစ်တယ်" ဖော် ထုတ်ပြောဖူးသည်။
တစ်ခါတုန်း က ရန်ပုံငွေရှာဖို့ ကျွန်မပြဇာတ်တစ်ပုဒ် ကပြ ဖူးသည်။ အဘွားက အားလပ်ချိန်တွင် ပရိတ်သတ်ထဲ မှ ထပြီး လက်ခုပ်တီးကာ "ဒါမှ ငါ့သမီးကွ" ဟုသြဘာပေး သည်။
ကျွန်မ တို့ကို နှုတ်ဆက်ပွဲလုပ်သည့် ညတွင် အဘွားနော်မန် က ဆေးလိပ်ပြာခွက် ကလေးတစ်ခု လက်ဆောင်ပေး သည်။ မုန့်ပုံး တစ်ပုံး ၏ အဖုံးကို သူကိုယ်တိုင် လုပ်ထား သည့် ဆေးလိပ်ပြာခွက်၊ နှုတ်ခမ်း ပတ်ပတ်လည် တွင် ဘိလပ်ရေ ပုလင်းအဖုံးကလေးများ စီလျက်။
"သမီးဧည့်ခန်း နဲ့တော့မတန်ဘူးပေါ့ကွယ်" ဟုပြောပြီးပေးရှာသည်။ ကျွန်မရင်ထဲ နင့်သွားသည်။

"အကောင်းဆုံးနေရာမှာ ရွေးပြီး သမီးထားမှာပါ အဘွား၊ အတ္တလန္တကိုရောက် ရင် အဘွား လာလည်ပြီး ကြည့်နော်" ဟု ကျွန်မပြန်ပြောခဲ့မိပါသည်။
အတ္တလန္တာ ကို အဘွားနော်မန်လာမလည်နိုင်ခင် ကွယ်လွန်သွားရှာသည်။ ကျွန်မတို့ လင်မယား ယူကျူံး မရ ဖြစ်ကြရပါသည်။
ကျွန်မကတိ အတိုင်းအလွန် အဓိပ္ပာယ်ရှိသည့်အဘွား၏ လက်ဆောင် ဆေးလိပ်ပြာ ခွက်ကလေးသည် ကျွန်မဧည့်ခန်း တွင် ယနေ့တိုင် နေရာယူထားဆဲ့ဖြစ်ပါသည်။
ဒက်စတာ မှ ကျွန်မတို့ခွဲခွာခန်းသည် အလွန်ဝမ်းနည်းစရာကောင်းပါသည်။ သို့သော်လှလှပပရှိပါ၏။ သို့သော် အတ္တလန္တတွင် အိမ်ငှားပြီး လို့ နေရာမှ မချရသေးမီ မာတင့် ဂုဏ်သိက္ခာကို ထိပါးစေမည့် တိုက်ခိုက်မှု တစ်ခုပေါ်လာ သည်။ သည်းမခံနိုင် လောက်အောင် ပြင်းထန်သည့်သိက္ခာချခြင်းမျိုးဖြစ်၏။

၁၉၅၆ ခုမှ ၁၉၅၈ ခုနှစ်အတွင်းအယ်လဘားမားပြည်နယ် အခွန်ဥပဒေကို တိမ်း ရှောင်ပြီ စာရင်း လိမ်ပြခဲ့သည် ဟု မောင်ဂိုမာရီ က မာတင်အား တရားစွဲလိုက်သည့် ကိစ္စဖြစ် ၏။
မာတင် သည် အမ်အိုင်အေ နှင့် SCLC မှ အခါအားလျော်စွာကုန်ကျစရိတ်ပြန်ပေး သည့် ခေါင်းစဉ် မျိုးဖြင့် အထောက်အပံ့ ရရှိခဲ့ သည်။ သည်ငွေကို အခွန်ကြေညာစာရင်း တင်သည့်အခါ ထည့်ပြဖို့မလိုသဖြင့် မာတင်က ထည့် မပြခဲ့။
အသားလွတ် သိက္ခာချခြင်း၊ ဆီင်္လိုအပေါက်ရှာခြင်းဖြစ်ကြောင်း အားလုံးသိကြ၏။ သို့သော် အကြောင်းမသိ သူများ က အခွန်ရှောင်သည် ထင်ကြသဖြင့် မာတင်သိက္ခာကျရ သည်။ သူကကျွန်မကို နာကြည်းစွားပြောသည်။

"ရန်သူတွေက ကိုယ့်ကို ၀ိုင်းချနေတာ များတော့ ကိုယ်အရေထူနေပါပြီ၊ ဒါပေမဲ့ ဒီတစ်ခါကတော့ ကိုယ့်ရိုးသားမှု ဂုဏ် ကို ထိပါးတာပဲ" ကျွန်မတို့တွင် တရားဆိုင်ရန် ပိုက်ဆံမရှိပါ။ အဖွဲ့ရန်ပုံငွေကို မာတင်ကဘယ် တော့မှ ယူသုံးမည် မဟုတ်။ "လူတွေက ထင်ကြတော့မှာပဲ၊ အဖွဲ့ရန်ပုံငွေတွေကို ကိုယ်ယူသုံးနေတယ်လို့"
သို့သော် သိပ်မကြာလိုက်ပါ။ အဖြစ်မှန်ကို လူတွေသိသွားပြီး ဒေါသူပုန်ထကုန်ကြ တော့သည်။ ငွေစုပြီး တရားရင်ဆိုင်ဖို့၊ မောင်ဂိုမာရီမှ အတော်ဆုံးရှေ့နေတွေ ငှားဖို့ စီစဉ်ကြသည်။
မေလ ၂၈ ရက်နေ့၊ စနေနေ့တွင် ဂျူရီဖွဲ့သည်။ တရားရုံးလောကတွင် အထူး ဆန်းဆုံး အဖြစ်တစ်ခုနှင့်ကြုံကြရသည်။ တရားလိုဘက်မှ အဓိကသက်သေထွက်ဆို ချက်ကြောင့် ဖြစ်၏။ သူကမာတင်၏ ရိုးသားမှုကိုအကြွင်းမဲ့ယုံကြည်ပါသည်တဲ့။
ကျွန်မတို့အားလုံးမယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

"အပြစ်မရှိပါ" ဟုတရားရုံးအမိန့်ထွက်လာမှ ကျွန်မတို့ဟင်းချနိုင်ကြသည်။
ဂျူရီ လူကြီး လူဖြူ ဆယ့်နှစ်ဦးပါသည့်အဖွဲ့မှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ တရားဥပဒေ ၏ အောင်မြင်မှုတစ်ရပ်ဖြစ်ပါ၏။ လူ့ဘ၀တွင် အကောင်းဘက်မှ ရှိသည့် သစ္စာတရားများ မဆိတ်သုဉ်းသေး ပါကလား။ မာတင်ပြောနေကျ စကား သည် သွေးထွက်အောင် မှန်နေပါလေပြီး။
"မုသာဝါဒ ကို ထာဝရဖုံးကွယ်ထားလို့မရဘူး။ အမှန်တရားဟာ ကမ္ဘာကြီးကို ခွဲစရာ ရှိရင် ခွဲပြီး အပေါ်တက် လာမှာပဲ" ၁၉၆၀ ပြည့်နှစ်သည် စားသောက်ဆိုင်များတွင် လူဖြူ လူမည်းခွဲခြားထား ခြင်းကို ကျောင်းသား လူငယ်များ က စတင်ဆန့်ကျင်လာသော နှစ်ဖြစ်သည်။ တိုက်ပွဲက ကာရိုလိုင်းနား မြောက်ပိုင်း။ ဂရင်ဘရာ တက္ကသိုလ် မှစခဲ့ခြင်းဖြစ်သည်။

လူမည်းမောင်သစ်လွင် တစ်ယောက်က ကျောင်းရှေ့ဘတ်စ်ကားဂိတ်၊ စားသောက် ဆိုင်ဝင်တော့ သူမှာသည့် ဟင်လျာပွဲ တစ်ပွဲ မှ ရောက်မလာ။ သူ့လို လူမည်းကျောင်းသား တစ်ယောက်ရောက် လာပြီးအကျိုးအကြောင်း သိသွားတော့ မာတင်လူသားကင်း ၏ မောင်ဂို မာရီ ဘတ်စ်ကား အရေးအခင်းစာအုပ်ကို ထုတ်ပြ သည်။ နောက်ထပ် လူမည်းကျောင်းသား နှစ်ယောက် ထပ် ၀င်လာသည်။ လူဖြူ စားသောက်ဆိုင် ပိုင်ရှင် က သူတို့ ကို လုံးဝငြင်း ဆိုသည်။

သူတို့လေးယောက် ပေါင်းပြီး ၀ူးလ်ဝပ်စားသောက်ဆိုင်ကြီးသို့ ချီတက်ခဲ့ကြသည်။ ဟင်းပွဲတွေ အများကြီး မှာပြီး ထိုင်စောင့်နေကြ သည်။ စားသောက်ဆိုင်ပိုင်ရှင် လူဖြူ က လုံးဝမချပေး။ သူတို့ကလည်း ထမသွား အခြား လူမည်း လူငယ်များ က သူတို့နှင့် လာပေါင်း ပြီး ဟင်းတွေမှာသည်။ ထိုင်စောင့်သည်။
မီဒီယာ က သည်သတင်း ကို စာနယ်ဇင်းများတွင် ထည့်သည်။ စားသောက်ဆိုင်တွင် လူဖြူ လူမည်း ကိစ္စ ပျံသွားသည်။ တောင်ပိုင်းမြို့ကြီးများစွာသို့ ကူးစက်သွားသည်။ လူဖြူ လူငယ်တွေပါ လူမည်းများ ဘက်မှ ပါ လာသည်။ သို့သော် အာဏာပိုင်တွေက မလျှော့။ လူမည်းတွေကို ဖမ်းဟယ် ဆီးဟယ်လုပ်လာသည်။ သည်အခါ မီးလျှံ က ပိုပျံ့သွားသည်။
ဤတွင် SCLC က အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်အောင် ၀င်ထိန်းသည့် အနေဖြင့် ၀င်ညှိ သည်။ နှစ်ဖက်ညှိပြီးသုံးရက်ကြ ညှိနှိုင်းအစည်းအဝေးခေါ်သည်။ အကြမ်း မဖက်ရေးဝါဒဖြင့် နှစ်ဖက်ဆွေးနွေး သဘောတူကြသည်။

မာတင်လူသားကင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ သွားလာ ရေးလမ်းပွင့်သွားပြီ။
"ငါတို့အောင်မြင်ရမည်" ဟူသည့် လူမည်း တေးသံသည် ဘ၀ဂ်ညံနေပြီ။ သည်တေးသွားမှာ ၁၉၄၀ ပြည့် လွန် များတွင် ခေတ်စားခဲ့သည့်တင်နက်စီမှ လူမည်းတို့၏ တေးသံကို အခြေခံထားသည့် တေးသွားဖြစ်သည်။ အသွေးထဲ အသားထဲ သို့ စိမ့်ဝင်သွားသည့် တေးသံစဉ်မျိုးဖြစ်ပါသည်။ သည်တေးသံသည် ကျွန်မတို့၏ အမျိုးသား သီးချင်းဖြစ်လာခဲ့လေသည်။
အတ္တလန္တာ တွင် ဘတ်စ်ကားကို လူဖြူလူမည်း အတူတကွ စီးနိုင်ခဲ့ပါပြီ။ သို့သော် စားသောက်ဆိုင် များတွင်တော့ ခွဲခြားထားတုန်း ပင်။ အချိုရည်တစ်ပုလင်း၊ ရေခဲမုန့် တစ်ခွက် ၀ယ်ဖို့ပင် မလွယ်။ အိမ်နီးနားချင်း မျက်နှာသိ ဆိုင် များမှာ ပင် ရှေ့ကမ၀င်ရ။ ဘေးပေါက်မှ မှောင်ခိုဝင်ရသည်။

အသားရောင် ခွဲခြားမှု သည် တစ်သက်လုံး တည်မြဲနေတော့မည့်နှယ်။တစ်ခါတွင် အတ္တလန္တသို့ လေယာဉ်ဖြင့် မာတင် သွားခဲ့သည်။ လေယာဉ်ပေါ် တွင် အမေရိကန် လူဖြူ တစ်ယောက်နှင့် မိတ်ဆွေဖြစ်သွားသည်။ စကားကောင်း သွားကြသည်။ အတ္တလန္တ လေယာဉ်ကွင်း ရောက်တော့ ထိုပုဂ္ဂိုလ်က မာတင့်ကို ထမင်းကျွေး ပါရစေဟု ဖိတ်သည်။ စားသောက်ဆိုင် ထဲ ရောက်တော့ ဧည့်ကြိုအမျိုးသမီးကလေးက မာတင့်ဆီလာပြီးပြော သည်။ "ဟိုဘက်ကိုကြွပါရှင်၊ ဟိုဘက်မှာ သီးသန့်စားပွဲရှိပါတယ်" ခန်းဆီးကာထားသည့် နောက်ပိုင်းကို ညွှန်ပြပြီး ပြောခြင်းဖြစ်ပါသည်။ အမျိုးသမီး က ဆက်ရှင်းပြသေးသည်။

"အားလုံအတူတူပါပဲ၊ အစားအသောက်ရော၊ စားပွဲကုလားထိုင်တွေရော၊ ဒီရှေ့ ပိုင်းအတိုင်းပါပဲ"
မာတင် က လေအေးကလေးနှင့်ပြန်ပြောသည်။ သို့သော် သူ့အသံက ခိုင်မာသည်။ "မတူပါဘူးဗျာ၊ မတူပါဘူး၊ အဲဒီလို ခွဲခြားထားတဲ့ စနစ်ကြောင့် ဒီက နောင်တော်နဲ့ ကျွန်တော်မိတ်ဆွေဖြစ်ဖို့ ပျက်သွားပါပြီး"
ပြောပြီး မာတင်ထွက်လာခဲ့သည်။ အတ္တလန္တာတွင် လူမည်းတို့က စားသောက်ဆိုင်များတွင် အသားရောင် ခွဲခြားထားမှုကို ဆက်လက် တိုက်ပွဲဆင်နေကြသည်။ 

ရစ်ခ်ျကုန်တိုက်ကြီးအောက်မှ စားသောက်ဆိုင်ရှေ့ပိုင်းတွင် သူတို့ဝင်ထိုင်ကြမည်။ သည်ပွဲကို ပါဖို့မာတင်အား ဖိတ်တော့ ကျွန်မအမျိုးသားက ချက်ချင်းလက်ခံလိုက်သည်။ မာတင်အပါအ၀င် အားလုံး ခုနှစ်ဆယ့်ငါးယောက် အဖမ်းခံ ရသည်။ အာမခံ မလျှောက်ဖို့ အားလုံးညှိထားကြ၏။

"ဒီအသားရောင် ခွဲခြားမှု တိုက်ပွဲဆယ်နှစ်ကြာချင်ကြာပစေ၊ ထောင်ထဲမှာပဲနေ မယ်" ဟုမာတင်က ထုတ်ပြော သည်။ သူတို့တစ်သိုက်လုံး ထောင်ကျသည့် သတင်းပျံ့သွားတော့ နီဂရိုး လူမျိုးအားလုံး မခံမရပ်နိုင်ဖြစ်လာ ကြသည်။ ကော်မတီ တစ်ရပ်ဖွဲ့ပြီး အာဏာပိုင်တွေနှင့်ညှိကြသည်။ ဆယ်ရက်ကြာသည်အထိ အဖြေ မထွက်။ ကျွန်မ က မာတင့်ဆီ နေ့စဉ် ရောက်သည်။ ဥပဒေအရ ထောင်ဝင်စာမှာ တစ်ပတ်တစ်ခါသာ ရ၏ ဒက်ဒီကင်း ကမြို့နယ်ရဲမှူးနှင့် ခင် သဖြင့် ကျွန်မ အထူးအခွင့်အရေးရနေခြင်းဖြစ်၏။ လူဖြူ ရဲမှူးက လူစိတ်ရှိသူဖြစ် ပါသည်။
ယခုအချိန် တွင် ယိုကီ က ငါးနှစ်၊ မာတီကလေးက သုံးနှစ်ရှိပြီး။ သူတို့အဖေ ထောင်ကျသည့် သတင်းကို သူတို့ ပထမ ဆုံး ကြားဖူးခြင်းဖြစ်သည်။ ယိုကီက မူကြိုကျောင်းမှ ငိုပြန်လာသည်။ မောင်နှမနှစ်ယောက်စလုံးက ကျွန်မ ကိုမေး သည်။

"ဖေဖေကဘာလို့ထောင်ထဲမှာသွားနေတာလဲ မေမေ"
"ဖေဖေကကြင်နာတတ်လို့၊ သတ္တိရှိလို့ပေါ့၊ လူတွေကို ကူညီဖို့ ခဏသွားနေတာ၊ မကြာခင်ပြန်ရောက်လာမှာ၊ သားနဲ့ သမီးစိတ်မပူနဲ့နော်"
မာတီကလေး က လေယာဉ်ပျံတွေကို သဘောကျသည်။ သူကြီး လာရင် လေယာဉ် မောင်းမည် ဟု ပြောတတ်သည်။ ဒါမှသူ့အဖေဘယ်သွားသါား၊ လေယာဉ်မောင်းပြီးသူလိုက် ပို့မည်ဟု ဆိုသည်။
"ဖေဖေ ကထောင်ထဲကို လေယာဉ်ပျံနဲ့သွားတာလားဟင် မေမေ"
သူစိတ်ကျေနပ်အောင် "ဟုတ်တယ်" ဟုကျွန်မပြန်ပြောလိုက်ပါသည်။

နောက်တစ်ပတ်အကြာတွင်မှ သတင်းကြားကြရသည်။ ညှိနှိုင်းလို့ရပြီတဲ့၊ အားလုံး ပြေလည်သွားပြီတဲ့။ နာမည်ကျော် "ပက်စ်ချယ်လ်" စားသောက်ဆိုင်ကြီးသို့ ကြွရောက် ပါရန် ကျွန်မကို ဖိတ်သည်။ နီဂရိုးလူမျိုး လုပ်ငန်းရှင် တစ်ယောက်ပိုင်သည့်  ဆိုင်ဖြစ်သည်။
သူနှင့်တွေ့ရတော့မှာ မို့အ၀တ်အစားလဲနေရင်း ကျွန်မပျော်နေသည်။
ပက်စ်ချယ်လ်ကို ရောက်သွားတော့ ပတ်ဝန်းကျင်ကို ကျွန်မကြည့်လိုက်သည်။ အခြားလွတ်လာသူတွေ ကို တွေ့ရပြီး မာတင့်ကို မတွေ့ရပေ။ တစ်ယောက်က ကျွန်မကို ကပ်ပြောသည်။
"ဒေါက်တာကင်း ကို သူတို့ဆက်ဆွဲထားတယ်"

နောက်မှ ကျွန်မအကြောင်းစုံ သိရသည်။ အယ်လဘားမား ယာဉ်မောင်း လိုင်စင်ကို ဂျော်ဂျီယာ ယာဉ်မောင်း လိုင်စင်နှင့်မလဲသည့် အတွက်အဖမ်းခံရတာတဲ့။ ဖြစ်ပုံမှာတစ်ည တွင် နာမည်ကျော် စာရေးဆရာမလီလီယံစမစ် ၏ အိမ် သို့ ကျွန်မတို့ ရောက်သွားကြသည်။ အေမိုရီဆေးရုံတွင် ကင်ဆာရောဂါဖြင့် တက်ရောက် ကုသနေသည့် လီလီယံကို ကျွန်မတို့က သူ့အိမ်ပြန်ပို့ပေးသည်။ လမ်းတွင် ရဲက ကားကို တားသည်။လူမည်း တစ်ယောက်၏ ကားထဲတွင် လူဖြူအမျိုးသမီး ပါလာ၍ တားခြင်းဖြစ်၏။ သူတို့ အတွက် ပြဿနာ ရှာသူ ဖြစ်နေသော ဒေါက်တာကင်းဖြစ်နေသည့်အခါ စစ်တော့ ဆေးတော့ သည်။ ပေရှည်တော့သည်။ ကားလိုင်စင်မလဲမိသည့် ကိစ္စနှင့်ဖမ်း၍ ဒဏ်ငွေ ၂၅ ဒေါ်လာ ဆောင်စေပြီးအာမခံပေး လိုက် သည်။ အာမခံကာလအတွင်း ကောင်းမွန်စွာ နေစေရမည် တဲ့။ သည် ကာလ အတွင်းမာတင် က အတ္တလန္တထိုင်သပိတ်တွင်ပါဝင်ခဲ့သည်။  ဤသို့ဖြင့် ကောင်းမွန်စွာနေစေ ကာလ မစေ့သေး သဖြင့် ဥပဒေချိုးဖောက်ရာ ရောက်သည်တဲ့။ ထိုနေ့ ကစနေနေ့။ အင်္ဂါနေ့မှ ရုံး ထုတ်မည် ဖြစ်၍ မာတင်ထောင်ထဲတွင် နေရသည်။

ရုံးထုတ်သည့်နေ့ တွင် မြို့နယ်ရဲမှူး ဒီကဲ့ဘ်ကိုယ်တိုင် မာတင့်ကို လက်ထိတ်ခတ်ပြီး ဆွဲခေါ် လာသည်။ နောက်တစ်နေ့ သတင်းစာများ တွင် သည်ပုံကြီးပါ လာသည်။ တစ်နိုင်ငံလုံးမှ သတင်းစာတိုင်းတွင် ပါလာခြင်းဖြစ်၏။
တရားရုံး သို့ ကျွန်မတို့အားလုံးထွက်လာခဲ့ကြသည်။ ဒက်ဒီကင်း အပြင် မာတင့် ညီမနှင့် ညီအားလုံး ပါသည်။ နှစ်ဖက် ရှေ့နေများ၏ လျှောက်လဲချက်များကို နားထောင်ပြီး တရားသူကြီးမစ်ချယ်က "အပြစ်ရှိသည်ဟု ကျွန်ုပ်တွေ့ ရှိသဖြင့် ရိတ်ဗီးလ်ပြည်နယ် အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆လ ကျခံစေလိုက်သည်" ဟု စီရင်ချက် ချလိုက်သည်။

ယာဉ်မောင်းဥပဒေ ကို ချိုးဖောက်မှုအတွက် ချမှတ်သည့် ပြစ်ဒဏ်မှာ တရားလွန် လွန်းနေသည်။ ထိုစဉ်က ကျွန်မ မှာ ကိုယ်ဝန်ငါးလနှင့် ဖြစ်ပါသည်။ စိတ်ဓာတ်အကျကြီးကျ သွားသည်။ ကျွန်မတို့လှုပ်ရှားမှုများစခဲ့သည် ၁၉၅၅ ခုနှစ်မှစ ၍ ပထမဆုံးအကြိမ်အဖြစ် လူရှေ့သူရှေ့တွင် ကျွန်မငိုချလိုက်ပါသည်။ သူကိုယ်တိုင် စိတ်ဓာတ် ကျနေသော ဒက်ဒီ ကင်း က ငိုရမလားဆိုပြီး ကျွန်မကိုဆူပါသည်။
သူထောင်ထဲရောက်နေ သည်မှာ ရှစ်ရက်ရှိပြီ။ ကျွန်မ နေ့စဉ် ထောင်ဝင်စာ သွားတွေ့သည်။ စိုးရိမ်စိတ်ဖြင့် ကျွန်မ ပင်ပန်းလှပြီ။ ခုလို လပေါင်းများစွာ ထောင်ချ လိုက်ပြီးဆိုတော့သူမပါဘဲ သည်ကလေးကို ကျွန်မ တစ်ယောက်တည်းမွေးရတော့မည်ပေါ့။

ကျွန်မနှင့်ဒက်ဒီကင်းကို ထောင်ဝင်စာ တွေ့ခွင့်ပေးပါသည်။ မငိုဖို့ ကျွန်မကြိုးစား ပါသည်။ သို့သော် မျည်ရည်တွေ ကို တားဆီး၍ မရပါ။ ပါးပြင်ပေါ်သို့ တသွင်သွင်းစီးကျ လာနေသည်။
ကျွန်မကို မာတင်မြင်တော့ ဆီးပြောသည်။
"အို…ကိုရီကလည်းကွယ်၊ မင်းအဲဒီလို အားငယ်တာ တစ်ခါမှ မတွေ့ဖူးပါဘူး၊ မင်းသတ္တိမွေးရ မယ်လေ။ မောင့်အတွက် သတ္တိရှိရမယ်လေ"
ကျွန်မ သိပါသည်။ သည်လိုအချိန်မျိုးတွင် သူ့အားမာန်တွေ၊ ခွန်အားတွေသုံးလို့ မကုန်အောင် များလာတတ် သည်။ သည်ခွန်အားတွေက ကျွန်မဆီသို့ကူးစက်မြဲပါ။
ဒက်ဒီကင်းက ၀င်ပြောသည်။

"ဒီမယ် ကော်ရက်တာ၊ ဒက်ဒီကင်း မငိုဘူးလေ၊ ဒက်ဒီကင်းက တိုက်ပွဲဝင်မှာ၊ ဒက်ဒီကင်းငိုမှ မင်းငိုရမယ်၊ ဟုတ်ပြီ လား" သို့သော် သူဘယ်လောက်စိတ်ထိခိုက်နေမှန်းကျွန်မသိပါသည်။ ကျွန်မကြိုးစားပြီး အငိုတိတ် လိုက်ပါ သည်။ ချက်ချင်း ကျွန်မ ထိန်းနိုင်သွားသည်။
မာတင်ကပြောသည်။ "ဒီတစ်ခါ ကိုယ်ထောင်အကျခံမယ်ဆိုတဲ့ အချက်ကို တို့တစ်တွေ အားလုံး လက်ခံထားကြ ရမှာပေါ့၊ အဲဒီအတွက် ပြင်ဆင်ထားကြရမှာပေါ့"
မာတင် အားပြည်နယ်ထောင်ကို ချက်ချင်းမပို့ဖို့ကျွန်မတို့ရှေ့နေများက တရားသူ ကြီးကို မေတ္တာရပ်ခံသည်။ အယူခံဝင် မည့် အကြောင်းပြောတော့ တရားသူကြီးက လက်ခံသည်။ သို့သော် နောက်တစ်နေ့ မနက် တွင် အေဒီ က ကျွန်မဆီဖုန်းဆက်သည်။

"ကော်ရက်တာ၊ မာတင့်ကို ညက သူတို့ပြည်နယ်ထောင်ကို ပို့လိုက်ကြပြီ"
သည်အကြောင်း မာတင် က နောင် ကျွန်မကိုပြန်ပြောပြသည်။ နံနက် လေးနာရီ လောက်မှ အခြား အကျဉ်းသားတွေ နဲ့အတူ ရောအိပ်နေချိန်မှာ အခန်းထဲကို သူတို့ လူတွေ အများကြီးဝင်လာသည်တဲ့။ သူ့မျက်နှာ ကို လက်နှိပ်စက်မီးနဲ့ ၀ိုင်းထိုးပြီး "ဟေ့ ကင်း ကင်း ထ ထ"ဟု ခေါ်ဆွဲထူကြသည်။
သည်လိုအချိန်မျိုး တွင် ထောင်တွင်းသို့သည်လို ဧည့်သည်တွေရောက်လာသည့် အခါ ဖြစ်ခဲ့ဖူးသည့် သမိုင်းကြောင်း ကို မာတင်သိထားသည်။ ဘယ်နည်းနှင့်မျှ အကောင်း အဖြစ်နိုင်။ သူတို့က သူ့ကို လက်ထိတ် ခတ်လိုက်ကြသည်။ ပြီးတော့ ခြေထောက်ကိုပါ သံခြေချင်းခတ်လိုက်သည်။ မိုင်သုံးရာဝေးသည့် ရိတ်ဒ်ဗီးလ် ထောင် သို့ သူ့ကို ခေါ်သွား ကြလေပြီ။ ဟိုရောက်လျှင် ဘာတွေဖြစ်မည်၊ ဘယ်လို ကံကြမ္မာက စောင့်နေမည် ကို မာတင် မသိ။

အခန်းကျဉ်းကလေးထဲ့သို့ သူ့ကို ပစ်ထည့်လိုက်ကြသည်။ ရာဇ၀တ်သားတွေ ပြည့်ကျပ်နေသည့် အခန်း ကလေး။ သို့သော် အခြားအခြားသော အခန်းမျာျးွှ အကျဉ်းသား များဆီက စာတိုကလေးတွေ သူ့ ဆီရောက် လာသည်။ သူ့ကို ဘယ်ရွေ့ဘယ်မျှ လေးစား ကြောင်း၊ ကြည်ညိုကြောင်း ရေးလာသည့် စာရွက်ပိုင်း စာရွက်စ ကလေးများ။ အလွန်ကြမ်းတမ်း ရိုင်းပျသော ထောင်ဝါဒမှ လွဲ၍ အကျဉ်းသားအ ချင်းချင်း သူ့ကို ကူညီ ရိုင်းပင်း သဖြင့် မာတင်ခံသာနေသည်။
အေဒီထံ မှ သတင်းရောက်လာတော့ ကျွန်မအကြီအကျယ်စိတ်ဓာတ်ကျသွားသည်။ သူဘယ်လောက် စိတ်ထိခိုက်နေမည်ကို ကျွန်မမှန်းကြည့်နေသည်။ သူဘယ်လိုပင်ခံနိုင် ရည်ရှိသည် ဆိုစေဦး။ သူ့လူတွေကို သူ အလွန်ချစ်သည်။ တစ်ယောက်တည်း နေပြီး ဘယ်လောက် အထီးကျန်ဖြစ်နေရှာပြီလဲ။ ကျွန်မ ဒက်ဒီကင်း ကို ပြောလိုက်သည်။

"မဖြစ်ဘူး တစ်ယောက်ယောက် ဒီနေ့ လိုက်သွားမှဖြစ်မယ်"
ဒက်ဒီကင်း က သူ့သားကို အမြန်ဆုံးထောင်ထဲမှ လွတ်ဖို့ပဲ စဉ်းစားနေသည်။ လူရိုသေ ရှင်ရိုသေ ရှေ့နေတစ်ယောက်ဆီ သွားတွေ့ဖို့ ကျွန်မကိုပါ ခေါ်သည်။ သူ့နာမည်က မောရစ် အေဘရမ်။ ကျွန်မ တို့ သွား ဖို့ဟန်ပြင်နေတုန်းဖုန်းမြည်လာသည်။
ကျွန်မကောက် ကိုင်တော့ "မစ္စက်ကင်းပါလား၊ ခဏလေးနော်၊ အထက်လွှတ်တော်အမတ်မင်း ကနေဒီက စကားပြောပါရစေ တဲ့ရှင်"
သမ္မတလောင်း ဂျွန်အက်ဖ် ကနေဒီ မဲဆွယ်ဟောပြောပွဲများ၏ နောက်ဆုံးရက်များ ဖြစ်၏။ တီဗွီမှကြားနေကျ သူ့အသံကို ကျွန်မ မှတ်မိနေသည်။

"မင်္ဂလာပါ မစ္စက်ကင်း၊ ကျွန်တော် ဆီနိတ်တာ ကနေဒီပါ၊ ဒေါက်တာကင်း ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော် အများကြီး စိတ်မကောင်းပါဘူးခင်ဗျား၊ မစ္စက်ကင်းမှာ ကိုယ်ဝန်ကြီး နေ့စေ့လစေ့နဲ့ဆိုတာလည်းကျွန်တော် ကြား ပါတယ်၊ ကျွန်တော် လုပ်ပေး နိုင်တာ ရှိရင်အကူအညီပေးပါရစေ၊ အားမနာတမ်းပြောနိုင်ပါတယ် ခင်ဗျား"
"ကျေးဇူးတင် ပါတယ် ဆီနိတ်တာ၊ ခုလို ဂရုတစိုက်မေးဖော်ရတဲ့အတွက် အများကြီးလေးစားပါတယ်ရှင့်၊ ကူညီနိုင်တာ ကို ကူညီမယ်ဆိုတဲ့ အတွက် ဂုဏ်ယူ ပါတယ်ရှင့်"
သမ္မတ ဖြစ်တာ့မယ်ဆဲဆဲ လူတစ်ယောက်နဲ့ ကျွန်မ အမှတ်ထင်ထင် ပြောဖြစ်ခဲ့တဲ့ စကားလုံးများပါ။ ထိုတဒင်္ဂ တွင် ရုတ်တရက်ကျွန်မမည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွား ပါသည်။ မာတင်ပြောဖူးသည်ကို မှတ်မိသဖြင့် ကျွန်မ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားပါသည်။ သူကဘယ်ပါတီ သမ္မတလောင်းများနှင့်မျှ မပတ်သက်စေချင်။

နောက်မှ ဂျေအက်ဖ်ကေအကြောင်း ကျွန်မသိရသည်။ သူ့အဖွဲ့သားတွေက မာတင် ကိစ္စကြေငြာချက် တစ်ရပ်ထုတ် ဖို့တိုက်တွန်းကြသည်တဲ့။ ဒါကိုဂျော်ဂျီယာ ပါတီဝင် တွေက တောင်ပိုင်းမဲ လျော့သွားမှာ စိုး၍ လက် မခံကြ။ သို့သော် အလွန်ထက်မြက်သည့် ခေါင်းဆောင် တစ်ယောက်က သမ္မတလောင်းကို "အဲဒီကိစ္စ အသာထားလိုက်ပါ၊ မာတင်လူသားကင်းကို လွတ်အောင် ကျွန်တော် လုပ်ပေးမယ်" ဟုပြောဆို၏။ သည်ကြားထဲမှာ  ဂျေအက်ဖ်ကေက ကျွန်မဆီဖုန်းဆက်ဖြစ်အောင် ဆက်ခြင်းဖြစ်သည်။
သည့်နောက်ပိုင်း တွင်တော့ အဖြစ်အပျက်တွေကမြန်ဆက် သွက်လက်ာလသည်။ ဂျေအက်ဖ်ကေ ကျွန်မကို ဘာတွေပြောသည် ကို သတင်းထောက်တွေက သိချင်ကြသည်။ ကျွန်မက သမ္မတလောင်း၏ လူတွေနှင့် မတွေ့ရ ဘဲ ဘာမျှမပြောရဲ။ သို့သော် မကြာမတင်အတွင်းမာတင်လွတ်ဖို့အားတတ်စရာ သတင်းတွေ ကျွန်မ တို့ ကြား ရသည်။

နောက်မှ ကျွန်မတို့သိရသည်။ ရောဘတ်ကနေဒီက တရားသူကြီးမစ်ချယ်လ်နှင့် တွေ့ပြီး ဘာကြောင့် အာမခံ မပေးကြတာ လဲ မေးသည် ဆို၏။ သည်သတင်းကို မီဒီယာတွေ ရသွားတော့ ဖွကြသည်။ ဤသို့ဖြင့် မာတင် ချက်ချင်း အာမခံနှင့်လွတ်လာ သည်။ ကျွန်မတို့အားလုံးလေယာဉ်ကွင်း သွားကြိုကြသည်။ သူ့အဖေထောင်ထဲ မှ လေယာဉ်ပျံကြီးနှင့်ပြန်လာသည်ကို မာတီကလေးတွေ့သွားလေသည်။
ထိုညတွင် ပင် ကျွန်မတို့ လူထု အစည်းအဝေးခေါ်လိုက်သည်။ မာတင်က သူ၏ ထောင် အတွေ့အကြုံတွေပြောပြသည်။ နိုင်ငံရေး ကို တစ်ခွန်းမျှမပြော။

 သို့သော် ဒက်ဒီကင်း တစ်ယောက် စိတ်ပြောင်းသွားလေပြီ။ သူက နစ်ဆင်အား မဲပေးဖို့ပြင်ဆင်ထား သူ။ သူက လူထုကြီး ကို သူ့အသံသြကြီးနှင့် အော်ပြောသည်။
"ကျုပ်မှာ မဲတွေ သေတ္တာတစ်လုံးအပြည့်ရှိမယ်ဆိုရင် ဆီနိတ်တာ ကနေဒီရဲ့ ခြေရင်းမှာ သွားပုံပေးလိုက်မယ်"
ရက်အနည်းငယ် အတွင်း ဂျွန်အက်ဖ် ကနေဒီ သမ္မတ အရွေးခံရသည်။ နစ်ဆင်ထက် မဲတစ်သောင်းသာ ပိုရသည်။ သည်ကိစ္စနှင့် ပတ်သက်၍ သမိုင်းပညာရှင် များက မာတင်လူသားကင်း ကိစ္စကို ၀င်လိုက်၍ ကနေဒီ မဲနိုင်တာ ဟုကောက်ချက်ချ ကြသည်။ သူတို့ မှန်သည်ဟု ကျွန်မယုံကြည်ပါသည်။


၁၉၆၁ ခုနှစ်မတ်လထဲတွင် ဘတ်စ်ကားစီးခွင့်၊ အသားရောင် မခွဲစတမ်း၊ လူဖြူ လူမည်း တန်းတူ စီးခွင့် ထိုင်သပိတ် များ ဆင်နွဲ သည်။ လုံးဝနီးပါး အောင်မြင်သည်။ ထိုအခါ တောင်ပိုင်းတစ်ပိုင်းလုံး အသားရောင် ခွဲခြားမှု တိုက်ပွဲတွေ ဆင်လာသည်။ ပူးတွဲညှိနှိုင်းရေး ကော်မတီဖွဲ့သည့်အခါ မာတင် ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၆၁ ခုနှစ်မေလ ၄ ရက်နေ့တွင် လူဖြူနှင့် လူမည်း နှစ်ယောက် တစ်တွဲစီ လက်ချင်းချိန်ကာ ဂရေးဟောင်းနှင့် ထရေးဝေးစ် ဘတ်စ်ကားကုမ္မဏီကြီး နှစ်ခုမှ ကားများနှင့် လူအပြည့်စီးကာ သရုပ်ပြကြသည်။ တောင်ပိုင်းတစ်ခွင် တစ်မြို့ ၀င် တစ်မြို့ထွက်နှင့် နယူးအော်လီယန်းရောက်သည့်တိုင် စီးနင်းလိုက်ပါလာခဲ့ကြသည်။

ဤတွင် တောင်ပိုင်းသား လူမည်း မုန်းတီးရေး တစ်ဖက်စွန်းသမားများသည် ဒေါသ အမျက် ချောင်းချောင်း ထွက်လေတော့ သည်။ လူစုပြီး တတ်စ်ကားတွေကို တိုက်ခိုက်ကြသည်။ ခရီး သည်တွေကို ရိုက်နှက်ပြီး အတင်းဆွဲချကာ အချုပ်ခန်းတေါထဲထည့်သည်။ အင်နီစတွန်နှင့် အယ်လဘားမားကို ဖြတ်တော့ ကားမှန်တွေ ကို ခဲနှင့် ထုကြသည်။ ကားထဲသို့ မီးလောင်ဗုံး တစ်လုံးပစ်ထည့်သည်။ လူမဆန်သည့် လူဖြူတို့၏ အကြမ်းဖက်မှု အတွက် ကျွန်မတို့ လူတွေ တုံ့ပြန်တိုက်ခိုက်မည်ကို မာတင်တစ်ယောက် အလွန်အမင်း စိုးရိမ်နေလေသည်။
အခြားအဖွဲ့ တစ်ဖွဲ့မှအလားတူ ကားတစ်စိး မေလ ၂၀ ရက်နေ့တွင် မောင်ဂိုမာရီသို့ ရောက်ဖို့ ရှိသည်။ မာတင်က ကားဂိတ်တွင် သွားကြိုသည်။ ပွဲကြမ်းဖို့ စောင့်နေသူတွေက သုံးရာလောက် ရှိသည်။ ကားပေါ်က ပထမဆုံးဆင်းလာသူက တက္ကသိုလ် ကျောင်းသား အမေရိကန်လူငယ်။ အော်သံတွေ ဆူဆူညံညံ ထွက် လာသည်။

" နီဂရိုးချစ်တဲ့ အဲဒီ ခွေးသားကို ၀ိုင်းဆော်ကြဟေ့ "
လူတွေက လူငယ်ကို ၀ိုင်းရိုက်ကြသည်။ ထိုသူငယ်လမ်းပေါ်တွင် လဲကျပြီး သတိလစ်သွား သည်။ ကျွန်မတို့ စည်းကမ်း အတိုင်း သူက ဘာမှပြန်မလုပ်၊ လုံးဝမခုခံ။ သူ့ကိုယ်သူ ကာကွယ်ဖို့ပင် မကြိုးစား။ ဆေးရုံကားရောက်မလာမချင်း သူ လမ်းပေါ်တွင်လဲနေသည်။ တစ်နာရီလုံးလုံး သတိလစ်နေသည်။
နောက်ထပ် ဆင်းလာသူများထဲတွင် ဂျွန်ဆီဂယ်သလာပါသည်။ သူက တရားရေးဌာန ၀န်ထမ်း။ ခုတော့ နက်ရှ်ဗီးလ် တင်နက်ဆီယမ်တွင် အယ်ဒီတာဖြစ်နေပြီ။ သူ့ကိုလည်း ရက်ရက်စက်စက် ၀ိုင်းရိုက်ကြ၏။ အမ်အိုင်အေ အဖွဲ့သားတွေ က အတင်း ၀င်ကယ်သဖြင့် သူ အသက်မသေခြင်းဖြစ်သည်။
မောင်ဂိုမာရီ တွင် တစ်နေ့လုံးပွဲကြမ်းနေသည်။ ညပိုင်းရောက်မှ ပြည်ထောင်စု အစိုးရက ရဲ ၆၀၀ ပို့ပေးသည်။ အဓိကရုဏ်း နှိမ်နင်းဖို့နှင့် စည်းမဲ့ကမ်းမဲ့ သွေးဆာနေသူတွေကို ထိန်းဖို့ ရောက်လာသည့် ရဲတွေ ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ဖမ်းမည်ဟု ခြိမ်းခြောက်နေသည်။

ထိုစဉ် ရော့ဖ် အဘာနာသီ၏ ဘုရားကျောင်းတွင် မာတင်က လူထုအစည်းအဝေး ခေါ်မည် ဟူသည့် သတင်း ရေဒီယိုမှ ကြေညာသည်။ တောပိုင်းမှ တက်လာသည့် လူမျိုးရေး ခွဲခြားမှု တစ်ဖက်စွန်း သမားများ မောင်ဂိုမာရီသို့ ရောက်လာပြီး အစည်းအဝေး လုပ်နေသည့် ဘုရား ကျောင်းကို ၀ိုင်းလိုက်ကြသည်။ ကားအစီးပေါင်း များစွာ ၀ုန်းဒိုင်းကြဲပြီး ရောက်လာကြခြင်း ဖြစ်သည်။ အစည်းအဝေး တက်လာကြသည့် လူဖြူ လူမည်း ၁၂၀၀ ခန့် တို့ ဘုရားကျောင်း ထဲစုပြုံဝင်နေကြရသည်။

ခဲတွေ တဖြောင်းဖြောင်းကျလာသည်။ ဗိန္ဒုမှန်ကာ ပြတင်းပေါက်တွေ တခွမ်းခွမ်းကွဲကာ မှန်ကွဲစတွေ ပလူပျံနေ သဖြင့် လူတွေ ဒဏ်ရာရကြသည်။ သို့သော် သူတို့ ဘုရားဝတ်ပြုကြ သည်။ ဓမ္မသီချင်းတွေဆိကြသည်။ ပြီးတော့ လွတ်လပ်ရေး သီချင်းကို တည်ငြိမ်အေးဆေး စွာ သီဆိုကြသည်။ အပြင်က လူတွေက ဘုရားကျောင်းကို မိးရှို့မည် ဟု အော်ဟစ်ကြိမ်း မောင်းနေကြသည်။ သည်တော့မှ မာတင်က တရားသူကြီးချုပ်ဆီ ဖုန်းဆက်သည်။ တရား သူကြီးချုပ် က ရောဘတ်ကနေဒီ။ ရဲအင်အား ထပ်တိုးပေးဖို့ မာတင်က တောင်းဆိုသည်။
အကြမ်းဖက်သမားတွေက ဘုရားကျောင်းကို နာရီပေါင်းများစွာ ၀ိုင်းထားသည်။ မာတင်က ထွက်ပြီး သူတို့နှင့် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ့လူတွေကို ဘုရားကျောင်းထဲမှ ထွက်ခွင့်ပေးဖို့ပြောမည်။ ရော့ဖ်နှင့် သူ ဘုရားကျောင်းရှေ့တံခါးမှ ထွက်မည်လုပ်တော့ မျက်ရည်ယိုဗုံးတစ်လုံးတရှဲရှဲ မြည်ပြီး ပျံလာသည်။ မာတင့်ခေါင်းနှင့် လွတ်ရုံကလေး ပွတ်သွားသည်။ ဗုံးအောက်သို့ ကျသည့်အခါ မာတင့် လက်ထောက် တစ်ယောက် က မကွဲခင် ချက်ချင်း ကောက်ပြီး ပြန်ပစ်ထုတ်လိုက်သည်။ တစ်ယောက်က မာတင့် ကို ကျောင်းထဲသို့ အတင်း ပြန်ဆွဲသွင်းသွားသည်။

နောက်ဆုံးတွင်မှ အင်အားဖြည့်ဖို့ ရောက်လာသည့် ရဲများဖြင့် လူရမ်းကားလူဖြူများကို လူစု ခွဲနိုင်သည်။ မိုးစင်စင်လင်း မှ ကြောက်မက်ဖွယ်အန္တရာယ်ည ကုန်ဆုံးလေတော့သည်။ သည်တော့မှ ကျောင်းထဲတွင် ပိတ်မိနေ သူတွေ အိမ်ပြန်ကြရသည်။
လူဖြူ လူမည်း တွဲ၍ လွတ်လပ်စွာ ဘတ်စ်ကားစီးသူတွေက သူတို့အလုပ် သူတို့ တစ်နွေလုံး ဆက်လုပ်ကြသည်။ တဖြည်းဖြည်းနှင့် အနှောင့်အယှက် နည်းလာပြီး သူတို့ အောင်မြင်မှု ရနေကြသည်။ သည်အုပ်စုထဲမှ သတ္တိခဲ လူငယ်များ ကို မာတင်က သူနှင့်အတူတူ အလုပ် လုပ်ဖို့ ဖိတ်ခေါ်လိုက်သည်။
သူတို့ အဖွဲ့ အတွက် ပြည်ထောင်စု ခရစ်ယာန် ဘုရားကျေင်းမှ ရန်ပုံငွေ ဒေါ်လာ လေးသောင်းငါးထောင် ထည့်ဝင် လှူဒါန်းသည်။ လူသစ် ကလေးများထဲမှ နီဂရိုးလူငယ် ဓမ္မဆရာ အင်ဒရူးယန်းသည် မာတင်၏ အား အကိုးရဆုံး လက်ထောက် တစ်ယောက်ဖြစ် လာခဲ့သည်။

မာတင်၏ နောက် ခြေလှမ်းမှာ အယ်ဘာနီနှင့် ဂျော်ဂျီယာတွင် လှုပ်ရှားဖို့ဖြစ်သည်။ သည်နှစ် နေရာက လူမျိုးရေး အခွဲခြား ဆုံး နေရာများဖြစ်သည်။ သည်နှစ်မြို့တွင် အသား အရောင် ခွဲခြားမှုကို ခေါင်းဆောင်တိုက်နေသည့် လူမည်းခေါင်းဆောင် မှာ လူရိုသေ ရှင်ရို သေခွဲစိတ် ဆရာဝန်ကြီးဒေါက်တာဝီလျံအင်ဒါဆင်ဖြစ်သည်။ ပြဿနာ စခဲ့သည် မှာ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလထဲတွင် ဖြစ်သည်။ လူမည်း ငါးဦးက ဘတ်စ်ကားမှတ်တိုင် စားသောက်ဆိုင် တွင်ဝင်ပြီး ထမင်းဟင်းမှာသည်။ ယင်း အတွက် ငါးယောက်စလုံး အဖမ်းခံရသည်။ သူတို့ ငါးယောက် လွတ်မြောက်ရေးအတွက် လိုက်လံဆောင်ရွက်သူ လူမည်းများကိုလည်း ထောင်ထဲ ဆွဲထည့်လိုက် ကြသည်။ ဒေါက်တာ အင်ဒါဆင် က မာတင်ဆီ ဖုန်းဆက်ပြီး အကူအညီတောင်းသည်။

မာတင်နှင့် ရော့ဖ် ခေါင်းဆောင်ပြီး လူမည်း အချို့နှင့် လိုက်သွားကြသည်။ အားလုံးကို ဖမ်းထည့် လိုက်ပြန်သည်။ သို့သော် ညှိနှိုင်းဖို့တော့ နှစ်ဖက် သဘောတူကြသည်။ မြို့အာဏာပိုင်တွေက ဘတ်စ်ကားတွေ၊ မီးရထားတွေ ပေါ်တွင် လူဖြူ လူမည်း အတူစီးဖို့ သဘောတူသည်။ လူမည်းတို့က၇ လူစုလူဝေးနှင့် မဆူဖို့ သဘောတူ ရသည်။ အဖမ်းခံရသူအားလုံး လွတ်လာကြ သည်။ ဒီဇင်ဘာလထဲတွင် ကားလိုင်းများက လူဖြူ လူမည်း အတူ စီးခွင့်ပြုကြောင်း ကြေညာသည်။
သည်တိုက်ကွက် ကို မာတင်က သဘောကျသည်။ ငြိမ်းချမ်းစွာဖြင့် လိုတာ ရလိုက်ခြင်းမဟုတ်လား။ သို့သော် မြို့ခံ လူမည်း များက စားသောက်ဆိုင်မျာ်းတွင် လူမည်းများ အသားရောင် ခွဲခြားခံနေရဆဲကိစ္စကို ဆက်လက် တိုက်ပွဲဝင်ချင်သည်။ ထို့ကြောင့် သည်လို ခွဲခြား သည့် ဆိုင်များကို မ၀င်ဖို့ မာတင်က အကြံပေးလိုက်သည်။

သည်လှုပ်ရှားမှုအတွက် ဇူလိုင်လထဲတွင် မာတင်နှင့် ရော့ဖ်ကို တရားရုံးက အပြစ်ပေးလိုက်သည်။ ဒဏ်ငွေ ၁၇၈ ဒေါ်လာ။ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးဆယ့်ငါးရက်၊ ကြိုက်ရာရွေးစေ။ သူတို့ နှစ်ယောက်စလုံးက သူတို့ မူ အရ ဒဏ်ငွေ ဆောင်ဖို့ ငြင်းလိုက်ကြသည်။ သို့သော် သူတို့ကို အသိ မပေးဘဲ တစ်စုံတစ်ယောက်က ဒဏ်ငွေ ဆောင်လိုက်သဖြင့် သူတို့ထောင်ထဲ မ၀င်ရတော့ပေ။
မြို့နယ် အာဏာပိုင် များကလည်း သူတို့ကို သဲသဲမဲမဲ ငြိုးသည်။ သူတို့ကလည်း ဇွဲကောင်းကောင်း နှင့် လူမည်းတို့ အခွင့်အရေး ကို ဆက်အရေးဆိုသည်။

သူတို့ဘက်က ကံကောင်းသည့် တစ်ချက်မှာ နောက် ရောက်လာသည့် ရဲမှူးကြီး လော်ရီပရီချေးက သဘောကောင်းသူဖြစ်နေခြင်းပင်။ သူတို့ကို ချီတက် ဆန္ဒပြခွင့်ပြုသည်။ သို့သော် သူက ရပ်ဆိုလျှင် ထိုနေရာ တွင် ရပ် ရမည်။ ရပ်ရမည့် နေရာတွင် ရပ်ဟု သူက အမိန့်ပေးလိုက်လျှင် ကျွန်မတို့ လူတွေက ရှေ့ဆက် မသွားတော့ ဘဲ ရပ်လိုက်ကြသည်။ မြေကြီးပေါ်တွင် ဒူးထောက်ကာ ဘုရားရှိခိုးကြသည်။ ထိုအခါ ရဲမှူးကြီး ပရီချေး က ဦးခေါင်းကို ညွတ်ပြီး ဘုရား အာရုံပြုသည်။
သို့သော် တရားရေးဌာနက အရေးယူသည်။ မာတင်၊ ရော့ဖ်နှင့် ဒေါက်တာ အင်ဒါဆင်တို့ကို ဖမ်းဆီး လိုက်သည်။ အမှုကို သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ဆေးမည်တဲ့။

ကျွန်မနှင့် ကလေး သုံးယောက် အတ္တလန္တာတွင် ရောက်နေသည်။ ၁၉၆၁ ခုနှစ်၊ ဇန်န၀ါရီလတွင် မွေးသည့် သားအလတ်ကို ဒက်စတာဟု အမည်ပေးထားသည်။ ကျွန်မတို့ အလွန်ချစ်သော ဘုရားကျောင်း နာမည်ကို မကြာခဏ ထောင်ဝင်စာတွေ့သည်။ ရဲမှူးကြီးက ကျွန်မကို အစားအသောက်တွေ၊ စာအုပ်တွေ ပို့ခွင့်ပြုသည်။ ရေဒီယိုကလေး တစ်လုံးလည်း ပို့ခွင့်ပြုသည်။ တစ်ခေါက်တွင်တော့ ယိုကီနှင့် မာတီ့ကိုပါ ကျွန်မ ခေါ်သွားသည်။ သူတို့အဖေကို ထောင်ကျအဖြစ် ဖြင့် သူတို့ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ မာတင့်ကို ကလေးတွေနှင့် စကားပြောခွင့်ပြုသည်။ ၀ရန်တာတွင် သူတို့ လွတ်လွတ်လပ်လပ် ကစားကြသည်။
မာတင်နှင့် ရော့ဖ် အဘာနာသီကို တရားရုံးက ရွှေ့ဆိုင်းပြစ်ဒဏ်ပေးပြီးမှ လွှတ်ပေးလိုက်သည်။ လွတ်လာပြီ ဆိုသည်နှင့် သူတို့ နှစ်ယောက်ကလုပ်လက်စ အလုပ်တွေ ဆက်လုပ်ကြသည်။ ပြည်နယ် အာဏာပိုင်တွေ က ပြည်ထောင်စု အစိုးရထံမှ တားမြစ်ပိုင်ခွင့်အာဏာရထားသည်။

မာတင်က ရောဘတ် ကနေဒီနှင့် တရားရေးဌာနမှ ဘတ်ခ်မာရှယ်ကို ဖုန်းဆက်သည်။ သူတို့နှစ် ယောက်က အယ်လ်ဘာနီ လှုပ်ရှားမှု ကို ရပ်ပစ်လိုက်ဖို့ အကြံပြုသည်။ မာတင် အကြီးအကျယ် စိတ်ပျက်သွားသည်။ သို့သော် အယ်လ်ဘာနီ အောင်မြင်မှုသည် မောင်ဂိုမာရီလောက် မကြီးမား သော်လည်း ဂျော်ဂျီယာ အနောက်တောင်ပိုင်း လူမည်းတို့ အတွက် စံနမူနာ ဖြစ်သွားလေသည်။

သည်ကာလပိုင်း အတွင်း ကျွန်မနှင့် မာတင်သည် ကလေးများ ကျောင်းထားရေးကိစ္စ၊ သူတို့ အနာဂတ် ကိစ္စများကို ပြန်လှည့်ကြည့်နေကြရသည်။ ကျွန်မတို့ နှစ်ယောက်သည် သားသမီးကလေးများကို အကြောက်တရားကင်းဝေးအောင် လုပ်သည်။ တစ်ပြိုင်တည်းတွင် အမုန်း တရားလည်း သူတို့ ရင်ထဲတွင် ခိုတွဲ၍ မနေစေချင်။ သည်အတွက် ကျွန်မတို့ လင်မယား ရတက်မအေးဖြစ်နေကြသည်။
ယိုကီ သည် သူ့ပြဿနာကို သူ့ဘာသာရှင်းတတ်သည့် ကလေးဖြစ်သည်။ ထူးခြားသည့် အရည် အချင်း တစ်ခုဖြစ်ပါ၏။ တစ်နေ့တွင် ယိုကီ ကျောင်းမှ ပြန်လာသည်။ သူ့ မျက်နှာမှာ ကျေနပ် ရောင့် ရဲမှုဖြင့် ကြည်လင်နေ သည်။ သူက မအေကို ပြန်ပြောသည်။ တစ်နေ့ တစ်နေ့ ကြားနေရတာတွေက စိတ်ကုန်စရာ ကောင်းလြာံပီ "တဲ့။ ဆရာမ က အတန်းထဲမှ ထွက်လာပြီး အခြားကလေးတွေကို ပြော သည်တဲ့။ " ကလေးတို့ အားလုံး ညီအစ်ကို မောင်နှမတွေလို တန်းတူ ရည်တူ ဆက်ဆံရ မယ်နော်"တဲ့။

အတန်းထဲတွင် အားလုံးလူဖြူကလေးတွေချည်းပဲလေ။
ကျွန်မက ရယ်ပြီး " အဲဒါ ကောင်းတာပေါ့သမီးရဲ့" ဟု နှစ်သိမ့်ရသည်။ ခုနစ်နစ် သမီးကလေး၏ ဉာဏ်ကို ကျွန်မနှင့် မာတင် အားရနေကြသည်။
မာတီခမျာတော့ နာမည်စီးနေ၍ ဒုက္ခရောက်ရရှာသည်။ (အဖေနာမည်ကို ယူထားခြင်းကြောင့်ဖြစ်၏) သည် နာမည်ကြောင့် သူ့မှာ အဖြူကလေးများ၏ ရန်လို မုန်းတီးခြင်း ခံရ ရှာသည်။ သူ တတိယတန်းအရောက်တွင် အတန်းထဲမှ လူဖြူကလေးတစ်ယောက်က ပြောသည် တဲ့။ "မင်းအဖေက နာမည်ကြီး ငမည်းကောင်ပဲ " မာတီက အဖေနှင့် အမေကို ပြန်မေး သည်။ " လူမည်းလို့ပြောရင် ရတာပဲ၊ ဘာလို့ ငမည်းကောင် လို့ ပြောတာလဲ " အဓိပ္ပာယ် အတူတူပေမယ့် နှိမ်ခေါ်တာမျိုးဖြစ်ကြောင်း၊ မလိုမုန်းထားမှု ပါကြောင်းစသည် စသည် တို့ကိုသိ၍ မဖြစ်။ ကျွန်မ က ရှင်းပြရသည်။

" အတူတူပါပဲ သားရယ်၊ သူတို့ စားလုံးမပေါင်းတတ်လို့ပါ၊ သားက ဂျော်ဂျီယာ ပြည်နယ်သား လူကြီး လူကောင်း ပဲဟာ " ဒက်စတာကလေး လေးနှစ် ရောက်သည့်အခါ အလားတူ ပြဿနာနှင့် ကြုံရပြန်သည်။ ငိုအားထက် ရယ်အားသန် ရသည့်အဖြစ်။ " မေမေ။ လူတချို့က ဘာလို့ ငမည်းကောင်ုလို့ ခေါ်တာလဲဟင် "
" လူမည်း လို့ မခေါ်တတ်လို့ပေါ့ သားရယ် " ကျွန်မ သည့်ထက် ပိုမပြောတတ်ပါ။ ကျွန်မ ထင်ပါသည်။

သူတို့ အဖေနှင့် အမေက အသားရောင် ခွဲခြားမှုအတွက် တိုက်ပွဲဝင်နေကြသူများဖြစ်၍ ကျွန်မတို့၏ သားသမီးကလေးတွေ ကို လူဖြူကလေးများက ရန်ရှာနေကြခြင်းဖြစ်မည်။ အတ္တလန္တာတွင် " ဖန်းတောင်း" ဟူသည့် ပန်းခြံကြီး ဖွင့်တော့မည်ဟု အကြီး အကျယ် ကြေညာတော့ ပြဿနာ နောက်ထပ် တစ်မျိုး တိုးလာပြန်သည်။
ကလေးတွေ က တီဗွီသီချင်းများကို အမြဲ စောင့်ကြည့်ကြသည်။ ဖန်းတောင်း သီချင်းပေါ်လာတော့ လိုက်တောင် ဆိုကြ သည်။ သူတို့က ပန်းခြံကို လိုက်ပို့ဖို့ ပူဆာကြသည်။ ကျွန်မတို့က အကြောင်း အမျိုးမျိုးပြပြီး ငြင်း ရတော့သည်။ လူမည်းကလေး များ မ၀င်ရသည့် ပန်းခြံဖြစ်ကြောင်း အသိပေး၍ မဖြစ်ပါ။ တစ်နေ့တွင်တော့ ယိုကီ က ဂျီတိုက်လာသည်။ " မေမေက တမင် မပို့ချင်လို့ မဟုတ်လား" တဲ့။ သူ့မျက်လုံးတွေကို ကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ် သွားသည်။

" ဒီမယ် သမီး ယိုလင်ဒါ ဖန်းတောင်း ပန်းခြံ ကို တည်ဆောက်တဲ့ လူတွေက ခရစ်ယာန် စစ်စစ်တွေ မဟုတ်ဘူး၊ သူတို့က သူတို့ ပန်းခြံကို လူမည်းတွေလာတာ မကြိုက်ဘူးသမီး" ယိုကီ ငို ပါလေတော့သည်။ သည်တော့ ကျွန်မက ရှင်းပြရသည်။ ဖန်းတောင်းကို သမီးတို့ သွားလို့ ရအောင်၊ ဘယ်နေရာမဆို သူတို့နဲ့ တန်းတူ သွားလို့ လာလို့ ရအောင် လုပ်နေတာလေ " သူ သဘောပေါက်သွားသည်။ အဖေ အိမ်မကပ်အားသည်ကိုလည်း သူ နားလည် လာသည်။

လပေါင်းများစွာ ကြာမှ ဖန်းတောင်းကို လူမည်းတွေပါ ၀င်ခွင့်ရကြောင်းကြားရသည်။ ကျွန်မနှင့် မာတင်က ယိုကီနှင့် မာတီ့ကို ဖန်းတောင်းသို့ပို့ပေးသည်။ ကလေးတွေနှင့်အတူ မာတင် ပျော်နေပုံမှာ ဟိုတစ်ခါက ရီဗီးယား ကမ်းခြေသို့ ရောက်ခဲ့သည့် အတိုင်းပင်။ လူဖြူ အမျိုးသမီးတစ်ယောက်က ကျွန်မကို လာနှုတ်ဆက်သည်။
" မစ္စက်ကင်းပါလားရှင်" ကျွန်မက ဟုတ်ကြောင်း ပြန်ပြောတော့ " ရှင် ဒီကို ရောက်လာတဲ့အတွက် ကျွန်မ သိပ်ဝမ်းသာတာပဲ"တဲ့။ အဖေ အောင်ပွဲခံနေတာကို မျက်ဝါးထင်ထင် တွေ့သွားတော့ ကလေးတွေ အရမ်းပျော်နေကြ သည်။

လူမည်းကလေးများ၏ မိဘတွေမှာ အလန် နားလည်ရခက်ခဲသည့် ပြဿနာများနှင့် ရင်ဆိုင်ကြရ သည်။ လူဖြူတို့ ၏ အလှအပအပေါ် မြင်ပုံမှာ ထူးထူးခြားခြား အဖျက်သဘောဆောင်နေသည်။ တီဗွီတွင် လာနေသည့် ရုပ်ရှင် ဇာတ်လမ်းများမှာ အသားဖြူခြင်းနှင့် ဆံပင်ဖြောင့်ခြင်းကို အလှအပ အဖြစ် ဖော်ပြကြသည်။ " အမည်းရောင် သည် အလှတပါးဖြစ်သည်" ဟူသည့် အဆိုကို လူမည်း ကလေးများ နားလည်ဖို့ လိုသည်။ ဒါကို သူတို့ ကလေးတွေ လက်နက်အဖြစ် အသုံးပြုနိုင်ရမည်။
သူတို့ ၏ အသားရောင်သည် ကျန်းမာသန်စွမ်းသည့် အသားရောင်ဖြစ်ကြောင်း၊ ညိုမောင်းသော အသားရောင် ရှိဖို့ မည်မျှ အရေးကြီးကြောင်း၊ သူတို့ကို ကျွန်မ သိစေချင်ပါသည်။ တစ်နေ့ ကျွန်မ ပြောပြဖို့ အကွက် ဆိုက်ခဲ့ပါသည်။

ယိုကီက မေးသည်။
" အမေ လူဖြူတွေက ချောပြီး ဘာလို့ နီဂရိုးတွေက အရုပ်ဆိုးတာလဲ "
ရုတ်တရက် ကျွန်မ စိတ်ညစ်သွားပြီး ပါးစပ် အဟောင်းသား ဖြစ်နေသည်။
" အဲဒီလို မဟုတ်ဘူး ယိုလင်ဒါ၊ လူမျိုးတိုင်း လူမျိုးတိုင်းမှာ ချောတဲ့လူတွေရှိတာချည်းပဲ "
အက်ဘနီ (အမည်းရောင်)မဂ္ဂဇင်း တစ်စောင်ကို ရှာပြီး သူနှင့်အတူ လှန်လိုက်သည်။

" ကြည့်စမ်း ဒီမိန်းကလေးဘယ်လောက် လှသလဲ၊ ဟောဒီမှာကြည့် သူက ချောလိုက်တာနော် "
ယိုကီ က ခေါင်းတညိတ်ညိတ်နှင့် အင်း လိုက်နေသည်။ မဂ္ဂဇင်းတစ်အုပ်လုံး ကုန်သွားတော့ ယိုကီ မှတ်ချက် ချသည်။ " လူမည်းတွေက ချောပြီး၊ လူဖြူတွေက အရုပ်ဆိုးတာပါနော် မေမေ" ကျွန်မ ပျာပျာသလဲ တားလိုက်ရသည်။

" မဟုတ်ဘူး သမီး၊ မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး " စလုံးရေစ မှ ကျွန်မ ပြန်ကောက်ရတော့သည်။
သူကလေး သဘောပေါက် ဖို့ ကျွန်မတို့ တိုက်ပွဲအကြောင်းက စရသည်။ ဘာကြောင့် လူမည်းမိဘ တွေက တစ်မြေ တည်းနေ တစ်ရေတည်းသောက် လူဖြူတွေနှင့် တန်းတူ အခွင့်အရေး ရဖို့ တိုက်နေရကြောင်း၊ သူတို့ (လူမည်း) ကလေးတွေ အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ သည်တိုက်ပွဲတွင် လူဖြူတွေပါ မိမိတို့ဘက် ပါလာပြီဖြစ်ကြောင်းများ ကို ပြောပြရသည်။

ဆက်ရန်
.

No comments: