Saturday, June 16, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃၉)

"ကေဗင်ခန်းထဲမှာတွေ့ရတာ ရဘက်ကာ ရဲ့အလောင်းပါ ညီမလေးရယ်.." "မဟုတ်ဘူး… မဖြစ်နိုင် ဘူး… မဟုတ်ရဘူး" "ဘုရားရှိခိုးကျောင်းထဲမှာ သဂြုင်္ိဟ်ထားတာက ရဘက်ကာရဲ့အလောင်း မဟုတ်ဘူး။ ဘယ်သူမှန်းမသိ တဲ့ မိန်းမ တစ်ယောက် ရဲ့အလောင်း။ ဘယ်သူကမှ သူတို့အလောင်းပါ လို့ လာပြောခြင်းမခံရတဲ့ မိန်းမ တစ်ယောက်ရဲ့ အလောင်း။ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်။ ရဘက်ကာ ဟာ ရေနစ်သေသွား တာ မဟုတ်ဘူး။ အစ်ကို သတ်ပစ် လိုက်တာ။ ကမ်းခြေက တိုက်ပုလေး ထဲမှာ ရဘက်ကာကို အစ်ကို ကိုယ်တိုင် သေနတ်နဲ့ပစ် သတ် လိုက်တာ။ သူ့အလောင်းကို အစ်ကို သယ်ပြီး ကေဗင်ခန်းထဲကို ပို့ခဲ့တယ်။ ပြီးတော့ သင်္ဘောကို ပင်လယ်ထဲ ယူ သွားပြီး နှစ်ပစ်ခဲ့တယ်။ ဒီကနေ့ သူတို့တွေ့တဲ့နေရာမှာပဲပေါ့။ ကေ ဗင်ခန်းထဲမှာ သူတို့တွေ့တဲ့ အလောင်း ဟာ ရဘက်ကာ ပဲ။ အစ်ကို့ မျက်လုံးတွေ ကို မင်းကြည့်ပြီး "အစ်ကို့ ကို ချစ်ပါတယ်"လို့ အခု ပြောနိုင်သေးရဲ့လား" ကို ဆက်ဖတ်ရန်...

အခန်း (၂၀)

စာကြည့်ခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဂျက်စ်ပါ က သူ့ခြေထောက်ကို ပြန်ကိုက်နေသည့် အသံသာ ကြားရသည်။ သူ့ခြေထောက်ထဲ မှာ ဆူးစူးနေသည်ထင်၏။ သည့်နောက် မက်ဇင်မ်၏လက် ပတ်နာရီမှ စက်သံ ကို ကြားရသည်။ တကယ်ဆိုတော့လည်း သည်အသံများသည် နေ့စဉ်ကြားနေကျ အသံများပင် ဖြစ်ပါ၏။
သို့သော် မက်ဇင်မ်၏လက်ပတ်နာရီစက်သံကို နားထောင်ရင်း ကျောင်းတုန်းက သင်ခဲ့ရဖူးသည့် "အချိန် နှင့် ဒီရေ သည် လူကိုမစောင့်" ဆိုသော စကားပုံကလေးကို သွားသတိရသည်။ တဆက်တည်းပင် ဂျက်စ်ပါ၏ သူ့ခြေထောက် သူပြန်ကိုက်နေသံနှင့် နာရီစက်သံတို့သည် "အချိန်နှင့်ဒီရေသည် လူကို မစောင့်… အချိန်နှင့်ဒီရေ သည် လူကို မစောင့်…" ဟု အော်ဟစ်နေကြသလို ကျွန်မနားထဲမှာ ကြား ယောင်လာသည်။

လူများ သည် အကြီးအကျယ် တုန်လှုပ်ချောက်ချားကြသောအခါ သို့တည်းမဟုတ် ခန္ဓာကိုယ်မှ ကိုယ် အင်္ဂါအစိတ်အပိုင်း တစ်ခုခု ပြတ်ထွက်သွားသောအခါ ချက်ချင်းတော့ ဘယ်လိုမျှမခံစားရဟု ကျွန်မ ထင် ပါသည်။ လူတစ်ယောက်၏ လက်တစဖက် ပြတ်ထွက်သွားသောအခါ ထိုသို့ လက်ပြတ်ထွက်သွား ကြောင်း စစချင်း မသိနိုင်။ လက်ချောင်းကလေးများရှိနေသေးသည်ဟု ထင်ရသည်။ ထိုလက်ချောင်း ကလေးများကို လှုပ်၍ ရှား၍ ရသေးသည်ဟု ထင်ရသည်။ မက်ဇင်မ်၏ရှေ့ မှာ ကျွန်မ ဒူးထောက်ပြီး ထိုင် နေပါသည်။ ကျွန်မတို့၏ ခန္ဓာကိုယ်နှစ်ခု ထိကပ် ၍နေပါသည်။ သူ့ပခုံးပေါ်မှာ ကျွန်မ၏လက်များကို တင် ထားသည်။

သို့သော် ကျွန်မမှာ ဘာခံစားချက်မျှမရှိ။ နာကျင်ခြင်းလည်း မရှိ။ ပူပင်သောကရောက်ခြင်းလည်း မရှိ။ ကြောက်ရွံ့ ထိတ်လန့်ခြင်းလည်း မရှိ။ ဂျက်စ်ပါ၏ခြေထောက်မှ စူးနေသော ဆူးကို မည်သို့နုတ်ပေးရပါ မည်လဲဟုသာ စဉ်းစားနေ မိသည်။ လက်ဖက်ရည်ပန်းကန်များကို ရောဘတ် လာသိမ်းလျှင် ကောင်းမှာ ပဲဟုသာ စဉ်းစားနေ မိသည်။ ဂျက်စ်ပါ ၏ခြေထောက်မှ ဆူး၊ မက်ဇင်မ်၏လက်ပတ်နာရီ၊ ရောဘတ်နှင့် လက်ဖက်ရည်များကို စဉ်းစားနေမိခြင်း သည် ထူးဆန်းသလိုဖြစ်နေပါသည်။

သို့ကလို ဘာခံစားချက်မျှမရှိသော အဖြစ်ကို သိလိုက်ရသောအခါ ကျွန်မ တုန်လှုပ်ချောက်ချားသွားမိပါ သည်။ တဖြည်းဖြည်း ချင်း ခံစားချက်များ ပြန်ရှိလာရမည်ဟု ကျွန်မကိုယ်ကျွန်မ ပြန်လည်အားပေးနေမိ ပါသည်။ တဖြည်းဖြည်း ချင်း သဘောပေါက်နားလည်လာရမည်ဟု စိတ်တင်းထားမိပါသည်။ တစ်စစီဖြစ် နေသော အပိုင်းအစ ကလေးများကို ဆက်ယူလိုက်သောအခါ ပြည့်စုံသည့်ပုံသဏ္ဌာန်တစ်ခုဖြစ်လာသ ကဲ့သို့ မက်ဇင်မ် ပြောပြသည်များမှာလည်း တဖြည်းဖြည်း ပုံပေါ်လာပါသည်။ ယခုအချိန်ကလေးမှာ တော့ ကျွန်မသည် ဘာမျှ မဟုတ်။ အသည်းနှလုံး မရှိ။ စိတ်လည်းမရှိ။ ခံစားချက်လည်း မရှိ။ မက်ဇင်မ်၏ လက်ထဲမှာ အဝိညာဏ် က သစ်တုံးတစ်တုံးလို ဖြစ်နေသည်။

ထို့နောက် ကျွန်မကို သူ နမ်းပါသည်။ သည်လို နမ်းပုံမျိုးတစ်ခါမှ သူ မနမ်းခဲ့ဖူးပါ။ သူ့ခေါင်းကို တအား ပြန်ဖက်ထားပြီး မျက်လုံး များကို မှိတ်ထားလိုက်မိပါသည်။
"မင်း ကို အရမ်းချစ်တယ်… သိပ်ကို ချစ်ပါတယ်ကွယ်" သူက လေသံကလေးဖြင့် ပြောသည်။
ထိုစကားမျိုး ပြောစေလိုသည့် ဆန္ဒ ကျွန်မမှာ နေ့တိုင်း ညတိုင်းဖြစ်ပေါ်ခဲ့ရပါသည်။ ယခုတော့ သူ ပြော လေပြီ။ မွန်တီကာလို အပန်းဖြေစခန်းမှာတုန်းကရော၊ အီတလီနိုင်ငံမှာတုန်းကရော၊ ယခု မန်ဒါလေစံ အိမ်ကြီး သို့ရောက်ပြီးသည့်နောက်ပိုင်း အချိန်မှာရော ကျွန်မ အငမ်းမရ မျှော်လင့်စောင့်စားခဲ့ရသည့် စကားလုံး ဖြစ် ပါသည်။ ယခုတော့ သည်စကားကို သူ ပြောလေပြီ။ မျက်လုံးကိုဖွင့်ပြီး သူ့ခေါင်းပေါ်ရှိ ခန်းဆီးမှ ပန်းပွင့်ကလေး များကို ကြည့်နေမိပါသည်။

သူကမူ ကျွန်မ ကို မရောင့်ရဲ မတင်းတိမ်နိုင်အောင် ဆက်ပြီး နမ်းနေပါသည်။ ကျွန်မ၏နာမည်ကိုလည်း ဗလုံးဗထွေး ရေရွတ်နေ ပါသည်။ ကျွန်မကတော့ ခန်းဆီးပေါ်မှ ပန်းပွင့်ကလေးများကိုသာ ငေးမြဲငေး ကြည့်နေမိ ပါသည်။ နေလျက်ထားသောကြောင့် အရောင်ဖျော့နေပြီ။ ငါ ဘယ်လောက်တည်ငြိမ်နေ လိုက်သလဲ၊ ငါ ဘယ်လောက်အေးတိအေးစက်နိုင်လိုက်သလဲ။ ခန်းဆီးပေါ်က ပန်းပွင့်ကလေးတွေကို ငါ ကြည့်နေတယ်။ မက်ဇင်မ် ကတော့ ငါ့ကို သဲကြီးမဲကြီး နမ်းနေတယ်။ ငါ့ကို သူ အရမ်းချစ်ကြောင်း ပထမဦးဆုံးအကြိမ် အဖြစ်နဲ့ တဖွဖွပြောနေတယ် ဟု စိတ်ထဲက တွေးနေမိသည်။ ထို့နောက် ကျွန်မကို သူ ဆက်မနမ်းတော့ဘဲ အသာတွန်းဖယ်ကာ ထိုင်ရာမှထရပ်ပါသည်။

"မင်းသိပြီ မဟုတ်လား… ကိုယ်ပြောတာ မှန်တယ်လေ… သိပ်ကို အချိန်နောက်ကျသွားပြီ။ ကိုယ့်ကို မင်း အခု မချစ်တော့ ဘူး။ ဘယ် ချစ်နိုင်တော့မှာလဲ။ ကဲ… ဒါတွေကို မေ့ပစ်လိုက်ကြရအောင်။ နောက် ထပ်လဲ ပြန်မဖြစ်နိုင်တော့ ပါဘူးလေ…" ကျွန်မ ချက်ချင်း သဘောပေါက်လိုက်ပါသည်။ နှလုံးသွေးတွေ ဆူပွက်ပြီး ထိတ်လန့်စိုးရိမ်မှုတွေ ချက် ချင်းပေါ်လာ ပါသည်။ "နောက်မကျသေးပါဘူး အစ်ကို…" ထိုင်ရာမှထပြီး သူ့ဆီသို့ သွားသည်။ ကိုယ်ပေါ်မှာ လက်နှစ်က်ကို တင်ထား လိုက် ပါသည်။

"ဒီစကားမျိုး မပြောပါနဲ့ အစ်ကိုရယ်… အစ်ကို နားမလည်လို့ပါ။ ဒီကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံး ထက် ပိုပြီး အစ်ကို့ကို ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကို အစ်ကို အခုလို နမ်းတော့ ရုတ်တရက် အံ့သြပြီး တုန်လှုပ်သွား မိပါတယ်။ ဘာကိုမှ မခံစားနိုင်တော့ပါဘူး။ အသက်ရှူဖို့ကိုတောင် မေ့သွားပါတယ်။ ကျွန်မ ရင်ထဲမှာ ဘာခံစားချက်တွေ မှ မရှိတော့သလို ဖြစ်သွားပါတယ်"
"အစ်ကို့ ကို မင်း မချစ်ပါဘူး။ ဒါကြောင့် ဘာခံစားချက်မှ မရှိတာပေါ့။ အစ်ကို သိပါတယ်။ အစ်ကို သဘောပေါက် ပါတယ်။ မင်းအတွက် သိပ်ကို အချိန်နောက်ကျသွားပြီမဟုတ်လား" "မဟုတ်ပါဘူး အစ်ကို"
"လွန်ခဲ့တဲ့ လေးလလောက် က ဒီအဖြစ်မျိုးဖြစ်ခဲ့ဖို့ ကောင်းတယ်။ အစ်ကို သိခဲ့ဖို့ကောင်းတယ်။ မိန်းမ တွေ ဟာ ယောက်ျားတွေ လို မဟုတ်ဘူး" "အစ်ကို ထပ်နမ်းတာ ခံချင်ပါတယ်ကွယ်… နမ်းပါဦး အစ်ကိုရယ်"
"တော်ပါပြီ။ အခုမှတော့ ဘယ်လိုမှ အသုံးမဝင်တော့ပါဘူး"

"ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အဆုံးရှုံးမခံနိုင်တော့တဲ့ အချိန်ပါ အစ်ကိုရယ်။ ကျွန်မတို့ တစ် သက်လုံး တစ်စိတ်တစ်ဝမ်း တည်း ရှိရတော့မယ်။ ဘာလျှို့ဝှက်ချက်မှ မရှိရတော့ဘူး။ ဘာအရိပ်မှ မရှိရ တော့ဘူး။ ဘာအရိပ် မှ မရှိရတော့ဘူး။ နမ်းပါဦး အစ်ကိုရယ်… အခုနလို နမ်းပါဦး…"
"အချိန်မရှိတော့ ပါဘူးကွယ်… နာရီပိုင်းလောက် ရက်ပိုင်းလောက်ပဲ ကျန်တော့တယ်။ ဒီကိစ္စကြီးပေါ် ပေါက် လာပြီးတဲ့နောက်မှာ ဘယ်လိုလုပ်ပြီး အစ်ကိုတို့ တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်တော့မှာလဲ။ နစ်နေ တဲ့ သင်္ဘောကို သူတို့ တွေ့သွားကြပြီလေ…" သူ့ကို ကျွန်မ ငေးကြည့်နေမိသည်။ နားလည်းမလည်နိုင်တော့ပါ။

"သူတို့ ဘာလုပ်ကြမှာလဲဟင်…" "ဘယ်သူ့အလောင်းလဲဆိုတာ ဖော်ထုတ်ကြတော့မှာပေါ့။ ဘယ်သူ့အလောင်းဖြစ်ကြောင်း ပြောပြနိုင် မယ့်အချက်အလက်တွေ အများကြီးရှိသေးတယ်။ အဝတ်အစားတွေ ရှိတယ်။ ဖိနပ်တွေ ရှိတယ်။ သူ ဝတ်ထားခဲ့တဲ့ လက်စွပ်တွေရှိတယ်။ ဒီအလောင်းဟာ ရဘက်ကာ ရဲ့အလောင်းဖြစ်ကြောင်း သိတာနဲ့ တစ်ပြိုင်တည်း ဘုရားရှိခိုးကျောင်းဝင်းထဲမှာ မြှုပ်ထားတဲ့ ဟိုမိန်းမကို သတိရကြတော့ မယ်"
"အစ်ကို ဘာလုပ်မှာလဲ"
ကျွန်မ က လေသံဖြင့်မေးသည်။

"မသိဘူး… မသိဘူး" ကျွန်မ၏ရင်ထဲမှာ ခံစားချက်များ တဖြည်းဖြည်း ပြန်ပေါ် လာသည်။ စောစောက အေးနေ သည့် လက် တွေလည်း နွေးလာသည်။ မျက်နှာ မှာလည်း သွေးရောင်ပြန်လွှမ်းလာသည်။ ကပ္ပတိန်ဆားလ်၊ ရေငုပ် သမား၊ လွိုက်ကုမ္ပဏီကိုယ်စားလှယ်၊ သောင်တင်နေသည့် သင်္ဘောပေါ်မှလူများ၊ ကားရစ်မြို့ မှ ဈေး သည်များ၊ လက်တိုလက်တောင်း ခိုင်းစေသည့် အလုပ်သမားကလေးများ၊ ပင်လယ်ကမ်းခြေ မှာ ကျွန်မ တွေ့ခဲ့သည့် ပန်းရောင်ဂါဝန်ဝတ်အမျိုးသမီးနှင့် သူ့မိသားစုများ၊ သူတို့အားလုံး သည်အကြောင်းကို မကြာခင် သိကြတော့ မည်။

"မစ္စက်ဒီဝင်းတားရဲ့သင်္ဘော ကို ပြန်တွေ့ပြီတဲ့။ သူ့အလောင်းကိုလဲ ကေဗင်ထဲမှာ တွေ့သတဲ့" စသည် ဖြင့် မနက်ဖြန်မနက် နံနက်စာစားချိန်တွင် တစ်ဆင့်စကား တစ်ဆင့်နား ပြောကြဆိုကြပေတော့မည်။
ကေဗင်ထဲက ရဘက်ကာ၏အလောင်း၊ ရဘက်ကာသည် သင်္ဘောကေဗင်ထဲမှာ ရှိနေသည်။ ဘုရားရှိခိုး ကျောင်းဝင်းထဲ မှာ လုံးဝမဟုတ်။ ဘုရားရှိခိုးကျောင်းဝင်းထဲက အမျိုးသမီးသည် အခြား အမျိုးသမီးဖြစ် သည်။ မက်ဇင်မ်က ရဘက်ကာကို သတ်ပစ်ခဲ့သည်။ ရဘက်ကာ သည် ရေနစ်သေဆုံး သွားခြင်း မဟုတ်။ မက်ဇင်မ်က သတ်ပစ်လိုက်ခြင်းသာ ဖြစ်သည်။ ကမ်းခြေက တိုက်ပုကလေး ထဲမှာ သေနတ်နှင့် ပစ် သတ်ခဲ့ခြင်းဖြစ်သည်။ အလောင်းကို သင်္ဘောပေါ်သို့ သယ်သွားပြီး ထိုသင်္ဘောကို ပင်လယ်အော် က လေးထဲမှာ နှစ်မြုပ်ပစ်ခဲ့ခြင်းဖြစ်သည်။

တစ်စစီပြန့်ကျဲနေသော အပိုင်းအစကလေးများ စုစည်းမိလာသည်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာ သည်။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ကျွန်တော့်ဘဝတစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားစေမယ့်အဖြစ် အပျက်တွေ နဲ့ ကြုံခဲ့ရတယ်ဗျာ" ဟု ပြင်သစ်ပြည် တောင်ပိုင်းတုန်းက မက်ဇင်မ်က ပြောခဲ့ဖူးသည်။
ရဘက်ကာ၏ အကြောင်းကို သူ ဘယ်တော့မှမပြော။ ရဘက်ကာ၏နာမည်ကိုလည်း ဘယ်တော့မှ မထုတ်ဖော်။ ပင်လယ်ကွေ့ကလေး ကို လည်းကောင်း၊ ကမ်းခြေက တိုက်ပုကလေးကိုလည်းကောင်း၊ နည်းနည်းကလေးမျှ သူ မနှစ်မြို့။ "ကိုယ့်စိတ်ထဲမှာရှိနေတဲ့ အမှတ်အသားမျိုးတွေသာ မင်းမှာရှိမယ်ဆိုရင် အဲဒီဘက်ခြမ်းကို မင်း သွား မှာ မဟုတ်ဘူး" ဟု ဂျက်စ်ပါနောက်သို့ လိုက်ရင်း တိုက်ပုကလေးဆီသို့ ကျွန်မရောက်ခဲ့တုန်းက သူ ပြောခဲ့ ဖူးသည်။

ရဘက်ကာ သေဆုံးပြီးသည့်နောက်ပိုင်းတွင် မက်ဇင်မ်သည် စာကြည့်ခန်းထဲမှာ လူးလာခေါက်တုံ့ လျှောက်နေ ခဲ့သတဲ့။ "အိမ်ကနေပြီး ကသောကမျော ထွက်လာခဲ့ရတာပါ" ဟု မစ္စက်ဗန်ဟော့ပါးကို သူ ပြောခဲ့သည့်စကား။
"သူ့မိန်းမ ကွယ်လွန်သွားတဲ့အတွက် သူ့ခမျာ အခုထက်ထိ မဖြေဆည်နိုင်ဘူးလို့ အများတကာက ပြော ကြာတယ်" ဟု မစ္စက်ဗန်ဟော့ပါး ပြောခဲ့သည့်စကား။
မနေ့ညတုန်း က ကျင်းပခဲ့သည့် ပွတ်သဘင်ပွဲကြီး၊ ရဘက်ကာ ဝတ်ဆင်ခဲ့ဖူးသည့် အဝတ်မျိုးကို ဝတ် ဆင်ကာ လှေကားထိပ်သို့ ကျွန်မ လျှောက်သွားခဲ့သည့်အဖြစ်။
"အစ်ကို သတ်ပစ်လိုက်တာ။ ကမ်းခြေက တိုက်ပုကလေးထဲမှာ ရဘက်ကာကို အစ်ကိုကိုယ်တိုင် သေ နတ်နဲ့ ပစ်သတ် လိုက်တာ" ဟု မက်ဇင်မ်က ထုတ်ဖော်ပြောသည်။

ပြီးတော့ ရဘက်ကာ၏အလောင်းကို ရေငုပ်သမားက တွေ့ခဲ့ပြီ။ ကေဗင်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ရဘက်ကာ၏ အလောင်း။
"ကျွန်မ တို့ ဘာလုပ်ကြမလဲ အစ်ကို… ကျွန်မတို့ ဘာလုပ်ကြမလဲ"
မက်ဇင်မ် က ဘာမျှပြန်မဖြေပါ။ မီးလင်းဖိုနားမှာ သူ ရပ်နေသည်။ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်နေ သည်။ ရှေ့သို့ သာ ငေးကြည့်နေသည်။ သို့သော် ဘာကိုမျှ သူ မြင်ပုံမရပါ။
"တစ်ယောက်ယောက် များ သိထားသလား… သိတဲ့လူများ ရှိသလား အစ်ကို…"
"မရှိဘူး" သူက ခေါင်းကို ယမ်းခါလိုက်သည်။

"အစ်ကိုနဲ့ ကျွန်မလွဲလို့ ဘယ်သူမှမသိဘူးပေါ့" "မင်းနဲ့ အစ်ကိုကလွဲပြီး ဘယ်သူမှမသိပါဘူး"
"ဖရင့်ရော… ဖရင့် မသိဘူးဆိုတာ သေချာရဲ့လား အစ်ကို" ကျွန်မက ရုတ်တရက် မေးချလိုက်မိသည်။
"ဘယ်လိုလုပ် သိနိုင်မလဲ။ အဲဒီအချိန်တုန်းက ဘယ်သူမှမရှိဘူး။ အစ်ကို တစ်ယောက်တည်း ရယ်…။ နောက်ပြီးတော့ မှောင်နေတယ်" သူ ဘာမျှဆက်မပြောတော့ဘဲ ကုလားထိုင်ပေါ်မှာ ပြန်ထိုင်သည်။ သူ့နဖူးပေါ် မှာ လက်တင်ထားသည်။ သူ့ဘေးသို့သွားပြီး ကျွန်မ ဒူးထောက်ထိုင်ချလိုက်သည်။ သူက မလှုပ်မယှက် ထိုင်နေ သည်။ သူ့မျက်နှာ ပေါ်မှ သူ့လက်များကို ကျွန်မက ဆွဲဖယ်ပစ်လိုက်ပြီး သူ့မျက်လုံးများကို ကြည့်နေမိသည်။

"အစ်ကိုကို့  ကျွန်မ ချစ်တယ်… အစ်ကို့ကို ကျွန်မ ချစ်တယ်… အခု အစ်ကို ယုံပြီ မဟုတ်လား"
ကျွန်မ လေသံဖြင့် တိုးတိုးပြောမိသည်။ ကျွန်မ၏မျက်နှာနှင့် လက်များကို သူ နမ်းပြန်သည်။ ပြီးတော့ စိတ်အားငယ်နေ သည့် ကလေးငယ်တစ် ယောက်လို ကျွန်မ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"အစ်ကို ရူးသွားလိမ့်မယ် လို့ ထင်ခဲ့တယ်။ တစ်ခုခုဖြစ်လာမှာကို ဒီနေရာမှာ နေ့စဉ်နဲ့အမျှ ထိုင်ပြီး စောင့် နေခဲ့ရ တယ်။ စာရေးစားပွဲမှာထိုင်ပြီး သတင်းမေးတဲ့စာတွေကို ပြန်စာရေးနေခဲ့ရတယ်။ သတင်းထောက် တွေ လာတွေ့တာ ကို လက်ခံနေခဲ့ရတယ်။ အစ်ကို့အဖြစ်ဟာ ဘယ်လောက်ဆိုးခဲ့သလဲ။ သာမန် အခြေ အနေမျိုးရောက်အောင် ကြိုးစား ခဲ့ရတယ်။ အိမ်ဖော်တွေရှေ့မှာ မနေတတ် မထိုင်တတ် ဖြစ်ခဲ့ရတယ်"

"မစ္စက်ဒင်ဗာ ကို အလုပ်က ထုတ်မပစ်ရဲဘူး။ ကလန်ကဆန် မလုပ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သူ ဟာ ရဘက်ကာ နဲ့ သိပ်ရင်းတာ။ ဒါကြောင့် မသင်္ကာစရာတွေ ဖြစ်လာနိုင်တယ်။ သူ မှန်းဆကြည့်နိုင် တယ်။ ဖရင့်ဟာ အမြဲတမ်း အစ်ကို့ ဘက်မှာ ရပ်ခဲ့တယ်။ အစ်ကို့အပေါ်မှာ စာနာစိတ်ထားခဲ့တယ်။ "ခရီး သွားပါလား။ ဒီမှာ တစ်ယောက်တည်း အုပ်ချုပ်လို့ ရပါတယ်။ စိတ်ပြေလက်ပျောက် တစ်နေရာရာကို ခရီးထွက်သွား ဖို့ ကောင်းတယ်" လို့ သူ အမြဲတမ်း ပြောခဲ့တယ်။ ဂျိုင်းလ်စ်နဲ့ ဘီးတို့ကလဲ ဒီအတိုင်းပဲ။ ဒါပေမဲ့ ဘီးကတော့ ထုံးစံ အတိုင်း တဲ့တိုးချည်းပဲပေါ့။ "မင်းကို ကြည့်ရတာ ချုံးချုံးကျနေပြီ။ ဆရာဝန်နဲ့ ဘာဖြစ်လို့ သွားမပြတာလဲ" လို့ ပြောလေ့ ရှိတယ်။ အခုတော့ သူတို့အားလုံးနဲ့ အစ်ကို ရင်ဆိုင်ရတော့ မယ်။ အစ်ကို ပြောခဲ့သမျှ စကားလုံးတွေ အားလုံးဟာ လိမ်ပြောတာတွေချည်းပဲလို့ သိသွားတဲ့လူတွေနဲ့ အစ်ကို ရင်ဆိုင်ရတော့မယ်"
သူ့လက်များ ကို တင်းကျပ်စွာ ကျွန်မ ဆုပ်ကိုင်ထားမိသည်။ ပြီးတော့ သူ့ဘက်သို့ ကိုယ်ကိုကိုင်းလိုက် သည်။

"တစ်ခါတုန်းက မင်းကို ဖွင့်ပြောမိတော့မလို့… ဂျက်စ်ပါနောက် မင်းလိုက်သွားရင်း တိုက်ပုလေးထဲမှာ ကြိုး ဝင်ရှာတယ်ဆိုတဲ့နေ့ကလဲ…။ အဲဒီက ပြန်လာပြီး ဒီအထဲမှာ အခုလို ထိုင်နေတုန်းပေါ့။ ဖရင့် နဲ့ ရောဘတ် လက်ဖက်ရည် လာပို့တာ နဲ့ မပြောဖြစ်ခဲ့ဘူး"
"ဟုတ်တယ်… ကျွန်မ မှတ်မိတယ်။ ဘာဖြစ်လို့ မပြောခဲ့တာလဲ အစ်ကိုရယ်… ကျွန်မတို့နှစ်ယောက်က တစ်စိတ် တစ်ဝမ်း ထဲ နေခဲ့ရမယ့်အချိန်တွေ အလဟဿသဖြစ်ကုန်ခဲ့ရတယ်။ ရက်တွေ… လတွေ မနည်းဘူး"
"မင်းက အစ်ကို့ကို ရှောင်ဖယ်ဖယလုပ်နေတယ် မဟုတ်လား။ အမြဲတမ်းလိုလို ဂျက်စ်ပါနဲ့ ပန်းခြံထဲမှာ လမ်းလျှောက်နေတာ က များတယ်။ မင်းဟာ မင်း အပြင်ထွက်နေတာက များတယ်။ အစ်ကို့အနားကို တစ်ခါမှ ဒီလိုမကပ်ဖူးဘူး" "ဘာဖြစ်လို့ ကျွန်မကို အစ်ကို မတားခဲ့တာလဲ"

"မင်း မပျော်ဘူး၊ ငြီးငွေ့နေတယ်လို့ အစ်ကို ထင်တယ်။ အစ်ကို့အသက်က မင်းထက် အများကြီးပိုကြီး နေတယ် မဟုတ်လား။ အစ်ကိုနဲ့ စကားပြောရတာထက် ဖရင့်နဲ့က စကားပြောစရာတွေ ပိုပြီးရှိနေသလို ပဲ။ အစ်ကိုနဲ့ ကျတော့ မင်းဟာ တစ်မျိုးပဲ။ မနေတတ် မထိုင်တတ်ဖြစ်နေသလို… ရှက်ကိုးရှက်ကန်းဖြစ် နေသလို…"
"ရဘက်ကာ အကြောင်း ကို အစ်ကို စဉ်းစားနေမှာပဲဆိုတာ သိနေတော့ အစ်ကို့အနားကို ဘယ်လိုလုပ် ပြီး ကပ်နိုင်ပါတော့ မလဲ အစ်ကိုရယ်…။ အစ်ကိုဟာ ရဘက်ကာကို ချစ်နေတုန်းဆိုတော့ ကျွန်မကိုချစ်ပါ လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ပါ့မလဲ အစ်ကိုရယ်…" ကျွန်မကို သူ ဆွဲပွေ့လိုက်ပြီး ကျွန်မ၏မျက်လုံးများကို စိုက်ကြည့်နေပါသည်။

"မင်း ဘာတွေ ပြောနေတာလဲကွယ်…။ ဘာကို ဆိုလိုတာလဲ" သူ့ဘေးမှာ ကျွန်မ ဒူးထောက်ထိုင်လိုက်သည်။
"ကျွန်မအသား ကို အစ်ကို ထိတဲ့အခါတိုင်း အစ်ကို့စိတ်ထဲမှာ ရဘက်ကာနဲ့နှိုင်းယှဉ်ကြည့်နေမှာပဲလို့ ကျွန်မ ထင်တယ်။ ကျွန်မကို စကားပြောတဲ့အခါ၊ ကျွန်မကို ကြည့်တဲ့အခါ၊ ကျွန်မနဲ့လမ်းလျှောက်တဲ့အ ခါ၊ ကျွန်မနဲ့ ထမင်းအတူ စားတဲ့အခါတွေမှာ အစ်ကိုဟာ ရဘက်ကာနဲ့ နေခဲ့ ထိုင်ခဲ့တာတွေကို ပြန်ပြီး စဉ်းစားနေလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တယ်" ကျွန်မကို သူ ငေးကြည့်နေပါသည်။ ကျွန်မ ပြောနေသည်များကိုလည်း နားမလည် သဘောမပေါက်သ လို ရှိနေသည်။

"ဒါတွေဟာ အမှန်ပဲမဟုတ်လား အစ်ကို" "ရဘက်ကာကို အစ်ကို ချစ်တယ်လို့ မင်း ထင်သလား… ရဘက်ကာ ကို အစ်ကို ချစ်တယ်လို့ မင်း ထင် သလား… ရဘက်ကာကို အစ်ကို သတ်ပစ်လိုက်ပေမယ့် ချစ်နေသေးတယ် လို့ပဲ မင်း ထင်သလား… သူ့ ကို အစ်ကို မုန်းတယ်။ အစ်ကိုပြောမယ်။ အစ်ကိုတို့ရဲ့အိမ်ထောင်ရေးဟာ စပြီဟေ့ ဆိုကတည်းက ပျက် သွားတာ။ ရဘက်ကာဟာ အင်မတန်ယုတ်မာတဲ့မိန်းမ၊ အင်မတန်စုတ်ပဲ့တဲ့ မိန်းမ၊ ပျက်စီးနေတဲ့ မိန်းမ၊ အစ်ကို တို့ တစ်ယောက်ကို တစ်ယောက် ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး။ တစ်ကြိမ်ကလေး မှ အတူတူ မပျော်ခဲ့ဖူး ဘူး။ ရဘက်ကာဟာ ချစ်လို့ရတဲ့ မိန်းမမဟုတ်ဘူး။ ကြင်နာလို့ရတဲ့ မိန်းမမဟုတ်ဘူး။ သူ့စိတ် ဓာတ် ဟာ ပုံမှန်အခြေအနေမှာ မရှိဘူး" ကျွန်မက ကြမ်းပြင်ပေါ်မှာ ထိုင်မြဲထိုင်နေသည်။ ဒူးနှစ်ဖက်ကို သိုင်းဖက်ထားရင်း သူ့ကို ကြည့်မြဲကြည့် နေသည်။

"သူဟာ အင်မတန် တော်တာမှန်တယ်။ အရမ်းကို တော်ပါပေတယ်။ သူဟာ အကြင်နာတရားကြီး ကြောင်း၊ အပေးအကမ်း ရက်ရောကြောင်း၊ ပါရမီထူးသူဖြစ်ကြောင်း လူတိုင်းက ထင်ကြတယ်။ သူ့ကို တွေ့ရရုံ မြင်ရရုံကလေး နဲ့တော့ ဒါတွေ တစ်ခုမှမရှိကြောင်း ဘယ်သူမှ အကဲမခတ်နိုငဘူး။ လူတွေကို ဘယ်လို ဆက်ဆံရမယ် ဆိုတာ သူ သိတယ်။ ဘယ်သူ့ကို ဘယ်လိုဆက်ဆံပြီး ဘယ်သူ့ကျတော့ ဘယ် လို ဆက်ဆံရမယ် ဆိုတာ အကုန်သိတယ်။ မင်းနဲ့တွေ့ပြီဆိုရင် မင်း စိတ်ချမ်းသာအောင် ရေလိုက်ငါး လိုက် စကားတွေ ကို သူ ပြောမယ်။ ဒီအခါမှာ မင်းလဲ တခြားလူတွေကို သူ့ခြေထောက်အောက် မှာထိုင် ပြီး သူ့ကို ကိုးကွယ် မိတော့မှာပဲ" သူသည် အခန်းမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

"သူနဲ့လက်ထပ်လိုက်တုန်းက အစ်ကိုဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူပဲလို့ လူတွေပြောကြတယ်။ သူဟာ အင်မတန် ချစ်စရာကောင်းတယ်။ အင်မတန် ခင်မင်စရာကောင်းတယ်။ အစ်ကို့အဘွား ဟာ တော်ရုံလူ ပေါင်းလို့မရဘူး။ ပေါင်းရသင်းရ ခက်တယ်။ အဲဒီလို အဘွားမျိုးတောင် သူ့ကို မြင်မြင်ချင်း ချစ်သွားတော့တယ်။ "မိန်းမတစ်ယောက်မှာ ရှိအပ်တဲ့ အရည်အချင်းသုံးရပ် သူ့မှာရှိတယ်။ မျိုးရိုး ကောင်းတာရယ်၊ ဦးနှောက်ရှိတာရယ်… ရုပ်ရည် ချောတာရည် သုံးမျိုးစလုံး သူ့မှာရှိတယ်"လို့ အဘွား က အစ်ကို့ကို ပြောဖူးတယ်။ အဘွားပြောသလို အစ်ကို ယုံလိုက်မိပါတယ်။ ဒါမှမဟုတ် ဇွတ်ယုံလိုက် တာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သံသယစိတ်ကလေးတော့ အစ်ကို့စိတ်ထဲမှာ အမြဲရှိနေခဲ့တယ်။ သူ့ မျက်လုံးထဲမှာ တစ်မျိုးပဲ။ ဒါကို အစ်ကိုမြင်နေတယ်"

တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါပြီ။ ကျွန်မ၏မျက်စိရှေ့မှာပင် ရဘက်ကာ၏ရုပ်လုံးပေါ်လာပါပြီ။ ရဘက် ကာ သည် ဓာတ်ပုံဘောင်ထဲကထွက်လာပြီး မြင်းကို ကြာပွတ်နှင့်ရိုက်နေပုံ၊ အရာရာတွင် အောင်ပွဲခံနေ ပုံ၊ တေးဂီတဆောင်ပေါ် မှနေ၍ ပြုံးပြုံးကြီး ငုံ့ကြည့်နေပုံများကို မြင်လာသည်။ ပင်လယ်ကမ်းခြေမျာ ဘင်းနှင့် အတူတူ ကျွန်မ ရပ်နေတုန်းက ဘင်း ပြောခဲ့သည့် စကားများကိုလည်း အမှတ်ပြန်ရနေသည်။

ဆက်ရန်
.

No comments: