Saturday, June 23, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂)

ညစာစားအပြီးမှာ သူ့အဖေနဲ့အမေက အိမ်ရှေ့ခန်းမှာ သွားထိုင်နေကြပြီး သူ့ ကျတော့ နောက်ဖေးခန်း မှာ ပန်းကန်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ ထားပစ်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော် က နောက်ဖေးဘက်ပေါက် ကနေ ၀င်သွားတဲ့ အခါ သူက အခန်းထဲ ၀င်ခွင့်ပေးပြီး "ရှူး ... နင် ဒီမှာ ရောက်နေတာ ဘယ်သူမှ မသိစေနဲ့" လို့ ပြော ပါတယ်။ အခန်း က ကစားခန်းလေးလိုပဲ၊ ညတိုင်း ကျွန်တော် သူတို့ဆီ သွားပြီး အင်တုံမှာ ပန်းကန် ကူဆေးပေး ပါတယ်။
တစ်နေ့တော့ သူ့အဖေ မီးဖိုထဲ ကို ရုတ်တရက် ရောက်လာပြီး ကျွန်တော့်ကို တွေ့သွားတော့ တစ်ခါတည်း ဖမ်းချုပ်ထားပြီး တစ်ကိုယ်လုံး ကို လှုပ်ရမ်းပြီး အိမ်ထဲကို ဘယ်လိုလုပ် ခိုးဝင်လာတယ်ဆိုတာ အတင်းပြောခိုင်း ပါတယ်။ သူ့သမီး ကဖြင့် ဒီလို လမ်းပေါ်က ညစ်ပေနေတဲ့ တေလေကလေးကို ခေါ်မှာ မဟုတ်ဘူးလို့ ယူဆထားတယ်လေ။ ကို ဆက်ဖတ်ရန်.............

ကောင်မလေးက ငိုနေတယ်။ နောက်တော့ "သမီး ၀င်ခွင့် ပြုတာပါ ဖေဖေ။ သမီး သူ့ကို ၀င်ခိုင်း တာပါ။ သူက သမီးသူငယ်ချင်းပါ" "မဟုတ်ပါဘူး ဆရာကြီး၊ သူညာပြောတာပါ။ ကျွန်တော်က သူ့ဆီက အစာတောင်းစားပြီး အတင်း ၀င်လာတာပါ" ကျွန်တော်က ၀င်ပြောတယ်။
သူက ကျွန်တော့်ပါး ကို ရိုက်ချလိုက်တယ်။ ကျွန်တော် မတ်တတ်က လဲကျသွားတဲ့အထိကို ပါးရိုက် ပစ် လိုက်တယ်။ ကောင်မလေးက သူ့အဖေရင်ခွင်ထဲ ၀င်ပြီး ငိုရင်း အော်ရင်းက ကျွန်တော့်ကို မရိုက်ဖို့ တားတယ်။ သူကတော့ နောက်ဖေးတံခါးဝ ကနေ ကျွန်တော့်ကို ကန်ချလိုက်တယ်။ နောက်ပြီး လည်ပင်းလာညှစ်သေးတယ်။

နောက်မှ လက်ကို ဖြေလိုက်ပြီး "ငါ့ကို ဘာဖြစ်လို့ သွားဖြဲပြနေသေးတာလဲ ခွေးမသားလေး"
"အရင်အပတ် က ခင်ဗျား ဒီနောက်ဖေးလမ်းကြားမှာ မူးလဲနေတုန်းက အိမ်ကို တွဲခေါ်ခဲ့တာ ကျွန်တော်ပါ။ "ဆာရာလမ်း" ပေါ်မှာ ခင်ဗျား ကို တွေ့ပြီး လမ်းတစ်လျှောက်လုံး တွဲခေါ်လာခဲ့ရတာ ကို ကျွန်တော် သိပ် ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ဟန်ပန်တွေက ကျွန်တော့် အဖေနဲ့ သိပ်တူလို့ပါ။ ခင်ဗျား အရက်ဆိုင် မှာ ခဏခဏသောက်ပြီး ခဏခဏ ရန်ဖြစ်ပါတယ်။ တစ်ခါက လူတွေ ၀ိုင်းရိုက်တော့မယ်လုပ်တော့ ကျွန်တော် ပဲ ပြေးပြီး ဒါ ကျွန်တော့်အဖေပါ။ မလုပ်ကြပါနဲ့၊ ကျွန်တော့်အဖေကို ထားခဲ့ကြပါလို့ ကျွန်တော် ပြောခဲ့ ပါတယ်။

သူက ကျွန်တော့် ကို သွားခွင့်ပြုလိုက်ပါတယ်။ သူ့မျက်နှာက ခုမှ ပြုံးစိစိနဲ့။ ချွေးကလည်း ထွက်လို့။ နှုတ်ခမ်းကို ကိုက်ရင်း နဲ့ နံဘေးနဘီကို ကြည့်လိုက်သေးတယ်။ ကျွန်တော်ပြောတာ ဘယ်သူတွေ များ ကြားသွားလဲ လို့။ နောက်ပါးစပ်ဟ လိုက်တယ်။ ဘာစကားလုံးမှတော့ ထွက်မလာဘူး။ နောက် ... အိတ်ထဲ လက်နှိုက်ပြီး သူ့ ပိုက်ဆံအိတ် ကို ဆွဲထုတ်လိုက်တယ်။ နောက် ကျွန်တော့်ကို တစ်ဒေါ်လာ ပေးတယ်။ ကျွန်တော်က သူ့ဆီ ပြန်ပစ်ပေး လိုက်တယ်။ ကျွန်တော်က ဘောင်းဘီ အိတ်ထဲ နှိုက်လိုက်ပြီး တစ်ဒေါ်လာ တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြလိုက်တယ်။ ကျွန်တော့် တစ်ဒေါ်လာတန်က သူ့ဒေါ်လာထက် ပိုတောင်ကြီး လိမ့်ဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် လို ကောင်မျိုးမှာ တစ်ဒေါ်လာရှိမယ်လို့ ဘယ်သူမှ မထင်ကြလို့။ ကျွန်တော် လည်း လမ်းလျှောက် ပြီး ထွက်ခဲ့တယ်။

"ဘုရားသခင် ... ကျွန်မရဲ့ ချစ်သားလေး ရစ်ချတ် အခု အိပ်ပျော်နေရှာပါပြီ။ ကျွန်မ အရှင်ဘုရားနဲ့ စကားပြော ပါရစေ။ ကျွန်မ အမြဲတမ်း အမှားလုပ်ခဲ့မိပါတယ်။ ခရစ်စမတ်တိုင်းမှာ ကျွန်မ ဒီမှာ အမြဲ ထိုင်နေကြပါ။ နွေရာသီအချိန်တွေ မှာလည်း ဒီမှာပါပဲ။ နောက်တော့ သူ့ဖေဖေအတွက် ဆုမွန် ကောင်းတောင်း ပါတယ်။ ဒါပေမဲ့ တခြားကလေးတွေရဲ့ အဖေတွေအတွက်တော့ တပည့်တော် တစ်ခါမှ ဆုမတောင်းခဲ့ဖူးပါ။ တခြားကလေးတွေ ရဲ့ အဖေတွေ ကို အိမ်ကို အရင် ပြန်လွှတ်ပေးပြီး နောက်မှ "ပရက်စ်ကြီး" ကိုလည်း အိမ် ကို ဆောင်းကြဉ်းပေးတော်မူပါ။ တပည့်တော်မအတွက် မဟုတ်ပါဘူးအရှင်၊ ကလေးများက တွေ့ချင်လွန်းလှလို့ ကလေးများ အတွက် ဆောင်ကျဉ်းတော်မူ ပါ အရှင်"
"ဘုရားသခင် ... တပည့်တော်ရဲ့ မိခင်ဟာ ငိုယိုပြီး အိပ်စက်သွားရှာတဲ့အတွက် တပည့်တော်ကပဲ အဖေ့ကို အိမ်တန်းတန်း မတ်မတ် ရောက်အောင် ဆေင်ကြဉ်းပေးဖို့ တောင်းခံအပ်ပါတယ်။

သူ ဘယ်နေရာမှာ ရောက်နေပါစေ၊ ဒီတံခါးကိုတော့ လာခေါက်ဖြစ်အောင် ခေါက်ပါစေ။ အဖေ့ကို တပည့်တော် စောင့်ပါ့မယ်။ ဘုရားသခင်ကသာ ကျေးဇူးပြုပြီး အဖေ့ကို ဒီတံခါး လာခေါက်ပါစေ အရှင်"
အမေ၊ ကျွန်တော် စိမ်လူးဝစ်အရပ်က မီးသတ်သမားကြီးတွေကိုလည်း သိပ်ချစ်တာပဲ အမေ။ အရပ် အမောင်း ကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့် သန်သန်မာမာ လူကြီးတွေ လေ။ မီးများလောင်ပြီဟေ့ ဆိုလျှင် နီဂရိုး မီးသတ်သမားရော၊ လူဖြူမီးသတ်သမားရော ဘာမှ ခွဲခွဲ ခြားခြား လုပ် မနေကြတော့ဘဲ မီးထဲက လူတွေ ကို ကယ်တင်ဖို့ အပြေးအလွှား လုပ်ကိုင်ကြတာတွေ၊ ဘယ်သူ့အိမ် ဘယ်ဝါ အိမ် လောင်နေတာပဲ ဘာလဲလုံးဝမမေ၊ ပိုက်ဆံရှိသလား၊ မရှိသလား ဘယ်တော့မှ မကြည့်၊ ဒုက္ခတွင်းက ကူညီဖို့ လောက်သာ ကြည့်တတ် တဲ့ လူတွေပါ။

သူတို့ပြန်သွားရင် လမ်းထောင့်ချိုးကနေစောင့်ပြီး ကျွန်တော် လက်ဝွေ့ရမ်းပြီး နှုတ်ဆက်ပြတယ်။ တစ်ခါ တစ်ခါ တော့  သူ တို့လည်း ပြန်ပြီး လက်ဝှေ့ယမ်းပြတတ်တယ်။ ဒီလမ်းထောင့်ချိုးကို သူတို့ဖြတ် လာတာ ကိုက ငါ့ ကို တမင်နှုတ်ဆက်ချငလို့ ဖြတ်လာတာ ဖြစ်မှာပဲ လို့တောင် မကြာခဏ ဆိုသလို ထင်မိပါတယ်။ သူတို့ မီးသတ်တဲ့ အခါတိုင်း ကျွန်တော် အမြဲလိုက် ကြည့်ပါတယ်။ နောက် မတ်တပ် ရပ်ပြီး မြန်မြန် မီးသတ်နိုင်ပါစေ၊ိသူတို့ ထိခိုက်ဒဏ်ရာ မရပါစေနဲ့ ဆိုတာတွေ တတွတ်တွတ် ဆုတောင်းနေ မိပါတယ်။ မီးသတ်လှေကား ပေါ်တက်သွားတဲ့ မီးသတ် သမားတွေဆို ကျွန်တော် တစ်ယောက်ချင်း ရေထားပြီး သူတို့အားလုံး ပြန်ဆင်းတဲ့အခါ လူစေ့မစေ့ စစ်ဆေးလိုက်သေးတယ်။

တစ်ခါတော့ ပိုက်ကွန်သုံးပြီး အိမ်ပေါ်က လူတွေကယ်ဆယ်နေတာ တွေ့ရတယ်လေ။ သူတို့ကြည့်ရတာ ဘယ်သူ့မှ ကယ်မယ်။ ဘယ်ဝါကို မကယ်ဘူးဆိုတဲ့ စိတ်ဓာတ် လုံးဝမရှိဘဲ လူသူ မရွေး ကယ်တင်လိုစိတ်သာ ရှိနေပုံ ရတယ်။ ပိုက်ကွန် ပတ်ပတ်လည်မှာ တူညီ ၀တ်စုံတွေနဲ့ ပတ်ဝိုင်းပြီး ရပ်နေကြတဲ့ သူတို့ကို ကြည့်ရတာ တကယ့် မိသားစုတစ်စုထဲက ပေါက်ဖွား လာတဲ့ ညီကိုနောင်ရင်းတွေ ကော်ဖီတိုက် အသားညှပ်တွေ ကျွေး တတ် တယ်။ ကိုယ် နဲ့ တကယ် ထိုက်တန်လို့ စားရတဲ့ အစာကို စားနေတဲ့ လူတစ်ယောက်ကို ကြည့်ရတာ သိပ်ပြီး ကြည်နူးလှပတဲ့ မြင်ကွင်း တစ်ခုပါပဲ။
တစ်ခါတော့ ကျွန်တော် မိုးကာအင်္ကျီဟောင်းကြီးတစ်ထည် နဲ့ ဖိနပ်ရှည်ဟောင်းကြီးတစ်စုံ ၀ယ်လာ ခဲ့တယ်။

မိုးကာအင်္ကျီကြီး က ကြယ်သီးတပ် မဟုတ်ဘဲ ချိတ်နဲ့ တွယ်ချိတ်ရတဲ့ အစားမျိုး။ ဒါတွေကို မြေတိုက်ခန်းထဲမှာ ကျွန်တော် ၀ှက်ထားခဲ့တယ်။ ဒါတွေရှိတာ ဘယ်သူမှလည်း မသိဘူး။ စိတ်လို လက်ရ ရှိတဲ့ အခါတိုင်း မြေတိုက်ခန်းထဲဆင်း။ အဲဒီအ၀တ်အစားတွေ ၀တ်ပြီး မြေတိုက်ခန်းထဲမှာပဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး မီးသတ်တမ်း ကစားတတ်တယ်။ လှေကားတွေထောင်၊ လူတွေကယ် ပိုက်ကွန်နဲ့ဖမ်း၊ တစ်ယောက် တည်း စိတ်ကူးအမျိုးမျိုးယဉ်ပြီး ကစားတယ်။ နောက်တော့ ဒီအ၀တ်အစားတွေပါ ယူပြီး မီးသတ်ဌာန ကို သွားပြီး ကြည့်နေတတ်တယ်။ မီးသတ်စက်တွေ စမ်းနေတာ၊ ပိုက်လုံးတွေ ခေါက် သိမ်းနေတာတွေ ငေးမောနေတတ်တယ်။

မီးသတ်သမား တစ်ယောက်ယောက်ဆီ လျှောက်သွားပြီး "တဆိတ် ခွင့်လွှတ်ပါ ဆရာကြီး၊ ဆရာကြီးတို့ လုပ် သလို ကျွန်တော်လည်း လုပ်တတ်တယ်ဗျ" လို့ ပြောတတ်တယ်။ မီးသတ် သမားကြီးက လှည့်ကြည့်ပြီး ကျွန်တော် စိတ်ကျေနပ်အောင် တစ်ခုခု ပြန်ပြောတယ်။ သိပ်ပြီး သိနားလည်စ မပြုသေးခင်ကဆိုရင် ကျွန်တော့် အဖေ ဟာ တစ်နေရာရာမှာ မီးသတ်သမားကြီး လုပ်ပြီး လူတွေကို ကယ်တင်၊ ကလေးတွေကို စိတ်ကျေနပ်စရာ စကားတွေ ပြောပြတတ် တဲ့ လူကြီး တစ်ယောက် ဖြစ်မှာပဲလို့ အမြဲတွေးထင်ခဲ့ပါတယ်၏။
"မေမေ မေမေ၊ ထစမ်းပါဦး။ တံခါးခေါက်သံ ကြားလားဟင်၊ ကြားလားဟင်။ တစ်ယောက်ယောက် တံခါး လာခေါက်နေတယ်လေ ..."
ကျွန်တော် တံခါး ထဖွင့်လိုက်တဲ့အခါ အိမ်နီးနားက မိန်းမကြီးတစ်ယောက် ရပ်နေသည် ကိုပဲ တွေ့လိုက် ရပါတယ်။

"မင်းအမေနဲ့ ငါ စကားပြောပါရစေ ရစ်ချတ်"
လူကြီးတစ်ယောက် ၀င်လာရင် ရှောင်ပေးရမဲ့ ထုံးစံအတိုင်း ကျွန်တော်က အခန်းထဲကနေ ထွက်သွားလိုက် တယ်။ ဒါပေမဲ့ ချောင်းပြီးတော့ နားထောင်နေမိသေးတယ်။
"ဒီမှာလူစီ၊ ပရက်စ်ကြီးတစ်ယောက် ငါ့အိမ်ရောက်နေလေရဲ့။ တစ်ညလုံး အိမ်မပြန်ရဲလို့ဆိုပြီး။ ကလေးတွေ အတွက် ဘာလက်ဆောင်မှ ပါမလာလို့တဲ့။ ငွေတွေတော့ ပါလာတယ်လေ။ ဒီညနေက ပဲ ငါ့အိမ် ရောက်နေတာ။ လူစီ ရယ် သူ့ခမျာ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့။ သူလောင်းကစားပွဲ သွားလောင်းတာနိုင်ပေမယ့် သူ့အပြင် လည်း ရောက်ရော ဆိုင်တွေ အကုန်ပိတ်ထားလို့ ကလေးတွေ အတွက် ဘာလက်ဆောင်တစ်ခုမှ ၀ယ် မလာနိုင်တာ စိတ်မကောင်း ဖြစ်နေရှာတယ်"

ကျွန်တော် က အပြင် ပြေးထွက်သွားလိုက်တယ်။ အမေက ကျွန်တော့်ကို ဆုပ်ကိုင် ပွေ့ဖက် ထားလိုက်တယ်။ "ကျွန်တော် မပြောဘူးလား အမေ၊ အဖေ ပြန်လာမယ်လို့ ကျွန်တော် အစကတည်းက ပြောထားတယ် မဟုတ် လား။ ကဲ ... သွားခေါ်ရအောင်နော် အမေ။ ကျွန်တော်တို့ လိုချင်တဲ့ လက်ဆောင်တွေ အကုန် ရထားပြီးပါပြီ ဘာမှ ထပ်မလိုချင်တော့ဘူးလို့ သွားပြောပေးပါ အမေရယ် ..."
နောက် အခန်းထဲဝင်ပြီး ကလေးတွေကို အကုန်လျှောက်နှိုးလိုက်တယ်။ "ဖေဖေ ပြန်လာပြီ ဟေ့၊ ဖေဖေ ပြန်လာပြီကွ" ကလေးတွေ အားလုံး လူးလဲထလာ လုံးထွေးနေ ကြ တယ်။ နောက်ပြီး သူ့ ထက်ငါ ဦးအောင် အလုအယက် ထလာကြလို့ စောင်တွေနဲ့ လုံးထွေးနေကြတယ်။ နောက်ပြီး အကုန်လုံး မီးဖိုချောင်ထဲ ပြေးဝင်ကြပြီး ခုန်ပေါက်နေကြတယ်။ အမေကတော့ အ၀တ်အစား လဲနေပြီ။ လူဖြူတွေ စွန့်ကြဲထားတဲ့အထဲက ကောင်းပေ့ဆိုတဲ့ အ၀တ်တွေ ထုတ်ဝတ်နေတယ်။ ဆံပင်ဖြီး၊ နှုတ်ခမ်းနီ ထပ်ဆိုး၊ ရေမွှေးတွေဆွတ်။

"ဒါတွေ မလိုပါဘူး အမေရယ်။ အဖေ့ကိုသာ မြန်မြန်သွားခေါ်စမ်းပါဦး"
အမေ ထွက်သွားတော့ ကျွန်တော်တို့အားလုံး ငြိမ်ပြီး ကျန်ရစ်ခဲ့ကြတယ်။ အိမ်ရှေ့ခန်း ထဲလာပြီး ပြတင်းပေါက်တွေ အစီအရီ မေးတင်ပြီး စောင့်နေကြ သည်။ ကျွန်တော်တို့အဖေကို မတွေ့ရတာ ငါးနှစ်ကျော်ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အကြာကြီး စောင့်ကြရပါသည်။ ဘာဖြစ်လို့လဲဆိုတော့ မေမေ ကိုယ်တိုင် လည်းပဲ သူ့ယောက်ျား နဲ့ မတွေ့ရတာ ငါးနှစ်ကျော်နေပြီ မဟုတ်လား။
"ဟေ့ ... ဖေဖေ ဒီမှာ တကယ်ရောက်နေတာ မဟုတ်ဘူးထင်တယ်" အသက်ဆယ့်နှစ်နှစ်ရှိပြီ ဖြစ်သော "ဒေါ်လော်ရက်စ်" က ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါတော့ သူ့ကို မတွေ့ချင်တော့ ဘူးဟာ"
"ငါတော့ တွေ့ချင်ပါတယ်ဟယ်" ရော်နယ်က ပြောပြန်သည်။ သူက ခုနစ်နှစ် ရှိပြီ။ "ပေါ်လင်း"၏ လက်ကလေး ကို ဆုပ်ပြီး သူက ကြမ်းပြင်ပေါ်မှာ ထိုင်နေသည်။ "ပေါ်လင်း" ကတော့ တကယ့်ကလေးလေး။ ငါးနှစ်ပင် မပြည့်သေးချေ။

"ဟေ့ကောင်တွေ ငါတော့ မစောင့်နိုင်တော့ဘူးကွာ။ အဖေက သန့်သန့်ရှင်းရှင်းနေမှာ။ ဒေါ်လာ နှစ်ရာတန် ၀တ်စုံတွေ ဘာတွေ ရှိနေမှာ ကွ"။ ဆယ့်လေးနှစ်သားကလေး "ပရက်စလေ" က ပြောသေးသည်။
"အို ... ဘယ်က မလဲကွဲ့၊ ဒေါ်လာတစ်ထောင်တန် ၀တ်စုံ ၀တ်ထားမှာ မယုံကြည့်နေ"၊ ကိုးနှစ်သမီး "ဂါလင်" က ၀င်စွက်ပြန်၏။ "နောက်ပြီး အိတ်ကပ်အပြည့် ပိုက်ဆံတွေ ပါလာမှာ ကြည့်နေ"
"အေး ... အိတ်ကပ် ထဲမှာတော့ ပိုက်ဆံအပြည့်ပေါ့ကွာ။ ဒါပေမဲ့ လက်ဆောင်ဆိုလို့တော့ ဘာတစ်ခုမှ ပါလာမှာ မဟုတ်ဘူး" ကျွန်တော်က ၀င်ထောက်လိုက်ပြန်သည်။
"ပိုက်ဆံရှာ ရတာနဲ့ သူ အလုပ်များနေတာကွ" ဂါလင်က ပြောသည်။

"ဖေဖေက စစ်သားတွေ" ရော်နယ်က ပြောသည်။
"မေမေပြောတော့ ဖေဖေက ထမင်းချက်ဘဲ" "တကယ့်လူပဲနော် ..." "ဟေ့ကောင်ရစ်ချတ်၊ မင်းကရော ဘာဖြစ်နေတာ လဲ။ မင်းဖေဖေ့ ကို မတွေ့ချင်ဘူးလား ..." ပရက်စလေက လှမ်းမေးသည်။
"အိမ်ရှင် က အမေ့ကိုလာပြီး ကြိမ်းမောင်းခဲ့တဲ့ အရင်အပတ်တုန်းကတော့ ငါ သူ့ကို တွေ့ချင်ပါ သေးတယ်"
"သူက ပိုက်ဆံရှာ ရလို့ မအားပါဘူးကွ" ဂါလင်က ပြောပြန်သည်။

ပေါ်လင်းကတော့ ငိုတော့၏။ ရော်နယ်က ကုန်းပြိး သူ့လက်ထဲ ပွေ့ချီကာလွှဲချော့နေသည်။ "အိုအိုးအေ့ ...၊ ကြွက် မလေး တိတ်ပါတယ်ကွယ်။ ဖေဖေ ပြန်လာတော့မယ်။ သူက စစ်သားကြီးပါ တကယ်"
"ထမင်းချက်ပါဆိုနေ" ပရက်စလေကို တိုးဝှေ့ပြီး ပြတင်းပေါက် ကို မျှော်ကြည့် ရင်းနှင့် ဒေါ်လော်ရက်စ် က ပြောပြန်သည်။
"တိတ်စမ်း ကောင်မလေး။ အဘွားကြီးတစ်ယောက်ကို ဖေဖေတစ်ခါ မချီပြီး လမ်းဖြတ်ကူးခဲ့တာ နင် မတွေ့ဘူး လား" "မတွေ့ပါဘူး" "ကဲ ... နင်ဘာမှ နားမလည်တာပေါ်ပြီ။ တို့အဖေက အမြဲသပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် နေ တတ်တယ်။ သူ့လက်မောင်းတွေကလည်း သိပ်သန်တာပဲ။ ဘတ်စ်ကားပေါ်က အဘွားကြီး ပြုတ်ကျတာလဲ တွေ့ရော သူတစ်ခါတည်း ပွေ့ချီပြိး သူ့အိမ်ကိနု ပြန်ပို့ပေးတာ။ လူတိုင်း ဒါကို တွေ့ကြတယ်"
ထိုည တွင် စကားအပြောဆုံးမှာ "ပရက်စလေ" ပင်။ ကျွန်တော်ကမူ တွေးတော စဉ်းစား၍သာ နေမိ ပါသည်။ အိမ်ခြေရာခြေမဲ့ မိန်းမကြီးတစ်ဦး ကျွန်တော်တို့ အိမ်ပေါက်လာပြီး အမေ့ကို အော်သည့် နေ့တစ်နေ့ကို မှတ်မိပါသေး သည်။

"နင့်ရဲ့ အယုတ်တမာယောက်ျား အိမ်မှာ မရှိဘူးလား"
"သူ အိမ်မှာ မရှိပါဘူး ရှင် ..." အမေက ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောခဲ့ပါသည်။
"ငါနင်သိအောင် ပြောထားရဦးမယ်။ ဒီကောင်က နင့်အိမ်ရော ငါ့အိမ်မှာပါ နေချင်တာ မဟုတ်ဘူး။ ခုဆို ကောင်မ တစ်ယောက်ယောက် အိမ်ရောက်နေ မှာ သေချာတယ်"
"ဒီစကားတွေ ဒီမှာ လာမပြောဖို့ ကျွန်မ တောင်းပန်ပါတယ်ရှင်၊ တော်ကြာ ကလေးတွေ ကြားသွား ပါဦးမယ်"
"နင့်ကလေးတွေ ဘာဂရုစိုက်ရမှာလဲ၊ ငါ့မှာလဲ သူနဲ့ရတဲ့ ကလေးတွေ ရှိသားပဲ"
အမေ သည် အဖေတစ်နေ့ အိမ်ပြန်လာနှိုး လက်ချီုး၍ စောင့်ခဲ့ရှာပါသည်။ ကျွန်တော်တို့ အိပ်ရာဝင် သောအခါ၌လည်း အိမ်ရှေ့မီးကို ဘယ်တော့မှ မပိတ်ဘဲ ဖွင့်ထားတတ်ပါသည်။ တစ်ညလုံး ပင် ရေဒီယိုမှ မှုခင်းဆိုင်ရာ သတင်းများကို ဖွင့်နားထောင်ပြီး သူ့ခင်ပွန်း နာမည် ပါမပါ စောင့်နားထောင် နေတတ်ပါသည်။ ထိုအချိန်က ရဲများသည် အိမ်လာပြီး အဖေ့ကို ဘယ်တုန်း က နောက်ဆုံးတွေ့ခဲ့ သလဲ ဆိုသည့် မေးခွန်းများ လာမေးနေချိန် ဖြစ်ပါသည်။

အိမ်ရှေ့တွင် ကားဆိုက်သံကြား၍ အတွေးမျှင်စများ ပြတ်သွားပါသည်။ အငှားကားတံခါး ကို ဆောင့်ပိတ် လိုက်ပြီး အောင်မြင်သော အသံဝါကြီးဖြင့် အော်ပြောလိုက်သံမှာ အဖေအသံမှတပါး အခြား မဖြစ်နိုင်ပါ။ "သူငယ်ချင်း၊ အကြွေတွေ ဘောက်ဆူးယူထားလိုက်ဟေ့"။ ထိုအချိန်တွင် ကလေးအားလုံး မတ်တပ် ထရပ်ကြပြီး တံခါးဝ သို့ သူ့ထက်ငါ တိုးဝှေ့နေကြပါတော့သည်။ "ရော်နယ်" ကလည်း "ပေါ်လင်း" လေးကို လက်မှချ၍ သွား၏။ အသံဗလံပေါင်းစုံဖြင့် ကြွက်ကြွက် ညံနေကြပါတော့သည်။ နောက်ဆုံး ကျွန်တော် ကြားလိုက်ရသည် မှာကား အမေ့ အသံ။ "ဟေ့ ... ကလေးတွေ၊ နင်တို့လက်ညစ်ပတ်တွေနဲ့ အဖေ့ အ၀တ်တွေ သွားမကိုင် နဲ့နော်။ အဖေ့ အ၀တ်တွေ သွားမထိဖို့ ငါပြောနေတယ်နော်"
ကျွန်တော် ကတော့ အိပ်ခန်းတံခါးကို ဆောင့်ဖွင့်လိုက်ပြီး အိပ်ရာပေါ် မှောက်ချလိုက်ပြီး ငိုချလိုက် ပါတော့ သည်။ စောင်ကို ခေါင်းမြီးခြုံ လိုက်သော်လည်း အပြင် က အသံဗလံတွေကိုတော့ အတိုင်းသား ကြားနေရသည် ပင်။

"ဟေ့ ... ဒီမှာကြည့် စမ်း၊ အဖေရဲ့ ဒေါ်လာတစ်ထောင်တန် ၀တ်စုံ။ နင့်ကို ခုနက ငါမပြောလား ပရက်စလေ"
"အဖေ ဒီမှာ ကြည့်စမ်း၊ ကြည့်စမ်းပါဦး အဖ"
"ဖေဖေရေ၊ ပေါ်လင်းကို ချီပြီးရင် ကျွန်တော့်ကို တလှည့်ချီပါဦးနော်"
"ဟေ့ကောင် ဆင်းစမ်း၊ မင်းလက်မည်းကြီးတွေက အဖေ့အင်္ကျီတွေကို ပေကုန်လိမ့်မယ်"
"စီလီရေ ... ရစ်ခတ်တစ်ယောက်ကော ဘယ်မှာလဲဟေ့"
"ရစ်ချတ်ရေ၊ "ပရက်စ်" ကြီး ရောက်နေပြီလေ။ အပြင်ထွက်ခဲ့တော့ဟေ့"

သို့သော် အမေသည် သူ့ယောက်ျားကို ထားခဲ့ပြီး ကျွန်တော့်ကို လာကြည့်ရမှာကို ကြောက်နေဟန် တူပါသည်။ သူကျောခိုင်း လိုက်သည်မှာပင် သူ့ယောက်ျား ပြန်ထွက်သွားမှာ စိုးနေပါသည်။
"ဒီမှာကြည့်စမ်း၊ အဖေရခဲ့တဲ့ ပိုက်ဆံတွေ။ နင်နဲ့ငါ လောင်းမလား။ ဒေါ်လာ တစ်သန်းလောက် ရှိရမယ် သိလား"
"ဒီပိုက်ဆံတွေ ဘယ်ကရသလဲ အဖေ"

ပိုက်ဆံများကို ဖြန့်ပြနေသံနှင့် အဖေ့စကားသံ ခပ်သြသြကြီးများကိုပါ ကျွန်တော် ကြားနေရပါ သည်။  "လော်ရက်စ်" သမီးက လိမ္မာလေးပဲ၊ အမေ ခိုင်းတာလုပ်နော်၊ ပရက်စလေ သားကလည်း လိမ္မာတယ်ဟေ့၊ ခုအဖေ့ လို လူကောင်ကြီး ချက်ချင်း ကြီး မလာချင်ဘူးလားဟေ့၊ အမေ စိတ်ချမ်း သာအောင် ထားနော်၊ ကျောင်းစာ လည်း ကြိုးစား၊ ဂါလင် ကရော ဘယ်လိုလဲကွ"
ကျွန်တော် ကမူ အိပ်ရာခင်းကိုကိုက်၊ အိပ်ရာဖုံးတွေကို ကန်ပစ်ပြီး ငိုသာနေမိပါသည်။ မင်းအဖေလို ပဲ လူကောင် ချက်ချင်း ထွားမလာချင်ဘူးလားတဲ့။ သူ ပူပင်တာက ဒါပဲလားမသိ။ အိပ်ရာခင်းကို သွားဖုံးခြင်း ထိပြီး သွေးထွက် လာသည် ထိပင် အတင်းကိုက်ပစ်လိုက်ပါသည်။ ဆက်ပြီးလည်း အရမ်းကာရော ငိုပစ်လိုက်မိသည်။ အဖေရယ် တခြားဘာမှ မပူပင် တတ်တော့ဘူးလားဟင်။ မပူတတ်တော့ဘူးလား။

ခဏကြာတော့ အမေက အဖေ့ကို အိပ်ခန်းထဲ ခေါ်လာပါသည် ။
"ပရက်စ်ကြီးရယ်၊ ရစ်ချတ်က တစ်ညလုံး ရှင့်ကို စောင့်နေရှာပါတယ်။ ရှင်လာမယ်ဆိုတာ သူသိနေ တယ်လေ။ ခရစ်စမတ် လက်ဆောင်တောင် ရှင့်အတွက် သူဝယ်ထားသေးတယ်။ ရှင်သိတယ် မဟုတ်လား၊ သူက ခရစ်စမတ်တိုင်း မှာ အဖေ့အတွက် လက်ဆောင်တစ်ခုခုတော့ အမြဲတမ်း ၀ယ်ပေးတတ်တယ်ဆိုတာလေ"
အမေ က ကျွန်တော့်ကို လှုပ်နိုးသည်။ မှောက်နေသော ကျွန်တော့်ကို ပက်လက်လှန်ပစ်လိုက် သည်။ "ဘာဖြစ်တာလဲ ဟင် ရစ်ချတ်၊ အမေခေါ်တာ မကြားဘူးလား။ အဖေပြန်ရောက်ပြီလို့ အမေပြောနေတာ မကြား ဘူးလား၊ ဘာဖြစ်လို့ ငိုနေတာလဲကွယ်။ သား ဘာဖြစ်နေတာလဲဟင်"
"ကျွန်တော် ဘာဖြစ်နေသလဲ ဆိုသည်ကို အမေသည် အဖေ့ကို ပြန်မပြောပြပါ။

"ဒီမှာ ပရက်စ်ကြီးရဲ့ သူက မနာလိုဝန်တို ဖြစ်နေတာရှင့်။ တခြား ကလေးတွေကို ရှင်ကချီပြီး သူ့ကို တော့ မချီလို့ စိတ်ကောက်နေ တာပါ" ကျွန်တော်က အိပ်ရာပေါ်တွင် ပက်လက်လှန်နေကာ ဆယ်ပေခန့် ရှည်မည့် သူ့အရပ် ကိုင်းကိုင်းကြီး ကိုပင် မော့ကြည့်နေမိသည်။ ကျွန်တော် မြင်ဖူးသမျှ လူတွေထဲတွင် အရည်အရှည်ဆုံးပင်၊ သန့်သန့်ပြန့်ပြန့်၊ သန်သန်စွမ်းစွမ်း၊ ကျန်းကျန်းမာမာ သူက ကျွန်တော်အိပ်ရာဘေးတွင် ၀င်ထိုင် လိုက်သည်။
"ဒီအိပ်ရာ ညစ်ပတ်ကြီးပေါ်တွင် မထိုင်စမ်းပါနဲ့ ပရက်စ်ကြီးရယ်" အမေက သူ့ဘောင်းဘီတွေကို ခါပေးပြီး သူတစ်ခါ မျှ မသုံးသေးသည့် လူဖြူတို့ စွန့်ကြဲထားသော ပိုးစားပွဲခင်းကို ဖြန့်ခင်းပေးလိုက် သည်။ ခြောက်လလောက် မလျှော်မဖွပ် ဘဲ သည်အတိုင်း ခင်းထားသော အိပ်ရာခင်းပေါ်သို့ ပိုးစားပွဲ ဖြင့် ခင်း လိုက် သည်။ "ပရက်စ်ကြီး" အ၀တ်အစားများ ပေကျံကုန်မည်ကို သူမလိုလားပေ။

"ငါ မင်းအတွက် ပိုက်ဆံတွေတောင် ယူလာသေးတယ် ရစ်ချတ်"
"ကျွန်တော် မလိုချင်ပါဘူး ဖေဖေ" "ဟေ့၊ တစ်ခြားကလေးတွေ ပေးတာထက် မင်းကို ဖေဖေက တမင်ပိုပေးဦးမှာကွ" "ဒါလဲ မလိုချင်သေးပါဘူး"
"ငါ မင်းအဖေကွ၊ မင်း ငါ့ကို မတွေ့ချင်ဘူးလားဟင်"
"ပြတင်းပေါက်မှာ အမေ ဒူးကလေးထောက်ပြီး ငိုရင်း ဆုတောင်းရင်းနဲ့ အဖေလာပါစေလို့ အမေ ဆုတောင်းနေတိုင်း ကျွန်တော်အဖေ့ကို မြင်ေနတတ်ပါတယ်လေ။ ဒီကိုခုလာဖို့ ခေါ်တာလည်း ကျွန်တော် ဆုတောင်း လို့ပါ အဖေ။

အဖေ မဖျားမနာပါစေနဲ့လို့လည်း အဖေ ဘယ်နေရာမှာ ရှိနေနေ ဘေးအန္တရာယ် ကင်းစင်အောင် ဆုတောင်းနေ တာလည်း ကျွန်တော်ပါပဲ အဖေရယ်"
"ရစ်ချတ်၊ ဒီ တစ်ခေါက်တော့ အဖေမင်းနဲ့ အတူတူနေဖို့ လာတာပါကွယ်။ မင်းက လိုလားတယ်ဆို အဖေနေ မှာပါ။ ကဲ ... ပြောစမ်းပါဦး သားရယ်၊ အဖေမင်းနဲ့ နေရမလားလို့"
ကျွန်တော်က ဘာတစ်ခုမျှ မပြော။
"အဖေ အလုပ်ရပြီကွဲ့၊ မင်းမေမေ အလုပ် မလုပ်ရတော့ဘူး။ အဖေဒီမှာနေဖို့ မင်းလိုလားရဲ့လား ဟင်"
ကျွန်တော် က သူ့ကိုသာ ကြည့်နေမိသည်။ စကားတော့ တစ်ခွန်းမျှ ထွက်မလာ။ သူ ဘာကို ဆိုလိုသည်ကို စဉ်းစား နားလည် မိပါသည်။ သူ့စကားမှာ ခဏပန်းသာ ဖြစ်ကြောင်း သိပါသည်။ ကျွန်တော်ကမူ လဲလျောင်းနှင့်ပင် တွေးမိပါသည်။ ဒီမှာ အဘိုးကြီး ခင်ဗျား ဒီမှာ လာနေမယ်ဆိုရင် ကျွန်တော် တခြား ထွက်သွားတော့မှာပဲ၊ ခုချိန်မှာ အဖေ့ကို ကျွန်တော် မလိုချင်ဘူးအဖေ၊ တခြား ကောင်လေးတွေ ကျွန်တော့်နောက် လိုက်ပြီး ရန်စတဲ့အခါတွေ၊ ကျွန်တော့် ငွေစက္ကူလေးတွေကို လူကြီးတွေက လိမ်ယူတဲ့ အခါတွေ၊ ၇နာရီ ဒေါင်ခနဲထိုးတာနဲ့ အိမ်ပြန်ရောက်နေကြ "ဘူး"တို့ အဖေ အိမ်ပြန်ချိန်မျိုးတွေမှာမှ အဖေ့ကို ရှိနေစေချင် ပါတယ်။

"စီလီ၊ ဒီကောင်လေး ဘာဖြစ်နေသလဲ မသိဘူး"
"သူ့အတွက် မပူပါနဲ့ ပရက်စ်ကြီးရယ်။ ဒီကောင်းလေးက ခေါင်းမာချင်တယ်"
ဒီတစ်ခုတော့ ကျွန်တော် စိတ်မကောင်းလှပါ၊ မေမေသည် ကျွန်တော့်အပေါ်ထားသော မေတ္တာ အားလုံး ကို မေ့ပျောက်ကာ သူ့ယောက်ျား စိတ်ပြေငြိမ်းစေရေးအတွက် အသုံးပြုပစ်ခဲ့ချေပြီ။
"အေး ... ဒီကောင် ခေါင်းနည်းနည်းမာတယ်ကွ၊ စီလီရေ၊ သောက်စရာလေး ဘာလေးများ မရှိဘူး လားဟေ့"
ဝီစကီ ပုလင်း ယူလာသည်။ သူက ပုလင်းလိုက် မော့ချလိုက်သည်။

ကျွန်တော် ကတော့ အ၀တ်အစားလဲလှယ်ပြိး အပြင်ထွက်ကစားတော့သည်။ သို့သော် နာရီဝက် လောက် တစ်ခါတော့ အိမ်ပြန်လာပြီး အဖေ ရှိမရှိ လာပြန်ကြည့်ရတာကလည်း အမော၊ တစ်ကြိမ် တွင် "ဘူး" ကိုပါ ခေါ်လာပြီး အဖေ့ ကို ချောင်းကြည့်ခိုင်းသည်။
"အဲဒါ ငါ့အဖေပေါ့ ကွ ဘူးရဲ့၊ ငါ့အဖေက သိပ်ချမ်းသာတယ်နော်။ သူ့အိတ်ကပ်ထဲမှာဆို ပိုက်ဆံတွေ အပြည့်ပဲ"
"မင်းအဖေ မှာ ပိုက်ဆံ မရှိနိုင်ပါဘူးကွာ၊ မင်းတို့တောင် ဒီလောက်ဒုက္ခရောက်နေကြတာပဲ ကြည့်"
"ကဲ ... ဒါဖြင့် ငါနဲ့လိုက်စမ်း "ဘူး" ငါ မင်းကို တစ်ခု ပြဦးမှာပေါ့"
ကျွန်တော် က အဖေ့ဆီ တန်းတန်းမတ်မတ်ပင် လျှောက်သွားပြီး မော့ကြည့်လိုက်သည်။ ထို့နောက် အဖေ့ကို ကျွန်တော် ပြောလိုက်သည်။ တောင်းခံခြင်း အဓိပ္ပာယ် မဟုတ်၊ ပြောလိုက်ခြင်း သက်သက်သာ ဖြစ်သည်။

"အဖေ "ဘူး" ကို ငါးဒေါ်လာပေးလိုက်ပါ"
အဖေ အိတ်ကပ် ထဲ လက်နှိုက်ပြီး ပြန်ထုတ်လိုက်သောအခါ ပိုက်ဆံတွေ အထပ်လိုက်ပါလာတော့ သည်။ "ဘူး" မျက်လုံး များပင် ပြူးကျယ်လာသည်။ သူ့ဘ၀ တစ်သက်တာတွင် ထိုမျှ များပြား သော ငွေစက္ကူများကို တစ်ခါမျှ မြင်ဖူးပုံမပေါ်၊ ကျွန်တော် ကမူ နှစ်ဆယ်တန်၊ တစ်ဆယ်တန်၊ ငါးကျပ်တန် အထွေးလိုက်ကြီးကို ကြည့်ပြီး ဒါတွေသာ "မစ္စတာဘင်" ရဲ့ ဆိုင်ကို သွားပြီး ကြွေးစာရင်းဟောင်း ရှင်းလိုက်နိုင်ရင် သိပ်ကောင်း မှာပဲ၊ နောက်စားဖို့အတွက် ငွေပိုလေးတောင် ထပ်ဆောင်းပေးနိုင် မယ်ဟု တွေးနေမိပါသည်။
"မင်းက တကယ့်ကောင်းတဲ့ အဖေကို ရထားတာပဲကွ"
"ဘူး" က ပြောသည်။

ကျွန်တော်ကမူ တစ်နေ့လုံးကစားလိုက် အဖေရှိမရှိ ချောင်းကြည့်လိုက်နှင့် တစ်ကြိမ်တွင် သူအပြင် ထွက်ခါနီး ကျွန်တော် ဖမ်းမိလိုက်ပါသည်။ အ၀တ်အစားတွေ ၀တ်ပြီး သားရေအိတ် အညိုကြီးကို ဆွဲလျက် အပြင်ထွက်မည့် ဆဲဆဲ ဖြစ်ပါသည်။ ကျွန်တော့်ကို မြင်တော့မှ အိတ်ကြီးကို ပြန်ချလိုက် ပါသည်။ ကျွန်တော်က အိမ်ထဲ ၀င်လိုက်ပါသည်။ သူအမေ့ကို ပြောနေသည့် စကားများကိုလည်း ကြားရပါသည်။ အိမ်မှာပဲ နေမည်။ အလုပ် ရှာမည်။ တခြား မိန်းမတွေနှင့် ကွာရှင်းပစ်မည်။ အမေ့ကို ညကလပ်တွေ အားလုံး ခေါ်သွားမည်။ လူဖြူတွေ အိမ်မှာ နောက်ထပ် အလုပ်လျှောက်စရာ မလိုတော့။
"မင်းကို ပြောသားဘဲ၊ လူဖြူတွေ အိမ်မှာ အလုပ်လုပ်ရတာ ပင်ပန်းပါတယ်လို့၊ နောက်ပြီး ကလေး တွေချည်း အိမ်မှာ ပစ်ထားတာ ငါမကြိုက်ပါဘူး" "တကယ်ပြောတာလား ပရက်စ်ရယ်၊ ရှင် တကယ်ပဲ ပြောတာလား ဟင်"
"တကယ်ပေါ့ စီလီရယ်"

လိမ္မော်သီးသေတ္တာ ကုလားထိုင်ပေါ်မှ အမေ မတ်တပ်ထရပ်လိုက်ပြီး အဖေ့ မျက်နှာပေါ်သို့ လက်များဖြင့် ပွတ်သပ်ကာ နမ်းရှုံ့လိုက်ပါသည်။
ကျွန်တော် က သူတို့ဆီသွားပြီး "ခင်ဗျားရဲ့ လက်အစုတ်အပြတ်ကြီးနဲ့ ကျွန်တော့်အမေကို ဖက်မနေ ပါနဲ့၊ ခု ... လွှတ်လိုက်ပါ" အဖေက ကျွန်တော့်ကို ရိုက်ချလိုက်သည်။ သူ့ခါးပတ်ကို ချွတ်ပြီး ကျွန်တော့်ကျောကို ကန့်လန့် ဖြတ်ပင် လွှဲရိုက်လေသည်။ အဖေရိုက်ချိန်တွင် အမေက သူ့ပေါင်ခွင်ပေါ်တွင် ကျွန်တော့်ကို တင်ထားသည်။ "ဟား ... ခွေးမျိုး အယုတ်တမာကောင်လေး၊ ငါဒီလောက်ရိုက်တာတောင်မှ သူမငိုဘူးလေ၊ ကြည့်စမ်း ၀ီလီ"
အမေက ကျွန်တော့်ကို အိပ်ခန်းထဲ လိုက်ပို့ပြီး တိုးတိုးလေး ပြောပါသည်။ "မင်းအဖေ စိတ်ပြေ အောင် လုပ်ပါကွယ်နော် သားလေး မေမေ့အတွက် ဒါလေးကိုတော့ လုပ်ပေးစမ်းပါနော်"
"သူဒီရောက်လာတာ ကျွန်တော့်ကြောင့်ပါ မေမေ၊ သူပြန်လာအောင် ကျွန်တော် ဘုရားသခင် ဆီမှာ ဆုတောင်းပေး တဲ့ကောင်ပါ မေမေရယ်"
"ဟုတ်ပါတယ် သားရယ်" "ထိုညတွင် အဖေသည် အမေ့ကို ရိုက်နှက်ပါသည်။

အမေ က တစ်အိမ်လုံးအနှံ့လျှောက်ပြေးသည်ကိုပင် လိုက်ရိုက်ပါသည်။ ခါးပတ်ကြီး ရမ်းရမ်းပြီး လွှဲရိုက်ပါသည်။ လည်ပင်းလိုက်ညှစ်ပါသည်။ အယုတ္တ အနတ္တ စကားလုံးများဖြင့် ဆဲရေးတိုင်းထွာ ပါသည်။ ခြေနှင့်ကန်၊ လက်သီးနှင့် ထိုးပါသည်။ သူတွေ့ခဲ့ ကြုံခဲ့ဖူးသော မိန်းမများအကြောင်း ပြောပြပြီး စိတ်ညှဉ်းပန်းပါသည်။
"နင့်ကိုယ်နင် သိပ်တော်တယ် ထင်သလားဟဲ့ ခွေးစုတ်မ"

ခါးပတ်ဖြင့် ကျောပြင်ကို ဖြတ်ရိုက်ရင်း ပြောပြန်သည်။ အမေသည် စားပွဲခုံပေါ်သို့ ပစ်ကျသွား သည်။ လူဖြူတွေဆီ က ရထားသော မီးခွက်ကလေးပေါ်သို့ လဲကျသွားသည်။ အောက်ကျသွား သော မီးခွက်ကလေးကို ကုန်းကောက်စဉ် အမေ့တင်ပါးကို သူက ဆေင့်ကန်လိုက်ရာ သမံတလင်း ပေါ်သို့ အမေ့ခမျာ မှောက်ခုံ ကျသွား ရှာပါသည်။ အမေကမူ မျက်နှာအပ်ပြီး မှောက်လျက် အနေ အထားက မထနိုင်ဘဲ ရှိုက်၍သာ နေရှာပါသည်။
"နင်နဲ့အတူတူ လမ်းတွဲလျှောက်ရတိုင်း ငါ စိတ်မချမ်းသာဘူး" လဲနေသော အမေ့ခါး ကို ခြေနှင့် ကန်းရင် ပြောပြန်သည်။ "နင့်နှုတ်ဆက် တဲ့ လူတွေက ငါ့ကိုမြင်ရင် ကြည့်ကြတဲ့ပုံက ငါက အမှိုက် သရိုက် ကျနေတာ ပဲ"
အမေ့ဆံပင်များ ကို ဆောင့်ဆွဲလိုက်ပြီး ဒူးထောက်ခိုင်းပါသည်။ အမေကမူ သူ့ကို မော့ကြည့်၍သာ နေပါသည်။ မျက်ရည် များက ပါးပြင်ပေါ်တွင် လိမ့်ဆင်းနေသည်။ ပါးတစ်ချက် ရိုက်လိုက်သည်။ မျက်နှာပြင်ကို ကန့်လန့်ဖြတ် ရိုက်ချ လိုက်သည်။

"ငါ့မှာ ခွေးယုတ်မတွေ အများကြီး ရှိတယ် သိလား။ နင်တစ်ခါမှ မမြင်ဘူးတဲ့ မိန်းမစားတွေ။ သူတို့နဲ့ ပရက်စ်ကြီး နဲ့အတူတူ လမ်းလျှောက်သွားရင် ဂုဏ်ယူဝင့်ကြွားစရာကို ဖြစ်နေတယ်"
ပါးတစ်ချက် ရိုက်ချလိုက်သည်။ မျက်နှာအပ်ပြီး လဲကျသွားပြန်သည်။
"ဟဲ့ ခွေးမ၊ မတ်တပ်ရပ်လိုက်စမ်း" အမေက ဖြည်းညှင်းစွာပင် မတ်တပ်ရပ်လိုက်ပါသည်။
အမေ က အိမ်ရှေ့ခန်းထဲသို့ ထွက်ပြေးသည်။ ပြီး၊ နောက်ဖေးခန်းသို့ ၀င်ပြေး လိုက်ရပြန်သည်။ သူကမူ ခါးပတ် ကို ပြန်ဆွဲ ထုတ်လိုက်ပြီး လိုက်ရိုက်ပြန်သည်။ အမေ့ ခမျာ ကုလားထိုင် စားပွဲများ ကို လျှောက် ပတ်ပြီး ပြေးနေရသည်။ ကုလားထိုင် စားပွဲများ အလဲလဲ အပြိုပြို ဖြစ်ကုန်ရသည်။ ခြေထောက်နှင့် လိုက်ကန် သည်။ ခုံပေါ်လဲ ကျသည်။ နံရံနှင့် ၀င်ဆောင့်မိသည်။

"နင် ရစ်ချတ်ကို ဘာတွေ သင်ပေးထားသလဲဟင်။ ဟဲ့ ခွေးမ ပြောစမ်း။ နင်ဘာတွေ သင်ပေးပေး ကလေးတွေက သူ့အဖေရင်း ခေါက်ခေါက်ကို ကလန်ကဆန် လုပ်ကြရမှာလားဟဲ့"
အမေ ကမူ ဘာတစ်ခွန်းမှ မပြောပါ။ ငို၍သာ ရှိုက်၍သာ နေပါသည်။ မတ်တပ် ခိုင်ခိုင်ရပ်နိုင်အောင် သာ ကြိုးစားနေရှာ ပါသည်။ သိပ်နာနာ အရိုက်မခံရအောင်သာ သတိထားနေရှာပါသည်။ သို့သော် သူ့လက်သီး ကိုလည်းကောင်း၊ သူ့ခါးပတ်ကိုလည်းကောင်း၊ မရိုက်ရန် မကာကွယ်ပါ။ လက်သီးတွေ၊ ခါးပတ်တွေ သူ့ရှေ့ဝဲ လာလျှင် မျက်စိသာ စုံမှိတ်ထားလိုက်သည်။ ထွက်ပြေးဖိုတော့ မကြိုးစားလို တော့။ ကလေးတွေကတော့ ငိုနေကြ သည်။ ရော်နယ်နှင့် ပေါလင်းတို့မှာ တစ်ယောက်နှင့် တစ်ယောက် ဖက်ထားကြသည်။

"ဒေါ်လော်ရက်စ်" ကမူ မျက်နှာကို လက်ဝါးနှင့် အုပ်ထားသည်။ "ဂါလင်" နှင့်  "ပရက်စလေ" တို့မှာမူ သေလုမျောပါး ကြော်ကနေကြရှာသည်။ ကျွန်တော်ကမူ အမေ့ကို ရိုက်တာ၊ ဆဲတာတွေ ကို သေသေချာချာပင် ကြည့်နေမိသည်။ အဖေပြောသော စကား များမှာ အမေက ကျွန်တော့်မေတ္တာ ကို မေ့ထားပြီး ကျွန်တော့်ကို ခေါင်းမာတဲ့ ကောင်လေးဟု ဆိုသောအခါ၌ ကျွန်တော်ပြန်ပြောလိုသော စကာများ ချည့်သာ ဖြစ်ပါသည်။ အဖေ က အမေ့ကို သမံတလင်းပေါ်တွင်ပင် ပစ်ထားခဲ့ပြီး ကျွန်တော့်ဘက် လှည့်လာကာ ကျွန်တော့်မျက်နှာ ကို ခပ်ပြင်းပြင်း လွှဲရိုက်ပါသည်။ သူ့ရိုက်ချက်မှာ ပြင်းလွန်းသဖြင့် ကျွန်တော်သည် နံရံဆီသို့ လွင့်ထွက် သွားပြီး နံရံတွင် ချိတ်ထားသော ရုပ်ပုံကားများပင် ချိတ်များမှာ ပြုတ်ထွက်ကျလာပါသည်။ ရုပ်ပုံ တစ်ခုမှာ ယေရှုသခင်၏ ရုပ်ပုံ နောက်တစ်ခု မှာ ပညတ်တော် ဆယ်ပါး။

မီးဖိုချောင်ထဲ ရောက်သောအခါ "ပရက်စ်ကြီး" က ငိုပြီး အမေ့ကို နမ်းနေပါသည်။ သူ့ကို ခွင့်လွှတ် ဖို့ပြောပြီး၊ သူ ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ဖို့ ဘယ်လောက် ကြိုးစားခဲ့ပုံ၊ တခြားမိန်းမတွေကို စွန့်လွှတ်ခဲ့ပုံနှင့် အလုပ်ရှာခဲ့ပုံများကို ပြောပြနေပါသည်။
အမေကလည်း တွင်တွင်သာ ပြောနေပါသည်။
"မဟုတ်ပါဘူး ပရက်စ်ကြီးရယ်၊ ဒါတွေအားလုံး ကျွန်မအပြစ်ချည်းပါ။ ကျွန်မ အပြစ်ချည်းပါ။ ကျွန်တော် စကားပြောမတတ်လို့ပါ။ ကလေးတွေအဖို့လည်း အဖေလာတုန်း အခိုက်အတန့်လေး မှာ ဒုက္ခ သုက္ခတွေ မေ့ပြီး ပျော်ပျော်ပါးပါး နားနားနေနေ ရှိနေချင်ကြတာချည်းပါပဲ"

ကျွန်တော်ကမူ မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ လျှောက်ခဲ့ပါသည်။ "ပရက်စက်ကြီး" သည် စားပွဲပေါ်မှာ ထိုင်ပြီး မျက်နှာကို လက်ဝါးနှင့် အုပ်ထားပါသည်။ အမေကမူ မတ်တပ်ရပ်ပြီး သူ့ခေါင်း ကို ပွတ်သပ်ပေးနေ ပါသည်။ သူတို့ နှစ်ယောက်စလုံးပင် ငိုနေကြပါသည်။ ကျွန်တော်က နံရံတွင် ချိတ်ထားသော လက်ကိုင်အမဲနှင့် သားလှီးဓားကြီးကို ဖြုတ်ပြီး သူ့ခေါင်းပေါ် လွဲခုတ်ချလိုက်ပါ သည်။ အရက်ဆိုင်တွင် ဓါးဖြင့် လွှဲလွှဲခုတ်ကြသည် ကို မြင်ဖူးဖန်များ၍ ဘယ်လို ခုတ်ဖြတ်ရမည်ကို ကျွန်တော်သိပြီး ဖြစ်ပါသည်။ သူ့ခေါင်းဆီသို့ သေသေချာချာပင် လွှဲခုတ် လိုက်ပါသည်။ မကောင်းသော အဖေကို မုန်းတီးကြသော ကလေးများအားလုံးကိုယ်စား ကျွန်တော် လွှဲခုတ် လိုက် ပါသည်။
အမေက ကျွန်တော့် လက်ကောက်ဝတ်ကို သူ့လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး လိမ်ချိုးကာ ဓားကို အောက်သို့ လွှတ်ချ ပစ်လိုက်ပါသည်။

"ပရက်စ်ကြီး" ကမူ တကယ့်ကို ဖြည်းညှင်းစွာ မော့ကြည့်ပါသည်။ သူ့သားအရင်းခေါက်ခေါက်၏ မျက်လုံးများကို သူကြည့်ပြီး လူသတ်မည့် အဓိပ္ပာယ်ကို နားလည်သွားရသော လူတစ်ယောက်အဖို့ ထိုအချိန်သည် ငရဲပင် ဖြစ်မည် ကို ကျွန်တော် စဉ်းစားမိပါသည်။
"ငါအခုပဲ သွားတော့မယ် စီလီ" သူက နူးညံ့သိမ်မွေ့စွာပင် ပြောနေသည်။ "မင်းက လွှတ်ပေးလိုက် ရင် ပြီးရော။ သူ ငါ့ကိုသတ်ပါစေလေ။ ငါက တစ်ခါမှ ကောင်းခဲ့ဖူးတဲ့ လူမှ မဟုတ်တာ။ မင်းအပေါ် ရော သူ့အပေါ်မှာငါ ငါ တစ်ခါ မှ မကောင်းခဲ့ဘူး။ ငါသေချင်တယ်ကွာ"
သူ မတ်တပ်ရပ်လိုက်သည်။

"ရစ်ချတ်ကို မရိုက်နဲ့နော်။ မရိုက်နဲ့ စီလီ။ ငါဘာတွေ လုပ်ခဲ့တယ်ဆိုတာ ငါသိတယ်ကွယ်"
"မဟုတ်ပါဘူး ပရက်စ်ကြီးရယ်၊ သူက ဘာအဓိပ္ပာယ်နဲ့မှ လုပ်တာ မဟုတ်ပါဘူး။ ရှင်သိသားပဲ။ ရစ်ချတ်က မိုက်မဲတယ် ဆိုတာ" အမေ့ခြေထောက်များကို ကန်ချလိုက်ပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ အမေသည် လဲကျ နေရာမှ ကြမ်းပြင်ပေါ်တွင် လျောတိုက်သွားပြီး မင်းတုံးကို လက်နှင့်သွားဆုပ်ထားသည်။
"မသွားပါနဲ့ အဖေ ရယ်၊ မသွားပါနဲ့ အဖေရယ်၊ အဖေ ..."
ကလေးများ ၀ိုင်းအော်ကြသည်။

ကျွန်တော်ကမူ သူ့နောက်မှ ကပ်လိုက်သွားသည်။ သူကမူ ကျွန်တော့်ကို မမြင်။ သူ့ခေါင်းမှာ စိုက်ကျနေသည်။ သူ့ကြည့်ရပုံ မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ပြစ်မှုကြီးကို ကျူးလွန်ခဲ့ပြီးသည့် တရားခံ တစ်ယောက် ပမာ ဖြစ်နေသည်။ အရက်ဆိုင်ထဲ ၀င်သွားသည်အထိ သူ့ခေါင်းမှာ ပြန်မမတ်နိုင်သေး။ ကျွန်တော်ကမူ သူ့နောက် မှ လိုက်သွားပြီး သူမမြင်နိုင်သည့် တံခါးနောက်ဘက် နားမှနေ၍ စောင့်ကြည့်နေသည်။ သူကမူ ရက်ဆိုင်ထဲတွင် ထိုင်နေသည့် မိန်းမ တစ်ဦးဆီသို့ ရှေ့ရှု သွားနေသည်။ ထိုမိန်းမမှာ စီးကရက်ဖွာနေပြီး သူ့ဒေါက်မြင့်ဖိနပ်ဖြင့် တဒေါက်ဒေါက်နေအောင် စည်းချက်ကျကျ ဆောင့်နေသည်။

"ရှင်ဘယ်ရောက်နေတာလဲ ပရက်စ်ကြီး။ ကျွန်မ ရှင့်ကို စောင့်နေတာ အတော်ကြာလှပြီ"
"ပါးစပ်ကြမ်း တဲ့ ခွေးသားအုပ်မ တစ်ကောင်ကို ရိုက်နေလို့ပါ မော်လီရယ်၊ ဒါပေမဲ့ အဲဒီမှာ ရစ်ချတ် ဆိုတဲ့ ခေါင်းအတော်မာ တဲ့ ကောင်လေးတစ်ယောက်ကတော့ ငါ ဘယ်လိုရိုက်ရိုက် နည်းနည်းလေး မှ မငိုဘူးကွ" "ကျွန်မဖြင့် စောင့်လိုက်ရတာ တစ်နေ့လုံး။ ရှင့်မှာ ဒီလို ခွေးလေးတွေ ရှိတာ အစက ပြောမထားဘူး။ ဒါပေမဲ့လည်း ရှင်သိချင်မှ သိမှာပါ။ ဒါလေးတွေက ရှင့်ပစ္စည်းတွေပဲလား၊ တစ်ခြား တစ်ယောက်ရဲ့ ပစ္စည်း"
"ပါးစပ် ပိတ်ထားစမ်း မော်လီ၊ ငါ့မိန်းမ စီလီ က မိန်းမကောင်းပါ၊ နင့်လို အပျက်မ မဟုတ်ဘူးကွ"
"သြော် ... ရှင်မရှိတုန်း ဘယ်သူက လုပ်ကျွေးနေတယ်ဆိုတာ ရှင် ..." ထိုမိန်းမကို ခွေးခြေပေါ်က တွန်းချလိုက် ပါသည်။

သူ့လက်ကြီးနှင့် တစ်ခါလွှဲရိုက်လိုက်သည်မှာ စီးကရက် တစ်ဖက်က လွတ်ကျသွားပြီး တစ်ဖက်က ဖိနပ်မှာလည်း လွင့်စင်၍ ပင် သွားကာ မျက်နှာအပ်လျက် လဲကျသွားရသည်။ ထိုညတွင် အဖေ၏ အကောင်းဆုံးလက်ရာများကို ကျွန်တော် တွေ့ခဲ့ ရပါသည်။ လူနှစ်ယောက်မှာ စားပွဲခုံများဆီမှ ထလာကာ အဖေ့ဆီ လျှောက်လာကြသည်။ အဖေ က ခေါင်းတစ်ချက်လှည့်လိုက်ပြီး ဟား တိုက်ရယ်ချလိုက်ကာ ခွေးမ ၏ ကိုယ်ပေါ်တွင် ရပ်လိုက်ပြီး လက်က အိတ်ထဲ နှိုက် လိုက်ပါသည်။ လက်ထုတ်လိုက်တော့ သင်တုန်းဓား တစ်လက်ပါလာသည်။
"ကဲ ... ဒီခွေးမ ကို ကယ်ချင်တဲ့ ဘယ်မအေ ... မဆို၊ မိုက်ရင်လာခဲ့ကြစမ်းကွာ၊ ကြားကြရဲ့လား"
မည်သူမျှ မလှုပ်ကြတော့။

သူ ဆိုင်ထဲမှ ထွက်ခဲ့သည်။ အရပ်ဆယ်ပေ မြင့်သူ ကျွန်တော့် အဖေလေ။ ကျွန်တော်က လဲနေ သော မိန်းမကို သွားထူ လိုက်သည်။ သူက ကျွန်တော့်ကို တွန်းပစ်လိုက်သည်။ "ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ် အစ်မကြီးရယ်" သူက ကျွန်တော့် မျက်ခွက် ကို တံတွေးဖြင့် ပက်ခနဲ ထွေးလိုက်သည်။ "ပရက်စ်ကြီး"ရဲ့ သားမှန်း သူမသိရှာလေဘူးထင်ရဲ့။
ကျွန်တော်ကမူ အဖေလျှောက်သွားသည်ကိုပင် မျှော်ကြည့်နေမိသည်။ ခေါင်းမော့လျက်၊ လက်ယမ်းလျက်၊ ပရက်စ်ကြီး ပြည်တန်ဆာတွေ၊ ခွေးမတွေနှင့် ရောထွေးနေသော တကယ့် လူဆိုးကြီး လမ်းမတွေပေါ်မှာ "ရှင့်ကို ကျွန်မ သိပ်ချစ်တာပဲ" ဟူသော အသံမျိုးကို သူကြားရမည်။

သို့သော် သူ့ရင်သွေးများထံမှကား မဟုတ်။ သူ့ရင်သွေးများ ကြီးပြင်လာသည်ကိုကား သူမတွေ့ရ။ သူတို့ အဖေကြီး အိပ်နေ သဖြင့် ကလေးများက အသံမကြားအောင် ၀မ်းလျားထိုးပြီး ခုတင်ပေါ် အသာတက် အိပ်ကြပုံမျိုး ကို သူမကြုံရ၊ သူ ကျွန်တော့်ဘ၀ အတွေ့အကြုံမျိုးများနှင့်လည်း လွဲခဲ့ရ သည်။ သမီးကလေးသည် သူ့လက်ချောင်း ကို ကျွန်တော့်ပါးစပ်ထဲ ထိုးထည့်ပေးသည်။ သူ့ဖခင် သည် သူ့လက်ကို မကိုက်မှန်း သူသိသည်။ ဖခင်၏ ထိုခံစားမှုမျိုး သူမသိ။ သားကလေးက ကျွန်တော့်ကို လေထဲ မြှောက်ပစ်လိုက်စမ်းပါဖေဖေ" ဟု ပြောမည်။ ကလေး က သိသည်။ သူ့ဖခင် သည် သူ့ကို ပြန်မကျအောင် မုချ ဖမ်းမည်ဆိုသည်ကို။

"ပရက်စ်ကြီး"ကား အထီးကျန်၊ ကုတင်ပေါ်တွင် ငေါင်စင်းစင်းနှင့် တစ်ယောက်တည်း နိုးထခဲ့ရ ပေါင်းများခဲ့ပြီ။ သူ့မှာ ရှိသမျှ ငွေတွေကို ကြေးစားမတွေအား ပေးခဲ့သည်။ မေတ္တာကား မရခဲ့။ သို့သော် ... သူ့ရင်သွေးရင်း တစ်ယောက်ယောက် က ပြေးထွက်လာပြီး "ဖေဖေ့ကို ကျွန်တော် သိပ်ချစ်တာပဲ" ဟူသော စကားမျိုးကို သူမကြားခဲ့ရ။
လောက တွင် အမေကောင်တစ်ယောက်ရပြီး အဖေဆိုးတစ်ယောက် ရသည်မှာ ကံမကောင်းလှ။ သို့သော် နည်းနည်းတော့ ခံသာသေးလှ၏။ သို့သော် ... အမေ့စကားသံ များကိုလည်း နားငြီးလှပါ ပြီ။ ဘုရားသခင် စောင်မတော် မူပါ။ တပည့်တော်အတွက် အိမ်ငှားခလေး ရစေဖို့အတွက် ဘုရား သခင် လျှပ်စစ်မီး ထပ်ထွန်းနိုင်အောင် ကယ်မတော် မူပါ။ ဘုရားသခင် စားခွက်တွေ ဖြည့်ပေးတော်မူ ပါ။ ဒီအလုပ်မျိုးတွေသည် ဘုရားသခင် ၏ အလုပ်မဟုတ်ဟု ကျွန်တော်ထင်ပါသည်။

အဖေကား ကျွန်တော်တို့ကို ထားရစ်ခဲ့ပါသည်။ အေးစက်လှသော ဆောင်းရက်များ၊ ပူပြင်းသော နွေရာသီများ၊ ပိုက်ဆံ မရှိသော ပွဲတော်ရက်များ၊ ခြင်းတောင်းထဲ ဘာတစ်ခုမှ ပါမလာသော ပစ်ကနစ်ပွဲများကို ကျွန်တော်တို့ ရင်ဆိုင် ဖို့ရာ ထားရစ်ခဲ့ပါသည်။ သူ ထိုကဲ့သို့ လုပ်ရက်ခဲ့၍ပင် တစ်နှစ်တွင် တနင်္ဂနွေတစ်ရက်သာကျသော "အဖေနေ့" တွင်ပင် ကျွန်တော်တို့ ဘုရားကျောင်းသို့ မသွားဖြစ်ခဲ့ကြရပါ။

တကယ်တော့ ကျွန်တော် ဓားဖြင့် သူ့ကို လွှဲမခုတ်သင့်ပါ။ ဒူးထောက်ပြီး သူ့ရှေ့တွင် ငိုပြဖို့သာ သင့်ပါသည်။ ကမ္ဘာပေါ်ရှိ မည်သည့်ကလေးငယ်မျှ၊ မည်သည့်မိန်းမ မျှ မကောင်းသောဖခင်ကို လက်ကလေးမျှ ပင် မရွယ်သင့် ပါ။ ဆိုရိုးတစ်ခုတော့ ရှိပါသည်။ "မိမိအိမ်ထောင် ကို မိမိ ဖျက်ဆီး ပစ်သူသည် လေဒဏ်ကိုကား အမွေခံ ရပေမည်။
ထိုညအိမ်သို့ ပြန်လာသောအခါ တံခါးဂျက်မချထားပါ။ အိမ်ရှေ့ခန်းလည်း မီးထွန်းထားပါသည်။ အမေသည် ထိုနေ့ တစ်ညလုံး ထိုင်နေပါသည်။ ပြတင်းပေါက်မှ တဆင့် မျှော်နေရှာပါသည်။ သည်လိုပင် နောက်ထပ် သုံးလေးလ လုံးလုံး ပြတင်းပေါက်မျှမျှော်ရင်း၊ ထိုင်စောင့်ရင်း၊ ရေဒီယိုမှ မှုခင်းသတင်းများကို နားထောင် ရင်း နေတတ်ပါသည်။ မနက်လင်းတော့ တစ်ရေးလေးမျှပင် မအိပ်ရှာ အလုပ်ကို တန်းသွားပါသည်။

တစ်ခါတစ်ရံ ကား ကျွန်တော်လည်း သူနှင့်ပင် ထိုင်စောင့်ကာ ရေဒီယို နားထောင်တတ် ပါ သည်။ ပြတင်းပေါက်မှ မျှော်ကြည့်တတ်ပါသည်။ အဖေ့ ကို သူစောင့်နေသည်ကို ကျွန်တော်က လုံးလုံး မသိဟု သူယုံကြည် လာအောင် လည်း ကျွန်တော် ဟန်ဆောင်ကြိုးစားပြီး နေခဲ့ရပါသည်။

ဆက်ရန်
.

No comments: