"မောင်လေးတို့၊ အခု ဘယ်ကိုပြန်မှာတုံး"
"မန်ကျည်းပင်ပု" မောင်ဆေးရိုးသည် ဦးဘဒင် မောင်ဖိုးအိတို့နှင့် နှုတ်ဆက်အပြီးတွင် ငထွန်းကား ထွက် လာသော အခါ လှည်း ကို တန်းမောင်းရန်အတွက် အသင့်ထွက်ထား၏။ ထိုအပေါ်သို့ မယ်အေးရှင် ရောက်နေ ၏။ တစ်ခဏ အတွင်း ခွဲခွာရမည့်သူမို့ ခွင့်လွှတ်သည်းခံရငြား၊ မောင်ဆေးရိုး လျှာယားနေ၏။
"ခင်ဗျားလောက် အရှက်နည်း သဲ့မိန်းမ။ တစ်သက် မတွေ့ဖူးဘူးဗျာ" ကို ဆက်ဖတ်ရန်.....
(၃)
မောင်ဆေးရိုး ညီအစ်ကို၏ လှည်းသည် မဲဇလီမြောင်းဘေးမှ မြှောင်လျက် မောင်းနှင်လာ၏။ လူ ကလည်း နှစ်ယောက်တည်း ပါသည်။ ၀န်စည်စလယ်လည်း မပါသည့်အတွက် နွားနှစ်ကောင် ခြေသွက်၏။ လှည်းဝင်ရိုးသံကလည်း လေးလေးတွဲ့တွဲ့ မဟုတ်။ "ညီလေးရေ ရိုက်မောင်းပါဟ"
"အစ်ကို့လမ်း ကမှ မကောင်းသာ၊ ရိုက်မောင်းလည်း နွားနာသာပဲ အဖတ်တင်မှာပေါ့ဗျာ"
ငထွန်း ကား ထပ်မပြောတော့ပေ။ ညီငယ်မောင်ဆေးရိုးသည် သူ့နွားများအကြောင်းကို ငထွန်းကား ထက် ပို သိလိမ့်မည်။ မြောင်းသစ်တွင် လယ်သစ်များ ၀န်းရံနေ၏။ အချို့နေရာတွင် ယခုမှ တောရှင်းနေ၏။ အချို့နေရာ မှာသော်ကား ယခုမှ လယ်ကြားမြောင်း ဖော်နေသည်။
"ဒွေးနှစ်ဖော်သံဝါညှိစဉ်က တန်ပါဘိရယ်တဲ့ မဘို့မယ်"
တေးဟစ်သံအရပ်သို့ ငထွန်းကား လှမ်းကြည့်၏။ လယ်ထွန်ယောက်ျား ဖြစ်တန်ရာ၏။
"အသံကောင်းသကွ။ မဟုတ်ကာမှလွဲရော၊ ဇာတ်နားတုန်းမှာ ဆင်းပြီး ထွန်ကိုင်နေတဲ့ မင်းသားများ လားဟ"
ငထွန်းကား၏ စကားကို မောင်ဆေးရိုး မတုံ့ပြန်တတ်။ ၀န်းကျင်ပတ်ချာကား လယ်သမားတို့၏ တေးသံများ ငှက်သံ များဖြင့် စည်ကားနေ၏။ ရှေးအခါက ရေမြောင်းတစ်မြောင်း ဖောက်ပြီဆိုလျှင် သည်မြောင်းနှယ် မဖြောင့် တန်း။ သည်မြောင်းနှယ်လည်း မရှည်လျား။
ယခုမြောင်းကား ဖြောင့်တန်းသည်။ တောင်ဘက်မြောင်းပေါင် သို့မဟုတ် အရှေ့ဘက် မြောင်းပေါင် များသည် ညီညွတ်ပြေပြစ် ၏။ နွားလှည်းမမောင်းရ။ ကျွဲ၊ နွား၊ ဆိတ်၊ သိုး မတက်ရ။ တက်ခဲ့သော် ဒဏ်ငွေ ခွာတစ်လုံး တစ်မတ်။ သည်မျှသာမကသေး။ အင်္ဂတေကိုင်ထားသော ၀ါတာကွပ်တွေ ကလည်း ခဲတစ်ပစ်၊ တစ်ခု။
တစ်ဖက်မြောင်းပေါင် က ညီညာပြေပြစ်သည်နှင့်အမျှ တစ်ဖက်မြောင်းပေါင်က အကျည်းတန်လှ သည်။ မောက်ချင်သည့်နေရာ က မတန်တဆ မောက်နေသည်။ မတန်တဆ နိမ့်ရှိုင်းသည့်နေရာ လည်း ရှိသည်။ သည်သို့ မပြုပြင်ဘဲထားသော်ငြား လှည်းဘီးရာ အနက်ကြီးတွေ ရှိသည်။ ခယောင်းလမ်းထက် သာပေ သည် ကိုး။
သည်မြောင်းမျိုးကို မောင်ဆေးရိုး မြင်ဖူးသော်ငြား မရင်းနှီးပေ။ မောင်ဆေးရိုးတို့ ငထွန်းကားတို့ ရင်းနှီးသောမြောင်း မှာ သစ်ခက်ဆည်မြောင်းတွေသာ ဖြစ်၏။ မိုးကောင်းလျှင် ချောင်းရေကြီးလျှင် ရင်းကို မတား ရသော ဆည်၊ ဆင်းရဲသား ဆည်။
ယခုဆည်ကာုး ခေတ်မီဆည်။ ကျိုးမည်ပျက်မည် မစိုးရိမ်ရသော ဆည်မှလာသော မြောင်းမတော်။
"ဟေ့ ဘာရယ် မသိဘူးဟေ့"
ငထွန်းကား ၏ စကားကြောင့် ရှေ့သို့ ဆေးရိုး မျှော်ကြည့်၏။ မြောင်းပေါင်ဘေးက လမ်း။
မြောင်းပေါင်ပေါ် က လမ်းသည် မြင့်မား မတ်စောက်သောကြောင့် နွားလှည်း တစ်စင်း သည် အောက်လမ်း မှ မောင်းလာ၏။ ကင်ပွန်းခါးပင်နှင့် စောင်ချမ်းပင်များ၊ သန်း၊ ဒဟတ်၊ သနပ်ခါးပင်များ သာ ရှိသော မြေညီလွင်ပြင် ဖြစ်၏။ သို့ရာတွင် "ထူးတွင်း" တွေ ရှိတတ်သည်ကို သတိမထားမိ။
ထူးတွင် ဆိုသည်မှာ မိုးရည်စီးဝင်သည့် တွင်း ဖြစ်သည်။ တွင်းက နက်သည်ထက် နက်၊ ကျယ်သည် ထက် ကျယ် ကျယ်သော်ငြား မိုးရည်က မစို့မပို့သာ စီးဝင်၏။ ထူးတွင်ပြည့်အောင်သာ မိုးရည်စီးဝင် ရလျှင် ထူးတွင်းပြည့်ပြီး ပျောက်ကွယ်သွားမည်။
ယခုသော်ကား တစ်နှစ်သော် နည်းနည်း။ နောက်တစ်နှသစ်သော် မစို့မပို့သာ မိုးရည်ကို ရသော တွင်းကြီးသည် နေအပူကြောင့် အက်ချင်တိုင်း အက်သည်။ မိုးရွာပြန်တော့လည်း မဖြစ်ညစ်ကျယ် သာ ရွာရကား၊ ထူးတွင်း မှာ ကျယ်သည်ထက် ကျယ်ပြန့်ပြီး နက်သည်ထက် နက်လာ၏။
အချို့ ထူးတွင်း မှာ အပေါ်ယံ မျက်မြင်အားဖြင့် အရေးမထားလောက်သော ထူးတွင်းကလေး။ အတွင်းသား အောက်ခြေ တွင်ကား ကြီးမားသော လိုဏ်ခေါင်းကြီး။ အချို့ထူးတွင်သော်ကား မျက်မြင်အားဖြင့် တွင်းနက် တွင်းပြဲကြီး။
ယခု ငထွန်းကား လှမ်းမြင်သောလှည်းမှာ လမ်းကောင်းသည် ဆိုကာ ပေါ့ပေါ့တန်တန် မောင်းလာ ခိုက်တွင် ထူးတွင်း ထဲကျခြင်း ဖြစ်ဖွယ် ရှိ၏။ မောင်ဆေးရိုး လှည်းမရပ်မီ၊ ငထွန်းကားက လွှားခနဲ ခုန်ဆင်းသွားပြီ။
"ဘာဖြစ်ကြတာတုံး၊ ဘာဖြစ်တာတုံး"
အဘိုးအို တစ်ဦးနှင့် အဘွားအိုတစ်ဦး၊ မိန်းမပျိုတစ်ဦးပါသော လှည်းသည် ထူးတွင်ထဲကျခြင်း ဖြစ် သည်။ လှည်းမောင်းသူ သည် မိန်းမပျိုကလေး လည်း ဖြစ်နိုင်၏။ အဘိုးကြီး အဘွားကြီးလည်း ဖြစ်နိုင်၏။
"ကယ်တော်မူကြပါရှင်။ အမေကြီး စကားမေး မရတော့ဘူး"
လှပသော မိန်းမပျိုကလေးက သနားစဖွယ် အသံကလေးဖြင့် အကူအညီတောင်းသည်။
နွားကို ထူးတွင်းထဲမှ ဆွဲတင်ပြီးငြား၊ လှည်းမှာမူ ထူးတွင်းထဲမှာသာ ရှိသေးသည်။ လှည်းကြမ်း ဖြစ်စေ ကာမူ၊ တောင်းနှစ်လုံးကို ဖယ်လိုက်သောအခါ ငထွန်းကား တို့ ညီအစ်ကိုအားဖြင့် လှည်းကို ဆွဲတင်၍ ရပြီ။ မည်သည့်နေရာသို့ သွားကြမည်နည်း။ သည်အခါမျိုးတွင် ငထွန်းကားထက် ငဆေးရိုးက ပိုပြီး အာသွက် လျှာသွက်ရှိ၏။
"ကျုပ် တို့က မန်ကျည်းပင်ပုကို သွားမှာပါ။ ကျုပ်နှမက ဘယ်ကလာလို့ ဘယ်သွားမှာတုံး"
"ကျွန်မ တို့က စမ်းဝရွာ ဆွေမျိုးများဆီက ပြန်လာသာပါ။ ကမ်းဖြူရွာကို ပြန်လာရာမှာ၊ အိမ်ရောက်ချင်ဇော နဲ့ နွားကို ရိုက်အမောင်း မှာ အခုလို" အမယ်အို သည် သတိလစ်နေ၏။ အဘိုးအိုမှာ သတိမလစ်စေ ကာမူ ပြူးကြောင်ကြောင်ဖြစ်နေ သဖြင့် မိန်းမပျိုက ရှင်းပြသည်။
"အဲသည်တော့ လှည်းလည်း ဆွဲတင်ပြီးပြီလေ၊ သည်တိုင်း ပြန်လို့ ရ မရ စမ်းကြည့်ပေါ့။ မရရင် တို့လိုက်ပို့မယ်"
ငထွန်းကားနှင့် ဆေးရိုးတို့သည် သတိကောင်းစွာ မရသေးသော အဘွားအိုနှင့် ငေးကြောင်ကြောင် အဘိုးအိုကို လှည့်ပေါ် တင်ပေးသည်။ လှည်းတွင် နွားနှစ်ကောင် တပ်ပေးသည်။
"သည်အတိုင်းဆိုရင် ကဗျူ့ကို ရမလား"
"ရပါပြီ။ ဒါထက် မောင်ကြီးတို့က" "သူ့နာမည်ကငထွန်းကား၊မန်ကျဉ်းပင်ပုမှာနေတယ်"
"မောင်ကြီးကကော" မိန်းမပျို၏အမေးကို ငဆေးရိုး မဖြေ။"ဟဲ့နွား" ဟုအော်ပြီး မိန်းမပျို၏လှည်းမှ အလှည့်နွား ၏ နံဘေးကို ဘင်ဝါးဖြင့် ရိုက်၏။ နွားသည် လှည်းကိုအလန့်တကြား ဆွဲပြေး၏။ မိန်းမပျို လည်း ယောက်ကန်းကန်းဖြင့် လှည်းနောက် သို့ ပါသွားလေ၏။
"မင့်နာမည် မောင်ဆေးရိုး၊ ပြောလိုက်တော့ဘာဖြစ်တုံး"
ငဆေးရိုး ကို ငထွန်းကား မကြေနပ်။ သို့ကြောင့် လှည်းမြီးတွင် နောက်ပြန်ထိုင်ရင်း မြည်တွန်၏။
"မပြောချင်လို့ မပြောတာ အပြစ်လားဟ အစ်ကိုရ"
နွားနှစ်ကောင် ကို ကန်ကြိုးလှုပ်ပြီးမောင်းရာက ဆေးရိုးလှည့်မေး၏။
"မင့်နာမည်ပြောဘို့ကျတော့ နှမြောတယ်။ ငါ့နာမည်ကျတော့ ရက်ရောလိုက်တာ"
"ကောင်မလေးက လှသယ်ကွ။ မင်းများ ၀ါသနာပါမလားလို့ပါ။ ငါကအလိုက်တသိနဲ့"
"တော်စမ်း၊ မင့်စကား ကို မင့်မရီးကြားရင် အိမ်ပေါ်တောင်တက်ရမှာ မဟုတ်ဘူးဗျာ"
ငထွန်းကား မည်မျှပင် မျက်နှာထားဖြင့်ပြောစေကာမူ မောင်ဆေးရိုးကား အရယ်မပျက်ချေ။
"မင့်မိန်းမ၊ ငါ့မရီး များ အရေးလုပ်လို့ကွာ"
မောင်ဆေးရိုးသည် ထိုသို့စကားစလိုက်ရာက "ဟေ့ ဟေ့ မင်းတို့ ရေနံချောင်းပြောင်း သွားသယ်ဆိုပြီး မန်ကျဉ်းပင်ပု ကို ဘယ်လိုလုပ်ပြီး ပြန်ရောက်နေကြတာတုံးကွ" ဟု သတိတရ မေး၏။ ငထွန်းကား နှုတ်ဆွံ့နေပြီ၊ ဖြေရကောင်းနိုး မဖြေရကောင်းနိုး ဖြစ်နေသဖြင့် မောင်ဆေးရိုးက ဆက်မေး၏။ "အေးကွ၊ ရွာမှာတုန်း က အမေမေးသာ တစ်ခါ၊ အဖေမေးသာ တစ်ခါ ကြားလိုက်ရပေမဲ့ မင့်အသံ မကြားရဘူးကွ" ထိုစဉ်အခါက တုံဏှိဘာဝေ နေခဲ့သော ငထွန်းကားသည် ယခုလည်း အာစေးထည့်ထား၏။
"အေးလေ၊ မင့်မိန်းမ ငါ့မရီးကြောင့် ဖြစ်မယ်ထင်သာပဲကွ။ ထားပါလေ၊ ဘာပဲဖြစ်ဖြစ်ပေါ့"
မောင်ဆေးရိုး သည် သူ့စားကို ချေဖျက်ပစ်လိုက်၏။သူသည်သူ့မရီး မကောင်းကြောင်းကို သိစေကာမူ အစ်ကို့ဇနီး၊ မိ မိမရီး ဟူသောအသိဖြင့် လေးစားသည်။ထိုမှတစ်ဆင့် ရိုသေစိတ် ၀င်လာသည်။ ထိုအခါ သိချင်စိတ် ကို ဖျောက်ပစ်သည်။ အကြောင်းတိုက်ဆိုင်စွာပင် ရွာကို လှမ်းမြင်ရပြီဖြစ်သည်။ ထိုအခါ သိချင်စိတ် ကို ဖျောက်ပစ်သည်။
"လှမ်းမြင်နေရတဲ့ ပေပင်ကြီးဟာ ရွာလယ်ကပေါ့ကွ။ ရောက်တုန်းရောက်ခိုက် "
ငထွန်းကားသည် စကားကို ဆုံးအောင်မပြောဘဲ ခါးပိုက်ထောင့်ကို ဖြေသည်။ ခါးပိုက်ထဲ သို့ နှိုက်ကာ ကြေးပြားနှင့် ပဲစေ့ မူးစေ့ များကို မြှောက်ကြည့်၏။
"မင့်အင်္ကျီ ရွေးနိုင်သေးတယ်ကွ။ မင်းကလည်း မပြောဘူး"
"ငါ သတိရသားပဲ" သတိရရင် ပြောရောာပေါ့ကွာ။ အခုတော့ မင်းရော ငါရော ဘယ်သူမျှ အင်္ကျီမပါဘူး။ လူအထင်သေးစရာ" ထိုအခါ မောင်ဆေးရိုး ရယ်မော၏။
"အစ်ကိုရာ၊ အင်္ကျီမပါတိုင်းသာ အထင်သေးရရင် ငါတို့ တစ်ရွာလုံးမှာ အထင်ကြီးစရာ တစ်ယောက်မျှမရှိဘူး။ ငါတောင် ခရီးထွက်ခါနီးမှာ အမေက ခေါ်ပြီး စွပ်ပေးလိုက်လို့"
"ဒါဖြင့်လည်း ပိုက်ဆံတွေ ယူထား" မောင်ဆေးရိုး ခေါင်းခါရာက"မင့်မိန်းမကို ပေးဘို့ထားဦးလေ" ဟု ပြောကာ ရွာဆီသို့ မျှော်ကြည့်၏။
"မိန်းမကို ပေးတာလည်း ပေးမှာပေါ့ကွာ။ အခု မင့်ကို ပေးတာက အင်္ကျီဖိုးဟ၊ ညီလေးရ။ အင်္ကျီ လည်း မပါ၊ အင်္ကျီဖိုးလည်း မပါရင် ကျီးဒန်က ပြောမှာ မဟုတ်ဘူး၊ အမေက ပြောမှာ"
"ပြောပြောကွာ၊ ပြောပေစေ"
သို့လျှင်ဆိုစေကာမူ ဆေးရိုးသည် ငထွန်းကားထံမှ ပိုက်ဆံများကို ၀ါးကျည်တောက်ထဲထည့်ပြီး ချိတ်ထားလိုက်လေ ၏။ ပေပင်ကြီးကို မြင်ရသဖြင့် ယခုပင် ရောက်တော့မည် ထင်ရသော ရွာသည် နောက်ထပ် ထမင်းအိုး တစ်လုံးချက်ကြာ မှ ရောက်သည်။
မန်ကျည်းပင်ပုနှင့် ရမ်းဘိုကုန်းသည် အမည်သာကွဲပြားအတူတူ ဖြစ်၏။ ရွာထဲတွင် မှီတင်းနေထိုင် သူများမှာ ဦးဖြူနှင့် ဦးနက်။ ဒေါ်ညိုနှင့် ဒေါ်နီ အမည်သာကွဲပြား သွင်ပြင်မှာ မကွဲပြားပေ။
"င့ါညီပါတယ်ဟေ့။ ထမင်းလေး ဟင်းလေး ချက်ပါဟဲ့"
ငထွန်းကားက သူ့ဇနီး မယ်ငြိမ်းစည်ကို လှမ်းပြောသံ ဖြစ်၏။
ထိုအခါ မောင်ဆေးရိုး စဉ်းစားရပြီ။ "အရင်ရက်တွေတုန်းက ထမင်းဟင်းမှ ချက်စားကြရဲ့လား"
သို့သော် မောင်ဆေးရိုး အတွေးမဆုံးပါ။ ငထွန်းကားက ဘုန်းကြီးကျောင်းနှင့် ရွာဦးဘုရားသို့ လိုက်ပို့ခြင်းကြောင့် ဖြစ် ၏။ ငထွန်းကား သည် သည်ရွာတွင် ယခင်ကလည်း နေခဲ့ဖူး၏။ ယခု လည်း နေဆဲဖြစ်ပါလျက် ခရီးပြန် ငထွန်းကားကို အယ်လဲဝမ်းသာ မလုပ်ကြပေ။ ဤသည်ကို ဆေးရိုး သတိထားမိသည်တွင် စိတ်ထဲမှာ မသက်သာ။
"တပည့်တော်ရဲ့ ညီအရင်းပါဘုရား။ မောင်ဆေးရိုးလို့ ခေါ်ပါသဘုရား။ ရမ်းဘိုကုန်းမှာ နေပါသဘုရား"
ဘုန်းကြီးကို ၀င်ရော်က၀တ်ဖြည့်ရာ၌ ငထွန်းကားက ညီအကြောင်းကို ဖော်ပြလျှောက်ထားသည်။ ဤသည်ကိုလည်း မောင်ဆေးရိုး မသင်္ကာ။ "ဘာဖြစ်လို့ ငါ့ကို ရေးကြီးခွင်ကျယ်လုပ်ရတာတုံးဟု ကျိတ်ပြီး မေးမြန်းနေမိ၏။
ဘုန်းကြီးကျောင်းမှ ထွက်လာသောအခါ မောင်ဆေးရိုးမှာ ဖိနပ်ချွတ်ခြင်း၊ ဖိနပ်သိမ်းခြင်း ရှိ၏။ ငထွန်းကားမှာ ဖိနပ် မပါ။
"အင်္ကျီမပါသာချင်း တူပေမဲ့ ဖိနပ်မပါသာကျတော့ သိသာသွားပြန်တာပါကလား"
ငထွန်းကား မည်သို့ခံစားရမည်မသိငြား၊ မောင်ဆေးရိုးကမူ ကသိကအောက်ခံစားရသည်။
"ညီအစ်ကိုပေမဲ့ မတူပါကလား"
ရမ်းဘိုကုန်းသား ဖိနပ်စီးသော်လည်း မန်ကျည်းပင်ပုသားက မစီး ဟု မောင်ဆေးရိုး မည်မျှပင် လိုရာဆွဲစေကာမူ ရွာဓလေ့ မှာမူ သည်ရွာက သာလွန်ကြောင်း မြင်ရသည်။
သူတို့ ညီအစ်ကို ဘုရားဖူးရာမှအပြန်တွင် မယ်ငြိမ်းစည် က ထမင်းပွဲပြင်ထားသည်။ အိမ်တွင် သုံးစွဲ နေကျ ဗျပ်ခွက်မှာ ပဲ့နေသည်။ ယခု ဧည့်သည် ထမင်းကျွေးရန် ငှားလာသော ဗျပ်ခွက်မှာ သစ်လွင် နေ ၏။ မောင်ဆေးရိုး ၏ တူများဖြစ်ကြသော ငကျော်နှင့် ငသော်ကလည်း ပြော၏။
"ဘထွေးလာ လို့ ဗျပ်ခွက်အသစ် မြင်ရတာဗျ။ နို့မို့ရင် ဗျပ်ခွက်အပဲ့ကြီးနဲ့ စားနေရတာ"
တူများ၏ စကားသံကလည်း အိမ်တွင် သုံးနေကျ ဗျပ်ခွက် မဟုတ်ကြောင်း ပေါ်လွင်နေသည်။ ထို့ပြင် စဥ့်ပန်းကန်၊ မြေပန်းကန်၊ ဖက်ခွက်ဖြင့်ထည့်ထားသော ဟင်းများကလည်း ၁၄-၅ခွက် ရှိသည်။ လူချင်း သိသည်ဖြစ်စေ၊ မသိ သည်ဖြစ်စေ ဧည့်သည်ကို ဧည့်ဝတ်ပြုကြသည်။
သမ္မာဒိဋ္ဌိ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များတွင် ကျေးဇူးတရားဆိုသော စကား ရှိ၏။ ခင်ပွန်းကြီး ဆယ်ပါး ဟူ၍လည်း ရှိသေး၏။ ထိုရွာသူ ထိုရွာသားမျး ပေးသော ကျွေးသော အစာကို စားပြီးသူ သည် ထိုရွာကို မည်သို့ လျှင် ကျေးစွပ်ဝံ့ပါမည်နည်း။
ရွာကို ဓားပြတိုက် ရန် လာရောက် စနည်းနာသူဖြစ်ဦး၊ ရွာကျေးဇူးခံ ကျေးဇူးစား ဖြစ်သွားပါက ကျေးစွပ်ရန် မလွယ်။ ရွာဓလေ့ ရွာယဉ်ကျေးမှု သည် သာမန်အလှမဟုတ်။ သည်းလှိုက်အူလှိုက် ၀င်ဆံ့သော အလှတရား လည်း ဖြစ်နေပြန်တော့သည်။
"ဟေ့ မရီး၊ လှည်းပေါ်မှာ ထမင်းပခြုတ်ရှိတယ်ဟ"
ထမင်းပခြုတ်ကို ပြောခြင်းသည် ထမင်းပခြုတ်ထဲသို့ ထမင်းထည့်ရန် ပြောခြင်း ဖြစ်၏။ ထမင်းပခြုတ်တွင်း ထမင်းထည့်ရန် ပြောခြင်းသည် ခရီးထွက်မည်ဟု ပြောရာရောက်၏။
"နင်မလဲဟယ်၊ ရောက်တုန်းရောက်ခိုက် နေစမ်းပါဦး"
"အမေမျှော်နေမှာဟ"
မယ်ငြိမ်းစည်သည် ထုံးစံအတိုင်း မခို့တရို့ ပြုံး၏။
"ကျီးဒန်မျှော်မှာလည်း ပြောဦးလေ"
"သူ့သားနဲ့ အလုပ်ရှုပ်နေလို့၊ ငါ့ကို မျှော်ရမှန်း သိမှာ မဟုတ်ပါဘူး မရီးရာ။ အမေလောက်လည်း အရေး မကြီးပါဘူး" ထိုအခါ မယ်ငြိမ်းစည်၏ ပြီတီတီမျက်လုံးများ တောက်ပလင်းလက်၏။
"နင်တို့ယောက်ျားတွေ အဲဒါမုန်းစရာကောင်းတာ" "အလို" မောင်ဆေးရိုးမှာ မျက်လုံးပြူးလျက် မရီး ကို မော့ကြည့်မိသည်။
"ခရီးထွက်လာတော့ အမေကလည်း မျှော်မှာပဲ။ ဇနီးကလည်း ကျတော့ "မယား မျှော်လိမ့်မယ်" မရှိဘူး။ အမြင်ကတ်စရာ" "အေး ကတ်တာမှ ကတ်ရော၊ အမေက အမေဟ။ မယားက"
"တော်ပါတော့" မယ်ငြိမ်းစည် ထအော်ငြား မောင်ဆေးရိုး အပြောမရပ်သေး။ အာတွေ့တွေ့ဖြင့် ဆက်ပြော၏။
"မယားက တစ်မယားက နှစ်မယား သုံးမယား၊ ကျွေးနိုင်ရင် ဆယ်မယား ယူလို့ရသယ်၊ အဲ အမေကျတော့ အမေသေ ရင် အမေစားမရဘူး။ အဲသာကြောင့် မိန်းမချင်း တူပေမဲ့"
"တော်တော့လို့ နင့်ကို အဲဒါကြောင့် ပြောတာပေါ့"
မယ်ငြိမ်းစည်သည် အသံမြှင့်ပြီးပြောရာ အနားသို့ တိုးလာပြီး လေသံပျော့ဖြင့် ပြော၏။
"ဒါပေမဲ့ မောင်လေးရယ်၊ အစ်မက ရမ်းဘိုကုန်းကို သည်တစ်သက် ရောက်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် မောင်လေး ကို ရောက်တုန်းရောက်ခိုက် နေစေချင်တာပါ"
သည်လိုဆိုတော့လည်း မယ်ငြိမ်းစည် သည် သနားစရာကောင်းသော အလွမ်းမင်းသမီးပုံ ဖြစ်သွား ပြန်၏။
"ဟုတ်ပါပြီလေ၊ မရီးက နေဆိုတော့လည်း တစ်ရက်တစ်လေ နေရမှာပေါ့ဗျာ။ ကိုင်း ကျေနပ်ပြီလား"
"ဟင် တစ်ရက်တစ်လေလို့ဟယ်၊ တစ်လကိုးသီတင်းနေတော့ ဘာဖြစ်သတုံး"
"ဟာဗျာ" ဟု ဆိုပြီးမှ မောင်ဆေးရိုးသည် သူ့အစ်ကို ငထွန်းကားထံ၌ မေးမြန်း၍မရခဲ့သော အကြောင်းအရာကို သတိရ၏။ "ခင်ဗျားတို့ လက်မဲကပြောင်းသွားပြီး မကြာမီမှာ ကျုပ် ရောက်သေးတယ်။ မရီးတို့ မန်ကျည်းပင်ပု ကို ပြောင်းသွားသယ်တဲ့" "မပြောချင်ပါဘူး ငါ့မောင်ရယ်၊ ၀ါးကပ်ရက်ပြီး ရောင်းမယ်လို့ ပြင်ရုံကလေးရှိသေး၊ မင့်အစ်ကို က မန်ကျည်းပင်ပု ပြောင်းမယ်ဆိုတာနဲ့ ၀ါးတွေ အရှုံးခံပြီး ရောင်းပစ်ရပါရောလား"
မယ်ငြိမ်းစည်က တို့ကာဆိတ်ကာ ရှင်းပြ၏။
"အဲသာနဲ့ ကျုပ် စဉ်းစားသဗျ။ နောက်တစ်ခေါက် လာနိုင်မှာ မဟုတ်ဘူး စဉ်းစားမိသာနဲ့ မန်ကျည်းပင်ပုကို လိုက် လာပြန်တော့ ရေနံချောင်း ပြောင်းသွားပြီတဲ့။ မြို့က အကျယ်ကြီးဆိုတော့ ကျုပ်လည်း လက်လျှော့ပြီး ပြန် သွားသာ။ အဲသည်တုန်းကကော"
မယ်ငြိမ်းစည် ငေးမောနေပြီးမှ "သြော် အင်း အင်း" ဟု မြည်တမ်း၏။ အတန်ကြာမှ စကားဆက်၏။
"မင့်အစ်ကိုလေ၊ ထန်းတက်မယ်ဆိုပြီး ရင်းဆွဲတွေမှာ ကြိုးတွေ မြူအိုးတွေ မှာပြီးမှ "ရှင်မရေ၊ ရေနံချောင်း ပုဏ္ဏားကုန်းက မိတ်ဆွေတ်စယောက်က အလုပ်ကောင်းတယ်၊ အမြန်လာ ဆိုပြီး မှာတယ်" ဆိုတာ နဲ့ ရေနံချောင်းကို ရောက်သွားတာ" "သြော် ဟုတ်လား" ဟု ဆိုရင်းက မောင်ဆေးရိုး စဉ်းစား၏။ အစ်ကို ငထွန်းကား မူ လုံးဝ နှုတ်ပိတ် သည်။ ယခုမူ တစ်စွန်းတစ်စ ကြားရသိရသည်။ သို့ကြောင့် ဆက်မေး၏။ "အစ်မ တို့ ပုဏ္ဏားကုန်း မှာ ဘာလုပ်သတုံး"
"ကိုဘငွေတဲ့ သူကမှာတာ။ သူက ဘီအိုစီမှာ ပန်းပဲသမား၊ အဲသည်က သံတိုသံစကလေးတွေ ယူလာပြီး သားလှီးဓား တို့၊ ဓားမြှောင်တို့ လုပ်တာပေါ့ကွယ်။ လိုအပ်တဲ့ ပြုတ်တူတို့၊ တံစဉ်းတို့၊ ကိုက်တို့ကို ကိုဘငွေက ရှာပေးပြီး မင့်အစ်ကို က အိမ်မှာလုပ်ရတာ။ အလုပ်ကောင်းတယ်"
"အဲဒါနဲ့များဗျာ မိုးခေါင်ခေါင် နေပူပူကို ပြန်ပြောင်းလာကြရသလား"
မောင်ဆေးရိုး က အားမလိုအားမရဖြင့် ပြောသော်ငြား မယ်ငြိမ်းစည်သည် ငေးမော၍သာနေ၏။
"ကျုပ် အဲသာ သဘောမပေါက်သာပဲဗျ။ အလုပ်ကောင်းပါလျက်နဲ့။ ပြီးတော့ လင်ကိုယ်မယား မဟုတ်ဘူး။ ကလေးတွေနဲ့။ အဲသာများ နေရာကောင်းကို လက်လွှတ်ပြီးတော့" မောင်ဆေးရိုး အပြစ်တင်သော်ငြား မရီးထံမှ သက်ပြင်းချသံ ကိုသာ ကြားရ၏။
"ကျုပ် အဲသာသိချင်သာဗျ"
ဤအချိန်တွင် ငကျော်နှင့် ငသော် ပေါက်ချလာသည်။
"ဘထွေး၊ ထန်းတောထဲသွားရအောင်"
သည်အရွယ်ကလေး တွင် ထန်းတော်နှင့် ပနံတင့်နေခြင်းသည် မကောင်းဟု မောင်ဆေးရိုး မြင်သည်။ သို့ကြောင့် ပါးစပ်ဟဆဲမှာပင် မယ်ငြိမ်းစည်က မာန်မဲ၏။
"ဘထွေး ကို ထန်းတော်ထဲခေါ်ရအောင် မင်းတို့ကို ရေခပ်ဖို့ အမေခိုင်းထားတာ ခပ်ပြီးပြီလား"
ငကျော်နှင့် ငသော်သည် အမြွှာမွေးမဟုတ်သော်ငြား ရုပ်ချင်းဆင်သည်နှင့်အမျှ အဆက်အပေါက် လည်း တူသည်။
"မရီး၊ သည်ကောင်တွေ ကျောင်းမထားဘူးလား"
ကျောင်းမထားဘူးလား ဟူသည် ဘုန်းတော်ကြီးကျောင်း မအပ်ဘူးလား မပို့ဘူးလား မေးခြင်း ဖြစ် ၏။ မောင်ဆေးရိုးရော ငထွန်းကား ပါ လေးထပ်ကျောင်း ဦးသာသနာကျောင်းထွက် ဖြစ် ၏။ လောကဓာတ် စာတွေ သင်သော အတန်းကျောင်းကို ကြားရုံသာကြားဖူးငြား ရေရေရာရာ မသိ။
"ငါက ငကျော်ကို ကျောင်းထားချင်တယ်။ ဒါပေမဲ့ မင့်အစ်ကိုက သူ့သားကို ကျောင်းသားကြီးတွေ အနိုင်ကျင့် မှာစိုးရတာနဲ့၊ ကိုရင်တွေ ခေါက်မှာထစ်မှာ ပူပန်ရတနာနဲ့၊ ခုထက်ထိ မထားဖြစ်ပါ ဘူးဟယ်"
သို့သော် ကလေးနှစ်ယောက် သည် မအေ့သြဇာ ကိုက် ဟန်တူသည်။ အကြီးကောင်က ဆိုင်းထမ်း ကလေးနှင့်။ အငယ်ကောင် က ကရွတ်ခံသော လက်ဆွဲအိုးကလေးဖြင့် ရေခပ်ကြပြီ။
"ဘထွေး လိုက်ကြည့်ဦးမယ်ဟေ့"
မောင်ဆေးရိုး က ထရန်ဟန်ပြင်ဆဲတွင် မိန်းကလေးတစ်ယောက် ရောက်လာသည်။ မယ်ငြိမ်းစည် ၏ ကျောဘက် သို့ အရောက်သွားပြီးမှ မောင်ဆေးရိုးကို ခိုးကြည့်နေသည်။
"သူ့နာမည် က အပြုံးတဲ့" မယ်ငြိမ်းစည်က ပြောပြသဖြင့် မောင်ဆေးရိုး ပြန်ပြီး ထိုင်၏။ ဆံရစ်ဝိုင်းနှင့် ပါးကွက်ချ ထားသော အပြုံးသည် လှပ၏။ မယ်ငြိမ်းစည် ၏ ကျောဘက်မှ ခိုးကြည့်နေသော မျက်လုံးကြီးတွေမှာ ပုလဲ သဖွယ် ရွဲ သဖွယ် ရှိ၏။ ကိုယ့်မှာ အိမ်ထောင်ရှိပါလျက် မောင်ဆေးရိုး ရင်ခုန်၏။
"လှတယ်နော်၊ မင်း မကြိုက်ဘူးလား"
"ဟာဗျာ" ဆိုကာ မောင်ဆေးရိုး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲသည့်နည်းတူ မိန်းကလေးခမျာ မှာလည်း "မခေါ်ဘူး၊ သွားပြီ" ဆိုကာ ထွက်ပြေးသွားလေ၏။ မယ်ငြိမ်းစည် ပြုံးစေ့စေ့ ဖြစ်ကျန်ခဲ့ ငြား၊ မောင်ဆေးရိုးမှာ နားထင်နားရင်းတွေ ထူပူနေ၏။
"တစ်လကိုးသီတင်း နေသေးစေချင်တာ အဲဒါကြောင့်ပေါ့"
"ကျုပ်ကို အိမ်ထောင်နဲ့ဗျ၊ မရီးရ" မယ်ငြိမ်းစည်ကား တိုးဆင်းပြီး ပြုံးရာက "ယောက်ျားကောင်း၊ မောင်းမ တစ်ထောင် ဆိုတဲ့။ နင်တို့ ယောက်ျားတွေပဲ ပြောပြောနေတာ" ဟု ငေါက်ဆတ်ဆတ်အသံ၊ ပြုံးစေ့စေ့ မျက်နှာထားဖြင့် ပြော၏။
"တခြားယောက်ျားတွေ နေမှာပေါ့ မရီးရ၊ အဲသည်ထဲမှာ ကျုပ်မပါဘူးဗျ"
"ငအ၊ ငနုံ" ဟု ပြောပြောဆိုဆို မယ်ငြိမ်းစည်သည် မောင်ဆေးရိုး၏ နဖူးကို မနာမကျင်ခေါက်၏။ သည် မိန်းမကား ယောက်ျားတွေနှင့် ရောတောရှက်တင်နေရခြင်း၌ မွေ့လျော်သူပါတကားဟု မောင်ဆေးရိုး ကျိတ်ပြီး မှတ်ချက်ချ၏။ အကယ်၍ "မရီးဒပါတကား" ဟု ရိုသေစိတ်သာ ရှိမထား လျှင် ပက်ပက်စက်စက် အပြောခံရ ရာ၏။
ယခုသော်ကား မောင်ဆေးရိုးသည် မျက်လွှာချလျက် နောက်ဆုတ်လာ၏။
အိမ်ရှေ့တွင် ချဉ်ပေါင်ခင်း ရှိသည်။ ရည်ရွယ်ချက်မရှိဘဲ ချဉ်ပေါင်ခင်းအစပ် ရှိ သစ်တုံးတွင် မောင်ဆေးရိုးထိုင်စဉ် ငကျော်နှင့် ငသော် ရောက်လာသည်။ ငကျော်က ၀ဲ၊ ငသော်ကယာ ညှပ်ထိုင် ကြ၏။
"အမေ က ယောက်ျားတွေနဲ့ ပရော်ပရီနေတယ်ဗျ။ အဖေက အဲဒါကို မကြိုက်ဘူး။ ကျုပ်လည်း သဘော မကျဘူးဗျ" သည်ကောင် ခြောက်နှစ်သားထက်ကြီးပုံမရငြား စကားပြောတတ် ၏။
"သားလည်း မကြိုက်ဘူး။ မိန်းမကောင်း ပန်းပန်တစ်ပွင်တန်တဲ့။ ဗိုင်းကောင်းကျောက်ဖိ နေရမယ် တဲ့ အဖေ က ပြောတာဗျ" အငယ်ကောင် ငသော်က ပိုပြီး အာစောင်းထက်သည်။ သည်ကောင်တွေနှင့် အတူထိုင်ရသော အခါ မောင်ဆေးရိုးမှာ သားကလေး ဘညိန်းကို သတိရသည်။ မှက္ခရုနပျောက်ပြီးနောက် နာလန်မှ ထပါလေစ။ သို့ရာတွင် သူသည် သားငယ်ကို လွမ်းဆွတ်မနေနိုင်ဘဲ ချက်ချင်းလက်ငင်း ငကျော်ကို ပြောရသည်။
"မအေဟာ မအေပဲကွ။ တောပြောတောင်ပြော မပြောရဘူးကွ"
ခေါင်းကိုကိုင်ပြီး ပြောသည့်အတွက် သူ့ကိုပြောကြောင်း ငကျော်သိသည်။
"ကျုပ်ပြောတာ ဟုတ်တယ်မဟုတ်လား။ မဟုတ်ဘူးလို့ ဘထွေး ငြင်းနိုင်သလား"
မောင်ဆေးရိုး ရင်မောရသည်။ သည်ခြောက်နှစ်သားကလေးငယ်၏ ပြောစကားများသည် လူကြီးတွေ၏ သံယောင် ဖြစ်သည်။
"ဘယ်သူတွေ ဘာပြောပြော၊ မင့်အမေက အမေပဲ ဖြစ်သဲ့အတွက် သံယောင်လိုက်ပြီး မပြောရဘူး။ ငရဲကြီးတယ်"
သားတွေမွေးထားသည့်အတွက် ရင်မောစရာအချက်တစ်ချက် လျော့ပါးသွားသည်ဟု ပြောနိုင်၏။ သို့ရာတွင် ကလေးနှစ်ယောက်လုံးသည် သူတို့အမေနှင့် စပ်လျဉ်းသောအကြောင်းအရာများ၊ ပြောပြစရာများ များစွာ ရှိဟန် တူ၏။ သို့သော် သူတို့ ပြောတတ်ပုံမရ။
သို့ကြောင့် မောင်ဆေးရိုးသည် ရှင်မပြုရသေးသောကြောင့် ဆံရစ်ဝိုင်းဘ၀မှာသာ ရှိနေသေးသော လူနှစ်ယောက်၏ခေါင်းကို သပ်ပေးရင်း ပြောရ၏။
"သားတို့၊ ကိုရင်ဝတ်ပြီး လူမထွက်ဘဲနေရင် ရဟန်းဒါယကာ ပေါ်လာလိမ့်မယ်။ သာသနာ့ဘောင် မှာ နေရင်လည်း မျက်စိအေးချမ်း စိတ်အေးချမ်းသာပဲ"
သည်ဖအေ သည်မအေနှင့်သော်ကား ကလေးနှစ်ယောက်အတွက် ကောင်းမွန်သောလမ်းသည် သည် တစ်လမ်းသာ ရှိ၏။ အစ်ကို ငထွန်းကား သည် မောင်ဆေးရိုးတို့ မိသားစုအတွက် လူ့အဖိုးတန် ကြီး ဖြစ်၏။ မိသားစု၏ ပြင်ဘက်မှကြည့်သောအခါ ငထွန်းကားသည် အရက်သမား ဖြစ်၏။ အရက် သမား၏ သားနှစ်ယောက်သည် သာသနာ့ဘောင်သို့ မ၀င်ရောက်လျှင် အရက်သမားဖြစ်ဖို့များ သည်။ သည်ကလေးတွေ ကို ရမ်းဘိုကုန်း သို့ ခေါ်ယူစောင့်ရှောက်ထားချင်ငြား မောင်ဆေးရိုး မပြောရဲ။
ပထမတစ်ချက်မှာ ကလေးတွေ၏မိဘများက ဝေးလံသော ရမ်းဘိုကုန်းသို့ ထည့်ပါမည်လော။ ဒုတိယအချက်မှာ လွတ်လပ်စွာ အရက်သောက်လိုစိတ်ဖြင့် ဖအေက ထည့်သည့်နည်းတူ၏၊ လွတ်လွတ်လပ်လပ် နန့်လိုဇောဖြင့် ကလေးတွေ ကို မအေကပါ ထည့်လိုက်သည်ထား၊ ကလေး နှစ်ယောက်ကို မောင်ဆေးရိုး ကျွေးနိုင်မည်လား။ သည်ကလေးနှစ်ယောက်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ပါမည်လား။
တစ်သီတစ်တန်းကြီး တွေးမိသောအခါ မောင်ဆေးရိုး ရင်မောရ၏။
"ဘထွေး က အမေ့ကြောင့် သက်ပြင်းချတာလား"
မေးသူမှာ အငယ်ကောင် ငသော်ဖြစ်သည့်အတွက် မောင်ဆေးရိုးမှာ "မဟုတ်ပါဘူးကွာ" ဟု လျှောချရသည်။
"အမေကလေ"
ငသော် ပြောတော့မည်။ မတော်မလျော်တွေကို မဆင်မခြင် ပြောမည်စိုးသဖြင့် မောင်ဆေးရိုး ထရပ်ရ၏။ ကလေးနှစ်ယောက်ကလည်း ၀ဲယာညှပ်လျက် ထရပ်သောအခါ "မင်းတို့အဖေကို သွားမကြိုဘူးလား" မေးရ၏။
"လာကွာ၊ မင်းတို့အဖေကို လိုက်ကြိုရအောင် လမ်းပြကြ"
ကလေးတို့သည် ဘထွေးနှင့်အတူတကွ လိုက်ပါလာကြ၏။ "နင်တို့ဘထွေးအနား သွားနေကြ" ဟု သူတို့မိခင်ကပင် မာန်မဲလွှတ်လေသလောဟု သံသယ၀င်ရ၏။ သို့ရာတွင် ရွာ၏ ညနေစောင်း အလှကို မခံစားဘဲ မနေနိုင်။ ရမ်းဘိုကုန်း၏ ညနေအလှမှာ ချောင်းရေပြင်ဖြစ်ငြား သည်မှာက ကန်ရေ။
ရမ်းဘိုကုနိးကု သတိရသောအခါ မောင်ဆေးရိုးမှာ မိဘကိုလည်း လွမ်းသည်။ သမီး၊ သားနှင့် ဇနီးမယားကိုလည်း သတိရသည်။ ရွာသူတို့ ထွက်ပြီး တောအုပ်ချောင်း သည် ရေလျဉ် ရှိ၏။ ချောင်းလယ်နှင့် ချောင်း ဟိုဘက်ရှိ တောအုပ် ခင်တန်းများသည် လှ၏။ သည်မှာက ရေကန်။ ကန်ဘောင် တွင် ထန်းပင် ရှိသည်။ သီးပင်၊ ဆီးပင်၊ မန်ကျည်းပင် အစုံ ရှိသည်။ နေရောင်သည် ကန်ရေကို ဟပ်ပြီး ရေခပ်သူ တို့ကို ကပ်သောအခါ အားလုံး လှနေသည်။ သို့ရာတွင် လေးခုသာ ရှိသော ရေခပ်တံတားမှ မခပ်ဘဲ ရေထဲဆင်းပြီး ခပ်ကြ၏။ နွားလှည်းကလည်း နွားရော လှည်းပါ ကန်ထဲ ဆင်းခပ်ကြ၏။ သို့သော် မောင်ဆေးရိုး က အနိဋ္ဌာရုံဟု မြင်စေကာမူ ပလွေသံ တကြော် ကြော်ဖြင့် ပျော်ရွှင်နေကြ၏။ သနပ်ခါးဘဲကျားနှင့် အပျိုချောသည် ရှက်မျက်စောင်းကလေးထိုး လျက် ရေခပ်တံတားမှ တက်လာ၏။
"ဘထွေး၊ ဘထွေး၊ ဟိုမှာ ပြုံးပြနေတယ်"
ငကျော် လက်ညှိုးညွှန်ရာသို့ မောင်ဆေးရိုး မျက်လွှာပင့် ကြည့်သည်။ အပြုံးပါတကား။ ရေအိုးကို ဒူးပေါ် တင်ထား၏။ မပင့်သေး။ ပြုံးပြနေသည်။ မောင်ဆေးရိုးမှာ ပြန်လည်ပြုံးပြရခက်၊ မပြုံးဘဲ နေရခက်နှင့် နဝေတိမ်တောင် လုပ်ပစ်ရ၏။
သူသည် အိမ်ထောင်ရှင်ယောက်ျားတစ်ယောက် ဖြစ်သည်။
မရီး မယ်ငြိမ်းစည်သည် မလိမ်မိုးမလိမ်မာကလေးကို မည်သို့ ပြောကာ၊ မည်ပုံသိမ်းသွင်းထား သနည်း။ အပြုံးသည် စည်းမစောင့်သော ယောက်ျား၊ သွေးကြွနေသော ယောက်ျားနှင့်တွေ့လျှင် ဒုက္ခရောက်နိုင် ၏။ မောင်ဆေးရိုးမှာ ထိုမိန်းကလေးအကြောင်း စဉ်းစားမိလျှင် ရွာသို့ ပြန်သင့်ပြီဟု ခံစားရ၏။ သို့ကြောင့် ယနေ့ ပြန်စကားပြောမည်။ ယာအပြန်လမ်းတွင် ပြောသည်ဖြစ်စေ၊ အိမ်ရောက်မှ ပြောသည်ဖြစ်စေ ခွင့်ပန်ပြောပြရေး သာ အဓိက ဖြစ်သည်။
"အဖေ ဟေ့ ဟိုမှာ"
ငကျော်နှင့် ငသော်တို့ ပြေးသွားသောအခါ မောင်ဆေးရိုး အတွေးပျက်၏။ သူတို့သည် မည်မျှ အဝေးသို့ လှမ်းမြင်ကာ ပြေးသွားကြသနည်း။ ကလေးတွေ အော်ဟစ်ပြေးလွှားရာသို့ မျှော်ကြည့်ငြား မမြင်ရ။ တစ်အောင့်မျှကြာမှ တစ်ယောက်ကို ကုန်းပိုးပြီး တစ်ယောက်ကို ပွေ့လျက် ယာကြားမှထွက်လာသော ငထွန်းကားကို မြင်ရ၏။ "အဖေ့ကျာက ပူသဗျ"
ငကျော်က ပြော၏။ "ဟုတ်တယ်၊ အဖေ့လက်မောင်းက ပူသဗျ"
ငသော်ကလည်း သူ့အစ်ကို၏ စကားကို ထောက်ခံသည်သို့ ရှိ၏။ ထိုအခါ မောင်ဆေးရိုးသည် သူ့အစ်ကိုထံမှ ထမင်းပခြုပ်နှင့် ရေဘူး၊ ခက်ရင်းခွကို ၀င်ဆွဲရင်း သေချာစွာ ကြည့်၏။
"ဟုတ်သယ်ကွ၊ အစ်ကို နေကောင်းလား" ငထွန်းကားသည် သူ့နဖူးသူ ပြန်စမ်းရင်း "နေမကောင်းသလိုလိုပဲ" ဟု ဖြေသည်။
သူသည် ယာမှ အိမ်သို့ ဖြောင့်တန်းစွာ ပြန်လာနိုင်ငြား အိမ်အရောက်တွင် ထိုးအိပ်တော့သည်။ မောင်ဆေးရိုးမှာ ထိုအခါကျမှ သူ့အစ်ကိုကို စမ်းသပ်ကြည့်မိ၏။
"မရီးရေ၊ အစ်ကိုတော့ မီးဖိုကြီးကျနေတာပဲ။ ခြစ်ခြစ်တောက် ပူတယ်။ ခါတိုင်း နေမကောင်းရင် ဘာတိုက်သတုံး"
"ဘာမျှမတိုက်ဘူး"
သန်းဥအနှိုက်မပျက် ပေါ့တန်စွာ ပြောသော မရီးကို နားရင်းတီးချင်စိတ် ပေါ်လာသော်ငြား စိတ်သွားတိုင်း ကိုယ်မပါနိုင်။
"နေပါဦး၊ ကွမ်းရွက်ကလေးပြုတ်လို့၊ မုန့်ညင်းကလေးပြုတ်လို့၊ ချင်းကလေးပြုတ်လို့တိုက်ရင် ချွေးမရပေဘူးလား"
"မသိပါဘူးဟယ်၊ သူကလည်း မခိုင်းတော့ ငါလည်း ဘာမျှ မလုပ်တတ်ဘူးဟဲ့"
မယ်ငြိမ်းစည်၏ မိဘများကို မောင်ဆေးရိုး ကောင်းစွာ သိသည်။ သူတို့သည် သူတို့သမီး မယ်ငြိမ်းစည် ကို ကောင်းမွန်စွာ သင်ကြားပြသ ဆုံးမခဲ့ကြမည်မှာ သေချာလှပေသည်။ သို့ရာတွင် မယ်ငြိမ်းစည် အိမ်ထောင် ကျသောနေရာ မှာ တခြားရွာတွင် ဖြစ်ရာ မယ်ငြိမ်းစည်၏ မိခင် ဒေါ်မင်းဘောင်လိုက် မကြည့်နိုင်။ ဤသို့ဖြင့် မယ်ငြိမ်းစည်သည် နေမကောင်းသူကို ကွမ်းရွက်ပြုတ် ကလေးသော်မှ တိုက်ရကောင်းမှန်း မသိတော့ပါ။
သို့ကြောင့် မောင်ဆေးရိုးမှာ မီးဖိုချောင်ဝင်ပြီး မီးမွှေးရတော့သည်။ ထမင်းအိုးကို ဆေးပြီး ရေနွေး အိုးတည် ရသည်။
"ကိုင်း ကိုင်း၊ ကွမ်းရွက် လေးငါးရွက် တောင်းချေဗျာ"
"သူများအိမ်မှာ တောင်းတာရမ်းတာ အကျင့်မရှိဘူးဟဲ့"
မောင်ဆေးရိုး မှာ ဤသို့ဖြင့် ရွာရိုးလျှောက်ပြီး ကွမ်းရွက်တောင်းရရာ သူ အလွန်စက်ဆုပ်သော အပြုံးတို့ အိမ် သို့ ရောက်သွားတော့သည်။
"ကျုပ်က ငထွန်းကားညီပါ။ အခု အစ်ကိုနေမကောင်းသာ ကွမ်းရွက်ပြုတ်ရည် တိုက်ချင်လို့၊ ကွမ်းရွက်ကလေး"
မောင်ဆေးရိုး စကားမဆုံးမီ ကွမ်းရွက်တစ်ထပ်ဖြင့် မီးဖိုထဲမှ အပြုံးထွက်လာ၏။ မှားပြီ ဟု မောင်ဆေးရိုး ထင်ငြား နောက်ဆုတ်၍ မရ။
"မောင်ဘယ်သူ"
ဦးကျန်ကြီးတို့အရွယ် လူကြီးတစ်ယောက် ထွက်လာရာ ကာယကံရှင်ကိုယ်စား အပြုံးက ၀င်ပြီး ဖြေသည်။
"မောင်ကြီးရဲ့နာမည် က ကိုဆေးရိုးတဲ့ အဖေရဲ့။ ဦးထွန်းကားရဲ့ ညီပါ"
"သြော် အေး အေး" "ဟုတ်ကဲ့၊ အစ်ကိုက ရွာကို လာလည်တော့ အဖေတို့ အမေတို့က လိုက်အပို့ခိုင်းလို့ လိုက်ပို့ရင်းနဲ့ ရောက်လာသာပါခင်ဗျ" "ဟဲ့ ဧည့်သည်ကို မတ်တတ်ကြီးလား"
အပြုံးမိခင် ရောက်လာပြန်ကာ "သင်ဖျူးခင်းပါဟဲ့။ ရေနွေအိုးတည်ပါဟဲ့" ကွမ်းရွက်ပြုတ်ကလေး တိုက်ချင်သာနဲ့ ကွမ်းရွက် လိုက်ရှာသာပါခင်ဗျာ့"
"ဟုတ်တယ် အမေရဲ့၊ သူက ဦးထွန်းကားရဲ့ ညီ"
"သြော် အင်း အေး"
မောင်ဆေးရိုးမှာ အပြုံး၏မိခင်ထံမှာ "သြော်အင်း" ကြားအပြီးတွင် ခွေးကတက်ဘက်မျက်နှာမူ လျက် ပြန်ဆင်းခဲ့သော်ငြား "မောင်ဟိုသင်း၊ ငါလိုက်ကြည့်မယ်" ဆိုကာ အပြုံး၏မိခင်ပါ ပါလာလေ ၏။ မလိုက်ခဲ့ပါနဲ့ ပြောရန်မှာလည်း မသင့်လျော်သဖြင့် မောင်ဆေးရိုးမှာ ရှေ့မှ ကုတ်ကုပ်ကလေး လှမ်းလာခဲ့ရသည်။
မအေလိုက်လာသော အခါ အပြုံးလည်း ပါလာတော့သည်။
"သြော် ဟဲ အိမ်တောင်မပြောခဲ့ရသေးပါလား" ဆိုကာ အပြုံး၏ မိခင် ဒေါ်ကျေး နောက်ကြောင်း ပြန်လှည့်သော အခါ မောင်ဆေးရိုး မှာ စိတ်မပါဘဲ ရပ်တန့်စောင့်ရ၏။
"ကိုအောင်ရေ၊ လူမမာ လိုက်ကြည့်ချေဦးမယ်"
သုံးလေးအိမ်ကျော်မှ အိမ်ပြန်ပြီး ခွင့်တောင်း၏။
"သြော် အပြုံးအဖေဟာ ဦးအောင်ဆိုပါကလား" ဟု မောင်ဆေးရိုး သိရ၏။ သူသည် ငထွန်းကား နေမကောင်းရာသို့ လိုက်ကြည့်ငြား သူ့ကို မောင်ဆေးရိုးက မချီမပင့်ချေ။ သူ့သဘောနှင့်သူ လိုက်လာခြင်း ဖြစ်သည်။
အပြုံး၏ မိခင် ဒေါ်ကျေးသည် လူမမာ ငထွန်းကား ကြည့်ရန် လိုက်လာသော်ငြား ဆေးဆရာ မဟုတ်ပါ။ ဆေး သုံးလေးဖုံ ၏ ဆေးနည်းကို ရထားကာ၊ ဆေးဖော်နိုင်ခါမျှဖြင့် ဆရာလုပ်နေခြင်း ဖြစ်၏။ ဒေါ်ကျေးသည် ဆရာ လုပ်မည့်သာ လုပ်နေသော်လည်း၊ မည်သည့်ဆရာထံတွင်မျှ တပည့် မခံဖူးပေ။ ဆရာတစ်ယောက်ထံတွင် တပည့်ခံပြီး လူနာကြည့်ရာသို့ လိုက်ဖူးမှသာလျှင် လူနာ ဤသို့နေလျှင် ဤသဘော၊ ထိုသို့နေလျှင် ထိုသဘော စသည်ဖြင့် လူနာကြည့်နည်း ကို သိမည်။ ယခုသော်ကား ဆေးကလေးသုံးလေးဖုံ၏ ဖော်နည်းကားကို သိခါမျှဖြင့် လိုက်ကုနေရာ၊ မှန်းကု ရမ်းကု ဖြန်းကုသာလျှင် ဖြစ်ပေ၏။
"ဟဲ့ ငြိမ်းစည်၊ နင့်ယောက်ျား နေမကောင်းဘူးဆိုလို့ ငါလိုက်လာတာ။ အခု ဘယ့်နှယ်နေသတုံး"
မယ်ငြိမ်းစည် မပြောတတ်ငြား ကြံဖန်ပြောရ၏။
"သည်လိုပါပဲတော်" "ဘယ့်နှယ် သည်လိုပါပဲတုံး၊ ရေနွေးအိုး တည်မထားဘူးလား"
"အဲ အင်း ဟိုသင်း ဟိုဟာ အငှာ အဲ"
မောင်ဆေးရိုး တည်ထားခဲ့သော ရေနွေးအိုးရှိသည့်အတွက် မယ်ငြိမ်းစည် ဟန်ကျသွား၏။ "ရှိပါတယ် အရီး ရဲ့" ပြောနိုင်၏။ ရေနွေးအိုးမှာ မြေအိုးဖြစ်စေကာမူ ရေမများသဖြင့် ဆူနေပြီ။ မောင်ဆေးရိုး ရှာဖွေလာသော ကွမ်းရွက်များ ကို ထည့်ပြုတ်ရုံသာ ရှိတော့၏။
"ကွမ်းရွက်ပြုတ်ရည်လည်း ဆေးတစ်ပါးပဲဟဲ့၊ သောက် သောက်"
တော်ရုံတန်ရုံ အဖျားအနာသည် ကွမ်းရွက်ပြုတ်ရည်ဖြင့်ပင် သက်သာ၏။ ယခုမူ ဒေါ်ကျေး ၏ ဆေးနှင့်ပါ ပေါင်းစပ်ထားသောကြောင့် ငထွန်းကားမှာ အိပ်ရာထဲ၌ လဲမနေပေ။
"ညီလေး၊ မင်းပြန်မှ ဖြစ်မယ်"
သူက ရမ်းဘိုကုန်းတွင်ကျန်ခဲ့သော ခယ်မနှင့် မအေ အတွက် နောက်ဆံငင်ငြား မောင်ဆေးရိုး ကို နောက်ဆံ မငင်ပေ။ "ငါမပြန်လည်း ဖြစ်တယ်ကွ။ ကျီးဒန်မှာ ယောက္ခမ ရှိသဲ့အပြင် မိစုံဖစုံကွ။ သည်မှာက မင့်မှာ"
ဟုတ်သောအကြောင်း၊ မှန်သောအချက် ဖြစ်စေကာမူ မောင်ဆေးရိုးမှာ ဘေးဘီကို ကြည့်ရသေး၏။ ကာယကံရှင် မယ်ငြိမ်းစည် မဟုတ်စေကာမူ၊ ဒေါ်ကျေးရှေ့တွင်လည်း အပြောအဆို သတိထားရ၏။ သို့ရာတွင် ဒေါ်ကျေး က မယ်ငြိမ်းစည် အကြောင်းကို သိပြီးဖြစ်ဟန်ရှိ၏။
"ဟဲ့ မောင်ဘယ်သူ အဲ မောင်ဆေးရိုး၊ မင့်မရီးကို ယုံမှတ်ပြီး မင့်အစ်ကိုကို ထားမပစ် ခဲ့နော်။ ရေတောင် သောက် ရမှာ မဟုတ်ဘူး"
"အို အမေကလည်း အားနာစရာကြီး"
အပြုံးက အားနာစေကာမူ ဒေါ်ကျေးကား ဟောင်ဖွာ ဟောင်ဖွာနှင့် ပြော၏။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူကတော့ ပြောမည်။ မယ်ငြိမ်းစည်ကလည်း ပွေးထူ မပူ၊ သန်းထူ မယား ထဲက ဖြစ်ရာ ဒေါ်ကျေးသာ မဟုတ်၊ အိမ်နီးချင်းတွေ ပြောသည်ကိုလည်း အရေးမစိုက်ပေ။
"ဒါနဲ့များအေ ကလေးနှစ်ယောက် ရသေးတယ်လို့။ ငါသာဆို ကလေးတစ်ယောက်မျှမရခင် ကတည်းက ညည့်ကို ပစ်သွားတယ်" "အို အမေကလဲ" ကြားထဲမှ အပြုံးက အားနာနေသည်။ အပြုံးနည်းတူပင် မောင်ဆေးရိုးကလည်း မရီးကို အားနာနေ၏။
သို့သော် မယ်ငြိမ်းစည်ကား အပြုံးမပျက်ပါ။ သူ၏အပြုံးနှင့် မောင်ဆေးရိုးတို့ တစ်သဘောတည်း ဖြစ်နေသည်ကို လွန်စွာ သဘောကျနေ၏။ "ဟေ့ ညီလေး၊ ပြန်တော့၊ အစ်ကိုနေကောင်းပြီ"
"အေးပါ၊ အတိုင်နွားက မှိုင်တိုင်တိုင်မို့" မောင်ဆေးရိုး သည် သူ့အစ်ကိုကို အလိုက်သင့်သာ ပြောတော့၏။ စင်စစ်မူ သူ့နွားတွေ က ခရီးထွက် ချင်နေပြီ။ တလှုပ်လှုပ် တရွရွ တမြူးမြူး တကြွကြွ ဖြစ်နေကြပြီ။ သို့သော် အစ်ကို နေကောင်းပါပြီ ကွ ဆိုသော ငထွန်းကားမှာ ထမင်းကောင်းစွာ မ၀င်သေးပေ။
ဒေါ်ကျေး သည် မှန်းကု ဖြန်းကု ရမ်းကုဖြစ်ငြား ဟန်ကောင်းသည်။ သို့ဖြစ်သဖြင့် ငထွန်းကားထံ နေ့စဉ်မလာပေ။ ငထွန်းကား ထံ နံနက်တစ်ခေါက်နှင့် နေ့လယ်တစ်ခေါက်၊ ညနေတစ်ခေါက် ရောက်သူမှာ အပြုံး ဖြစ် သည်။ မောင်ဆေးရိုးရှိနေသောကြောင့်လော၊ ငထွန်းကားကို စောင့်ရှောက် လိုသော စေတနာ အရင်းခံကြောင့်လော။ မည်သို့ဖြစ်စေကာမူ အပြုံးသည် တစ်နေ့ကို သုံးခေါက် ရောက်၏။
တစ်နေ့ သုံးကြိမ် အပြုံးလာခြင်းကို မောင်ဆေးရိုးက သေသေချာချာ သိသည်။ မြင်သည်။ ထို့ကြောင့် အားနာ စကား ဆို၏။
"ကြားထဲက ငါတောင် အားနာလာပြီ အပြုံးရာ။ သူ့မယား အရင်းခေါက်ခေါက်က "လျက်မန်းရည်" တောင် ကျိုးပေးချင်သာ မဟုတ်ဘူး။ သာပေမဲ့ အပြုံးကတော့" "အပြုံးကတော့ ဘာဖြစ်သတုံး"
"တကယ် အားနာသဟာ" "အားနာတယ် ဟုတ်လား။ တော်က ကျုပ်ကို အားနာတယ်၊ ဟုတ်စ"
မယ်ငြိမ်းစည်က တစ်အိမ်အိမ်တွင် အတင်းပြော၍ ကောင်းနေစဉ် တစ်နေရာရာ၌ တိုင်ကိုမှီပြီး သန်းဥနှိုက်နေစဉ် လူမမာဘေး၌ အပြုံးနှင့် မောင်ဆေးရိုးသာ ရှိသည်။ အပြုံးမှာ မောင်ဆေးရိုး သည် သျှောင်ချောကြီးနှင့်ဆိုကာ သဘောကျနေသည် ကို မယ်ငြိမ်းစည်က တွန်းပေး၏။ သို့ရာတွင် မောင်ဆေးရိုးက သူ့တွင် ကလေးနှစ်ယောက်နှင့် အိမ်ထောင်ရှိကြောင်း ထုတ်ဖော်သည်။
သို့ကြောင့် အပြုံး အခက်ကြုံ၏။ ကလေးနှစ်ယောက်နှင့် မယားငုတ်တုတ်ရှိမှန်းသိပါလျက်နှင့် ကြိုက်ရန်ခက်၏။ လူ့စည်းကမ်း အရသာ ခက်သည်ဆိုရငြား စိတ်မှာမူ မောင်ဆေးရိုး၌ တွယ်ငြိပြီ။ လူမမာဘေးသို့ သွားလျှင် သည်လူကိုသာ တွေ့ရ၏။ သူ့အပြော သူ့သဘောတွေနှင့် တစ်ထပ် တည်း ကျသောအခါ မကြိုက်ဘဲမနေနိုင်။ ကြိုက် သည်။
မောင်ဆေးရိုးမှာ အပြုံး၏ မျက်လုံးကို မြင်သည်နှင့် ရင်မောရပြီ။ ရင်တုန်ပန်းတုန် ဖြစ်ရပြီ။ ထိုအခါ ကျမှ ပြန်သင့်ပြီ ဟု စိတ်နှလုံး ဒုန်ဒုန်ချမိတော့သည်။
"အစ်ကိုရေ၊ မင်လည်း ထမင်းဝင်ပြီဆိုတော့ ပြန်ဦးမှပဲဟေ့"
"မင့်ကို ပြန်လို့ ငါပြောနေသားပဲ"
ငထွန်းကားသည် သူ့ဘေးတွင် ထိုင်ပြီး မောင်ဆေးရိုးနှင့် အပြုံးတို့ သံယောဇဉ်ပွားသည်ကို သိကောင်း သိမည်။ သိသည့်အတွက် စောစီးစွာက အပြန်ခိုင်းခြင်း ဖြစ်နိုင်သည်။ သို့ကြောင့် ကာယကံရှင်၏ ပြန်စကားပြောခြင်းကို မကန့်ကွက် ဘဲနေသည် ဖြစ်မည်။ သို့သော် မယ်ငြိမ်းစည်က သဘောမတူ။ "ရမ်းဘိုကုန်းက ဘယ်မျှ မပြေးပါဘူး ဟယ်။ ရောက်တုန်း ရောက်ခိုက် နေပါဦးတော့လားလို့"
အလွန်အေး ၍ ဘာသိဘာသာနေတတ်သော ငထွန်းကား ပါလာရပြီ။
"မင်း ဘာသိတုံး၊ ကောင်မလေး နဲ့ ငြိနေပြီ" "ငြိငြိတော်၊ ငြိပြီး မပြန်နိုင်ရင် ကောင်းတာပဲ"
"မင်းဟာ တော်တော်ယုတ်မာတဲ့ မိန်းမပဲ" "ကျုပ် ယုတ်မာတာ တော် အခုမှ သိလား"
ငထွန်းကား သည် "အေး ဟုတ်တယ်" ပြောရုံမက ရေနွေး ပန်းကန်ဖြင့်ပါ ထပေါက်တော့သည်။ ထိုမှ ဆက်လက်ပြီး ရိုက်နှက် ကန်ကျောက်သည် အထိ ဖြစ်လာနိုင်ငြား သားနှစ်ယောက် ရောက်လာသည်။
"ညီလေးရေ၊ အဖေနဲ့ အမေ ရန်ဖြစ်နေတယ်ကွ" "ဟာ မဖြစ်ကြပါနဲ့၊ မကောင်းပါဘူး"
ငကျော် က ဘေးပရိသတ်လုပ်စေကာမူ မောင်သော်က ပြောပြောဆိုဆို အိမ်ပေါ်သို့ ပြေးတက်လာ သည်။ ဖုန်တွေပေနေသော လက်ကြီးဖြင့် ဖအေ ကို ဖက်ထားသည်။
ဆက်ရန်
.

No comments:
Post a Comment