Friday, June 15, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၆)

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ မောင်ဂိုမာရီသို့ အမိန့်စာရောက်လာသည်။ မြို့တော်ဝန် ဂေးလ် က အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပါမည့်အကြောင်း ကြေညာသည်။
လူထု အစည်းအဝေးပွဲ တွင် မနက်ဖြန်မှ စပြီး ဘတ်စ်ကားစီးကြမည်ဟု မာတင် က ကြေညာ လိုက် သည်။ နောက်ဆုံး အနေဖြင့် လူဖြူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့၊ စိတ်ရှည်ဖို့၊ အလျှော့အတင်း လုပ်ပြီး သည်းခံ ဖို့ သူက ပရိသတ်ကို ထပ်ပြောသည်။
ကို ဆက်ဖတ်ရန်... 

" ကျွန်တော်တို့ဟာ အပြန်အလှန် လေးစားမှုမျိုးနဲ့ စုပေါင်းဖို့၊ စည်းလုံးဖို့ လမ်းရှာကြရမယ်၊ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင် ကျွန်တော်တို့ မေတ္တာထားကြရမယ်"
နောက်တစ်နေ့ မနက်၊ ၅ နာရီ ၄၅ မိနစ်။ ကျွန်မတို့ ဧည့်ခန်းတွင် ဘတ်စ်ကား ထွက်စီးဖို့ လူတချို့ စုနေကြ သည်။ လူစုထဲ တွင် မျက်နှာဖြူတစ်ယောက်ပါသည်။ အားလုံး ကားမှတ်တိုင် သို့ ထွက်ခဲ့ကြ၏။
ဘတ်စ်ကား ဒရိုင်ဘာ က မာတင့်ကို ပြုံးပြပြီး ဒေါက်တာ လစ်ဗင် စတုန်းကို အာဖရိကခရီးသည် စတင်လီ ပြောခဲ့သော စကားလုံးဖြင့် ကြိုဆိုနှုတ်ဆက်သည်။*
" ခင်ဗျား ဒေါက်တာကင်း ဟုတ်ပါတယ်နော် " မာတင်ကလည်း လစ်ဗင်စတုန်း အတိုင်းပြန်ပြောပြသည်။

" ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ "

" ကျွန်တော်တို့ ဘတ်စ်ကားကို လူကြီးမင်း လာစီးတဲ့အတွက် ၀မ်းသာပါတယ် ခင်ဗျာ "
မာတင် ကလည်း ပြန်ပြုံးပြပြီး ကျေးဇူးတင်ကြောင်း ပြောရင်း ဘတ်စ်ကားရှေ့ပိုင်းတွင် ၀င်ထိုင်လိုက်သည်။ ဂီယာထိုးသံနှင့် အတူ အိတ်ဇောပိုက်မှ မိးခိုးတွေ ထွက်လာပြီး ကားထွက်သွားသည်။ ပထမဆုံး ဘတ်စ်ကား သည် ဘာမှ မဖြစ် သလို ထွက်သွားလေသည်။
မာတင် က အခြား ကားလိုင်းများကိုလည်း လိုက်စိးကြည့်သည်။ အခြား အခြားသော ဓမ္မဆရာများလည်း အလားတူ ထွက်စီးကြ၏။ ပြဿနာဖြစ်လျှင် ဖြေရှင်းပေးဖို့ဖြစ်၏။ လူဖြူအချို့၏ မကျေမနပ် ပြုမှု အနည်းအကျဉ်း သာတွေ့ကြ ရသည်။ အစပိုင်း တွင် သိပ်မဆိုးဟု ဆိုနိုင်ပါ၏။

* အာဖရိက တောနက်ထဲတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သာသနာပြုဒေါက်တာ လင်ဗင်းစတုန်း ကို လိုက်လံ ရှာဖွေသူ စတင်လီ က ပြန်တွေ့တော့ပြောသည့် စကားဖြစ်သည်။
သို့သော် မကြာခင် ရက်များအတွင်း တစ်ဖက်စွန်းရောက် လူဖြူအချို့၏ အကြမ်းဖက်မှုတွေစလာသည်။ ညပိုင်း တွင် ဘတ်စ်ကားများကို ခဲနှင့်ပေါက်သည်။ သေနတ်နှင့် ချောင်းပစ်သည်။ လူပြတ်သည့် နေရာများ တွင် နီဂရိုး များကို ကားပေါ်မှ ဆွဲဆွဲချပြီး တွန်းထိုးရိုက်နှက်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ခြေ ထောက် တွင် သေနတ်မှန်သည်။ ကျွန်မတို့ အိမ်ရှေ့ တံခါးကို ရိုင်ဖယ်သေနတ်နှင့် လှမ်းပစ်သည်။
တဖြည်းဖြည်း လူဖြူတွေ ပွဲကြမ်းလာသည်။ ဇန်န၀ါရီလထဲ ရောက်တော့ ရော့ဖ်အဘာနာသီအိမ်ကို စနစ် တကျ ၀င်တိုက် သည်။ ဘုရားကျောင်းဝင်းထဲမှ နေအိမ်ကို မိုင်းခွဲဖျက်ဆီးကြသည်။ ဘော့ဘ်ခရွက်ဇ်၏ အိမ်ကို လက်ပစ်ဗုံးနှင့် လှမ်းပစ်သည်။ နီဂရိုး ဘုရားကျောင်းသုံးကျောင်းရှိသည့်အနက် နှစ်ကျောင်းကို ဖျက်ဆီး ပစ်လိုက်ကြ ၏။ မာတင် စိတ်ဓာတ်အကျကြီးကျနေပြီ။
၁၉၅၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက် သူပမွေးနေ့တွင် လူထု အစည်းအဝေးခေါ်ပြီး သူ စကားပြောသည်။
လူထုကြီး ကို ထပ်ပြီး ဟောပြောသည်။ အကြမ်းဖက်မှုကို မေတ္တာဖြင့် အဝေးခေါ်ပြီး သူ စကားပြောသည်။

လူထုကြီးကို ဦးဆောင်ကာ ဘုရားဝတ်ပြုအပြီးတွင် သူ ဆုတောင်းသည်။
" အို အဖေဘုရားသခင်၊ တပည့်တော် တို့၏ လွတ်လပ်ရေးနှင့် တရားမျှတရေး တိုက်ပွဲကြောင့် လူတွေ သေကျေ ပျက်စီးမှု မရှိအောင် စောင်မတော်မူပါဘုရား၊ အကယ်၍ အသေအပျောက် ရှိမည်ဆိုရင် တပည့် တော် ပထမဆုံး သေပါရစေ ဘုရား "
ပရိသတ်ထဲ မှ အသံတွေ ထွက်လာသည်။
" မဟုတ်ဘူး၊ အသေရဘူး၊ ဒေါက်တာကင်း မသေရဘူး "
ဇန်န၀ါရီလ ၂၈ ရက်နေ့ အထိ ငြိမ်သက်နေ၏။ အကောင်းငြိမ်ခြင်းမဟုတ် သူတို့ ကျိတ်ကြံနေကြခြင်းဖြစ်သည်။

ဗုံးခွဲသံတွေ ပြန်ကြားလာရသည်။ ကျွန်မ ထိုဝရန်တာတွင် ဒိုင်းနမိုက် ၁၄ ချောင်း ပစ်ချထားရာ အားလုံး မပေါက်ကွဲခင် အချိန်မီ တွေ့ရှိသဖြင့် သက်သာရာ ရသွားသည်။ မြို့အာဏာပိုင်တွေ မနေသာတော့ပေ။ သတင်းစာ တွေကလည်း အပြင်းအထန် ကန့်ကွက် ရေးသားနေကြပြီ။ လူဖြူ ဘုန်းတော်ကြီးများလည်း လူဖြူ လူမည်း မခွဲခြား ဘဲ ရုံးတော် အမိန့်ကို ငြိမ်းချမ်းစွာ လက်ခံကြဖို့ လူဖြူများအား လိုက်လံ ဆော်သြနေ သည်။ လူဖြူကုန်သည်ကြီးများ အသင်းက အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ပစ်ရန် အပြင်းအထန် တောင်းဆို သည်။ စောစောပိုင်း ကသာ သူတို့ သည်လိုသိလျှင် ခုလို အပျက်အစီးများပင် ရှိမည် မဟုတ်ပေ။ မည်သို့ဖြစ်စေ နောက်ဆုံး တွင် အကြမ်းမဖက်ရေးကို သူတို့ အားလုံး လက်ခံကြရတော့သည်။
မာတင် ၏ ဆုတောင်းသံကို ဘုရားသခင် ကြားတော်မူပြန်လေပြီ။ မောင်ဂိုမာရီ လူမှု လွတ်လပ်ရေး တိုက်ပွဲ တွင် တစ်စုံတစ်ယောက်မျှ အသေအပျောက် မရှိဘဲ ပြီးဆုံးသွားလေပြီ။

(၅)

ဤသို့ဖြင့် ခေတ်တစ်ခေတ်၏ ဆန်းသစ်ချိန်သို့ ရောက်လာခဲ့လေသည်။ မျိုးစေ့ အသစ်တစ်မျိုး ပေါက်ဖွားရှင် သန် လာခြင်းပင်။ အမုန်းတရားမပါဘဲ၊ ဒူးမညွတ်ရဘဲ၊ လူမည်းတို့၏ တောင်းဆိုချက်များ ဂုဏ်သိက္ခာ အပြည့်ဖြင့် ရရှိခဲ့ခြင်း ပင်ဖြစ်လေသည်။ ကျွန်မ၏ ယောက်ျားသည် အမေရိကန် တစ်နိုင်ငံလုံးရှိ လူမည်းအား လုံးတို့၏ သူရဲကောင်း ဖြစ်လာခဲ့၏။ တစ်ပြိုင်နက်တည်းတွင် သူ့ခေါင်းပေါ်သို့ ဧရာမ ၀န်ထုပ်ဝန်ပိုးကြီး ရောက်လာခဲ့ချေပြီ။
သည်အချိန် က သူ ပြောခဲ့သည့် စကားများကို ကျွန်မ ကြားယောင်နေပါသေးသည်။
" ဒီလောက် မြန်မြန်ကြီး၊ ဒီလို ဖြစ်သွားတာ မောင်တော့ သိပ်သဘောမကျဘူး၊ နှစ်ဆယ့်ခုနစ်သား အရွယ်မှာ ထိပ်ဆုံးရောက် တဲ့ လူမျိုးမဖြစ်ချင်ဘူး၊ ကျန်တဲ့ အချိန်တွေမှာ ရှေ့ဆက် အတက်မရှိရင် အဆင်းချည်းဖြစ်နေတော့ မှာပေါ့ "

၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံး ဆောင်းပါးတင်ပြီး သူ့ကို ဤသို့ ၀ိဂြိုဟ်ပြု သည်။
" ခေတ်ပညာတတ်၊ နှစ်ခြင်း ဓမ္မဆရာကလေးသည် ဘယ်က ဘယ်က ပေါ်လာမှန်း မသိဘဲ တစ်နှစ် မပြည့်မီ လူထု ခေါင်းဆောင် ဖြစ်သွားလေပြီ "
မာတင် သည် သူ့တွင် အချိန်များများ မရှိတော့ကြောင်း သူ့ မသိစိတ်က သိနေသည်ဟု ကျွန်မ အမြဲ ခံစားခဲ့ရ၏။ သူ့ဘ၀ တွင် လုပ်စရာရှိသည့် တာဝန်များကို အလောတကြီး လုပ်နေသည်ဟု ကျွန်မ ထင်၏။
မောင်ဂိုမာရီတိုက်ပွဲ အောင်မြင်ပြီးတော့ ဖလော်ရီဒါတွင် ပေါ်လာသည်။ သည် လှုပ်ရှားမှုအားလုံး၊ ဆက်သွယ် ညှိနှိုင်းရမည်၊ စုပေါင်း ချီတက်ရမည်ဟု မာတင်က ယုံကြည်သည်။ ဒီရေ တက်သလို တစ်ပြိုင် တည်း အရှိန်အဟုန်ဖြင့် တက်ရမည်ဟု ယုံကြည်သည်။

မာတင် က တောင်ပိုင်း တစ်ပိုင်းလုံး စစ်မျက်နှာတစ်ခုတည်းဖွင့်ပြီး တိုက်ဖို့ ညီညွတ်ရေးခေါ်ရန် အတ္တလန္တာတွင် ပြင်ဆင်သည်။ တောင်ပိုင်းမြို့ကြီးများမှ လူမည်း ခေါင်းဆောင် ၁၀၀ ကျော်ကို လှမ်းဖိတ် သည်။ အားလုံး လက်ခံကြသည်။
နောက်လ ထဲတွင် နယူးအော်လီယန်း၌ ညီလာခံ လုပ်ဖြစ်တော့ မယုံနိုင်စရာ အောင်မြင်မှုတွေ ရရှိခဲ့သည်။ မဟာဗျူဟာတွေ ပိုမို ကျယ်ပြန့်စွာချမှတ်နိုင်ခဲ့သည်။ လူမျိုးရေး ခွဲခြားမှု မျိုးစုံကို ဆန့်ကျင်ဖို့၊ မဲဆန္ဒ ပေးပိုင် ခွင့်ရှိ သူတွေ မှတ်ပုံတင်ဖို့ ကိစ္စများကို ဆောင်ရွက်နိုင်ခဲ့သည်။
ပညာတတ် လူတန်းစားတွေအားလုံး ပါလာအောင်၊ မာတင်က စည်းရုံးသည်။ လူမည်း ပီအိတ်ခ်ျဒီတွေ အများ ကြီး ၀င်လာပြီး အမြဲတမ်း အဖွဲ့အစည်း တစ်ခုကို တည်ထောင်နိုင်ခဲ့ကြသည်။ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်များ အဖွဲ့ (SCLC, Southern Christian Leadership Confrence) ဟု အမည် ပေးလိုက်သည်။ ခေါင်းဆောင် အများစုမှာ ဘာသာရေးပိုင်မှ ဖြစ်ကြ၏။
မာတင် လူသာကင်းကို ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ရွေးကောက် တင်မြှောက်ကြသည်။ အဖွဲ့ရုံးကို အတ္တလန္တာ တွင် ထားမည်။

မာတင်က အကြမ်းမဖက်ရေး ၀ါဒ လက်တွေ့ အောင်မြင်မှုကို အခြေခံ၍ လည်းကောင်း၊ ခရစ်ယာန် ဘာသာ အယူဝါဒ ကို ကိုးကား၍ လည်းကောင်း တိတိကျကျ ကျင့်သုံးဖို့ အဆိုတင်သည်။
အမေရိကန် တွင် နီဂရိုးများအဖို့ လူဦးရေက ၁၂ ရာခိုင်နှုန်းသာ ရှိသဖြင့် အကြမ်းဖက်ဝါဒကို ဆွဲကိုင်လျှင် ကိုယ့်သေတွင်း ကိုယ်တူးသလိုသာရှိလိမ့်မည်။
ကျွန်မ တို့ SCLC မူဝါဒမှာ ငုံ့ခံပြီး ဆန့်ကျင်သည့် ၀ါဒမျိုးမဟုတ်ပါ။ အင်အား အကြီးမားဆုံး လက်နက်မှာ အကြမ်းမဖက်ရေး ၀ါဒဟူ၍ ရိုးရိုးသားသား ယုံကြည်နေကြခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် သွေးထွက် သံယို ဖြစ်မည့် ရင်ဆိုင်မှုမျိုး ကို ရှောင်ကြဉ်ခြင်းဖြစ်ပါသည်။
မတ်လ ထဲတွင် အခြား လူမည်း ခေါင်းဆောင်များနှင့်အတူ အက်ကရာသို့ ကျွန်မနှင့် မာတင် လေယာဉ်ဖြင့် ထွက်ခွာ ခဲ့ကြသည်။ ဂါနာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ဖို့ဖြစ်ပါသည်။ အလွန် စိတ်လှုပ်ရှားစရာ ကောင်းသည့် အတွေ့အကြုံတွေ ကျွန်မတို့ ရရှိခဲ့ပါသည်။

ဂါနာမှ ပြန်လာပြီး မကြာခင် မာတင် ပထမဆုံး ဂုဏ်ထူးဆောင်ဘွဲ့ရရှိခြင်းဖြစ်၏။ မိုးဟောက်စ်တက္ကသိုလ်မှ စတင် ချီးမြှင့်ခြင်း ဖြစ်ပါသည်။ အမိတက္ကသိုလ်ုမှ ဈေးဦးဖောက်လိုက်ခြင်းဖြစ်၏။ နောင်တွင်တော့ တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်များစွာမှ ဂုဏ်ထူးဆောင်ဘွဲ့တွေ မာတင် လူသာကင်းကို ၀ိုင်းပြီး ချီးမြှင့်ကြသည်။
ဥက္ကဋ္ဌ ပါမောက္ခ မေးစ်က အခမ်းအနား မိန့်ခွန်းပြောရာတွင် စိတ်လှုပ်ရှားနေပုံဖြင့် အသံတွေ လှိုင်းထနေသည်။ မာတင့်ကို အလွန်ချစ်သည့် ဆရာ မဟုတ်လား။
" မာတင် ဟာ သူ့ လူမျိုးတွေကို ဂုဏ်သိက္ခာရှိစွာနဲ့၊ ခရစ်ယာန် ယုံကြည်မှုအခြေခံနဲ့၊ ပြီးတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် နဲ့ ခေါင်းဆောင်နေတဲ့ လူငယ် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကျော်ကြားမှုကို စိတ်မ၀င်စား ပါဘူး၊ ဒါကြောင့်လည်း ဒီဘွဲ့ကို သူ ရရှိခြင်းဖြစ်ပါတယ်" သူ့ကို ရည်ညွှန်းပြီး အီမာဆင်*က
" ကိုယ့် အတွက် မလုပ်ဘဲ၊ လောက ကောင်းကျိုးကို သယ်ပိုးရင်း သေသွားတဲ့ လူတွေ အနည်းအကျဉ်းပဲရှိတယ်၊ သူတို့ဟာ ဘယ်တော့မှ မသေဘူး၊ ဒါပေမဲ့ လူအများစုကတော့ ဘာမှ မလုပ်ဘဲ မထင်မရှားသေ ရမှာ တွေးကြောက်နေကြတယ်" ဆိုတဲ့ စကားကို ပြောသွားတာဖြစ်မယ်။

အမေရိကန် အစိုးရ ပါတီကြီး နှစ်ခုစလုံးမှ လူမည်းများ မဲပေးနိုင်ခွင့်ကိစ္စကို အချိန်ဆွဲထားသည်။ မာတင်က လူမည်းပေါင်းစုံ ကိုယ်စားပြု" လွတ်လပ်ရေးဘုရားဖူး ဆုတောင်းအဖွဲ့" ဆိုပြီး ဖွဲ့လိုက်ပြန်သည်။ ၀ါရှင်တန်တွင် အစည်းအဝေး လုပ်သည်။ ၁၉၅၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အင်အား သုံးသောင်းခုနစ်ထောင်ပါသည့် လူထုကြီးဖြင့် ချီတက်လာခဲ့သည်။ ထူးဆန်းသည်မှာ လူဖြူ သုံးထောင် ပါလာခြင်းဖြစ်၏။ လင်ကွန်း အောက်မေ့ဖွယ် အဆောက်အအုံရှေ့တွင် စုရုံးကြသည်။
မာတင် က နိဂုံးချုပ် မိန့်ခွန်းပြောသည်။ ပထမဦးဆုံး တိုင်းပြည်သို့ အသံလွှင့်ပေးသည့် မိန့်ခွန်းဖြစ်၏။ သူ့မိန်းခွန်း တစ်ပိုဒ်ပြီးတိုင်း လူထုကြီးက "အာမင်၊ အာမင်" ဟု သံပြိုင်အော်ပြီး ထောက်ခံအားပေးကြ သည်။

" ကျွန်တော်တို့သာ မဲပေးခွင့်ရပါစေ၊ ဘာမှ မတောင်းဆိုတော့ပါဘူး၊ ဥပဒေတွေပဲ ရေးပြီး စာအုပ်တွေ ထုတ်နေ မှာပါ။
ကျွန်တော် တို့သာ မဲပေးခွင့် ရပါစေ၊ ဥပဒေပြု လွှတ်တော်မှာ လူတော်လူကောင်းတွေ နဲ့ ပြည့်လျှံ သွားစေရပါမယ်။
ကျွန်တော် တို့သာ မဲပေးခွင့် ရပါစေ၊ ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်နေ့၊ တရားလွှတ်တော်ချုပ် ဆုံးဖြတ်ချက်ကို ဥပဒေဘောင်အတွင်း ကနေ ငြိမ်ငြိမ်ကလေး ကျွန်တော်တို့ အကောင်အထည်ဖော်သွားမှာပါ။
ကျွန်တော် တို့သာ မဲပေးခွင့် ရပါစေ၊ သွေးဆာနေတဲ့ အဖြစ်ဆိုးတွေ၊ အုံကြွမှု ဖန်တီးနေတဲ့ လူတွေကို ငြိမ်းချမ်း တဲ့၊ စည်းကမ်းရှိ တဲ့ နိုင်ငံသားတွေ ဖြစ်လာအောင် ကျွန်တော် တို့ ပြောင်းလဲပေး ပါ့မယ် "

နောက်နှစ် အတွင်း မာတင် ဟောခဲ့သည့် တရားပွဲပေါင်း ၂၈၀ ရှိသွားပြီး စည်းရုံးရေး ခရီးမိုင်ပေါင်း ၇၈၀၀၀၀ သွားခဲ့သည်ဟု Jet မဂ္ဂဇင်းမှ သတင်းပေး ရေးသားသည်။ ကျွန်မ မှတ်စုနှင့် သူတို့ ကိန်းဂဏန်းမှာ ကိုက်ညီကြောင်းတွေ့ရ ပါသည်။
ထိုနှစ် မှာပင် " လွတ်လပ်ရေးပန်းတိုင်သို့ ခြေလှမ်းကျဲကျဲ" စာအုပ် သူ ရေးပြီးခဲ့သည်။

နိုင်ငံနှင့်အ၀န်း သူ ဂုဏ်သိက္ခာ တက်လာနေသဖြင့် မက်မောလောက်စရာ အခွင့်အလမ်းများနှင့် အလုပ် အကိုင်တွေ ပေး လာကြသည်။ လစာ ခုနစ်သောင်းခွဲအထိ ပေးပြီး ခေါ်သည့် ကုမ္ပဏီများရှိသည်။ သို့သော် မာတင် က လုံးဝ စိတ်မ၀င်စားခဲ့ပါ။ သူသည် စည်းစိမ် ချမ်းသာကို အာရုံထားသူမဟုတ်ပါ။ အိမ်ထောင်ရှင် တစ်ယောက် ဖြစ်နေ၍သာ သင်းအုပ်ဆရာ လစာကလေးကို ထုတ်ယူနေခြင်းဖြစ်ပါသည်။
သူက မလိုသည့် အပိုကိစ္စတွေ အိမ်တွင် လုံးဝ မထားဖို့ စည်းကမ်းလုပ်ထားသည်။ သူ့လူတွေကိုလည်း အလားတူ နေထိုင် ကျင့်ကြံဖို့ စည်းရုံးသည်။
" လူတစ်ယောက် ရဲ့ တန်ဖိုးဟာ သူ့ ဘဏ်စာရင်းနဲ့ ယှဉ်ကြည့်လို့ မရဘူး။ သူ ဘာတွေ လုပ်နေသလဲ ဆိုတာနဲ့ တိုင်း ရတယ်" ဟု သူ ပြောလေ့ရှိသည်။
မာတင် က သူ့ဘ၀သူ အားမရဖြစ်နေမှန်း ကျွန်မ သိနေပါသည်။ မိသားစု များလာခြင်းအတွက် သူ ပျော်သည်က တစ်ပိုင်းဖြစ်ပါ၏။ တစ်ခါက ကျွန်မ ကို သူ ပြောဖူးသည်။

" အများ အတွက် အသက်ရှင်မယ်ဆိုတဲ့ လူတစ်ယောက်ဟာ အိမ်ထောင်မရှိသင့်ဘူး၊ လိုလည်း မလိုဘူး "
ကျွန်မ ထိထိခိုက်ခိုက် မဖြစ်မိပါ။ သူ သည်လို ပြောလိုက်ခြင်းသည် ကျွန်မကို မချစ်ဟူ၍ အဓိပ္ပာယ် မသက်ရောက် ပါ။ သူသည် မိန်းမကိုရော ကလေးတွေပါ နှစ်နှစ်ကာကာ ချစ်တတ်သည့် အိမ်ထောင် ဦးစီး တစ်ယောက်ဖြစ်ပါသည်။ သို့သော် သူ့ကိုယ်တွင်းတွင် တာဝန်နှင့် အချစ်လွန်ဆွဲနေသည်ဟု ကျွန်မ တွေးကြည့်မိ ပါသည်။
စင်စစ် ကျွန်မတို့ကို မာတင် လိုအပ်ပါသည်။ သူ့တွင် နွေးထွေးမှုလိုအပ်ပါသည်။ သည့်အတွက် လူတွေနှင့် သူ ပိုပြီး နီးစပ်ခြင်းဖြစ်နိုင် ပါသည်။
၁၉၅၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မာတင်လူသာကင်း တတိယကို ကျွန်မ မွေးဖွားခဲ့ပါသည်။ အဖေ့ နာမည် ကို ယူလိုက်ခြင်းကြောင့် သားကလေး တွင် အန္တရာယ်ရှိလေမည်လားဟု ကျွန်မ ပူပူ ပင်ပင် တွေးမိ ပါသေးသည်။ သို့သော် ကလေး အဖေကရော၊ အဘိုးကပါ သည်နာမည်ကို ပေးချင်နေကြ၍ ကျွန်မ နားထောင် လိုက်ရပါသည်။

၁၉၅၈ ခုနှစ်တွင် SCLC ၏ အဓိက တိုက်ပွဲမှာ လူမည်းများ မဲပေးပိုင်ခွင့်ဖြစ်သည်။ လင်ကွန်းမွေးနေ့ တွင် တောင်ပိုင်းမြို့ကြီးများတွင် လူထုအစည်းအဝေးပွဲ နှစ်ဆယ့်တစ်ပွဲ ကျင်းပသည်။
မာတင် က အဓိကထားပြီး အရေးဆိုသည်။ " ကျွန်တော်တို့ လွတ်လပ်ရမယ်၊ လွတ်လပ်မှ ဖြစ်မယ်၊ ကျွန်တော်တို့ လွတ်လပ်ရေး လိုချင်တယ်၊ ခုချက်ချင်း လိုချင်တယ်၊ ကျွန်တော်တို့ကို လက်ဖက်ရည်ဇွန်းနဲ့ တိုက်တဲ့ လွတ်လပ်ရေး မျိုး မလိုချင်ဘူး၊ နှစ်တရာ၊ တစ်ရာ့ငါးဆယ် ကြာမှ ရမယ့်လွတ်လပ်ရေးမျိုး မလိုချင်ဘူး"
မဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ SCLC ၏ ၀က်အူတင်းမှုက တစ်ရစ်ပြီးတစ်ရစ် တိုးလာသောကြောင့် နောက်ဆုံး အိမ်ဖြူတော် ကွန်ဖရင့်သို့ တက်ရောက်ခွင့်ရခဲ့လေသည်။ ၀ါရှင်တန်တွင် မာတင် လက်တွဲရသည့် ပုဂ္ဂိုလ်များမှာ ဖီးလစ်ရန်ဒေါ့၊ ရွိုင်းဝီလ်ကင်နှင့် ဂတ်စတာ ဂရင်ဂျာတို့ ဖြစ်သည်။ ဂရင်ဂျာမှာ ထိုစဉ်က မြို့နယ် အသင်းများ၏ ညွှန်ကြားရေးမှူးဖြစ်သည်။

သူတို့အုပ်စုက ပြည်ထောင်စု အစိုးရအား ပြည်သူ့ အခွင့်အရေးဥပဒေသစ် တစ်ရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆို သည်။ ပြီးတော့ နီဂရိုး အိမ်ရာများ၊ ဘုရားကျောင်းများအား ဗုံးခွဲ ဖျက်ဆီးခြင်းများကို အကာအကွယ်ပေးရေး အတွက် တရားရေးဌာနသို့ သမ္မတက ညွှန်ကြားပေးရန်၊ လူမည်းများ မဲပေးပိုင်ခွင့် အရေးဆိုနေစဉ် အချိန် အတွင်း လူမည်း ခေါင်းဆောင်များအား အကာအကွယ်ပေးရန်များလည်းပါသည်။
ပြည်ထောင်စု အစိုးရက မာတင် တို့ အဖွဲ့ကို ယဉ်ကျေး ဖော်ရွေစွာ ဆက်ဆံကြပါ၏။ သို့သော် သမ္မတ အိုက်ဆင် ဟောင်ဝါ က အရေးတယူလုပ်လိမ့်မည်ဟု မာတင်က မယူဆပေ။
ကျွန်မ တို့ လက်ထပ်ပြီးကတည်းက တစ်ခါမှ အနားယူခရီးမထွက်ဖူးခဲ့ကြပါ။ ၁၉၅၈ ခုနှစ် နွေရာသီတွင်တော့ မက္ကဆီကို သို့ နှစ်လ ထွက်ဖြစ်ခဲ့ပါသည်။

အိမ်ပြန်ရောက်သည်နှင့် စိတ်မချမ်းသာစရာ အဖြစ်များနှင့် ကြုံရတော့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် တရားရုံး တွင် အဘာနာသီသက်သေခံ စရာရှိ၍ ကျွန်မတို့ လင်မယား လိုက်သွားသည်။ ကျွန်မ နှင့် မာတင် တရားရုံးခန်း အပြင်ဘက်တွင် ရပ်နေစဉ် ရဲအရာရှိ တစ်ယောက်ရောက်လာပြီး ဖယ်ပေးဖို့ပြော သည်။
" ရှေ့နေ ဖရက်ဂရေး မရောက်သေး လို့ ကျွန်တော် စောင့်နေတာပါ "
မာတင် က ဖယ်မပေးဘဲ ဆက်ရပ်နေသည်။
ဤတွင် ရဲက ပြဿနာ လုပ်တော့၏။ " ဟေ့ကောင် မင်း အပြစ်ကျူးလွန်ပြီးသားဖြစ်သွားပြီ၊ မင်းလျှာမရှည်နဲ့၊ ဖယ်မပေးရင် မင်းရှေ့နေငှားရတဲ့ ဘ၀ ရောက်သွားမယ်၊ နားလည်လား "
ရဲအရာရှိက နောက် ရဲသားတစ်ယောက်ကို လှမ်းခေါ်ပြီး မာတင့်လက်မောင်း တစ်ဖက်စီကို နှစ်ယောက်သား လိမ်ချိုးပြီး ဆွဲခေါ်ကာ အောက်ထပ်သို့ ဆင်းသွားသည်။ ပြီးတော့ မြို့တော် ခန်းမဆီသို့ အတင်း ဆက်ဆွဲခေါ်သွား၏။ ကျွန်မ နောက်က ပြေးလိုက်သွားသည်။

ရဲက နောက်လှည့်ကြည့်ပြီး ကျွန်မကို မခံချင်အောင် ပြောသည်။
" သြော် နင်ကပါ ထောင်ထဲ လိုက်ချင်တာပေါ့၊ ဟုတ်လားကောင်မ၊ လိုက်ချင်ရင် ခေါင်းတစ်ချက် ညိတ်ပြ လိုက်လေ"
မာတင်က လှည့်ကြည့်ပြီး လှမ်းအော်ပြောသည်။
" ဒါလင်၊ ဘာမှ မပြောနဲ့ "
ကျွန်မ အပေါင်းအသင်းတွေ ကို လိုက်ရှာပြီးခေါ်လာသည်။ မြို့တော်ခန်းမ ပြန်ရောက်တော့ မာတင် ပျောက်သွားပြီ။ ကန်ကျောက်ထိုးကြိတ်ခေါ်သွားကြသည်ဟု သိရ၏။ သက်ဆိုင်ရာက သူ ဘယ်သူ ဘယ်ဝါမှန်း သိသွားတော့မှ ရဲအရာရှိအား ၀တ္တရားနှောင့်ယှက်မှုမှ ကိုယ်တိုင် ခံဝန်ချုပ်ဖြင့် အာမခံပေး လိုက် သည်။

အိမ်ပြန်ရောက်တော့ ကျွန်မတို့ အလေးအနက် ဆွေးနွေးကြသည်။ မာတင်က သူ့ကို အပြစ်ပေးမည်ဟု ယုံကြည်နေ ၏။ သူက သူ့အမြင်ကို အားလုံးအား ပြောပြသည်။
" တစ်ခုခု လုပ်ဖို့ အချိန် ကျလာပြီ၊ တရားရုံး ရောက်လို့ အာမခံပေးရင် ကျွန်တော် လက်မခံဘူး၊ ပယ်ချ လိုက်မယ်၊ ထောင်အကျခံ လိုက်တော့မယ် "
ကျွန်မ က ထောက်ခံသည်။ ကျွန်မတို့ အထဲမှ တစ်ယောက်ယောက်က စွန့်စားရတော့မည်။ သည် တစ်ယောက် သည် မာတင်ပဲ ဖြစ်ရမည်မဟုတ်လား။
မာတင် က မဟတ္တမဂန္ဒီ၏ နည်းကိုပင် သုံးလိုက်ခြင်းဖြစ်၏။ လူဖြူတို့နှင့် မပူးပေါင်းစတမ်း နည်းဗျူဟာ။ ဂန္ဒီခံ သလို သူလည်း ခံမည်ဟု မာတင် ပိုင်းဖြတ်ထားပြီးပြီ။ စင်စစ် ထောင်ဟူသည် သူလို နုနုနယ်နယ် လူငယ် တစ်ယောက် အဖို့ မအပ်စပ်လွန်းသော နေရာဖြစ်သည်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံး သိထားသည့် အချက် တစ်ခု ရှိသေးသည်။ ထောင်ထဲ ရောက်သွားလျှင် အစအန ပျောက်သွားသော နီဂရိုးများ မနည်းတော့ပြီ။ ရက်တို ထောင်ကျ သမားများလည်းပါ၏။

မာတင်က ရိုးရိုးကလေး ပြောပြသည်။
" လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကသာ ဒီလောက် အခြေအနေ ဆိုးမယ်မှန်းသိရင် ကျွန်တော် အမ်အိုင်အေ ဥက္ကဋ္ဌ လုပ်ဖြစ် မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခုတော့ တာဝန်ယူထားပြီးပြီ၊ နောက်ဆုတ်လို့ မရတော့ဘူး၊ ပြီးအောင် လုပ် ရတော့ မယ်၊ ကျွန်တော့်မှာ ရွေးစရာလမ်းမရှိတော့ဘူးလေ။ ကျွန်တော့်ကိုယ် ကျွန်တော် နီဂရိုး လူမျိုးများ အတွက် လှူလိုက်ပါပြီ "
အားလုံး မျှော်လင့်ထားသည့် အတိုင်း ရုံးတော်မှ မာတင့်အား အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်သည်။ ဒဏ်ငွေ ဆယ်ဒေါ်လာ၊ သို့မဟုတ် ထောင်ဒဏ် ၁၄ ရက်။
" ကျွန်တော် ဒဏ်ငွေ မဆောင်ဘူး၊ ထောင်အကျခံမယ်" ဟု မာတင်က ရုံးတော်တွင် ကြေညာသည်။
အခြား ထောင်ကျများနှင့် အတူ ထောင်ကြီးချုပ်သို့ ပို့မည့် ပထမကားပေါ်သို့ မာတင့်အား ရဲအရာရှိတွေက အတက် မခံ။ ဒုတိယကားရောက်လာပြီး ပြန်ထွက်တော့လည်း အလားတူပင်။ မာတင် ရိပ်မိလိုက်ပြီ။ သူ့ကို သူတို့ တစ်တွေ ထောင်ထဲ မရောက်အောင် အကြံအဖန် လုပ်နေကြပြီ။ နောက်ဆုံးတွင်မူ တာဝန်ရှိသူများက သူ့ကို အသိပေး ကြသည်။

" ခင်ဗျား အိမ်ပြန်နိုင်ပြီ ဒေါက်တာ ကင်း၊ တစ်ယောက်ယောက်က ခင်ဗျားအတွက် ဒဏ်ငွေဆောင်သွားတယ် "
သူ့လူတွေ ကတော့ ဆောင်မည် မဟုတ်ကြောင်း မာတင် ကောင်းကောင်းသိပါသည်။ သို့သော် ဘာမှ မတတ်နိုင်ပြီ။ မာတင် အိမ်ကို ပြန်လာခဲ့ရ၏။
သည်ကိစ္စတွင် ရဲမင်းကြီး ဆယ်လာက ပြည်သူ့ တုံ့ပြန်မှုကို ကြိုမြင်ပြီး ကွက်ကျော်ရိုက်လိုက်ခြင်းဖြစ် သည်။ မာတင် လူသာကင်းကို ထောင်ချလိုက်လျှင် နိုင်ငံနှင့်အ၀န်းဖြစ်လာမည့် ဂယက်ကို သူက ပညာပါပါ ထိန်းလိုက်၏။ သူ့ အိတ်ကတ်ထဲမှ စိုက်ပြီး တရားရုံးသို့ ဆယ်ဒေါ်လာ သွင်းလိုက်ခြင်းဖြစ်၏။
" ကင်း" ကို ဆယ့်လေးရက် ကျွေးထားရမည့်စရိတ် ကို " အခွန်ထမ်းပြည်သူများသက်သာစေရန် အလို့ငှာ" ဟူ၍ သူက အကြောင်းပြသည်ဆို၏။

မောင်ဂိုမာရီ ဘတ်စ်ကား မစီးရေး၊ အရေးတော်ပုံမှစသည့် "လွတ်လပ်ရေးပန်းတိုင်သို့ ခြေလှမ်းကျဲကျဲ" စာအုပ် ၁၉၅၈ ခုနှစ် စက်တင်ဘာလထဲတွင် ထွက်သည်။ မဂ္ဂဇင်း အစောင်စောင်၏ စာအုပ်ဝေဖန်ခန်းများတွင် တခမ်းတနား ပါလာ၏။ စက်တင်ဘာလ ၂၀ ရက်နေ့က သူ " ဟာလမ်" တွင် ရောက်နေသည်။ ညနေပိုင်းတွင် အတ္တလန္တာ သို့ ပြန်လာလိမ့်မည်အထင်ဖြင့် ကျွန်မတို့ မျှော်နေကြသည်။ လေယာဉ်ကွင်း သွားကြိုဖို့ ကျွန်မ ပြင်ဆင်နေစဉ် တယ်လီဖုန်း မြည်လာသည်။ ကင်း မိသားစု မိတ်ဆွေဟောင်းကြီး ဒေါက်တာ အိုကလေ မက်ဆွဲလ် နယူးယောက်မှ လှမ်းဆက်ခြင်းဖြစ်၏။
" မစ္စက်ကင်း လား၊ စိတ်မကောင်းစရာ သတင်းတစ်ခုကျွန်တော်ပေးစရာရှိတယ်၊ စိတ်ခိုင်ခိုင်ထားနော်"
ကျွန်မ မိုက်ခနဲ ဖြစ်သွားသည်။ မ၀ံ့မရဲ မျှော်လင့်နေသည့် သတင်းဆိုးကြိးများလား။ သူ အသတ်ခံလိုက်ရပြီလား။

ဒေါက်တာ မက်ဆွဲလ်က စိတ်မကောင်းသည့် လေသံဖြင့် မာတင်ဓားထိုးခံရကြောင်း၊ ၁၂၅ လမ်း ကုန်တိုက် တစ်ခု မှာ အော်တို စာအုပ်ကလေးများကို လက်မှတ်ထိုးပေးနေစဉ် နီဂရိုးအမျိုးသမီးတစ်ယောက်က ၀င်ထိုးခြင်းဖြစ်ကြောင်း၊ ဒဏ်ရာ ပြင်းထန်ကြောင်းပြောပြသည်။
ကျွန်မ နယူးယောက် ကို လာဖို့ လေယာဉ်လက်မှတ်စီစဉ်နေတုန်းထူးလျှင် ထူးသလို ဖုန်းဆက်ပေးနေဖို့ ကျွန်မ က တောင်းပန်လိုက်သည်။ ချက်ချင်းကျွန်မ ဆုတောင်းလိုက်သည်။
" အို ... အဘ ဘုရားသခင်၊ တပည့်တော်မ၏ သူတော်ကောင်းခင်ပွန်းဟာ သည်လိုနည်းနဲ့ သေရမည့်သူ မဟ်ုတ်ပါ၊ အကယ်၍ သည်အတိုင်း ဖြစ်သွားလျှင်လည်း ရင်ဆိုင်နိုင်စွမ်းရှိအောင် တပည့်တော်မကို ခွန်အားပေး သနားတော်မူပါ "
ရေဒီယို မှ သတင်းလာတော့ ရော့ဖ် အဘာနာသီက ကျွန်မဆီ အလောတကြီး ဖုန်းဆက်မေးသည်။ ကျွန်မက ကြားရ သမျှ သတင်းကို အသေးစိတ် ပြောပြနေရင်း ဆက်မပြောနိုင်တော့ဘဲ ဆို့သွားပါတော့သည်။

ရော့ဖ်က လေယာဉ်လက်မှတ် နှစ်စောင် စီစဉ်လိုက်မည်။ သူပါ လိုက်မည်ဟု ဆိုသည်။ ကျွန်မ အိမ်သို့ သတင်းမေးလာသူတွေ ချက်ချင်းစုပြုံရောက်လာကြသည်။ ဖုန်းကလည်း ရပ်သည် မရှိတော့။
ကျွန်မ ကိုယ့်ကိုယ် ကိုယ် အားတင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်။ သတင်းတွေက တစ်ယောက် တစ်မျိုး ဖြစ်နေ၏။ တစ်ယောက်က ဓားကို နုတ်ပြီးပြီဆို၏။ တစ်ယောက်က မာတင့် ရင်ဘတ်တွင် ဓားတန်းလန်းနှင့် ဟုပြော၏။
ဓားနုတ်ပြီးပြီ ဟူသည့် သတင်းကို ကျွန်မ အတင်းယုံလိုက်ပါသည်။ သူ နေကောင်းနေလောက်ပါပြီ ဟုလည်း တွေးလိုက်၏။ သို့သော် ထိုအချိန်တွင် မာတင့် အခြေအနေ လုံးဝ စိတ်မချရသေး ပါ။
မောင်ဂိုမာရီ မှ ကျွန်မတို့ ကိုးနာရီတွင် ထွက်လာပြီး တစ်ညလုံးမောင်းသည်။ အတ္တလန္တာလေယာဉ် ကွင်း ရောက်တော့ မာတင့်ညီမ ခရစ္စတင်း စောင့်နေတာ တွေ့ရသည်။ သူပါ လိုက်မည်တဲ့။
လေယာဉ်ပေါ် တွင် ကျွန်မ တစ်ချက်ကလေးမှ မမှေးရပါ။ သူ့အတွက် စိုးရိမ်စိတ်ဖြင့် ခေါင်းတွေနောက်ပြီး ရင်တွေ ပူနေ ပါသည်။ မိုးစင်စင်လင်းမှ နယူးယောက်သို့ လေယာဉ်ဆိုက်သည်။
လေယာဉ်ကွင်း တွင် မိတ်ဆွေ အပေါင်းအသင်းတွေ အများကြီးလာကြိုကြသည်။ အဖြစ်အပျက်ကို အသေး စိတ် ပြောပြကြသည်။

အရေးပေါ် ချထားပေးသည့် စားပွဲတစ်လုံးတွင် မာတင်က လက်မှတ်တွေ ထိုးပေးနေချိန်တွင် သက်လတ်ပိုင်း နီဂရိုး အမျိုးသမီးတစ်ယောက် စားပွဲနား ရောက်လာသည်။ နာမည်က မစ္စက် အိုဆိုလာ ကာရီ။
" ဒေါက်တာကင်း ဟုတ်ပါတယ်နော်" ဟု မေးသည်။
မာတင် က "ဟုတ်ပါတယ်ခင်ဗျာ"ဟုပြန်ပြောသည်။
" ဟုတ်လား၊ ရှင့်ကို ကျွန်မ တွေ့ချင်နေတာ ငါးလရှိပြီ"
အမျိုးသမီးက လေသံ ခပ်တိုးတိုးဖြင့် ပြောသည်။ ပြောပြောဆိုဆို ဓားမြှောင်ကို ရင်ဘတ်မှ ဆတ်ခနဲ ဆွဲထုတ်ပြီး မာတင့် ရင်ဘတ်ကို တအားဆောင့်ထိုးလိုက်သည်။ နံဘေးမှ လူတွေ ကြက်သေ သေနေရာမှ ဝေါခနဲ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အမျိုးသမီးကို ၀ိုင်းဖမ်းလိုက်ကြ၏။
တစ်ယောက် က ဓားကို ဆွဲထုတ်မည်လုပ်တော့ မာတင်က တားလိုက်သည်။ သူက ကုလားထိုင်ပေါ်တွင် ငြိမ်လျက် ဆက်ထိုင်နေ ၏။ ရင်ဘတ်တွင် ဓားတန်းလန်းနှင့်။
နောက်ပိုင်း တွင် သူက ထိုနေ့အကြောင်း ကျွန်မကို ပြန်ပြောပြသည်။

" ရုတ်တရက်တော့ သိပ်မနာသလိုပဲ၊ ဒါပေမဲ့ သွေးအထွက်လွန်ပြီးသွားပြီလို့ ထင်လိုက်တယ်၊ ဓားက ဘယ်လောက် ထက်လဲ သိလား၊ ရောင်ရမ်းပြီး ဓားသွားကို ကိုင်ကြည့်လိုက်တော့ လက်ရှသွားတယ် "
ရဲက မစ္စက်ကာရီ ကို ချက်ချင်းလာဖမ်းသွားသည်။ ပထမတော့ တမင်အကွက်ဆင် လုပ်ကြံမှုဟုထင်ကြသည်။ သို့သော် မဟုတ်ပါ။
အမျိုးသမီးက စိတ်မနှံ့သူဖြစ်ကြောင်း တွေ့ကြရသည်။ သင်းအုပ်ဆရာတွေ၊ ဘုန်းတော်ကြီးတွေကြောင့် လူတွေ ဒုက္ခရောက်နေကြ တယ် ဆိုပြီး အော်ဟစ်ကာ အမြီးအမောက် မတည့်သည့် စကားတွေ လျှောက်ပြောနေသည်။ ရဲစခန်းရောက်တော့ သူ့ကိုယ်ကို ရှာဖွေရာ ရင်ဘတ်ထဲမှ ပစ္စတိုတစ်လက်တွေ့ကြရ သည်။ ပစ္စတိုကို မသုံးသည့် အတွက် သူ့ကို ကျွန်မတို့ ၀ိုင်းပြီး ကျေးဇူးတင်နေကြပါသေးသည်။
ဆေးရုံ သို့ သူနာပြုကားဖြင့် ချက်ချင်း ပို့ပေးသည်။ ခွဲစိတ်မည့်ဆရာဝန်ကို စောင့်နေစဉ် မာတင်က ခွဲစိတ် ခုတင်ပေါ် တွင် ငြိမ်လျက်လှဲနေသည်။ ရင်ဘတ်တွင် ဓားက စိုက်လျက်ပင်။ အထူးခွဲစိတ် ကိရိယာတွေ လိုအပ်သည်တဲ့။

ရဲက မစ္စက်ကာရီကို ဆေးရုံခေါ်လာပြီး မာတင့်ကို ပြသည်။ တရားခံဟုတ်မဟုတ် အတည်ပြုရန်ဖြစ်၏။ အမျိုးသမီး က မာတင့်ကို မြင်မြင်ချင်းအော်ပြောသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ၊ သူ့ကို ကျွန်မ ရှေ့နေ လက်ကို အပ်ရမယ်"
ထိုအချိန် တွင် ဒဏ်ရာက နာစပြုနေပြီ။ သည်ကြားထဲမှ မာတင်က ပြုံးလိုက်နိုင်သေး၏။
ဆေးရုံ အပြင်ဘက် တွင် လူတွေ ထောင်ချီပြီး စုဝေးပြီးသားဖြစ်သွားသည်။ ဓမ္မတေးတွေဆိုဖို့၊ ဆုတောင်း ဖို့ ပြင်ဆင်နေကြ၏။ သည်သတင်းပြန့်သွားတော့ နိုင်ငံတကာတွင် လူမျိုးပေါင်းစုံက မာတင့် အတွက် ဆုတောင်းပေးနေကြကြောင်း နောင်တွင် ကျွန်မတို့ကြားရသည်။
ဆေးရုံ ရောက်ရောက်ချင်း ကျွန်မတို့ ခွဲစိတ်ဆရာဝန်ကြီးနှင့် သွားတွေ့ကြသည်။ ဒေါက်တာ မေနဒ်မှာ ဂျမေကာလူမျိုးခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။ အကူ ဆရာဝန်သုံးဦးနှင့်အတူ မာတင့်ကို ခွဲစိတ်ပြီး ရင်ဘတ်မှ ဓားကို ထုတ်ယူခဲ့သူဖြစ်၏။

မာတင် သတ္တိကောင်းပုံ၊ စိတ်ငြိမ်ပုံကို ဆရာဝန်ကြီးက ချီးမွမ်းနေသည်။
" သူသာ ကြောက်တတ်မယ်၊ စိတ် လှုပ်ရှားလွယ်မယ် ဆိုရင် သူ အသက်ရှင်ဖို့လမ်းတော်တော်နည်းလိမ့်မယ်၊ ဓားဦး က နှလုံး သွေးလွှတ်ကြောမကြီးနဲ့ ထိလုထိခင် ဖြစ်နေတာ၊ သူ လှုပ်လှုပ်ရှားရှားဖြစ်မယ်၊ ဒါမှ မဟုတ် နှာချေမယ်၊ ချောင်းဆိုးမယ် ဆိုရင် ချက်ချင်း ဒုက္ခရောက်သွားနိုင်တယ်၊ ဒေါက်တာကင်းရဲ့ အံ့သြစရာ ကောင်းလောက်တဲ့ တည်ငြိမ်မှုက သူ့အသက်ကို ကယ်သွားတာပဲ၊ သူဟာ တကယ့်ကို အံ့သြစရာ ကောင်းလောက်အောင် ထူးခြားတဲ့ လူပါပဲ "
ဒေါက်တာမေးနဒ်က မာတင် ၏ နှလုံး ကို လက်ဝါးကတ်တိုင်ပုံစံခွဲစိတ်ခဲ့ရသည်ဟုဆိုသည်။
" သူက ဘုန်းကြီးတစ်ပါး ဆိုတော့ အံကိုက် ဖြစ်သွားတာပေါ့လေ၊ ဓားကို ထုတ်ယူဖို့ နံရိုးနှစ်ချောင်းဖယ်ပစ် လိုက်ရတယ်၊ ခုတော့ စိတ်ချရပါပြီ"

မာတင့် အခန်းကို ရောက်တော့ နှာခေါင်းမှာရော၊ လည်ပင်းမှာပါ ပိုက်တွေ တန်းလန်းနှင့်တွေ့ရသည်။ အပြင်းစား မေ့ဆေးတွေ ပေးထား၏။ သို့သော် ကျွန်မ ရောက်လာသည်ကို ချက်ချင်းသိပုံရ၏။ ကျွန်မကို တမေးတည်းမေးနေ သည်ဟု ဆရာဝန်၊ ဆရာမများက ပြောပြကြသည်။
သူ့အခြေအနေ ကို တကယ်မြင်ရတော့မှ သူ့ဒဏ်ရာဘယ်လောက်ပြင်းထန်ကြောင်း ကျွန်မ သဘောပေါက် ရပါသည်။ ဆရာဝန်ကြီးပြောစကားများကို ပြန်လည် ကြားယောင်လာသည်။ သူသာ လှုပ်လှုပ်ရှားရှားလုပ်ရင် ... ။
မယုံနိုင်စရာ ပင်။ အသက်ဘေးက လက်မတင်ကလေး လွတ်လာသည့်အတွက် ဘုရားသခင်ကို ကျွန်မ အထူး ကျေးဇူး တင်မိပါသည်။

ဘုရားသခင် ၏ ဂုဏ်ကျေးဇူးတော်ကြောင့် သူ အသက်ရှင်ခဲ့ခြင်းဖြစ်ကြောင်း၊ မာတင်ရော ကျွန်မပါ ယုံကြည် ကြသည်။ ကျွန်မတို့ ဆက်လုပ်စရာတွေ ရှိနေသေးကြောင်း ဘုရားသခင် သိတော်မူဟန်တူပါ၏။
သူ့ ခုတင်နံဘေး တွင် ကျွန်မ ထိုင်စောင့်နေရင်း အဖြစ်အပျက်အားလုံးကို ကျွန်မ တွက်ကြည့်သည်။ သည်လောက် အဓိပ္ပာယ်မဲ့သည့် ကိစ္စတွေကို ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ရန်သူကို ချစ် ရမည်။ လက်တုံ့မပြန်ရဟု ပြောနေသည့် မာတင့်ကို ဘုရားသခင်က စမ်းသပ်နေတာပဲဟု ကျွန်မ ယုံကြည် လိုက်၏။
စကားပြောနိုင်သည်နှင့် မာတင်က မစ္စက်ကာရီအကြောင်း ပြောသည်။
" ဒီလို သူ အကြမ်းဖက်တဲ့အတွက် သူ့မှာ တာဝန်မရှိဘူး၊ တရားတွေဘာတွေ မစွဲကြနဲ့၊ သူ ကျန်းမာလာအောင် ၀ိုင်းပြီး ကူညီကြရမယ် "
အမျိုးသမီးကို စိတ္တဇ ဝေဒနာရှင် ရာဇ၀တ်သားများ ထားသည့် ဆေးရုံတွင် တင်ထားသည်။ ကောင်းကောင်းမွန်မွန် ဆေးကုသမှု ရနေလိမ့်မည်ဟု ကျွန်မတို့ မျှော်လင့်ပါသည်။
သည် အဖြစ်အပျက်ကြောင့် ကျွန်မတို့ မမြင်ခဲ့သည့် အချက်ကို ဘွားခနဲ တွေ့လိုက်ကြရသည်။ မာတင့်ကို ကျွန်မတို့ လူမျိုးအချင်းချင်းကလည်း အကြမ်းဖက်နိုင်သည်ပဲ။ ဂန္ဒီကို သူ့လူမျိုးအချင်းချင်းက လုပ်ကြံခဲ့သည် မဟုတ်လား။

ခေါင်းဆောင်တိုင်းသည် တိတ်ဆိတ်စွာ စဉ်းစားချိန်လိုအပ်ပါသည်။ နေရူးနှင့်ဂန္ဓီလိုပေါ့။ သူတို့နှစ်ယောက်စလုံး အကျဉ်းထောင်ထဲတွင် စဉ်းစားချိန်တွေ အများကြီးရခဲ့သည်။ ကျွန်မယောက်ျားလည်း နာလန်ထဘ၀ဖြင့် စဉ်းစားချိန်တွေ အများကြီးရခဲ့သည်။ မာတင်သည် စိတ္တဗေဒ စကားနှင့် ပြောရလျှင် ကိုယ့်ကိုယ့်ကိုယ် အပြစ်ကင်းစင်လွန်းချင်သည့်ရောဂါစွဲကပ်နေသူဖြစ်၏။
သည်လို လူထု လှုပ်ရှားမှုမျိုးကို ခေါင်းဆောင်နေလျှင် အပြစ်ဟူသရွေ့ မြူငွေ့မျှမရှိမှဖြစ်မည်ဟု စွဲစွဲမြဲမြဲ ယုံ ကြည်ထားသည်။ သို့သော် လူထဲက လူတစ်ယောက်ဖြစ်၍ ပုထုဇဉ်ပီပီ အမှားအယွင်းရှိနိုင်သည်ကို သူ သဘောပေါက်ပါ၏။

ကျွန်မတို့ ဘ၀က ဆန်းတော့ ဆန်းသည်။ ကောင်းတာ နည်းပြီး မကောင်းတာ တွေသာ ဆက်တိုက်ဖြစ်နေ၏။ ပဋိပက္ခဟူသည် အန္တရာယ်ဖြစ်နိုင်သလို၊ အခွင့်အလမ်းများပွင့်လာနိုင်ပါသည်။
သည်အဖြစ်ဆိုးကြောင့် ကျွန်မတို့ လှုပ်ရှားမှုကို ထောက်ခံသူတွေများလာသည်။ လူမည်း လှုပ်ရှားမှု လှိုင်းလုံး ကြီးထဲတွင် တစ်နိုင်ငံလုံးမှ လူဖြူတွေပါ ပါဝင်လာကြသည်။ အစောပိုင်းက မာတင့် အကြောင်း မသိသူများလည်း တစ်ဆင့်စကား တစ်ဆင့်ကြားကာ ပူးပေါင်းစလာကြသည်။ ဆုတောင်းပေးကြသည်။ အယူအဆ အယုံအကြည် ကွဲပြားသည့် ဘုရားကျောင်းတေါလည်း ပါဝင်လာကြ၏။
နောက်ဆုံး ဆေးရုံတွင် ခွင့်တောင်းပြီး ရုံးခန်းတစ်ခန်း ကျွန်မဖွင့်လိုက်ရတော့သည်။ သည်လို မလုပ် လျှင် ထောင်နှင့်ချီ၍ လာနေသော စာတွေ၊ ကြေးနန်းတွေ ပို့စ်ကတ်တွေကို ဘယ်လို မှ ပြန်ကြားနိုင်မည် မဟုတ်တော့ပေ။

ကျောင်းသူကလေးမကလေးတစ်ယောက် ရေးသည့်စာမှာ စိတ်ထိခိုက်စရာကောင်းလှသည်။
"နှာတစ်ချက် ချေလိုက်တာနဲ့ ဦးဦးရဲ့ အသက် ဆုံးနိုင်ကြောင်း သတင်းစာတွင် ဖတ်ရပါသည်ရှင့်၊ အဲဒီအချိန် မှာ ဦးဦး မချေမိတာ ကိုကျွန်မ ၀မ်းသာလို့ မဆုံးပါဘူးရှင့်၊ ဘုရားသခင်က ကောင်းမြတ်တဲ့အလုပ်တွေကို ဦးဦး ဆက်လုပ်နိုင်အောင် မချေခိုင်းတ်ာပါရှင့် "
ကျွန်မ တို့ မောင်ဂိုမာရီ ပြန်ရောက်တော့ ဆရာဝန်တွေက မာတင့်ကို ဆက်နားဖို့ ပြောပါသည်။
ဤတွင် သူ၏ ပြင်းပြသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းဖို့ အခွင့်ကြုံလာပါတော့၏။ အိန္ဒိယသို့သွားပြီး မဟတ္တမဂန္ဒီ အကြောင်း လေ့လာဖို့ကိစ္စဖြစ်ပါသည်။
ဂန္ဒီ ငြိမ်းချမ်းရေး အဖွဲ့က မာတင်ကို မနှစ်ကတည်းက ဖိတ်ထားခဲ့သည်။ ဖိတ်စာထဲတွင် မိန့်ခွန်း ပြောပေးဖို့ အစီအစဉ် လည်းပါ၏။ ခုတော့ အားလုံး အဆင်ပြေသွားပြီ။ ခရီးစရိတ် ဒေါ်လာ ငါးထောင်ကို ကျွန်မတို့ မိတ်ဆွေ လစ်ဘီ ရေနောက ထုတ်ပေးသည်။

၁၉၅၉ ခုနှစ် မတ်လ အစောပိုင်းတွင် ဘုံဘေသို့ လေယာဉ်ဖြင့် ကျွန်မတို့ ထွက်ခဲ့ကြသည်။ လေယာဉ်ပေါ်က ကြည့်ရသည်မှာ ဘုံဘေသည် အလွန်လှသော မြို့ကြီးဖြစ်သည်။ ဆိပ်ကမ်းတစ်ဝိုက်တွင် မီးတွေ ထိန်နေသည်မှာ မိန်းကလေး တစ်ယောက်၏ လည်တိုင်တွင် လည်ဆွဲတန်ဆာဆင်ထားသည်နှင့်တူလှ၏။
သို့သော် လေယာဉ်ကွင်းမှ မြို့ထဲသို့ အသွားလမ်းများက ကျဉ်းမြောင်းလှသည်။ အနံ့အသက်တွေကလည်း ဆိုးရွားလှ၏။ သည်မျှ ဆင်းရဲမွဲတေပြီး စိတ်ပျက်စရာကောင်းလှသည့် မြင်ကွင်းမျိုး ကျွန်မတို့ တစ်သက် မတွေ့ဖူး ခဲ့ပါ။ မာတင်သည် သူတောင်းစားများကို ပိုက်ဆံပေးလေ့မရှိပါ။ သို့သော် သနားစရာ တစာစာ ငိုကြွေး တောင်းခံနေသူတွေကို သူ မကြည့်ရက်တော့ဘဲ ပေးကမ်း စွန့်ကြဲနေလေတော့သည်။

နောက်တစ်နေ့တွင် နယူးဒေလီသို့ လေယာဉ် ဆက်စီးကြသည်။ လေယာဉ်ကွင်းတွင် မာတင်က သတင်းထောက်များအား "တခြား တိုင်းပြည်တွေကိုဆိုရင် ကျွန်တော်တို့က ကမ္ဘာလှည့်ခရီးသည်တွေအဖြစ်နဲ့ သွား မှာပါ၊ ဒါပေမဲ့ အိန္ဒိယကို လာတာကတော့ ဘုရားဖူးအဖြစ်နဲ့ပါ" ဟု ပြောပြသည်။
ထိုည တွင် ကျွန်မတို့အား နေရူးက ကျောက်သားဖြင့် ပြီးသည့် ဧရာမ သူ့အိမ်ကြီးသို့ ညစာ ဖိတ်ကျွေးသည်။ နေရူးသည် အဖြူရောင် ရိုးရာဝတ်စုံဖြင့် အလွန်ကြည့်ကောင်းသူဖြစ်သည်။ အင်္ကျီရင်ဘတ် တွင် နှင်းဆီပန်း တစ်ပွင့်ထိုးထားသည်။ ယခု ၀န်ကြီးချုပ် ဖြစ်နေသည့် သူ့သမီး မစ္စက်အင်ဒီရာ ဂန္ဒီနှင့် မိတ်ဆက်ပေးသည်။
နောက်ပိုင်း အိန္ဒိယနိုင်ငံအတွင်း အနှံ့အပြား ခရီးထွက်ကြသည့်အခါ အမျိုးသမီး တစ်ဦး ခေါင်းဆောင်နေ သည့် နိုင်ငံကို ကျွန်မတို့ လေ့လာခွင့်ရခဲ့ပါသည်။ မာတင်ရော ကျွန်မပါ ဧရာမ ဒီမိုကရေစီ နိုင်ငံကြီးကို ကြည့်ပြီး သဘောအကျကြီး ကျနေမိပါသည်။

နေရူးနှင့် ညစာ စားပြီးတော့ မာတင်က ဝေဖန်သည်။
"ဗြိတိသျှနဲ့ အိန္ဒိယ ဆက်ဆံရေးမှာ အကြမ်းမဖက်ရေးဝါဒကို အခြေခံတာကြောင့် လွတ်လပ်ရေးရခဲ့တယ်လို့ ကျွန်တော် ထင်တယ်၊ အကြမ်းဖက် ခါးသီးမုန်းတီးမှုတွေ မပါဘဲနဲ့လေ"
နေရူးက ပြန်ဖြေသည်။
" ကျွန်တော်နဲ့ ဂန္ဒီက နေရာတိုင်းမှာတော့ သဘောမူတကြဘူးဗျ"
သူတို့နှစ်ယောက်ကြားမှ သဘောထား ကွဲပြားမှုများကို ကျွန်မတို့ လေ့လာခဲ့ဖူးပါသည်။ ဂန္ဒီက လုံးဝအကြမ်းဖက်ရေးသမား၊ အဟိံသ၀ါဒီ။ နေရူးက တော်လှန်ရေးဘက်ကို ယိမ်းသည်။ ဂန္ဒီက အိန္ဒိယနိုင်ငံ ကို ခေတ်မီနည်း ပညာများဖြင့် မတည်ဆောက်လို။ နေရူးက စက်မှုနိုင်ငံဖြစ်အောင် လုပ်ချင်သည်။
သူတို့ နှစ်ယောက် လေးနာရီ ကြာအောင် စကားပြောကြသည်။ နောက်တစ်နေ့ မနက်တွင် မဟတ္တမဂန္ဒီ၏ သင်္ချိုင်း သို့သွားပြီး ကျွန်မတို့ ဂါရ၀ပြုကြသည်။ နောက်ရက်များတွင် ဂန္ဒီ၏ တပည့် နိုင်ငံရေး သမားများနှင့် ကျွန်မတို့ တွေ့ဆုံသည်။ အချို့က ခုထိ လက်ရက် ချည်ထည်ကြမ်းကို ၀တ်ဆင်နေကြတုန်းပင်။ အင်္ဂလိပ် တို့ ဆောက်ခဲ့သည့် ဧရာမ အိမ်ကြီးများတွင်တော့ သူတို့နေထိုင်လျက်ရှိ ကြ၏။

သည်ပဋိပက္ခကို ရှင်းဖို့ကတော့ ကျွန်မတို့အတွက် ခက်ပါသည်။ အဆင်းရဲ အပင်ပန်း ခံပြီး နှစ်ရှည်လ များ နိုင်ငံရေး လုပ်ခဲ့သူများအတွက် အထိုက်အလျောက် မြင့်မားသည့် လူနေမှု အဆင့်တော့ ရသင့်သည်ဟု ယူဆ နိုင်ပါသည်။ နယူးဒေလီအပြင်တွင် ဂန္ဒီနေ သလို နေနေကြသူတွေလည်း အများအပြားရှိနေဆဲဖြစ်ပါ သည်။
ကျွန်မတို့ ကံကောင်းပါသည်။ အိန္ဒိယတောင်ပိုင်းရှိ ဂန္ဒီရွာကလေးတွင် ဘာသာရေးပွဲတော် တစ်ခုကို တက် ရောက်ခွင့် ရခဲ့ခြင်းကြောင့်ဖြစ်ပါ၏။ ဂန္ဒီသင်ကြားခဲ့သည့်အတိုင်း ယနေ့တိုင် သူတို့ကျင့်ကြံနေကြဆဲဖြစ် သည်။ လူတွေ မြေကြီးပေါ်တွင် တင်ပျဉ်ခွေပြီး ထိုင်နေကြသည်။ ၀တ်ပြုသူများက ဘာသာရေး ကျမ်းတော်များ ကို အလှည့်နှင့် ဖတ်ပေးကြသည်။ သူတို့ ဖတ်သည့် စာအုပ်တွေ ဂျူးဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူဆလင်နှင့် ဟိန္ဒူကျမ်းများဖြစ်သည်။

အိန္ဒိယလူမျိုးများ၏ ခင်မင်စွာ ဖော်ရွေမှု၊ သူတို့၏ ဘာသာရေး၊ ကိုင်းရှိုင်းမှုတိ့ အတွက် ကျွန်မတို့ ကြည်ညို နေမိကြသည်။ ကျွန်မတို့ အများဆုံး တွေ့ရသူများမှာ ဂန္ဒီဝါဒီများဖြစ်သည်။ သူတို့ထံမှ ၀ိညာဉ်၏ စွမ်းအား ကို ကျွန်မတို့ အလေးအနက် သင်ကြားမှတ်သားခဲ့ရသည်။ ၀ိညာဉ်သည် ငန္ဒီ၏ အခြေခံဖြစ်သည်။ အိနဒိယ ၏ ဆင်းရဲချမ်းသာအလွန်အမင်း ကွာဟမှု၊ စိတ်ဝါဒီနှင့် ရုပ်ဝါဒီတို့၏ တိုက်ပွဲ စသည်တို့သည် မာတင့် အားကြီးစွာ တုန်လှုပ်စေခဲ့သည်။ သူတို့ဆီမှ မာတင် သေသေချာချာ နားလည်ခဲ့သည်မှာ ခန္တီပါရမီ အကြောင်းဖြစ်သည်။
အိန္ဒိယ ၏ လွတ်လပ်ရေးတိုက်ပွဲသည် ရာစုနှစ်ဝတ် ကြာမြင့်ခဲ့သည်။ ခေါင်းဆောင်များ နှစ်ရှည် ထောင်နန်းစံ ခဲ့ရသည်။ လွတ်လပ်ရေး ဟူသည် သည်းခံနိုင်စွမ်းအတိုင်းအဆမရှိ လိုအပ်ကြောင်း သူပိုသိလာသည်။

အိန္ဒိယမှ ပြန်လာသည့် အခါ တတ်နိုင်သမျှ ခါတိုင်းထက် ပို၍ ရိုးရိုးသားသား ခြိုးခြိုးခြံခြံနေဖို့ မာတင် ဆုံးဖြတ် ခဲ့သည်။ ကမ္ဘာပေါ်တွင် လူသိများလာသည့် အခြား ခေါင်းဆောင်တွေလို ခမ်းနား ထည်ဝါစွာ သူ ဘယ်တုန်းကမှ မနေခဲ့။ ဖို့ဒ်ကား ဟောင်းကြီးကိုပဲ စွဲစွဲမြဲမြဲ စီးနေသည်။ ကယ်ဒီလက် စီးဖို့ သူ ဘယ်တုန်းကမှ စိတ်မကူ။
ဘာမင်ဂမ် ထောင်မှ သူ ထွက်လာတော့ ကျွန်မတို့ အဖွဲ့သားတွေက သူ့ကို သူရဲကောင်း တစ်ယေက်လို ကြိုဆိုကြဖို့ ပြင်ဆင်သည်။ ကယ်ဒီလက် ကားတွေနှင့် ကြိုကြမည်။
" ထောင်က ထွက်လာတဲ့ လူတစ်ယောက်က ကယ်ဒီလက်ကြီးစီးပြန်လာရင် ဘယ်ကြည့်လို့ ကောင်းမှာလဲ၊ မင်းက ကိုယ်တို့ ကားကို လေယာဉ်ကွင်း မောင်းလာခဲ့။ အပြန် မောင်ကိုယ်တိုင် မောင်းပြန်မယ်" ဟု သူ ပြော ခဲ့သည် ကို ကျွန်မ မှတ်မိနေ၏။

သို့သော် အမေရိကန် လူမည်းများက သူ့ကို ဘုရားတစ်ဆူ ဂူတစ်လုံးကိုးကွယ်နေကြသည်ကိုတော့ သူ တား ဆီး၍ မရတော့ပါ။ ဒါကလည်း သူတို့တွင် ဘယ်တုန်းကမှ အမျိုးသားရေး ခေါင်းဆောင် မရှိဖူး၍ ဖြစ်နိုင်ပါ သည်။ သူတို့ စိတ်ထဲတွင် မာတင့်အား တစ်ကမ္ဘာလုံးရှိ လူမည်းအားလုံး၏ ခေါင်းဆောင်ဟုစွဲနေကြပြီ။

ဆက်ရန်
.

No comments: