Saturday, June 2, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၆)

ငှက်မြည်သံ များလည်း မကြားရ။ ပျော်စရာတောင်ကြားကလေးလိုမဟုတ်။ သည်နေရာ၏ တိတ်ဆိတ်ပုံ ကြီး က တစ်မျိုးဖြစ်နေ သည်။ ပင်လယ်ကမ်းစပ်မှ လှိုင်းပုတ်သံများ ကိုတော့ ကြားရသည်။ သည်နေရာ ကို မက်ဇင်မ် ဘာကြောင့် သဘောမကျခြင်းဖြစ်ကြောင်း ကျွန်မ နားလည် ပါပြီ။ ကျွန်မလည်း သဘော မကျ ပါ။ သည်ဘက်ကမ်းခြေသို့ လာမိခြင်းသည် မိုက်မဲခြင်း ဖြစ်ချေသည်တကား။ ဟိုဘက် ကမ်းခြေ မှာ နေပြီး ပျော်စရာတောင်ကြားအတိုင်း အိမ်ပြန် သွားခဲ့ဖို့ကောင်း သည်။ ကို ဆက်ဖတ်ရန်......

တောထဲ မှ ထွက်ပြီး မြက်ခင်းများပေါ်ရောက်ကာ စံအိမ်ကြီးကို လှမ်းမြင် လိုက် ရသောကြောင့် ပျော် သွားပါသည်။ တောအုပ်က နောက်မှ ကျန်ခဲ့ပြီး။ ကျွန်မအတွက် လက်ဖက်ရည်ပွဲကို သစ်အယ်ပင်အောက် သို့ ယူလာပေးရန် ရောဘက်ကိုပြောလျှင် ကောင်းပေလိမ့်မည်။ နာရိကို ကြည့်လိုက်သည်။ ကျွန်မ ထင်ထားသည်ထက်ပင် စောနေသေးသည်။ လေးနာရီပင် မထိုးသေး။ ခဏတော့ စောင့်ရပေဦးမည်။ မန်ဒါလေ စံအိမ်ကြီး ၏ ထုံးစံ မှာ လေးနာရီခွဲမှလက်ဖက်ရည်ပွဲ တည်ခင်းပေးသည်။

ယနေ့သည် ဖရစ်၏ ရက်အားဖြစ်သောကြောင့်ဝမ်းသာမိပါသည်။ ရောဘတ်ကမူ ထုံးတမ်း စဉ်လာ ကြီးတွေ ကို သိပ်ပြီး ထိန်းသိမ်းနေတတ်သူမဟုတ်။
မြက်ခင်းပေါ် မှ ဖြတ်လျှောက်လာရင်း တောင်ဇလပ်ပင်များအောက်မှနေရောင် လက်နေ သော အရာဝတ္ထု တစ်ခုကို တွေ့ရသည်။ မျက်လုံးပေါ်မှာ လက်အုပ်ပြီး သေသေချာချာကြည့်မိ သည်။ မော်တော်ကား တစ်စီး ကို နေရောင်ထိုးနေပုံရသည်။ ဧည့်သည်များလာသလားဟု ကျွန်မ စဉ်းစား ကြည့် မိသည်။ အကယ်၍ ဧည့်သည်လာသည်ဆိုလျှင် မော်တော်ကားကို အိမ်နား ရှိ မော် တော်ကား ရပ်ရမည့်နေရာအရောက် မောင်းယူလာရမည်။

ယခုဘာကြောင့် အိမ်နှင့် အတန်ငယ် ဝေးသည့်နေရာမှာ သွားရပ်ထားရသနည်း။ နောက်ပြီးတော့ ဘာဖြစ်လို့ ချုံကွယ်ရပ်ထားရ သနည်း။
မလှမ်းမကမ်း သို့ ကျွန်မဆက်လျှောက်သွားသည်။ မှန်ပါသည်။ ချုံကွယ်မှာ ကားတစ်စီး ရပ် ထား ခြင်းဖြစ် သည်။ ဧည့်သည်ကားများ သည်လို ရပ်ခွင့် မရှိ။ ဈေးသည်များဆိုလျှင်လည်း အိမ်နောက် ဘေး ရှိ ယခင် မြင်းဇောင်းအဟောင်းနှင့် ကားဂိုဒေါင်များ နား သို့ မော်တော်ကား မောင်းယူ သွားရ စမြဲဖြစ်သည်။ ဖရင့်ခရော်လေ၏ မောရစ်ကားလည်း မဟုတ်။ ယခု ကားက ခပ်ရှည်ရှည်၊ ပုပု၊ ပြိုင်ကားတစ်စီး ဖြစ်နေသည်။

ဘာလုပ်ရမည်နည်းဟု စဉ်းစားနေမိသည်။ ဧည့်သည်ဆိုလျှင်လည်း ရောဘတ်က စာကြည့်ခန်းထဲ သို့သော် လည်းကောင်း၊ ဧည့်ခန်းထဲသို့သော်လည်းကောာင်း ပို့ထားပေလိမ့်မည်။ ဧည့်ခန်းထဲမှာ ထိုင်နေမည် ဆိုလျှင် မြက်ခင်းပြင်ကို ဖြတ်လျှောက်လာသော ကျွန်မကို မြင်တွေ့ကြရပေလိမ့် မည်။ ကျွန်မ ကိုယ်ပေါ်မှာ ၀တ်ထားသည့် အ၀တ်အစားညံ့ညံ့များနှင့်တော့ ဧသည့်သည်ကို လက် ခံမတွေ့ဆုံ လိုပါ။ လက်ဖက်ရည်အတူ သောက်သွားပါဦးဟုလည်း ဖိတ်မန္တက ပြုရဦးမည်။

မြက်ခင်းအစပ်မှာ ကျွန်မတုံ့ဆိုင်းဆိုင်း ရပ်နေမိသည်။ နေပူသောကြောင့်လည်း ဖြစ်နိုင်သည်။ အိမ်ကြီးကို လှမ်းကြည့် လိုက်မိသည်။ အနောက်ဘက်ဆောင်ရှိ အခန်းတစ်ခု၏ ပြတင်းပေါက်မှ တရုတ်ကတ်များ ပွင့်နေသည် ကို မြင်ရသောကြောင့် အံ့အားသင့်မိသည်။ ပြတင်းပေါက်နားမှာ လည်းလူတစ်ယောက် ရပ်နေ သည်။ ယောက်ျားတစ်ယောက်ဖြစ်သည်။ ကျွန်မကို သူလှမ်းမြင် လိုက်ပုံရသည်။ နောက်သို့ ရုတ် တရက် ဆုတ်သွားသည်ကို တွေ့ရသည်။ သူ့နောက်မှ လက်တစ် ဖက်ထွက်လာကာ ရုတ်တရက် ဆုတ်သွားသည် ကို တွေ့ရသည်။ သူ့နောက်မှလက်တစ်ဖက် ထွက်လာကာ တရုတ်ကတ်များကို ပိတ် လိုက်သည်။

မစ္စက်ဒင်ဗာ၏လက်ဖြစ်သည်။ အင်္ကျီလက်အမည်းများကို မှတ်မိလိုက်သည်။ ယနေ့စံအိမ်ကို ပြင်ပ မှလေ့လာ ကြည့်ရှု လိုသူများအတွက် ဖွင့်ပေးသည့်နေ့လား။ ဒါကြောင့် မစ္စက်ဒင်ဗာက လိုက် ပြနေတာ များလား။ မဖြစ်နိုင်ပါ။ ထိုတာဝန်ကို ဖရစ်သာလျှင် ယူစမြဲဖြစ်သည်။ နောက်ပြီးတော့ အနောက်ဘက်ဆောင် မှ အခန်းများကို ဧည့်သည်များလည်း ကြည့်ရှုခွင့်မရှိ။ အပြင်လူများကို အင်္ဂါ နေ့ မှာ သာ ၀င်ခွင့်ပြုစမြဲဖြစ်သည်။ ယနေ့သည်အင်္ဂါနေ့လည်းမဟုတ်။
အခန်းတစ်ခုခု ထဲမှာ အပျက်အစီးရှိသဖြင့် ပြင်ဖို့လာသော လူဖြစ်သလား။ သည်လိုဆို လျှင်လည်း ကျွန်မ ကို မြင်လိုက်ရုံဖြင့် ဘာကြောင့် ကမန်းကတန်းရှောင်ပြီးတရုတ်ကတ်ကိုပါ ပိတ်လိုက် ရသနည်။ မော်တော်ကားကိုလည်း အိမ်မှလှမ်းမမြင်နိုင်မည့် ချုံကွယ်မှာ ဘာကြောင့် ရပ်ထားခဲ့ရသနည်း။ ဒီကိစ္စ မှာ မစ္စက်ဒင်ဗာနှင့်သာ ဆိုင်ပေလိမ့်မည်။ ကျွန်မနှင့်ဘာမျှမဆိုင်ပါ။ သူဧည့်သည်ကို အနောက်ဘက်ဆောင် မှာ လက်ခံတွေ့နေခြင်းဖြစ်ပေလိမ့်မည်။ သည်လိုဆိုလျှင် လည်းကျွန်မနှင့် ဘာမျှ မဆိုင်။ ယခင်ကရော သည်လိုဖြစ်ခဲ့ဖူးသလား ကျွန်မ မသိပါ။ မက်ဇင်မ် မရှိသည့်အချိန်မျိုးမို့ တစ်မျိုးတော့ ထူးဆန်း သလို ဖြစ်နေသည်။

ကိုယ့်စိတ် ကိုယ် ထိန်းပြီး အိမ်ဆီသို့ ကျွန်မဆက်လျှောက်လာခဲ့သည်။ ဧည့်သည်၏ဦးထုပ်သော် လည်းကောင်း၊ တုတ်ကောက်သော်လည်းကောင်း အစအန တစ်ခုမှမတွေ့၊ ဧည့်သည်အမည် ကတ်ပြား လည်း မတွေ့။ သည်လိုဆိုလျှင်တော့ တရားဝင် လာရောက်လည်ပတ်သည့် ဧည့်သည် မဖြစ်နိုင်။ ကောင်းပါပြီ။ ကျွန်မနှင့် ဘာမျှမဆိုင်ပါ။
အပေါ် မတက်တော့ဘဲ ပန်းအလှပြင်သည့်အခန်းထဲလာပြီး လက်ဆေးလိုက်သည်။ လှေကားပေါ် မှာသူနှင့် မျက်နှာချင်း ဆိုင်တိုးနေလျှင် အနေရအထိုင်ရ ခက်ကုန်ကြမှာလည်းစိုးရသည်။ ထိုးလက်စ သိုးမွှေးအင်္ကျီ ကို နံနက်ခန်းထဲမှာ ကျွန်မထားခဲ့သည်။ ထိုအင်္ကျီကို ယူရန် ဧည့်ခန်းကြီး ကိုဖြတ်ပြီး လျှောက် ခဲ့သည်။

သစ္စာရှိသော ခွေးကလေးဂျက်စ်ပါက ကျွန်မနောက်မှ ဖ၀ါးခြေထပ် လိုက်လာ သည်။
နံနက်ခန်း တံခါးပွင့်နေသည်။ ထိုးလက်စ သိုးမွှေးအင်္ကျီနေရာ ရွှေ့နေသည်ကိုလည်း သတိထားမိ သည်။ ညောင်စောင်းကလေးပေါ်မှ ကျွန်မတင်ထားခဲ့သည်။ ယခုဆိုဖာပေါ် သို့ ရောက်နေ သည်။ ညောင်စောင်းပေါ်မှာလည်း တစ်ယောက်ယောက် ထိုင်သွားသည့် အရာ ကို တွေ့ရသည်။ ဆွယ် တာထိုးအပ်နှင့် သိုးမွှေးများကို နေရာရွှေ့ပြီး မကြာသေးခင်ကလေးကမှ တစ်ယောက်ယောက် ထိုင်သွားပုံရသည်။ စာရေးစားပွဲမှ ကုလားထိုင်လည်း နေရာရွေ့နေသည်။

မက်ဇင်မ်နှင့် ကျွန်မအိမ်မှမရှိတုန်း မစ္စက်ဒင်ဗာက သူ့ဧည့်သည်ကို န့နက်ခန်းထဲမှာ ဧည့်ခံခဲ့ပုံရ သည်။ ကျွန်မ အနေရအထိုင်ရခက်လာသည်။ ဂျက်စ်ပါက အနံ့ခံနေသည်။ သို့သော်လည်း လူစိမ်းအနံ့ ရပုံ မပေါ်။ မသင်္ကာပုံမရ။ အမြီးကိုနန့်နေသည်။ ထိုးလက်စ ဆွယတာကိုယူပြီး အပြင်သို့ ကျွန်မ ထွက်ခဲ့ သည်။ ထိုအချိန်မှာပင် ဧည့်ခန်းကျယ်ကြီးမှ တစ်ဆင့် နောက်ဘက် ဆောင် သို့ ကူးသော ကျောက်စင်္ကြံတံခါး ပွင့်သွားသည်။ စကားပြောသံများ ကို လည်း ကြားရသည်။
နံနက်ခန်းထဲ သို့ ကျွန်မပြန်ဝင်လိုက်သည်။ အချိန်မီရုံကလေးရှိသည်။ ကျွန်မကို သူတို့မမြင် လိုက်ကြ ရပါ။ တံခါးနောက်ကွယ်မှာ ပုန်းနေမိသည်။ ဂျစ်စ်ပါက တံခါးပေါက်မှာရပ်ပြီး ကျွန်မကို ကြည့်နေသည်။ အမြီး ကိုလည်း နန့်နေသည်။ ထိုအချိန်မှာပင် မစ္စက်ဒင်ဗာ၏ အသံကို ကြားရ သည်။

စာကြည့်ခန်း ထဲသို့ ၀င်သွားပြီနဲ့တူတယ်။ အကြောင်းတစ်ခုရှိလို့ အစောကြီးပြန်လာတာ ဖြစ်ရ မယ်။ စာကြည့်ခန်းထဲသို့ သူရောက်သွားပြီဆိုရင်တော့ အဲဒီခန်းမအတိုင်း ရှင်ထွက်သွားရင်ရ တယ်။ သူမြင်မှာ မဟုတ်ဘူး။ ဒီမှာခဏစောင့်ပါ။ ကျွန်မသွားကြည့်လိုက်မယ်။
ကျွန်မအကြောင်း ကို သူတို့ပြောနေကြခြင်းဖြစ်ကြောင်း ကျွန်မသိပါသည်။ ဘယ်တုန်းကနှင့်မျှ မတူအောင် မနေတတ်မထိုင်တတ် ဖြစ်လာသည်။ သည်အဖြစ်ကြီးတစ်ခုလုံးကို ခိုးကြောင် ခိုးဝှက် နိုင်လွန်း လှသည်။ သည်လိုအချိန်မျိုးမှာ မစ္စက်ဒင်ဗာနှင့် ကျွန်မ မဆုံချင်ပါ။ ဂျက်စ်ပါက ဧည့်န်း ဘက် သို့ထွက်သွားသည်။ အမြီးလည်း နန့်နေသည်။
"ဟဲလို...ဂျက်စ်ပါ.."

ယောက်ျားတစ်ယောက်၏အသံ ကို ကြားရသည်။ တစ်ဆက်တည်း ဂျက်စ်ပါ၏ ၀မ်းသာ အားရ ဟောင်သံ ကိုလည်း ကြားရသည်။ ပုန်းအောင်းစရာ နေရာကိုအထိတ်တလန့် ကျွန်မ ရှာကြည့်မိ သည်။ မျှော်လင့်ချက် ကင်းမဲ့သွားပါပြီ။ ကျွန်အနားမှကပ်လျက် ခြေသံကြားရသည်။ ထိုသူက အခန်းထဲ သို့ဝင်လာသည်။ တံခါးရွက်နောက်မှာ ကျွန်မရပ်နေသောကြောင့် သူကရုတ်တရက် မမြင်။ ဂျက်စ်ပါက ကျွန်မဘ က်သို့ ရုတ်တရက်ပြေးလာပြီး ၀မ်းသာအားရ ဆက်ဟောင်နေသည်။
ထိုလူက နောက်သို့ ရုတ်တရက်လှည့်လိုက်သည်။ ကျွန်မကို မြင်သွားသည်။ ဘယ်လို လူမျိုးကို မြင်ရ မြင်ရ ကျွန်မချောက်ချား မိမည် မဟုတ်ပါ။ ကျွန်မက ဖောက်ထွင်း ခိုးဝင်လာသူ။ သူက ကျွန်မ ကို ဖမ်းမိသွားသော အိမ်ရှင်သဖွယ်။

"ကျွန်တော် တောင်းပန်ပါတယ်ဗျာ"ဟု သူကပြောပြီး ကျွန်မကို ခြေဆုံးခေါင်းဖျားကြည့်နေပါ သည်။
သူသည် ခန္ဓာကိုယ်အလွန်ကြီးထွားသည့် လူတစ်ယောက်ဖြစ်ပါသည်။ သူ့အသားက နေလောင် ထား သဖြင့် တစ်မျိုးကြည့်ကောင်းနေပါသည်။ မျက်လုံးကို ကြည့်ခြင်းအားဖြင့် အရက် အလွန် အကျွံ သောက်ပြီး ဖြစ်ကတတ်ဆန်း နေတတ်သူဖြစ်ကြောင်း သိသာပါသည်။ ဆံပင်က သူ့အသားလို ပင် နီကြောင်ကြောင် ဖြစ်နေသည်။ သူအသက် ရှူထုတ်လိုက်သဖြင့် ၀ီစကီနံ့ ထောင်းကနဲ ထွက် လာသည်။ သူ့အပြုံး သည် မိန်းမတိုင်းကို သူပြုံးပြတတ်သည့် အပြုံးမျိုးဖြစ်ပါသည်။
"ကျွန်တော့်ကြောင့် ခင်ဗျားလန့်မသွားပါဘူးနော်" တံခါးကြားထဲ မှ ကျွန်မထွက်လာခဲ့ပါသည်။ အလွန်တရာမိုက်မဲသည့် အပြုအမူမျိုးလည်း ဖြစ်ပါသည်။

"မလန့်ပါဘူး။ စကားပြောသံတွေကြားနေရလို့ ဘယ်သူဆိုတာလဲ မသေချာတာနဲ့...ဒီနေ့ခင်း မှာ ဧည့်သည် လာမယ်လို့လဲ ကျွန်မမျှော်လင့်မထားဘူး"
"ရှက်စရာကောင်းလိုက်လေဗျာ။ အခုလိုဖြစ်သွားတာ သိပ်ဆိုးသွားတာပေါ့။ ကျွန်တော်က ဒင်နီ ကိုတွေ့ဖို့ ၀င်လာတာ။ ဒင်နီက ကျွန်တော့်ရဲ့ မိတ်ဟောင်းဆွေဟောင်းကြီးလေ..."သူက အားတက် သရောပြောသည်။ "ဟုတ်လား...ကိစ္စမရှိပါဘူးရှင်" "အဘွားကြီးဒင်နီသနားပါတယ်။ သူ သိပ်စိတ်ပူနေ တယ်။ တခြားလူကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့လေ။ ခင်ဗျားကိုလဲ သောကမရောက်စေချင်ဘူး"
"အို အရေးမကြီးပါဘူးရှင်" သူ့ကိုယ်ပေါ်သို့ ၀မ်းသာအားရ ဖက်တက်နေသော ဂျက်စ်ပါကို ကျွန်မ ကြည့်နေ မိသည်။

"ဒီခွေးကလေးက ကျွန်တော့ကို မမေ့သေးဘူး။ အကောင်ကြီးတော်တော်ထွားနေပြီ။ နောက်ဆုံး ကျွန်တော်တွေ့ခဲ့ တုန်းက ပေါက်စလေးရယ်။ အခုသိပ်အ၀လွန်နေပြီ။ လေ့ကျင့်ခန်း များများ လုပ် ပေး ဖို့လိုတယ်" "ကျွန်မတို့ အခုပဲ အဝေးကြီးက လမ်းလျှောက်ပြီး ပြန်လာတာ"
"ဟုတ်လား...ကောင်းတာပေါ့ဗျာ"ဟု သူကပြောရင်း ဂျက်စ်ပါကို ပွတ်သပ်ပေးနေသည်။ ကျွန်မကို လည်းပြုံးကြည့်နေ သည်။ ထို့နောက် စီးကရက်ဗူးကို ထုတ်သည်။
"သောက်ပါဦး" "ကျွန်မ ဆေးလိပ်မသောက်တတ်ပါဘူး" "ဟုတ်လား" သူကတစ်လိပ်ထုတ်ပြီး မီးညှိနေ သည်။

သာမန်အားဖြင့်တော့ သည်လိုအပြုအမူမျိုးကို ကျွန်မဘယ်လိုမှ သဘောထားလေ့မရှိပါ။ ယခုတော့ တစ်မျိုးဖြစ်နေ သည်။ ရိုင်းစိုင်သော အပြုအမူမျိုးကို ကျွန်မဘယ်လိုမှ သဘောထားလေ့ မရှိပါ။ ယခုတော့ တစ်မျိုးဖြစ်နေသည်။ ရိုင်စိုင်းသော အပြုအမူမျိုးဖြစ်နေသည်။ ကျွန်မအပေါ်မှာ လည်း ယဉ်ကျေး ဖွယ်ရာခြင်း မရှိပါ။
"မက်ဇ်ရော နေကောင်းရဲ့လား"
သူ့လေသံကြောင့် ကျွန်မအံ့သြသွားပါသည်။ မက်ဇင်မ်ကို သူကောင်းကောင်း သိသည့်လေသံ မျိုး ဖြစ်သည်။ မက်ဇင် ကို "မက်ဇ်"ဟုခေါ်သည့်အတွက်လည်း ကျွန်မအဖို့ အဆန်းတကြယ်ဖြစ်နေ သည်။ သည်လိုခေါ်သူ မရှိပါ။

"သူနေကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ လန်ဒန်ကို သူသွားနေပါတယ်" "မယားချောကလေး ကို တစ်ယောက်တည်း ပစ်ထားခဲ့ရသတဲ့လားဗျာ။။ အင်မတန်ဆိုးတာပဲ။ တစ်ယောက်ယောက်က လာပြီး ခင်ဗျား ကို သုတ်ပြေးမှာ သူမကြောက် ဘူးလား"
သူက ပါးစပ်ကြီးကိုဖြဲပြီး ရယ်သည်။ သူရယ်ပုံကို ကျွန်မ သဘောမကျ ပါ။ စော်ကား မော်ကား ပြုသလိုဖြစ်နေ သည်။ သူ့ကိုလည်း ကျွန်မ သဘောမကျပါ။ ထိုအချိန်မှာပင် အခန်းထဲ သို့ မစ္စက်ဒင်ဗာ ၀င်လာသည်။ သူ့မျက်လုံးများက ကျွန်မကိုယ်ပေါ်သို့ ရောက်လာသည်။ ကျွန်မ ကျောစိမ့် သွားမိပါသည်။ ကျွန်မအပေါ် သူဘယ်လောက်တောင် မုန်းတီးလိုက်မလဲဟု တွေးမိပါ သည်။
"ဟဲလို.. ဒင်နီး... ခင်ဗျားရောက်လာပြီကိုး။ ခင်ဗျားရဲ့ ကြိုတင်ကာကွယ်မှုတွေ အားလုံးပျက်စီး သွားပြီလေ။ အိမ်ရှင်မကြီး က တံခါးနောက်ကွယ်မှာ ၀င်ပုန်းနေတယ် လေဗျာ"သူကရယ်ပြန် သည်။ မစ္စက်ဒင်ဗာ က ဘာစကားမှ မပြောပါ။ ကျွန်မကိုသာကြည့်မြဲကြည့်နေသည်။

"ကျွန်တော် နဲ့ မိတ်ဆက်မပေးတော့ဘူးလား။ ဘာပဲဖြစ်ဖြစ် ထုံးတမ်းစဉ်လာအတိုင်း သတို့သမီး ကို ကျွန်တော် နှုတ်ဆက်ရမယ်လေ"
"ဒီဥစ္စာ မစ္စတာဖေဗယ် ဖြစ်ပါတယ် ဆရာကတော" မစ္စက်ဒင်ဗာက ခပ်တိုးတိုးပြောသည်။ စိတ်ပါ ပုံလည်း မရ။ ကျွန်မနှင့် မိတ်ဆက်ပေးလိုသော ဆန္ဒရှိသည်ဟု မထင်ပါ။
"၀မ်းသာ ပါတယ်။ လက်ဖက်ရည်သောက်သွားပါဦးလား" ယဉ်ကျေးသိမ်မွေ့စွာ ပြောဖြစ်အောင် ကျွန်မ ကြိုးစားရပါသည်။ သူပျော်သွားပုံရသည်။ မစ္စက်ဒင်ဗာဘက်သို့ လှည့်လိုက်သည်။

"ကဲ...ချစ်စရာကောင်းတဲ့ ဖိတ်ခေါ်ချက် မဟုတ်ပါလားဗျာ..ကျွန်တော့ကို လက်ဖက်ရည်သောက် ဖို့ ဖိတ်နေပြီလေ...။ အင်မတန် ဟန်ကျပေတာပဲ"
မစ္စက်ဒင်ဗာ က သတိပေးသလို လှစ်ကနဲ တစ်ချက်ကြည့်လိုက်သည်ကို ကျွန်မမြင်လိုက်ရသည်။ ကျွန်မ နေ ရထိုင်ရ ခက်သွားပြန်ပါသည်။ အခြေအနေတော့ အားလုံးမှားကုန်ပြီ။ ဒီအခြေအနေ မျိုးဖြစ်လာ ဖို့ မကောင်းပါ။
"ခင်ဗျားပြောတာ မှန်တယ်လေ...။ ပျော်စရာကောင်းတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော် သွားလိုက်ဦး မှဖြစ်မယ်။ ကျွန်တော့်မော်တော်ကားကို လိုက်ကြည့်ပါလား"သူက လေသံမပြောင်း ဘဲ ဆက်ပြောနေသည်။ သူ့ကားကို ကျွန်မမကြည့်ချင်ပါ။ ရှက်ရွံ့ရွံ့လည်း ဖြစ်နေမိသည်။

"လာပါလေ.. အင်မတန် ချစ်စရကောင်းတဲ့ ကားလေးတစ်စီးပါ။ မက်ဇ်ပိုင်ခဲ့ဖူးသမျှ ကားတွေအား လုံးထက် ပိုမြန်တယ်"
ဆင်ခြေကန် ဖို့ ကျွန်မမစဉ်းစားတတ်တော့ပါ။ အဖြစ်အပျက်ကြီးတစ်ခုလုံးက မိုက်မိုက်မဲမဲနှင့် ဇွတ် အဓမ္မကြီး ဖြစ်နေသည်။ ဒါတွေကို နည်းနည်းကလေး မျှ ကျွန်မသဘောမကျ ပါ။ နောက်ပြီး တော့ မစ္စက်ဒင်ဗာ က ဒီနေရာမှာ ရပ်ပြီးမုန်းတီးစက်ဆုပ်သည့်အကြည့်မျိုးဖြင့် ကျွန်မကို ဘာကြောင့် ကြည့်နေရ သနည်း။
"မော်တော်ကားက ဘယ်နားမှာလဲ"ကျွန်မက ပင်ပန်းအားလျော့စွာ ဖြင့်မေးသည်။

"ဟောဟိုအကွေ့နားမှာ...။ ခင်ဗျားကို အနှောက်အယှက်ပေးသလို ဖြစ်မှာစိုးတာနဲ့ အိမ်ရှေ့ အထိ မောင်းယူမလာခဲ့ဘူး။ နေ့ခင်းပိုင်းမှာ ခင်ဗျား အနားယူနေမှာပဲထင်လို့"
ကျွန်မ က ဘာမျှပြန်မပြောပါ။ လိမ်ပုံကြီးက ပြောင်ပြောင်ကြီး ပေါ်နေသည်။ ဧည့်ခန်းထဲမှတစ်ဆင့် ခန်းမ ထဲသို့ ကျွန်မတို့အားလုံး လျှောက်လာကြသည်။ မစ္စက်ဒင်ဗာအား သမင်လည်ပြန်လှည့် ကြည့်ပြီး မျက်လုံး တစ်ဖက် မှိတ်ပြလိုက်သည်ကို မြင်လိုက်ရပါသည်။ မစ္စက်ဒင်ဗာကတော့ မည်သည့် အရိပ်အယောင် မျှ ပြန်မပြပါ။ မျက်ရိပ်ပြန်ပြမည်ဟုလည်း ကျွန်မ မမျှော်လင့်ပါ။ သူ့အမူ အရာမှာ အလွန် တည်နေသည်။ ဂျက်စ်ပါက ၀မ်းသာအားရဖြင့် ကားလမ်းပေါ်သို့ ပြေးဆင်းသွား သည်။
"ကျွန်တော့် ဦးထုပ် ကားထဲမှာ ကျန်ခဲ့တယ်ထင်တယ်" မစ္စတာဖေဗယ်က ခန်းမထဲသို့ မျက်လုံး ဝေ့ကြည့်ယောင်ဆောင်သည်။ အိမ်ထဲကို ကျွန်တော်ဝင်လာတာ ဒီကမှမဟုတ်ဘဲ ဒင်နီ။ ခင်ဗျား အခန်းဆီ ကို ဟိုဘက်က လှည့်သွားတာပဲ။ ဒင်နီရော မော်တော်ကား လိုက်ကြည့်ပါဦးလား။

သူက မစ္စက်ဒင်ဗာ ကို စူးစမ်းသလို လှည့်ကြည့်သည်။ မစ္စက်ဒင်ဗာမှာ အမ်းတန်းတန်းဖြစ်နေ သည်။ ကျွန်မ ကိုလည်း မျက်လုံးစွေပြီး အကဲခတ်နေသည်။
"မလိုက်တော့ ပါဘူး၊ ဒီကပဲ နှုတ်ဆက်လိုက်ပါတော့မယ်"
သူက မစ္စက်ဒင်ဗာ ၏ လက်ကိုလှိုက်လှဲစွာ ဆွဲကိုင်နှုတ်ဆက်သည်။
"သွားတော့မယ် ဒင်နီ...။ ခင်ဗျားကိုယ်ခင်ဗျားလဲ ဂရုစိုက်ဦး...။ ကျွန်တော့်ကိုဘယ်မှာ ဆက်သွယ် ရမယ် ဆိုတာ ခင်ဗျား သိသားပဲ။ ခင်ဗျားနဲ့အခုလို ပြန်တွေ့ရတာ ကျွန်တော်အားရှိလာတယ်ဗျာ" အပြင်သို့ သူ ထွက် သွားသည်။ ဂျက်စ်ပါက သူ့ခြေထောက်နားမှာ ဆော့ကစားနေသည်။ ကျွန်မ က နောက်မှ ဖြည်းဖြည်းကလေး လိုက်သွားသည်။ အနေရ အထိုင်ရလည်း ကျပ်နေဆဲ ဖြစ်ပါသည်။

"အင်မတန်ကောင်း တဲ့ မန်ဒါလေစံအိမ်ကြီးပဲ" ပြတင်းပေါက်များကို မော့ကြည့်ရင်း သူကပြော သည်။ ထူးထူးခြားခြား ပြောင်းလဲသွားတာ ဘာမှမရှိဘူး။ ဒင်နီ့အစီအစဉ်တွေနဲ့တူတယ်။ သိပ် ကို အံ့သြစရာကောင်း တဲ့ အမျိုးသမီးကြီး၊ ဟုတ်ပါတယ်နော်.....
"လုပ်ငန်း အင်မတန်ကျွမ်းကျင် တဲ့ အမျိုးသမီးကြီးပါ"
"ခင်ဗျားရော ဘယ်လိုနေသလဲ...။ ဒီမှာ နစ်မြှုပ်နေရတာ သဘောကျရဲ့လား"
"မန်ဒန်လေစံအိမ်ကြီးကို ကျွန်မအရမ်းသဘောကျတယ်"
"မက်ဇ် နဲ့တွေ့တုန်းက ပြင်သစ်ပြည်တောင်ပိုင်းမှာ ခင်ဗျားနေတယ်ဆို..." မွန်တီကာလိုမဟုတ် လာ။ အဲဒီအပန်းဖြေစခန်း ကို ကျုပ်သေသေချာချာ သိတယ်ပေါ့။
"ဟုတ်ပါတယ်...။ မွန်တီကာလိုမှာ ကျွန်မနေခဲ့ပါတယ်"

မော်တော်ကားအနီးသို့ ကျွန်မတို့ရောက်လာကြပြီး။ အစိမ်းရောင်ပြိုင်ကားကလေးဖြစ်သည်။ ပိုင်ရှင်နှင့်ကား လိုက်ဖက်ပါပေ၏။
"ဒီကားကို ဘယ်လိုသဘောရပါသလဲ"
"သိပ်ကောင်းပါတယ်"ကျွန်မက ယဉ်ကျေးစွာပင် ပြန်ပြောရပါသည်။
"ခြံဝအထိ လိုက်စီးကြည့်ပါလား"
"မန်ဒါလေစံအိမ်ကြီးရဲ့ အိမ်ရှင်မက ကျွန်တော်လိုလူမျိုးနဲ့ ကားအတူလျှောက်စီးတာ သင့်တော်မှာ မဟုတ်ဘူးလို့တော် မထင်ပါဘူးနော်"သူက ပြောရင်း ရယ်ပြန်သည်။
"အို..မဟုတ်ပါဘူး။ ဒီလိုသဘောမျိုး မဟုတ်ပါဘူး" ကျွန်မမျက်နှာပေါ်မှာ ရှက်သွေးဖြာသွားပါ သည်။ သူကကျွန်မကို ခြေဆုံးခေါင်းဖျား ကြည့်နေသည်။ ရွှတ်နောက်နောက် အမူအရာမျိုးလည်း ဖြစ်သည်။ ကျွန်မကိုယ်ကျွန်မ ဟိုတယ်မယ်တစ်ယောက်လိုလည်း ခံစားလိုက်ရပါသည်။

"ဟုတ်ပါတယ်လေ...။ သတို့သမီးကလေးတစ်ယောက်ကို လမ်းမှားရောက်အောင် ကျွန်တော် တို့မလုပ်သင့်ပါဘူး။ ဟုတ်တယ်နော် ဂျက်စပ်..."သူ့ဦးထုပ်နှင့် လက်အိတ်ကို လှမ်းယူသည်။ စီးကရက်တိုကို ကားလမ်းပေါ်သို့ ပစ်ချလိုက်သည်။
"သွားတော့မယ်နော်...။ ခင်ဗျားနဲ့တွေ့ရတာ ပျော်စရာကောင်းပါတယ်" သူကလက်ကမ်းပေး သည်။
"ဂွဒ်ဘိုင်"
"ဒါထက် စကားမစပ်ကျုပ်ဒီလိုလာလည်တာ မက်ဇ်ကို ပြန်ပြောမပြဘူးဆိုရင် အင်မတန်ကောင်း ပေမှာပဲ။ သူက ကျုပ်ကို တယ်ပြီး သဘောကျလှတာ မဟုတ်ဘူး။ ဘာကြောင့်ဆိုတာလဲ ကျုပ်မပြောတတ်ဘူး။ သူ သိသွားရင် အဘွားကြီး ဒင်နီ ဒုက္ခရောက်လိမ့်မယ်"ဟု အမှတ်တမဲ့ပုံစံမျိုး ဖြင့်ပြောသည်။

ကောင်းပြီလေ...ကျွန်မပြန်မပြောပါဘူး ကျွန်မကလည်း ကိုးရိုးကားရား ပြန်ပြောမိပါသည်။
"ကောင်းပါလေ့ဗျာ...ခြံဝအထိ ကျွန်တော်နဲ့ ကားလိုက်မစီးဘူးဆိုတဲ့ စိတ်မပြောင်းလဲသေးပါဘူး နော်..."
"မလိုက်တော့ပါဘူးရှင်"
"ဒါဖြင့်ရင် သွားတော့မယ်နော်။ ဟေ့ကောင်..ဂျက်စ်ပါ ဆင်းစမ်း။ ငါ့ကားတော့် အစင်းရာတွေ ထင်ကုန်တော့မှာပဲ။ ခင်ဗျားကို တစ်ယောက်တည်း အဖော်မဲ့တဲ့ဘ၀မှာ ထားခဲ့ပြီးလန်ဒန်မြို့ကို မက်ဇ် ထွက်သွားတတော့ အင်မတန် ရှက်စရာကောင်းပေတာပဲ"
"ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး၊ တစ်ယောက်တည်းနေရတာကို သဘောကျပါတယ်။"

"အဲဒီလောက်ပါပဲ"
"အိမ်ထောင်သက်တမ်း သုံးလလောက်သာရှိသေးတဲ့ ဇနီးကလေးက အိမ်ကထိုင်စောင့်နေတဲ့ အဖြစ်မျိုး ကျုပ် လဲ ဖြစ်ချင်လိုက်စမ်းပါဘိဗျာ... ကျုပ်ကတော့ အင်မတန်သနားစရာကောင်းတဲ့ တစ်ကိုယ်တည်း သမားပါ" သူ ရယ်ပြန်သည်။ သူ့မျက်လုံးများကို ဖုံးအုပ်မိသည်အထိ ဦးထုပ်ကို ဆွဲချလိုက်သည်။ "ကဲ... သွားပြီ"ဟု ပြောကာ ကားစက်နှိုးသည်။ တောက်လျှောက် မောင်းထွက် သွားသည်။ အိမ်ဇောပိုက်မှ စက်သံ တဒိုင်းဒိုင်းပေါက်ကွဲသွားသည်။ ဂျက်စ်ပါက နားရွက်နှစ်ဖက် တွဲလောင်းချကာ အပြီးကုတ်ပြီး ကြည့်နေသည်။
"ဂျက်စ်ပါ...လာခဲ့။ အသုံးမကျတာမျိုး လုပ်မနေစမ်းနဲ့"
အိမ်ဘက်သို့ ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့ပါသည်။ မစ္စက်ဒင်ဗာသည်း ပျောက်နေသည်။ ခန်းမ ထဲမှာရပ်ပြီး ခေါင်းလောင်းကို နှိပ်လိုက်မိသည်။ ငါးမိနစ်မျှ ကြာသည်အထိ မည်သူမျှ ပေါ် မလာ။ ခေါင်းလောင်းကို ထပ်တီးလိုက်ပြန်ပါသည်။ အဲလစ်ထွက်လာသည်။ သူ့မျက်နှာက မသာ မယာဖြစ်နေသည်။

"ဟုတ်ကဲ့ပါ ဆရာကတော"
"အို...အဲလစ်..ရောဘတ် မရှိဘူးလား။ သစ်အယ်ပင်အောက်မှာ ကျွန်မအတွက် လက်ဖက်ရည် ပွဲ ပြင်ခိုင်းမလို့"
"ရောဘတ် နေ့ခင်းတုန်းက စာတိုက်ကိုသွားပါတယ်။ အခုအထိ ပြန်မရောက်သေးပါဘူး။ ဆရာ က တော်လက်ဖက်ရည်သောက်အချိန်အမီ ပြန်လာဖို့ မစ္စက်ဒင်ဗာကလဲ သတိပေးလိုက်ပါတယ်။ ဖရစ် လဲ အပြင်ကိုသွားပါတယ်။ ဆရာကတော် အခုလက်ဖက်ရည်သောင်ချင်ပြီဆိုရင် ကျွန်မ ပြင်ဆင်ပြီး ယူခဲ့ ပါ့မယ်။ လေးနာရီတော့ မခွဲသေးပါဘူး။"
"အရေးမကြီးပါဘူး အဲလစ်...။ ရောဘတ် ပြန်ရောက်တဲ့အထိ ကျွန်မ စောင့်ပါ့မယ်"
အိမ် မှာ မက်ဇမ်မ် မရှိသည်နှင့်တစ်ပြိုင်တည်း လျော့လျည်းလျော့လျဲတွေ ဖြစ်ကုန်သည်ဟု ကျွန်မ ထင် ပါသည်။ ဖရစ်နှင့်ရောဘတ်တို့ တစ်ပြိုင်တည်း အပြင်ထွက်တတ်ကြောင်း တစ်ခါမှ ကျွန်မ မသိခဲ့ဖူးပါ။

ယနေ့သည် ဖရစ်၏ အားရက်ဖြစ်သည်မှာ မှန်ပါသည်။ ပြီးတော့ မစ္စက်ဒင်ဗာက ရောဘတ်ကို စာတိုက် သို့လွှတ်လိုက်သည်။ ကျွန်မကလည်း ခပ်ဝေးဝေးသို့ လမ်းလျှောက် ထွက်ခဲ့မိသည်။
ဖေဗယ် ဆိုသူက သည်အချိန်မျိုးမှရွေးချယ်ပြီး မစ္စက်ဒင်ဗာနှင့် လာတွေ့သည်။ ဒီကိစ္စ မူမမှန်တာ တော့သေချာသွားပြီ။ ပြီးတော့ သူအလည်လာကြောင်း မက်ဇင်မ်ကို ပြန်မပြောဖို့ မှာသွားသေး သည်။ အတော်တော့ ဂွကျကုန်ပြီ။ မစ္စက်ဒင်ဗာကို ဒုက္ခမရောက်စေချင်ပါ။ ထို့ထွက်ပိုပြီး မက်ဇင်မ် ပူပင်သောကမရောက်ဖို့က အရေးအကြီးဆုံး ဖြစ်ပါသည်။
ဖေဗယ် ဆိုတာ ဘယ်သူလဲ။ မက်ဇင်မ်ကိုလည်း မက်ဇင်ဟုခေါ်သည်။ ဘယ်သူမျှ သည်လိုမခေါ်။ တစ်ခါတုန်း ကတော့ ကဗျာစာအုပ်ရေခံစာရွက်ပေါ်မှာ သည်အတိုင်း ရေးထားတာ တွေ့ခဲ့ရဖူး သည်။ ထို့ကြောင့် မက်ဇ်ဟုခေါ်သောသူသည် ရဘက်ကာ တစ်ယောက်တည်းသာ ရှိသည်ဟု ကျွန်မ ထင် ခဲ့သည်။

ခန်းမထဲမှာရပ်ရင်း ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေမိသည်။ လက်ဖက်ရည်သောက်ဖို့ကိုလည်း မဆုံးဖြတ်နိုင်သေး။
ထို့သို့ ရပ်နေရင်း ယခုအဖြစ်အပျက်ကြီးတွင် မစ္စက်ဒင်ဗာသည် လုံးဝမရိုးသားကြောင်း ရုတ်တ ရက် စဉ်းစား လိုက်မိသည်။ မက်ဇင်မ်၏ နောက်ကွယ်တွင် သူအချိန်းအချက်တစ်ခုခု လုပ်ခြင်းဖြစ် သည်။ ကျွန်မ က သည်နေ့မှ စောစောပြန်ရောက်လာသောကြောင့် ပက်ပင်းပါတိုးမိပြီး သည်အိမ် ကြီးနှင့် မက်ဇင်မ် ကို ရင်းနှီးကြောင်း ဖေဗယ်ဆိုသူက လုပ်ကာထွက်ပေါက်ရှာသွားခြင်းသာ ဖြစ်ရ မည်။ မစ္စက်ဒင်ဗာနှင့် ဖေဗယ် သည် ကြံဖော်ကြံဖက်များ ဖြစ်ရမည်။

အနောက်ဘက်ဆောင် မှာ သူတို့ဘာတွေလုပ်နေကြသနည်း။ မြက်ခင်းပေါ်မှာ ကျွန်မလျှောက် လာသည် ကိုမြင်တော့ တရုတ်ကတ်ကို ဘာဖြစ်လို့ ပိတ်ပစ်လိုက်ရသနည်။ ဖရစ်နှင့် ရောဘတ်က ရော ဘာကြောင့် အိမ်မှာမရှိရသနည်း။ ပုံမှန်အားဖြင့်ဆိုလျှင် ယခုလို အချိန်မျိုးတွင် အိမ်ဖော်အား လုံးတို့သည် သူတို့အခန်းများထဲမှာ အ၀တ်အစားလဲနေကြမြဲဖြစ်သည်။ သည်အချိန်တွင် မစ္စက်ဒင်ဗာတစ်ယောက်သာ အိမ်ကိုစောင့်နေ ရသည်။ ဟိုလူ သူခိုးပဲဖြစ်ရမည်။ မစ္စက်ဒင်ဗာက သူ့နှင့်ကြံရာပါဖြစ်ရမည်။ အနောက်ဘက်ဆောင် မှာ အဖိုးတန်ပစ္စည်းတွေရှိသည်။ ကျွန်မကိုယ် တိုင် အနောက်ဘက်ဆောင် သို့ ပြေးသွားပြီး အခန်းများကို စစ်ဆေးကြည့်ချင်စိတ် ရုတ်တရက် ပေါ်လာသည်။

ရောဘတ် လည်း ပြန်ရောက်မလာသေး။ လက်ဖက်ရည်မသောက်မီ သွားကြည့်ဖို့ အချိန်ရသေး သည်။ ကျွန်မ တုံ့ဆိုင်းဆိုင်းဖြစ်နေမိပါသည်။ တစ်အိမ်လုံး အရမ်းငြိမ်သက်ပြီး အရမ်းတိတ်ဆိတ် နေသည်။ အစေခံ အားလုံး မီးဖိုဆောင်၏ဟိုဘက်ရှိ သူတို့အခန်းများမှာ ရှိနေကြသည်။ ဂျက်စ်ပါ သည်လှေကားအောက်ရှိ ရေခွက်ထဲမှရေကို အသံမြည်အောင်သောက်နေသည်။ သူရေသောက် သံက ပဲ့တင်သံပြန်ပေါ်နေသည်။ အပေါ်ထပ်သို့ ကျွန်မတက်ခဲ့သည်။ ထူးဆန်းသည့် စိတ်အားတက်ကြွမှုဖြင့် ကျွန်မ ရင်တွေ ခုန်နေသည်။

ဆက်ရန်
.

No comments: