Saturday, June 2, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၃)

တက္ကသိုလ်စာအုပ်တွင် အချိန်ပိုင်းအလုပ်တစ်ခု ရသည်။ သည်ဝင်ငွေဖြင့် အက်နက်ကုလေး ကို ထောက်ပံ့ မည်။
နောက် တစ်ခေါက် ဘာကာစဖီးသို့ ထွက်လာခဲ့ပြန်သည်။ သူတို့အိမ်အခြေအနေက ဘာမှ မပြောင်း လဲ၊ ဆန္ဒရာ ကို မတွေ့ခဲ့ရ၊ အပြင် ထွက်နေသည်တဲ့လေ၊ အဘွားကြီးက ဘီယာကလေး တမြမြနှင့် အက်နက် ကလေးနှင့် တစ်နာရီခန့် ကစားပြီး ပြန်လာခဲ့သည်။ ဆန္ဒရာ တို့ အမေ က ဘင်ဂျမင် လာသည် ကို ကြည်ကြည်ဖြူဖြူ ရှိသည်။
ကို ဆက်ဖတ်ရန်..........

 ထောက်ပံ့ကြေးမှန်မှန်ရနေ သည် မဟုတ်လား။ တစ်နေ့မှာ သူတို့သားအဖ စိတ်ပြောင်းသွားပြီး ရပ်ပစ်လိုက်ရင် ဘာလုပ်မည်ကို လည်း စဉ်းစားထားပြီးသား ဖြစ်၏။ ဘင်ဂျမင်တို့အဖေနှင့် ရှားလော့ ဆင်မဆင် အကြောင်း စာစောင် တွေထဲတွင် ဖတ်လိုက်ရသည်။ ဒါဆိုလျှင် သူတို့ကို ခြိမ်းခြောက်ဖို့ မခက်တော့ ဘူး မဟုတ်လား၊
အော်လီဗာနှင့် ရှားလော့တို့၏ အချစ်ဇာတ်လမ်းသည် ရှင်သန်ဖွံ့ဖြိုးလျက် ရှိသည်။ ဧပြီနောက်ပိုင်း တွင်မှ အရဲ စွန့်ပြီး အော်လီဗာ မေးဖြစ်တော့၏။

ထုံးစံ အတိုင်း ချန်ပီယံ စားသောက်ဆိုင်တွင် အေးအေးငြိမ့်ငြိမ့်လေးထိုင်ပြီး ညစာ စားကြသည်။ စိတ်လှုပ်ရှားနေ သည့် အော်လီဗာကို ကြည့်ပြီး ရှားလော့ ရယ်ချင်နေသည်။ သူဘာပြောမည်ကို ကြိုတင် သိနှင့်နေပြီလေ။ "ရုံးမှာ ဒီနေ့ အဆင်ပြေရဲ့လားဟင်" ရှားလော့က သက်သက်ကျီစယ်နေခြင်း ဖြစ်၏။
"ကိုယ့်ကို မနောက်နဲ့ ရှာလီ၊ အရေးကြီးတာ ပြောမလို့၊ ပြောသင့်မပြောသင့် စဉ်းစားနေတာ ကြာပြီ။ ရှာလီ ဘယ်လို တုံ့ပြန်မလဲဆိုတာ စဉ်းစားနေတာနဲ့ မပြောဖြစ်တာ၊ ပြီးတော့ ရှာလီ ရှေ့ရေးကလဲ ..."
ရှာလီ က မလိမ်မိုးမလိမ်မာ ကောင်မလေးငုံဖမ်းပြီး ...  "ရှာလီကို အလုပ်ပေးမလို့လားဟင်"
"ဟာ ... ဘယ်ကလာ၊ အေး ... ဟုတ်တယ်၊ မင်းကို အလုပ်ပေးမလို့၊ တစ်သက်လုံး လုပ်ရမယ့် အလုပ်၊ လခတော့ မကောင်းဘူး၊ အပိုဆု အဖြစ် နဲ့ ကလေးဆိုး သုံးယောက်ရဲ့ တာဝန်ယူရမယ်၊ ပင်စင် ခံစားခွင့် လဲ နည်းနည်းပဲ ရှိမယ်"

ဘာလို့ ကလေးတွေကို ကလေးဆိုးတွေလို့ ပြောရတာလဲ၊ ရှာလီ သူတို့အားလုံးကို ချစ်နေသားပဲ"
ကလေးတွေ ကို အထိမခံနိုင်သည့် လေသံဖြင့် ရှားလော့က တုံ့ပြန်သည်။ သူ့လက်ကလေးကို ကိုင်ပြီး အော်လီဗာ နမ်းလိုက်မိသည်။
"ကလေးတွေ ကို ကိုယ်လဲချစ်ပါတယ်၊ ဒါပေမယ့် မင်းကိုလဲ ချစ်တယ်၊ ကိုယ်တို့ လက်ထပ်ကြစို့လား ရှာလီ ရယ်"
ဇွတ်ပြောချ လိုက်သည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်လျက်၊ ရှားလော့ ခေါင်းရမ်းမည်ဆိုလျှင် အံ့သြစရာ ရှိမည် မဟုတ်ပါ။ သို့သော် ဘာမှ မပြောဘဲ အော်လီဗာကို အနမ်းဖြင့် တုံ့ပြန်သည်။ "မောင်ပြောသမျှ ထဲမှာ ဒီစကားတွေ ဟာ ရှာလီအတွက် နားဝင်အချိုဆုံးပါပဲ မောင်ရယ်" သူ့မေးခွန်း ကို ရှားလော့ မဖြေသေး။ အော်လီဗာ သိချင်လှပြီ။

"အဲဒီတော့"
"မောင်ရော၊ ရှာလီပါ အလေးအနက် စဉ်းစားကြရလိမ့်မယ်၊ မောင်က ပိုပြီး စဉ်းစားရမှာ၊ ရှာလီက လိုချင်တာ အားလုံးရနေပြီးသားလေး၊ မောင်တို့သားအဖလေးယောက်စလုံးကို ရှာလီ ချစ်နေပြီလေ၊ ဒါပေမဲ့ မောင်က ရှာလီလို မိန်းကလေးမျိုးနဲ့ လက်မထပ်ဖူးသေးဘူး။ မင်းသမီးရဲ့ ယောက်ျားလုပ် ဖို့ ဆိုတာ သိပ်မလွယ်ဘူးနော်"
"ရှာလီတို့ တစ်တွေ ကိုယ့်ဘ၀ကိုယ် မပိုင်ကြဘူး၊ ဘယ်လောက် ပိုင်အောင် ကြိုးစား ကြိုးစား မအောင်မြင်ဘူး၊ မင်းသမီးဘ၀ ကို ရှာလီ မစွန့်လွှတ်မချင်း မောင်စိတ်အနှောင့်အယှက် ဖြစ်နေရမှာ ပဲ"
သည်ပြဿနာ ကို ခဏခဏ ကြုံဖူးပြီပဲ။ သူတို့နှစ်ယောက် ဘယ်သွားသွား အော်တို ရေးခိုင်းသူတွေ၊ သတင်းထောက်တွေ၊ အတင်းလိုက်မိတ်ဆက်သူတွေ ကို ဘယ်တော့မှ ရှောင်လို့ မလွတ်၊ သို့သော် အော်လီဗာ ဘယ်တော့မှ စိတ်မပူ ခဲ့ပါ၊ ဂုဏ်ယူအပ်သည့် အရာဟုပင် ယူဆထားပါသည်။

"ကိုယ် အဲဒီအတွက် လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ရပါလား ရှာလီရယ်"
"သေချာ ရဲ့လား မောင်ရယ်၊ မောင်စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင်လဲ ရှာလီ ဒီအလုပ်ကို စွန့်လွှတ်နိုင် ပါတယ်၊ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူးနော်၊ အပင်ပန်းခံလက်စနဲ့ ဆက်ပြီး လုပ်ချင်သေး တယ်"
"မောင် သဘောပေါက် ပါတယ် ရှာလီရယ်၊ မောင့်အတွက်ကြောင့် မင်းရဲ့ ၀ါသနာနဲ့ ရည်မှန်းချက်ကို မထိပါးစေ ရပါဘူး"
"ရှာလီ လဲ ဒီလိုပဲ ဖြစ်စေချင်ပါတယ် မောင်ရယ်၊ ကလေးတွေကကောဟင်၊ သူတို့ကြာရှည် သဘော ကျနိုင် ပါ့မလား" အော်လီဗာ ရယ်သည်။

"မင်းက မောင့်ကို လက်မထပ်ရင် သူတို့ မောင့်ကို စွန့်ပစ်ပြီး နောက်အဖေတစ်ယောက် ရှာမလား မသိဘူး" "ဒါဆိုရင်တော့ သူတို့ မိုက်မဲရာကျမှာပေါ့၊ ဒီလို အဖေမျိုး ဘယ်မှာ ရှိမှာလဲ"
"မင်းမသိသေး လို့ပါ ရှာလီ၊ ကလေးတွေအပေါ် မောင်ဆိုးတဲ့အခါတွေ ရှိတယ်နော်"
"ရှိချင်ရှိ မှာပေါ့၊ ဒါပေမယ့် မောင်ဟာ ကမ္ဘာပေါ်မှာ သားသမီးတွေကို အချစ်ဆုံးဖခင် တစ်ယောက်ပါ"
ဘင်ဂျမင်တစ်ယောက် ပုံမှန်ပြန်ရောက်နေပြီ၊ မယ်လီဆာသည် ကျောင်းတွင်အတော်ဆုံးကျောင်း သူ စာရင်းဝင်နေပြီ၊ ဆမ်ကလေးသည် အပျော်ရွှင်ဆုံး ကလေးတစ်ယောက် ဖြစ်နေပြီ။ ရှားလော့က ခပ်ရှက်ရှက် ကလေး ပြုံးလိုက်၏။

"ရှားလော့လဲ ကလေး လိုချင်တယ်၊ တစ်ယောက် နှစ်ယောက်တော့ ယူချင်တယ်၊ သုံးယောက် ဖြစ်ချင်လဲ ဖြစ်ပါစေလေး မောင် ဘယ်လိုထင်လဲဟင်၊ အိမ်မှာ လူတွေသိပ်ကျပ်သွားမလား၊ ပူးတွေ ကြွက်ဝမ်းဖြူတွေ တီကောင်မွေးချင်တဲ့ ချာတိတ်တွေ ပါချင်ပါလာဦးမှာ"
နှစ်ယောက် သား ရယ်ကြသည်။ သို့သော် သူတို့ဆွေးနွေးနေသည့် အကြောင်းအရာက ရယ်စရာ မဟုတ်ကြောင်း နှစ်ယောက်စလုံး သိနေကြပါသည်။
"မောင် က ကလေးတွေယူဖို့ သိပ်ကြီးသွားပြီ ထင်တယ်။ ပြီးတော့ ကလေးယူရတာ ထင်သလောက် မလွယ် ဘူးနော်"
ချစ်သူ ကို ဒုက္ခမရောက်စေချင်ပါ၊ ရှိပြီးသားတွေရဲ့ တာဝန်ရော၊ နောက်ရမယ့်ကလေးတွေ၏ တာဝန်ပါယူ ဖို့ ဆိုသည်မှာ ရှားလော့အဖို့ လွယ်သည့်ကိစ္စ မဟုတ်ပါ။

"အင်းပါလေ၊ နောက်မှတစ်ခါ ပြန်စဉ်းစားကြတာပေါ့" ချစ်သူပြုံးပုံကို ကြည့်ပြီး အော်လီဗာ့ရင်ထဲ သိမ့်ခနဲ ဖြစ်သွားသည်။ "နှစ်ခါတော့ ပြန် မစဉ်းစားနဲ့နော်၊ မောင် က  မြေးတစ်ယောက် ရဲ့အဘိုး ဖြစ်နေပြီလေ" "မဆိုင်ပါဘူး" ရှာလီ အတွက် အော်လီဗာသည် နုပျိုနေဆဲ ချစ်သူ ဖြစ်ပါ၏။ သို့သော် အော်လီဗာ ၀မ်းနည်းသည့် လေသံဖြင့် ... "ဘင်ဂျမင်အတွက်တော့ ဟုတ်တယ်လေ"
"ရှာလီ ဆိုလိုတာက တစ်မျိုးပါ၊ မောင်အဘိုးကြီး မဖြစ်သေးတာကို ပြောတာပါ"

"ချစ်သူနဲ့ အတူနေရတဲ့ အချိန်ကလွဲပြီး ကိုယ့်ကိုယ်ကို အဘိုးကြီးတစ်ယောက်လိုပဲ ထင်နေတော့ တယ်။ မင်းနဲ့ဆိုရင်လေ၊ မောင်သိပ်ပျော်တယ် ရှာလီရယ်၊ ခရီးရှည်တွေ အတူ ထွက်ချင်တယ်၊ ပြီးတော့ ချစ်သူ ဒီထက်ဒီ အောင်မြင်အောင် ၀ိုင်းကူပေးချင်သေးတယ်၊ လုံးဝကို သံသယ မရှိဘူး"
"စိတ်၏ ငြိမ်းချမ်းမှု ကို အပြည့်ဝဆုံး ရသည့် ကာလ ဖြစ်ပါ၏။
"ရှာလီ လဲ အတူတူပါပဲ မောင်ရယ်၊ မောင်ယုံသလို ယုံနေပါတယ်၊ မောင့်ကို သိပ်ချစ်ပါတယ်၊ ရှာလီ ပြောချင်တာ က မောင့်ဘက်က သေသေချာချာ စဉ်းစားစေချင်လို့ပါ"
ပြီးတော့ ချစ်သူကို ဖွဖွနမ်းရင်း ခပ်တိုးတိုးကလေး ပြောသည်။ "ကဲ ... မောင်မှန်တယ် ထင်ရင် မောင့် သဘော၊ ဒါပေမယ့် မောင်နဲ့ တွေ့တဲ့အချိန်ကစပြီး တစ်နှစ်ပြည့်မှ လက်ထပ်မယ်၊ ဟုတ်ပြီလား၊ နောင်နှစ် ခရစ္စမတ်ပေါ့" "တကယ် ... မင်း တကယ်ပြောတာနော်"

ရှားလော့က ပြုံးပြုံးကလေးနှင့် ခေါင်းတဆတ်ဆတ် ညိတ်သည်။ နှစ်ယောက်စလုံးအတွက် အပျော်ဆုံး တဒင်္ဂ။
"တကယ်ပေါ့ ခရစ္စမတ်အထိ စောင့်ရမှာ ကြာတယ် ထင်လို့လား"
"အင်း ... နည်းနည်းတော့ ကြာတာပေါ့လေ၊ ဒါပေမယ့် ကောင်းပါတယ်၊ သမ ရိုးကျ စေ့စပ် မျိုး ဖြစ်သွား တာပေါ့"
"ဇွန်လမှာ ပြဇာတ်နားမယ်၊ နှစ်လလောက် ခရီးထွက်ကြမယ်နော်၊ ကုမ္ပဏီတစ်ခုကတော့ ကားတစ်ကား ရိုက် ဖို့ပြောနေ တယ်၊ သိပ်အဆင့်အတန်း မြင့်မြင့်ထဲက မဟုတ်ဘူး၊ ထားခဲ့မယ်၊ မောင်နဲ့ ခရီးထွက်ချင် လှပြီ၊ ဆာရာ့ ဆီ မသွားဘူးဆိုရင် သူတို့ကိုပါ ခေါ်သွားမယ်နော်"

"သွားတော့ သွားကြလိမ့်မယ်၊ ဒါပေမယ့် သြဂုတ်လထဲရောက်မှ သွားကြမှာပါ"
တစ်ည လုံး အစီအစဉ်တွေ ဆွဲရင်း အချိန်ကုန်ကြသည်။ ရှာလီကို လိုက်ပို့ပြီးတော့ ပြန်ဖို့ အချိန် နောက်ကျနေပြီ။ ထို့ကြောင့် မပြန်တော့ဘဲ စေ့စပ်ကြောင်းလမ်းသည့် အထိမ်းအမှတ်ကလေး ကျိတ်ပြီး လုပ်ကြ သည်။
အချစ်ည သည် ပို၍ ပြည့်စုံကာ ပို၍ အဓိပ္ပာယ် ရှိနေလသည်။

အခန်း (၂၅)
နောက်တစ်နေ့တွင် ကလေးတွေကို ပြောလိုက်သည်။ သူတို့အားလုံး ဆွေ့ဆွေ့ခုန် ၀မ်းသာနေကြ ၏။ မင်္ဂလာခရီးထွက်လျှင် သူပါလိုက်ချင်သည်ဟု ဆမ်ကလေးက ပူဆာတော့ အော်လီဗာက လှမ်းပြီး ဟန့်လိုက်သည်။ ရှားလော့က မယ်လီဆာကို အပျိုရံလုပ်ဖို့ ဆွေးနွေးသည်။ ရှစ်လကြီးများ တောင် လိုသေး သည့် ကိစ္စအတွက် သူတို့တတွေ ခုတည်းက ရင်ခုန်နေကြပြီ။
နောက် တစ်နေ့တွင် အော်လီဗာက ရှားလော့ကို စတူဒီယိုတွင် သွားကြိုသည်။ ကား ထဲ ရောက်တော့ လေးထောင့် သေတ္တာငယ်ကလေးတစ်လုံးကို ထိုင်ခုံပေါ်တွင် ရှားလော့ တွေ့ရသည်။ လှလှပပ ဖဲကြိုးဖြင့် စီးထားသည့် ဖာကလေး။
ဖဲကြိုး ကလေးတွေ ဖြေနေရင်း ရှားလော့လက်တွေ တုန်နေသည်။ အတွင်းမှ ကတ္တီပါ သေတ္တာ ကလေး တစ်လုံး ထွက်လာသည်။ ဖွင့်ကြည့်လိုက်တော့ အရောင်တဖျပ်ဖျပ်လက်နေသည့် စိန်လက်စွပ်ကလေး။ ရှားလော့ မျက်ရည်တွေလည်နေသည်။ အော်လီဗာက ချစ်သူ၏ လက်ချောင်း သွယ်သွယ်ကလေးတွင် ၀တ်ပေး လိုက်၏။

"အို ... မောင်ရယ် ... လှလိုက်တာနော်"
"အချစ်လောက် မလှပါဘူးကွယ်"
နှစ်ယောက်သား ပူးပူးကပ်ကပ် ထိုင်ပြီး ကလေးတွေနှင့် တွေ့ဖို့ အိမ်ပြန်လာခဲ့ကြသည်။ ရက် အနည်းငယ် အတွင်း သတင်းထောက်တွေ အနံ့ရသွား၏။ ဟောလိဝုဒ်လောကတစ်ခုလုံး ချက်ချင်း သတင်းပျံ့ သွားသည်။ သူတို့နှစ်ယောက်တွဲနေသည့် ဓာတ်ပုံရော၊ ကလေးတွေ၏ ဓာတ်ပုံ ကိုပါ မရရအောင် အသေလဲ လိုက်ကြတော့၏။
စေ့စပ်ကြောင်းလမ်းခြင်း ကို တိုင်းမ်စ်နှင့် နယူးဝ်စ် မဂ္ဂဇင်းများတွင် တပြိုင်တည်း ပါလာသည်။ အခြား မဂ္ဂဇင်းကြီး များကလည်း အလုအယက် ဖော်ပြကြသည်။ သတင်းထောက်တွေက ကလေး တွေကိုပင် ချမ်းသာ မပေးတော့။ ရှားလော့ ကျွဲမြီးတိုစပြုလာပြီ။ အရေထူပါသည် ဆိုသော အော်လီဗာလည်း ခြံအပြင် ဘက်တွင် တရစ်ဝဲ၀ဲလ်ုပနေကြသည့် သတင်းသမားတွေကို စိတ်ကုန်စ ပြုလာသည်။

"မောင်စိတ်ညစ်နေပြီလား ဟင်"
ရှားလော့က ခဏခဏ မေးနေသည်။ နွေရာသီ ခရီးစဉ်ကိုလည်း ပြောင်းပစ်လိုက်ရ၏။ ထရန်ကတ်စ်တွင် အိမ် တစ်လုံး ငှားလိုက်သည်။ ကလေးတွေပါ ခေါ်သွားပြီး တိတ်တိတ်ကလေး သွားနေမည်။
ရက်သတ္တပတ်ပေါင်းများစွာ အပြင် မထွက်ရဲလောက်အောင် ဖြစ်နေသေးသည်။ သို့သော် ထုံးစံ အတိုင်း အချိန်ကြာလာတော့မှ သူတို့ရန် တဖြည်းဖြည်းကျဲသွား၏။ ဆာရာက ဂုဏ်ယူပါကြောင်း ဖုန်းဆက်ပြော သည်။ ဆမ်ကလေးက ဖုန်းဆက်ပြီး ဖောက်သည်ချတော့ ဆာရာမဂ္ဂဇင်းတွေ ဖတ်ပြီးနေပြီ။
"ကလေးတွေ သူတို့တော်တော် ချစ်ကြပုံရတယ်၊ အော်လီဗာ့အတွက် စိတ်ညစ်ဖို့ ကောင်းပါတယ်"
"ကြာတော့ ရိုးသွားမှာပါ အော်လီဗာရယ်၊ ဟောလိဝုဒ်ပဲ၊ ဒီလောက်တော့ ရှိမှာပေါ့"

ဆာရာက ခပ်ရွှင်ရွှင်ကလေး ပြောသည်။ တကယ်လည်း ပျော်နေပုံရ၏။ အဖေနှင့်မာဂရက်တို့ လည်း ၀မ်းသာ အားရ ဆက်ကြသည်။ နှစ်ယောက်စလုံးအတွက် ပျော်စရာအကောင်းဆုံးအချိန်များ ဖြစ်ပါ၏။ ခရီး မထွက်ခင် လုပ်စရာတွေအပုံကြီး ကျန်သေးသည်။
ဤသို့ဖြင့် ကလေးတွေ ကျောင်းပိတ်ချိန်သို့ ရောက်လာခဲ့သည်။ ရှားလော့ကလည်း ရိုက်လက်စ ကားတွေ အားလုံး လက်စသတ်ပေးပြီးပြီ။ အော်လီဗာက နားခွင့်တစ်လရသည်။ ငါးယောက်သား ထရင်ကတ်စ် သို့ ထွက် ခဲ့ကြ၏။ ပင်လယ်ကမ်းခြေတွင် တစ်လလုံးလုံး ပျော်ကြပြီး မယ်လီဆာနှင့် ဆမ်က သူ့အမေရှိရာ အရှေ့ပိုင်း သို့ ခရီးဆက် ထွက်သွားသည်။
ရှားလော့ က ကြော်ငြာကားတွေ ရိုက်ဖို့အစီအစဉ်တွေ ဆွဲနေသည်။ အော်လီဗာက အလုပ်ခွင်ပြန်ဝင် ရတော့မည်။ သြကုတ်လကုန်ဆိုလျှင် ဘင်ဂျမင်၏ တက္ကသိုလ်သင်တန်းတွေ စပြီ။
ကျောင်းတက်မည့် ဆဲဆဲ ရက်ပိုင်းအလိုတွင် ဆန္ဒရာ့အမေဆီမှ တယ်လီဖုန်းလာ၏။ သည်ညနေ အဖေတို့ စုံတွဲနှင့် အတူ အပြင်ထွက်ညစာစားဖို့ ရှိသည်။ ဘင်ဂျမင့်အတွက် တယ်လီဖုန်းလာသည် ဆိုတော့ အဖေရုံး မှ လှမ်းဆက်သည် ထင်လိုက်၏။ ဆန္ဒရာ့အမေ၏ အသံကြားရတော့ အသက်ရှူ မှားမတတ် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲဟင် ... သားလေး ... သားလေး"
"ကလေး ဘာမှ မဖြစ်ပါဘူး"
အဘွားကြီးအသံက တစ်မျိုးကြီးပါလားဟု ထင်လိုက်၏။
မစ္စက်ကာတာ ဖုန်းဆက်ဖို့ စိတ်ကူးသည်မှာ ကြာပြီ။ ဘင်ဂျမင်သိသင့်သည်ထင်သည်။ သည်သူငယ် လူကောင်းကလေးဖြစ်ကြောင်း မစ္စက်ကာတာ သိပါသည်။ သူ့သားကလေးကိုလည်း အလွန် ချစ်သည့် သူငယ်။ "မင်း သိဖို့လိုတယ်ထင်လို့ အဒေါ် ဆက်တာ။ ဆန္ဒရာက ကလေး ကို မွေးစားချင်တဲ့ လူ ရှိရင် ပေးဖို့ ဆိုပြီး မနေ့ က စောင့်ရှောက်ရေးကို သွားပို့လိုက်တယ်"
"ဘာ ... "
ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။

"ဒီလို လုပ်လို့ ဘယ်ရလဲဗျ၊ ကျွန်တော့်သားပဲ၊ ကျွန်တော်လဲ ဆိုင်သေးတာပေါ့၊ ခု အဲလက်စ် ဘယ်မှာလဲ၊ ကျွန်တော် ဒီလို အဖြစ် မခံနိုင်ဘူး အဒေါ်၊ ဘာလို့သူများကို ပေးရမှာလဲ၊ ကျွန်တော့်သား ကျွန်တော်မွေး မှာပေါ့၊ ပါချော့စ် မှာ ကတည်းက ကျန်တော်တောင်းသားပဲ"
"အေးပါ ... မင်း ဘယ်လိုခံစားရမယ်ဆိုတာ အဒေါ်ကိုယ်ချင်း စာပါတယ်၊ ဒါကြောင့် အကြောင်း ကြားတာပေါ့၊ မင်းကို ဖုန်းဆက်ဖို့ သူ့ကို အဒေါ်ပြောပါတယ်၊ ဒါပေမယ့် မရဘူး။ ကလေးကို ထားပြီး ဒီမနက် ပဲ ဟာဝိုင်ယီကို လစ်သွားတယ်"
"ကျေးဇူး ပဲ အဒေါ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် စောင့်ရှောက်ရေးအဖွဲ့က အဲလက်စ် ကာတာကို တရားရုံး က ပိုင်ဆိုင်ကြောင်း ရှင်းပြသည်၊ အင်း ... အဲ့လက်စ်ကာတာတဲ့။ ဒါဆို မိမိက ဖခင်ဖြစ်ကြောင်း၊ သက်သေပြပြီး ကလေးအုပ်ထိန်းခွင့် ကို ဦးတိုက် လျှောက်ထားရမည်။

အဖေ့ဆီ လှမ်းဆက်သည်။ အစည်းအဝေးအခန်းထဲမှ ခေါ်ထုတ်ရခြင်း ဖြစ်၏။ ဘင်ဂျမင် အရမ်း စိတ်လှုပ်ရှားနေ ၏။ အော်လီဗာက စိတ်အေးအေးထားပြီး အစအဆုံး ပြောပြရန် တောင်းပန်ရသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ဖေဖေ နားလည်ပြီ၊ ဖေဖေ ရှေ့နေနဲ့ တိုင်ပင်မယ်၊ စိတ်အေးအေးထားတော့၊ ဟုတ်ပြီလား၊ ဒါပေမယ့် တစ်ခုတော့ ဖေဖေ ပြောမယ်၊ ဘာမှ မလုပ်ခင် သားဘာဖြစ်စေချင်တယ် ဆိုတာ အရင် စဉ်းစား၊ ကလေးကို အပြီးအပိုင် ယူမှာလား၊ အဲဒါ သားအပေါ်မှာ တည်တယ်"
ဘင်ဂျမင် ဆုံးဖြတ်ပြီးပါပြီ။ ကျောင်းပြန်မတက်ရလျှင် ရှိစေတော့။ သားကိုတော့ အရယူမည်။ အလုပ် လုပ်ပြီး ရှာကျွေးမည်။ သားကို မိမိချွေးနည်းစာနှင့် မွေးမည်။ အော်လီဗာ မညင်းချင်တော့။
"သား ဘယ်မှ မသွားနဲ့၊ စိတ်အေးအေးထားပြီး ထိုင်စောင့်နေ၊ ဖေဖေ ပြန်ခေါ်မယ်"
နောက်နာရီ ၀က် အတွင်း အော်လီဗာ ပြန်ခေါ်သည်။ ညနေလေးနာရီတိတိတွင် ရှေ့နေ၏ ရုံးခန်းကို လာခဲ့ ဖို့ ချိန်းသည်။ ဘင်ဂျမင် ဆယ်မိနစ်စောပြီး ရောက်နေ၏။ အော်လီဗာ၏ အလုပ်နှင့် ဆက်နွယ် နေသည့် ရှေ့နေကြီးများ ဖြစ်၍ ကူညီရန်အသင့်ဖြစ်နေကြသည်။ ရှေ့နေကြီးတစ်ဦးက စိတ်ရှည် လက်ရှည် ရှင်းပြ သည်။

"သားက ဒီအတိုင်း ဖြစ်စေချင်တယ်ဆိုရင်တော့ လုပ်ရတာ သိပ်မခက်ပါဘူး၊ သက်ဆိုင်ရာတွေနဲ့ ဦးတို့ စကားပြော ပြီးပါပြီ။ ကလေးရဲ့အမေလည်း ကလေးကို အပြီးအပိုင် စွန့်လွှတ် လိုကြောင်း လျှောက်လွှာ တင်ခဲ့တယ်တဲ့၊ အဲဒီအတိုင်း စာချုပ်ထဲမှာ သူလက်မှတ်ထိုးရင်ပြီးတာပဲ။ မိခင်ရဲ့ အခွင့်အရေးတွေ ဖခင် လက်ထဲရောက်ရာပေါ့။ ကလေးတစ်ယောက်ကို မွေးရတာ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးနော်။ မင်းသေသေ ချာချာ စဉ်းစားရလိမ့်မယ်"
"ကျွန်တော် အကြိမ်ကြိမ် စဉ်းစားပြီးပါပြီ ခင်ဗျာ၊ ကျွန်တော့်ကို ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ လဲ သိ ပါတယ်၊ သားလေးကို ကျွန်တော် သိပ်ချစ်လွန်းလို့ပါခင်ဗျာ"
ပြောရင်း မျက်ရည်တွေ လည်လာသည်။ ကလေးအဖေ ဘင်ဂျမင်သည် ကလေး ကလေး တစ်ယောက်နှင့် ပိုတူနေ၏။

အော်လဗာသည် သားလုပ်သူ၏ အဖြစ်ကို ကြည့်ပြီး မနည်း မျက်ရည် ဆည်ထားရ၏။
အတတ်နိုင် ဆုံး ကူညီဖို့လည်း ဆုံးဖြတ်ထားပြီ။
"မစ္စက်ကာတာ နဲ့လဲ ဦးတို့ ဆွေးနွေးပြီးပါပြီ။ သားဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ ကလေးရဲ့ တာဝန် ယူနိုင်သူဖြစ်ကြောင်း လက်မှတ်ထိုးပေးမယ်တဲ့။ လက်ဆောင်လေး ဘာလေးတော့ မျှော်လင့် တာပေါ့ကွာ၊ မင်းတို့ သားအဖကြည့်ပေးလိုက်ပေါ့၊ ဒါပေမယ့် သတိတော့ ထားရမယ်နော်၊ ကလေး ကို ငွေနဲ့ဝယ်တဲ့ သဘောမျိုး မသက်ရောက်စေရဘူး၊ အဲဒါဆိုရင်တော့ ရာဇ၀တ်မှုပဲ၊ ဒါပေမယ့် မပူပါနဲ့၊ ဦး တို့ ရေးပေးမယ့် စာချုပ်မှာ သူလက်မှတ် ထိုးပါ့မယ်တဲ့၊

ဆက်ရန်
.

No comments: