Saturday, June 30, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၁ဝ)ဇာတ်သိမ်း

ထိုမယ်မျှင်သည် တူမချောစိန်ကို သံယောဇဉ်ကြီး၏။ သမီးငယ် ခင်ခင်လှ ငယ်စဉ်ကဆိုလျှင် ချောစိန် ထံသို့ ခင်ခင်လှကို ပို့ထားသည်။ သူမူကာ မောင်မောင်အေး တာဝန်ကျသည့်အရပ်နှင့် ရမ်းဘိုကုန်း ကို ခေါက်တုံ့ခေါက်ပြန် သွားနေ၏။ ယခုသော်ကား အစိုးရ စစ် လေးတန်း သို့ မောင်မောင်ကြီး ရောက်နေ သ ဖြင့် မယ်မျှင် လမ်းမသလားနိုင်တော့ပေပြီ။ မည်သို့ဖြစ်စေ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး ကား ခမည်းခမက် ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ထက် အိုကံကောင်းသည် အပြော ခံ ရ၏။ သမက်နှင့် သမီးက "ဆိတ်နို့မုန့်" ဟု ခေါ်သော နူးညံ့သည့်မုန့်များပင် ဝယ်ပေးကြ သည်။ ရမ်းဘိုကုန်းတစ်ရွာလုံး နို့ဆီ နို့မှုန့် မမြင်ဖူးငြား၊ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး တို့ဘေးတွင် နို့ဆီနှင့် နို့မှုန့် အမြဲတမ်ရှိနေသည်။ သို့ပါလျက် မယ်ကြွယ်စိုး ချူချာသည်။
ခေါင်းမနာ လျှင် ခြေနာသည်၊ ခြေမနာရလျှင် ခေါင်းနာသည်။ ခေါင်းနှင့် ခြေက ကောင်းနေလျှင် ခါးနာ သည်။ ထို့ကြောင့် မယ်ကြွယ်စိုး နေကောင်းချိန်မှာ ခပ်ရှားရှားပင်။
ကို ဆက်ဖတ်ရန်...........

(၁၀)

လဆန်း ဆယ့်လေးရက်နေ့၏ ငွေလပြည့်ဝန်းသည် လပြည့်နေ့ကို နှုတ်ဆက်သောအားဖြင့် အနောက်ဘက် ခင်တန်း သို့ ရွေ့ဆင်းနေ၏။ လှည့်စားထိုးထားပါလျက် မြည်ချင်နေသော နွားလှည့်လေးစီးသည် မလင်းတလင်း မမှောင့်တမှောင်တွင် စမ်းချောင်းတွင်းသို့ အပြေးဆင်းလာ ကြသည်။
ကုန်းပေါ် တွင် ခြေသွက်သွက်ဖြင့် ပြေးခဲ့သော နွားများသည် သဲပြင်နှင့် လှည်းဘီးနှင့် ထိလျှင်ထိ ချင်းတို့ ဆိုင်းသွားကြ၏။ တပေါင်းလပြည့်သို့ တိုင်ခဲ့ပြီးဖြစ်ငြား၊ ချောင်းရေသည် မခန်းသေး။ မဆိုစလောက်ကျန်သေးစေကာမူ၊ ရေစီးကြောင်းဖြစ်လျက်စီးဆင်းနေဆဲပင်။
"နွားတွေရဲ့ အမြီးကို ဆွဲထားကြနော်"
ရှေ့ဆုံးလှည်းမှ စတင်အော်သောအခါ နောက်လှည်းတွေကလည်း လိုက်လံအော်ဟစ်ကြသည်။

"နွားမြီးတွေခတ်ရင် လူကိုစင်သယ်နော်"
ချောစိန်လည်းချောအောင်လှအောင် ပြင်ဆင်ထား၏။ သို့ကြောင့် နွားမြီးခတ်တိုင်း မျက်နှာကို ရေစင်ပြီး အလှပျက်မခံနိုင်။ သို့ကြောင့် သူ့ဘက်ကနွား၏ အမြီးကိုလှမ်းဆွဲထားသည်။ လူက အဘယ်မျှပင် ဆွဲထားကိုင်ထား စေကာမူ သဲပြင်ထဲတွင်ရုန်းရသောအခါ နွားသည်အမြီးကို လှုပ်ခတ်၏။ သတိမရှိ လျော့ရိလျော့ရဲ ကိုင်ထားသူ၏ လက်ထဲက အမြီးလွတ်ထွက်သည်။ လှည်း ပေါ်ရှိ လူတွေကို အမြီးဖြင့် ရေဖျန်းပေးတော့ သည်။ ချောစိန်ဘက်သို့ ရေမှုန်တွေ ရောက်လာသည်။
"ဟဲ့ အေးသီ၊ နွားမြီးကို မြဲမြဲကိုင်မှပေါ့ဟဲ့"
"ကိုင်တော့ ကိုင်သာပဲတော့်၊ လွတ်ထွက်သွားတာ"
ချောစိန် တို့လှည်းသည် ကုန်းပေါ်သို့ တက်မိသည်နှင့် တအီအီတကျွီကျွီမြည်တော့သည်။

"ဦးဘမင်းကြီးက အပျင်းကြီးပြီး လှည်းစားမထိုးလို့ မြည်ပြီ။ ကိုးရေလျဉ်က အဝေးကြီးလိုသေး တယ်"
ချောစိန်က ဘမင်းကို အပြစ်တင်၏။
"ဟဲ့ လှည်းစား ထိုးထားပါသယ်ဟာ၊ ကုန်းတက်မို့ မြည်သာထင်ပါတယ်၊ တော်ကြာရင် ပျောက်သွားမှာပါ"
ဘမင်း၏ ဆင်ခြေ ကို ချောစိန်မကြားပါ။ ခြေကျင်သွားသော လူအုပ်ထဲသို့ လှမ်းကြည့်နေရသော ကြောင့်ဖြစ်၏။ သည်တပေါင်းလပြည့်နေ့ကား စည့်ဆွဲရွာအနီးရှိ ကိုးရေလျဉ်တောသို့ ရမ်းဘိုကုန်း တစ်ရွာတည်းက လာသည် မဟုတ်။ ကုတင်ကြီးစုနှင့် ရမ်းဘိုကုန်းနှစ်ရွာတည်းမှ လာသည်မဟုတ်။ ရွာပေါင်းစုံ ရပ်ပေါင်းစုံမှ လာကြ သည်။ သို့ကြောင့် ခြေကျင်သမားများ ပြည့်နေ၏။ လှည်းတွေက လည်းဖုန်တထောင်းထောင်း၊ တအီအီဖြင့် ညံနေ၏။

လှည်းတစ်စီးသည် ချောစိန်တို့လှည်းကို ကျော်တက်ရန်ညာသံပေးလျက် အပြင်းမောင်းလာသည်။ ဤသည် ကို ချောစိန်မကြိုက်။
"ဦးဘမင်း မောင်းမောင်း၊ ကျော်တက်တော့မယ်"
ဘမင်း ကလည်း ဤကဲ့သို့သော အပြုအမူကို သည်းမခံ။ "ဟဲ့ဖေ့သားကြီတွေ"အော်ကာ နှင်တံကို ၀င့်သည်။ ကျွီခနဲ ကျွီခနဲ လိမ့်နေသော လှည်း သည် ချက်ချင်းမြည်သံပျောက်ပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်း ဆောင့်ပြီး ပြေးတော့ သည်။
"ဟေး ရှက်ပါသယ်ဟေ့"
ချောစိန်ခေါင်းဆောင်ပြီး အော်ခြင်းဖြစ်၏။ သို့ရာတွင် သူကကျောပေးပြီး အောသော်ငြား၊ သူ့အဖော်တွေက လက်ညှိုး ထိုးပြီးအော်သည်။ ထိုအခါ ကျော်ရန်ကြိုးစားမှု မအောင်မြင်သော လှည်းက ညာသံမပေးဘဲ အပြင်းမောင်း လာ၏။

"ဦးဘမင်း မောင်းမောင်ား၊ ဟိုလှည်းက ကျော်တက်တော့မယ်"
"လမ်းမကောင်းဘူးဟ၊ နွားတွေ ပခုံးပေါက်ကုန်မယ်၊ ကျော်ပါစေဟာ"
"အလကား ဦးဘမင်းကြီး"
ချောစိန် မကျေမနပ်အော်သည့်နည်းတူ ချောစိန်၏အဖော်တွေကလည်း ဘမင်းကိုး ၀ိုင်းဝန်းရှုတ်ချ ကြ၏။
"အလကားလူကြီး၊ ကြောက်အီးကြီး"
သို့သော် ချောစိန်တို့လှည်းကို ကျော်တက်ရန်အတွက် အပြင်းမောင်းလာသော လှည်း သည် ချောစိန် တို့လှည်းနှင့် ဘေးချင်းအယှဉ်တွင် လှည်းနားစောင့်ကျွတ်ကာ ဘီးတစ်ဖက် ပြုတ်လျက် တုံးလုံးကြီး ဖြစ်သွားလေ၏။

"ဟေး ရှက်ပါသယ်ဟေ့"
ထိုအချိန်တွင် လှည်းတစ်စီး အပြင်းမောင်းလာကာ၊ ချောစိန်တို့ လှည်းဘေးတွင် ရပ်၏။ လှည်းပေါ် မှမောင်မောင်အေး ခုန်ဆင်းလာ၏။
"ဒုက္ခရောက်သူကို မလှောင်ရဘူး၊ မပြောင်ရဘူးဟဲ့"
"ဟေ့ကောင် ဘမင်း၊ ဆင်း ဆင်း"
မောင်မောင်အေးပြောသောကြောင့် ချောစိန်တို့ လှည်းပေါ်မှ "လက်ပံပင်ဆက်ရက်"များ ငြိမ်ကျ သွား၏။ ဘမင်းလည်း လှည်းပေါ်မှ ခုန်ဆင်းကာ ဆီးပြုတ်သွားသောလှည်းထံ ပြေးသွား၏။ ထိုလှည်းမှာ လူငါးယောက်သာပါသဖြင့် လှည်းနားစောင့် ပြုတ်ကာ လှည်းဘီးကျွတ်သည်ကို မဖြုံ ပေ။ သို့ရာတွင် ၀င်ရိုးမှာ မူလကတည်းက နာနေခဲ့သည့်အတွက် အရေခွံလန်ကာ ကျိုးထွက်နေ ၏။
"ဟာ ဆရာလေး၊ အားနာစရာဗျာ"
လှည်းပေါ်မှလူများက မောင်မောင်အေးကို အားနာစကားဆိုကြ၏။

"ရွာထဲဝင်ပြီး ၀င်ရိုးဌားရ ကောင်းမလား"
"ကောင်းသယ်၊ သည်အကြံကောင်းသယ်"
သို့သော် ချောင်းဖြူရွာတွင်ရှိသော နွားလှည်းအားလုံးသည် ကိုးရေလျဉ်ကို သွားနေကြ၏။ အိမ်တွင် ကျန်ခဲ့သူများကလည်း လှည်းဝင်ရိုးအပို မည်သည့်နေရာတွင်ထားသနည်း မသိကြ။ ဤသို့ဖြင့် မောင်မောင်အေးတို့မှာ ရွာဦးမှာ ရွာဖျားသာရောက်၏။ လှည်းဝင်ရိုးငှား၍မရ။ မောင်အေးတို့မှာ ရွာဦးမှ ရွာဖျားသာရောက၏။ လှည်းဝင်ရိုးငှား၍မရ။
"ကိစ္စမရှိဘူး ဆရာလေး၊ နေပူမယ် သွားနှင့်ပါ"
မောင်မောင်အေးသည် ဘမင်းတို့လှည်းကို သွားနှင့်ရန် လွှတ်လိုက်ငြား သူမူ လှည်းကျိုးနှင့် ဆက်ပြီးနေခဲ့သည်။

မောင်မောင်အေးနေခဲ့ခြင်းမှာ ၀င်ရိုးအသစ်မလဲဘဲ လှည်းကို မည်သို့မောင်းမည်နည်း သိလိုသော ကြောင့်ဖြစ်သည်။ ဤသည်မှာလည်း အခက်ကြီးမဟုတ်ပါ။ ကျွတ်ထွက်သောဘီးကို လှည်းပေါ် တင်သည်။ သစ်ကိုင်းတစ်ကိုင်းရှာပြီး ဘီးနေရာတွင်ထောက်သည်။ လှည်းသည်ဘီးပါသောဘက် ဘီးလည်ပြီးရွေ့၏။ ဘီးမပါသောဘက်က တရွက်တိုက်ပြီးရွေ့၏။ သို့ရွာတွင် ထိုလှည်းသည် နောက်ကြောင်းပြန်၏။ လူအချို့ ထိုလှည်းဖြင့် ပြန်ပြီးပါသွားသော်ငြား အချို့ကား ကျန်နေခဲ့ရာ ထိုသူများကို မောင်မောင်အေးက သူ့လှည်းတွင် တင်လာသည်။
ကိုးရေလျဉ်သည် သဲကန္တရတွင်းက အိုအေစစ်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာဗဟုသုတခေါင်းပါး သော အရပ်ဖြစ်သောကြောင့် နတ်၏ တန်ခိုးဖြင့် စမ်းရေးစမ်းရေတွင်ပေါ်ပေါက်လာသည် ထင်ကြ ၏။ အလှူအတန်း ရှိလျှင် ကန်တော့ပွဲပေးကာ ရေတောင်းလျှင် ရေရသည်ထင်နေရှိကြ၏။

တောင်ဖျားအကျဆုံးက အုတ်ကန်ရေလျဉ်မြစိမ်းစမ်း။ ကံကော်ရေလျဉ်ဟုခေါ်ရခြင်းမှာ ကံ့ကော် ပင်တွေချည်း ပေါက်ရောက်သဖြင့် ဖြစ်ပေသည်။ ပုန်းညက်ရေလျဉ်ဆိုလျှင်လညး ပုန်းညက်ပင် တွေချည်း ပေါက်ရောက်သည်။ သို့သော် မောင်မောင်အေးတို့ရောက်ချိန်၌ ကိုးရေလျဉ်သည် ဆုတ်ယုတ်ပျက်စီးစပြုပြီ၊ နတ်ကြီးသည်ဆိုကာ မတို့ရဲ မထိရဲသောကြောင့် သစ်ရွက်ကြွေများဖြင့် မြေသြဇာကောင်းခဲ့သည်။ နှာင်းလူတို့ကား နတ်ကိုမကြောက်နိုင်ဘဲ ကိုးရေလျဉ်ကို ၀င်ရောက် ခုတ်ထွင်သည်။ စိုက်ပျိုးရေးလုပ်သည်။ တစ်ယောက် အဆင်ပြေသည်ကို မြင်ရသောအခါ နတ်မ ကြောက်သော နောက်လူများကလည်း တောတိုးကြပြန်သည်။ ကိုးရေလျဉ်သည် ဤသို့လျှင် စိုက်ပျိုးရေးသမားများကြောင့် အရိပ်အာဝါသ ပျက်စီးရသည်။ နောက်တစ်မျိုးကား သစ်ပင်တွေ ခုတ်ပြီး အုတ်ဖုတ်ခြင်းကြောင့် အရိပ်ရပင်များ လျော့ပါးသည်။ ဤနည်းဖြင့် နိမ့်ရာသို့စီးလာ သောစမ်းရေလည်း ဆုတ်ယုတ်တော့သည်။

သည်လူအုပ်တွင် ကိုဆေးရိုး ပါမလာငြား သူ့ဇနီးပါသည်။ သူ့သားနှင့်သမီးပါသည်။
မကျီးဒန်နှင့် မယ်မျှင် အမှူးပြုသူများသည် မောင်မောင်အေးကို "ဆပ္ပကျင်း"ရေလျဉ်မှ စောင့်ကာ၊ ထမင်းစားရန် အသင့်ပြင် ထားသည်။
"ဦးအေးရေ။ မောင်နှမကိုးယောက်။ အင်းဝသိုမာန်ဘွားရဲ့ ဘေးကြောင့် ပြေးလာခဲ့ရာက သည်တောအရောက် မှာ အမောဆို့ပြီးကွယ်လွန်ရာက သည်တောအရောက်မှာ အမောဆို့ပြီး ကွယ်လွန်ရာက နတ်ဖြတ်သာတဲ့ဗျ"
ဘညိန်း က သူကြားခဲ့ရသမျှကို မောင်မောင်အေးသို့ ၀မ်းသာအားရ ဖောက်သည်ချသော် လည်း မောင်မောင်အေး ခေါင်းမညိတ်။

"မင်း ခေတ်လူငယ်ဖြစ်ပြီး ယုံမနေနဲ့။ မင်းပြစ်မင်းဒဏ်သင့်လို့ ကုန်းကြောင်းပြေးလာရင်လဲ ဆိပ်ဖြူမှာမသေဘဲ သည်ရောက်မှ သေရသလား" "အေးဗျ၊ ဟုတ်သယ်"
"ရေလမ်းက ပြေးလာရင်လဲ ဟိုဘက်က ပခန်းငယ်စလေမှာ မသေဘဲ သည်ရောက်မျ သေရသ လားကွ"
"ဟုတ်သယ်နော်၊ ယုတ္တိမရှိဘူးဗျ"ဟု ဘညိန်းက သံယောင်လိုက်သော်လည်း မကျီးဒန်နှင့် မယ်မျှင်တို့ကား ရှိဦးတဖျားဖျားဖြစ်နေကြ၏။
"အရှင်ကြီး အရှင်ကောင်ားတို့တော်၊ မလိမ်မိုးမလိမ်မာ အမိုက်အမဲကို ဗွေမယူကြပါနဲ့တော်၊ တောင်းပါတယ်"
လက်အုပ် တချီချီဖြင့် ရှခိုးတောင်းပန်နေရာက မောင်မောင်အေးကို ငေါက်ငမ်း၏။

"နင်က ကံကောင်းလို့ နင့်ကို မလုပ်နိုင်ပေမဲ့၊ နင့်သားသမီးနင့်ဆွေမျိုးတွေ ကံအနိမ့်မှာ ဖမ်းစား လိမ့်မယ်တဲ့"
မကျီးဒန်မှာ သူ့ယောက်ဖ၏ ဇနီးဖြစ်သောကြောင့် မောင်မောင်အေးရိုးသေသည်။ သို့ကြောင့် ဆန့်ကျင် စကားဖြင့် မတုံ့ပြန်စေကာမူ ဘညိန်းကဲ့သို့သော် လူငယ်များကိုကား သွေးအထိုးမ လျှော့။
"ပထ၀ီ အနေအထားအရ မြင်းသဲ့ နေရာမှာ စမ်းရေမထွက်ဘူး၊ နိမ့်သဲ့ဟိုမြောက်ဘက် ငှက်ကွေး ကော်တုံနဲ့ မြေနုဘက်မှာ စမ်းရေထွက်သလို သည်ကိုးရေလျဉ်ဘက်မှာထွက်သယ်၊ အိုအေစစ် သဘောပေါ့ကွာ"
မောင်မောင်အေး၏ တရားနာသူမှာ ဘညိန်းတစ်ယောက်တည်းမဟုတ်ပေ။ ရမ်းဘိုကုန်းသား လူငယ်ကလေးတွေ ချည်း မဟုတ်။ ကြားသောလူငယ်တိုင်း ၀င်ရောက်နားထောင်ကြ၏။

"ဘုရင့်ရဲမက်တွေလိုက်ဖမ်းလို့ သေပြေးရှင်ပြေးပြေးရသဲ့ မောင်နှမ ခုနှစ်ယောက် မဖြစ်ဘဲ ဘာကြောင့်ကိုးယောက် ဖြစ်နေရတာတုံး။ ရေလျဉ်ကိုးခုမို့ မောင်နှမကိုးယောက်တဲ့။ ငါ့အထင် ပြောရရင်တော့ သည်လုပ်ဇာတ်ကို ပါးစပ်ရာဇ၀င်ပြောသဲ့ လူဟာ၊ ၀ဏ္ဏပဘာတို့ ၀ဏ္ဏကလျာတို့ မကြားဖူးလို့သာ "မဆေး၊ မကတိုး၊ မပု၊ မစု၊ မယု" ဆိုသဲ့ နာမည်တွေ မှည်သယ်ထင်တာပဲ"
"ဟုတ်သယ်ဗျ နော်၊ နှမက ရှစ်ယောက်၊ မောင်ကတစ်ယောက်တည်း"
"မောင်နန္ဒတို့ မောင်ဇေယျတို့၊ မောင်စန္ဒတို့ ရှေးခေတ်ကမှည့်ပါတော့လား။ အခုတော့ ကိုရင်ကြီးတဲ့"
"တစ်ဆိတ်ရှိ နတ်၊ တစ်ဆိတ်ရှိ နတ်နဲ့ဗျာ"
"စူးစမ်းလေ့လာမှု ဟာ ဤသည်မှာတွင် လမ်းပျောက်တာပေါ့ကွာ"
မောင်မောင်အေး သည် မတိုးတက်သော မိမိပတ်ဝန်းကျင်ရှိ လူများကိုကြည့်ကာ အားမရစွာ မြည်တမ်း၏။

"နင့်ပါးစပ်ကိုပိတ်၊ နတ်ဖမ်းစားလိမ့်မယ်"
မကျီးဒန်က လှမ်းပြောသည့်နည်းတူ၊ မယ်မျှင်ကလည်း ပြော၏။
"လှည်းတစ်စီး၊ ဘီးပြုတ်ပြီး ၀င်ရိုးကျိုးသာဟာ တော့်ကြောင့်သိလား"
မောင်မောင်အေး ပြုံး၏။
"အဲသည် လှည်းဝင်ရိုး ကျိုးသဲ့ လူတချို့ ရွာပြန်သွားကြသယ်၊ တချို့က ငါ့လှည်းနဲ့  လိုက်လာပေ မယ့် လူအုပ်ထဲ ပျောက်သွားပြီ။ အဲသည်လူတွေကို နာမည်တောင် မသိလိုက်ပါဘူး မယ်မျှင်ရာ"
"ကိုးရေလျဉ်နတ် က တော့်ကို သတိပေးတာ၊ ကံမြင့်နေသဲ့တော့ကို မထိဘဲ တော့်ဘေးက ကံနိမ့် သဲလူတွေကို သွားထိပြီး လှည်းဝင်ရိုးကျိုးသာ၊ မသေသော ကံကောင်းသယ် ပြောရတော့မှာပေါ့"
ကာယကံရှင် မောင်မောင်အေးက ပြုံးရုံသာပြုံုးငြား၊ ဘညိန်းတို့က ၀ိုင်းဝန်းရယ်မောသည်။ ထိုအခါ ဘညိန်း အမာန်ခံရ၏။

"နင်က ဘာဟီလာတိုက်နေသာတုံး"
ဘညိန်းသည် မောင်မောင်အေး၏တရားကို ဆက်နာလျှင် ခုံဖိနပ်စာ မိနိုင်သောကြောင့် ထပြီးလူ အုပ်ထဲသို့ ၀င်ရောက်ပျေက်ကွယ်သွားလေ၏။ နတ်မကြောက်သူနှင့် အုတ်ဖုတ်သူတို့ကြောင့် စိမ့်ကြီးမြိုင်ကြီး ပါးလျားစေကာမူ၊ နေပြောက်သည် အနည်းငယ်သာ ထိုး၏။ မည်သည့်ပန်း၏ ရနံ့ပါဟု အတတ်ပြော၍ မရသော်ငြား၊ ကိုးရေလျဉ်လေထုမှာ ပန်းနံ့သင်းနေ၏။ သွားသူ၊ ပြန်သူ၊ ထိုင်သူ၊ ထသူဖြင့် ဆပ္ပကျင်းရေလျဉ်မှာ လူအစည်းကားဆုံးဖြစ်သည်။ နတ်တဲ နတ်နန်းမရှိငြား နတ်အခမ်းအနားဖြစ်သည်။ နတ်အခမ်းအနား ဖြစ်ကာမှ ဖြစ်ရော နောက်ပြောင်မှုမရှိချေ။
ကိုရေလျဉ်တောကြီးမှာ အုတ်အုတ်ကျက်ကျက် လူသံများဖြင့် စည်ကားနေရာတွင် မကျီးဒန်၏ အသံ စူးစူးဝါးဝါးပေါ်လာသည်။
"ဟဲ့ ဘညိန်း၊ ဘညိန်း"
မကျီးဒန်အပါးတွင် မယ်မျှင်တို့ လင်မယားသာရှိသည်။ ဘညိန်းတို့မောင်နှမ မရှိပါ။

"ဘညိန်း မရှိဘူးလေ၊ ဘာခိုင်းချင်လို့တုံး"
မယ်မျှင်က အခြေအနေကို ရှင်ပြ၏။
"ဘညိန်း က အရေးမကြီးဘူး၊ အရေးကြီးတာက သူ့အစ်မချောစိန်"
မကျီးဒန် သည် သူဘေးရှိ ချောစိန် မည်သည့်အချိန်က ထသွားသည်ကို မသိလိုက်ပေ။ မောင်မောင်အေး၏ စကားတွင် အာရုံရောက်နေသောကြောင့် ဖြစ်သည်။ သည်ကိုးရေလျဉ်ကို ရမ်းဘိုကုန်း ကဲ့သို့သော တောင်အရပ် မှ လူများသာ လာသည်မဟုတ်ပေ။ မြောက်အရပ်မှလည်း လာသည်။ အရပ်လေးမျက်နှာ မှ လာသူများကြား တွင် ချောစိန် ကို ရှာဖွေရန်မလွယ်ကူပေ။ ချောစိန် သည်လှည်းပေါ်မှာ ကတည်းက လူအုပ်ထဲရှိ ကာလသားများထံ မျက်စိ ရောက်နေသည်။ ကာလသားအုပ်ထဲရှိ ထွန်ရထံသို့ မျက်စိအရောက် တွင်ကား ချောစိန် ဣနြေ္ဒရသွားတော့၏။

မယ်မျှင်မှာ ချောစိန်နှင့် အနေမနီးသော်ငြား၊ ရည်းစားရှိကြောင်းကား ရိပ်မိသည်။ ယခု လှစ်ခနဲ ချောစိန်ပျောက်သွားခြင်းမှာ ရည်စားနှင့်ချိန်တွေ့ခြင်းဖြစ်ရမည်ဟု ခန့်မှန်းသည်။ မကျီးဒန် ဟိုကြည့် သည်ကြည့် သမီးကို ရှာနေစဉ် မယ်မျှင်သည် မသိမသာထလာသည်။
သူ့တူမ ချောစိန် မည်သည့်နေရာတွင် ရှိနိုင်သနည်း။ မယ်မျှင်သည် ဆိတ်ကွယ်ရာကို ရှာသည်။ အင်းကြင်းပင် တစ်ပင်အောက်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ချောစိန်ကို ရိပ်ခနဲ မြင်သည်။ မယ်မျှင်ကိုလည်း ချောစိန်က မြင်သွားဟန်ရှိသည်။ ဒုတိယအကြိမ် လှမ်းကြည့်သောအခါ ချောစိန်ကို မတွေ့ရတော့ပေ။ သို့ရာတွင် ထိုနေရာသို့ မယ်မျှင်လာသည်။ ကျောက်တုံးကြားတွင် ၀ပ်နေသော တူမချော။

"အမေ့ကို ပြန်မပြောပါနဲ့ ထွေးလေးရယ်"
ချောစိန် က မယ်မျှင်ကို ဖက်ပြီးတောင်းပန်သည်။ ချောစိန့်ရည်စားထွန်ရမူ လက်အုပ်ချီမိုး ရှိခိုးပြီး တောင်းပန် သည်။
"ဒေါ်ကျီးဒန် မသိပါစေနဲ့ဗျာ"
မယ်မျှင် ကား အိမ်ထောင်ရှင်ဖြစ်သည်။ ရှေ့နောက် နှိုင်းချိန်၍လည်း စဉ်းစားတတ်ပေပြီ။ ထို့ကြောင့် အလေးအနက်ပြော ရတော့သည်။
"ဟဲ့ သမီးကိစ္စ မအေမသိလို့ ဖြစ်မလား"
"စိတ်ဆိုးပြီး ရိုက်မှာစိုးလို့ပါ ဒွေးလေးရယ်"
"အေး၊ ဆဲခါမှဆဲ၊ ရိုက်ခါမှရိုက်၊ အမေကိုတော့ ပြောရမှာပဲ၊ နေပါဦး၊ တစ်နေ့သောအခါမှာ အမေ တောင် မဟုတ်ဘူး၊ အဖေ့ကိုပါ အသိပေးရမှာ မဟုတ်လား"
"ဟုတ်တော့ ဟုတ်ပါတယ် ဒွေးလေးရယ်"
"ကဲ လာ၊ သွားကြစို့" မယ်မျှင် သည် ရည်းစားနှင့်ချိန်းတွေ့သောတူမကို မကျီးဒန်ရှေ့မှောက်သို့ ခေါ်လာသည်။

"ရည်စားနဲ့ချိန်းတွေ့တာကို တွေ့လို့ခေါ်လာသာ၊ အဲသည်လို ပွင့်ပွင့်လင်းလင်းပြောသာကို မထောက်ထားဘဲ ဆူလားပူလားမလုပ်နဲ့နော်"
မကျီးဒန်သည် သမီးကို စူးစိုက်ကြည့်၏။ မိမိက ယခုထက်တိုင် ကလေးဟုမြင်ထားသော သမီးသည် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် အရွယ်ရောက်နေပါပြီကော။
"အင်း ငါကတော့ ငါ့သမီး ငယ်သေးငယ်သေးနဲ့၊ လက်စသတ်တော့ မရွှေစာက ရည်းစားတောင် ရှိနေပြီကိုး"
သည် အချိန်ဝယ် ချောစိန်အလုပ်တတ်ဆုံ အပြုအမူမှာ ခေါင်းငုံ့ထားခြင်းသာဖြစ်၏။ ထိုအခါ မယ်မျှင် ၀င်ဖြေရသည်။

"ငါ့တူမရဲ့ ကောင်လေးက ဘယ်လိုခေါ်တုံး၊ ဘယ်ရွာကတုံး၊ ညည်းတို့ ဘယ်လိုလုပ်ပြီး တွေ့ကြ တာတုံး"
"သူ့နာမည် က ထွန်းရပါ ဒွေးလေး၊ တောင်ပစ်ကုန်းကပါ၊ ကျီးသိုက်ဘုရားပွဲမှာ တွေ့ခဲ့သာပါ ဒွေးလေး"
"သူ့မိဘကကော"
"ဦးအေးမောင် ဒေါ်လှသင်၊ ယာလုပ်သယ်၊ မုဆိုးလုပ်သယ်တဲ့ ဒွေးလေး"
မကျီးဒန် မဲ့ကာရွဲ့ကာ သူတပါးကို မှိုချိုး မျှစ်ချိုး ပြောတော့၏။
"ယာလုပ်သတဲ့၊ ယာလောက် မိုးခေါင်တဲ့အရပ်မှာ ယာလုပ်တော့မြက်ပဲ စားရမှာပေါ့၊ ဒါလောက် သစ်ကြီးဝါးကြီး မရှိသဲ့အရပ် မှာ မုဆိုးလုပ်တော့ကော ဖွတ်နဲ့ပုတက်ပဲ ရမှာပေါ့၊ ဟင်း ဟင်း ကြီးပွား ဦးမယ်"
မည်သို့ပင် မကျီးဒန်မဲ့ကာရွဲ့ကာ အငေါ်တူးစေကာမူ၊ ထွန်ရအကြောင်းကို စုံးစမ်းရပြီ။ ကျောက်ခဲ ကုန်းဘက်တွင် အသိမရှိစေကာမူ ထိုရွာဘက်၌ ကျွမ်းကျင်သော ညောင်ကုန်းသူ ညောင်ကုန်း သား၊ ရှားတောသူ ရှားတောသားများမှ တဆင့် စုံစမ်းကြည့်ရသည်။ အားရှိစရာ မကောင်းပါ။

ချောစိန်၏ရည်းစား ထွန်းရမှာ မသောင်သာသော မိဘ၏သားဖြစ်သည့်အပြင် မွေးချင်းကလည်း များသေးသည်။ မွေးချင်း စုစုပေါင်း သူပါဆိုလျှင် ခုနစ်ယောက်ဖြစ်သည်။ ထွန်းရအထက်တွင် မိန်းကလေးနှစ်ယောက် မိဦးနှင့် မိခြူးဟူ၏။ မိခြူးအောက်တွင် ထွန်းရ။ ထွန်းရအောက်၌ ထွန်းလှနှင့် ထွန်းမြ၊ မယ်ခင် မယ်ယဉ်။
မကျီးဒန် ရင်မောရသည်။ "ကံပေါ့အေ"ဟု ကံကို လွှဲချရသည်။ ကိုယ်ကိုယ်တိုင်က မဟာပထ၀ီမြေ ကြီးကို အိုးထိန်းစက်ပေါ် တင်ပြီး ထမင်းစားနေရစေကာမူ ကိုယ့်သမီးကို ကြွယ်ဝသူနှင့် အကြောင်း ပါစေချင်၏။ မကျီးဒန် မှာ င့ါသမီးလေး ငယ်လှသေးဟု အိမ်ထောင်ရေးကိစ္စ မသင်ပြမိ။ သို့ဖြစ် သောကြောင့် ကြိုက်မိကြိုက်ရာ ကြိုက် ကြပြီ။

သို့ကြောင့် မကျီးဒန် ရင်မောရသည်။ ရင်မောရသည့်ကိစ္စကိုမေ့ပျောက်စေကာ၊ လက်ငယ်းရောက် ရှိနေသော ကိုးရေလျဉ်ပွဲတော်ကို မကျီးဒန် အာရုံပြုသည်။ မောင်မောင်အေးတို့ ဘယ်ရောက်နေ ပါလိမ့်ဟု လည်ပင်းရှည်ကြည့်၏။
မောင်မောင်အေးသည် ဝေးဝေးမသွား၊ ရိပ်ခနဲ ရိပ်ခနဲ လှမ်းမြင်ရသည်။ သူသည် ပန်းကောက်အဖွဲ့ တွင်သူငယ်ချင်းများနှင့်တွေ့ကာ ဟားတိုက်ရယ်မောနေရာက မကျီးဒန်ထံ ရောက်လာ၏။
"အစ်မကြီးရဲ့ သားသမီးတွေကို ငယ်သေးတယ် ထင်မနေနဲ့နော်"
"တော်က ဘယ်မှာ ဘယ်လိုမြင်ခဲ့သတုံး"
သူ့အမေး ကို မောင်မောင်အေး ဖြေချိန်မရှိ။ မယ်မျှင်ကို လက်ဆွဲလျက် ပြေးထွက်သွားပြီး။ မကျီးဒန်၏ရှေ့ တွင်ကား မသာယာသော မျက်နှာဖြင့် ငေးမှိုင်နေသော ချောစိန်။

"ကဲပါ သမီးရယ်၊ ညည့်အဖေသိရင် ညင်ညင်သာသာဖြစ်အောင် ဘယ်လိုပြောမတုံး စဉ်းစားထား ပေါ့အေ၊ ကြိုပြီး စိတ်ညစ်မနေနဲ့"
မကျီးဒန်သည် သမီးကိုပြောရင်းက ထမင်းအိုးကို ဖွင့်သည်။ ဆွမ်းခူးသည်။ နီးရာစေတီတွင် ဆွမ်းတော်ကပ် လှူသည်။ ဘုရားဖက်တော့ အသက်ရှည်ဟူသော စကားသည်မှန်၏။ အကြောင်းမူ မကျီးဒန်မှာ ရတနာသုံးပါး ဖက်သို့ အာရုံရောက်မိသည်နှင့် စိတ်အေးချမ်းကြည်လင်လာရ သောကြောင့်တည်း။
"ဟဲ့ ထမင်းစားကြတော့မလား"
မောင်မောင်အေးနှင့် မယ်မျှင်တို့ ပြန်ရောက်လာသဖြင့် ဆီးကြိုမေးရာ မယ်မျှင်က "အစ်မနေ၊ ကျွန်မ ခူးပေးလိုက်မယ်" ပြောကာ ထမင်းအိုးနားကပ်သွားသည့် အခိုက် မောင်မောင်အေးက မကျီးဒန်ကိုပြော၏။

ချောစိန် က အရွယ်ရောက်လို့ ရည်စားထားသာ ရှိစေတာ့။
သို့သော် မောင်မောင်အေး သည် မယ်မျှင်ခူးလာသော ထမင်းကို လှမ်းယူရသဖြင့် စကားပြတ်သွား လေ၏။
"ကိုမောင်မောင်အေး တော့်စကားက ဘာတုံး၊ ချောစိန်က အရွယ်ရောက်လို့ ရည်စားထားတာ ရှိစေတော့ ဆိုတော့၊ ဘညိန်း ဘာဖြစ်သတုံဟင်၊ ကျွန်မသားလေး ရည်းစားသနာ ရှိပြီလား"
မကျီးဒန် အသက်ရှူမှားမတတ်ဖြစ်လာသောအခါ မောင်မောင်အေးသည် လက်ဝါးပေါ်တင်ထား သည့်ထမင်းအောက်ခံ ကျွန်းရွက်ကို မျက်နှာပြင်ညီညာ သည့် ကျောက်တုံးပေါ်သို့ ပြောင်းရွှေ့ချ ထား၏။

"ဟုတ်သယ် မကျီးဒန်ရေ၊ ခင်ဗျာ့သားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားသဗျ"
"အလိုလေးတော်"
မကျီးဒန် ရင်ဘတ်ကိုဖိငြား၊ မောင်မောင်အေးက အပြောမရပ်။
"သာစည်ရွာက ကျုပ်သူငယ်ချင်းရဲ့နှမ လှမေတဲ့ဗျား၊ သူ့မိဘတွေကတော့ မိရိုးဖလာ လယ်သမား ချောင်းသမားပဲ"
"ကိုမောင်မောင်အေးရယ်၊ ကိုသိုလ်လိုချင်လို့ ဘုရားပွဲကိုလာတော့မှပဲ၊ အနို့နေပါဦး၊ မိန်းကလေး ရဲ့မိဘက ဘယ်သူတွေတုံး"
"ကိုပန်းဆီ မပန်းဥတဲ့၊ သားသမီးသုးယောက်မှာ လှမေက အငယ်ဆုံး"
မကျီးဒန်မှာ နားတွေ အူလာ၏။ ကိုးရေလျဉ်၏ အအေးဓာတ်သည် မကျီးဒန်အတွက် မဟုတ်လေ ယောင်။

၁၁

မယ်မျှင် သည် ကိုးရေလျဉ်မှအပြန်တွင် သူ့အမေ မယ်ကြွယ်စိုး၏ အခြေအနေကို အားမရ သဖြင့် မောင်မောင်အေးထံ ခွင့်တောင်းပြီး အမေ့ထံပါးတွင် နေခဲ့၏။ မယ်ကြွယ်စိုးမှာ အမှတ်တမဲ့ကြည့် လျှင် လူကောင်း ထင်ရငြား၊ မကောင်းပေ။ အိမ်ချင်းကပ်နေသော သားနှင့် ချွေးမကိုမသိသည့် နည်းတူ မယ်မျှင် ကိုလည်း "ညည်းက ဘယ်သူ့သမီးတုံး" မေးနေသည်။ သို့ကြောင့် မယ်မျှင် သည်မောင်မောင်အေးထံတွင် မျက်ရည်လည်ရွဲဖြင့် တောင်းပန် ရသည်။
"အမေ့အခြေအနေ မကောင်းဘူး မောင်ကြီး"
"အေးပါကွယ်၊ ငါလည်း ခွင့်ယူလို့ရင် လာခဲ့ပါမယ်"
ထိုသို့လျှင် မယ်ကြွယ်စိုး၏အပါးတွင် မယ်မျှင် ရောက်နေသောအခါ ကိုဆေးရိုးမှာ လယ်ပြင်သို့ သွားသာ၏။ ကိုဆေးရိုးမှာ သားလူပျိုပေါက်ရှိသော်ငြား၊ စိတ်မချရ။ လယ်ပြင်တွင် ငန်းပြား စိုက်ထားခဲ့ပြီး ဝေးဝေးလံလံ လယ်ပွဲသို့သွားကာ လူပျိုလှည့်နေတတ်သဖြင့် စိတ်မချ။ ကိုဆေးရိုး သည်သူ့ဇနီး မကျီးဒန် ပူစောင့် ပူပန်ဖြတ်တတ်သဖြင့် ဘညိန်းအကြောင်းကို ပြောမပြပေ။ သားအကြောင်းကို အတန်အသင့် သိထားငြား၊ သမီးအကြောင်း ကို မသိပေ။ မသိသောကြောင့် လည်းကန့်လန့်တင် နှမ်းပင်ပေါက်များကို ကြည့်လျက် ကြည်နူးချမ်းမြနေရခြင်း ဖြစ်၏။

"မပြေးသော် ကန်ရာရှိနိုင်ပါ့မလားဗျ၊ ဒွေးနှစ်ဖော် သံဝါညှိစဉ်က တန်ပါဘိရယ်တဲ့ မဘို့မယ်"
လူချင်း မရင်းနှီးသော်ငြား၊ လယ်ပွဲ သုံးပွဲကျော်က သီးကုန်းသား၏ လွမ်းလွမ်းဆွေးဆွေး ဟစ်လိုက် သောအသံဖြစ်မှန်း ကိုဆေးရိုးသိ၏။ ထိုအခါ မန်းကျည်းပင်ပု ဘုန်းကြီးကျောင်းအနီးရှိ ယာထဲမှ ကိုကျော်အေး ကို သတိရသည်။ ဤသို့ဖြင့် မရီးဖြစ်သူ မယ်ငြိမ်းစည်ကို ပြေးပြီး မြင်ယောင်သည်။
အစ်ကိုငထွန်းကား သည် မယ်ငြိမ်းစည် ကို ချဉ်သည်ခါးသည် မပြောငြား၊ အရေးတကြီးကား တန်ဖိုးမထားပေ။ ယခု ရေနံချောင်း သို့ သူတို့ ပြောင်းသွားခြင်းသည် မည်သူ့အကြံနည်း၊ မန်ကျည်းပင်ပုတွင် နာမည်ပျက်လွန်း သဖြင့် မယ်ငြိမ်းစည် တောပြောင်းခြင်းလော။ ငထွန်းကား နယ်သစ်ရှာခြင်းလော။

ကိုဆေးရိုးသည် လယ်ပွဲအဆုံးရှိ မြောင်းပေါင်ပေါ်တွင်ရပ်လျက် တောင်အရပ်သို့ မျှော်ကြည့်နေ သည်။ မည်းမည်း အရာတစ်ခုကို မြင်သည်။ ထိုအရာသည် တဖြည်းဖြည်း ကြီးလာငြား၊ ကိုင်းတော အစပ် တွင် ပျောက်ကွယ်သွား၏။ ကိုဆေးရိုး မျှော်ကြည့်ခြင်းမှာ ထိုအရာသည် သူ့သား ဘညိန်း ဖြစ်လေမည်လော မျှော်လင့်ချက်ဖြင့် ကြည့်ခြင်း ဖြစ်၏။
ယခု ဘညိန်း မဖြစ်သဖြင့် ကိုဆေးရိုး သက်ပြင်းချ၏။ လှမေအမည်ရှိသော သည်မိန်းကလေးကို မည်သို့ သိသနည်း။ မည်သို့ငြိသနည်း။ ကိုဆေးရိုး တွေးရင်း ငေးသည်။ ငေးရင်းက တစ်ဖက် လယ်ပွဲသို့ ဆင်းခဲ့သည်။ ပျိုးခင်းသော် မျှ မထွန်းရသေးပါတကား။

လယ်ရှင်သည် လယ်လုပ်သူကို လယ်ထဲမဆင်းရန် တားမြစ်ခြင်းဖြင့် သူရင်းငှားအသစ်ချထားရန် ကြိုးစားခြင်းလော။ လယ်ရှင်သည် တရုတ်လော၊ ကုလားလော၊ ချစ်တီးလော၊ မြန်မာမြေပိုင်ရှင် လော၊ ကိုဆေးရိုး မသိပါ။ ကိုဆေးရိုးသိသည်မှာ နှမ်းကြဲသည်ဖြစ်စေ၊ မကြဲသည်ဖြစ်စေ ပျိုးခင်းအ တွက်ကား ထွန်သင့်ပြီ။
ကိုဆေးရိုး သည် ထိုလယ်ပွဲတွင်ရှိနေရမည့် ပျိုးခင်းထွန်ရေးကို မတွေ့ရသောကြောင့် စိတ်ထင့်ခဲ့ ၏။ သို့ရာတွင် ခွေးကတက်လယ်ပွဲ၊ ဖားပြုတ်ပင်လယ်ပွဲ၊ ဥနှဲပင်လယ်ပွဲနှင့် အခြားလယ်ပွဲသုံးခုမှာ ပါပျိုးခင်းထွန်ရေး မတွေ့ရသောအခါ ဥပေက္ခာတရား ရင်တွင်ပိုက်တော့သည်။

"တို့လယ်သမားတွေရဲ့ ဘ၀ကတော့"
ကိုဆေးရိုးသည် ဤမျှထက်ပိုပြီး မသုံးသပ်တတ်ပါ။ ရွာတံခါးသို့ ၀င်မိလျှင်ဝင်မိချင်း အိမ်ဘက် သို့လှမ်းကြည့်သည်။ ကြားနေကျမကျီးဒန်၏ အိုးပုတ်သံကို မကြားရပြန်သောအခါ ရင်ထဲ၌ ဟာ၏။
"မအေ မအားလဲ သမီးပုတ်ရမှာပါ၊ အခုတော့"
အမှန်ပင် မကျီးဒန်၏ ကန္နားဖျင်းမှာ တိတ်ဆိတ်နေ၏။ မကျီးဒန်ချက်ပြုတ်လုပ်ကိုင်နေသလော။ သို့ဆိုက သမီးကြီး အဘယ်မှာနည်း။ မယ်ကြွယ်စိုးသည် မကျီးဒန်၏ အမေရင်းမဟုတ်စေကာမူ အနေနီးသဖြင့် အမေရင်း သဖွယ် ဖြစ်နေ၏။ သူ့ထံတွင် မယ်မျှင်ရောက်ပြန်သော်လည်း ပစ်မထား နိုင်။ အမေမယ်ရွှေအိမ်ကလည်း "ကိုယ့်ယောက်ျား ရဲ့ အမေကိုယောက္ခမလို့ သဘောမထားနဲ့။ အမေရင်းလို သဘောထား၊ ဆက်ဆံပါ"ဟု မှာကြား သည်။ ထို့ကြောင့် မယ်ကြွယ်စိုးထံ မကျီးဒန် သွားသည်။ မယ်မျှင်ထံတွင် တိုးတိုးတိတ်တိတ် စုံစမ်း ရသည်။

"ဘယ့်နှယ်နေသတုံး"
"လျှက်မန်းရည် တစ်ပန်းကန်တော့ ကုန်လုနီးပါးပဲ"
လျှက်မန်းရည် တစ်ပန်းကန် ဆိုသည်မှာ မနည်းပေ။ ထို့ကြောင့် ၀မ်းသာအားရ ပြန်ဆင်းလာသော အခါ သမီးကြီးမရှိချေ။ ခုနက အိုးပုတ်မည့်ယောင်ယောင်၊ မြေနင်းမည့်ယောင်ယောင် လုပ်နေ သည်။
"ဘယ်သွားလိုက်ပါလိမ့်"
ရွက်အိုးများ တန်းစီထားသည့်စင်တွင် ရေအိုးတစ်လုံး လျော့နေသည်။ ရေမှုတ်အသစ်လည်း ပျောက်နေသည်။
"ဧကန္တ ရေခပ်ဆင်းသွားတာ ဖြစ်ရမယ်"
ချောစိန် ရေခပ်ဆင်းရာ တွင် ရိုးရိုးမဆင်းပေ။ တောင်ဖျားကလှရီ လာခေါ်မှ လိုက်သွားသည်။ လှရီ ကလည်းအကောင်းခေါ်ခြင်း မဟုတ်။ သူ့ထံသို့ ထွန်းရရောက်လာသောကြောင့် ထွက်လာခြင်း ဖြစ်သည်။ လက်ယက်တွင်းတွေ က နက်ကုန်ပြီ။ သို့ကြောင့် ချောင်းလယ်ဘက်သို့ ရွှေပြီး တွင်း ယက်ကြ ရေခပ်ကြရသည်။ ထွန်းရမှာ လက်ယက်တွင်း ဟောင်းထဲ ၀င်နေကာ ချောစိန်ကို စောင့်ရ သည်။ သဲပြင်ပေါ် ပြောင်ကြီး တွင် မနေရဲ။ သို့ဆိုပါက ချောစိန်နှင့်လည်း စကားပြောလမ်း မရှိ။

ချောင်းလယ်ရေစီးအနီးတွင် ရေဆုတ်သွားသော တွင်းဟောင်းရှိသည်။ ရေခပ်ဆိပ်တွင် လူပါးချိန် မို့ တွင်းဟောင်းထဲသို့ ထွန်းရအေးအေးဆေးဆေး ၀င်နေရဲသည်။ သို့သော် မကြာခဏကား ခေါင်းဖော်၍ ကြည့်ရသည်။
ချောင်းလယ် က သောင်တွင် ဆင်နီပင်နှင့် ကိုင်းပင်များ "တလိန်းထိုး"နေကြ၏။ လေဝှေ့လျှင် ရှဲခနဲ မြည်သော အသံ ကိုပင် ထွန်းရ လန့်နေရ၏။
ဤသို့ရှိစဉ် သူရှိသောတွင်းဘေးသို့ ချောစိန် ရောက်လာ၏။ သူခေါင်းဖော်ရုံ ဖော်သည်။ တွင်းဟောင်း ထဲတွင် နှစ်ယောက် ချောင်ချိစွာ ထိုင်နိုင်ငြား၊ မခေါ်ရဲ။
"ချောစိန် နေကောင်းလား"
"နေကောင်း လို့ ရေခပ်ဆင်းလာတာပေါ့တော့်"
အငေါ်တူးသည့် စကား၊ ပြေပြေပြစ်ပြစ်မရှိသောစကား ဖြစ်စေကာမူ ထွန်းရနားထဲတွင် သာယာလှ သည်။

"နင်တို့လယ်မှာ ပျိုးခင်း ထွန်ပြီလား"
"မသိတော့လားတော်၊ ကျုပ်မှ လယ်ပြင်မရောက်သာ"
"အေ ဟုတ်လား၊ နှမ်းပင်တွေကော အပေါက်စုံပြီလား"
"မသိဘူး"
ငုတ်တုတ်ကြီးထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် တိတ်ဆိတ်စွာ ကြည့်မနေရရန် လျှောက်မေးရငြား၊ ထွန်းရ သည် လယ်သမားမဟုတ်၊ ဥယျာဉ်သမားသာ ဖြစ်၏။
"တစ်ဝါကျွတ်ပြီး၊ နောက်တစ်ခါ နီးလာပြန်ပြီ ချောစိန်"
"အဲသာ ဘာဖြစ်တုံး"
"နင်နဲ့ငါနဲ့ နီးဖိုးကောင်းပြီဟ၊ ကြာရင် လူပျိုကြီး အပျိုကြီးတွေ ဖြစ်ကုန်တော့မှာပဲ"

"လူပျိုကြီး အပျိုကြီး ဘ၀ဟာ ဘယ်လောက် အေးသတုံး"
"မလုပ်လိုက်ပါနဲ့ဟာ တောင်းပန်ပါတယ်"
လက်နှစ်ဖက်ကို ကိုင်ပြီးတောင်းပန်စကား ဆိုချင်သော်ငြား၊ ထွန်းရမှာ တွင်းဟောင်းထဲက မတက်ရဲ။
"နင်သာ အပျိုကြီးလုပ်သွားရင် ငါတော့ရူးမှာပဲ ချောစိန်"
"တော်ပြောစရာက သာပဲလား၊ ဟိုမှာ ရေအိုးပြည့်နေပြီ"
"ငါပြောချင် သာကတော့ တောင်းဖို့ရမ်းဖို့အတွက် ကြောင်းလမ်းမယ့်လူကြီးတွေ ကနေ့ညနေ လွှတ်လိုက် ရမလား"
ချောစိန် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

"သည်မှာ ဘာမျှမပြောရ မဆိုရသေးဘဲနဲ့ တော်က အကြောင်းအလမ်းက လွှတ်မယ်ဆိုတော့၊ ဘာလဲ၊ လူကို ဟင်းရွက် ကန်စွမ်းရွက် မှတ်နေသလား"
"အမယ်လေးဗျာ မမှတ်ပါဘူးဗျာ၊ တောင်းပန်ပါသယ်"
ထွန်းရသည် တွင်းထဲမှ ခုန်ထွက်မတက် တောင်းပန်သည်။
"ချစ်လွန်းလို့ စကားအပြော လောကြီးသွားသာပါ။ တောင်းပန်ပါသယ်"
"နက်ဖြန် သည်အချိန် သည်နေရာကိုပဲ လာခဲ့ပေါ့၊ ကနေ့အမေတို့ အမေကြီးတို့ကို ပြောကြည့် မယ်လေ။ အခြေအနေကို နက်ဖြန်ကျမှ ပြောမယ်"
"အမယ်လေး၊ ၀မ်းသာလိုက်သာ ချောစိန်ရာ"

ထွန်းရသည် တွင်းဟောင်းထဲမှ ထရပ်ကာ ချောစိန်ကိုဖက်ငြား၊ ဖက်ခွင့်မရပါ။ ဆောင့်အတွန်းခံရ သဖြင့် တွင်းထဲသို့ ဖင်ထိုင်ကျသွား၏။ ချောစိန်မှာ လက်ဖျားဖြင့် အထိအခတ်ခံရသည်ကိုပင် ရှိန်းဖိန်းနေ၏။ သို့သော် အမေ့ထံ မည်ကဲ့သို့သော မျက်နှာထားဖြင့် ချဉ်းကပ်မည်နည်း။ မည်ကဲ့ သို့သောစကားကို စပြောမည်နည်း။
"အမေ သမီးမှာ ရည်စားရှိသယ်"ဟူ၍ ဆိုင်းမဆင့်ဗုံမပါပြောရမည်လော။
"အမေ သမီးလေ ရည်းစားနဲ့ချိန်းတွေ့တာ သူက"
အမေ့ထံ မည်သို့ချဉ်းကပ်ရမည်နည်း စိတ်ကူးလာသောကြောင့် ချောစိန်၏မျက်နှာမှာ ချို၍နေသ လော၊ မရွံ့မရဲပင်ဖြစ်နေသလော၊ ရေခပ်ချိန်မဟုတ်ဘဲနှင့် ရေခပ်ဆင်းခြင်းကိုက ပြောစရာ၊ သို့တစေ ချာစိန်မှာ စိတ်ကူးဖြင့် မောနေ၏။

အမေ့ထံသို့ မသွားဘဲ အမေကြီးထံ ဦးစွာချဉ်းကပ်လျှင် မည်သို့ ရှိမည်နည်း။ သူတို့သားအမိချင်း ပြောရဆိုရ အဆင်ပြေလွယ်မည်။
"ဟုတ်သယ်၊ အမေကြီးကို"
ချောစိန်၏ အတွေး မဆုံးပေ၊ စိတ်ကူးနှင့်အတူ အမေကြီးကို အိမ်ဘက်သို့ မျက်တောင်ကော့ကြီး တွေပင့်ကြည့်၏။
"ဟင်၊ အလို အို"
အမေကြီးတို့ အိမ်ပေါ်တွင် လူရှုပ်နေသည်။ ဆင်းကြတက်ကြသော မိန်းမတွေ၏ မျက်နှာထားမှာ စိုးရိမ်ကြောင့်ကြသော အမူအရာ များအထင်းသား ပေါ်နေသည်။ အမေကြီး အခြေအနေ မကောင်း  သေးလျှင် မိမိကိစ္စ လည်း ရွှေ့ထားဦးမှ။

ဆင်ဖြူကွန်းအောင်သိန်း
ပြီးပါပြီ
.

No comments: