ထိုအခါများတွင် အတော့်ကိုစိတ်မချမ်းမသာဖြစ်တတ်ရ သည်။ သို့သော် ရုပ်ရှင်ပြီးခါနီးလောက်တွင် လသာဆောင်ပေါ် အသာတက်နှင့်ပြီး ရုံလွှတ်လျှင် သူများ နောက်မှ ကိုယ်က ဖြည်းဖြည်းလေး ဆင်းလာကာ လူတကာမြင်အောင် လူလုံးပြ ကြွားဝါဖြစ်အောင် တော့ ကြွားဝါ တတ်စမြဲပင်။ ရုံစောင့် ကို ဘောက်ဆူးပေးသည့် အကြောင်း ကိုမူ မည်သူမျှ အသိမပေး။
ထိုအချိန်များကမူ ကျွန်တော့် ဘဝ တွင် အမှန်တကယ် အဖြစ်ချင်ဆုံးအရာမှာ အမြဲတမ်း လသာဆောင် ပေါ်မှနေ၍ ရုပ်ရှင်ကြည့်လိုခြင်း သာဖြစ်ချေသည်။ ကို ဆက်ဖတ်ရန်................ထိုနှစ်ထဲတွင်ကား ကျွန်တော့်အဖို့ လသာဆောင်မှ လည်း ရုပ်ရှင်ကြည့်နိုင်ခဲ့သည်။ ပြေးပွဲများတွင်လည်း အနိုင်ရခဲ့ သည်။ ဘင်ခရာများလည်း တီးနိုင်ခဲ့သည်။ အပြင်လျှောက်၍လည်း လည်ခဲ့ရသည်။ အားလုံး ပင် အဆင်ပြေပြေ ဖြစ်နေ သည်။ တစ်ကြိမ် တွင်မူ ညပြေးပွဲတစ်ခု၌ အပြေးပြိုင်ပွဲတစ်ဝက်ခန့်တွင် မီးများ ပျက်သွား သဖြင့် ကျွန်တော်သည် ဖြတ်လမ်းကို အသုံးပြုကာ ကွင်းထဲမှ ဖြတ်ပြေးခဲ့သည်။ သို့သော် တန်းတစ်ခုနှင့် တိုက်မိပြီး လဲကျ သွားစဉ်တွင် မီးများပြန်ပွင့်လာသဖြင့် ကျွန်တော့်ကိုပြိုင်ပွဲမှ ထုတ်ပစ် လိုက်ကြသည်။
သို့သော် ကျွန်တော်က ညဘက်မှာ အားကစားပွဲများလုပ်လျှင် လျှပ်စစ်မီးပျက်သော အခါ၌ ထိုပြိုင်ပွဲကို အလိုလို ဖျက်သိမ်း ပစ်ရမည်ဖြစ်ပြီး နောက်ပြိုင်ပွဲသစ်တစ်ခု ထပ်လုပ်ရမည့် ဥပဒေရှိ ရမည်ဟုပြောလိုက်သည်။ လူကြီး များ သည် ချောင်းဟန့်လိုက်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် လိုက် လုပ်နေကြသည်။ သူတို့သည်လည်း ဥပဒေ စည်းမျဉ်း များကိုပင် ကောင်းကောင်းနားမလည်ကြ ဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော်ကမူ ဘာရယ် မဟုတ် ခေါင်းထဲ ရှိတာကို ရုတ်တရက် ပြောချပစ် လိုက်ခြင်းသာဖြစ်သည်။ သို့သော် ပြေးပွဲ အသစ် ပြန်လုပ်ပေးခြင်း ခံလိုက်ရသည်။
ကျွန်တော်တို့အထက်တန်းတွင် ကျွန်တော်သည် ကျောင်းသားဥက္ကဋ္ဌဖြစ်ချင်လာစိတ် ပေါ်လာပြန်သည်။ ကျောင်းသားဥက္ကဋ္ဌဖြစ်ရေးမှာ မလွယ် လှပါ။ ကျောင်းတက်ရက်မှန်ပြီး အမျိုးသား ဂုဏ်ထူးဆောင် အသင်း၊ ပြင်သစ်ဘာသာကလပ်၊ သင်္ချာကလပ်နှင့် အခြား အကျိုးဆောင်အဖွဲ့အစည်း တစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်နေသည့် အထက်တန်းလွှာမှ သားသမီး တစ်ယောက်ယောက် ကိုသာ ရွေးချယ်တင် မြှောက်ခြင်း ခံရမြဲဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ကလည်း ကိုယ့် အဖွဲ့အစည်း ကိုယ်ရှာပြီး ဝင်ရတော့ သည်။
ကျွန်တော့်အဖွဲ့အစည်းမှာကား ဆိုးသွမ်းလူငယ်မျာဂိုဏ်း။ ထို့ကြောင့် ကပွဲလုပ်လျှင် အပြင်မှ ဝိုင်းဝိုင်းပြီး သွားရည်ယို တတ်ကြသော ထိုအုပ်စုဝင်များထံသွားပြီး ဆွေးနွေးရသည်။ သူတို့ခမျာများတွင် ဘာမှမျှော်လင့်ချက် မရှိရှာကြ။ မည်သူကမျှလည်း သူတို့အတွက် ဘာတစ်ခုမှ လုပ်မပေးခဲ့ကြ။ သူတို့ထံ သွားပြီး ကျွန်တော် လိုချင်သည့်အချက်ကို ပြောပြသည်။ သူတို့အတွက် ကိုယ်စားလှယ်အဖြစ်ဖြင့် ဆောင်ရွက်ပါရစေဟု၊ သူတို့ ကလည်း တညီတညွှတ်တည်း တင်မြှောက်လိုက်ကြသည်။ ထို့နောက် သူ တို့က ယခုရွှေးကောက်ပွဲမှာ တင်မြှောက်ခံရသော ဥက္ကဋ္ဌ ဘယ်သူမဆို ထွက်ကိုထွက်ပေးရမည်ဟူ သော စကားကို တစ်ဆင့်မှ တစ်ဆင့် ပြန့်အောင် ဖြန့်လိုက်ကြတော့သည်။ သို့နှင့် ကျွန်တော်သည် ကျောင်းသားဥက္ကဋ္ဌဖြစ်လာပါတော့သည်။
ယင်းသည်ပင် ကျွန်တော့်အတွက် အလှည့်အပြောင်းကာလ တစ်ခုဖြစ်လာပါသည်။ အခြားသူများ အတွက် တာဝန် ယူလုပ်ဆောင်ပေးရခြင်းဟူသော ခံစားမှုအသစ်တစ်ရပ် ပေါက်ဖွားလာပါသည်။ ပြေးပွဲ တွင်ကား ကျွန်တော် သည် ကျွန်တော့်တစ်ယောက်တည်းအတွက် ပြေးခဲ့ခြင်းဖြစ်ပေသည်။ ကျောင်း သားဥက္ကဋ္ဌအနေနှင့်မူ ကျွန်တော့် အဝတ်အစားသည် သန့်ပြန့်နေရပါမည်။ ဖိနပ်များ အမြဲတောက်ပြောင် နေရပါမည်။ ကျောင်းပြေး၍ မရ၊ ကျောင်းနောက်ကျ၍ မရ။ အိမ်သာထထဲ အလကားသွားထိုင်နေ၍မရ။ အတန်းထဲ ဆူပူလှောင်ပြောင်အော်ဟစ်နေ၍ မရတော့။ အစည်းအဝေးများသို့ တက်ရသည်။ မိန့်ခွန်း များ ပြောရန် ရေးရမည်။ တစ်ခါက လူဖြူတစ်ယောက် ကျွန်တာ့်ထံလာပြီး အထက်တန်းကျောင်းသားများ အတွက် လက်စွပ် များ တစ်ကွင်း လျှင် ဒေါ်လာနှစ်ဆယ်နှင့် လာရောင်းသည်။ ကျွန်တော်က ကျောင်း သားစာရင်းနှင့် တွက်ပြီး သူ့ကို အော်ဒါမှာပေးသည်။ ကျသင့်ငွေ ပိုက်ဆံကောက်ခံပေးလိုက်သည်။ သို့ သော် ကျွန်တော့် အတွက်ကား တစ်ကွင်းပင် မဝယ်နိုင်ခဲ့ပါချေ။
ကျွန်တော် ကောလိပ် ဆက်တက်ရေးနှင့်ပတ်သက်၍ အနီးအပါးကောလိပ်များမှ ထောက်ပံ့ကြေးများ စပေးသည့်ချိန် အထိ တစ်ခါဘူးမျှ စိတ်ထဲထည့်မစဉ်းစားခဲ့ဘူးပါ။ အမေကိုယ်တိုင်က သုံးတန်း မျှသာ အောင်ခဲ့သူဖြစ်ရာ၊ ကျွန်တော်လို အထက်တန်းကျောင်းအဆင့် အောင်မြင်ခဲ့ပြီးသူသည် မိသားစု အတွင်း တွင် အိပ်မက်ကြီး တစ်ခုပမာပင် ဖြစ်နေရပါသည်။ ကောလိပ်ဆိုသည်မှာ ငွေကြေးတတ်နိုင်သူ များ အတွက်သာ ဖြစ်ပါသည်။ အထက်တန်းကျောင်းအောင်မြင်လျှင်ပင် အလုပ်တစ်ခုခုတော့ ရနိုင် လောက်ပါသည်။ ကာလီဖိုးနီးယား မှ မက်ဆက်ချူးဆက်ပြည်နယ်အထိ ကောလိပ်ပေါင်း တစ်ရာကျော် တို့က ပညာသင်ထောက်ပံ့ကြေး များ ပေးပါသည်။
သို့သော် ကျွန်တော့်အောင်မှတ်များမှာ သူတို့ လို လားသည့် အမှတ်များထက် အဆမတန်ပင် နည်းနေပါသည်။ ကျွန်တော် သည် ထိုနှစ်က တစ်ခရိုင်လုံး ရှိ ကျောင်းသားဥက္ကဋ္ဌများထဲတွင် အမှတ် အနည်းဆုံးဖြင့် အောင်မြင်ခဲ့သော တစ်ဦးတည်းပုဂ္ဂိုလ်ဖြစ်ခဲ့ပါ သည်။ ထိုနှစ်တွင် ကျွန်တော် စာဖတ်ဖို့ ကြိုးစား ခဲ့ပါသည်။ သို့သော် စာဘယ်လိုဖတ်ရမှန်း ကျွန်တော် မသိခဲ့ပါ။ အပြေးလေ့ကျင့်ပြီးနောက် ည ၈ နာရီလောက် ရောက်သောအခါ မီးဖိုချောင်ထဲတွင် စာဖတ်ဖို့ ကြိုးစားပါသည်။ ညသန်းခေါင်လောက်အထိ စာဖတ်ရန်ဖြစ် ပါသည်။ စာတစ်မျက်နှာကို တစ်နာရီ လောက် ဖတ်ပါရစေ ဖတ်ပါမည်။ စာလုံးတစ်လုံးစီကို လိုက်ပြီး ထိုင်ဖတ်နေပါသည်။ သို့သော် စာလုံး များသည် ညီးစီစီဖြစ်လာပြီး ကျွန်တော့်စိတ်သည် အရပ်ရှစ်မျက်နှာ သို့သာ ရေစုန်မျောပြီး လွင့်မျောနေ ပါတော့သည်။
သို့သော်ကိစ္စမရှိ။ ထိုနှစ်သည်လည်း ကျွန်တော့်အတွက် ဖြစ်နေပါသေးသည်။ နည်းပြဆရာ "စိန့်ဂျိမ်းစ်" သည် တောင်ပိုင်း "အီလီနွိုက်စ်" ပြည်နယ် တက္ကသိုလ်သို့ ပြောင်းသွားရရာ သူက ထိုတက္ကသိုလ်သို့ ကျွန်တော် ဝင်ခွင့် ရရန် လုပ်ပေးမည်ဟု ပြောခဲ့သည်။ သူက ထိုကျောင်းသည်ပင် ကျွန်တော့်အတွက် အကောင်းဆုံးကျောင်းဖြစ်မည်ဟု ထင်ခဲ့သည်။ ကန်သေးသေးလေးမှာ ငါးကြီးကြီးနေသင့်သည်ပေါ့။ ထို တက္ကသိုလ် က ကျွန်တော့်ကို ဝင်ခွင့်စာမေးပွဲဖြေစေချင်သည်။
သို့သော် ကျွန်တော့်ကတော့ ဖြေလျှင် ကျမည်ကို သိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် ဆရာ့ကို ကျွန်တော် ပြောရ သည်။ ဆရာ့အနေနှင့် ကျွန်တော့် ကို ပြေးလမ်းထဲတွင် မြင်နေစေချင်သေးလျှင် ကျွန်တော့်ကို စာမေးပွဲဖြေ မခိုင်းပါနှင့်ဟု။ ထို့ကြောင့် သူက ကျောင်းသားရေးမှူးထံ လွှတ်လိုက်သည်။ သို့နှင့် ဝင်ခွင့် စာမေးပွဲ မဖြေရဘဲနှင့် ကျွန်တော် ကျောင်းတက်ခွင့်ရလာပါတော့သည်။ အားကစားထောက်ပံ့ကြေးဖြင့်။ ကျောင်းတက်စ ပထမလေးလ လောက်တွင် အမှတ်များမကောင်းသဖြင့် စာမေးပွဲမှမအောင်လျှင် ထွက်ရတော့မည်ကဲ့သို့ ဖြစ်လာ သည်။ သို့သော် ဤတစ်ချီတွင် လည်း ဖိုးသံချောင်းကြီး ဂရီဂိုရီ သည် စာမေးပွဲအောင်နိုင်ခဲ့ပါသည်။
ကျွန်တော် စာလည်းမကျက်။ ပြေးပွဲများအတွက်လည်း မလေ့ကျင့်။ ခြေထောက်ကို ပတ်တီးများစည်း ပြီး ခြေထောက် နာလွန်းသဖြင့် မပြေးနိုင်ပါဟု ဆရာ့ကို ပြောထားသည်။ အပြင်သို့ ညဥ့်နက်အောင် လည်သည်။ ကပွဲတက်သည်။ လသာဆောင်သို့ ကောင်မလေးတွေ ခေါ်တင်သွားသည်။ ဘီယာ သောက်သည်။ စီးကရက်ဘူးများပင် ဝယ်သောက်တတ်နေပြီ။ ကျောင်းသား ဒုတိယဥက္ကဋ္ဌကိုသာ အစည်းအဝေးများသို့လွှတ်ပြီး တက်ခိုင်း သည်။ ဆရာများက အစည်းအဝေးမိန့်ခွန်းရေးပြီးပြီလားမေး လျှင် ရေးနေပါသည်။ မနက်ဖြန်ပြီးပါ မည်ဟု ပြောပစ်လိုက်ပါသည်။ သို့နှစ် မနက်ဖြန်ပေါင်းများစွာကိုပင် ကုန်လာချေသည်။ ကျွန်တော်က စင်ပေါ် တက်ပြီး ဟာသများပြောရုံနဲ့ ပြီးမှာပဲဟုသာ တွက်ထားသည်။
ကျွန်တော်က ကျွန်တာ့်ကိုယ် ကျွန်တော် အတော်အထင်ကြီးနေမိသည်။ တကယ့်ထင်တစ်လုံးနှင့်။ ဂရီဂိုရီမိသားစုထက် ကြီးမြင့်သော၊ ကျောင်းထက်ကြီးမြင့်သော ဘုရားသခင်ပင် တစ်ဆင့်ပဲလောက် ထင်နေမိ သည်။ အထက်တန်းကျောင်းပြေးပွဲ၊ နောက်ဆုံး ဗိုလ်လုပွဲအတွက် သစ်တောဥယျာဉ်သို့ လမ်း လျှောက် အသွားတွင် တစ်လမ်းလုံးရှိ သတင်းစာဆိုင်များမှ သတင်းစာများတွင် မျက်နှာဖုံး၌ စာလုံးမဲ ကြီးများဖြင့် "စိန့်လူဝီ ရာဇဝင်တွင် အကောင်းဆုံး အပြေးသမားအဖြစ် ဒစ်ဂရီဂိုရီက စံချိန်တင်လိုက် ခြင်း"။ "ပြည်နယ်ပြိုင်ပွဲတွင်ပါ ဒစ်ဂရီဂိုရီနိုင်လိုက်ခြင်း" စသည်တို့ကို တွေ့နေခဲ့ရသည်ကို မှတ်မိလိုက် ပါသေးသည်။
ထိုရက်သတ္တပတ်တစ်ခုလုံးတွင်ကား သတင်းစာတိုင်းတွင် ကျွန်တော့်အကြောင်းများသာ ပါလာနေ သည်။ ဘယ်လိုပြေးခဲ့ပုံ၊ ဘယ်လို အနိုင်ယူခဲ့ပုံ၊ ထိုစကားလုံးများသည် ကျွန်တော့်စိတ်ထဲတွင် စွဲမြဲနေ သည်။ လေ့ကျင့်စရာ ပင် မလိုတော့ဟု ထင်လာသည်။ ပြေးကွင်းရောက်သောအခါ ဘင်ခရာအဖွဲ့ရော ဓာတ်ပုံဆရာ၊ သတင်းစာ ဆရာများရော လူအုပ်ကြီးပါ ကျွန်တော့်ကို စောင့်နေသည်ကို တွေ့ရသည်။ ထိုပြေးပွဲတွင် ကျွန်တော် "၁၇" နံပါတ်သာ ချိတ်ပါသည်။
ကျွန်တော့်ကိုယ် ကျွန်တော်ပင် မယုံ။ လူတိုင်းကလည်း မယုံကြ။ ကျွန်တော် ပန်းတိုင်ရောက်သောအခါ ကျွန်တော့်အရင် ဆယ့်ခြောက်ယောက်မျှ ပန်းဝင်ခဲ့ပြီြး့ဖစ်နေသည်ကို သိလိုက်ရသည်။ ဆရာက အတော် စိတ်မကောင်းဖြစ်သွားသည်။ သတင်းထောက်များကလည်း အလိုမကျ ဖြစ်သွားသည်။ ကျွန် တော်ကတော့ ရှက်လှသည်။ သတင်းစာခေါင်းစဉ်များတွင် ပြေးပွဲဘယ်သူနိုင်သွားသည်ပင် မထည့်ကြ။ "ဒစ်ဂရီဂိုရီ ၁၇ နံပါတ် ချိတ်ခြင်း" ဟူ၍သာ။ ကျွန်တော် ကျောင်းပြန်လာသည်။ သူတို့က ကျွန်တော့်ကို စကားပြောခိုင်းသည်။ ပခုံး ကိုသာ အသာတွန့်ပြပြီး လျှောက်ပြန်ခဲ့သည်။ ရှုံးနိမ့်သောအခါ၌ကား စိတ် ဓာတ်ဓါတ် အတော်ကျ သွားတော့ သည်။ အမေ့ထက်ကြီးမြင့်သူ၊ ဆရာတွေထက် ကြီးမြင့်သူ၊ ဘုရားထက် ပင် ကြီးမြင့်သူတဲ့လား။ ဤတစ်ချီ တွင်လည်း ကျွန်တော့်အတွက် မှားခဲ့ပြန်သည်။ ကျောင်းဆင်းပွဲမတိုင် မီ တစ်ရက်တွင် အင်္ဂလိပ်ဆရာ များထဲ မှ နှစ်ယောက်က ကျွန်တော့်ကို မိန့်ခွန်းစာရွက် လာပေးသည်။
ကျွန်တော် သည် စင်မြင့်ပေါ်တက်ခဲ့သည်။ တစ်ကမ္ဘာလုံးပင် အသက်ပြင်းပြင်းမရှူဝံ့ကြဟု ကျွန်တော် ထင် လိုက်မိသည်။ ကျောင်းအုပ်ဆရာကြီးက ကျောင်းအရောင် အမှတ်တံဆိပ်မှာ ကျွန်တော့် ကိုယ်ပိုင် မိန့်ခွန်း လို ဖြစ်လာတော့သည်။
"ကမ္ဘာဦးအစ ကတည်းက လူတွေဟာ သင်္ကေတာတွေ သုံးလာခဲ့ကြတယ်ဆိုတာ အားလုံးသိကြပါလိမ့် မယ်"
တစ်ခန်းလုံး ပင် ငြိမ်ကျသွားကြသည်။ အပ်ကျသံပင် မကြားရတော့။
"ကျောက်ထက် အက္ခရာတင်တဲ့စာတွေကို ရှေးဟောင်းသုတေသနသမားတွေ သွားတူးဖော်မိကြတော့ လူဟာ သူ့အတွေးအခေါ် နဲ့ သူ့ရာဇဝင်ကို သင်္ကေတနည်းနဲ့ ဖော်ထုတ်ပြဖို့ ကြိုးစားခဲ့တယ်ဆိုတာ သိ လိုက်ရပါတယ်…"
ဆရာတွေ က အံ့သြနေကြသည်။ ကျောင်းသားများမှာမူ ပါးစပ်အဟောင်းသား။
"ကြက်ခြေခတ်ကိုပဲကြည့်။ ခရစ်ယာန်ယဉ်ကျေးမှုမှာ အထင်ရှားဆုံးသင်္ကေတ၊ လင်းယုန် ဒီမိုကရက် တစ် သင်္ကေတ" သူတို့အားလုံး ကျွန်တော့်ကို ရှေ့သို့ခါးကိုင်းပြီးပင် နားထောင်နေကြသည်။ ပြေးလာပြီး ထဖက်ကြတော့ မလိုပင် "လူတစ်ယောက်နဲ့တစ်ယောက် သဟဇာတ ညီညီမျှမျှ နေထိုင်ကြဖို့အတွက် ကြိုးပမ်းထား တဲ့ လူ့ သင်္ကေတ၊ ကျွန်တော်တို့အားလုံးဟာ မဟာသင်္ကေတ အတွေ့အကြုံကြီးတစ်ခုအတွက် ဒီနေရာ မှာ စုရုံး နေကြပြီ။ အရောင်များနေ့။ ဒီအထက်တန်းကျောင်းကြီးရဲ့ မရန်းစေ့ရောင်နဲ့ အဖြူရောင်။ ဒီ သင်္ကေတ အရောင်ဟာ နှစ်ပေါင်းများစွာ ကြာမြင့်အောင်ပဲ လူတော်တော်များများရဲ့နှလုံးသားတွေမှာ အလျှံညီး ညီး တောက်လောင်ခဲ့ပြီးပါပြီ။ ခုကျွန်တော်တို့လည်း ဒီအမွေကို ဆက်လက် ဆက်ခံကြရအောင်။ ကျွန် တော်တို့ အခု အဖြူရောင် နဲ့ မရမ်းစေ့ရောင် ဝတ်စုံတွေ ဝတ်ခဲ့ကြရတယ်။ ဒီသင်္ကေတအရောင်နဲ့ပဲ ဖတ် ရှုသင်ကြား နာယူ စဉ်းစားခဲ့ကြပြီး တစ်နှစ်တာ ကြီးပြင်းခဲ့ကြရပြီ။ နောက်လာမဲ့ နှစ်တွေမှာလည်း ဒီလို ဝံ့ကြွားတဲ့ ဂုဏ်သရေကို ဆက်လက် ထိန်းသိမ်းကြပါဦးစို့"
ကျွန်တော့်အပြော ဆုံးတော့မှပင် အားလုံး၏အသက်ရှုထုတ်သံများကို ကြားလိုက်ရပါသည်။ ကျွန်တော့် ကို ချီးကျူးကြ၏။ အော်ဟစ်ကြ၏။ ဆိုးသွမ်းလူငယ်လေးများလည်း ခုန်ပေါက်နေကြသည်။ ဆရာများ က ပြုံးနေကြပြီ။ တစ်ယောက်နှင့် တစ်ယောက် လက်ဆွဲနှုတ်ဆက်နေကြသည်။ အမေ့ကို ကျွန်တော် ငုံ့ ကြည့်လိုက် သည်။ အမေ့မျက်လုံးအိမ်တွင် မျက်ရည်များဖြင့် ပြည့်လျှံနေသည်။ နှုတ်ခမ်းသားများက လှုပ်နေသည်။ သူတစ်ယောက်တည်းနေပြီး "ဘုရားသခင် ကျေးဇူးတော်ပါပဲ" "ဘုရားသခင် ကျေးဇူး တော်ပါပဲ" ဟု ရွတ်ဆိုနေစဉ်က ပုံဟန်ပန်မျိုးဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။
""
(၇)
၁၉၅၃ ခုနှစ်၊ အီလီနွိုက်စ်ပြည်နယ်၊ ကာဘွန်ဒေးလမ်းတွင် လမ်းလျှောက်နေစဉ် လူဖြူတစ်ယောက် သည် ကျွန်တော့်လက်မောင်း ကို လာဆုပ်ကိုင်ပါသည်။
"ဒစ်ဂရီဂိုရီလား"
"ဟုတ်ပါတယ် ခင်ဗျာ"
"ခင်ဗျားကတော့ ကျွန်တော့်ကိုသိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်သားကတော့ ခင်ဗျား ပြေးပွဲတိုင်း အမြဲလာကြည့်တတ်ဗျ၊ သားက ဟောဟိုက ကားထဲမှာ ထိုင်နေပါတယ်။ သူက ဂျိုင်းထောက်မပါဘဲ လမ်းမလျှောက်နိုင်ရှာဘူးဗျာ၊ တကယ်လို့ သူ့ဆီ ခင်ဗျား သွားနှုတ်ဆက်ပြီး သူ့မှတ် တမ်းစာအုပ် မှာ ခင်ဗျား သွားရေးပေးမယ်ဆိုရင် ကျွန်တော် သိပ်ကျေးဇူးတင်ရမှာပဲဗျာ၊ ခင်ဗျား ဒါလေး လုပ်လိုက်ရုံ နဲ့ သူ့ခမျာ သိပ်ခံစားသွားရမှာ သေချာပါတယ်ဗျာ"
"ကျွန်တော် လုပ်ပေးပါ့မယ်"
ကျွန်တော် တို့ ကားဆီသို့ လျှောက်သွားကြပြီး ကားရှေ့တံခါးကိုဖွင့်လိုက်ကြသည်။ ကောင်လေးမှာ အသက် ကိုးနှစ် အရွယ်ခန့်မျှရှိပြီး ပိန်သေးသေးလေးပင် ဖြစ်သည်။
"ဂျွန်… ဒါက ဒစ်ဂရီဂိုရီလေ၊ သူက မင်းကို နှုတ်ဆက်ချင်လို့တဲ့"
ကျွန်တော်က ကုန်းပြီး သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ့ခြေထောက်များမှ သတ္တုချောင်းလေး များ တွယ်ကပ်တပ်ဆင်ထားရှာရသည်။
"ငါ မင်းနဲ့ တွေ့ရတာ သိပ်ဝမ်းသာတာပဲ ဂျွန်၊ မင်းအဖေက ပြောပြတယ်၊ မင်းက ငါ့ရဲ့တကယ့်ပရိသတ် ပဲတဲ့၊ မင်း အမြဲ လာအားပေးတတ်ဆို၊ မင်း သတိတဲ့အတိုင်း ငါတို့က အားပေးတဲ့ ပရိသတ်ပိုများလေ ပို မြန်မြန် ပြေးနိုင်လေ ပဲကွာ" ကောင်လေး မှာ ရှက်ပြုံးကလေး ပြုံးလိုက်သည်။ ထို့နောက် သူ့မှတ်တမ်းစာအုပ်ကလေးကို ထုတ်လိုက် ပြီး "ကျွန်တော့်ကို ဒီမှာ လက်မှတ်ထိုးပေးပါလားဟင်" "ထိုးပေးမှာပေါ့ ဂျွန်ရယ်၊ ဒါနဲ့ ခဲတံပါလားဟင်"
ဂျွန်တွင် ခဲတံ မပါခဲ့ပါ။ အဖေတွေလည်း မပါ။ နေ့ကလည်း တနင်္ဂနွေနေ့ဖြစ်သဖြင့် ကျွန်တော်တို့ ခဲတံ ရစရာ အကြောင်းရှိသော နေရာယူ၍ ရှေ့တည့်တည့်က စားသောက်ဆိုင်တစ်ခုသာ ရှိတော့သည်။ ထို့ ကြောင့် သူ့အဖေ ဘက်လှည့်ပြီး ပြောလိုက်ရသည်။ "ဟော ဟိုဆိုင်မှာတော့ ခင်ဗျား ခဲတံ ရနိုင်လိမ့်မယ် ထင်တယ်"
သူက ကျွန်တော့်ကို အဓိပ္ပာယ်တစ်မျိုးနှင့်ကြည့်လိုက်သည်။ ပြီးမှ ဆိုင်ထဲဝင်ပြီး ခဲတံတစ်ချောင်း ယူလာ ပေးသည်။ သူ့ကြည့်ရသည်မှာ ကျွန်တော်ကိုယ်တိုင် ဆိုင်ထဲသို့ပြေးပြီး ကိုယ့်ဘာသာကိုယ် ခဲတံယူသင့် ပါလျက် ယခု သူ့ကို တမင် ခပ်ရင့်ရင့် ခိုင်းသည် ဟု ထင်နေပုံရသည်။ ကျွန်တော်က ဂျွန်ကို လက်မှတ် ထိုးပေးပြီး နောက်အပတ် ပြေးပွဲ တွင် သူ့ကို ပွဲကြည့်စင်များတွင် ရှာကြည့်မည်ဖြစ်ကြောင်း ပြောပြီး လမ်းလျှောက် ထွက်ခဲ့သည်။
နောက်ကျောတွင်ကား သူ့အဖေကြည့်နေသော မျက်လုံးများ၏အဓိပ္ပာယ် ကိုလည်းကောင်း၊ သူ့ကိုပင် ခဲတံ ယူခိုင်းသော ခပ်ရင့်ရင့် ငမည်း အကြောင်း မကျေမနပ်ဖြစ်နေမည်ကို လည်းကောင်း ကျွန်တော်သိပါသည်။ သို့သော် သူမသိ သည်ကား ထိုဆိုင်သည် ကျွန်တော်တို့ကို အဝင် မခံဆိုခြင်းကိုပင်။ နီဂရိုးတွေ အဲဒီဆိုင်ထဲ ဝင်ခွင့်မပြု လို့ ကျွန်တော် ခဲတံသွားမယူနိုင်ပါဟု သူ့ကို ဘယ် လိုရှင်းပြရမှန်း ကျွန်တော် မသိခဲ့ပါ။ ဆိုင်ထဲဝင်ပြီး ခဲတံမတောင်းရသေးခင် မှာပင် "ဝမ်းနည်းပါတယ်၊ ဒီ ဆိုင်မှာ မင်းတို့ လူမည်းတွေအတွက် လက်ခံ မရောင်းနိုင်ပါဘူး" ဟူသော စကားကိုပင် ကြားရမှာ သေ ချာကြောင်း ကျွန်တော်တို့ကတော့ သိနေပါသည်။
သို့သော် သူ့အဖေနှင့် သူ့သား ခြေကျိုးလေးတို့ကား ကျွန်တော် ပြောတာကို ယုံချင်မှ ယုံကြပေမည်။ တက္ကသိုလ်ရှိရာ ကာဘွန်ဒေးလ်မြို့တွင် ဒစ်ဂရီဂိုရီသည်နာမည်ကြီး။ ခရိုင်ဖြတ်ပြေးပွဲ အဖွဲ့ခေါင်းဆောင် ရိုးရိုးအပြေးအဖွဲ့ခေါင်းဆောင် ကျောင်းရာဇဝင်တွင် အကောင်းဆုံး အမြန်ဆုံး အပြေးသမား၊ တီးဝိုင်းနှင့် ဘင်ခရာအဖွဲ့တွင် ဒရမ်တီးသူ၊ ပြပွဲများတွင် နာမည်ကျော်ဇာတ်လိုက်။ ၁၉၅၃ ခုနှစ်၊ အားကစားလူ ရည်ချွန်။ သို့သော် ဒစ်ဂရီဂိုရီသည် သူ့အားကစားရဲဘော်များနှင့် အတူတူမစားသောက်ရ။ ရုပ်ရှင်ရုံများ တွင် တီးဝိုင်းခန်း၌ ဝင်မထိုင်ရ။ ခုနက ခြေကျိုးကောင်လေး၏စာအုပ်ထဲတွင်ကား လက်မှတ်ထိုးရသည်။ ထိုကောင်လေးမှာ အမေရိကန်ကလေး။
သို့သော် တစ်ခါတစ်ခါကျတော့လည်း စဉ်းစားကြည့်မိသည်။ ပြေးလမ်းပေါ်တွင် ရရှိခဲ့သော ကျွန်တော့် အောင်မြင်မှုများမှာ မြို့ထဲရောက်သောအခါ ပျောက်ပျက်သွားတတ်ခြင်းပင် ဖြစ်သည်။ သင် အားစိုက် ခွန်စိုက်ပြီး အနိုင်ရခဲ့လျှင် လူအုပ်ကြီးက သင့်နာမည်ကို ဟစ်ကြွေး၊ အားကစားရဲဘော်များက သူတို့ ပခုံးတွင် ထမ်းပြီး မြှောက်စားကြ၊ နည်းပြဆရာက သင့်ကို သိုင်းဖက်ထား၊ အပြေးအသင်းက မြို့ထဲသွား ပြီး အစားအသောက် စား၊ ဘီယာသောက်ဖို့ သွားကြလျှင်မူ သင်နေရစ်ခဲ့ရသည်။ ကျွန်တော် သည် ကောလိပ်တက်နေစဉ်အတွင်း စာတစ်အုပ်မှ ဆုံးအောင် မဖတ်ဖြစ်ခဲ့။ သို့သော် ဘဝအတွေ့အကြုံကား အမြောက် အမြား ရရှိခဲ့ကာ ကိုယ့်အနေအထားကို ကိုယ်ကောင်းကောင်း သိနားလည်နိုင်ခဲ့သည်။
ကောလိပ်ရောက်စတုန်းကမူ ကိုယ့်ကိုယ်ကို သိပ်နားမလည်မိသေး။ ၁၉၇၂ ခုနှစ် မတ်လတွင် အိမ်မှ ကောလိပ်တက်ရန်ထွက်လာခဲ့သည်။ သတ္တုအဝတ် သေတ္တာတစ်လုံးနှင့် အမေပေးလိုက်သော အသား ညှပ်ပေါင်မုန့်၊ ကြက်ကင်ကြော်များပါသော အိတ်ကြီးကို ဆွဲပြီး မြို့ကို တက်လာခဲ့သည်မှာ တကယ့် စွန့် စားခန်းတစ်ခု ပမာဖြစ်သည်။ အိမ်နီးနားချင်းများကို နှုတ်မဆက်တော့ဘဲ၊ အမေရယ်၊ ကျွန်တော်ရယ်၊ ညီလေး တချို့ရယ် ဘတ်စ်ကားဂိတ်သို့ ထွက်ခဲ့ကြသည်။ ဘာဘွန်ဒေးလ်မြို့သို့ ရောက်သောအခါ ပို၍ ပင် စိတ်လှုပ်ရှား ရသည်။ ထို့ကြောင့် အမေထည့်ပေးလိုက်သော စားစရာအိတ်ကြီးပင် ဘတ်စ်ကား ထိုင်ခုံအောက် တွင် မေ့ကျန်ရစ်ခဲ့သည်။
တက္ကသိုလ်ဝင်းအတွင်း လျှောက်ကြည့်သည်။ ကျွန်တော်ကော လိပ်ရောက်နေပြီ။ ကျွန်တော့်ဘဝ လှပ လာချေတော့သည်။
အားကစားအဖွဲ့ သို့ လူတစ်ယောက်အနေနှင့် ဝင်သည်။ အပေါင်းအသင်းများ ဖွဲ့သည်။ ကျောင်းတွင် လူဖြူကျောင်းသားနှင့် လူဖြူဆရာအများစုရှိသည်။ သူတို့အထဲမှ ကျွန်တော့်ကို ကြားဖူးသူမှာ သိပ်မများ လှ။ ကျွန်တော် သည် လူဖြူသည်လောက်များများကို တစ်စုတစ်ဝေးတည်း တစ်ခါမှ မတွေ့ခဲ့ဖူးပါ။ သို့ သော် သိပ်တော့ စိတ်မလှုပ်ရှားမိပါ။ အထက်တန်းကျောင်းသားဘဝပင်လျှင် ပြေးပွဲများတွင် လူဖြူ ကောင်လေးများနှင့် စကားပြောခဲ့ဖူးခြင်း ရှိ၍ ဖြစ်သည်။ ထို့နောက် ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ယုံ သည်။ ပြေးလမ်းကြောင်းပေါ်မှာ သာဆို ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်သည်။ ကမ္ဘာကိုပင် ချေမှုန်းပစ်နိုင် သည်ဟူသော အစွဲကလေးဖြင့်။
"လီဂင်ပီလင်ဂဲလ်" ဟု နည်းပြဆရာကောင်း၊ လူကောင်းတစ်ယောက်ဖြစ်ပါသည်။ သူသည် ကျွန်တော့် ကို ပထမဆုံးနှုတ်ဆက်ရန် လက်ဆန့်ပေးသူ လူဖြူဖြစ်ပါသည်။ "ဒေါ့လင်ဂယ်လ်" ကမူ ကျွန်တော့်အား စကားပြောနည်း၊ ပြဇာတ်နှင့် ဂီတပညာများကို သင်ကြားပေးသူဖြစ်ပါသည်။ ထိုသူပင်လျှင် ကျွန်တော့် ၏ဟာသများ ကို ပွဲကျသူဖြစ်ပြီး တစ်နေ့တွင် ကျွန်တော်သည် ပထမတန်း အနုပညာဖျော်ဖြေသူတစ် ယောက် ဖြစ်လာနိုင်မည်ဟု နိမိတ်ဖတ်ခဲ့သူဖြစ်သည်။ သူသည် ကြင်နာတတ် သူလည်း ဖြစ်သည်။ ကျောင်းစံချိန်တစ်ခုကို ကျွန်တော် ချိုးလိုက်တိုင်း တက္ကသိုလ် စားသောက်ဆိုင်တွင် ၁.၂၅ ဒေါ်လာတန် ညစာ အမြဲဝယ်ကျွေးတတ်သည်။ မိုက်ဝက်ပြေးပွဲတွင် ကျွန်တော်သည် ၁ မိနစ်၊ ၅၄ စက္ကန့်မျှ စံချိန်ရ အောင် ပြေးနိုင်ခဲ့သည်။
သို့သော် ကျွန်တော့် အခြေအနေမှာ ရှုပ်ထွေးနေဆဲပင်ရှိနေသေးသည်။ ကောလိပ်တွင် ပြေးပွဲဝင်ရသည် မှာ ကျွန်တော့်အတွက် တစ်မျိုးတစ်ဖုံ ကွဲပြားခြားနားနေသည်။ အထက်တန်းကျောင်းတုန်းကမူ ကျွန် တော့် ဘဝပြိုကွဲယိုယွင်းနေမှုနှင့် အကူအညီအထောက်အပံ့ခံ ဘဝများကို တိုက်ပွဲဆင်ခဲ့ပြီး စနေနေ့တိုင်း တွင် အပြင်သို့ ထွက် ဘက်ထရီအား ပြန်သွင်းကာ နောက်တစ်ပတ်အတွက် သူရဲကောင်းဖြစ်အောင် ကြိုးပမ်း ခဲ့ရသည်။ ကောလိပ်တွင်မူ ကျွန်တော်သည် နီဂရိုးအဖြစ်နှင့် တိုက်ပွဲဝင်နေရခြင်းဖြစ်ပါသည်။ ယင်းမှာ ယာယီ အခြေအနေတစ်ရပ် မဟုတ်ခဲ့။ ကောလိပ်တွင် အပြေးကောင်းတစ်ယောက် ဖြစ်ရခြင်း နှင့် မြို့ထဲရှိ စားပွဲရုံတွင် ပြေးပြိုင်ဘက်တစ်ယောက် သူ့အမျိုးသမီးနှင့် စားသောက်နေသည်ကို ကြည့်ရ ခြင်းတို့ပင်လျှင် တစ်ဒုက္ခဖြစ်နေ ၏။ ထိုသူက မှန်တံခါးထဲမှနေ၍ ပြုံးပြကာ လက်ယမ်းနှုတ်ဆက်ပြနေ သည်။ ကျွန်တော် ကလည်း ပြန်လက်ယမ်းပြပြီး တစ်ကိုယ်တည်း ပြောနေမိသည်။
"စား၊ စား၊ ကောင်း ကောင်းစားထား၊ မနက်ဖြန်ကျရင်တော့ မင်းကို အနိုင်ပြေးပြလိုက်ဦးမယ်ကွ"။ သို့သော် နောက်တစ်နေ့ မနက်ကျရင်တော့လည်း ကျွန်တော့်နာကျည်းမှုများကို မျိုသိပ်ထားရပြီး သူ့ကို ပြေးသည့်အခါတွင် ကိုယ်အလေးချိန်ကို ဘယ်လိုလျော့ချပစ်ရမည်ကို သွားပြနေရပြန်သည်။
ကျောင်းပိတ်ရက်များ တွင် အသင်းတစ်ခုလုံး ခရီးထွက်ကြရသည်။ လမ်းနံဘေးတွင် အတူတူထိုင်ပြီး ထမင်း စားကြရသည်။ ကျွန်တော်က ထိုအထဲတွင်ပါဝင်နေရခြင်းမှာ "ဒေါ့လင်ဂဲလ်" ၏ လူဖြစ်နေခြင်း ကြောင့်ပင် ဖြစ်ပါသည်။ အပြင်မှ လူဖြူများကမူ လမ်းလျှောက်ရင်း ကျွန်တော့်ကိုကြည့်သွားကြပြီး တစ် ယောက်နှင့် တစ်ယောက် ခြေတို့လက်တို့ လုပ်သွားကြသည်။ ထိုအကြောင်းများကို ကျွန်တော့်မိတ်ဆွေ လူဖြူ များအား ပြန်မပြောပြတော့။ ဤအကြောင်းသည် သူတို့အား ပြောပြကောင်းသည်လည်းမဟုတ်။
ထို့ကြောင့်ပင် အဖွဲ့ပိုင် ဘတ်စ်ကားကြီးပေါ် တက်ထိုင်ပြီး ဒူးပေါ်တွင် သတ္တုအဝတ်သေတ္တာကြီးတင် ကာ ဗုံခေါက်သလို ခေါက်တီးပြီး သီချင်းများဆို၊ ရယ်စရာများပြောဖြင့်သာ အချိန်ကုန်ခဲ့ရ၏။ ပျော်တတ် သောသူ၊ ရယ်စရာလူတစ်ယောက်၊ အမြဲရယ်နေတတ်သူ။ ဟုတ်ပါတယ်၊ အမေက အမြဲပြောခဲ့ပါတယ်။ ရယ်တာ ကမှ မျှော်လင့်စရာတွေ အများကြီးရှိနိုင်သေးတယ်တဲ့။
ဆက်ရန်
.
No comments:
Post a Comment