(၁)
ဓားပြကြီးသည် လှည်းဝင်ရိုးသံကို ဂရုတစိုက် နားထောင်နေသည်။
"နားထောင်ကြမ်းဟေ့၊ လှည်းဝင်ရိုးသံက ကျွီခနဲ ကျွီခနဲ တယ်သွက်တာပဲကွ။ ပစ္စည်းမပါဘူး၊ လူချည်းပဲကွ"
ဓားပြကြီး မိုးသီး သည် ပြောပြောဆိုဆို ထရပ်သည်။
"အဲသည်လှည်း ကို လုမယ်ဟေ့။ အရေးတကြီးကိစ္စရှိလို့ အဖော်မရှာဘဲ တစ်ကိုယ်တော် ထွက်လာတဲ့ သူဌေး လှည်း ကွ"
မိုးသီး ၏ စကားအဆုံးတွင် ချုံပုတ်များ ချိုင့်ဝှမ်းများထဲမှ ဓားပြတွေ ထွက်လာသည်။ စုစုပေါင်း ခုနစ်ယောက်။ ဓားကိုင်နှင့် လှံကိုင်၊ ဒူးလေးကိုင်များ။
မိုးသီး ရပ်နေသော သစ်ပင်ရိပ်သည် အခြားနေရာများထက် ကုန်းကျသောကြောင့် လရောင်အားကိုး ဖြင့် အသော့နှင် လာသော နွားလှည်းကို စီးပြီး မြင်ရ၏။ လရောင်အောက်တွင် ဖုန်းတထောင်းထောင်းဖြင့် သွက်သွက်နှင် လာသော နွားလှည်းမှာ လှည်းယဉ်မဟုတ်။
လှည်းမောင်းသူရောမှ နှစ်ယောက်တည်းသာ ဖြစ်သည်။
"ဟေ့ ဟိုလှည်း ရပ်လိုက်စမ်း"
ဓားပြကြီးမိုးသီး သည် ပြောလည်း ပြော၏။ သစ်ပင်ရိပ်မှလည်း ထွက်၏။ လရောင်ထဲသို့ သူထွက်မှ ငယ်သားတွေပါ လိုက်ထွက်၏။
"ဟာ ဓားပြတွေ ပါကလား။ အစ်ကို ပါးစပ်ပိတ်ထား ငါပြောမယ်"
လှည်းမောင်းသူ မှာ ရမ်းဘိုကုန်းသား မောင်ဆေးရိုး ဖြစ်၏။ လှည်းပေါ်တွင် ခရီးသည်အဖြစ် ပါလာသူမှာ သူ့ အစ်ကို ငထွန်းကား ဖြစ်သည်။ ငထွန်းကားသည် မန်ကျည်းပင်ပုရွာတွင် သားနှစ်ယောက်နှင့် မယားနှင့်နေရာ က မိဘနှင့် ညီအစ်ကိုမောင်နှမများကို လွမ်းသောကြောင့် လှည်းကြုံဖြင့် လိုက်လာခဲ့သည်။ သူ့တွင် မွေးချင်း များများ မရှိ။ ညီမောင်ဆေးရိုး၊ နှမ မယ်မျှင်သာ။
သူသည် ရွာတွင် တစ်လ ကိုးသီတင်း နေ၏။ ဦးကျန်ကြီး မယ်ကြွယ်စိုးတို့သည် ဝေးဝေးလံလံက သားကြီး ရောက် လာသဖြင့် ၀မ်းသာ၏။ မိဘ လုပ်ကျွေးရာတွင် များသောအားဖငြ့် နဖူးက ချွေးခြေ မပေါ် ကျအောင်သာ လုပ်ကိုင်ကြ၏။ ငထွန်းကားသော်မူ "ကျွန်ကြီးငနွား" ဖြစ်သည်။ သို့ကြောင့် သားကြီးကို ကြည်ဖြူ ၀မ်းသာငြား စိုးရိမ်လာ၏။
"လင်မယားများ စိတ်ဆိုးလာရော့သလား"
မည်းမည်း သည်းသည်း ကျွဲကြီးတစ်ကောင်နှယ်ရှိသော ငထွန်းကား၏ ဇနီးမှာ ရွှေတဆုပ်ရွာမှ မင်ကြောင်ဆရာ ဦးရဲတင်း ဒေါ်မင်းဘော် တို့၏ သမီး မယ်ငြိမ်းစည် ဖြစ်သည်။ မယ်ငြိမ်းစည်သည် အလှထက် အယဉ်ကဲနေငြား မျက်လုံး မကောင်းပေ။
မယ်ငြိမ်းစည် ကြက်မျက်သင့်၍၊ မျက်လုံးစွေ ၍ "မျက်လုံးမကောင်း" ဟု ဆိုခြင်းမဟုတ်။ ယောက်ျား တိုင်းကို ပြီတီတီ လုပ်သည်။ ကြာမျက်လုံးဖြင့် ကြည့်သည်။ ထို့ကြောင့် မျက်လုံးမကောင်းဟု အမေ မယ်ကြွယ်စိုး က ပြောခြင်း ဖြစ်သည်။
မယ်ငြိမ်းစည် သူတို့အမျိုးထဲသို့ ၀င်လာသည့်အတွက် မောင်ဆေးရိုးတို့မှာ ဂုဏ်နိမ့်ပါသည်။ ရွာတောင်ပိုင်းက ဦးဘမှီ အိမ် ဓားပြအတိုက်ခံရရာ ဓားပြအချို့ကို မိသည်။ ရွာတွင်းမှ လက်ထောက် ချသူမှာ မယ်ငြိမ်းစည် ဖြစ်ကြောင်း ထိုဓားပြ များက အစစ်ခံသည်။ သို့ကြောင့် ငထွန်းကား၏ညီ မောင်ဆေးရိုးမှာ ထို မရီးကြောင့် ဂုဏ်ပျက်ရ မျက်နှာငယ်ရ၏။ ထိုသို့ မလိုအားအပ်သူ ဖြစ်စေကာမူ ဦးကျန်ကြီး၊ မယ်ကြွယ်စိုးက မြုံ မနေပါ။
"ဟဲ့ လင်မယားများ စိတ်ဆိုးလာသလား"
ပျာပျာသလဲ မေးကြ၏။
"လင်မယား စိတ်ဆိုးမလာပါဘူး။ အဖေတို့ အမေတို့ နေလို့ထိုင်လို့ ကောင်းကြရဲ့လားမသိဘူး၊ တစ်ခေါက် တစ်ကျင်း သွားချေဦးမယ် ပြောပြီး လာတာပါ" တစ်ခုမူ ပြောစရာ ရှိ၏။
ဦးကျန်ကြီး၊ မယ်ကြွယ်စိုး တို့ အိမ်သို့ ငထွန်းကား ရောက်လာချိန်တွင် မောင်ဆေးရိုး၏ သားငယ်က မှက္ခရုနာ ပေါက်နေ၏။ အိမ်ကြီးတွင် အဖီဆွယ်နေသူ၏ အဖြစ်အပျက်ကို ငထွန်းကား ကောင်းစွာ သိနေ သည်။ ကောင်းစွာ မြင်နေသည်။
ကလေး က နို့မစို့နိုင်။ တအင်အင် မြည်နေသည်။ ဟိုဟာ ကောင်းသည်ဆို လုပ်လိုက်၊ သည်ဟာ ကောင်းသည် ဆို လုပ်လိုက်ဖြင့် သံသရာလည်နေ၏။ ဝေဒနာရှင် ကလေးသာ ဆင်းရဲသည်မဟုတ်။ မိဘနှစ်ပါးပါ အအိပ်ပျက် အစားပျက် ဖြစ်ကြရ၏။
သည်အချိန်တွင် ရောက်လာသော ဧည့်သည်က ငထွန်းကား။
"ကလေး ဘာဖြစ်သတုံး"
"မှက္ခရုပါကွာ၊ ပါးစပ်တစ်ခုလုံး ဖွေးနေသာ"
"အမယ်လေး မှက္ခရုနာများ ခက်လွန်လွန်းလို့"
ငထွန်းကား၏ ခက်လွန်လွန်းလို့မှာ သဒ္ဓါသုမန ဇာတ်ထုပ်ထဲကလို မဟုတ်ပေ။ ပေပင် မှ ပေရွက်ခြောက် ကို ပြာချပြီး၊ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးခြင်း ဖြစ်သည်။ သူ့ဆေးနည်းဖြင့် နောင်တွင် ဘညိန်းဖြစ်လာမည့် အကောင် သက်သာ သွားသဖြင့် ငထွန်းကား နောက်ဆံငင်နေခြင်း ဖြစ်၏။
သို့သော် အမေက သူ့သားအကြောင်း၊ သူ့ချွေးမအကြောင်း သိသည်။ သားအနှောင်အဖွဲ့သာ မရှိလျှင် သည် မိန်းမ ကို အချိန်မရွေး ပစ်ထားခဲ့နိုင်သော လူစားဟူ၍လည်း မယ်ကြွယ်စိုး သိသည်။
"ကလေး လည်း သက်သာနေပေါ့ဟယ်၊ ပြန်ပြန်" သို့သော် ငထွန်းကား အထုပ်အပိုး မပြင်။
"သား ငဆေးရိုး၊ နင့်အစ်ကို ကို လှည်းနဲ့လိုက်ပို့လိုက်စမ်း"
ငထွန်းကား သည် သားမယားရှိရာ မန်ကျည်းပင်ပုသို့သွားပါလျက် လမ်း တွင် သောင်တင် နေနိုင်၏။ ထမင်းစားနေရာ က အိမ်ရှေ့ ရှိ ငရုတ်ပင် သို့ ငရုတ်သီး ဆင်းခူးရာ သုံးနှစ်ကြာမှ ပြန်ရောက်သူမှာ ငထွန်းကား ကဲ့ သို့သော လူစားမျိုး ဖြစ်၏။
"ပြန်ပြန်၊ မင်းရောက်နေသာ တစ်လကျော်ပြီ။ လူလေး မင့်အစ်ကိုကို လှည်းနဲ့လိုက်ပို့လိုက်"
အမေ့ အမိန့်အရ မောင်ဆေးရိုး လှည်းပြင်သည်။ ရေဗလုံအိုးနှင့်က တစဘူး။ ဘူးသီးခြောက်နှင့်က တစ်ဘူး၊ ရေကို အဓိကထားပြီး ဆန် သုံးနပ်စာ တင်လျက် အိမ်မှ ထွက်လာကြ၏။ ရမ်းဘိုကုန်းမှ စလင်းသို့ သွားသော လမ်းသည် အကျဉ်းသားများ၏ ကောင်းမှုကြောင့် ဖြူးနေ၏။ သာစည်ရွာနား က ဗွက်မှာလည်း မင်းတုန်းမင်း နန်းမစံမီကတည်း အုတ်တံတား ဖြစ်နေပြီ။
သို့သော် ငထွန်းကားမှာ နွားနှင့်ဖက်ပြီး လယ်ထွန်လာသူ ဖြစ်ရာ အလွယ်မကြိုက်ပေ။
"သည်လမ်းကသွားရင် အသွားအပြန် ၅ရက် ကြာမယ်ကွ"
သို့ကြောင့် မောင်ဆေးရိုးမှာ အစ်ကို၏ ညွှန်ကြားချက်အရ မြင်းခေါင်းရွာဘက်က လှည့်မောင်းရ သည်။ ကျောက်လမ်းမဟုတ်သောငြား ခရီးတိုသည်။ ၀န်စည်စလယ်မပါသည့်အတွက် တော်ရုံ သဖြင့် ဗွက်ကို မမှုပေ။
ဝန်စည်စလယ်ပါသော လှည်းများသည် ဗွက်ကို ကြောက်၏။ သို့အတွက် ခရီးဝေးချင်ဝေးပါစေ၊ အဖော်ကို ရှာသည်။ အဖော်ပါမှသာ တစ်ဦးကိုတစ်ဦး ကူညီနိုင်ပေမည်။ ငထွန်းကားတို့ညီအစ်ကိုမှာ သော်ကား စားအိုး စားခွက်သော်မျှ မည်မည်ရရ မပါပေ။ နေပူချိန်တွင် နားပြီး ညပါမရှောင် မောင်းလာသောကြောင့် နေ့တွင်းချင်း ရွာရိပ် ကို ခိုမိပြီ။
မန်ကျည်းပင်ပု နယ် ထဲသို့ ၀င်မိမှ ဓားပြနှင့်ဆုံသည်။ ဓားပြက ခုနစ်ယောက်မို့၊ မောင်ဆေးရိုးက စိတ်ဆတ်သော သူ့ အစ်ကို ကို အဖယ်ခိုင်းပြီး၊ သူက ဓားပြကို ထိုင်ပြီး ရှိခိုး၏။
"ကျွန်တော့်အစ်ကို က မန်ကျည်းပင်ပုရွာကပါ။ နာမည် ငထွန်းကားပါ။ ကျွန်တော်က ငဆေးရိုး ခေါ်ပါတယ်။ ရမ်းဘိုကုန်း ကပါ။
ဆန်ကလေး တစ်ပြည် ကလွဲလို့ အဖိုးတန်ပစ္စည်း မပါပါဘူး ခင်ဗျာ"
"နေပါဦးကွ၊ မင့်အစ်ကို မှာ ပါးစပ်မပါဘူးလး"
ဓားပြကြီးမိုးသီး ၏ စကားက ငထွန်းကားကို မခံချင်အောင် ဆွ၏။
"ပါးစပ်ပါပေမဲ့ အပြောအဆို မတတ်မှာစိုး"
"ဖယ်စမ်းကွာ"
ဓားပြကြီးမိုးသီး သည် မောင်ဆေးရိုးကို တွန်းပစ်ခဲ့၏။ လှည်းရိပ်ခိုပြီး ထိုင်နေသော ငထွန်းကားကို ခြေဖြင့် ကန်၏။ ငထွန်းကား သည် ကန်လာသောခြေကို လက်ဝါးစောင်းခုတ်လျက် ထရပ်၏။ ဓားပြ ကြီးမိုးသီး တဟားဟား ရယ်မော၏။
"လက်စသတ်တော့ ကျားကိုစီး စားလို့မကုန်တဲ့ ယောက်ျားကြီးပဲကွ။ အဲသာနဲ့များ ဟိုကောင် က ရှေ့နေ လုပ်သေး တယ်"
ဓားပြကြီးက ပြောပြောဆိုဆို မောင်ဆေးရိုး ကို ပြေးကန်သည်တွင် ငထွန်းကား က ပိတ်ဆီးဟန့်၏။
"ကျုပ်နဲ့ ခင်ဗျားနဲ့ ကတောက်ကဆဖြစ်မှာစိုးလို့ ကျုပ်ညီက ကြားဝင်တာပဲဗျ။ ခင်ဗျား လက်နက် အားကိုး၊ လူဦးရေအားကိုး နဲ့ အနိုင်မကျင့်နဲ့။
ဓားပြကြီး သည် ငထွန်းကားကို စိုက်ကြည့်လျက် တိုးကပ်လာ၏။ ငထွန်းကားသည် တိုးကပ်လာ သော ဓားပြကို မျက်တောင် မခတ် ဘဲ ပြန်ကြည့်နေ၏။
"မင်းညီ အရင်းလား"
"ဘာလုပ်မလို့တုံး"
"မင်းစကားပြောတာ မောက်မာလှချေကလား။ ယောက်ျားစွမ်းပြိုင်ချင်သလား"
ငထွန်းကားသည် ၀န်းရံထားသော ဓားပြများကို ကြည့်သည်။
"ခင်ဗျားတို့ ကိုယ်ပေါ်က ဒူးလေးကို ဖယ်လိုက်ရင် ရှစ်ယောက်နဲ့ တစ်ယောက် ချရဲတယ်။
ဓားပြကြီး ရယ်မောသည်။
"တော်တော် လေကျယ်တဲ့လူပဲ"
ဓားပြကြီးက သူ၏ လက်ဝဲလက်ဖျံကို ထောင်ပြသည်။
"အပြောမကြီးနဲ့။ ငါက လက်ဖျံတစ်လုံးတည်း ရှိတယ်။ ဘယ်သူမျှ ငါ့ကို အံမတုရဲဘူး"
"ကျုပ်လည်း ကျုပ်လမ်း ကျုပ်သွားချင်တာပါပဲ။ ရန်မဖြစ်ချင်ပါဘူး"
"ရတယ်လေ၊ လှည်းနဲ့ နွား ထားခဲ့ပြီး မင်းတို့ သွားနိုင်တယ်"
"ဆင်းရဲသားမှာ လှည်းနဲ့ နွားပဲ အားကိုးစရာ ရှိတာ။ ခင်ဗျား ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့လူပဲ"
"ဟ ကိုယ်ချင်းစာရင် ဓားပြလုပ်နေမလားကွ"
ငထွန်းကား နားလည်လိုက်ပါပြီ။ ဤဓားပြကား ခိုက်ရန် မဖြစ်ပွားရလျှင် မပြီးသည့် ဓားပြ ဖြစ်သည်။ ထို့ကြောင့် ပုဆိုး ကို ခါးတောင်းကျိုက်သည်။ သျှောင်ကို ပြင်ထုံးသည်။ ထို့နောက် ဖြောင်းခနဲ ဖြောင်းခနဲ လက်ပန်းပေါက်ခတ် သည်။
"ဟေ့ ဒူးလေးချထား၊ တစ်လံကွာမှာ ဆုတ်နေ"
ဓားပြကြီး မိုးသီးသည် ဒူးလေးကိုင် သုံးယောက်ကို လှည့်ပြီး အမိန့်ပေး၏။ သူကိုယ်တိုင်ကား ဓားကို မြှောက်ပြီး ပြေး ၀င်၏။ "ကျားဘသား" ဟူသည့် ၀မ်းခေါင်းသံကြီးနှင့်အတူ ဓားတခြား လူတခြား ဖြစ် လျက် ဓားပြကြီး ငမိုးသီး လွင့် သွားသည်။
"ခင်ဗျားအားကိုး သဲ့ဓား မရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မတုံး"
ငထွန်းကား၏ စကားမဆုံးမီ ဓားပြကြီး၏ ခြေထောက်က လွင့်ဝဲလာသည်။ ငထွန်းကား တိမ်းရှောင် သည်။ နောက်ပြန်ကန်သည်။ ဓားပြကြီး အွန့်ခနဲ မြည်လျက် လေးဖက်ထောက်ကျသွား၏။
သို့သော် ဓားပြကြီး တစ်ခုန်အကွာအဝေးတွင် ဓားရှိသည်။ ထိုဓားကို ထပြီးမယူ။ ထရပ်ပြီး လက်ပန်းပေါက် ခတ်သည်။ ဖြောင်းခနဲ ဖြောင်းခနဲ လက်ပန်းပေါက်ခတ်သံမစဲမီ လက်သီးတွေရော ခြေဖျားတွေပါ ငထွန်းကားထံ ၀ံပျံ လာ၏။ ငထွန်းကား ငဲ့ကာစောင်းကာ တိမ်ရှောင်ငြား၊ ဓားပြကြီး၏ ခြေမမှ ခြေသည်းက ပါးကို ခြစ်သွား၏။
"ဟာ အစ်ကို"
မောင်ဆေးရိုး ပျာယာကြီး ခတ်သွားငြား ငထွန်းကားသော် မတုန်လှုပ်။ နီရဲသော သွေးတွေ ပေါက်ခနဲ ပေါက်ခနဲ ကျသော်ငြား သူ့အကြည့် က ဓားပြကြီးထံမှာသာ ရှိသည်။ သူတို့နှစ်ယောက် သည် တစ်ယောက်ကဲကို တစ်ယောက် ကြည့်နေကြရာ တစ်အောင့်မျှ ကြာသွားသည်။
"ဟိတ်ကျားဘသား"
ဓားပြကြီးမိုးသီး ပြေးလာပြီး ခြေဖျားဖြင့်ခတ် လက်ဝါးစောင်း ခုတ်သည်။ ငထွန်းကားက ရှေ့ကို တိုးပြီး လက်နှစ်ဖက် ကို ဖမ်းချုပ်သည်။ သူ့ရှေ့ကို တိုးသဖြင့် မြေကြီးမှာ ငထွန်းကားပခုံးပေါ် ရောက်သွားသည်။ သို့သော် ပခုံးပေါ်ရောက်လာသူကို ငထွန်းကားက ကြာရှည်မထား။ ချက်ချင်း ကိုင်ပေါက်သည်။
ငထွန်းကား၏ ပေါက်ချက်က ပြင်းသည်။ ပြင်းသော်ငြား ဓားပြက ပေါ့ပါးစွာ လှုပ်လှည့်သဖြင့် မတ်တတ်ကျသည်။ ပေါ့ပါးစွာကျသော မြေကြီး၏နောက်၌ ငထွန်းကား ကပ်လျက်ပါလာသည်။ တံတောင်ဖြင့် ထောင်းသည်။ အွတ်ခနဲ မြည်လျက် ဓားပြကြီး ခါးကုန်း အသွားတွင် ငထွန်းကားက ဖနောင့်ဖြင့် ပေါက် သည်။ ဓားပြကြီး လေးဖက်ထောက်ကျသည်။ ဆက်လျက် ဖနောင့်ပါလာသဖြင့် ဓားပြကြီး ကိုယ်ကို လှည့်သည်။ ဤတစ်ချက်ကား အကြီးကျယ်ဆုံးအမှားပေတည်း။ ဓားပြကြီး ကိုယ်ကို လှည့်လိုက်ချိန် တွင် ၀င်လာသော ဖနောင့်ချက်က ဓားပြကြီး၏နံရိုးကို ရိုက်ချိုးလိုက် သတည်း။
"တော်ပြီ၊ ငါ ရှုံးတယ်၊ သွားတော့"
သွေးအန်သော ဓားပြကြီးထံ ငယ်သားများ အပြေးစုပြုံကြ၏။ မောင်ဆေးရိုးသည် လှည်းပေါ်သို့ အပြေး တက်သည်။ အတင်းမောင်းသည်။ ငထွန်းကားကလည်း "ငါ့ကို စောင့်ပါဦး" တစ်ခွန်းမပြော။ လှည်းနောက်သို့ အား သွန်လျက် ပြေးလိုက်လာသည်။ အတော်ကြီး ပြေးမိမှ လှည်းရံတိုင်ကို ကိုင်မိပြိး၊ လှည်းပေါ်သို့ လွှား ခနဲ ရောက် လာ၏။
သတ်ပုတ်ရသဖြင့် ငထွန်းကား မှာ အားကုန်သည်။ ပြေးနေသော လှည်းနောက်သို့ အပြေးလိုက်ရ ခြင်းကား ပို၍ ပင်ပန်း သည်။ သို့ကြောင့် ငထွန်းကားမှာ စကားမပြောနိုင်ဘဲ မောင်ဆေးရိုးကို လက်ဖြင့် ပုတ်၏။ မောင်ဆေးရိုး လှည့် ကြည့်သော်ငြား နားမလည်။
"လမ်း လမ်း လမ်း"
လမ်းဟူ၍ မောင်ဆေးရိုး ကြား၏။ သို့ရာတွင် လမ်းရိုးဟု ပြောသလော၊ လမ်းဟောင်းကို ပြောသလော။ လှည်း ကိုလည်း ရပ်မထားဝံ့။
"အစ်ကို ဘာပြောသတုံး"
"မှားမှား လမ်းမှား"
ထိုအခါတွင် ကား မောင်ဆေးရိုးသည် လှည်းကို ထိုးရပ်လိုက်လေ၏။
"လမ်းမှားလာသယ်၊ ဟုတ်လား အစ်ကို"
"အေးကွ။ ဒါပေမဲ့ မောင်း မောင်း၊ ငါ လမ်းပြမယ်"
သို့ကြောင့် နွားစားကျက်ဟု ထင်ရသော လွင်ပြင်ထဲသို့ မောင်ဆေးရိုးမှာ လှည်းကို ဆက်လက် မောင်းနှင် လာရ၏။ မကြာမီ လှည်းလမ်းတစ်ခုကို တွေ့ငြား၊ ငထွန်းကားလည်း မျက်စိလည်နေဟန် ရှိသည်။
"မောင်းကွာ မောင်းသာမောင်း"
ကုန်းတစ်ခုပေါ်သို့ အရောက်တွင် မောင်ဆေးရိုးတွင် လှည်းကို ထိုးရပ်ကာ "အစ်ကို ကြည့်ပါဦး၊ မျက်စိ လည်သာ ပြေပြီလား" ဟု မေးသည်။
"ဟား နင့်ဖေကလွှား၊ ကျောင်းတော်ရာသွားတဲ့လမ်းပါကလား။ ညီလေး ဖဲ့ ဖဲ့ ဘယ်ဘက်ကို ဖဲ့ဆင်း ဟ။ နေ မထွက်မီ ရောက်လာမှာကွာ။ သည်ဓားပြတွေ ရှုပ်တဲ့အတွက် နောက်တစ်နေ့ တစ်နေကုန် ပြီပေါ့"
မောင်ဆေးရိုး မှာ ဤသို့ဖြင့် သူ့အစ်ကို ငထွန်းကား ညွှန်ကြားသည့်အတိုင်း မောင်းလာရာ မိုးလင်း ချိန်တွင် တောင်ကြားလမ်းတစ်ခု၏ အစပ်ကို မေးတင်မိလေ၏။
"အဲသည်လမ်းဟာ ငါမသွားဖူးတဲ့လမ်းပဲဟ ညီလေးရ"
မောင်ဆေးရိုးအတွက် အားပျက်စရာဖြစ်သော ငထွန်းကား၏ စကား။ သို့ရာတွင် အလားတူ နွားလှည်း များကို မြင်ရသဖြင့် မောင်ဆေးရိုး စုံစမ်းကြည့်ရာ မန်ကျည်းပင်ပု လမ်းခွဲသို့ ရောက်ကြောင်း သိရလေ၏။
တောင်ကြားလမ်းမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ ၀ဲယာတောင်မြင့်ကြီးတွေ၏ ကြားက သွားရသော လမ်းဖြစ်သည်။ တောင်ကြားလမ်းသို့ ၀င်လာသည်နှင့် တစ်ပြိုင်နက်တည်း နိမ့်သော တောင် ပြေလျှောသောတောင် ကို မတွေ့ရ။ ရှေ့ဆက်သွားလေလေ မြင့်လေလေ။
နေရောင် ကို မော့ကြည့်မှ မြင်ရသည်။
မောင်ဆေးရိုး တို့ ညီအစ်ကို၏ ရှေ့တွင် လှည်းနှစ်စီး သွားနှင့်သည်။ လှည်းကို မမြင်ရငြား ဖုန်ကား မသေသေး။ နောက်လှည်းတွေ ပါလာကြောင်းကိုကား လှည်းဝင်ရိုး အီသံကြောင့် သိရခြင်း ဖြစ်သည်။
"အစ်ကိုရေ၊ အခုနေ တောင်ကြားထဲကို မြစ်တစ်ခုခု စီးဝင်လာရင် ဘယ့်နှယ်လုပ်မတုံး"
ကြည့်ရင်းကြည့်ရင်း စိတ်အားငယ် လာသဖြင့် မောင်ဆေးရိုးမေးရာ၊ ငထွန်းကား၏အဖြေက ရှင်း၏။
"သေရုံပဲ ရှိတာပေါ့ကွာ"
"မသေဘူးဗျ"
ဝဲ ယာ တောင်ကမ်းပါးယံများတွင် ကုတ်စရာ တွယ်စရာများ တွေ့သည်။ ပျံလွှားငှက်များကို မြင်ရ သည်။ သို့ ရာတွင် ထိပ်ပိုင်းတွင်သာ ငှက်များကို မြင်ရ၏။ အောက်ခြေသို့ ဆင်းမလာကြချေ။
နွား များသည် နားရွက်ကို ပေပြီး သွားလေ့ ရှိ၏။ ယခု လှည်း ဆွဲနေသော နွားတစ်ရှဉ်း မှာ နွားရွက် တွေ ထောင်နေသည်။ သူတို့ မနှစ်သက်သော နေရာ ဖြစ် ၏။ နွားသင်္ချိုင်း ရှိသော နေရာ ကို ဖြတ်သန်း သွားရလျှင် နွားတွေ လန်လေ့ရှိ၏။ အမှောင့် ပယောဂ ရှိသောနေရာ ဆိုလျှင်လည်း နွားတွေ လန့်တတ်၏။ ယခု လှည်းထဲက နွားတစ်ရှဉ်းမှာ ထိုအသွင်မျိုး ဖြစ်နေသည်။
ထိုအခါ မောင်ဆေးရိုး က သတိပေးသည်။
"အစ်ကိုရေ၊ နွားတွေရဲ့ အနေအထားက မကောင်းဘူးဗျ"
ငထွန်းကား မူ တောက်တက်ခတ်၏။
"သည်ဓားပြတွေ နဲ့ မတွေ့ရင် အိမ် မှာ တစ်ရေးတစ်မော ရပြီကွ"
နေလုံးကို မြင်ရပြီ။
နားကွဲမတတ် ဆူညံသော အသံများ ကြားရသည်။ နွားနှစ်ကောင်း ထိုးရပ်သွားကာ လဲမယောင် ပြိုမယောင် ဖြစ်နေစဉ် ခေါင်းပေါ်သို့ အမှုန်အမှိုက်တွေ ခဲတွေ ကျလာ သည်။ မြင်နေရသော နေရောင် ပျောက် သွားပြီ။ "ငလျင်လှုပ်တာကွ" "ဒါဖြင့် ဘယ့်နှယ်လုပ်မတုံး" မောင်ဆေးရိုး မော့ကြည့်သည်။ မိုးသို့ပျံ့ လွင့်နေသော တောင်နံရံ များသည် အချင်းချင်းထိကပ် လျက် တောင်ကြားလမ်းကို လက်ယှက်မိုးထားဟန် ရှိနေပေသည်။
"နေရောင်ပျောက်သွားပေမဲ့ မမှောင်ဘူးကွ"
ငထွန်းကားသည် လှည်းပေါ်မှ ခုန်ဆင်းသည်။ လှည်းရှေ့သို့ ပြေးကာ ခဲကြီးကျောက်ကြီးများကို ဖယ်ပေးသည်။
"မောင်း ညီလေး၊ မောင်း မောင်း"
သို့စဉ်တွင် နောက်လှည်းများမှ လူများ ပြေးလာကြ၏။
"ငလျင် လှုပ်တာဗျ" "နှစ်ဖက် တောင်နံရံကြီးတွေ အချိန်မရွေး ပြိုကျနိုင်တယ်"
ပါးစပ် မှ မည်သို့ပင် ပြောစေကာမူ လမ်းပိတ်အောင် ပြိုမကျသေးသဖြင့် ရှေ့က ငထွန်းကား လမ်းရှင်းပေးသည် ကို မောင်ဆေးရိုး၏ လှည်းက သွက်သွက်မောင်းသည်။ ငထွန်းကား၏ တစ်ယောက်အားဖြင့် ကြီးမားနေသော ကျောက်တုံးများ ကို နောက်လှည်းမှ လူများက ကူညီပေးကြ သည်။
"အစ်ကိုရေ၊ မနားနဲ့ဗျို့။ အချိန်မရွေး ပြိုကျနိုင်တယ်"
မောင်ဆေးရိုး၏ လောဆော်မှုကြောင့် ငထွန်းကား မနားနိုင်။ နောက်လှည်းများမှ လူများလည်း မနား ရဲကြ။ တောင်ကြားလမ်းတစ်ခုလုံး ပိတ်သွားပြီ ထင်ရ၏။ သို့ရာတွင် နေရောင်နှင့် အလင်းရောင် မမြင်ရပြီ။ အလင်းရောင် အားနည်းပြီး ကျောက်တုံးတွေ စုပုံပိတ်ဆို့နေသော နေရာ သို့ အရောက် တွင် မောင်ဆေးရိုးရော ရှေ့ - နောက် လှည်းများပါ ရပ်နေကြရပြီ။
"ကဲ ဘယ့်နှယ် လုပ်ကြမတုံး"
ရှေ့ဆုံးလှည်း မှ လှည်းသမားက မေးသည်။
"ကိုယ့်အားကိုယ်ကိုးပြီး တစ်ခဲချင်း ဖယ်ရမှာပဲဗျို့။ ညီလေးရေ၊ လှည်းပေါ်မှာ ထိုင်မနေနဲ့၊ လာကွ လာကွ"
ငထွန်းကား သည် ပိတ်ဆီးနေသော ကျောက်ခဲများကို ဘေးသို့ ကောက်ပစ်ရာက မောင်ဆေးရိုးကို ပါ ခေါ်သည်။ မောင်ဆေးရိုးလည်း လှည်းဒေါက် ကို ထောက်ထားခဲ့သည်။ လှည်းငါးစီးမှ လူ၉ယောက်၏ စွမ်းအား သည် များမကြာမီ အကောင်အထည်ပေါ်သောအားဖြင့် ရှေ့တည့်တည့်က အလင်းရောင် ကို မြင်ကြ ရပြီ။
"လုပ်ကြဟေ့ လုပ်ကြ၊ မမှောင်ခင် တောင်ကြားက ထွက်နိုင်အောင်"
အချင်းချင်း အားပေးကာ ပိတ်ဆို့နေသော တောင်ကြား အပြိုအပျက်ထဲမှ ထွက်လျှင်ထွက်ချင်း ၀မ်းသာ အားရ အော်ကြ၏။
"ကိုင်း အစ်ကို လမ်းပြပေတော့"
ဆက်ရန်
.

1 comment:
ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ၀ထ္ထုတိုတွေ ကောင်းတယ် မရွှေစင်ရေ...မညာတမ်းပြောရရင်တော့ ခင်ခင်ထူးရဲ့ အညာသူအညာသားထက် ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ကိုဆေးရိုးဝထ္ထုတိုတွေကို ပိုခံတွင်းလိုက်သေး...ခပ်ငယ်ငယ်တုန်းက မဂ္ဂဇင်းထဲမှာ အခန်းဆက်ပါတဲ့ ကိုဆေးရိုးတွေကို စောင့်ဖတ်ရတာ အားမလိုအားမရဖြစ်ခဲ့တာတောင် ပြန်သတိရတယ်...ကိုဆေးရိုးတွေ များများတင်ပေးလိုက်ပါ မရွှေစင်ရေ...ဘာကြောင့်လဲဆိုတော့ ဆရာ့ရဲ့ လူ့သဘာဝသရုပ်ဖော်တဲ့ စာပန်းချီက လက်ရာမြောက်လွန်းလို့ပါ...
Post a Comment