"ရဘက်ကာ ဟာ ရေထုတ်ပိုက်ခေါင်းတွေ လဲ မဖွင့်ဘူး။ သင်္ဘောဝမ်းဗိုက်ကိုလဲ အပေါက်ဖောက်မပစ် ဘူး။ သူ့ကိုယ်သူ လဲ ဘယ်တော့မှ သတ်မသေဘူး။ ရဘက်ကာ ဟာ အသတ်ခံလိုက်ရတာ။ သတ်တဲ့လူ ကိုရော သိချင်သလား… ဟောဟို ပြတင်းပေါက်နားမှာ ခပ်တည်တည် ပြုံးပြီး ရပ်နေတဲ့ လူဟာ လူသတ်သမားပေါ့ဗျာ… မစ္စတာ မက်ဇီမီလျံ ဒီဝင်းတား ဆိုတာ လူသတ်သမားပေါ့။ သူ့ကို သေသေချာ ချာကြည့်လိုက်စမ်းပါ။ ကြိုးစင်တင် ဖို့ ဘယ်လောက်ကောင်းမယ့်လူလဲဆိုတာ… ဟား… ဟား… ဟား…" ဖေဗယ် က အရက်မူးလွန်းနေသူတစ်ယောက်လို အတောမသတ် ရယ်တော့သည်။ စိတ်မမှန်သူတစ် ယောက်လို ရယ်တော့သည်။ ကို ဆက်ဖတ်ရန်.........
အခန်း (၂၄)
အရူးတစ်ယောက်လို အတောမသတ် ဖေဗယ်ရယ်သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ သည်။ သူ့မျက်နှာ မှာ နီရဲပြီး မျက်လုံးများပါ သွေးချင်းချင်းရဲနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါသည်။ သူ့ကိုယ်သူ မထိန်းနိုင် မဟန်နိုင်ဘဲ ယိမ်းထိုးနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယင်းသို့သော အပြုအမူများကြောင့် ကာနယ်ဂျူလယန်းသည် သူ့အပေါ်သံသယ၀င်သွားတော့သည်။ သူ့ကို မကြည့်တော့။ သူ့ဘက်မှာလည်း မရှိတော့။ ကျွန်မတို့ဘက်သို့ ရောက်လာပြီ။
"ဒီလူ အရက်မူးနေပြီ။ သူ့ဟာသူ ဘာတွေပြောနေမိတယ် ဆိုတာတောင် မသိတော့ဘူး"ဟု ကာနယ် ဂျူလယန်းက ပြောသည်။
"ကျုပ်အရက်မူးနေတယ်... ဟုတ်တယ်.... မထင်လိုက်ပါနဲ့ မိတ်ဆွေကြီးရာ... ခင်ဗျားက တရားသူ ကြီး... ဗိုလ်မှူးကြီး... ဒါပေမဲ့ ကျုပ်ကို အရူးလုပ်လို့မရဘူး။ ကျုပ်ဘက်မှာ တရားဥပဒေရှိတယ်။ ဒီစီရင် ချက်ကို ပြောင်းပစ်ဖို့ ကျုပ်လုပ်ရမယ်။ ဒီခရိုင်ထဲမှာ ခင်ဗျားအပြင် တခြားတရားသူကြီးတွေရှိသေး တယ်။ ဦးနှောက်တကယ်ရှိတဲ့ တရားသူကြီးတွေ ရှိသေးတယ်။ မက်ဇင်မ် ဒီဝင်းတားက ရဘက်ကာကို သတ်ပစ်လိုက်တယ်ဆိုတာ ကျုပ် သက်သေခံ အထောက်အထားတွေ ပြမယ်"
"ခဏနေပါ ဦး မစ္စတာဖေဗယ်... ဒီနေ့ ရုံးတော်မှာ စစ်ဆေးတုန်းက ခင်ဗျားရှိနေတယ် မဟုတ်လား။ အခုမှ ကျုပ် မှတ်မိ လာတယ်။ ခင်ဗျား ဟိုမှာ ထိုင်နေတာ ကျုပ် တွေ့ခဲ့တာပဲ။ စီရင်ချက်ဟာ တရားမျှတ မှန်ကန်မှုမရှိဘူးလို့ ခင်ဗျားထင်ရင် အဲဒီအချိန်တုန်းက ဘာကြောင့် မပြောတာလဲ။ ဂျူရီလူကြီးတွေနဲ့ မှုခင်းရှေ့နေကို ဘာဖြစ်လို့ မပြောတာလဲ။ အဲဒီစာကို ဘာဖြစ်လို့ ရုံးတော်မှာ မတင်ပြခဲ့တာ။ ဂျူရီ လူကြီးတွေနဲ့ မှုခင်းရှေ့နေကို ဘာဖြစ်လို့ မပြောတာလဲ။ အဲဒီစာကို ဘာဖြစ်လို့ ရုံးတော်မတင်ပြခဲ့ တာလဲ။"
"ဟား... ဟား... ဘာဖြစ်လို့ မတင်ပြတာလဲ... ဟုတ်လား... အဲဒီ နည်းလမ်းကို ကျုပ်က မကြိုက်လို့ ပေါ့ဗျာ... ဒီဝင်းတား ဆီ ကိုယ်တိုင်လာပြီး ဖြေရှင်းချင်လို့ပေါ့ဗျာ... ဟား... ဟား"
"ဒါကြောင့် ခင်ဗျားကို ကျွန်တော် ဖုန်းဆက်ခေါ်တာပါ" မက်ဇင်မ်က ပြတင်းပေါက်မှ ပြန်လျှောက် ပြီးပြောသည်။ "သူ့စွပ်စွဲချက်တွေကို ကျွန်တော်တို့အားလုံး ကြားပြီးပါပြီ။ ကျွန်တော်ကလဲ သူ့ကို ဒီအ တိုင်းမေးခဲ့ပါတယ်။ သူဟာ သူဌေးမဟုတ်ပါဘူးတဲ့။ ဒါကြောင့် သူသေတဲ့အထိ တစ်နှစ်ကို ငွေနှစ် ထောင် သုံးထောင် ကျွန်တော်က ပေးမယ်ဆိုရင် သူနောက်ထပ် မနှောင့်ယှက်တော့ပါဘူးတဲ့။ ဟော ဒီမှာ ဖရင့်ရှိတယ်။ ကျွန်တော့်မိန်းမရှိတယ်။ သူတို့နှစ်ယောက်စလုံးကြားတယ်။ သူတို့ကိုမေးကြည်ပါ။"
"ဒါ အမှန်ပါပဲခင်ဗျာ... ငွေညှစ်တာပါ။ သိပ်ရှင်းပါတယ်"ဟု ဖရင့်ခရော်လေက ၀င်ပြောသည်။
"ဒါမှန်တာပေါ့။ ငွေညှစ်တယ် ဆိုတာ မလုပ်ကောင်းတဲ့အလုပ်ပဲ။ လူပေါင်းများစွာ စိတ်မချမ်းမသာဖြစ်ကြ ရမယ်။ ငွေညှစ်သူကိုယ်တိုင်လဲ ထောင်ကျနိုင်တယ်။ ဒါမျိုးကို ကျုပ်တို့ရှောင်ရမယ်။ ကျုပ်မေး မယ့် မေးခွန်းတွေကို ဖြေနိုင်လောက်အောင် ခင်ဗျား စိတ်တည်ငြိမ်မှုရှိ မရှိ ကျုပ်မသိဘူး ဖေဗယ်… ပုဂ္ဂိုလ် ရေးတွေ ရှေ့တန်း မတင်ဘဲ ဒီကိစ္စကို မြန်မြန် ရှင်းလိုက်ကြရအောင်။ ခင်ဗျား ဒီဝင်းတားကို အပြင်း အထန် စွပ်စွဲပြီးပြီ။ ဘာ အထောက်အထား ပြနိုင်သလဲ"ဟု ကာနယ်ဂျူလယန်းက မေးသည်။
"အထောက်အထား... ဘာအထောက်အထားကို ခင်ဗျားက လိုချင်သေးလို့လဲ... သင်္ဘောဝမ်းဗိုက်က အပေါက်တွေ ဟာ လုံလောက်တဲ့ အထောက်အထားတွေ မဟုတ်ဘူးလား။ သက်သေခံတွေ မဟုတ်ဘူး လား"
"ဒါတွေဟာ အထောက်အထားမဖြစ်နိုင်ဘူး။ ဒီအပေါက်တွေကို ဒီဝင်းတား ဖောက်နေတာ မြင်ပါတယ် လို့ ထွက်ဆိုနိုင် မယ့် မျက်မြင်သက်သေမရှိသမျှ သက်သေခံ မမြောက်ဘူး။ ခင်ဗျားမှာ မျက်မြင်သက် သေ ရှိသလား"
"ဘာမျက်မြင်သက်သေ လဲ... ဒါဟာ ဒီဝင်းတား လုပ်တာပဲ။ ရဘက်ကာကို လူကလွဲပြီး တခြားဘယ်သူ က သတ်မှာလဲ" "ကားရစ်ဆိုတာ လူဦးရေအများကြီးနေတဲ့ မြို့။ ဒီမြို့မှာ တစ်အိမ်တက်ဆင်း လိုက်မေးနေ ရမှာလား... ဘယ်လို လုပ်ပြီး မျက်မြင်သက်သေ ခင်ဗျား ပြနိုင်သလဲ"
"သြော်... ခင်ဗျားက ဒီဝင်းတားဘက် လိုက်သွားပြီပေါ့လေ... သူ့ကို အကာအကွယ်ပေးနေပြီပေါ့ လေ... သူ ဒုက္ခရောက်သွားမှာ ခင်ဗျားက မမြင်ရက်ဘူးပေါ့လေ... ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ သူနဲ့အတူတူ ထမင်းစားနေတဲ့ လူကိုး။ သူက ဒီအရပ်မှာ နာမည်ကြီးတစ်လုံးနဲ့နေတဲ့ မျက်နှာကြီး ကိုး... သူက မန်ဒါလေစံအိမ်ကြီး ရဲ့ ပိုင်ရှင် ကိုး...။ သောက်သုံးမကျတဲ့ အကောင်ကြီး..."
"ဆင်ခြင်ပြော ဖေဗယ်....ဆင်ခြင်ပြော"
"ကျုပ်ကို ဒီလိုအလွယ်ကလေးနဲ့ ပထုတ်လိုက်လို့ ရမယ်ထင်သလား။ ရုံးတော်မှာ ကျုပ်က တရားစွဲ လို့မရဘူး ထင်သလား။ ခင်ဗျားကို ကျုပ်ပြောပြမယ်။ ဒီဝင်းတားက ကျုပ်ကြောင့် ရဘက်ကာကို သတ် ပစ်လိုက်တယ်။ ကျုပ်ဟာ သူ့ချစ်သူပဲ ဆိုတာ သူသိတယ်။ သူက သ၀န်တိုတယ်။ ကြောက်စရာကောင်း လောက်အောင် သ၀န် တိုတယ်။ ကမ်းခြေက တိုက်ကလေးထဲမှာ ကျုပ်ကို ရဘက်ကာ စောင့်နေတယ် ဆိုတာ သူသိတယ်။ အဲဒီညမှာပဲ သူလိုက်သွားပြီး ရဘက်ကာကို သတ်ပစ်လိုက်တာ။ ပြီးတော့ သင်္ဘောကေဗင်ထဲမှာထည့်ပြီး နှစ်ပစ်လိုက်တာပဲ"
"ဇာတ်လမ်း ကလေးကတော့ နားထောင်လို့ကောင်းပါရဲ့ ဖေဗယ်....။ ဒါပေမဲ့ ခင်ဗျားမှာ အထောက် အထား မရှိဘူး။ ခင်ဗျားကို ထပ်ပြောရဦးမယ်။ ခင်ဗျားမှာ ဘာအထောက်အထားမှ မရှိဘူး။ မျက်မြင် သက်သေပြပါ။ ကျုပ်အရေး ယူပေးမယ်။ ကမ်းခြေက တိုက်ကလေးကို ကျုပ် သိပါတယ်။ ပျော်ပွဲစား ထွက်ကြ တဲ့ နေရာမဟုတ်လား။ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘောက တက်မကို သိမ်းထားတဲ့ တိုက်မဟုတ်လား။ အဲဒီပတ်ဝန်းကျင် မှာ နေတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီအထဲက မျက်မြင်သက် သေတစ်ယောက်လောက် ခင်ဗျား ရှာပေးနိုင် ပါ့မလား"
"နေဦး..." ဖေဗယ်က တစ်လုံးချင်းပြောသည်။ "နေဦး...ဒီဝင်းတားကို အဲဒီညက မြင်တဲ့လူ ရှိနိုင်တယ်။ အင်မတန်ကောင်း တဲ့ အခွင့်အရေးပေါ့ဗျာ။ မျက်မြင်သက်သေ တစ်ယောက်ပြနိုင်ရင် ခင်ဗျား ဘာပြော မလဲ"
ကာနယ်ဂျူလယန်း က ပခုံးများကို တွန့်လိုက်သည်။ ဖရင့်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ် က ဘာမျှ မပြော။ ဖေဗယ်ကိုသာ စိုက်ကြည့်နေသည်။
ဖေဗယ် ဘာကိုဆိုလိုကြောင်း ကျွန်မ ချက်ချင်းသိလိုက်ပါသည်။ မည်သူ့ကို ဆိုလိုကြောင်း ချက်ချင်း သိလိုက် ပါသည်။ ကျွန်မစိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြီးစိုးလာသည်။ သူပြောသည်မှာ မှန်ပါသည်။ စိတ် မနှံ့သော လူတစ်ယောက် ၏ မျက်လုံးများပိုင်ရှင် ဘင်းကို ကျွန်မ မြင်ယောင်လာပါသည်။ သူပြောခဲ့ဖူး သည့် စကားများ ကိုလည်း ပြန်လည် ကြားယောင်လာမိပါသည်။
"အဲဒီအမျိုးသမီး ဟိုမှာ မြုပ်သွားတာမဟုတ်လား... သူ ဘယ်တော့မှ ပြန်မလာတော့ဘူးနော်... ဘယ် သူ့ကိုမှ ကျွန်တော် မပြောပါဘူး။ သူ့ကို သူတို့ရှာလို့တွေ့မှာလား... ငါးတွေက သူ့ကို စားထားကြပြီ မဟုတ်လား..." ဆိုသော စကားများကို ပြန်လည်ကြားယောင်လာမိပါသည်။
ထိုညက အဖြစ်အပျက်များကို ဘင်း မြင်နိုင်ပါသည်။ ရဘက်ကာ၏ အလောင်းကို သင်္ဘောပေါ်သို့ မက်ဇင်မ် သယ်သွားပုံ၊ သင်္ဘောကို ပင်လယ်ပြင်မှာ နှစ်ခဲ့ပြီး ရာဘာလှေကလေးနှင့် ပြန်လာပုံများကို ဘင်း မြင်တွေ့နိုင် ပါသည်။ ကျွန်မ မျက်နှာပေါ်မှာ သွေးရောင်ဆုတ်သွားသည်။ ပင်ပန်းစွာဖြင့် ကုလားထိုင်နောက်မှီပေါ်မှာ မှီချ လိုက်မိ ပါတော့သည်။
"ဒီအရပ်မှာနေတဲ့ စိတ်ကောင်းကောင်းမနှံ့တဲ့ လူတစ်ယောက်ရှိတယ်။ ပင်လယ်ကမ်းခြေမှာပဲ သူ အမြဲ နေ တယ်။ ရဘက်ကာနဲ့တွေ့ဖို့ ကျွန်တော်သွားတိုင်း သူ့ကိုတွေ့ရတတ်တယ်။ ပူအိုက်တဲ့ ညတွေ ကျရင် သောင်ပြင်ပေါ်မှာဖြစ်ဖြစ် တောထဲမှာဖြစ်ဖြစ် သူအိပ်လေ့ရှိတယ်။ ကောင်လေးက ဦးနှောင် မမှန်ဘူး။ ဒါပေမဲ့ အဲဒီညတုန်းက သူဘာကိုမြင်တယ်ဆိုတာတော့ ပြန်ပြောပြအောင် ကျွန်တော် လုပ် နိုင်ပါတယ်" ဟု ဖေဗယ် က ပြောသည်။
"ဘယ်သူလဲ.... ဘယ်သူ့အကြောင်းကို သူပြောနေတာလဲ..." ဟု ကာနယ်ဂျူလယန်းက မေးသည်။
"ဘင်းကို ပြောနေတာဖြစ်မှာပေါ့" ဖရင့် မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက်ကြည့်ပြီးပြန်ဖြေသည်။ "ကျွန် တော် တို့ခြံ က သီးစားအလုပ်သမားတစ်ယောက်ရဲ့ သားပါ။ ဒါပေမဲ့ သူ့သက်သေထွက်ချက်တွေကလဲ အားထားလောက် မှာ မဟုတ်ပါဘူး။ မွေးကတည်းက ဦးနှောက်ပျက်လာတာ"
"ဒါနဲ့ဘာဆိုသလဲ... သူ့မှာ မျက်စိရှိတယ်။ သူ ဘာမြင်တယ်ဆိုတာ သူသိတယ်။ ဟုတ်တယ် မဟုတ် ဘူး ဖြေရုံ ပဲ။ ဘယ်လိုလဲကွ... မင်းစိတ်တွေ လှုပ်ရှားလာပြီ မဟုတ်လား... သိပ်ပြီး စိတ်တင်းမထားနိုင် တော့ဘူး မဟုတ်လား" ဖေဗယ် က တစ်ဆက်တည်း မက်ဇင်မ်ကိုပါ လှမ်းမေးသည်။
"အဲဒီလူကိုခေါ်ပြီး မေးကြည့်လို့ ရနိုင်မလား" ကာနယ်ဂျူလယန်းက မေးသည်။
"ရနိုင် ပါတယ်။ ဖရင့်... ရောဘတ်ကိုလွှတ်ပြီး သူ့အမေအိမ်မှာ သွားခေါ်ခိုင်းလိုက်ပါ"
မက်ဇင်မ် က ဖရင့်ကို လှမ်းပြောသည်။
ဖရင့်က တုံ့ဆိုင်းနေသေးသည်။ ကျွန်မကို မျက်လုံးစွေပြီး ကြည့်လိုက်ကြောင်းလည်း သတိထားလိုက်မိ သည်။
"ကဲ...လုပ်ကွာ...ဒီကိစ္စကြီး တို့ပြတ်ချင်ပြီ"
မက်ဇင်မ် ၏ စကားဆုံးသည်နှင့် အခန်းပြင်သို့ ဖရင့်ထွက်သွားသည်။ ကျွန်မ ရင်ထဲမှာ နာကျင်လာ သည်။ ခဏကြာတော့ ဖရင့် ပြန်ဝင်လာသည်။
"ကျွန်တော့ကားနဲ့ ရောဘတ်ကို လွှတ်လိုက်တယ်။ ဘင်းကို အိမ်မှာ အဆင်သင့်တွေ့ရင် ဆယ်မိနစ် ထက် မပိုဘူး။ ပြန်ရောက်လာမယ်"
"ဒါလောက် မိုးသဲနေရင် အိမ်မှာ သူရှိနေမှာ သေချာတယ်" ဟု ဖေဗယ်က ပြောသည်။ "သူမြင်တာ တွေ ကိုပြောရပါစေ့မယ်ဗျာ... ကြည့်ကြပါ။ ဟား... ဟား...."
မက်ဇင်မ် ကိုကြည့်ပြီး သူရယ်ပြန်သည်။ သူ့မျက်နှာပေါ်မှာလည်း ဇောချွေးတွေ ပြန်နေသည်။
စိတ်အားထက်သန်နေပုံ လည်း ရသည်။
"ဒီ မန်ဒါလေစံအိမ်ကြီးမှာ ခင်ဗျားတို့က ညီညွတ်ရေး ရနေကြတာပေါ့လေ။ ခရိုင်တရားသူကြီးက တကျိတ်တည်း တစ်ဉာဏ်တည်း။ မိန်းမလုပ်တဲ့သူက ကိုယ့်ယောက်ျားကို ဆန့်ကျင်ပြီး ဘယ်သက် သေခံ ပါ့မလဲ။ ခရော်လေကလဲ ဒီအတိုင်းပဲပေါ့။ အမှန်အတိုင်းအစစ်ခံရင် သူအလုပ် ပြုတ် သွား မယ်လေ။ နောက်ပြီးတော့ ကျွန်တော့်အပေါ်မှာလဲ သူက အာဃာတထားနေတာ။ ကျွန်တော့်ကြောင့် ရဘက်ကာ နဲ့ သူ ထင်တိုင်းမကြဲလိုက်ရဘူးလေ။ မဟုတ်ဘူးလား ခရော်လေ... ဒီတစ်ခါတော့ မောင်ရင့်အဖို့ အဆင်ပြေ သွားပါပြီကွာ။ အခုအမျိုးသမီးက သူသတိလစ်သွားတိုင်း ၀က်မြီးလိုဆော့တတ်တဲ့ မင်းလက် ကို တမ်းတနေ မှာပါ။ သူ့ယောက်ျား ကို သေဒဏ်ပေးကြောင်း တရားသူကြီးရဲ့ စီရင်ချက်ကို ကြားရတဲ့ အခါ ၀က်မြီးနဲ့တူတဲ့ မင်းရဲ့လက် က သူ့ကိုဖေးမကူပေး လိုက်ဦးပေါ့"
အဖြစ်အပျက်က မြန်လွန်းလှသည်။ မက်ဇင်မ် ဘာလုပ်လိုက်သည်ကို မမြင်လိုက်ရအောင်ပင် မြန်လွန်း လှသည်။ ဖေဗယ် သည် ဆိုဖာလက်တန်းပေါ်သို့ ယိုင်းပြီးကြမ်းပြင်ပေါ်သို့ ထိုးကျသွးသည်။ သူ့ဘေး မှာ မက်ဇင်မ် ရပ်နေသည်။ ကျွန်မ စိတ်အပူကြီး ပူသွားမိပါသည်။ ဖေဗယ်ကို လက်သီးနှင့်ထိုးလိုက် သည့်အတွက် မက်ဇင်မ် အပေါ်မှာ အထင်မှားစရာ ဖြစ်လာနိုင်သည်။ သည်အဖြစ်ကို မသိရသောကိုယ်၊ မမြင်ရသော ကိုယ် ဖြစ်လိုက်ချင်ပါ၏။ ကာနယ်ဂျူလယန်းက ဘာမျှမပြော။ မျက်နှာထားတည်တည်ကြီး နဲ့ ဖြစ်နေသည်။ သူတို့ကို ကျော်ခိုင်းပြီး ကျွန်မဆီသို့ လျှောက်လာသည်။ "အပေါ်ထပ်တက်နေလိုက်ရင် ကောင်းမယ်ထင်တယ်" ဟု ခပ်တိုးတိုး ပြောသည်။ "မသွားချင်ဘူး... ကျွန်မ မသွားချင်ဘူး" ကျွန်မက ခေါင်းခါပြ ရင်း လေသံနှင့် ပြန်ပြောသည်။
"ဒီငတိပါးစပ်က ဘာမဆို ထွက်တော့မယ့်အခြေအနေမျိုး ရောက်နေတယ်။ အခုမြင်လိုက်ရတာက စိတ် မကောင်းစရာ ပဲ။ ခင်ဗျားယောက်ျားလုပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းမျိုး ခင်ဗျားမြင်ဖို့ မကောင်း ဘူး"
ကျွန်မ က ပြန်မဖြေပါ။ ဖြည်းဖြည်းချင်း မတ်တတ်ပြန်ရပ်နေသည့် ဖေဗယ်ကိုသာ ငေးကြည့်နေမိပါ သည်။ ဆိုဖာပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချရင်း လက်ကိုင်းပဝါဖြင့် မျက်နှာကို အုပ်ထားသည်။
"အရက်တစ်ခွက်ပေးပါ....အရက်တစ်ခွက်လောက် ပေးကြပါ" ဟု သူကပြောသည်။
မက်ဇင်မ်က ဖရင့်ကို လှမ်းကြည့်သည်။ အခန်းထဲမှာ ဖရင့်ထွက်သွားသည်။ ကျွန်မတို့အားလုံး တိတ် နေကြသည်။ ခဏကြာတော့ ၀ီစကီနှင့်ဆိုဒါဗန်း ကိုင်ပြီး ဖရင်ပြန်ဝင်လာသည်။ ၀ီစကီကို ဆိုဒါနှင့်ရော ပြီး ဖေဗယ်ကို လှမ်းပေးသည်။ တိရစ္ဆာန်တစ်ကောင်လို လောဘတကြီး သောက်နေသည်။ မက်ဇင်မ်၏ လက်သီးထိသွားသော မေးရိုးပေါ်မှာ အညိုရောင် ပေါက်နေသည်။
မက်ဇင်မ်သည် အားလုံးကို ကျော်ခိုင်းပြီး ပြတင်းပေါက်နားမှား သွားရပ်နေပြန်သည်။ ကာနယ်ဂျူ လယန်းက မက်ဇင်မ်ကို ကြည့်နေသည်။ သူကြည့်ပုံက လေ့လာနေပုံမျိုး၊ အကဲခတ်နေပုံမျိုး။ ဘာ ကြောင့် သည်လို ကြည့်နေရပါလိမ့်။ ကျွန်မ၏ရင်ထဲမှာ တုန်ယင်လှုပ်ရှားလာသည်။
သည်အကြည့်မျိုး သည် သူစဉ်းစားနေပြီဆိုသည့် သဘောလား။ သံသယ၀င်နေပြီဆိုသည့် သဘော လား။
မက်ဇင်မ် ကတော့ ဒါတွေကိုမမြင်။ အပြင်မှာရွာနေသည့် မိုးကိုသာ စိုက်ကြည့်နေသည်။ ဖေဗယ်က ကုန် သွားသည့် ၀ီစကီဖန်ခွက်ကို စားပွဲပေါ်မှာ ပြန်တင်လိုက်သည်။ ကြမ်းပြင်ပေါ် စိုက်ကြည့်ရင်း အသက် ပြင်းပြင်း ရှူနေသည်။ "ရောဘတ် ပြန်လာတဲ့ကား သံကြားတယ်"
ဖရင့် က ပြောပြောဆိုဆို အခန်းအပြင်ထွက်သွားသည်။ ဖေဗယ်က ခေါင်းမေ့ကြည့်သည်။ ပြီးတော့ ထိုင် ရာမှထပြီး တံခါးပေါက်ကို လှမ်းကြည့်နေသည်။ သူ့မျက်နှာပေါ်တွင်လည်း အကျည်းတန်သည့် အပြုံး တစ်ခုရှိနေ သည်။ တံခါးပွင့်သွားသည်။ ဖရင့်ဝင်လာသည်။ နောက်ကိုလှည့်ပြီး တစ်စုံတစ်ယောက်ကို စကားပြောနေ သည်။
"၀င်ခဲ့လေ ဘင်း... မစ္စတာဒီဝင်းတာက မင်းကို စီးကရက်ပေးချင်လို့တဲ့။ ဘာမှ ကြောက်စရာမရှိပါဘူး"
ရှိုးတိုးရှန်းတန့်ဖြင့် အခန်းထဲသို့ ဘင်း ၀င်လာသည်။ ခေါင်းပေါ်မှာ ဦးထုပ်ဆောင်းမထားသောကြောင့် အကြည့်ရဆိုးနေသည်။ ဆောင်းနေကျ ဦးထုပ်ကြီးကို လက်ထဲမှာ ကိုင်ထားသည်။ သူ့ခေါင်းကို ပြောင် နေအောင် ရိတ်ထားသည်။ အမူအရာကလည်း ထိတ်လန့်တကြား ဖြစ်နေသည်။
အခန်းထဲ မှ မီးရောင်ထိန်ထိန်များက သူ့ကို မူးမိုက်သွားစေဟန် တူပါသည်။ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အခန်းထဲမှာလူများကို ကြည့်နေသည်။ ကျွန်မကို သူမြင်သွားသည်။ ကျွန်မက လျော့ လျဲစွာ ပြုံးပြသည်။ ပူပင်သောကရောက်သည့် အပြုံးမျိုးဖြစ်ပါသည်။ ကျွန်မကို သူမှတ်မိသည် မမှတ်မိ သည် မပြောတတ်ပါ။ မျက်လုံးကိုသာ ဖွင့်ချည် ပိတ်ချည်လုပ်နေသည်။ ဖေဗယ်က သူ့ရှေ့သို့ ဖြည်း ဖြည်းချင်း တိုးသွားပြီး ရပ် လိုက်သည်။
"ဟဲလို... တို့နှစ်ယောက် နောက်ဆုံးတွေ့ပြီးကြတဲ့ နောက်ပိုင်းမှာ မင်းဘ၀အဆင်ပြေတယ် မဟုတ် လား"
ဘင်းက သူ့ကိုငေးကြည့်နေသည်။ မှတ်မိပုံမပေါ်။ ဘာမျှလည်းပြန်မဖြေ။ "ငါဘယ်သူလဲဆိုတာ သိတယ်မဟုတ်လား" ဖေဗယ်က ဆက်ပြောသည်။ "အာ....." ဘင်းက သူ့ဦးထုပ်ကြီးကို ဆွဲလိမ်နေသည်။ "ဆေးလိပ်သောက် ပါဦး" ဖေဗယ်က စီးကရက်ဗူးကမ်းပေးသည်။ ဘင်းက မက်ဇမ်နှင့် ဖရင့်ကို တစ်ချက် လှမ်းကြည့်သည်။
"ရတယ် ဘင်း... မင်း လိုချင်သလောက်ယူပါ"
မက်ဇင်မ်က လှမ်းပြောသည်။
ဘင်းက စီးကရက်လေးလိပ်ယူပြီး နှစ်လိပ်ကို နားရွက်ကြားမှာ ညှပ်ထားလိုက်သည်။ ပြီးတော့ သူ့ဦးထုပ်ကြီးကို လိမ်မြဲလိမ်နေသည်။
"ငါ ဘယ်သူလဲဆိုတာ မင်းသိတယ်မဟုတ်လား"
ဖေဗယ်က ထပ်မေးပြန်သည်။ ဘင်းကမဖြေသေး။ ကာနယ်ဂျူလယန်းက သူ့ဆီလျှောက်သွားပြီး မေး သည်။
"ခဏကြာရင် မင်းအိမ်ပြန်ရမှာပါ ဘင်း... မင်းကို ဘယ်သူကမှ ဘာမှမလုပ်ပါဘူး။ မေးခွန်းကလေး တစ်ခုနှစ်ခု ဖြေရုံ ပါပဲ။ မစ္စတာဖေဗယ်ကို မင်းသိသလား" သည်တစ်ကြိမ်တော့ ဘင်းက ခေါင်းကို ယမ်းခါပြ သည်။
"သူ့ကို တစ်ခါမှ မမြင်ဖူးဘူး" "ဟေ့ကောင်... အရူးမထစမ်းနဲ့။ ငါ့ကိုမြင်ဖူးတယ် မင်းသိတယ်။ ကမ်းခြေမှာရှိတဲ့ မစ္စက်ဒီဝင်းတား ရဲ့တိုက်ပုကလေးကို ငါသွားတာ မင်းမြင်တယ်။ ဟိုမှာ ငါ့ကို မင်းမြင်ဖူးတယ်။ မဟုတ်ဘူးလား..." "မဟုတ်ပါဘူး.... ကျွန်တော် ဘယ်သူ့ကိုမှ မမြင်ဖူးပါဘူး"
"ခွေးသား... လူလိမ်... မစ္စက်ဒီဝင်းတားနဲ့အတူတူ ငါလျှောက်သွားတာကို မင်းမြင်တယ်။ မြင်တယ် မဟုတ်လား... တို့ကို ပြတင်းပေါက်ကနေ မင်းချောင်းကြည့်နေတာတို့ ဖမ်းမိဖူးတယ်လေ"
"အာ... " "တော်တော် ယုံကြည်အားထားလောက်တဲ့ မျက်မြင်သက်သေပါလား ဟရို့..." ကာနယ်ဂျူလယန်းက ရယ်သွမ်းသွေးသည်။ ဖေဗယ်က သူ့ဘက်ကို လှည့်လိုက်သည်။
"ဒါတွေက အကွက်ဆင်ထားတာလေဗျာ... တစ်ယောက်ယောက်က ဒီအရူးကိုလာဘ်ထိုးထားတာပဲ။ ကျွန်တော့် ကို သူအကြိမ်ပေါင်း များစွာ မြင်ဖူးတယ်။ ဒီမှာကြည့်စမ်း... ဒါဆိုရင် မင်းမှတ်မိမလား" ဖေဗယ်က အိတ်ထဲမှ ပိုက်ဆံအိတ်ကိုနှိုက်ယူပြီး တစ်ပေါင်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြသည်။
"အခု မင်းငါ့ကို မှတ်မိပြီ မဟုတ်လား" ဘင်းက ခေါင်းယမ်းသည်။ ပြီးတော့ ဖရင့်၏လက်မောင်းကို ဆွဲကိုင်ထား သည်။
"သူ့ကို ကျွန်တော် မမြင်ဘူးပါဘူး ...သူက ကျွန်တော့်ကို ထောင်ထဲတည့်ဖို့ ဒီကိုလာတာလား ခင်ဗျာ..."
"မဟုတ်ပါဘူး… လုံးဝ မဟုတ်ပါဘူး ဘင်း" ဖရင့်က ပြန်ပြောသည်။
"ထောင်ထဲကို ကျွန်တော် မသွားချင်ဘူး။ သူတို့က သိပ်ရက်စက်တယ်တဲ့။ ကျွန်တော် အိမ်မှာပဲ နေပါရ စေ။ ကျွန်တော် ဘာမှမလုပ်ပါဘူး" "စိတ်အေးအေးထားပါ ဘင်း… မင်းကို ဘယ်သူကမှ ထောင်ထဲမပို့ပါဘူး။ ဒီလူကို မင်း မမြင်ဖူးဘူးဆို တာ သေချာရဲ့လား…" ဟု ကာနယ်ဂျူလယန်းက မေးသည်။ "မမြင်ဖူးပါဘူး ခင်ဗျား… လုံးဝ မမြင်ဖူးပါဘူး" "မစ္စက်ဒီဝင်းတားကို မင်း မှတ်မိသလား" ကာနယ်ဂျူလယန်းကပင် ဆက်မေးသည်။ ဘင်းက ကျွန်မကို မရေမရာ လှမ်းကြည့်သည်။ "မဟုတ်ဘူး… ဒီအမျိုးသမီး မဟုတ်ဘူး။ တခြားတစ်ယောက် ကို ပြောတာ။ ဟိုကမ်းခြေက တိုက်ပုက လေး ကို အမြဲသွားလေ့ရှိတယ်"
"အာ…"
"ရွက်သင်္ဘောကလေးရှိတဲ့ အမျိုးသမီးကို မှတ်မိသလား"
"သူ သွားပြီ"
ဘင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြန်ပြောသည်။
"ဟုတ်တယ်… တို့သိတယ်။ သူက ရွက်တိုက်လေ့ရှိတယ်လေ… ဟုတ်တယ်မှတ်လား… သူ နောက်ဆုံး ရွက်သွား တုန်းက ပင်လယ်ကမ်းခြေမှာ မင်း ရှိနေခဲ့သလား။ ညဦးပိုင်းလေ… တစ်နှစ်လောက် ကြာသွား ပြီလေ… အဲဒီလို ထွက်သွားပြီး သူ ပြန်မလာတော့ဘူးလေ…"
ကာနယ်ဂျူလယန်းက ချော့မော့သည်လေသံမျိုးဖြင့် ဆက်မေးနေသည်။
ဘင်းကမူ လက်ထဲမှ ဦးထုပ်ကို လိမ်မြဲလိမ်နေသည်။ ပြီးတော့ ဖရင့်ကို ကြည့်သည်။ ထို့နောက် မက်ဇင်မ်ကို လှမ်းကြည့်သည်။
"အာ…"
"မင်း အဲဒီမှာ ရှိနေခဲ့တယ်။ ဟုတ်တယ် မှတ်လား…" ဖေဗယ်က ရှေ့သို့ကုန်းပြီး မေးသည်။ "ကမ်းခြေ က တိုက်ကလေး ဆီကို မစ္စက်ဒီဝင်းတား ဆင်းလာတာ မင်း မြင်တယ်။ သူနဲ့ အတူတူ မစ္စတာဒီဝင်းတား ပါလာတာ မင်း မြင်တယ်။ သူ့မိန်းမဝင်သွားတဲ့ တိုက်ထဲကို သူလဲ ဝင်သွားတယ်။ အဲဒီနောက် ဘာဖြစ် သလဲ။ ကဲ… ပြောစမ်း… အဲဒီနောက် ဘာဖြစ်သလဲ"
ဘင်း က နောက်ဘက်ရှိ နံရံဘက်သို့ တိုးကပ်သွားသည်။
"ကျွန်တော် ဘာမှမမြင်ပါဘူး ခင်ဗျာ။ ကျွန်တော် အိမ်မှာပဲ နေချင်ပါတယ်။ ထောင်ထဲ မသွားပါရ စေနဲ့ခင်ဗျာ။ သူ့ကို ကျွန်တော် မမြင်ဖူးပါဘူး။ ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ ဟိုအမျိုးသမီးနဲ့ သူ့ ကို တောထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး" ဘင်းသည် ပြောရင်း ကလေးတစ်ယောက်လို ငိုကြွေးလေ တော့သည်။
"အလကား အသုံးမကျတဲ့ သောက်ရူး… အသုံးမကျတဲ့ သောက်ရူး"
ဖေဗယ် က တစ်လုံးချင်း ပြောနေသည်။ ဘင်းက ကုတ်အင်္ကျီလက်ဖြင့် သူ့မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက် သည်။
"ခင်ဗျား ပြတဲ့သက်သေက ခင်ဗျားကို ဘယ်လိုမှအထောက်အကူပေးနိုင်ပုံ မပေါ်ပါဘူး။ အလကား သက်သက် အချိန်ဖြုန်း သလို ဖြစ်နေတယ်။ သူ့ကို ဘာများမေးချင်သေးသလဲ" ဟု ကာနယ်ဂျူလ ယန်းက ပြောသည်။
"ဒါ အကွက် ရိုက်ထားတာ…" ဖေဗယ်က အော်သည်။ "ကျုပ်ကို ဆော်ဖို့အကွက် ရိုက်ထားတာ… ခင်ဗျားတို့အားလုံး ဝိုင်းပြီးလုပ်ကြံကြတာ။ တစ်ယောက်ယောက်က ဒီအရူးကို လာဘ်ထိုးထားတာ။ ကျုပ်ပြောတာ၊ ဒီအရူး မဟုတ်တာတွေပြောဖို့ လာဘ်ထိုးထားတာ"
"ဘင်းကို အိမ်ပြန်ခွင့်ပေးသင့်ပြီ ထင်တယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"ကောင်းပြီ ဘင်း… မင်းကို ရောဘတ် ပြန်ပို့ပေးလိမ့်မယ်။ မင်းကို ဘယ်သူကမှ ထောင်ထဲမထည့် ပါဘူး။ မကြောက် ပါနဲ့။ ဖရင့်… သူစားဖို့ ရောဘတ်ကို တစ်ခုခုယူခိုင်းလိုက်ပါ။ သူကြိုက်သလောက် ယူပါစေ" ဟု မက်ဇင်မ် က လှမ်းပြောသည်။
"တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့အတွက် ဆုချတာပေါ့လေ… မဟုတ်ဘူးလား… မက်ဇ်… မင်းအတါက် ဒီကနေ့ သူအကောင်းဆုံး တာဝန်ထမ်းဆောင်သွားတာပေါ့ကွာ" ဟု ဖေဗယ်က ပြော သည်။
ဖရင့် က ဘင်းကို အခန်းပြင်သို့ ခေါ်ထုတ်သွားသည်။ ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
"ဒီကလေး တော်တော်ကြောက်သွားတယ်။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေပြီ။ သူ့ကို ဒီလို ဆက်ဆံတာမျိုး တစ်ခါ မှ မကြုံဖူးဘူးထင်တယ်"
"မကြုံဖူးပါဘူး… ဒီကလေးဟာ အပြစ်ကင်းပါတယ်။ ဘယ်သူ့ကိုမှလဲ အန္တရာယ် မပေးတတ်ပါဘူး။ ကျွန်တော်တို့ကလဲ သူ နေချင်သလို နေခွင့်ပေးထားပါတယ်" ဟု မက်ဇင်မ်က ပြန်ဖြေသည်။
"ခင်ဗျားအမှုကို သူ ဘာမှမကူညီနိုင်ဘူး။ မစ္စတာဒီဝင်းတား အပြစ်ရစေနိုင်လောက်တဲ့ သက်သေခံ အထောက်အထားတစ်ခုမှ ခင်ဗျား မပြနိုင်ဘူး။ ခင်ဗျား ပြောခဲ့တာတွေဟာ အခြေအမြစ်မရှိတော့ ဘူး။ ဒီမှာ မစ္စတာဖေဗယ်… ရုံးတော်ကိုတင်ပြရင် ခင်ဗျားမှာ အထောက်အထား မရှိတော့ဘူး မဟုတ်လား။ ခင်ဗျားဟာ မစ္စက်ဒီဝင်းတားနဲ့ လက်ထပ်တော့မယ့် ယောက်ျားပါလို့ ခင်ဗျားကိုယ် တိုင် ပြောခဲ့တယ်။ ကမ်းခြေက တိုက်ကလေးမှာ တိတ်တိတ်ပုန်း ချိန်းတွေ့ကြတယ်လို့ ခင်ဗျား ပြောတယ်။ အခု ဒီကလေးက မမြင်ပါဘူးလို့ ပြောသွားပြီ။ ခင်ဗျားပြောတဲ့ ဇာတ်လမ်းမှန်ကန် ကြောင်း ဘာအထောက်အထားမှ မပြနိုင်တော့ဘူး မဟုတ်လား" "ကျွန်တော် မပြနိုင်တော့ဘူး… ဟုတ်လား…" ဖေဗယ်က ပြန်ပြောသည်။ သူ့မျက်နှာပေါ် မှာ အပြုံးတစ်ချက် သမ်းသွားသည်ကို မြင်လိုက်ရသည်။ မီးလင်းဖိုနားက ခေါင်းလောင်းကို သူ သွားနှိပ်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ" ကာနယ်ဂျူလယန်းက မေးသည်။ "ခဏစောင့်ပါ… မြင်ရပါစေ့မယ်"
ဘာတွေဖြစ်လာတော့မည်ကို ကျွန်မ တွက်ဆလိုက်မိပြီး ဖြစ်ပါသည်။ အခန်းထဲသို့ ဖရစ် ဝင်လာ သည်။
"မစ္စက်ဒင်ဗာကို လွှတ်လိုက်စမ်းပါ" ဟု ဖေဗယ်က ပြောသည်။ ဖရစ်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က ခေါင်းဆတ်ပြသည်။ အခန်းထဲမှ ဖရစ် ပြန် ထွက်သွားသည်။
"မစ္စက်ဒင်ဗျာဆိုတာ ဒီအိမ်က ဘဏ္ဍာစိုး အမျိုးသမီးလား" ဟု ကာနယ်ဂျူလယန်းက မေးသည်။
"ရဘက်ကာရဲ့ အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်ပါတယ်" ဟု ဖေဗယ်က ဝင်ပြောသည်။
"ရဘက်ကာ လက်မထပ်ခင် နှစ်ပေါင်းများစွာကတည်းက အတူနေခဲ့တာ။ ရဘက်ကာဟာ သူ့ လက်ပေါ်မှာ ကြီးခဲ့တာပဲ။ ဒင်နီဟာ ဘင်းနဲ့ လုံးဝမတူတဲ့ သက်သေဖြစ်ကြောင်း တွေ့ရပါလိမ့် မယ်"
အခန်းထဲသို့ ဖရင့် ပြန်ဝင်လာသည်။
"ဘင်းကို အိမ်ပြန်အိပ်ခိုင်းလိုက်ပြီ မဟုတ်လား… ညစာကောင်းကောင်းကျွေးပြီး "မင်း သိပ်လိမ္မာ တဲ့ လူကလေး"လို့ ပြောလိုက်ပြီ မဟုတ်လား။ ဒီတစ်ခါတော့ မင်းတို့လူသိုက်အဖွဲ့ မချောင်တော့ ဘူးလို့သာ မှတ်ပါ" ဟု ဖေဗယ်က ဆီးပြောသည်။ "မစ္စက်ဒင်ဗာ ဆင်းလာလိမ့်မယ်။ သူ့ဆီက တစ်ခုခုရနိုင်လိမ့်မယ်လို့ ဖေဗယ်က ထင်နေတယ်" ဟု ကာနယ်ဂျူလယန်းက ဖရင့်ကို ရှင်းပြသည်။ ဖရင့်က မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက် လှမ်းကြည့်သည်။ ထိုအကြည့်ကို ကာနယ်ဂျူလယန်း မြင်လိုက်သည်။ သူ့နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ သည်အမူအရာ ကို ကျွန်မ မကြိုက်ပါ။ နည်းနည်းကလေးမှ သဘောမကျနိုင်ပါ။ ကျွန်မ လက်သဲများကို ကိုက်နေ မိသည်။
ကျွန်မတို့အားလုံး စောင့်နေကြသည်။ တံခါးပေါက်ကို ကြည့်နေကြသည်။ ထို့နောက် မစ္စက်ဒင်ဗာ ဝင်လာသည်။ မစ္စက်ဒင်ဗာကို တစ်ယောက်ချင်းသာ ကျွန်မတွေ့ခဲ့ဖူးသည်။ ထိုသို့ တွေ့တိုင်း သူ့ အရပ်ကြီးက မိုးနေသည်ဟု ထင်ခဲ့သည်။ ယခုတော့ သူ့ကိုယ်လုံးကလေး ကျုံ့နေသည်။ သူက ကျွန်မတို့ကို တစ်ယောက်ချင်း လိုက်ကြည့်နေသည်။
"မင်္ဂလာပါ မစ္စက်ဒင်ဗာ" ဟု ကာနယ်ဂျူလယန်းက နှုတ်ဆက်သည်။
"မင်္ဂလာပါရှင်…" "ပထမဦးဆုံး ကျွန်တော် မေးခွန်းတစ်ခုမေးပါရစေ။ ကွယ်လွန်သွားတဲ့ မစ္စက်ဒီဝင်းတားနဲ့ အခု ဒီမှာရှိနေတဲ့ မစ္စတာဖေဗယ် တို့ ဘယ်လိုပတ်သက်ကြတယ်ဆိုတာများ အမှတ်ထားမိပါသလား"
ကာနယ်ဂျူလယန်း ကပင် စမေးသည်။
"သူတို့ မောင်နှမဝမ်းကွဲ တော်စပ်ကြပါတယ်"
"ဆွေမျိုးတော်စပ်တာကို ကျွန်တော် ဆိုလိုတာမဟုတ်ပါဘူး မစ္စက်ဒင်ဗာ… ဒီထက်ပိုပြီး ရင်းနှီးမှု တစ်ခုခုကို ဆိုလိုတာပါ"
"ကျွန်မ နားမလည်ပါဘူးရှင်" "လုပ်မနေစမ်းပါနဲ့ ဒင်နီ…" ဖေဗယ်က ဝင်ပြောသည်။
"သူ ဘာအဖြေ လိုချင်လို့ မေးနေတယ်ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ကာနယ်ဂျူလ ယန်းကို ကျွန်တော် အားလုံးဖွင့်ပြောပြီးပြီ။ ဒါပေမဲ့ ကျွန်တော့်ကို့ ယုံပုံမပေါ်ဘူး။ ရဘက်ကာနဲ့ ကျွန်တော် ဟာ နှစ်ပေါင်းများစွာ အတူပေါင်းသင်းနေထိုင်ခဲ့ကြတယ် မဟုတ်လား။ သူနဲ့ ကျွန်တော် ဟာ ချစ်နေကြတာ မဟုတ် လား"
မစ္စက်ဒင်ဗာ က ချက်ချင်းပြန်မဖြေဘဲ ဖေဗယ်ကို စိုက်ကြည့်ကာ အကဲခတ်နေသည်။ သည်အမူ အရာကြောင့် ကျွန်မ အံ့အားသင့် မိပါသည်။ အထင်အမြင်သေးသည့် အကြည့်မျိုးဖြင့်လည်း ကြည့် နေသည်။
"သူဟာ ရှင့်ချစ်သူ မဟုတ်ပါဘူး" "ဒီမှာ သေသေချာချာ နားထောင်စမ်း ကောင်မကြီး"
ဖေဗယ် က ထုံးစံအတိုင်း စတော့သည်။ သို့သော် မစ္စက်ဒင်ဗာက သူ့စကားကို ဖြတ်လိုက်သည်။
"သူဟာ ရှင်နဲ့လဲ မချစ်ဘူး။ မစ္စတာဒီဝင်းတားနဲ့လဲ မချစ်ဘူး။ ဘယ်ယောက်ျားကိုမှ မချစ်ဘူး။ ယောက်ျားတွေ အားလုံးကို အထင်သေး တယ်။ အထင်သေးတယ်ဆိုတာ ထက်တောင် ပိုသေး တယ်"
ဖေဗယ်၏မျက်နှာ က ဒေါသကြောင့် နီရဲလာသည်။
"နားထောင်စမ်း။ ဟောဟိုတောထဲက လူသွားလမ်းအတိုင်း ညပေါင်းများစွာ ကျုပ်ဆီကို လာတွေ့ နေတာ မဟုတ် လား။ ကျုပ်နဲ့အတူတူ ကမ်းခြေက တိုက်မှာ လာအိပ်နေတာမဟုတ်လား။ သူအပြန် ကို ခင်ဗျား အမြဲတမ်း စောင့်နေရတယ် မဟုတ်လား။ စနေ တနင်္ဂနွေမှာလဲ လန်ဒန်ကို လိုက်လာပြီး ကျုပ်နဲ့ အတူတူနေနေတာ မဟုတ်လား"
"သြော်… ဒီလိုလား… သူ အဲဒီလို ရှင်နဲ့အတူနေတော့ရော ဘာဖြစ်သလဲ။ သူ စိတ်ချမ်းသာဖို့အ တွက် သူ့မှာ လုပ်ခွင့် မရှိဘူးလား… ယောက်ျားတွေနဲ့အတူ အိပ်တယ်ဆိုတာ သူ့အဖို့တော့ ကစား စရာတစ်မျိုးပဲ။ ကစားစရာ တစ်မျိုး ကို ကစားတဲ့အနေနဲ့ ယောက်ျားတွေနဲ့ သူ အိပ်တယ်။ ကျွန်မကို ဒီအတိုင်း သူ ပြောပြခဲ့တယ်။ သူ စိတ်ချမ်းသာ ဖို့အတွက် ဒီအလုပ်ကို သူလုပ်တယ်။ ဒီလိုလုပ်ရတဲ့ အတွက် သူ့အဖို့ စိတ်ချမ်းသာစေတယ်။ ရယ်ရမောရစေ တယ်။ ကျန်တဲ့ ယောက်ျားတွေကို ရယ်စ ရာလုပ်နေသလို ရှင့်ကိုလဲ သူ ရယ်စရာ လုပ်နေတာပဲ။ ယောက်ျားတွေ နဲ့တွေ့ပြီး သူ ပြန်လာတိုင်း အိပ်ရာပေါ်မှာ အားရပါးရ ရယ်မောနေတာ ကျွန်မ သိ တယ်"
မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသည့် စကားလုံးများကြောင့် ကျွန်မတို့အားလုံး ထိတ်လန့် တကြား ဖြစ် ကုန်ကြသည်။ မက်ဇင်မ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ဖေဗယ်က နား မ လည်နိုင်လို မစ္စက်ဒင်ဗာ ကို ငေးကြည့်နေသည်။ ကာနယ်ဂျူလယန်းက သူ့နှုတ်ခမ်းမွေးကို ပွတ်နေ သည်။ မိနစ်အတန်ကြာအောင် မည်သူမျှ စကားမပြောနိုင်ကြ။ အခန်းထဲမှာ တိတ်နေသည်။ မိုးရေ စက်ကျသံများကိုသာ ကြားနေရသည်။ ထို့နောက် မစ္စက်ဒင်ဗာ က ငိုချလိုက်သည်။ ရဘက်ကာ၏ အခန်းထဲမှာ ကျွန်မရှေ့တွင် ငိုချလိုက်သလို ရှိုက်ကြီးတငင် ငိုခြင်းဖြစ်သည်။ ကျွန်မ အသံကုန် အော်ပစ်လိုက်ချင်ပါသည်။ အသံကုန်အော်ပြီး သည် အခန်းထဲမှ ပြေးထွက်ကာ မဆုံးနိုင်အောင် အော်ဟစ်နေချင်ပါတော့သည်။
မည်သူကမှ သူ့ဆီမသွား။ ဘာမှမပြော။ ဘာအကူအညီမှ မပေး။ ဆက်ငိုမြဲ ငိုနေသည်။ သံသရာ ဆုံးသည့်တိုင် မရပ်တမ်း ငိုတော့မည် ဟု ကျွန်မ ထင်ပါသည်။ ခဏကြာတော့မှ တဖြည်းဖြည်း အငို ရပ်သွားသည်။ မလှုပ်မယှက် ရပ်နေသည်။ သူ၏အနက်ရောင်ဂါဝန်ကို တင်းတင်းကိုင်ထားသည်။ ကာနယ်ဂျူလယန်းက ညင်သာသောလေသံဖြင့် တိုးတိုးပြောသည်။
"မစ္စက်ဒင်ဗာ.. မစ္စက်ဒီဝင်းတား ဘာကြောင့်များ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ခင်ဗျား ထင် ပါသလား"
"မသိဘူး… ကျွန်မ မသိဘူး" သူက ခေါင်းကို တွင်တွင်ခါသည်။
"ဒါ မဖြစ်နိုင်ဘူး။ ကျွန်တော် သိသလို သူသိတယ်။ ခင်ဗျားကို ကျွန်တော် ပြောပြီးပြီ မဟုတ်လား" ဟု ဖေဗယ် က ပြောသည်။
"ခင်ဗျား တိတ်တိတ်နေပါ" ကာနယ်ဂျူလယန်းက သူ့ကို လှမ်းဟန့်သည်။ "မစ္စက်ဒင်ဗာကို စဉ်းစား ဖို့ အချိန်ပေး ပါ။ သာမန်ကြည့်ရင် သူ ရေးခဲ့တဲ့စာဟာ ရယ်စရာပဲဆိုတာ ကျုပ်တို့အားလုံး လက်ခံ ပြီးပြီ။ သူ လန်ဒန်မှာ ရှိနေတုန်း ခင်ဗျား ဆီကို အဲဒီစာရေးခဲ့တယ်။ ခင်ဗျားကို သူ တစ်ခုခုပြောချင်ခဲ့ တယ်။ သူ ပြောချင်တာဟာ ဘာလဲဆိုတာ သိရရင် ဒီပြဿနာကြီးရဲ့အဖြေကို ရကောင်းရနိုင် တယ်။ အဲဒီစာကို မစ္စက်ဒင်ဗာ ဖတ်ပါစေ။ အရိပ်အယောင်တစ်ခုခု ပေါ်လာနိုင်စရာ ရှိတာပေါ့"
ကာနယ်ဂျူလယန်း၏စကားဆုံးတော့ ဖေဗယ်က အိတ်ထဲရှိ စာရွက်ခေါက်ကိုနှိုက်ယူပြီး မစ္စက် ဒင်ဗာ ၏ခြေထောက် နားသို့ လှမ်းပစ်ချသည်။ မစ္စက်ဒင်ဗာက ကောက်ယူပြီး နှစ်ခေါက်ဖတ်သည်။ ပြီးတော့ ခေါင်းကို ယမ်း လိုက်သည်။
"ဒီစာ ဖတ်ရလို့ လဲ ဘာမှမထူးပါဘူး။ သူ ဘာဆိုလိုတယ်ဆိုတာ ကျွန်မ မသိဘူး။ မစ္စတာဂျက်ကို အရေးကြီးတဲ့ အကြောင်း တစ်ခုခုပြောစရာ ရှိရိုးမှန်ရင် ကျွန်မကို သူ အလျင်ပြောမှာပဲ"
"အဲဒီည က သူနဲ့ ခင်ဗျား လုံးလုံးမတွေ့ဘူး မဟုတ်လား"
"မတွေ့ပါဘူး။ ကျွန်မ အပြင်သွားနေပါတယ်။ ညဦးပိုင်းတစ်ပိုင်းလုံ ကားရစ်မှာ ရှိနေပါတယ်။ ဒါ ကြောင့် ကျွန်မ ကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်အောင် ဖြစ်နေရတာပေါ့"
"ဒီလိုဆိုရင် သူ့စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ခင်ဗျား မပြောနိုင်ဘူးပေါ့ မစ္စက်ဒင်ဗာ…။ "ရှင့် ကို ပြောပြစရာ ရှိနေတယ်" ဆိုတဲ့စကားဟာ ဘယ်လိုအကြောင်းမျိုးများ ဖြစ်နိုင်မယ် ထင်သလဲ"
"မသိပါဘူးရှင်… ကျွန်မလဲ မစဉ်းစားတတ်ပါဘူး"
"အဲဒီနေ့က လန်ဒန်မှာ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဘယ်သူများ သိပါသလဲ" ဘယ်သူကမှ ပြန်မဖြေ။ မက်ဇင်မ်က ခေါင်းယမ်းပြသည်။ "ဒီမှာ… ဒီစာကို မွန်းလွဲသုံးနာရီက ကျွန်တော့်အခန်းမှာ ထားသွားတယ်။ အလုပ်သမား က သူ့ကို မြင်လိုက်တယ်။ ဒီစာထားခဲ့ပြီး တောက်လျှောက် ကားမောင်းပြန်လာတဲ့ပုံပဲ"
"ဆံပင်အလှပြင်ဖို့ ဆယ့်နှစ်နာရီခွဲကနေပြီး တစ်နာရီခွဲအထိ ချိန်းထားတာတော့ ရှိတယ်" ဟု မစ္စက်ဒင်ဗာက ပြောသည်။ "ဒါလောက်တော့ ကျွန်မ မှတ်မိတယ်။ ဘာကြောင့်လဲဆိုတော့ သုံး လေးရက် အလိုက လန်ဒန်ကို ကျွန်မပဲ ဖုန်းဆက်ပြီး ချိန်းပေးရတာပါ။ ဟုတ်ပါတယ် ဆယ့်နှစ်နာရီ က တစ်နာရီခွဲ… အခါ တိုင်းတော့ ဆံပင်အလှပြင်ပြီးရင် သူ့ကလပ်မှာ နေ့လယ်စာ စားလေ့ရှိပါ တယ်။ အဲဒီနေ့ကလဲ သူ့ကလပ် မှာလဲ နေ့လယ်စာ စားကောင်းစားပါလိမ့်မယ်"
"နေ့လယ်စာစားတာ နာရီဝက်ထား။ ဒီအတိုင်း ဆိုရင် နှစ်နာရီကနေ သုံးနာရီအထိ သူ ဘာလုပ် နေသလဲ… ဒါကို ကျွန်တော် တို့ ရှာကြည့်ရမယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"အောင်မယ်လေး… ဖြစ်ရလေဗျာ… သူ ဘာလုပ်နေတယ်ဆိုတာ ဘယ်သူက ဂရုစိုက်ရမှာလဲ" ဖေ ဗယ် က အော်သည်။ "သူ့ ကိုယ်သူ ပြန် သတ်တာမဟုတ်ဘူး။ ဒါပဲ အရေးကြီးတာ မဟုတ်လား"
"သူ့အချိန်းအချက် မှတ်တမ်း စာအုပ် ကျွန်မအခန်းထဲမှာ သော့ခတ်သိမ်းထားတာ ရှိပါတယ်" မစ္စက်ဒင်ဗာက တစ်လုံးချင်းပြောသည်။ "အဲဒီစာအုပ်တွေအားလုံး ကျွန်မ သိမ်းထားပါတယ်။ မစ္စ တာဒီဝင်းတားကလဲ ကျွန်မဆီက မတောင်းဖူးပါဘူး။ အဲဒီနေ့အတွက် အချိန်းအချက်တွေနဲ့ပတ် သက်ပြီး အင်မတန် တိကျသေချာ ပါတယ်။ ချိန်းထားတာမှန်သမျှ တန်းစီပြီး ရေးထည့်ပါတယ်။ တွေ့ပြီးပြီ ဆောင်ရွက်ပြီးပြီဆိုရင် ဘေးမှာ ကြက်ခြေခတ် တတ်ပါတယ်။ အဲဒီမှတ်တမ်းစာအုပ်က အထောက်အကူပြုနိုင်မယ်ဆိုရင် ကျွန်မ သွားယူပေး ပါ့မယ်"
"ဘယ်လို သဘောရသလဲ ဒီဝင်းတား… ဘာပြောချင်ပါသလဲ။ မှတ်တမ်းစာအုပ်ကို ကျွန်တော်တို့ ကြည့်ရင် စိတ်မရှိ ပါဘူးနော်" ဟု ကာနယ်ဂျူလယန်းက မေးသည်။
"မရှိပါဘူး… ဘာမှကိစ္စမရှိပါဘူး" ကာနယ်ဂျူလယန်းက စူးစမ်းသလို လှစ်ကနဲ တစ်ချက် လှမ်းကြည့် လိုက်သည် ကို ကျွန်မ တွေ့ လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင် ဖရင့်ကလည်း သတိထား လိုက်မိပုံရသည်။ မက်ဇင်မ်ကို သူ က လှမ်းကြည့်သည်။ ပြီးတော့ ကျွန်မ ကို လှည့်ကြည့်ပြန်သည်။ ယခု တစ်ကြိမ်တွင်တော့ ထိုင်ရာ မှထပြီး ပြတင်းပေါက် ဆီသို့ လျှောက်သွားသူမှာ ကျွန်မ ဖြစ်နေချေသည်။ အပြင်မှာ မိုးဖွဲဖွဲသာ ရွာ နေတော့ သည်။ ကျွန်မတို့အားလုံး စကားမပြောကြပါ။ သို့သော်လည်း သည်စာကြည့်ခန်းထဲမှာ မက်ဇင်မ် ၏သေရေးရှင်ရေးအတွက် တရားစီရင်နေခြင်းဖြစ်ကြောင်း ကျွန်မတို့အားလုံး သိနေကြပါ သည်။
ညင်ညင်သာသာ တံခါးပိတ်သံကြားသဖြင့် နောက်သို့ ကျွန်မ ပြန်လှည့်လိုက်သည်။ မှတ်တမ်းစာ အုပ်ကိုင်ပြီး မစ္စက်ဒင်ဗာဝင် လာသည်ကို တွေ့ရသည်။
"ကျွန်မ ပြော တာ မှန်ပါတယ်။ သူ့အချိန်းအချက်တွေအားလုံးကို ရေးမှတ်ထားပါတယ်။ ဟောဒီမှာ သူ သေတဲ့နေ့ က မှတ်တမ်းတွေ"
သားရေဖုံး ဖုံးထားသော စာအုပ်နီနီသေးသေးကလေးကို သူက ဖွင့်ပြသည်။ ပြီးတော့ ကာနယ်ဂျူ လယန်းကို ကမ်းပေး သည်။ မှတ်တမ်းကို အကြာကြီး စိုက်ကြည့်နေသည်။ ကျွန်မတို့အားလုံး ရပ် စောင့်နေကြသည်။ ထိတ်လန့် ဖွယ် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ကျွန်မက လက်သီးကို ကျစ် ကျစ်ပါအောင် ဆုပ်ထားသည်။ မက်ဇင်မ်ကိုလည်း ကျွန်မ မကြည့်နိုင်ပါ။ ကျွန်မ၏ရင်ခုန်သံကို ကာနယ်ဂျူလယန်း ကြားမှာ သေချာပါသည်။
"အင်း…" ကာနယ်ဂျူလယန်းက စာအုပ်ကြားထဲမှာ လက်ညှိုးညှပ်ထားရင်း သက်ပြင်းချလိုက် သည်။ တစ်ခုခုဖြစ်တော့မည်။ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်တော့မည်ဟု ကျွန်မ တွေးနေမိသည်။
"ဟုတ်တယ်… မစ္စက်ဒင်ဗာပြောတဲ့အတိုင်း ဆံပင်အလှပြင်ဖို့ ၁၂ နာရီ ချိန်းထားတယ်။ ပြီးတော့ ဘေးမှာ ကြက်ခြေခတ် ထားတယ်။ သူ အလှပြင်ဖြစ်တယ်ဆိုတဲ့ သဘောပေါ့။ နောက် ကလပ်မှာ နေ့လယ်စာစားတယ်။ ဒါကိုလဲ ဘေး မှာ ကြက်ခြေခတ်ထားတယ်။ အင်း… ဒီဥစ္စာက ဘာလဲ… ဘေကာ… ၂ နာရီ၊ ဘေကာဆိုတာ ဘယ်သူလဲ…"
ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က ခေါင်းယမ်းပြသည်။ မစ္စက်ဒင် ဗာကို ဂျူလယန်းက လှမ်းကြည့်လိုက်သည်။
"ဘေကာ…" မစ္စက်ဒင်ဗာက ရေရွတ်နေသည်။ "ဘေကာဆိုတဲ့ နာမည်မျိုး သူ မသိပါဘူး။ ပြောသံ တစ်ခါမှ မကြားဖူးဘူး" "ဒါပေမဲ့ ဒီထဲမှာ ရေးထားတယ်" ကာနယ်ဂျူလယန်း မစ္စက်ဒင်ဗာဘက်သို့ စာအုပ်ကို ကမ်းပေး သည်။ "ခင်ဗျား ကိုယ်တိုင်ကြည့်လေ… ဘေကာ တဲ့… ဘေးက ကြက်ခြေခတ်ကို ထင်းထင်းကြီးခတ်ထား တယ်။ ခဲတံ ကို ချိုးပစ်လိုက်ချင်သလို ဖိပြီး ခြစ်ထားတယ်။ ဘေကာ နဲ့ သူ တွေ့ဖြစ်တာ သေချာ တယ်။ ဘေကာ ဆိုတာ ဘယ်သူဖြစ်မလဲ"
မစ္စက်ဒင်ဗာက မှတ်တမ်းစာအုပ်ကို စိုက်ကြည့်နေသည်။
"ဘေကာ… ဘေကာ…" ဟုလည်း စဉ်းစားသလို ရေရွတ်နေသည်။
"ဆိုလိုတာ က ငွေညှစ်မယ့်လူများ မဖြစ်နိုင်ဘူးလား" ကာနယ်ဂျူလယန်းက ဖေဗယ်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
မစ္စက်ဒင်ဗာက ခေါင်းကိုခါယမ်းရင်း "ဘေကာ… ဘေကာ…" ဟု ရေရွတ်မြဲ ရေရွတ်နေသည်။
"သူ့မှာ ရန်သူ မရှိဘူးလား… တစ်ယောက်ယောက်က ခြိမ်းခြောက်နေတာရော မဖြစ်နိုင်ဘူးလား… သူ ကြောက်ရတဲ့ သူများ ရှိသလား" "မစ္စက်ဒီဝင်းတားဟာ ဘာကိုမှမကြောက်ပါဘူး။ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သူကြောက်တာ သူ စိတ်ပူတာ တစ်ခုပဲရှိတယ်။
သူ အိုရမှာ ကို ကြောက်တယ်။ ဖျားနာရမှာကို ကြောက်တယ်။ အိပ်ရာထဲ လဲနေရမှာကို ကြောက်တယ်။ ကျွန်မကို အကြိမ်ကြိမ်ပြောဖူး ပါတယ်။ သူ သေရင် ဖယောင်းတိုင်က မီးကိုမှုတ်ပြီး ငြိမ်းသတ်လိုက်သလို ဘာဝေဒနာ မှ မခံစားရဘဲ သေသွားချင်တယ် တဲ့။ အခုလို ရေနစ်သေသွား တာ ဖြေသာတာပေါ့လေ…။ ဝေဒနာကို အကြာကြီး မခံစားလိုက်ရဘူး မဟုတ်လား"
မစ္စက်ဒင်ဗာ က ထိုစကားကိုပြောပြီး ကာနယ်ဂျူလယန်းကို အကဲခတ်ကြည့်နေသည်။ ကာနယ်ဂျူ လယန်းက မဖြေ။ သူ့နှုတ်ခမ်းမွေး ကို ပွတ်ရင်း တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့်လိုက်တာ ကျွန်မ မြင်လိုက်ရပြန်သည်။
"ဒါတွေ လုပ်နေတာ ဘာအဓိပ္ပာယ်ရှိသလဲ" ဖေဗယ်ကပြောရင်း ရှေ့သို့တိုးလာသည်။ "ကျွန်တော် တို့ဟာ အဓိကအချက် ကနေပြီး ဘေးချော်ထွက်နေကြတာပဲ။ ဘေကာဆိုတဲ့ အကောင်ကို ဘယ် သူက ဂရုစိုက်ရမှာလဲ။ ဒီကိစ္စ သူနဲ့ ဘာဆိုင်မှာလဲ။ အလှကုန်ပစ္စည်းရောင်းတဲ့ အကောင်ဖြစ်ချင် ဖြစ်မှာပေါ့။ ဒီအကောင်ဟာ အရေးကြီးတဲ့ အကောင် ဆိုရင် ဒင်နီ သိရမှာပေါ့။ ဒင်နီကို လျှို့ဝှက် ထားတာ ရဘက်ကာမှာ ဘာမှမရှိဘူး"
ကျွန်မ ကမူ မစ္စက်ဒင်ဗာကို အကဲခတ်နေသည်။ မှတ်တမ်းစာအုပ်ကို လှန်လျောကြည့်ရင်း သူ စဉ်း စားနေသည်။ ခဏကြာတော့ ရုတ်တရက် အံ့သြတကြီးဖြင့် ထပြောသည်။
"ဟောဒီမှာ တစ်ခုတွေ့ပြန်ပြီ…။ တယ်လီဖုန်းနံပါတ်တွေ မှတ်ထားတဲ့အထဲမှာ ဘေကာတဲ့… ဘေး မှာ နံပါတ်ရေး ထားတယ်။ ၀၄၄၈… ဒါပေမဲ့ ဘာအိပ်ချိန်းမှ မပါဘူး" "သိပတော်တဲ့ ဒင်နီကွာ…" ဟု ဖေဗယ်က ပြောသည်။
"သေခါနီးအဘွားကြီးဖြစ်တော့မှ စုံထောက်ကောင်းကြီး ဖြစ်လာတယ်။ ဒါပေမဲ့ ခင်ဗျား ဆယ့်နှစ်လ လုံးလုံး နောက်ကျသွားပြီ။ မနှစ်ကသာ ဒါကို တွေ့အောင် ခင်ဗျား ရှာနိုင်ခဲ့ရင် တစ်ခုခုအသုံးချလို့ ရမယ်"
"တယ်လီဖုန်းနံပါတ် ဖြစ်တာတော့ သေချာသွားပြီ။ ၀၄၈၈… ဘေးမှာ ဘေကာဆိုတဲ့နာမည်… ဘာ ဖြစ်လို့ အိပ်ချိန်းအမည် ထည့်မရေးတာလဲ" ဟု ကာနယ်ဂျူလယန်းကလည်း ပြောနေသည်။
"လန်ဒန်မှာရှိတဲ့ အိပ်ချိန်းတွေအားလုံးကို ဆက်ကြည့်ပါဗျာ" ဟု ဖေဗယ်က ပြောသည်။ "ဒီလို ဆက်တဲ့အတွက် မိုးထိန်ထိန်လင်းသွားရင်လဲ လင်းစမ်းပါစေ။ ဘယ်လိုမှ မအောက်မေ့ပါဘူး။ တယ်လီဖုန်းကြေးတွေ အများကြီး ကုန်ပေမယ့် မက်ဇင်မ်အဖို့လဲ အရေးမကြီးပါဘူး။ ဟုတ်တယ် မှတ်လား မက်ဇ်… မင်း အချိန်ဆွဲနေတာ မဟုတ်လား။ လုပ်ပါ… ငါကလဲ အချိန်ဆွဲထားရသေးတာ ပေါ့"
"နံပါတ်ဘေးမှာ အမှတ်အသားတစ်ခုတော့ရှိတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ မစ္စက်ဒင်ဗာ… ကြည့် စမ်းပါဦး… (မ) စာလုံးများ မဖြစ်နိုင်ဘူးလား"
မစ္စက်ဒင်ဗာက ကာနယ်ဂျူလယန်းလက်ထဲမှ မှတ်တမ်းစာအုပ်ကို ဆွဲယူကြည့်သည်။
"ဟုတ်နိုင်တယ်… သူ ရေးနေကျ (မ) စာလုံးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမန်းကတန်း ရေး လိုက်တာနဲ့ တူတယ်… ဟုတ်ပါတယ်… (မ) စာလုံးပါပဲ" "မေဖဲယား… ၀၄၈၈… တယ်ဟုတ်ပါလား… တယ်ဦးနှောက်ကောင်း ပါလား" ဟု ဖေဗယ်က ပြော သည်။
"ဟုတ်ပြီ…" မက်ဇင်မ်က စီးကရက်ကို မီးညှိရင်း ပြောသည်။ တစ်ချိန်လုံး စီးကရက် မသောက်ဘဲ ယခုမှ ပထမဆံုးသောက်ခြင်းဖြစ်သည်။ "တစ်ခုခုတော့ လုပ်ပြမှ ဖြစ်မယ်။ ဖရင့်… မေဖဲယား အိပ်ချိန်းကနေပြီး ၀၄၈၈ ကိုဆက်စမ်း"
ကျွန်မ၏ရင်ထဲ မှာ တင်းကျပ်နေသည်။ လက်နှစ်ဖက်ကို ဘေးချပြီး ငြိမ်ငြိမ်ကလေး ရပ်နေမိသည်။ မက်ဇင်မ်က ကျွန်မ ကို လုံးလုံးလှည့်မကြည့်။
"လုပ်လေကွာ… ဖရင့်… ဘာစောင့်နေတာလဲ"
မက်ဇင်မ်က ထပ်ပြောတော့မှ ဖရင့် ထွက်သွားသည်။ တယ်လီဖုန်းခန်းထဲ ဝင်သွားပြီး ခဏကြာ တော့ ပြန်ထွက်လာသည်။
"ခဏကြာရင် ပြန်ခေါ်မယ်တဲ့" သူက တိုးတိုးပဲပြောသည်။ ကာနယ်ဂျူလယန်းက လက်နှစ်ဖက် နောက် ပစ်ပြီး ခေါက်တုံခေါက်ပြန် လမ်းစလျှောက်သည်။ ကျွန်မတို့အားလုံး စကားမပြော တိတ်နေကြ သည်။ လေးမိနစ်လောက်ကြာ တော့ တယ်လီဖုန်း ခေါင်းလောင်းမြည်သံကြားရသည်။ သည်အသံကို ကြား ရတော့ အခံရခက်လှ သည်။ တယ်လီဖုန်းခန်းထဲသို့ ဖရင့် ဝင်သွားသည်။
"မေဖဲယား ၀၄၈၈ ကပါလားခင်ဗျား… ဘေကာဆိုတဲ့ လူတစ်ယောက်များ အဲဒီမှာ နေပါသလား။ ခင်ဗျာ… အော် ဟုတ်ပါသလား… စိတ်မရှိပါနဲ့နော်။ ဟုတ်ကဲ့… ဟုတ်ကဲ့… နံပါတ်မှားပြီး ရထား တာနဲ့ တူပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျား"
တယ်လီဖုန်းပြန်တင်သံ ကြားရသည်။ ပြီးတော့ အခန်းထဲသို့ ပြန်ဝင်လာသည်။
"မေဖဲယား ၀၄၈၈ က လေဒီအိစ်လေဆိုသူ နေပါတယ်တဲ့။ ဂရို့စ်ဗီနာလမ်းကတဲ့… ဘေကာဆိုသူ ကို သူတို့ မကြားဖူးဘူးလို့ ပြောတယ်" ဖေဗယ်က တအား ရယ်တော့သည်။ "မြူဇီယမ် အိပ်ချိန်းကို ဆက်ကြည့်ပါဦး" ဟု မစ္စက်ဒင်ဗာက ပြောသည်။ ဖရင့်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က "ဆက်လိုက်ပါ" ဟု ပြောသည်။
အခန်းထဲမှာ စောစောကအတိုင်း ပြန်ဖြစ်နေကြပြန်သည်။ ကာနယ်ဂျူလယန်းက လမ်းပြန် လျှောက်နေသည်။ ငါးမိနစ်ကြာ သွားသည်။ တယ်လီဖုန်း ခေါင်းလောင်းမြည်သည်။ ဖရင့်က ဝင် သွားသည်။
"ဟဲလို… မြူဇီယမ်… ၀၄၈၈ ကလားဗျာ။ ဘေကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဲဒီမှာများ နေပါသ လား… အိုး… အခုပြောနေတာ ဘယ်သူပါလဲ။ ညစောင့်… ဟုတ်လား။ ဟုတ်ကဲ့… ဟုတ်ကဲ့… ကျွန်တော် နားလည်ပါတယ်။ ဒါဟာ ရုံးမဟုတ်ဘူး… ဟုတ်ပါတယ်။ လိပ်စာကလေးများ ပေးနိုင်မ လား… ဟုတ်ကဲ့။ အရေးကြီးတယ် ဆိုပါတော့" သူက စကားပြောခွက်ကို လက်နှင့်အုပ်ထားပြီး ကျွန်မတို့ဘက်သို့ လှမ်းပြောသည်။ "ကျွန်တော် တို့ တွေ့ပြီထင်တယ်"
အလို… ဘုရား… ဘုရား… မမှန်ပါစေနဲ့။ ဘေကာဆိုတဲ့လူနဲ့ မတွေ့ပါစေနဲ့။ ဘေကာဆိုတဲ့လူ သေ သွားပြီ ဆိုတာမျိုးသာ ဖြစ်ပါစေတော့။ ကျွန်မ စိတ်ထဲမှာ တရစပ် ဆုတောင်းရင်း ဖရင့်ကို လှမ်း ကြည့်နေမိသည်။
"ဟဲလို… ဟုတ်ကဲ့… ကျွန်တော် နားထောင်နေပါတယ်… ပြောပါခင်ဗျာ… စာလုံး ကလေး ပေါင်းပြ နိုင် မလား… ကျေးဇူးတင်ပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော ညပါ"
အခန်းထဲ သို့ သူ ပြန်ဝင်လာသည်။ လက်ထဲမှာ စာရွက်ပိုင်းကလေးတစ်ခု ကိုင်လာသည်။ မက်ဇင်မ်ကို ချစ်ရှာသော ဖရင့်… သူကိုင်ထားသော စာရွက်ပိုင်းကလေးသည် မက်ဇင်မ်၏ဘဝကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်မည့် စာရွက်ပိုင်းကလေးဖြစ်ကြောင်း သူ့ခမျာ မသိရှာပါတကား။ ထိုစာ ရွက်ပိုင်းကလေးကို ချပေးလိုက်ခြင်း အားဖြင့် မက်ဇင်မ်၏ နောက်ကျောကို ဓားနှင့်ထိုးပြီး အဆုံးစီ ရင်ပစ်လိုက်ခြင်းဖြစ်ကြောင်း မသိရှာပါတကား။
"ပြန်ဖြေတာက ညစောင့်တစ်ယောက်ပါ။ အဲဒီမှာ လူနေအိမ် မရှိဘူးတဲ့။ နေ့ခင်းမှာ ဆရာဝန် တစ် ယောက်ရဲ့ဆေးခန်းဖွင့်ဖူးတယ်တဲ့။ ဒါပေမဲ့ေါဒက်တာဘေကာဆိုသူက ဆေးခန်းပိတ်ပြီး အငြိမ်း စား ယူသွားတာ "
ဆက်ရန်
.

No comments:
Post a Comment