Wednesday, June 20, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၃)

"မစ္စတာဒီဝင်းတား… ကျွန်တော်တို့ အားလုံးဟာ ဒီအမှုနဲ့ပတ်သက်ပြီး ခင်ဗျားအတွက် သိပ်ကို စိတ်မ ကောင်းဖြစ်နေကြပါတယ်ဆိုတာကို သိရတဲ့အတွက် ခင်ဗျား ဘယ်လောက် တုန်လှုပ်ချောက်ချား သွား မယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါတယ်။ ဒီအမှုကို အခုလို ကျွန်တော် စစ်ဆေးနေရတာ ဟာလဲ ခင်ဗျား အကျိုးအတွက် စစ်ဆေးနေရတာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ဇနီး ဘယ်လိုအကြောင်းနဲ့ ကွယ်လွန် သွားတယ်ဆိုတာ အမှန် အတိုင်း သိရအောင် စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ကျွန်တော် တစ်ဦးတည်း စိတ်ချမ်းသာချင်တဲ့အတွက် ကျွန်တော့် ကိုယ်ကျိုးအတွက် စစ်ဆေးနေတာမဟုတ်ပါဘူး" "အခုအမှု က ထင်ရှားနေပြီပဲမဟုတ်လား" ဟု မက်ဇင်မ်က ပြောသည်။ "ဟုတ်ပါတယ်။ ကွယ်လွန်သူ မစ္စက်ဒီဝင်းတား ရဲ့ သင်္ဘောဝမ်းဗိုက်မှာ အပေါက် သုံးပေါက် ရှိနေကြောင်း နဲ့ ရေထုတ်ပိုက်ခေါင်းနှစ်ခု ကိုလဲ အဆုံးအထိ ဖွင့်ထားကြောင်း ဂျိမ်းစ်တက်က အစစ်ခံ သွားပါတယ်။ သူရဲ့အစစ်ခံချက်ပေါ် မှာ ခင်ဗျား သံသယ ရှိသလား" ကို ဆက်ဖတ်ရန်....

"လုံးဝ သံသယမရှိပါဘူး။ သူဟာ သင်္ဘောတည်ဆောက်သူဖြစ်ပါတယ်။ သူ ဘာပြောနေတယ်ဆိုတာ သူ အသိဆုံးဖြစ်ပါတယ်"
"မစ္စက်ဒီဝင်းတား ရဲ့သင်္ဘောကို ဘယ်သူက ထိန်းသိမ်းစောင့်ရှောက်ပေးပါသလဲ"
"သူဟာ သူပဲ ထိန်းသိမ်းစောင့်ရှောက်ပါတယ်"
"ဘယ်သူ့ကိုမှ သီးသန့်ခန့်မထားဘူးလား"
"ခန့်ထားတာ မရှိပါဘူး"
"မန်ဒါလေပိုင်တဲ့ ကိုယ်ပိုင်ဆိပ်ကမ်းမှာ သင်္ဘောကိုကျောက်ချထားလေ့ရှိတယ် မဟုတ်လား"
"မှန်ပါတယ်"

"လူစိမ်းတစ်ယောက်ယောက်က သင်္ဘောကို နှောင့်ယှက်ဖျက်ဆီးဖို့ လာမယ်ဆိုရင် မြင်နိုင်ပါသလား။ ဆိပ်ကမ်း ကို လူအများသွားခွင့်ရှိတဲ့ လူသွားလမ်း မရှိဘူးမဟုတ်လား"
"မမြင်နိုင် ပါဘူး။ အပြင်လူတွေအတွက် လူသွားလမ်းလဲ မရှိပါဘူး"
"ဆိပ်ကမ်းဟာ သစ်ပင်တွေပတ်လည်ဝိုင်းပြီး တိတ်ဆိတ်နေတယ် မဟုတ်လား"
"မှန်ပါတယ်"
"တစ်စုံတစ်ယောက်က ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် မမြင်နိုင်ဘူး မဟုတ်လား"
"မြင်ဖို့မလွယ်ပါဘူး"
"ဂျိမ်းတက်ရဲ့ အစစ်ခံချက်တွေအပေါ်မှာ ကျွန်တော်တို့အနေနဲ့ မယုံကြည်နိုင်စရာ အကြောင်းမရှိပါဘူး။ ဝမ်းဗိုက် မှာ အပေါက်သုံးပေါက်ရှိပြီး ရေထုတ်ပိုက်ခေါင်းနှစ်ခုကလဲ အဆုံးအထိ ပွင့်နေတယ်ဆိုရင် အဲဒီ သင်္ဘောဟာ ဆယ်မိနစ်ဆယ့်ငါးမိနစ်ထက် ပိုပြီး ရေပေါ်မှာ ပေါ်မနေနိုင်ပါဘူး"

"မှန်ပါတယ် ခင်ဗျာ…"
"ဒါကြောင့် ဆိပ်ကမ်းကမခွာခင်ကတည်းက သင်္ဘောဝမ်းဗိုက်ကို အပေါက်တွေဖောက်ပြီး ရေထုတ် ပိုက် ခေါင်းတွေ ကို အဆုံးအထိ ဖွင့်ထားတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ပယ်ရပါတော့မယ်။ တကယ်လို့ အဲဒီလို ဖောက်ထားမယ်ဆိုရင် ဆိပ်ကမ်းမှာ ကျောက်ချထားတဲ့ အချိန်ကတည်းက သင်္ဘောဟာ နစ်နေနှင့်ရမယ်"
"ဒါလဲ သံသယဖြစ်စရာ မရှိပါဘူး"
"ဒါကြောင့် အဲဒီညတုန်းက ဒီသင်္ဘောကို ဘယ်သူက ရွက်တိုက်သွားပြီး အပေါက်တွေကို ဖောက်ပစ် လိုက်သလဲဆိုတဲ့အဖြေကိုပဲ ရအောင်ရှာရတော့မယ်"
"ကျွန်တော်လဲ ဒီလိုပဲ သဘောရပါတယ် ခင်ဗျာ"
"ကေဗင်တံခါး ဟာ ပိတ်နေကြောင်း၊ ပြတင်းပေါက်တွေ ပိတ်ထားကြောင်း၊ ခင်ဗျားဇနီးရဲ့ပစ္စည်းတွေ အခန်းထဲမှာ ရှိနေကြောင်း ခင်ဗျား အစစ်ခံသွားပြီးပြီ။ ဒေါက်တာဖီးလ်စ်ကရော၊ ကပ္ပတိန်ဆားလ်ကရော ဒီအတိုင်းပဲ အစစ်ခံသွားပြီးပြီ။ ဟုတ်ပါသလား…"

"ဟုတ်ပါတယ် ခင်ဗျာ"
"အကြံဉာဏ်ပေးစရာ များ ရှိပါသလား"
"မရှိပါဘူး ခင်ဗျာ… ဘာအကြံဉာဏ်မှ ပေးစရာမရှိပါဘူး"
"မစ္စတာ ဒီဝင်းတား… စိတ်မချမ်းသာစရာကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တာဝန် ဝတ္တရား ရှိလာပြီ မို့ ပုဂ္ဂိုလ်ရေးရာဆန်တဲ့ မေးခွန်းကိုပဲ မေးရပါတော့မယ်…"
"မေးပါ ခင်ဗျား"
"ခင်ဗျားတို့ ဇနီးမောင်နှံရဲ့အိမ်ထောင်ရေးဟာ အမှန်တကယ်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဟုတ်ပါ သလား"

ကျွန်မ၏မျက်လုံးထဲမှာ ခုန်ပေါက်ပြေးလွှားနေသည့် အမည်းစက်ပေါင်းမြောက်မြားစွာ ပေါ်လာသည်။ အခန်းထဲ မှာ အရမ်းပူအိုက်နေသည်။ လူမျက်နှာတွေကလည်း များပြားလှသည်။ ပြတင်းပေါက်တွေကို လည်း ပိတ်ထား သည်။ ကျွန်မအနားမှာရှိနေသည့် တံခါးရွက်က အဝေးကြီးသို့ ထွက်ပြေးသွားသည်ဟု ထင်လိုက် ရသည်။ အောက်မှာရှိနေသည့် ကြမ်းပြင်က ကျွန်မဆီသို့ ပြေးတက်လာသည်။ ထိုအချိန်မှာ ပင် မက်ဇင်မ်၏ ကျယ်လောင်စူးရှသော အသံကို သဲသဲကွဲကွဲ ကြားလိုက်ရပါသည်။
"ကျွန်တော့်မိန်းမ ကို အပြင်ခေါ်သွားပေးကြပါ။ သူ မေ့လဲသွားတော့မယ်"

အခန်း (၂၃)

အပြင်ခန်းကလေးထဲမှာ ကျွန်မ ပြန်ထိုင်နေရပြန်သည်။ ရဲသားလည်း ရှိနေသည်။ ကျွန်မကို ရေတစ်ဖန် ခွက် ကမ်းပေးနေ သည်။ တစ်စုံတစ်ယောက်က ကျွန်မ၏လက်မောင်းကို ကိုင်ထားသည်။ ဖရင့်ခရော် လေ ဖြစ် ပါသည်။ ကျွန်မ ငြိမ်ငြိမ်ကလေးထိုင်နေပါသည်။ မြင်ကွင်းများ အားလုံးလည်း ပြန်လည်သဲကွဲ လာပါသည်။
"ကျွန်မ စိတ်မကောင်းပါဘူးရှင်… အခုလို အဖြစ်မျိုးဖြစ်သွားရတာ စိတ်မကောင်းပါဘူး။ အခန်းထဲမှာ သိပ်ကို ပူလွန်း လို့ပါ"
"မှန်ပါတယ်ခင်ဗျာ… လေဝင်လေထွက်လဲ မရှိပါဘူး။ ဒီအကြောင်း တိုင်ကြတောကြ ပေါင်းလဲ မနည်း တော့ ပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာက ဘာမှပြုပြင်မပေးကြဘူး။ ဒီအခန်းထဲမှာ မေ့လဲသွားတဲ့ အမျိုးသမီး တွေ အလျင်ကလဲ ရှိခဲ့ဖူးပါတယ်" ဟု ရဲသားက ပြောသည်။

"နေသာထိုင်သာရှိပါရဲ့လား။ မစ္စက်ဒီဝင်းတား…" ဟု ဖရင့်က မေးသည်။
"ဟုတ်ကဲ့… ကျွန်မ အများကြီး ကောင်းသွားပါပြီ။ ပြန်ကောင်းသွားမှာပါ။ ကျွန်မ အနားမှာ စောင့်မနေပါ နဲ့"
"ခင်ဗျား ကို ကျွန်တော် အိမ်ပြန်ပို့မယ်"
"မပို့ရဘူး"
"ပို့ရမယ်။ မက်ဇင်မ်က ကျွန်တော့်ကို ပြန်ပို့ခိုင်းလိုက်တယ်"
"ဟင့်အင်း… မပို့ရဘူး… ရှင် သူနဲ့အတူတူ နေရမယ်"
"ခင်ဗျားကို ပြန်ပို့ပေးဖို့ မက်ဇင်မ် က ကျွန်တော့်ကို ပြောလိုက်တယ်"
ကျွန်မ မတ်တတ်ရပ်နိုင်အောင် သူက ဆွဲထူပေးသည်။

"ကားရပ်ထားတဲ့နေရာအထိ လျှောက်နိုင်ရဲ့လား။ ဒီနေရာကို ကျွန်တော် ကားမောင်းယူခဲ့ရမလား"
"ကျွန်မ လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမှာပဲ နေချင်တယ်။ မက်ဇင်မ်ကို ဒီနေရာကနေပြီး ကျွန်မ စောင့်နေချင် ပါတယ်။ စောင့်နေပါရစေ"
"မက်ဇင်မ် က ကြာဦးမယ်"
ဘာကြောင့် ဒီစကားကို သူ ပြောတာလဲ။ သူ ဘာကိုဆိုလိုတာလဲ။ ဘာကြောင့် သူ  ငါ့ကိုမကြည့်ဘဲ မျက်နှာ လွှဲထားရတာလဲ။ ကျွန်မ၏လက်မောင်းကို သူကဆွဲပြီး အပြင်သို့ ထွက်လာခဲ့သည်။ မက်ဇင်မ် က ကြာဦးမယ်တဲ့။
ကျွန်မတို့ စကားမပြောကြပါ။ ဖရင့်၏မောရစ်ကားကလေးဆီသို့ လျှောက်လာခဲ့ကြသည်။ သူက တံခါး ဖွင့်ပေးပြီး ကားပေါ်သို့ ကျွန်မကို တက်စေသည်။ ပြီးမှ သူက ကားထဲဝင်ကာ စက်နှိုးမောင်းထွက်လာခဲ့ သည်။

"ဘာကြောင့် သူတို့ကြာဦးမှာလဲ… သူတို့ ဘာလုပ်ကြဦးမှာလဲ"
"သက်သေခံချက်တွေ ကို ပြန်စစ်ကြဦးမယ်" ဖရင့်သည် ရှေ့တည့်တည့်သို့သာ ကြည့်နေသည်။
"အစစ်ခံချက်တွေ ကို ရပြီးပြီပဲ။ ဒီထက်ပိုပြီး ပြောပြနိုင်တဲ့လူ မရှိတော့ဘူးလေ"
"ခင်ဗျား မသိဘူး။ မှုခင်းရှေ့နေက တခြားနည်းနဲ့ မေးခွန်းတွေ ပြန်ထုတ်ဦးမယ်။ ဒီကိစ္စကြီးတစ်ခုလုံးကို ဂျိမ်းစ်တက်က ကပြောင်းကပြန်ဖြစ်ကုန်အောင် လုပ်ပစ်လိုက်တယ်။ ဒါကြောင့် မှုခင်းရှေ့နေက တစ်ဖက်သို့ လှည့်ပြီး ပြန်မေးဦးမယ်"
"ဘယ်လို တစ်ဖက်လှည့် လဲ ရှင် ဘာကိုဆိုလိုတာလဲ"

"အစစ်ခံချက်ကို ခင်ဗျား ကြားတယ်မဟုတ်လား… သင်္ဘောနဲ့ပတ်သက်ပြီး တက်ရဲ့အစစ်ခံချက်ကို ခင်ဗျား ကြားတယ်မဟုတ်လား။ မတော်တဆ နစ်သွားတယ်ဆိုတာကို သူတို့ မယုံတော့ဘူး"
"ဒါဟာ အင်မတန် ရယ်စရာကောင်းတာပဲ ဖရင့်။ သိပ်ကို ရယ်စရာကောင်းတာပဲ။ တက် ပြောတာကို သူတို့ နားထောင်ဖို့ မကောင်းဘူး။ ဒါလောက်တောင် လပေါင်းများစွာကြာပြီးမှ ဒီအပေါက်တွေ ဘာ ကြောင့်ဖြစ်လာတယ် ဆိုတာ သူ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ဘယ်လို အထောက်အထားပြဖို့များ သူ ကြိုးစား ဦးမှာလဲ"
"ကျွန်တော် လဲ မသိဘူး"
"မှုခင်းရှေ့နေ က မက်ဇင်မ်ကို မေးခွန်းတွေ အဆက်မပြတ် မေးတော့မယ်။ မက်ဇင်မ် စိတ်တိုလာတော့ မယ်။ သူ့စိတ်ထဲ မှာ မရှိတာတွေကို ပြောအောင် လုပ်တော့မယ်။ ဒါကို မက်ဇင်မ် ခံနိုင်မှာမဟုတ်ဘူး ဖရင့်။ ဘယ်နည်းနဲ့ မှ မက်ဇင်မ် သည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်"

ဖရင့်က အဖြေပြန်မပေးပါ။ ကားကိုသာ မြန်မြန်ကြီးမောင်းနေသည်။ ပထမဆုံး အကြိမ် ရေငုံနှုတ် ပိတ် နေခြင်းဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူ သိပ်စိတ်ပူနေကြောင်း သိသာသည်။ ထိုမျှ မက၊ အခါ တိုင်းက မော်တော်ကားကို ဖြည်းဖြည်းသာ မောင်းတတ်သည်။ လမ်းဆုံးများ သို့ ရောက် တိုင်း လေးဘီး စလုံးရပ်ကာ ဘယ်ညာကြည့်လေရှိသည်။ အကွေ့တိုင်းတွင်လည်း ဟွန်းတီးလေ့ ရှိသည်။
"အဲဟိုလူ လဲ ရုံးခန်းထဲမှာ ရောက်နေတယ်။ မစ္စက်ဒင်ဗာနဲ့တွေ့ဖို့ တစ်ခါတုန်းက မန်ဒါလေကို လာတဲ့ လူလေ…"
"ခင်ဗျား ပြောတာ ဖေဗယ် ထင်တယ်။ ဟုတ်တယ်… ကျွန်တော်လဲ တွေ့တယ်"
"မစ္စက်ဒင်ဗာ နဲ့ အတူတူထိုင်တယ်"
"ဟုတ်တယ်… ကျွန်တော်မြင်တယ်"

"သူက ဘာကြောင့်ရောက်နေရတာလဲ။ ဒီစစ်ဆေးတဲ့နေရာ ကို သူ လာခွင့်ရှိသလား"
"သူက ဟိုအမျိုးသမီး ရဲ့အစ်ကိုဝမ်းကွဲလေ…"
"ဘာပဲဖြစ်ဖြစ် မစ္စက်ဒင်ဗာနဲ့ အတူတူထိုင်ပြီး အစစ်ဆေးခံချက်တွေကို နားထောင်နေခွင့်မရှိဘူး။ သူတို့ ကို ကျွန်မ မယုံဘူး ဖရင့်" "ဒီလိုလဲမဟုတ်ပါဘူး"
"သူတို့ တစ်ခုခုလုပ်လိမ့်မယ် ထင်တယ်။ မဟုတ်တာ တစ်ခုခုကို လုပ်ကြတော့မယ်နဲ့တူတယ်"

ဖရင့်သည် ဘာအဖြေမှပြန်မပေးဘဲ ငြိမ်နေပြန်သည်။ မက်ဇင်မ်အပေါ် သစ္စာစောင့်ထိန်းသည့်အနေဖြင့် ကျွန်မနှင့်ပင် မဆွေးနွေးလိုကြောင်း သဘောပေါက်လိုက်ပါသည်။ သည်ဇာတ်လမ်းကို ဘယ်လောက် အထိ ကျွန်မ သိထားကြောင်း သူ မသိပါ။ သူ ဘယ်လောက်အထိ သိထားသည်ကိုလည်း ကျွန်မ အတိ အကျ မပြောနိုင်ပါ။ သူနှင့်ကျွန်မသည် မဟာမိတ်များဖြစ်ကြပါသည်။ တစ်ခရီးတည်း သွားနေသူများ ဖြစ် ကြပါသည်။ သို့သော်လည်း တစ်ယောက်ကိုတစ်ယောက် မကြည့်ရဲကြပါ။ ဖြောင့်ချက်ပေးသည့် အဖြစ် မျိုးသို့ရောက်အောင် သူရော ကျွန်မ ပါ မစွန့်စားရဲကြပါ။
ခြံပေါက်ဝ မှ ဝင်းထဲသို့ဝင်လာခဲ့သည်။ ခြောက်လပန်း အစွန်းကုန် ပွင့်ကြတော့မည်ကို ပထမဦးဆုံး အကြိမ်အဖြစ် ကျွန်မ သတိထားလိုက်မိသည်။ ခြောက်လပန်းများက လမ်းဘေး ဝဲယာမှနေ၍ ကျွန်မတို့ ကို စောင့်ကြည့်နေ သည် ဟု ထင်မှတ်ရသည်။

"အခုဆို ခင်ဗျား နေကောင်းသွားပါပြီနော်… အိပ်နေလိုက်ဖို့ ကောင်းတယ်"
အိမ်ထဲရောက်တော့ ဖရင့်က ပြောသည်။
"ဟုတ်ကဲ့… ကျွန်မ အိပ်နေလိုက်ရင် ကောင်းမယ်ထင်တယ်"
"လာညွန် ကို ကျွန်တော် ပြန်သွားဦးမယ်။ ကျွန်တော့်ကို မက်ဇင်မ် လိုကောင်းလိုနေလိမ့်မယ်"
သည့်ထက်ပိုပြီး သူ ဘာမျှမပြော။ ကားဆီသို့ ခပ်မြန်မြန် ပြန်သွားပြီး မောင်းထွက်သွားသည်။ မက်ဇင်မ် က သူ့ကို လိုကောင်း လိုလိမ့်မယ်တဲ့။ ဘာကြောင့် ဒီစကားကို သူ ပြောရသနည်း။ မှုခင်းရှေ့နေက ဖရင့် ကိုပါ စစ်ဆေးကောင်း စစ်ဆေးလိမ့်မည်။ ရဘက်ကာ သေသည့်နေ့က မက်ဇင်မ်နှင့်အတူ ဘယ်အချိန် တွင် ညစာ စားသနည်း။ မက်ဇင်မ် ဘယ်အချိန်ပြန်သွားသနည်း။ မစ္စက်ဒင်ဗာကိုလည်း စစ်ဆေးချင် စစ် ဆေးလိမ့် ဦးမယ်။ ထိုအခါ တွင် မက်ဇင်မ် စိတ်တိုတော့မည်။ မပြောသင့်တာတွေ ပြောမိတော့မည်။

ဖရင့် အကြံပေးသကဲ့သို့ပင် အပေါ်ထပ်သို့ တက်လာပြီး အိပ်ရာပေါ်မှာ လှဲနေမိသည်။ မျက်လုံးကို မှိတ် ထားသော်လည်း ရုံးခန်းထဲကမြင်ကွင်းကို ပြန်မြင်နေမိသည်။ အခုလောက်ဆိုလျှင် သူတို့ ဘာတွေ အစစ်ခံနေကြပြီနည်း။ ဘာတွေဖြစ်နေကြမည်နည်း။ ခဏကြာလျှင် ဖရင့်ခရော်လေ တစ်ယောက်တည်း များ မန်ဒါလေ စံအိမ်ကြီးကို ပြန်လာလေမည်လား။
ဘာတွေဖြစ်ကုန်ကြသည် ကို ကျွန်မ မသိတော့ပါ။ မက်ဇင်မ်ကို အဝေးသို့ခေါ်သွားသည်ဟု စိတ်ထဲ မှာ မြင်ယောင်နေမိသည်။  ကျွန်မနှင့်လည်း တွေ့ခွင့်မပေး။ ကျွန်မကတော့ မန်ဒါလေစံအိမ်ကြီးမှာနေရင်း တစ်နေ့ပြီး တစ်နေ့ တစ်ညပြီးတစ်ည မက်ဇင်မ် အပြန်ကို စောင့်နေရပေလိမ့်မည်။ သတင်းထောက်တွေ ကလည်း ကျွန်မ ကို တယ်လီဖုန်း ဆက်ကြပေလိမ့်မည်။

မက်ဇင်မ်ကို သူ့မိန်းမ သူပြန်သတ်မှုဖြင့် ကြိုးပေးကြပေလိမ့်မည်။ လူတွေကလည်း တိုင်စာတောစာတွေ ရေးကာ အစိုးရထံသို့ တင်သွင်းကြလိမ့်မည်။ ပြီးတော့ မက်ဇင်မ် ကြိုးပေးခံရသည်ဟု ကျွန်မစိတ်ထဲမှာ ထင်မြင်နေမိသည်။ ထိုစိတ်ကူးများကို ဇွတ်အတင်းပင် ကျွန်မ မောင်းထုတ်လိုက်ပါသည်။ အခြား အကြောင်းများကို စဉ်းစားကြည့်သည်။ အမေရိကန်သို့ ရောက်နေသော မစ္စက်ဗန်ဟော့ပါးအကြောင်း စဉ်းစားသည်။ မစ္စက်ဗန်ဟော့ပါးသည် သတင်းစာကို ပစ်ချပြီး သူ့သမီးကို လှမ်းအော်ခေါ်ကာ…
"ဒီမှာကြည့်စမ်း ဟယ်လင်… ဒီဝင်းတားက သူရဲ့ပထမမိန်းမကို သတ်ပစ်လိုက်သတဲ့။ သူနဲ့ပတ်သက် ရင် တစ်ခုခုတော့ ထူးခြားနေပါတယ်လို့ မေမေ ထင်နေတာ။ အခုတော့ မှန်နေပြီပေါ့။ ဟိုကောင်မလေး ကိုလဲ အမှားကြီး တစ်ခုတော့ လုပ်မိပြီလို့ မေမေ သတိပေးခဲ့သေးတယ်။ သူ နားမထောင်ဘူး။ အေး လေ… သူ့အဖို့တော့ အကောင်းဖြစ်သွားတာပေါ့။ သူ့ယောက်ျား ကြိုးပေးသတ်ခံရပြီဆိုရင် ရုပ်ရှင်မင်း သမီးလုပ်ဖို့ ကုမ္ပဏီတွေ က သူ့ကို အကြီးအကျယ် ကမ်းလှမ်းကြလိမ့်မယ်" ဟု ပြောနေပေလိမ့်မည်။

ကျွန်မ အိပ်ပျော်သွားသည်နှင့် တူပါသည်။ မိုးချုန်းသံကြောင့် ရုတ်တရက် လန့်နိုးလာသည်။ ထထိုင်ပြီး နာရီလှမ်းကြည့်တော့ ငါးနာရီထိုးနေပြီ။ ပြတင်းပေါက်ဆီသို့ လျှောက်လာခဲ့သည်။ အပြင်မှာ လေငြိမ်နေ သည်။ မိုးကောင်းကင်က ကျောက်သင်ပုန်းလို ညို့မှိုင်းနေသည်။ လျှပ်စီးများ လက်နေသောကြောင့် ပြိုး ပြိုးပြက်ပြက် ဖြစ်နေသည်။ အပြင်သို့ ထွက်လာခဲ့ပါသည်။ ကုန်းစောင်းလှေကားထစ် များပေါ်မှာ ရပ်နေ မိသည်။ မိုးရေတစ်စက် နှစ်စက် ကျလာသည်။ ပြတင်းပေါက်များကို လိုက်ပိတ်နေသည့် ရောဘတ်ကို တွေ့ရသည်။
"သူတို့ ပြန်မလာကြသေးဘူးလား ရောဘတ်"
"ပြန်မလာသေး ဘူး ဆရာကတော်။ ဆရာကတော်ပါ သူတို့နဲ့ အတူတူ ဟိုမှာရှိနေတယ်လို့ ကျွန်တော် ထင်တာ"

"မဟုတ်ဘူး ကျွန်မ အလျင်ပြန်လာတာ"
"လက်ဖက်ရည်သောက်တော့မလား ဆရာကတော်"
"မသောက်သေးဘူး။ သူတို့ကို စောင့်လိုက်ဦးမယ်"
"မိုးရွာတော့မယ်ထင်တယ် ဆရာကတော်"
"ဟုတ်တယ်"
ဘာမိုးမှမရွာပါ။ လက်ပေါ်သို့ နောက်ထပ် မိုးရေစက်ကျလာသည်။ အိမ်ထဲသို့ ကျွန်မ ပြန်ဝင်ပြီး စာကြည့်ခန်းထဲမှာ ထိုင်နေမိသည်။ ငါးနာရီခွဲတော့ ရောဘတ် ဝင်လာပြန်သည်။
"အခုပဲ မော်တော်ကား မောင်းဝင်လာတယ် ဆရာကတော်"
"ဘယ်ကားလဲ"
"မစ္စတာဒီဝင်းတား ရဲ့ကားပါ ဆရာကတော်"
"သူကိုယ်တိုင် မောင်းလာသလား"
"ဟုတ်ပါတယ် ဆရာကတော်"

မတ်တတ်ရပ်ဖို့ ကျွန်မ ကြိုးစားသည်။ သို့သော်လည်း တစ်စုံတစ်ရာ ခြေထောက်များကို ဆွဲထားသလို ဖြစ်နေ သည်။ ဆိုဖာကို အားပြုကိုင်ပြီး ကြိုးစားရပ်ရသည်။ လည်ချောင်း ထဲမှာ လည်း ခြောက်နေသည်။ ခဏကြာတော့ အခန်းထဲသို့ မက်ဇင်မ် ဝင်လာသည်။ အခန်းဝမှာ သူ ရပ်နေသည်။ သူ သိပ်ပင်ပန်းနေပုံ ရသည်။ ပိုပြီး အိုစာသွားသည်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ မြင်နေရသည်။
"အားလုံး ပြီးသွားပါပြီကွာ" ဟု သူက ပြောသည်။
ကျွန်မက သူ့အပြောကိုသာ စောင့်နေည်။ ဘာစကားမှလည်း မပြောနိုင်ပါ။ သူရှိရာသို့လည်း လျှောက် မသွားနိုင် ပါ။
"ကိုယ့်ဟာကိုယ် သတ်သေတာတဲ့။ ဘယ်လိုအကြောင်းကြောင့် သတ်သေသွားတယ်ဆိုတာ လုံ လောက်တဲ့ သက်သေခံ ချက်တော့ မရှိဘူး"
ဆိုဖာပေါ် သို့ ကျွန်မ ပြန်ထိုင်ချလိုက်သည်။

"သတ်သေတာ… ဘာကြောင့်တဲ့လဲ… ဘာကိုအကြောင်းပြုပြီး သတ်သေတာတဲ့လဲ"
"ဘုရားမှ သိတော့မှာပဲ။ ဘာကြောင့် သတ်သေတယ်ဆိုတဲ့အချက်က မလိုဘူးနဲ့တူတယ်။ မှုခင်းရှေ့နေ ဟောရစ်ခ်ျက အစ်ကိုကို့ စိုက်ကြည့်နေတယ်။ ရဘက်ကာမှာ ငွေကြေး အခက်အခဲကြုံနေရသလားဆို တာ သိချင်နေပုံပဲ။ ငွေကြေး အခက်အခဲတဲ့…"
ပြတင်းပေါက်နားမှာ သူ ဆက်ရပ်နေသည်။ ပြတင်းပေါက်ကိုကျော်ပြီး အပြင်သို့ကြည့်နေသည်။
"မိုးရွာတော့မယ်… မိုးရွာတော့မယ့်အတွက် ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရသေးတော့တယ်"  ဟု သူ က ပြောနေသည်။
"ဘာဖြစ်ခဲ့တာလဲ… မှုခင်းရှေ့နေက ဘာပြောသလဲ။ ဘာဖြစ်လို့ အစ်ကို ဒါလောက်တောင် ကြာနေရ တာလဲ"

"သူက ဒီအကြောင်းကိုပဲ ထပ်ကာထပ်ကာ မေးနေတယ်။ သင်္ဘောကို ဘယ်သူမှ စောင့်ရှောက်ထိန်း သိမ်းပေးခြင်း မရှိဘူး ဆိုတာရယ်.. ဝမ်းဗိုက်မှာ ဘာကြောင့် အပေါက်ပေါက်နေသလဲဆိုတာရယ်… ရေ ထုတ်ပိုက်ခေါင်းတွေ ကို ဘာကြောင့် ဖွင့်ထားသလဲဆိုတာရယ်ကိုပဲ ထပ်တလဲလဲ မေးနေတယ်။ အခြား လူ အကူအညီ မပါဘဲ မိန်းမတစ်ယောက်တည်း ဒါတွေလပ်နိုင်သလားတဲ့။ ကေဗင်တံခါးက ကျကျနန ပိတ်နေသလား တဲ့။ အစ်ကိုတော့ ရူးသွားလိမ့်မယ်တောင် ထင်မိတယ်။ ကိုယ့်စိတ်ကိုယ် မနည်းထိန်း ထားရတယ်။ ရုံးခန်းထဲမှာ မင်း မေ့လဲသွားမယ့်အဖြစ်မျိုးမဖြစ်ခဲ့ရင် အစ်ကို့စိတ်ကို အစ်ကို ထိန်းနိုင် တော့မှာမဟုတ်ဘူး။ မင်းကိုမြင်လိုက်ရတော့မှ အစ်ကို ဘာပြောရမယ်ဆိုတာ ပြန်သတိရတယ်။ အစ်ကို့ ကို စိုက်ကြည့်နေ တဲ့ သူ့အကြည့်ကို သေတဲ့အထိတောင် မေ့နိုင်တော့မှာမဟုတ်ဘူး။ ပင်ပန်းလိုက်တာ အချစ်ရယ်… ပင်ပန်းလွန်းလို့ ဘာမှလဲ မမြင်တော့ဘူး ဘာမှလဲ မကြားတော့ဘူး။ ဘာမှလဲ မခံစားရ တော့ဘူး"

ပြတင်းပေါက်နား က ခုံပေါ်မှာ သူ ထိုင်ချလိုက်သည်။ ရှေ့ကိုကိုင်းပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင် ထားသည်။ သူ့ဘေးမှာ ကျွန်မ သွားထိုင်သည်။ ခဏကြာတော့ ဖရစ်နှင့် ရောဘတ် ဝင်လာပြီး လက် ဖက်ရည် ယူ လာပေး သည်။ ခါတိုင်းကဲ့သို့ ပြင်ဆင်သည်။ ဂျက်စ်ပါ ကလည်း စားပွဲမှားမှာ ထိုင်နေသည်။ ဘယ်လောက် ရယ်စရာကောင်းလိုက် ပါသလဲ။ လူ့ဘဝ၏လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ်များဖြစ်ပါသည်။ အိပ်ကြသည်။ စား ကြသည်။ လျှော်ကြဖွတ်ကြသည်။ လူ့ဘဝဟူသည်မှာ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်ပါသလဲ။
မက်ဇင်မ် အတွက် ကျွန်မက လက်ဖက်ရည်ထည့်ပေးသည်။ ပြီးတော့ ကျွန်မအတွက် မုန့်ယူစားသည်။
"ဖရင့် ဘယ်မှာကျန်ခဲ့သလဲ"

"ဘုန်းတော်ကြီးနဲ့ သူ သွားတွေ့ဖို့ရှိနေတယ်။ အမှန်က အစ်ကိုလဲ လိုက်သွားရမှာ။ ဒါပေမဲ့ မင်းဆီကို တိုက်ရိုက်ပြန်လာချင် တာနဲ့ ပြန် လာခဲ့တယ်။ ရုံးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိရဘဲ မင်းတစ် ယောက် တည်း ဒီမှာထိုင်ပြီး အကြာကြီးစောင့်နေရမှာစိုးလို့"
"ဘုန်းတော်ကြီး က ဘာကိစ္စလဲ"
"ဒီကနေ့ ညနေ ဘုရားရှိခိုးကျောင်းမှာ အလုပ်လုပ်စရာ ရှိနေတယ်လေ"
သူ့ကို ကျွန်မ ငေးကြည့်နေမိပါသည်။ ပြီးတော့မှ သဘောပေါက်တော့သည်။ ရဘက်ကာ ကို သူတို့ သဂြုင်္ိဟ်ကြ ရပါဦးမည်။
"အစ်ကို ဘယ်အချိန်သွားမလဲ"
"ခြောက်နာရီ နှစ်ဆယ့်ငါးမိနစ်မှာ သူတို့နဲ့ ဘုရားရှိခိုးကျောင်းမှာ တွေ့မယ်"
ကျွန်မက ဘာမှပြန်မပြောပါ။ လက်ဖက်ရည်ကိုသာ ဆက်သောက်နေသည်။ အပြင်မှာ မိုးရွာတော့မည်။ သစ်ပင်များပေါ်တွင် ငှက်များ ဆူညံနေကြသည်။
"အစ်ကို့ကို အပြင်တောင် ပြန်မသွားစေချင်ဘူး"

သူက ဘာမျှပြန်မဖြေသေးဘဲ နေသည်။ သူ သိပ်ပင်ပန်းနေပုံရသည်။ ပြောမပြနိုင်လောက်အောင် ပင် ပန်းနေခြင်းဖြစ်ပါသည်။
"အစ်ကို ပြန်လာတဲ့အခါကျတော့မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ အစ်ကိုတို့မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေသေးတယ် မဟုတ်လား။ အစ်ကိုတို့ဘဝကို အစကနေပြီး ပြန်စကြရဦးမယ်။ အစ်ကို ဟာ မင်းအတွက် လင်ဆိုး တစ်ယောက်ဖြစ်ခဲ့ပါတယ်ကွယ်…"
"မဟုတ်ပါဘူး အစ်ကိုရယ်… မဟုတ်ပါဘူး"
"ဟုတ်ပါတယ်။ အစ်ကိုတို့ဘဝကို အစကနေ ပြန်စကြရမယ်။ ဒီအဖြစ်အပျက်ကြီးက နောက်ပိုင်းမှာကျန် ခဲ့ပြီမဟုတ်လား။ အစ်ကိုတို့နှစ်ယောက် စိတ်တူကိုယ်တူ ရှိနေသမျှ ကာလပတ်လုံး အတိတ်ရဲ့အဖြစ် အပျက်တွေကြောင့် ဘယ်နည်းနဲ့မှ စိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ မင်းလဲ သားတွေ သမီးတွေ မွေးရမယ်။ ကဲ… ခြောက်နာရီ ဆယ်မိနစ် ရှိသွားပြီ။ အစ်ကို သွားတော့မယ်။ မကြာပါဘူး… နာရီဝက် ထက် ပိုမကြာပါဘူး"

"ကျွန်မလဲ အစ်ကိုနဲ့ လိုက်ခဲ့မယ်။ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မဖြစ်ပါဘူး။ အတူလိုက်ခဲ့ပါရစေနော်…" ကျွန်မက သူ့လက် ကို ဆွဲထားပြီးပြောသည်။
"မလိုက်ပါနဲ့ကွယ်… အစ်ကို မလိုက်စေချင်ပါဘူး"
ပြီးတော့ အခန်းထဲမှ သူ ထွက်သွားသည်။ ခဏကြာတော့ သူ့မော်တော်ကားမောင်းထွက်သွားသံ ကြား လိုက်ရသည်။
အခန်းထဲသို့ ရောဘတ် ဝင်လာပြီး လက်ဖက်ရည်ပန်းကန်များကို သိမ်းသွားသည်။ အားလုံးလုပ်နေကျ ကိုင်နေကျ ပုံမှန်အတိုင်း ဖြစ်နေသည်။ ဘာတစ်ခုမှ အပြောင်းအလဲမရှိ။ မက်ဇင်မ် ထွက်သွားပြီး သည့် နောက်တွင် စာကြည့်ခန်းထဲမှာ အလွန်တစ်ရာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘုရားရှိခိုးကျောင်းထဲမှာ သူတို့ ဘာလုပ်နေကြမည်နည်းဟု စဉ်းစားကြည့်နေမိသည်။ ရဘက်ကာဟု မှားယွင်းပြောဆိုကာ ဘုရား ရှိခိုးကျောင်းတွင်း မှာ မြှုပ်နှံထားသည့် အရိုးပြာအိုးကို သူတို့ ဖယ်ပစ်ကြမည်။ ပြီးတော့ ရဘက်ကာအစစ် ၏ အရိုးပြာအိုး ကို မြှုပ်နှံလိမ့်မည်။ ရဘက်ကာသည် ရုပ်ဒြပ်မရှိတော့။ ပြာမှုန့်များဖြစ်သွားပြီ။ ဖုန်မှုန့်များ ဖြစ်သွားပြီ။

၇ နာရီကျော်တော့ မိုးစရွာသည်။ ပထမတော့ ခပ်ဖွဲဖွဲရွာခြင်းဖြစ်သည်။ တဖြည်းဖြည်း ပိုသဲလာသည်။ သဲရာမှ သွန်ချလိုက်သလို ရွာသည်။ ပြတင်းပေါက်ကိုဖွင့်ပြီး ကျွန်မ ရပ်နေသည်။ မျက်နှာပေါ်သို့ မိုးရေ စက်များ လာစဉ်နေသည်။ မြေသင်းနံ့ကလေး လွင့်ပါးလာသည်။ အေးစိမ့်သည့်လေကို တဝကြီး ရှူရှိုက် နေမိသည်။ အခန်းထဲသို့ ဖရစ် ဝင်လာသည့်အသံကိုပင် မကြားလိုက်ရ။ အနားမှာလာရပ်တော့မှ သတိ ထားမိသည်။
"ခွင့်လွှတ်ပါ ဆရာကတော်… မစ္စတာဒီဝင်းတား ကြာဦးမှာလား ခင်ဗျာ"
"မကြာပါဘူး… သိပ်မကြာပါဘူး"
"သူနဲ့တွေ့ချင်တဲ့ ဧည့်သည် တစ်ယောက် ရောက်နေပါတယ် ဆရာကတော်" ဖရစ်က တောက်လျှောက် ဆက်မပြောသေးဘဲ ခပ်ဆိုင်းဆိုင်းလုပ်နေသည်။ "ကျွန်တော်လဲ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်နေ ပါတယ်။ မစ္စတာဒီဝင်းတားနဲ့ မတွေ့လို့မဖြစ်ဘူးဆိုပြီး ဇွတ်တွေ့ခွင့်တောင်းနေပါတယ်"

"သူက ဘယ်သူလဲ… ရှင်သိလား"
ဖရစ်က မနေတတ် မထိုင်တတ် ဖြစ်သွားသည်။
"သိပါတယ် ဆရာကတော်… အလျင် မစ္စက်ဒီဝင်းတား အသက်ရှင်စဉ်တုန်းက ဒီကို အမြဲလာလေ့ရှိတဲ့ သူပါ။ မစ္စတာဖေဗယ် လို့ခေါ်ပါတယ်" ပြတင်းပေါက်မှ မိုးပက်ဝင်နေသောကြောင့် ဆိုဖာများ စိုလာသည်။ ထို့ကြောင့် ပြတင်းပေါက် ကို ပိတ် လိုက်သည်။ ပြီးတော့မှ ဖရစ်ဘက်သို့ လှည့်ကြည့်သည်။
"မစ္စတာဖေဗယ် ကို ကျွန်မ လက်ခံတွေ့လိုက်ရင် ကောင်းမယ်ထင်တယ်"

"သိပ်ကောင်းပါတယ် ဆရာကတော်"
မီးလင်းဖိုနားမှာ ကျွန်မ သွားရပ်နေမိသည်။ မက်ဇင်မ် ပြန်ရောက်မလာမီ ဖေဗယ်ကို ရှင်းထားနှင့်မှဖြစ် မည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်ကို တွေ့ပေးလို့မဖြစ်။ ဖေဗယ်ကို ဘာစကားပြောရမည် ဆိုသည်ကိုတော့ ကျွန်မ မသိ။ သို့သော် လည်း ကြောက်စိတ်ကား လုံးဝမရှိပါ။

ဆက်ရန်
.

1 comment:

Mary Grace said...

http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog