Wednesday, June 20, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၁၁) ဇာတ်သိမ်း

" ဒီကလပ်မြို့နယ် မှာ နေတဲ့ မင်းတို့ကောင်တွေ ဇန်န၀ါရီလ ၁၅ ရက်မှာ နောက်ဆုံး ဆောင်ရမှာနော် ကျပ်ကျပ် သတိပေး လိုက်ပါရဲ့ "
သူတို့ အိမ်ဝယ် ဖို့ အလုပ်ရဖို့လည်း သူက တတ်နိုင်သမျှ အကူအညီပေးသည်။ သူတို့တွင် ပြဿနာ တစ်မျိုးမျိုးဖြစ်လျှင် ဘယ်ဌာနနှင့် ဆိုင်သည်။ ဘယ်သူနှင့် ဆိုင်သည်ကို မေးစမ်းပြီး အက်ဒီကင်း ချက်ချင်း သွားရောက် ဖြေရှင်းပေးသည်သာ။ သားက နိုင်ငံနှင့် အ၀န်း လျှောက်သွားပြီး ဧရာမ အရေးကိစ္စကြီး များ ကို ဆောင်ရွက်နေစဉ် ဒက်ဒီကင်းက တစ်ယောက်ချင်း တစ်ကိုယ်ချင်း၏ ကိစ္စကလေးများ ကို ဖြေရှင်းပေးသည်။ ထို့ကြောင့် သူ့ကို လူချစ်လူခင် ပေါနေခြင်းမှာ ဆန်းသည်ဟု မဆိုသာပေ။
ကို ဆက်ဖတ်ရန်...

ဒက်ဒီကင်းကို ဘယ်သူမှတား၍မရ။ ကျွန်မ မှတ်မိနေတာ တစ်ခုရှိသည်။ အသားရောင် ခွဲခြားရေး တွင် ထိပ်ဆုံးက နေသည့် ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှုအဖြစ် လက်စတာဒေါစ် အရွေးခံရ တော့ ၀မ်းတစ်ထွာ စစ်ဆင်ရေး မှ ဒက်ဒီကင်းနှင့်အတူ ဘာသာရေး ခေါင်းဆောင်များက ပြည်နယ် အုပ်ချုပ်ရေးမှူးသစ်ကို နီဂရိုး လူမျိုးများ အချိုးညီညီ အလုပ်ရရှိရေး ကိစ္စကို ဆွေးနွေးသည်။ ပွင့် လင်းသလို အလွန် သံတမန် ပရိယာယ်ကြွယ် သလို ရံခါတွင် တဲ့တိုးပြောတတ်သည့် ဒက်ဒီကင်းကို ဦးဆောင်ဆွေးနွေးဖို့ အားလုံးက သဘောတူကြသည်။
ပထမပိုင်း တွင် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးသည်။ အချိန်တန်တော့မှ ဒက်ဒီကင်းက ဗုံးခွဲသလို တစ်စခန်းထတော့သည်။

" ဒီမယ် မစ္စတာ မက်ဒေါ့စ်၊ ခင်ဗျား သိထားဖို့က ခင်ဗျားဆီ ကျုပ်တို့ လက်ဝါးဖြန့်တောင်းဖို့ လာတာ မဟုတ်ဘူးဆိုတာပဲ။ ကျွန်တော်တို့ လူတွေ ရသင့်တဲ့ အလုပ်ကို အချိုးညီညီ ရဖို့ပဲ။ ခင်ဗျားက ဒါကို ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် လုပ်ရ လိမ့်မယ်။ နောက်တစ်ချက်က ခင်ဗျားဟာ အသားရောင် ခွဲခြားရေးကို ယုံကြည်တဲ့ လူတစ်ယောက်လို့ သတင်းစာတွေ ထဲမှာ ကျွန်တော်တို့ ဖတ်ရတယ်။ ခင်ဗျားဟာ ခင်ဗျားတက်နေတဲ့ ဘုရားကျောင်းမှာ သာသနာရေး ၀န်ထမ်းတစ်ယောက်ပါ။ 

ခရစ်ယာန်ကောင်း တစ်ယောက်အနေနဲ့ ဒီလို လူမျိုးရေးခွဲခြားမှုကို ခင်ဗျား ဘယ်လို လုပ်ပြီး လက်ခံနိုင်တာလဲ။ ဘယ်လို ဓမ္မကျမ်းစာတွေကို ခင်ဗျားဘယ်လို လုပ်ပြီး လက်ခံနိုင်တာလဲ။ ဘယ်လို ဓမ္မကျမ်းစာတွေကို ခင်ဗျား ဖတ်ခဲ့ တာလဲ။ ဘယ်လို တရားတွေကို နာခဲ့တာလဲ။ ခင်ဗျားကို ခင်ဗျား ဖတ်ခဲ့တာလဲ။ ဘယ်လို တရားတွေကို နာခဲ့တာလဲ။ ခင်ဗျားကို ကျွန်တော် ဖိတ်ပါတယ်။ ကျွန်တော်တို့ရဲ့ အက်ဘာနီဇာကို လာပြီး ကျွန်တော် ဟောတဲ့ တရားတွေကို နာကြားလှည့်ပါ။ ကျွန်တော် ထင်ပါတယ်၊ ခင်ဗျားဟာ ကျွန်တော်တို့ကို ကူညီနိုင်တဲ့လူပါ"
အားလုံး အံ့သြသွားစေမည့် စကားကို ပြည်နယ်အုပ်ချုပ်ရေးမှူးမက်ဒေါ့စ်ဆိုလာသည်။
" ခင်ဗျားလည်း ကျွန်တော့်ကို ကူညီနိုင်ပါတယ်၊ ဒက်ဒီကင်း "
အားလုံး ထပြန်မည် လုပ်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒက်ဒီကင်းဆီ လျှောက်လာပြီး …

(၈)

သည်လို "၀မ်းတစ်ထွာ" စည်းရုံးရေး ခရီးများထွက်နေစဉ် မိုးကုပ်စက်ဝိုင်းဆီတွင် အန္တရာယ်မိုးသားတိမ်လိပ်များ တက်လာနေလေပြီ။
မင်းဖစ်နှင့် တင်နက်စီမှ ကျန်းမာရေးလုပ်သားများ သမဂ္ဂက ထဆူသည်။ အများစုမှာ နီဂရိုးများဖြစ် သည်။ ရဲက အကြမ်းဖက် နှိမ်နင်းသည်။ ဤတွင် နီဂရိုးများသာ မကတော့ဘဲ လူဖြူများပါ ဒေါသ ထွက်လာကြသည်။ ဂျင်မိလော်ဆန် ခေါင်းဆောင်သည့် SCLC ပါ ပါလာတော့သည်။ လူဖြူ သမဂ္ဂများနှင့်ပါ ပူးပေါင်း လိုက်ကြသည်။ အခြေအနေ ကို ထိန်းပေးဖို့ ဂျင်မ်က မာတင့်ကို ဖုန်းဆက် သည်။
မာတင် ချက်ချင်းလိုက်သွားသည်။ မတ်လ ၂၈ ရက်နေ့တွင် သူ ကျွန်မဆီ ဖုန်းပြန်ဆက်သည်။

" မောင် ၀ယ်ပို့လိုက်တဲ့ပန်းတွေ ရရဲ့လား " ရောက် မလာသေးကြောင်း ပြောတော့ သူ ၀ယ်ပြီး ပို့ခိုင်း လိုက်ကြောင်းပြော သည်။ ကျွန်မ ရင်ထဲ တွင် နွေးခနဲ ဖြစ်သွားသည်။ သူ့ဆီမှ မေတ္တာအကြည်ဓာတ် ကို သေသေချာချာ ခံစားလိုက် ရခြင်းဖြစ်ပါသည်။
နှင်းဆီရောင် ကာနေရှင်း ပန်းစည်း ရောက်လာတော့ … ဟင် …. ပန်းအတုတွေပါလား။ ကျွန်မ အံ့သြသွားသည်။ သူ ဘယ်တုန်းကမှ ကျွန်မကို စက္ကူပန်းတွေ မပေးဖူးပါ။ ဘယ်လို ဖြစ်တာပါလိမ့်။
သူ ပြန်ရောက်လာ လို့ ကျေးဇူးတင်ကြောင်းပြောရင်း …
" ပန်းတွေက သိပ်လှတာပဲ။ ဒါပေမဲ့ မောင် ပို့လိုက်တာ ပန်းအတုတွေနော် " လို့ပြောတော့ …
" ဟုတ်တယ် ကိုရီ၊ မောင်က မင်းတစ်သက်လုံး သိမ်းထားဖို့ တမင်ဝယ်ပို့ပေးတာ" တဲ့။

သည်ပန်းစည်း မှာ သူ့ဆီမှ ကျွန်မ နောက်ဆုံး ရရှိသည့် ပန်းစည်းဖြစ်ပါသည်။ သူတို့ ကြာကြာခံမည် ကို သိသဖြင့်သာ တမင် စီစဉ်လိုက်ခြင်းဖြစ်ပါ လိမ့်မည်။

သည်တစ်ခါ အစည်းအဝေး တက်ဖို့ သွားမည့် မင်းဖစ် ခရီးစဉ်မှာ လေယာဉ်နောက်ကျသဖြင့် မာတင့်ကားဖြင့် သွားရ သည်။ သူ နောက်ကျသွားသဖြင့် မင်းဖစ်တွင် ထိန်းမနိုင် သိမ်းမရတွေ ဖြစ် ကုန်သည်။ ဆိုးသွမ်း လူငယ်တွေ ၀င်လာပြီး " လူမည်းအာဏာ" ဆိုင်းဘုတ်တွေ ကိုင်ကာ ဝှေ့ယမ်း သောင်းကျန်းတော့သည်။ မာတင် ရောက်သွားချိန် တွင် အခြေအနေ ဆိုးနေပြီ။ သူတို့ကို ဘယ်သူမှ မထိန်းနိုင်တော့။ အိမ်တွေကို ပုလင်းတွေ ခဲတွေနှင့် ပစ်။ ဆိုင်တွေထဲ ၀င်ပြီး မှန်တွေခွဲသည်အထိ ဖြစ်လာသည်။ အဓိကရုဏ်း ကို နှိမ်နင်းရာတွင် လူငယ်တစ်ယောက်သေသည်။

မာတင် စိတ်ဓာတ် အကျကြီး ကျသွားသည်။ သူ့လက်ထက်တွင် တစ်ခါမျှ သည်လို ရိုင်းစိုင်းသည့် ပွဲမျိုးမဖြစ်ခဲ့ဖူး။ သူနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း သူ့တာဝန်ဟု မာတင့် စိတ်ထဲ စွဲနေသည်။
ထို ညတွင်း ချင်း မာတင်က သတင်းစာ ရှင်းလင်းပွဲ လုပ်ကြောင်း ရောဖ်နှင့် ဘားနဒ်လီးတို့က နောင်မှ ကျွန်မ ကို ပြောပြပါသည်။ သူ အလွန်အမင်း စိတ်ထိခိုက်နေသဖြင့် ကောင်းကောင်း စကား မပြောနိုင်တော့ဘူး တဲ့။ နောက်နေ့ မနက်တွင် သတင်းစာ ရှင်းလင်းပွဲထပ်လုပ်သည်။

သည် တစ်ခါတော့ မာတင်က ရင်ထဲရှိသမျှ အိတ်သွန်ဖာမှောက်ရင်ဖွင့်တော့သည်။ စာနယ်ဇင်း သမားတွေကို သူက အသေးစိတ် ရှင်းပြသည်။ ဘာတွေ မှားယွင်းခဲ့ကြောင်း၊ ဘယ်လို မှားယွင်းခဲ့ ကြောင်း၊ ဘာကြောင့် မှားယွင်း ခဲ့ကြောင်း၊ ဘာကြောင့် စသည် စသည်တို့အပြင် မင်းဖစ်လူမည်း တွေမည်၍ မည်မျှ ဆင်းရဲကြောင်း။ ယင်းသည် ပေါက်ကွဲမှု ၏ အခြေခံဖြစ်ကြောင်း ပြောရင်း သူ၏ အကြမ်းမဖက်ဝါဒအကြောင်း ဆက်ပြောသည်။
သတင်းထောက် တစ်ယောက်က မေးသည်။ " ဒေါက်တာကင်း ခင်ဗျား၊ မနေ့ညက စပြီး ခင်ဗျား ဘယ်သူနဲ့ စကားပြောခဲ့ပါသေးသလဲ " မာတင် ဖြေသည်။

" ဘုရားသခင်နဲ့ကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်ခဲ့ပါဘူး "
နောက်တစ်နေ့ တွင် သူ အိမ်ပြန်ရောက်လာသည်။ ခါတိုင်းလိုပင် " ကိုရီရေ … ကိုရီ ဘယ်မှာလဲဟေ့ " ဟု အော်ပြီး ၀င်လာသည်။ အိပ်ခန်းထဲ ကျွန်မပြေးထွက်လာပြီး သူ့ရင်ခွင်ထဲ ပြေးဝင်ကာ အနမ်းဖြင့် နှုတ်ဆက် လိုက်သည်။ ညစာ စားရင် အဖြစ်အပျက်ကို စိတ်ပျက်လက်ပျက် ပြောပြသည်။ ကျွန်မက သူ့တွင် တာဝန်မရှိကြောင်း ပြောပြီး နှစ်သိမ့်ရသည်။ သူ စိတ်သက်သာရာ ရသွားပုံရပါသည်။
နောက်နေ့ တွင် ခေါင်းဆောင်တွေကို အစည်းအဝေးခေါ်လိုက်သည်။ မင်းဖစ်မှ ဂျင်မ် ဝေါ်ဆန်လည်း တက် သည်။ မင်းဖစ်တိုက်ပွဲဆက်မလား၊ ရပ်မလား ဆွေးနွေးကြသည်။ သူက မင်းဖစ်ကိစ္စနှင့်အတူ ဆင်းရဲသား တပ်ကြီး ၀ါရှင်တန် သို့ ချီဖို့ကိုလည်း စိတ်အားထက်သန်နေသည်။ သတင်းစာတွေက အမျိုးမျိုးဝေဖန်ကြသည်။

အကြမ်းဖက်မှုတွေ ၀င်လာနိုင်ကြောင်း ကြိုတင် ဟောကိန်း ထုတ်ကြသည်။
သို့သော် မာတင်ကမူ အမေရိကန်တွင် အကြမ်းမဖက်ရေးမူဖြင့် လှုပ်ရှားဖို့ သည်တစ်ကြိမ်အား နောက်ဆုံး အခွင့်အရေးဟု ယုံကြည်နေသည်။ မင်းဖစ် အရေးအခင်းကို ကြည့်ပြီး လူတွေ ကြောက် စိတ်ဝင်နေကြမှန်း မာတင်သိသည်။ ထို့ကြောင့် ၀ါရှင်တန်သို့ ချီတက်ပွဲမှာ များစွာ အခက်အခဲတွေ ရှိလိမ့်မည်။ အစည်းအဝေးတွင် သူ့ခေါင်းဆောင်တွေကို မင်းဖစ်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပြန်စဖို့ နားဝင်လာအောင် မာတင် စည်းရုံးသည်။ SCLC ကိုလည်း သည်ကိစ္စ အလေးအနက် စဉ်းစားဖို့ သူ တိုက်တွန်းသည်။
" သူ့ ဝေဖန်ရေးတွေဟာ ထက်မြက်ပါတယ်၊ မီးလို အားရှိပါတယ်။ ဒါပေမဲ့ ငြိမ်းခါနီး မီးနဲ့ တူနေတယ်" ဟု တစ်ယောက်က ဝေဖန်သည်။

အစည်းအဝေးမှာ တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် ဖြစ်လာသည်။ မာတင်က ရုတ်တရက် ထပြီး အပြင်ထွက်သွားသည်။ သူမပါဘဲ သူတို့ချည်း စဉ်းစားဖို့ အခွင့်အရေး ပေးခဲ့ခြင်းဖြစ်၏။ သူတို့တစ်တွေ ပို၍ ပွင့်လင်းလာလိမ့်မည်ဟု မာတင်က ယုံကြည်သည်။
အစည်းအဝေး နားချိန်တွင် ကျွန်မ ဖုန်းဆက်သည်။ သူ ညစာ ဘယ်အချိန် ပြန်စားမှာလဲ မေးသည်။ ရော့ဖ်က ဖုန်းကိုင်သည်။ " မာတင်အပြင် ထွက်သွားတယ် ကိုရီ၊ အငြင်းအခုံတွေကို သူ တော်တော် စိတ်ပျက်နေပုံရတယ်။ ဒါပေမဲ့ သူ ထွက်သွားနေတုန်းမှာ တို့ အစည်းအဝေးခန်းထဲကို ဘုရားသခင် ကြွမြန်းလာသလိုပဲ။ ခု တို့အားလုံး သဘောတူညီမှုတွေ ရနေပြီ ၀ါရှင်တန်ကို တို့သွား မယ်။ မင်းဖစ်က ပတ်သွားမယ် "

မတင် အိမ်ပြန်ရောက်လြာတော့ အစီအစဉ်ကို ပြောပြသည်။ ဧပြီလ ၈ ရက် တနင်္လာနေ့တွင် မင်းဖစ် လှုပ်ရှားမှု ပြန်စမည်။ သူက ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့ကတည်းက ကြိုသွားနှင့်မည်။
တနင်္ဂနွေနေ့တွင် ၀ါရှင်တန် ဘုရားကျောင်းတွင် တရားပေးဖို့ ပါမောက္ခချုပ် ဖရန်စစ် ဆေယာက ဖိတ်သဖြင့် သူ တရားဟော သည်။ ဘုရားကျောင်း မဆံ့အောင် လူတွေ ပြည့်နေသည်။ သူက " အသားရောင် ခွဲခြားမှု၊ လူမည်းများအား နှိပ်စက်ကလူ ပြုမှုတွေကို အမြစ်ပါမကျန် မြေလှန်ပစ်ရမယ်" ဟု အစချီံပြီး ရဲရဲတောက် စကားလုံး များဖြင့် သူ့တရားကိုစသည်။

" ကျွန်စနစ် ဖျက်သိမ်းလိုက်တယ်ဆိုတာ ဘာနဲ့ တူသလဲဆိုရင် တစ်သက်တစ်ကျွန်း ထောင်ချ ထားတဲ့ လူတစ်ယောက်ကို ဘတ်စ်ကားခ မပေးဘဲ လွှတ်ပေးလိုက်တာနဲ့ တူနေတယ် "
တနင်္ဂနွေနေ့ည မာတင် အိမ်ပြန်ရောက်လာတော့ သမ္မတ ဂျွန်ဆင်၏ နာမည်ကျော် မိန့်ခွန်းကို ကျွန်မတို့ ၀ိုင်း နားထောင်ကြသည်။ သူက နောက်လေးနှစ်သက်တမ်းအတွက် အရွေးခံမည့်အကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းများ အဓိကထား ပြောသွား သည်။ တနင်္လာနှင့် အင်္ဂါနေ့တွင် သူ အလုပ်တွေ ရှုပ်နေသည့်ကြားမှ ကလေးတွေနှင့် အတူ နေသေးသည်။
ဗုဒ္ဓဟူးနေ့တွင် မာတင့်ကို ခေါ်ဖို့ ရော့ဖ် အစောကြီးရောက်လာသည်။ ကျွန်မက ယောက်ျားကို နှုတ်ဆက်အနမ်း ပေးပြီး ဆုတောင်းပေးလိုက်သည်။ ကလေးတွေ မရှိကြသေး။ ကျွန်မတို့ လင်မယား ထောင်ပေါင်းများစွာ နှုတ်ဆက်ခဲ့ဖူးသည့် အတိုင်း "ဂွဒ်ဘိုင်" ဟု နှုတ်ဆက်ကြသည်။

ဟောလီးဒေး အင်း ဟိုတယ်တွင် တည်းခိုသည့်အတွက် ၀ိုင်းဝေဖန်ကြသဖြင့် သူတို့ အဖွဲ့ နေရာ ပြောင်း တည်းကြရသည်။ ဟောလီးဒေး အင်းက ဇိမ်ခံ ဟိုတယ် မို့လို့တဲ့။ သူတို့က ဆူပွက်နေ သည့် နေရာနှင့်ဝေးဝေး မြို့ပြင်ကို ရွေးတည်းခြင်းဖြစ်သည်။ လုံခြုံမှုကို ဦးစားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သည်လို ဝေဖန်တာကို မကြိုက်သဖြင့် မာတင်က မာလ်ဘာရီလမ်းမှ နီဂရိုးဟိုတယ်ကလေး တစ်ခု သို့ ပြောင်းလာခဲ့ကြသည်။ ထိုညက အခြေအနေတွေ အားလုံး ကောင်းနေကြောင်း သူ ကျွန်မဆီ ဖုန်းဆက်အကြောင်းကြားသည်။

ထိုညက ပြောသည့် မာတင့် မိန့်ခွန်းကို သန်းနှင့်ချီသည့် လူတွေ အကြိမ်ကြိမ်ပြန်ဖွင့်ပြီး နား ထောင်ကြသည်။ မာတင်က သည်အစည်းအဝေးကို မသွားဖို့ ပင်စိတ်ကူးလိုက်သေးသည်။ သည်မြို့ခံ လူငယ်တွေနှင့် ရင်မဆိုင် ချင်သောကြောင့်ဖြစ်၏။ ရော့ဖ်က လူများများ လာမည်မထင်။ မာတင် အနားယူဖို့ လိုသဖြင့် ရော့ဖ်က ၀င်ပြီး မိန့်ခွန်းပြောပေးဖို့ သဘောတူလိုက်သည်။ သို့သော် ကလေးဆွန် ဘုရားကျောင်းတွင် လူနှစ်ထောင်လောက် စုဝေးနေသည်ကို တွေ့သဖြင့် ရော့ဖ်က မာတင့်ကို လှမ်းခေါ်လိုက်သည်။ မာတင် ချက်ချင်းရောက်လာသည်။

စင်မြင့်ပေါ်သို့ မာတင် လှမ်းတက်လိုက်သည်နှင့် လူအုပ်ကြီးက တစ်ခဲနက် ကောင်းချီးသြဘာပေးကြသည်။ မာတင်က နှုတ်ဆက် စကားစပြောပြီး သူတို့အားလုံးအတွက် တောင်းဆိုချက်များ ပြောပြသည်။ သူနှင့် SCLCက အပြတ် ထောက်ခံ ရပ်တည်မည်။ ပြောနေရင်း တစ်ခုခုကို ရုတ်ခြည်း ကြိုမြင်လိုက်သည့်အလား၊ သူ့ကို တိုက်ခိုက်မည် ဆိုသည့် ခြိမ်းခြောက်မှုများ၊ ကောလာဟလများ မင်းဖစ်တွင် ပျံ့လွင့်နေကြောင်းဖြင့် စပြီး …
" ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ရဲ့ ရှေ့မှာ အခက်အခဲပေါင်း များစွာနဲ့ နေ့ရက်တွေ မှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အဲဒါတွေက ခုတော့ ကျွန်တော့်အတွက် အကြောင်းမဟုတ်တော့ပါဘူး။ ဘာပြုလို့လဲဆိုတော့ ကျွန်တော် တောင်ထိပ်ကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် မမှုပါဘူး။

လူတိုင်းလိုပဲ ကျွန်တော်လည်း အသက်ရှည်ရှည် ခင်ခင်မင်မင် နေချင် ပါတယ်။ ဒါပေမဲ့ အသက်ရှည်ခြင်းဟာ ကျွန်တော်နဲ့ မဆိုင်သလို ဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်တော် မမှုတော့ဘူးလို့ ပြောတာပါ။ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ လုပ်ချင်ပါတယ်။ တောင်ပေါ်တက်ဖို့ တွန်းအားပေးတာဟာလည်း ဘုရားသခင်ရဲ့ အလိုတော် ဖြစ် ပါတယ်။ တောင်ထိပ်ကနေပြီး "မြတ်သောမြေ" ကို ကျွန်တော် လှမ်းမြင်နေရပါပြီ။ အဲဒီကို ခင်ဗျား တို့နဲ့အတူ ကျွန်တော်ရောက်ချင်မှ ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာကနေပြီး ခင်ဗျားတို့ကို ကျွန်တော် ဒီည ပြောလိုက်မယ်။ လူသား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ အားလုံး အဲဒီနေရာကို အရောက်သွားကိုသွားရမယ်။ ဒါကြောင့် ကျွန်တော် ဒီည အရမ်းပျော်နေတယ်။ ဘယ်လို လူမျိုးကိုမှ ကျွန်တော် မကြောက်ဘူး။ ကျွန်တော့် မျက်စိထဲမှာ ကိုယ်တော် အရှင်ရဲ့ ဦးခေါင်းတော်မှ ရောင်ခြည် စက်ဝိုင်းကို မြင်နေရပြီ …။

သူ့အသံ တိမ်ဝင်သွားသည်။ ပရိသတ်၏ တုံ့ပြန်မှုမှ စိတ်လှုပ်ရှားစရာကောင်းလှသည်။ သူကိုယ်တိုင် ထိုတဒင်္ဂကို မွန်မြတ်သန့်စင်ခြင်း၏ အထွတ်အထိပ်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်လှုပ်ရှားလွန်းပြီး သူ ရှေ့ဆက် မပြောနိုင်ခြင်း ဖြစ်မည်ဟု ကျွန်မ တွေးကြည့်မိသည်။ ဆုံးအောင်ပြောလျှင် "ကိုယ်တော်အရှင်၏ အမှန်တရားသည် ရှေ့သို့ ဆက်လက် ချီတက်နေသည်" ဟူသည့် အပိုဒ်ပါရမည်။

နောက်တစ်နေ့မှာ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ဖြစ်သည်။ စိုးရိမ်စိတ်တို့ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ သူ့တွင် ကင်းစင်ကာမာတင် တစ်ယောက် ပျော်သလိုလိုပင် ဖြစ်နေသေးသည်ဟု ဆိုကြသည်။ အေဒီက နောင်တွင် ကျွန်မကို ပြန်ပြောပြသည်။ ညီအစ်ကို နှစ်ယောက်ကလေးတွေလို စကြ နောက်ကြနှင့် နောက်ဆုံးတွင် နပန်းလုံးကြသေးသည်တဲ့။
မာတင်က အမေ့ဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ အေဒီအတွက် ထူးဆန်းနေသည်။ ခရီးထွက် နေဆဲတွင် ဘယ်တော့မှ သူတို့ အမေ့ဆီ ဖုန်းဆက်လေ့မရှိ။ ပြီးတော့ သူသည်နေ့ အရမ်းရွှင်နေ သည်။ ပြီးတော့ သူ့ကိုယ်သူ အေဒီပါဆိုပြီး မအေကြီးကို နောက်သေးသည်။ ပြီးတော့ အေဒီကိုလည်း မာတင်ပါဆိုပြီး ပြောခိုင်းသည်။ တစ်ယောက်အသံနှင့် တစ်ယောက်တူအောင် လုပ်ပြီးတော့ပေါ့လေ။

နောက်ဆုံးတွင် အပြင်ထွက် ထမင်းစားဖို့ အ၀တ်လဲကြသည်။ မာတင်က အ၀တ်လဲပြီးတော့ ရှေ့ ၀ရန်တာသေးသေးကလေးတွင် ထွက်ရပ်ပြီး မျက်နှာချင်းဆိုင်မှ အိမ်အိုကြီးကို လှမ်းကြည့်နေ သည်။ ထိုည အစည်းအဝေး တွင် သီဆို ဖျော်ဖြေရမည့်သူက ဘင်ဘရန့်ခ်ျ။ သူက မာတင် ရပ်နေသည့် ၀ရန်တာအောက် တည့်တည့် တွင် ရပ်နေသည်။ မာတင်က အပေါ်မှ သူ့ကို လှမ်းခေါ် ပြီးပြောသည်။
" ငါ့အတွက် မင်း ဟို … သီချင်း ဆိုနော်၊ " အိုအရှင် တပည့်တော်၏ လက်ကို တွဲခေါ်ပါလော့" လေ၊ ဟေ့ … ကောင်းကောင်း ဆိုပေးနော် "
ဘင်က အောက်မှ ရယ်ပြီး "ဆိုပါ့မယ်" ဟု ကတိပြုသည်။

ထိုညတွင် ကားမောင်းရမည့် ဆော်လမွန် ဂျုန်းက မာတင့်ကို လှမ်းပြောသည်။
" ဒေါက်တာကင်း အေးတယ် ခင်ဗျ၊ အပေါ် ကုတ်အင်္ကျီဝတ်လာရင် ကောင်းမယ် ထင်တယ် "
" အေး … အေး … ကောင်းပြီ၊ ၀တ်ခဲ့မယ် "
သွားခါနီးတွင် မာတင့် အခန်းထဲသို့ ရော့ဖ် အပြေးအလွား ၀င်လာသည်။ မုတ်ဆိတ်ရိတ်ဖို့ လိုးရှင်း လာဆွတ်တာတဲ့။ ထိုအချိန်တွင် သေနတ်သံ တစ်ချက် ထွက်လာသည်။ သူတို့အားလုံး ဗြောက်အိုး ဖောက်သံဟု ထင်လိုက်ကြောင်း ကျွန်မအား ပြန်ပြောကြသည်။

ထိုညနေခင်းတွင် ယိုလင်ဒါနှင့် ကျွန်မ ဈေးဝယ်ထွက်နေကြသည်။ အီစတာ ပွဲတော်အတွက် ကလေးများဖို့ အ၀တ်အစား မ၀ယ်ရန် ကျွန်မ ဆုံးဖြတ်လိုက်သည်။ သည်ပွဲတော်သည် အလွန် မွန်မြတ်သည့် ဘာသာရေး ပွဲတော်ဖြစ်သည်။ နွေဦးရာသီ ပျော်ပွဲရွှင်ပွဲမျိုးမဟုတ်။ အိမ်ပြန်ရောက်တော့ တယ်လီဖုန်းမြည်နေသည်။ ဂျက်စီဂျက်ဆင် ဆက်ခြင်းဖြစ်၏။ " ကော်ရက်တာ ဒေါက်တာကင်း သေနတ်ပစ် ခံရတယ်။ မီရာလေယာဉ်နဲ့ မင်းဖစ်ကို လိုက်ခဲ့ပါ။ စိန့် ဂျိုးဇက် ဆေးရုံမှာ တင်ထားတယ် " ကျွန်မ ရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။ စိုးရိမ်ရသည့် အခြေအနေမှန်း ကျွန်မ အလိုလို သိနေသည်။ အံ့သြလွန်း၍တော့ မဟုတ်။ စင်စစ် ကျွန်မ မသိစိတ်က သည်လို သတင်းမျိုး ကို စောင့်နေသည်မှာ ကြာပြီဖြစ်ပါလိမ့်မည်။

ကျွန်မ အသေးစိတ် မေးတော့ သူက "ပခုံးထိသွားတာပါဟုဆိုသည်။ သူဖော့ပြောမှန်း ကျွန်မ သိနေသည်။ ကျွန်မ နောက်ထပ် မမေးရဲတော့ပါ။
" အစောဆုံး လေယာဉ်နဲ့ လိုက်ခဲ့မယ် ဂျက်စီ "
မာတင့် အတွင်းရေးမှူး ဒိုရာ မက်ဒေါနယ်ကို ကျွန်မ လှမ်းခေါ်ပြီး အမြန်လာခဲ့ဖို့ ပြောလိုက်သည်။
အင်ဒီးယန်းက ကျွန်မ ကို မင်းဖစ်မှ လှမ်းဆက်ပြီး အခြေအနေမကောင်းကြောင်း ပြောသည်။ " ဒါပေမဲ့ အသက် အန္တရာယ်တော့ မရှိပါဘူး " ဟု သူက နှစ်သိမ့်စကားဆိုသည်။
ကျွန်မ တီဗွီဖွင့်ကြည့်လိုက်သည်။ ကျွန်မ သိထားသလောက်ပင် သူတို့ သတင်းကြေညာနေသည်။ ထိုအချိန်တွင် ယိုကီ ပြေးဝင် လာကြသည်။ ကျွန်မ တီဗွီကို ပိတ်ဖို့ လုပ်သော်လည်း သူ နားစွန်နားဖျား ကြားသွားပြီ။

ယိုကီက " မပြောနဲ့၊ သမီးကို ဘာမှ မပြောနဲ့" ဟု အော်ငိုပြီး အခန်းထဲမှ ပြေးထွက်သွားသည်။ သို့သော် ချက်ချင်း သူ ပြန်ရောက် လာသည်။ ကျွန်မ မင်းဖစ် သို့ လိုက်သွားရမည့်အကြောင်း ပြော လိုက်သည်။
" သမီး အဖေ သေနတ်ပစ်ခံရလို့တဲ့ "
သူ ကျွန်မကို အ၀တ်သေတ္တာ ၀ိုင်းထည့်ပေးသည်။ ကျွန်မတို့နှင့် အလွန်ခင်သည့် မြို့တော်ဝန် အလန် ဖုန်းဆက်မေး သည်။ ဘာအကူအညီလိုသလဲမေးသည်။ ကျွန်မက ၈း၂၅ လေယာဉ်ဖြင့် သွားမည့် အကြောင်း ပြောတော့ လေယာဉ်ကွင်းကို သူ လာခဲ့မည့်အကြောင်း ပြောသည်။ မိတ်ဆွေ အပေါင်းအသင်းတွေ မိသားစုတွေ ရောက်လာကြသည်။ ကျွန်မသွားခါနီးတွင် ဒက်စတာက မေးသည်။
" အဖေ နဲ့ အမေ ဘယ်တော့ ပြန်လာမှာလဲဟင် "
" မေမေ မင်းဖစ်ကနေ ဖုန်းဆက်လိုက်မယ်လေ၊ အဲဒီတော့ ပြန်မယ့်ရက် ပြောနိုင်မှာပေါ့ "
ကလေ အားလုံး ကို နမ်းပြီး နှုတ်ဆက်၍ ကျွန်မ ထွက်လာခဲ့သည်။

မာတင့် ညီမ ခရစ္စတင်း၊ သူ့ယောက်ျား အိုင်းဇက် ဖားရစ်၊ မြို့တော်ဝန်နှင့် သူ့ဇနီး၊ ပြီးတော့ ဓမ္မ ဆရာကြီး ဖရက်ဘာနက် ဇနီးမောင်နှံတို့ လေယာဉ်ကွင်းသို့ လာရောက် နှုတ်ဆက်ကြသည်။ လေယာဉ်ကွင်းတွင် လူတွေ အားလုံး သုတ်ခြေတင်နေကြသည်။ မြို့တော်ဝန် အလန်က တဗျစ် တောက်တောက်ပြောနေသည်။ "မိုက်ရိုင်း လိုက်လေကွာ၊ လူတွေ ခေါင်းထဲမှာ ဘယ်တော့များမှ အသိစိတ် ၀င်လာကြမယ် မသိဘူး "
အသံချဲ့စက် မှ ကျွန်မ နာမည်အော်ခေါ်သံ ကြားလိုက်တော့ ကျွန်မကျော်ထဲ စိမ့်သွားသည်။ ဒိုရာ မက်ဒေါနယ် ကျွန်မ ဆီ အပြေးလျှောက်လာနေသည်။ သူ့ မျက်နှာကို မြင်လိုက်ကတည်းက ကျွန်မ သိလိုက်ပြီ။ မာတင် သေသွားပါပြီ။

မြို့တော်ဝန် က သတင်းအတိအကျရအောင် သူလုပ်မည်ဆိုသည်။ ဒိုရာက ဘာတစ်ခွန်းမှ မပြော။ ကျွန်မ တို့ နှစ်ယောက် ပြေးဖက်လိုက်ကြသည်။
မြို့တော်ဝန် အလန်ပြန်ရောက်လာသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူက လေသံကို ထိန်းပြီး …
" မစ္စက်ကင်း၊ ကျွန်တော့် ကို သက်ဆိုင်ရာက ပြောခိုင်းပါတယ်။ ဒေါက်တာကင်း ကွယ်လွန်သွားပါပြီတဲ့ "
သူတို့ မပြောခင် ကျွန်မ သိနေသလို ပဲ။ သတင်းစကားကို စောင့်နေရုံသာပါ။ မာတင် ဆုံးပြီဆိုတဲ့ သတင်းလေ။
မြို့တော်ဝန် က ကျွန်မ လက်ကို ကိုင်ပြီးမေးသည်။

" မစ္စက်ကင်း မင်းဖစ်ကို သွားချင်သေးလား၊ ဒါမှမဟုတ် အိမ်ပြန်ချင်သလား "
" ကျွန်မ ကလေးတွေဆီ ပြန်မှထင်တယ်။ မင်းဖစ် ကို သွားဖို့ နောက်မှပဲ ဆုံးဖြတ်ပါတော့မယ် "
မြို့တော်ဝန် အလန်၊ ခရစ္စတင်း၊ အိုင်းဇက် တို့နှင့်အတူ ကားတစ်စီးတည်းစီးပြီး အိမ်ပြန်လာခဲ့ကြ သည်။ လမ်းတွင် ဘယ်သူမှ စကားမပြောကြပါ။ ဘာတွေ ဖြစ်ကုန်တာပါလိမ့်။ အဓိပ္ပာယ်ကို ကျွန်မ ရှာဖွေ စဉ်းစားလာခဲ့ သည်။ သည်ရက်သတ္တပတ် ကား အီစတာအကြို ရက်သတ္တပတ်ပါကလား။ ထူးတော့ ထူးဆန်းသည်။ သို့သော် ကျွန်မ စိတ်တွေ တည်ငြိမ်နေသည်။ ရှင်ပြန်ထမြောက်ခြင်း ပွဲတော်၊ မကောင်းဆိုးဝါးကို တရားက အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ မတိုင်မီ တစ်ရက်။ ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသည့်နေ့မြတ်၊ သေခြင်းကို အောင်နိုင်ခြင်း အထိမ်းအမှတ်ပွဲ မတိုင်မီနေ့။ ယေရှုသခင် အသေမခံမီနေ့။

မာတင် က အီစတာ ပွဲတော်၏ အနှစ်သာရ၊ အီစတာ ပွဲတော်ချိန်တွင် လူသား အချင်းချင်း ပိုမိုချစ်ခင် နားလည်တတ်ကြပုံများကို မကြာမကြာ ပြောလေ့ရှိသည်။ ဘယ်လောက်ပဲ အခြေအနေ တွေဆိုးနေဆိုးနေ အီစတာ ပွဲတော် ဆီက ဗုံသံကြားလိုက်တာနဲ့ ပြေလည်မှု ရသွားတတ်ကြသည်ဟု လည်း သူက ယုံကြည် သည်။ မျှော်လင့်ချက်တွေ ရှိလာတတ်ကြသည်ဟု ယုံကြည်သည်။ ဘ၀၏ အမှန်တရား၊ ဘ၀၏ အလင်းတန်းများ ထွန်းတောက် လာတတ်သည်ဟု ယုံကြည်သည်။ သည်ကမ္ဘာကြီးထဲတွင် ကောင်းမြတ်ခြင်း မင်္ဂလာအပေါင်း ကိန်းအောင်းနေသည် ဟု သူက ယုံကြည်သည်။
ကျွန်မ ယောက်ျား က သူ့ ယုံကြည်မှုအတွက် သူ့ဘ၀ကို ပေးဆပ်ဖို့ အဆင်သင့် ရှိနေသူဖြစ်သည်။ အများ အတွက် အလုပ်အကျွေး ပြုရမည်ဟု ယုံကြည်နေသူဖြစ်သည်။ ရင်ကွဲနာ ကျနေသည့် ကြားမှ သူ့အကြောင်းကို ကျွန်မ စဉ်းစားနေမိခြင်းဖြစ်ပါသည်။

ပြီးတော့မှ ကလေးတွေ ကို ဘယ်လို ပြောရမှာပါလိမ့်ဟု ကျွန်မစဉ်းစားရတော့သည်။ သူတို့ အနားတွင် ကျွန်မ မရှိဘဲ၊ သူ့အဖေ သတင်းကို သူတို့ ကြားသွားမှဖြင့် …၊ ကျွန်မ အရမ်း စိုးရိမ်သွား သည်။
ကျွန်မ အိမ်ပြန်ရောက်သွားတော့ ဘန်နီကလေး အိပ်နေပြီ။ ဒက်စတာနှင့် မာတီက အခန်းထဲမှာ။ ယိုလင်ဒါက ဆီးပြော သည်။
" မေမေ သမီး မငိုဘူးနော်၊ မငိုရဘူး မဟုတ်လား။ ဘာပြုလို့လဲ ဆိုတော့ ဖေဖေ မသေလို့ပေါ့၊ သူ့ခန္ဓာကိုယ် သေချင်သေ သွားမယ်၊ ဒါပေမဲ့ ဖေဖေ ၀ိညာဉ်ဘယ်တော့မှ မသေဘူး မေမေ။ သူ့ကို ကောင်းကင်ဘုံ မှာ သမီးတွေ့မှာ "
မငိုဘူး၊ မငိုဘူး တဖွဖွ ပြောနေလျက်က သူ့ပါးပြင်ပေါ်သို့ မျက်ရည်တွေ တသွင်သွင်စီးကျနေသည်။

" မေမေဟာ သိပ်သတ္တိကောင်းတဲ့ အမျိုးသမီးပဲ။ မေမေ့ နေရာမှာ သမီးသာဆိုရင် သမီး ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး။ ဖေဖေ့ကို သတ်တဲ့လူတွေကို သမီး မုန်းရမှာလား ဟင် "
ကျွန်မ ဖြေရတော့မည်။ သူ့ကို သိုင်းဖက်လိုက်ပြီး … " ဟင့်အင်း … မမုန်းရဘူး။ သမီး ဖေဖေက မုန်းတာကို ကြိုက်မှာ မဟုတ်ဘူး။ သမီးလည်း သိပ်သတ္တိရှိပါတယ်ကွယ်။ သမီးအတွက် မေမေ ဂုဏ်ယူ ပါတယ်။ ဖေဖေ လည်း ဂုဏ်ယူမှာပါ "
သားကလေးတွေက ကျွန်မကို စောင့်နေကြသည်။ မာတီကလေးက ဘာမှ နားမလည် သလို ကြောင်စီစီ ကလေးဖြစ်နေသည်။ သူတစ်ခုကို ပြောချင်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။ ခုနစ်နှစ်သာရှိသေးသည့် ဒက်စတာ ကလေး က မေးသည် "မေမေ၊ ဖေဖေ ဘယ်တော့ပြန်လာမှာလဲ" တဲ့။
ကျွန်မရင်ထဲ တွင် မချိအောင် နာကျင်သွားပါသည်။

" ဒက်စတာ သားလေး ဖေဖေ သေနတ်ပစ်ခံရတယ်၊ အခြေအနေမကောင်းဘူးတဲ့၊ သွားသွား အိပ်တော့နော်၊ မနက်ဖြန် မှ မေမေ ပြောပြမယ်နော် "
" ဟုတ်ကဲ့ မေမေ "
ဘာမှ ဆက်မမေးဘဲ အေးအေးဆေးဆေး အိပ်ဖို့ပြင်သည်။
နှလုံးသွေးပျက်ချင်စရာ ကောင်းသည့်ည၏ ပထမပိုင်းဖြစ်ပါသည်။ အားပေးမည့်သူတွေ ၀ိုင်းဝိုင်း လည်နေသော် လည်း ထိုနာရီပိုင်းများတွင် သူတို့ဘာမျှ မတတ်နိုင်ကြပါ။ သမ္မတဂျွန်ဆင်က ဖုန်းဆက်ပြောသည်။
" ကျွန်တော် အကြီးအကျယ် စိတ်မကောင်း ဖြစ်နေပါတယ် မစ္စက်ကင်း၊ ကျွန်တော့် အမျိုးသမီးလည်း အတူတူ ပါပဲ၊ မိသားစုနဲ့ အတူတူ ကျွန်တော်တို့ သောကဖြစ်နေကြပါတယ်။ ကျွန်တော် တီဗွီမှာ ကြေညာချက်ထုတ်ပါ့မယ် "
သူက မိန့်ခွန်းထဲ တွင် အရေးပေါ် လွှတ်တော် ခေါ်ယူမည့်အကြောင်း၊ အမျိုးသားရေးကိစ္စ တစ်ရပ် အဖြစ်နှင့် အဖျက်သဘော မပါသည့် အပြုသဘော သက်သက်စီမံချက် တစ်ခု ရေးဆွဲမည့် အကြောင်းများ ထည့်သွင်းပြောကြား သွားသည်။

အထက်လွှတ်တော်အမတ် ရောဘတ် ကနေဒီ ကလည်း ကျွန်မအမျိုးသားအနိစ္စ ရောက်သွားသည့် အတွက် ၀မ်းနည်းကြောင်း၊ စိတ်လည်း အလွန်ပျက်နေကြောင်း ဖုန်းဆက်လာသည်။
" အစစအရာရာ တတ်နိုင်သည့်ဘက်မှ အကူအညီပေးပါမယ် " ဟုလည်း ဆိုလာသည်။
မင်းဖစ် ကို လိုက်သွားပြီး မာတင့် အလောင်း သယ်ရမည့်အကြောင်းပြောတော့ …
" ကျွန်တော် လေယာဉ် စီစဉ်ပေးပါ့မယ်၊ အဲဒီ လေယာဉ်နဲ့ သွားပါ " ဟု ပြောလာသည်။
ဟယ်ရီ ဘယ်လဖောင်တီ ကလည်း ဆက်သည်။
" ကော်ရက်တာ၊ ကိုယ် ချက်ချင်း လာခဲ့မယ်၊ ကလေးတွေနဲ့အတူ နေပေးမယ်၊ ကိုယ်တတ်နိုင်သမျှ မင်းနဲ့မျှဝေ ခံစားမယ် " သူ့ကြောင့် ကျွန်မ အပုံကြီးသက်သာရာ ရပါသည်။ ဟယ်ရီသည် လူ့စရိုက်ကို တကယ် နားလည်ပြီး အလွန်ပြည့်ဝသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။

ဒက်ဒီကင်းကတော့ ဆောက်တည်ရာမရဖြစ်ကာ တဗျစ်တောက်တောက်ပြောနေသည်။
" ဘယ်လို ဖြစ်ကုန်တာလဲကွာ၊ ငါက အရင်သွားရမှာ "
ဒက်ဒီကင်းကို ကြည့်ပြီး ကျွန်မ သောက နှစ်ဆပွားသွားပါလေတော့သည်။ သို့သော် ဒက်ဒီကင်းက သူ့ကိုယ်သူ ထိန်းပါသည်။ မေမေ ကင်းကတော့ ကျောက်ဆောင် တစ်ခုလို တည်ငြိမ်သည့် အမျိုးသမီးကြီးဖြစ်သည်။
သောကြာနေ့ မနက်တွင် ရောဘတ်ကနေဒီ စီစဉ်ပေးသည့် လေယာဉ်ဖြင့် မင်းဖစ်သို့ ကျွန်မ ထွက် လာခဲ့သည်။ အလောင်းကို အတ္တလန္တာသို့ သယ်ဖို့ စီစဉ်သည်။ မင်းဖစ် လေယာဉ်ကွင်းတွင် ကလေးတွေ လာစောင့်နေသည်။ သူတို့ အားလုံး လေယာဉ်ပေါ် တက်ပြီး မကြာခင် ဘန်နီက မေး သည်။

" မေမေ ဖေဖေ ဘယ်မှာလဲဟင် "
သူ့ကို ဖက်ပြီး ကျွန်မနှင့် အတူ ထိုင်ခိုင်းလိုက်သည်။
" ဒီမယ် သမီး၊ ဖေဖေ သေတ္တာကြီးထဲမှာ အိပ်ပျော်လိုက်လာတယ်၊ သမီးနဲ့ တွေ့ရင် သူစကားပြော နိုင်မှာ မဟုတ်တော့ဘူး "
အိမ်ရောက်တော့ ကျွန်မတို့ ခေါင်းကို ဖွင့်ကြည့်ကြသည်။ ဘန်နီက သူ့အဖေ အလောင်းကို တွေပြီး ရပ်ကြည့်နေ သည်။ အတွင်းပိုင်း အဖြူရောင် ပိုးသားကပ်ထားသည့် ခေါင်းထဲတွင် မာတင် အိပ်ပျော်နေသည်။ သူ့မျက်နှာမှာ ညက်ညောကာ နုပျိုနေ သည်။ သောက ဟူသရွေ့ မြူငွေ့မျှ မရှိ သလိုပင်။ ဘယ်ဒဏ်ရာဒဏ်ချက်မျှ မတွေ့ရ။ ကျွန်မက ဘန်နီ ကို ရှင်းပြသည်။
" ဖေဖေကလေ ဘုရားသခင်နဲ့သွားနေတော့မှာတဲ့ သူ ပြန်လာလို့ မရတော့ဘူး သမီးလေး "
သူ ဘာမှ နားလည်ဟန် မတူပါ။ သို့သော် ညနေပိုင်းလောက်တွင် သေခြင်းတရားအကြောင်း သူ ရေးရေး သဘောပေါက်လာပုံ ရသည်။ အတ္တလန္တာသို့ နိုင်ငံကျော် ပုဂ္ဂိုလ်တွေ အသုဘ လာပို့ကြ သည်။

ရောဘတ်ကနေဒီနှင့် သူ့ဇနီး အီသယ်လ်၊ ဂျက်ကလင် ကနေဒီ၊ ရစ်ချဒ် နစ်ဆင်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ရော့ကဖဲလားက အားလုံးအတွက် လေယာဉ်စီစဉ်ပေးသည်။ ရစ်ချဒ်နစ်ဆင်က အသုဘ ကိစ္စပြီးတော့ ကျွန်မဆီ သီးသန့်လာတွေ့သေးသည်။ မစ္စက်မက်ကာသီက ဧည့်ခံကြိုဆို ရေးနှင့် စာဝင်စာထွက်တွေ ကို အကူအညီပေးသည်။ အချို့ကလည်း အတ္တလန္တာအိမ်ကို တမင်လာပြီး အားပေး စကားပြောကြသည်။ " ကျွန်တော်တို့ မစ္စက်ကင်းကို အနှောင့်အယှက် မပေးချင်ပါဘူး။ သူ့အကြောင်းကို ကျွန်တော်တို့ စဉ်းစားနေတယ်ဆိုတာ သိစေချင်လို့ပါ " ဟုဆိုကြ သည်။
အမှတ်ထင်ထင် အရှိဆုံးကတော့ ဘီလ် ခရော့စ်ဘီနှင့် ရောဘတ်ကတ်ဘ်တို့ နှစ်ယောက် ရောက် လာကြခြင်းဖြစ် ပါသည်။ နာမည်ကျော် တီဗွီစပိုင်မင်းသားနှစ်ယောက်။ သားတွေနှင့် တစ်ညနေလုံး သူတို့ ကစားကြသည်။ သူတို့နည်း သူတို့ဟန်ဖြင့် ကျွန်မတို့ စိတ်သက်သာရာရအောင် လုပ်ပေးခြင်း ပင်။

သမ္မတ ဂျွန်ဆင်က ဧပြီလ ၇ ရက်နေ့ကို အမျိုးသား ကြေကွဲဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာပေး သည်။ တစ်ကမ္ဘာလုံး မှ လူတွေ ၀မ်းနည်းကြေကွဲမှုနှင့် အတူ ညီအစ်ကိုတော်တွေဖြစ်ကာ မေတ္တာ တရားတွေ ပွားများ ယှက်သန်းသည့် ကာလဖြစ်ပါသည်။ သူ့အပေါ် လူတွေ ဘယ်လောက် ကရုဏာ ရှိသည်။ သူ့စွန့်လွှတ်မှုတွေ ဘယ်မျှ အရာရောက်သည် ကို သူမြင်မသွားရရှာပါကလား။
စိတ်လိုက်မာန်ပါ သမားများ၏ စိတ်မကောင်းစရာအဖြစ်များရှိပါသည်။ မာတင် လုပ်ကြံခံရသည့် သတင်းကြောင့် မြို့ကြီးခြောက်ဆယ့်သုံးမြို့တွင် ပေါက်ကွဲမှုတွေဖြစ်ကြသည်။ ၀ါရှင်တန်က ပွဲအကြမ်းဆုံးဖြစ်သည်။ ကြားလို့တော့ သိပ်မကောင်း။ အကြမ်းမဖက်ရေးသမားအတွက် အကြမ်းဖက် မှုတွေ ပေါ်လာခြင်းမှာသဘာဝမကျပါ။

အသုဘမှာ အတော် အထိန်းရ အသိမ်းရ ခက်သည့် အသုဘမျိုးဖြစ်သွားသည်။ သို့သော် ရပ်ဝေး ရပ်နီးမှ ရောက်လာကြသည့် သူ့လို ငြိမ်းချမ်းရေး သမားများက ထိန်းပေးကြသည်။ အလောင်းကို စပယ်လ်မန် ကောလိပ်တွင် တနင်္လာနေ့အထိ ထားပြီး အက်ဘင်နီဇာတွင် အင်္ဂါနေ့ မနက်အထိ ထားပြီးမှ သင်္ဂြိုလ် ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြပါသည်။
ဟယ်ရီ ဘယ်လဖောင်တီက ကျွန်မကို ကြေညာချက် တစ်မျိုးမျိုးထုတ်ဖို့ အကြံပေးသည်နှင့် ကျွန်မ သတင်းစာ ရှင်းလင်းပွဲ လုပ် ဖို့ စီစဉ်လိုက်သည်။
မာတင် အနေဖြင့် SCLC ကိုရော့ဖ် အဘာနာသီ၏ ဦးဆောင်မှုဖြင့် နိုင်ငံသား အခွင့်အရေးတွေကို ဆက်လက် တောင်းဆိုစေချင်မှာဖြစ်ကြောင်း၊ အင်ဒရူးယန်းနှင့်အခြား ခေါင်းဆောင်တွေလည်း သူ လုပ်လက်စတွေ ဆက်လုပ်စေချင်မှာဖြစ်ကြောင်းများကျွန်မ ရှင်းပြလိုက်ပါသည်။

" ကျွန်မ ယောက်ျားက ကလေးတွေကို မကြာ မကြာ ပြောတတ်ပါတယ်။ " လူတစ်ယောက်ဟာ အသက်စွန့်ပြီး လုပ်ဖို့ အလုပ်မရှိဘူး ဆိုရင် သူ့ဘ၀ဟာ အဓိပ္ပာယ်မရှိဘူး" ဆိုတာမျိုး၊ " အသက် ဘယ်လောက် ရှည်ရှည် နေရမယ်ဆိုတာက အရေးမကြီးဘူး၊ နေရသခိုက်မှာ ဘယ်လောက် ကောင်းကောင်း လုပ်သွားနိုင်တယ် ဆိုတာက ပိုအရေးကြီးတယ်" ဆိုတာမျိုးပြောလေ့ရှိပါတယ်။
" ကျွန်မ ယောက်ျားဟာ နာကြည်း ခါးသီးမှုမရှိဘဲ၊ အမုန်းတရားမပွားဘဲ၊ သေခြင်းတရားကို ရင်ဆိုင် သွားခဲ့တာပါ။ ပြဿနာကို အကြမ်းနည်းနဲ့ ဖြေရှင်းတာလောက် သူ မနှစ်သက်တာ ဘာမှ မရှိပါဘူး။ သူဟာ ပိုကောင်းတဲ့နည်းလမ်း၊ ပိုပြီး ထိရောက်မယ့် နည်းလမ်း၊ အပျက်သဘောထက် အပြုသဘောဆောင်တဲ့ လမ်းကို ရှာဖွေရင်း သူ့အသက်ကို ပေးသွားတာပါ။ အဲဒီ လမ်းစဉ်နောက် ကိုပဲ ကျွန်မတို့ ဆက်လိုက်သွားကြရမှာပါ "
မာတင့် ဆန္ဒအတိုင်း မင်းဖစ် လူထု လမ်းလျှောက်ပွဲကို တနင်္လာနေ့တွင် ပြန်စဖို့ စီစဉ်ကြသည်။

ဟယ်ရီက အကြံပေးသည်။
" အဲဒီပွဲကို မင်းသွားဖို့ ကောင်းတယ် ကော်ရက်တာ၊ ခု မင်းပန်းနေတာ ကိုယ် သိပါတယ်၊ ဒါပေမဲ့ ဟိုကလူတွေ မင်းလာရင် ပိုအားရှိကြမှာ "
ကျွန်မ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
" ဟုတ်တယ် ဟယ်ရီ၊ မာတင်ကလည်း သွားစေချင်မှာပဲ၊ ကလေးတွေကိုတောင် ခေါ်ချင်ခေါ် သွားမယ် "
တနင်္လာနေ့ ရောက်တော့ အကြီးသုံးယောက်ကို ခေါ်ပြီး ကျွန်မနှင့် ဟယ်ရီ၊ မင်ဖစ်သို့ လေယာဉ်ဖြင့် ထွက်ခဲ့ကြသည်။
မာတင် ကွယ်လွန်ခြင်းအတွက် လူတွေ သွေးပျက်ကာ ချောက်ချားနေချိန်၊ တားဆီးမိန့်များ ရုပ်သွား သည်လား။ သို့မဟုတ် မေ့လျော့နေကြသည်လား။ ကျွန်မတို့ လေယာဉ်ကွင်းမှ မြို့ထဲရောက်တော့ လူတွေ စီတန်း လမ်းလျှောက်နေကြပြီ၊ ရှေ့ဆုံးမှ နေရာဝင်ယူပြီး တစ်မိုင်ဝေးသည့် မြို့တော်ခန်းမသို့ ကျွန်မ တို့ လျှောက်ကြသည်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ငြိမ်သက်စွာ လျှောက်ကြသည်။ မြို့တော်ခန်းမ ရောက်တော့ ကလေးတွေက ကျွန်မနှင့် အတူ ပလက်ဖောင်း ပေါ်တွင် ထိုင်ကြသည်။ သူတို့အဖေ ၏ ဂုဏ်သတင်းများကို နားထောင်ပြီး သူတို့ ကျေနပ်နေကြ သည်။

ဧပြီလ ၉ ရက်နေ့တွင် အက်ဘင်နီဇာ ဘုရားကျောင်းတွင် အသုဘ အခမ်းအနားကျင်းပသည်။ သူ ငယ်ငယ်က နှစ်ခြင်းမင်္ဂလာပြုခဲ့သည့် ကျောင်းသူကို ခရစ်ယာန်ကောင်း တစ်ယောက်ဖြစ်အောင် သူတော်စင် တစ်ယောက်ဖြစ်အောင် ပုံသွင်းပေးခဲ့သည့်ကျောင်း။ မာတင် အကြိုက်ဆုံး ဓမ္မတေးများကို သီဆိုကြဖို့ ကျွန်မ တို့ ရွေးလိုက်ကြသည်။

"Why I survey the Wondrous Cross"
" In Christ, There is no East nor West."
ပြီးတော့ သူ့အစွဲဆုံး Softy & Tenderly"
ပြီးတော့ သူ့ဘ၀နှင့် ဟတ်မိသည့်
Where He leads me I will follow

နောက်ဆုံးတွင် သူ့အသံသွင်းထားသည့် ဓမ္မတေးများ။ သူ့ကိုယ်ပိုင် အသံကို သူ့ အသုဘတွင် ကြားရသည့်အခါ လူတိုင်း မျက်ရည် မဆည်နိုင်ကြတော့ပေ။
" ကျွန်တော် နေ့တစ်နေ့အကြောင်း ပြောချင်ပါတယ်။ အဲဒီနေ့ဟာ "မာတင်" လူသာကင်းဟာ အသက်ကို ပဓာန မထားဘဲ အများအတွက် အလုပ်အကျွေးပြုနေတဲ့လူ … မာတင်လူသာကင်းဟာ လူတိုင်းကို ချစ်ဖို့ ကြိုးစားနေတဲ့လူ" လို့ ပြောမယ့် သူတစ်ယောက်ယောက် ပေါ်လာမယ့်နေ့ပါပဲ"
နေရောင်အောက် သို့ ကျွန်မတို့ ထွက်လာသည့်အခါတွင် ထောင်သောင်းမကသော အသုဘရှုလာသူ လူအုပ်ကြီး ကို တွေ့ရသည်။ မာတင်၏ ခေါင်းတလားကို လယ်တောတစ်ခုမှ မြည်းတစ်ကောင်ဆွဲလှည်းအိုကလေးပေါ် တင်ပြီး၊ အက်ဘင်နိဇာမှ မိုးဟောက်စ်သို့ ယူလာခဲ့ကြ သည်။ လူတစ်သောင်းခွဲ လိုက်ပို့ကြသည်။ မာတင် ၏ နောက်ဆုံး ခရီးရှည်ကြီးဖြစ်လေသည်။
တက္ကသိုလ် ပရိဝုဏ်ထဲမှ မြက်ခင်းစိမ်းစိမ်းတွင် မြည်းလှည်းပေါ်မှ ခေါင်းကို ချလိုက်ကြသည်။ ရော့ဖ်က အသုဘ အခမ်းအနား ကို အလှဆုံးအကောင်းဆုံးဖြစ်အောင် စီစဉ်ထားသည်။ မဟာလိယာ ဂျက်ဆင်က Precious Lord Take My Hand ကိုသီဆိုသည်။

အသင်းတော် ဥက္ကဋ္ဌမေးစ်က မာတင်အတွက် "အမွှမ်း"ရွတ်သည်။
" ဘုရားသခင်သည် မာတင်လူသာကင်းအား ခေါ်တော်မူ၍ "သားတော်မာတင်၊ စစ်နဲ့ ငြိမ်းချမ်းရေး၊ လူမှုရေးတရားမျှတမှု အသားရောင် ခွဲခြားဆက်ဆံရေး၊ ဆင်းရဲသူ ဆင်းရဲသားအား မေတ္တာထားရေး၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများဆန့်ကျင်ရေးနှင့် အကြမ်းမဖက်ရေး တရားများကို အမေရိကန် နိုင်ငံသို့ သင် ဟောကြားရမည်" ဟု မိန့်မြွတ်တော်မူသည်။
ခေါင်းတလား ကို မြေမချမီ၊ ရော့ဖ်ကလည်း ချီးမွမ်းနှုတ်ဆက်စကားပြောသေးသည်။ သိပ်မရှည် သော်လည်း ထိထိ ခိုက်ခိုက် ခံစားကြရသည်။
အိမ်ရောက် လို့ ကလေးများအားလုံး အိပ်သွားချိန်တွင် မာတီက ကျွန်မနှင့် စကားပြောဦးမည်ဆို သည်။ အိပ်ရာပေါ် တွင် သားအမိနှစ်ယောက်ထိုင်မိသည်နှင့် သူ့အဖေအကြောင်းတွေ မေးလေတော့သည်။
" မေမေ ကျွန်တော့်မှာ အဖေ မရှိတော့ဘူးဟုတ်လား၊ သိပ်ဒေါသဖြစ်ဖို့ကောင်းတာပဲ "

" သြ … သားရယ်၊ သား ဘယ်လို ခံစားနေရတယ်ဆိုတာ မေမေ သိပါတယ်ကွယ်၊ ဒါပေမဲ့ သား ဖေဖေ ဘယ်တော့ မှ မသေဘူး သိလား၊ မေမေတို့ စဉ်းစားရမှာက သူ မရှိတော့တဲ့ နောက်မျာတောင်မှ လူတွေ ဘယ်လောက် သူ့ကို ချစ်ကြတယ်၊ လေးစားကြတယ်ဆိုတာပဲ။ သူဟာ သူများတကာတွေအတွက် အသက်ရှင်ခဲ့ တယ်။ အများတကာအတွက် အသက်ပေးခဲ့တယ်။ အဲဒါ ကြောင့် လူတွေက သူဖောက်ခဲ့တဲ့ လမ်းပေါ်မှာ ဆက်လျှောက်ကြလိမ့်မယ်။ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ကြလိမ့်မယ် "
ပြီးတော့ ကျွန်မ ကြားထားသည့် မင်္ဂလာသတင်းကို သားကလေးအားပြောပြရသည်။
" မာလွန်ဘရန်ဒိုက သူ့ ၀င်ငွေဆယ်ပုံတစ်ပုံ ကို ဖေဖေတို့ အဖွဲ့သားတွေကို လှူမယ်တဲ့ သားရဲ့၊ တခြား လူတွေကို လည်း သူ့လို လုပ်ဖို့ တိုက်တွန်းမယ်တဲ့ "
သည်တော့မှ မာတီ အားတက်သရော ပြန်ပြောသည်။

" ဒါကောင်းတာပေါ့ မေမေ၊ သားတို့ ကျောင်းအုပ်ဆရာမကြီး မစ္စက်ဒေါက်ကလပ်စ်လည်း ခုသဘောပေါက် သွားပုံရတယ်။ အရင်တုန်းက သိပ်များများ မသိဘူး၊ ခုတော့ နားလည်သွားပြီတဲ့ မေမေ "
မာတီကလေး သည် ပြောနေရင်း သူ့ဆုံးရှုံးမှုကြီးကို ခဏမေ့သွားပုံရသည်။ သူ့အဖေကြောင်းများ။ သူ့အဖေသည် လူ့ဘ၀ တစ်ခုလုံး ကောင်းကျိုးအတွက် ရောက်ရာဘ၀မျ ဆုံးခန်းတိုင်အောင် ဆက်လုပ်နေမှာဖြစ်ကြောင်းများကို ကျွန်မ ပြောပြနေမိသည်။ အတန်ကြာမှ သူ အိပ်ပျော်သွားသည်။
မာတီ့ အဖေသည်လည်း မြေအောက်တွင် လဲလျောင်းကာ အိပ်စက်နားနေပါလေပြီ။
ဝါရှင်တန်တွင် သူပြောခဲ့သည့် မိန့်ခွန်းထဲမှ သူ့စကားလုံးများကို ကား အုတ်ဂူပေါ်တွင် အထင်းသား။

" နောက်ဆုံးမှာ လွတ်လပ်ခဲ့ပြီ။ လွတ်လပ်ခဲ့ပြီ။
    အို … အဖဘုရားသခင်
    နောက်ဆုံးတွင်
    ကျွန်တော်မျိုးလွတ်လပ်ခဲ့ပါလေပြီ"

တင်မောင်မြင့်
၂-၂-၂၀၁၀
.

1 comment:

Anonymous said...

အစအဆုံးဖတ်သွားပါတယ်အမ.
တန်ဖိုးရှိတဲ့စာအုပ်လေးအတွက်ကျေးဇူးတင်ပါတယ်.
မေ