Tuesday, June 19, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၁ဝ)

ထိုနေ့ည လေဆိပ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ လေယာဉ်စောင့်ရင်း အချို့က ဆိုဖာခုံ တွေပေါ်မှာ၊ အချို့က လှေကားထစ်တွေပေါ်မှာ၊ အချို့က ကြမ်းပြင်ပေါ်မှာ။ လူဖြူတွေ လူမည်းတွေ အားလုံး ရယ်ရယ်မောမော ပြောပြောဆိုဆိုနှင့် တင်းမာမှုများ လုံးဝ မရှိတော့ဘဲ သူငယ်ချင်းများ ပမာ၊ ညီရင်း အစ်ကိုများ ပမာ ရင်းနှီးစွာ ပြုံးပျော်နေကြလေသည်။ ကမ္ဘာ ကျဉ်းကျဉ်းလေး ထဲမှ မိသားစုများပမာ ရင်းနှီးစွာ ရယ်မောနေကြလေ သည်။ ကို ဆက်ဖတ်ရန်........

၁၉၆၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် လူမည်းများ မဲပေးခွင့်ဥပဒေပြဋ္ဌာန်းလိုက်သည်။ ၁၉၆၄ ခုနှစ်က နိုင်ငံသား အခွင့်အရေး ဥပဒေပြဋ္ဌာန်းသည့်အတိုင်းပင်။ အဓိကမှာ လူမည်းများအား အကာအကွယ်ပေးသည့် ဥပဒေ များဖြစ်သည်။
သို့သော် မြောက်ပိုင်း အမေရိကန် နီဂရိုးများအတွက် ဥပဒေသစ်သည် မဖြစ်စလောက်သာ အားကိုးရသည့် ဥပဒေဖြစ်နေ သည်။ သန်းပေါင်းများစွာသော လူမည်းများသည် စင်စစ် လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် ခွဲခြားဆက်ဆံ ခံနေရဆဲပင်။ ဤတွင် မာတင်လူသာကင်းက အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံးတွင် အကြမ်းမဖက်ရေး လက်နက်ကိုင်စွဲ လျက် ဆက်လက် တိုက်ပွဲဝင်ဖို့ SCLC အား အကြံပြု သည်။ ခေါင်းဆောင် အချို့ က သဘောမတူဘဲ ကန့်ကွက်ကြသည်။

သို့သော် အများစုက မာတင် ကို ထောက်ခံကြသည်။ လူမည်းတို့၏ မကျေနပ်သံများ အမြို့မြို့ အနယ်နယ်တွင် ဆူလာ သည်။ မာတင်က အားလုံးကို လိုက်ထိန်းပေးသည်။ ဆူပူချင်သူများအား "ကျွန်တော်တို့ဘက်က ဒီလို ဆူပူနေရင်၊ သူတို့က "လူမည်းတွေဟာ သူတို့ တောင်းဆိုနေတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ မတန်ပါဘူး" လို့ ပြောလာလိမ့်မယ်" ဟု သူ့လူတွေကို သတိပေးပြီးထိန်း သည်။ အကြမ်းဖက်ချင်သူများအား ဘာသာရေးနှင့် တရားပြ သည်။ အကျိုးနှင့်အပြစ်ကို တွက်ပြ သည်။ ပြုလုပ်မှုနှင့် အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ပြသည်။ မာတင် သည် စည်းရုံးရာတွင် အဟုတ်တော်သူဖြစ်သည်။ တစ်ဖက်သား နားဝင်အောင် ပြောတတ်သည်။ တစ်ခါတုန်း က လူတစ် ယောက် ကျွန်မကို ပြောဖူးသည်။
" မာတင်လူသာကင်း ဟာ သိပ်ပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ကမ္ဘာကြီး သိပ် ကံကောင်း သွားတာ၊ သူသာ သူတော်ကောင်းတစ်ယောက် မဟုတ်ရင် ကျွန်တော် တို့ ခေတ်ကြီး ပျက်စီးသွားနိုင် တယ် " သွေးဆူနေသူ အချို့ကတော့ သူ့ကို "ဦးလေးတွမ်" ဟုခေါ်ကြသည်။

မာတင်က သူတို့ အုပ်စုနှင့် လူမည်းအမျိုးသားရေး ၀ိဒီတို့ကို အုပ်စုနှစ်စုခွဲထားလိုက်သည်။ အကြမ်း ဖက်ဝါဒကို ကိုင်စွဲချင်သူများအား ရွေးချယ်ပြီး ၀ိုင်းပယ်ထားလိုက်သည်။ အချို့က တွေဝေနေကြ သည်။ အများစုမှာ ဘာလုပ်ရ မှန်း မသိဘဲ ရိုးသားစွာဖြင့် စိတ်ရှုပ်နေကြသည်။ သည်လူတွေနှင့် မာတင်က စိတ်ရှည်လက်ရှည် စကားတွေ ပြောသည်။ အချိန်ကြာမြင့်စွာ ဆွေးနွေးသည်။ အကြမ်းမဖက်သည့် နည်းဖြင့် တိုက်ပွဲ၏ ပုံသဏ္ဍာန်ကို သူတို့ သဘောပေါက်လာသည်အထိ ရှင်းပြ သည်။ ဤသို့ဖြင့် သူတို့သည် ရဲရင့်စွာ တိုက်ပွဲဝင်မည်။ အကျိုးသက်ရောက်မှု ကို ခံယူမည်။ သို့သော် အကြမ်းကား မဖက်ဟူသည့် မူနောက်သို့ပါလာကြသည်။

မတ်လထဲတွင် မစ္စစ္စပီသို့ မာတင် ခရီးထွက်ခဲ့ရသည်။ ဂျိမ်းစ်ပီယာ၊ ဒစ်သ်သေနတ်ပစ်ခံရပြီးဆေးရုံ တင်ထား ရသည်။ မခံမရပ်နိုင်ဖြစ်နေသော ခေါင်းဆောင် ကာမိုက်ကယ်ကို ထိန်းဖို့ဖြစ်သည်။ ကာမိုက်ကယ်က "လူမည်းအာဏာ" တည်ဆောက်ရမည်ဟု အသံကုန် ဟစ်ကာ ကြွေးကြော်နေ လေပြီ။ အပြင်းအထန်ငြင်းခုံ ဆွေးနွေးကြပြီးနောက် " လူမည်းအာဏာ"ဆိုသည့် စကားလုံးကို မာတင်က ဆန့်ကျင်၍ "လူမည်း တို့၏ တန်းတူအခွင့်အရေး" ဟူသည့် စကားလုံးကို သုံးသည်။ သို့သော် ဒေါသဖြစ်နေသည့် လူငယ် များက "လူမည်းအာဏာ"ကိုသာ တောင်းဆိုနေကြသည်။ နောက်ဆုံးတွင် လူငယ်များကို ဇွတ်အတင်း သူ့ဘက် ပါလာအောင် မာတင် စည်းရုံးနိုင်ခဲ့သည်။

နောက်ပိုင်းတွင် မာတင် ခရီးတွေ ပိုထွက်လာရသည်။ ရံခါတွင် ကလေးတွေပါ ခေါ်သွားတတ် သည်။ မာတီက အဖေနှင့် ခရီးထွက်ရတာကို ဂုဏ်ယူမဆုံးဖြစ်နေသည်။ အဖေနှင့်အတူ ကားစီး သွားစဉ်၊ ရဲတွေ လမ်းရှင်းပေး တာမြင်လျှင် သူ သဘောကျသည်။ သူသည် လူထူး လူဆန်းကလေး တစ်ယောက်လိုဖြစ်နေသည်။ လူမည်းကလေး တိုင်း ရဲကို ရန်သူလို သဘောထားနေကြသည့် အချိန်တွင် သူက ရဲတွေကို ခင်သည်။ တစ်နေ့၊ သူ့အဖေ ကို ကြိုဖို့ လေဆိပ်သို့ သူနှင့်ကျွန်မ ရောက် သွားသည်။ ရဲတစ်ယောက်ဆီသွားပြီး စကားတွေပြော၊ မေးခွန်းတွေမေး လုပ်နေတော့သည်။ တစ်ခါ တွင်လည်း ရဲတစ်ယောက်၏ ခါးမှ ပစ္စတိုကို သွားကိုင်ကြည့်သဖြင့် ကျွန်မငေါက် ရသေးသည်။ တော်ပါသေးရဲ့။ ထိုရဲ့ သူ့ကို သဘောကျနေလို့။ မာတီ မကြောက်တတ်ခြင်း အတွက်တော့ ကျွန်မတို့ သဘောကျနေပါသည်။

ချီကာဂိုတွင် ပြဿနာတွေ ရှုပ်နေသည်။ နီဂရိုးရပ်ကွက်ဆိုပြီး သီးခြားခွဲထားသည့်အတွက် တင်းမာမှုတွေ များ လာနေသည်။ ၁၉၆၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ဇာတ်လမ်းစသည်။ သည်ရပ်ကွက် တွင် အခန်းတစ်ခန်းငှားပြီး အသွေးတူ အရောင်တူ များနှင့်အတူ နေကြည့်ဖို့ မာတင်ဆုံးဖြတ်လိုက် သည်။ ကျွန်မဘ၀တွင် သည်လို အခန်းမျိုး တစ်သက်နှင့် တစ်ကိုယ် မတွေ့ဖူးခဲ့ပါ။ အဆောက်အအုံ က ဆေးရောင် လုံးဝ မရှိတော့။ သုံးထပ်တိုက် လှေကားမှာ ခနိုးခနဲနှင့် နင်းရမှာကြောက်စရာ ကောင်းလှသည်။ ကြောင်လိမ်လှေကားသာသာ ထိုလှေကား ၏ အပေါ်ဆုံးတစ်နေရာတွင် မီးလုံး မှိန်မှိန်ကလေး တစ်လုံးသာရှိသည်။ တစ်အိမ်လုံးကို လွှမ်းမိုး ထားသည်က သေးနံ့။ မူးမူးရူးရူးနှင့် ပြန်လကြပြီဆိုလျှင် ဘယ်သူမှ အိမ်သာသို့ အရောက် မသွားနိုင်ဘဲ လှေကားနံဘေး တွင်သာ အန္တရာယ်ကို လွယ်မထားဘဲ လွယ်လွယ်ကူကူစွန့်ကြသည်။

ကျွန်မတို့ ငှားသည့် အခန်းကိုသွားတော့ အလင်းရောင် သိပ်မရှိ။ ကိုယ့်အခန်းကိုယ် စမ်းတ၀ါးဝါး မနည်း ရှာသွားရသည်။ တိုက်ပိုင်ရှင်က တိုက်ခန်းငှားသူမှာ မာတင်လူသာကင်းဖြစ်ကြောင်း ကြားတော့၊ ကျွန်မတို့ အခန်း ကိုတော့ ဆေးတွေဘာတွေ သုတ်ထားပေးသည်။ သည်အကြောင်း လူတွေ ကြားတွေ ၀ိုင်းရယ်ကြ သည်တဲ့။

အိမ်ကြီးမှာ မီးရထားလမ်း နံဘေးတွင် ရှိသည်။ အခန်းထဲတွင် ရှေးရှေးတုန်းက ဓာတ်ငွေ့ မီးဖိုနှင့် ရေခဲသေတ္တာပေါ်ခါ စက ရေခဲသေတ္တာတစ်လုံးရှိသည်။ မီးဖိုကတော့သုံးလို့ရပါသည်။ ရေခဲသေတ္တာက လုံးဝ မအေးပါ။ မီးဖိုခန်း ကိုသွားလျှင် အိပ်ခန်းကို ဖြတ်သွားရသည်။ အခန်းထဲတွင် အနွေးဓာတ်ပေး ထားပါသည်။ သို့သော် သတိထားကြည့် မှ ငွေ့ငွေ့ကလေး လာနေသော အနွေး ဓာတ်မျိုးဖြစ်ပါသည်။ သည်လို အထူး ဂရုတစိုက်ပြင်ဆင်ပေးထားသော်လည်း သက်ညှာသောအားဖြင့် ကျွန်မတို့ကို တစ်လ ဒေါ်လာကိုးဆယ် သာယူပါသည်။ ဘာ ပရိဘောဂ မှ မပါပါ။
" လွတ်လပ်သော တနင်္ဂနွေ"*နေ့မှာ ၁၉၆၆ ခုနှစ်တွင် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျရောက်သည်။ ထိုနေ့တွင် ကလေးတွေ ကို ကျွန်မတို့အော်ဟစ် ထောက်ခံကြသည်။ မာတင် စကားပြောပြီးတော့ မဟာလီယာဂျက်ဆင်က တီးဝိုင်းနှင့်သီချင်း ဆိုသည်။

* Freedom Sunday

တောင်းဆိုချက်များကို တရားဝင် ပေးရန် မြို့တော်ခန်းမကို သွားကြတော့ လူအုပ်ကြီးထဲတွင် ကျွန်မ ကလေးအကြီး သုံးယောက်ပါလာသည်။ ကျွန်မက တစ်ခုခုဖြစ်မှာ စိုးရိမ်နေသည်။ ဘားနဒ်လီးက ဘန်နီကလေး ကို ပခုံးပေါ် ထမ်းပြီး လျှောက်သည်။ မြို့တော်ခန်းမရောက်တော့ မာတင်က သူ၏ တောင်းဆိုချက်များကို ပိတ် ထားသော တံခါးမကြီးတွင် ကပ်လိုက်သည်။
မြို့တော်ဝန် ဒါလေနှင့် တာဝန်ရှိသူများက လူအုပ်ကြီးကို စည်းကမ်းတကျ ယဉ်ယဉ်ကျေးကျေး ထိန်းပေးသည်။ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့တော့ မြို့တော်ဝန်က ငြင်းဆိုသည်။ ဤတွင် မကျေနပ်သံတွေ ပွက်လောညံ သွားသည်။ နောက်ဆုံးကျမှ ဘုရားကျောင်းတစ်ခုတွင် တနင်္လာနေ့ ဆုံဖို့သဘောတူညီမှုရသည်။

ထိုနေ့တွင် အစည်းအဝေး လုပ်မည့် ဘုရားကျောင်းသို့ ကျွန်မတို့ကားနှင့် မောင်းသွားကြရာ လူတစ်စုက လမ်းဘေးဝဲယာ မှ ပြေးလိုက်လာကြသည်။ လူငယ်တွေ အများစုဖြစ်သည်။ အချင်းချင်း ရန်ဖြစ်ရာမှ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်ကို ရဲက ထိန်းသည့်အခါ ဆူဆူညံညံတွေဖြစ်လာတော့သည်။ အမှိုက်စ ပြာသာဒ် မီးလောင်မည် စိုး၍ ကျွန်မနှင့် မာတင် ကားပေါ်မှ ဆင်းပြီး ထိန်းလိုက်ရသည်။
အခြေအနေ မှာ ယာယီအားဖြင့်အေးဆေးသွားသော်လည်း ပြန်ဖြစ်လာမည်စိုး၍ မဟာလီယာ ဂျက်ဆင့် အိမ်တွင် ကျွန်မနှင့် မာတင် အိပ်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကလေးတွေကို ရင်းနှီးသည့် မိတ်ဆွေ တစ်ယောက် အိမ်မှာ ပို့ထားချိန်ဖြစ်သည်။

ဖွဲ့ပြီးခါစ YMCA တွင် နောက်တစ်နေ့ ကျွန်မ စကားပြောရသည်။ ညကလည်း ကောင်းကောင်း မအိပ်ရသဖြင့် ကျွန်မ စိတ်ဓာတ်တွေ ကျနေသည်။ ကျွန်မ ပြောရမည့်အကြောင်းအရာက စည်းလုံး ညီညွတ်ရေး၊ သို့သော် မနေ့က အဖြစ်အပျက်ကြောင့် ကျွန်မတို့ လူတွေအားလုံး စိတ်မသက်မသာဖြစ်နေကြသည်။
သို့သော် မြို့တော်ဝန် ဒါလေဆီသို့ မာတင့် တောင်းဆိုချက်များကို ထောက်ခံကြောင်း သံကြိုးစာကို အမျိုးသမီး တစ်ရာ လက်မှတ်ထိုးပြီး ပို့လိုက်နိုင်သည်။ YMCA၏ လူဖြူဒါရိုက်တာက အဖွဲ့ကို အမြဲ တမ်းအဖွဲ့အစည်း တစ်ခုဖြစ်အောင် လုပ်ဖို့၊ အင်အား တောင့်တင်းအောင် လုပ်ဖို့ အကြံပြုသည်။ ထိုနေ့တွင်ပင် အသင်းဝင် တစ်ထောင်ကျော် ဖြစ်လာခဲ့သည်။

နောက်တစ်နေ့တွင် ကလေးတွေကို ကျွန်မတို့ အခန်းသို့ ပြန်ခေါ်လာခဲ့သည်။ ထိုနေ့တွင် အခြား YMCA တစ်ခု အတွက် ကျွန်မ စကားပြောနေသည်။ ကလေးထိန်းမရှိ၍ ကလေးတွေကို ကျွန်မခေါ် သွားရမည်။ အ၀တ်အစား လဲနေစဉ် လမ်းပေါ်မှ မှန်ကွဲသံတွေ ကြားလိုက်ရသည်။ ကလေးတွေက ပြတင်းပေါက်ဆီပြေးပြီး လမ်းပေါ်သို့ ငုံ့ကြည့်ကြသည်။ လူမည်းချာတိတ်တစ်သိုက် စတိုးဆိုင် တစ်ဆိုင်၏ မှန်ကို ရိုက်ခွဲပြီး "လူမည်းအာဏာ" ကွ ဟု အော်ဟစ် ထွက်ပြေးသွားကြသည်။ ဆူညံ လှုပ်ရှားမှုတွေ ကျွန်မတို့ ရပ်ကွက်ဆီအထိ ကူးစက် လာခဲ့လေသည်။
YMCA က လူတွေ ကျွန်မတို့ကို လာခေါ်ကြသည်။ ကျွန်မ စကားပြောနေတုန်း မာတင့်ဆီမှ ဖုန်းဝင် လာသည်။ ကျွန်မ တို့ နေသည့် ရပ်ကွက်တွင် အခြေအနေ မကောင်းကြောင်း သူ အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း များပြောသည်။ ကျွန်မက စကားပြောပြီးပြီးချင်း ကလေးတွေနှင့် အတူ အိမ်ပြန်လာခဲ့မည့် အကြောင်း ပြော လိုက်သည်။

နောက်ပိုင်း နှလုံးတုန် ရင်ခုန်စရာတွေ ဆက်တိုက် ဖြစ်လာသည်။ ကျွန်မတို့ ဘက်မှ တစ်ဖက်စွန်း သမားတွေ၊ လူငယ်တွေ ဆူနေကြပြီ။ ငါးလမ်းဘက်ကို ဆက်မောင်းသွားစဉ် သေနတ်သံတွေ ကြားရသည်။ အခန်း ကို ရောက်တော့ ကျွန်မကို စောင့်နေသည့် အင်္ဂလိပ်သတင်းထောက်တစ် ယောက်နှင့် အေပီသတင်းထောက် တစ်ယောက် ကို တွေ့ရသည်။
ကလေးတွေက သေနတ်သံ ဘယ်ဘက်ကလာသည်ကို သိချင်သဖြင့် ပြတင်းပေါက်ဆီ ပြေးသွား ကြသည်။

" ဟဲ့ … ပြတင်းပေါက်နားမသွားနဲ့၊ နင်တို့ ခေါင်းပြတ်သွားချင်လို့လား" ကျွန်မ လှမ်းအော်ပြောလိုက် မိသည်။ အစိုးရိမ်ကြီးပြီး ခေါင်းပြတ် သွားချင်လို့လားဟု ကျွန်မနှုတ်မှ ထွက်သွားခြင်းဖြစ်ပါသည်။
သတင်းထောက်တွေ ကျွန်မနှင့် ထိုင်ပြီး ခဏ စကားပြောကြသည်။ သူတို့နှစ်ယောက် စိတ်လှုပ်ရှားနေကြသည်။ လူဖြူ များဖြစ်၍ သည်ရပ်ကွက်တွင် မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်သည် မဟုတ်လား။ သူတို့ ခဏနေပြီး ပြန်သွားကြသည်။ နောက်တစ်နေ့ သတင်းစာတွင် စာလုံးမည်းကြီး များနှင့် သတင်းပါလာတော့ သည်။

" သူ့ကလေးများ၏ အသက်အန္တရာယ်ကို မစ္စက်ကင်း စိုးရိမ်နေ "
လမ်းပေါ် တွင် တစ်ညလုံး ဆက်ဆူနေကြသည်။ အငယ်လေးတွေ အိပ်ကုန်ကြပြီဖြစ်၍ ကျွန်မနှင့် ယိုလင်ဒါ ခပ်လှမ်းလှမ်း မှ စတိုးဆိုင်ကို လှမ်းကြည့်လိုက်သည်။ နီဂရိုး လူရမ်းကားကလေးများ ဆိုင်ထဲကို ၀င်လုနေကြ သည်။ နောက်ဆုံးတွင် ယိုကီကလေး ကို သိပ်ရင်း နှလုံးသွေးပျက်ချင်စရာ ပစ်သံခတ်သံတွေကို နားစွင့်နေမိ သည်။
မာတင် က ခဏ ခဏ ဖုန်းဆက်သည်။ နောက်ဆုံးတစ်ကြိမ်တွင် သူ ရပ်ကွက် ထဲ ပြန်ရောက်နေ ပြီ ဖြစ်ကြောင်းပြော သည်။

" မောင် ဒီရပ်ကွက်ထဲက စားသောက်ဆိုင် တစ်ခုထဲ ရောက်နေပြီး သောင်းကျန်းနေတဲ့ ချာတိတ် တချို့နဲ့ စကားပြောနေ တယ်"
အခြေအနေ ကို ငြိမ်အောင် ထိန်းဖို့ သူ့တွင် တာဝန်ရှိသည်ဟု မာတင်က ထင်နေသည်။ မနက် လေးနာရီထိုးမှ ကျွန်မ အိပ်ပျော် သွားသည်။ သူ ဘယ်ချိန် အိမ်ပြန်ရောက်လာမှန်းမသိတော့။

အခြေအနေတွေ ထိန်းနိုင်သွားချိန်တွင် ကလေးတွေကို ခေါ်ပြီး ကျွန်မတို့ အတ္တလန္တာသို့ ပြန်ခေါ်လာ ခဲ့ကြသည်။ မာတင် က ချီကာဂိုသို့ တစ်ပတ်သုံးလေးရက် ပြန်သွားရသည်။ သီးသန့် နီဂရိုး ရပ်ကွက် လုပ်ထားသည့် စနစ်ကို ပယ်ဖျက်ရန်နှင့် လွတ်လွတ်လပ်လပ် ကြိုက်သည့် နေရာတွင် ၀ယ်ယူနေနိုင်ခွင့်ရရန် သူ ကြိုးပမ်းနေသည်။ လူဖြူတွေ က အပြတ် ကန့်ကွက်ကြ သည်။ သည်လောက် မုန်းတီးမှု့ ပြင်းထန် သည့် မျက်လုံးများကို သူတစ်ခါမှ မမြင်ဖူးကြောင်း မာတင် က ကျွန်မအား ပြောပြသည်။
ပန်းခြံတစ်ခု ထဲတွင် သူ့ကို အုတ်ခဲနှင့် လှမ်းပစ်ရာ သူလဲကျသွားသည်။ သွေးထွက်သံယို တိုက်ခိုက် မှုတွေ မဖြစ်အောင် မာတင်နှင့် ချီကာဂိုလူမည်း ခေါင်းဆောင်များ အကြိမ်ကြိမ် ဆွေးနွေးကြပြီး မြို့တော်ဝန်နှင့် သွားတွေ့ကြသည်။ ပြည်နယ် ဂိုဏ်းချုပ်ဆရာတော်၊ အိမ်ရာမြေကော်မတီဝင်များ၊ စက်မှု လုပ်ငန်းရှင် ခေါင်းဆောင်များကိုပါ ဖိတ်ခေါ်လိုက်သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် လွတ်လပ်စွာ နေထိုင်ခွင့် ရှိကြောင်း ကြေညာချက် ထွက်လာသည်။ သို့သော် သည်အမိန့်ကို သေသေ ချာချာ အကောင် အထည် မဖော်နိုင်ခဲ့ကြပေ။ မည်သို့ရှိစေ ချီကာဂိုတွင် သွေးချောင်းစီး ရန်ပွဲများကို တားဆီးနိုင်ခဲ့သည်။

SCLC က နောက်တစ်ဆင့်တက်ပြီး "၀မ်းတစ်ထွာ" စစ်ဆင်ရေးစသည်။ လူဖြူ စတိုးဆိုင်ကြီးများက လူမည်းများ ဆီမှ မတန်တဆ အမြတ်ယူပြီး လူမည်းများအရေးကျတော့ ဘေးချိတ်ထားသည်။ လူမည်းများအလုပ်အကိုင် ရရှိရေးမှာ မတရား ကန့်သတ်မှုများရှိနေသည်။ တောင်ပိုင်းပြည်နယ် အများအပြားတွင် သည်စစ်ဆင်ရေး စနေသည်မှာကြာပြီ။ ဦးတည်ချက်မှာ စက်မှု လုပ်ငန်းခွင်များ တွင် လူဖြူ လူမည်း အလုပ်သမားဦးရေ အချို့ ကို ဖော်ထုတ်ရန်ဖြစ်သည်။ သူတို့က ကော်မတီများ ဖွဲ့ပြီး လုပ်ငန်းခွင် မန်နေဂျာများ သို့မဟုတ် ပိုင်ရှင်များနှင့် တွေ့ပြီး နီဂရိုး အလုပ်သမားဦးရေ အချိုးကို မေးသည်။ သည်တောင်းဆိုမှုကို မလိုက်လျောလျှင် လူမည်း အလုပ်သမားများ အလုပ် မဆင်းဘဲ နေကြလိမ့်မည်။.
သည်တိုက်ပွဲ တွင် ဒက်ဒီကင်းကို အများကြီး အားကိုးကြရသည်။ လွယ်လွယ်ကူကူ ပြောမရလျှင် စတိုးဆိုင်ကြီး များ၊ အလုပ်ရုံများတွင် " ကဲ … ကောင်းပြီ၊ ဒါဖြင့် နီဂရိုး အလုပ်သမား ဘယ်နှယောက် ရှိတယ်ဆိုတာ ကျုပ်တို့ ၀င်ကြည့်မယ်" ဟု အတင်းတောင်း ဆိုသည်။

နောက်ပြဿနာတစ်ခုမှာ လူမည်းများအနေဖြင့် စီးပွားရေး လုပ်ငန်းတွင် လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိခြင်းဖြစ် သည်။ လုပ်ငန်းမပြနိုင်သဖြင့် ဘဏ်တွင် ငွေချေးဖို့မဖြစ်နိုင်။
ချီကာဂို တွင် သည်ဝမ်းတစ်ထွာ လုပ်ရှားမှုကို ဘုန်းတော်ကြီး ဂျက်စီ ဂျက်ဆင်က ဦးဆောင်သည်။ သူ့ကျေးဇူးကြောင့် လူမည်းတွေ စီးပွားရေးလောကထဲသို့ လှိမ့်ဝင်လာကြသည်။ ထိုသူတို့၏ ဘ၀ သည် နေ့ချင်းညချင်း ပြောင်းလဲသွားတော့သည်။ သူတို့ အစည်းအဝေးပွဲသို့ ကျွန်မ တစ်ခေါက်ရောက် သွားသည်။ သူတို့တစ်တွေ အရမ်း စည်းလုံးနေကြပြီး၊ တစ်သွေးတည်း တစ်သားတည်းလို ဖြစ်နေကြသည်ဟု ကျွန်မ ခံစား ရသည်။ ရှေးဦးခရစ်ယာန်များကို ကျွန်မ ပြေးသတိရလိုက်၏၏

မာတင်၏ စိတ်ဝင်စားမှုသည် ကမ္ဘာငြိမ်းချမ်းရေးဆီသို့ သိသိသာသာကြီး ရောက်သွားလေပြီ။ ဗီယက်နမ် ကျူးကျော်စစ် ကိုသာ အမေရိကန် သွားမတိုက်လျှင် ပြည်တွင်းမှ ဆင်းရဲမွဲတေမှုကို ကောင်းကောင်းကြီး ကုစား နိုင်သည် ဟု မာတင်က ယုံကြည်သွားလေသည်။ နည်းနည်း နောနော ငွေတွေလား။
ငြိမ်းချမ်းရေး ကိစ္စတွင် သွားပါလျှင် ဆင်လက်စ တိုက်ပွဲတွေပျက်စီးသွားလိမ့်မည်ဟု လူမည်း အများစုက ကြိုတင် ဟောကိန်း ထုတ်နေကြသည်။ မာတင်ကတော့ သူတို့လို မယုံကြည်။ နိုင်ငံသား များတန်းတူ အခွင့်အရေးတိုက်ပွဲ တွင် သဘောကွဲ မှုတွေ ပေါ်ကောင်းပေါ်လာလိမ့်မည်။ သို့သော် တိုက်ပွဲပုံသဏ္ဍာန်တော့ ပျက်စီး မသွားနိုင် ဟု မာတင်က ယုံကြည်သည်။

ခေါင်းဆောင် တစ်ယောက်သည် ယုံကြည်မှုနောက်ကို စိုက်လိုက်မတ်တတ်လိုက်ရမည်း။ ဘေးပြောတိုင်း မတွေဝေစေရ ဟု မာတင်က ယုံကြည်ထားသည်။ သည်ကိစ္စနှင့် ပတ်သက်၍ အပြင်းအထက် ငြင်းခုံကြပြီးနောက် ၁၉၆၇ ခုနှစ်တွင် လော့စ်အိန်းဂျဲလိစ် လူထု အစည်းအဝေးပွဲကြီးတွင် "မဟာလူ့အဖွဲ့အစည်းကြီးဟာ ကျွန်တော် တို့ကို ပေးထားတဲ့ ကတိတွေကို ဗီယက်နမ် စစ်မြေပြင်မှာ ပစ်ချပစ်လိုက်ပြီ … ကျွန်တော်တို့ တစ်တွေဟာ ကျွန်တော် တို့ရဲ့ ပြင်းထန်တဲ့ နိုင်ငံသားအ ခွင့်အရေး တောင်းဆိုမှုတွေကို ငြိမ်းချမ်းရေး လှုပ်ရှားမှု နဲ့ ပေါင်းစပ် ပေးရမယ် "ဟူသည့် ရဲရဲတောက် မိန့်ခွန်းကို ပြောခဲ့သည်။ နယူးယောက်မှ ရေးဗားဆိုက် ဘုရားကျောင်း တွင် ထပ်ဖြည့်ပြောသေးသည်။

" ပြည်တွင်းက လူမှုရေး မညီမျှမှုတွေကို မျက်ကွယ်ပြုထားပြီး မရေမတွက်နိုင်တဲ့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ကျူးကျော်စစ် ကို သွားတိုက်တဲ့ နိုင်ငံဟာ ဘယ်တော့မှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး"
ပထမတော့ ဒက်ဒီကင်းက မာတင့် ခြေလှမ်းကို မထောက်ခံ။ နောက်မှ " မာတင် လုပ်တာမှားတယ်လို့ ကျုပ် ထင်ခဲ့တယ်။ ဒါပေမဲ့ သူ မှန်တယ်။ သူက ကျုပ်တို့ထက် ရှေ့ပြေးလွန်း နေလို့ ကျုပ်တို့ လိုက်မမီတာ။ တကယ်က သူဟာ တစ်ကမ္ဘာလုံး နဲ့ ဆိုင်နေပြီ။ သူ့ကို ဒီက္ဘာကြီးက ပိုင်နေပြီ "
ရေးဇားဆိုက် ဘုရားကျောင်း မိန့်ခွန်းသည် သတင်းစာ အသီးသီးမှ တစ်ဆင့် တစ်နိုင်ငံလုံး ပွက် လောရိုက်သွားသည်။ ဗီယက်နမ်စစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အမေရိကန် အစိုးရအဖွဲ့အတွင်း ပဏ္ဍိပက္ခတွေ၏ စနက်တံဖြစ်သွားခဲ့လေသည်။ နိုင်ငံသား အခွင့်အရေးတိုက်ပွဲအတွင်းတွင်လည်း မာတင် မျှော်လင့်မထားသည့် တင်းမာမှုမျိုးတွေနှင့် သဘောကွဲကုန်သည်။ NAACP* မှ ရွိုင်းဝီလ် ဆင်က မာတင့်ကို အပြင်းအထန် ဝေဖန်သည်။ ၀ှစ်တ်နေယန်းနှင့် ဂျက်ကီရိုဘင်ဆင် တို့ကလည်း ၀ိုင်းဝေဖန်ကြသည်။ နောက်ဆုံး ရော့ဖ်ဘန့်ခ်ျကပင် မာတင်ကို မထောက်ခံကြောင်း ထုတ်ပြော သည်။ ငြိမ်းချမ်းရေးနှင့် နိုင်ငံသား အခွင့်အရေး တိုက်ပွဲ နှစ်ခုသွားရောလျှင် ပြဿနာတွေ ရှုပ်ထွေး ကုန်လိမ့်မည်ဟု အများစု စိုးရိမ်နေကြသည်။

သို့သော် မာတင်က ဗီယက်နမ်စစ်နှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းပေါလ်အား အမေရိကန် လာစဉ် က ပြောသည့်အတိုင်း ပြန်ပြောသည်။
သူ့ကို ၀ိုင်းဝေဖန်သူ များမှာ အများအားဖြင့် လူင်များဖြစ်သည်။ ကျွန်မ ယောက်ျားက သူတို့ကို ပိုင် ပိုင်နိုင်နိုင် ချက်ကျ လက်ကျ ချေပနိုင်ခဲ့သည်။
" ဒီကိစ္စဟာ လောကနီတိနဲ့ ဆိုင်တယ်၊ ကျွန်တော့် မိန်းမကို ငြိမ်းချမ်းရေးနဲ့ ဗီယက်နမ်စစ် ဆန့် ကျင်ရေး လှုပ်ရှားမှုမှာ ပါဖို့ ကျွန်တော် တိုက်တွန်းလာတာကြာပြီ။ ခုတော့ ကျွန်တော် ကိုယ်တိုင် လက်ပိုက် ကြည့်မနေနိုင် တဲ့ အခြေအနေကို ရောက်လာပြီ "
၁၉၆၇ ခုနှစ် တွင် ကြောက်စရာ ကောင်းလောက်အောင် ဆူဆူညံညံတွေဖြစ်လာသည်။ မာတင် ဒါလောက် စိတ်ပင်ပန်းနေ သည်ကို ကျွန်မတစ်ခါမျှ မမြင်ဖူးခဲ့ပါ။ သူ့စိတ်ထဲတွင် လူတွေက သူ့ကို ကြားဝင် ဖျန်ဖြေပေး ဖို့ တောင်းပန်သည့် မျက်လုံးများဖြင့် ၀ိုင်းကြည့်နေသလို သူခံစားနေရသည်တဲ့။
သူ့တွင် ဖြေရှင်းစရာ မရှိပါ။ နီဂရိုးအများစု က မာတင် လူသာကင်း၏ အကြမ်းမဖက်ရေးလမ်းစဉ် ကျဆုံးသွားပြီ ဟု ၀ိုင်းပြောလာကြပြီ။

ဤတွင် အလွန်လှသည့် ဖြေရှင်းနည်း တစ်ခုသွားတွေ့သည်။ မစ္စစ္စပီ လူမည်း လူမွဲများအတွက် ပရဟိတ လုပ်ငန်း လုပ်နေသည့် မာရီယံရိုက် ဒီဒယ်မန်းထံမှ ရသည့် ဖြေရှင်းနည်းဖြစ်သည်။ သူက ၀ါရှင်တန်တွင် အကြာကြီး ရောက်နေ ၍ ဆင်းရဲသားများ ကယ်ဆယ်ရေး စီမံချက်များအကြောင်းသိ သည်။ ဆင်းရဲသားများ ကိုယ်တိုင် ကမူ ဘာမျှ မသိကြ။ မစ္စစ္စပီနှင့် အယ်လဘားမားတွင် သည်လို အစီအစဉ်များနှင့် တစ်ပြိုင်တည်း အကြမ်းမဖက် ဘဲ နိုင်ငံသား အခွင့်အရေး တိုက်ပွဲများ ဆင်နွှဲလျှင် ရာသီဥတုအကိုက်ဖြစ်ကြောင်း အမျိုးသမီးက မာတင် အား အကြံပေးသည်။ အစိုးရ အဖွဲ့အစည်းများနှင့် သူညှိပေးနိုင်ကြောင်း လည်း ပြော သည်။ ပြည်ထောင်စု အစိုးရ အနေဖြင့် ကြို ဆိုမည်ဖြစ်ကြောင်း သမ္မတကိုယ်တိုင် သဘောကျမည့် အကြောင်း များဖြင့် ရှင်းပြ သည်။

မာရီယံနှင့် မာတင်နှင့် ဆွေးနွေးပြီး နောက်ပိုင်းတွင် ကျွန်မယောက်ျားစိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာလေတော့ သည်။ သူသိပ်သဘောကျသွားသည်။ " သိပ်ကောင်းတဲ့ အစီအစဉ်ပဲ" ဟု ကျွန်မ ကို ပြန်ပြောသည်။ သူ ချက်ချင်း တိုက်ပွဲပုံစံဆွဲသည်။ ဆင်းရဲသားများ စုပြီး ၀ါရှင်တန်သို့ သွားကြမည်။ သက်ဆိုင်ရာ အစိုးရ ဌာန အသီးသီးတွင် မိမိတို့၏ အခက်အခဲများကို တင်ပြကြမည်။ လူမည်းများချည်းမဟုတ်၊ လူဖြူများ ပါ ပါဝင်လာလိမ့်မည်။

သည် အစီအစဉ်ကို SCLCက ထောက်ခံသည့် ခေါင်းဆောင်တွေချက်ချင်းလှုပ်ရှားကြသည်။ "ပြည် သူမှပြည်သူသို့" ဆို သည့် ကြွေးကြော်သံဖြင့် စည်းရုံးကြသည်။ မစ္စစ္စပီမှသည် ၀ါရှင်တန်သို့ ခရီး ရှည် ချီတက်ပွဲကြီးဖြစ်အောင် လုပ်မည်။ ဗီယက်နမ်စစ် ဆန့်ကျင်ရေးနှင့် လူမည်းတို့ အခွင့် အရေး ပေါင်းစပ် မိလေတော့သည်။
မာတင် သည် တစ်ဖက်တွင် အက်ဘင်နီဇာ ဘုရားကျောင်း တာဝန်ကလည်း တစ်ဖက် ရှိနေသေး သည်။ ဘာသာရေး အလုပ်ကိုလည်း သူအချိန်ပိုပေးချင်နေသည်။ မိသားစုမှ လွဲလျှင် သူ အချစ်ဆုံး သုံးခုရှိသည်။ အက်ဘာနီဇာ ဘုရားကျောင်း SCLC နှင့် မိုးဟောက်စ်တက္ကသိုလ်တို့ ဖြစ်သည်။

အက်ဘာနီဇာ တွင် အက်ဒီကင်းသည် ဧရာမ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်ကြီးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ တရားဟော စင်မြင့်ခုံမှနေ၍ ဘုရားကျောင်းလာ ပရိသတ်အား မဲပေးခွင့် ရအောင် မှတ်ပုံတင်ကြဖို့နှင့် ဘယ်သူဘယ်ဝါအား မဲပေးရမည်ကိုပါ ညွှန်ပြပေးသည်။ ဘယ်အချိန်တွင် အခွန်ဆောင်ဖို့ အခွန်မရှောင်ဖို့လည်း သူ့ လူတွေ သတိပေးသည်။
" ဒီကလပ်မြို့နယ် မှာ နေတဲ့ မင်းတို့ကောင်တွေ ဇန်န၀ါရီလ ၁၅ ရက်မှာ နောက်ဆုံး ဆောင်ရမှာနော် ကျပ်ကျပ် သတိပေး လိုက်ပါရဲ့ "
သူတို့ အိမ်ဝယ် ဖို့ အလုပ်ရဖို့လည်း သူက တတ်နိုင်သမျှ အကူအညီပေးသည်။ သူတို့တွင် ပြဿနာ တစ်မျိုးမျိုးဖြစ်လျှင် ဘယ်ဌာနနှင့် ဆိုင်သည်။ ဘယ်သူနှင့် ဆိုင်သည်ကို မေးစမ်းပြီး အက်ဒီကင်း ချက်ချင်း သွားရောက် ဖြေရှင်းပေးသည်သာ။ သားက နိုင်ငံနှင့် အ၀န်း လျှောက်သွားပြီး ဧရာမ အရေးကိစ္စကြီး များကို ဆောင်ရွက်နေစဉ် ဒက်ဒီကင်းက တစ်ယောက်ချင်း တစ်ကိုယ်ချင်း၏ ကိစ္စကလေးများ ကို ဖြေရှင်းပေးသည်။ ထို့ကြောင့် သူ့ကို လူချစ်လူခင် ပေါနေခြင်းမှာ ဆန်းသည်ဟု မဆိုသာပေ။

ဆက်ရန်
.

No comments: