Monday, June 11, 2012

တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၂)

စခရစ်တို ကုမ္ပဏီ အကြီးအကဲ မစ္စတာဂျိမ်းစ်ကားမိုက်ကယ်က ဒက်ဒီကင်း ဆီ လျှောက် လာပြီး ပြော သည်။ " ဆရာကင်း ခင်ဗျား၊ ကျွန်တော် ကိုယ်တိုင် ဖခင် တစ်ယောက်ဖြစ်လို့ ဆရာကင်း ဘယ်လောက် သား အတွက် ဂုဏ်ယူနေတယ်ဆိုတာ ကျွန်တော် မျှဝေခံစားနိုင် ပါတယ် ခင်ဗျား။ မျက်ရည်ကျတဲ့ အထိ လေးနက် တဲ့ ဒီည ကို မှတ်တမ်းတင် သိမ်းဆည်းထားဖို့ လို ပါတယ်။ ဒါကြောင့် ဒီညကို ဗီဒီယို မှတ်တမ်းတင် ထားကြဖို့ သက်ဆိုင်ရာကို ကျွန်တော် မေတ္တာ ရပ်ခံထားပါတယ် "
မာတင် လက်ခံ ရရှိ သည့် ဂုဏ်ပြုနည်းပေါင်းများစွာတွင် သည်ကိစ္စမှာ အမှတ်ထင်ထင် အရှိဆုံး ဟု ကျွန်မ ထင် ပါသည်။
ကို ဆက်ဖတ်ရန်...

(၂)
အော့စလိုတွင် ဒက်ဒီကင်း စကားပြောတုန်းက ကျွန်မတို့ လျှောက်လှမ်းခဲ့ရသည့် ခရီးရှည်ကြီး အကြောင်း ပါသည်။ သို့သော် ဤခရီးမည်မျှ ရှည်လျားကြောင်းကိုကား ကိုယ်တိုင်ကိုယ်ကျ ပါဝင် ချီတက်ခဲ့သူ များသာ ပြန်လည် မြင်ယောင်နိုင်မည်ထင်ပါသည်။
ကျွန်မနှင့် မာတင်သည် တောင်ပိုင်းမြေပေါ်တွင် ကြီးပြင်းခဲ့ပြီး တောင်ပိုင်း၏ သားသမီးများဖြစ်ပါသည်။ မာတင် က မြို့ကြီးသားဖြစ်ပြီး ကျွန်မကတော့ သူ အဘိုးပိုင်သည့် ယာတောတွင် ကျွန်မအဖေ အိုဘာ ဒီယာစကော့ ကိုယ်တိုင် ဆောက်ခဲ့သည့် နှစ်ခန်းတွဲ အိမ်ကလေးတွင် မွေးခဲ့၏။ အဖေ့ကို လူတွေက "အိုဘီ"ဟု ချစ်စနိုးခေါ်ကြသည်။

အိမ်အတွင်းပိုင်းကို စက္ကူကပ်ထားသည်။ သို့သော် ကျွန်မ မှတ်မိသည့် အရွယ်တွင် စက္ကူတချို့ ကွာ ကျနေပြီ။ ပရိဘောဂတွေ ကတော့ ရိုးရိုးလက်ရာကြမ်းကြမ်း အရွယ်ကြီးကြီးတွေ။ သို့သော် အိမ်နှင့် အပြည့်။ ကျွန်မအဖေက ဘာဝယ်ဝယ် ကြီးမှ ကြိုက်သည်ဟု မိသားစုအတွင်း ပြောစမှတ်ဖြစ်နေသည်။ အိမ် တွင် တန်ဖိုးအထားဆုံး ပစ္စည်းမှာ ဓာတ်စက်နှင့် ဓာတ်ပြားများဖြစ်သည်။ သီချင်းမျိုးစုံ၊ ဓမ္မတေးမျိုးစုံ။
ထင်းရှူးသားဖြင့် ဆောက်ထားသည့် မပြီးတပြီး မီးဖိုဆောင်တွင် အမေက ဘားနစ်စကော့ ထင်းမီးဖိုကြီးနှင့် ချက်ပြုတ်နေတတ်၏။ အဆင်အပြေဆုံးမှာ အိမ်တွင် ရေချိုတွင်း တစ်တွင်းရှိနေခြင်းပင်။ ဘယ်တော့ မှ မခန်းခြောက်သည့် ရေတွင်း၊ ခြံနီးနားချင်း တော်တော်များများက အနီးဆုံးချောင်း သို့မဟုတ် ရေထွက်စမ်းများတွင် ရေခပ်ကြရသည်။ ညီအစ်မ၀မ်းကွဲတွေ၊ တစ်တောင်ဆင်း တစ်တောင်တက် ရေခပ်ကြရသည် ကို ကျွန်မ မှတ်မိနေသေးသည်။

ကျွန်မ၏ အဘိုးနှင့် အဘွားက ဂျက်ဖ်စကော့နှင့် ကိုရာစကော့။ တောထဲတွင် သူတို့ တစ်နေကုန် သစ်ခုတ် ကြရသည်။ ယာကလေး တစ်ကွက်ပိုင်ဖို့အရေး ထင်းရှူးတုံးတွေကို ကိုယ်တိုင် ခုတ်ပြီး ရောင်းချ ခဲ့ရသည်။ ပင်ပန်းလွန်း သည့် ဒဏ်ကို မခံနိုင်သော အဘွား တစ်ယောက် ငယ်ငယ် ရွယ်ရွယ်နှင့် ဆုံးသွား ရှာသည်။ ကျွန်မ မှတ်မိသည့် အရွယ် ရောက်တော့ အဘိုး တစ်ယောက် မြေဧက ၃၀၀ ပိုင်သည့် မြေပိုင်ရှင်ဖြစ်နေပြီ။
အလွန် သန်မာပြီး ယောက်ျားနှင့် တန်းတူ အလုပ်လုပ်နိုင်သည့် အဘွားအကြောင်း ကျွန်မ သိချင်နေသည်။ ဂျက်ဖ်စကော့ လုပ်ငန်းအောင်မြင်ခဲ့သည်မှာ သူ့နောက်တွင် အဘွား ရှိနေလို့ဟု လူတွေ ပြောတတ်ကြ သည်။

ဘိုးဘိုး ဂျက်ဖ်စကော့သည် မာရီယန်တွင် အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်လာသည်။ နောက်ပိုင်းတွင် အသက် အာမခံ ကိုယ်စားလှယ် လုပ်သည်။ လူမှုရေး အဖွဲ့အစည်းများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသည်။ တဖြည်းဖြည်းနှင့် သူ့ဘ၀ မြင့်တက်လာသည်။ ဘုရားကျောင်း၏ ဂေါပက အဖွဲ့ဝင် ဖြစ်လာသည်။ တနင်္ဂနွေ သင်တန်းကျောင်း၏ အုပ်ချုပ်ရေးမှူးဖြစ်လာသည်။ မိသားစုဝင်များနှင့် ဆွေမျိုးများက အန်ကယ်ဂျက်ဖ်၊ နောင်တော် ဂျက်ဖ် ဟုခေါ်ကြပြီး၊ အခြား နီဂရိုးများက မစ္စတာစကော့ဟု တလေး တစားခေါ်ကြ၏။ အသက် ခြောက်ဆယ်ရှစ်နှစ် အရွယ်တွင် ကားမှောက်သေဆုံးသွားသဖြင့် လူမည်း အသိုက်အ၀န်း တွင် အစားထိုးနိုင် သူ ရုတ်တရက် ပေါ်မလာဘဲ ခေါင်းဆောင်နေရာတွင် လစ်ဟာ၍နေ ခဲ့သည်။

ကျွန်မ အမေဘက်က အဘိုး မာတင် မက်မာရီမှာလည်း စိတ်ဝင်စားစရာ ကောင်းသူ တစ်ဦးဖြစ်၏။ သူက အမေရိကန် အင်ဒီယန်းသွေးပါသူ။ ကျွန်စနစ် မဖျက်သိမ်းမီကလေးတွင် သူ့ကို မွေးဖွားခဲ့သည်။ ဘိုးဘိုး မက်မာရီ က သူ ကျောင်းနှစ်ရက်သာ တက်ဖူးသည်ဟု ပြောပြသည်။ စာရေးစာဖတ်ကို ကိုယ့်အား ကိုယ်ကိုး သင်ခဲ့ရသည်။ ပြီးတော့ သမ္မာကျမ်းစာကို ဖတ်တတ်အောင် ကြိုးစားခဲ့သည်။
ကျွန်မ သိတတ် သည့် အရွယ်ရောက်တော့ ဘိုးဘိုးတွင် ဓမ္မသစ် ဓမ္မသစ်ဟောင်း ရည်ညွှန်း စာကြည့်တိုက်နှင့် ဖြစ်နေပြီ။ ခရစ်ယာန် ဒေသနာတော်ကို ထုံးလိုမွှေ ရေလိုနှောက်နေပြီ။ အဟောအပြော လည်း အလွန်ကောင်းသူဖြစ်၏။ လူက ဂင်တိုတိုနှင့် အသားလတ်လတ်။ လယ်တောနှင့် မာရီယန်မြို့ ကလေး က ဆယ့်နှစ်မိုင်ကွာသည်။ အသက် ခုနစ်ဆယ်ကျော်အထိ နေ့စဉ်မြို့ကို လမ်းလျှောက် သွား သည်။ ခြေလျင် ပြန်သည်။

သူက စည်းကမ်းကြီးသည်။ လိုက်လိုက်လျောလျောမရှိ။ သူအိမ်မှာ ရှိနေလို့ စာဖတ်နေလျှင်၊ တရား ထိုင် နေလျှင် ကျွန်မတို့ တိတ်တိတ်ကလေးကစားကြရသည်။ သူ့ကို လူဖြူရော လူမည်း ပါ လေးစား ကြသည်။ ထိုခေတ်က လူဖြူတို့ လေးစားသည့် လူမည်း ဆိုသည်မှာ မရှိသလောက် ရှားသည်။
ဘွားဘွား မက်မာရီ က အလွန် သိမ်မွေ့သည့် အမျိုးသမီးဖြစ်၏။ သိပ်ချစ်ဖို့ ကောင်းပြီး ပျော်ပျော် နေတတ် သည်။ ဘွားဘွားမှာ သိပ်လှသည့် ပန်းခြံ တစ်ခုရှိသည်။ အားအားရှိလျှင် ပန်းစိုက် ပန်းပြင် လုပ်နေတတ် သည်။

ကျွန်မအဖေကျတော့လည်း လူထူးလူဆန်း တစ်ယောက်ပင်။ သူက ခေါင်းဆောင်ဖြစ်ဖို့ မွေးလာသူ။ သူနှင့် ဒက်ဒီကင်း မှာ လူမည်းတို့ကို ကာကွယ်ဖို့ လူဖြစ်လာသူများဟု ပြောနိုင်မည် ထင်ပါသည်။ သူတို့ နှစ်ယောက် စလုံးကို ရာစုနှစ်ဦးပိုင်းတွင် မွေးဖွားခဲ့သည်။ ကျွန်စနစ်အားကောင်းချိန်။ တောင်ပိုင်း နီဂရိုးများ အတွက် အဆိုးဆုံး ကာလဖြစ်၏။
ပြည်တွင်း စစ်ပြီးတော့ နီဂရိုးများ မဲပေးခွင့်ရကြသည်။ တရားဥပဒေ၏ စောင့်ရှောက်မှု ခံစားခွင့်များရကြ သည်။ သို့သော် တောင်ပိုင်း ကို သိမ်းပိုက်ထားသည့် မြောက်ပိုင်းတပ်များ ပြန်သွားသည်နှင့် လူဖြူ တောင်ပိုင်းသား တို့က လင်ကွန်းပေးခဲ့သည့် နီဂရိုး အခွင့်အရေးများကို တဖြည်းဖြည်း ဖျက်ဆီးပစ် သည်။

၁၈၈၀ ခုနှစ်မှ ၁၈၉၀ ခုနှစ်များတွင် တောင်ပိုင်းသား လူဖြူတို့က " အဘိုး ဥပဒေ"ကို ကိုင်စွဲပြီး လူမည်းတွေ မဲမပေးနိုင်အောင် လုပ်ကြသည်။ အဘိုးက မဲ မပေးဖူးလျှင် မြေးတွင် မဲပေးနိုင်ခွင့် မရှိတဲ့။ ကျွန်မ တို့ အဘိုးတွေက အားလုံး ကျွန်တွေဆိုတော့ ဘယ်သူမှ မဲပေးခွင့်မရခဲ့ကြပါ။အခွန်စနစ်ဖြင့်လည်း လူမည်း များအား တုတ်နှောင်ထားသေးသည့် အတ္တလန္တာတွင် မဲပေးလျှင် နှစ်ဒေါ်လာ အခွန်ဆောင် ရသည်။ တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် မဲထည့်ခြင်းဖြစ်ပြီး အသက် သုံးဆယ်ဖြစ်နေလျှင် နှစ်ဆယ့်တစ်နှစ် အရွယ်ကစပြီး နောက်ကြောင်းပြန် အခွန်ပေးရ မည်။ ဒေါ်လာနှစ်ဆယ် ဆောင်မှ မဲပေးခွင့်ရမည်။ ထိုခေတ်က ဒေါ်လာ နှစ်ဆယ်ဆိုသည်မှာ နည်းနည်းနောနော ငွေ ပမာဏ မဟုတ်ပါ။

ထိုစဉ်က မာရီယန်နှင့် တောပိုင်းတွင် လူဖြူ တစ်ထောင်နှင့် နီဂရိုးနှစ်ထောင် ချရပ် နေထိုင်ခဲ့ကြသည်။ ၁၉၅၅ ခုနှစ် သန်းခေါင်စာရင်းအရ ထိုအရပ်တွင် လူဖြူ တစ်ရာ့ငါးဆယ်သာ ရှိတော့သည်။
" ဂျင်ကရိုး" ဥပဒေဆိုသည်က ကြောက်ဖို့ ကောင်းသလို ရယ်ဖို့လည်းကောင်း၏။ လူမြင်ကွင်းတွင် လူဖြူနှင့် လူမည်း အတူတူ စားသောက်ခြင်းကို တရားဥပဒေဖြင့် တားမြစ်သည်။ ရုပ်ရှင်ရုံထဲတွင် တွဲ မထိုင်ရ၊ ရထားအတူတူ မစီးရ။ ဘတ်စ်ကားပေါ်တွင်လည်း အလားတူပင်။ အများပြည်သူပိုင် အဆောက်အအုံတွင်း သို့ တံခါးတစ်ပေါက်တည်းက အတူတူ မ၀င်ရ။ လူမည်းများတွင် ကူးစက်ရောဂါ ရှိနေ သည့် အလား။
သို့သော် သူတို့ အိမ်တွေတွင်တော့ လူမည်းများကို အလုပ် လုပ်ခိုင်းသည်။ ချက်ခိုင်း ပြုတ်ခိုင်းသည်။ ကလေး ထိန်း ခိုင်းသည်။
စင်စစ် "ဂျင်ကရိုး" ဥပဒေမှာ လူမည်းတွေကို လူရာ မသွင်းသည့် ဥပဒေ၊ ဇာတ်နိမ့်အဖြစ် သတ်မှတ်သည့် ဥပဒေဖြစ်သည်။

နီဂရိုး တစ်ယောက် ပညာတွေ ဘယ်လောက်တတ်တတ်၊ လူဖြူတွေက နှိမ်ပြီး ဆက်ဆံသည်။ ဆံပင်ဖြူနေ သည့် အဘိုးအိုဖြစ်စေ "ကောင်လေး" ဟုခေါ်သည်။ အမျိုးသမီးဆိုလျှင် "ကောင်မလေး" ဟုခေါ်သည်။ လူဖြူကလေး တစ်ယောက်က ဆယ်ကျော်သက်အရွယ် ဖြစ်စေဦး နီဂရိုးလူကြီး များက " ဟုတ်ကဲ့ အစ်ကိုလေး"၊ "ဟုတ်ကဲ့ မမလေး" ဟု သုံးနှုန်းဆက်ဆံရသည်။
လူဖြူများနှင့် ဤသို့ လူ့သိက္ခာအကျခံပြီး ဆက်ဆံနေကြရသည့် ကျွန်မတို့ လူမျိုးများကို ကြည့်ပြီး ကျွန်မ ရင်ထု မနာ ဖြစ်ရပါသည်။ သူတို့ ကျောရိုးတွေ ပြန်စန့်လာပါတော့မလား အောက်မေ့ရလောက်အောင် တစ်ချိန် လုံး ညွှတ်ထားရသည်။

" တို့တစ်တွေ ကိုယ်ကို မတ်မတ်ထားပြီး လျှောက်နိုင်ကြတော့မှာပါ၊ လွတ်လပ်ရေးဆီကို သိက္ခာရှိရှိ ကိုယ် တို့ လျှောက်ကြရတော့မယ်လေ" ဟု မာတင်က ပြောတတ်သည်။
ထိုခေတ် က နီဂရိုးတစ်ယောက် ကျောဆန့်ရပ်လျှင် "ဘ၀င်မြင့်နေတဲ့ကောင်"ဟု သမုတ်ကြ၏။ နီဂရိုး တစ်ယောက် က မတရားမှုကို ဥပဒေဘောင်အတွင်းမှ တရားတဘောင် စွဲမည်ဆိုလျှင် အလွန် အန္တရာယ်များ သည်။ သူ ဘာမှ မလုပ်နိုင်မီ ပျောက်ကွယ်သွားမည်ဖြစ်၏။ သည်လို ပျောက်ကွယ်သွားသူ လူမည်း များကို ဘယ်အာဏာပိုင် လူဖြူတို့ကမှ ရှာဖွေဖော်ထုတ်ပေးခြင်းမရှိ။ လူမည်းတစ်ယောက်၏ ဘ၀ သည် ဘာမျှ တန်ဖိုးမရှိ။

ကျွန်မ ၏ အဘိုးလေး တစ်ယောက်ကို ရုံးတင် စစ်ဆေးခြင်းမပြုဘဲ၊ လည်ပင်း ကြိုးကွင်းတပ်ပြီး သတ်လိုက် ကြသည်။ လူဖြူအမျိုးသမီး တစ်ယောက်က အဘွားလေးကို လာအကြောင်းကြားသည်။ အဘွားလေး သွား ကြည့်တော့ သစ်ပင်တစ်ပင်တွင် တွဲလောင်းဆွဲထားသည့် သူ့ယောက်ျား၏ အလောင်း ကို တွေ့ရ၏။ တစ်ကိုယ်လုံး ကျည်ဆန်ရာပေါင်း များစွာဖြင့်။ သူတို့က သေနတ်ကိုယ်စီဖြင့် လက်တည့် စမ်းကြသည် တဲ့လေ။

ကျွန်မ အဖေကျတော့ လူရိုသေရှင်ရိုသေဖြစ်အောင် နေသည်။ သူတို့လူဖြူတွေ ကြည့်မရသည့် ကိစ္စမှာ သူက အလုပ်ကြိုးစားလွန်းခြင်းဖြစ်၏။ လူဖြူ ဆင်းရဲသားများထက် သူက သာနေခြင်းသည် သူတို့ မျက်စိ စပါးမွေး စူးစရာဖြစ်လာ၏။ ကျွန်မအမေနှင့် လက်ထပ်တော့ သစ်စက် တစ်ခုတွင် တစ်နေ့ သုံးဒေါ်လာစား အလုပ် ရနေပြီဖြစ်သည်။ ဆံပင်ညှပ်သင်ပြီး အလုပ်အားချိန်တွင် အိမ်မှာ ဆံပင်ညှပ်သည်။ နောက်တော့ လယ်ယာသုံး ကားပိုင်လယ်သမား တစ်ယောက်ဖြစ်လာသည်။ ပဲ၊ ပြောင်းနှင့် အာလူးစိုက်သည်။ အခြား ရာသီ အလိုက် သီးနှံများလည်း တွဲစိုက်သည်။ ကျွန်မတို့ အိမ်နောက်ဖေးတွင် ၀က်တွေ၊ ကြက်တွေ၊ နွားတွေ ရှိသည်။

အမေက အဖေ့ ယာလုပ်ငန်းကို အချိန်ပြည့် ကူလုပ်သည်။ ကျွန်မတို့ ကြီးလာတော့ ပေါက်တူး ကိုင်နိုင်သည်နှင့် အမေ့ကို ကူရသည်။ သည်တုန်းက ကျွန်မ ခြောက်နှစ် ခုနစ်နှစ် သမီးလောက်ပဲ ရှိဦးမည်။
ကျွန်မ အဖေက ယာထွန်ဖို့ သူရင်းငှားတစ်ယောက် ငှားလိုက်သည်။ အစ်မ အီဒစ်ရယ်၊ အစ်ကို အိုဘီရယ်၊ ကျွန်မ ရယ်က အမေ့ကို ကူပြီး အပင်တွေ စိုက်ပေးသည်။ နွားနို့ ညှစ်ပေးသည်။ ကြက်စာ ကျွေးသည်။ ၀က်စာကျွေး သည်။ ယနေ့တိုင် အဖေနှင့် အမေက ပြောင်းနှင့် ၀ါဂွမ်း စိုက်ကြတုန်းဖြစ်သည်။ သူတို့သည် မြေကြီးပေါ်တွင် တစ်ခုခု မစိုက်ရလျှင် မနေနိုင်သူများဖြစ်၏။
ကျွန်မ ဆယ်နှစ်သမီး အရွယ်ရောက်တော့ ၀ါခင်းထဲ ဆင်းရသည်။ ပေါက်တူးလိုက်ရသည်။ ၀ါဆွတ် ရသည်။ အဖေက အငှား ၀ါဆွတ်သမားတွေကို ပေးသလို ကျွန်မတို့ကို ဆွတ်ခပေးသည်။ တစ်ရာသီကို ကျွန်မလေးငါး ဒေါ်လာရသည်။ စီးပွားရေးကပ်ကြီး ဆိုက်နေသည့် ကာလတွင် လေးငါးဒေါ်လာသည် နည်းနည်း နောနော ငွေ မဟုတ်ပါ။ တစ်နှစ်တွင် ခုနစ်ဒေါ်လာကြီးများတောင် ရခဲ့သည်။ ကျွန်မက လူကြီးတွေနှင့် တန်းတူ အလုပ်လုပ်နိုင်သည်။ ၀ါဆွတ်ရာတွင်လည်း သွက်သည်။

မာတင်က နောင်တွင် ကျွန်မကို စတတ်သည်။
" ကိုယ်နဲ့သာ မတွေ့ရင် မင်းခုထိ ၀ါဆွတ်နေဦးမယ် ထင်တယ် "
ကျွန်မ တို့ တစ်အိမ်လုံး အလုပ်လုပ်ကြသည်။ အဖေကတော့ အပင်ပန်းခံဆုံး၊ အလုပ် လုပ်ဆုံးပေါ့။ သည်နယ် တစ်ရိုး တွင် သူ့လောက် အလုပ်လုပ်နိုင်သူ တစ်ယောက်မျှ မရှိပါ။ သူကိုယ်တိုင် အလုပ် လုပ်သလို၊ သားသမီးတွေကိုလည်း တတ်အောင်သင်သည်။ ပျင်းတာကို အဖေက မကြိုက်။
" အဖေ ထရင် မင်းတို့ ထရမယ်၊ မိုးမလင်းခင် မနက်စာ စားမယ်။ အလုပ် မရှိလည်း ထရမယ်။ အဖေ့ အိမ်မှာ ပျင်းတဲ့လူ မရှိစေရဘူး "
ကျွန်မ မွေးသည့် အချိန်တွင် တစ်ဝက်လက်ငင်းချေစနစ်ဖြင့် သစ်ကား တစ်စီး အဖေ ၀ယ်နိုင်ခဲ့သည်။ သစ်လုံးတွေ တိုက်ပြီး သစ်ခွဲစက် သို့ ပို့သည့်အလုပ် ရသည်။

သို့သော် စီးပွားပျက်ကပ် လှိုင်းဂယက်ကြောင့် အလုပ် ပါးလာသည်။ ကားဖိုး အကျေ မဆပ်နိုင်တော့ပေ။ လူဖြူတစ်ယောက် က အဖေ အလုပ်ကြိုးစားသည် ကို သိသည်။ ကားဖိုး ဆပ်ပေးပြီး အလုပ်ဆက်လုပ် ခိုင်းသည်။ သူ့နာမည်ကို ဂျွန်တောမတ်စ်လို့ပဲ ထားလိုက် ကြပါစို့။ သစ်စက်က ရသည့် ပိုက်ဆံအားလုံး မစ္စတာ တောမတ်စ် က သိမ်းသည်။ ပြီးမှ လိုသလောက် ဖြတ်ယူပြီး အဖေ့ကို ပေးသည်။ တောမတ်စ်ဆီမှ ဓာတ်ဆီ လည်း ၀ယ်ရသည်။ သူ့တွင် ကုန်စုံဆိုင်လည်း ရှိ သဖြင့် စားသောက်ကုန် လည်း အ ကြွေးဝယ်ရသည်။
သူကြွေးတွေ အဖေ့လည်ပင်းရောက်လာသည်။ သစ်စက်မှ ငွေရှင်းလျှင် မစ္စတာ တောမတ်စ်ဆီက ပိုက်ဆံ တစ်ပြား မှ အိမ်ပါမလာသော်လည်း အဖေက အလုပ်ပိတ်ရက်များနှင့် ညအခါများတွင် အခြားသူများ အတွက် သစ်လုံးတွေတိုက်ပြီး အိမ်စရိတ်ရှာသည်။ ဤတွင် လူဖြူဆင်းရဲသားများနှင့် ထိပ်တိုက်တွေ့ လာသည်။ ရံခါ တွင် လူပြတ်သည့် လမ်းပေါ်ပိတ်ရပ်ပြီး အဖေ့ကို သတ်မည်ဟု ခြိမ်ခြောက် သည်။ သို့သော် အဖေက မကြောက်။ အဖေ ပြောလေ့ရှိသည့် စကားတစ်ခွန်းကို ကျွန်မ မှတ်မိနေ သည်။

" လူဖြူတစ်ယောက်က ရန်လုပ်ရင် သူ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လိုက်၊ သူတို့ ရန်မမူတော့ဘူး "
သို့သော် ရံခါတွင် တောနက်ထဲသို့ အဖေ မောင်းဝင်ရတတ်သည်။ သည်လိုအခါမျိုးတွင် အမေ့ကို တိုးတိုး ကပ် ပြောတတ်၏။ " ကိုယ့်အတွက် ပြန်လမ်းရှိချင်မှ ရှိမှာနော် "
ကျွန်မ ချစ်သော သူများ အထိတ်တလန့် နေကြရ သည့် ဘ၀ကို ငယ်စဉ်ကပင် ကျွန်မ သိနေခဲ့ပါသည်။ ကြီးလာ သည့် အခါတွင် ကျွန်မသည်ဝဋ်မကျွတ်ခဲ့ပါ။ ကျွန်မ အဖေသည် ကျွန်မ ယောက်ျားလိုပင် သတ္တိကောင်းသူဖြစ်ပါ၏။
၁၉၃၉ ခုနှစ် နောက်ပိုင်းတွင် အဖေ ကိုယ်ပိုင်အလုပ် စလုပ်သည်။ ကြွေးတွေ အကျေ ဆပ်နိုင် ခဲ့ပြီ။ ငွေလိုလျှင် ဘဏ်က ချေးနိုင်နေပြီ။

ကျွန်မ လူလားမြောက်လာတော့ လူမျိုးရေး အနှိမ်ခံရခြင်းနှင့် ကြမ်းတမ်းခက်ခဲခြင်းများကို အဖေ့ အကာ အကွယ်ဖြင့် ရှောင်ကွင်းနိုင်ခဲ့သည်။ လူမည်း အသိုင်းအ၀န်းတွင် ဖြစ်လင့်ကစား မျိုးဆက် သုံးဆက် လုံး မြေပိုင်ရှင် ဘ၀မှ လျော့မကျခဲ့၍ ဂုဏ်သိက္ခာရော တည်ငြိမ်မှုပါ ရှိလာခြင်းကြောင့်လည်းဖြစ်သည်။
မောင့်တာဘော့ ဆိုင်ယွန် ဘုရားကျောင်းဝန်းကျင်တွင် ကျွန်မ၏ လူမှုရေးဘ၀ သည် လည်း ပျော်ပျော်ရွှင်ရွှင်ပင်။ တနင်္ဂနွေနေ့ ဘုရားကျောင်းသို့ သွားရသည်မှာ တစ်ပတ်အတွင်း စိတ်လှုပ်ရှား စရာ အကောင်းဆုံးဖြစ်ပါသည်။ ဘုရားကျောင်းနှင့် ကျွန်မတို့ ယာတောအိမ် က လေးမိုင်ေ ၀းသည်။ အဖေက တနင်္ဂနွေ သင်တန်းကျောင်းသို့ သူ့ကားကြီးဖြင့် စောထွက်သွားလျှင် ကျွန်မတို့ တပျော်တပါး ခြေလျင်လျှောက်ကြသည်။ အချို့က ကျောင်းရောက်လျှင် ကြမ်းပြင် ပေမည်စိုးသဖြင့် ဖိနပ်တွေ ကို လက်ကကိုင်လာကြသည်။ ခြေသုတ်ဖို့ အ၀တ်တစ်ခုလည်း အပို ယူလာကြ၏။

ဘိုးဘိုး စကော့ က တနင်္ဂနွေ သင်တန်းကျောင်းကို ဓမ္မတေးဖြင့် စသည်။ ပြီးတော့ ဘုရားရှိခိုးကြ၏။ ပြီးမှ သမ္မာကျမ်းစာ လာ ပုံဝတ္ထုများကို ပြောပြသည်။ နောက် အမေးအဖြေ ပုံစံဖြင့် ဆက်သင်သည်။
သင့်ကို ဘယ်သူ ဖန်ဆင်းသလဲ။
ဘုရားသခင်က ဖန်ဆင်းပါတယ်။
ဘုရားသခင်ဆိုတာ ဘယ်သူလဲ။
ဘုရားသခင်ဆိုတာ ၀ါညာဉ်တော်ဖြစ်ပါတယ်။
ဘုရားသခင် ဘယ်မှာ ရှိနေသလဲ။
အနေရာရာမှာ ဘုရားသခင် ရှိနေပါတယ်။
အရာရာကို ဘုရားသခင် သိရှိတော်မူသလား။
ကျွန်တော် ကျွန်မတို့၏ တွေးသမျှ၊ ပြောသမျှ၊ လုပ်သမျှ အားလုံး ကိုယ်တော်အရှင် သိတော်မူတယ်။

ဘုရားကျောင်း ထဲမှ ၀တ်ပြု ခုံတန်းမှာ တောသစ်ဖြင့် ရိုက်ထားသည့် ခုံကြမ်းများဖြစ်သည်။ အမျိုးသား တစ်ဖက်၊ အမျိုးသမီး တစ်ဖက် ထိုင်ကြ၏။ လူငယ်လူရွယ်များ အလယ်တွင် နေရာယူကြသည်။ လင်မယား ဖြစ်လင့် ကစား အတူတွဲထိုင်သည်ကို မတွေ့ရ။ ဧည့်ခန်းကိုပင် အမျိုးသမီးဧည့်ခန်းနှင့် အမျိုးသား ဧည့်ခန်း သီးသန့် ခွဲထားသည်။
မောင့်တာဘော့တွင် တနင်္ဂနွေ နှစ်ရက်သာ ၀တ်ပြုနိုင်သည့် နှစ်ခြင်းဘာသာ ဘုရားကျောင်း တစ်ကျောင်း သာ ရှိသည်။ တရားဟောဆရာကို တစ်လ နှစ်ကြိမ်သာ ပင့်နိုင်ကြ၏။
ဘိုးဘိုး မက်မာရီက ရွတ်ဆိုရမည့် ဓမ္မတေးအပိုဒ်များကို လိုင်းတားပေးသည်။ ဓမ္မတေးဆိုပြီး ဘိုးဘိုးစတော့ က ဦးဆောင်ကာ ဘုရားဝတ်ပြုသည်။ ပြီးမှ သူစကား အနည်းအကျင်း ပြော၏။
အသင်းတော် အတွက် အလှူငွေ ကောက်ခံရာတွင် တစ်ဦးအတွက် ပုံမှန် သတ်မှတ်ထားသည့် ပမာဏမှာ နှစ်ဆယ့်ငါးဆင့်ဖြစ်သည်။ သို့သော် မိသားစု များသည့် အိမ်ထောင်စုများ ဆယ်ဆင့်သာ တတ်နိုင်ကြ၏။ အလှူငွေ ကို ဂိုဏ်းအုပ်ဆရာနှင့် နိုင်ငံခြား သာသနာပြုအဖွဲ့များသို့ အချိုးကျ ထည့်ဝင်ပြီးမှ ကျန်ငွေကို တရားဟောဆရာများပေးရသည်။

ထိုစဉ်က အချို့ သင်းအုပ်ဆရာများသည် ခေတ်ပညာတတ်များ မဟုတ်ကြ။ လူမည်းများကို လူဖြူများက မကြာခဏ နှိပ်စက်ကလူ ပြုတတ်၏။ သည်လိုအခါမျိုးတွင် သူတို့က တရားစင်မြင့်တွင် ရပ်၍ တရားပြ သည်။
" ဘုရားသခင် က ငါတို့အားလုံးကို ချစ်ခင်တော်မူသည်။
ငါတို့စိုက်သမျှ ငါတို့ ရိတ်သိမ်းကြရမည်။
ထို့ကြောင့် ငါတို့သည်
ငါတို့လောက် ကံမကောင်း၊ အကြောင်း မလှသည့်
ညီအစ်ကိုများအတွက် ဆုတောင်းကြရမည်။
ဘုရားသခင်က ငါတို့ ပြဿနာများကို
တစ်နေ့တွင် ဖြေရှင်းပေးလိမ့်မည်။"

ပြောင်ပြောင်တင်းတင်း ကန့်ကွက်ဖို့ သူတို့ မဟောကြားပေ။

ကျွန်မ၏ အမေသည် ဖြူစင်မွန်မြတ်သည့် အမျိုးသမီးဖြစ်သည်။ ဆင်ခြင်တုံတရားရှိသည်။ ပညာဥာဏ် ထက်မြက် သည်။ သို့သော် သူ့ခမျာ လေးတန်းသာအောင်သည်။ သူငယ်ငယ်က တစ်ချိန်လုံး အလုပ် လုပ်နေ ရပြီး တစ်နှစ်တွင် ကျောင်းတက်ရက် သုံးလသာရှိ၏။ ဆယ့်ခြောက်နှစ် သမီးတွင် အိမ်ထောင် ကျခဲ့ သဖြင့် အမေက ပြောလေ့ရှိသည်။
" ကလေးဘ၀မှာ ငါ မနေလိုက်ရပါဘူးအေ။ မွေးကတည်းက အရွယ်ရောက်နေသလိုပဲ "
အဖေ က တစ်မျိုး၊ ပွင့်လင်းသည်။ လက်ဖွာသည်။ အမေက သိုသိုသိပ်သိပ်ရှိ၏။ လူစိမ်းတွေနှင့် စကား သိပ်မပြော။ အထူးသဖြင့် လူဖြူတွေနှင့်ဆိုလျှင် ပို၍ နှုတ်ဆိတ်နေတတ်သည်။
" သူတို့ကို ဘယ်တော့မှ မယုံနဲ့ …" ဟု ပြောတတ်၏။ ခုတော့ သူ့တွင် လူဖြူမိတ်ဆွေတွေရှိနေပါပြီ။ အမေ က လူတစ်ယောက်ကို ခင်ပြီဆိုလျှင်လည်း အိတ်သွန်ဖာမှောက် ပွင့်လင်းတတ်သည်။

ပညာမတတ်ခဲ့ခြင်းအတွက် အဖေရော အမေပါ နောင်တရလို့မဆုံး ဖြစ်နေ၏။ အမေက သားသမီး သုံးယောက် ကို ပညာတတ်အောင် သင်ပေးဖို့ ဆုံးဖြတ်ထားသည်။ ကျောင်းမတက်ရခင် အိမ်တွင် ရှိသည့် စာအုပ်များ ကို ကျွန်မတို့ မောင်နှမတွေကို ဖတ်ပြသည်။
" မေရီ မှာ သိုးကလေး တစ်ကောင် ရှိတယ်" တို့၊
" ဟမ်ပတိ ဒမ်ပတီ"တို့ကို ကျွန်မ မှတ်မိနေသည်။
မူလတန်း ကို "ဟိုက်ဘာဂျာ"တွင် သွားတတ်ရသည်။ ကျွန်မတို့နှင့် ဓားလွယ်ခုတ်ရွာဖြစ်၏။ ကျွန်မတို့ ယာတောအိမ် မှ သုံးမိုင်ဝေးသည်။ နေပူပူ မိုးရွာရွာ အသွားအပြန် ခြေကျင်လျှောက်ကြရ၏။ လူဖြူကလေး များက လူဖြူကျောင်းသို့ ဘတ်စ်ကားဖြင့် ကျောင်းတက်ကြသည်။ ကားသမားက ကျွန်မတို့ အနား ရောက်လျှင် ရွှံ့တွေရေတွေမစဉ် စဉ်အောင် မောင်းသည်။

ဖုန် မထ ထအောင် မောင်းသည်။
ကျွန်မ တို့ ကျောင်းမှာ အခန်းကျယ်ကြီး တစ်ခန်းသာရှိသည့် ကျောင်းဖြစ်သည်။ နောက်မှ အခန်းနှစ်ခန်း ခွဲပစ်လိုက်ပြီး ပထမတန်းမှ ဆဋ္ဌမတန်းအထိသင်သည်။ ကျောင်းသား တစ်ရာ့ငါးဆယ် ရှိ၏။ နံရံ တွင် ဆေးအမည်းကွက် သုတ်ထားသည့် နေရာကို ဘောသင်ပုန်းအဖြစ် အသုံးပြုသည်။ နီဂရိုး ဆရာမ နှစ်ယောက် ရှိသည်။ ဆရာမ မာတီဘားနက်ကို ကျွန်မ ယခုတိုင် သတိရနေသေးသည်။ ကျွန်မနှင့် အီဒစ်က အရမ်း စာတတ်ချင်သဖြင့် ကျွန်မတို့ ညီအစ်မကို တွန်းသင်သည်။
ကလေးတွေ ကို မထိခိုက်လေရအောင် မိဘတွေက ကြိုတင်ကာကွယ်ကြသော်လည်း လူမည်းကလေး များသည် သိမ်ငယ်ကြရသည်သာ။ အချို့အဖြစ်အပျက်များကြောင့် သူတို့တစ်တွေ စိတ်ဓာတ် ကျကြသည်။ လူကြီးတွေ ရုပ်ရှင်ရုံ ထဲတွင် ကြုံရသည့် အဖြစ်မျိုးကြောင့်လည်း ဖြစ်နိုင်၏။

ကျွန်မတို့က ရုပ်ရှင်ကြည့်လျှင် ၀ရန်တာ ခုံကြမ်းများပေါ်တွင် ထိုင်ကြရ၏။ လူဖြူတွေက အကောင်းဆုံးနေရာ တွင် ဆိုဖာခုံတွေနှင့် ထိုင်ကြ၏။
လူဖြူတွေက လမ်းဘေး မုန့်ဆိုင်ကလေးများအကြောင်း ပြောတာကြားရင် ငယ်ဘ၀ကို မြင်ယောင်လာပြီး ကျွန်မ ရင်နာနာနှင့် ပြုံးမိတတ်သည်။ ငယ်ငယ်တုန်းက ရေခဲမုန့်စားချင်လျှင် လူဖြူတွေ ရောင်းသည့် လမ်းထောင့် မုန့်ဆိုင်ကို ပြေးရသည်။ လူဖြူကလေးတွေ ၀ယ်ချမ်းစားသောက်နေလျှင် အထဲကို မ၀င်ရဲ၊ အသာ စောင့်ပြီး လူရှင်းမှ နံဘေးပေါက်က ၀င်ရသည်။ ကျွန်မတို့က ဘာရောင်၊ ဘာအရသာ လိုချင် ပါတယ် ရွေးချယ်ခွင့်မရှိ။ လူဖြူ ဆိုင်ရှင်က ရောင်းမကုန်သည့် အကြွင်းအကျန်တွေကို ထုတ်ပေးမြဲ။ ဈေးကိုမူ လူဖြူ ကောင်လေးတွေနှင့် အတူတူ ကျွန်မတို့ ပေးကြရ၏။
" ဘာကြောင့် အဲဒီလို ဖြစ်နေတာလဲ "
လူမည်း ကလေးများက သူတို့ အမေတွေကို မေးကြသည်။ အမေများ၏ အဖြေမှာ တစ်မျိုးတည်းသာ။

" ဒီလိုပဲပေါ့ကွယ်။ ဒီအတိုင်းပါပဲ။ ဒါပေမဲ့ သားတို့ သမီးတို့နဲ့ သူတို့ လူဖြူကလေးတွေ အတူတူပဲနော် "
သို့သော် ကလေး တို့က မယုံကြပါ။ ကျွန်မ အမေ ကိုယ်တိုင်လည်း သည်အတိုင်းပြောခဲ့ပါသည်။
" သမီးတို့နဲ့ သူတို့ဟာ ဘာထူးလဲ၊ အတူတူပဲ ဖြစ်ရမှာပေါ့၊ လူလူချင်းပဲ။ ဒါကြောင့် ပညာတတ်အောင် သင်ရမယ်။ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လုပ်ရမယ်။ အလုပ်အကိုင် ကောင်းကောင်း ရရင်၊ ဘယ်သူ့ကိုမှ မော်ကြည့်စရာ မလိုဘူး " အမေက အားတက်သရော ပြောသည်။ ပညာရေး ဆိုသည်မှာ လွတ်လပ်ရေး ၏ ပထမခြေလှမ်းဟု ကျွန်မ၏ မိဘများ သဘောပေါက်ထားကြသည်။
ကျွန်မ အရွယ်ရောက်လာတော့ အမေပြောတာ မှတ်မိနေသေးသည်။

" သမီး အ၀တ်အစားတွေ၊ အလှပြင်ပစ္စည်းတွေလိုချင်လာပြီလား၊ ပညာတတ်အောင်လုပ်၊ အားလုံး ရလာ လိမ့်မယ်။ အရေးကြီးဆုံးက ပညာပဲ "
လူဖြူကလေး များနေသည့် ကျောင်းနှင့် ကျွန်မတို့ကျောင်း ဘယ်လောက် ခြားနားသည်ကို တဖြည်းဖြည်း သိ လာသည်။ သူတို့ကျောင်းက ဧရာမ အုတ်တိုက်ကြီး။ စာအုပ်တွေ အများကြီးနှင့် စာကြည့်တိုက် ရှိသည်။ ကျွန်မတို့ ကျောင်းက ကျောင်းစုတ်၊ စာကြည့်တိုက် ဝေလာဝေး လို့ ဘောသင်ပုန်းပင် ကောင်းကောင်းမရှိ။ သူတို့က ကျောင်းသုံး စာအုပ်တွေ အလကားရသည်။ ကျွန်မ တို့က ၀ယ်ရသည်။ သူတို့က တစ်နှစ် ကိုးလ ကျောင်းတက်ရသည်။ ကျွန်မတို့က ခုနစ်လ။ ဘယ်လို လုပ်ပြီး သူ တို့ကို ကျွန်မ တို့ မီနိုင်မှာလဲ။

သို့သော် ကျွန်မတို့က မြောက်ပိုင်းမှ လူမည်းကလေးများနှင့် စာလျှင် ကံကောင်းနေသေးသည်။ ကျွန်မ တို့ကို လူမည်း ဆရများက လူမည်း သမိုင်းကို သင်သည်။ သင်ရိုးညွှန်းတမ်းကို လူမည်းဆရာ များက ရေးဆွဲသည်။ သူတို့ကလေးတွေက လူမည်း ရပ်ကွက်တွင် သီးခြားနေကြရပြီး သူတို့၏ ပညာရေး စံကို လူဖြူတွေက ကြိုး ကိုင်ထားကြသည်။ သည်ပညာရေးစနစ်ကို သူတို့ ဘာမှန်းမသိကြ။ နားလည်း မလည်။ သို့သော် သူတို့ နားလည်သည် နားမလည်သည်ကို ဘယ်သူမျှ ဂရုမစိုက်ကြ။
၁၉၃၇ ခုနှစ် နှောင်းပိုင်းတွင် ကျွန်မတို့ မိသားစု အခြေအနေ တိုးတက်လာသည်။ အဖေ သည် ပျော့ပျော့ပျောင်းပျောင်း ဖြစ်လာသည်။ လူဖြူဆင်းရဲသားများနှင့်လည်း ပြဿနာမဖြစ်တော့။ နောင် သူ့ကို လူတွေ က လူကြီးလူကောင်း တစ်ယောက်လို ဆက်ဆံလာသောအခါ သူက ပြောလေ့ရှိသည်။

" ဒီကမ္ဘာမှာ ငါ့ကို ရန်မူမယ့်သူ တစ်ယောက်မှ မရှိဘူး။ အဲဒါ ငါ အလုပ်ကောင်းကောင်း လုပ်ခဲ့လို့ပဲ "
သည်လို မကြာမကြာ ပြောပြီး အဖေက ကျွန်မတို့ကို လူသား အချင်းချင်း အမုန်းတရား မပွားများအောင် သင်ပေးခဲ့ခြင်းဖြစ်သည်။
ကျွန်မထက် နှစ်နှစ်ကြီးသည့် အီဒစ်တစ်ယောက် အပျိုကြီးဖားဖားဖြစ်လာပြီ။ လူပျိုလှည့် ခံရတော့မည့် အရွယ်။ အိပ်ခန်း ခြောက်ခန်းပါသည့် အိမ်ကြီးတစ်လုံး ကျွန်မတို့ ငှားလိုက်သည်။ အဖေက ပရိဘောဂ အသစ်တွေ ၀ယ်ပြီး အိမ်ကြီးကို အလှဆင်သည်။ ကျွန်မတို့ ဂုဏ်ယူ ပျော်ရွှင်လို့မဆုံး ဖြစ်နေကြ၏။ သို့သော် အိမ်သစ်ကြီးတွင် ခိုးလိုးခုလုဖြစ်စရာနှင့် စတွေ့ရသည်။ အဖေက သူ့ လူဖြူ မိတ်ဆွေတစ်ယောက် ကို ထမင်းစားဖိတ်သည်။ ဤတွင် ပြဿနာစပေါ်ခြင်းဖြစ်၏။

ကျွန်မတို့ မိသားစုဝင်တွေ အငြင်းပွားကြရသည်။ ထိုပုဂ္ဂိုလ်နှင့် တစ်စားပွဲတည်း အဖေ ၀င်စားသင့် မသင့် ကိစ္စ။ အမေက ပြောသည်။
" အိုဘီရယ် ရှင်က ဖိတ်ကျွေးတာပဲ၊ ရှင့်ဧည့်သည်နဲ့ အတူတူစားပေါ့ "
အီဒစ်နှင့် ကျွန်မက အမေ့ကို ထောက်ခံသည်။ အဖေက ဘယ်လိုမှ ပြောမရ။
" မဖြစ်ပါဘူးကွာ၊ သိပ်သဘာဝကျမယ် မထင်ဘူး " ဟု ဇွတ်ငြင်းသည်။
ဤသို့ဖြင့် လူဖြူဧည့်သည် တစ်ယောက်တည်း စားသွားရသည်။

ကျွန်မတို့ အားလုံး ခြောက်တန်းအောင်ပြီးလျှင် မာရီယန်တွင် အကောင်းစားဖြစ်သည့် လင်ကွန်းအထက်တန်းကျောင်းသို့ ပြောင်းဖို့ အမေက စီစဉ်သည်။ ပြည်တွင်းစစ် အပြီးတွင် အမေရိကန် သာသနာပြု အဖွဲ့က တည်ထောင်သည့် ကျောင်းဖြစ်သည်။ သည့်အရင်က တောင်ပိုင်းတွင် နီဂရိုးများ ဘုရားကျောင်း ဟူ၍ မရှိခဲ့ပေ။ သမ္မတလင်ကွန်းက နီဂရိုး ကျွန်ကလေးများ အတွက် မြောက်ပိုင်းမှ လူဖြူကျောင်းဆရာများ တောင်ပိုင်းသို့ လွှတ်ပေးသည်။

ကျွန်မ လင်ကွန်းသို့ ရောက်ချိန်တွင် အစိုးရတစ်ဝက်၊ ပုဂ္ဂလိက တစ်ဝက်ကျောင်းဖြစ်နေ ပြီ။ ကျောင်းအုပ်ချုပ်ရေး ကို ဆရာမိဘ စုဖွဲ့ထားပေး၏။ သို့သော် ကျောင်းသားကျောင်းသူများ ကတော့ လူမည်းကလေးများသာဖြစ်သည်။ လူဖြူကျောင်းဆရာ များကို မြို့ခံ လူဖြူများ က ဖောက်ပြန်သမား များဟု အမနာပ ပြောကြသည်။ နီဂရိုးဘက်တော်သားများဟု သမုတ်ကြ သည်။ သို့သော် လူဖြူ လူနည်းစု ကမူ မြောက်ပိုင်းသား ဆရာများကို လက်ခံကြသည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ သတ္တိရှိသည်။ အလုပ် လုပ်သည်။ ကျောင်း၏ ရည်ရွယ်ချက် ဆောင်ပုဒ်အတိုင်း လူ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဘာသာရပ်တိုင်း ကို ကျောင်းသားတွေ တတ်အောင်သင်ပေးသည်။
လင်ကွန်းကျောင်း တွင် ကျွန်မဘ၀ကို အများကြီး ပြောင်းလဲသွားသည်။ အဖြစ် အပျက်တွေ၊ ပြောစရာတွေ က အပုံအပင်။ လင်ကွန်းသည် ကျွန်မနှင့် မာတင် ဖူးစာဆုံဖို့ လမ်းခင်းပေး သည့် ကျောင်းနှင့်တူနေသည်။ လင်ကွန်းသည် ကျွန်မ ဘ၀အတွက် အရေးပါ ဆုံး ကျောင်း ဖြစ်လာခဲ့ပါသည်။

သည်ကျောင်း ကို ပို့ပြီး ကျောင်းထားပေးသည့် မိဘများအတွက်တော့ မသက်သာ လှပါ။ ကျောင်းစရိတ် က ကြီးမားလှသည်။ တစ်ယောက်အတွက် တစ်နှစ် လေးဒေါ်လာခွဲ ပေးရသည်။ နည်းနည်းနောနော ပိုက်ဆံ မဟုတ်ပါ။ ဘော်ဒါကြေးက ရှိသေးသည်။ မာရီယန်မှာ ကျွန်မတို့ ယာတော အိမ်နှင့် ဝေးလွန်းသဖြင့် ကျွန်မတို့ ကျောင်းအိပ်ကျောင်းစားနေကြရသည်။ နောက်ပိုင်းတွင်မှ မြို့နယ်က ကျောင်းသားမိဘ များနှင့် တိုင်ပင်ပြီး တောပိုင်းမှ ကလေးများအတွက် ဘတ်စ်ကား စီစဉ်ပေး သည်။ အဖေက သူပိုင် ထရပ်ကားတစ်စီးကို ဘတ်စ်ကား ဘော်ဒီ တင်ပစ်လိုက်သည်။ ရွာနီးချုပ်စပ်မှ ကလေးတွေ ကို အမေ က နေ့တိုင်း မောင်းပို့သည်။ သည်တော့မှ ကျွန်မတို့ အိမ်ပြန်နေကြရသည်။

လင်ကွန်းသည် ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ဖို့၊ ကျွန်မအား မျက်စိ ဖွင့်ပေးလိုက် သည့် ကျောင်းဖြစ် ပါသည်။ အထူးသဖြင့် ဂီတကမ္ဘာဖြစ်ပါ၏။ ကျောင်း တွင် အဆိုသင်တန်း သုံးခုရှိသည်။
ပထမဆုံး အသံလေ့ကျင့်ခန်းလုပ်ရ၏။ သို့သော် မာရီယန်တွင် အသားရောင် ခွဲခြားမှုကို ကျွန်မ ထင်တာ ထက် ပိုပြီး ကြုံရသည်။ ကျွန်မတို့ လမ်းလျှောက်သွားလျှင် လူဖြူကောင်လေးများသည် တူရူမှ ပေါ်လာပြီး လမ်းနဘေး သို့ လွင့်ကျသွားအောင် ဘေးလုံးတိုက်သည်။ အစုတ်ပလုပ်နီဂရိုးတွေဟု ပြောပြီး ရန်စသည်။ ကျွန်မ တို့လည်း " ကလေကချေ လူဖြူတွေ" ဟု ပြန်ပက်သည်။
လင်ကွန်းကျောင်း တွင် အီဒစ်က "လင်ကွန်းပန်းပွင့်ကလေးများ" အဖွဲ့တွင် ၀င်ပြီး သီချင်းဆိုသည်။ သူတို့ အဖွဲ့ အနောက်အလယ်ပိုင်း သို့ ခရီးထွက်ပြီး နယ်လှည့်ဖျော်ဖြေကြသည်။ အိုဟိုင်းယိုး ပြည်နယ်၊ ယဲလိုးစပရင်း မှ အင်တီအို့ခ်ျ တက္ကသိုလ်တွင်လည်း သူတို့ ၀င်ရောက်ဖျော်ဖြေကြသည်။

သည်ခရီးကြောင့် အီဒစ်၏ ဘ၀လမ်းကြောင်း ပြောင်းသွား၏။ ပြီးတော့ ကျွန်မပါ အဆစ်ပါသွားသည်။ သည်ခရီးထွက်ပြီး နှစ်နှစ်အကြာတွင် အီဒစ် ဆယ်တန်းအောင်ပြီး လင်ကွန်းမှ သူငယ်ချင်းများ ကို နှုတ်ဆက် ထွက်ခွာခဲ့ရ၏။ ထိုနှစ်တွင်ပင် အင်တီအို့ခ်ျ တက္ကသိုလ်က လူမည်းကျောင်းသားများအား ၀င်ခွင့်ပြု ဖို့ ဆုံးဖြတ် လိုက်သည်။ ၀င်ခွင့်ရသည့် ကျောင်းသားများကို ပညာသင်စရိတ် ထောက်ပံ့သည်။ အီဒစ် ၀င်ခွင့် ရသွားသည်။ အင်တီအို့ခ်ျ၏ ပထမဆုံး လူမည်းကျောင်းသူဖြစ်သွားသည်။ ထိုနှစ်မှာ ၁၉၄၃ ခုနှစ်ဖြစ်၏။
ကျွန်မ တို့ ညီအစ်မသည် မြောက်ပိုင်းသို့ သွားဖို့ အစောကြီး စိတ်ကူးယဉ်ခဲ့ကြသည်။ မြောက်ပိုင်းတွင် လူမည်း တို့ လွတ်လပ်မှု ပိုရကြသည်မဟ်ုတ်လား။ မြောက်ပိုင်းတွင်လည်း ပုံသဏ္ဍာန် တစ်မျိုးဖြင့် အဖိနှိပ် ခံနေရကြောင်း ကျွန်မတို့ မသိခဲ့ကြပေ။ အီဒစ်က အိမ်ကို စာပြန်ရေးသည်။

" ကိုရီရေ … နင်သာဆို သိပ်သဘောကျမှာ … " သူ အနိဋ္ဌာရုံတွေကို ဖုံးကွယ်ထားကြောင်း ကျွန်မတို့ တဖြည်းဖြည်း သိလာသည်။ ကောလိပ်တွင် ပထမဆုံး လူမည်းကျောင်းသူဖြစ်ရသည့် ဘ၀၏ ဒုက္ခကို ကျွန်မ တို့ နောက် မှ သိခွင့်ရကြသည်။
လူဖြူ ကျောင်းသူများက အီဒစ်တွင် အသားရောင်ခွဲခြားမှု ပြဿနာ၏ အဖြေတွေ ရှိနေသည်ဟု တင်ပြသည်။ နံနက်စာ စာရင်း သူ့ကို ၀ိုင်းမေးကြသည်။ နေ့လယ်စာ စာရင်းလည်း မေးခွန်းတွေ ဆက်တိုက်မေး ကြ၏။ ညစာဝိုင်း တွင်လည်း ထိုနည်းလည်းကောင်း။ ကြာတော့ အီဒစ် စိတ်ညစ် လာသည်။
အီဒစ် က အင်ဒီယန်းသွေးပါသူ။ အမေ့ဘက် နွှယ်သူဖြစ်၍ အသားလတ်သည်။ အချိုးအဆက် ပြေပြစ်ကာ ဆွဲဆောင်မှု ရှိသည်။ စာတော်သူဖြစ် ၍လည်း ကျောင်းသားများကပါ သူနှင့် စကားပြောချင်ကြသည်။ သို့သော် ရှေ့ဆက် မတိုးရဲကြ။

ကျွန်မက ဘုမသိ ဘမသိဖြင့် အင်တီအို့ခ်ျသို့ ၀င်ခွင့်ရအောင် ဖိကြိုးစားသည်။ နောက်ဆုံးတွင် ပညာသင် စရိတ် တစ်ဝက်ရပြီး ၀င်ခွင့်ရသည်။
လူဖြူကျောင်းသားကျောင်းသူ များက ဖော်ဖော်ရွေရွေ ရှိကြပါ၏။ သူတို့ ကျောင်းသို့ ၀င်ခွင့်ရသွားလျှင် သူတို့ လက်ခံကြသည်သာ။ ကျွန်မကလည်း မယ်သစ်လွင်ကလေး ဘ၀ဖြင့် တက်ကြွနေသည်။
နောက်မှ တဖြည်းဖြည်း သိလာရသည်။ သည်မှာလည်း ဘီယာဆိုင်တွေကို လူမည်းများအတွက် သီးသန့် ခွဲထားပေး သည်တဲ့။
ကျွန်မ ကိုလည်း မေးခွန်းတွေ တစ်သီကြီး မေးကြ၏။
" ဟုတ်တယ် ကိုရီ၊ မင်းက တကယ့် ကို ထူးခြားတာ "
ကျွန်မ ကို သူတို့က ကိုရီဟု ခေါ်ကြ၏။ သူတို့ မေးခွန်းတွေကို ကျွန်မ သည်းမခံနိုင်လောက်အောင် ဖြစ် လာသည်။ "ဘာကြောင့် နီဂရိုးလူမျိုးတွေ ကြမ်းတမ်း ခက်ထန်ကြတာလဲ"တဲ့။ " ဘာကြောင့် နီဂရိုးတွေ အကျင့်မကောင်းကြတာလဲ" တဲ့။ " ဘာပြုလို့ အင်တီအို့ခ်ျ ကို နောက်ထပ် နီဂရိုး ကျောင်း သူတွေ ရောက်မလာတာလဲ" တဲ့။

ကျောင်းဝင်ခွင့် ရနိုင်သူတွေ အများကြီးရှိပါသည်။ သို့သော် လူတိုင်း မစွန့်စားလိုကြပါ။ လူတိုင်း တန်းတူ ရည်တူ လူရာ မသွင်း သည့် နေရာမျိုးတွင် မနေချင်ကြပါ။ နီဂရိုး မိဘများက အများအားဖြင့် သူတို့ သားသမီး များကို တက္ကသိုလ် ပို့ခြင်းမှာ အိမ်ထောင်ဖက် ရွေးဖို့လောက်သာ ဖြစ်သည်။ ၁၉၄၀ ပြည့်လွန်နှစ် များက အင်တီအို့ခ်ျတက္ကသိုလ်မှာတော့ သည်ကိစ္စမျိုးမဖြစ်နိုင်ပါ။
ကျွန်မနှင့် လူဖြူ ကျောင်းသူနှစ်ယောက် တစ်ခန်းတည်း နေရသည်။ နောက်ဆုံး အဆင်ပြေအောင် နေ ရတော့၏။ သည်တက္ကသိုလ်ရောက် ရင် တွေ့ရမည့် ပြဿနာတွေကို လင်ကွန်းကျောင်းက သင်ပေးလိုက် ဖို့ ကောင်းပါသည်။

ကျောင်းစာတွေ ပိနေသဖြင့် အပြင်စာ မဖတ်နိုင်တော့ပါ။ သည်တက္ကသိုလ်တွင် သည်လိုဖြစ်ရသည်မှာ သိပ်တော့ မကောင်း လှပါ။ ခေတ်နောက်ကျ ကျန်ခဲ့နိုင်ပါသည်။
ကျွန်မ က အကနှင့်ဂီတ အခြေခံပညာရေးကို အဓိက ဘာသာရပ်အဖြစ် ယူထားသည်။ ထို့ကြောင့် တက္ကသိုလ် လက်အောက်ရှိ မူလတန်းလေ့ကျင့်ရေးကျောင်းတွင် ကျွန်မ တစ်နှစ်ဆက်သင်ရသည်။ ပြီးတော့ အပြင် မူလတန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ် လက်တွေ့ဆင်းရဦးမည်။ ယဲလိုးစပရင်းကျောင်း များတွင် လူဖြူဆရာများသာ သင်ခွင့်ရှိသဖြင့် ဒုတိယ အဆင့်တွင် ကျွန်မ တစ်နေ သည်။ ကျွန်မ၏ ကြီးကြပ်ရေးမှူးက ဘာမှ လုပ်မပေးနိုင်။ တက္ကသိုလ် အာဏာပိုင်အဖွဲ့သို့ တင်ပြသော် လည်း ကျွန်မ လျှောက်လွှာ ပယ်ချခံရသည်။ ကြီးကြပ်ရေးမှူး မထောက်ခံသဖြင့် မရခြင်းဖြစ်၏။ စိတ်ဓာတ် ကျကျနှင့် တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းတွင်ပင် တစ်နှစ်ဆက်သင်နေလိုက်သည်။ ကျွန်မ ဒေါသတွေ ဖြစ်နေ၏။ စိတ်ဓာတ်တွေ ဆက်ကျနေ၏။ သို့သော် ရင်းနှီးသည့် လူဖြူကျောင်းသူ အချို့ က မျှဝေခံစားပေးကြသည်။ သူတို့ အထဲတွင် ကျွန်မ၏ သူငယ်ချင်းဂျက်စီ ထရိုက် ချလာက ရှေ့ဆုံး မှ ဖြစ်၏။

နောက်ဆုံးတွင် ကျွန်မ စိတ်လျှော့ထားလိုက်တော့သည်။ တစ်သက်လုံး နီဂရိုး ဘ၀နဲ့ နေရမှာပဲ ရင်စီးခံပေါ့" ဟု စိတ်ကို တင်းထားလိုက်သည်။ အတိုးအလျှော့လုပ်ပြီး နေသွားဖို့ ကျွန်မ နားလည်ခဲ့ပါပြီ။ သို့သော် ကျွန်မ နောက်မှ လိုက်လာသူများကို ကျွန်လို မဖြစ်စေချင်ပါ။ ထို့ကြောင့် အသင်းအဖွဲ့များတွင် ကျွန်မ ပါဝင်လှုပ်ရှားတော့သည်။ ဥပမာ " လူမျိုးအချင်းချင်း ဆက်ဆံရေးကော်မတီ" လို အဖွဲ့အစည်းမျိုး။ သည်တက္ကသိုလ်ကို တည်ထောင်ခဲ့သူ ဟောရေ့စ်မန်း၏ အဆိုအမိန့်ကို ရင်ဝယ်ပိုက်လျက်။
" လူသားတို့၏ အောင်မြင်မှုအတွက် တစ်ခုခု မလုပ်ရသေးမီ သေရခြင်းသည် ရှက်ဖွယ်လိလိ ဖြစ်ချေ၏"
သည်တက္ကသိုလ်မှာပင် ဂီတနှင့်အက ပညာကို ထဲထဲဝင်ဝင် ကျွန်မသင်ယူဖြစ်ခဲ့ကြသည်။ ပန်တျာဌာနမှူးမှာ နာမည်ကျော် နီဂရိုးလူမျိုးဝေါလ်တာ အဒေါ့ဆင်ဖြစ်သည်။ သူအတန်းတွေတက်ရင်း ကျောင်းပြဇာတ်အချို့တွင်ပင် ၀င်ပြီး ကပြ သရုပ်ဆောင်ခဲ့ရသေးသည်။

အင်တီအို့ခ်ျ တက္ကသိုလ် တက်ခဲ့ပြီး ဘာအကျိုးရှိသလဲဟု ကျွန်မ ကို မေးသူများ ရှိ၏။ ကျောင်းပညာနှင့် အတူ လူဖြူ အသိုင်းအ၀န်း ထဲတွင် စခန်းသွားရမည့် အတတ်ပညာ ကိုပါ ကျွန်မ ရရှိခဲ့သည် ဟု ဖြေရပါမည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကလည်း ကျွန်မကို အရာတိုင်းတွင် သိပ်မမျှော်လင့်ဖို့ အတိုးအဆုတ် ရှိဖို့ သင်ပေး လိုက်ပါ၏။ လူဖြူတို့၏ သဘောသဘာဝကိုလည်း ကျွန်မ နားလည်ခဲ့ပါပြီ။
အ၀တ်အစား စသော ပစ္စည်းများကို မမက်မောတတ်သည့် ကျွန်မ စိတ်ဓာတ်သည်လည်း အင်တီအို့ခ်ျကြောင့် ပို၍ ခိုင်မာလာခဲ့ပြီ။ ကိုယ့်တန်ဖိုး ကိုယ်နားလည်အောင်လည်း သည်ကျောင်းကပင် သင်ပေးခဲ့ ပါသည်။ နီဂရိုးလူမျိုးဖြစ်နေ၍ သိမ်ငယ်တတ်သော စိတ်ကိုလည်း မောင်းထုတ်နိုင်ခဲ့ပြီ။ လူတစ်ဦး တစ်ယောက် အနေဖြင့်ရော တစ်ဦးချင်း အနေဖြင့်ပါ ပေးဆပ်ခြင်းနှင့် မျှဝေခံစားခြင်းဟူသည့် ခရစ်ယာန် အယူဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်း ရမည်ဟု ကျွန်မ အခိုင်အမာ ယုံကြည်နေပါပြီ။

ဆက်ရန်
.

No comments: