ယခုမူ ပေ့ကြောင့် မျက်မာန်ပွားနေသဖြင့် အဲလစ် ဟောဟော ဒိုင်းဒိုင်း ပြောချလိုက်သည်။
"သူတို့ လင်မယား ကို မြို့ထဲလည်း မကြာမကြာလာအောင် ပင့်ပါဦး ရှင့်။ ကပွဲဖြစ်ဖြစ်၊ ဂီတ ပွဲဖြစ်ဖြစ် ပေါ့။ ကျွန်မ တို့နဲ့ လည်း သွားလား လာလား လုပ်ပါဦးလို့။ လူတွေက ပြောကြတယ်ရှင့်။ သိရဲ့လား။ တောကြီးမျက်မဲထဲ သွားပြီး အောင်းနေတာတော့ မတော်ဘူးပေါ့ရှင်။ ကျွန်မ အသိုင်းအ၀ိုင်း က ဘယ်လို အဓိပ္ပာယ် ကောက်မလဲ ဆိုတာ တွေးမိရင် ကြက်သီးတောင် ထမိတယ်"
ပေ့ က အလိမ္မာ ဖက်ကာ ထိန်းထိန်းသိမ်းသိမ်းပင် ပြန်ပြောလိုက်လေသည်။ "ကောင်းပါပြီလေ ...၊ အချစ် ရယ်။ ပြောလိုက်ပါ့မယ်" ကို ဆက်ဖတ်ရန်.....
(၂)
နောက်တစ်နေ့တွင် နေသာသည်။ ကောင်းကင်ပြာပြာတွင် တိမ်တစ်စ နှစ်စသာ ရှိသည်။ ပေ့၏ ဘိုးဘေးတို့သည် ဘာသာတရား ကိုင်းရှိုင်းသူများ ဖြစ်ကြ၏။ ပေ့ကမူ ဘုရားရှိခိုးကျောင်း မှန်မှန် တက်လေ့မရှိ။ သူ့ ဇနီးနှင့် ဒေါ်ရော်သီတို့ နံနက် ၁၁နာရီ ၀တ်တက်သွားကြချိန်တွင် ကော်ရာ အတွက် ပန်းခူး၊ ဒေးဗစ်အတွက် သတင်းစာတိုက် သို့ ဝေဖန်ရန် ပို့ထားသည့် စာအုပ်တစ်အုပ်ကို ယူကာ ကားပေါ်သို့ တက်သည်။
အိမ်နီးချင်း တို့ စကားတင်း မဆိုသာအောင် ကားကို နောက်ဖေးလမ်းကြားမှ တဖြည်းဖြည်း မောင်းလာခဲ့သည်။ သို့သော် မစ္စက်ဟားဘော်တယ် ကို လွတ်အောင် မရှောင်နိုင်။ မစ္စက်ဟား ဘော်တယ်သည် သူ့ဖခင်၏ သူငယ်ချင်း ဘော့ဟားဘော်တယ်၏ ဇနီး မုဆိုးမကြီး ဖြစ်၏။ အဘွားကြီးသည် စိန့်မတ်ခ် ဘုရားရှိခိုးကျောင်းသို့ ဟိတ်ဟန်ပါပါ ၀တ်စားဆင်ယင်ကာ တလှုပ်လှုပ် လျှောက်နေ၏။ ဟင်နရီ၏ နှုတ်ဆက်မှုကို ပြစ်တင် မျက်စောင်းဖြင့် တုံ့ပြန် သည်။
မကြာမီ စလီဒန်ရွာကလေးသို့သွားရာ လမ်းမကြီးပေါ်သို့ ရောက်သွားသည်။ မနေ့ညနေက စိတ်ညစ်ညူးမှုများ လွင့်စဉ် သွားသည်။ ခါတိုင်းနှင့်မတူ စိတ်လွတ်လူလွတ် ဖြစ်လာသည်။ ပေ့သည် အလုပ်ထဲ အမြဲနစ်နေ သည်။ ပျော်စရာ ပါးစရာ နားစရာ အချိန်မရှိသလောက် ဖြစ်၏။ ဂေါက်သီး ရိုက်ရန်လည်း စိတ်မပါ။ တင်းနစ် ကစားရန်လည်း စိတ်မရှိ။ အမှန်အားဖြင့်လည်း သူ့မှာ အားကစားသွေးမပါ။ သူ့အသက်က ၄၉နှစ်သာ ရှိသေး သည်။ သို့သော် နှလုံးရောဂါက ဖြစ်ချင် သလိုလို အရိပ်အယောင် ပြနေ သည်။ ဒေါက်တာဘတ် က ခေါင်းတရမ်းရမ်း လုပ်နေစေကာ မူ သူကတော့ ပေါ့ပေါ့ပင်သဘောထားသည်။
ဟင်နရီ က နှုတ်ဆိတ်သည်။ တစ်ကိုယ်တည်း နေတတ်သည်။ တင်းကြပ်မှုကို ကလေးသုတ်သင် ပဲ့ပြင်မှု၏ အခြေခံ အဖြစ် ယုံကြည်သည့် မိဘများ၏ စည်းကမ်းကလနား ကြပ်မမှုအောက်၌ ကြီးပြင်း လာရသူ ဖြစ်သည်။ မြို့တော်ဝန် ဖြစ်လာချိန်မှာပင် ဧည့်ခံပွဲများသည် သူ့အဖို့ မချိမဆန့် ကိစ္စပမာ ဖြစ်နေခဲ့သည်။ အဲလစ်က သူ့ကို လူတော မတိုးဟု မကြာခဏ ပြစ်တင်ရှုတ်ချသည်။ ရှုတ်ချလောက် သော အကြောင်းလည်း ရှိပါပေ၏။
ပေ့က သူ့ပန်းခြံ ကို တန်းတန်းစွဲသည်။ မှန်လုံခန်းကလေးများဖြင့် ပန်းစိုက်သည်။ သူ စုဆောင်းထား သည့် စတက်ဖို့ ကြွေထည်များ ကို တကိုင်ကိုင် လုပ်ခြင်းဖြင့် ရသေ့စိတ်ဖြေ လုပ်တတ်သည်။ ဆောင်းဦးရာသီ ဂီတပွဲတော် များ ကျင်းပရေး အတွက် စီစဉ်ခြင်းသည် သူ့အဖို့ အလွန်အမင်း စိတ်ကြည်နူးစရာ ကိစ္စ ဖြစ်၏။ ဟက်ဒယ်လ်စတန်မြို့ သို့ သူ စတင် သွတ်သွင်းခဲ့သည့် ထိုဂီတ ပွဲတော်သည် ယခုအခါ မြို့၏ နှစ်စဉ်အချိန်မှန် ပွဲတော် များ ဖြစ်နေလေပြီ။
ရံဖန်ရံခါ ပင်လယ်ကမ်းခြေသို့ သွားရောက်ရသည်မှာ သူ့အဖို့ စိတ်အကြည်နူးဆုံး ဖြစ်လေသည်။ စလီဒန်ရွာအနီး ပင်လယ်ကမ်းခြေ သို့ သွားရသည်ကိုလည်း ပျော်သည်။ ထိုရွာကလေးက မြို့နှင့် နီးစေကာမူ အရှေ့မြောက်ပိုင်းဒေသ ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်လုံး တွင် ရိုးရာစရိုက် မပျက်ဆုံး တံငါရွာ ကလေး ဖြစ်၏။
ထိုရွာကလေး ကို ကလေးဘ၀ကပင် သူ သိခဲ့၏။ ယခု သူ့သားကိုယ်တိုင် ထိုရွာတွင် နေနေသည်။ ဤသံယောဇဉ် နှောင်ကြိုးကလေးများကြောင့်သာ မဟုတ်သေး။ ဤရွာကလေးတွင် ရှေးဟောင်း အင်္ဂလန်နိုင်ငံ စစ်စစ် ၏ အစိတ်အပိုင်းတစ်ရပ် သက်ဆိုးရှည်နေသေးခြင်းကြောင့်လည်း ဤရွာကလေး ကို သူ တန်းတန်းစွဲ စွဲမက်နေခြင်း ဖြစ် သည်။
တစ်ခေတ်တစ်ခါက ရွှေထီးဆောင်းခဲ့သည့် အင်္ဂလန်။ တစ်နေ့သောအခါတွင် ရွှေထီးဆောင်းရပြန် ဦးမည့် အင်္ဂလန်။ ဤသည်ပင် ဟင်နရီပေ့၏ ရမ္မက်ဇော၊ ဤသည်ပင် သူ့ဘာသာတရား၊ ဤသည်ပင် သူ့ဥပါဒါန်ဟု ဆိုချင် ဆိုပေရော့။ သူ့နိုင်ငံကို သူ စေတနာသန့်သန့် ချစ်သည်။ နိုင်ငံ၏ မြေသား၊ ထိုမြေသားကို ရိုက်ခတ်သော ပင်လယ်ရေ ဆားဓာတ် ကအစ အားလုံးကို ချစ်သည်။
စစ်ပြီးချိန်မှ စ၍ အမျိုးသားဘ၀ အဆောက်အအုံအား ပြောင်းလဲစေခဲ့သည့် ယိုယွင်းမှုများကို သူ မျက်ကွယ်ပြု သည် မဟုတ်။ သို့ရာတွင် ထိုအချင်းအရာသည် မဟာရုန်းကန်ကြိုးပမ်းမှုကြီး၏ ဒဏ်ရာ ဒဏ်ချက် ဖြစ်သည်။ ခေတ္တ ယာယီမျှသာ ဖြစ်နိုင်သည်။ ဖြစ်ရမည်။ အင်္ဂလန်သည် တစ်ဖန် ပြန်ရှင်နိုးထ လာပေ လိမ့်ဦးမည်။
အင်္ဂလန်သည် တစ်နိုင်ငံလုံး အားအင်ကုန်ခမ်းကာ အသက်သွေးမရှိတော့လောက်အောင် ဖြစ်ပြီး မျှော်လင့်ချက် မရှိတော့လောက်အောင် အနာဂတ် အလားအလာ ပိတ်ဖုံးသော ဆိုးဆိုး ၀ါးဝါး ပြုတ်ပြုတ်ပြုန်း ဘေးဒုက္ခ အန္တရာယ်ကြီးပေါင်း များစွာကိုပင် လွန်မြောက်နိုင်ခဲ့သည်။ သမိုင်းက သက်သေခံနေ သည်။
အင်္ဂလန်သည် ပင်ကိုအားဖြင့် အင်္ဂလန်ပင်ဖြစ်၍ လန်းဆန်းသော သက်ရှိတရားကို ပေါက်ဖွားနိုင်ခဲ့ သည့် ကြီးမြတ်သော အစဉ်အလာကို ပြန်လည် သစ်ဆန်းနိုင်ခဲ့သည်။ တိမ်ကောနစ်မွန်းမှုကို မဆုတ်မနစ် အာခံငြင်းဆန်ခြင်းဖြင့် အန္တိမအခြေတွင် အောင်ပွဲခံနိုင်ခဲ့သည်။
စလီဒန်ရွာကလေး ၏ ၀ပ်ဝပ်စင်းစင်း သဏ္ဍာန်သည် သူ့ရှေ့တွင် ပေါ်လာ၏။ ဆိပ်ခံတံတားတွင် လှိုင်းရိုက် ၍ ရေမှုန်ရေမွှား တဖွားဖွားထနေ၏။ ပေ့ သည်ဆိပ်ကမ်းတစ်လျှောက် ကားမောင်းလာ သည်။ ကျောက်ကြိုးချထားသည့် တံငါလှေကလေးများ၊ နေလှန်းထားသည့် ငါးဖမ်းပိုက် များ ကို ကျော်ဖြတ်ခဲ့သည်။ ထုံးဖြူသုတ်ထားသည့် ဆိပ်ကမ်းစောင့်ရုံးကိုပတ်ပြီး ကမ်းပါးပြတ်ပေါ်သို့ တက်လာခဲ့ သည်။ ဒေးဗစ်အိမ်သို့ ရောက်လာသည်။
ကော်ရာက ခြံတံခါးဝမှ ဆီးကြိုစောင့်နေသည်။ ခေါင်းမှာ အဆောင်းမပါ။ နက်မှောင်မှောင် ဆံပင်တွေ က လေတိုးနေ၍ ပါးပြင်ပေါ်၌ ပျံဝဲနေသည်။ အနီရင့်ရောင်ဝတ်စုံက ကိုယ်ပေါ်တွင် ချပ်ချပ်ရပ်ရပ် ကပ်နေသည်။ သားတော်မောင် အတွက် အားဆေးတစ်ခွက်လိုဖြစ်သော ကြင်နာ လှိုက်လှဲမှုသည် ကော်ရာထံမှ ပျံ့လွင့်ပေါ် ထွက်နေသည်။
ကော်ရာ က ပေ့၏လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ ကော်ရာ မပြောမီကပင် သူ့ကို တွေ့ရ ၍ ကော်ရာ ၀မ်းသာကြောင်း သူ သိနှင့်နေသည်။
"သူ ဘယ်နှယ့်နေလဲ"
ဟင်နရီပေ့က မေးသည်။
"တစ်ပတ်လုံး ကောင်းပါတယ်။ အခု အပေါ်ထပ်မှာ စာရေးနေတယ်"
ကော်ရာက အိမ်ခေါင်ခန်း ပြတင်းကလေးကို လှမ်းကြည့်လိုက်၏။ အခန်းဆီမှ ထွက်လာသော ဘားတော့ခ်၏ ကွန်ရှပ်တို ဂီတသံကို ကြားနေရသည်။
"ကျွန်မ ခေါ်လိုက်ဦးမယ်"
ပေ့က ဒေးဗစ်ကို အနှောက်အယှက် မပေးချင်။ ဒေးဗစ် ရေးနေသည့် "အစ္စလာမ်သာသနာ ခေတ်ကြို ကဗျာများ" စာအုပ် သည် ကျားကုတ်ကျားခဲအား ထုတ်ရသည့် အဆိုအမိန့်တစ်ခု ဖြစ်သည်။ ဒေးဗစ်သည် လွန်ခဲ့ သည့် ခြောက်လအတွင်း အာရပ်ဒေသီ စကားသုံးမျိုးကို သူ့ဘာသာ သူ သင်ယူသည်။ "ကီတာအယ်အဂါနီ" ခေါ် တေးချင်းများစာအုပ်ကို ဘာသာပြန်နေသည်။ ထိုအားထုတ်မှုကို ပျက်ပြားအာင် မလုပ် သင့်။ ကော်ရာ က ပေ့ ချီတုံချတုံ ဖြစ်နေပုံကို မြင်၍ ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ။ နေ့လယ်စာကလည်း နာရီဝက်နဲ့ မစားဖြစ်သေးပါဘူး"
ဟင်နရီပေ့ ထင်ထားသည်ထက်ပို၍ သူ့ပန်းများက ကော်ရာကို စိတ်ကြည်နူးစေသည်။ ကော်ရာက ပန်းများကို ပန်းအိုးတွင် ထိုးသည်။ ဟင်နရီပေ့ကို ပန်းခြံထဲသို့ ခေါ်သွားသည်။ လွန်ခဲ့သည့်ရက်ပတ် အတွင်း သူစိုက်ထားခဲ့၊ ပျိုးထားခဲ့ပုံကို ပြသည်။ ကျောက်ထူသော မြေကွက်ကလေး၌ သပ်သပ်ရပ်ရပ် အကွက်ချ စိုက်ပျိုးထားသည့် ဟင်းသီး ဟင်းရွက် အခင်းကလေး။ "ဘယ်သူက မြေတူးပေးသလဲ" "ကျွန်မပဲ တူးတာပေါ့"
ကော်ရာ က ရွှင်ရွှင်မြူးမြူး ရယ်လိုက်၏။
"မပင်ပန်းလွန်းဘူးလားကွယ်။ အိမ်အလုပ်က တစ်ဖက်။ ချက်ရပြုတ်ရတာက တစ်ဖက်။ ပြီးတော့ ဒေးဗစ် ကလည်း ရှိသေး" "အို မပင်ပန်းပါဘူး။ ကျွန်မ အားရှိပါသေးတယ်။ ကျွန်မက ပန်းခြံဆိုရင် သိပ်ကြိုက်တာ"
ကော်ရာ က သူ့ကို ရှက်စနိုးကြည့်ကာ ... "ပန်းခြံလုပ်ဖို့ဆိုတာ ကျွန်မမှာ ဘယ်တုန်းကမှ အခွင့်ကြုံခဲ့ဖူးတာမှ မဟုတ်တာ" ဟု သည်းလှိုက် အူလှိုက်ပြောသည်။
ကော်ရာ မီးဖိုဆောင်ထဲ ၀င်သွားချိန်တွင် ဟင်နရိပေ့က ပန်းခြံလမ်းကျဉ်း ကလေးပေါ် ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ မကြာလိုက်မီမှာပင် ကော်ရာက နောက်ဘက်တံခါးမှ သူ့ကို လှမ်းခေါ် သည်။
အိမ်ရှေ့ခန်း တွင် စားပွဲခင်း ထားသည်။ ခ၀ါကျ သန့်သန့်ပြန့်ပြန့် အ၀တ်လွှမ်းထားသည်။ သူ ပေးထားသည့် ဇွန်းခက်ရင်း များ၊ ဓားများ၊ ကြွေပန်းကန်များကို မြင်သာထင်သာ ခင်းကျင်းထား သည်။ ကြက်ကောင်လုံးကြော် ကလည်း ပန်းကန်ထဲတွင် ကျွတ်ကျွတ်ရွရွ၊ ၀င်းဝင်းပပ။ ကော်ရာ လုပ်သမျှ ပိုင်ပိုင်နိုင်နိုင် ရှိပုံကို ပြနေသလို။
သူတို့ စောင့်နေခိုက်မှာပင် အပေါ်ထပ်မှ ဓာတ်စက် ဂီတသံတိတ်သွားသည်။ ခဏအကြာတွင် ဒေးဗစ် ဆင်းလာသည်။ ခါတိုင်းလိုပင် မျက်နှာထားက ခပ်တန်းတန်း။ သို့သော် စိတ်ကောင်းဝင်နေ ပုံကို ပေ့ချက်ချင်း သတိထား မိလိုက်သည်။ ကျန်းမာပုံ လည်း ရသည်။ လည်ဖုံးဆွယ်တာအင်္ကျီနှင့်။ သားရေရောင် ပိတ်ထူဘောင်းဘီနှင့်။ စုတ်ဖွာနေသော သားရေပျော့ဖိန်ပနှင့်။ ကြောင်စီစီ ၀တ်ဆင် ထားသော်လည်း တကယ့် လူခန့်ချောကြီးပေပဲ ဟု ဘယ်သူမှ မတွေးမိဘဲ မနေနိုင်။ ဒေးဗစ်က ကော်ရာလိုပင် အရပ်အမောင်း အလွန်ကောင်းသည်။ ပိန်ပင် ပိန် လွန်းနေသည်။ ဆံပင်က ရွှေဝါရောင်။ အသားက လတ်လတ်။ သွားက ညီညီ။
"အလုပ် ပြီးရဲ့လား" ဟင်နရီ က သားကို မေးသည်။ ကော်ရာက ကြက်ကြော်လှီးနေသည်။
"အတော် ဟန်ပါတယ်"
ကော်ရာ က ကြက်ရင်အုပ်၊ ဂေါ်ဖီပြုတ်၊ အားလူးမွှေများဖြင့် စားချင့်စဖွယ် ပြင်ဆင်ထားသည့် ပန်းကန်ကို လှမ်းပေး သည်။ ဒေးဗစ်က ပန်းကန်ကို ခဏကြည့်ပြီး အမှတ်မထင်ပင် ခက်ရင်းကို ကောက်ကိုင်လိုက်သည်။
"အက်စွက် ဖစ်ဂျရယ် ရဲ့ အတ္ထုပ္ပတ္တိသစ်တစ်အုပ် အဖေတို့ဆီ ရောက်လာတယ်"
ဒေးဗစ် က မျက်မှောင်ချီလိုက်၏။ "သားကြည့်ချင်မလားလို့" ပေ့က မယုံမရဲ သဲ့သဲ့ပြောသည်။ ဒေးဗစ်က သူ့အဖေ ကို သရော်တော်တော် ပြန်ကြည့်သည်။
"သဘောကြိုက်ညီ
မကြိုက်ညီသော
မပြောသာသည်
ဂူလီအလား
ကစားသူတို့
ရိုက်ပို့လိုက်ရာ
ဟိုမှာသည်မှာ
သွားလာရောက်ရက်"
ဆိုတဲ့ ကဗျာမျိုးတွေရေးတဲ့ အရှေ့အင်္ဂလန်က မဟာမက်အနွယ်တော်ကို အဖေ ကြိုက်တယ်ဆိုတာ တော့ လာပြော မနေနဲ့နော်" ပေ့က မချိပြုံး ပြုံးသည်။ သားတော်မောင်က ဆရာလုပ်နေခြင်းကို သူ အရေးမစိုက်။
သူ့သားက အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ဂုဏ်ထူးပထမဆင့်နှင့် သီသီကလေး ကပ်လွဲခဲ့သည့် ဂန္ထ၀င်စာပေ ပညာရှင်တစ်ဦးဖြစ်၍ ထိုသဘောထားကို ပြောပိုင်ခွင့် ရှိသည်။ ဟင်နရီပေ့၏ ပညာရေးမှာမူ သူ့အဖေ နာမကျန်း မှုကြောင့် စကောစက ဖြစ်ခဲ့ရသည်။ စာအုပ်စာတမ်းမှန်သမျှကို မလွတ်တန်း ဖတ်ရှုခြင်းဖြင့် ကိုယ့်ဒူးကိုယ်ချွန် အသိပညာ အဆင့် မြှင့်ခဲ့ရသည်။ အက်ဒင်ဘာရာ တက္ကသိုလ်တွင် ပညာသင်ခဲ့ရသည်မှာလည်း နှစ်နှစ်ထက် မပို။ သူ့ အဖေက ထိုတက္ကသိုလ်တွင် ပညာသင်ခဲ့ဖူး သည်။ ထို့ကြောင့် သူ့ကိုလည်း ထိုတက္ကသိုလ်သို့ပင် ဇွတ်အတင်း ပို့ခဲ့ခြင်း ဖြစ်သည်။
"အိုမာခေယမ် က သိပ်မဆိုးလှပါဘူးကွယ်"
ပေ့က သာယာညင်းပျောင်းစွာ လျှောက်လဲချက်ပေးသည်။
"ရပ်စကင်တောင် သူ့ကို ကြိုက်သေးတာပဲ"
ဒေးဗစ် က ရှုံ့မဲ့မဲ့ မျက်နှာထားဖြင့် အာရပ်စကားလုံးတွေ ကို တသီကြီး ရွတ်နေလေသည်။
"အဲဒါ အိုမာခေယမ်ကြီး ကို မြင်တဲ့ ကျွန်တော့်အမြင်ပဲ"
"အဓိပ္ပာယ် က ဘာတဲ့လဲ"
ကော်ရာက ၀င်မေး သည်။
"မင်းကို မှ ငါ ကောင်းကောင်း မသိတာ ဘယ်ပြောနိုင်ပါ့မလဲ"
ဒေးဗစ် က ပြောပြောဆိုဆို တဟားဟား ရယ်ချလိုက်လေသည်။
ဟင်နရီပေ့က သူ့သားကို မယုံသင်္ကာ ကြည့်သည်။ သို့သော် သူ့သား တစ်ယောက်တည်း ခေါင်းငိုက်စိုက်ထိုင် လက်နှစ်ဖက် ပေါင်ကြားညှပ်၊ ကြမ်းပြင် စိန်းစိန်းကြည့်နေလေ့ ရှိသည့် နေ့ရက် များ ကို ပြန်ပြောင်းအမှတ်ရမိသည်။ ထိုအခါ ရယ်မောနေသည်က တော်သေးဟု စိတ်သက်သာရာ ရမိလေသည်။
ဒေးဗစ် အဖို့ အကာလ ညအခါများသည် ပိုဆိုး၏။ တစ်မှေးမျှ မအိပ်ရ။ ညတာများသည် ဆုံးနိုင် သည်မရှိ။ မသိရသော ရန်သူ ကို စိုးရွံ့သော အကြောက်တရားက ဖိစီးမြဲ။ သူ့စစ်မှုထမ်းကာလသည် ဆိုးဆိုးဝါးဝါး မဟုတ်။ ဂရိကျွန်း တွင် သူ ပါဝင် တိုက်ခဲ့၏။ တပ်ဆုတ်ချိန်တွင် ၀မ်းကိုက်ရောဂါစွဲခဲ့၏။ စစ်ထဲ၌ ပင်ပန်းခဲ့ရခြင်းကြောင့် စိတ်ထိခိုက် လွယ်သော ဝေဒနာ စွဲကပ်လာခဲ့၏။ အောက်စ်ဖို့ဒ် တက္ကသိုလ် တက်သည်အထိ ထိုဝေဒနာ ကပ်ပါ လာခဲ့၏။ လွန်ခဲ့သည့် တစ်နှစ်ခွဲကမူ စိတ်ကယောင် ချောက်ချား ဖြစ်လာတော့သည်။
ဒေါက်တာဘတ်က ဒေးဗစ်တွင် ငယ်ငယ်ကတည်းကပင် စိတ်မနှံ့သော သဘောရှိခဲ့သည်ဟု ဆိုသည်။ ဟင်နရီပေ့ လက်မခံနိုင် ခဲ့။ ထိုအယူအဆကြောင့်ပင် တစ်သက်လုံး ခင်မင်ခဲ့သည့် ရင်းနှီး မှုမှာ ပျက်မတတ် ပင် ဖြစ်ခဲ့ရသေး၏။ သို့သော် ယခုမူ မထူးသလောက် ဖြစ်နေလေပြီ။
ဒေးဗစ် စိတ်အားထက်ထက်သန်သန် ဖြစ်နေပုံကို ကြည့်ရင်း ထူးခြားသလောက် ကံကောင်း ထောက်သော သူ့အိမ်ထောင်ရေး က သူ့ဘ၀ကို ကယ်တင်ခဲ့တာပါကလားဟု ဟင်နရီပေ့ စဉ်းစားမိ၏။
ဆေးဝါးကုသ ရန် စကာဘာရာမြို့သို့ ဒေးဗစ် သွားနေခဲ့ရသည်။ ထိုမြို့ဆိပ်ကမ်း၌ ကြုံကြိုက်ခဲ့သည့် အမှတ်မထင် ဆုံဆည်းမှုကလေးတစ်ခုကြောင့် ဒေးဗစ် စိတ်ပြန်မှန်လာသည်။ အနာဂတ်အတွက် ယုံကြည်ချက်ဖြင့် စိတ်ထိန်း လာနိုင်သည်။ ဘယ်တုန်းကမဗ၊ ဘယ်မိန်းမကိုမှ ဒေးဗစ် ဟုတ်တိပတ်တိ အာရုံမကပ် ခဲ့။ သူ့အသိဥာဏ်နှင့် ဖီလာဖြစ်သော ပညာမဲ့ မိန်းမသားတစ်ဦးအပေါ် အာရုံငြိဖို့ ကားဝေစွ ခြောက်ပါး။ ထို့ကြောင့် နှစ်ထပ်ကွမ်း ဆန်းကြယ်နေတော့၏။
သို့ရာတွင် ကော်ရာ၏ စာမတတ် ပေမတတ်အဖြစ်ကြောင့်ပင် နီးစပ်ရန် အကြောင်းဖန်လာခြင်း လည်း ဖြစ်နိုင်ပေ ၏။ အသူတစ်ရာ ချောက်ထဲကျနေ၍ လက်လှမ်းမီရာ မာယာေ၀၀ုစ် အကင်းရှင်း ဆုံးသတ္တ၀ါကလေးကို အလိုလို လှမ်းဆွဲမိခြင်း လည်း ဖြစ်တန်ရာ၏။ သူ လှမ်းဆွဲခဲ့သည့်လက်သည် ကော်ရာ၏ လက်ဖြစ်နေခြင်းမှာ ကံအကြောင်း လှလေစွ။
စားသောက်ပြီး၍ ကော်ရာ စားပွဲသိမ်းသည်။ ပေ့နှင့် သားဖြစ်သူတို့ ပြတင်းပေါက်နားတွင် ထိုင်ပြီး စကားပြောကြသည်။ ခါတိုင်းဆိုလျှင် ဒေးဗစ်က သူ့အလုပ်အကြောင်းကို မေး၍ စမ်း၍ မရ။ ယနေ့တော့ မျိုသိပ်ချုပ်တည်း မှုတွေ ဘယ်လွင့်ကုန်လေသည်မသိ။ စိတ်ရွှင်သည်။ နှုတ်သွက်သည်။
စစ်အတွင်းက သူ ရေးခဲ့သည့် အစမ်းစာများအနက် "ညဥ့်မင်းမူရာဒေသ" အမည်ရှိ အစမ်းစာများကို မာကြူရီဒဖရန့် စာစောင်က ဘာသာပြန် ဖော်ပြကြောင်း အယ်ဒီတာထံမှ ရေးပို့သော ချီးကျူးစာကို ထုတ်ပြသည်။ သူ့အစွမ်းအစကို အသိအမှတ်ပြုသည့် ဤစာသည် ဒေးဗစ်အဖို့ အားဆေးတစ်ခွက် ဖြစ်သည်။ ပေ့အဖို့လည်း အားပေးမှုတစ်ရပ်ပင် ဖြစ်ပေတော့၏။ ဥတ္တရအလင်းကို ပြောင်ပြောင် မြောက်မြောက် သတင်းစာ ဖြစ်လာစေရန် ပေ့က ဒေးဗစ်ကို သူနှင့်အတူ အမြန်လာ၍ အလုပ်လုပ်စေချင်သည်။
သားအဖနှစ်ယောက်အတူ လမ်းလျှောက်လေ့ရှိသည်မှာ ထုံးစံလို ဖြစ်၏။ ယနေ့ နေ့လယ်တွင်မူ ဒေးဗစ် အပေါ်ထပ်ပြန်တက်ပြီး အလုပ်လုပ်သည်။ နောက်တစ်နေ့တွင် ပြန်အပ်ရမည့် လန်ဒန် စာကြည့်တိုက်မှ စာအုပ်တစ်အုပ် ကို အချိန်ပြည့် လေ့လာချင်သည်ဟု ဆိုသည်။ ကော်ရာကတော့ အပေါ်အင်္ကျီပင် ၀တ်ပြီးနေပြီ။ ထို့ကြောင့် ကော်ရာနှင့် ပေ့တို့ ဆိပ်ကမ်းဘက်သို့ ထွက်လာခဲ့ကြ သည်။
အစတော့ သူတို့ စကားမပြောကြ။ ကော်ရာက တိတ်တိတ်ဆိတ်ဆိတ်နှင့် အဖော်ရသည်။ ထို့ကြောင့် ဟင်နရီပေ့ အဖို့ နှစ်ပေါင်း များစွာ သိရှိပေါင်းဖက် လာသူပမာ ခင်တွယ်ရသည်။ သဲခုံကို ကျော်တော့ ပင်လယ်မှော်ခြောက် များ အပေါ် မှ နင်းသွားရသည်။ လှိုင်းကာတံတိုင်းဘက်သို့ ချိုးကွေ့လျှောက်ကြသည်။ ကော်ရာက ပေ့ လက်ကို ကိုင်ထားသည်။ ပျော်ပျော်ကြီး ပင်လယ် လေညင်းခံနေသည်။
"အင်္ကျီထူထူ ၀တ်ခဲ့ဖို့ ကောင်းတယ်ကွယ်"
ပေ့က ကော်ရာ ၀တ်လာသည့် သက္ကလပ်အင်္ကျီခပ်နွမ်းနွမ်းကို သတိထားမိလိုက်သည်။
"ကျွန်မတော့ နည်းနည်း မှ မချမ်းပေါင်။ ဒီကိုလာရတာ မပျော်ဘူးလား" ဟု ပြန်မေးသည်။
"ပျော်တာပေါ့" ပေ့က ဖြေသည်။
ထိုစကားမှာ ကော်ရာအဖို့ အားဆေးတစ်ခွက်ပမာ ဖြစ်လေသည်။ လူသူကင်းရှင်းနေ သော ဆိပ်ခံတံတား အဆုံးရှိ သက်ကယ်လှေစခန်းထဲ၌ သူတို့ လေခိုကြသည်။ ပင်လယ်စင်ရော်ကြီးများ ပျံဝဲထိုးသုတ်နေဟန်ကို ကြည့်နေကြသည်။ ပင်လယ်ထဲတွင် လှိုင်းကြမ်းနေ၏။ လှိုင်းလုံးများပေါ်မှ ဖြတ်တိုက်လာသော လေသည် ငန်ငြိငြိ စပ်ဖျဉ်းဖျဉ်း ဖြစ်နေ၏။ ဤနေရာမျိုးတွင် ထာဝစဉ် နေရ နေရ နေသွားနိုင်သည်ဟူသော ဆန်းဆန်းကြယ်ကြယ် ခံစားမှု တစ်ခု ပေ့၏ စိတ်ထဲတွင် ပေါ်လာ၏။ ခဏကြာမှ စကား စပြောသည်။
"မင်း ဒေးဗစ် အပေါ် အများကြီး ကောင်းရှာပါပေတယ်ကွယ်"
"သူက ကျွန်မအပေါ် ကောင်းတာပါ"
ကော်ရာ က သွက်သွက်ပြန်ပြောသည်။ ကော်ရာက စကားခဏ ရပ်ထားသည်။ ပေ့ကို ကြည့်သည်။ ပြီးတော့ အဝေး သို့ ငေးနေလိုက်သည်။
"ကျွန်မတို့ တွေ့စကတော့ ကျွန်မလည်း ဒီလောက် မပျော်လှပါဘူး"
ထိုစကားဖြင့် ကော်ရာက သူ့ကို နှစ်နှစ်ကာကာ အလေးအမြတ် ပြုသည်ဟု ဟင်နရီပေ့ ယူဆသည်။ ကရားရေလွှတ် တတွတ်တွတ် ပေါက်ကရပြောတတ်သည့် မိန်းမအကျင့်ကို သူ စက်ဆုပ်သည်။ ကော်ရာကိုမူ ထိုအကျင့် မရှိခြင်း၊ နှုတ်သိုသိပ်ခြင်းကြောင့် တွေ့စကတည်းကပင် နှစ်သက်ခဲ့သည်။ ကော်ရာ့တွင် အမြတ်နိုးခံချင် စိတ်၊ ယောက္ခမ မိသားစုအပေါ် တွယ်တာလိုစိတ် များ ရှိကြောင်း သတိထားမိသည်။ အတိတ်ကာလ က ဆင်းရဲဒုက္ခရောက်ခဲ့ရခြင်းကို လှစ်ပြနေခြင်း ဖြစ်လေသည်။
နောက်ပိုင်းတွင် ကော်ရာက သူ မိတဆိုး ဖတဆိုး ဖြစ်ခဲ့ရပုံ၊ လန်ဒန်မြို့တွင် အဒေါ်ထံ ကပ်နေခဲ့ရပုံ၊ ကိုယ့်ဝမ်း ကိုယ်ကျောင်းခဲ့ရပုံများကို ပြောပြ သည်။ ဘ၀ဇာတ်ကြောင်းလှန်သည်။ ကိုယ့်ကိုယ်ကိုယ် အသနားပိုပုံ တစ်စွန်း တစ်စ မျှ မပြ။ သို့သော် လက်ရှိ ပျော်ရွှင်ကြည်နူးမှုကြား၌ပင် အတိတ်က ၀မ်းနည်းကြေကွဲရမှုကား သဲ့သဲ့မျှပင် ဖြစ်စေကာမူ သိသိသာသာ ပဲ့တင်ထပ်နေလေ၏။
"တစ်ကောင်ကြွက် လို ဖြစ်နေခဲ့တာပေါ့လေ"
"ဟုတ်ပါတယ်"
ကော်ရာက ဖြေသည်။
"အဲဒီ သဘောပါပဲ"
လေပြင်းကျ လာ၏။ ပေ့က ကော်ရာ့ပခုံးပေါ် လက်တင်ပြီး ထိန်းပေးထားသည်။
"ငါတို့ မင်းကို ဘယ်တော့မှ အဲဒီလို မဖြစ်စေချင်တော့ပါဘူးကွယ်။ တို့မိသားစုထဲက ရောက်နေပြီပဲ။ အထီးကျန်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး။ အဲလစ်က မနေ့ကပဲ အဲဒါကို ပြောနေသေးတယ်။ ဒေးဗစ်ရယ်၊ မင်းရယ် ဒီမှာချည်း နေနေရတာ တစ်ခါတလေ ပျင်းစရာကောင်းမှာပဲလို့ သူ ထင်နေတယ်။ တစ်ခါတလေ ဟက်ဒယ်လ်စတန် ကို မင်းလာဖို့ ကောင်းတယ်။ နှစ်ယောက်စလုံး ပေါ့။ ကပွဲလေး ဘာလေးလာကြပေါ့"
"ကျွန်မ က ကတာခုန်တာ သိပ်စိတ်မပါပါဘူး"
ကော်ရာက ပြောသည်။ သူ့ပြောပေါက်ဆိုပေါက်က ခပ်ဆန်းဆန်း ဖြစ်နေမည်စိုးသည့်အလား စကား ဖြည့်ပြော သည်။
"ဒေးဗစ်ကလည်း စိတ်မပါ ပါဘူးလေ။ သူက အဲဒီလိုလူစားမှ မဟုတ်တာ"
"ဒါဖြင့်လည်း ပြဇာတ်တို့ ဘာတို့ပေါ့။ ဂီတပွဲကော"
ကော်ရာက သူ့ဘက်လှည့်လိုက်၏။
"ကျွန်မ ဒီမှာ ပျော်တယ်။ တိတ်တိတ်ဆိတ်ဆိတ်နေရတာ ကြိုက်တာပဲ။
ညတိုင်း အိပ်ရာထဲ မှာ ဆိုရင် ..."
စကားမှား သွားသလို ကော်ရာ ရှက်သွေး ဖြန်းသွားသည်။ ပြီးမှဆက်ပြောသည်။
"အိမ်ကို လေတိုးနေတဲ့အခါ လှိုင်းသံတွေကို ကြားနေရတာပဲ။ ရဲတိုက်ကြီးထဲမှာ နေရသလိုပဲ။ ကျွန်မတော့ စလီဒန် ကို ဘယ်နေရာနဲ့မှ မလဲနိုင်ဘူး"
"ကဲ ပြန်ဖို့ အချိန်တော်ပြီ"
ကားရှိရာ သို့ သူတို့ရောက်ချိန်တွင် အိမ်ခေါင်ခန်းဆီမှ ဓာတ်စက်ဖွင့်သံ ကြားရသည်။ ဘရွတ်ခနာ၏ အီးဖလက်မေဂျာ စတုတ္ထဆင်ဖိုနီပင် ဖြစ်ဟန်တူသည်။ ဒေးဗစ် စိတ်ကူးစိတ်သန်း ရှာနေသည်မှာ သေချာသည်။ ထို့ကြောင့် ပေ့ အိမ်ပေါ်မတက်တော့။
ဟင်နရီပေ့ က လကုန်တိုင်း ပေးနေကျ စာအိတ်ကို ကော်ရာ၏ ဘေးအိတ်ထဲသို့ မသိလိုက် မသိဘာသာပင် ထိုးထည့် လိုက်သည်။ မျက်လှည့်ဆရာ ဖဲချပ် ဖျောက်ပြသလို ကျွမ်းကျွမ်းကျင်ကျင် ထည့်နိုင်အောင် သူ ကြိုးစားသည်။ သို့သော် စာအိတ်ထည့်တိုင်း အမြဲတန်းပင် နည်းနည်းတော့ သူ အနေခက်သည်။ လှီးလွှဲစကား လေးများကိုလည်း အဆစ်ထည့်ပြောရသေးသည်။ လူငယ်တွေမှာ မာနရှိသည်။ သို့သော် နေရေးစာရေး က ရှိသေးသည်။ ယခုအကြိမ် သူပြောသည့် စကားမှာ ...
"မင်းပန်းခြံ ကလေးအတွက် ပန်းမျိုးစေ့ဖိုး"
ကော်ရာက မရယ်မပြုံး။ ပါးရိုးမြင့်မြင့်၊ ပါးပြင်ချိုင့်ချိုင့် ကော်ရာ့မျက်နှာက်က ထူးထူးဆန်းဆန်း မျက်ထားနှင့်။ လေပြင်းကြောင့် ကော်ရာ့မျက်လုံးများတွင် မျက်ရည်လည်နေသည်။ ဆံခွေ ကလေးတစ်ခုက မျက်ခုံးပေါ်ဝဲနေသည်။
"ကျွန်မတို့ အပေါ် ဦးတို့ မိသားစုအားလုံး သိပ်ကောင်းကြပါတယ်။ အထူးသဖြင့် ဦးက ကျွန်မအပေါ် သိပ်ကောင်း ပါတယ်။ ကျွန်မကို ... ကျွန်မကို ..."
ကော်ရာ စကားမဆက်နိုင်။ ပေ့အနီးသို့ ရုတ်တရက် ကပ်လာသည်။ ပေ့၏ ပါးပြင်ကို ဖျတ် ခနဲ နှုတ်ခမ်းဖြင့် တေ့နမ်း လိုက်သည်။
ပေ့သည် ဟက်ဒယ်လ်စတန်သို့ ဖြည်းဖြည်းဆေးဆေး ကားမောင်းပြန်လာသည်။ ထိုအယုအယ ကလေး ကို ပြန်တွေးရသည်မှာ အိမ်ရောက်သည်အထိ ရင်ဝယ်တသိမ့်သိမ့် ဖြစ်နေလေတော့၏။
(၃)
တနင်္လာနေ့သည် အမြဲအလုပ်ရှုပ်သောနေ့။ ရက်အားအတွင်း သတင်းတွေ စုပုံနေခဲ့သည်။
ဟင်နရီပေ့တိုက်သို့ စောစောရောက်နေသည်။ အပေါ်သို့ မတက်သေး။ သတင်းဌာနသို့ ၀င်သွား သည်။ သတင်းသမားများ အလုပ်လုပ်ရာ သတင်း ဌာနသည် ကျောက်တုံးခင်းထားသော ကွက်လပ်ဘက်သို့ မျက်နှာမူ ထား၏။ အခန်းကျယ်၏။ ဟောင်းတော့ ဟောင်းနေပြီ။ သို့သော် အလင်းရောင် ကောင်းကောင်းရသည်။
အဆောက်အအုံ က မကျယ်လှ။ ပုံနှိပ်စက်များထားသည့် ကပ်လျက်တိုက်ကို ငှားထား၍သာ ဤမျှ ကျယ်ခြင်း ဖြစ်၏။ ခေတ်လည်း မမီတော့။ သို့သော် နှစ်ပေါင်းများစွာ ဤအတိုင်းပင် ရှိနေခဲ့သည်။ သူ့အတွက် အဆင်ပြေ သည်။ သူကလည်း သဘောကျသည်။
လက်ထောက်အယ်ဒီတာ ပီတာဖန်းဝစ်က သတင်းမြည်းအယ်ဒီတာ ဖရန့်နှင့်အတူ အေပီတယ်လီ ပရင်တာ သတင်းဖမ်းစက် အနီးတွင် ရပ်နေသည်။
"အီဂျစ်သတင်း ဘာလာသေးသလဲဟေ့" ဟင်နရီပေ့က မေးသည်။
"စူးအက် တူးမြောင်းကတော့ ပိတ်ထားတုန်းပဲ ခင်ဗျ" ဖန်းဝစ်က ဖြေသည်။
"အမေရိကန်တွေလည်း ဖောင်ကြီးတွေ ဆယ်ခွင့်မရကြသေးဘူး။ ဆော့ဘုရင်နဲ့ အိုက်ဆင်ဟောင်ဝါ ဆွေးနွေးနေကြပြီ။ ဂျက်လေယာဉ်တွေ နဲ့ ကာဒီလက် ကားတွေ တောင်းနေတယ်။ နတ်ဆာ ကတော့ သြဇာသုံးနေတုန်းပဲ။ အစ္စရေးကလည်း မလှုပ်ဘူး။ ဗြိတိန်မှာ ရေနံပြတ်နေပြီ။ ၀န်ကြီးချုပ်အီဒင် ပနားမား ရောက်သွားပြီ" ပေ့ ခပ်မဆိတ် နားထောင်နေ၏။ စကားလုံးတိုင်းသည် အနာဟောင်းကို ဆွ သလို ဖြစ်နေလေ သည်။
"ပြည်တွင်း သတင်းကကော"
"ဘဲလ်ဖက်စ်က ကြောက်စရာ သတင်းကြီးလာတယ်။ နှစ်လောင်းပြိုင် သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သွားတဲ့ သတင်းခင်ဗျ။ မိန်းမ ရယ်။ ကြာခိုသမားရယ်။ လင်ရယ်။ အားလုံး လည်ပင်းပြတ်နေ ကြသတဲ့"
ပေ့က သတင်းကို ဖတ်ကြည့်သည်။ သတင်းအချက်အလက်များမှာ တကယ့်ကြောက်စရာ လန့်စရာပင်။
"ဖြုတ်လိုက်ကွာ" ပေ့က ပြောသည်။ "ကျောဖုံးမှာ တစ်ပိုဒ်လောက်ထည့်လိုက်ရင် မကောင်းဘူးလား"
ဖန်းဝစ် က အကြံပေးသည်။
"တစ်ကြောင်းမှကို မထည့်နဲ့" ကျန်သတင်းများ ကို အမြန်ကျော်လွှားဖတ်ကြည့်သည်။ ဆွဲဆွဲဆောင်ဆောင် မရှိလှ။ အာရှ အနောက်ပိုင်း အခြေအနေက ပိုဆိုးလာသည်။ ဆိုက်ပရပ်တွင် ဆူပြန်ဦးတော့မည်။
"တခြား ဘာရှိသေးတုန်း" ပေ့က မေးသည်။ တယ်လီပရင်တာ သတင်းဖမ်းစက်မှ သတင်းများကို "မြည်း" ကြည့်ပြီး အရှေ့မြောက်ပိုင်းဒေသနှင့် သက်ဆိုင်သည့် သတင်းများကို ရွေးရသည့် ဖရန့်က ...
"ဒီသတင်း ဘယ်နှယ့်နေမလဲ" ဟု မေးသည်။ သတင်းမှာ စနေနေ့ညပိုင်း လွှတ်တော်သတင်း ဖြစ်၏။ ခဲတံပြာနှစ်ချက် ခြစ်ထားသည်။ "အရှေ့မြောက်ပိုင်းဒေသ မဲဆန္ဒနယ် အမတ် မစ္စတာ ဘာနေးကိတ်ဒီမတ်စ် ၏ မေးခွန်းကို အစိုးရ ကိုယ်စား မစ္စတာ ဖိလစ်လက်စတာက ဖြေကြားရာတွင် အင်အားယူ စီမံကိန်းဟု အမတ်မင်း ခေါ်ဝေါ်သမုတ်သည့် ကောလာဟလများသည် အခြေအမြစ် မရှိ။ အရိပ်မပြ အကောင် အထင်သော ကောလာဟလများသာ ဖြစ်ကြောင်းဖြင့် ပြောကြားသွားသည်။
"အင်အာယူ စီမံကိန်း ဟုတ်လား"
ဟင်နရီပေ့က ပုစ္ဆာထုတ်သလို မေးသည်။ အယ်ဒီတာများကို တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေသည်။
"တစ်ခါမှတော့ မကြားမိပါဘူး" ဖန်းဝစ်က ပြောသည်။
"အင်အာယူ" ဖရန့်က မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။
"နေရှင်နယ် ရေးရုတ် ယူနီယန်လား" "မဖြစ်နိုင်ပါဘူး" ဖန်းဝစ်က ဖြေသည်။ "သတင်းမှားနဲ့ တူပါတယ်။ ဒီ ကတ်ဒ်မတ်စ်ဆိုတဲ့လူက လျှာဦးတည့်ရာ စွတ်ပြောတဲ့လူ" ပေ့က သတင်းစာရွက်ကို ပြန်ပေးလိုက်သည်။
"ဘာပဲ ဖြစ်ဖြစ်လေ။ သတင်းဆက်လက်ဖို့ တစ်ယောက်တော့ ချထားလိုက်။ မင်းပေးနိုင်ရင် လူးဝစ်ကလေးကို ချပေးလိုက်" ပေ့သည် သူ့အခန်းသို့ တက်သွားသည်။ သူ့အတွင်းရေးမှူးလည်းဖြစ်၊ ဖြန့်ချိရေး လုပ်ငန်းကို တွဲကိုင်သူလည်း ဖြစ်သည့် မစ်မော့ဖတ်က စာများကို ရွေးနေသည်။
မစ်မော့ဖတ် သည် အသက်ကကြီးကြီး၊ ရုပ်ရေက ရွက်ကြမ်းရေကြို။ အငြိမ်းစား ကျောင်းဆရာမကြီး နှင့် တူ သယောင်ယောင်။ အသားအရေက အရောင်အဆင်းမရှိ။ ဆံပင်က ဖြူကြောင်ကြောင်။ နွေရော ဆောင်းပါ ရာသီမရွေး မီးခိုးရောင် ဂါဝန်၊ မီးခိုရောင် သိုးမွေးအင်္ကျီကိုသာ ၀တ်လေ့ ရှိသည်။
သတင်းစာတိုက်တွင် မရှိမဖြစ်သူ။ တောက်တိုမယ်ရရော အရေးကြီးကိစ္စပါ မညည်းမညူ အားလုံး ကျုံးလုပ်သူ။ လွန်ခဲ့သည့် နှစ် ၃၀ကျော်က ဟင်နရီပေ့၏ ဖခင် ရောဘတ်ပေ့ခန့်ခဲ့၍ သတင်းစာ တိုက်တွင် စတင်လုပ်ကိုင်ခဲ့သည်။ သူက ဟင်နရီပေ့ကို အဖေ့အရိုက်အရာ ဆက်ခံသူအဖြစ် ဘယ်တော့မှ သဘောမထား။
ယနေ့နံနက်တွင် မစ်မော့ဖတ် ၏ အမူအရာက သိသိသာသာ "ငူ" နေသည်။ သူ့စိတ်ထဲတွင် တစ်ခုခု တော့ ရှိနေပြီဟု ပေ့ ချက်ချင်း သိလိုက်သ်ည။ ပေးစာများကို ပေ့ ဖတ်နေစဉ် မော့ဖတ်က စောင့်နေ သည်။ စာထုပ်များမှ ကြိုးကလေးတစ်စကို ဆွဲယူပြီး အထုံးကလေး လုပ်နေသည်။ ကြိုးများ၊ စက္ကူ ဖြတ်စများ၊ မသုံးရသေးသော တံဆိပ်ခေါင်းများ စသည့် အသေးအဖွဲများကို ချွေတာရေး မလုပ်ရ မနေနိုင်။ ပေ့က လက်ရေးကို မလိုက်ခိုင်းမီ မော့ဖတ် က စကားစပြောသည်။
"သူ ဖုန်းဆက်ပြန်ပြီ" "ဘယ်သူလဲ" "ဆမ်မာဗီးလ်ပေါ့" ဟင်နရီပေ့က သူ့ကို တအံ့တသြ ပြန်ကြည့်နေသည်။
"ဘာပြောချင်တာတဲ့လဲ" "ရှင်နဲ့ပြောချင်တာတဲ့။ ဆာရီးမြို့ကနေ ဖုန်းခေါ်တာ။ မကန်၇နာရီခွဲပဲ ရှိသေးတယ်။ ရှင်မရှိသေးဘူး ဆိုတာ သိပုံရပါတယ်။ ကျွန်မက ရှင် မရောက်သေးဘူးလို့ ပြောတော့ မှာစရာလေး ပြောထားခဲ့ တယ်" "ဒီတော့" မစ်မော့ဖတ်က မှတ်စုစာအုပ်ကို ထုတ်သည်။ လက်ရေးတိုဖြင့် လိုက်မှတ်ထားသည့် မှာကြားချက် ကို ဖတ်ပြသည်။
"ကျေးဇူးပြု၍ မစ္စတာပေ့အား ကျွန်တော် မေတ္တာပို့ကြောင်း ပြောကြားပါရန်။ လာမည့်ရက်ပတ်တွင် ကျွန်တော့် ထံမှ တာဝန်ခံပုဂ္ဂိုလ်နှစ်ဦးအား လာရောက်တွေ့ဆုံခွင့်ပြုလျှင် အလွန်ဝမ်းသာ ကျေးဇူး တင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားပါရန်" ပေ့ ငြိမ်နေသည်။ ပြီးမှ စဉ်းစားချိန်ရစေရန် ...
"တစ်ခေါက် ပြန်ဖတ်စမ်းပါဦး" ဟု ခိုင်းသည်။
မော့ဖတ် က ပြန်ဖတ်သည်။ နောက်တစ်ခေါက် ပြန်ဖတ်မှ လွန်လွန်ကျွံကျွံ ယဉ်ကျေးဖော်ရွေသံ ပိုပေါ်လာသည်။ စနေနေ့ ကတည်းက သူ့ကို စိတ် စနောင့်စနင်း ဖြစ်နေစေခဲ့သည့် ဤနဝေတိမ် တောင်ကိစ္စသည် အရှိန်ကောင်းကောင်းဖြင့် သူ့ဆီ ပြန်ရောက်လာပြန်သည်။ သူ့စိတ်တွင် မသိမသာ ကြောင့်ကြမှု ၀င်လာသည်။
"ခင်ဗျား ဘယ်လို ထင်သလဲ"
မစ်မော့ဖတ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ ခေါင်းကို တူးတူး ခါးခါး ဆတ်ခနဲ ခါလိုက်၏။
"ဥတ္တရအလင်း ကို ၀ယ်ချင်နေတာပေါ့" ဟု ပြောလိုက်၏ဒ။
"ဟုတ်တယ်။ သူက ဒီသတင်းစာကို ရောင်းမယ် ထင်နေတာ။ သူ သတင်းကြားမှားနေတာကို ကျွန်တော်လည်း ပြောပြီးသားပဲဟာ" "သူက မှားတတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး"
"အင်းလေ။ ခင်ဗျားပြောတာ ဟုတ်ရင်တောင်မှ အကြောင်းကတော့ မထူးပါဘူး။ သူက အတင်း ၀ယ်ချင်တယ်။ ကျွန်တော်က အရှင်းမရောင်းချင်ဘူး။ ဒါပဲပေါ့"
"ဒီလောက်ကို ရှင်းတာပဲလား"
"ရှင်းတာပေါ့"
ပေ့ စိတ် ကသိကအောက် ဖြစ်ပြီး ကျွဲမြီးတိုလာသည်။
"သတင်းစာတစ်စောင်ကို မောင်းထုရောင်းနေတာ မဟုတ်ရင် ဘယ်သူက ဘယ်လိုလုပ် ၀ယ်လို့ရမှာလဲဗျ"
"ဗာနန်ဆမ်မာဗီးလ်အကြောင်းကို ရှင်သိရဲ့လား"
"တစ်ခါလောက်ပဲ တွေ့ဖူးတာပါ" "ဒါဖြင့် သိတယ်လို့ မဆိုနိုင်သေးဘူး။ အနည်းဆုံးတော့ သူ ဘယ်လို သတင်းစာကို ထုတ်တယ်ဆို တာတော့ ရှင်သိမှာပေါ့လေ။ ဒီနေ့မနက် ပြန်တမ်းကို မြင်ပြီးပလား"
လန်ဒန်မြို့ထုတ် သတင်းစာအားလုံးကို ပြတင်းပေါက်အနီးရှိ မဟော်ဂနီ စားပွဲကြီးပေါ်တွင် စနစ်တကျ စဉ်ထား သည်။ မစ်မော့ဖတ်က ပြန်တမ်းကို ယူသည်။ သူ့ရှေ့တွင် ဖြန့်ပြသည်။ မျက်နှာဖုံးတွင် အလောင်း သုံးလောင်းပုံ ကို ကော်လံပြည့် ဖော်ပြထားသည်။ ယောက်ျား နှစ်လောင်း။ ကိုယ်တွင် အ၀တ်မကပ်တကပ် သနားစရာ မိန်းမ အလောင်း တစ်လောင်း။ အိမ်ခန်း တစ်ခန်း၏ ကြမ်းပြင်ပေါ်တွင် အဆန့်သားသေနေကြ၏။ ဓာတ်ပုံအပေါ် တွင် ခြောက်လိုင်းစာလုံး မည်းကြီများဖြင့် "ရာဂ၏ ဆုလာဘ်"ဟု ခေါင်းစီးတပ်ထား၏။
"မယဉ်ဘူးလား" မစ်မော့ဖတ်က အနက်ဖွင့်ရန်ခက်သော လေသံဖြင့် ပြောသည်။
"ကျွန်မတို့ သတင်းစာမျက်နှာဖုံးမှာ ထည့်လိုက်ရရင် ကောင်းမှာပဲ"
မစ်မော့ဖတ် ဘာဖြစ်နေပါလိမ့်။ ပေ့ စဉ်းစားမရ။ ဤပေါက်ကရကိစ္စကို ရပ်တန်းက ရပ်ပစ်မှ ဖြစ်တော့မည်။ ပေ့က သတင်းစာကို ပြန်ပေးပြီး ထန်ထန် ပြောလိုက်၏။ "လက်ရေးတိုလိုက်စမ်း"
စာအဆက်အသွယ်ကိစ္စများကို ဆောင်ရွက်ပြီးနောက် မစ်မော့ဖတ် ပြန်ထွက်သွားသည်။
ပေ့သည် စင်္ကြံမှ လျှောက်ပြီး အခန်းတစ်ခန်းထဲသို့ ၀င်သွားသည်။ ထိုအခန်း၌ နံနက်တိုင်း ၁၀နာရီ တိတိ တွင် နောက်တစ်နေ့ထုတ် သတင်းစာအတွက် ဌာနမှူးများနှင့် ပေ့ တွေ့ဆုံညှိနှိုင်းသည်။ ဒု-အယ်ဒီတာချုပ် မယ်လ်ကမ်မိတ်တလန်ရောက်နှင့်နေသည်။ ဓာတ်ပုံဌာနမှူး ဟတ်တလေစလိတ် နှင့် စကားစမြည် ပြောနေ၏။ ပေ့ ရောက်သွားချိန်တွင် အားကစား အယ်ဒီတာ ပူးလ်နှင့် ကြော်ငြာ ဌာနမှူး ဟောရေ့စ်ဘယ်လ်မာတို့ သူ့နောက်မှ ၀င်လာကြသည်။
ပေ့သည် အရောင်တင်ထားသော စားပွဲရှည်ကြီး၌ ထိုင်လိုက်ချိန်တွင် ဆမ်မာဗီးလ် ကမ်းလှမ်းချက် ကိစ္စကို ပြောပြချင်စိတ် ရုတ်တရက် ပေါ်မိသေး၏။ ပျော့ကွက်ဖွင့်ပြသလို ဖြစ်နေမည်စိုး၍ ထိန်းထားလိုက်သည်။ သတင်းစာ အထားအသိုကို ဆွေးနွေးကြသည်။ မိတ်တလန်တင်ပြသည့် သတင်းဇယားကို တစ်ခုချင်း စိစစ်ကြသည်။ ထည့်သင့်တာထည့်၊ ဖြုတ်သင့်တာဖြုတ်။
ဥတ္တရအလင်း ၏ မူဝါဒသည် နှစ်ပေါင်းများစွာကပင် စာတန်းကလေး တစ်တန်းတည်းဖြင့် သင်္ကေတ အကျဉ်းချုပ် ထားခဲ့ပြီး ဖြစ်သည်။ ထိုစာတန်းကလေးကို ပိုက်ကားစာလုံး သေးသေးလေးဖြင့်သာ စာစီထားသည်။ သတင်းစာ မျက်နှာဖုံး ထိပ်ဆုံးတွင်ဣနြေ္ဒရရ ဖော်ပြထားသည်။ ထိုစာတန်းမှာ "ဖတ်သင့် ဖတ်ထိုက်သမျှ သတင်းစုံ" ဟူ၍ ဖြစ်လေ သည်။
ဥတ္တရအလင်းသည် မြှူဆွသတင်းများကို မလျှော့တန်း ဆန့်ကျင့်ခဲ့၏။ မျိုးဆက်ငါးဆက်တိုင်တိုင် သမာဓိရှိမှု၊ သမာသမတ်မျှမှု၊ သတင်းခိုင်လုံ တိကျမှု တို့အတွက် ယုံကြည်ကိုးစားခံခဲ့ရသည်။ ကျော်စော ထင်ရှားခဲ့ သည်။ မြောက်ပိုင်းဒေသ၏ အစဉ်အလာကြီးသော အဖွဲ့အစည်း တစ်ရပ် ပမာ ဖြစ်လာခဲ့သည်။
ယနေ့ အဖို့ အဓိက သတင်းသည် မလွဲမရှောင်သာပင် အာရှအနောက်ပိုင်းကို မဏ္ဍိုင်ပြုနေသည်။ ပေ့နှင့် အယ်ဒီတာအဖွဲ့ သည် ထိုသတင်းကို အကျယ်တ၀င့် ဆွေးနွေးကြသည်။ နိုင်ငံလုံးဆိုင်ရာ သတင်း၊ ဒေသဆိုင်ရာ သတင်းများကို စိစစ်ကြသည်။ နောက်ဆုံးတွင်မှ မရိုးနိုင်သော သတင်းကို ကိုင်ကြသည်။ မိုးလေ၀သသတင်း။ လင်ကွန်းရှိုင်းယားနယ်တွင် ညတွင်းချင်း ရေကြီးလာ၍ သတင်းထောက်တစ်ယောက်ကို ဓာတ်ပုံ သတင်းထောက် ချုပ်နှင့် အတူ သတင်းယူလွှတ်သည်။ မြို့နယ်သတင်းများကိုလည်း ရေးရန် ရှိသေးသည်။ မြို့မ သတင်းထောက်များအား တာဝန်ပေးအပ် မှု အစီအမံမျိုးစုံကိုလည်း လုပ်ရသေးသည်။
ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြပြီးနောက် တစ်နာရီခန့်အတွင်း ကိစ္စပြီးသည်။ နောက်တစ်နေ့ သတင်းစာအတွက် အတော် အတန် ရေရေရာရာ ပုံပန်းဖော်နိုင်လာသည်။
အခြားသူများ ထွက်သွားကြချိန် တွင် မယ်လ်ကမ်မိတ်တလန်နှင့် ဟင်နရီ ပေ့တို့ စင်္ကြံမှ အတူ လျှောက် လာကြသည်။ မိတ်တလန်သည် လုပ်ရည်ကိုင်ရည် ထူးထူးချွန်ချွန် ထက်မြက်သည်။ ကိုယ်ကျင့် တရား ထူးထူးခြားခြား ပြည့်ဝသည်။ ယုံကြည်ချက်ခိုင်မြဲပြီး ခေါင်းမာသော နော့သမ်ဘာလမ်နယ်သား ပီသည်။ သူ့ အယူအဆများ ကို ပေ့ အလေးထားသည်။
မိတ်တလန် သည် ဘက်လင်တန် ကျောက်မီးသွေးတွင်း ရွာကလေးမှ ယမ်းထုပ်ခွဲသမားတစ်ဦး၏ သား ဖြစ်သည်။ ကျောက်မီးသွေးတွင်းတူးသမား အိမ်တန်းလျား၌ မွေးဖွားခဲ့သည်။ ဒါဟမ် တက္ကသိုလ်တွင် ကိုယ့်ဒူးကိုယ်ချွန် ပညာသင်ခဲ့သည်။ ပညာသင်ဆုနှစ်ဆု ရခဲ့သည်။ နောက်ဆုံး နှစ် တွင် နိုင်ငံရေး ဘောဂဗေဒ ပညာရပ်အတွက် ၀ှစ်တင်ဂမ် ဆုတံဆိပ် ဆွတ်ခူးခဲ့သည်။ တိုင်းကာဆယ်မြို့ တွင် ကျောင်းဆရာ လုပ်ခဲ့သည်။ အားလပ်ချိန်တွင် သင်္ဘောကျင်းမှ လူငယ်များ အား ညကျောင်းဖွင့်ပြီး စာသင်ပေး ခဲ့ပါသည်။
ဒါဟမ်မြောက်ပိုင်း မဲဆန္ဒနယ်မှ လစ်ဘရယ် ပါတီ အမတ်လောင်းအဖြစ် ပါလီမန် လွှတ်တော် ရွေးကောက်ပွဲ တွင် နှစ်ချီနှစ်လား ၀င်ပြိုင်ခဲ့သည်။ နှစ်ကြိမ်စလုံး ပွတ်ကာသီကာ ကပ်ရှုံးခဲ့သည်။ စီးပွားရေး အခြေအနေ အရ နိုင်ငံရေးကို စွန့်ခွာခဲ့ သည်။ သတင်းစာတွင် ၀င်လုပ်ခဲ့သည်။
မိတ်တလန် သည် အသားနီစပ်စပ်၊ အရုပ်ဆိုးဆိုး၊ ခြေထောင့်နင်းနင်း ဖြစ်၍ အကျည်းတန်သည်။ အကျည်းတန် သလောက် စိတ်ကောင်းနှလုံးကောင်း ရှိသည်။ လူပျိုကြီးဖြစ်၍ ၀ူးတန်ရပ်ကွက် တိုက်ခန်းတစ်ခန်းတွင် တစ်ကိုယ် တည်းနေသည်။
မိတ်တလန်သ ည် မြောက်ပိုင်းဒေသ သစ်တော်သီး ကောင်းကောင်းတစ်လုံးကဲ့သို့ပင် မာကျော၏။ အပြစ် အနာအဆာ ကင်း၏။ ၀ါသနာအရာမှာပင် ကိုယ်စိတ်နှစ်ပါးစလုံး အကျိုးပွားများမှုအတွက် သာ သူ ရှေ့ရှု သည်။ မြင်း ဆိုလျှင် တန်းတန်းခွဲ ခုံမင်သည်။ တစ်တိုက်လုံးတွင် အခြားသူများထက် ပို၍ ပေ့နှင့် ရင်းနှီးသည်။
ဆက်ရန်
.

1 comment:
ကျေးဇူးတင်ပါတယ်အစ်မ
Post a Comment