Friday, June 1, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၄)

" မင်း တစ်ခုခု သွားကျူးလွန်ထားပြီး တာဝန်မယူလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့ "
ရဲဝင့် က ပြန်စတော့ ဟန်ပိုက အသံမထွက်ဘဲ ဆဲသည်။
မနှင်းဖွေး ကတော့ စိတ်ပူ မပြေသေးဘဲ ၀င်ပြောသည်။
" ကိုရဲဝင့်က ရှေ့လ စင်ကာပူ သွားဦးမယ်ဆို၊ ဟိုမှာ မျက်စိလေး ဘာလေး ၀င်ပြရင် ပြကြည့် ပါလား၊ ခေါင်းကိုက်တာလည်း ခဏခဏပဲ" ရဲဝင့်က စဉ်းစားနေပြီးမှ အင်းလေ ဟုဆိုသည်။
ကို ဆက်ဖတ်ရန်....

ရဲဝင့် (၁၃)

ဒေါက်တာ "ဟို" က ရဲဝင့်ကို သူ့စားပွဲ ရှေ့က ကုလားထိုင်မှာ ထိုင်ဖို့ လက်ပြသည်။ နောက်က ဓာတ်မှန်ကြည့်သော မီးအဖြူလင်းနေသည့် ဘူးပြားကလေးများပေါ်တွင်တော့ ရဲဝင့်၏ ကွန်ပျူတာ ဓာတ်မှန်များ ဟု ယူဆရသော ခေါင်းခွံရိုးပုံများ အစီအရီ ချိတ်ဆွဲထားသည်။
" တစ်ယောက်တည်းလား "
ဒေါက်တာဟို၏ မျက်နှာက စိတ်မသက်မသာဟန် ဖြစ်နေ၍ ရဲဝင့် ထင့်ခနဲ ဖြစ်သွားသည်။
" ကျွန်တော် မြန်မာပြည်ကနေ ဒီ စင်ကာပူကို အလုပ်ကိစ္စလာရင်း ဒီခေါင်းကိုက်ကိုက်နေတဲ့ ကိစ္စ ၀င်ပြကြည့်တာ မို့ အဖော် ခေါ်မလာပါဘူး အရေးကြီးနေလို့လား ခင်ဗျာ "
ဒေါက်တာဟို သက်ပြင်းချသည်။

" ကြီးချင်လည်း ကြီးမယ်လို့ပဲ ပြောရမယ် ထင်တယ်၊ ဒီလိုဗျာ "
ဒေါက်တာ "ဟို" က စာရွက်ဖြူ တစ်ရွက်တွင် ပုံဆွဲပြသည်။
" မစ္စတာ ၀င့် ခံစားနေရတဲ့ ဝေဒနာတွေ အထူးသဖြင့် ဘေးဘယ် ညာကို သိပ်မမြင်ရတာတွေက ဦးနှောက်ရဲ့ အရင်းအလယ်ခေါင် တည့်တည့်လောက်မှာရှိတဲ့ ပီကျူထရီ ဂလင်းနေရာမှာ အကျိတ်ရှိတာနဲ့ သိပ်တူနေ တယ်၊ ဒါကြောင့်လည်း ကျွန်တော် ဒီကွန်ပျူတာ ဓာတ်မှန်ကို ရိုက်ခိုင်းတာပေါ့ "
ရဲဝင့် နှလုံးခုန်မြန်လာသည်။

" အခု အဲဒီအကျိတ်ကို တွေ့နေလို့လား ခင်ဗျာ "
ဒေါက်တာဟို ခေါင်းခါသည်။
" မတွေ့ပါဘူး မတွေ့တာကိုပဲ ကျွန်တော် ဘ၀င်မကျတာ "
" ခင်ဗျာ " " ဆောရီး၊ ဒီလိုဗျာ ရောဂါမတွေ့ဘူးဆိုတာက မရှိလို့ မတွေ့တာဆိုရင် ကောင်းတာပေါ့နော်၊ ကျွန်တော် က ရှိလျက်သားနဲ့ မမိတာလို့ ထင်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့၊ ဟောဒီ မည်းမည်းနှစ်ခုက လက်ထရယ် ဗင်ထရီကယ် လို့ခေါ်တယ်၊ ဦးနှောက်ထဲမှာ ပုံမှန်ရှိတဲ့ အရည်အိတ်တွေပေါ့၊ အဲဒီ အရည်ထွက် တဲ့ အပေါက်နားမှာ အကျိတ်ရှိမယ်လို့ ခန့်မှန်းထားတာ အကျိတ်ရှိနိုင်တဲ့ နေရာက ဒီ ကွန်ပျူတာ ဓာတ်မှန်မှာ အပြည့်မပေါ်ဘူး၊ အရည်အိတ်နှစ်ခုကတော့ ကျယ်နေ တယ်၊ ယောင်ယောင် ကလေး ပဲ၊ ပုံမှန်လည်း ဖြစ်ချင်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မသင်္ကာစရာတွေ သိပ်များနေတယ် လို့ ပြောရမှာပဲ " ရဲဝင့် မွန်းကျပ် လာသည်။ ဒါကြောင့် တစ်ယောက်တည်းလားဟု မေးတာကိုး သူတို့က အမှန်အတိုင်းပဲ အမြဲ ပြောပြ တတ်သူတွေ။ စိတ်ပူစရာမရှိပါဘူးဟု အလွယ်ပြောမည့် လူစားတွေမဟုတ်။
" အဲဒါဆို ဘာဆက်လုပ် ရမှာလဲ ခင်ဗျာ " ဒေါက်တာဟိုက ခေါင်းတဆတ်ဆတ် ညိတ်သည်။

" ဦးနှောက်မှာ အကျိတ် ရှိရင် ဦးနှောက်ကင်ဆာလို့ အလွယ်ခေါ်တတ်ကြတယ်၊ အမှန်က နှစ်မျိုးပေါ့၊ ကင်ဆာ ကျိတ်ရယ် ရိုးရိုးကျိတ်ရယ်၊ အဆုတ်တို့ အသည်းတို့မှာ ဆိုရင် အဲဒီနှစ်ခုက တော်တော် ကွာတယ်၊ ပြန့်သွားမှ အသက်အန္တရာယ် ပေးတာကိုး။ ဦးနှောက်မှာကတော့ မပြန့်ခင်မှာပဲ အသက်အန္တရာယ် ပေးတတ်တော့ ဦးနှောက်ကင်ဆာလို့ပဲ ခေါ်နေကြတာပေါ့၊ ကွာတာကတော့ ရိုးရိုး အကျိတ်က ကြီးထွားနှုန်း နှေးတယ်၊ ခွဲပြီးရင်လည်း ပြန်မဖြစ်တတ်ဘူး၊ ခင်ဗျားမှာရှိတယ်လို့ ကျွန်တော် မသင်္ကာနေတဲ့ အကျိတ်က အဲသလို အမျိုးအစားဖြစ်နိုင်တယ်၊ ရောဂါလက္ခဏာတွေ ပိုပိုဆိုးလာတာက နှေးလွန်းနေတယ် "
ရဲဝင့် အားတက်သွားသည်။
" ကုသလို့ ရတာပေါ့နော် "
ဒေါက်တာဟို က ခေါင်းညိတ်သည်။   

" ရတယ် ပြဿနာက နှစ်ခု၊ တစ်ခုက ကွန်ပျူတာ ဓာတ်မှန်မှာ မပေါ်သေးဘဲနဲ့ ခွဲစိတ်ဖို့ ဆိုတာ သိပ်စွန့်စား လွန်းရာ ကျမယ်၊ နောက်တစ်ခုက မသင်္ကာတဲ့နေရာက ဦးနှောက်ရဲ့ အောက်ခြေမှာဆိုတော့ အပေါ်က ၀င်လို့ မရဘူး၊ နှာခေါင်းရိုးနားကနေ ၀င်ရမှာ၊ အဲဒါမျိုးဆိုရင် ဓာတ်မှန်မှာ ပေါ်ထားမှဖြစ်မှာ "
ရဲဝင့် ခေါင်းရှုပ် သွားသည်။
" ဆိုလိုတာက "
ဒေါက်တာဟိုက စာရွက်ပေါ်တွင် ရေးခြစ်ပြန်သည်။
" ဒီလိုဗျာ ကွန်ပျူတာဓာတ်မှန်မှာ မပေါ်ရတဲ့ အဓိက အကြောင်းရင်းက ကွန်ပျူတာဓာတ်မှန်ဆိုတာ အကွင်းလိုက် ပဲ ကြည့်လို့ရတယ်၊ ဒေါင်လိုက်မရဘူး၊ ဒီတော့ တစ်ကွင်းနဲ့ တစ်ကွင်းကြား မှာ သေးတဲ့ အကျိတ် ဆိုရင် လွတ်သွားနိုင်တယ်၊ ဒေါင်လိုက်ရိုက်လို့ရတာက ဓာတ်ရောင်ခြည်ကို မသုံးဘဲ သံလိုက်စက်ကွင်း ကို သုံးတဲ့ အမ်အာရ်အိုင် (mri) ဆိုတာ အခုပေါ်လာတယ်၊ အဲဒါ ရိုက်ကြည့် ဖို့ ကောင်းတယ်၊ ပြဿနာက အဲဒီ နည်းပညာက ခုမှ စပေါ်တော့ ကျွန်တော်တို့ အရှေ့တောင်အာရှကို မရောက်သေးဘူး၊ ယူကေမှာတောင် ကျွန်တော် ပညာသင်ခဲ့တဲ့ ဆေးရုံ အပါအ၀င် ဆေးရုံသုံးမှာပဲရှိတယ် ကျွန်တော် က ခင်ဗျားကို ယူကေကို လွှတ်ချင်တာ " ရဲဝင့် စိတ်အိုက်သွားသည်။

" စင်ကာပူမှာတောင် မရသေးဘူးပေါ့လေ "
" ရတော့မှာပါ၊ ဒါပေမယ့် ရတဲ့ အထိ စောင့်မနေသင့်လို့ပါ၊ ပထမနေ့က ခင်ဗျား ပြောတော့ ခင်ဗျား ယူကေ ကို လည်း သွားစရာရှိသေးတယ်ဆိုလားလို့ " ရဲဝင့်က ခေါင်းခါသည်။
" ယူကေမှာ ကျွန်တော် လုပ်ငန်းမရှိပါဘူး၊ ညီမလေး တစ်ယောက် ကျောင်းတက်နေလို့ လိုက်လိုက် ကြည့်နေ တာပါ၊ အခုလည်း နှစ်သစ်ကူး မတိုင်ခင်လောက်မှာ သူ ဘွဲ့ယူဖို့ ရှိတယ်၊ အဲဒါ လိုက်သွားမလားလို့ပါ " ဒေါက်တာဟိုက ပြက္ခဒိန်ကို လှမ်းကြည့်သည်။
" အများကြီး လိုနေသေးတယ်ဗျာ၊ ကျွန်တော်တော့ အဲဒီလောက်မစောင့်စေချင်ဘူး "
ရဲဝင့် အံ မသိမသာ ကြိတ်သည်။

" ဒေါက်တာ ထင်တာမှန်ရင် ခွဲစိတ်ဖို့က အဲသလောက် မြန်မြန်လိုနေပြီလား "
ဒေါက်တာဟို ပခုံးတွန့်ပြသည်။
" ဒါလည်း ရိုက်ကြည့်ပြီး သိမှ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုပါပဲ လ
ရဲဝင့် အကြာကြီး တွေဝေစဉ်းစားနေသည်။ ပြီးတော့မှ တိုးတိုးမေးသည်။
"အခု ကျွန်တော် မေးမယ့် မေးခွန်းကို ဖြေဖို့အတွက် ဒေါက်တာ ပညာရှင် တစ်ယောက် အနေနဲ့ ဘာ တာဝန်မှ ယူစရာမလိုပါဘူး၊ ကျွန်တော့်ကို ညီတစ်ယောက်လို သဘောထားပြီး အစ်ကိုနေရာက စဉ်းစား ပေးစေချင်တာပါ၊ ဖြစ်နိုင်မလား "
ဒေါက်တာဟို မျက်မှောင်ကြုတ်သည်။

" မေးကြည့်ပါ "
" ခွဲစိတ်မှုက အသက်အန္တရာယ် သို့မဟုတ် ဦးနှောက်ကို ထိခိုက်မယ့် အန္တရာယ် ရှိနိုင်ပါသလား "
ဒေါက်တာ ဟို လက်ဖ၀ါးကာပြသည်။
" ခွဲစိတ်မယ် လို့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး "
" ကျွန်တော် သိပါတယ်၊ အဖြေက ခွဲရမယ်ဆိုရင် ပြောတာပါ "
သည်တစ်ခါတော့ ဒေါက်တာဟိုက အကြာကြီး စဉ်းစားနေသည်။ ပြီးမှ ခေါင်းတစ်ချက် ဆတ်၍ ပြောသည်။
" ရှိနိုင်ပါတယ်၊ ဒါပေမယ့် ဖြစ်ဖို့ အလွန်ခက်ပါတယ်၊ မခွဲစိတ်ဘဲထားရင် ဦးနှောက်နဲ့ အသက်ကို ရန်မူနိုင် လောက်နည်းမှလည်း ကျွန်တော်တို့ ခွဲတာပါ"
" ယုံပါတယ် ဒေါက်တာ၊ ဒါပေမဲ့ပိုမြန်သွားနိုင်တာပေါ့ "
ဒေါက်တာ ဟို မျက်မှောင်ကြုတ်ပြန်သည်။

" ဘာကို  ဆိုလိုတာပါလဲ "
" ခွဲရင် ကောင်းဖို့က များတယ်၊ မခွဲရင် မကောင်းဖို့က များတယ်၊ ရှားရှားပါးပါး သိပ်ကံဆိုးရင် ခွဲရင်း ကလည်း အသက်နဲ့ ဦးနှောက်အပေါ် ပြဿနာရှိနိုင်တယ်၊ ဖြစ်ဖို့ကတော့ ခက်တယ်၊ ဒါပေမဲ့ ခွဲလို့ ဖြစ်တာ ဆိုရင် ခွဲပြီး တာနဲ့ ဖြစ်မယ်၊ မခွဲဘဲထားရင်တော့ ကျိန်းသေပေါက် အသက်နဲ့ ဦးနှောက် ကို ပြဿနာပေးမယ်၊ ဒါပေမဲ့ လ အနည်းငယ်ကြာပြီးမှ ဖြစ်မယ်၊ ဒီလို မဟုတ်ဘူးလား "
ဒေါက်တာဟို ခေါင်းခါသည်။
" ခင်ဗျား အဲသလို မစဉ်းစားသင့်ဘူး" ရဲဝင့် မဲ့ပြုံး ပြုံးသည်။

" ဒေါက်တာ နေရာမှာ ကျွန်တော်ဆိုရင်လည်း လူနာကို ခွဲဖို့ပဲ တိုက်တွန်းမှာပါပဲ ဒေါက်တာ၊ ဒါပေမဲ့ အခု ကျွန်တော် မေး တဲ့ ကိစ္စက ကျွန်တော့်အတွက် တော်တော် အရေးကြီးပါတယ်။ ကျွန်တော့်မှာ ပညာသင်နေဆဲ ညီမလေး တစ်ယောက် ရှိနေတယ်၊ ကျွန်တော့် အပေါ် မှီခိုနေတဲ့ ၀န်ထမ်းတွေလည်း ရှိနေ တယ် အဲဒီ လူတွေအတွက် လာမယ့်လ အနည်းငယ်အတွင်းမှာ ကျွန်တော် တတ်နိုင်သလောက် စီစဉ် ပေး ထားခဲ့ရမယ့် ကိစ္စတွေ ရှိနေတယ်၊ ကျွန်တော် အဲဒါတွေ မပြီးမချင်း အမ်အာရ်အိုင်လည်း မရိုက်ချင် ဘူး၊ ခွဲ လည်းမခွဲချင်ဘူး၊ အဲဒါတွေပြီးရင်တော့ ကျွန်တော် လုပ်မယ် ကောင်းသွားလည်း ကျွန်တော့် ကံပဲ၊ နောက်ကျ သွားလို့ မကောင်းတော့ရင်လည်း ကျွန်တော့်မှာ နောက်ဆံတင်းစရာ ဘာမှ မရှိတော့ ဘူး၊ ကျွန်တော် အဲသလို ဆုံးဖြတ်ချင်တယ်။
ဒေါက်တာဟို ပါးစပ် အဟောင်းသားနှင့် အကြာကြီး ငြိမ်နေသည်။

ပြီးတော့မှ သက်ပြင်းချ၍ တိုးတိုးပြောသည်။
" ဆုံးဖြတ်ပိုင်ခွင့်က မစ္စတာဝင့်မှာပဲ ရှိတာပါ၊ ကျွန်တော်တို့ကတော့ ယူကေကိုပဲ သွားသွား၊ တခြားမှာပဲ ကုကု လိုအပ်မယ့် စာရွက်စာတမ်းတွေ ပြင်ဆင်ပေးလိုက်ချင်ပါတယ်၊ ကျွန်တော့် လက်ထောက် "မစ္စတာသူ" ဆိုတာ မစ္စတာဝင့်တို့ နိုင်ငံက ပညာ လာသင်နေတဲ့ ခွဲစိတ်ဆရာဝန်ပါ၊ လိုအပ်တာတွေ သူ ပြင်ဆင် ပေးပါလိမ့်မယ် "
ရဲဝင့် ခေါင်းသာ ညိတ်ပြမိသည်။

မနှင်းဖွေး (၁၃)

စင်ကာပူက ပြန်လာပြီးနောက် ရဲဝင့်၏ ထူးခြားမှုကို မနှင်းဖွေး သတိမပြုမိဘဲ မနေနိုင်။
ထူးခြားတာက နှစ်ခု၊ အဲဒါထက် ပို ထူးခြားတာက ထိုနှစ်ခုက ၀ိရောဓိဖြစ်နေသည်။ ရဲဝင့် အလုပ်လုပ်တာ အလောတကြီး ဖြစ်လာသည်။ အလုပ်ကြွေးတစ်ခုမှ မထား။ မိုးလင်း မိုးချုပ် စက်တပ်ထားသည့် အရုပ် တစ်ရုပ်လို လုပ်သည်။ သို့သော် အဲဒါနှင့် ဆန့်ကျင်ဘက် တစ်ခါတစ်ခါ မှာ တွေဝေငေးမောနေတာ လည်း တွေ့တတ်သေး သည်။
" ကိုရဲဝင့် စင်ကာပူမှာ "ချက်ကပ်ပ်" လုပ်ခဲ့တာ အဆင်ပြေရဲ့လား " ခေါင်းသာ ညိတ်ပြသည်။
" ဘာမှ မတွေ့ဘူးလား ခေါင်းခါပြသည်။
" မီဂရိန်းပဲ ထင်ပါတယ်တဲ့၊ ဒီက ဆရာဝန်တွေ ပေးတဲ့ဆေးတွေပဲ ဆက်သောက်ခိုင်းတာပဲ "
ဒါဆို ဘာလို့ ငေးငိုင်နေရတာလဲ ဆိုသည့် မေးခွန်းကိုတော့ မနှင်းဖွေး မမေးလိုက်မိ။

ရဲဝင့်က သူ့လက်ထဲက သားရေအိတ်ကို သွက်သွက်ကလေး ထယူပြီး စားပွဲပေါ်တင်ပေးနေသော အသက် ၁၈ နှစ်အရွယ် ညိုညိုချောချော မိန်းကလေးကို တအံ့တသြ လှမ်းကြည့်ရင်းက မနှင်းဖွေး ကို မေးငေါ့ပြသည်။ မနှင်းဖွေးက ရယ်သည်။
" စမ်းစမ်းဝေတဲ့၊ နှင်း ခန့်လိုက်တာ " ရဲဝင့်က အခန်းထဲမှာ ထိုင်နေသော ၀န်ထမ်းများကို လှည့်ကြည့်၍ ဟို နှစ်ယောက်ရောဟု မေးသည်။ စိမ်းဝေ အစ်မနှစ်ဦးကို ဆိုလိုမှန်းသိ၍ မနှင်းဖွေး ရယ်မိပြန်သည်။
" ရှိပါတယ်၊ ပလာဇာရုံးခွဲ ကို ပို့လိုက်တာ၊ ဟိုက ရှိုးရွမ်းသက်သက်ဆိုတော့ အဆင်ပြေပါတယ်၊ ဒီမှာက အလုပ်များတာ၊ အဲဒါနဲ့ ဒီ သမီးကို ခန့်လိုက်တာ၊ အဲဒါ ဦးသက်ဝေ သမီးလေ "
" ဦးသက်ဝေ သမီး " နှလုံးရောဂါကြောင့် အလုပ်မှ နားလိုက်ရသည့် ငွေစာရင်းကိုင် စာရေးကြီး၏ အမည် ကို ရဲဝင့် မမှတ်မိစရာ အကြောင်းမရှိ။

" ဟုတ်တယ်၊ ကိုရဲဝင့်က ဒီ အတိုင်း ထောက်ပံ့နေတာ ဦးသက်ဝေက အားနာသတဲ့လေ၊ သမီးလေးကလည်း စာပေးစာယူ တက်နေရင်းက လုပ်ငန်းအတွေ့အကြုံရချင်သတဲ့၊ သူ့မှာလည်း ဒီ သမီး က အကြီးဆုံး၊ အဲဒါနဲ့ ကိုရဲဝင့် နယ်ဆင်းနေတုန်းနှင့် စီစဉ်လိုက်လာ၊ ကလေးက လိမ္မာပုံပါပဲ သွက်သွက် ကလေး " ရဲဝင့် မျက်မှောင်ကြုတ်၍ ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

လက်တန်း မတပ်ရသေးသော အုတ်လှေကားမှ ဆင်းလာသည့် ရဲဝင့်နှင့် ဟန်ပို အောက်ခြေ မှာ စောင့်နေ သော မနှင်းဖွေးကို မြင်တော့ အံ့သြသွားကြဟန်တူသည်။ သို့သော် ဘာ မှတော့ မမေး။
ရဲဝင့်က လက်ထဲက သားရေအိတ်ကို သူ့နောက်မှ လိုက်ဆင်းလာသော စမ်းစမ်းဝေ လက်ထဲသို့ ထည့်၍ မေးဆတ်ပြလိုက်တော့ စမ်းစမ်းဝေက လမ်းပေါ်မှာ ရပ်ထားသည့် ကားဆီ အပြေး တစ်ပိုင်း လှမ်းသွားသည်။ " ကိုဟန်ပို ပြည် မလိုက်တော့ဘူးဆို " ဟန်ပိုက ရယ်သည်။
" နှင်းရယ် ငါ ပြည်မလိုက်တာ ဘယ်လောက် အရေးကြီးလို့ ဆိုက်ထဲအထိ လိုက်မေးရတာလဲ၊ ဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အစည်းအဝေးကို ငါ ဒီကောင့်အစား တက်မလို့ဟ "
မနှင်းဖွေးက မရယ်ပါ။ ရဲဝင့်ကို ဆက်မေးသည်။

" ကိုရဲဝင့်က ဟိုကောင်မလေး ခေါ်သွားမလို့ဆို " ကားနားမှာ ရပ်စောင့်နေသော စမ်းစမ်းဝေ ဘက် မေးဆတ်ပြ၍ မေးသည်။ ရဲဝင့်က အနေရခက်စွာ ရယ်သည်။
" သူက လိုက်ချင်တယ် ပြောတာပါ၊ တို့လည်း စာရင်းလိုက်မှတ်ပေး ဘာပေးရတယ်ဆိုပြီး ခေါ်တာပါ၊ ဒရိုင် ဘာ လည်း ပါသားပဲ၊ နှင်းက ဘာတွေ စိတ်ပူနေတာတုံး၊ တို့ အကြောင်းလည်း သိလျက်သားနဲ့ "
မနှင်းဖွေး သက်ပြင်းချသည်။
" ကိုရဲဝင့် စိမ်းဝေ ကို ဘယ်လောက်ချစ်တာလဲ နှင်းသိတယ်၊ ဘယ်လောက် တည်ကြည်တယ် ဆိုတာ လည်း နှင်းသိတယ်၊ ကိုရဲဝင့်က စမ်းစမ်းဝေအကြောင်း မသိတာ "
ဟန်ပိုရော ရဲဝင့်ပါ မျက်လုံးပြူးသွားသည်။ ဟန်ပိုက မေးသည်။

" နင်ပဲ တော်တယ်ဆို ဘာဖြစ်ရပြန်ပြီလဲ "
" တော်ပါတယ် လိမ်လည်းလိမ္မာပါတယ်၊ အခု လေးလလောက် စောင့်ကြည့်ပြီးပြီ၊ ဘာမှ အပြစ်ပြောစရာ မရှိ ဘူးတစ်ခုပဲ " " ဘာလဲ "  နှင်း သူ့စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ သူ့မှတ်စု စာအုပ်ကလေးကို နှင်း တင်ထားတဲ့ စာအုပ်နဲ့ မှားဖွင့်ကြည့်ဖူး တယ်၊ စာအုပ်ကျောဖုံး အတွင်းဘက်က ပလတ်စတစ် အဖုံးထဲမှာ ကိုရဲဝင့် ဓာတ်ပုံ ထည့်ထားတယ် "
ရဲဝင့်နှင့် ဟန်ပို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ခဏနေမှ ဟန်ပိုက ရယ်၍ အိတ်ကပ်ကို လက်နှိုက်ဟန်ပြုသည်။
" ဘာလဲ ကိုဟန်ပိုရ "
" ငါ့ ဓာတ်ပုံပေးလိုက်မလို့ပါဟာ၊ လဲထည့်ထားလိုက်စမ်းပါ "
မနှင်းဖွေး က မျက်စောင်းထိုးသည်။

" နောက်မနေနဲ့၊ ဟိုက ၁၈ နှစ် စိတ်ကစားလို့ကောင်းတဲ့ အရွယ် ဦးသက်ဝေက ၄၀ ဆိုတော့ ကိုရဲဝင့်ထက် ၁၀ နှစ်လောက်ပဲ ကြီးတာ၊ အဖေကို ချစ်တဲ့ သမီး ကိုရဲဝင့်ကို အထင်ကြီးရာ လေးစားရာက စိတ်ကစားနေတာနေမှာ၊ ခရီးသွားတဲ့ဆီတော့ ခေါ်မသွားသင့်ဘူး ထင်တယ်၊ ကိုရဲဝင့်က စိမ်းဝေလေး အခု ဘွဲ့ ယူပြီးရင် စီစဉ်ရတော့မှာ၊ ကိုယ့်ကိုယ်ကိုယ် ရှင်လောင်းလို သဘောထားပေါ့ "
ရဲဝင့် တွေဝေ၍ အကြာကြီး စဉ်းစားနေသည်။
ပြီးမှ ခေါင်းကို တစ်ချက် ဆတ်၍ ပြောသည်။
" ကဲပါ နှင်းရယ်၊ စိတ်ပူပေးတာလည်း ကျေးဇူးတင်ပါတယ်၊ အခုမှမလိုက်နဲ့တော့ ပြောလို့လည်း ဘယ်ကောင်း တော့မှာလဲ၊ ဒီတစ်ခေါက်တော့ ခေါ်သွားလိုက်ပါမယ်။ နောက် မခေါ်တော့ဘူး ဟုတ်လား "
မနှင်းဖွေးသက်ပြင်းရှိုက်မိသည်။

စိမ်းဝေ (၁၃)

ကင်မ်ဖြစ်ပေါ်မှာ ဖြတ်ကူးထားသော ကျောက်သားတံတားကလေးပေါ်မှာ ရဲဝင့်နှင့် စိမ်းဝေ ရပ်မိကြ သည်။ နှင်းက ခပ်သိပ်သိပ်။ ရေစီးသံက ဖွဖွ။
" သာယာ လိုက်တာ စိမ်းဝေရယ် "
စိမ်းဝေက ပြုံး၍ ခေါင်းညိတ်ပြသည်။
လက်ထဲ တွင် ကိုင်ထားသော စာအိတ်ကို တစ်ချက်ငုံ့ကြည့်၍ ရဲဝင့်ဘက် ပြန်ကြည့်ပြီး ပေးသည်။
" ကိုကို မဖြေသေးဘူးနော် "
" ဘာလဲ စိမ်းဝေ " စိမ်းဝေက လက်ထဲက စာအိတ်ကို ထောင်ပြသည်။
" ဒီအလုပ် လုပ်ရမှာလား ဆိုတာလေ " ရဲဝင့် က ယဲ့ယဲ့ပြုံးသည်။

" စိမ်းဝေ ရှေ့ရေးအတွက် အဲဒီအလုပ်က သိပ်အရေးကြီးလို့လား "
စိမ်းဝေက တိုးတိုးရယ်သည်။
" ဒါမလုပ်လိုက်ရင် နောက်ကို အလုပ်မရတော့ဘူး ဆိုတာမျိုးတော့ ဘယ်ဟုတ်မလဲ ကိုကိုရယ်၊ "အဲတ်စ် ခရက်တစ်" ဆိုတာက စိမ်းဝေ စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်မျိုး မဟုတ်လား၊ ဘွဲ့လည်းရ အလုပ်လည်းရ တန်းဝင်ရတော့လည်း အတွေ့အကြုံလည်းရတော့ ဖြစ်တာပေါ့၊ စိမ်းဝေကတော့ ကိုကိုက လုပ်ဆိုရင် လည်း လုပ်မယ်၊ ကိုကိုက ပြန်လာခဲ့ဆိုရင်လည်း ပြန်လာပြီး မြန်မာပြည်မှာ လုပ်လို့ရတဲ့ ဥစ္စာ တစ်ခုခု လုပ်မယ်၊ အားလုံး ကိုကို့ သဘောပဲ "
ရဲဝင့်က အောက်က ရေကို အကြာကြီး ငေးကြည့်နေသည်။ ပြီးမှ တိုးတိုးကလေး၊ "ကိုကိုကတော့ ထပ်ခွဲ မနေချင်တော့ဘူး စိမ်းဝေရယ် "ဟု ပြောသည်။

" ဘုရားရေ "
ဒါ ကိုကို တဲ့လား။
ဘယ်တော့မှ စိမ်းဝေနှင့်ပတ်သက်လျှင် သူ့ဆန္ဒကို ထုတ်ဖော်လေ့မရှိသည့် ကိုကို့ပါးစပ် က ပြောလိုက်သည့် စကားတဲ့လား။ စိမ်းဝေ ရင်သိမ့်သိမ့်ခါမျှ ကြည်နူးသွားသည်။
ကိုကို့ ကျော ကို နောက်က တအား ပြေးဖက်လိုက်သည်။
" စိမ်းဝေ ကလည်း ခွဲမနေချင်တော့ပါဘူး၊ ကိုကိုရယ် "
အဲသည့် အချိန်မှာမှ အိပ်မက်က လန့်နိုးလာသည်။

ကိုကို့ ကျောပြင်က နွေးနေတာပဲ။
အိပ်မက်ထဲမှာတောင် နွေးထွေး လုံခြုံလိုက်တာ၊ ဒီလောက်မတ်ကောင်းနေတဲ့အချိန်မှာမှ ဘာလို့ လန့်နိုးလာရသတဲ့လဲ။ အဲသည့်အချိန်မှာ မှောင်နေသော သူ့အခန်းထဲမှာ ဂျမ်ရိဗ်၏ "နှင်းမုန်တိုင်း" သီချင်းသံ ပျံ့လွင့်နေတာ သတိထားမိသည်။ ဟုတ်ပါရဲ့။
ဖုန်းမြည်သံ၊ ကိုကို အကြိုက်ဆုံး သီချင်းကို စိမ်းဝေ ဘ၀မှာ ပထမဦးဆုံး ကိုင်ဖူးသော ကိုကို ၀ယ်ပေးသည့် လက်ကိုင်ဖုန်းထဲ ထည့်ထားသည်။ ဖုန်းခေါ်လျှင် မြည်အောင် လုပ်ထားသည်။
ကိုကိုများ ခေါ်နေသလားမသိ။
အိပ်ရာဘေး က မီးကို ထွန်းလိုက်ပြီး စားပွဲတင် နာရီကို ကြည့်တော့ မနက်လေးနာရီ၊ စိမ်းဝေ မျက်လုံးနည်း နည်း ကျယ်သွားသည်။ ဂရင်းနစ်စံတော်ချိန်နှင့် မြန်မာစံတော်ချိန်ကို ကမန်းကတမ်း ချိန်ညှိကြည့် သည်။

အို မဟုတ်သေးဘူးလေ။
ကိုကိုရယ်၊ ဖေဖေရယ်၊ မေမေရယ် မနေ့ကပဲ ရန်ကုန်က လေယာဉ်နှင့် ထွက်လာနေသည်ပဲ စိမ်းဝေ ဘွဲ့နှင်း သဘင်ကို တက်ဖို့လေ။ အဲဒီမှာ တစ်ခါတည်း ဖေဖေနှင့်မေမေ ၀မ်းသာရအောင် ဖွင့်ပြောပြီး လက်ထပ်ခွင့် တောင်းကြမည်ဟုသဘောတူထားကြသည်လေ။ ယခုက သူတို့လေယာဉ်ပေါ်မှာပဲ ရှိရ မည့် အချိန်ပဲ၊ ဒါဆို သည်အချိနမတော် ဖုန်းက ဘယ်သူလဲ။ ဖုန်း မော်နီတာ ကလေးကို ကြည့်တော့ အာသာတဲ့။ အကောင်စုတ် အချိန်မတော် အရေးတကြီး " အေး အာသာပြော "
" နင် လန့်နိုးသွားလား " " နံနက် လေးနာရီဖုန်းခေါ်တာ လန့်မနိုးလို့ ငါက ကြည်ကြည်နူးနူး ကလေး နိုး လာရမလားတဲ့၊ ဘာတွေ အရေးကြီးနေတာလဲ " အာသာက ခြောက်ခြောက်ကပ်ကပ် အသံနှင့် ရယ် သည်။

" ဆောရီးဟာ နင့်ကို ပြောရမလား မပြောရမလား၊ ငါ ချီတုံချတုံနဲ့ အခု ထက်ထိ မအိပ်ရသေးဘူး "
စိမ်းဝေ ရင်ထိတ်သွားသည်။
" ဘာကိုလဲ " အာသာ သက်ပြင်းချသည်။
" ငါ အခုပဲ လန်ဒန်ကို သွားမလို့၊ ငါ့ကို ကိုရဲဝင့် ဖုန်းဆက်ခေါ်ထားတယ်၊ အရေးကြီးတဲ့ စကားပြောချင် လို့တဲ့ " စိမ်းဝေရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ " ဘာလဲဟ ကိုကိုက ခုမှ မြန်မာပြည်က ထွက် လာနေတာ " အာသာက ခဏတိတ်ဆိတ်နေသည်။ ပြီးမှ တိုးတိုးဖြေသည်။

" ငါသိ သလောက်တော့ သူရောက်နေတာ တစ်ပတ်ရှိပြီ၊ လန်ဒန်မှာပဲနေနေတာ၊ နင့်ဖေဖေနဲ့ မေမေက ခုမှ ထွက်လာတာ။ သူနဲ့ လန်ဒန်မှာ ချိန်းထားတာ " စိမ်းဝေ အံကြိတ်သည်။ မျက်ရည်ဝဲလာသည်။
" မဖြစ်နိုင်တာဟာ ကိုကိုက လန်ဒန်မှာ ရှိနေလျက်သားနဲ့ ငါ့ကို ဘာကြောင့် အသိမပေးရမှာတဲ့လဲ "
" အဲဒါ ငါလည်း ခုမှ သိလို့ အံသြနေတာပဲ လေ ..  "
" ငါပြောပြီးပြီလေ၊ အရေးကြီးတဲ့ စကား ပြောစရာရှိလို့လာခဲ့ပါတဲ့၊ ငါနဲ့ ဘက်ကင်ဟန် နန်းတော်ရှေ့မှာ ဆုံမယ် လို့ ချိန်းတယ်၊ နင့်ကို မပြောပါနဲ့တဲ့။

ဒါပေမဲ့ ငါက နင့်ကို မပြောဘဲ မနေချင်ဘူး၊ နင် မသိအောင် မသွားချင်ဘူး၊ အဲဒါကြောင့် တစ်ညလုံး ထထိုင် နေ ရတာ၊ အခု ငါပြောပြီးပြီ၊ ငါသွားတော့မယ် ပြန်လာရင် ရောက်ရောက်ချင်း ငါဆက်မယ် "
" နေဦး အာသာ၊ ငါလည်း လိုက်မယ် " အာသာ သက်ပြင်းချသည်။
" မမီတော့ဘူး စိမ်းဝေ၊ ပြီးတော့ ငါယောက်ျားချင်းပေးတဲ့ ကတိ တစ်ဝက်ပဲ ဖျက်ချင်တယ်၊ သူ့မှာ နင်နဲ့ ခု ချက်ချင်း ရင်မဆိုင်နိုင်လောက်အောင် ဘယ်လောက်ကြီးတဲ့ပြဿနာ ရှိနေမှန်း မသိဘူး၊ ဆောရီးဟာ ငါ ပြန်လာမှ အကျိုးအကြောင်း ပြောပြမယ် ဘိုင့်ဘိုင့် " အာသာ ဖုန်းချသွားသည်။
စိမ်းဝေက တဒိုင်းဒိုင်း ခုန်နေသော ရင်နှင့် တုန်လှုပ်ချောက်ချားစွာ ဆက်ထိုင်နေမိပါသည်။

ဆက်ရန်
.

No comments: