Friday, June 1, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (25)

ကမ်းခြေပေါ် မှာ လူသူကင်းမဲ့နေ သည်။ ကျောက်စရစ်ရောပြွန်း သည့် သောင်ပြင် အတိုင်း လျှောက် လာခဲ့သည်။ ဆိပ်ကမ်းတွင် သင်္ဘောကပ်လျှင် ကြားခံပေး သည့် မော်တော်ကား တာယာ တစ်ခု ရှိသည်။ သံလှေကား တစ်ခု လည်း ကုန်း တစ်ပိုင်း ရေတစ်ပိုင်းရှိနေသည်။ ဂျက်စ်ပါ က ထိုနေရာသို့ ပြေးသွား သည်။ သူ လုပ်နေကျဖြစ်ပေ လိမ့်မည်။ ကို ဆက်ဖတ်ရန်.....

ပေသုံးဆယ်လောက်အကွာက ဗော်ဟာကလေးကို လှမ်းကြည့်မိသည်။ အပေါ်မှာ စာရေးထားသည် ကို တွေ့ရသည်။ "ကိုယ်ပြန်လာပြီ"။ နာမည် က ရယ်စရာပင်ကောင်းသေးတော့၏။ ရွက်သင်္ဘော၏ နာမည် ဖြစ်နိုင်သည်။ ပြင်သစ်ဘာသာဖြင့် အမည်ပေးထားသည်။ အခြားသင်္ဘော များဆိုလျှင် "ပျော်တပြုံး နဲ့ မောင်ဖုန်းပြန်လာပြီ" ဆိုတာမျိုး၊ "ကျုပ် ဒီမှာ" ဆိုတာမျိုး အမည်ပေးပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် "ကိုယ်ပြန်လာပြီ" ဆိုသော အမည်သည် ဇိမ်ခံရွက်သင်္ဘောကလေးတစ်စီးအတွက်တော့ အလွန်ကောင်း သည့် နာမည်ဖြစ်သည်မှာ မှန်ပါသည်။

တစ်ခုခက်နေတာက သည်သင်္ဘောကို သည်လို နာမည်ပေးထားသလို သူ ဘယ်တော့ မှ ပြန်လာနိုင်တော့ မည် မဟုတ်ခြင်းပင်။ ထို့ကြောင့်လည်း သူ့အ ဖြစ်နှင့် သူ့အမည် အံမကိုက်သဖြင့် ရယ်စရာကောင်းနေခြင်းဖြစ်သည်။
ရဘက်ကာ ၏ဇိမ်ခံရွက်သင်္ဘောကလေးသည် ခပ်သေးသေးပဲဖြစ်သည်ဟု ဖရင့်ခရော်လေက ပြောဖူး သည်။ ကေဗင်အခန်းသေးသေးတစ်ခုလည်း ရှိသည်ဟုဆိုသည်။ အရောင်က ဗော်ယာအတိုင်း အဖြူ နှင့်အစိမ်း ဖြစ်ပေလိမ့်မည်။ လေဆင်နှာမောင်းက ရုတ်တရက် ဆောင့်တိုးလိုက်သောအခါ တစ်ဖက် သို့ စောင်းပြီး နစ်မြုပ်သွားပေလိမ့်မည်။ သင်္ဘောပေါ်ရှိ ရဘက်ကာကိုလည်း လှိုင်းက ပုတ်ချ လိုက်ပေ လိမ့်မည်။

ဂျက်စ်ပါက ဆိပ်ခံတံတားနား မှာ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ဖြစ်နေသည့် လှေကားကလေးကို သွားနမ်း ကြည့်နေ သည်။
"ဂျက်စ်ပါ… ပြန်လာခဲ့၊ မင်းနောက်ကို လျှောက်လိုက်မနေနိုင်ဘူး"
ကျွန်မ က ကမ်းတစ်လျှောက် ဆက်လိုက်လာခဲ့သည်။ တိုက်ပုကလေးကို လှမ်းမြင်ရသည်။ ယခင်တစ်ခါ သည် တိုက်ပုကလေးကို မြင်ရတုန်းက နိမိတ်မကောင်းဟု ထင်ခဲ့မိသည်။ ယခုတော့ သည်လိုမဟုတ်။ အသွင် ဆန်းနေသည်။ ယနေ့ မိုးလည်းမရွာ။ ခေါင်မိုးပေါ်မှာ မိုးစက်ကျသံများ မကြားရ။ သည်ထဲမှာ မည်သူ တစ်စုံတစ်ယောက်မျှ မနေ။ ဘာမျှကြောက်စရာမရှိ။ လူသူမနေဘဲ သည်အတိုင်းပစ်ထားသည့် အခြား အဆောက်အအုံများဆိုလျှင် နိမိတ်မကောင်းဟု ထင်မှတ်ရတတ်သည်။ အသစ်ဆောက်လုပ်ပြီး သည့် ဗိုလ်တဲ များ၊ လူနေအိမ်များလည်း ထိုအတိုင်းဖြစ်သည်။

ယခုတော့ သည်တိုက်ပုလေးက သည်လိုမဟုတ်။ တစ်ချိန်တုန်းက ဧည့်သည်တွေနှင့် စည်ကားခဲ့ဖူး သည်။ လသာသည့်ညများတွင် သည်နေရာသို့ ပျော်ပွဲစားထွက်ခဲ့ကြသည်။  ပြီးတော့ ပင်လယ်ထဲ ရေ ဆင်းချိုးကြမည်။ တချို့ကလည်း ရွက်သင်္ဘောကလေးဖြင့် ရွက်တိုက်ထွက်သွားကြလိမ့်မည်။ မပြုမပြင် ဘဲ စွန့်ပစ်ထားသဖြင့် ခွေးလှေးယားပင်များ မင်းမူနေသော ပန်းခြံကလေးကို ကျွန်မ ကြည့်နေမိသည်။ ဥယျာဉ်မှူးတစ်ယောက်ယောက်လာပြီး ပြုပြင်ပေးဖို့ကောင်းသည်။ သည်လိုပစ်ထားဖို့မကောင်း။ ပစ် ထားဖို့လည်း မသင့်လျော်။
ခြံဝ အတိုင်း ဝင်လာပြီး တိုက်ပုကလေး၏တံခါးဝဆီသို့ လျှောက်လာခဲ့သည်။ တံခါးကို ကျကျနန ပိတ် ထားခြင်း မရှိ။ ယခင်တစ်ခေါက် ကျွန်မ ရောက်ခဲ့တုန်းက သေသေချာချာ ပြန်ပိတ်ထားခဲ့မိကြောင်း ကျွန်မ အမှတ်ရနေ သည်။ ဂျက်စ်ပါက တံခါးအောက်မှ လိုက်ပြီး အနံ့ခံနေသည်။

"မလုပ်စမ်းနဲ့" ဟု ကျွန်မက ပြောသည်။ သို့သော် မရပါ။ သဲကြီးမဲကြီး အနံ့ခံနေသည်။ ကျွန်မက တံခါး ကို တွန်းဖွင့်ပြီး အတွင်းသို့လှမ်းကြည့်လိုက်သည်။ ယခင်ကအတိုင်းပင် အတွင်းမှာ မှောင်နေသည်။ သင်္ဘော ပုံစံငယ်များပေါ်တွင်လည်း ပင့်ကူအိမ်များရှိမြဲရှိနေသည်။ ဘာအပြောင်းအလဲမျှမရှိပါ။ သို့သော် လည်း အခန်းတစ်ဖက်စွန်း ရှိ စတိုခန်းတံခါးကတော့ ပွင့်နေသည်။
ဂျက်စ်ပါ က တစ်ချက်ဟိန်းလိုက်သည်။ စတိုခန်းထဲမှ တစ်စုံတစ်ရာ ကျသွားသံကြားရသည်။ ဂျက်စ်ပါ က ဒေါသတကြီးဟောင်နေသည်။ ပြီးတော့ ကျွန်မ ခြေထောက်ကြားထဲမှတိုးကာ စတိုခန်းဆီသို့ တန်း ဝင်ပြေး သည်။ သူ့နောက်မှ ကျွန်မ လိုက်သွားသည်။ ရင်တွေ တဆတ်ဆတ်ခုန်လာသည်။ ပြီးတော့ ဘာ လုပ်ရမှန်း မသိတော့ဘဲ အခန်းအလယ်မှာ ရပ်နေမိသည်။

"ဂျက်စ်ပါ… ပြန်လာခဲ့… မရူးစမ်းနဲ့"
ဂျက်စ်ပါကမူ စတိုခန်းဝမှာရပ်ပြီး ဒေါသတကြီးဖြင့်ပင် အတွင်းသို့ဟောင်နေသည်။ စတိုခန်းထဲမှာ တစ် ခုခုတော့ရှိနေပြီ။ ကြွက်မဖြစ်နိုင်ပါ။ ကြွက်ဆိုလျှင် သူ ဒီလိုမဟောင်တတ်ပါ။
"ဂျက်စ်ပါ… ဂျက်စ်ပါ… ပြန်လာခဲ့" သူ ပြန်မလာပါ။ စတိုခန်းတံခါးဝဆီသို့ ဖြည်းဖြည်းချင်း ကျွန်မ လျှောက် လိုက် သွားသည်။
"အထဲက ဘယ်သူလဲ"ဟု ကျွန်မက မေးသည်။
မည်သူမျှ ပြန်မဖြေပါ။ ကျွန်မက ကုန်းပြီး ဂျက်စ်ပါ၏လည်ပင်းကို ကိုင်လိုက်သည်။ အထဲသို့လည်း လှမ်းကြည့် သည်။ အခန်းထောင့်နံရံမှာ လူတစ်ယောက်ကို တွေ့ရသည်။ ခပ်ကိုင်းကိုင်းထိုင်နေသည်။ ကျွန်မ ထက် ပင် သူက ပိုပြီးထိတ်လန့်တကြီး ဖြစ်နေပုံရသည်။ သူကား ဘင်း ဖြစ်လေသည်။ သင်္ဘော ရွက်တစ်ခု ၏နောက်ကွယ်မှာ ပုန်းဖို့ ကြိုးစားနေသည်။

"ဘာဖြစ်တာလဲ… ရှင် ဘာလိုချင်လို့လဲ"ဟု ကျွန်မက မေးသည်။ မျက်လုံးပေကလပ် ပေကလပ်လုပ်ပြီး ကျွန်မ ကို ကြည့်နေသည်။ သူ့ပါးစပ်ကလည်း အဟောင်းသားပွင့်နေသည်။
"ကျွန်တော် ဘာမှမလုပ်ပါဘူး"ဟု သူက ပြန်ပြောသည်။
"တိတ်တိတ်နေစမ်း ဂျက်စ်ပါ" ကျွန်မက ဂျက်စ်ပါနှုတ်သီး ကို လက်ဖြင့်ပွတ်လိုက်သည်။ ကျွန်မ၏ခါးမှ ခါးပတ် ကိုဖြုတ်ကာ သူ့လည်ပင်း မှာ ချည်လိုက်သည်။
"ဘာလိုချင်လို့လဲ ဘင်း…" ကျွန်မက ထပ်မေးသည်။ သည်တစ်ခါတော့ အသံက အနည်းငယ် ပိုမာလာ သည်။
သူ အဖြေပြန်မပေးပါ။ ရူးကြောင်ကြောင် မျက်လုံးများဖြင့်သာ ကျွန်မကို ငေးကြည့်နေသည်။

"ရှင် အပြင်ကို ထွက်လာရင်ကောင်းမယ်၊ ဒီတိုက်ထဲကို လူတွေဝင်တာ ထွက်တာ မစ္စတာဒီဝင်းတား မကြိုက် ဘူး" သူ မတ်တတ်ရပ်သည်။ ခိုးကြောင်ခိုးဝှက်လည်း ပြုံးသည်။ သူ့နှာခေါင်းကို လက်တစ်ဖက်ဖြင့်လည်း ပွတ် လိုက်သည်။ ကျန်လက်တစ်ဖက်ကိုမူ ကျောဘက်မှာ ဝှက်ထားသည်။
"ရှင့်လက်ထဲက ဘာလဲ ဘင်း" သည်တစ်ခါတော့ ကလေးငယ်တစ်ယောက်လို ကျွန်မ စကားကို သူ နားထောင်ပါသည်။ ဝှက်ထား သည့်လက်ကို ရှေ့သို့ထုတ်ပြသည်။ ငါးမျှားကြိုးကလေးတစ်ချောင်း လက်ထဲမှာ ရှိနေသည်။ "ကျွန်တော် ဘာမှမလုပ်ပါဘူး"ဟု ပြောသည်။ "အဲဒီငါးမျှားကြိုးဟာ ဒီအိမ်က ဟာ လား…" ဟု ကျွန်မက မေးသည်။

"အာ…" "နားထောင်စမ်း ဘင်း… ရှင်လိုချင်ရင် အဲဒီငါးမျှားကြိုးကို ယူသွားပါ။ နောက်ဘယ်တော့မှ ဒါမျိုး မလုပ် နဲ့။ သူများပစ္စည်းကို ယူတယ်ဆိုတာ မရိုးသားဘူး"
သူက ဘာမျှပြန်မပြော။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
"လာ လိုက်ခဲ့" ကျွန်မက ပြတ်ပြတ်ပြောလိုက်သည်။ အခန်းထဲသို့ ကျွန်မ ပြန်လှည့် လာခဲ့ သည်။ နောက်က သူ လိုက်လာသည်။ ဂျက်စ်ပါက မဟောင်တော့။ သူ့ခြေထောက် ကို လိုက်ပြီး အနံ့ခံနေ သည်။ သည်ထဲမှာ ကျွန်မ ဆက်မနေချင်တော့ပါ။ ထို့ကြောင့် အပြင်သို့ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ တိုက်ထဲ မှ ဘင်း ထွက်ပြီးသောအခါ တံခါးကို ကျွန်မ ပိတ် လိုက်သည်။ "ရှင် အိမ်ပြန်တော့" ဟု ကျွန်မက ပြောသည်။

သူသည် ငါးမျှားကြိုးကလေးကို မြတ်နိုးအပ်သော ရတနာပစ္စည်းကလေးသဖွယ် ရင်မှာအပ်ထားသည်။
"ကျွန်တော့် ကို ထောင်ထဲ ထည့်မှာလား ခင်ဗျာ…" သူ ကြောက်ရွံ့ထိတ်လန့်နေကြောင်း တွေ့ရသည်။ သူက လက်တွေလည်း တဆတ်ဆတ် တုန်နေ သည်။ တိုးလျှိုးတောင်းပန်သည့် မျက်လုံးများဖြင့်လည်း ကျွန်မ ကို ကြည့်နေသည်။ "မထည့်ပါဘူး"ဟု ကျွန်မက ညင်သာစွာ ပြန်ပြောသည်။
"ကျွန်တော် ဘာမှမလုပ်ပါဘူး။ ဘယ်သူ့ကိုမှလဲ ပြောမပြခဲ့ဖူးပါဘူး။ ထောင်ထဲကို ထည့်မှာတော့ ကျွန် တော် ကြောက်ပါတယ် ခင်ဗျာ" ညစ်ပတ်နေသော သူ့ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် စီးကျလာ သည်။

"ကိစ္စမရှိပါဘူး ဘင်း… ရှင့်ကို ဘယ်သူကမှ ထောင်ထဲမထည့်ပါဘူး။ ဒါပေမဲ့ အဲဒီတိုက်ထဲကို နောက် ဘယ်တော့ မှ မဝင်နဲ့…"
တစ်ဖက်သို့ လှည့်ပြီး ကျွန်မ ထွက်ခဲ့သည်။ သူက နောက်မှလိုက်လာပြီး ကျွန်မ လက်ကိုတို့လိုက်သည်။
"ကျွန်တော့် မှာ… ကျွန်တော့်မှာ… ခင်ဗျားကို ပေးစရာတစ်ခုရှိပါတယ်" စိတ်မနှံ့သူ တစ်ယောက် လို သူက ပြုံးသည်။ ပြီးတော့ လက်ဟန်ခြေဟန်ဖြင့်ပြပြီး ကမ်းခြေဘက်သို့ ထွက်သွားသည်။ ကျွန်မက သူ့နောက် သို့ လိုက်သွားသည်။ ကျောက်ဆောင်နားရောက်တော့ ကျောက် တုံးတစ်တုံး ကို ဖယ် လိုက်သည်။ အောက်မှာ ပင်လယ်ခရုခွံကလေးများ ရှိနေသည်။ ထိုအထဲမှ တစ်ခု ရွေးပြီး ကျွန်မ ကို ပေးသည်။
"ခင်ဗျား ဖို့" ဟုလည်း ပြောသည်။

"ကျေးဇူးတင်ပါတယ်… သိပ်လှတာပဲ" သူက ပြုံးပြသည်။ သူ့နားရွက်ကိုလည်း လက်ဖြင့် ပွတ်လိုက်သည်။ စိုးရိမ်ကြောက်လန့် မှု မရှိတော့။ "ခင်ဗျားမျက်လုံးတွေ သိပ်လှတာပဲ၊ နတ်သမီးမျက်လုံးလိုပဲ"
လက်ထဲမှ ပင်လယ်ခရုခွံကလေးကို ကျွန်မ ငုံ့ကြည့်လိုက်သည်။ သူ ပြန်တောင်းမှာ လား ဟု လည်း တွေး နေမိသည်။ ဘာပြန်ပြောရမှန်းလည်း မသိ။ "ခင်ဗျားက ဟိုအမျိုးသမီးနဲ့ မတူဘူး" "ဘာကို ဆိုလိုတာလဲ။ ဟိုအမျိုးသမီးဆိုတာ ဘယ်သူလဲ" သူက ခေါင်းကိုယမ်းလိုက်သည်။ သူ့မျက်လုံးထဲမှာ လျှို့ဝှက် သည့် အရိပ်အယောင်များပေါ် လာသည်။ နှာခေါင်း ကို လက်ဖြင့် သူ ညှစ်လိုက်သည်။

"အဲဒီအမျိုးသမီးက အရပ်မြင့်မြင့်… အသားမည်းမည်း သူ့ကိုကြည့်ရတာ မြွေကိုကြည့်နေရသလိုပဲ။ သူ့ ကို ကျွန်တော် ကိုယ်တိုင် မြင်ရတာပါ" သူက ကျွန်မကို စိုက်ကြည့်နေသည်။ ကျွန်မက ဘာမျှပြန်မပြော။
"အဲဒီအမျိုးသမီး ကို ကျွန်တော် တစ်ခါပဲ ကြည့်မိတာပါ။ သူက ကျွန်တော့်ဘက်လှည့်ပြီး"မင်း ငါ့ကို မသိ ဘူး မဟုတ်လား… နောက် ဒီနေရာမှာ လာပြီး ဘယ်တော့မှ ငါ့ကိုမကြည့်နဲ့၊ နောက်တစ်ခါ ငါ့ ကိုလာ ချောင်းကြည့်တာမြင်ရင် မင်းကို ထောင်ထဲထည့်ပစ်မယ်။ ထောင်ထဲက လူတွေဟာ အင်မတန် ရက်စက် ကြမ်းကြုတ်တယ်"လို့ ကျွန်တော့်ကို သူ ပြောတယ်။ ဘယ်သူ့ကိုမှ မပြောပါဘူး မမရယ်လို့ ကျွန်တော် က ပြန်ပြောသည်။ ဟောဒီလိုလဲ သူ့ကို ဆလံပေးလိုက်တယ်" သူ့ခေါင်းပေါ်မှ ဦးထုပ်ဝိုင်းကြိုး ကို လက် နှင့် ထိပြသည်။ "အခု အဲဒီ အမျိုးသမီး မရှိတော့ဘူး။ ဘယ်တော့ မှ ပြန်မလာနိုင်တော့ ဘူးနော်…" "ဘယ်သူ့အကြောင်း ရှင် ပြောနေတယ်ဆိုတာ ကျွန်မ မသိဘူး။ ဘယ်သူကမှ ရှင့်ကို ထောင်ထဲ ထည့် မထားပါဘူး။ ကဲ… သွားတော့မယ် ဘင်း" ကျွန်မက တစ်လုံး ချင်း ပြန်ပြော ပါသည်။

ကမ်းဘက်သို့ ပြန်လှည့် လာခဲ့သည်။ ဂျက်စ်ပါကိုလည်း ခါးပတ်ကြိုးနှင့် ပြန်ဆွဲလာခဲ့သည်။ သနား စရာ ကောင်းသော ဘင်း၊ တကယ်တော့ စိတ်မနှံ့ရှာသူသာ ဖြစ်ပါသည်။ သူ ဘာပြောနေသည်ကိုလည်း သူ သိပုံ မပေါ်။ တစ်စုံတစ်ယောက်က သူ့ကို ထောင်နှင့်ခြောက်ထားတာ ဖြစ်နိုင်သည်။
ဘင်းသည် သူတစ်ပါးကို အန္တရာယ်ပေးတတ်သူမဟုတ်ကြောင်း မက်ဇင်မ်က ပြောဖူးသည်။ ဖရင့်ခရော် လေ ကလည်း သည်အတိုင်းပြောခဲ့သည်။ အမှန်ကတော့ သူ့စိတ်များသည် မူမမှန်။ ထို့ကြောင့် လည်း ယနေ့ သူ့ကို ငါးမျှားကြိုးကလေး ယူခွင့်ပြုလိုက်သဖြင့် သူနှင့် ကျွန်မ မိတ်ဆွေဖြစ် သွားကြတော့သည်။ သို့သော် မနက်ဖြန် ကျွန်မကိုတွေ့လျှင် သူ မှတ်မိပေတော့မယ်မဟုတ်။ နောက်ကို ကျွန်မ လှည့်ကြည့် သည်။ ကျောက်ဆောင်များကြားမှာ သူ ပျောက်ကွယ် သွားလေပြီ။ သောင်ပြင်ကြီး သည် လူသူ ကင်းမဲ့ သွားပြန်တော့သည်။

တိုက်ပုကလေးမှ မီးခိုးခေါင်းတိုင်ကို သစ်ပင်များကြားမှ လှမ်းမြင်ရသည်။ ကျွန်မ စိတ်ထဲမှာ မအီမသာ ကြီးဖြစ် လာသည်။ ပြေးချင်စိတ်လည်း ပေါက်လာသည်။ ထို့ကြောင့် ဂျက်စ်ပါကိုဆွဲပြီး လူသွားလမ်း က လေး အတိုင်း သစ်တောဆီသို့ မောကြီးပန်းကြီး ပြေးတက်လာခဲ့မိသည်။ ကမ္ဘာပေါ်မှာရှိသည့် အဖိုးတန် ဆုံး ရတနာတွေ ကို ပုံပေးပါ့မည်ဆိုသော်လည်း သည်တိုက်ပုနှင့် သည်ကမ်းခြေသို့ ကျွန်မ တစ်သက် တွင် ခြေဦးလည့်တော့မည်မဟုတ်ပါ။ သည်နေရာမှ တစ်ယောက်ယောက် က စောင့်ကြည့်နေ သလို ခံ စားရသည်။ ပျက်စီးနေသော ပန်းခြံထဲက စောင့်ကြည့်နေသလိုလို ထင်မိသည်။
ကျွန်မတို့အတူ ပြေးလာကြတော့ ဂျက်စ်ပါက ကစားနည်းသစ်တစ်ခု ကစားနေရသည်ထင်ပြီး ဝမ်းသာ အားရ ဟောင်နေသည်။ သူ့လည်ပင်းမှ ခါးပတ်ကိုလည်း စိုးရိမ်စိတ်ဖြင့် ကိုက်နေသည်။

သည်နေရာမှာ သစ်ပင်တွေက ကျပ်ညပ်နေအောင် ပေါက်နေသည်။ သစ်မြစ်များက လူသွားလမ်းပေါ် သို့ ရောက်လာကာ ရှုပ်ထွေးနေသည်။ သည်လူသွားလမ်းကလေးကို အလုပ်သမားများနှင့် ရှင်းပစ် ဖို့ ကောင်းသည်ဟု ပြေးလာရင်း စဉ်းစားနေမိသည်။ သစ်တော၏ အလှတွေပျက်နေပြီ။ မက်ဇင်မ် အနေ ဖြင့် သူ့တပည့်တွေကို လွှတ်ပြီး ရှင်းလင်းခိုင်းဖို့ကောင်းပါသည်။ အပေါ်က သစ်ကိုင်းအချို့ကိုလည်း ချိုင်ပေး ရမည်။ သို့မှ လူသွားလမ်းပေါ်မှာ အလင်းရောင်ကောင်းကောင်းရမည်။ ယခုတော့ မှောင် လွန်း နေ သည်။
ငှက်မြည်သံ များလည်း မကြားရ။ ပျော်စရာတောင်ကြားကလေးလိုမဟုတ်။ သည်နေရာ၏တိတ်ဆိတ်ပုံ ကြီး က တစ်မျိုးဖြစ်နေသည်။ ပင်လယ်ကမ်းစပ်မှ လှိုင်းပုတ်သံများကိုတော့ ကြားရသည်။ သည်နေရာ ကို မက်ဇင်မ် ဘာကြောင့် သဘောမကျခြင်းဖြစ်ကြောင်း ကျွန်မ နားလည်ပါပြီ။ ကျွန်မလည်း သဘော မကျပါ။ သည်ဘက်ကမ်းခြေသို့ လာမိခြင်းသည် မိုက်မဲခြင်း ဖြစ်ချေသည်တကား။ ဟိုဘက် ကမ်းခြေ မှာ နေပြီး ပျော်စရာတောင်ကြားအတိုင်း အိမ်ပြန်သွားခဲ့ဖို့ကောင်းသည်။

ဆက်ရန်
.

No comments: