"ဘုရား ... ဘုရား၊ လုပ်စရာ ရှိတာ မြန်မြန်လုပ်ပါ အော်လီဗာရယ်၊ လိုက်သွားပြီး ခေါ်ခဲ့ ပါလားဟင်"
"ကောင်မလေး နဲ့ အမေနဲ့ စကားပြောရဦးမယ်၊ ဆန္ဒရာတို့ သားအမိကို သူပြန်ခေါ်နိုင် မလား မေး မယ်လေ"
တယ်လီဖုန်း ဆက်တော့ ချက်ချင်း ကောက်ကိုင်သည်။ အရက်မူးနေပုံရသည့် မိန်းမ တစ်ယောက် ၏ အသံ၊ အော်လီဗာ က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောတော့ အမျိုးသမီးက ချက်ချင်း မှတ်မိ သည်။ ဘင်ဂျမင်နှင့် သူ့သမီး အကြောင်းကိုလည်း သိနေပုံရ၏။
အော်လီဗာ က လေအေးကလေးဖြင့် တစ်မျိုးတစ်ဖုံ စီစဉ်ဖို့လိုပြီဖြစ်ကြောင်း နားချသည်။ သမီးနှင့် မြေး ကို ပြန်ခေါ်ထားနိုင်မလား မေးသည်။ ဆန္ဒရာအမေက အရေးအကြီးဆုံးအချက်ကို ဒဲဒိုးမေး သည်။ ကို ဆက်ဖတ်ရန်............

"ကျွန်မ ပြန်ခေါ်ထားမယ်ဆိုရင် ရှင်က သူတို့သားအမိအတွက် စရိတ်ထောက်မယ်ပေါ့" "စဉ်းစားသေး တာပေါ့ ဗျာ"
လုပ်စရာ ရှိတာ လုပ်ရမည်။ ဘင်ဂျမင်ဘ၀ထက် ငွေက ပို၍ အရေးမကြီးနိုင်ပါ။ သည်အကြောင်းကို တော့ သည် အမျိုးသမီး သိ၍ မဖြစ်၊ ရလေလိုလေဖြစ်မည်မုချ။
"ဒါကတော့ ရှင် ဘယ်လောက်ပေးမယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး စဉ်းစားရလိမ့်မယ်၊ ဆန္ဒရာ ကျောင်းပြန်နေချင် တယ်ဆိုရင် လဲ ကျွန်မက ပြန်ထားရဦးမယ်လေ"
အော်လီဗာ လုံးဝ မယုံကြည်ပါ။
"ဆိုပါဦး၊ ဘယ်လောက်ပေးရမှာလဲ"
"သားအမိနှစ်ယောက် အတွက် တစ်လ ဒေါ်လာ ၅၀၀တော့ အနည်းဆုံးရမှ ဖြစ်မယ်"
အင်း ... ဒါလောက် ဆိုရင်တော့ သိပ်မဆိုး။
"ကောင်းပြီလေ၊ ကျွန်တော် ပေးပါ့မယ်"
ဆန္ဒရာ တို့ အမေ ပျော်သွားသည်။ အော်လီဗာ ၀တ်ဆင် စိတ်ပြောင်း မသွားခင် မြန်မြန် ပြီးအောင် လုပ်မှ ကလေး အတွက် ကုန်ကျစရာ သိပ်မရှိပါ။ ဒီငွေနှင့်ဆိုလျှင် သား အမိ နှစ်ယောက် ကောင်းကောင်း ပျော်နိုင် သည်။
"လိုအပ် တဲ့ စာရွက်စာတမ်းတွေ ခင်ဗျား လက်မှတ်ထိုးရမယ်နော်" "ဒါပေါ့ ... ဒါပေါ့၊ ထိုးရမှာပေါ့ ကျွန်မ နားလည် ပါတယ်" "ဘယ်တော့လောက် ခင်ဗျား သမီးကို သွားခေါ်နိုင်မလဲ" "အဲ ... အဲဒါ ကျွန်မ မပြောနိုင်သေး ဘူး၊ လောလောဆယ် ကျွန်မမှာ လုပ်စရာတော့ မရှိပါဘူး၊ ဒါပေမယ့် ..." ဆူဆူပူပူ ကလေး တစ်ယောက်နှင့် ဆန္ဒရာကို ပြန်မခေါ်ချင်ပါ။ သို့သော် ပိုက်ဆံ အရေးကြီးနေ သည် လေ၊ ဒါထက် ပိုရနိုင် ရင် ဘယ်လောက်ကောင်းမလဲ။ "ကျွန်မ စဉ်းစားနေတယ်၊ ခုနစ်ရာလောက် မှ လောက်မယ် ထင်တယ်" "ကဲ ... ခြောက်ရာထား" အော်လီဗာ သည် စက်ဆုပ်ရွံ့ရှာစွာ မျက်နှာကို မဲ့လိုက် ၏။ သည်လောက် အောက်တန်းကျသည့် မိန်းမ ၏ သမီးနှင့် မှ ဆုံရလေခြင်း။
"ကောင်းပြီ၊ ကျွန်မ လက်ခံတယ်"
"သူတို့သားအမိကို မနက်ဖြန် လေယာဉ်ပျံနဲ့ ခင်ဗျားဆီအရောက် ကျွန်တော်တင်ပေးလိုက်မယ်"
တဆက်တည်း တွင် မာဂရက်ဆီ လှမ်းဆက်သည်။ ပါချော့စ်အိမ်သို့ သွားပြီး သူတို့သားအမိကို ကူညီ ထုပ်ပိုးပေး ပြီး လော့စ်အိန်ဂျလိစ်လေယာဉ်နှင့် တင်ပေးလိုက်ဖို့ အကူအညီ တောင်းရသည်။ သည်စနေ၊ တနင်္ဂနွေတွင် ဘင်ဂျမင်ကို သူတို့အိမ်မှာ နားနေစေရန်လည်း ပြောလိုက်သည်။ သူတို့ သားအမိနှင့် လေယာဉ်တစ်စီးတည်းတွင် ဆုံမနေအောင် စီစဉ်ရခြင်း ဖြစ်၏။ မာဂရက်က လုပ်စရာ ရှိတာတွေ အားလုံး လုပ်ပေးပါမည့်အကြောင်း။ ဘင်ဂျမင့်ရှေ့ရေး အကောင်းဆုံး ဖြစ်လာနိုင်ဖို့ အတွက် ၀မ်းပမ်း တသာ လုပ်ပေးမည်အကြောင်းများကို တည်တည်ငြိမ်ငြိမ် ပြောသည်။
အော်လီဗာက ကျေးဇူးတင်ကြောင်း အူလှိုက် သဲလှိုက် ပြောလိုက်၏။ မာဂရက်က ပါချေ့စ်အိမ် အတွက်လည်း ဘာမှမပူဖို့ ထပ်ပြောသည်။ အချိန်ရလျှင် ရသလို သွားကြည့်ပေးမည်တဲ့။ တယ်လီဖိုးနီးယား တွင် အခြေ မကျသေးသဖြင့် ပါချော့စ်အိမ်ကို ရောင်းဖို့မစဉ်းစားသေးခြင်း ဖြစ်၏။
ဘင်ဂျမင်ဆီ ပြန်ဆက်သည်။ ချက်ချင်းကောက်ကိုင်သည်။ တယ်လီဖုန်း စောင့်နေဟန်တူ၏။
"အားလုံး စီစဉ်ပြီးပြီသား၊ ဆန္ဒရာ အမေနဲ့လဲ ဖေဖေ ညှိပြီးပြီ။ သူတို့ သားအမိ နှစ်ယောက် စလုံး ကို ပြန်ခေါ်လိမ့်မယ်"
ကလေး အတွက်ရော၊ ဆန္ဒရာ့အတွက်ပါ လုံလောက်သည့် အထောက်အပံ့ပေးမည့် အကြောင်းကို လည်း ထည့်ပြော လိုက်သည်။
"ဒီတော့ သူတို့အတွက် သား ဘာမှ ပူစရာ မလိုတော့ဘူး ဟုတ်ပြီလား။ မနက်ဖြန်ကို သူတို့ သားအမိ ဆီ လေယာဉ်ပျံ လက်မှတ်ပို့ပေးလိုက်မယ်၊ မာဂရက် လာပြီး ကူလိမ့်မယ်၊ ပြီးတော့ သားကိုလဲ တစ်ခါထဲ ဘိုးဘိုး ဆီခေါ်သွားလိမ့်မယ်၊ သားအဲဒီမှာ တစ်ရက်နှစ်ရက် နားနေလိုက်၊ ဟုတ်ပြီးလား"
ဒါဆိုလျှင် ဘင်ဂျမင် အိမ်ပြန်ရောက်ပြီး လပေါင်းများစွာ ခွဲခွာနေခဲ့ရသည့် သား မိမိ အတောင် အောက် သို့ ပြန်ရောက်လာတော့မည်။
သား ကို ပေးလိုက်ရမည် ဆိုတော့ ဘင်ဂျမင် ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။ သို့သော် အဖေနှင့် ဆန့်ကျင်ဖို့ သူ့တွင် အင်အား မရှိတော့။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ကျေးဇူးတင်ကြောင်း ပြောသည်။
"သားလေး ကို ကျွန်တာ် အရမ်းအောက်မေ့နေမှာပဲ အဖေ၊ လေးဘက်တောင်သွားချင်နေပြီ။ အရမ်း တတ် တာပဲ၊ ကျွန်တော်တို့ လုပ်တာတွေ မှန်မှမှန်ရဲ့လား မသိဘူး ဖေဖေ"
"ဘာလို့ မမှန်ရမှာလဲ သားရဲ့၊ သူတို့နေတဲ့ ဘာကာစီဖီးဆိုတာ ဖေဖေတို့ အိမ် ကနေ နှစ်နာရီ မောင်းရင် ရောက် တာပဲ၊ သား အချိန်မရွေးသွားလည်နိုင်တယ်လေ၊ သားအတွက်ရော၊ ဆန္ဒရာ့ အတွက်ရော၊ ကလေးအတွက်ပါ အကောင်းဆုံးပဲလေ၊ သား သိပ်ပင်ပမ်းနေပြီ။ ဒါလောက် အဆင်းရဲ ခံပြီး အမှန်ဘက်က နေခဲ့တာကိုဘဲ ဖေဖေဂုဏ်ယူလို့ မဆုံးပါဘူးကွာ၊ သားအတွက်လဲ စဉ်းစား ရ ဦးမယ်လေ။ ဒီအရွယ်နဲ့ ဆယ်တန်းအောင် မအောင်သေးဘဲ အဲလ်လက်စ်ကလေးကို သား ဘယ်လို လုပ်ပြီး ထောက်ပံ့နိုင် မှာလဲ"
"ဟုတ်ပါတယ် ဖေဖေ"
ပြီးတော့ စိတ်မချသည့် လေသံဖြင့် ...
"ဆန္ဒရာ့ အမေ က ကလေးကို တကယ်ဂရုစိုက်ပါ့မလား ဖေဖေ၊ ကျွန်တော်သိပ်မယုံဘူး"
"သူ့ မှာ ဘာအလုပ်မှ မရှိဘူးတဲ့၊ ဂရုစိုက်မှာပါ၊ ကဲ ... သား အိပ်တော့၊ အနားယူတော့နော်"
"ဟုတ်ကဲ့ ဖေဖေ၊ မနက်ဖြန် ညကျမှ ဘိုးဘိုးအိမ်က ဆက်မယ်နော်"
ဆန္ဒရာပြန်အလာ ကို ဘင်ဂျမင် စောင့်နေမည်။ မနက်ဆိုလျှင် မာဂရက် ရောက်လာတော့မည်။
နောက် တစ်နေ့ အော်လီဗာ ဖုန်းဆက်တော့ ဘင်ဂျမင်တစ်ယောက် သူ့အဘိုးအိမ်တွင် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေ သည်။ ဆန္ဒရာတို့သားအမိ အိမ်က ဆင်းသွားသည်ကို ကြည့်ပြီး ဘင်ဂျမင် အကြီးအကျယ် စိတ် ထိခိုက်နေကြောင်း မာဂရက်ပြန်ပြောပြသည်။ ပါချေ့စ်အိမ်ကိုလည်း နောက်မှ သန့်ရှင်းရေး လုပ်ပေး မည် ပြောသည်ကိုမရ။ ဘင်ဂျမင်က သူကိုယ်တိုင်တစ်နေကုန် ဆေးကြော သန့်ရှင်းပေးသည်ဆို၏။
အဘိုး အိမ်ရောက်တော့ ဘင်ဂျမင်တစ်ယောက် စိတ်ပမ်းလူပမ်းဖြစ်ကာ ယဲ့ယဲ့သာ ကျန်တော့သည်။ မာဂရက် က ကလေးတစ်ယောက်ကို သိပ်သလို သူ့ကို သိပ်ရသည်။ ညစာကိုပင် ဘင်ဂျမင် မစားနိုင်တော့။ မာဂရက် အရမ်း စိတ်မကောင်း ဖြစ်သွားသည်။
ခဏတဖြုတ်နေ ဖို့ တားလို့မှ ရပါတော့မလား။ အော်လီဗာက အမြန်ဆုံးလာစေချင်နေပြီ။ ပတ်ဝန်း ကျင်သစ် ကို အမြန်ဆုံး ရောက်လာဖို့လိုသည်ဟု ယူဆသည်။ အတိတ်၏ အရိပ်မည်းကြီးအောက်မှ ထွက်ပြေးဖို့ မှာ သည်ပတ်ဝန်းကျင်က မိုင်ပေါင်းများစွာ ဝေးကွာသည့် အနောက်ကမ်းခြေသို့ မီရာ လေယာဉ်ဖြင့် တင်ပေးလိုက်ရုံမှ တစ်ပါး အခြားမရှိပြီ။
"ဘင်ဂျမင် ဟာ သိပ်တော်တဲ့ကလေးပါ အော်လီဗာ၊ အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူသင့်ပါ တယ်၊ တကယ်ယောကျာ်းပီသ တာပဲ၊ ဆန္ဒရာ့နောက်ကို သားကလေးပါ သွားတော့ သူ့ခမျာ ရူးမတတ်ပဲ"
"ကျွန်တော် နားလည်ပါတယ် မာဂရက်ရယ်"
ဘင်ဂျမင် သည် အဲလ်စ်ကလေး ကို သည်လောက်သံယောဇဉ်ကြီး လိမ့်မည် အော်လီဗာ လုံးဝ မထင်ခဲ့။ အင်း ... တစ်ချိန်ချိန်မှာ စိတ်ပြောင်းလာပြီး ကလေးကို ဘင်ဂျမင့်ဆီ ပြန်အပ်တန်ကောင်း ပါရဲ့၊ သည် ကိစ္စ ရှေ့နေနှင့် ဆွေးနွေးပြီးပြီ။ အမေလုပ်သူက လိုလိုချင်ချင် မပေးသမျှ ဘယ်နည်းနှင့် မှ ရနိုင်စရာ လမ်းမရှိ ဟု ဆိုသည်။
"ကျေးဇူးပါပဲ မာဂရက်ရယ်၊ မာဂရက်ကို ဒုက္ခပေးရတဲ့အတွက် စိတ်မကောင်းပါဘူး၊ တစ်ခြား အပူကပ်စရာ လဲ ကျွန်တော့်မှာ မရှိဘူးလေ"
ဒက်ဖန် ဆီ လှမ်းဆက်မည် စိတ်ကူးသေးသည်။သူက နယူးယောက်မှ သွားရမည်ဖြစ်၍ တကူးတက နိုင်လွန်းသည်။ မာဂရက်သည် အားလုံးကို အကောင်း ဆုံး ဖြစ်အောင် လုပ်ပေးသွား သည်။ ဖေဖေ မှန်ပါပေသည်။ အလွန်တော်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပါ၏။
"အော်လီဗာ တို့ အဖေက ပြောနေတယ်၊ ဘင်ဂျမင်ဟာ အော်လီဗာ ငယ်ငယ်ကလိုပဲ ခေါင်းမာတယ် တဲ့"
စိတ်ထဲက တစ်မျိုးကြီး ဖြစ်သွားသည်။ သားကြီးကို အမေတူမို့ ခေါင်းမာသည်ဟု မိမိအမြဲ ထင်ခဲ့သည် မဟုတ်လား။
"ခုတော့ သူလမ်းကြောင်းပေါ် ပြန်ရောက်လာပြီလေ၊ သူ့အတွက် အော်လီဗာ ဘာမှ မပူနဲ့တော့ နော်၊ မနက်ဖြန်ဖြစ်ဖြစ်၊ သန်ဘက်ခါဖြစ်ဖြစ် လေယာဉ်ပေါ် တင်ပေးလိုက်မယ်"
ကျေးဇူးတင်ကြောင်း ထပ်ပြောပြီး တယ်လီဖုန်းချလိုက်သည်၊ ပြီးတော့ ဆန္ဒရာ့ အမေဆီသို့ ဆက်သည်။ ဆန္ဒရာတို့ သားအမိ ချောချောမောမော ရောက်မရောက်လှမ်းမေးသည်။ သူတို့ သားအမိက ချက် လက်မှတ် ဘယ်တော့ပို့မှာလဲ ပြန်မေးသည်။
"ကျွန်တော် မနေ့ကပဲ ပို့လိုက်ပါပြီ မစ္စက်ကာတာ၊ ကလေးကော နေကောင်းရဲ့လားဟင်"
"ကောင်းပါတယ်၊ ကလေးကို သိပ်ချစ်ဖို့ ကောင်းတာပဲရှင်"
အော်လီဗာ စိတ်အေးသွားသည်။ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ အမြဲတမ်းလိုလို အနား တွင် ရှိနေ သည့် ရှားလော့ က သူ့ဦးခေါင်းကို ယုယုယယ ပိုက်ထားပေးသည်။
ပင်ပမ်းနွမ်းနယ် စွာ ပြုံးပြီး ချစ်သူမျက်နှာကို မော့ကြည့်လိုက်၏။ ရှားလော့က သူ့ဆံပင်တွေကို အသာ ပွတ်သတ်ပေးနေ၏။
"သူငရဲတွင်း ထဲရောက်နေသော တစ်နှစ်ကျော်ပြီ ရှာလီ၊ အင်း ... ခုမှပဲ ဆွဲတင်နိုင်တော့တယ်"
မယ်လီဆာ ပါ ရောက်လာပြီး ဘင်ဂျမင်ရောက်လာလျှင် အားလုံးဝိုင်းဂရုစိုက်ကြဖို့ ဆွေးနွေးကြ သည်။ ကျောင်းကိစ္စ လည်း တိုင်ပင်ကြသည်။
ညဥ့်နက်မှ ရှားလော့ ကို အော်လီဗာ ပြန်ပို့သည်။ ရှားလော့ အိမ်တွင်လည်း ဘင်ဂျမင့်အကြောင်းပဲ ဆက်ပြော ဖြစ်ကြသည်။ ခဏနေတော့ အော်လီဗာက ပြန်ဖို့ပြင်သည်။ စိတ်ရှုပ်စရာ ၀င်လာသည့်အတွက် ရှားလော့ ကို တောင်းပန်သည်။
"ဒါလင် မောင့် ကို စိတ်ညစ်သွားပြီလား ဟင်"
"ဘာကို ညစ်ရမှာလဲ မောင်ရယ်၊ အတူတူမျှဝေခံစားမှာပေါ့။ မနက်ဖြန် လေယာဉ်ကွင်းသွားကြိုရင် ရှာလီ လိုက် မယ်နော်၊ ဒါမှမဟုတ် မောင်တစ်ယောက်တည်း သွားတာက ပိုကောင်းမလား"
မမြင်ဖူးခင် ကပင် ဘင်ဂျမင်ဆိုသည့်ကလေးကို ရှားလော့ ချစ်နေပြီ။
"လိုက်ခဲ့ရင် ပိုကောင်းတာပေါ့ကွာ"
ချစ်သူမျက်နှာကို ပြုံးပြုံးကြီး မော့ကြည့်ရင်း ကျေးဇူးတင်စွာ ပြောလိုက်သည်။ သိပ်သိတတ်သည့် မိန်းကလေး၊ အနမ်းဖြင့် နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ခြေပစ်လက်ပစ် လှဲအိပ် လိုက်သည်။ ဘင်ဂျမင် တစ်ယောက် ဘယ်လောက်ပင်ပမ်းနေရှာမည်ကို တွေးပြီး သနားနေ၏။
နောက်တစ်နေ့ညပိုင်းတွင် လေယာဉ်ကွင်းသို့ သွားကြိုသည်။ ဖြူလျော့ပိန်လှီနေသည့် သားကို မြင်တော့ တအားပြေး သွားပြီး ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်။ ဘင်ဂျမင် အားရပါးရ ငိုချလိုက် ၏။ သားအဖနှစ်ယောက် ကို ရှားလော့က ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည်။
မျက်ရည်တွေ သုတ်ပြီး အဖေ့မျက်နှာကို မော့ကြည့်သည်။ အကြာကြီး ကွဲနေသည့် သူငယ်ချင်း တစ်ယောက်နှင့် ပြန်တွေ့နေသည့်အလား။ ရှားလော့ မျက်ရည်မဆည်နိုင်တော့။ တစ်ဘက်သို့ မျက်နှာ လွှဲလိုက်ရသည်။ သားအဖနှစ်ယောက် ရှားလော့ရှိရာသို့ လျှောက်လာကြသည်။
"ဒါ ကိုယ့်သား ဘင်ဂျမင်လေ" အော်လီဗာက ဆို့နစ်နစ်အသံဖြင့် မိတ်ဆက်ပေးသည်။ ဘင်ဂျမင်က လက်ဆွဲနှုတ်ဆက်ရင်း ... "ညီမလေးက အန်တီအကြောင်းတွေ အများကြီး ကျွန်တော့် ကို ပြောပြထားပြီးပါပြီး ကျွန်တော်လဲ တီဗွီမှာ အန်တီပြဇာတ်တွေ အများကြီး ကြည့်ဖူးပါတယ်၊ ဆမ်ကလေး ကလဲ အန်တီ ပူးဖြူကလေး ၀ယ်ပေးတဲ့အကြောင်း ပြောတယ်ခင်ဗျ၊ ကျွန်တော် တို့ မောင်နှမတွေ နဲ့ အန်တီအဖွဲ့ကျနေတာ ၀မ်းသာပါတယ်ခင်ဗျာ"
ရှားလော့ အရမ်းပျော်သွားသည်။ ဘင်ဂျမင် ၏ ပါးကလေးကို ငုံ့ပြီး နမ်းလိုက်မိသည်။
"မင်းအဲဒီလို သဘောရတာ အန်တီ ၀မ်းသာပါတယ်ကွယ်၊ ဒါပေမယ် အန်တီကို ရှာလီလို့ခေါ်ရင် ပိုသဘောကျ မှာ၊ လေယာဉ်ပေါ်မှာ အဆင်ပြေရဲ့လား"
"ကောင်းပါတယ်ခင်ဗျ၊ ကျွန်တော်တော့ တစ်လမ်းလုံး အိပ်ပျော်လာတာပဲ" အဖေ့ဘက်သို့ လှည့်ပြီး တစ်ဆက် တည်း မေးသည်။
"ဖေဖေ ဆန္ဒရာ့ဆီ ဖုန်းဆက် ဖြစ်သေးလားဟင်၊ ကလေးနေကောင်းရဲ့လား မသိဘူး"
တန်ဆာရွေးသည့် ကောင်တာဆီသို့ လျှောက်သွားကြသည်။
ဆက်တာပေါ့ သားရဲ့၊ အားလုံး နေကောင်းကြတယ်တဲ့"
ရင်သွေးကလေး ကို သံယောဇဉ်ကြီးလွန်းသည့် သားအား ကြည့်ပြီး အော်လီဗာ ရင်ထုမနာ ဖြစ်နေ သည်။ အိမ်ရောက်တော့ အငယ်နှစ်ကောင်က သူတို့အစ်ကိုကြီးကို ၀မ်းသာအားရ ကြိုဆိုကြသည်။ ရှားလော့နှင့် အော်လီဗာက အထုပ်အပိုးတွေသည်ပြီး အော်လီဗာ့ အိပ်ခန်းရှိရာသို့ တက်ခဲ့ကြ သည်။ ရှားလော့ စာနာစိတ်အပြည့်ဖြင့် ...
"သူ့သားကလေး ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး အော်လီ၊ သူ့ကြည့်ရတာ ပုံမှန် မရောက်သေး သလို ပဲ၊ သူ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကြမ်းကိုလဲ ကြည့်ဦးလေ"
နှစ်ယောက်သား ကလေးတွေရှိရာ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ မောင်နှမတစ်သိုက် မီးဖိုဆောင် ထဲ ရောက်နေကြပြီ။ သူ့အတွက် အက်နက်လုပ်ထားသည့် အသားညှပ်မုန့်တွေကို ဘင်ဂျမင် အားရပါးရ စားနေ သည်။ မယ်လီဆာက စကားတွေ အားရပါးရ ပြောနေ၏။ ဆမ်ကလေး က ပူးကလေးနှင့် ဘင်ဂျမင် ၏ မျက်နှာ ကို မထိတထိ လိုက်တို့နေသည်။
ဘင်ဂျမင် ပျော်နေ၏။ အင်း ... ကိုယ့်မိသားစုနဲ့ နေရတဲ့ ဘ၀က ကြည်နူးစရာ အထိပါလား။ စိတ်ထဲတွင် အခြားမြို့တစ်ခု မှ ပြန်လာသူလို ကိုယ့်ကိုကိုယ် ထင်မှတ်နေ၏။
"ကျောင်းမှာ ပျော်ရဲ့လား မယ်လီဆာ" ညီမ လုပ်သူဘက်သို့ လျည့်ပြီး မေးလိုက်သည်။ "သိပ်ပျော်၊ အရမ်းပျော် ပဲ၊ မပျော်ပဲ ရှိပါ့မလား ကိုကိုရယ်" မယ်လီဆာ စကားဖြတ်ပစ်လိုက်သည်။ အဖေက ဘင်ဂျမင်ရှေ့တွင် ကျောင်းအကြောင်း မပြောဖို့ မှာထားခြင်းကြောင့် ဖြစ်၏။ ဘင်ဂျမင်က ရိပ်မိသွားပုံဖြင့် ... "ဆက်ပြောလေကွယ်၊ အစ်ကိုဒါလောက် ကျောင်းနဲ့ မဝေးပါဘူး၊ အင်း ... လောလောဆယ်တော့ ဘာလုပ်ရ မှန်း မသိသေးဘူး၊ ဘာကာစဖီးကို သွားပြီး အဲလက်ကလေးရဲ့ အခြေအနေကို ကြည့်ချင် သေးတယ်၊ ပြီးအလွတ်ဝင်ဖြေဖို့ ကြိုးစားမယ်၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာပဲ တက်ရတော့ မှာ ပေါ့" ယေးလ် တို့၊ ဟားဗတ်တို့နှင့် ဝေးခဲ့ပြီ။ မိသားစုနှင့် အတူတကွ နေပြီး ကျောင်းတက်ဖို့သာ စိတ်ကူးတော့ သည်။
အငယ်နှစ်ကောင် အိပ်ယာ ၀င်သွားတော့ မိမိ အစီအစဉ်ကို အဖေ့အား ပြောပြသည်။ ရှားလော့က မိမိ တက်သည့်ကျောင်းဖြစ်ကြောင်း၊ လိုအပ်လျှင် ဆရာ၊ ဆရာမတွေဆီကို မိတ်ဆက်စာ ရေးပေး မည့် အကြောင်း ပြောသည်။
ဘင်ဂျမင် က ကျေးဇူးတင်ကြောင်း ပြောသည်။ ရှားလော့ကို ကျေနပ်စွာ ပြုံးကြည့်နေ၏။ သိပ်လှ သည့် အမျိုးသမီး ပါလား။ ဖေဖေ ကံကောင်းပါပေသည်။
သားအဖတွေ အေးအေးဆေးဆေး စကား ဆက်ပြောနေစေချင်၍ ရှားလော့ နှုတ်ဆက်ပြီး ပြန်လာခဲ့ သည်။ "ဖေဖေ အရမ်းကံကောင်းတာပဲ" ဘင်ဂျမင်က ရှားလော့ပြန်သွားလျှင် သွားချင် ဖအေ ကို ကောင်းချီးပေး သည်။
"အင်း-ဖေဖေလဲ အဲဒီလိုပဲ ထင်ပါတယ်"
သားဖြစ်သူ၏ ညှိုးယောင်ယောင် မျက်နှာကလေးကို ကြည့်ပြီး-
"သား နေကောင်းပါတယ်နော်၊ ဘာမှမဖြစ်ပါဘူးနော်"
"ကောင်းပါတယ် ဖေဖေရဲ့၊ မနက်ဖြန် ကားတစ်စီးလောက် ရနိုင်မလား၊ ဘာကာစဖီးကို ခဏ သွားချင် လို့"
"မမြန်လွန်းဘူးလားသား၊ သားနဲ့ဆန္ဒရာ စကားပြောလို့ ဖြစ်ပါ့မလား၊ အသားကျသွားအောင် ခဏ လေး စောင့်လိုက် ရင် ကောင်းမယ်ထင်တယ်"
ဘင်ဂျမင် သက်ပြင်းချသည်၊ ဆိုဖာပေါ်တွင် ခြေဆန့် ထိုင်လိုက်၏။ သက်တောင့်သက်သာ ဖြစ်နေ ပုံရ၏။
"သူနဲ့ လုံးဝ မတွေ့နိုင်ရင် ပိုကောင်းမှာ၊ ဒါပေမယ့် ကလေးကိုတော့ တွေ့ချင်တယ် ဖေဖေ"
"အဲလက်စ်ကို သား သိပ်ချစ်တာပဲလား" သူတို့မွေးစဉ်က အချိန်တွေကို ပြန် သတိရနေသည်။ သို့သော် မိမိ သားက မိမိနည်းတူ ဖြစ်လာ သည့်အခါ မအံ့သြသင့်ဘဲ အံ့သြနေ၏။
"အဲလက်စ်ဟာ ကျွန်တော့်ရင်သွေးပဲ ဖေဖေရယ်၊ ကလေးကို ကျွန်တော် ဒါလောက် ချစ်လိမ့်မယ် လို့ ဖေဖေ မမျှော်လင့်ဘူးလားဟင်"
ဘင်ဂျမင်က အံ့သြသည့်အမူအယာဖြင့် မေးလိုက်သည်။ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ သားကလေး ကိုတော့ ရင်နှင့်အမျှ ဘင်ဂျမင် ချစ်ပါသည်။
"အဲဒီလို မဟုတ်ပါဘူး သားရယ်၊ ဖေဖေ နားလည်ပါတယ်၊ စတေရှင် ၀က်ဂွန်းကို ယူသွားလေ၊ အက်နက် ကိုတော့ ယူသွားမယ့်အကြောင်း ပြောသွားပေါ့၊ ဆမ်ကို ကြိုဖို့နဲ့ ဈေးဝယ်ဖို့ သူ စီစဉ်နိုင် အောင်လို့လေ"
"ကျေးဇူးပဲဖေဖေ၊ အဲဒီကိစ္စ ပြီးပြီးချင်း ကျောင်းတက် ကျွန်တော် စီစဉ်ပါ့မယ်၊ ကောလိပ်တက်ဖို့ အချိန်စောင့်ဦးမယ် ဆိုရင်လဲ အလုပ်တစ်ခုခု ၀င်လုပ်မယ်လေ၊ အလကားတော့ ထိုင်မနေပါရစေနဲ့၊ ဖေဖေ့ကိုအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဖေဖေ"
အော်လီဗာ မျက်ရည်လည်သွားသည်။ သူ့ပေါင်ကို ပုတ်ပြီး အားပေးစကား ပြောရသည်။
"သားရဲ့ ဘ၀ကို ပြန်စေရမယ်၊ လမ်းမှန်ပေါ်ကို ပြန်လျှောက်ရတော့မှာမို့ အားလုံးအတွက် ကျေးဇူး တင်ပါတယ် ဖေဖေ"
ဘင်ဂျမင်က ပြုံးပြီး ဖအေကို မေးခွန်းထုတ်သည်။
"အင်း ... လက်ထပ်ဖြစ်မယ် ထင်ပါတယ် ..."
လူကြီး တစ်ယောက် ဖြစ်နေသော ဘင်ဂျမင်ကို ပွင့်ပွင့်လင်းလင်းပင် ပြောရတော့မည်။
"ဒါပေမယ့် သေသေချာချာ မဆွေးနွေးရသေးပါဘူး"
အော်လီဗာ သည်ကိစ္စ မဆွေးနွေးရဲသေး။ အငြင်းပယ်မည်ကို တွေးကြောက်နေသည်။ မိမိကြောင့် ရှာလီ့ဘ၀ တက်လမ်း ပိတ်သွားလေမည်လား ဟုလည်း စဉ်းစားရသေး၏။
"သိပ်တော်တဲ့ အမျိုးသမီးပါ ဖေဖေ၊ ကျွန်တော် တကယ် သဘောကျပါတယ်"
"အင်း ... ဖေဖေလဲ သဘောကျပါတယ်"
အော်လီဗာ ပြုံးပြုံးကြီး ပြောလိုက်သည်။ ပြီးတော့မှ သားတော်မောင်ကို အပေါ်ထပ် အိပ်ခန်းထဲထိ လိုက်ပို့ ပေးသည်။
သားသမီး သုံးယောက်စလုံး တဟုန်ထိုး ကြီးပြင်းလာကြသလိုပါပဲလား၊ ဆမ်က အဖေ့ဆီလာ မအိပ်တော့၊ ပူးကလေး ရှာလီနှင့် သူ့အခန်းထဲတွင် ကျေကျေနပ်နပ် အိပ်တတ်နေပြီ။
အခန်း(၂၄)
နောက်တစ်နေ့တွင် ဘာကာစဖီးသို့ ဘင်ဂျမင် ထွက်လာသည်။ သူတို့အိမ်ရောက်တော့ စိတ်ပျက် သွားသည်။ တစ်အိမ်လုံး ရှုပ်ရှုပ်ခတ်နေ၏။ လေအေးစက်ကပျက်နေသည်။ သားကလေးကို ကျန်းကျန်း မာမာ တွေ့ရ၍ တော်ပါသေး၏။ ဧည့်ခန်းထဲမှ တီဗွီဘေးတွင် အက်နက်ကလေး အိပ်ပျော်နေသည်။
နိုးလာပြီ ဖအေ ကိုမြင်တော့ ၀မ်းသာအားရအော်သည်။ ပြန်ခါနီးတွင် သားကလေးကို ကြည့်ပြီး မျက်ရည် လည်ပြန်၏။ သို့သော် ဆန္ဒရာနှင့် ဝေးရာ သို့ ပြန်ရမှာမို့ ၀မ်းသာနေ၏။
ကိုယ့် ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် ကားမောင်းပြန်ခဲ့၏။ နောက်ရက်များတွင် စာကိုဖိကျက်သည်။ ဆယ်တန်းနောက်ဆက် တွဲ စာမေးပွဲ အပြင်မှ ၀င်ဖြေသည်။ အောင်သည်။ တဆက်တည်း တွင် လော့စ်အိန်ဂျလိစ် တက္ကသိုလ် ၀င်ခွင့်လျှောက်လိုက်သည်။ ကျောင်းက လက်ခံသည်။
တက္ကသိုလ်စာအုပ် ဆိုင် တွင် အချိန်ပိုင်းအလုပ်တစ်ခု ရသည်။ သည်ဝင်ငွေဖြင့် အက်နက် ကလေး ကို ထောက်ပံ့မည်။
နောက်တစ်ခေါက် ဘာကာစဖီး သို့ ထွက်လာခဲ့ပြန်သည်။ သူတို့အိမ်အခြေအနေက ဘာမှမပြောင်း လဲ၊ ဆန္ဒရာ ကို မတွေ့ခဲ့ရ၊ အပြင် ထွက်နေသည်တဲ့လေ၊ အဘွားကြီးက ဘီယာကလေးတမြမြနှင့် အက်နက် ကလေးနှင့် တစ်နာရီ ခန့် ကစားပြီး ပြန်လာခဲ့သည်။
ဆန္ဒရာ တို့ အမေက ဘင်ဂျမင်လာသည်ကို ကြည်ကြည်ဖြူဖြူ ရှိသည်။ ထောက်ပံ့ကြေးမှန်မှန်ရနေ သည် မဟုတ် လား။
ဆက်ရန်
.

No comments:
Post a Comment