Saturday, May 26, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၂)

 ကျွန်မက ခပ်ပေါ့ပေါ့ပင် ပြောလိုက်မိပြန်ပါသည်။
”အထဲ ကို ကျွန်မ ဝင်ခဲ့ပါသေးတယ်။ ဂျက်စ်ပါကိုချည်ဖို့ ကြိုးဝင်ရှာတာလေ…. ပန်းကန်တွေက ဂျီး လက်လေးသစ် ဖြစ်နေပြီ။ စာအုပ်တွေလဲ ပျက်စီးစပြုနေပြီ။ ဘာကြောင့် တစ်ခုခု မလုပ်တာ လဲ ဟင် နှမျော စရာ…” သူ ချက်ချင်းပြန်ဖြေမည်မဟုတ်ကြောင်း ကျွန်မသိပါသည်။ ခါးကုန်းပြဓီး သူ့ဖိနပ်ကြိုး ကို ပြင်ချည်နေ သည်။ ကျွန်မ က ချုံတစ်ခုမှ သစ်ရွက်တစ်ရွက်ကို ခူးပြီး ကြည့်နေ ဟန်ဆောင် လိုက်သည်။
ကို ဆက်ဖတ်ရန်..........

"မက်ဇင်မ် က တစ်ခုခုလုပ်ချင်ရင် ကျွန်တော့်ကို ပြောမှာပါ"ဟု ပြန်ပြောသည်။ ဖိနပ်ကြိုးနှင့် အလုပ် ရှုပ် နေဆဲပင် ဖြစ်သည်။
"အဲဒါတွေအားလုံး ရဘက်ကာရဲ့ ပစ္စည်းတွေလား"
"ဟုတ်ပါတယ်" သစ်ရွက်ကလေးတစ်ရွက်ကို လွှင့်ပစ်လိုက်ပြီး နောက်တစ်ရွက် ထပ်ခူးကာ လက်ထဲမှာ ချာလပတ် လှည့်နေမိသည်။
"အဲဒီတိုက်ကလေး ကို ရဘက်ကာက ဘာအတွက်သုံးတာလဲဟင်….. အထဲမှာ အိမ်ထောင် ပရိဘောဂ တွေ အပြည့်အစုံ ရှိနေသလိုပဲ။

အပြင် ကနေကြည့်တော့ လှေထားတဲ့ လှေအိမ်ကလေးလို့ ထင်ရတယ်"
"အမှန် ကတော့ လှေအိမ်ပါပဲ။ အဲ…အဲ… နောက်ပိုင်းမှာ အဲဒီအမျိုးသမီးက အခုလိုဖြစ် သွားအောင် ပြင်ဆင်ပစ်လိုက်တယ်လေ။ ပန်းကန်ခွက်ယောက်တွေ အိမ်ထောင်ပရိဘောဂတွေ ထည့်ထား လိုက် တယ်"
သူ့လေသံ ပြောင်းသွားပြန်၏။ မနေတတ် မထိုင်တတ်သည့် လေသံမျိုး။ မပြောလိုဘဲနှင့် ခက်ခက် ခဲခဲ ပြောရသည့်လေသံမျိုး။ သည်အကြောင်းအရာနှင့် စပ်လျဉ်း၍ မပတ်သက်လို သည့် လေသံ မျိုး ဖြစ်ပါသည်။
"အဲဒီအမျိုးသမီး" ဟု ခေါ်လိုက်ပုံကလည်း ရယ်စရာပင် ကောင်းသေးတော့သည်။ ”ရဘက်ကာ”ဟု လည်းကောင်း၊ ဒါမှမဟုတ် "မစ္စက်ဝင်းတား"ဟု လည်းကောင်း ခေါ်လိမ့်မည်ဟု ကျွန်မ တွေးထင်ထားမိ ပါသည်။ "အဲဒီကို ဧည့်သည်တွေ ဘာတွေရော သူဖိတ်တတ်သလားဟင်"
"ဖိတ် ပါတယ်။ လာသာတဲ့ညတွေ မှာ ပျော်ပွဲစားထွက်တာတို့…. ဘာတို့လိုဟာမျိုးလေ"
ကျွန်မတို့ နှစ်ယောက် ရင်ပေါင်တန်းပြီး ဆက်လျှောက်နေကြသည်။ တေးသွားကလေးတစ်ခုကိုလည်း ကျွန်မ က ညည်းမြဲညည်းနေသည်။

"အင်း.. သိပ်ပျော်စရာကောင်းမှာပဲနော်.. လရောင်အောက်မှာ ပျော်ပွဲစားထွက်ရတာ သိပ်ပျော် စရာ ကောင်း မှာပဲ။ ရှင်ရော သွားလေ့သွားထ ရှိသလား" ကျွန်မ၏ လေသံက ရွှင်မြူးလာသည်။
"တစ်ခါနှစ်ခါလောက် ရောက်ဖူးပါတယ်"
စိတ်မပါဘဲ သူပြောနေရသည်ကို ကျွန်မ သတိပြုမိပါသည်။ သို့သော်လည်း မသိချင်ယောင် ဆောင်နေ လိုက်သည်။  "ဆိပ်ကမ်းမှာ ဗော်ယာလေးတစ်ခုတွေ့တယ်။ ဘာလုပ်တာလဲဟင်.. "
"အဲဒီမှာ ရွက်သင်္ဘောကို ကျောက်ချပြီး ကပ်ထားတတ်တယ်" "ဘာရွက်သင်္ဘောလဲ"
"အဲဒီအမျိုးသမီးရဲ့ ရွက်သင်္ဘော" ထူးခြားသည့် စိတ်အားထက်သန်မှုများကို ကျွန်မ ခံစားရပါသည်။ ကျွန်မ မေးချင် သည့် မေးခွန်းများကို ဆက်လက် မေးမြန်ရပါတော့မည်။ သည်အကြောင်းကို သူ မပြော ချင်ပါ။ ဒါကိုလည်း ကျွန်မ သိပါ သည်။ သူ့အတွက် ကျွန်မ စိတ်မကောင်းပါ။ သို့သော်လည်း ဆက်မေးရ ပါတော့မည်။ ရေငုံနှုတ်ပိတ် မနေနိုင်တော့ပါ။

"ဘယ်လိုဖြစ်ခဲ့တာလဲဟင်… ရွက်တိုက်သွားရင်း သူရေနစ်ပြီး သေဆုံးခဲ့ရတာ အဲဒီရွက်သဘောင်္လား"
"ဟုတ် ပါတယ်။ စောင်းမှောက်ပြီး မြုပ်သွားတာ။ အမျိုးသမီးက သင်္ဘောပေါ်ကနေ ကျသွားတယ်"
"သင်္ဘော က ဘယ်အရွယ်လောက်ရှိသလဲ" "သုံးတန်လောက်ရှိတယ်။ ကေဗင်အခန်းသေးသေးကလေး တစ်ခုလဲပါတယ်" "ဘာဖြစ်လို့ မှောက်သွားရတာလဲ" ”ပင်လယ်အောက်ထဲမှာ ရုတ် တရက် လေဆင်နှာမောင်း တိုက် လိုက်တာမျိုး ဖြစ်နိုင်ပါတယ်”
စိမ်းပြာနေသော ပင်လယ်ပြာ ကို စိတ်ကူးကြည့်မိပါတယ်။ လေဆင်နှာမောင်းက ရုတ်တရက် ကျလာပြီး ဇိမ်ခံရွက် သင်္ဘောကို စောင်းမှောက်ပစ်လိုက်တာ လွှင့်ထားသည့် ရွက်ကလည်း ပင်လယ်ရေ မျက်နှာပြင် ပေါ်တွင် ပြားချပ်သွားလေသည်လား။

”ဘယ်သူကမှ သွားမကယ်နိုင်ကြဘူးလား”
”သင်္ဘောနစ်သွားတာ ဘယ်သူမှ မမြင်ဘူး။ အဲဒီအမျိုးသမီး ထွက်သွားတာလဲ ဘယ်သူမှ မသိလိုက် ဘူး” ဟု သူက ပြန်ဖြေသည်။
သူ့ကို လှည့်မကြည့်မိအောင် ကျွန်မ အထူးသတိထားနေရပါသည်။ လှည့်ကြည့်လျှင် ကျွန်မမျက်နှာပေါ် မှ အံ့သြသော အမူအရာကို သူမြင်သွားပေလိမ့်မည်။ ပြိုင်ပွဲဝင်ကြရင်း နစ်သွားခြင်းဖြစ်သည်ဟုသာ ယခင် က ကျွန်မထင်ထားခဲ့သည်။ တခြား ရွက်လှေများလည်း ရှိမည်။ ကားရစ်ဘက်က ရွက်လှေများ လည်း ဝင်ပြိုင် မည်။ ပွဲကြည့်ပရိသတ်ကလည်း ကမ်းပေါ်မှ လည်းကောင်း၊ ရေကာတာပေါ်မှ လည်း ကောင်း၊ ကျောက်ဆောင်များပေါ်မှ လည်းကောင်း ကြည့်ရှုနေကြမည်။ ထိုသို့သာ ကျွန်မ ထင်ခဲ့သည်။ ယခုလို ပင်လယ်အော်ထဲမှာ အဖော်လုံးဝမပါဘဲ သူတစ်ယောက်တည်း သင်္ဘောနစ်ကာ ကွယ်လွန် သွားရသည် ကို လုံးဝမသိခဲ့။

”အိမ်က လူတွေ သိဖို့ ကောင်းတာပေါ့နော်”
”မသိနိုင်ဘူး။ အဲဒီအမျိုးသမီးက မကြာခဏ တစ်ယောက်တည်း ထွက်သွားလေ့ ရှိတယ်။ ပြီးတော့ ညဘက် ဆိုရင်လဲ သူပြန်လာချင်တဲ့ အချိန်မှ ပြန်လာတာ။ အိမ်ကိုမပြန်ဘဲ ကမ်းခြေက တိုက်ကလေး မှာပဲ အိပ်ချင် လဲ အိပ်နေတတ်တယ်” ”စိတ်လှုပ်ရှားပြီး အကြောက်လွန်သွားတာမျိုးတော့ မဟုတ်ပါဘူး ထင်ပါရဲ့နော်…” ”ဘယ်ကိစ္စ မှာဖြစ်ဖြစ် စိတ်လှုပ်ရှားတတ်တဲ့ အမျိုးသမီး မဟုတ်ပါဘူး။ စိတ်လှုပ်ရှားပြီး အကြောက် လွန်တတ် တဲ့ မိန်မမျိုးလဲ မဟုတ်ပါဘူး” ”ဟို….ဟို သူ တစ်ယောက်တည်း ဒီလိုထွက်သွားတတ်တာကို မက်ဇင်မ်က မတားဘူးလား” ”ဒါကတော့ ကျွန်တော် မသိပါဘူး” ဟု တိုတို တုတ်တုတ် ပြန်ဖြေသည်။

တစ်ယောက်ယောက် အပေါ်မှာ သူ သစ္စာစောင့်ထိန်းနေကြောင်း ကျွန်မအကဲခတ်မိလိုက် ပါသည်။ မက်ဇင်မ် ကို ဖြစ်ဖြစ်၊ ရဘက်ကာကိုဖြစ်ဖြစ်၊ သစ္စာစောင့်ထိန်းနေခြင်း ဖြစ်ပေလိမ့်မည်။ သို့တည်းမ ဟုတ် သူ့ကိုယ်သူ သစ္စာပြန်ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ သူ့အမူအရာ တစ်မျိုးဖြစ်နေသည်။ ဘာ ကြောင့် ဆိုသည် ကိုတော့ ကျွန်မ မပြောတတ်ပါ။
”သင်္ဘောနစ်သွားပြီ တဲ့နောက် ကမ်းဘက်ကို ပြန်ကူးဖို့ ကြိုးစားရင် ရေနစ်သွားရတာနဲ့ တူပါတယ်နော”
”ဟုတ်ပါတယ်” ဇိမ်ခံရွက်သင်္ဘောကလေး လေဆင်နှာမောင်းမိပြီး နစ်သွားပုံကို စိတ်ကူးဖြင့် ကျွန်မ စဉ်းစား ကြည့်နေ မိပါသည်။ ကမ်းခြေနှင့်လည်း အတော်ဝေးပေလိမ့်မည်။ ပင်လယ်အော် ထဲမှာ မှောင်ပိန်းနေပေ လိမ့် မည်။ ထိုအချိန်မျိုးတွင်လေဆင်နှာမောင်းက ဗြုန်းကနဲ ဆောင့်တိုးလိုက်ပြီး သင်္ဘောကလေး ကို နှစ်ပစ် လိုက်ခြင်း ဖြစ်ပေမည်။

”အဲဒီလိုဖြစ်ပြီး ဘယ်လောက်ကြာမှ အလောင်းပြန်တွေ့သလဲ”
”နှစ်လလောက်ကြာမှ”
နှစ်လ၊ ရေနစ်သေဆုံးသွားကြသည့် အလောင်းများကို နှစ်ရက်ကြာလျှင် ပြန်တွေ့သည်ဟု ကျွန်မ ထင်ခဲ့ သည်။ ဒီရေနှင့် အတူ ကမ်းပေါ် သို့ အလောင်းများ ရောက်လာတတ်သည်ဟု ကျွန်မ ထင်သည်။
”အလောင်း ကို ဘယ်မှာ တွေ့တာလဲ”
”အက်ခ်ျကွန်ဘီနားမှာ… ရေလက်ကြားအထက်ပိုင်း မိုင်ငါးဆယ်အကွာလောက်မှာ ရှိတယ်”
ကျွန်မ ခုနစ်နှစ် သမီးလောက်တုန်းက ကျောင်းပိတ်ရက်တွင် အက်ခ်ျကွန်ဘီသို့ အလည်သွားခဲ့ပါ သည်။ အလွန်ကြီးမား ကျယ်ပြန့်သည့် ပင်လယ်ကမ်းခြေဖြစ်သည်။ ဆိပ်ခံတံတားတစ်ခု ရှိသည်။ မြည်းတွေ လည်း ရှိသည်။ သောင်ပြင်ပေါ်မှာ ကျွန်မ မြည်းလျှောက်စီးခဲ့ရသည့် အကြောင်းများကို မှတ်မိပါသည်။

”နှစ်လလောက်ကြာမှဆိုတော့ သူဖြစ်ကြောင်း ဘယ်လိုလုပ် သိသလဲ။ ဘယ်လိုလုပ် ပြောနိုင်မလဲ”
ထိုသို့ မေးရင်း စကားတစ်ခွန်းပြောမည်ကြံတိုင်း တုံ့ဆိုင်းဆိုင်း ဖြစ်နေသည့် သူ့အဖြစ်ကို ကျွန်မ စဉ်းစား နေမိပါသည်။ စကားလုံးကို ရွေးချယ်နေခြင်းလား၊ ဒါမှမဟုတ် ရဘက်ကာအတွက် ကာကွယ်နေခြင်း လား၊ ဒါမှမဟုတ် သည်အကြောင်းတွေ ပြန်ပြောင်းပြောရသဖြင့် စိတ် ထိခိုက်နေခြင်း လား။
”အက်ခ်ျကွန်ဘီ ကို မက်ဇင်မ် လိုက်သွားပြီး ရဘက်ကာအလောင်း ဟုတ်ကြောင်း အတည်ပြုခဲ့တာပါ”
သည် အကြောင်းနှင့် ပတ်သက်ပြီး ဘာမျှ ဆက်မမေးချင်တော့သည့် စိတ် ချက်ချင်းဝင်လာပါသည်။ သည် လိုမေးခွန်းတွေ ဆက်တိုက်မေးလိုက်မိသည့်အတွက်လည်း ကျွန်မကိုယ် ကျွန်မ ပြန် ပြီး အော့ နှလုံးနာ မိသည်။ သူတစ်ပါး ဒုက္ခရောက်သည်ကို ဘေးမှနေ၍ ဝမ်းသာ အားရ ဖြစ်နေသည့်သဘောမျိုး ဖြစ်နေသည်။

ထို့ကြောင့်လည်း ကျွန်မကိုယ်ကျွန်မ ရွံ့မုန်းမိခြင်း ဖြစ်ပါသည်။ ကျွန်မမေးသည့် မေးခွန်း များက ကျွန်မ၏ အဆင့်အတန်းကို အောက်သို့ ဆွဲချနေသလို ဖြစ်နေသည်။ ရှက်စရာကောင်းလှ သည်။ ဖရင့်ခရော်လေ က ကျွန်မအပေါ်မှာ အထင်သေး အမြင်သေး ဖြစ်တော့မည်။
”ရှင်တို့ အားလုံး အင်မတန် စိန်မချမ်းမသား ဖြစ်ခဲ့ကြတဲ့ အချိန်ပဲပေါ့နော်.. အဟောင်းတွေ အသစ် ပြန်ဖြစ်စေချင် လို့ ဒီမေးခွန်းတွေ မေးတာမဟုတ်ပါဘူး။ ကမ်းခြေက တိုက်ကလေးကို တစ်ခုခု လုပ်ရရင် ကောင်းမလားလို့ တွေးမိရာက စကားစပ်မိသွားတာပါ။ အိမ်ထောင်ပရိဘောဂတွေအားလုံး ပျက်စီး ကုန် ပြီး နှမျောစရာ ကောင်းပါတယ်” ကျွန်မက ခပ်သွက်သွက် ပြောပြလိုက်မိသေးသည်။

သူက ဘာမျှပြန်မပြောပါ။ ကျွန်မလည်း မနေတတ် မထိုင်တတ်ဖြစ်လာပါသည်။ ကမ်းခြေက တိုက်က လေးကို တစ်စုံတစ်ရာ ပြုပြင်ချင်သည့်အတွက် သည်မေးခွန်းတွေ ကောက်မေးနေ သည်ဆိုခြင်း မှာ ဘာမျှမဆိုင်ကြောင်း သူတွေးမိတော့မည်။ ယခုတော့ သူ နှုတ်ပိတ်သွားပြီ။ ကျွန်မကို အံ့သြ ထိတ်လန့်သွားသောကြောင့် နှုတ်ပိတ်သွားခြင်း ဖြစ်ပါသည်။ ကျွန်မတို့ နှစ်ယောက် ကျီး ဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေသဘောဖြင့် ဆက်ဆံခဲ့ကြသည်။ မိတ်ဆွေရင်းအဖြစ် ဆက်ဆံခဲ့ကြသည်။ သူ့ ကိုလည်း ကျွန်မဘက်အဖြစ် ထင်မှတ်ခဲ့သည်။ အခုတော့ ဒါတွေအားလုံး ပျက်စီးသွားပြီ။ ကျွန်မကိုယ်တိုင် ကပင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ကျွန်မ အပေါ်မှာ ဟိုတုန်းကလို သူ သဘောထားနိုင်တော့ မည် မဟုတ်။

”ဟောဒီ မော်တော်ကားလမ်းကလေးက တော်တော်ရှည်တယ်နော်။ ဒီလမ်းကိုမြင်တိုင်း ကရင်းမ်ပုံပြင် ထဲမှာ တောလမ်းကလေးကို သွားသတိရတယ်။ မင်းသားကလေးက အဲဒီတောလမ်းကလေးပေါ်မှာ မျက်စိလည် လမ်းပျောက် သွားတာလေ… သိတယ်မဟုတ်လား၊ ဒီလမ်းက ထင်တာထက် ပိုရှည်တယ်။ သစ်ပင်တွေ ကလဲ အုပ်ဆိုင်းပြီး သိပ်ကျပ်ညပ်လွန်းတယ်”
”ဟုတ်ပါတယ်…. တစ်မျိုးထူးတာပေါ့လေ”
သူ့ အမူအရာ ကို ကြည့်ခြင်းအားဖြင့် နောက်ထပ် ကျွန်မဆက်မေးမည့် မေးခွန်းများကို သတိနှင့် သူ စောင့်ထိန်းနေကြောင်း သိသာပါသည်။ ကျွန်မတို့ နှစ်ယောက်ကြားက အဆင်မပြေမှုကြီးမှာ သိသာ ထင်ရှားနေ သည်။ ကျွန်မ အရှက်ကွဲချင်လည်း ကွဲပါစေတော့။ သည်အခြေအနေကြီးကိုတော့ တစ်မျိုး တစ်ဖုံ ပြောင်းလဲပစ်ရပေတော့မည်။

”ဖရင့်….” ကျွန်မက တုန်လှုပ်ချောက်ချားစွာဖြင့် ခေါ်လိုက်ပါသည်။ ”ရှင် ဘာတွေစဉ်းစားနေတယ်ဆို တာ ကျွန်မသိပါတယ်။ ဘာဖြစ်လို့ အခုန မေးခွန်းတွေ ကျွန်မမေးနေတယ်ဆိုတာ ရှင် နားမလည်နိုင် ဘူးမဟုတ်လား။ ကျွန်မစိတ်ဟာ မသန့်ရှင်းဘူး… စပ်စပ်စုစုနိုင်တယ်လို့ ရှင် ထင်သွားပြီ မဟုတ်လား။ တကယ် ကတော့ ဒီလိုမဟုတ်ပါဘူးနော်။ ကျွန်မကိုယုံပါ။ ကျွန်မစိတ်ထဲမှာ တစ်မျိုးခံစားနေရပါတယ်။
”ဟောဒီ မန်ဒါလေမှာ နေရတာ ကျွန်မအဖို့ မနေတတ်သလို ဖြစ်နေတယ်။ အားလုံးဟာ ကျွန်မအတွက် စိမ်းနေ တယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာလဲ ကျွန်မ မွေးဖွားကြီးပြင်းခဲ့ရတာ မဟုတ်ပါဘူးရှင်… အခုတော့ အပြန် အလှန် သဘောမျိုးနဲ့ အိမ်နီးနားချင်း အိမ်တွေကို ကျွန်မ သွားလည်ရပါတယ်။ အခု နေ့ခင်း သွားလည် ခဲ့ရတာမျိုးပေါ့။ ဒီလိုသွားလည်တိုင်း လူတွေက ကျွန်မကို ခြေဆုံးခေါင်းဖျားကြည့်ကြတယ်။ ဘာကြေင့် ကြည့်သလဲဆိုတာ ကျွန်မသိပါတယ်ရှင်။

သူတို့က ကျွန်မကို ခြေဆုံးခေါင်းဖျားကြည့် အကဲခတ်ပြီး မက်ဇင်မ်အဖို့ ဘာများမက်မောစရာ ကောင်း တာရှိသလဲ လို့ သူတို့ချင်း ပြောနေကြမှာကို ကျွန်မ တွေးနေမိပါတယ်။ နောက်ပြီးတော့ ဖရင့်… ကျွန်မ ကိုယ်ကျွန်မ ပြန်စဉ်းစားကြည့်မိတယ်။ သံသယတွေလဲ ဝင်လာတယ်။ မက်ဇင်မ်နဲ့ငါ လုံးဝလက်မ ထက်သင့်ခံဘူး ဆိုတဲ့ အတွေးမျိုးပေါ်လာပါတယ်။ ဒီအတွေးပေါ်လာတဲ့အခါမှာ ကျွန်မ သိပ်ကို စိတ်ထိ ခိုက်ရပါတယ်။ ကျွန်မတို့လင်မယား နှစ်ယောက် ဘယ်တော့မှ ပျော်နိုင်မှာ မဟုတ်တော့ဘူး။ 

စဉ်းစား ကြည့်ပါ ဖရင့်ရယ်… ကျွန်မစိတ်ထဲမှာ အလိုလို သိနေတာတစ်ခုလဲ ရှိသေးတယ်။ လူတွေက ကျွန်မကို ကြည့်ပြီး ဒီကောင်မလေး ဟာ ရဘက်ကာနဲ့တော့ အကွာကြီးကွာပါ့။ ဘာမှမဆိုင်ဘူုး လို့ ပြောနေကြမှာ ကိုလဲ ကျွန်မစိတ်ထဲ မှာ သိနေတယ်” စကားကို ကျွန်မ ရပ်လိုက်ပါသည်။ အသက်ရှူ မမှန်အောင် လည်း မောနေသည်။ ရင်ထဲမှာ ရှိနေသည်များ ယခုလို ပေါက်ကွဲပွင့်အန်ထွက်သွားသည့် အတွက် လည်း အနည်းငယ် ရှက်မိပါသည်။ တစ်ကြိမ် တည်းမှာပင် လုပ်သင့် လုပ်ထိုက်ရာကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ ပြတ်ြုပတ်သားသား လုပ် လိုက်မိပြီ ဖြစ်ကြောင့်လည်း ကျွန်မကိုယ်ကျွန်မ သိပါသည်။ ကျွန်မဘက်သို့ သူလှည့်လာသည်။ အလွန် စိတ်ဝင်စား သည့် အမူအရာ၊ အလွန် စိတ်မကောင်း သည့် အမူအရာများ ရောစွက်နေသည်။

”မစ္စက်ဒီဝင်းတား… အဲဒီလို အတွေးမျိုးတွေ တွေးမနေပါနဲ့ခင်ဗျာ၊ မစ္စတာဒီဝင်းတားနဲ့ ခင်ဗျား လက်ထပ် ခဲ့တဲ့ အတွက် ကျွန်တော် ဘယ်လောက် ဝမ်းသာတယ်ဆိုတာ ပြည့်စုံအောင်တောင် ပြော မပြ တတ် ပါဘူး။ ခင်ဗျား နဲ့ လက်ထပ်လိုက်တဲ့အတွက် သူ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတော့မှာ ပါ။ အကြီးမား ဆုံးအောင်မြင်မှုကြီးတစ်ခု ကို ခင်ဗျားလုပ်လိုက်တယ်လို့လဲ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့် အမြင်ကို ပြောရမယ်ဆိုရင် မန်ဒါလေစံအိမ် အသိုင်းအဝိုင်းနဲ့ ခင်ဗျား အထာမကျတာ… ဘယ်လိုပြောရ မလဲ…”သူ့မျက်နှာပေါ်မှာ ရှက်သွေးဖြာသွားသည်။ စကားကို မဆက်သေးဘဲ ပြောရမည့် စကားလုံးကို ရှာနေသည်။ ခဏကြာမှ ဆက်ပြောသည်။

”မန်ဒါလေအသိုင်းအဝိုင်းမှာ ခင်ဗျားမနေတတ် မထိုင်တတ် ဖြစ်နေတာကိုက အင်မတန် ချစ်စရာ ကောင်း တဲ့ အနေအထား ကလေးမျိုးပါ။ အင်မတန်ကောင်းမြတ်တဲ့ အသစ်အဆန်းကလေး တစ်ခုဖြစ် ပေါ်လာတဲ့ သဘောပါ။ ခင်ဗျားပြောသလို ဒီပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေက ခင်ဗျားကို ပတ်သက် ပြီး မတော်တရားဝေ ဖန်တာ ကျွန်တော်တော့ မကြားမိရိုးအမှန်ပါ။ တကယ်လို့ ကျွန်တော်ကြား ရရင်လဲ နောက်ထပ် ဒီလို ဝေဖန်တာမျိုး ပေါ်ပေါက်မလာအောင် ကျွန်တော် အစွမ်းကုန် ကာကွယ် ပါ့မယ်”
”ဒီစကားကြားရတာ စိတ်ချမ်းသာလိုက်တာ ဖရင့်ရယ်.. ကျွန်မဟာ အင်မတန်မိုက်မဲခံတယ်။ လူတွေနဲ့ လဲ ကျွန်မ မဆက်ဆံတတ်ဘူး။ လူတွေနဲ့ တွေ့ရမှာ ကြောက်တယ်။ တကယ်တော့ ဒီလို မဖြစ်သင့်ဘူး ပေါ့။ ဒါပေမဲ့ ကျွန်မ စိတ်ကို ကျွန်မအားတင်းလို့မရဘူး။ လူတွေနဲ့တွေ့ရတဲ့အခါတိုင်း ဟိုတုန်းက ရဘက်ကာနဲ့ သူတို့ ဘယ်လိုဆက်ဆံကြမလဲ။ ရဘက်ကာရှိတုန်းက ဒီစံအိမ်ကြီးမှာ ဘယ်လို များ နေသလဲ ဆိုတာတွေ တွေးကြည့်နေမိတယ်။ ရဘက်ကာဆိုတာကတော့ မွေးကတည်းက ဒီပတ်ဝန်း ကျင် ဒီအဆင့်အတန်းမျိုး နဲ့ ဝင်းဆံ့သူ။ ထိုက်တန်သူ။ ဒါကြောင့်လဲ ဒီပတ်ဝန်းကျင် ဒီအဆင့်အတန်းမှာ ဘာကို မဆို ထူးထူးထွေထွေ အာရုံစိုက်မနေဘဲ နေနိုင်တယ်။ လုပ်နိုင်တယ်။ ဆက်ဆံနိုင်တယ်။

"ဒီအကြောင်းတွေကိုပဲ အချိန်ရှိသမျှ ကျွန်မ တွေးနေမိပါတယ် ဖရင့်ရယ်။ ဒီလိုတွေးရင်းလဲ ကိုယ့်ဟာ ကိုယ် သဘောပေါက်ပါတယ်။ ကျွန်မမှာ ယုံကြည်ချက်မရှိဘူး။ ကျက်သရေမရှိဘူး၊ မလှပဘူး၊ ထက် မြက် တဲ့ အသိဉာဏ်မရှိဘူး၊ ပညာမရှိဘူး... အို... ဘာဆိုဘာမှမရှိဘူး၊ ရဘက်ကာမှာတော့ အဲဒါတွေ အားလုံးရှိနေတယ်။ ဒါကို စဉ်းစားမိတော့ ကျွန်မ ဘယ်လိုမှ မဖြေဆည်နိုင်အောင် ဖြစ်ရပါတယ် ဖရင့် ရယ်..."
သူက ဘာမျှမပြောပါ။ သူ့မျက်နှာပေါ်မှာ သောကရိပ်တွေ လွှမ်းနေသည်။ စိတ်မချမ်းမသာရိပ်တွေ လွန် ကဲနေ သည်။ လက်ကိုင်ပဝါဆွဲထုတ်လိုက်ပြီး နှပ်ညှစ်လိုက်သည်။ ပြီးမှ ကျွန်မကို ပြန်ပြောသည်။
"ဒီအကြောင်း မပြောပါနဲ့ဗျာ..." "ဘာလို့မပြောရမှာလဲ... ဒါ အမှန်ပဲဥစ္စာ..."

"အဲဒါတွေထက်ပိုပြီး အဆရာထောင် မက တန်ဖိုးကြီးတဲ့ အရေးကြီးတဲ့ အရည်အချင်းတွေ ခင်ဗျားမှာ ရှိ နေပါတယ်ဗျာ။ ဒီစကားမျိုးကို ကျွန်တော့်အနေနဲ့ပြောရတာ ဂွတော့ခပ်ကျကျပါ။ ခင်ဗျားအကြောင်းကို ကျွန်တော် ကောင်းကောင်းမသိပါဘူး။ ကျွန်တော်ဟာ လူပျိုပါ။ မိန်းမတွေအကြောင်း များများစားစား မသိ ပါဘူး။ ခင်ဗျားသိတဲ့အတိုင်း မန်ဒါလေမှာ ကျွန်တော် တစ်ကိုယ်တည်း အေးအေးချမ်းချမ်းနေပါ တယ်။ ဒါပေမဲ့ ကျွန်တော် သိသလောက် ပြောပါ့မယ်။ မိန်းမတစ်ယောက်ရဲ့ကြင်နာခြင်း၊ ရိုးသားခြင်း ... နောက်ပြီး"

အမူအရာကလည်း စိတ်မချမ်းသာသည့် အမူအရာပင်ဖြစ်နေသေးသည်။ "ကျွန်တော် ပြောရဲပါတယ်။ ခင်ဗျား စိတ်ထဲမှာ ဒီလိုခံစားနေရတယ်ဆိုတာများ မက်ဇင်မ် သိသွားမယ်ဆိုရင် အင်မတန်ကို ပူပင် သောကရောက်ပြီး အလွန့်ကို စိတ်မချမ်းမသာဖြစ်မှာပါ။ ခင်ဗျား စိတ်ထဲမှာ ဒီလိုခံစားနေရ လိမ့်မယ်လို့ သူ ဘယ်နည်းနဲ့မှ စဉ်းစားမိမယ်မထင်ဘူး"
"သူ့ကို ရှင် ပြန်မပြောပါဘူးနော်..." ကျွန်မက ကမန်းကတန်း မေးလိုက်မိပါသည်။

"မပြောပါဘူး... ပြောလို့လဲ ဘယ်ဖြစ်ပါ့မလဲဗျာ။ ဒါပေမဲ့ မစ္စက်ဒီဝင်းတား... ကျွန်တော် တစ်ခုပြောပါ့ မယ်။ မက်ဇင်မ် ရဲ့အကြောင်းကို ကျွန်တော် အတော်ကလေး သိပါတယ်။ သူရဲ့စိတ်ခံစားမှုအမျိုးမျိုးကို လဲ ကျွန်တော် ကြုံတွေ့ခဲ့ဖူးပါတယ်။ အတိတ်ကအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လို ပူပင် သောကရောက်နေတယ်ဆိုတာများ သူ စဉ်းစားမိမယ်ဆိုရင် သူ့အဖို့တော့ ကမ္ဘာပေါ်မှာ စိတ် အနှောင့် အယှက်ဖြစ်စရာ အကောင်းဆုံးတစ်ခုဖြစ်မှာ သေချာပါတယ်။ ဒါကိုတော့ ကျွန်တော် သေသေချာချာ ပြောရဲပါတယ်။ သူ့ကျန်းမာရေးဟ သိပ်ကို ကောင်းလာပါတယ်။ လွန်ခဲ့တဲ့ နှစ်ကဆိုရင် သူဟာ ဘုံးဘုံး လဲသွားတော့မလား အောက်မေ့ရတယ်လို့ သူ့အစ်မ မစ္စက်လေစီ ဟိုတစ်နေ့ က ပြောသွားတာ မှန်ပါ တယ်။ ဒါပေမဲ့ မစ္စက်လေစီ ပြောပုံက တဲ့တိုးကြီးဖြစ်နေတယ်။ ဒါကြောင့် ခင်ဗျား ဟာ သူ့အတွက် အ ကောင်းဆုံး အလိုက်ဖက်ဆုံးဖြစ်နေပါတယ်"

"ခင်ဗျားဟာ အသစ်ဖြစ်တယ်။ လန်းဆန်းတယ်။ အသက်အရွယ် ငယ်တယ်။ အာရုံခံစားတတ်တယ်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေက ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာမှစဉ်းစားစရာမလိုပါဘူး။ မေ့ပစ်လိုက် ပါ မစ္စက်ဒီဝင်းတား... မေ့ပစ်လိုက်... သူလဲ အားလုံးကို မေ့ပစ်လိုက်ပြီပဲ။ ကျွန်တော်တို့လဲ အတိတ်ကို အတိတ် မှာပဲ ထားခဲ့ကြပါပြီ။ ကျွန်တော်တို့အားလုံး အတိတ်က အကြောင်းတွေ ကို ပြန်ဖော် မရချင်ကြ တော့ပါဘူး။ အတိတ်ကို မေ့ဖျောက်ပစ်နိုင်ဖို့ဟာ မက်ဇင်မ်အဖို့ အရေးအကြီးဆုံးပါ။ ဒါဟာလဲ ခင်ဗျား အပေါ်မှာ လုံးဝတည်နေပါတယ်။ အတိတ်ကို မေ့ပစ်နိုင်အောင် ကျွန်တော်တို့ကို ဦးဆောင်မှုပေး ပါဗျာ။ ကျွန်တော်တို့ကို အတိတ်ကာလရောက်အောင် ပြန်ခေါ်မသွားပါနဲ့တော့"

သူပြောသည်မှာ မှန်ပါသည်။ တကယ့်ကိုမှန်ပါသည်။ အလွန်ခင်မင်ဖွယ်ကောင်းသော ဖရင့်။ ကျွန်မ သူ ငယ်ချင်း။ ကျွန်မမိတ်ဆွေ။ ကျွန်မ၏မဟာမိတ်။ ကျွန်မ၏ဘက်တော်သား။ တကယ်ကတော့ ကျွန်မ သည် တစ်ကိုယ်ကောင်း ဆန်ခဲ့ခြင်းသာဖြစ်၏။ ကျွန်မ၏အားငယ်စိတ်များအတွက် တစ်ကိုယ်ကောင်း ဆန်ခဲ့ခြင်း သာဖြစ်ပါသည်။
"ဒီအကြောင်းတွေ ရှင့် ကို ဟိုတုန်းကပြောခဲ့မိရင် သိပ်ကောင်းမှာပဲနော်... "

ဆက်ရန်
.

No comments: