Saturday, May 26, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, (၈)

"အပြတ်မပြော နဲ့ သမီး၊ သမီးငယ်ငယ်ကလေး ရှိသေးတာ၊ ရှေ့လျှောက် ဘယ်သူတွေနဲ့ တွေ့လို့ ဘာတွေ ဆုံးဖြတ်ဖြစ်ဦးမယ် မသိဘူး၊ ရဲဝင့်ကလည်း တော်တော် အောင်မြင်နေတယ် ကြားတယ်၊ ဒီ ဇာတ်လမ်း ထဲကို ရဲဝင့်ကို လိုချင်တဲ့ မိန်းမတွေပါ ပါလာရင် ပိုရှုပ်ကုန်ပြီ" စိမ်းဝေ အံကြိတ် သည်။ " မေမေက ဘာဖြစ်လို့ အဲဒါတွေ ပြောနေရတာလဲ " ပထမ ဦးဆုံး ဒေါ်ခင်ခင်ပြုံးသည်။
" အဲဒါကြောင့် သမီးတို့ ဆက်ဆံရေးကို မေးတာပေါ့၊ သမီးတို့ အချင်းချင်း သိပ် သံယောဇဉ်ကြီးကြတယ် ဆိုတာ မေမေတို့ သိနေတာပဲ၊ အများပြောနေသလိုပဲ သမီး မသွားခင် သမီးတို့ကို လက်ထပ်ပေးထားရင် မကောင်းဘူးလား " စိမ်းဝေ မျက်လုံးများ ပြာဝေသွားပါသည်။
ကို ဆက်ဖတ်ရန်..............

ရဲဝင့် (၉)

ရဲဝင့်က ရှင်ပင်စက္ကထဲ ဘုရားအထက် ပစ္စယံပေါ်မှာ ဧရာဝတီ မြစ်အတွင်းသွားလာနေသော သင်္ဘောများ ကို ပျပျကလေး လှမ်းမြင်နေရသည်ကို ငေးကြည့်ရင်းက သက်ပြင်းချသည်။
" မကောင်းပါဘူး ဖေဖေရယ် " ဦးအောင်ဝင့်က မျက်မှောင်ကြုတ်သည်။
" မကောင်းမှာ စိုးလို့ စီစဉ်ချင်တာလေကွာ " ရဲဝင့် ခေါင်းခါသည်။

" မကောင်းတာ ဘာမှမရှိဘူး ဖေဖေ၊ အခုက ဖေဖေတို့က တုန်လှုပ်တာ၊ လူတွေ လူတွေ တစ်နေ့ တစ်နေ့ ပြော လိုက်ကြတဲ့ စကားတွေ၊ စိတ်ထဲက ရည်ရွယ်ပြီး ပြောတာလည်းရှိတယ်၊ မရည်ရွယ် ဘဲ ပြောတာ လည်း ရှိတယ်၊ အကျိုးလိုလို့ ပြောတာလည်း ရှိတယ်၊ အပြစ်လိုလို့ ပြောတာလည်းရှိတယ်၊ အကျိုးလည်း လိုတာ မဟုတ်၊ အပြစ်လည်း လိုတာမဟုတ်၊ ဘာအဓိပ္ပာယ်မှ မည်မည်ရရ ရှိတာလည်း မဟုတ်ဘဲ ပြောတာလည်း ရှိတယ်၊ မြတ်စွာဘုရားဟောတဲ့ စကားကြီး ခြောက်ခွန်း၊ ပြောအပ်တဲ့ စကား က နှစ်ခွန်းတည်း၊ ဖေဖေပဲ ကျွန်တော့်ကို သင်ပေးတာ၊ မှန်လည်းမှန်၊ အကျိုးလည်းရှိမယ့်စကားဆိုရင် နားထောင်တဲ့သူ ကြိုက်တာရော၊ မကြိုက်တာရော ပြောသင့်တယ်ဆိုတာလေ၊ လူတွေ ပြောပြောနေတဲ့ စကားတွေ ထဲမှာ အဲသလို စကားများ ဘယ်နှခွန်း ပါလို့လဲ ဖေဖေရယ်၊ ဆပ်ပြာပူဖောင်းတွေလိုပဲ အချိန် တန်ရင် လေထဲမှာ ပေါက်ပေါက်သွားတာ၊ အန်တီခင်တို့က အမြဲတမ်းမိန်းမတွေး တွေးတတ်လို့ အဲဒါတွေ လိုက်တုန်လှုပ်နေတာ၊ ဖေဖေက ဘာလို့ လိုက်တုန်လှုပ်နေရတာလဲ " ဦးအောင်ဝင့် က ခေါင်းခါသည်။

" မိန်းကလေး ကိစ္စမှာ တစ်ခါတလေ မိန်းမတွေး တွေးတာက မှန်တတ်တယ်သား၊ အန်တီခင် ပြောသလို ပဲ၊ စိမ်းဝေက နိုင်ငံခြားမှာ အိမ်ထောင်ကျသွားမှာဆိုရင် အရေးမကြီးဘူး၊ ဒါပေမယ့် ဒါကလည်း သမီးလေး စိတ်နဲ့ဆိုရင် သိပ်မဖြစ်နိုင်ဘူး၊ ဒီကို ပြန်လာပြီး ဒီက တစ်ယောက်ယောက်နဲ့ အိမ်ထောင်ကျမှာဆိုရင် အဲဒီ တစ်ယောက် က သားနဲ့မသင်္ကာ စကားဆိုပြီး သူတို့ချင်း ပြဿနာတက်နိုင်တယ် " ရဲဝင့်က ခပ်ခြောက်ခြောက် အသံဖြင့် ရယ်သည်။

" အဲဒါဆိုလည်း အဲဒီကောင် မယူနဲ့ပေါ့ ဖေဖေရယ်၊ စိမ်းဝေကို တစ်သက်လုံး ကြင်နာ ယုယသွားရမယ့် လူက အဲဒီလောက် အတွေး သိမ်ဖျဉ်းရင် မယူတာကမှ အေးသေးတယ်၊ သူ့အကြောင်းပိုသိရတယ်လို့ သဘောထားလိုက်ရုံပဲ၊ ကျွန်တော့် သဘောတော့ မိန်းကလေး တစ်ယောက်ကို တကယ် မြတ်မြတ်နိုးနိုး တန်ဖိုးထား တတ်တဲ့ လူမျိုးဟာ အဲဒီ မိန်းကလေးရဲ့ အတိတ်တွေကို စိတ်ဝင်တစား လိုက်စစ်ဆေးနေ တာမျိုး မရှိသင့်ဘူး ထင်တယ်၊ အဲဒါမျိုးက တန်၊ မတန် တွက်တတ်တဲ့ ကောင်စားမျိုးတွေ လုပ်တာ "
ဦးအောင်ဝင့် က စိတ်မရှည်ဟန်ဖြင့် ရဲဝင့်မျက်နှာကို မော့ကြည့်သည်။
" သားရယ် သား ပြောလိုက်တဲ့ စကားတိုင်း၊ စကားတိုင်းမှာ သားကသမီးကလေးကို ဘယ်လောက် တန်ဖိုး ထားတယ်၊ စကားတိုင်းမှာ သားက သမီးကလေးကို ဘယ်လောက် တန်ဖိုးထားတယ်၊ ဘယ်လောက် ချစ်တယ် ဆိုတာတွေ အမြဲပါနေတာ သား သိရဲ့လား၊ ဖေဖေ နားထောင်နေရတဲ့ လူတောင် သိရင် သားရင်ထဲက ဥစ္စာ သားပိုသိမှာပေါ့၊ ဒါနဲ့များ ဘာလို့ ဒီလောက် ငြင်းနေရတာလဲ "
ရဲဝင့် ရုတ်တရက် နှုတ်ဆွံ့သွားပါသည်။

" ကျွန်တော် မသိပါဘူး ဖေဖေ " ရဲဝင့်က တိုးတိုးဖြေသည်။ " ဘာကိုလဲ " " ချစ်တယ် ဆိုတာကိုလေ၊ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး ချစ်တတ်တဲ့ အချစ်မျိုးဟာ လူတွေမှာ တကယ် ရှိတတ် သလား၊ မရှိတတ်ဘူးလား ကျွန်တော် သေသေချာချာ မသိပါဘူး၊ ဖေဖေနဲ့ မေမေလည်း ကျွန်တော် မှတ်မိ သလောက်တော့ တော်တော် ချစ်ခဲ့ကြတာပဲ၊ အခုလည်း အန်တီခင် ကို ဖေဖေ ဂရုစိုက်တာပဲ "
ဦးအောင်ဝင့် က တိုးတိုး ရယ်သည်။

" ငါ့ ပြန်ပက်မနေနဲ့၊ ဖေဖေက သားက သမီးကို ချစ်တယ်ဆိုတာ သိနေတာ၊ မင်း သူငယ်ချင်းမလေး မနှင်းဖွေး မင်း ကို စိတ်ဝင်စားနေတယ်ဆိုတာ မင်း ရိပ်မိလျက်သားနဲ့ ရှောင်နေတာ ဘာသာခြားမို့လို့ သက်သက် မဟုတ်ဘူး၊ မင်း ဘ၀မှာ သမီးကလေးထက် အရေးပါတဲံနေရာ မင်းဘယ်သူ့ကိုမှ မပေးချင်တာ၊ ငါပြောတာ မဟုတ်ဘူးလား " ရဲဝင့် နှုတ်ဆွံ့သွားပြန်သည်။

" ဖေဖေ ပြောတာ ဟုတ်ပါတယ် "
"ဒါနဲ့များကွာ " " ဟုတ်တယ်ဆိုတာက စိမ်းဝေကလေးကို ကျွန်တော် ချစ်တယ်ဆိုတာ ပြောတာပါ၊ စိမ်းဝေ က ကျွန်တော့် အတွက်တော့ သိပ်ချစ်စရာကောင်းတဲ့ညီမလေး တစ်ယောက်ပါပဲ၊ ဒီ ချစ်စရာကောင်း တဲ့ ညီမလေးတစ် ယောကှ်ိတဲ့အတွက် ကျွန်တော့်မှာ နောက်ထပ် ဘာမှ ထပ်ရစရာ မရှိတော့ရင် လည်း ကျွန်တော် ပျော်မှာပါပဲ၊ အဲသလောက် သူ့ကို ကျွန်တော် တန်ဖိုးထားပါတယ် "
ရဲဝင့်က ဦးအောင်ဝင့်ကို လှည့်ကြည့်သည်။ " ဒါပေမဲ့ ကျွန်တော် သူ့ကို မပိုင်ဆိုင်ချင်ပါဘူး ဖေဖေ "
ဦးအောင်ဝင့် မျက်မှောင်ကြုတ်သည်။

" ဘာပြောတာလဲ အဲဒါက "
" စိမ်းဝေ ၁၈ နှစ်ပဲ ရှိသေးတယ် ဖေဖေ၊ အခုပဲ နိုင်ငံခြား သွားတော့မှာ သူ့ဘ၀မှာ အတွေ့အကြုံ သစ်တွေ၊ မိတ်သစ်ဆွေသစ်တွေ၊ ပတ်ဝန်းကျင်အသစ်တွေ၊ စိန်ခေါ်မှု အသစ်တွေ အများကြီး ကြုံရ ဦးမယ်၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေ ဖြစ်လာဦးမယ် မသိသေးဘူး၊ အဲဒီအချိန်မှာ သူ့ရဲ့ လွတ်လွတ် လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ကို သူ အရွယ်မရောက်ခင် ချခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ကျွန်တော် ချည်တုပ် မထားချင်ဘူး၊ အဲဒီလို ချည်တုပ်ထားသလို ဖြစ်ခဲ့လို့ ရှိရင် သူ့ အပေါ်ထားတဲ့ ကျွန်တော့်အချစ်က ဘယ်တန်ဖိုး ရှိတော့မှာလဲ၊ ကျွန်တော့် စေတနာ၊ ကျွန်တော့် မေတ္တာတွေကိုလည်း သူ စိတ်ကျဉ်းကျပ်ပြီး အထင် သေးလိမ့်မယ်၊ အဲဒါမျိုးလည်း ကျွန်တော် အဖြစ်မခံနိုင်ဘူး ဖေဖေ" ဦးအောင်ဝင့် စိတ်ပျက် လက်ပျက် ဟန်ဖြင့် ခေါင်းညိတ်သည်။

" သား ဆိုလိုတာ ဖေဖေ ရိပ်မိပြီ၊ စိမ်းဝေ ငယ်သေးတယ်၊ ဘာမှ မချုပ်နှောင်ထားနဲ့၊ လွတ်လွတ် လပ်လပ်ပဲ သွားပါစေ၊ အရွယ် ဒီထက် နည်းနည်းရောက်မှ သူ ကြိုက်သလို ဆုံးဖြတ်ပါစေ၊ ဒီလိုလား "
ရဲဝင့် ခေါင်းညိတ်ပြသည်။ " ကျွန်တော် လည်း ကြိုက်သလို ဆုံးဖြတ်မှာပါ ဖေဖေ " " ကောင်းပြီလေ၊ ဒီ အတိုင်း ပဲ သမီးလေးကို ပြောပြရတော့မှာပေါ့ " ရဲဝင့် အလန့်တကြား ဖြစ်သွားသည်။
" ဖေဖေ တို့က ဖေဖေ တို့ စီစဉ်တာတွေ စိမ်းဝေကို ပြောပြမလို့လား "
ဦးအောင်ဝင့်က လှည့်ကြည့်သည်။

" မင်းကို မပြောခင် ကတည်းက သမီးကို အရင်ပြောတာကွ "
ရဲဝင့် ရင်ထဲ ဆို့ကျပ်၍ လာသည်။ " စိမ်းဝေက ဘာပြောလဲ " " ကိုကို့ သဘောပါတဲ့၊ ကိုကို့ ဆန္ဒမပါဘဲ ဘာမှ မလုပ်ပါနဲ့နော် " ရဲဝင့် မျက်လုံးများ ပြာဝေသွားပါသည်။

မနှင်းဖွေး (၇)

မင်းဘူး က ပြန်လာကတည်းက ရဲဝင့် သိသိသာသာ ယောင်ချာချာ ဖြစ်နေသည်ကို မနှင်းဖွေး သတိထား မိ သည်။
စိမ်းဝေ သွားတော့မှာဆိုပြီး ၀မ်းနည်းနေတယ် ထင်ပါရဲ့ဟု တွေးမိသည်။
ဟန်ပိုနှင့် မနှင်းဖွေးပြသော အလုပ်ကိစ္စများကိုလည်း အင်းမလုပ် အဲမလုပ် ခေါင်းသာညိတ်ပြသည်။
တစ်ခု ပဲ ငြင်းသည်။
" အဲဒါတော့ နိုးသာ ပြောလိုက်ကွာ " ဟန်ပိုက သိပ် မကျေနပ်။
" ဒါက ခွင်အကြီးကြီးကွ၊ ပြီးတော့ မြန်မာပြည်မှာ ကွန်ဒိုမီနီယမ်တွေ စဆောက်ဖိုပဆိုတာ မင်းတစ်ချိန်လုံး စိတ်ကူးယဉ် ခဲ့တဲ့ အိပ်မက် မဟုတ်လား " " ငါသိတယ်၊ ဒါပေမဲ့ ဒါက သူများ အကြီးကြီးထဲမှာ ကိုယ်က ၀င် ပါရမှာ၊ ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ စိလိပင်း ပတ်တနာ (Sleeping Partner) ဆိုတာ တတ်နိုင်ရင် မလုပ်တာ အကောင်းဆုံးပဲ " ဟန်ပိုက သိပ်မကျေနပ်သေး။

" ကြိုပွိုင့်က အပြည့်ယူမှာကွ၊ ရှုံးစရာတော့ သိပ်အကြောင်း မရှိဘူးနော် ဟေ့ကောင် "
" ကိုယ်က မရှုံးဘူး၊ ကြိုပွိုင့်သမားက ရှုံးသွားနိုင်တယ်၊ အခန်းလွတ်တွေက ငွေမ၀င်လို့ လုပ်ရင်း တန်းလန်း ရပ်သွားတာ ကြာသွားတာ ရှိရင် သူတို့ နာမယ်၊ သူတို့နာရင် ငါလည်း နာမည်ပျက် တဲ့ အထဲ ရောပါမယ်၊ ရှောင်တာကောင်းပါတယ်ကွာ " ဟန်ပို ခေါင်းခါသည်။
" အိမ်ဈေး၊ မြေဈေး၊ တိုက်ခန်းဈေး ငါတို့ စလုပ် ကတည်းက ကျတာ ဘယ်နှခါ တွေ့ဖူးလဲ၊ မင်း ငါ့ကို အနည်းဆုံး နှစ်ဆ ပြန်မြတ်စေရမယ်လို့ လောင်းကြေး ထားခဲ့တဲ့ တိုက်ခန်းတောင် အဆပေါင်း များစွာ မြတ် လို့ တို့ ဒီရုံးခန်းကျယ်ကို ရွှေ့လာနိုင်ခဲ့ပြီ မဟုတ်လား၊ ဒီတစ်ခါကျမှ မင်းက ဘာလို့ တွေဝေရတာလဲ "
ရဲဝင့်က ဖွဖွရယ်၍ ဆံပင်ထဲသို့ လက်နှစ်ဖက် ထိုးထည့်၍ သပ်တင်သည်။

" တက်နေတဲ့ မျဉ်းကြောင်း ပြန်မကျဘူးလို့ ဘယ်တော့မှ မရှိဘူး ဟေ့ကောင်၊ ငါလေ့လာပြီးပြီ၊ အိန္ဒိယမှာ ဖြစ်ဖူးတယ်၊ ကာလကတ္တားက မြေတစ်ပေပတ်လည် တန်ဖိုးက နယူးယောက်ထက် များသွားအောင်ကို တက်တာ၊ တက်ရင်းနဲ့ နောက်တော့ ဘာဖြစ်လဲ အိုဗာတက်ကျူရိတ် တစ် (over saturated) ပြည့်လျှံသွားတာ၊ ပြန်ပြုတ်ကျတာပဲ၊ လူတွေ အများကြီး အထိနာသွားတယ်၊ မင်းပြတဲ့ ကိစ္စ က အနည်းဆုံး သုံးနှစ်ကြာမယ်၊ ဒီကိစ္စမပြီးခင် အိန္ဒိယလိုသာဖြစ်ရင် ဆောက်လုပ်ရေး လုပ်ငန်းတွေ အထိနာ တဲ့ အထဲ ပါသွားမယ်၊ ငါ့အမြင်တော့ တို့လုပ်ငန်းရဲ့ သဘောက လောလာဆယ် အချီကြီးတွေ ခဏရှောင်သင့် တယ် ထင်တယ်"
ဟန်ပိုက ပခုံးတွန့်ပြသည်။
" ငါတော့ မင်းလို မတွက်တယ် ပေါင်၊ အချီကြီး ရှောင်တော့ အရနည်းရင် ငါနဲ့ နှင်းနဲ့က ဘာမှ ပြဿနာ မရှိဘူး၊ မင်းက ညီမ နိုင်ငံခြား ကျောင်းစရိတ် ရှာရမယ့်ကောင်၊ အဲဒါပဲ စဉ်းစား " ရဲဝင့်က ခဏ တွေဝေ သွားပြီးမှ ရယ်သည်။

" ရှိ ဥစ္စာ၊ မရှိ ၀မ်းစာတဲ့၊ ငါ ပိုတဲ့ တိုက်ခန်းကလေးတွေ ဆွဲထားတာ ပြန်ထုတ်ရုံပေါ့ကွာ၊ ကြည့်မြင်တိုင် အိမ်လည်း စိမ်းဝေ သွားပြီရင် ထုတ်လိုက်တော့မယ် "
" ဟ ငှားရာကနေ ၀ယ်လိုက်တာမှ မကြာသေးဘူး၊ မင်း ဘယ်သွားနေမလို့လဲ "
ရဲဝင့်က လက်ဝှေ့ယမ်းပြသည်။
" ဒီမှာပေါ့ကွ၊ အပေါ်ထပ် တစ်ထပ်လုံး လွတ်နေတာ၊ မင်းတစ်ယောက်တည်း ပျင်းမှာစိုးလို့ ငါပါ လာနေပေးမလို့ "
မနှင်းဖွေး ကြိတ်ပြုံးမိသည်။
ဒါဆိုရင်တော့ ကိုရဲဝင့် နေ့တိုင်း ညဥ့်နက်အောင် အလုပ်လုပ်မှာ သေချာလှသည်။ သို့သော် နောက် တစ်နေ့ အိမ်က ထလာစရာ မလိုသဖြင့် သိပ်အစောကြီးတော့ ထဖို့ မလိုတော့။

" မင်း ဒန်းက ဘယ်နား သွားထားမလဲ "
ဟန်ပို ၏ ထူးဆန်းသော အမေးကြောင့် မနှင်းဖွေးရော ရဲဝင့်ပါ ဟန်ပိုကို လှမ်းကြည့်မိကြသည်။
" ဒန်း ဟုတ်လား "
မနှင်းဖွေးက ၀င်မေးမိသည်။
" ဟုတ်တယ် ကြည့်မြင်တိုင် အိမ်ရှေ့မှာ ချထားတဲ့ ဒန်းလေ၊ ဒီကောင် ထားခဲ့မှာမှ မဟုတ်တာ "
ရဲဝင့်က တွေးဆွေးဆဆ ပြုံး၍ ဖြေသည်။ " အပေါ်က ၀ရန်တာ ကျယ်သားပဲကွာ "

ရဲဝင့်မှ တစ်မျိုး ဖြစ်နေတာ မဟုတ်။
စိမ်းဝေ လည်း တစ်မျိုးဖြစ်နေသည်။  ခါတိုင်း အမြဲတမ်း ရွှင်လန်းတက်ကြွနေတတ်သော စိမ်းဝေ ၏ မျက်နှာ ကလေး က တွေးတွေး ငေးငေး ဖြစ်နေ သည်။ တကယ် သွားရတော့မယ်ဆိုတော့ မသွား ချင်တော့ဘူး နဲ့ တူပါရဲ့ ဟု မနှင်းဖွေး တွေးမိသည်။

" စိမ်းဝေ ဘာတွေ လိုသေးလဲ၊ မမနှင်း ဘာလုပ်ပေးရမလဲ "
စိမ်းဝေက မအိပ်ရသေးသည့် မျက်လုံးမျိုးတွေနှင့် မနှင်းဖွေး ကို ကြောင် တက်တက် ပြန်ငေး ကြည့်နေပြီး မှ ဖြေသည်။ " ရပါတယ် မမနှင်း စုံနေပါပြီ "
မျက်လုံးကလေးတွေက ခပ်မို့မို့ ဒီကလေး မအိပ်ရတာ သက်သက်မှ ဟုတ်ရဲ့လား၊ ငိုများထားလား မသိဟု တွေးရင်း က မနှင်းဖွေး သက်ပြင်း ချမိသည်။

 စိမ်းဝေ (၇)

ပြတင်းပေါက် မှ လရောင်က အိပ်ခန်းထဲသို့ ဖြတ်ဝင် ဖြာဆင်း နေသည်။ လရောင်မှ အပ ကြည့်မြင်တိုင်ရှိ ရပ်ကွက် ကလေး တစ်ခုလုံး မှောင်မည်း၍နေသည်။ ဒီတစ်ခါတော့ စိမ်းဝေ လရောင်ကို မချစ်ချင်၊ မလွမ်းချင်တော့။
ယူကေနိုင်ငံအထိ ပါလာမည့် ဒီ လရောင်က မနက်ဖြန် ယူကေနိုင်ငံကို ထွက်ခွာလာမည့် စိမ်းဝေကို ဒီလို အချိန်မျိုး မှာ ဒီလောက် လိုက်ပတ်သက်နေဖို့ မလိုဟု စိမ်းဝေ ထင်သည်။
နံဘေးသို့ လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေပြီ ဖြစ်သော မေမေ့ ကို တွေ့ သည်။ ဖေဖေ ရော မေမေပါ ရောက်နေကြသည်။ ညဦး ပိုင်းက သူတို့ကို ကန်တော့ခဲ့ပြီးပြီ။ ကိုကို့ ကို ကန်တော့ သင့် သည် ဆိုတာ ကိုတော့ စိမ်းဝေသိသည်။ သို့သော် ကိုကို့ ကို ကန်တော့ လျှင် ကန်တော့ ရင်း စိမ်းဝေ မျက်ရည် ထိန်းနိုင်မည မဟုတ်။ ဖေဖေတို့ မေမေတို့ ကလည်း ကိုကို့ ကို ကန်တော့ လိုက်ဦးလေ ဆိုသည့် စကားကို မေ့ချင်ယောင်ဆောင်နေကြသည်။

ကိုကိုကလည်း ခပ်လှမ်းလှမ်းမျာ သွားနေ နေသည်။ သူ သမီးကို သိပ်ချစ်တာတော့ သေချာတယ် ညီမလေး တစ်ယောက် လို သိပ်ချစ်တော့ ချစ်သူလို ပြောင်းသဘောထားဖို့ တွေဝေနေတာမျိုးကွယ့် ပြီးတော့ သမီး က ငယ်လွန်းသေးတော့ သမီးရှေကရေးကို သူက လွတ်လွတ်လပ်လပ် ဖွင်ထားပေး ချင် သေးတယ်။ သူချစ်တာမျိုးက ပန်းပင် ကလေး တစ်ပင်ကို ဥယျာဉ်မှူးက ချစ်တာမျိုး သမီး စိတ်ညစ် သွားမှာ သူ သိပ်စိတ်ပူရှာတာပါ မင်းဘူးမှာ မေမေ ပြောခဲ့သော စကားတွေ ပြန်ကြားယောင်မိရင်းက စိမ်းဝေ မျက်ရည်များ စို့လာပြန်သည်။
သမီးကလည်း ကိုကို့ ကို အစ်ကို အရင်း တယောက်လို သိပ်ချစ်လို့ ချစ်သူလို သဘောထားဖို့ တွေဝေ နေတာပါဘဲ မေမေရယ် ဒါပေမဲ့ သမီးက ကိုကို့ ကို သိပ်ယုံကြည် အားကိုးတာ၊ ကိုကို ပြောသမျှ ကို အမှန်ထင်တာ သမီး တို့ လက်ထပ်သင့်တယ်လို့ ကိုကိုက ဆုံးဖြတ်ရင် သမီး နာခံမှာ ပဲ ပြီးတော့ သမီး ဆုံးဖြတ်တာ မမှားဘူးလို့ လည်း ယုံကြည်မှာဘဲ ကိုကို ဆုံးဖြတ်ဖို့ တခုပဲ လိုခဲ့ တာပါ
မင်းဘူး မှာ အဲဒီစကားတွေ ပြောရင်း စိမ်းဝေ မျက်ရည်ဝဲနေတာ မြင်ရတော့ မေမေလည်း မျက်နှာ မကောင်း။

သူကလည်း သမီး သူ့စကား နားနောင်မယ် ဆိုတာ သိလို့ သမီးကို ဘာလုပ်ပါလို့ မပြောရက် ခဲ့တာမျိုး ကွယ့် သူချစ်တဲ့ ပုံစံက အဲသလိုမျိုး ၊ ပညာသာ စိတ်အေားအေး ထားပြီး သွားသင်ပါ သမီးရယ် တယောက် နစ်နာ မှာ စိတ်ညစ်မှာ တယောက် ဒီလောက် စိတ်ပူတတ်ကြတဲ့ သမီးတို့ရဲ့ မေတ္တာက မှန်နေပြီး သားပဲ၊ တနေ့နေ့ မှာ မေမေ တို့ မိသားစု ဥမကွဲ သိုက်မပျက် လေးယောက် အတူတူ ပေါင်းစည်း ဖြစ်ကြမှာပဲဆိုတာ မေမေတော့ အခိုင် အမာ ယုံကြည်တယ်။ အချိန်သာ စောင့်
မေမေ့ စကားသံတိုက က လှိုက်ခါ နေသည့် ကြားက နွေးထွေးနေသည်။ စိမ်းဝေ အိပ်နေသော  မေမေ့ ဘက် သို့ လှည့်ကြည့် မိပြန်သည်။

ပြီးတော့ ခြင်ထောင်ကို အသာမ၍ အိပ်ရာထဲမှ ညင်သာစွာ ထွက်ခဲ့ပြီး လရောင်ဖြာ ကျနေသော ပြတင်းပေါက် ဘက် လျှောက်ခဲ့သည်။
လရောင်အောက် မှာ မှုန်ပျပျ မသဲမကွဲ မြင်နေရသော အိမ်ရှေ့ဒန်းကလေးကို မျကစိ အားစိုက်၍ ကြည့် ကြည့် သည် အရိပ်ကျနေ သဖြင့် ဒန်းပေါ်မှာ လူရှိ မရှိ သေသေချာချာ မမြင်ရ သို့သော် ဒန်းက လှုပ်နေ သည်။ ကိုကို ရှိနေမှာ သေချာပါသည်။
ဘာ မီးရောင် မှ ထွန်းမထားတော့ ကိုကို အလုပ်လုပ်နေတာတော့ မဖြစ်နိုင် ဒီအတိုင်း ထိုင်တွေးနေ တာသာ ဖြစ်ရမည်။
ဘာအကြောင်း ဘယ်သူ့ အကြောင်း တွေးနေတာလဲ ကိုကို။
နက်ဖြန် စိမ်းဝေ သွားတော့ မယ် ဆိုတော့ စိမ်းဝေ အကြောင်းပဲ တွေးနေတာ ဖြစ်မှာပေါ့နော် ကိုကို။

ဆက်ရန်
.

No comments: