Saturday, May 5, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၆)

ချစ်သောဆန္ဒရာ၏ မိဘတွေအိမ်မှာမရှိခိုက် မရောက်ဖူးသောနယ်မြေသို့ ချစ်သူနှင့် အတူ ရောက် သွားကြခြင်းဖြစ်သည်။ မိမိဘ၀ထဲမှ မိန်းမသားတစ်ဦးက ထွက်ခွာသည့်ညတွင် အခြားတစ်ဦး အစား ၀င်လာဘိသို့ရှိ၏။
အိမ်တွင် ပူပူလောင်လောင်ဖြစ်ပွားနေသည့် အကြောင်းကို ဆန္ဒရာနှင့် ရင်ဖွင့်ဖြစ်သည်။ ထိုမှ တစ်ဆင့် အကြင်နာမိုးတွေ ရွာစွေဖြစ်ကြခြင်းမျိုး။
တိတ်ဆိတ်ခြင်း လွှမ်းမိုးထားသော အိမ်ကြီး၏ အသံဗလံများကို ဆာရာ ခံစားသိမြင်သိနေ၏။ အလျင် အတိုင်း ပြန်ဖြစ်နိုင်ပါတော့မလား၊ မိသားစုစာရင်းသို့ ပြန်ဝင်နိုင်ပါတော့မည်လား၊ မရနိုင်တော့ ပါပြီ။မိမိ၏ ဘ၀ဟောင်း သည် ပျောက်ကွယ်သွားချေပြီတကား။ မိမိနေရာတွင် အခြားတစ်ယောက် အစားဝင် လာသည်နှင့်တူ၏။
သည်တော့ လည်း ဘ၀သစ်ကိုစရုံပင်ရှိသည်ပေါ့။ ဘ၀သစ်အကြောင်းကို တွေးမိသည်နှင့် ခါတိုင်း လိုပင် ရင်တွေ ခုန်လာသည်။ ရင်ထဲမှဝေဒနာတွေ အစိုင်အခဲ မည်မျှပင်ကြီးပါစေ၊ လမ်းသစ်ပေါ် သို့ လျှောက်ရမည့် အရေးကို တွေးမိလျှင် ရင်ထဲတွင် သိမ့်ခနဲနွေးသွားသည်။
ကို ဆက်ဖတ်ရန်.........

တစ်အိမ်လုံး အိပ်မောကျနေချိန်တွင် အိပ်ရာထဲမှ အသာထကာ ထုပ်ပိုးပြင်ဆင်လေတော့၏။ လိုအပ်သမျှ စုဆောင်းထည့်သိုလိုက်သည့်အခါ သေတ္တာသုံးလုံးပြည့်သွားသည်။ နံနက်မိုးလင်းလို့ အော်လီဗာနိုးတော့ ဆာရာ အားလုံးအဆင်သင့်ဖြစ်နေပြီ။ ရေမိုးချိုး အ၀တ်အစားလဲပြီးရုံမက လေယာဉ်ပျံ လက်မှတ်ကိုလည်း တယ်လီဖုန်းဖြင့် ကြိုတင်ဝယ်ထားလိုက်ပြီးပြီ။ ယခင်တည်းခိုဖူးသည့် ကင်းဘရစ်မှ ဟိုတယ်တစ်ခု ကိုလည်း အခန်းရဖို့ ဖုန်းဆက်ပြီးပြီ။ နောက်အကျဆုံး ယနေ့မွန်းလွဲပိုင်းတွင် ဖွက်ဖို့ စိတ်နှလုံး တုံးတုံး ချထား လိုက်၏။

" ဟင် ….. စောစောစီးစီး ဘယ်သွားမလို့လဲ "
အော်လီဗာ က  အံ့သြလွန်းသည့်အမူအရာဖြင့် ဆာရာ့ကို ကြည့်ပြီး မေးသည်။ အင်း … မိမိ အိပ်ပျော်နေစဉ် အများကြီး လှုပ်ရှား ထားပြီထင်ပါရဲ့။
" ဘယ်မှမသွားသေးပါဘူး၊ ဒါပေမယ့် ဒီညနေပဲထွက်တော့မယ်၊ ကလေးတွေနိုးတော့ ပြော လိုက် မယ်လေ၊ သူတို့အတွက် သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး၊ မောင် … သူတို့ကို တစ်နေရာခေါ် သွားပေးမယ် ဆို "
" ကြည့်သေးတာပေါ့လေ၊ အင်း …. ဘာလုပ်ရင် ကောင်းမလဲ "
အော်လီဗာ ရေမိုးချိုးအ၀တ်အစားလဲသည်။ ပြီးတော့ အလုပ်ကိစ္စဖြင့် တယ်လီဖုန်းဆက်သည်။ နံနက် စာ စားရင်း သူတို့ အမေစီစဉ်ထားသည်ထက်စော၍ သွားဖြစ်သည့်အကြောင်း မိမိနှင့် သူတို့အားလုံး ဗားမောင့် သို့ စကိတ်စီးထွက်မည့်အကြောင်း အော်လီကပြောလိုက်သည်။ တစ်ဆက်တည်းတွင် ဆမ်ကလေး အတွက် အ၀တ်အစားတွေ ထည့်ပေးရန် အက်နက်အား လှမ်းပြောလိုက်သည်။ ဘင်ဂျမင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ကျောင်းတွင် လုပ်စရာတွေရှိနေသေးသဖြင့် လိုက်လို့မဖြစ်ကြောင်း အယူခံဝင် သည်။

အော်လီဗာ မျက်ခုံးတွန့် သွားသည်။ မိန်းကလေးကိစ္စများလား …။
" ခရစ္စမတ်ကျောင်းပိတ်ရက်ထဲမှာ ကျောင်းအလုပ် ရှိတယ် ဟုတ်လား "
" သွားရင် ဘယ်လောက်ကြာကြာ နေမှာလဲ ဖေဖေ "
" သုံးလေးရက်ထက်မပိုပါဘူး "
သူတို့အမေ သည်နေ့ပင်ထွက်မည့်အကြောင်း ပြောတော့အားလုံး အထိတ်တလန့်ဖြစ်သွားကြသည်။ သို့သော် ယမန်နေ့က နုနယ်သည့် သူတို့၏ နှလုံးသားကလေးများထဲသို့ ဧရာမ မုန်တိုင်းကြီးတစ်ခု ၀င်ရောက် တိုက်ခတ်သွားသဖြင့် ယနေ့ နံနက်တွင် အသိဥာဏ်တွေ ထုံထိုင်းလျက်ရှိသည်။ ထို့ကြောင့် အံ့သြ သည့် အမူအရာမပြကြဘဲ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ စားပွဲပေါ်မှ စားသောက်ဖွယ်ရာ များကိုမှ တစ်စုံတစ်ယောက်မျှ မတို့ကြ၊ မထိကြ။ ဘင်ဂျမင်က အလွန်အမင်းပင်ပန်းနွမ်းနယ်နေဟန်၊ မယ်လီဆာ က ဘယ်သူ့ကိုမှ စကားမပြော၊ ဆမ်ကလေးကမူ အဖေ့မျက်နှာကို တစ်ချိန်လုံး လှမ်းကြည့်နေ သည်။ အဖေပါ ထွက်ခွာသွားမည်ကို တွေးကြောက်နေဟန်။

နောက်ဆုံးတွင် ဘင်ဂျမင်က ဗားမောင့်သို့လိုက်ဖို့ သဘောတူသည်။ ဆာရာ လေယာဉ်ကွင်းသို့မဆင်းမီ သူတို့က အလျင်ထွက်ဖို့ စီစဉ်ကြသည်။ ရင်နာစရာ နှုတ်ဆက်ခွဲခွာခန်းကို ဤနည်းဖြင့်ရှောင်လိုက်ကြ၏။
ကားထွက်မည်လုပ်တော့ ဆမ်ကလေးငိုသည်။ အက်နက်က တံခါးဝတွင် စိတ်ပျက်လက်ပျက်ရပ်နေ၏။ သည်တစ်ခါတော့ ဘင်ဂျမင်သည်ပင်လျှင် မျက်ရည်မဆည်နိုင်တော့။
ရင်ထဲတွင် ဆို့နေသဖြင့် ဆာရာ စကားတစ်လုံးမှ ပြောမထွက်။ အော်လီဗာသည် အိမ်ရှေ့တွင် ရပ်နေသော ဆာရာ့ကို နောက်ကြည့်မှန်ထဲမှ ကြည့်နေ၏။ သို့သော် မျက်ရည်တွေ လွှမ်းနေသဖြင့် သဲသဲ ကွဲကွဲ မမြင်ရ။ သူ လက်ပြနှုတ်ဆက်နေသည်။ အော်လီဗာအသည်းတွေ တကယ်ပင် ကွဲကြေခဲ့ ပါလေပြီ။
စင်စစ် ထိုတဒင်္ဂတွင်ပင် မိမိ၏ ဘ၀တစ်ခုလုံးလည်း ကွဲကြေပျက်စီးခဲ့ခြင်းဖြစ်ပါ၏။ မိမိအသက် တမျှ မြတ်နိုး ခဲ့ရသည့် မိန်းမ၊ မိမိတည်ဆောက်ခဲ့သည့် ဘုံဗိမာန် စသည်စသည်တို့သည် ထိုမိန်းမ၏ မိုက်ရူးရဲ ဆန်မှု့ကြောင့် ပြိုကျပျက်စီးရခြင်းဖြစ်ပါ၏။

ဆမ်ကလေးကို သိုင်းဖက်လိုက်ပြီး …
" တိတ်ပါသားရယ်၊ ဖေဖေတို့အားလုံးပျော်မှာပါ၊ မေမေလဲပျော်မှာပါ "
အော်လီဗာက ပြုံးပြီး အားပေးလိုက်သည်။
" သား တို့ မေမေနဲ့ပြန်တွေ့ရဦးမှာလားဟင် "
ဆမ်ကလေးက ဘာကိုမှမယုံတော့။ ဘယ်သူ့ကိုမှမယုံတော့။ အော်လီဗာ ဘာပြောရမှန်းမသိ။ မိမိ ကိုယ်တိုင် လည်း မသေချာ။

" အို …. သားကလဲ၊ ဘာလို့မတွေ့ရမှာလဲ၊ လောလောဆယ်တော့ ဖေဖေတို့အားလုံး စိတ် ထိခိုက်ကြရ တာ ပေါ့၊ မကြာခင် နေသားကျသွားမှာပါ "
ကားနောက်ခန်း မှ ဘင်ဂျမင် နှပ်ညှစ်သံကြားရသည်။ မယ်လီဆာလည်း ငိုနေပြီ။ သို့သော် နံနက် ကတည်းက စကားတစ်ခွန်းမှမပြောသေး။ အလေးအနက်တွေးနေပုံရ၏။ ဆမ်ကလေးကို ဖိနပ်ဝယ်ပေးဖို့ ကိစ္စ၊ တစ်ယောက်ယောက်နေထိုင်မကောင်းလျှင် ဆေးခန်းပို့ဖို့ကိစ္စ၊ သွားဆေးခန်းတွင် ကလေးတွေကို ပုံမှန် စစ်ဆေးပေးဖို့ကိစ္စ၊ ဒါတွေကို ဖေဖေတစ်ယောက်တည်း လုပ်နိုင်ပါမည်လား၊ အချိန် ပေးနိုင် ပါမည်လား။ ဒါတွေထားဦး။ သူ အင်မတန်ချစ်မြတ်နိုးသည့် ဇနီးသည်မပါဘဲ ဖေဖေ ဘယ်လို ရပ်တည် နိုင်မှာလဲ။ ရှည်လျားလှသော ဗားမောင့်ခရီးတစ်လျှောက်တွင် ဘယ်သူမှ စကားမစကြ။ ဤသို့ဖြင့် ညစာ စားချိန် တွင် မက်ဆာချူးဆက်နယ်ထဲသို့ ၀င်လာသည်။
ထိုအချိန် တွင် ဆာရာတစ်ယောက် ဘော်စတွန်သို့ ရောက်နေပြီ။ ဘ၀သစ်ကို ခြေလှမ်းစရန် ကင်းဘရစ် သို့ ဦးတည်နေပြီ။ မိမိတစ်ယောက်တည်း သူတို့မပါဘဲသွားမည့် ဘ၀သစ်လေ။

အခန်း (၅)

စကိတ်စီးခရီး မှာ အပြောင်းအလဲတစ်ခုအဖြစ် အောင်မြင်သလိုရှိသော်လည်း အပြည့်အ၀ကားမဟုတ်ပေ။ ဆမ်ကလေး က ရယ်ဖော်ပြုံးဖော်ရလာသော်လည်း ညညတွင် အိပ်မက်ဆိုးတွေမက်ပြီး လန့်ငိုတတ် သည်။ ဘင်ဂျမင်က ပြိုင်ပွဲတွင် ၀င်ပြိုင်သည်။ စကိတ်စီးလေ့ကျင့်ချိန်မဟုတ်လျှင် ဟိုတယ်တွင် ကပ်သည် မရှိဘဲ အပေါင်းအသင်းများ ဆီ သွားနေသည်။
မယ်လီဆာ က စိတ်မပါလက်မပါနှင့် စကိတ်လိုက်စီးသည်။ အော်လီဗာက ရွှင်ရွှင်ပျပျဖြစ်အောင် ကြိုးစားသော် လည်းမယ်လီဆာက ခပ်ရှောင်ရှောင်နေသည်။ ဆမ်ကလေးကလွဲပြီး ဘယ်သူနှင့်မှ စကား မပြော။
အော်လီဗာ သည် အားလုံးအတွက် အလုပ်ရှုပ်လျက်ရှိသည်။ စကိတ်စီးဖို့ပစ္စည်းတွေငှားဟယ်၊ ရမ်းဟယ်၊ ကားပေါ် သို့ တင်ဟယ်ချဟယ်နှင့် နားရသည်မရှိ။ စားရေးသောက်ရေးကိုလည်း ကိုယ်တိုင် စီစဉ်နေရ၏။ ဆမ်ကလေး ကိုလည်း ချော့သိပ်ရသေးသည်။ မယ်လီဆာကိုလည်း မျက်ခြည်ပြတ်မခံ။ ညရှစ်နာရီထိုးလို့ ဟိုတယ်ပြန်ရောက် လျှင် ခြေကုန်လက်ပန်းကျနေပြီ။

ဆမ်ကလေးက တစ်ညလျှင် ရှူရှူနှစ်ကြိမ်ပေါက်သည်။ အိပ်ရာခင်းတွေ၊ စောင်တွေလဲရသည်က တစ်မှောင့်၊ ဆာရာ့ အကြောင်းပင် စဉ်းစားချိန်မရ။
အိပ်ရာထဲတွင် လှဲနေခိုက် စဉ်းစားမိပြန်လျှင်လည်း နာကျင်စွာ တနုံ့နုံ့ ခံစားရလေသည်။ ဗားမောင့်ရောက် လို့ သုံးရက်မြောက်သည့်နေ့တွင် သူ့နာမည်ကိုထည့်ပြီး အော်လီဗာပြောမိသည်။ သူတို့ အားလုံး ခေါင်းထောင်ပြီး အဖေကို ၀ိုင်းကြည့်ကြသည်။ မျက်ဝန်းကြည်ကြည် ကလေးများ သည် ဝေဒနာရိပ် ကြောင့် မှုန်မှိုင်းရီဝေနေ၏။
နှစ်သစ်ကူးနေ့ တွင် ဗားမောင့်မှ ပြန်ထွက်လာခဲ့ကြသည်။ အပြန်ခရီးတွင် အားလုံး လန်းလန်းဆန်းဆန်း။ အိမ်ပြန်ရောက် သည်နှင့် အရိပ်မည်းကြီး လွှမ်းမိုးမှုကို ခံကြရပြန်သည်။

အိမ်ကြီးသည် သုသာန်တစပြင်လို တိတ်ဆိတ်နေ၏။ အင်ဒီတစ်ကောင် အိပ်ပျော်နေသည်။ အက်နက်လည်း မရှိ။ အပြင်ထွက်နေပုံရ၏။ ဆာရာများ အိမ်ြ်ပန်ရောက်နေပြီလား ဟူ၍ သူတို့အားလုံး တိတ်တခိုး မျှော်လင့်လာခဲ့ကြသည်။ သို့သော် ဆာရာက မိုင်ပေါင်းများစွာတွင် ကမ္ဘာသစ်ကို စတင် ရှာဖွေနေလေပြီ။ ကင်းဘရစ်တွင်တည်းမည့် ဟိုတယ် ဖုန်းနံပါတ်ကို သိနေသော်လည်း အော်လီဗာမဆက်တော့။ မယ်လီဆာပြင်ပေးသည့် ညစာကိုစားပြီး ဆမ် ကလေးနှင့် အတူ အိပ်ရာဝင်သည်။
သူတို့ သုံးယောက် ညစာစားနေချိန်တွင် ဘင်ဂျမင် အ၀တ်အစားလဲပြီး ထွက်လာသည်။
အော်လီဗာ က ပြံးပြီး "မြန်လှချည်လားသားရဲ့၊ ချိန်းထားလို့လား "
ဘင်ဂျမင် က မလုံမလဲပြုံးပြီး …
" သူငယ်ချင်းတစ်ယောက် နဲ့ ချိန်းထားလို့ပါ ဖေဖေ၊ ကားယူသွားလို့ ရမလားဟင် "
" ယူသွားလေ၊ သိပ်နောက်မကျနဲ့နော်၊ သား သတိထားမောင်း၊ ဒီည လမ်းပေါ်မှာ မူးရူးနေကြမှာ သားရဲ့ "

ခရစ္စမတ်ရာသီ မို့ သတိပေးရခြင်းဖြစ်သည်။ ဘင်ဂျမင်သည် ကားကို လက်လွတ်စပယ် မောင်းလေ့မရှိ။ ဘီယာ တစ်ဘူးသောက် မိလျှင် ကားမောင်းဖို့ ၀န်လေးသူဖြစ်၏။ ဆာရာ၏ အဆုံးမများကြောင့် ဘင်ဂျမင် ဘသားသမီး များကို ထိန်းကျောင်းခဲ့သည့် ဆာရာ မရှိတော့ပြီ။ ကတိပေးသွားသည့်အတိုင်း အပတ်စဉ် ပြန်လာ ဖို့ကိစ္စ ကို မဆွကပင် အော်လီဗာ သံသယ၀င်ခဲ့သည်။ သူအိမ်က ထွက်သွားသည် မှာ ခြောက်ရက်မျှသာ ရှိ သေး၏။ သို့သော် စိတ်ထဲတွင် တစ်ကမ္ဘာလောက်ကြာသည် ထင်နေ၏။
ထိုည တွင် တစ်ယောက်တည်း အိပ်ရာဝင်ရသည်။ ရင်ထဲတွင် ဘာမှမရှိတော့သလို ဟာလာ ဟင်းလင်းနှင့်။ ခါတိုင်း ညများလိုပင် သူ့အကြောင်းသာလျှင် ခေါင်းထဲတွင် ကြီးစိုးနေ၏။ ကလေးများရှေ့ တွင်မူ အပူရုပ် မဆောင်ရဲ။

သန်းခေါင်ကျော်သွားသည်။ မီးဖွင့်ပြီး ရုံးမှယူလာသည့် စာရွက်စာတမ်းကို ဖတ်ဖို့ကြိုးစားသည်။ ဘင်ဂျမင် ပြန်လာသည်ကို ကြားရ၏။ တံခါးဝတွင် ရပ်ပြီး နှုတ်ဆက်သည်။ ဆမ်ကလေးနိုးလာလျှင် ကြားနိုင်အောင် တံခါးဖွင့်ထားသည်။
ဘင်ဂျမင် သည် ဖအေလုပ်သူကို ၀မ်းနည်းစွာဖြင့် ငေးကြည့်နေသည်။ ကားသော့ကို စားပွဲပေါ် လှမ်းတင်ရင်း …
" ဖေဖေ ဘယ်လိုခံစားနေရတယ်ဆိုတာ သားသိပါတယ် ဖေဖေ "
အော်လီဗာ က ခေါင်းညိတ်ပြလိုက်သည်။ များများစားစား ပြန်ပြောစရာလည်း မရှိဘူးလေ။
" မကြာခင် နေသားကျသွားမှာပါကွာ၊ မေမေလဲ မကြာမကြာ ပြန်လာမှာပဲ "
ယုံကြည်မှု နည်းပါးစွာဖြင့် ပြောလိုက်ခြင်းဖြစ်၏။

" ဘယ်လိုလဲ၊ သား ပျော်ခဲ့ရဲ့လား၊ မနက်ဖြန် ကျောင်းတက်ရတော့မှာ မဟုတ်လား၊ သားပြန် တာ နောက်ကျတာပေါ့ "
" ဟုတ်တယ်ဖေဖေ၊ ဆောရီးပဲ၊ အချိန် ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး "
ဘင်ဂျမင်က ဖအေ ကို အပြုံးဖြင့် နှုတ်ဆက်ပြီး ထွက်သွားသည်။
နောက် တစ်နာရီအကြာတွင် ဆမ်ကလေး အော်ငိုသံကြားရသည်။ ကလေးခန်းဆီသို့ အော်လီဗာ ပြေးချ သွားသည်။ ပြန်အိပ်ပျော်နေသည်ကို တွေ့ရ၏။ ခုတင်စောင်းတွင် ထိုင်ပြီး ကလေးခေါင်းကို အသာ ပွတ်ပေး သည်။ ဆံပင်တွင် ချွေးတွေရွှဲနေ၏။
နံနက် လေးနာရီတွင် ဆမ်ကလေး၏ နံဘေးတွင် လှဲချလိုက်သည်။ သား အဖနှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားကြသည်။

နောက်တစ်နေ့ နံနက်စာဝိုင်းမှာ ထုံးစံအတိုင်း အဆင်ပြေပြေမရှိလှ။ အထူးတလည် ဧည့်ခံပွဲများအတွက် သီးသန့် ထားသည့် စားကောင်းသောက်ဖွယ်တွေကို အက်နက်က ချက်ကျွေးသည်။ သူတို့အားလုံးတွင် အထူး ဂရုစိုက်မှု လိုအပ်နေသည်ဟု အက်နက်နားလည်ထားသည်။ ဆမ်ကလေးအတွက် လည်း နေ့လယ်စာ ကို အထူးစပါယ်ရှယ်လုပ် ထည့်ပေးသည်။ ယနေ့ ကျောင်းကား အလှည့်ကျသဖြင့် ဆမ် ကလေးနှင့် သူ့ အပေါင်းအသင်းတွေကို အက်နက် မောင်းပို့ရမည်ဖြစ်သည်။ ခါတိုင်း ဆာရာ ပို့နေကျလေ။
အော်လီဗာက ရထားအမီ ဘူတာရုံသို့ ၀ရုန်းသုန်းကားပြေးသည်။ အလွန်မတန် အချိန်တိကျသူ၊ ရုံးလုပ်ငန်း ကို လေးစားသူ အော်လီဗာသည် ယခုတော့ သမီးနှင့် သားတွေကို အချိန်မှန်မှန် အိမ်ပြန်ဖို့ အိမ်စာတွေ အပြီး လုပ်ဖို့ တစ်ဦးချင်းမှာကြားနေရသည်နှင့် အပြေးအလွှား မဖြစ်စဖူး ဖြစ်ရပြီ။

ဒါတွေအားလုံး ဆာရာ့အလုပ်တွေ မဟုတ်လား။ သူရှိစဉ်ကဆိုလျှင် အရာအားလုံး သည် ချောမွေ့ပြေပြစ်နေ စမြဲ။ တိကျသည့် အုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်းစွာ အဆင်ပြေနေစမြဲ။ ရုံးသို့ သွားလျှင် ဘယ်သောအခါမှ နောက်ဆံမတင်းရ။
ရုံးရောက်ပြန်တော့လည်း မပုံစဖူး အလုပ်ကြွေးတွေ စုပုံနေ၏။ ည ခုနစ်နာရီအထိ ထိုင်လုပ်ရသည်။ အိမ်ပြန်ရောက်တော့ ကိုးနာရီထိုးလုပြီ။ ဘင်ဂျမင် အိမ်မှာမရှိပြန်။ မယ်လီဆာက သူငယ်ချင်းနှင့် တယ်လီဖုန်း စကားပြောနေ၏။ ဆမ်က ဖအေ့ အိပ်ရာပေါ်တွင် အငြိမ့်သား တီဗွီကြည့်လျက်။ အိမ်စာ လုပ်ဖို့ လုံးဝ သတိရဟန်မတူ။ အက်နက်က ကလေးစိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မပြောဘဲ ကြည့်နေ သည်တဲ။
" သား … ဖေဖေ အိပ်မယ်နော် "
" သား အခန်း မှာ သားအိပ်ရမယ်လေ "
အကျင့်ဖြစ်သွားမည်စိုး ၍ အော်လီဗာက ဟန့်လိုက်သည်။
" ဒီတစ်ညတည်း ပါ ဖေဖေရယ်နော်၊ သား ကောင်းကောင်းအိပ်ပါ့မယ် "
အော်လီဗာ က သားထွေးကလေးကို ပြုံးကြည့်ပြီး ငုံ့နမ်းလိုက်သည်။

" သား စာကျက်နေတာတွေ့ရင် ဖေဖေ ပိုသဘောကျမှာ "
" ဟာ … သားမေ့ သွားတယ် ဖေဖေ "
" အင်း … ထားပါတော့၊ ဒီနေ့သား ဘာတွေလုပ်ဖြစ်လဲ "
လည်စည်းဖြုတ်၊ ကုတ်အင်္ကျီချွတ်ပြီး လက်ဆွဲအိတ်ကို အနီးရှိ စားပွဲပေါ်ချရင်း ဆမ်ကလေး၏ နံဘေးတွင် ၀င်ထိုင်လိုက်သည်။ သူ့အမျေား ဖုန်းဆက်သေးလား သိချင်သော်လည်း မမေးရဲ။
" ကဲ … ဒီနေ့ သားဘာတွေလုပ်လဲ ပြောပါဦး "
" ဘာမှ သိပ်မလုပ်ဖြစ်ဘူး ဖေဖေ၊ အိမ်ပြန်ရောက်တော့ အက်နက် က တီဗွီကြည့်ချင် ကြည့်ဆိုတာနဲ့ သား ကြည့်နေတာ "
ဆာရာ သာရှိလျှင် သည်အခွင့်အရေးမျိုး ဆမ်ရမည်မဟုတ်ကြောင်းကို သူတို့သားအဖနှစ်ယောက်စလုံး သိနေကြ၏။ သူထွက်သွားပြီဆိုကတည်းက အပြောင်းအလဲမြန်ဆန်ပုံမှာ မယုံနိုင်လောက်အောင်ပင်။
" ဘင်ဂျမင် မရှိဘူးလား သား "
" အပြင် သွားတယ် ဖေဖေ "
ဆမ်က သူနှင့်မဆိုင်သလိုဖြေသည်။

" အင်း  ဒီလိုပဲဖြစ်ရမယ်လေ "
သည်ကိစ္စကိုလည်း မိမိပင် ကိုင်တွယ်ရမှာပါလား။ ကျောင်းပိတ်ရက်မဟုတ်သည့် ကြားရက်များတွင် သူ့ကို အပြင်ထွက်ခွင့် ပေးမထား။ သူ့အသက်မှာ ဆယ့်ခုနစ်နှစ်မျှသာ ရှိသေးသည်။ မအေမရှိသည်နှင့် ထင်ရာ စိုင်းခွင့် ရှိနေသည်ထင်လျှင်တော့ ၀က်အူတင်းရလိမ့်မည်။
" ကဲ … သားကို ဖေဖေပြောမယ် နားထောင်၊ ဒီည သားဖေဖေနဲ့ အတူတူအိပ်၊ ဒါပေမယ့် နောက်နေ့ ကစပြီး ကိုယ့်အိပ်ရာမှာ ကိုယ်ပြန်အိပ်ရမယ်၊ ဟုတ်ပြီလား "
" အိုကေ "
ဆမ်က ကျေနပ်သည့် အမူအရာဖြင့် ဖအေနှင့် လက်ဆွဲနှုတ်ဆက်သည်။ အော်လီဗာက မီးပိတ်လိုက်၏။

" သား အိပ်တော့နော်၊ ဖေဖေ အောက်ထပ်ဆင်းပြီး တစ်ခုခုစားလိုက်ဦးမယ် "
" ဟုတ်ကဲ့ ဖေဖေ "
ဧရာမ အိပ်ရာကြီးထဲတွင် ဆမ်တစ်ယောက် ပျော်နေပုံရသည်။ သူ့အမေ အိပ်သည့်ဘက်အပိုင်းကို အပြည့်နေရာယူပြီး ဖအေကို နှုတ်ဆက်သည်။
" ဂွတ်နိုက်ဖေဖေ "
" ဂွတ်နိုက်ဆမ်၊ သားကို ဖေဖေသိပ်ချစ်တယ်၊ ကဲ … အိပ်တော့နော် "
အိပ်ရာပေါ်မှ ထသွားသည်။ တံခါးဝရောက်တော့ ကလေးကို တစ်ချက်ပြန်လှည့်ကြည့်သည်။ ပြီးမှ မယ်လီဆာ အခြေအနေကို ကြည့်ဖို့ ထွက်လာခဲ့သည်။ ခန်းမထဲမှာထားသည့် တယ်လီဖုန်းကို သူ့အိပ်ခန်း ထဲသို့ တရွတ်ဆွဲယူနေ၏။ အခန်းထဲတွင် အ၀တ်အစားတွေ၊ စာအုပ်တွေ၊ ဖိနပ်တွေ၊ ဆံပင်ကောက်သည့် ပစ္စည်းတွေနှင့် ရှုပ်ယှက်ခတ်နေ၏။ ဖြစ်ချင်တိုင်း ဖြစ်နေသည်။ အဖေကို အထူးအဆန်း သဖွယ် မော်ကြည့်၏။ အော်လီဗာ က တယ်လီဖုန်းပြောပြီးသည်အထိ စောင့်နေသည်။

 ဤတွင် မယ်လီဆာက ဖုန်း ခွက်ကို လက်နှင့်အုပ်ပြီး …
" ဖေဖေ ကိစ္စရှိလားဟင် "
" သမီးကို လာနှုတ်ဆက်တာပါ၊ ကျောင်းစာတွေလုပ်ပြီးပြီလား "
" ဟဲလို … အင်း … ပြီးပါပြီ "
သည်မေးခွန်းကြောင့် မယ်လီဆာ စိတ်ညစ်သွားပုံရသည်။
" ဖေဖေ ညစာစားတုန်း သမီးလာထိုင်ပါလား "
မယ်လီဆာ ခဏတွေသွားသည်။ ပြီးမှ ခေါင်းညိတ်သည်။ သိပ်ကြည့်ပုံမရ။ သူငယ်ချင်းနှင့် ဖုန်းဆက် ပြောချင်နေပုံ။ သို့သော် ဖေဖေ လေသံတွင် အမိန့်ပေးသံပါနေ၍ အောင့်သက်သက်နှင့် ခေါင်းညိတ်လိုက်ရ ခြင်းဖြစ်၏။

အမှန်အတိုင်း ၀န်ခံရလျှင် အော်လီဗာတစ်ယောက်တည်း ထိုင်မစားချင်။ အဖော်ခေါ်စရာ သမီး တစ်ယောက် တည်းရှိ၍ ခေါ်လိုက်ရခြင်းဖြစ်၏။
" ခဏနေ သမီးဆင်းခဲ့မယ်နော် "
သည်တော့ မှ သမီး အခန်းထဲမှ ထွက်ခဲ့ပြီး အောက်ထပ်သို့ ခပ်ကုပ်ကုပ်ကလေး ဆင်းလာသည်။ အက်နက် ပြင်ထားခဲ့သည့် ညစာဝိုင်းက အသင့်။ ဟင်းလျာတွေမှာ ပူပူနွေးနွေး ရှိသေးသော် လည်း သွေးတောင်းသည့် ဟင်းမျိုး တစ်ပွဲမျှမပါ။
သိုးသားစဉ်းကော က အနူးလွန်ပြီး ချွဲတဲတဲ ဖြစ်နေသည်။ အားလူးမီးဖုတ်ကလည်း မာတင်းတင်းကြီး။ အသီးအရွက်များများ ညှိုးရော်လျက်။
အားလုံး ကို ဘေးဖယ်ပြီး ကြက်ဥတွေဖောက်ကြော်သည်။ ပြီးတော့ လိမ္မော်သီးကို အရည်ညှစ်ပြီး မယ်လီဆာ ဆင်းအလာကို စောင့်သည်။
တော်တော်နှင့် ဆင်းမလာ။ စိတ်လျှော့လိုက်ပြီး စားလို့ပြီးခါနီးမှာ အခန်းထဲ ၀င်လာသည်။

" ဘင်ဂျမင် ဘယ်သွားလဲ "
သိမည်ထင်၍ မေးလိုက်ခြင်းဖြစ်သည်။ သို့သော် မယ်လီဆာက ပခုံးတွန့်ပြီး …
" သူင်ချင်းတွေ နဲ့ သွားတာ ဖြစ်မှာပေါ့ "
" ကျောင်းပိတ်ရက် လဲ မဟုတ်ဘဲနဲ့၊ သိပ်မဟုတ်ဘူးထင်တယ် "
မယ်လီဆာ နောက်ထပ်တစ်ကြိမ် ပခုံးတွန့်ပြပြန်သည်။ ဖေဖေ့အတွက် စိတ်မကောင်း လည်း ဖြစ် သွားသည်။
" အိမ်ပြန်ရောက်တော့ မောင်လေးနဲ့ နေရဲ့လား "
အားလုံးထဲ တွင် ဆမ်ကလေးအတွက် အော်လီဗာ စိတ်အပူဆုံးဖြစ်သည်။ ဆမ်ကလေးမှာ အဖေနှင့်ရော အစ်ကိုအစ်မတွေနှင့် ပါ နေရချိန်မရှိသလောက် ဖြစ်နေသည်။ အော်လီဗာလုပ်ပိနေပြီး အိမ်ပြန်နောက်ကျ သည့် ရက်များ တွင် ပိုဆိုးသည်။ တစ်ချိန်လုံး အက်နက်နှင့်သာနေရရှာသည်။

" ကျောင်းစာတွေ လုပ်စရာ အများကြီး ကျန်သေးတယ် ဖေဖေ "
" သမီးအခန်းကို ဖေဖေကြည့်ရတာဖြင့် ကျောင်းစာလုပ်မယ့်ပုံ တစ်ခုမှ မတွေ့ရပါလား "
" ဆမ်ကလေး အိပ်သွားပြီ မဟုတ်လား ဖေဖေ "
" ဖေဖေ ပြန်ရောက်တုန်းက မအိပ်သေးဘူး၊ သူ့ကို သမီးအချိန်ပေးသင့်တယ်၊ ဖေဖေတို့အားလုံးပေးသင့် တာပါလေ "
အော်လီဗာ သမီးလုပ်သူကိုကြည့်ပြီး ပြုံးလိုက်သည်။
" မေမေ မရှိကတည်းက သမီးဟာ အိမ်ရှင်မဖြစ်နေပြီလေ "
သို့သော် သည်တာဝန်မျိုးယူဖို့ မယ်လီဆာ ဘယ်တုန်းက စိတ်မကူးခဲ့။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော် ပါးပါး နေချင်သည်။ မေမေ အိမ်မှ ထွက်သွားခြင်းသည် မိမိနှင့် မဆိုင်။ မိမိအပြစ် မဟုတ်။ ဖေဖေံကြောင့်။ ဖေဖေသာမေမေ့ကို တစ်ခုခု မလုပ်ခဲ့လျှင် မေမေ ဘယ်တော့မှ အိပ်က ထွက်သွားမှာ မဟုတ်။ သို့သော် ဘာ ရယ်လို့တော့ မယ်လီဆာ မတွေးတတ်။

" ဆမ်ကလေးကို သမီး ဂရုစိုက်ရမယ်၊ အချိန်ပေးရမယ်။ သူနဲ့ စကားစမြည်ပြော၊ ခဏတစ်ဖြုတ် အတူတူ ကစား၊ ပြီးတော့ သူ့ ကျောင်းစာလေးဘာလေးလဲ ကြည့်ပြီး ကျက်ခိုင်းကြားလား "
" ဟာ … ဖေဖေ ကလဲ အက်နက်ရှိသားပဲ "
" မတူဘူးလေ သမီး၊ မောင်လေးကို သမီး သိပ်ချစ်တယ် မဟုတ်လား၊ သမီး ကိုယ်ပိုင်အရုပ်လေးလို ချစ်ခဲ့ တာလေ "
ဆာရာသွားမည့်အကြောင်း ထုတ်ပြောသည့် ညကဆိုလျှင် မယ်လီဆာ ဆမ်ကလေးနှင့် တစ်ညလုံးဖက်အိပ် ခဲ့သည်။ ခုတော့ မယ်လီဆာ တစ်မျိုးဖြစ်သွားပြီ။ ဆာရာလိုပင် ဘယ်သူနှင့်မျှ မပတ်သက်ချင်တော့ပုံ၊ အားလုံးနှင့် ကင်းကင်းနေတော့မည့်ပုံ။

ဘင်ဂျမင်ကော သည်အတိုင်းဖြစ်နေပြီလားမသိ။ တစ်ချိန်လုံး အပြင်ချည်းထွက်နေသည်။ စိုးရိမ်စိတ်တွေ ချက်ချင်း ၀င်လာသည်။ ပြောရတော့မည်။ မပြောလို့မဖြစ်။ အားလုံးနှင့်ဆုံပြီး အေးအေးဆေးဆေး စကား ပြောချင်သည်။ စည်းစည်းလုံးလုံး ပြန်ဖြစ်လာအောင် စည်းရုံးချင်သည်။
သားအဖနှစ်ယောက် စကားပြောနေစဉ် တယ်လီဖုန်းမြည်လာသည်။ အော်လီဗာ ကောက်ကိုင်သည်။ အဖေ့ အသံကို ဖုန်းထဲတွင် ကြားရတော့ သက်ပြင်းချမိမတတ် ဖြစ်သွားသည်။
အဖေနှင့် စကားဆက်မပြောနိုင်လောက်အောင် အော်လီက ပင်ပန်းနေပြီ။ ဆယ်နာရီ ထိုးပြီးပြီ။ ရေမိုးချိုး ကာ ဆမ်ကလေးနှင့် သွားအိပ်ချင်လှပြီ။ တစ်နေ့လုံးလုံး ရုံး တွင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင် ခဲ့ရပြီး အိမ်ရောက်ပြန်တော့လည်း စိတိုင်းမကျ စရာတွေ ချည်း ။

" ဟဲ့လို ဖေဖေ … ဖေဖေနေကောင်းရဲ့လားဟင် "
" ဖေဖေ နေကောင်းပါတယ် "
သို့သော် အဘိုးကြီး၏ လေသံမှာ တမျိုးကြီးဖြစ်နေ၏။ သားအဖနှစ်ယောက် စကားပြောနေစဉ် လစ်ထွက်သွားသော မယ်လီဆာကို အော်လီငေးကြည့်နေမိ၏။
" ဒါပေမယ့် သားမေမေတော့ နေမကောင်းဘူး "
အော်လီဗာ ပို၍ပင်ပန်းသွားသည်။ စိတ်လည်းပူသွား၏။
" ပြောရရင်တော့ အရှည်ကြီးပဲ သားရေ "
အဘိုးကြီး သက်ပြင်းချသံကြားရ၏။ အော်လီဗာ ရင်တမမနားထောင်နေ၏။

" ဒီနေ့ နေ့လယ်ပိုင်းမှာ ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြည့်ရတယ် "
" ဗျာ … ဟာ ဒုက္ခပါပဲ၊ ဘာပြုလို့ "
" ခုတလော တစ်မျိုးဖြစ်နေတယ်သား၊ ပြီးခဲ့တဲ့အပတ်ကသားတို့ ပြန်သွားပြီး သူ အိမ်ကပျောက်သွားသေး တယ်၊ အဲဒီမှာ ချော်လဲပြီးတော့ ခြေသပွတ်တိုင်လည်သွားတယ် "
ဗားမောင့် မှာ ရောက်နေတုန်းက တယ်လီဖုန်း မဆက်မိသည့်အတွက် အော်လီဗာ နောင်တရနေသည်။ သည်တုန်းကလည်း ယားလို့တောင် ကုတ်ဖို့ အချိန်မရှိခဲ့ဘူးလေ။
" ဒါပေမယ့် ကံကောင်းတယ်လို့ ခေါ်ရမယ် သားရေ ဒီအသက်အရွယ်နဲ့ဆို တင်ပါးဆုံရိုးပါ ကျိုးနိုင်တာ "
" နေပါဦးဖေဖေ၊ ခြေသပွတ်တိုင်လည်ရုံနဲ့တော့ သူတို့ ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြမှာ မဟုတ်ပါဘူး၊ ဘယ်လိုဖြစ်တာ လဲ ဖေဖေ "
အဘိုးကြီး ကိုယ်တိုင်လည်း ဇဝေဇ၀ါ ဖြစ်နေပုံရ၏။ ဇာတ်လမ်းအရှည်ကို နားထောင်ဖို့ အော်လီဗာ လန့်နေ သည်။ ပင်ပန်းလှပြီ။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ …
" ဖေဖေ့အထင်တော့ … ဖေဖေ သားဆီကားမောင်းလာခဲ့ရမလား "
" ဗျာ … အခုလား၊ ဘာဖြစ်လို့လဲ ဖေဖေ "
" ဖေဖေ သားနဲ့ စကားပြောချင်လို့ပါ၊ ဟိုဘက်အိမ်က မာဂရက်ပေါ်တာ မေမေ့ ကို စောင့်ကြည့်ပေးလိမ့်မယ်၊ အဲဒီ အမျိုးသမီးက တော်တော် အကူအညီရတယ် သား၊ သူ့ယောက်ျား ကလဲ ဒီလိုရောဂါမျိး ဖြစ်ဖူးတာကိုး"
" ဘယ်လို ရောဂါ လဲ ဖေဖေ၊ ဖေဖေ ဘာတွေပြောနေတာလဲ၊ သူတို့ ဘာတွေတွေ့လဲဆိုတာ ပြောပါဦး "
" ဦးနှောက် မှာ အကျိတ် တို့ ဘာတို့တော့ မတွေ့ဘူး၊ ဒါပေမယ့် အကျိတ်ဖြစ်လာဖို့တော့ အလားအလာ ရှိတယ် တဲ့၊ နေပါဦးသား၊ ဖေဖေလာဖို့ သိပ်နောက်ကျနေပြီလား "
ဖေဖေ တစ်ယောက်ယောက်နှင့် စကားပြောချင်နေသည်မှာ ထင်ရှားနေပြီ။ မလာပါနှင့်ဟု မပြော ရက်တော့
" ရတယ်ဖေဖေ၊ လာခဲ့လေ "

ကော်ဖီတစ်အိုး ကို ကိုယ်တိုင် နှပ်လိုက်သည်။ ဘင်ဂျမင်ပြန်ရောက်ဖို့ ကောင်းပြီ။ သို့သော် ဘင်ဂျမင် မရောက်မီ အရောက်လာသည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံ၊ မျက်နှာမှာ ဖြူဖပ်ဖြူရော်။ ခရစ္စမတ်ရက်ပိုင်း က တွေ့ရသည့် ဖေဖေမဟုတ်တော့။ သူ့အသက်ထက် အပုံကြီးပိုကြိးသည့် အဘိုးအိုကြီး တစ်ယောက်ဖြစ်နေပြီ။ သည်တော့မှ အဖေ့နှလုံးရောဂါ အကြောင်း တွေးမိပြီး အော်လီဗာ စိုးရိမ် သွားပြန် သည်။ စင်စစ်သည်လို အချိန်တွင် ဖေဖေ ကားမောင်းဖို့ မသင့်တော်ပါ။ သို့သော် စိတ်ဓာတ် ကျမည် စိုးသဖြင့် မပြောဖို့ ဆုံးဖြတ်လိုက်သည်။
" ဖေဖေ အထဲဝင်လေ "
တံခါးခေါင်းလောင်းသံကြောင့် ဆမ်ကလေး မနိုးပါစေနှင့်ဟု ဆုတောင်းလိုက်၏။ တစ်ချိန်က အလွန်နွေး ထွေးပျော်စရာကောင်းခဲ့သည့် ဧရာမ မီးဖိုဆောင်ဆီသို့ အဖေ့ကို ဦးဆောင်ခေါ်သွားသည်။
အဘိုးကြီး က ကော်ဖီသောက်ဖို့ငြင်းသည်။ ပြီးမှ နို့တစ်ခွက်သောက်ပြီး လေးလန်စွာ ထိုင်ချလိုက် သည်။ အော်လီဗာ အသာစောင့်ကြည့်နေသည်။
" ဖေဖေ့ကြည့်ရတာ သိပ်ပင်ပန်းနေသလိုပဲ "

လာခဲ့ဖို့ ခေါ်မိသည့်အတွက် အော်လီဗာ စိတ်မကောင်းဖြစ်သွားသည်။ သို့သော် သူ့တွင် အဖော်လိုနေ သည်တော့ အမှန်။ ချစ်ဇနီး၏ ဦးနှောက်ဓာတ်မှန်ကိစ္စကို သားဖြစ်သူအား ဖြည်းဖြည်းချင်း ပြောပြသည်။
" သား မေမေ မှာ စိတ်ရောဂါဖြစ်နေပြီ၊ ဦးနှောက်အထား သိသိသာသာ ပျက်ယွင်းနေတာကို ဓာတ်မှန် ထင် ထင် ရှားရှားတွေ့ရတယ်၊ နောက်ပိုင်း ပြောင်းလဲလာ သူ့ အမူအရာတွေနဲ့ ပေါင်းစပ်ကြည့်တဲ့အခါ ဆရာဝန် တွေအတွက် ရောဂါရှာဖို့ ပိုလွယ်သွားတယ်၊ ဦးနှောက်အနေအထား ပျက်သွားပြီလို့ အားလုံးက အတည်ပြု လိုက်ကြတယ် "
" ဟာ ….. မဟုတ်သေးပါဘူး "
အော်လီဗာ က လုံးဝမယုံကြည်။
" တခြား အထူးကုဆရာကြီးတွေနဲ့ ပြကြည့်သေးတာပေါ့ အဖေရာ "
ဂျော့ဝတ်ဆင် ခေါင်းယမ်းသည်။

" အကြောင်းမထူးဘူးလား၊ သူတို့ပြောတာ အမှန်တွေချည်းပဲ နောက်ပိုင်းအခြေအနေတွေ သားမသိသေးဘဲ ကိုး ခဏခဏ လမ်းမှားတယ်၊ သတိမေ့တယ်၊ လုပ်နေကျ ရိုးရိုးအလုပ်လေးတွေကိုတောင် မလုပ်တတ်တာမျိုးလဲရှိတယ်။ ဥပမာကွာ … တယ်လီဖုန်းတောင် မဆက်တတ်ဘဲ ဖြစ်တဲ့အခါမျိုး။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ နာမည်မေ့တာမျိုးတွေပေါ့ "
ပြောနေရင်း ဖေဖေ မျက်ရည်တွေ လည်လာသည်။
" တစ်ခါတလေလေ ဖေဖေ့ကိုတောင် သူမမှတ်မိဘူးသား  ---- များတဲ့အခါ မှားတယ်၊ ပြီးခဲ့တဲ့  တစ်ပတ်လုံး လုံး --- အော်လီဗာ လို့ချည်း ခေါ်တယ်၊ ဖေဖေက မှားလို့ ----- ဒေါသူပုန်ထရော၊ ဘယ်တုန်း ကမှ မသုံးဖူး တဲ့ စကားလုံးတွေနဲ့ ဖေဖေ့ကို ရိုင်းရိုင်းပျပျ ပြန်ပြောတယ်၊ ဒီတော့ ဖေဖေလဲ လူတော သူတောထဲ ခေါ်မသွား ရဲတော့ဘူး။
အော်လီဗာ ရင်ထဲနင့် သွား၏။ ဖေဖေက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ….
" ဒါထက် ဆာရာကော အိပ်ပြီလား "
အပြင်သွားနေသည် ဟု လိမ်ပြောရန် စိတ်ကူးလိုက်သေးသည်။ ပြီးမှ အမှန်အတိုင်းပြောဖို့ ဆုံးဖြတ် လိုက်သည်။ ပြောရမှာတော့ ရှက်စရာကောင်းသည်။ ကိုယ့်မိန်းမကိုယ် နိုင်အောင်ထိန်းမထားနိုင် သည့်အဖြစ်မျိုး မဟုတ်လား။

" သူသွားပြီဖေဖေ "
" ဘယ်သွားတာလဲ၊ အပြင်ထွက်သွားတာလား "
ဖေဖေ က ဘာမှနားမလည်သည့် အမူအရာဖြင့်မေးသည်။
" မဟုတ်ဘူးဖေဖေ၊ ကျောင်းပြန်တက်မယ်ဆိုပြီး ထွက်သွားတာ၊ ဟားဗတ်မှာ ပြန်တက်မယ်တဲ့ "
ဂျော့ဝတ်ဆင် မျက်မှောင်ကုတ်သွားသည်။
" သားကို ထားခဲ့ပြီး ထွက်သွားတာပေါ့၊ ဟုတ်လား၊ ဘယ်တုန်းကလဲ၊ ခရစ္စမတ်တုန်းကတောင် …"
ဘယ်လိုမှ နားမလည်နိုင်သည့် ကိစ္စမျိုးပါလား၊ သားဖြစ်သူကို လှမ်းကြည့်လိုက်တော့ မျက်ဝန်း ထဲမှ သောကရိပ်များကို အတိုင်းသားမြင်ရ၏။

" ဟာ ….. ဒုက္ခပါပဲကွာ၊ ဖေဖေ စိတ်မကောင်းလိုက်တာ၊ ဘယ်တုန်းက ဘယ်လို ဖြစ်ကြတာတုံး "
" လွန်ခဲ့တဲ့ သုံးပတ်လောက်ကမှ ကျွန်တော့်ကို ဖွင့်ပြောတယ်လေ၊ မဟာဝိဇ္ဇာ ဆက်တက် ဖို့ ကျောင်းဝင်ခွင့် ရပြီတဲ့၊ ကျွန်တော်တော့ ဒါထက်ကြီးမားတဲ့ ရည်ရွယ်ချက်တွေ သူ့မှာ ရှိဦးမယ် ထင်တယ်၊ ပြန်လာမယ်တော့ ပြောတာပဲ၊ ဒါပေမယ့် သိပ်မထင်ပါဘူး၊ ကျန်တဲ့လူတွေကိုတင်မကဘူး၊ သူ့ကိုယ်သူ ပါ ရယ်စရာဖြစ်သွားအောင် လုပ်သွားသလိုပဲဖေဖေ၊ ကျွန်တော်လဲ ဘာမှ မစဉ်းစား တတ်တော့ ဘူး၊ ဘာဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ "
" ကလေးတွေကကော ဘယ်လိုတုံ့ပြန်ကြသလဲ "

"အ ပေါ်ယံကြည့်တော့ သိပ်မဆိုးဘူး ထင်ရတာပဲ၊ ပြီးခဲ့တဲ့အပတ်က စကိတ်စီးဖို့ ခရီးထွက်ကြတယ်၊ အားလုံး ပျော်ကြပုံ ပါပဲ၊ ဒါကြောင့် ဖေဖေ့ဆီ ဖုန်းမဆက်ဖြစ်တာပေါ့။ ခရစ္စမတ်ပြီးတာ နဲ့ နောက်တစ်နေ့မှာ သူ ထွက် သွားတာ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်တို့ အားလုံး အူကြောင်ကြောင် ဖြစ်နေဆဲပဲ ဖေဖေ …
" မယ်လီဆာ က ကျွန်တော့်ကြောင့်ဖြစ်ရတာ ဆိုပြီး အပြစ်တင်တယ်၊ ဆမ်ကလေးက ညည လန့်လန့်နေ တယ်။ ဘင်ဂျမင်ကတော့ ဒိကိစ္စကို မေ့မေ့ပျောက်ပျောက် လုပ်ဖို့ သူငယ်ချင်းတွေနဲ့ နေ့ရောညပါ အချိန်ဖြုန်း နေတယ်၊ သူ့ကို အပြစ်တင်လို့ ဖြစ်မဖြစ် ကျွန်တော်လဲ မဝေခွဲတတ်တော့ဘူး ဖေဖေ၊ သူ့အရွယ် မှာ ကျွန်တော် ဒီလိုပြဿနာမျိုးနဲ့ ရင်ဆိုင်ရရင်လဲ ဒီလိုပဲ လုပ်မိမှာပဲ "
သို့သော် အော်လီဗာတို့ မေမေသည် သည်လို လုပ်မည့် မိန်းမစားမျိုး မဟုတ်ကြောင်း သူတို့ သားအဖ နှစ် ယောက် အသိဆုံးဖြစ်သည်။ ဤသို့ဖြင့် အမေ့ကိစ္စကို ပြန်ကောက်ကြပြန်သည်။
" ဒါဆို မေမေ့ ကိစ္စ ဖေဖေ ဘယ်လိုလုပ်မယ် စဉ်းစားလဲ "

" ဖေဖေ ဘာလုပ်ပေးမလဲ ဆိုတာကို မစဉ်းစားတတ်အောင် ဖြစ်နေတယ်၊ အခြေအနေက တစ်နေ့တခြား ဆိုးလာနိုင် တယ်၊ ဘယ်သူ့ကိုမှ မှတ်မိတော့မှာ မဟုတ်ဘူး "
အဘိုးအို၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်တွေ ပြည့်လျှံလာပြန်သည်။ သည်အကြောင်း စဉ်းစားရသည်မှာ သူ့အတွက် ရင်နင့်လှသည်။ ချစ်ဇနီးနှင့် တစ်နေ့တခြား ပို၍ပို၍ ဝေးနေသည်ဟု ခံစားရ၏။ သား၏ အဖြစ်ကို တွေ့ရပြန်တော့မျှဝေခံစားမိပြန်သည်။
သို့သော် အော်လီဗာက ငယ်သေးသည်။ သူ့ကိုချစ်ပြီး သူက ချစ်သည့် တစ်စုံ တစ်ယောက် ပေါ်လာနိုင်သေး သည်။ ဖီးလစ်သည် ဂျော့၏ တစ်ဦးတည်းသော ချစ်သူဖြစ်၏။ လေးဆယ့် ခုနစ်နှစ်ကြာမှ အချစ် ကို  ဆုံးရမည့် အရေးမှာ တွေးဝံ့စရာမရှိသည့် ကိစ္စမျိုးဖြစ်၏။
လက်ကိုင်ပ၀ါ ထုတ်ပြီး နှပ်ညှစ်သည်။ သက်ပြင်းတစ်ချက်ချပြီးမှ စကားဆက်သည်။

" ဆရာဝန်တွေ ရဲ့ အဆိုအရ လုံးဝ ရူးသွားတဲ့ အဆင့်မရောက်ခင် ဒီအတိုင်း ခြောက်လတစ်နှစ်ထိ ကြာနိုင် တယ်တဲ့၊ ခု အခြေအနေနဲ့ ဆိုရင် အိမ်မှာ မထားသင့်တော့ဘူးတဲ့၊ ဖေဖေလဲ ဘာလုပ်ရမှန်း မသိတော့ ဘူး ကွာ "
ပြောရင်း အသံတိမ်ဝင်သွားသည်။ အော်လီဗာ ရင်ထဲဆို့သွားသည်။ ဖအေ့လက်ကို လှမ်းယူပြီး ဆုပ်ထား လိုက်သည်။ သားအဖနှစ်ယောက် မေမေ့အကြောင်းကို ပြောနေသည် ဆိုခြင်းမှာ မယုံကြည်နိုင်ပါတကား။ အလွန် ထက်မြက်ပြီး အလွန်အသိဥာဏ်မြင့်မားသည့် မေမေ၊ ခုတော့ ဘာကိုမှ မမှတ်မိတော့ဘူး တဲ့။ ဖေဖေ့ ခမျာ ရင်ကွဲနာကျရှာပြီပေါ့။
" ဖေဖေ ကိုယ်တိုင်လဲ ကျန်းမာအောင်နေဦး၊ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ဖေဖေပါလဲမှ ပိုဆိုးမှာ "
" မာဂရက် ကလဲ ဒီအတိုင်းပြောတယ်၊ သူဟာ အိမ်နီးနားချင်းကောင်းတစ်ယောက်ပါ၊ ဖေဖေပြောတဲ့ အမျိုး သမီးလေ၊ သူ့ယောက်ျားက မေမေ့ရောဂါမျိုး ဖြစ်တာ၊ ခြောက်နှစ်တောင် ကြာတယ်တဲ့၊ သူ ကိုယ်တိုင် နှလုံး ရောဂါရှိတော့ သူ့ယောက်ျားကို စိတ္တဇဆေးရုံ တင်ထားပြီး နောက်ပိုင်း သိပ်ဂရု မစိုက်နိုင်တော့ဘူး၊ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဆုံးသွားတယ်တဲ့ "
အဘိုးအို သည် သားဖြစ်သူကို ရီဝေစွာ ငေးကြည့်နေသည်။

" သား … အော်လီ၊ မေမေ့ကို ဆုံးရမယ့်ဆိုတာမျိုး ဖေဖေ မတွေးရဲဘူး၊ ပြီးတော့ … ပြီးတော့ … သူ ဘာမှ မမှတ်မိတော့ ဘဲ နေရမယ့်ဘ၀မျိုး၊ သူ့ကို ကြည့်နေရတာ တစ်စစီ လွင့်ကြေနေသလိုပဲ၊ ဒါလောက် သဘော ကောင်းတဲ့ မိန်းကလေးကွာ၊ ခုတော့ … ခုတော့ … သိပ်ကြမ်းတမ်းတာပဲ "
" ခရစ္စမတ်မှာတုန်းက မေမေထူးခြားနေတာ ကျွန်တော် သတိထားခဲ့မိပါတယ် ဖေဖေ၊ ဘာရယ်လို့သာ တိတိ ကျကျ မသိ တာလေ၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်လဲ ကိုယ့်အပူနဲ့ကိုယ် မဟုတ်လား "
တကယ်တော့ အမေကော ဇနီးပါ ဆုံးရတော့မည့် အဖြစ်မျိုးပါလား။ ဘ၀တွင် အချစ်ဆုံးနှစ်ဦး။ ခုတော့ တဖြည်းဖြည်း ဝေးသွားလေပြီကော။ သို့သော် ဖအေကြီးအတွက် အဓိကထား စဉ်းစားရမည်။
" ကျွန်တော် ဘာလုပ်ပေးရလဲ ဖေဖေ "
သားအဖနှစ်ယောက် မျက်လုံးချင်းဆိုင်မိကြသည်။ ဖေဖေနှင့် နှစ်ပေါင်းများစွာ ဝေးနေရာမှ ပြန်လည် နီးကပ် လာသည် ဟု အော်လီဗာ ခံစားလိုက်ရ၏။

ဆက်ရန်
.

No comments: