အသံတဂျုံးဂျုံးမြည်ကာ ရထားကြီးက ကျွန်မတို့ကို
သယ်ဆောင်ပြေးနေခိုက်မှာပင် မစ္စတာ ဒီဝင်းတား နှင့် ကျွန်မ သည် တစ်စတစ်စဖြင့် မိုင်ပေါင်းများစွာ
ဝေးကွာလာပြီဖြစ်ကြောင်း ရထားကြီး က ပြောပြနေ သလို ရှိလိမ့်မည်။ သည်လိုအချိန်မျိုးမှာ
သူကတော့ ဟိုတယ်ထဲရှိ ကျွန်မသိသည့် စားပွဲမှာ တစ်ကိုယ် တည်းထိုင်ရင်း စာတစ်အုပ်ကို ဖတ်နေလိမ့်မည်။
သူ့ကိုခွဲခွာပြီး ကျွန်မ ထွက်လာ ခဲ့ရသော်လည်း သူ့ စိတ်ထဲမှာ မည်သို့မျှ ထိခိုက်ခံစားရမည်မဟုတ်။
ကျွန်မ အကြောင်း ကလေး ကိုတောင် မှ တွေးတော စိတ်ကူးနေလိမ့်မည်မဟုတ်။ ကို ဆက်ဖတ်ရန်....
ကျွန်မ တို့ ဟိုတယ် မှ ထွက်ခွာမသွားမီ နားနေခန်းထဲမှာ သူ့ကိုသွားပြီး နှုတ်ဆက်ရပါ့မည်။ သည်လို နှုတ် ဆက်ရသော်လည်း လွတ်လွတ်လပ်လပ်ကြီးတော့ မဟုတ်။ မစ္စက်ဗန်ဟော့ပါး တွေ့သွားမည်ကို စိုးရိမ် မိသည့်အတွက် ခိုးကြောင်ခိုးဝှက်နိုင် လွန်းပေလိမ့်မည်။ ထစ်ထစ်ငေါ့ငေါ့လည်း ဖြစ်နေပေလိမ့်မည်။ ပြီး တော့ အပြုံးကလေးဖြင့် သည်လိုစကားမျိုးကိုလည်း ပြောမိကောင်း ပြောမိကြပါလိမ့်မည်။
"ကောင်းပါပြီကွယ်… စာရေးပေါ့"
"ကျွန်မအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံခဲ့တာတွေအတွက် ကျေးဇူးတင်စကားတောင် ကျွန်မ မပြော ဖြစ်ခဲ့ဘူး ရှင်"ဆိုတာမျိုး။ နောက်ပြီးတော့…
"ကျွန်မတို့ရိုက်ခဲ့တဲ့ ဓာတ်ပုံကလေးတွေ ကျွန်မဆီသို့ ပို့ပေးပါနော်"ဆိုတာမျိုး။
"မင်းလိပ်စာ လဲ ပြောဦးမှပေါ့"
"ဟုတ်ကဲ့ရှင်… နောက်မှ ကျွန်မ ပို့လိုက်ပါ့မယ်"
သည်လိုပြောပြီးသောအခါ သူက ထုံးစံအတိုင်း စီးကရက်ကို မီးညှိလိမ့်မည်။ အနီးမှ ဖြတ်သွားသော စားပွဲထိုး တစ်ယောက်ထံမှ မီးတောင်းလိမ့်မည်။ သည်လိုအချိန်မျိုးကလေးမှာပင် "သူနဲ့ ခွဲသွားဖို့ လေးမိ နစ်ခွဲပဲ အချိန်ကျန်တော့သည်။ သူ့ကို ဘယ်တော့မှ ငါ ထပ်ပြီး တွေ့ရတော့မှာမဟုတ်ပါဘူး"ဟုလည်း ကျွန်မ ၏ စိတ် ထဲက တွေးမိကောင်း တွေးမိနေပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် သူနှင့်ဝေးရာသို့ ကျွန်မ သွားရပေတော့မည်။ သည်ကိစ္စတွေ အားလုံးက လည်း ပြည်ဖုံးကား ချသွားပြီ။ နောက်ထပ် ဘာမျှလည်း ပြောစရာမရှိတော့။ ကျွန်မတို့နှစ်ယေက်မှာ သူ စိမ်းပြင်ပြင် များ ဖြစ်သွားကြပါပြီ။ သူနှင့် ကျွန်မတို့၏တွေ့ဆုံခြင်းသည် နောက်ဆုံးအကြိမ်လဲဖြစ်၊ တစ် ကြိမ်တည်း လည်းဖြစ် ဆိုသော အတွေ့မျိုးပင်။ သည်အချိန်မှာပင် ကျွန်မ၏အတွင်းစိတ်ကတော့ မခံမ ရပ်နိုင်အောင် နာကျည်းဆွေးမြေ့နေပါပြီ။ စိတ်ထဲမှာလည်း ကျိတ်၍ ရှိုက်ညည်းငိုကြွေးကာ…
"ရှင့်ကို ကျွန်မ အသည်း တုန်အောင် ချစ်ရပါတယ်ရှင်။ ကျွန်မ ဘယ်လိုမှ ဖြေဆည်လို့မရတော့ပါဘူး။ ဒီအဖြစ်မျိုး ကို ဘယ်တုန်းကမှလဲ မကြုံခဲ့ဖူးပါဘူး။ နောက်ထပ်လဲ ဘယ်တော့မှ ထပ်ကြုံနိုင်တော့မှာ မဟုတ်ပါဘူး"စသည်ဖြင့် ရင်ထဲမှာ တိတ်တိတ် ကလေး ကျိတ်ပြီး ပြောနေမိပေလိမ့်မည်။
အသံမထွက်ဘဲ ရင်ထဲက သည်လိုပြောရင်း ကျွန်မ၏အမူအရာကိုမူ မပူရုပ်ဆင်ကာ အံတင်းထားပါ လိမ့်မည်။ ပြီးတော့ ကိုယ့်အပူကို ဖုံးမိသည့်အနေဖြင့် ဟန်ဆောင်ပြုံးကလေးလည်း ပြုံးမိပါလိမ့်မည်။ ရင်ထဲ က အသံ ကို ဖုံးဖိထားလျက်က နှုတ်ဖျားမှ တကယ်ထွက်သွားနိုင်သည့် စကားလုံးများကား…
"ဟောဟို နား က အဘိုးကြီးကိုကြည့်လိုက်စမ်းပါရှင်။ ဘယ်လောက်များ ရယ်စရာကောင်းလိုက်ပါသလဲ။ သူ ဘယ်သူများ ပါလိမ့်… ဒီကိုရောက်လာတဲ့ လူသစ်နဲ့တူတယ်နော်" ဆိုတာမျိုး ဖြစ်နေနိုင်သည်။ ပြီး တော့ ကျွန်မ တို့၏ နောက်ဆုံးအချိန်ကလေးတွင် ထိုမျက်နှာစိမ်းနှင့် ပတ်သက်ပြီး ရယ်ပွဲဖွဲ့နေမိကြပါ လိမ့်မည်။ သူနှင့် ကျွန်မ သည်ပင်လျှင် အပြန်အလှန် စိမ်းနေကြပြီမဟုတ်ပါလား။
"ကျွန်မတို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံကလေးတွေ ကောင်းမှာပါနော်… "ဟု နေရခက် ထိုင်ရ ခက်ဖြင့် စောစောက ပြောခဲ့ပြီးသား စကားကိုပင် ထပ်မံ ၍ ပြောမိကောင်း ပြောမိနေပေ လိမ့်မည်။
"ကောင်းမှာပါကွယ်။ ပန်းခြံထဲမှာရိုက်ခဲ့တဲ့ ဓာတ်ပုံကကောင်းမှာပါ။ အဲဒီတုန်းက အလင်းရောင်ကလဲ အလောတော် ပဲမဟုတ်လား"ဟု သူက ပြန်ပြောပေလိမ့်မည်။ တကယ်ဆိုတော့ ဓာတ်ပုံကောင်း မကောင်း တာ အကြောင်းမဟုတ်ပါ။ မည်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ ကျွန်မ ဂရုစိုက်မည်မဟုတ် ပါ။ စကားမရှိ စကားရှာပြီး ယခုလို ပြောနေမိခြင်းမှာလည်း သူနှင့်ကျွန်မ တို့၏ နောက်ဆုံးအချိန် ကလေး ဖြစ်နေသည့်အတွက် အချိန်ဆွဲသည်အနေဖြင့် ယခု လို ပြောနေ မိခြင်း သာ ဖြစ်ပေလိမ့်မည်။ နောက်ဆုံး နှုတ်ဆက်နိုင်ဖို့သည်သာလျှင် အရေးအကြီးဆုံး ဖြစ်ပါသည်။
"ဒါထက်ရှင်… ရှင့် ကို ကျေးဇူးတင်လို့မဆုံးကြောင်းတစ်ကြိမ်ထပ်ပြီး ပြောပါရစေဦး"လို့ ပြောရင်း ပုံပျက် ပန်းပျက် ကျွန်မ ပြုံးမိပေလိမ့်မည်။ ထိုပုံပျက် ပန်းပျက်အပြုံးကြီးက ကျွန်မ၏တစ်မျက်နှာလုံးကို ဖုံးအုပ် ထားပေ လိမ့်မည်။
"ရှင်နဲ့ ကျွန်မ အတူသွားလာ လည်ပတ်ခဲ့ရတဲ့အချိန်တွေမှာ ကျွန်မ ပျော်လိုက်တာ။ ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး။ ထမင်းမေ့ ဟင်းမေ့နဲ့ ဆွေမျိုးတောင် မေ့ သွားတာပဲ" ဟူသော စကားမျိုးကို လည်း ကျွန်မ ပြောမိပေလိမ့်မည်။
သည်စကားမျိုးကို ကျွန်မ၏တစ်သက်တွင် ဘယ်တုန်းကမျှ မသုံးနှုန်းခဲ့ဖူးပါ။ "ဆွေမျိုးတောင် မေ့သွား တာပဲ" ဆိုသော စကား။ သည်စကားလုံးကြီး၏ အဓိပ္ပာယ်က ဘယ်ကိုများ သက်ရောက်စေပါလိမ့်။ ဘုရားသခင် မှပင် သိပေလိမ့်မည်။ ကျွန်မလို မိန်းမပျိုကလေးတစ်ယောက်က သူလို လူစိမ်းယောက်ျား သားတစ်ယောက် ကို "ရှင်နဲ့အတူနေရတာ ဆွေမျိုးတောင်မေ့သွားတာပဲ"ဟူသော စကားမျိုး ပြောသင့်ပါ သလား။
ဘာကိုမျှ ကျွန်မ ဂရုမစိုက်နိုင်တော့ပါ။ ကျောင်းသူကလေးတွေ ဟောကီအရှုံးအနိုင်သတင်းကို အချင်း ချင်း ပြောကြ သလို ကျွန်မ ပြောချလိုက်ပါသည်။ သည်လိုအချိန်မျိုးမှာ ဓာတ်လှေကားတံခါးပွင့်လာလိမ့် မည်။ အတွင်းမှ မစ္စက်ဗန်ဟော့ပါး ထွက်လာလိမ့်မည်။ နားနေခန်းကိုဖြတ်ပြီး အဘွားကြီှးဆီသို့ ကျွန်မ က လျှောက်သွား လိမ့်မည်။ သူကလည်း သူ၏ထောင့်နေရာကလေးသို့ ပြန်လျှောက်သွားကာ သတင်း စာတစ်စောင် ကို ကောက်ယူပေလိမ့်မည်။
ရေချိုးခန်း ထဲက သပေါ့ဖျာပေါ်မှာ ကျွန်မ ထိုင်ရင်း အတွေးအူချာလိုက်နေမိသည်မှာ ရယ်စရာ ပင် ကောင်းသေးတော့သည်။ သို့သော်လည်း ကျွန်မ၏အတွေးများသည် တကယ်ပင်ဖြစ်ပျက်နေ ကြသ ယောင် ကျွန်မ ခံစားခဲ့ရပါသည်။ အမေရိကန်သို့ သင်္ဘောစီးပြီး ကျွန်မတို့ သွားကြပုံ၊ နယူးယောက်မြို့ ကြီး သို့ ကျွန်မတို့ရောက်သွားကြပုံများကိုပါ ကျွန်မ၏စိတ်အာရုံကြေးမုံပြင်တွင် အရိပ် ထင်လာပါ သည်။ ဟယ်လင်၏စူးရှသော အသံများကိုလည်း ကြားယောင်လာသည်။ ဟယ်လင်သည် သူ့ အမေ မစ္စက်ဗန် ဟော့ပါးအသေးစားကလေး ဖြစ်ပေလိမ့်မည်။
ကျွန်မနှင့် အဆင့်အတန်းတူ ကောလိပ်ကျောင်းသားများ၊ ဘဏ်တိုက်စာရေးကလေးများနှင့် ကျွန်မကို မစ္စက်ဗန်ဟော့ပါး က မိတ်ဆက်ပေးလိမ့်မည်။
"ဗုဒ္ဓဟူးနေ့ညမှာ တို့နှစ်ယောက် တွေ့ကြရအောင်နော်" ဆိုတာမျိုးတွေ။
"ခင်မြူးမြူးသီချင်းတွေကို မင်း ကြိုက်တတ်သလား" ဆိုတာမျိုးတွေ။
မျက်နှာမှာ အဆီပြောင်ပြီး နှာခေါင်းပွပွနှင့် ကောင်ကလေးတွေက ကျွန်မကို မေးကြပေလိမ့်မည်။ ကျွန်မ ကလည်း ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကို လက်ခံနေရပေဦးမည်။ တကယ်တမ်းကတော့ အခုလို ရေချိုးခန်းထဲမှာ တံခါးသော့ခတ်ပြီး စိတ်ပြေနပြေထိုင်ရင်း ကိုယ့်အတွေးနှင့်သာကိုယ် နေပစ် လိုက်ချင်ပါတော့သည်။ ထိုအခိုက် အဘွားကြီး မစ္စက်ဗန်ဟော့ပါးက တံခါးကို လာဆွဲလှုပ်ပါသည်။
"ဟဲ့… အထဲမှာ ဘာလုပ်နေတာလဲ"
"ဟုတ်ကဲ့… စိတ်မရှိပါနဲ့ရှင်။ ကျွန်မ အခု လာပါပြီ"ဟု ပြောပြောဆိုဆို ရေပိုက်ခေါင်းကိုဖွင့်ဟန်ဆောင် လိုက် ရ ပါသည်။ မျက်နှာသုတ်ပဝါကိုလည်း တန်းပေါ်သို့ ခေါက်တင်လိုက်ပါသည်။
တံခါးဖွင့်ပြီး ထွက်လိုက်တော့ အဘွားကြီးက ကျွန်မကို လူထူးလူဆန်းလို ကြည့်နေပါသည်။
"ဒီထဲမှာ ဒါလောက်အကြာကြီး ဘာတွေလုပ်နေတာလဲ။ ဒီနေ့မနက် စိတ်ကူးယဉ်နေဖို့ အချိန်မရှိဘူးဆို တာလဲ မင်း အသိသားနဲ့၊ လုပ်စရာတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့"
မစ္စတာဒီဝင်းတား လည်း မန်ဒါလေစံအိမ်ကြီးသို့ ပြန်ပေလိမ့်မည်။ ဟုတ်ပါသည်။ ရက်သတ္တပတ် အနည်းငယ် အတွင်း သူလည်း ပြန်ပေလိမ့်မည်။ ကျွန်မ၏အတွေးမျှင်များကား မပြတ်နိုင်သေးပါ။ စံအိမ် ကြီး သို့ သူ ပြန်ရောက်သွားတော့ ခန်းမထဲကနေပြီး တောင်ပုံရာပုံ စာတွေက သူ့ကို စောင့်နေလိမ့်မည်။ ထိုစာတွေ ထဲတွင် ကျွန်မ၏စာကလေးတစ်စောင်လည်း ပါလိမ့်မည်။ နယူးယောက်သို့သွားရင်း သင်္ဘော ပေါ် တွင် ရေးသည့်စာဖြစ်မည်။ ထိုစာမှာ ကျွန်မ စိတ်ချမ်းသာကြောင်း၊ ပျော်ရွှင်ကြောင်းကို ဇွတ် အတင်း လုပ်ကာ ရွှင်ရွှင်မြူးမြူးကလေး ရေးထားသည့်စာဖြစ်လိမ့်မည်။ ကျွန်မနှင့် ခရီးသွားဖော် အခြား ခရီး သည်များအကြောင်းကိုလည်း ရေးသားပြမိပေလိမ့်မည်။
ကျွန်မ၏စာကလေးသည် မင်စုတ်စက္ကူအနားတွင် သည်အတိုင်း ရှိနေပေလိမ့်မည်။ ရက် သတ္တပတ် ပေါင်းများစွာကြာမှ ထိုစာကို အမှတ်မထင် သူတွေ့ပြီး ပြန်စာရေးလိမ့်မည်။ သည်လို တွေ့ရခြင်း မှာ လည်း တနင်္ဂနွေ တစ်နံနက်တွင် နေ့လယ်စာမစားမီ အခန်းထဲသို့ အူလျား ဖားလျား ဝင်လာကာ ငွေပေး ချေစရာရှိသည့် ငွေတောင်းလွှာများကို ရှင်းလင်း ရင်း တွေ့ခြင်းဖြစ်ပေလိမ့် မည်။ နောက်ပိုင်းတွင်တော့ ဘာစာမှ မလာတော့။
သည်လိုဖြင့် နာတာလူးပွဲတော်ရောက်လာသောအခါ ကျွန်မ မျက်နှာငယ်ရပါဦးမည်။ မကောင်း တတ် သောကြောင့် ကျွန်မထံသို့ နာတာလူးပွဲတော် ဆုတောင်းကတ်ပြားကလေး သူ ပို့ပေး လိမ့်မည်။ နှင်းခဲ နေသော မြင်ကွင်းကြီးကို နောက်ခံထားသည့် မန်ဒါလေစံအိမ်ကြီးပုံပါသော ကတ်ပြားဖြစ် လိမ့်မည်။ "ချမ်းမြေ့ဖွယ်ကောင်းသော နာတာလူးပွဲတော်နှင့် စည်ပင်တိုးတက် သည့် နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ မက်ဇီမီလျံ ဒီဝင်းတားက ဆုတောင်းလိုက်ပါတယ်"ဟူသော စာသား များကို ပုံနှိပ်ထားပေလိမ့်မည်။
သို့သော်လည်း ကျွန်မကို အကြင်နာတရားလေး ပြသသည့်အနေဖြင့် တစ်နည်းဆိုရလျှင် နှစ်သိမ့်သည့် အနေဖြင့် ပုံနှိပ်ထားသည့် သူ့အမည် ကို မင်နှင့်ဖျက်ပစ်ကာ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးလိမ့်မည်။ ကျန်နေသေး သည့် နေရာကလေးတွင်လည်း "နယူးယောက်မြို့ကြီးမှာ မင်း ပျော်နေရောပေါ့"ဟု ထပ်မံ ရေးပေ လိမ့်မည်။ ပြီးတော့ စာအိတ်ပိတ်၊ တံဆိပ်ခေါင်းကပ်ကာ အခြားစာပုံကြီးထဲမှာ ထည့်ထား လိုက် ပေမည်။
"ခင်ဗျားတို့ မနက်ဖြန် သွားကြတော့မယ်ဆိုတာ အတော်မနိပ်တာပဲဗျာ။ နောက်အပတ်ဆိုရင် ဘဲလေး ကပွဲကြီး စတော့ မယ်လေ။ ခင်ဗျားလဲ သိသားပဲ၊ မစ္စက်ဗန်ဟော့ပါးရော ဒီအကြောင်းသိရဲ့လား"
ဧည့်ကြိုစာရေး က လက်တစ်ဖက်က တယ်လီဖုန်းကိုင်ထားရင်း ကျွန်မကို လှမ်းမေးလိုက်ပါသည်။ သည် တော့မှပင် မန်ဒါလေစံအိမ်ကြီးနှင့် နာတာလူးပွဲတော်များဆီသို့ စိတ်ကူးယဉ် အာရုံ လွင့်မျောနေသော ကျွန်မ သည် လက်ရှိပစ္စုပ္ပန်ဘဝသို့ ပြန်ရောက်လာပါတော့သည်။
မစ္စက်ဗန်ဟော့ပါးသည် တုပ်ကွေးမိပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ်နှင့် စားသောက်ခန်းထဲသို့ ဆင်းကာ ယနေ့ နေ့လည်စာ စားသည်။ သူ့နောက်မှကပ်ပြီး ခန်းမထဲသို့ ကျွန်မ ဝင်လိုက်လာရင်း ရင်ထဲ မှာ နာကျင်သည့်ဝေဒနာ တစ်မျိုးကို ကျွန်မခံစားနေရပါသည်။ ကိန်းမြို့သို့ မစ္စတာဒီဝင်းတား သွားနေ သည်။ မနေ့တုန်း က သူကိုယ်တိုင် ကျွန်မကို ပြောပြထားသောကြောင့် သည်လောက်တော့ ကျွန်မ သိ ထားသည်။ သို့သော်လည်း အလိုက်ကန်းဆိုးမသိတတ်သော စာပွဲထိုးကလာပြီး "မမလေး… ဒီနေ့ညစာ ကို အခါတိုင်း လိုပဲ ဆရာကြီးနဲ့အတူတူ စားမှာလားခင်ဗျာ"ဟုမေးနေလျှင် သောက်ဂွတော့ ကျရချည်ရဲ့ ဟု စိတ်ပူ မိပါသည်။ ကျွန်မတို့စားပွဲနားကို သူ ကပ်လာတော့ အနည်းငယ် စနိုးစနောင့်ဖြစ်မိပါသည်။ တကယ်တမ်း သူရောက် လာသောအခါ ဘာမျှမပြောသဖြင့် တော်ပါသေးရဲ့။
ထုပ်ရင်းပိုးရင်း၊ သမ်းရင်းဆည်းရင်းဖြင့် တစ်နေကုန်သွားသည်။ ညဦးပိုင်းကျတော့ နှုတ်ဆက်ဖို့ ဧည့် သည်တွေ ရောက်လာကြသည်။ ဧည့်ခန်းထဲမှာပဲ ကျွန်မတို့ ညစာစားလိုက်ကြသည်။ ညစာ စားပြီးသည် နှင့်တစ်ပြိုင်တည်း အဘွားကြီးက အိပ်ရာတန်းဝင်တော့သည်။
ယခုအချိန် အထိ မစ္စတာဒီဝင်းတားကို ကျွန်မ မတွေ့ရသေးပါ။ သို့ဖြင့် ညကိုးနာရီခွဲတော့ သေတ္တာမှာ နာမည်ရေးပြီး ကပ် ဖို့ စက္ကူကတ်ပြားယူရန် အကြောင်းပြကာ အောက်ထပ်သို့ ကျွန်မ ဆင်းခဲ့ ပါသည်။ အောက်ထပ် မှာ လည်း သူ မရှိပါ။ သည်အခါတွင် ကျွန်မကို လှမ်းမြင်လိုက်သော အမြင်ကပ် စရာကောင်း သည့် ဧည်ကြိုစာရေးက စပ်ဖြီးဖြီးဖြင့်…
"မစ္စတာဒီဝင်းတား ကို လာရှာတာဆိုရင်တော့ ဒီနေ့ည သန်းခေါင်မတိုင်ခင်အထိ သူ ပြန်ရောက်ဦးမှာ မဟုတ် ပါဘူး။ ကိန်းမြို့ကနေပြီး သူ အကြောင်းကြားလိုက်တာ ကျွန်တော်တို့ဆီ ရောက်နေပါတယ်" ဟု ပြောပါသည်။
"ကျွန်မ စက္ကူကတ်ပြား တစ်ထုပ်လောက် လိုချင်လို့လာတာပါ"ဟု ကျွန်မ ပြန်ပြောလိုက်ပါသည်။ သို့ သော်လည်း ကျွန်မ၏ပြောစကားကို သူ မယုံကြောင်း သူ့မျက်လုံးများက ဖော်ပြနေပါသည်။ သည်လို ဖြင့် ပင် သူနှင့်အတူတူနေရမည့် နောက်ဆုံး ညဦးပိုင်းကလေးသည် ပျောက်ကွယ် ပျက်စီးသွား ရပါပြီ။ ကျွန်မအဖို့တော့ ခဲလေသမျှ သဲရေကျဖြစ်ရပါတော့သည်။ သူနှင့်တွေ့ဖို့ တစ်နေ့ လုံး မျှော်လင့် စောင့်စားခဲ့ရသည်များ သဲထဲရေသွန် ဖြစ်ကုန်ရပါပြီ။ ယခုမှတော့ ကိုယ့်အိပ်ခန်းထဲမှာ တစ်ကိုယ် တည်း နေရင်း ပစ္စည်းတွေကို ငေးကာ အချိန်ဖြုန်းရပါတော့မည်။ ကျွန်မသည် သူ့အတွက် အဖော်ကောင်း မဖြစ်နိုင်တော့ပြီ။ နေနှင့်လ ရွှေနှင့်မြ မဟုတ်နိုင်တော့ပြီ။ ကျွန်မ၏မျက်နှာရိပ် မျက်နှာကဲ ကိုကြည့်ရုံမျှ ဖြင့် သည်အကြောင်းကို သူ သိသွားလေပြီထင့်။
ထိုနေ့ည က တစ်ညလုံး ကျွန်မ ငိုပါသည်။ အသက်အရွယ် ခပ်ငယ်ငယ်၊ မလိမ်မိုး မလိမ္မာမိန်းမပျိုလေး တစ်ယောက်၏ ခါးသီးသော မျက်ရည်မျိုးကို ကျွန်မ သွန်ချခဲ့ပါသည်။ ယနေ့လို အသက်အရွယ်။ ယနေ့ လို အချိန်အခါမျိုးတွင် ထိုစဉ်က သွန်ချခဲ့သော မျက်ရည်မျိုးကို သွန်ချနိုင်တော့မည်မဟုတ်ပါ။ ထိုစဉ်က ငိုပုံငိုနည်း မျိုးဖြင့် ငိုကြွေးနိုင်တော့မည်မဟုတ်ပါ။ ယနေ့ဆိုလျှင် ကျွန်မတို့သည် အသက် ၂၁ နှစ်၏ သည်ဘက်ပိုင်း သို့ အများကြီးကျော်လွန်လာခဲ့ကြပါပြီ။ ထို့ကြောင့်လည်း ထိုစဉ်က ခေါင်းအုံးတစ်လုံးလုံး ရွှဲရွှဲနစ်အောင် ငိုခဲ့သလို ယခု ငိုနိုင်တော့မည် မဟုတ်ပါ။
ထိုစဉ်က တစ်ခေါင်းလုံးလည်း အုံခဲနေပါသည်။ မျက်လုံးတွေလည်း ရောင်ကိုင်းနေခဲ့ပါသည်။ လည် ချောင်း ထဲမှာလည်း တစ်ဆို့ပိတ်ကျပ်နေခဲ့ပါသည်။ နောက်တစ်နေ့ မနက်မိုးလင်းတော့ ကျွန်မ ရင်ထဲမှာ သောကအရောက်ကြီး ရောက်ခဲ့ရပါသည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သည်အပူရုပ်ကို တစ်လောက လုံးက လူတွေ မမြင်တွေ့နိုင်အောင် ဟန်လုပ်၍ ဖုံးအုပ်ရပါဦးမည်။ ထို့ကြောင့် ရေအေးအေး ကလေး နှင့် ရေပတ်တိုက်နှိပ်နယ်ပေးရသည်။ အော်ဒီကလုံး ရေမွှေးဆွတ်လိုက်သည်။ ငိုရုပ်မပေါ်အောင် မျက် နှာ ကို ပေါင်ဒါကလေး ဖို့လိုက်ရသေးသည်။
သည်ကြားထဲကပင် နောက်တစ်ကြိမ် မဖြေဆည်နိုင်ဘဲ အသည်းကွဲလောက်အောင် ထပ်မံငိုကြွေးမိဦး မည့်အရေး ကို တွေးကာ သေမလောက် ကြောက်ခဲ့ရပါသည်။ သည်လိုအခါမျိုးတွင် ကျွန်မ မည်သို့ ထိန်းသိမ်း ရပါမည်နည်း။ ငိုချင်လွန်းအားကြီးသဖြင့် နှုတ်ခမ်းတွေကလည်း တဆတ်ဆတ်တုန်ပေလိမ့် ဦးမည်။ ထိုနေ့မနက်က ပြတင်းပေါက်တံခါးရွက်ကို အကျယ်ဆုံးဖြစ်အောင် ကျွန်မ ဖွင့်ထားခဲ့သည်ကို အမှတ်ရနေ ပါသေးသည်။ မျက်နှပေါ်မှာ ပေါင်ဒါဖို့ထားသော်လည်း တစ်ညလုံးငိုထားခဲ့သဖြင့် ပန်းနု ရောင်က ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပါ။ နံနက်ခင်း၏လေပြည်လေညှင်း အတိုက်ခံ လိုက်ရလျှင် ထိုပန်းနုရောင်များ ပျောက်ကွယ်သွားလေမလားဟူသော မျှော်လင့်ချက်ဖြင့် ပြတင်းတံခါးကို ဖွင့်ထားမိ ဖြင်းဖြစ်ပါသည်။
နေရောင်သည် ထိုနေ့ကလောက် တောက်ပသည်ကို မမြင်ခဲ့ဖူးပါ။ ပြီးတော့ ထိုနေ့လောက် အာမခံ ချက် တွေဖြင့် ပြည့်လျှမ်းနေသော နေ့ရက်မျိုးလည်း မကြုံခဲ့ရဖူးပါ။ ရုတ်ခြည်းဆိုသလိုပင် မွန်တီကာလို အပန်းဖြေစခန်းသည် အကြင်နာတရားတွေ ပြည့်လျှံနေတော့သည်။ အလှတရားတွေ ဖုံးလွှမ်းနေတော့ သည်။ ကမ္ဘာပေါ် တွင် ရိုးသားမှုတရားတွေ အပြည့်ဝဆုံးသော နေရာတစ်နေရာဖြစ်နေပြီ။
သည်နေရာကို ကျွန်မ ချစ်ပါသည်။ ချစ်ခြင်းမေတ္တာတရားက ကျွန်မ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပါ သည်။ သည်နေရာမှာ ပဲ သေသည်အထိ တစ်ဘဝလုံး နေသွားချင်ပါသည်။ သို့သော် ယနေ့ပင်လျှင် သည်နေရာ ကို ခွဲခွာသွားရပါတော့မည်။
အလှပြင်စားပွဲက မှန်ထဲမှာကြည့်ပြီး ကျွန်မ ခေါင်းဖြီးနေခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပါသည်။ ရေ စင်မှာ သွားပြီး နောက်ဆုံးအကြိမ်အဖြစ်နှင့်လည်း သွားတိုက်ရပါဦးမည်။ သည်အိပ်ရာပေးမှာလည်း ဘယ်သောအခါတွင်မှ ပြန်လည်အိပ်စက်ခွင့်ရတော့မည်မဟုတ်ပါ။ လျှပ်စစ်မီးခလုတ်များကိုလည်း ဘယ်တော့မှ ပြန်ပိတ်ခွင့်ရတော့မည် မဟုတ်ပါ။ အများသူငါ အသုံးပြုနေကြသော သည်လို ဟိုတယ် အိပ်ခန်းကလေး ကိုပင် ကျွန်မ၏စိတ်ထဲမှ တန်ဖိုးထား စွဲလမ်းတမ်းတနေပါတော့သည်။
"မင်း အအေးမိမနေပါဘူးနော်… ဟုတ်လား…"ဟု နံနက်စာစားကြရင်း မစ္စက်ဗန်ဟော့ပါးက ကျွန်မ ကို မေးပါသည်။
"မမိပါဘူးရှင်… အအေးမိနေတယ်လို့ ကျွန်မ မထင်မိပါဘူး" ကျွန်မ ဆုတ်သာတက်သာအဖြေမျိုးကို သာ ပြန်ပေးလိုက်ပါသည်။ သို့မှသာ ကျွန်မ၏မျက်လုံးများရှိသင့်သည်ထက် ပိုမိုနီရဲနေသည့်အကြောင်း ထပ်မံမေးမြန်း လာပါက အလိုက်သင့် ဖြေနိုင်မည်ဖြစ်ပါသည်။
"အခုလို အထုပ်အပိုးတွေ ပြင်ဆင်ပြီးကာမှ ဒါတွေပတ်လည်မှာ တရစ်ဝဲဝဲလုပ်နေရတာ ငါ အမုန်းဆုံးပဲ ကလေးမ ရယ်… ဒါကြောင့် စောစောထွက်တဲ့ ရထားနဲ့ပဲ တို့လိုက်ကြရအောင်။ ကြိုးစားကြည့်ရင်တော့ မီနိုင်ကောင်း ပါရဲ့။ ဒါမှ ပါရီမြို့မှာ အချိန်ကြာကြာနေနိုင်မယ်။ ချိန်းထားတဲ့နေရာမှာ တို့ကို စောင့်မနေ နဲ့ တော့လို့ ဟယ်လင်ဆီကို ကြေးနန်းရိုက်လိုက်ပါ။ ဒါပေမဲ့ တခြား တစ်နေရာမှာတွေ့ဖို့တော့ အစီအစဉ် လုပ်လိုက်။ အင်း… ဘယ်နေရာမှာတွေ့ရပါ…" အဘွားကြီးက သူ့လက်ပတ်နာရီကို ငဲ့ကြည့်လိုက် သည်။ "ရထား လက်မှတ် ကြိုတင်စီစဉ်ထားတာ သူတို့ပြောင်းလဲပေးနိုင်ကောင်းပါရဲ့ကို ငါ ထင်တယ်၊ အေးလေ… ကြိုးစားကြည့်လေ မမှားပါဘူး။ မင်း ဟိုတယ်ရုံးခန်းသွားပြီး စုံစမ်းကြည့် လိုက်ပါဦး"
"ဟုတ်ကဲ့ပါရှင်"
ကျွန်မသည် ထိုမျှပြောပြီး အဘွားကြီး စိတ်တိုင်းကျ ကပြပေးနေရသော ရုပ်သေးရုပ်လို အိပ်ခန်းထဲသို့ ဝင်လာခဲ့ ပါသည်။ ကိုယ်ပေါ်မှာ အိမ်နေဝတ်ရုံကြီးကို ချွတ်လိုက်သည်။ ဝတ်နေကျ ဖလန်နယ်ဂါဝန်ဝတ် ပြီး ကြယ်သီး များ တပ်လိုက်သည်။ လက်ဖြစ်ဆွယ်တာကို ခေါင်းမှ စွပ်ချလိုက်သည်။
တစ်ဆက်တည်း မှာပင် အဘွားကြီး မစ္စက်ဗန်ဟော့ပါး အပေါ်တွင် မုန်းတီးစိတ်များပွားလာမိပါသည်။ ယခုတော့ အားလုံး နိဂုံးချုပ်သွားပါပြီ။ ကျွန်မ၏ကိုယ်ပိုင် နံနက်ခင်းအချိန်ကလေးကိုပင် ကျွန်မထံမှ လု ယူ သွားခြင်း ခံလိုက်ရပေတော့သည်။ နောက်ဆုံးဖြစ်သော နာရီဝက်အချိန်ကလေးကိုပင် အပြင်က ကုန်းလျှော ကလေးပေါ်မှာ မစ္စတာဒီဝင်းတားနှင့်အတူ ကျွန်မ မထိုင်နိုင်တော့ပြီ။ ယုတ်စွအဆုံး သူ့ကို နှုတ်ဆက် စကားပြောဖို့ ဆယ်မိနစ်မျှသော အချိန်ကလေးကိုပင် မရနိုင်တော့ပြီ။ ဘာကြောင့်ဆို အဘွား ကြီး သည် သူ ထင်ထားသည်ထက် စောပြီး နံနက်စာစားပြီး သွားသောကြောင့်ဖြစ်သည်။
ဘာကြောင့် ဆိုသည် ဟိုတယ်ထဲမှာ ဆက်နေဖို့ သူ ငြီးငွေ့သွားသောကြောင့်ဖြစ်သည်။
သည်လိုဆိုတော့လည်း ကျွန်မ၏အလိုဆန္ဒများကို ချွန်းအုပ်ထိန်းသိမ်းကာ သူသွားရာ နောက်သို့လိုက် ပါရတော့ မည်ပေါ့။ မာနကြီးတစ်ခွဲသား လုပ်နေစရာလည်း အကြောင်းမရှိတော့။ ကျွန်မသည် ဧည့်ခန်း တံခါး ကို ဒိုင်းကနဲပိတ်ပစ်ခဲ့ပြီး စင်္ကြံအတိုင်း ပြေးထွက်လာမိသည်။ ဓာတ်လှေကား ကိုလည်း စောင့်မနေ တော့ပါ။ စတုတ္ထထပ်ရှိရာသို့ လှေကားထစ်များအတိုင်း ပြေးတက်လာမိသည်။ တက်သည် မှာလည်း ရိုး ရိုးမဟုတ်။ လှေကားသုံးလေးထစ်ခြား ခုန်ပျံကျော်လွှားကာ တက်လာခဲ့ မိခြင်းဖြစ် ပါသည်။
သူ့အခန်းနံပါတ် ကို ကျွန်မ သိပါသည်။ ၁၄၈။ အခန်းတံခါးကို ခပ်ကြမ်းကြမ်းပင် ထုလိုက်မိသည်။ မျက် နှာပေါ် မှာလည်း သွေးရောင်ရဲရဲလွှမ်းနေပြီ။ အသက်ကိုပင် ဖြောင့်ဖြောင့်မရှူနိုင်။
"ဝင်ခဲ့ပါ"
အတွင်းမှ မစ္စတာဒီဝင်းတား၏အော်ပြောသံကို ကြားရသည်။ တံခါးကိုကျွန်မဖွင့်လိုက်သည်။ မဆင် မခြင်ဘဲ ယခုလို စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်မိသည့်အတွက်လည်း ကျွန်မ နောင်တရလိုက်မိပါ သည်။ သူသည် ယခုမှ အိပ်ရာက နိုးစဖြစ်ပေလိမ့်မည်။ မနေ့ညတုန်းက အချိန်နောက်ကျပြီးမှ အိပ်ရာ ဝင်ခဲ့ပေ လိမ့်မည်။ ထို့ကြောင့် အိပ်ရာထဲမှာ လဲလျောင်းနေတုန်း ဖြစ်နိုင်ပါသည်။ အိပ်ရာနိုးစမို့ သူ့ အာရုံမှာလည်း မရှင်းမလင်း ပင် ရှိနေပေလိမ့်ဦးမည်။
ဖွင့်ထားသော ပြတင်းပေါက်နားမှာ သူ ရပ်ပြီး မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများရိတ်နေသည်။ ညဝတ် ပဂျားမားအင်္ကျီပေါ်တွင် ကုလားအုပ်မွေးအပေါ် အင်္ကျီထပ်ဝတ်ထားသည်။ ကျွန်မ ဝတ်ထားသည့် ဖလန်နယ် ဂါဝန်၊ ဖိနပ်ထူထူကြီးများနှင့် ယှဉ်ကြည့်ပြီး ကျွန်မ၏အဝတ်အစားများက လွန်မင်းစွာ ထူကဲ နေသလို ခံစားမိသည်။ ကိုယ့်ကိုယ်ကိုယ်ဇာတ်ဆန်လှပြီဟု ကျွန်မ ထင်ခဲ့သည်။ တကယ်တော့ ရူးနှမ်း ခြင်းသာဖြစ်ပါသည်။
"ဘာအလိုရှိပါသလဲ… ကိစ္စများရှိသလားဟင်…"ဟု သူက ဆီးမေးသည်။
"ကျွန်မ… နှုတ်ဆက်ရအောင် လာတာပါရှင်… ဒီနေ့မနက်ပဲ ကျွန်မတို့သွားကြတော့မယ်"ဟု ကျွန်မ က ပြန်ပြောပါသည်။
သူက ကျွန်မကို စိုက်ကြည့်နေသည်။ ပြီးတော့ ရေစင်ပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို တင်လိုက်သည်။
"တံခါး ပြန်ပိတ်လိုက်" ကျောဘက်က တံခါးကို ကျွန်မ ပြန်ပိတ်လိုက်ပါသည်။ ပြီးတော့ ထိုနေရာမှာပင် ရပ်နေမိသည်။ ကျွန်မ ကိုယ်ကျွန်မ သတိထားထိန်းနေသည့်ကြားကပင် ဖြစ်နေပုံက ခပ်ကြောင်ကြောင်နိုင် လှပါသည်။ ကျွန်မ ၏လက်နှစ်ဖက်ကလည်း ဘေးမှာတွဲလောင်းကျလျက်။
"ဘာစကားတွေ လာပြောနေတာလဲဟင်…" ဟု သူက မေးပါသည်။
"တကယ်ပြောတာပါ။ ကျွန်မတို့ ဒီနေ့သွားကြတော့မယ်။ ပထမတုန်းကတော့ နောက်မှထွက်တဲ့ရထား နဲ့ပဲ လိုက်ချင် တယ်တဲ့လေ… ရှင်နဲ့ထပ်ပြီး မတွေ့ရတော့မှာကို ကျွန်မ သိပ်ကြောက်နေမိတယ်။ ကျွန်မ တို့မသွား ခင် ရှင့်ကိုတွေ့ပြီး ကျေးဇူးတင်စကားပြောမှ ဖြစ်မယ်လို့ စိတ်ထဲမှာလဲ ခံစားနေရပါတယ်ရှင်"
မိုက်မဲသော စကားလုံးများကို ဖွင့်ပြောမိလျက်သားဖြစ်သွားပါတော့သည်။ ကျွန်မ စိတ်ကူးယဉ်ထားခဲ့ သည့် စကားလုံးများပင် ဖြစ်ပါ၏။ တောင့်တောင့်ကြီး ကျွန်မ ရပ်နေပုံကလည်း ပုံပျက်ပန်းပျက်နိုင်လှပါ သည်။ ထိုတဒင်္ဂအချိန်ကလေးတွင် ကျွန်မကို သူ အကဲခတ်ကြည့်နေသည်ဟုသာ ပြောရပါတော့မည်။
"စောစောတုန်းက ဘာဖြစ်လို့ ဒီအကြောင်း ကျုပ်ကို မပြောခဲ့တာလဲကွယ်…"
"မစ္စက်ဗန်ဟော့ပါး က မနေ့ကမှ ဆုံးဖြတ်လိုက်တာပါ။ အားလုံး ကတိုက်ကရိုက်ဖြစ်ကုန်တယ်။ သူ့သမီး က စနေနေ့ ကျရင် နယူးယောက်ကို သင်္ဘောနဲ့သွားမယ်၊ ကျွန်မတို့လဲ သူနဲ့အတူတူ သင်္ဘောနဲ့လိုက်ရ မယ်။ ပါရီမြို့မှာ သူ့သမီး နဲ့ ကျွန်မတို့ ဆုံကြမယ်။ အဲဒီကတစ်ဆင့် သင်္ဘောထွက်မယ့် ရှာဘူးဝါးမြို့ကို ခရီးဆက်ကြရမယ်"
"အဘွားကြီး က မင်းကိုပါ သူနဲ့အတူတူ နယူးယောက်မြို့ကို ခေါ်သွားမှာလား"
"ဟုတ်ပါတယ်။ ကျွန်မ လိုက်မသွားချင်ဘူး။ ဒီလိုလိုက်သွားရမှာကို သိပ်မုန်းတာပဲ။ ကျွန်မတော့ အရမ်း ကို စိတ် မချမ်းမသာ ဖြစ်ရတော့မယ်"
"ဒီလိုဆိုရင် ဘာကြောင့် လိုက်သွားမှာလဲကွယ်…"
"မလိုက်လို့ မဖြစ်ဘူးလေ… ရှင်သိပါတယ်။ လခရဖို့ ကျွန်မ အလုပ်လုပ်နေရတာပါ။ ဒီအလုပ်က ထွက် ပစ်နိုင်တဲ့ အခြေအနေမျိုး ကျွန်မမှာ မရှိပါဘူး" သူက မုတ်ဆိတ်ရိတ်ဓားကို ကောက်ကိုင်လိုက်သည်။ မျက်နှာပေးမှ ဆပ်ပြာမြှုပ်များကို ရှင်းပစ်လိုက် သည်။
"ထိုင်ပါဦး၊ မကြာပါဘူး၊ ရေချိုးခန်းထဲမှာပဲ ကိုယ်အဝတ်အစားလဲလိုက်မယ်။ ငါးမိနစ်အတွင်း အဆင် သင့်ဖြစ်မယ်" ကုလားထိုင်ပေါ်မှ သူ့အဝတ်အစားများကိုယူပြီး ရေချိုးခန်းကြမ်းပြင်ပေါ်သို့ လှမ်းပစ် လိုက်သည်။ တစ် ဆက်တည်း တံခါးကို ဆောင့်ပိတ်လိုက်သည်။ ကျွန်မကမူ ခုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး လက်သဲများ ကို သွားနှင့် စတင်ကိုက်နေမိတော့သည်။
ဆက်ရန်
.
No comments:
Post a Comment