Sunday, May 6, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၉)

"မလိုက်လို့ မဖြစ်ဘူးလေ… ရှင်သိပါတယ်။ လခရဖို့ ကျွန်မ အလုပ်လုပ်နေရတာပါ။ ဒီအလုပ်က ထွက် ပစ်နိုင်တဲ့ အခြေအနေမျိုး  ကျွန်မမှာ မရှိပါဘူး" သူက မုတ်ဆိတ်ရိတ်ဓား ကို ကောက်ကိုင် လိုက်သည်။ မျက်နှာပေးမှ ဆပ်ပြာမြှုပ်များကို ရှင်းပစ်လိုက် သည်။
"ထိုင်ပါဦး၊ မကြာပါဘူး၊ ရေချိုးခန်းထဲမှာပဲ ကိုယ်အဝတ်အစားလဲလိုက်မယ်။ ငါးမိနစ်အတွင်း အဆင် သင့်ဖြစ်မယ်" ကုလားထိုင်ပေါ်မှ သူ့အဝတ်အစားများကိုယူပြီး ရေချိုးခန်းကြမ်းပြင်ပေါ်သို့ လှမ်းပစ် လိုက်သည်။ တစ် ဆက်တည်း တံခါးကို ဆောင့်ပိတ်လိုက်သည်။ ကျွန်မကမူ ခုတင်ပေါ် မှာ ထိုင်ချလိုက်ပြီး လက်သဲများ ကို သွားနှင့် စတင်ကိုက်နေမိတော့သည်။
ကို ဆက်ဖတ်ရန်...

အခြေအနေက အမှန်တကယ်ဖြစ်နေသည်နှင့်မတူ။ ကျွန်မကိုယ် ကျွန်မလည်း ပုံစံချပြီး အလုပ်လုပ်နေ မိသလို ခံစားရသည်။ သူ ဘာတွေ စဉ်းစားနေပြီနည်း။ သူ ဘာတွေလုပ်ဦးမည်နည်းဟု ကျွန်မ တွေး ကြည့်နေမိသည်။
အခန်းထဲမှာ မျက်လုံးဝေ့ကြည့်လိုက်ပါသည်။ မည်သည့်ယောက်ျားမျိုးမဆို နေထိုင်တတ်သော အခန်း မျိုး ပင်ဖြစ်ပါသည်။ ဘာတစ်ခုမျှ သပ်သပ်ရပ်ရပ်မရှိ။ အကွပ်မဲ့ကြမ်း ပရမ်းပတာ ဆိုတာမျိုးလိုဖြစ်နေ သည်။ ဖိနပ်တွေ လည်း များလွန်းသည်။ လိုတာထက်ပင် ပိုနေသည်။ လည်စည်းနက္ကတိုင်တွေကလည်း တိုးလို့ တွဲလောင်း။ မှန်တင်ခုံဘေး မှာ ခေါင်းလျှော်ရည်ပုလင်းကြီး တစ်ပုလင်းနှင့် ဆင်စွယ်လက်ကိုင်ရိုး တပ် ဝက်မှင်ဘီး တစ်စုံမှအပ အခြားဘာမျှမရှိ။ ဓာတ်ပုံမရှိ။ လျှပ်တပြက် ဓာတ်ပုံလည်းမရှိ။ ဓာတ်ပုံနှင့် အလား တူ ဆင်တူရိုးမှားကလေးပင် မရှိ။

ထောင်ထားအပ်သည့် ဓာတ်ပုံများကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိပါသည်။ ယုတ်စွအဆုံး သူ့ အိမ်ရာ ဘေးမှာတော့ သူ့မိန်းမ၏ဓာတ်ပုံတစ်ပုံလောက် ရှိဖို့ကောင်းသည်။ သို့တည်းမဟုတ် မီးလင်းဖို နဖူးစီး အလယ်တည့်တည့်ပေါ်လောက်မှ ထောင်ထားဖို့ကောင်းသည်။ သားရေဘောင် ခန့်ခန့်ငြားငြားဖြင့် ဓာတ်ပုံကြီး တစ်ပုံဖြစ်ဖို့ ကောင်းသည်။ ယခုတော့ စာအုပ်တွေနှင့် စီးကရက် တစ်ဗူးသာရှိသည်။
သူ ကတိပြုခဲ့သည့် အတိုင်း ငါးမိနစ်အချိန်ကလေးအတွင်းမှာ သူ အသင့်ဖြစ်သွားပါတော့သည်။
"ကုန်းစောင်းကလေးမှာ ကိုယ် မနက်စာ သွားစားမယ်။ မင်းလဲ လိုက်ခဲ့ပါ"
ကျွန်မက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်မိသည်။

"ကျွန်မမှာ အချိန်မရှိတော့ပါဘူးရှင့်။ အခုအချိန်လောက်ဆိုရင် ဟိုတယ်ရုံးခန်းထဲကို ကျွန်မရောက်နေ ဖို့ ကောင်းပြီ။ ကြိုယူထား တဲ့ ရထားလက်မှတ်တွေ ပြန်လဲရဦးမယ်"ဟု ကျွန်မက ပြန်ပြောပါသည်။
"ဒီကိစ္စ က အရေးမကြီးပါဘူးကွယ်… မင်းကို ကိုယ် စကားပြောစရာရှိနေတယ်"
သူက ပြောပြောဆိုဆိုဖြင့် စင်္ကြံထဲသို့ ထွက်သွားပြီး လျှပ်စစ်ခေါင်းလောင်းတီးကာ ဓာတ်လှေကား ကို ခေါ်လိုက်ပါသည်။ စောစော ရထားသည် နောက်တစ်နာရီခွဲမျှ အကြာတွင် ထွက်တော့ မည်ဖြစ်ကြောင်း သူ သဘောမပေါက်ဟု ကျွန်မ ထင်ပါသည်။ ခဏကြာလျှင် မစ္စက်ဗန်ဟော့ပါးက ရုံးခန်း ကို ဖုန်းလှမ်း ဆက်ပြီး ကျွန်မ ရှိ မရှိ မေးတော့မည်။
ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ကျွန်မတို့ဆင်းခဲ့ကြသည်။ စကားတစ်လုံးမျှမပြောမိ။ ထိုနည်းအ တိုင်း ပင် နံနက်စာအတွက် စားပွဲကုလားထိုင်များ ခင်းကျင်းထားသည့် ကုန်းစောင်းကလေးဆီသို့ ဆက် လျှောက် လာခဲ့ကြသည်။

"မင်း ဘာစားမလဲ"
"ကျွန်မ စားပြီးပါပြီ။ နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ လေးမိနစ်ပဲ နေနိုင်တော့မှာနော်"ဟု ကျွန်မ က ပြန်ပြော ပါသည်။
"ကျုပ်ဖို့ ကော်ဖီ ရယ် ကြက်ဥပြုတ်ရယ် လိမ္မော်ခွံယိုရယ် လိမ္မော်သီးရယ် ယူခဲ့"ဟု စားပွဲထိုးကို လှမ်း ပြော သည်။ ပြီးတော့ အိတ်ထဲမှာ ကော်ပတ်နုတစ်ချပ်ကို ထုတ်ယူပြီး သူ့လက်သဲများ ကို ကော်ပတ်စား နေသည်။
"ဒီလိုဆိုတော့ မစ္စက်ဗန်ဟော့ပါးက မွန်တီကာလို အပန်းဖြေစခန်းမှာ နေရတာ ဝသွားပြီပေါ့။ ဒါကြောင့် ခု သူ့တိုင်းပြည် သူပြန်ချင်ပြီပေါ့။ ကိုယ်လဲ သူ့လိုပါပဲ။ သူက နယူးယောက်ကို ပြန်မယ်။ ကိုယ်က မန်ဒါ လေ စံအိမ်ကြီးကို ပြန်မယ်။ ဘယ်ကို မင်းလိုက်ချင်သလဲ။ မင်းကြိုက်ရာလမ်းကို မင်း ရွေးပေတော့"

"ဒီကိစ္စ ကို ရယ်စရာ လုပ်မပစ်လိုက်ပါနဲ့ရှင်။ မတရားပါဘူး။ အင်း… ရထားလက်မှတ်ကိစ္စ ကျွန်မ ပြေး လုပ်လိုက်ဦး မှ ကောင်းမယ်ထင်တယ်။ ကဲ… ကျွန်မ အခုပဲ အပြီးအပိုင် နှုတ်ဆက်ခဲ့ပါပြီနော်…"
"ကိုယ်ဟာ မနက်စာစားနေတဲ့အချိန်မှာ ရယ်ရွှန်းပတ်ရွှန်းတွေ လုပ်တတ်တဲ့ လူစားမျိုးလို့ မင်းထင်ရင် မှားပြီ။ မနက်စောစောပိုင်း အချိန်မျိုးမှာ ကိုယ်ဟာ အမြဲတမ်း စိတ်တိုနေတတ်တယ်။ မင်းကို တစ်ခါ ထပ် ပြောဦး မယ်။ မင်း ကြိုက်နှစ်သက်ရာကို စိတ်တိုင်းကျ ရွေးနိုင်တယ်။ မစ္စက်ဗန်ဟော့ပါးနဲ့အတူတူ အမေရိကန် ကို လိုက်သွားမလား။ ဒါမှမဟုတ် တို့တိုင်းပြည် တို့ပြန်ပြီး ကိုယ်နဲ့အတူတူ မန်ဒါလေ စံအိမ်ကြီး ကို အပြီးအပိုင် လိုက်ခဲ့မလား"
"ရှင်က အတွင်းရေးမှူးတစ်ယောက် လိုချင်တယ်ဆိုတဲ့ သဘောလား။ ဒါမှမဟုတ် တခြားကိစ္စလား"
"မဟုတ်ဘူး။ ကိုယ်နဲ့လက်ထပ် ဖို့ မင်းကို ပြောနေတာ။ အရူးမလေး"

စားပွဲထိုး က နံနက်စာများနှင့်အတူ ပြန်ရောက်လာသည်။ ကျွန်မက လက်နှစ်ဖက်ကို ပေါင်ကြားထဲမှာ ထည့်ထားရင်း ကော်ဖီအိုးနှင့် နွားနို့ခရားများ စားပွဲထိုးချနေသည်ကို စောင့်ကြည့်နေမိသည်။
"ရှင် နားမလည်သေးပါဘူး" စားပွဲထိုးထွက်သွားသောအခါ  ကျွန်မက ပြန်ပြောသည်။ "ကျွန်မ ဟာ ယောက်ျားတွေက လက်ထပ်ယူရမယ့် မိန်းကလေးမျိုးမဟုတ်ပါဘူးရှင်"
"ဘာသဘော နဲ့ ဒီစကားကို ပြောတာလဲ"ဟုပြောရင်း ကျွန်မကို သူ စိုက်ကြည့်နေပါသည်။ ဇွန်း ကိုလည်း ပြန်ချထားလိုက်သည်။
လိမ္မော်ခွံယိုပေါ်မှာ လာနားသည့် ယင်တစ်ကောင်ကို ကျွန်မ ကြည့်နေမိသည်။ သူက ထိုယင်ကောင်ကို စိတ်မရှည်နိုင် သလို လက်နှင့်ယမ်းကာ မောင်းထုတ်လိုက်သည်။

"ကျွန်မလဲ သေသေချာချာ မပြောတတ်တော့ပါဘူးရှင်။ ဘယ်လိုရှင်းပြရမယ်ဆိုတာလဲ သိတယ်လို့ ကိုယ့်ဟာ ကိုယ် မထင်တော့ပါဘူး။ တစ်ခု သေချာတာကတော့ ကျွန်မဟာ ရှင့်ကမ္ဘာနဲ့ အလွမ်းသင့်နိုင် မယ် လို့ မထင်မိပါဘူးရှင်…"
"ဘာလဲ ကိုယ့်ကမ္ဘာဆိုတာ" "ဟိုဒင်းလေ… မန်ဒါလေစံအိမ်ကြီးကို ပြောတာပါ။ ကျွန်မ ဘာကို ဆိုလိုတယ် ဆိုတာ ရှင် သိပါတယ် လေ…"
မစ္စတာဒီဝင်းတားသည် ဇွန်းကိုပြန်ကောက်ကိုင်လိုက်ပြီး လိမ္မော်ခွံယိုကို စားနေသည်။
"မင်းလဲပဲ မစ္စက်ဗန်ဟော့ပါးလို ခပ်တုံးတုံးပါပဲလား။ အသိဉာဏ်ကလဲ ခေါင်းပါးတယ်။ မန်ဒါလေစံအိမ် အကြောင်း မင်း ဘာသိသလဲ။ မင်းဟာ မန်ဒါလေစံအိမ်ကြီးနဲ့ အလွမ်းသင့်နိုင် မသင့်နိုင်ဆိုတာကို အဆုံးအဖြတ်ပေး ရမယ့်လူက ကိုယ်လေ… မင်းက ဆုံးဖြတ်ရမယ့်လူ မဟုတ်ဘူး။ အကြောင်းဆိုက်လာ လို့ ဒီစကား ကို ပေါ့ပေါ့တန်တန်ကလေး ကိုယ်က ပြောလိုက်တယ်လို့ မင်း ထင်သလား။ နယူးယောက် မြို့ကို မင်း လိုက်မသွားချင်ဘူး ပြောလိုက်တာနဲ့ ဒီလိုဆို မန်ဒါလေစံအိမ်ကို ကိုယ်နဲ့အတူတူလိုက်ခဲ့ပေါ့ လို့ ခေါ်နေတယ်များ ထင်သလား။

မင်းအပေါ်မှာ စာနာထောက်ထားတဲ့အနေနဲ့ ကိုယ်နဲ့အတူတူ ကား လျှောက်စီးဖို့ ခေါ်ခဲ့တယ်လို့ မင်း ထင်ခဲ့တယ်။ ပထမဆုံးညမှာပဲ မင်းကို ညစာကျွေးတာဟာ သနားလို့ ကျွေးတာလို့ မင်း အထင်ပေါက် ခဲ့တယ်။ အခု ကိုယ်က လက်ထပ်ဖို့ပြောနေတာလဲ မင်းကို သနားလို့ ပြောနေတယ်လို့ မင်း ထင်သလား… ဟုတ်သလား… ပြောစမ်းပါဦး…"
"ဟုတ်ကဲ့ပါရှင်"
သူက ပေါင်မုန့်ပေါ်မှာ ယိုကို ဖြန့်သုတ်နေသည်။
"တစ်နေ့ကျရင် မင်း သဘောပေါက်လာလိမ့်မယ်။ ကိုယ်ဟာ သနားကြင်နာစိတ်ကလေးကြောင့် အပေး အကမ်း ရက်ရောတဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ မင်း နားလည်လာလိမ့်မယ်။ ဒါမျိုးကို ကိုယ် ဝါသနာ မပါဘူး။ ကိုယ့်မေးခွန်း ကို မင်း မဖြေရသေးဘူးနော်… ကိုယ့်ကို မင်း လက်ထပ်မလား"
နားနှင့် ဆတ်ဆတ်ကိုယ်တိုင် ကြားလိုက်ရလင့်ကစား ကိုယ့်နားကိုပင် ကိုယ်မယုံကြည်နိုင်အောင် ဖြစ်ရ ပါတော့သည်။ သည်လိုစကားမျိုး အပြောခံရလိမ့်မည်ဟု အရူးအမူး စိတ်ကူးယဉ်ကောင်းခဲ့သည့်အချိန် မှာပင် သည် အဆင့်ရောက်အောင်တော့ ကျွန်မ စိတ်ကူးမယဉ်ခဲ့မိရိုး အမှန်ဖြစ်ပါသည်။

တစ်ကြိမ်တုန်း က ကျွန်မ စိတ်ကူးအယဉ်ကြီး ယဉ်ခဲ့မိဖူးပါသည်။ သူနှင့်အတူ မော်တော်ကားလျှောက်စီး ရင်း မိုင်ပေါင်း များစွာ ခရီးပေါက်သည်အထိ တစ်ယောက်ကိုတစ်ယောက် စကားမပြောမိကြဘဲ တိတ် ဆိတ်စွာ နေခဲ့ကြသည်။ ထိုအချိန်တွင် ဇာတ်လမ်းရှည်ကြီးတစ်ခုကို ကျွန်မ စိတ်ကူးယဉ်နေမိပါတော့ သည်။
ကျွန်မ၏စိတ်ကူးထဲတွင် မစ္စတာဒီဝင်းတား အပြင်းဖျားနေပါသည်။ ထို့ကြောင့် ကျွန်မထံသို့ သူက လူ လွှတ်ပြီး အခေါ်ခိုင်းလိုက်သည်။ သူ့ကို လာရောက်ပြုစုပေးရန်ဖြစ်ပါသည်။ ကျွန်မ လိုက်သွားပြီး ဖျားနေ သော သူ့ခေါင်းပေါ်သို့ အော်ဒီကလုံးရေမွှေး ဆွတ်ဖျန်းပေးမည်ပြင်ဆင်တုန်း ကျွန်မတို့ စီးလာသည့် မော်တော်ကားက ဟိုတယ်သို့ ပြန်ရောက်လာရာ စိတ်ကူးယဉ်ဇာတ်လမ်းကြီးသည် ထိုနေရာ မှာပင် တစ်ပိုင်းတန်းလန်းဖြင့် ဖတ်တငံ့ငံ့ကြီး ပြတ်တောက်သွားပါလေတော့သည်။

သည့်ပြင် တစ်ချိန်ကလည်း ကျွန်မ စိတ်ကူးယဉ်မိပါသေးသည်။ ကျွန်မသည် မန်ဒါလေစံအိမ်ကြီး အတွင်း ရှိ အိမ်တစ်ဆောင်မှာ နေထိုင်လျက်ရှိပါသည်။ သူသည် ကျွန်မထံသို့ အခါအားလျော်စွာ လာ ရောက်လည်ပတ်လေ့ ရှိပါသည်။ ထိုသို့ လာရောက်လည်ပတ်သည့် အခါတိုင်း မီးလင်းဖိုရှေ့မှာ သူ ထိုင် လေ့ ရှိပါသည်။ ကျွန်မ စိတ်ကူးယဉ်မိသော ဇာတ်လမ်းများမှာ ထိုမျှသာဖြစ်ပါသည်။ သူနှင့်လက်ထပ် ဖို့ ယခုလို ဗြုန်းစားဒိုင်းစားကြီး မပြော။
ယခုတော့ သူ ပြောလေပြီ။

ကျွန်မမှာ ထိတ်လန့်တကြားဖြင့် ချောက်ချောက်ချားချားဖြစ်ရပါတော့သည်။ ရှင်ဘုရင်တစ်ပါးက ကျွန်မ ကို မိဖုရားမြှောက် လိုပါသည်ဟု အခွင့်ပန်လိုက်သလို ခံစားလိုက်ရပါတော့သည်။ အိပ်မက်မက်နေခြင်း များလား၊ အမှန်တကယ်ဖြစ်နေခြင်းမှ  ဟုတ်ပါလေစဟု ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင်အောင်ဖြစ်ရ ပါတော့သည်။
သူကတော့ ဘာမျှ အထူးအဆန်းမဖြစ်သလို လိမ္မော်ခွံယိုကို ဣနြေ္ဒမပျက် ဆက်စားနေပါသည်။ ဝတ္ထု စာအုပ်တွေထဲမှာလိုလည်း မဟုတ်။ အချစ်ဝတ္ထုစာအုပ်ထဲမှာဆိုလျှင် အမျိုးသားက အမျိုးသမီးရှေ့မှာ ဒူးထောက်ပြီး ချစ်ရေးဆိုကြစမြဲဖြစ်ပါသည်။ အချိန်ကလည်း လရောင်ရွှန်းမြလှပသာယာသည့် ညချမ်း ချိန်ခါ မျိုးဖြစ်သည်။ ယခုလို နံနက်စာစားနေသည့် အချိန်မျိုးကြီးမှာ မဟုတ်။ သည်လိုပတ်ဝန်းကျင်၊ သည်လို အချိန်၊ သည်လိုအပြုအမူမျိုး လုံးဝမဟုတ်။

"မင်းနဲ့လက်ထပ်ခွင့်ရဖို့ အခုလို တောင်းဆိုပုံမျိုးဟာ တယ်ပြီးနိပ်ပုံတော့ မပေါ်ဘူး။ ရိုင်းရိုင်း စိုင်းစိုင်းကြီး ဖြစ်နေပုံရတယ်။ ဒီအတွက် ကိုယ် ဝမ်းနည်းပါတယ်ကွယ်။ ကိုယ့်ကို မင်း ချစ်နေပြီလို့ ထင်ထားမိ ခဲ့တာ ကိုး။ အင်း… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတာတွေကြောင့် ဒီတစ်ချီတော့ ကိုယ် ကောင်းကောင်းကြီး အထိနာသွားပြီပေါ့လေ…" ဟု သူက ပြောပါသည်။
"ရှင့်ကို ကျွန်မ ချစ်ပါတယ်ရှင်… အူလှိုက်သည်းလှိုက် ချစ်ပါတယ်။ ရှင့်အတွက် ကျွန်မမှာ ရတက်ပွေ မဆုံးဖြစ်ခဲ့ ရပါတယ်။ မနေ့ညတုန်းက တစ်ညလုံး ကျွန်မ ငိုတယ်။ သိလား…။ ရှင်နဲ့ ဘယ်တော့ မှ ပြန်တွေ့ ရမှာမဟုတ်တော့ဘူးဆိုပြီး ကျွန်မ ငိုမိတာပါ"
ကျွန်မ ထိုစကားများကို ပြောချလိုက်သောအခါ သူ ရယ်မောသည်ကို ကျွန်မ ပြန်လည်မှတ်မိနေပါသေး သည်။ စားပွဲ ကိုကျော်ပြီး ကျွန်မဆီသို့လည်း သူ လက်ကမ်းလိုက်သည်။
"ကျေးဇူးတင် လိုက်တာကွယ်"ဟုလည်း သူ ပြောသည်။ "ကိုယ့်ကို မင်း ပြောပြဖူးတဲ့ မင်းရဲ့ရည်မှန်း ချက် ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ်ကို မင်း ရောက်တဲ့နေ့မှာ ဒီကနေ့ အချိန်ကလေးအကြောင်း မင်းကို ကိုယ် ပြန်ပြီး သတိပေးမယ်။ မင်းကတော့ ကိုယ့်ကို ယုံနိုင်မှာမဟုတ်ဘူး။ မင်း အသက်ငယ်သေးတဲ့အ တွက် ကိုယ် သနားတယ်။ အရာရာကို မင်း နားလည်နိုင်အောင် မင်း အသက်ကို ကြီးရင့်လာစေချင်ပါ တယ်"

ကျွန်မကတော့ အရှက်ကြီးရှက်လိုက်မိပါပြီ။ နောက်ပြီးတော့ အခုလို သူ ရယ်နေသည် ကိုလည်း ဒေါသ ဖြစ်မိပါသည်။ မိန်းမဆိုသည်မှာ ယောက်ျားများကို ပွင့်ပွင့်လင်းလင်းကြီး မပြောသင့်။ အဖုံး လှန်ပြလိုက် သလို လုံးဝဥဿုံ ဖွင့်ဟဝန်မခံသင့်။ အော်… ကျွန်မမှာ လေ့လာစရာတွေ၊ သိနားလည် စရာတွေ အများ ကြီး ရှိနေပါသေးကလား။
"ဒါဆို အားလုံး ပြီးသွားပြီပေါ့ ကလေးရယ်… မဟုတ်ဘူးလား" သူက ပြောရင်း ပေါင်မုန့်မီးကင်နှင့် လိမ္မော်ခွံယို ကို ဆက်စားနေသည်။
"မင်းဟာ မစ္စက်ဗန်ဟော့ပါးရဲ့အဖော်သလဲအဖြစ်ကနေပြီး ကိုယ်ရဲ့ဘဝကြင်ဖော်ဖြစ်လာပြီ။ မင်း ထမ်း ဆောင် ရမယ့် တာဝန်ဝတ္တရားတွေကတော့ အားလုံးအတူတူပဲဆိုပါတော့။  ကိုယ့်စာကြည့်တိုက်ကို စာ အုပ်သစ်တွေ နဲ့ ဖြည့်ချင်တယ်။ ဧည့်ခန်းထဲမှာ ပန်းအိုးတွေ ထိုးထားချင်တယ်။ ညစာစားပြီးတော့ ဖဲက လေး ကစားလိုက်ချင်တယ်။ ကိုယ့်အတွက် လက်ဖက်ရည်ကိုတော့ တစ်ယောက်ယောက်က ထည့်ပေး မှာပေါ့နော်။ တစ်ခုဘဲ မတူတာရှိပါတယ်။ ကိုယ်က တက်ဇော်လ်အစာကြေဆေး မသုံးဘူး။ အီနိုအစာ ကြေဆေးကိုပဲ သုံးတယ်။ နောက်ပြီးတော့ ကိုယ် သုံးနေကျဖြစ်တဲ့ သွားတိုက်ဆေးကိုတော့ မပြတ် ရ အောင် ဂရုစိုက်"

ကျွန်မသည် စားပွဲကို လက်ချောင်းကလေးများနှင့် ခေါက်နေမိပါသည်။ သူနှင့် ကျွန်မအကြောင်းကို စဉ်း စားရင်း မသေချာ မရေရာသလိုလည်း ခံစားနေမိပါသည်။ သူကတော့ ကျွန်မကိုကြည့်ပြီး ရယ်မြဲ ရယ် နေပါသည်။ ဒါတွေအားလုံးကို ရယ်စရာအဖြစ်များ သူ လုပ်နေလေရော့သလား။ ကျွန်မကို သူ မော့ ကြည့်ပြန်သည်။  ကျွန်မ၏မျက်နှာပေါ်က သောကရိပ်များကို သူ မြင်တွေ့သွားပုံရပါသည်။
"ကိုယ်လုပ်နေပုံတွေ ဟာ မင်းအပေါ်မှာ ရိုင်းစိုင်းရက်စက်ရာများ ကျသွားလေသလားကွယ်။ ဟင်… ပြောစမ်း ပါဦး။ အခုလို ကိုယ် ချစ်ရေးဆိုပုံကြီးက မင်း မျှော်မှန်းထားတာမျိုး မဟုတ်တော့ဘူးနဲ့ တူတယ်။ ဖြစ်သင့်တာကတော့ မင်းက အဖြူရောင်ဂါဝန်ကလေးကို ဝတ်လို့။ လက်ထဲ မှာလဲ နှင်းဆီပန်းကလေး လေး တစ်ပွင့်ကိုင်လို့။ သာယာညှင်းပျောင်းတဲ့ တယောသံကလေးကလဲ ခပ်လှမ်းလှမ်း ကနေ လွင့်မျော လာလို့။ ဒီအချိန်မှာ ကိုယ်တို့ နှစ်ယောက်ဟာ ထန်းပင်ကလေးတစ်ပင် ရဲ့နောက်ကွယ်မှာ ရှိနေရမယ်။ ကိုယ်က စိတ်ကို မထိန်းသိမ်းနိုင်တော့ဘဲ အချစ်စိတ်တွေ ပေါက်ကွဲ ပွင့်အန် ထွက်လာရမယ်။ ရုတ်တ ရက် မင်းကို ပွေ့ဖက်လိုက်ပြီး အရူးအမူး ချစ်ပစ်လိုက်ရမယ်။ ဒီလို မဟုတ်လား။

ဒီတော့မှ မင်းအနေနဲ့ လဲ အချစ်နဲ့ပတ်သက်ပြီး စိတ်ကူးယဉ် ထားသမျှ ကလေးတွေ အားလုံး ပြည့်စုံတော့မယ်။ အချစ်ရယ်… အခုတော့ ဒီလိုမဟုတ်ပါလား။ အခု ကိုယ် ချစ်ရေးဆိုပုံကြီးက ရှက်စရာကြီးတောင်ဖြစ်နေပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ကလေးရယ်။ ပျားရည်ဆမ်းခရီးအဖြစ် ဗင်းနစ်မြို့ ကို ခေါ် သွားပါ့မယ်။ ဟိုကျတော့ တစ် ယောက်လက်ကို တစ်ယောက်မလွှတ်တမ်း ဆုပ်ကိုင် ရင်း လှေကလေးတွေ စီးကြမယ်။ ဒါပေမဲ့ အဲဒီမှာ ကိုယ်တို့ ကြာကြာမနေပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မန်ဒါလေစံအိမ်ကြီးကို ပြချင်လှပြီလေ"
မန်ဒါလေစံအိမ်ကြီးကို ပြချင်လှပြီတဲ့…။
ကိစ္စအားလုံး ဖြစ်ပျက်သွားပြီးပြီဖြစ်ကြောင်း ချက်ချင်းပင် ကျွန်မ သဘောပေါက်လိုက်ပါတော့သည်။ ကျွန်မသည် သူ့ဇနီးဖြစ်ရပါတော့မည်။ ဥယျာဉ်ကြီးထဲမှာ သူနှင့်ယှဉ်တွဲပြီး လမ်းလျှောက်ရပါတော့မည်။ ပြီးတော့ တောင်ကြားကလေးထဲက လမ်းကလေးအတိုင်း ပင်လယ်ကမ်းခြေဆီသို့လည်း သွားကြရပါဦး မည်။ နံနက်စာ စားပြီးသောအခါ လှေကားထစ်များပေါ်မှာရပ်ရင်း ကျွန်မသည် အသစ်တဖန် ဖြစ်ပေါ် လာမည့်နေ့ ကို ငေးမျှော်ကြည့်နေမိပါလိမ့်မည်။ ပြီးတော့ ငှက်ကလေးများကိုလည်း အစာပတ်ကျွေးနေ မိပေလိမ့်မည်။

သည့်နောက်ပိုင်းမှာတော့ နေပူဒဏ်မှကောင်းကောင်းလုံခြုံသည့် ဦးထုပ်ကြီးကိုဆောင်းကာ ကတ်ကြေး တစ်လက် ကိုင်ပြီး လမ်းသလားရင်း စံအိမ်ကြီးအတွက် ပန်းများခူးနေမိပေလိမ့်မည်။ ကျွန်မ ကလေးဘဝ တုန်း က သည်စံအိမ်ကြီးပုံပါသည့် ပို့စကတ်ကလေးတစ်ခုကို ဝယ်ခဲ့မိဖူးပါသည်။ သည်လို ဝယ်ခဲ့မိခြင်း သည် ကျွန်မဘဝအတွက် ကြိုတင်နိမိတ်ဖတ်လိုက်ခြင်းပင်ဖြစ်ကြောင်း ယခုမှပင် သိရှိ သဘောပေါက်ရ ပါတော့သည်။
သူက မန်ဒါလေစံအိမ်ကြီးကို ပြချင်လှပြီတဲ့…။
ကျွန်မ၏စိတ်အာရုံထဲမှာ ဗလုံးဗထွေးတွေဖြစ်နေပြီ။ လူပုံပန်းသဏ္ဌာန်တွေလည်း တစ်ခုပြီးတစ်ခု ပေါ် လာသည်။ သူကတော့ ဘာမျှမခံစားရသလို လိမ္မော်သီးစားနေသည်။ ကျွန်မကိုလည်း တစိမ့်စိမ့်ကြည့် နေ သည်။ ကျွန်မ၏စိတ်အာရုံထဲမှာတော့ သူနှင့်ကျွန်မယှဉ်တွဲပြီး လူအုပ်အလယ်တွင် ရပ်နေသည့် အဖြစ်ကိုသာ မြင်ယောင်နေမိပါတော့သည်။
"ကျွန်တော့ဇနီး ကို ခင်ဗျား မတွေ့ဖူးသေးဘူး ထင်တယ်"ဟု သူက ပြောပေလိမ့်မည်။

မစ္စက်ဒီဝင်းတား။ ဘုရား… ဘုရား…  ကျွန်မသည် သူ့ဇနီး မစ္စက်ဒီဝင်းတားဖြစ်ရတော့မှာပါကလား။ ကျွန်မ၏နာမည်သည် မစ္စက်ဒီဝင်းတားဖြစ်ရပါတော့မည်။ ချက်လက်မှတ်များပေါ်မှာ၊ ကုန်ပစ္စည်းဝယ်ဖို့ အမှာစာ များပေါ်မှာ၊ ညစာထမင်းလာစားဖို့ မိတ်ဆွေများထံပို့သည့် ဖိတ်စာများပေါ်မှာ မစ္စက်ဒီဝင်းတား ဟု ကျွန်မ လက်မှတ်ထိုးရပါတော့မည်။
တယ်လီဖုန်းဖြင့် ကျွန်မပြောနေမည်ဖြစ်သော "နောက်စနေနေ့ကျရင် မန်ဒါလေစံအိမ်ကြီးကို အလည် လာကြပါဦးလား ရှင်"ဟူသည့် စကားသံများကိုလည်း နားထဲမှာ ကြားယောင်နေမိပါသည်။ လူအုပ်ကြီး… မှန်ပါ သည်။ အမြဲတမ်း ဧည့်သည်လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေပေလိမ့်မည်။ "ဟယ်… သူက ရိုးရိုးက လေး နဲ့ ချစ်စရာကောင်းလှတယ်။ သူနဲ့တွေ့ဖြစ်အောင် တွေ့လိုက်စမ်းပါ" ဒါကတော့ လူအုပ်ကြီး ထဲက ကျွန်မနှင့်ပတ်သက်ပြီး ပြောမည့်စကား။ လူအုပ်ကြီး၏အစွန်းတစ်နေရာတွင် သည်စကားမျိုး ကို လေသံ ကလေးဖြင့် တိုးတိုးသက်သာ ပြောဆိုနေကြပေလိမ့်မည်။ ကျွန်မကလည်း ထိုစကားကို မကြား ချင် ယောင်ဆောင်ပြီး တစ်ဖက်သို့ ကျောခိုင်းထွက်သွားမိပေလိမ့်မည်။

မန်ဒါလေစံအိမ်ကြိးအတွင်းရှိ အိမ်တစ်ဆောင်ဆီသို့ ခြင်းတောင်းတစ်လုံးကိုင်ကာ ကျွန်မ သွားမိပေလိမ့် မည်။ ထိုအိမ်တစ်ဆောင် ရှိ ဖျားနေသော အဘွားကြီးတစ်ယောက်အတွက် စပျစ်သီးများနှင့် မက်မုန်း သီးများ ကို ခြင်းထဲမှာ ထည့်ယူလာခဲ့မိပေလိမ့်မည်။ လူမမာ အဘွားကြီးက လက်ဆန့်တန်းကာ ကျွန်မ ကို ကြိုဆို လျက်။
"စိတ်နှလုံးသား မွန်မြတ်ပြီး အကြင်နာတရားကြီးမားလှတဲ့အတွက် သူဌေးကတော်ကလေးကို ဘုရား သခင် က ကောင်းချီးပေးသနားတော်မူပါတယ်ရှင်"ဟု ပြောပေလိမ့်မည်။
"လိုချင်တာရှိရင် စံအိမ်ကြီးကို လူလွှတ်ပြီး အတောင်းသာခိုင်းလိုက်" ဟုလည်း ကျွန်မက ပြန်လည်ပြော ဆိုမိပေ လိမ့်မည်။

မစ္စက်ဒီဝင်းတား။ ဟုတ်ပါသည်။ ကျွန်မသည် သူ့ဇနီး မစ္စက်ဒီဝင်းတားဖြစ်ရပါတော့မည်။ ထမင်းစားခန်း ထဲမှာ အရောင် တဖိတ်ဖိတ် တောက်ပြောင်နေသော စားပွဲကြီးနှင့် ရှည်လျားလှသော ဖယောင်းတိုင်ကြီး များ ကိုလည်း ကျွန်မ မြင်ယောင်နေမိပါသည်။ မက်ဇင်မ်က စားပွဲထိပ်မှာထိုင်လျက်။ ကျွန်မတို့သည် ထမင်းစားပွဲ ကလေးတစ်ခု ကို လူပေါင်း ၂၄ ယောက်ဖြင့် ခင်းကျင်းနေကြခြင်းဖြစ်ပါသည်။ ကျွန်မ က ခေါင်းမှာ ပန်းတစ်ပွင့်ပန်လို့။ လူတိုင်းက ကျွန်မကိုသာ ငေးစိုက်ကြည့်နေကြမည်။ ပြီးတော့ ကိုယ်စီ ကိုယ်ငှ ဖန်ခွက် များကို မြှောက်ကာ…
"သတို့သမီး ကျန်းမာရွှင်လန်းစေ ဖို့ ဆုတောင်းကြပါစို့"ဟု ဆိုကြမည်။

သည့်နောက်ပိုင်းမှာတော့ "မင်း ဒါလောက် ချစ်စရာကောင်းတာ တစ်ခါမှ ကိုယ် မမြင်ဖူးဘူးကွယ်"ဟု မက်ဇင်မ် က ကျွန်မကို ပြောပါလိမ့်မည်။ စံအိမ်ကြီး၏အဆောင်ဆောင် အခန်းခန်းတို့ကလည်း အေးချမ်း ကာပန်းများဖြင့် ပြည့်နှက်နေပါသည်။ ပြီးတော့ါ ကျွန်မတို့၏အိပ်ခန်း၊ ဆောင်းရာသီများတွင် မီးလင်းဖို မှာ မီးထည့်လို့။ ကျွန်မ၏အိပ်ခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါသည်။ အမျိုးသမီး တစ် ယောက် ဝင်လာပါသည်။ သူ့မျက်နှာကလည်း ပြုံးလို့ရွှင်လို့။ သူသည် မက်ဇင်မ်၏အစ်မဖြစ်ပါသည်။ သူက ပြောပါသည်။
"သူ ဒီလောက် ပျော်ရွှင်ချမ်းမြေ့အောင် မင်း ဖန်တီးပေးလိုက်တာ တကယ့်ကို အံ့သြစရာပါပဲကွယ်… လူတိုင်း သိပ်စိတ်ချမ်းသာနေကြတယ်။ ညီမလေးရဲ့ တကယ့်အောင်ပွဲပါပဲ"
မစ္စက်ဒီဝင်းတား…။ ကျွန်မသည် မစ္စက်ဒီဝင်းတား ဖြစ်ရပါတော့မည်။

"လိမ္မော်သီးက ချဉ်လိုက်တာကွယ်… ကိုယ် မစားတော့ပါဘူး"ဟု မစ္စတာဒီဝင်းတားက ပြောပါသည်။ ပြီးတော့ ကျွန်မကို လည်း ငေးစိုက်ကြည့်နေပါသည်။ သူ့စကားလုံးများက ကျွန်မ၏ စိတ်အာရုံထဲသို့ ဖြည်းဖြည်းချင်း ဝင်လာတော့မှပင် ပစ္စုပ္ပန်တည့်တည့်သို့ ကျွန်မ ပြန်ရောက်ပါတော့သည်။ စားပွဲပေါ် ရှိ သစ်သီးပန်းကန်ကို ငုံ့ကြည့်လိုက်မိပါသည်။ လိမ္မော်သီးအရောင် က ဖျော့တော့တော့ ဖြစ်နေ ပါသည်။ သူ ပြောသည်မှာ မှန်ပါသည်။ လိမ္မော်သီးက အလွန်ချဉ်လှပါသည်။ သည်တော့မှပင် ချဉ်သည့် ခါးသည့် အရသာကို ကျွန်မ အလိုလို ခံစားလိုက်ရပါတော့သည်။
"မစ္စက်ဗန်ဟော့ပါး ကို ကိုယ်တို့အကြောင်း ကိုယ် ဖွင့်ပြောပေးရမလား။ ဒါမှမဟုတ် မင်းကိုယ်တိုင် ပဲ ပြောမလား"ဟု သူက မေးပါသည်။

လက်သုတ်ပဝါကို သူက ပြန်ခေါက်နေသည်။ ပန်းကန်ကိုလည်း လွတ်ရာသို့ တွန်းပစ်လိုက်သည်။ သည်ပြဿနာကြီး ကို ဘာမျှအရေးမကြီးသော သာမန်အဖြစ်အပျက်ကလေးတစ်ခုသဖွယ် အေးဆေး သက်သာ သူ ပြောနေပုံ ကို ကျွန်မ တွေးကြည့်နေမိပါသည်။ ဆောင်ရွက်ရမည့် အစီအစဉ်များကို ရိုးရိုး ကလေး ပြောနေသလို ရှိပါသည်။ ကျွန်မအဖို့တော့ ဗုံးကျပြီး ပေါက်ကွဲသွားသလို ခံစားနေရပါသည်။ အပြင်းအထန် ပေါက်ကွဲကာ ထောင်သောင်းချီသော အစအနကလေးများအဖြစ် ကြေမွလွင့်စဉ်သွား သည်ဟု ခံစား လိုက်ရပါသည်။ "ရှင်ပဲ ပြောလိုက်ပါ။ အဘွားကြီးက အရမ်းစိတ်ဆိုးတော့မှာပဲ"

ထိုင်ရာမှ ကျွန်မတို့ ထလိုက်ကြပါသည်။ ကျွန်မ၏စိတ်များ အလွန်အမင်း လှုပ်ရှားနေကာ မျက်နှာမှာ သွေးရောင် လွှမ်းနေပါသည်။ ခြေတွေ လက်တွေလည်း တဆတ်ဆတ် တုန်နေပါသည်။ အကယ်၍ များ သူက ကျွန်မလက်ကို ဆွဲကိုင်ကာ…
"တို့ကို ဝမ်းသာစကား မင်း ပြောရလိမ့်မယ်နော်… ဒီမိန်းကလေးနဲ့ ကျုပ်နဲ့ လက်ထပ်ကြတော့မလို့လေ" ဟုများ စားပွဲထိုး ကို ပြုံးပြုံးကြီး ပြောလိုက်ချေသော် ခက်ရချည့်ရဲ့ဟု ကျွန်မ တွေးနေမိပါသည်။ သူ့ စကား ကို တခြားစားပွဲထိုးမျာကပါ ကြားလိုက်ကြရမည်ဆိုပါစို့။ အားလုံးက အပြုံးကိုယ်စီဖြင့် ကျွန်မတို့ ကို ဦးညွှတ် အရိုအသေ ပြုပြီး နှုတ်ဆက်ကြပေလိမ့်မည်။ ဧည့်ခန်းကြီးကိုဖြတ်ပြီး ကျွန်မတို့ လျှောက် သွားကြသောအခါတွင် အံ့သြတကြီးဖြစ်သွားသည့် အမူအရာများ၊ စိတ်အားထက်သန်စွာ ပြောဆိုသံ များ ဖုံးလွှမ်း သွားပေလိမ့်မည်။

ဆက်ရန်
.

1 comment:

Anonymous said...

Thank you for this post too....