Tuesday, May 8, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၉)

နှစ်ယောက်သား ရထားစောင့်ကြသည်။ ရထား လာတော့ အစ်ကို က ညီမ ကို နှုတ်ဆက် ဟန်ဖြင့် ပွေ့ ဖက် နှုတ်ဆက်သည်။ ရထား ထွက်တော့ အတန်ကြာ လက်ပြနှုတ် ဆက်ကြ သည်။ ကား ကို ခပ်ဖြည်းဖြည်းမောင်းပြန်လာခဲ့သည်။
ရင်ထဲတွင် တင်းကျပ်ကျပ်ကြီး ဖြစ်နေ၏။ ဒက်ဖနီသာ လွတ်လွတ်လပ်လပ်ဆိုလျှင် အခြေအနေ တစ်မျိုး တစ်ဖုံဖြစ်လာနိုင် မလားပဲ။ အို …. ဒါတွေက တဒင်္ဂစိတ်လှုပ်ရှားမှုတွေပါ။
ဒက်ဖနီ ဘယ်လောက်လှလှ၊ ဘယ်လောက်တော်တော် … အော်လီဗာ အလိုချင်ဆုံးက ဆာရာ သာပါ။ အိမ်ရောက်ရောက် ချင်း သူပေးထား သည့် ဖုန်းနံပါတ် ကို ကောက် လှည့်သည်။ သို့သော် ဘယ်သူမှ လာ မကိုင်။
ကို ဆက်ဖတ်ရန်....................

အခန်း (၈)

ဂျော့ဝတ်ဆင် သည် နောက်တစ်ပတ်တွင် ဇနီးသည်အား စိတ္တဇဝေဒနာသည်များ နာလန်ထဆောင်သို့ ပို့လိုက် သည်။ သာမန်ကြည့်လျှင် ဆေးရုံမှာ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ အရပ်ဟုထင်ရ၏။ သို့သော် အဆောင်ထဲရောက်တော့ အော်လီဗာ စိတ်ဓာတ် အကျကြီးကျသွားသည်။ အမေက သူ့ကို လုံးဝ မမှတ်မိ တော့။ ဂျော့ဝတ်ဆင် ကို အော်လီဗာ အောက်မေ့နေသည်။
သားအဖနှစ်ယောက် ဆေးရုံကပြန်လာတော့ အဘိုးအို၏ မျက်ဝန်းထဲတွင် မျက်ရည်တွေအပြည့်။ အဖေ့ ကို အိမ်ပြန်ပို့ပေးသည်။ အဖေတစ်ယောက်တည်း သူ့အိမ်မှာ ထားခဲ့ရသည့်အဖြစ်က မကြည့်ရက် မမြင်ရက် စရာ။ သို့သော် အဖေ့အနားတွင် နေမပေးနိုင်။ သားသမီးများရှိရာသို့ ပြန်ခဲ့ရသည်။

အင်း … ငါတို့သားအဖနှစ်ယောက်စလုံး ပုံသဏ္ဍာန်တစ်မျိုးစီနဲ့ ချစ်စွာသောဇနီးတွေ ဆုံးပါးနေခြင်း ပါလား ဟု အော်လီဗာတွေးမိ၏။ ရင်နင့်ကြေကွဲစရာကောင်းလှပါလား။
မိမိ က ကလေးတွေနှင့် အလုပ်ရှိနေသေး၍ တော်သေးသည်ဆိုရမည်။ အဖေ့မှာက အမေကလွဲလို့ ဘာဆို ဘာမှ မရှိ။ သူ့တွင် အထီးကျန်ဝေဒနာနှင့် တမ်းတစရာအတိတ်သာ ရှိမည်။ တစ်နေ့တစ်ခါ အမေနှင့်တွေ့ရ ပြန်တော့ လည်း သူ့ခမျာ ပို၍ခံစားရရှာပြန်သည်။
မမျှော်လင့်သော နေ့တစ်နေ့သို့ ရောက်လာခဲ့ပြီ။ ဗယ်လင်တိုင်းနေ့တွင် ဆာရာဖုန်းဆက်သည်။ လာမည့် အပတ် တွင် ကလေးတွေနှင့် ဘော့စတွန်တွင် တွေ့မည်တဲ့လေ။
" ဘာဖြစ် လို့ အိမ်ပြန်လာပြီး မတွေ့နိုင်ရတာလဲ "
ကလေးတွေ ကရော မိမိကိုယ်တိုင်ကပါ တွေ့ချင်လှပြီ။

" ဟင့်အင်း၊ ဆာရာ့ ဆီမှာပဲ ခေါ်တွေ့ချင်လို့ "
ငြင်းဖို့ စိတ်ကူးသေးသည်။ သို့သော် စိတ်ထိန်းထားလိုက်၏။ သဘောတူလိုက်ရသည်။ ခဏနေတော့ ဖုန်းပြန်ခေါ်ပြီး ရောက်မည့် အချိန်ကို ပြောပြလိုက်သည်။
" စနေနေ့ မနက်အစောကြီး ကိုးနာရီခေါက်နဲ့ ပါလာမယ်"
အမှန် က သောကြာနေ့ညကတည်းက အော်လီဗာသွားချင်သည်။ ကလေးတွေ ကျောင်းပြန်ချိန်မတူကြ သည် ကို တွေးမိပြီးမှ စနေကိုရွေးလိုက်ရခြင်းဖြစ်၏။ ဆာရာကလည်း စနေနေ့သာ ပို၍ အဆင်ပြေကြောင်း ပြောဖူး သည်ထင်၏။

" ကိုယ်တို့သားအဖတွေအိပ်ဖို့ နေရာကောရှိပါ့မလား "
ရက်ပေါင်းများစွာအတွင်း သူနှင့်စကားပြောရင်း ပထမဆုံးပြုံးမိခြင်း။ သို့သော် တစ်ဖက်မျ ထူးထူးခြားခြား အသံတိတ်သွားသည်။
" နေရာ … နေရာကတော့ မကျယ်ဘူး အော်လီဗာ၊ ဒီလိုစိတ်ကူးထားတယ်၊ မယ်လီဆာနဲ့ဘင်ဂျမင်က ဧည့် ခန်း ထဲက ဆိုဖာတွေပေါ်မှာ အိပ်လို့ရတယ်၊ ဆာရာနဲ့ဆမ်နဲ့ တူတူအိပ်မယ်လေ "
ပြောနေ ရင်း ဆာရာ့အသံ တိုးဝင်သွားသည်။ တယ်လီဖုန်းကိုင်ထားသည့် အော်လီဗာ့လက်တွေ ချက်ချင်း အေးစက်တောင့်တင်းသွား၏။ သူတို့သားအမိနှစ်ယောက်တည်း အိပ်မည့်အဓိပ္ပာယ်။
" ကိုယ် က ဘယ်မှာအိပ်ရမှာလဲ "
ခပ်ရှင်းရှင်းမေး လိုက်တော့သည်။

ကိုယ့်အခန်းကဏ္ဍက ဘယ်မှာလဲ၊ ဘာလဲဆိုတာ သိဖို့လိုလာပြီလေ။ ဘာမှန်းမသိဘဲ ခံနေရသည့်ဝေဒနာ ကို ဆက် သည်းမခံနိုင်တော့။
" ဆာရာ … ဆာရာထင်တာက …. " သူ့အသံက တိုးတိုးလေး။

" အော်လီဗာ ဟိုတယ်မှာ တည်းမယ်ထင်လို့၊ အဲဒါ ပိုကောင်းပါတယ်အော်လီဗာ "
ဆာရာ ထိန်းပြီးပြောနေခြင်းဖြစ်၏။ ပြောနေရင်း မျက်ရည်တွေ တလိမ့်လိမ့်ကျနေ၏။ တစ်ဖက်မှ နားထောင် ရသူ၏ ရင်ထဲမှာလည်း အသက်ရှူ၍မရအောင် ဆို့ကျပ်မွန်းသိပ်သွားသည်။
" ဘယ်သူ့ အတွက် ဘာပိုကောင်းတာလဲဆာရာ၊ ဘာမှမပြောင်းလဲပါဘူးလို့ ပြောခဲ့တာ မင်းပါ၊ အပြီး အပိုင် သွားတာမဟုတ်ပါဘူးလို့ပြောတာလဲ မင်းပဲ၊ မင်းပြောခဲ့တာတွေ မင်းမေ့ကုန်ပြီလား "
" မမေ့ပါဘူး၊ ဒါပေမယ့် ထွက်လာခဲ့ပြီးတဲ့နောက်မှာ အခြေအနေတွေတစ်မျိုးဖြစ်ကုန်တယ်လေ၊ ဒီတော့ လဲ အယူအဆတွေ ပြောင်းကုန်တာပေါ့ "
မိမိဘက် ကျတော့ ဘာလို့ မပြောင်းလဲခဲ့သလဲ။ ရင်ထဲမှာ ပူပူလောင်လောင်ဖြစ်နေသည့်အထိ သူ့ကို ဘာလို့ တမ်းတနေရတာလဲ။ အနားမှာသာရှိရင် သူ့တစ်ကိုယ်လုံး သိ့မ်သိမ့်ခါသွားအောင် ဆွဲယမ်းမေးမိလေ မလား မသိ။

ဒါမှမဟုတ် အနမ်းမုန်တိုင်းတွေဆင်ပြီး ချစ်မိုးတွေ ဖြိုင်ဖြိုင်ရွာချမိမည်လားမသိ။
သို့သော် ဆာရာ့ ဘက်မှ သည်လိုမလုပ်နိုင်တော့ပါ။ ဘယ်သောအခါမှ လုပ်နိုင်တော့မည်မဟုတ်ပါ။
" ဇာတ်လမ်း ဒီမှာဆုံးပြီလို့ မင်းပြောချင်တာလား ဆာရာ "
အမှတ် မထင် အသံကျယ်သွားသည်။ ရင်ထဲမှာလည်း တဒိုင်းဒိုင်းခုန်နေပြီလေ။

" ဟိုတယ်မှာ တည်းဖို့ပဲပြောတာပါ အော်လီဗာရယ်၊ ဒီတစ်ကြိမ် …. "
" သွားစမ်းပါ၊ ကိုယ့်ကို သူငယ်နှပ်စားလေးများအောက်မေ့နေလားဟင် …. ပြောစမ်းပါ "
သည်ရွေ့သည်မျှ ရက်စက်နိုင်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ပါ။
" ဆာရာ လဲ စိတ်မကောင်းပါဘူးအော်လီဗာရယ်၊ ပြီးတော့ စိတ်တွေသိပ်ရှုပ်နေတယ် "
" မင်း ဘာလုပ်တယ် ဆိုတာ မင်း နားလည်ပြီးသားပါ။ ဆင်းသွားတဲ့နေ့ကတည်းက မင်း ရှင်းရှင်းကြီး နားလည်ပြီးသားပါ "
" ဒီတစ်ပတ်တော့ ကလေးတွေနဲ့ပဲ နေပါရစေ အော်လီဗာ "
" ကောင်းပြီလေ " အော်လီဗာ့အသံ ချက်ချင်းအေးစက်သွား၏။

" ဆယ့်တစ်နာရီ မှာ ကလေးတွေကို မင်းအခန်းရှေ့ ကိုယ်လာပို့ပေးမယ် "
နောက်ထပ် သူ မနှိပ်စက်နိုင်မီ ဖုန်းကို ချပစ်လိုက်သည်။ သြော် … သူတို့ သားအမိတွေ ပြန်လည်တွေ့ဆုံကြ သည်။ သည်ရုံးအားရက်မှာ မိမိကခါတိုင်းလိုပဲ အထီးကျန်ဖြစ်နေရ ဦး မှာလား။
ကလေးတွေ ချည်း လွှတ်လိုက်ဖို့ စဉ်းစားသေးသည်။ သို့သော် စိတ်မချနိုင်ပြန်။ မိမိကိုယ်၌က သွားချင်နေခြင်းဖြစ်၏။ အငယ်နှစ်ယောက် က မအေ့ဆီသွားရမယ်ဆို၍ ပျော်နေသည်။ ဘင်ဂျမင်က သိပ် စိတ် မပါ။ ပွဲစဉ်တွေ လွတ်ကုန်မည်စိုး၍ ဆိုသည့်အကြောင်းပြချက်ဖြင့် အင်တင်တင်လုပ်နေသည်။ လိုက်အောင် မနည်းတိုက်တွန်းရ၏။
လေယာဉ်ပေါ် တွင်တော့ ကလေးတွေပျော်ကြသည်။ ဘော့စတွန်လေယာဉ်ကွင်းမှ မြို့ထဲသို့ တက္ကစီဖြင့် လာခဲ့ကြ သည်။ သူပေးထားသည့်လိပ်စာအတိုင်း မောင်းခိုင်း၏။ ဘရက်တယ်လမ်းနှင့်နီးလေ အော်လီဗာ ရင်တွေ ခုန်လေ ဖြစ်နေ၏။ ဆာရာ့ကို ကလေးတွေပို့ရုံပို့မည်ဟု ပြောထားခဲ့သည်။

ဆာရာ တံခါးဖွင့်ပေးသည်။ လှမ်းမြင်တော့ နှလုံးသွေးလည်ပတ်မှုရပ်သွားသလို ခံစားလိုက်ရ၏။ ခါတိုင်း လို ပင်လှနေဆဲ။ ပို၍ပင် လှနေပါသေးသည်။ ပိုရှည်လာသည့် ဆံပင်တွေက လည်ကုပ်ပေါ်တွင် ကပိုကရို ၀ဲလျက်။ ဂျင်းဘောင်းဘီနှင့် ကြည့်ကောင်းလှသည်။
ဟန်ကိုယ့် ဖို့ သဘောနှင့် ကလေးတွေရှေ့တွင် အော်လီဗာဟန်မပျက်နေသည်။ ဆာရာ က သူ့ပါးတစ်ဖက် ကို ဖွဖွနမ်းပြီး ကလေးတွေအား ပွေ့ဖက်နှုတ်ဆက်သည်။ ပြီးတော့ အထဲသို့ သွင်း သွားသည်။ အော်လီဗာ ကားကိုမောင်းထွက်ခိုင်းခဲ့သည်။ သူ့ကို မိမိတစ်ကိုယ်လုံးက တမ်းတနေခြင်း ပါ တကား။
ဆာရာ ငှားနေ သည့် အခန်းက နေချင်စဖွယ်ကလေး။ လှပသည့် ဧည့်ခန်းတစ်ခန်းပါသည်။ အိပ်ခန်းကမူ ခပ် ကျဉ်းကျဉ်း။ မြေညီထပ်ဖြစ် ၍ နောက်ဘက်တွင် ပေါင်းပင် ခပ်ထူထူနှင့် ပန်းခြံကလေးလည်းပါသည်။

နေ့လယ်စာ စားနေရင်း မအေ နှင့် စကားတွေ တ၀ကြီးပြောကြသည်။ ဆမ်ကလေးက မအေအနားက မခွာ။ တောက်တဲ့ကပ်သလို ကပ်နေ၏။ ဘင်ဂျမင် ရွှင်ပျရယ်မောနေသည်။ အော်လီဗာကမူ ဟိုတယ်ခန်း ထဲတွင် တစ်ယောက်တည်း။
နောက်ဆုံး တွင် သည်ဘူတာ ဆိုက်ခြင်းပါပဲ။ မိမိကို ဆာရာကန်ထုတ်လိုက်ပြီ။ မချစ်ပြင်ပြင် သွင်သွင်ကြီး စိမ်းပြီလေ။ ခံနိုင်ရည် ဟူသမျှတို့ ထိုတဒင်္ဂတွင် ကျဆုံးလေ၏။

အပျော်ကြီး ပျော်ခဲ့ကြသည့်အတိတ်ကို ပြန်တွေးရင်း မျက်ရည်တွေ စီးဆင်းလာပြန်သည်။ အပြင် ထွက်ခဲ့၏။ ဟားဗတ်တက္ကသိုလ် ပရိဝုဏ်အတွင်း အကြာကြီး လျှောက်သွားနေမိ၏။ တစ်ချိန် က နှစ်ယောက်သား လက်တွဲ လျှောက်ခဲ့ကြသည့် နေရာမှန်သမျှကို သတိရ တမ်းတ စွာ လျှောက်သွားနေမိခြင်း။
ဟိုတယ် ကို ပြန်ရောက်လာချိန်ထိ မျက်တောင်များတွင် မျက်ရည်စတွေ စိုစွတ်လျက်….။ ဘယ်လိုမှ နားမ လည်နိုင်အောင်ဖြစ်နေသည်။ ဘာမှ မပြောင်းလဲစေရပါဟူသည့် ကတိက၀တ်ဖြင့် သူ ကျောင်းပြန် တက်ခြင်း ဖြစ်၏။ ခုတော့ … သစ်စိမ်းချိုး ချိုးလေပြီ။

ဘာမှန်းမသိဘဲ နိဂုံးသို့ ရောက်သွားသည့် ဇာတ်လမ်းမျိုး ရက်စက်စွာ စိမ်းကားခြင်းမျိုး။ အစွန့်ပစ်ခံရသည့် ကလေးငယ် တစ်ယောက်လို စိတ်အားငယ်သွားသည်။ ညဘက် ဟိုတယ် အိပ်ခန်းထဲတွင် အငူသား ထိုင်ရင်း ဖုန်းကောက်လှည့်လိုက်သည်။
ပျံ့လွင့်နေသော ဂီတသံများနှင့်အတူ ပြုံးပျော်ရယ်မောနေကြသံများကို အတိုင်းသားကြားနေရ၏။ မိမိ ဘ၀ ပို၍ ပို၍ ခြောက်သွေ့သွားသည်ထင်လိုက်၏။
" ကိုယ် တောင်းပန်ပါတယ် ဆာရာ၊ အနှောင့်အယှက်ပေးသလို ဖြစ်နေရင် ခွင့်လွှတ်ပါ။ မင်းနဲ့ ကလေးတွေ ရဲ့ အချိန်ကို ကိုယ်ဖဲ့ယူတာ မဟုတ်ပါဘူး "
" အို … ကိစ္စမရှိဘူး၊ မီးဖိုခန်းထဲမှာ ပြောင်းဖူးပေါက်ပေါက်ဖောက်နေကြတယ်လေ၊ သူတို့အိပ်မှ ဆာရာပြန်ခေါ် မယ်လေ "
ပြောသည့် အတိုင်း သူပြန်ခေါ်တော့ သန်းခေါင်ကျော်နေပြီ။

" တို့တွေ ဘာဖြစ်နေကြတာလဲ ဆာရာ "
မေး ရတော့သည်၊ နှစ်လလုံးလုံး လာနိုးလာနိုးနှင့် တအောက်မေ့မေ့ စောင့်ခဲ့ရ၏။ သူ့ဆီ ပြန် မလာတော့ ဘူး ဆိုလျှင်လည်း အကျိုးအကြောင်းတော့ သိရမှဖြစ်မည်။
" ကိုယ်တော့ ဘာမှ နားမလည်တော့ဘူး ဆာရာ၊ မင်းသွားတုန်းက အပတ်စဉ် ပြန်လာမယ်ပြောသွားတယ်၊ ခုနစ်လကြာတော့ မင်းကိုယ့်ကို အနားကပ်မခံတော့ဘူး၊ ကွာရှင်းပြတ်စဲ ထားတဲ့ အပေါက်မျိုး မင်းချိုးနေတယ်"
" ဆာရာ လဲ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်နေဆဲပါ အော်လီ "
ခပ်တိုးတိုး ပြန်ပြောသည်။ သူ မေ့ထားချင်သည့်အသံ။ ဆွဲဆောင်မှုရှိသည့်အသံ။ သို့သော် တစ်ရံ တစ်ဆစ် မှ မေ့၍မရနိုင်ခဲ့ပါ။

" ဒီကိုရောက်လာကတည်းက အခြေအနေတွေပြောင်းသွားသလိုပဲ၊ ဒီဘ၀မျိုးကို ဘယ်လောက် ရချင်နေ တယ်ဆိုတာ ပိုပြီး နားလည်လာတယ်၊ နောက်ကို ပြန်မလှည့်နိုင်တော့ဘူး အော်လီဗာ၊ တစ်နေ့ နေ့ တော့ ဖြစ်လာမှာပေါ့လေ၊ ဒါပေမယ့် အဲဒီအခါမှာလဲ နဂိုအတိုင်းတော့ ပြန်ဖြစ်ကြတော့မယ် မထင်ဘူး "
" ဘယ်လို … ဘယ်လို … ဘာကြောင့် … ပြောပါဆာရာ၊ ကိုယ်သိခွင့်ရှိတယ်၊ သိဖို့လဲ လိုတယ် "
မျက်ရည်တွေ ကျလာပြန်သည်။ ကိုယ့်ကိုယ်ကို ပါးပိတ်ရိုက်ချင်စိတ် ပေါက်လာ၏။ ဒါလောက် ပျော့ညံ့ရ သလား။ မိမိ ဆောက်တည်ရာမရသလောက် သူက တည်တည်ငြိမ်ငြိမ်ပင် ….။
" ဆာရာ တိတိကျကျ မဖြေနိုင်ပါဘူး အော်လီဗာ၊ ဆာရာ့ဘ၀ဒီမှာရှိဖို့လိုတယ် ဆိုတာပဲသိတယ် "
" ကိုယ်တို့ ကျတော့ကော …. ကိုယ့်ကျတော့ ဘာလို့ အဲဒီမှာ လာနေလို့ မရတာလဲ "
မရှက်နိုင်တော့ ပါ။ သိက္ခာဟူသရွေ့လည်း မြူငွေ့မျှ မရှိတော့ပါ။ သိပ်ချစ်ခဲ့ရသည့် ချစ်သူ၊ ပြီးတော့ ဇနီးမယား မဟုတ်လား။

" ဆာရာ့အထင်တော့ ဆာရာ အော်လီဗာ့ ကို တွေ့ရမှာကြောက်နေတယ် "
" အဓိပ္ပာယ် မရှိတာ၊ ဘာဖြစ်လို့လဲ "
" မသိဘူး အော်လီဗာ၊ အော်လီဗာ က ဆာရာ့ဆီက အများကြီး ရယူချင်တယ်၊ ဆာရာက ဆာရာလေ တခြား တစ်ယောက် ဖြစ်သွားသလိုပဲ၊ ဆာရာ ဖြစ်စေချင်တဲ့ဘ၀ဖြစ်အောင် လုပ်မယ့်ဘ၀ကို ခုမှရောက်ရ သလို ပဲ၊ အဲဒီဘ၀ဟာ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တယ်၊ အမေ့လျော့ ခံနေခဲ့ရတယ်၊ အဲဒီဆာရာက ခုမှ အသက်ဝင် လာတာလေ၊ ဒီဘ၀ကို ဆာရာ လက်လွတ်မခံနိုင်တော့ဘူး၊ ဒီ့အတွက် ဆာရာ ဘာကိုပဲ စွန့်ရ စွန့်ရ၊ ဘယ်သူ့ကိုပဲ စွန့်ရစွန့်ရ"
" ဒါဖြင့် ကိုယ်တို့ နဲ့ ဆက်စပ်နေတဲ့ သူတွေကိုကျတော့ရော မင်း ချက်ချင်းမေ့လိုက်ပြီလား "
ခုနှစ်ပတ်သာ ရှိပါသေးသည်။ သူက ခုနှစ်နှစ်ကြာသွားသည့်အလား သဘောထားနိုင်နေပြီလား။

" ဆာရာ ဟာ ဟိုတုန်းက ဆာရာမဟုတ်တော့ဘူး အော်လီဗာ၊ ဟိုတုန်းက ဆာရာ ပြန်ဖြစ်ဖို့လဲ သိပ်မလွယ်တော့ ဘူး၊ အဲဒါကြောင့် အော်လီဗာ့ကို တွေ့ဖို့ကြောက်နေတာ ထင်ပါရဲ့၊ အော်လီဗာ့ကို မနှိပ် စက် ချင်ပါဘူး၊ ဒါပေမယ့် ဆာရာ အပြောင်းလဲကြီး ပြောင်းလဲသွားတာတော့ အမှန်ပဲ "
အသက်ရှူမှား မတတ်ဖြစ်သွားသည်။ သို့သော် ဆက်ပြီး မေးလိုက်နိုင်သေး၏။
" မင်းမှာ ချစ်သူ ရှိနေပြီလားဟင် "
သည်လောက်တိုတောင်းလှသည့် အချိန်အတွင်း ချစ်သူတွေ့နိုင်ပါမည်လား။ ပြောလို့ တော့မရ။ သူက အရွယ် သိပ်တင်ပြီး သိပ်လှ သည်လေ။ အိမ်ကထွက်သွားမှ ပို၍လှပနုပျိုနေသေး၏။

" ဟင့်အင်း ….. မရှိပါဘူး "
ခပ်ဆိုင်ဆိုင်း ဖြစ်သွားပြီးမှ…
" ဘယ်သူမှမရှိသေးပါဘူး၊ ဒါပေမယ့် ဆာရာ လွတ်လွတ်လပ်လပ်နေချင်တယ်၊ ပတ်ဝန်းကျင်နဲ့ လွတ်လွတ် လပ်လပ် ဆက်ဆံ ချင်တယ် "
ဘုရား …. ဘုရား။ အော်လီဗာ သူ့နားကို သူမယုံနိုင်အောင် ဖြစ်သွားသည်။ သို့သော် မယုံကြည်၍မရပါ။ တစ်ဖက် က အသံရှင်မှာ ဆာရာအစစ်ဖြစ်ပါသည်။
ဇာတ်လမ်း ဆုံးပြီပေါ့။
" ဒါဆိုရင်တော့ရှင်းပါပြီ၊ မင်းကို ကိုယ်ကွာရှင်းပေးရမလား "
တယ်လီဖုန်း ကို ကိုင်ထားသည့်လက်တွေ တဆတ်ဆတ်တုန်နေသည်။

" ဟင့်အင်း … မလိုသေးပါဘူး၊ ဘာလိုချင်တယ်ဆိုတာ ကိုယ့်ဟာကိုယ်လဲ သိပ်မသေချာသေးဘူးလေ "
မလိုသေးပါဘူး တဲ့။ အထိတ်တလန့် အကျောက်အကန် ငြင်းလိမ့်မည်ဟု အောက်မေ့ခဲ့၏။ မလိုသေးဘူး ဆိုတော့ အစီအစဉ်တော့ ရှိသည်ပေါ့။
" လိုချင်တဲ့ အချိန်ပြောလေ၊ မင်း ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ဆန် မင်းလုပ်တာ ဘယ်လောက် အဓိပ္ပာယ် မဲ့မဲ့ မင်းလိုချင်တယ်ဆိုရင် ကိုယ် ကွာရှင်းပေးပါ့မယ်၊ ဆယ့်ရှစ်နှစ်လုံးလုံး ပျော်ပျော်ရွှင်ရွှင် တည် ဆောက် ခဲ့တဲ့ ရိပ်မြုံတစ်ခု ကို မင်း တစ်စစီ လွှင့်ပစ်ခဲ့တာပဲ "
ခါးသီးစွာ ဒေါသဖြစ်မိ၏။ နာကြည်းစိတ်ဖြင့်လည်း ၀မ်းနည်းမိ၏။ တစ်ကိုယ် လုံး လောင်ကျွမ်း သွားမတတ် ပင်။

" အော်လီဗာ … သြော် … အော်လီဗာရယ် "
သူလည်း တရှုပ်ရှုပ်ငိုနေသံကြားရ၏။ ရှိုက်သံစွက်လျက် …
" အော်လီ့ ကို ဆာရာချစ်ပါတယ်ကွယ်၊ ချစ်နေတုန်းပါပဲ "
" မကြားချင်ဘူး … မကြားချင်ဘူး "
တအား ကျုံးအော်ပစ်လိုက်သည်။ သည့်ထက်သည်တိုးပြီး ခံနိုင်စွမ်းမရှိတော့ပါ။

" မနက်ဖြန် ညနေလေးနာရီမှာ လာခေါ်မယ်၊ ကလေးတွေကို တံခါးဝက အဆင်သင့်စောင့်ခိုင်းထားပါ "
သူနှင့် လုံးဝတွေ့ချင်စိတ်မရှိတော့။ အိပ်ရာနံဘေးမှ ဖုန်းခွက်ထဲသို့ တယ်လီဖုန်းကို အသာချလိုက်သည်။ အသည်းနှလုံးတွေ ပါ တယ်လီဖုန်းနှင့်အတူ ပါသွားသလိုခံစားလိုက်ရ၏။
တစ်သက်လုံး ချစ်ခဲ့ရသော ဆာရာဝတ်ဆင်ဟူသည့် မိန်းကလေးကား မိမိဘ၀အတွင်း ရုတ်ခြည်းပျောက် ကွယ် သွားလေပြီ။ အပြီးအပိုင်ထွက်ခွာသွားလေပြီ။ ဟိုတုန်းကတော့ သူတကယ်ရှိခဲ့ဖူးပါရဲ့လား ဟူသည် ပင် သံသယဖြစ်စရာပါကလား။

အခန်း (၉)


နောက်တစ်နေ့ညနေလေးနာရီတွင် တက္ကစီကားဖြင့်သွားခေါ်သည်။ သားသမီးတွေနှင့် တွေ့ချင်လှပြီ။ သည်တနင်္ဂနွေနေ့တွင် ညနေလေးနာရီရောက်ဖို့ကို တစ်ကမ္ဘာလောက် ကြာသည်ထင်ရ၏။ တစ်သက်တွင် ဘယ်တော့မှ မေ့နိုင်တော့မည့်နေ့ မဟုတ်။
မယ်လီဆာ အလျင်ထွက်လာသည်။ ပိုရင့်ကျက်လာပြီး ပိုလှလာသည်ထင်ရ၏။ အဖေ့ကို အဝေးကြီးကတည်းက လက်လှမ်းပြသည်။ သမီးကလေးကို ရွှင်ရွှင်ပျပျတွေ့ရတော့ ရင်ထဲပေါ့သွား၏။ ဘင်ဂျမင် နောက်ကလိုက်ထွက်လာ၏။ တစ်စုံတစ်ခုကို အလေးအနက်တွေးလာဟန်။ ထုံးစံအတိုင်း စိတ်ဓာတ်ကျနေပုံရ၏။ သူ့အမေအိမ်က ထွက်သွားပြီးချိန်မှစ၍ ဘင်ဂျမင် အချိုးပြောင်းလာခြင်းဖြစ်သည်။ အရွယ်ပိုင်းပြောင်းလဲမှုကြောင့် များလားမသိ။ ဆမ်က နောက်ဆုံးမှ ဧရာမအထုပ်ကြီးကို မနိုင်မနင်းပိုက်ပြီး ထွက်လာသည်။

အမေ က ၀က်ဝံရုပ်ကြီး လက်ဆောင်ဝယ်ပေးတော့ ဆမ်သဘောကျရမှန်း မကျရမှန်းမသိ၊ မသေမချာဖြစ်နေ ၏။ သို့သော် ညကတော့ ၀က်ဝံကြီးကို ဖက်အိပ်သည်။ နံနက်မိုးလင်းတော့ သဘော ကျ သွား၏။ အမြတ်တနိုးသယ်ချလာသည်။
ဘင်ဂျမင် က ရှေ့ခန်းတွင်ဝင်ထိုင်သည်။ ဆမ်နှင့်မယ်လိုဆာက အဖေ့နံဘေးတွင် ၀င်ထိုင်ကြသည်။ ဆမ်က မအေ့ ကို မော့ကြည့်သည်။ မျက်လုံးအစုံက ငိုထားမှန်းသိသာ၏။
" ဟဲလို … မာစတာဆမ်၊ ဘာတွေလဲဗျ "
" မေမေ ၀ယ်ပေးတာ၊ ၀က်ဝံရုပ်လေးလေ၊ ကံကောင်းအောင်လို့တဲ့ဖေဖေ "
မအေ၏ ကိုယ်နံ့သည် ဆမ်ကလေးထံတွင် ကပ်ပါလာသည်။ အကြာကြီးပွေ့ဖက်ထားဟန်တူပါ၏။ သည်ရေမွှေး နံ့ မွှေးငွေ့ကလေးရှူရရုံမျှ သူ့အကြောင်း တဒင်္ဂစဉ်းစားရုံမျှဖြင့် ရင်ထဲတွင် သိမ့်သိမ့်ခါသွား သည်။

ဆမ်က အထုပ်ကြီးကို ကားပေါ်ပစ်ချပြီး ဖအေကို သိုင်းဖက်သည်။ အိမ်ပေါက်ဝဆီသို့ တစ်ချက် လှမ်းကြည့် မိ သည်။ ဆာရာက တံခါးဝတွင်ရပ်ပြီး လက်ပြနေ၏။ ကားပေါ်မှ ခုန်ဆင်းပြီး တအားပြေးချ သွားလိုက်ချင်၏။ ပြီးတော့ အတင်းဆွဲကာ အားလုံးနှင့်အတူ ပြန်ခေါ်လာချင်၏။
သည်နည်းဖြင့် သူ စိတ်ပြန်လည်ကောင်း လည်လာနိုင်သည်။ ဘ၀ဟောင်းသို့ ပြန်လည်ခေါ်ဆောင်၍ မရ သည့် တိုင် အိနွေးနွေး ခန္ဓာကိုယ်ကလေးကို ခဏငယ်မျှတော့ ထွေးပိုက်ခွင့်ရမည်။
သို့သော် စိတ်ကိုတင်းပြီး မျက်နှာလွှဲပစ်လိုက်၏။ လေဆိပ်ကို မောင်းဖို့ ဒရိုင်ဘာအား အမိန့်ပေး လိုက်သည်။ တစ်ချက်ငဲ့ကြည့်မိပြန်သည်။ လက်ပြနေဆဲ တွေ့ရ၏။ လှချင်တိုင်းလှနေသည်။
ထိုစဉ် မယ်လီဆာ က သူ့လက်ထဲသို့ တစ်စုံတစ်ခု ထည့်ပေးလိုက်သည်။ ပိုးသားနှင့် လုပ်ထားသည့် ဖာ ကလေး၊ ဖွင့်ကြည့်လိုက်တော့ ခရစ္စမတ်တုန်းက လက်ဆောင် ၀ယ်ပေးထား သည့် မြလက်စွပ် ကလေး ပါလား။ စာရွက်ကလေးတွင် မယ်လီဆာအတွက် သိမ်းပေးထားပါဟု ရေးထား၏။ သည်စာတန်းကလေး ၏ အဓိပ္ပာယ်က ပြင်းထန်လှသည်။

ဘာမှမပြောဘဲ ဖာကလေးကို ကုတ်အင်္ကျီထဲ ထည့်ထားလိုက် သည်။ မေးရိုးကြီးတွေထောင် လျက် အေးစက် စက်မျက်လုံးများဖြင့် အပြင် သို့ ငေးရင်း လိုက်ပါလာသည်။
တစ်လမ်း လုံးအော်လီဗာ စကားတစ်ခွန်းမှမပြော၊ ကလေးတွေပြောပြသော သူတို့ အတွေ့အကြုံတွေကို နား ထောင်သည်။ သူတို့အမေ ချက်ပြုတ်ကျွေးသည့် ဟင်းလျာများအကြောင်း၊ အခန်း ကလေး နေချင်စဖွယ်ရှိ သည့် အကြောင်းစသည် … စသည်။
အားလုံး ကျေနပ်လာကြပုံရ၏။ အောင့်သက်သက်နှင့် နားထောင်နေရခြင်းဖြစ်၏။ ည ရှစ်နာရီတွင် နယူး ယောက် သို့ လေယာဉ်ဆိုက်သည်။
အက်နက် က ညစာ ပြင်ဆင်နေဆဲဖြစ်၏။ ကလေးတွေက သူတို့အမေအကြောင်း အက်နက်ကို ဆက်ပြီး ဖောက်သည်ချကြပြန်သည်။
ညစာဝိုင်း စားကြသည့်တိုင် သူတို့အမေအကြောင်း အိုင်ချင်းဖွဲ့လို့ မပြီးကြ။ အော်လီဗာ ဆက်ပြီး သည်း မခံ နိုင်တော့။ ၀ုန်းခနဲ ထရပ်ပြီး လက်သုတ်ပ၀ါကို ပစ်ချလိုက်သည်။ ကလေးတွေ သူ့ကို တအံ့တသြ ၀ိုင်းကြည့် နေကြ၏။

" မင်းတို့ ပျော်ကြတဲ့အတွက် ဖေဖေ ၀မ်းသာပါတယ်။ ဒါပေမယ့် ဒီအကြောင်း ထပ်နေပြီ၊ တခြား အကြောင်း ပြောစရာမရှိကြတော့ဘူးလား၊ နားကြားပြင်းကတ်တယ်"
အားလုံး မျက်နှာပျက်သွားကြသည်။
" အဲ … ဟို … ဆောရီး၊ ဖေဖေဆိုလိုတာက ဒီလိုလေ။ အဲ … ထားပါတော့ကွာ၊ ကိစ္စမရှိပါဘူး "
ဘာမှ ဆက်ပြော လို့ မထွက်တော့။ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အခန်းတံခါးပိတ်ပြီး အမှောင်ထဲ တွင် တစ်ယောက်တည်း ငေါင်စင်းစင်းထိုင်ကာ အပြင်သို့ ငေးနေမိ၏။ အပြင်တွင် လရောင်သည် ရွှန်းမြစွာ လင်း ထိန်နေသည်။

သူတို့က အမေနှင့် ပြန်တွေ့ခဲ့ကြ၍ ပျော်မဆုံးနိုင် ဖြစ်နေကြသည်။ မိမိက ပြန်တွေ့ခဲ့ခြင်းမဟုတ်၊ ဆုံးရှုံးခဲ့ ခြင်းဖြစ်၏။ နာရီလက်တံကို နောက်ပြန်လှည့်၍ မရတော့ပြီ။ သည်အဖြစ်ဆိုးမှ လွှဲရှောင်သွေဖယ် ရန် မဖြစ် နိုင်တော့ပြီ။ အချစ်ဆုံး၏ အချစ်တွေ ကုန်ဆုံးခဲ့ခြင်းဖြစ်ပါ၏။ မည်သည့်အခါမှ အချစ်စို့ အချစ်ညှောက်ကလေးများ ပြန်လည် ပေါက်ဖွားရှင်သန်လာနိုင်တော့မည်မဟုတ်တော့ပေ။
အိပ်ရာပေါ် တွင်ထိုင်ရင်း အပြင်သို့ မည်မျှကြာအောင် ငေးနေမိသည်မသိ။ ညောင်းလာတော့မှ လှဲချလိုက် သည်။ မျက်နှာကြက် ကို ဆက်ငေးမိပြန်သည်။ တံခါးခေါက်သံလိုလို ကြားလိုက်၏။
" ဖေဖေ " ဟု ခေါ်ရင်း မယ်လီဆာ ၀င်လာသည်။ လရောင် ထိုးဆင်းနေသော အိပ်ရာပေါ်တွင် လှဲနေသော အဖေကို တွေ့ရ၏။

" သမီး တောင်းပန်ပါတယ် ဖေဖေ၊ ဖေဖေ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာ မဟုတ်ပါဘူး၊ သမီးတို့"
" ဖေဖေသိပါတယ် သမီးရယ်၊ သမီးတို့မှာ ပျော်ပိုင်ခွင့်ရှိတာပဲ၊ အမေဟာ အမေပဲ မဟုတ်လား၊ အမေ နဲ့ တွေ့ရတော့ ပျော်တာပေါ့၊ ဖေဖေ သတိလက်လွတ်ဖြစ်သွားတာပါ။ အဖေတွေလဲ တစ်ခါ တလေ ဒေါသကုမ္ဗာရ ဖြစ်တတ်တယ်လေ "
ထထိုင်ပြီး မီးဖွင့်ရင်း ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
" သမီး တို့လိုပဲ ဖေဖေလဲ မေမေ့ကို အောက်မေ့တာပဲပေါ့ "
" ဖေဖေ့ ကို မေမေ က ချစ်တုန်းပါပဲလို့ ပြောပါတယ် "
မယ်လီဆာ သည် အဖေလုပ်သူ၏ သောကမျက်လုံးများကို ကြည့်ပြီး သနားသွားသည်။

" ဖေဖေ လဲ အတူတူပဲပေါ့ သမီးရယ်၊ ဒါပေမယ့် တစ်ခါတစ်ခါ အခြေအနေတွေ ပြောင်းလဲပုံက နား မလည် နိုင်စရာကောင်းလောက်အောင် ခက်ခဲတယ်လေ "
ဘ၀တစ်ခုလုံး အရှင်လတ်လတ် သေသွားသလို ဖြစ်ရခြင်းမျိုး။
" ကြာတော့လဲ ဖေဖေ နေသားကျသွားမှာပေါ့ သမီးရယ် "
မယ်လီဆာ ခေါင်းညိတ်သည်။ အမေ့ကို ကတိပေးခဲ့သည်။ အဖေ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ကြိုး စားပါမည်ဟူ၍။ ထိုညက ဆမ်ကလေးကို ချော့သိပ်သည်။ အဖေ့ဆီ သွားမအိပ်တော့ဘဲ ၀က်ဝံရုပ်ကြီးနှင့် ကိုယ့်အခန်းထဲမှာ ကိုယ်အိပ်ဖို့ ချော့ပြောရသည်။
" ဖေဖေ နေမကောင်းဘူးလားဟင် မမ၊ ကြည့်ရတာ တစ်မျိုးကြီးပဲ "
မယ်လီဆာ ခေါင်းယမ်းသည်။

" စိတ်ဓာတ်ကျနေတာပါ၊ မေမေနဲ့ တွေ့ရတာ ဖေဖေ့အဖို့ မလွယ်ဘူးထင်ပါတယ်ကွာ "
" ဆမ်တော့ အရမ်းပျော်တ်ာပဲ "
သူ့မျက်နှာကလေး ပြုံးနေသည်။ ၀က်ဝံရုပ်ကြီးကို တအားဖက်လျက်။ မယ်လီဆာလည်း သူနှင့်အတူ လိုက် ပြုံးမိ သည်။ နေ့ချင်းညချင်း အပုံကြီး ရင့်ကျက်သွားသလို ခံစားလိုက်ရ၏။
" မမ လဲ ပျော်တာပဲပေါ့၊ ဒါပေမယ့် ဖေဖေနဲ့ မေမေကတော့ ငါတို့လို ဘယ်ပျော်မလဲ "
ဆမ်ကလေး က နားလည်သလိုလိုနှင့် ခေါင်းညိတ်သည်။ သို့သော် သူ ဘာမှန်းမသိ။ ပြီးမှ အဖေနှင့် အမေအား မမေးသည့်မေးခွန်းကို အစ်မလုပ်သူအား မေးသည်။
" မေမေ ပြန်လာဦးမှာလားဟင်၊ ဟို … ဟို … ဖေဖေနဲ့ ဟိုတုန်းကလို ပြန်ဖြစ်ဦးမှာလား ပြောတာ "
မယ်လီဆာ ခဏတွေသွားသည်။ စိတ်ထဲကမူ အဖေ့လိုပင်သိနေသည်။

" မမလဲ သိပ်မသိပါဘူးကွယ်၊ သိပ်တော့မထင်ဘူး "
" ဖေဖေက မေမေ့ကို အရမ်းဒေါပွနေလားဟင် "
" အဲဒီလို မဟုတ်ပါဘူးဆမ်ရယ်၊ ၀မ်းနည်းနေတာပါ၊ ဒါကြောင့် ညက ပေါက်ကွဲသွားတာလေ "
ဆမ်ကလေးက ခေါင်းအုံးပေါ် လှဲချရင်း မယ်လီဆာ၏ ပါးကို နမ်းပြီး နှုတ်ဆက်သည်။ မယ်လီဆာ က မောင် လေးအား ငုံ့နမ်းရင်း ဆံပင်ကလေးတွေကို ဖွဖွ ပွတ်ပေးသည်။ မေမေသိပ်သည့် နည်း အတိုင်းလေ။

" မမကို ဆမ်ချစ်တယ် "
" မမကလဲ ဆမ် ဘယ်လောက်ဆိုးဆိုး ချစ်ပါတယ်ကွယ် "
မောင်နှမနှစ်ယောက် ရယ်ကြသည်။ မယ်လီဆာက မီးပိတ်လိုက်ပြီး တံခါးအသာပိတ်ကာ ထွက်လာခဲ့ သည်။ မိမိအခန်းထဲသို့ ၀င်မည်အပြုတွင် ဘင်ဂျမင်ကို လှမ်းမြင်လိုက်၏။ အပြင်ထွက်ဖို့ အကြံအဖန် လုပ် နေသည်။ ပြတင်းပေါက်မှ တွဲလောင်းခိုကာ မြေကြီးပေါ်သို့ ခုန်ချသည်။
မယ်လီဆာက အသံမပြုဘဲ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ အခန်းထဲရောက်တော့ ခန်းဆီးတွေ ဆွဲချပြီး အိပ်ရာပေါ် သို့ လှဲချလိုက်သည်။ တော်တော်နှင့် အိပ်မပျော်တွေးစရာတွေ အများကြီးရယ်လေ။ ဘင်ဂျမင်နှင့် ဆန္ဒရာ အကြောင်း။ ပြီးတော့ အဖေနှင့် အမေအကြောင်း။

ဆက်ရန်
.

1 comment:

Anonymous said...

ဆာရာဆိုတဲ့မိန်းမကိုရွံလိုက်တာ...။တကိုယ်‌ကောင်း
ဆန်လိုက်တဲ့မိန်းမ...။