Thursday, May 24, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂ဝ)

"ဂျက်စ်ပါ... မြန်မြန်လျှောက်စမ်း။ ဒီကောင် မြန်မြန်လျှောက်အောင် လုပ်စမ်း။ ကြိုးကိုဆွဲလေ... မဆွဲ နိုင် ဘူးလား။ ဘီယက်ထရစ်ပြောတာ မှန်တယ်။ ဒီကောင် သိပ်ဝနေပြီ"
"အစ်ကို က အရမ်းမြန်မြန်ကြီး လျှောက်နေတာကိုး... အစ်ကို့ကို မီအောင် ကျွန်မ တို့ မလိုက်နိုင်တော့ ဘူး"
"အဲဒီခွေးနောက် ကို လိုက်မသွားပါနဲ့လို့ ကိုယ် ပြောခဲ့တဲ့စကားကို မင်း နားထောင်ခဲ့ရင် အခုလောက်ဆို အိမ်ပြန်ရောက်နေပြီ။ ဂျက်စ်ပါက သူ့လမ်းကို သူ ကောင်းကောင်းသိတယ်။ ဘာဖြစ်လို့များ မင်း လိုက် သွားချင် ရသလဲဆိုတာ ကိုယ်တော့ မစဉ်းစားတတ်တော့ဘူး"
ကို ဆက်ဖတ်ရန်........

"သူ ရေထဲကျသွားမှာ စိုးလို့ပါ အစ်ကို... ဒီရေတက်နေတုန်းမို့ ရေထဲကျသွားမှာ စိုးလို့ပါ"ဟု ပြန်ပြော သည်။
"ဒီရေထဲမှာ ခွေးကျပြီး သေသွားတာမျိုး ကိုယ်က ဖြစ်စေချင်ပါ့မလားကွာ... အဲဒီကျောက်ဆောင်တွေ ပေါ်ကို လိုက်မသွားပါနဲ့လို့ မင်းကို အတန်တန် ပြောခဲ့တယ်။ မင်း နားမထောင်ဘူး။ အခုတော့ အမော ဆို့ပြီး ဒယီးဒယိုင်ဖြစ်နေပြီ မဟုတ်လား"
"ကျွန်မ ဒယီးဒယိုင် မဖြစ်ပါဘူး။ သံခြေထောက်တပ်ထားတဲ့ လူမျိုးတောင် ဒီလို ခြေလှမ်းကျဲမျိုး ကို မီ အောင် လျှောက်နေရင် မောမှာပဲ။ ဂျက်စ်ပါ နောက်ကို ကျွန်မ လိုက်သွားတုန်းက အစ်ကို လဲ နောက်မှာ ချိန်မနေရစ်ခဲ့ ဘဲ ကျွန်မနဲ့အတူတူ လိုက်လာလိမ့်မယ်လို့ ထင်တာ"

"အဲဒီခွေးစုတ်အတွက် ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အပင်ပန်းခံရမှာလဲ"
"ဂျက်စ်ပါနောက်ကို လိုက်ရတာ မျောလာတဲ့ သစ်တုံးတွေ ဆွဲတင်ခဲ့ရတာထက်တော့ ပိုပြီး မပင်ပန်းပါ ဘူး။ တခြားနည်း နဲ့ ဆင်ခြေမပေးတတ်လို့ ဒါကို အကြောင်းပြနေတာ"
"ဟောဗျာ... ကျုပ်က ကျုပ်ကိုယ်ကျုပ် ဘာဆင်ခြေတွေများ ပေးနေရဦးမှာလဲ"
"အို... ကျွန်မ မသိတော့ဘူး။ ဒီအကြောင်း တော်ပါတော့"
ကျွန်မက စိတ်ရှုပ်ထွေးနွမ်းနယ်စွာဖြင့် ပြန်ပြောမိသည်။

"ဟင် ဒီအကြောင်းကို မင်းက စပြောလာတာပဲ။ ပြောစမ်းပါဦး။ ကျုပ်က အကြောင်းပြပြီး ဆင်ခြေပေး တယ် ဆိုတာက ဘာလဲ... ဘာအတွက် ဆင်ခြေပေးရမှာလဲ"
"ဟို ကျောက်ဆောင်တွေပေါ်ကို ကျွန်မနဲအတူတူ မလိုက်ခဲ့မိတဲ့အတွက် ကျွန်မက ခွင့်လွှတ်အောင် အစ်ကို စကား လမ်းလွှဲပြီး ဆင်ခြင်ပေးနေတာ"
"ကောင်းပြီ... ဒါဖြင့်ရင် ဟိုဘက်ကမ်းခြေကိုဖြတ်ပြီး ကျုပ် မသွားချင်တာရော ဘာကြောင့်လို့ ထင်သ လဲ"
"အို... အစ်ကိုရယ်... ကျွန်မ ဘယ်လိုလုပ်သိနိုင်မှာလဲ။ လူတစ်ယောက်ရဲ့စိတ်ထဲမှာ ဖြစ်နေတာကို ကျွန်မ သိနိုင်တာ မှ မဟုတ်တာ။ ကျွန်မနဲ့အတူတူ အစ်ကို လိုက်မလာချင်ဘူးဆိုတာပဲ ကျွန်မ သိတယ်။ အစ်ကို့ မျက်နှာပေါ်မှာ ကျွန်မ မြင်နေရတယ်"
"မျက်နှာပေါ်မှာ ဘာကိုမြင်ရတာလဲ"

"ကျွန်မ ပြောပြီးပြီလေ... အစ်ကို မသွားချင်ဘူးဆိုတဲ့ အမူအရာကို ကျွန်မ မြင်ရတယ်။ အို... တော် ကြာပါစို့...ဒီအကြောင်းကြီး ဆက်ပြောနေရင် ကျွန်မ သေလိမ့်မယ်"
"ငြင်းလို့မနိုင်တော့ဘူးဆိုရင် မိန်းမတိုင်း ဒီစကားပြောတာပဲ။ ကောင်းပြီ။ ဒီဘက်ကမ်းခြေကို ကျုပ် မသွားချင်ဘူး။ ကဲ... ဒါဆိုရင် မင်း စိတ်ချမ်းသာပြီလား...။ အဲဒီ စုတ်ပဲ့တဲ့နေရာကို ကျုပ် ဘယ်တော့မှ မသွား ဘူး။ သောက်သုံး မကျလဲ အဲဒီတိုက်ပုဆီကိုလဲ မသွားဘူး။ ကျုပ်စိတ်ထဲမှာရှိနေတဲ့ အမှတ်သညာ မျိုးတွေ မင်းစိတ်ထဲ မှာ ရှိနေမယ် ဆိုရင် မင်းလဲ သွားချင်မှာမဟုတ်ဘူး။ မသွားချင်ရုံ မကသေးဘူး။ အဲဒီ အကြောင်း စကားစပ်မိ လို့တောင် ပြောချင်မှာမဟုတ်ဘူး။ မပြောချင်ရုံ မကသေးဘူး။ စိတ်ကောင်ကူး ချင်မှာမဟုတ်ဘူး။ ကဲ... ဒါလောက်ဆိုရင် မင်း ကျေနပ်လောက်ပြီလို့ ကျုပ် ထင်တယ်"

သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ပင်ပန်းကြီးစွာ ချုပ်တည်းထားရသည့် အမူအရာမျိုးမျက်လုံးထဲ မှာ ပေါ်လာသည်။ အရာရာကို ဆုံးရှုံးစွန့်လွှတ်ထားလိုက်ရသည့် အမူအရာမျိုး။ သူနှင့် ပထမဦးဆုံး စတင်မြင်ဖူးစဉ် က အမူအရာမျိုးကို ကျွန်မ ပြန်လည် မြင်တွေ့လာရပြန်သည်။ သူ့လက်မောင်းကို ကျွန်မ ပြေးဖက် လိုက်မိသည်။ တင်းတင်းကျပ်ကျပ်ကြီး ဆုပ်ကိုင်ထားလိုက်မိသည်။
"မလုပ်ပါနဲ့ အစ်ကိုရယ်... မလုပ်ပါနဲ့"
"ဒါက ဘာဖြစ်တာလဲ"ဟု သူက ကြမ်းကြမ်းတမ်းတမ်းပင် ပြန်မေးပါသည်။

"အဲဒီမျက်နှာထားမျိုးကြီး မလုပ်ပါနဲ့ အစ်ကိုရယ်... ကျွန်မ အသည်းနာလွန်းလို့ပါ။ မလုပ်ပါနဲ့ အချစ် ရယ်... ကျွန်မ တို့ပြောခဲ့မိတာတွေ အားလုံး မေ့ပစ်လိုက်ရအောင်ပါ။ ဘာအဓိပ္ပာယ်မှမရှိဘဲ ငြင်းခုံနေကြ ရတာပါ... ကျွန်မ စိတ်မကောင်း ပါဘူး အချစ်ရယ်။ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ အားလုံး အဆင်ပြေနေပါရစေရှင်... "
"တို့ အီတလီ မှာပဲ နေလိုက်ရင် ကောင်းမှာ။ ဒီမန်ဒါလေကို ပြန်လာဖြစ်ဖို့ မကောင်းဘူး။ အို... ဘုရား... ဘုရား... ငါ ဒီကို ပြန်လာမိတာ ဘယ်လောက်များ မိုက်မဲရာကျလိုက်သလဲကွာ"
သူသည် စိတ်မရှည်နိုင်တော့သလို သစ်ပင်များကြားထဲသို့ တရကြမ်းတိုးဝင်သွားသည်။ စောစောက ထက် ပိုပြီးတော့ လည်း ခြေလှမ်းက မြန်လာသေးသည်။ သူ့ကိုမီအောင် ကျွန်မ ပြေးလိုက်နေရသည်။ အသက်ကိုလည်း ဝအောင် မရှူနိုင်။ ကျလုဆဲဆဲ မျက်ရည်များကိုလည်း ထိန်းထားရသည်။ သနားစ ရာကောင်းသည့် ခွေးကလေး ဂျက်စ်ပါ ကိုလည်း ကြိုးနှင့် တအားဆောင့်ဆွဲလာခဲ့ရသည်။

နောက်ဆုံးတော့ လူသွားလမ်းဆုံသို့ ရောက်လာသည်။ တစ်ဖက်လမ်းက ပျော်စရာတောင်ကြားဆီသို့ ဦးတည် သွားသည်။ အိမ်မှထွက်လာစဉ်က ဂျက်စ်ပါ သွားလိုသည့် လမ်းအတိုင်း ကျွန်မတို့ ယခု ပြန်လာ ကြခြင်းဖြစ်သည်။ သည်လမ်းကလေးအတိုင်း ဂျက်စ်ပါ ဘာကြောင့်သွားလိုသည်ကို ယခုမှ ကျွန်မ သိရ တော့သည်။ သည်လမ်း ကလေး အတိုင်းသွားလျှင် သူ ကောင်းကောင်း ကျွမ်းကျင်သည့် ကမ်းခြေက လေးသို့ရောက်မည်။ ပြီးတော့ ထိုတိုက်ပုကလေး သို့ရောက်မည်။ သည်နေရာများသည် ယခင်တုန်းက သူ သွားနေကျ လာနေကျနေရာ များ ပင်တည်း။
မြက်ခင်းပြင်များသို့ ရောက်လာသည်။ စကားတစ်ခွန်းမျှမပြောဘဲ မြက်ခင်းများကိုဖြတ်ကာ အိမ်ကြီးဆီ သို့ တန်း လာကြသည်။ မက်ဇင်မ်၏မျက်နှာမှာ တင်းမာနေသည်။ အခန်းထဲသို့ တန်းဝင်သွားကာ ကျွန်မ ကို စောင်းငဲ့၍ မျှမကြည့်တော့ ဘဲ စာကြည့်ခန်းထဲသို့ တောက်လျှောက်ဆက်သွားသည်။ ခန်းမထဲမှာ ဖရစ် ရှိသည်။

"လက်ဖက်ရည် ချက်ချင်း လိုချင်တယ်"
မက်ဇင်မ် က ထိုမျှပြောပြီး စာကြည့်ခန်းတံခါးကို ပိတ်လိုက်သည်။
မျက်ရည်မကျအောင် ကျွန်မ အပြင်းအထန် ကြိုးစားနေရသည်။ ဒါတွေကို ဖရစ် မြင်လို့မဖြစ်။ ကျွန်မတို့ လင်မယား ရန်ဖြစ် လာကြပြီဟု သူ ထင်လိမ့်မည်။ အစေခံများအခန်းသို့ ထိုသတင်း ရောက်သွားလိမ့် မည်။ "အခုပဲ ခန်းမထဲ မှာ မစ္စက်ဒီဝင်းတား ငိုနေတယ်။ အဆင်မပြေ ဖြစ်ခဲ့ကြတယ်နဲ့တူတယ်"ဟူသော စကားမျိုးဖြင့် အခြားအစေခံ များကို ပြောပြလိမ့်မည်။ တစ်ဖက်သို့ ကျွန်မ လှည့်လိုက်သည်။ ထို့ကြောင့် ကျွန်မ မျက်နှာကို သူ မမြင်ရတော့။ ကျွန်မ ဆီသို့ သူ တန်းလာသည်။ မိုးကာကို ကူချွတ်ပေးသည်။

"မိုးကာ ကို ပန်းအလှပြင်တဲ့ အခန်းထဲမှာ ကျွန်တော် သွားသိမ်းထားပေးပါ့မယ် ဆရာကတော်"
"ကျေးဇူးတင်ပါတယ် ဖရစ်" ထိုသို့ ပြန်ပြာရင်း မျက်နှာကိုမူ တစ်ဖက်သို့ လွှဲထားမြဲ လွှဲထားမိသည်။
"ဒီကနေ့ လမ်းလျှောက်ရတာ သိပ်မကောင်းလှဘူး ထင်ပါတယ် ဆရာကတော်"
"သိပ်မကောင်းလှ ပါဘူး။ ရာသီဥတုက နည်းနည်းဆိုးတယ်"
"လက်ကိုင်ပဝါ ကျသွားပြီ ဆရာကတော်"
သူက ပြောပြောဆိုဆိုဖြင့် ကြမ်းပေါ်ကျသွားသည့် လက်ကိုင်ပဝါကို ကောက်ပေးသည်။

"ကျေးဇူးတင်ပါတယ်"ဟု ပြောရင၈်း ကျွန်မက အိတ်ထဲသို့ ယူထည့်လိုက်သည်။
အပေါ်ထပ်ရှိ အိပ်ခန်းသို့ တက်သွားရလျှင် ကောာင်းလေမည်လား။ မက်ဇင်မ် ဝင်သွားသည့် စာကြည့် ခန်းထဲသို့ပဲ လိုက်သွား ရကောင်းလေမည်လားဟု ကျွန်မ စဉ်းစားနေမိပါသည်။ ဖရစ်က မိုးကာကို ပန်း အလှပြင်သည့် အခန်းထဲ သို့ ယူသွားသည်။ ကျွန်မကမူ ထိုနေရာမှာပဲ ရပ်မြဲရပ်နေမိသည်။ ကြောင်အမ်း အမ်းရပ်နေရင်း  လက်သဲ များကို သွားဖြင့် ကိုက်နေမိသည်။ ဖရစ် ပြန်ရောက်လာသည်။ သည်နေရာမှာ ကျွန်မ ရပ်နေသည် ကို မြင်သော အခါ သူ အံ့အားသင့် သွားပုံရပါသည်။
"စာကြည့်ခန်း ထဲက မီးလင်းဖိုအရှိန် ကောင်းကောင်းရနေပါပြီ ဆရာကတော်"ဟု သူက ပြောသည်။
"ကျေးဇူးတင်ပါတယ် ဖရစ်" ဟု ကျွန်မ က ပြန်ပြောသည်။

ခန်းမကိုဖြတ်ပြီး စာကြည့်ခန်းရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့မိသည်။ တံခါးဖွင့်ပြီး အတွင်းသို့ ဝင်ခဲ့သည်။ မက်ဇင်မ် က သူ့ကုလားထိုင်မှာ ထိုင်နေသည်။ ဂျက်စ်ပါက သူ့ခြေထောက်နားမှာ ဝပ်နေပြီး ခွေးမကြီးက သူ့တောင်းထဲမှာ ရှိနေသည်။ မက်ဇင်မ်သည် သတင်းစာလည်း မဖတ်။ လက်နှစ်ဖက်ကို ကုလားထိုင် လက်တန်းပေါ် မှာ တင်ထားသည်။ ကျွန်မက သူ့ဘေးသို့သွားပြီး ဒူးထောက်ထိုင်ချကာ မျက်နှာကိုလည်း သူ့မျက်နှာ နား မှာ ကပ်ထားလိုက်ပါသည်။
"ကျွန်မ ကို စိတ်မဆိုးပါနဲ့နော်..."
ကျွန်မ က လေသံကလေးဖြင့် တိုးတိုးပြောသည်။
သူက ကျွန်မ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ယူကာ ပင်ပန်းနွမ်းနယ်ပြီး စိတ်တင်းထားရဟန်တူ သော မျက်လုံး အစုံဖြင့် ငုံ့ကြည့်လိုက်ပါသည်။
"မင်းကို စိတ်မဆိုးပါဘူးကွယ်"ဟုလည်း ပြောသည်။

"ဟုတ်ပါတယ် အစ်ကို ရယ်... အစ်ကို စိတ်မချမ်းသာအောင် ကျွန်မ လုပ်လိုက်မိပါတယ်။ အစ်ကို စိတ် ဆိုးအောင် လဲ လုပ်လိုက်မိသလို ဖြစ်သွားပါတယ်။ အစ်ကို့ရင်ထဲက အသည်းနှလုံးတွေမှာ ဒဏ်ရာဒဏ် ချက်တွေ ရှိနေတာပါ။ အစ်ကို အခုလို ခံစားနေရတာကို ကျွန်မ မကြည့်ရက်ပါဘူး။ အစ်ကိုကို့ ကျွန်မ အရမ်းချစ်ပါတယ်"
"ဟုတ်ရဲ့လားကွယ်..."
ကျွန်မ ကို သူ တင်းတင်းကျပ်ကျပ်ကြီး ဖက်ထားပါသည်။ သူ့မျက်လုံးများကလည်း ကျွန်မကို စူးစမ်းသ လို ကြည့်နေ ပါသည်။ နက်မှောင်သော မျက်လုံးများ။ ဇဝေဇဝါဖြစ်နေသော မျက်လုံးများ။ ဒဏ်ရာတစ် ခုခုကြောင့် နာကျင်ပြီး ထိတ်လန့်စရာနှင့် ကြုံတွေ့နေရသော ကလေးငယ်၏မျက်လုံးများ။
"ဘာဖြစ်တာလဲ အချစ်ရယ်... ဘာဖြစ်လို့ အဲဒီလိုကြည့်နေရတာလဲ အစ်ကိုရယ်"ဟု ကျွန်မက မေးမိပါ သည်။

သူ အဖြေပြန်မပေးနိုင်ခင် အခန်းတံခါးဖွင့်သံ ကြားရသည်။ ကျွန်မလည်း မတ်မတ်ပြန်ရပ်လိုက်ရသည်။ ထင်းတုံး တစ်တုံးကိုယူပြီး မီးလင်းဖိုထဲကို ပစ်ထည့်လိုက်ဟန်ဆောင်လိုက်ရပါသည်။ ဖရစ်နှင့် ရောဘတ်တို့ လက်ဖက်ရည် ခရားနှင့် ပန်းကန်များယူပြီး ဝင်လာကြသည်။
မနေ့က အဖြစ်အပျက်များအတိုင်း တသဝေမတိမ်း ပြန်ဖြစ်ပြန်သည်။ စားပွဲကို ခင်းသည်။ နှင်းပွင့်လို ဆွတ်ဆွတ်ဖြူသော စားပွဲခင်းနှင့်အုပ်သည်။ ကိတ်မုန့်နှင့် ပေါင်မုန့်မီးကင်များ ချသည်။ ကျိုက်ကျိုက်ဆူ နေသော ငွေရေနွေးခရားကို မီးတောက်သေးသော ဖိုကလေးပေါ်မှာတင်သည်။ ဂျက်စ်ပါက အမြီး ကိုနန့် ကာ နားရွက်များကို ကားထားသည်။ ကျွန်မ မျက်နှာကို မော့ကြည့်နေသည်။ ကျွန်မတို့ လင်မယားနှစ် ယောက်တည်း လွတ်လွတ်လပ်လပ်နေနိုင်ဖို့အတွက် နောက်ထပ် ငါးမိနစ်လောက် စောင့်ရပေ ဦးတော့ မည်။ မက်ဇင်မ်၏မျက်နှာကို ကျွန်မ လှမ်းကြည့်လိုက်တော့ သွေးရောင်ပြည့်လျှမ်းနေသည်ကို မြင်ရပြန် သည်။ ပင်ပန်းနွမ်းနယ်နေသော အမူအရာ၊ အားလုံးကို ဆုံးရှုံးလိုက်ရသော အမူအရာများ ပျောက်ကွယ် သွားသည်။ အသားညှပ်ပေါင်မုန့်ကို သူ လှမ်းယူသည်။

"လူတစ်အုပ်ကြီး ကို နေ့လယ်စာကျွေးလိုက်ရတာဟာ တကယ့်ဒုက္ခကြီးတစ်ရပ်ပါပဲ။ ကိုယ့်အစ်မ ဘီယက်ထရစ် ဟာ မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်တာလို အင်မတန် မဟုတ်တာတွေ ပြောတယ်။ ကိုယ်တို့ နှစ်ယောက် ဟာ ခွေးနဲ့ကလးတွေလိုပဲ။ သူ့ကို ကိုယ် အင်မတန် ချစ်တယ်။ ဒါပေမဲ့ သူနဲ့ နီးနီး နားနား မနေဖြစ် လို့ တော်သေးတယ်။ သူနဲ့ကိုယ်က နီးတကျက်ကျက် ဝေးတစ်သက်သက်ဆိုတာလိုပဲ။ သူ ရောက်လာတဲ့အတွက် အဘွားနဲ့တွေ့ဖို့ ကိုယ်တို့ကို သတိပေးလိုက်သလိုတော့ ဖြစ်သွားတာပေါ့ လေ။ ကဲ... လက်ဖက်ရည်လေး ထည့်လိုက်ပါဦး အချစ်ရယ်... မင်း စိတ်မချမ်းမသာဖြစ်အောင် လုပ် လိုက်မိတဲ့အတွက် ကိုယ့်ကို ခွင့်လွှတ်ပါ။"

အားလုံးပြီးသွားပါပြီ။ အရေးအခင်းကြီးတစ်ခု နိဋ္ဌိတံသွားပါပြီ။ သည်အကြောင်းကို ကျွန်မတို့ပြန်ပြော ကြတော့မည် မဟုတ်ပါ။ လက်ဖက်ရည် ပန်းကန်လုံးပေါ်မှကျော်ပြီး ကျွန်မကို သူ ပြုံးပြပါသည်။ ပြီးတော့ ကုလားထိုင် လက်တန်းပေါ်မှ သတင်းစာကို ယူဖတ်နေပါသည်။ သူ့အပြုံးသည်ကား ကျွန်မကို ဆုချလိုက်သည့် အပြုံးမျိုး၊ ခွေးကလေးဂျက်စ်ပါ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည့် သဘောမျိုး။ ဂျက်စ်ပါကတော့ ငြိမ်သက်စွာဝပ်နေပြီး ကျွန်မအတွက် ဘယ်လိုမှ သောကမရောက်သည့်ပုံ။ ကျွန်မ လည်း ဂျက်စ်ပါ၏ဘဝမျိုး သို့ ပြန်ရောက်သွားပြန်သည်။ ပေါင်မုန့်မီးကင်တစ်ချပ်ကိုယူပြီး ထက်ပိုင်းပိုင်း ကာ ခွေးနှစ်ကောင် ကို ကျွေး လိုက်ပါသည်။ ကျွန်မကိုယ်တိုင်ကမူ မဆာသဖြင့် စားချင်စိတ်မရှိပါ။

ကျွန်မစိတ်ထဲမှာ ငြီးငွေ့သလို ဖြစ်လာပါသည်။ လေးလံထိုင်းမှိုင်းပြီး အလွန်တရာလည်း ပင်ပန်းနွမ်း နယ်သွားပါသည်။ မက်ဇင်မ်ကို လှမ်းကြည့်လိုက်တော့ သတင်းစာဖတ်နေသည်ကို တွေ့ရသည်။ ကျွန်မ လက် မှာ ထောပတ်များ ပေသွားသည်။ ထို့ကြောင့် အိတ်ထဲမှ လက်ကိုင်ပဝါကို စမ်းနှိုက်လိုက် သည်။ လက်ကိုင်ပဝါက ခပ်သေးသေး။ အနားဖျားက ဖွာနေသည်။ လက်ကိုင်ပဝါကို စိုက်ကြည့်နေရင်း ကျွန်မ၏လက်ကိုင်ပဝါမဟုတ်မှန်း သိသဖြင့် မျက်မှောင်ကုတ်လိုက်မိပါသည်။ သည်လက်ကိုင်ပဝါကို ခန်းမထဲရှိ ကြမ်းပြင်ပေါ်မှ ဖရစ်ကောက်ပေး ခဲ့သည်ကို ပြန်မှတ်မိပါသည်။ မိုးကာအင်္ကျီအိတ်ထဲမှ ကျ သွားခြင်းဖြစ်ပေလိမ့်မည်။ တစ်ဖက်သို့လှည့်ပြီး ကြည့် မိသည်။ မိုးကာအင်္ကျီအိတ်ထဲမှာ အချိန်အတော် ကြာရှိနေခဲ့ဟန် တူပါသည်။

ထောင့်တစ်ခုတွင် နာမည်စာလုံးအတိုကောက်တစ်ခုကို တွေ့ရပါသည်။ ရှည်လျားသော (ရကောက်) အက္ခရာနှင့် (ဒ-ဝ) စာလုံးများကို တွေ့ရပါသည်။ ရကောက်အက္ခရာက ရှည်လျားလွန်းသဖြင့် အခြား စာလုံးများ ပုဝင် သွားပါသည်။ တစ်စုံတစ်ယောက်သည် ထိုလက်ကိုင်ပဝါကို လုံးခြေပြီး မိုးကာအင်္ကျီ အိတ်ထဲ မှာ မေ့လျော့ထည့်ထားခဲ့ဟန်တူပါသည်။
လက်ကိုင်ပဝါကို ထည့်ထားသည့် အချိန်မှစ၍ မိုးကာကို အသုံးပြုသူမှာ ကျွန်မသည် ပထမဦးဆုံး လူ ဖြစ်နိုင်ပါသည်။ ထိုမိုးကာကို ဝတ်ခဲ့သူအမျိုးသမီးသည် အရပ်ထောင်ထောင်မောင်းမောင်းဖြစ်ရမည်။ ကိုယ်လုံး သွယ် ရမည်။ ပခုံးကျယ်ရမည်။ ကျွန်မ ဝတ်စဉ်က အောက်မှာ ဒရွတ်တိုက်ခမန်းရှိနေသည်။ လက်ကလည်း လက်ကောက်ဝတ် ကို ကျော်နေသည်။ ကြယ်သီးအချို့ပြုတ်နေသည်။  ထိုအမျိုးသမီး သည် ဒါတွေကို ဂရုစိုက်ဟန်မပေါ်။ ပခုံးပေါ်သို့ ပစ်စလတ်ခတ်တင်ကာ သက်တောင့်သက်သာပင် လျှောက်သွားနေဟန်တူသည်။

လက်ကိုင်ပဝါပေါ်မှာ ပန်းရောင်အမှတ်ကလေးတစ်ခုရှိနေသည်။ နှုတ် ခမ်းဆိုးဆေးများ စွန်းထင်းနေခြင်းဖြစ် သည်။ ထိုအမျိုးသမီးသည် သူ့နှုတ်ခမ်းကို သည်လက်ကိုင်ပဝါနှင့် ပွတ်လိုက်ပြီး လုံးထွေးကာ အိတ်ထဲ ထည့်ထားခဲ့ဟန် တူသည်။ ကျွန်မ လက်မှာပေနေသည့် ထောပတ် များနှင့် ထိုလက်ကိုင်ပဝါနှင့်သုတ်လိုက်သည်။ စူးဝါးသောအမွှေးနံ့တစ်မျိုး ထောင်းကနဲထွက်လာသည်။ သည်အနံ့ကို မှတ်မိသလိုလို ရှိနေသည်။ မျက်စိမှိတ်ပြီး စဉ်းစား လိုက်သည်။ ရုတ်တရက် ပေါ်မလာပါ။ ယနေ့ ညနေပိုင်းမှာပင် သည်အနံ့ကို ရှူရှိုက်ခဲ့ရသည်ဟု ထင်မှတ်မိ ပါသည်။
နောက်ဆုံး ကျတော့မှ ပျော်စရာတောင်ကြားကလေးထဲတွင် မက်ဇင်မ် ကောက်ပေးသည့် အဇေလီယာ ပန်းပွင့် ကို ခြေစဉ်က ထွက်လာသည့်အနံ့မျိုးဖြစ်ကြောင်း အမှတ်ရပါတော့သည်။

အခန်း (၁၁)

ရက်သတ္တပတ်လုံးလိုလို မိုးရွာပြီး အအေးပိုကာ ရာသီဥတုက အလွန်အမင်း ဆိုးဝါးနေသည်။ ပင်လယ် ကမ်းစပ်သို့လည်း ကျွန်မတို့ ထပ်မသွားဖြစ်ကြတော့ပါ။ ကုန်းစောင်းလှေကားထစ်နှင့် မြက်ခင်းပေါ်မှ လှမ်းကြည့်လိုက်လျှင်တော့ ပင်လယ်ပြင်ကိုမြင်တွေ့နိုင်ပါသည်။ ပင်လယ်၏အရောင်မှာ ညိုပုပ်နေ သည်။ လှိုင်းလုံးကြီးတွနှင့် အရုပ်ဆိုးလှသည်။ လှိုင်းပုတ်သံများကိုလည်း တဝေါဝေါကြားနေရ သည်။ လေးလံထိုင်းမှိုင်း သည့် အသံဆိုးကြီးများနှင့် တူနေသည်။
ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးဝါးနေသောကြောင့် စင်ရော်ငှက်များလည်း ကျွန်မတို့အိမ်ဘက်ဆီသို့ အုပ်လိုက်ပျံလာနေကြသည်။ ပြီးတော့ အိမ်အမိုးအပေါ်မှာ အထပ်ထပ်အခါခါဝဲရင်း အော်ဟစ်နေကြ သည်။ သူတို့ အော်သည်မှာ ငိုညည်းသံနှင့်ပင် တူသေးတော့သည်။ အချို့လူများသည် ပင်လယ်၏ဆူ သံညံသံများကို နားမခံနိုင်ကြောင်း ကြားဖူးသည်။ ထိုအကြောင်းကို ယခုမှ ကျွန်မ နားလည်သဘော ပေါက်တော့သည်။ ဝမ်းနည်း ပူဆွေးနေ သည်နှင့်တူလွန်းပါပေသည်။

ကျွန်မတို့၏အိပ်ခန်းသည် အရှေ့ဘက်ဆောင်တွင်ရှိနေသည့်အတွက် ဝမ်းသာမိပါသည်။ ပြတင်းပေါက် မှ ငုံ့ကြည့်လိုက်လျှင် နှင်းဆီခြံကို မြင်ရသည်။ တစ်ခါတစ်ရံတွင် ကျွန်မ အိပ်မပျော်ပါ။ ထိုအခါမျိုးတွင် အိပ်ရာမှ ဖြည်းဖြည်းကလေးထကာ ပြတင်းပေါက်သို့လျှောက်လာခဲ့သည်။ ပြတင်းဘောင်ပေါ်မှာ လက် ထောက်မိရင်း အပြင်ကို ငေးကြည့်မိသည်။ တိုက်ခတ်နေသော လေပြည်လေညှင်းကလေးက အလွန် အေးငြိမ်းလှပါသည်။ ကျွန်မတို့နေသည့် အရှေ့ဘက်ဆောင်၏ငြိမ်းချမ်းမှုများ၊ တိတ်ဆိတ်မှုများကို ကျွန်မနှစ်ခြိုက် မိပါသည်။
ပင်လယ်ပြင်ကြီးကို ကျွန်မ မကြည့်ချင်တော့ပါ။  ပင်လယင်၏အသံများကိုလည်း နားမထောင်ချင်တော့ ပါ။ ပင်လယ် ကိုမြင်လျှင်၊ သို့တည်းမဟုတ် ပင်လယ်၏အသံကို ကြားရလျှင် ဟိုနေ့က အဖြစ်အပျက်တွေ ကို ပြန်လည်အမှတ်ရစေပါသည်။ လူသူကင်းမဲ့နေသော တိုက်ပုကလေး၊ အပြာကွက်များ စွန်းပေနေ သည့် ပန်းကန်ခွက်ယောက် များ၊ သင်္ဘောပုံစံငယ်များတွင် ယှက်သွယ်နေသည့် ပင့်ကူအိမ်များ၊ ကြွက် ကိုက်ထားသည့် ဆိုဖာခုတင်၊ ပျက်စီးယိုယွင်းစပြုနေသည့် စာအုပ်များ... ပြီးတော့ စိတ်မနှံ့သူတစ် ယောက်လို ပြုံးတတ် သည့် သောင်ပြင်ပေါ်မှ ဘင်း... ဒါတွေကို ပြန်လည်အမှတ်ရစေပါသည်။

ထိုအရာအားလုံးက ကျွန်မကို ဒုက္ခများစွာပေးပါသည်။ စိတ်အနှောင့်အယှက်များစွာ ဖြစ်စေပါသည်။ ကျွန်မ လုံးဝမပျော်ပိုက်နိုင်ပါ။ ဒီအကြောင်းများကို မေ့ပစ်လိုက်ချင်ပါသည်။ မေ့ပစ်ချင်စိတ်နှင့်အတူ ဘာကြောင့် ကျွန်မစိတ်ကို အနှောင့်အယှက် ဖြစ်စေရသနည်းဆိုသည်ကိုလည်း သိချင်ပါသည်။
တောအုပ်ထဲက လူသွားလမ်းကလေးအတိုင်း လမ်းလျှောက်ပြန်လာကြစဉ်က မက်ဇင်မ်၏ဖြူရော်ရော် မျက်နှာ၊ အရာရာကို ဆုံးရှုံးသွားသလိုခံစားလိုက်ရသည့် မျက်နှာကိုလည်း မမေ့နိုင်ပါ။ "အို... ဘုရား... ဘုရား... ငါ ဒီကို ပြန် လာမိတာ ဘယ်လောက်များမိုက်မဲရာကျလိုက်သလဲကွာ..."ဟူသော မက်ဇင်မ်၏ စကားကိုလည်း ကျွန်မ မမေ့နိုင်တော့ပါ။ ဒါတွေ အားလုံး ကျွန်မ၏အမှားများသာဖြစ်ပါသည်။ တိုက်ပု ကလေးရှိရာ ပင်လယ်အော်ဘက် သို့ ကျွန်မ သွားခဲ့မိသောကြောင့် ဒါတွေ ပေါ်ပေါက်လာရခြင်းဖြစ်ပါ သည်။

သို့ကလို လိုက်သွားမိခြင်းအားဖြင့် မက်ဇင်မ်၏အတိတ်အကြောင်းများကို ပြန်လှန်လိုက်သလို ဖြစ်သွား သည်။ တကယ်တော့ အတိတ်ကာလတုန်းက ကြုံတွေ့ခဲ့ရသည့်ဒုက္ခများမှ သူ လွတ်မြောက်ခဲ့ပြီးပြီ လည်း ဖြစ်၏။ ယခုတော့ အဟောင်းတွေ အသစ်ဖြစ်အောင် ကျွန်မက လုပ်လိုက်သလို ဖြစ်သွားလေ တော့သည်။
ကျွန်မတို့ နှစ်ယောက် အတူနေကြသည်မှာ မှန်ပါသည်။ အတူအိပ်သည်။ အတူ အစားစားသည်။ အတူ လမ်းလျှောက် သည်။  စာတွေအတူရေးကြသည်။ ကျေးရွာများသို့ ကားအတူစီးသွားကြသည်။  တစ်နေ ကုန် အလုပ် လုပ်ကြသည်။

သို့သော်လည်း အတိတ်အကြောင်းကြီးက ကျွန်မတို့လင်မယားနှစ်ယောက် ကြားတွင် အရံအတားကြီး လို ဖြစ်နေသည်။ ထိုအရံအတားကြီး၏ဟိုမှာဘက်တွင် သူ ရှိနေသည်။ သည် မှာဘက်တွင် ကျွန်မ ရှိနေသည်။ သည် အကြောင်း ကို စဉ်းစားလိုက်မိသောအခါတွင် ကျွန်မရင်ထဲမှာ ကတုန်ကယင်ကြီး ဖြစ် လာပါ သည်။ ကြောက်စိတ်တွေ ဝင်လာပါသည်။
ပင်လယ်နှင့် ပတ်သက်သည့်အကြောင်းများကို မပြောမိအောင် ကျွန်မ သတိထားရှောင်မှဖြစ်တော့မည်။ သည် အကြောင်း ကို ပြောမိလျှင် မက်ဇင်မ်၏မျက်နှာပေးမှာ ပင်ပန်းနွမ်းနယ်ရိပ်တွေ ပေါ်လာဦးမည်။ ဆုံးရှုံးရသော အရိပ် အယောင်တွေ ပေါ်လာဦးမည်။ ပင်လယ်အကြောင်းပြောမိလျှင် ဇိမ်ခံရွက်သင်္ဘော ကို သတိရမည်။ ဇိမ်ခံရွက် သင်္ဘောကို သတိရလျှင် မတော်တဆမှုကို စဉ်းစားမိမည်။ မတော်တဆမှုကို စဉ်းစားမိ လျှင် ရေနစ်သေဆုံး သွားသည့် ရဘက်ကာ၏အကြောင်းများက အသစ်ဖြစ်လာပေဦးတော့ မည်။

တစ်ခါတုန်းက ကျွန်မတို့နှင့်အတူ ဖရင့်ခရော်လေ နေ့လယ်စာ လာစားသည်။ ကားရစ်မြို့ဆိပ်ကမ်း တွင် ရွက်လှေပြိုင်ပွဲ ကျင်းပသည့်အကြောင်း ခရော်လေက ပြောပြနေသည်။ ထိုအကြောင်းပြောသံက လေး ကြားရုံမျှဖြင့် ကျွန်မမှာ ဖျားချင်သလိုလို နာကျင်သလိုလို ဖြစ်လာသည်။ အထိတ်တလန့်လည်း ဖြစ်လာသည်။ ကားရစ်မြို့၏ဆိပ်ကမ်းသည် ကျွန်မတို့ဆီမှ သုံးမိုင်ခန့်ဝေးပါသည်။ သို့သော်လည်း ကျွန်မမှာတော့ နှလုံးတုန် ရင်ခုန်ဖြစ် သွားကာ ရှေ့မှာထိုင်နေသည့် ပန်းကန်ပြားကိုသာ မမှိတ်မသုန် စိုက်ကြည့်နေရပါတော့သည်။
မက်ဇင်မ်ကတော့ ဘာမျှမဖြစ်သလို အေးအေးဆေးဆေးပင် စကားဆက်ပြောနေသည်။ ကားရစ်ဆိပ် ကမ်းမှ ရွက်လှေပြိုင်ပွဲအကြောင်း ကြားရသော်လည်း သူ့စိတ်ကိုထိခိုက်ပုံမရပါ။ ကျွန်မမှာတော့ အထိတ် တလန့် ဖြစ်နေမိသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

ဘာတွေပြောကြဦးမှာလဲဟု တွေးရင်း ချွေးစီးများ ပြန်လာသည်။ မတတ်နိုင်တော့သည့်အဆုံးတွင် နံရံဘေးက စင်ရှိရာသို့သွားပြီး ပေါင်မုန့်ယို သုတ်နေလိုက်ရတော့သည်။ သီချင်းတစ်ပုဒ်ကိုလည် လေသံဖြင့် ညည်းနေမိသည်။ သူတို့ပြောနေကြ သည့် စကားလုံးများကို မကြားမိစေရန် ဖြစ်ပါသည်။
ယင်းသို့သော စိတ်ခံစားမှုများကြောင့် ကျွန်မသည် ပုံမှန်မဟုတ်ကြောင်း၊ မိုက်မဲကြာင်း၊ စိတ်ဝေဒနာ တစ်ခုခုကို ခံစားလွယ်သူဖြစ်ကြောင်း ကျွန်မ သိပါသည်။ သို့သော်လည်း ကျွန်မ ထိန်းသိမ်းနိုင်စွမ်းမရှိ ပါ။ ဘာလုပ်ရမှန်း လည်း မသိပါ။ ကျွန်မ၏ရှက်တတ်သောအကျင့်နှင့် လူကိုကြောက်သောအကျင့်သည် လည်း ပိုဆိုးလာပါသည်။
ကျွန်မတို့၏စံအိမ်ကြီးသို့ အနီးပတ်ဝန်းကျင်မှ လူများ လာရောက်လည်ပတ်လေ့ရှိကြပါသည်။ ကျွန်မတို့ ကို လာရောက်နှုတ်ဆက်ကြခြင်းလည်း ဖြစ်ပါသည်။ သည်လိုအခါမျိုးတွင် ကျွန်မ အနေဖြင့် ရှောင်တိမ်း နေ၍မဖြစ်တော့။ မလွှဲမသွေ လက်ခံစကားပြောရပါတော့သည်။ မန်ဒါလေသို့ ကျွန်မတို့ ရောက်ပြီး စောစောပိုင်း ရက်များက ဧည့်သည်များအဆက်မပြတ် ရောက်လာသည်။ အနီးပတ်ဝန်းကျင်မှ လူများ ဖြစ်သည်။ သူတို့ကို နာရီဝက်လောက် ဧည့်ခံစကားပြောရသည့်ဒုက္ခမှာ ကျွန်မအတွက် အလွန်တရာ ကြီးမား လှပါသည်။ မပြောသင့်သော စကားများကို သူတို့ပြောချင်လိုက်လေမည်လား။ မဆွေးနွေးသင့် သော အကြောင်းအရာ များကို သူတို့ ဖွင့်ဆွေးနွေးလိုက်လေမည်လားဟု ရင်တထိတ်ထိတ်နှင့် နေခဲ့ရပါ သည်။

မန်ဒါလေသို့ရောက်ပြီး နောက်တစ်နေ့တွင် ဘီယက်ထရစ်တို့လင်မယားရောက်လာသည်။ ခြံဝင်း အတွင်းသို့ ကားမောင်းဝင်လာသံကြားလိုက်ရသည်နှင့်တစ်ပြိုင်တည်း ထိတ်လန့်တကြားဖြစ်ကာ နံနက် ခန်းထဲမှ ထွက်ပြေး ခဲ့ဖူးပါသည်။ ယခုလည်း ဧည့်သည်လာပြီဆိုလျှင် ကျွန်မ၏အိပ်ခန်းထဲသို့ ပြေးဝင် ပုန်းအောင်းနေမိပြန်ပါသည်။ မျက်နှာပေါင်ဒါသသည်။ ဆံပင်ဖြီးသည်။ သို့သော်လည်း ရှောင်တိမ်းမရ နိုင်ပါ။ အိမ်ဖော်တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ဧည့်သည်ရောက်နေကြောင်း ပြောတော့ သည်။
"နေကောင်းကြပါသလားရှင်... ထိုင်ကြပါဦး။ မက်ဇင်မ်တော့ ဥယျာဉ်ထဲ ရောက်နေတယ်ထင်ပါရဲ့၊ ဖရစ် လိုက်ခေါ်နေပါပြီ" စသော စကားကို ဟန်မပျက် ပြောရတော့သည်။
"မဟုတ်ပါဘူးရှင်...သတို့သမီး ကို နှုတ်ဆက်ချင်လို့ ကျွန်မတို့ လာတာပါ"ဟု သူတို့က ပြောသည်။

ပြီးတော့ စကားအနည်းငယ်ဆက်ပြောသည်။ ရယ်မောသံကလေးတွေ ထွက်လာသည်။ စကားပြော ခဏရပ်ကြ သည်။ အခန်းကို မျက်လုံးဝင့်ကြည့်ကြသည်။
"မန်ဒါလေစံအိမ်ကြီးကတော့ အမြဲတမ်း လှပနေတာပါပဲ။ ဒီစံအိမ်ကြီးကို သဘောကျရဲ့လားဟင်..."ဟု သူ တို့ မေးကြမည်။
"အို... သဘောကျပါသကောရှင်..."ဟု ကျွန်မက ပြန်ပြောမည်။ ပြီးတော့ သူတို့ ပြောသည်များကို နား ထောင်ရင်း အလိုက်သင့်ပြန်ပြောနေမိသည်။ အလိုက်သင့် ပြောသည်ဆိုရာမှာလည်း မလည် မဝယ် ကျောင်းသူ ကလးတစ်ယောက် လို "ဟုတ်ကဲ့ပါရှင်"ဆိုတာမျိုး။ "သြော်... ဒီလိုပါလား" ဆိုတာမျိုး။ "ကျွန်မ ကတော့ သေသေ ချာချာ မသိပါဘူးရှင်" ဆိုတာမျိုးသာ ဖြစ်လိမ့်မည်။ မက်ဇင်မ် ရောက် လာ တော့မှ နေသာ ထိုင်သာရှိတောသည်။ ထွက်ပေါက်ရသလို ဖြစ်တော့သည်။ သူတို့ကလည်း မက်ဇင်မ် ဘက်လှည့်ပြီး စကားပြောကြတော့မည်။

ဆက်ရန်
.

No comments: