Friday, May 25, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၇)

" ဒါတော့ မင်း ဆုံးဖြတ်ပေါ့၊ အဲဒီ ဘာသာမတူတာက ဘယ်လောက် အရေးပါတယ်၊ မပါဘူးဆိုတဲ့ ကိစ္စက လျစ်လျူရှုနိုင်လောက်အောင် တခြားတစ်ဖက်က ကိုယ့်စွဲလမ်းမှုက ဘယ်လောက် လေးနက် တယ် မနက်ဘူး ဆိုတာနဲ့ ချင့်ချိန်ရမှာလေ၊ ဒါတောင် အခု ဆန္ဒလောက် နဲ့ ချင့်ချိန်ရမှာ မဟုတ်ဘူးနော်၊ ကြာလာရင် တခြားပြဿနာတွေ များလာရင် ဘယ်လောက် လေးနက်နိုင်သေးတယ် ဆိုတာကိုပါ ထည့်စဉ်း စားရမှာ " ရဲဝင့်က ငေးငိုင်နေဆဲ၊ ဟန်ပို က ဆက်ပြောသည်။
" နှင်းတော့ သိဟန်တူတယ် မောင်၊ မဖြစ်နိုင်ဘူးဆိုတာ ဒါကြောင့် ငါ စလိုက်တိုင်း မျက်နှာ ကလေး ပျက် ပျက်သွားတာ " ရဲဝင့် က သက်ပြင်းချသည်။
" ဒါဆိုလည်း မစပါနဲ့တော့ကွာ "

စိမ်းဝေ (၅)

ည ၁၂ နာရီ သံချောင်းခေါက်သံကို ကြားရသည်။
အိမ်ရှေ့ စံပယ်ရုံကလေးကို ဖြတ်၍ တိုက်လာသော လေက စိမ်းဝေ၏ ပါးပြင်ကို နူးညံ့စွာ ပွတ်သပ်သည်။
စိမ်းဝေ ဖတ်လက်စ စာအုပ်ကလေးကို စားပွဲပေါ် ချ၍ ပြတင်းပေါက်က မြင်နေရသော လမင်းကြီးကို မော့ ကြည့် မိသည်။
အိမ်ရှေ့ မီးရောင်ကလေး ပျပျက စိမ်းဝေ၏ အိပ်ခန်း ပြတင်းဝဘောင်ကို ဟပ်နေသည်။ ကိုကို အိပ်သေးဟန် မတူ။ ကိုကိုသည် ၁၂ နာရီထက် စော၍ ဘယ်တုန်းကမှ မအိပ်တတ်သော လူစားမျိုး ဖြစ်သည်။ ထုံးစံအတိုင်း အိမ်ရှေ့ဒန်းပေါ်တွင် ထိုင်၍ အလုပ်နှင့် ပတ်သက်သော ကိစ္စ များ လေ့လာနေပေ လိမ့်မည်။
စိမ်းဝေ က ညတိုင်းတော့ ညဥ့်နက်အောင် စာကျက်လေ့မရှိ။ သို့သော် ယခုလို ညဥ့်နက်အောင် စာကျက်နေ မိသည့် ညမျိုးတွေမှာ ကိုကို မအိပ်သေးဘဲ ရှိနေတာကို သိရုံမျှဖြင့် ကိုကို့အနားကို မလာတာတောင် စိမ်းဝေ ရင်ထဲတွင် နွေးထွေးလုံခြုံလှသည်။

အနားကို
စိမ်းဝေ ကြက်သီးထသွားသည်။
ဟုတ်ပါ့။ ကိုကိုသည် ညစာ စားပြီး နောက်ပိုင်း စိမ်းဝေအနားကို ဘယ်တော့မှ လာလေ့မရှိ။ တစ်ယောက် တစ်ယောက် မောင်နှမ အရင်းအချာလို ဘယ်လိုပဲ သဘောထားထား၊ တကယ်တမ်းကျတော့ သွေးသား မတော်စပ်သည် ကို အမြဲဂရုပြုနေဟန်တူသည်။
တကယ်တော့ ကိုကိုရယ်။
စိမ်းဝေ ကတော့ စိမ်းဝေကိုယ်စိမ်းဝေ အရွယ်မရောက်သေးတဲ့ ကလေးလေး တစ်ယောက်လိုပဲ သဘော ထားတာပါ။ ခလုတ်မထိ။ ဆူးမငြိ တင့်တင့်တယ်တယ် အရွယ် ရောက်လာနိုင်ဖို့ကိုလည်း ကိုကို့ အစောင့် အရှောက်ခံ ယူနေသေးဖို့ လိုအပ်နေတယ်လို့ သဘောထားတာပါ။
ကိုကို ကိုယ်တိုင် ကတော့ စိမ်းဝေကို ရှောင်မနေသင့်ဘူး ထင်တယ် ။

တကယ်တော့ ကိုကို့ညီမဖြစ်တဲ့ စိမ်းဝေဟာ ကိုကို စောင့်ရှောက်တာကို မောပန်းနွမ်းလျနေတဲ့ ကိုကို့ကို ပြုစုပေးပေးဖို့လည်း တာဝန်ရှိတယ် ထင်တယ်။ အဲဒီလို လုပ်ပေးခွင့်လည်း ရသင့်တယ် ထင်တယ်။
စိမ်းဝေ သက်ပြင်းချမိသည်။
တကယ်တမ်းမှာတော့ မာရသွန် အပြေးသမား တစ်ယောက် ဘယ်တော့မှပန်းမ၀င်နိုင်သလို မနားတမ်း ပြေး နေသော ကိုကို့ နံဘေးမှာ ပြုစုအားပေးဖော်မရှိရုံသာမက ကိုကို အနားယူ အပန်းဖြေနေ သည် ကိုပင် စိမ်းဝေ မတွေ့ဖူးပါ။
ဂျင်မ်ရိဗ် ၏ နှင်းမုန်တိုင်း သီချင်းကလေး တစ်ခါတလေ ဖွင့်နားထောင်နေတတ်သည်မှ အပပေါ့။ ဒါလည်း မကြာသေးခင်ကမှ စိမ်းဝေ သိရတာပါ။
အဲသည်နေ့က တင်ဇာမော်ဆိုသည့် အဆိုတော်အသစ် တစ်ဦး၏ စွဲလမ်းမှု ပြဿနာ အခွေ နာမည်ကြီးနေ၍ ၀ယ်ပေးပါဟု စိမ်းဝေ ပူဆာမိသည်။ ကိုကိုက ၀ယ်ပေးတော့ ဖွင့်နားထောင်သည်။ တစ်ခွေလုံး နီးနီး ကြိုက် သော်လည်း ခေါင်းစဉ် သီချင်း " စွဲလမ်းမှု ပြဿနာ" ကို စိမ်းဝေ ခံစား၍မရ။ စာသား ကို နားလည်ပါသည်။ ဆိုဟန် က ထူးဆန်းလွန်းသည်ဟု ထင်မိသည်။
ကိုကို ပြန်လာ၍ ပြောပြတော့ ကိုကိုက သူပါ နားထောင်ကြည့်သည်။ ပြီးတော့ ခေါင်းတဆတ်ဆတ် ညိတ် ပြုံးသည်။

" အဆိုပညာ ကို စနစ်တကျ လေ့လာ သင်ယူထားတဲ့ အဆိုတော် ဖြစ်ကြောင်း သိအောင် ကီး အမျိုးမျိုး ပြောင်း ဆိုထားတာကွ၊ အထပ်ထပ် နားထောင်ကြည့်လေ၊ စိမ်းဝေ သဘောကျလေ ဖြစ် လာလိမ့်မယ် "
စိမ်းဝေ အံ့အားသင့်သွားသည်။
" ကိုကို က သီချင်းနားထောင်တတ်တယ်ပေါ့ "
ကိုကိုက ပြုံး၍ ခေါင်းညိတ်ပြသည်။
" ကိုကို သီချင်း နားထောင်တာ တစ်ခါမှ မတွေ့ဖူးပါဘူး "
" ကိုကို က ဝေါ့လ်မင်းကလေးပဲ သုံးတာကွ၊ ခေါင်းတွေ သိပ်ပူလာတဲ့အခါမျိုးဆိုရင် ကိုကိုလည်း ဝေါ့လ် မင်းကလေး ထုတ် နားထောင်တာပါပဲ"
" ဒါဆို စိမ်းဝေကိုပြ " " ဘာလဲ စိမ်းဝေရဲ့ " " ကိုကို နားထောင်နေကျ သီချင်းလေ၊ စိမ်းဝေ နားထောင်ကြည့်ချင်တယ် " ကိုကိုက ရယ်သည်။

" ကိုကိုက ဂျမ်ရိဗ်လို ရှေးတုန်းက အင်္ဂလိပ် သီချင်း အေးအေးကြီးတွေ နားထောင်တာကွ၊ စိမ်းဝေ ဘယ် ကြိုက် မလဲ "
" ဟာ မရဘူး ပြပြ။ ကိုကို ဘာကြိုက်လဲ စိမ်းဝေ သိချင်တယ် "
ကိုကိုက ရယ်၍ သူ့ ဂျမ်ရိဗ် အခွေကလေးကို စိမ်းဝေကို သူဝယ်ပေးထားသော ကက်ဆက်ထဲထည့်၍ ဖွင့်ပြ သည်။
သူ အကြိုက်ဆုံး သီချင်းက Blizzard (နှင်းမုန်တိုင်း)ဟုခေါ်သည့် သီချင်းဖြစ်သည်။ သီချင်းက စကတည်းက လေတိုးသံ တရှဲရှဲနှင့် နားထောင်ရသူ၏ မျက်စိထဲတွင် နှင်းမုန်တိုင်းကြားထဲ တကယ် ရောက်သွား ရသလို ခံစားရစေသည်။

မေရီအန်း ဆိုသည့် ချစ်သူထံ နှင်းမုန်တိုင်းကြားထဲက အရောက်ပြန်ဖို့ ကြိုးစားနေသည့် လုလင်ပျိုတစ်ဦး။ သူ့မှာ ခြေကုန်လက်ပန်း ကျနေသည့် မြည်းတစ်ကောင်သာ အဖော်ရှိသည်။ ခိုက်ခိုက်တုန်အောင်လည်း ချမ်းနေ သည်။ ခြေပစ်လက်ပစ် လှဲချချင်လောက်အောင်လည်း မောနေသည်။ ဆာလောင်မွတ်သိပ် ၍လည်း နေသည်။ ချစ်သူထံ အရောက် လှမ်းနိုင်ခဲ့လျှင်တော့ အချမ်းပြေနွေးထွေးသော ခိုလှုံစရာ ကိုလည်း ရမည်။ စားမြိန်ဖွယ် အချို့လည်း ကျန်သေးကောင်း၏။ မြည်းကြီး မဟန်နိုင်တော့သည်ကို သိသော်လည်း မေရီ အန်းဆီသို့ ၇ မိုင်မျှသာ လိုတော့သဖြင့် ကြိုးစားလိုက်စမ်းပါဟု လုလင်က အားပေး သည်။

၅ မိုင် …
၃ မိုင် …
၁ မိုင် …
ကိုက် ၁၀၀ …
မေရီအန်းဆီ ရောက်ဖို့ ကိုက် ၁၀၀ အလိုမှာ လူရောမြည်း ပါ ခြေကုန်လက်ပန်း ကျ လဲသွားကြ သည်။ နောက် တစ်နေ့ မုန်တိုင်းစဲတော့ လုလင်နှင့်မြည်း၏ အေးခဲနေသော အလောင်း ကို တွေ့ကြ ရသည်။ ချစ်သူ မေရီ အန်းနှင့် ကိုက် ၁၀၀ အကွာမှာပါ။
အဓိပ္ပာယ် ကို ကိုကိုက ရှင်းပြပြီး နောက်တစ်ခါ နားထောင် မိတော့စိမ်းဝေ မျက်ရည်ကျသည်။ ဒီလောက် စိတ်ထိခိုက် စရာကောင်းတဲ့ သီချင်းကို စွဲလန်းရသလား၊ ကိုကိုရယ်ဟု အပြစ်တင်မိသည်။
စိမ်းဝေ ပြတင်းပေါက် မှာ လာဟပ်နေသည် အိမ်ရှေ့မီးရောင်ကလေးကို တစ်ချက် ငေးကြည့်မိပြန်သည်။
သြော် အခုတော့ ကိုကိုတစ်ယောက် နှင်းမုန်တိုင်းထဲမှာ ရုန်းကန်ဆဲ။ ဘယ်ရင်ခွင်နှင့် ဘယ်လောက် အကွာ အဝေး လိုသေးသည်ဟုပင် ပြောစရာမရှိရှာပါ။

မနှင်းဖွေး (၆)

ရုံးခန်းထဲ တွင် ရဲဝင့်နှင့် ထိုင်စကား ပြောနေသော မိန်းမပျိုကို လှမ်းအမြင်လိုက်တွင် အပြင် မှ ပြန်ဝင်လာသော မနှင်းဖွေးကြက်သေသေ၍ ရပ်နေမိသည်။
လှ သည်။ အင်း လှသည်ဟု ပြော၍ရသည်ပဲ ဆိုပါစို့။
လှသည်ထက် သိသာနေသည်က ၀တ်တာစားတာ။
၁၉၉၀ ပြည့်လွန်နှစ်တွေ မှာ သည်လို ၀တ်ပုံစားပုံမျိုးက မနှင်းဖွေး အတွက် တော်တော် မျက်စိဆန်းနေ သည်။

အက်ႌ က ဘေလာက္စ္ပါပဲ။ ရှေ့ဘက် ရင်ညွန့်က ကျယ်လွန်းသည်ဟု မနှင်းဖွေး ထင်သည်။ လုံချည် ကလည်း ဒူးကျော်ရုံသာရှိသည်။ အသားက ဖြူတော့ ခြေသလုံးသားနှစ်ဖက်က ၀င်းနေသည်။
မနှင်းဖွေး ဘက်လှည့်၍ မော့ကြည့်လိုက်သော မျက်နှာက မနှင်းဖွေးတို့ ငယ်စဉ်က မင်းမင်းလတ် ဆိုသည့် အဆိုတော်ကြီး ဆိုခဲ့သည်ကို မကြာသေးခင်က ဇော်ဝင်းထွဋ်ဆိုသည့် လူငယ် ပြန်ဆိုထားသည့် သီချင်း ခေါင်းစဉ်လိုပင် ဆေးဆိုးပန်းရိုက် မျက်နှာ ဖြစ်နေသည်။
ပြီးတော့ မျက်လုံး အကြည့်တို့က စူးရဲသည်။ သိချင်စိတ် ပြင်းပြသည့် ဟန်ပန်မျိုးပါသည်။ မိတ်ဖွဲ့လိုသည့် နူးညံ့မှုကိုမူ မတွေ့ရ။
မနှင်းဖွေး ကြောင်ရပ်နေသည် ကို သတိထားမိသော နောက်မှ ဟန်ပိုက မနှင်းဖွေး ပခုံးကို ကျော်ကြည့်၍ မိန်းမပျို ကို တွေ့တော့ ပြုံး၍ မာလာရောက်နေတာလားဟု မိတ်ဆက်သည်။ မာလာဆိုသည့် မိန်းမပျိုမျက်နှာ က အကြောတချို့ လျော့ကျသွားသည်။

" ကိုဟန်ပိုကြီး ဘယ်က ပြန်လာတာလဲ "
" ဖုန်းဘေလ် သွားသွင်းတာဟ၊ မိတ်ဆက်ပေးရဦးမယ်၊ ဒါ မနှင်းဖွေးတဲ့။ တို့ကုမ္ပဏီရဲ့ စာရင်း ကိုင်ပေါ့၊ ကျောင်းတုန်းက သူငယ်ချင်းတွေပဲ "
မာလာ က ယောင်ယောင်ကလေး ပြုံး၍ ခေါင်းတက်ပြသည်။
" ဟိုတစ်ခါ ကိုဟန်ပိုကြီး ပြောမရဘူးဆိုတဲ့ကိစ္စ ကိုရဲဝင့်ကို လာနားချနေတာ၊ မရပါဘူး ကိုဟန်ပိုရယ်၊ ဒါကြောင့် မာလာ တို့ ဘော့စ်အပျိုကြီးက ပြောတာ၊ ကိုရဲဝင့် က ရုပ်ကလေး ချောသလောက် ခေါင်းက မာတယ်တဲ့ ... ရုပ်ကလေး ချောသလောက် ဆိုသည့် စကားကြောင့် ဟန်ပို ကရဲဝန့် ကို ပြောင်ပြသော်လည်း ရဲဝန့် က မမြင်ချင်ရောင် ဆောင်နေသည်။
" မာလာ့အိတ်က အကြီးကြီးပဲ၊ ကောင်လေးတစ်ယောက်ကားပေါ်လိုက်ပို့ခိုင်းလိုက်ရမလား "

ဘေးမှာ အလုပ်လုပ်နေသည့် လူငယ်နှစ်ဦးကိုပြ၍ ရဲဝင့်က ကားပေါ်လိုက်ပို့ခိုင်းလိုက်ရမလား "
ဘေးမှာ အလုပ်လုပ်နေသည့် လူငယ်နှစ်ဦးကိုပြ၍ ရဲဝင့်က မေးသော်လည်း မာလာက ခေါင်းခါပြသည်။
" ရပါတယ် ကားက ရှေ့တည့်တည့်မှာပဲ၊ မာလာ သွားမယ်၊ ကိုရဲဝင့် နည်းနည်းတော့ ပြန်စဉ်းစားပါဦး "
မာလာ က ဟန်ပိုနှင့် မနှင်းဖွေးကို ပေါင်း၍ ခေါင်းတစ်ချက် ဆတ်ပြုပြီး တံခါးပေါက်မှ ထွက်ခွာသွားသည်။

"ရုပ်ကလေး ချောသလောက်တဲ့ ဟား ဟား "
ထိုင်နေသော ရဲဝင့်၏ ခေါင်းကို ပုတ်၍ ဟန်ပိုက စသည်။ ရဲဝင့်က ဘာမှ ပြန်မပြောဘဲ ရယ်နေသည်။
မနှင်းဖွေး က ယောင်ယမ်း၍ ရဲဝင့်မျက်နှာကို ငေးကြည့်သည်။
ဟုတ်တော့လည်း ဟုတ်သည်။ ရဲဝင့် အသားက ဖြူလာသည်။ အရင်က လက်တစ်နှိုက်လောက် နက်သည် ဟု အမြဲ အစခံရသော မျက်တွင်းတွေလည်း အနည်းငယ် ပြည့်လာသည်။
ထူးခြားတာ က နှုတ်ခမ်းနှင့် မေးရိုး။

ပြုံးယောင်ယောင်ကလေး အမြဲစေ့နေသော နှုတ်ခမ်းတွေက ကျောင်းသားဘ၀က ကိုယ့်ကိုယ်ကိုယ် လုပ်နိုင် ပါ့မလား ဆိုသည့် အမူအရာမျိုး ခပ်ဟဟ အမြဲဖြစ်နေသော နှုတ်ခမ်းတွေနှင့် မတူတော့။ ငါ လုပ်နိုင်တယ် ဆို သည့် ခိုင်မာသည့် ယုံကြည်ချက်၏ အငွေ့အသက်က ငေးကြည့်မိသူကိုပင် ကူးစက် လာစေ သည်။ ယခင်က မမြဲတမ်း အံကြိတ်ထားလေ့ရှိသော မေးရိုးတို့ကပြေ၍ တည်ငြိမ်နေသည်။
လူချော တစ်ယောက်ဟု ပြောဖို့ ခက်နေသေးပေမယ့် ငယ်ငယ်က အမြဲ သူများ အပြောခံရသလို ရုပ်ဆိုးဆိုး လူတစ်ယောက်ယောက်တော့ မဟုတ်တော့တာ သေချာလှသည်။ ၈ နှစ်လောက် အချိန်တွင်း မှာ ပင်ပန်းစွာ ရုန်းကန်နေရင်းကပဲ လူတစ်ယောက်၏ ရုပ်က တဖြည်းဖြည်း ပြေပြစ် လာတာ တော်တော်တော့ အံ့သြဖို့ ကောင်းသည်။

" ဟိတ် ကောင်မလေး "
ဟန်ပိုက မနှင်းဖွေး မျက်နှာနားမှာ ဖျောင်းခနဲ လက်ခုပ်တီး၍ လန့်အောင် လုပ်တော့မှ မနှင်းဖွေး ရုတ်တရက် လန့်သွားပြီး ရှက်ရယ်ရယ်၍ ဟန်ပို ပခုံးကို မနားတမ်းထုသည်။
ဟန်ပို က ရယ်၍ ဆက်မစတော့ဘဲ ရဲဝင့်ဘက်သို့ လျှောက်သွားသည်။
" မင်းက မာလာ တို့ ကမ်းလှမ်းတဲ့ကိစ္စကို ဘာလို့ ဒီလောက် ခါးခါးသီးသီး ဖြစ်နေရတာလဲ၊ အပျိုကြီး မကြိုက် လို့လား အပျိုလေး မကြိုက်လို့လား "
ရဲဝင့်က ပြုံးမဲ့မဲ့ဖြင့် ခေါင်းခါသည်။

" အပျိုကြီးလည်း မကြိုက်ပါဘူး၊ အပျိုလေးလည်း မကြိုက်ပါဘူး သူတို့ ဘယ်လို ပြင်ထား၊ ပြင်ထား၊ ငါ့ မျက်စိထဲ မှာ သူတို့ကို ကြည့်လိုက်ရင် ရုပ်ကို မမြင်ဘဲ အခွင့်အရေး ဘယ်နားပေါ်မလဲ လိုက်ရှာပြီး အမြတ် ထုတ်ဖို့ ကြံနေတတ်တဲ့ စိတ်တွေကိုပဲ မြင်နေရတာလေ "
ရဲဝင့်၏ မာလာ့အပေါ် ပစ်ပစ်ခါခါ ပြောလိုက်သော စကားကြောင့် မနှင်းဖွေး ရင် အနည်းငယ် အေးသွား သည်။
ဟန်ပို ကတော့ ကျေနပ်သေးဟန် မတူ။
" စီးပွားရေး လုပ်တယ်ဆိုတာ အခွင့်အရေးကို ရှာရတာပဲကွာ၊ တို့လည်း ဒီ စီးပွားရေးပဲ လုပ်တာပဲ၊ ဘာကွာ လို့လဲ " ရဲဝင့်က ခေါင်းခါသည်။

" တို့က စိတ်ကူးနဲ့ ပညာနဲ့ ငွေရှာတာကွ၊ သူတို့ လုပ်ပုံကိုင်ပုံက ပေါင်းစားတာ၊ ငါက ပေါင်းစားတာကို မကြိုက်တာ၊ သူတို့က ပို မြို့းမြိုးမြက်မြက် ရတတ်တာတော့ မှန်တယ်၊ ဒါပေမဲ့ သရဲမွေးထားတဲ့ လူလိုပဲ ရင် တထိတ်ထိတ်နဲ့ နေရတာ၊ ငါ့သဘောက ပိုက်ဆံရှာတယ်ဆိုတာ အခြေခံ လူမှုရေး လိုအပ် ချက်တွေ ပြည့်စုံ ဖို့၊ ဒီထက် ပိုရလာရင် ဘ၀မှာ နည်းနည်းတော့ သက်သောင့်သက်သာ နေထိုင်သွားလာ စားသောက်နိုင်ဖို့၊ မိဘဆွေမျိုး မိတ်သင်္ဂဟတွေ လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပေးနိုင်ဖို့ အနှစ်ချုပ်ကျတော့ ဒါတွေအားလုံးက စိတ်ချမ်းသာချင်လို့ပဲ မဟုတ်လား၊ စိတ်ဆိုတာ ငြိမ်းချမ်းမှ ချမ်းသာတာ မောင်၊ တစ်သိန်း ရပြီး စိတ်အေး အေးနဲ့ နေချင်သလား၊ သိန်းတစ်ရာရပြီး စိတ်ပူနေချင်သလားဆိုရင် မင်း ဘာလမ်းရွေးမလဲ "
ဟန်ပိုက ပြုံးပြုံးကြီး ခေါင်းညိတ်သည်။
" သဘောပေါက်ပါပြီကွာ၊ အဲသလိုတွေ တွေးတတ်လို့ မင်း ငါဆရာတင်ထားတာပါ၊ ဟုတ်ပါတယ်၊ မင်း ပြောတာ "
မနှင်းဖွေး အပြောဆိုးသည်ဟု နာမည်ကြီးသလောက် အတွေးအခေါ် ရင့်ကျက်လွန်းသော ရဲဝင့်ကို အံ့သြ လေးစားစွာ ငေးကြည့်နေမိပါသည်။

ရဲဝင့် (၈)

ရဲဝင့်က ရွှေစည်းခုံ ဘုရားရင်ပြင်တော်ကို ဖြတ်၍ ဧရာဝတီမြစ်ဘက်ဆီမှ တိုက်ခတ်လာသော လေအေး ကလေး ကို တ၀ကြီး ရှူသွင်းလိုက်သည်။
မကြာခဏ ကိုက်တတ်သော ခေါင်းက ပုဂံရောက်သည့်နေ့မှ စ၍ မကိုက်သလို ဖြစ်နေသည်။ ရှေးဟောင်း ဘုရား ပုထိုး စေတီတို့၏ ရင်ငွေ့ကို လှုံရ၍ပဲလား၊ အလုပ်အကြောင်းကို မစဉ်းစားဘဲ နေနေရ၍ပဲလား၊ သိပ် ချစ်စရာကောင်းသော ညီမလေး တစ်ဦး အလိုကို ဖြည့်ပေးနေရသည့် အစ်ကို တစ်ယောက်၏ ပီတိမျိုးကြောင့် ပဲလား မသိ။
ဘုရားဝတ်ပြုနေသော စိမ်းဝေက မျက်လုံးကလေး မှိတ်၊ လက်အုပ်ကလေးချီ၍ ရွတ်ဖတ် သရဇ္ဈာယ်နေ တာ မပြီးတတ်သေး။
လေညင်း အဝှေ့မှာ ဆံနွယ်ကလေးတွေ ကပိုကရို ဖြတ်တင်နေသော ၁၈ နှစ်အရွယ် မိန်းမငယ်ကလေး ၏ ငယ်နုသော မျက်နှာကလေးက ထင်းနေအောင် လှတာမျိုး မဟုတ်ဘဲ ငေးကြည့်နေမိသူရင်ကို ငြိမ်းချမ်း သွား စေနိုင်သည့် အလှမျိုးဖြစ်လေသည်။

ဒီ အလှမျိုးက နိုင်ငံခြား တိုင်းပြည် တစ်ခုနဲ့မှ မတန်ပါဘူးကွယ်၊ မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့ဘုရား ပုထိုး တွေ ရင်ပြင်ပေါ်မှာပဲ တွေ့နေချင်စရာ အလှမျိုးပါ။
ရဲဝင့် သက်ပြင်းချမိသည်။
စိမ်းဝေ နိုင်ငံခြား ကျောင်းသွားတက်ဖို့ ကိစ္စက သေချာနေလေပြီ။ နိုင်ငံခြား မသွားခင် မိဘတွေ ဆီ ပြန်ချင် သော စိမ်းဝေ ကို ပုဂံဘုရားပုထိုး စေတီများကိုပါ ဖူးမြော်သွားစေချင်၍ မင်းဘူးသို့ တန်း မသွား ဘဲ ပုဂံသို့ အရင်ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဟန်ပို ပါမလာသဖြင့် အသစ်ဖွင့်လှစ်လိုက်သော သီရိ ပစ္စယာ ဆာကူရာ ဘန်ဂလိုတစ်လုံးမှာ ရဲဝင့်နှင့် စိမ်းဝေတို့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း နှစ်ယောက်ခန်း တစ်ခန်း စီ ငှားနေကြရ သည်။
" ဈေးကြီးလိုက်တာ ကိုကို ရယ်၊ လေးယောက်စာတောင် ပေးရတာ "
အခန်းငှားခ ကို သိတော့ စိမ်းဝေက ညည်းတွားသည်။ ရဲဝင့်က ရယ်သည်။

" ဈေးကြီးလည်း တစ်ယောက်ခန်းမှ မရှိတာ စိမ်းဝေရယ် "
" တစ်ခန်းတည်း ငှားပေါ့၊ စိမ်းဝေတို့က မောင်နှမပဲ ဥစ္စာ၊ အလယ်က လိုက်ကာ ကလေးထောင် ဟိုဘက် ခုတင်တစ်လုံး၊ ဒီဘက် ခုတင်တစ်လုံးထားရတာပဲ "
ရဲဝင့် ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။
" စိမ်းဝေကို ကိုကိုက ညီမအရင်း ကလေးလို သဘောထားပါတယ်ကွယ်၊ ဒါပေမဲ့ ကိုကိုတို့ သွေးသား မတော်စပ် တာ သိတဲ့လူ တစ်ယောက်ယောက် သိသွားရင် ငါ့ညီမ ဂုဏ်မငယ်စေချင်လို့ပါ "
စိမ်းဝေက နှုတ်ခမ်းစူ နေရာက ပြုံးသည်။
" ဒါနဲ့ ထူးဆန်းတယ်နော်၊ ညက ကိုကို ၀ရန်တာထွက် အလုပ်လုပ်တာလည်း မတွေ့ဘူး၊ ချမ်းလို့အထဲမှာ ၀င်လုပ်နေတာလား " ရဲဝင့်က ပြုံး၍ ခေါင်းခါပြသည်။

" ညက စောအိပ် ဖြစ်တယ်၊ အလုပ်တွေကလည်း ယူကို မလာတာပါ "
စိမ်းဝေ မျက်လုံးကလေး ပြူးသွားသည်။
" ကိုကို ပြောတော့ ပုဂံမှာ အလုပ်ကိစ္စလည်း ရှိတယ်ဆို "
" အင်းလေ "
" အလုပ်ကိစ္စ ရှိတယ်ဆိုရင် လေ့လာစရာ စာရွက်စာတမ်းတွေ ပါလာမှာပေါ့ မဟုတ်ဘူးလား "
ရဲဝင့်က ရယ်၍ ခေါင်းခါပြသည်။

" အလုပ်ကိစ္စဆိုတာ ပုဂံဘုရားတွေရဲ့ တည်ဆောက်ပုံတွေ နည်းနည်း လျှောက်ကြည့်ဖို့ပါ၊ တကယ်တော့ စာအုပ်စာတမ်းတွေ လည်း ကိုကို့မှာ ရှိပြီးသားပဲ၊ အဓိက ကတော့ စိမ်းဝေကို နိုင်ငံခြား မသွားခင် ပုဂံ ရင်ငွေ့ ကို ခိုစေချင်တာ၊ ပုဂံဆိုတာ မြန်မာလူမျိုးတို့ရဲ့ အစလို့ ပြောရင်လည်း ရတယ်၊ ပုဂံကို ရောက်ရင် လူတွေ ဟာ ကိုယ့်ရင်ထဲမှာ ကိုယ့်ဇာတိ၊ ကိုယ့်မြေ၊ ကိုယ့်လူမျိုးကို ဘယ်လောက် တွယ်တာတယ်၊ ဘယ် လောက် မြတ်နိုးတယ် ဆိုတာ အရင်တုန်းက သတိမထားရင်တောင် သတိထား သွားမိတတ်တယ်၊ တိုးတက် တဲ့နိုင်ငံတွေကို ရောက်ပြီး ဟိုက တိုးတက်နေတာတွေကို မြင်သိခံစားရတော့မယ့် လူငယ်တွေ ကို မသွားခင် ကတည်းက ကိုယ့်မျိုးချစ်စိတ်ကလေး ကိုယ် သတိရနေတဲ့ အလေ့အကျင့်ကလေး ရစေချင် တယ်၊ အဲဒါကြောင့် မင်းဘူး မဆင်းခင် ပုဂံဝင်ကြစို့ဆို ခေါ်လာတာ " စိမ်းဝေ က တွေးတွေး ဆဆ ခေါင်းညိတ်သည်။

" ကိုကိုပြောတာ ဟုတ်တယ်၊ စိမ်းဝေ သိတဲ့ တချို့ သူငယ်ချင်းတွေဆို သွားတောင် မသွားရသေးဘူး၊ ဒီမှာ ကတည်းက ကိုယ့်နိုင်ငံ ကိုယ် အပြစ်မြင်စကားတွေပဲ အမြဲ ပြောတတ်ကြတာ၊ စိမ်းဝေ လည်း လေယာဉ်ကွင်းကနေ ဖြတ်အလာ ရှေးဟောင်း ဘုရားပုထိုးတွေကို လှမ်းမြင်လိုက် ကတည်းက ကြက်သီး ထချင်သလိုလို နွေးထွေးသလိုလို သိသိသာသာ ခံစားလိုက်ရတာ၊ သူတို့ကိုလည်း ပုဂံ သွားခိုင်း ချင်လိုက်တာ နော် "
" နိုင်ငံတိုင်းမှာ သမိုင်းရှိတယ်၊ သမိုင်းတိုင်းမှာ ဂုဏ်ယူစရာတွေလည်း ရှိတယ်၊ မေ့ပစ်ချင်တာတွေလည်း ရှိ တယ်၊ နိုင်ငံ တိုင်း အတူတူပဲ၊ အဲဒါတွေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်လူမျိုးနဲ့ တစ်လူမျိုး သူ သာတယ်၊ ကိုယ် သာတယ် ယှဉ်ပြောစရာ မဟုတ်ဘူး၊

ကမ္ဘာ့သမိုင်းမှာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ခဲ့ဖူးတဲ့ လူမျိုးတွေ အခုအခါ နိုင်ငံတောင် မည်မည်ရရ မရှိဘဲ ဖြစ်နေတာတွေလည်း ရှိတာပဲ၊ အရေးကြီးတာက ကိုယ့်လူမျိုးကို ကိုယ်ချစ်သလား၊ မချစ်ဘူးလား ကိုယ့်ကိုယ်ကိုယ် မသေချာရင် မေးကြည့်၊ မိုးလင်းအိပ်ရာထ မျက်စိနှစ်လုံး ဖွင့်တာနဲ့ မြန်မာလို စပြောရတာ အားရသလား၊ တခြား ဘာသာစကား ပြောရတာ အားရသလား မြန်မာလူ မျိုးတွေ ရှိတဲ့ အလုပ်ခွင်ကို သွားရတာ ပျော်သလား၊ နိုင်ငံခြားသားတွေ ကြားထဲကို သွားရတာ ပျော်သလား၊ အဲဒီ မေးခွန်းတွေရဲ့ အဖြေဟာ မြန်မာလို့ချည်းပဲ ထွက်ရင် နိုင်ငံခြားမှာ ဘာလိုချင်သလဲ၊ ဒီမျာ မရနိုင်တာ၊ ပညာလား၊ ဥစ္စာလား၊ နှစ်ခုစလုံးလား၊ လိုချင်တာကို လိုချင်သလောက် လိုအပ်သလောက် ရပြီးရင် ပြန်လာခဲ့၊ ရလေလိုလေ အိုတစ္ဆေ လုပ်မနေနဲ့၊ ကိုယ်ချစ်တဲ့နေရာ၊ ကိုယ်ပျော်တဲ့နေရာမှာ နေရဖို့ ဘ၀မှာ အချိန်မကုန်တော့ဘဲ ဖြစ်သွားမယ်၊ စိမ်းဝေကိုရော နိုင်ငံခြားသွားချင်တဲ့ လူငယ်တွေ အားလုံးကိုရော ကိုကို ပြောပြချင်တာ အဲဒါပဲ"
စိမ်းဝေက ပြုံး၍ ခေါင်းညိတ်သည်။

" ကိုကို တွေးတာ ကောင်းပါတယ်၊ ဒါပေမဲ့ ကိုကိုလည်း လူငယ်ပဲနော်၊ မေ့မနေနဲ့၊ အသက်က ၂၄ နှစ်ပဲ ရှိ သေးတာ၊ ကဲ အခု၊ ပုဂံဘုရားတွေ လိုက်ကြည့်တာ ပြောပြပါဦး၊ ဘာ ပရောဂျက် ကြံစည်နေပြန်ပြီလဲ "
ရဲဝင့်က ရယ်၍ စိမ်းဝေခေါင်းကို မနာအောင် ဖွဖွထုသည်။
" အရူးမလေး ပုဂံဘုရားတွေက ပရောဂျက် ၀င်စရာလား၊ ဗိသုကာ ပညာလေ့လာချင်လို့ လိုက်ကြည့် တာပေါ့၊ မှတ်ထား ကမ္ဘာ့ ဗိသုကာ ပညာသမိုင်းမှာ သူ့အဆောက်အဦ အမျိုးအစားနဲ့သူ ပထမဆုံး ခြေလှမ်းစောခဲ့တဲ့ နိုင်ငံကြီးတွေ အသီးသီး ရှိကြတယ်၊ အုတ်ကျောက်နဲ့ အဆောက်အအုံ အကြီး ကြီးတွေ အချိုးကျကျ စနစ်တကျ တည်ဆောက်နိုင်တဲ့ နေရာမှာ ဘယ် လူမျိုးတွေ ခြေလှမ်း ဦးခဲ့ သလဲ သိလား " စိမ်းဝေ မျက်မှောင်ကြုတ် စဉ်းစားသည်။

" မသိဘူး ကိုကို "
" မြန်မာ ကွ၊ မြန်မာ၊ နိုင်ငံခြားသားတွေ ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဒီဘုရား ပုထိုးတွေ တစ်ချိန် လုံး လာကြည့်နေကြသလဲ သဘောမပေါက်ဘူးလား၊ ဗိသုကာပညာ လေ့လာလာနေကြတာ၊ ကိုယ့်လူမျိုး ဗိသုကာက ဒါတွေကို မလေ့လာရင် မိုက်ရာမကျဘူးလား " စိမ်းဝေ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

  စိမ်းဝေ (၆)

ပုဂံမှာ သာတဲ့လ တဲ့။
တကယ်တမ်းကျတော့ ဘယ်လက ပုဂံမှာ ရွေးသာလို့လဲ။ ကမ္ဘာနှင့် ဟိုအဝေးကြီးက လှမ်းသာနေတာ မဟုတ် လား။
ယူကေရောက် လို့ ညက အပြင်ထွက်ကြည့်လျှင်လည်း သည်လက သာနေဦးမှာပဲ မဟုတ်ဘူးလား။
သည်မျှ သိပ္ပံနည်းကျသော အမှန်တရားကို စိမ်းဝေ ဦးနှောက်က လက်ခံဖို့ မခက်သော်လည်း နှလုံးသား ကတော့ ခံစားနေရပါသည်။
လွမ်းလွမ်းဆွေးဆွေး
ဟုတ်ပါသည်။ လွမ်းလွမ်းဆွေးဆွေးကို ခံစားနေရတာပါ။

ယူကေရောက်လျှင် မပြောနှင့်။ ယခု စတင် မထွက်ခွာခင်ကတည်းက မြန်မာပြည်ပေါ်မှာ သာနေသည့် လကြီး ကို သူ လွမ်းနေပါသည်။ ထို့ထက် ပို၍တော့ သည်ညပုဂံမှာ သာနေသည့်လကို လွမ်းပါသည်။ ထို့ထက် ပို၍ကား သူနှင့် ကိုကို နံရံတစ်ချပ်ခြား အိပ်ရမည့် ဘန်ဂလိုကလေးအပေါ်မှာ ထိန်နေအောင် သာ သည့် လကြီးကို သူ လွမ်းပါသည်။
လွမ်းလွန်း ၍ မျက်ရည်ပင် ၀ဲမိသော သူ့ကိုယ်သူအံ့သြမိသော်လည်း သည်လကြီးကို ဘာကြောင့် သူ လွမ်းနေ ရမှန်း စိမ်းဝေ နားမလည်နိုင်ပါ။ တကယ်တော့ သည်လကြီးက သူနှင့် ယူကေနိုင်ငံကို ပါလာမှာပဲ။
ပါမလာမှာက ပုဂံရယ်၊ ကိုကိုရယ် …
လွမ်းချင်းလွမ်းရင် ကိုကို့ကို လွမ်းရမည် မဟုတ်ပါလား။

ဒါကရော လွမ်းလို့ ရလို့လား။ ကိုကိုနှင့် သူက ချစ်သူတွေလည်း မဟ်ုတ်။ မောင်နှမလား ဆိုတော့လည်း စစ်စစ် မဟုတ်ပြန်။
ဘုရားရေ။
ရင်ထဲ က ဆို့နင့်၍ လာနေပါလား။ ပခုံးကလေးများပင် သိမ့်သိမ့် ခါချင်လာသည်။ ဒါ ဘာဖြစ်ရတာတဲ့လဲ။
" စိမ်းဝေ ညီမလေး "
ဝရန်တာအောက် အမှောင်ထဲက နွေးထွေး စီးပိုင်သော ကိုကို့အသံ ထွက်လာသည်။ စိမ်းဝေ ကမန်း ကတန်း လက်ခုံနှင့် မျက်ရည်များကို သုတ်ရင်း ထူးလိုက်ရသည်။
" ရှင် ကိုကို လာလေ "
ကိုကို က ၀ရန်တာ လှေကားလေး အတိုင်း တက်လာသည်။ ၀ရန်တာ မီးဝါကြန့်ကြန့်အောက် စိမ်းဝေဘေး ၀ရန်တာကိုမှီ၍ ရပ်သည်။
စိမ်းဝေ မျက်နှာကလေးကို ကြင်နာစွာ ငုံ့ကြည့်၍ တိုးတိုး မေးသည်။

" စိမ်းဝေ ငိုနေတာလား "
စိမ်းဝေ မညာချင်ပါ။ ခေါင်းညိတ်ပြလိုက်သည်။
" စိမ်းဝေ စိမ်းဝေ မသွားချင်တော့ဘူး ကိုကို "
ကိုကိုက တိုးတိုးရယ်၍ စိမ်းဝေခါင်းကလေးကို ချစ်စနိုး ပုတ်လိုက်သည်။
"အရူးမလေး၊ ဒီလောက် ကြိုးစားခဲ့ပြီးမှ "
" အို မသိဘူး "
စိမ်းဝေ ၀မ်းနည်းလာပြန်သည်။
ဝရန်တာ ကို မှီ၍ တသိမ့်သိမ့် ငိုကြွေးမိသည်။

ကိုကိုက စိမ်းဝေ ငိုတာကို စိတ်ရှည်ရှည် စောင့်နေသည်။ စိမ်းဝေ ငိုသံကျဲသွားမော့မှ လက်ကိုင်ပ၀ါ အသစ်ကလေးတစ်ခု ထုတ်ပေးသည်။
" စိမ်းဝေ အသက်က ၁၈ နှစ်၊ အသည်းနှလုံးက နုနုကလေး ရှိသေးတာ၊ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု နဲ့ တွေ့တိုင်း လက်မခံချင်တဲ့ စိတ်မျိုးဖြစ်လာမှာပဲ၊ ဒီအရွယ်မျိုးမှာ ကိုကို့ မေမေက ဖေဖေနဲ့ လက်ထပ်ခဲ့ တာပေါ့ ချစ်ပြီး လက်ထပ်တာပါပဲ၊ ဒါပေမဲ့ မင်္ဂလာဦးညမှာ ငိုပြီး မိဘအိမ် အတင်း ပြန်ပို့ခိုင်း သတဲ့၊ ဖေဖေက မေမေ စိတ်လှုပ်ရှားလွန်ပြီး ဖြစ်တယ်ဆိုတာ နားလည်ပြီး ဖျောင်းဖျနိုင် လို့ သာပေါ့၊ နို့မို့ဆိုရင် လူကြီးတွေက ညတွင်းချင်း လင်မယား ကွဲလာတယ်ထင်မှာ " ငိုနေသည့်ကြား က အငိုတိတ် ၍ စိမ်ဝေပြုံးမိသည်။

" ငယ်တဲ့လူ စိတ်လှုပ်ရှားတာကို မလှုပ်ရှားနဲ့လို့ ဘယ်လိုလုပ် ပြောမလဲ၊ ဒါပေမဲ့ အဲဒီလို သဘောရှိတယ် ဆိုတာ ကိုယ့်ဟာကိုယ် ပြန်နားလည်ရင် ကိုယ့်အသက်တူ ရွယ်တူ တွေထက် ဘ၀ကို ပိုပြီး တည်တည် ငြိမ်ငြိမ် ရင်ဆိုင်နိုင်တယ်၊ သူများမရတဲ့ အောင်မြင်မှုမျိုးတွေ ရနိုင်တယ်၊ ကိုကို့ညီမ စိမ်းဝေက အဲဒီလို အရည်အချင်း ရှိတဲ့ မိန်းကလေးဆိုတာ ကိုကို ယုံတယ် "
စိမ်းဝေ မျက်ရည်တွေ ၀ဲနေသော မျက်လုံးများဖြင့် လရောင်အောက်မှာ ၀ိုးတ၀ါး မြင်နေရသော ကိုကို့ မျက်နှာ ကို မော့ကြည့်မိသည်။
ကိုကိုရယ်။
တကယ်တော့ စိမ်းဝေဟာ သူလိုကိုယ်လို သာမန်မိန်းကလေး တစ်ယောက်ပါ။ ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး အစ်ကို တစ်ယောက် ရထားတာကလေး တစ်ခုတည်းပါပဲ။
ဒီည တစ်ညလုံး စိမ်းဝေဘေးမှာ အဲသလို စကားမျိုးတွေ ပြောပေးနေလို့ မရဘူးလား ကိုကို။

စိမ်းဝေ မေမေ့မျက်နှာကို တုန်လှုပ်ချောက်ချားစွာ ပြန်ကြည့်မိသည်။
                            ...................................................................
" ဘာလဲ မေမေရဲ့၊ ဘာတွေ မေးနေတာလဲ၊ ကိုကိုနဲ့ သမီးက မောင်နှမအရင်းတွေလိုပဲ အမြဲ ဖြူဖြူစင်စင် ပဲ ဆက်ဆံနေကြတာ၊ မေမေလည်း လာနေကြည့်ပြီး စိတ်ချလို့ ပြန်သွားတာပဲ မဟုတ်လား "
ဒေါ်ခင်ခင်က သက်ပြင်းချသည်။

" သိတယ် မေမေလည်း သမီးတို့နှစ်ယောက်ကို မျက်စိထဲမှာ မောင်နှမအရင်းလိုပဲ တစ်ချိန်လုံးမြင်နေ တာ၊ ခုမှ ကျောင်းက ဆရာမတွေက ကလေးနှစ်ယောက်ကို လက်ထပ် ပေးထားပြီး သားလားလို့ ၀ိုင်းမေးတော့ မှ မေမေလည်း တော်တော် တုန်လှုပ်သွားတယ်၊ တကယ်တော့ သမီးတို့က ဘာသွေးသား မှ တော်စပ်တာမှ မဟုတ်တာ၊ ဟိုမှာ တစ်အိမ်တည်း ဆိုပေမယ့် ဘယ်လိုနေကြထိုင်ကြတယ် ဆိုတာ လည်း မေမေတို့က မျက်မြင်မို့လို့ သိတာလေ၊ သူစိမ်းတွေ အမြင်ကျတော့ တစ်မျိုးဖြစ်နိုင်တယ် "
စိမ်းဝေ အံကြိတ်သည်။ မျက်ရည်တို့က စို့လာသည်။

" ထားလိုက်ပါ မေမေရယ်၊ သမီး နိုင်ငံခြားရောက်သွားတော့လည်း သူတို့ ပါးစပ်ပိတ်သွားကြမှာပေါ့ "
ဒေါ်ခင်ခင် က ခေါင်းခါသည်။
" မပြီးဘူး သမီး၊ သမီးက နိုင်ငံခြားမှာပဲ အခြေချနိုင်ငံခြားက လူနဲ့ပဲ အိမ်ထောင် ကျ ဖြစ်သွားမယ် ဆိုရင်သာ ပြီးမှာ၊ ပြန်လာလို့ကတော့ လူတွေက ပြန်ဖွကြဦးမှာ၊ အထူးသဖြင့် သမီး အိမ်ထောင် ဖက် ဖြစ်လာမယ့်သူနဲ့ ပြဿနာတက်နိုင်တယ် "
" သမီး ဘယ်သူ့မှ မယူဘူး " စိမ်းဝေက တူးတူးခါးခါး ပြောတော့ ဒေါ်ခင်ခင် ခေါင်းခါပြန်သည်။

" အပြတ်မပြော နဲ့ သမီး၊ သမီးငယ်ငယ်ကလေး ရှိသေးတာ၊ ရှေ့လျှောက် ဘယ်သူတွေနဲ့ တွေ့လို့ ဘာတွေ ဆုံးဖြတ်ဖြစ်ဦးမယ် မသိဘူး၊ ရဲဝင့်ကလည်း တော်တော် အောင်မြင်နေတယ် ကြားတယ်၊ ဒီ ဇာတ်လမ်း ထဲကို ရဲဝင့်ကို လိုချင်တဲ့ မိန်းမတွေပါ ပါလာရင် ပိုရှုပ်ကုန်ပြီ"
စိမ်းဝေ အံကြိတ်သည်။ " မေမေက ဘာဖြစ်လို့ အဲဒါတွေ ပြောနေရတာလဲ "
ပထမဦးဆုံး ဒေါ်ခင်ခင်ပြုံးသည်။

" အဲဒါကြောင့် သမီးတို့ ဆက်ဆံရေးကို မေးတာပေါ့၊ သမီးတို့ အချင်းချင်း သိပ် သံယောဇဉ်ကြီးကြတယ် ဆိုတာ မေမေတို့ သိနေတာပဲ၊ အများပြောနေသလိုပဲ သမီး မသွားခင် သမီးတို့ကို လက်ထပ်ပေးထားရင် မကောင်းဘူးလား " စိမ်းဝေ မျက်လုံးများ ပြာဝေသွားပါသည်။
 
ဆက်ရန်
.

No comments: