Thursday, May 24, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၆)

" ဟာ ဒါဆိုရင်တော့ နင့်အစ်ကိုကို နင် အမှတ်တွေ ပေးနေတာ မဟုတ်ဘူးဟ၊ နင့်အစ်ကိုရော သူ့ အဖေရော တကယ် တော်တာပဲ "
စိမ်းဝေ ပြုံးစူစူ လုပ်ပြသည်။ " ခုမှ " " တကယ် ပြောတာဟ၊ ငါတော့ နင့်ကို တကယ် ယောင်းမ တော်ချင်လာပြီ၊ သူ့မှာ ရည်းစား မရှိသေးဘူး မဟုတ် လားဟင် "
စိမ်းဝေ က မျက်စောင်းထိုး၍ "ထင်တာပဲ " ဟု ပြောရင်းက မမနှင်းကို ဖျတ်ခနဲ သတိရ မိလေ သည်။
ကို ဆက်ဖတ်ရန်.........

မနှင်းဖွေး (၄)

ကြည့်မြင်တိုင် အဝေးပြေး ကားဝင်း အတွင်းသို့ သူ စီးလာသော ကားကြီးဝင်လာကတည်းက ရဲဝင့်များ လာကြို နေမလား ဟု မျှော်လင့်ချက်ဖြင့် ခေါင်းပြူကြည့်နေသော မနှင်းဖွေးမှာ ဟန်ပို၏ ပြုံးဖြီးဖြီး မျက်နှာ ကြီး ကို မြင်လိုက်တော့ မှ သက်ပြင်းချမိသည်။
" ကိုဟန်ပို ကိုရဲဝင့်ရော " " ခေါ်ပါတယ်ဟာ၊ နင့် ကောင် တကယ် အလုပ်များနေလို့ပါ "
မနှင်းဖွေး က မျက်စောင်းမသိမသာ ထိုးသည်။ ဟန်ပိုက မမြင်ချင်ဟန် ဆောင်၍ ရယ်နေသည်။
" အိမ်က အခု ဒီကြည့်မြင်တိုင်မှာပဲဆို နီးနီးလေးပဲဟာ "
" ဒီ ကားဝင်းက မြောက်ဥက္ကလာပဘက်ကို ရွှေ့ဖို့ ရှိတယ်ဟ၊ အဲဒါ ဒီကောင် အလုပ်တွေ များပြီး ကြောင် တောင်တောင်နဲ့ ရွှေ့သွားပြီ မှတ်ပြီး မလိုက်တာ နေမှာ "
" ကိုဟန်ပို ရှေ့နေ လိုက်ခ ဘယ်လောက်ရသလဲ " ဟန်ပိုက တဟားဟား အော်ရယ်သည်။

" လိုက်သာ မလာတာ သူ့ကား ပေးလိုက်တယ်ဗျာ၊ နင့်ကို ခေါ်ပြီးရင် သူ့ကို ကြည့်မြင်တိုင်အိမ်မှာ ၀င်ခေါ် တဲ့၊ ရန်ကင်းစိန်လျှံ မှာ သွားစားကြမယ်တဲ့၊ နင့် မျက်နှာရော သစ်ပြီးရဲ့လား "
" ပဲခူး မှာ ရပ်တုန်း က သစ်ခဲ့ပါတယ်၊ ကိုဟန်ပိုကြီးကလည်း "
ဟန်ပို က မနှင်းဖွေး၏ သေတ္တာများကို ကူသယ်၍ မလှမ်းမကမ်းတွင် ရပ်ထားသော ကားအဖြူကလေး များကို လျှောက်သွားသည်။
မနှင်းဖွေးက မျက်မှောင်ကြုတ်သည်။
" သူပြောတာ ပရက်စတိုပစ်ကတ် ကလေးဆိုလို့ နှင်းက သေတ္တာကြီးတွေ ထည့်ခဲ့တာ၊ အခု ဆလွန်းကား လေးတင်လို့ ရပါ့မလား "
" နောက်ဖုံး ဆံ့ပါတယ် ဟ၊ နင့်ကောင်က ခွင်ကြီး သုံးလေးခု ဆက်တိုက် ရထားတော့ ထောနေတယ် ဟ၊ ဒီကြားထဲ ဒီကား က ၈ သိန်းလောက် ပေါက်တာကို ငွေလိုတဲ့လူက ၆ သိန်းနဲ့ ထိုးပေးတော့ ဒီကောင် လဲ လိုက်တာ " မနှင်းဖွေး မျက်လုံးပြူးသွားသည်။

" ကားတစ်စီးက ၁၈ သိန်းတောင် ပေါက်တယ် ဟုတ်လား "
ဟန်ပိုက ပြုံးသည်။
" ဈေးကွက် စီးပွားရေးခေတ် ရောက်သွားပြီ ကြီးဒေါ်ရဲ့၊ အဲဒါ ကုမ္ပဏီမှာလည်း ငွေဝင်ငွေထွက် များနေပြီ၊ ညည်း ကို လူယုံမို့ ငွေထိန်းစာရင်းစစ် လုပ်ပေးဖို့ ခေါ်လိုက်တာ၊ ညည်းလည်း နည်းနည်း မျက်စိပွင့် နားပွင့် မှ ရတော့မယ်၊ ကားတစ်စီး ၈ သိန်းတန်တာ အံ့သြနေလို့ မရတော့ဘူး "
မနှင်းဖွေးက ဟန်ပို ဖွင့်ပေးသော ကားနောက်ဖုံးထဲသို့ အိတ်တစ်လုံး လှမ်းထည့်ရင်းက ပခုံးတွန့်ပြသည်။
" လူရည်မလည်ရင်လည်း အလုပ်ပြုတ်ရုံရှိတာပဲ ကိုဟန်ပိုရယ်၊ ကျောင်းပြီးကတည်းက ပြင်ဦးလွင်မှာပဲ အိမ်တွင်းပုန်း လုပ်နေတာ "
ဟန်ပို က ရယ်သည်။

" နင်က ရိုးရိုး ပြုတ်မှာမှ မဟုတ်တာ၊ စာရင်းစစ် ဘ၀ကနေ ကုမ္ပဏီပိုင်ရှင် ဘ၀ တန်းရောက်သွားမှာ "
မနှင်းဖွေး၏ ဖြူဝင်းသော မျက်နှာကလေး စွေးစွေးနီသွားပြီး ဟန်ပို၏ ပခုံးကို တရစပ် ထုပါတော့လေ၏။

ကြည့်မြင်တိုင်ရှိ ရဲဝင့် တို့၏ အိမ်ကလေးမှာ ခြံနှင့် အိမ် အပြည့် နီးနီး ဆောက် ထားသော နှစ်ထပ် အုတ်တိုက် ကလေးဖြစ်သည်။ အိမ်အရှေ့တွင်အနည်းငယ် ကျန်သည့် နေရာ တွင် နှစ်ယောက်ထိုင် ဒန်းကလေး လုပ်ထားပြီး ဒန်းပေါ်တွင် စာရွက်တစ်ပုံနှင့် ရဲဝင့် ရှိနေသည်။
မတွေ့ရတာ အတန်ငယ် ကြာသွားပြီဖြစ်သော ရဲဝင့်ကို တွေ့တွေ့ချင်း မနှင်းဖွေးရင်မှာ ဖြစ်လာသည့် ခံစား ချက်က နှစ်ခု။
တစ်ခုက တော်တော်နှင့် ထပ်တွေ့ရဦးမှာ မဟုတ်ဘူးဟု ထင်ထားရာကပြန်တွေ့ရသဖြင့် ၀မ်းသာစိတ်။ နောက်တစ်ခုက သိသိသာသာ ထပ်ပိန်သွားသည်ကို သတိထားမိသဖြင့် စိတ်မကောင်းစိတ်။
အဲဒီ စိတ်နှစ်ခုဖြင့် ကားပေါ်မှ ဆင်းလာပြီး အတန်ကြာသည်အထိ မနှင်းဖွေး စကားမပြောနိုင်။
ရဲဝင့်ကတော့ မော့ကြည့်ပြီး မနှင်းဖွေးကို တွေ့သည်နှင့် နေ့တိုင်း တွေ့နေရသူ တစ်ဦးကို နှုတ်ဆက်သလိုပင် ပြုံး၍ နှုတ်ဆက်သည်။

" နှင်းပစ္စည်းတွေ ချလေ၊ မနက်စာ သွားစားရအောင်၊ မျက်နှာသစ်၊ ခြေလက် ဆေးချင်သေးသလား "
မနှင်းဖွေး က ကြိုးစား ၍ ပြန်ပြုံးပြပြီး ခေါင်းခ်သည်။
" ပစ္စည်းတွေ အဆောင်ကျမှ ချတော့မယ် "
ရဲဝင့် က မျက်မှောင်ကြုတ်သည်။
" အဆောင် က ဒီနေ့မှ သွားပြောရမှာ မဟုတ်လား၊ ဒီနေ့ ဒီမှာနေလို့ရအောင် လုပ်ပေးထားတယ်လေ "
" ရတယ် ကိုရဲဝင့်၊ နှင်းက အဆောင်ရှင်ကို ကြိုဖုန်းဆက်ထားပြီးသား၊ လူဟောင်းတွေဆိုတော့ ဘာမှ ပြဿနာ မရှိဘူး "
ဟန်ပို က ဒန်းပေါ်မှာ ချထားသော စာရွက်စာတမ်းများကို ကောက်ယူကြည့်သည်။

" ဟာ ဓာတ်လှေကား ကတ်တလောက်တွေ ပါလား၊ ငါ့ကောင် စိတ်နည်းနည်း လျှော့ပါဦးကွာ၊ တို့ဆီမှာ ဓာတ်လှေကား နဲ့ တိုက်ခန်းတွေ မဆောက်သေးပါဘူး "
ရဲဝင့်က နှာခေါင်းရှုံ့ပြသည်။
" မန္တလေးက ဟိုတယ်တစ်လုံးမှာ တပ်ပြီးသွားပြီကွ၊ မင်းတို့ကို ဈေးကွက်ကို လေ့လာပါ၊ လေ့လာပါလို့ အဲဒါ ကြောင့် ငါ ပြောပြောနေတာ၊ မင်း စောင့်ကြည့်နေ၊ ရန်ကုန်မှာလည်း တစ်နေ့နေ့ အဆောက်အအုံ ဘယ်နှ ထပ်ကျော်ရင် ဓာတ်လှေကား မတပ်မနေရ ဆိုတာမျိုးတွေ လာလိမ့်မယ် "
မနှင်းဖွေးက သက်ပြင်းချရင်း ရယ်သည်။
" အလုပ်ရှင်က ဒီပုံစံဆိုရင်တော့ အလုပ်ဝင်ရမှာတောင် လန့်လာပြီ "
ရဲဝင့်က ရှက်ရယ် ရယ်သည်။

" အလုပ်ရှင်လို့ မပြောစမ်းပါနဲ့ နှင်းရယ်၊ တို့က မောင်နှမတွေဟာ "
" ရှင် ကိုကို ဘာလဲဟင် "
မမျှော်လင့်သော အသံနှင့်အတူ အိမ်ထဲမှ မိန်းကလေးတစ်ဦး ထွက်လာသည်ကို တွေ့ရသည်။
ဘလောက်စ် အင်္ကျီအဖြူ ကချင်လုံချည်အစိမ်းရောင်ကလေးနှင့်။
ဘုရားရေ သိပ်လှသည့် မိန်းကလေးတစ်ဦးပါလား။ အသက်က ၁၈ နှစ်လောက်ပဲ ရှိဦးမည်။ ဒီလောက်လှ သည့် မိန်းကလေးတစ်ဦး ရဲဝင့်ဆီမှာ ဘယ်လိုလုပ် ရှိနေရတာတဲ့လဲ။
မိန်းကလေး က မနှင်းဖွေးဘက် လှည့်ကြည့်၍ ပြုံးပြသည်။

" မမနှင်း ရောက်လာပြီလား၊ မမနှင်းက ပိုတောင် လှလာသေးတယ် "
သြော် စိမ်းဝေ စိမ်းဝေပဲ။
မနှင်းဖွေး က အနားကပ်လာသော စိမ်းဝေ၏ ပခုံးကလေးကို ဖက်လိုက်သည်။
" စိမ်းဝေ က အများကြီး ပိုလှသွားပါပြီကွယ်၊ စိမ်းဝေ ရန်ကုန် ရောက်နေတာလား  "
" နိုင်ငံခြား မှာ ကျောင်းဆက်တက်ချင်လို့တဲ့လေ၊ ဒီမှာလိုတဲ့ သင်တန်းတွေ လာတက်နေတာ၊ အစကတော့ အန်တီခင်ပါ လိုက်နေတယ်။ အခုတော့ ပြန်သွားပြီ၊ ဒီမှာ စိမ်းဝေ အဖော်ရအောင် ကရင်အဒေါ်ကြီး တစ်ယောက်လည်း ခေါ်ထားတယ်၊ အဲဒါကြောင့် နှင်း နေချင်နေလို့ရတယ်လို့ ပြောတာ "
သြော် လက်စသတ်တော့ ကိုရဲဝင့်တစ်ယောက် နှမလှလျကလေး အပိုင်ရထားမှကိုးဟု မနှင်းဖွေး တွေးမိ သည်။

ရဲဝင့်က စိမ်းဝေကို လှမ်းပြောသည်။
" ကဲ စိမ်းဝေ၊ တစ်ခါတည်း လိုက်ခဲ့၊ ကိုကိုတို့ စိန်လျှံမှာ သွားစားကြပြီးရင် စိမ်းဝေကို ရန်ကင်းက သင်တန်းကို တန်းပို့ပေးမယ် "
" ဟုတ်ကဲ့ ကိုကို "
စိမ်းဝေက အိမ်ထဲ ပြန်ဝင်သွားသည်။
ခဏနေတော့ ကျောင်းလွယ်အိတ်လေး တစ်လုံး လွယ်၊ ဖိုင်တွဲတစ်တွဲ ပိုက်ပြီး ပြန်ထွက်လာသည်။
" ကိုကို ၀ဇီရာပြဇာတ်လက်မှတ်ဝယ်ပြီးသွားပြီလား "
ရဲဝင့် က ရယ်၍ ခေါင်းကုတ်သည်။ စိမ်းဝေက လိုက်ရယ်သည်။
" မ၀ယ်ရသေးလည်း ကောင်းတာပဲ၊ မမနှင်းပါ ခေါ်ကြရအောင် ကိုဟန်ပိုကြီးရောပေါ့၊ မကောင်းဘူးလား "
မနှင်းဖွေးက မျက်မှောင်ကြုတ်သည်။

" ဘာလဲ ညီမလေးရဲ့ ၀ဇီရာ ပြဇာတ်ဆိုတာ "
" ၀ဇီရာ ရုပ်ရှင်ရုံဟောင်းကို ပြန်ပြင်ပြီး ပြဇာတ်ရုံ လုပ်ထားတယ်လေ၊ ရုပ်ရှင်ကားတွေကလည်း သိပ် ထွက်မလာသေးတော့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ကကြတာ၊ အရမ်း ရယ်ရတာပဲတဲ့၊ အဲဒါ ကိုကို့ကို လိုက်ပြဖို့ ပူဆာနေတာ ကိုကိုက ထုံးစံအတိုင်း အလုပ်များတယ်ဆိုပြီး နေ့ရွေ့ ညရွှေ့နဲ့၊ အခု မမနှင်း ရောက်လာတော့ အတော်ပဲ မမနှင်းကိုပါ ပြဖို့ဆိုရင် ကိုကိုက ၀ယ် ဖြစ်မှာပါ "
မနှင်းဖွေး မျက်နှာ ရှက်သွေးဖြန်း သွားပြန်သည်။
" ကဲပါ နက်ဖြန်ညပဲ သွားကြတာပေါ့နော် နှင်း "
ရဲဝင့် က ပြောတော့ မနှင်းဖွေး ခေါင်းငုံ့နေရင်းကပင် ခေါင်းညိတ်ပြမိသည်။
စင်ပေါ်မှ လူရွှင်တော် ကွမ်းသီးနှင့် မောင်မေတ္တာတို့၏ ပြက်လုံးများကြောင့် ပြဇာတ်ရုံ တစ်ရုံလုံး ပတ်တုတ် ၍ မရအောင် ရယ်မောနေကြသည်။

မနှင်းဖွေးကတော့ ပါးစပ်ကလေးကို လက်ကိုင်ပ၀ါနှင့် အုပ်၍ မသမမသာရယ်မောရင်းကပင် သူ့ ဘယ်ဘက် ခြမ်းတွင် ထိုင်နေသော ရဲဝင့်ကို ခိုးကြည့်မိသည်။ ရဲဝင့်လည်း ရယ်မောရင်းက ထွက်လာသော မျက်ရည် များကို လက်ဖမိုးနှင့် သုတ်နေသည်။ ရဲဝင့်၏ ဟိုဘက်ဘေးတွင် ထိုင်နေသော စိမ်းဝေ ကလေးကတော့ ကလေး အမူအရာလေးနှင့် ရဲဝင့်၏ ဘယ်ဘက် အင်္ကျီလက်မောင်းစကို ဆွဲ၍ မှီထားရင်းက တသိမ့်သိမ့် ရယ်မောနေပါသည်။
ကြည့်ပါဦး။
ကိုရဲဝင့် တစ်ယောက် ပျော်နေလိုက်တာ။
ရဲဝင့်နှင့် ခင်မင် ရင်းနှီးခဲ့ရသည့် နှစ်ပေါင်း ငါးနှစ်ကျော်ကျော်အတွင်းတွင် ရဲဝင့် သည်မျှရွှင်လန်းနေ သည်ကို တစ်ခါ မှ မမြင်ဖူးသေးကြောင်း သတိရမိလိုက်သဖြင့် မနှင်းဖွေး ရဲဝင့်အတွက် တွေးပြီး စိတ်ချမ်းမြေ့သွား သည်။
တစ်ဆက်တည်း မှာပင် မနှင်းဖွေး၏ စိတ်တို့ လေးလံထိုင်းမှိုင်းသွားပြန်သည်။

ရဲဝင့် (၆)

ညတစ်နာရီ သံချောင်းခေါက်သံ တစ်ချက်ကို ကြားရသည်။
အိမ်ရှေ့ ဒန်းကလေးပေါ်တွင် ထိုင်၍ စာရွက်စာတမ်းများကို လေ့လာနေရာမှ ခါးကို ဆန့်လိုက်တော့ ခါးက တဖြောက်ဖြောက်မြည်သည်။
ခေါင်း က စူးတူးတူး၊ ကိုယ်တိုက်တိုက်။
အသက်နှစ်ဆယ်ကျော်နှင့်များ မျက်မှန်လိုနေပြီလားမသိ။ စာဖတ်ရင်း ခေါင်းကိုက်ကိုက် လာတတ်သဖြင့် မျက်မှန် စမ်းဦးမှပဲဟု ခဏခဏ တွေးမိဖူးသည်။ သို့သော် တွေးရုံအဆင့်နှင့်သာ ပြီးပြီး နောက်တစ်နေ့ မေ့ သွားတတ် သည်က ထုံးစံဖြစ်နေသည်။

စောစောကပင် တစ်ခေါက်ထ၍ နားထင်ကို အေးအောင် ရေနည်းနည်းဆွတ်ခဲ့ပြီး ဆက်ဖတ်နေသေး သည်။ ဒီတစ်ခါတော့ ရေလည်း ကယ်နိုင်တော့မည်မထင်။ တကယ် ၀င်အိပ်မှ ရတော့မည်။
အိမ်ဘက်ကို တစ်ချက် ငဲ့စောင်းကြည့်မိသည်။
စိမ်းဝေကလေးက ဆယ်နာရီ ကတည်းက အိပ်နေပြီ။
" တစ်ခါတလေလည်း စောစော အိပ်ပါလား ကိုကိုရယ်၊ ကျန်းမာရေး ထိခိုက်နေပါဦးမယ်၊ ကိုတို့မှာ အိမ်ပုင်၊ ကားပိုင်နဲ့ အသက်ငယ်ငယ်လေး ရှိသေးတာ၊ ဘာဖြစ်လို့ ဒီလောက် ကြိုးစားနေရတာလဲ "
ချစ်စဖွယ် မျက်မှောင်ကလေးကြုတ်၍ ပြောသွားသေးသည်။
" မီးပျက်တဲ့ည ဆို အိပ်တာပဲ စိမ်းဝေရယ် " သူက ရယ်၍ သာ ဖြေလိုက်သည်။

ပြန်စဉ်းစားရင်းက ဒန်းပေါ်သို့ အလင်းရောင် ပေးနေသော အိမ်ရှေ့ မီးကလေးကို မော့ကြည့်မိသည်။
ဟုတ်ပါရဲ့၊ အိမ်က အလုပ်တိုက်လောက် မီးမမှန်။ တစ်ခါတလေ အလုပ်ကိစ္စ အရေးကြီးရင် ဟန်ပိုကြီးနှင့် အတူသွားအိပ်ရတာပင် ရှိသည်။
" ကလေး တစ်ယောက်တည်း စိတ်မချဘူးကွာ၊ မင်း ဒီမှာ အိပ်ရင် ငါ ဟိုသွား အိပ်လိုက်မယ် "
" အမိုး ရှိတယ်မောင် မသွားနဲ့၊ မင်း ငါ စိတ်မချတာ "
ရဲဝင့် တွန့်တိုမှန်းသိ၍ ဟန်ပိုက အမြဲ မခံချင်အောင် စတတ်သော်လည်း တကယ်တမ်းကျတော့ စိမ်းဝေကို ဟန်ပိုက ညီမလေး အရင်းကလေးလိုပင် ရင်းရင်းနှီးနှီး ဆက်ဆံရှာပါသည်။
မှောင်နေသော အိမ်အတွင်းသို့ ရဲဝင့် တစ်ချက် ငဲ့ကြည့်ရင်းက ရဲဝင့် ပြုံးမိပြန်သည်။ အင်းလေ၊ ဒီလောက် လှပသည့် နှမကလေး တစ်ယောက်ကို အုပ်ထိန်းနေရသည့် အစ်ကို ဆိုတော့လည်း စိတ်ပူတတ်မှ တွန့်တို တတ်မှ တာဝန်ကျေတော့မပေါ့။
ရင်ထဲတွင် နွေးထွေးစွာ ခုန်နေမိပြန်သည်။

မနှင်းဖွေး (၅)

ရုံးခန်းတံခါး ကို ရောက်တော့ အတွင်းက ပိတ်ထားတာ တွေ့ရသည်။
ကိုဟန်ပိုကြီး သည်တစ်ခါ လက်ဖက်ရည်ဆိုင်က ပြန်ရောက်တာ စောသားပဲဟု တွေး၍ မနှင်းဖွေး တံခါး ကို ဖွဖွခေါက်လိုက်သည်။
သို့သော် တံခါး လာဖွင့်သူက ရဲဝင့်ဖြစ်နေသည်။
" ဟင် ကိုရဲဝင့်၊ ညက အိမ်မျာ မီးပျက်လို့လား "
ရဲဝင့် က အနည်းငယ်မို့ အမ်းနေသော မျက်လုံးကို ရှက်ကိုးရှက်ကန်းပွတ်ရင်း ရယ်သည်။

" ညက အိမ်မှာပဲ အိပ်တာပါ၊ မနက်စောစော လုပ်စရာလေးတချို့ သတိရလို့ စောလာလိုက်တာ "
မနှင်းဖွေးက ရုံးခန်းထဲ လှမ်းဝင်လိုက်ရင်း လက်ပတ်နာရီကို ငုံ့ကြည့်သည်။
" ခုမှ ၈ နာရီ ပဲ ရှိသေးတယ်၊ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ "
" ၆ နာရီခွဲလောက် ထင်တယ် "
မနှင်းဖွေး က ရဲဝင့်စားပွဲပေါ်မှာ ပြန့်ကျဲနေသော စာရွက်စာတမ်းများကို သိမ်းပေးမည်စိတ်ကူးပြီးမှ သူ့ အမှတ်အသားနဲ့သူ ရှိပါစေလေဟု တွေး၍ ဒီအတိုင်း ထားလိုက်သည်။
မီးဖိုချောင်ဘက် သို့ ၀င်သွား၍ စားပွဲပေါ်တွင် အဆင်သင့် ရှိနေသော ရေနွေးကရား ကို ယူ၍ ရေဖြည့်သည်။

" နှင်း ကော်ဖီ ဖျော်မလို့လား "
နောက်မှ လိုက်လာသော ရဲဝင့်က မေးတော့ မနှင်းဖွေး ခေါင်းညိတ်ပြသည်။
" မသောက်ရသေးဘူး မဟုတ်လား "
" အင်း "
" မနက်စာရော "
" သံဘူးတစ်ပုံးဖောက်လိုက်တယ် "
" နှင်းဖွေးက နှာခေါင်းရှုံ့သည်။
" အဲဒီ အခြောက်အခြမ်းကလေးတွေနဲ့ ဘယ်လိုလုပ် ၀မှာလဲ၊ ဒီနားမှာ မုန့်ဟင်းခါး သွားဝယ်ပေးရမလား "
ရဲဝင့် က မီးဖိုချောင် အ၀င်တံခါးဝကို ဘေးတိုက်မှီ၍ မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် သပ်ချရင်းက ရယ် သည်။

" နှင်းက စာရင်းကိုင်လေ၊ အဲဒါက အတွင်းရေးမှူးမကလေးလုပ်ရမှာ "
" ဘယ်က အတွင်းရေးမှူးမကလေး ရှိလို့လဲ "
ရဲဝင့်က ရယ်ပြန်သည်။
" ကပ်စေးနှဲပြီး မခန့်ထားတာလေ၊ မှတ်လောက်သားလောက် ရှိအောင် ပစ်ထားရတယ်၊ လိုက်လိုက် ဂရုစိုက်မနေနဲ့ "
မနှင်းဖွေးက နှုတ်ခမ်းစူသည်။
" အစ်ကိုလို သဘောထား လုပ်ပေးတာပါနော်၊ မကြိုက်ရင် လုပ်မပေးဘူး "
ရဲဝင့် မျက်နှာ တွေဝေ မိန်းမောသွားသည်။ ပြီးမှ ရယ်သည်။

" စတာပါ နှင်းရယ်၊ မောင်နှမဆို နေလို့ရတဲ့ သူနဲ့ပဲ အလုပ်လုပ်ချင်လို့ အစကတည်း က နှင်းကို ရွေးခေါ်တာ ပေါ့၊ ကဲ ကော်ဖီပဲ ဖျော်ပါ၊ နှင်းလည်းသောက် "
" နှင်းက သောက်ပြီးပြီ "
" ထပ်သောက်ပါကွာ၊ တစ်ယောက်တည်း သောက်ရမှာ ပျင်းလို့ပါ "
ရဲဝင့် က ပြောပြောဆိုဆို စားပွဲပေါ်မှာ ၀င်ထိုင်လိုက်သည်။
ဘာကြောင့်ရယ် မသိ၊ ရဲဝင့်နှင့်အတူ ၀င်ထိုင်၍ ကော်ဖီ သောက်ရမှာကို မနှင်းဖွေး ရင်ဖိုသွားသည်။
မနက်စောစောက အိမ်မှာ မနက်စာ အတူစားနေကြသည့် လူငယ်ဇနီးမောင်နှံနှင့်ပင် တူနေသလိုလို။ အို မဟုတ်တာ။ သူနဲ့ ငါက ချစ်သူတွေတောင်မှ မဟုတ်တာ။ ရင်ကလေး တလှိုက်လှိုက်နှင့်ပင် ကော်ဖီနှစ်ခွက် ကိုချ၍ မနှင်းဖွေး ၀င်ထိုင်သည်။
" ဘာတွေ ဒီလောက် အရေးကြီးနေရတာလဲ "
ရဲဝင့်က လက်ထဲတွင် ကိုင်လာသည့် ဖိုင်တွဲကို ပြသည်။

" တင်ဒါ သွင်းရမှာလေ၊ ၀န်ကြီးဌာနမှာလည်း ပညာရှင်တွေ ရှိတာပဲ၊ ကိုယ့်ဘက်က ဟာကွက် ရှိနေရင် ရွေး မှာမဟုတ်ဘူး၊ စေ့နေအောင် စစ်ဆေးရတယ် "
မနှင်းဖွေးက ကော်ဖီကို မှုတ်သောက်ရင်းက နှာခေါင်းရှုံ့ပြသည်။
" ပြိုင်ဘက်က တခြားနည်းနဲ့ပညာ ပြသွားမှ မောထားသမျှ အမောဆို့နေရမယ် "
ရဲဝင့်က ပခုံးတွန့်ပြသည်။
" မတတ်နိုင်ဘူးလေ၊ ပညာဆိုတာက ပညာတိုင်း မြတ်တာမှမဟုတ်တာ၊ ဗိသုကာပညာ က ပြကောင်းသော ပညာ အောက်လမ်းနည်းတွေက မပြကောင်းသောပညာ၊ အောက်လမ်း ပညာသည် ကို ကောင်းသောပညာ နဲ့အနိုင်ယူချင်တယ်၊ သည်တစ်ခွင် လွတ်သွားရ ဆုံးရှုံးရလည်း နောက်တစ်ခွင် ထပ်ပြိုင် လို့ ရတယ်၊ ကိုယ့် ကိုယ်ကိုယ် ပြန်ရိုသေမှုက ဆုံးရှုံးသွားရင် ပြန်မရနိုင်တော့ဘူး၊ အဲဒီအခါကျမှ တကယ် မအောင်မြင်သော လူသားဖြစ်မှာ "
မနှင်းဖွေး က ဖြည်းညင်းစွာ လူသားဖြစ်မှာ "

" နှင်းက အဲဒါတွေ နားမလည်ဘူး၊ အင်းလေ ဒါပေမဲ့ ကိုရဲဝင့် အဲသလို စိတ်ထားပဲ ထားတာကိုတော့ သဘော ကျပါတယ်၊ ပင်ပန်းလွန်းနေသလားလို့ပဲ တွေးမိတာပါ "
" ငါလည်း ပင်ပန်းတာပဲဟ "
နောက်မှ အသံသြကြီး ပေါ်လာသဖြင့် မနှင်းဖွေးလန့်ပြီး တုန်သွားသည်။ လှည့်ကြည့်တော့ ပြုံးဖြီးဖြီးကြီး လုပ်ပြနေသော ဟန်ပိုကို တွေ့ရသည်။
" အမယ် ကိုဟန်ပိုက ကိုရဲဝင့်လောက် မပင်ပန်းပါဘူး "
ဟန်ပိုက ၀င်ထိုင်သည်။
" အေးဆေးပေါ့၊ ဘာလုပ်မလဲ၊ ငါ့ ရုပ်နဲ့လည်း ဘယ်သူမှ ငါ့မယူမယ့်အတူတူ တစ်ယောက်စာပဲ ရှာတော့မယ်၊ ဒီကောင်သာ အနားမှာ ၀ိုင်းနေတာ "
ရဲဝင့် က မျက်လုံးပြူးပြ၍ ဟေ့ကောင်ဟု ဟန့်သည်။

မနှင်းဖွေးက ရုတ်တရက် အဓိပ္ပာယ် မပေါက်ဘဲ မေးသည်။
" ဟုတ်လား ကိုရဲဝင့်နားမှာ ဘယ်သူတွေ ၀ိုင်းနေလို့လဲ "
" နာမည်တော့ မသိပါဘူးဟာ အသားဖြူဖြူ မျက်လုံး ညိုညိုနဲ့ ကောင်မလေးတွေ "
မနှင်းဖွေး မျက်နှာကလေး နီရဲသွားသည်။
" ဟာ ကိုဟန်ပိုကြီးနော် "
ဟန်ပိုက ဟက်ဟက်ပက်ပက် ရယ်သည်။
"ကိုယ့်ညီမမို့ ချစ်လို့ စတာပါဟာ၊ ဒါနဲ့ နင် အအေးမိနေလား "
မနှင်းဖွေး အူကြောင်ကြောင် ဖြစ်သွားသည်။

" မမိပါဘူး ဘာဖြစ်လို့လဲ "
" နင့်မျက်နှာ နီနေသလားလို့ "
မနှင်းဖွေး ယောင်၍ မျက်နှာကို လက်နှင့် စမ်းကြည့်မိသည်။ ပြီးမှ ဟန်ပို ထပ်စနေမှန်းရိပ်မိ၍ ရှက်သွားပြီး ဟာဟုဆိုကာ ဟန်ပို့ကို လက်သုတ်ပ၀ါနှင့် ပေါက်သည်။
ဟန်ပို က တဟားဟား ရယ်နေသည်။
ရဲဝင့်က နေရာမှ ထသည်။
" ကျန်တဲ့ အဖွဲ့တွေ မလာခင် မင်းနဲ့နှင်းနဲ့ ခဏစောင့်လိုက်ဦး၊ ငါ ဆေးရုံကြီးဘက် ပြေးလိုက်ဦးမယ် "
မနှင်းဖွေး က မျက်လုံးကလေးပြူးပြ၍ ဆေးရုံကြီး ဟုတ်လားဟု မေးသည်။

" ဟုတ်တယ်၊ မနေ့က တိုက်ပြိုကျတဲ့ အထဲမှာ ပန်းရန်ဆရာက တို့ဆိုက်မှာလည်း လုပ်သွားတဲ့လူပဲ၊ ဒီနေ့ ခွဲခန်းထပ်ဝင်ရမယ်၊ သွေးလိုချင် လိုမယ်တဲ့၊ အဲဒါ သွားလှူမလို့ "
မနှင်းဖွေး မျက်နှာ စိုးရိမ်ဟန် ပေါ်လာသည်။
" ဖြစ်ပါ့မလား ကိုရဲဝင့်ရယ်၊ ဒီလောက် အိပ်ပျက်စားပျက်နဲ့ "
ရဲဝင့်က ရယ်သည်။
" အသက် သုံးဆယ်တောင် မပြည့်သေးဘူး၊ ဒီအချိန်မှာမှ သွေးလှူလောက်အောင် မကျန်းမာဘူးလို့ ကိုယ့်ကိုယ် ကိုယ် ထင်ရင် ဘယ်တော့မှ သွေးလှူဖြစ်မှာ မဟုတ်ဘူး "
ဟန်ပိုက ခေါင်းဆက်ပြသည်။

" အဖမ်းခံထားရတဲ့ ကန်ထရိုက်လည်း မင်းဘော်ဒါပဲ မဟုတ်လားကွ၊ သွားကြည့်ဦးလေ "
ရဲဝင့်က နှာခေါင်းရှုံ့ပြသည်။
" မကြည့်ပါဘူး၊ မဖြစ်ခင် ကတည်းက ငါ သိတယ်၊ သုံးမတ်လုံး သံချောင်းသုံးရမယ့် နေရာ ငါးမူးလုံးတွေ သုံးတဲ့ကောင် ခံရတာတောင် နည်းသေးတယ် "
ဟန်ပိုက ရယ်သည်။
" ဒီ အပြောအဆို လေးတွေကြောင့် ရဲဝင့်ကို လူချစ်လူခင် များတာ "
မနှင်းဖွေးက ဟန်ပိုကို မျက်စောင်းထိုးပါသည်။

ရဲဝင့် (၇)

တော်ဝင် လူကူးတံတားပေါ်မှနေ၍ နေပြည်တော် ရုပ်ရှင်ရုံကို တစ်လှည့်၊ ပပ၀င်း ရုပ်ရှင်ရုံကို တစ်လှည့် တစ်လှည့်စီ အကြာကြီး စိုက်ကြည့်ရင်း စဉ်းစားနေသော ရဲဝင့်ကို ကြည့်၍ ဟန်ပိုက စိတ်မရှည်စွာ စုတ် သတ်သည်။
" ဘာလဲကွာ၊ မင်းက "
ရဲဝင့်က နေပြည်တော် ရုပ်ရှင်ရုံဘက်ကို လက်ညှိုးညွှန်ပြသည်။
" ရုပ်ရှင်ရုံတွေ ပုဂ္ဂလိက ချပေးတော့မယ်ကွ "
ဟန်ပိုက ပခုံးတွန့်ပြသည်။
" အဲဒါလောက်တော့ ငါလည်း ကြားပါတယ်ကွာ၊ အဲဒါနဲ့ မင်း ဒီ တံတားပေါ် လာရပ်ပြီး ကသိုဏ်းရှုနေတာနဲ့ ဘာဆိုင်လို့လဲ၊ လမ်းသွားလမ်းလာတွေတောင် မင်းကို ကွက်ကြည့် ကွက်ကြည့်နဲ့ မင်းကို အရူးထင်ရင် အကြောင်းမဟုတ်ဘူး၊ ငါ့ပါ ထင်မှာ "
ရဲဝင့်က ရယ်၍ နေပြည်တော် ရုပ်ရှင်ရုံကို ထပ် လက်ညှိုးညွှန်ပြသည်။

" ရွေးနေတာဟ၊ ရုပ်ရှင်တွေ ပုဂ္ဂလိကတင်သွင်းရင် ဟိုတုန်းကလို ကားဟောင်း၊ ကားဆွေးတွေ သွင်းမှာ မဟုတ်ဘူး၊ ဟိုမှာ ရုံတင်ခါစ အသစ်တွေ ၀င်လာမှာ ရုံကောင်းကောင်း အသံစနစ် ကောင်းကောင်းတွေ လိုတယ်၊ ရုံတွေကို ရီနိုဗိတ်လုပ်ပြီး အကြီးစား ပြန်မွမ်းမံကြလိမ့်မယ်၊ ကိုယ်က နဂိုရုံတွေပေါ့၊ ပထမ အဆင့် ပပ၀င်း လေ့လာရမလား၊ နေပြည်တော် လေ့လာရမလား စဉ်းစားနေတာ၊ အခု ရွေးလိုက်ပြီ နေပြည်တော်ပဲ "
" ပပ၀င်းက ဘာဖြစ်လို့လဲ "
ရဲဝင့် က ပပ၀င်းဘက်ကို ပြန်လှည့်၍ လက်ဝှေ့ယမ်းပြသည်။
" မင်း ပပ၀င်းကနေစပြီး ဟို အနော်ရထာလမ်း မီးပွိုင့်အထိ တစ်ဆက်တစ်စပ်တည်း မြင်ကြည့်လိုက်၊ ရုပ်ရှင် ရုံသေးသေး ကလေးတွေပဲ ရှိတယ်၊ ဟိုဘက်က လက်ရွေးစင် ကော်ဖီဆိုင်လောက် အထိ၊ ငါသာ အရင်း အနှီးကြီးကြီးနဲ့ ကုမ္ပဏီဆိုရင် ဟိုတယ် အကြီးကြီး ဆောက်ပစ်လိုက်လို့ ရတယ်၊ ဒါကို မြင်တဲ့ လူတွေ ၀င်လာမှာပဲ၊ သိပ် အပိုင်တွက်လို့ မရဘူး လ
" အရင်းအနှီးက ကြီးမှာလေ "

" ဟုတ်တယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက စနေပြီဆိုတော့ ပြောလို့မရဘူး၊ ဖြစ်သွားနိုင်တယ် "
ဟန်ပိုက ခေါင်းကုတ်သည်။
" မင်းနဲ့ လိုက်စဉ်းစားရတာနဲ့ ခေါင်းတွေလည်း ပူလာပြီကွာ၊ တော်ပြီ တော်ပြီ ငါ့ကို အအေးလိုက်တိုက် "
ရဲဝင့်က ရယ်သည်။
" ရပါတယ်ကွာ၊ တိုက်ပါ့မယ်၊ လောလောဆယ်တော့ ဟိုနေပြည်တော် ရုံဘက်မှာ အင်းဝ စာအုပ်ဆိုင် ပြန်ဖွင့်တယ်တဲ့၊ စိမ်းဝေအတွက် စာအုပ်ကလေးတချို့ အရင် သွားဝယ်ရအောင် "
၂၇ လမ်းထိပ်က အအေးဆိုင်မှာ ထိုင်မိကြတော့ ဟန်ပို တစ်ကိုယ်လုံးချွေးများရွှဲနစ်နေသည်။
ရဲဝင့်က ဖာလူဒါ နှစ်ခွက်မှာ၍ ဟန်ပို့ကို ကြည့်ပြီး ရယ်သည်။ ဟန်ပိုက မျက်စောင်းထိုးသည်။

" ရယ်မနေနဲ့၊ မင်းကို မင်း အလုပ်နဲ့ ပတ်သက်ပြီး ကြိုတွက်တာတွေ မှန်မှန်နေတာနဲ့ ဘ၀င်မြင့်မနေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်လို့ ဘာမှ ကြိုမတွက်တတ်တာလည်း သတိရဦး "
" မင်း ဘာကို ပြောတာလဲ "
" ဘာကို ပြောရမလဲကွ၊ အသက်က နှစ်ဆယ်ကျော်လို့ သုံးဆယ်ထဲ ရောက်လာပြီ၊ စီးပွားရေး လည်း အောင် မြင်စပြုပြီ၊ အိမ်ထောင်တစ်ခု ထူထောင်ဖို့ ဘာမှ အစီအစဉ်မရှိသေးဘူး "
ရဲဝင့်က ရယ်သည်။
" မင်းကျ ရှိတာကျ လို့ "
ဟန်ပိုက အသံမထွက်အောင် ဆဲသည်။
" ရရင်ယူချင်တာ တစ်ပိုင်းကို သေလို့၊ မရလို့ဟ၊ ရုပ်ဆိုးတာချင်း အတူတူ မင်းကျတော့ အလုပ်အပ် တဲ့ ကောင်မလေးတွေ ကောင်မကြီးတွေကပါ အစ်ကိုတွေ၊ မောင်လေးတွေ ထပ်လို့ "
မင်းက နည်းနည်း ပို အရုပ်ဆိုးလို့ ဖြစ်မှာပေါ့ " ဟန်ပိုက အသံမမြည်အောင် ဆဲပြန်သည်။

ရဲဝင့်က ရယ်၍ ဖာလူဒါခွက်ကို မွှေနှောက်ရင်း အကြာကြီး စဉ်းစားနေသည်။ ပြီးတော့ မှ တွေးတွေးဆဆ ပြောသည်။
" အိမ်ထောင် ပြုဖို့ ဆိုတာက ချစ်သူတွေ ဘာတွေရှိမှ ဖြစ်မှာကွ၊ ခက်တာက အဲဒီ ချစ်တယ်ဆိုတာကို ဘာလဲ ဆိုတာတောင် ငါ မသိဘူး "
ဟန်ပိုက ခေါင်းညိတ်သည်။
" ဘယ်သူမှလည်း သေသေချာချာသိဟန် မတူပါဘူးကွာ၊ နီးစပ်တဲ့ထဲက ကိုယ်နဲ့ အဆင်ပြေမယ် ထင်တာ ရှိရင် ညှိကြည့်၊ တစ်ခါတလေ စွဲမ်းသွားပြီးရ၊ တစ်ခါတလေလည်း မစွဲလမ်းဘဲရ၊ တစ်ခါတလေ စွဲလမ်းပြီး မရ၊ အဲသလိုပဲနဲ့ တူပါရဲ့ "
ရဲဝင့်က ရယ်၍ မင်းပြောမှ အချစ်ဆိုတာတော့ ပျက်ပြီဟု ဆိုသည်။ တော်တော်ကြာကြာ စဉ်းစားနေပြီးမှ တိုးတိုး ပြောသည်။

" ငါ တကယ်တမ်း သံယောဇဉ်ရှိတာ တစ်သက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ချင်တာက ငါ့ညီမလေး စိမ်းဝေပဲ၊ စိမ်းဝေ လိုတာကလေးတွေ ဖြည့်ဆည်းပေးနေရတဲ့ ဘ၀နဲ့ ငါ တစ်သက် လုံး ပျော်ပျော်နေနိုင်တယ် အဲဒါက သွေးသားရင်းလို ညီမ အရင်းကလေးလို ချစ်တာ၊ စောင့်ရှောက် ချင်တာ သက်သက်ပဲ၊ ခက်တာက သူက သွေးသားတော်တဲ့ ညီမလည်း မဟုတ်၊ နိုင်ငံခြား မှာ သွားရုန်းကန် အခြေချဖို့လည်း ဆုံးဖြတ်ထားပြီး သား ဆိုတော့ ငါ့နားရှိလည်း ခဏ ပဲ၊ ရေရှည်ရှိရင်လည်း သွေးသားအရင်း မဟုတ်တော့သူများ အကဲ့ရဲ့ လွတ်ဖို့ မလွယ်ဘူး "
ဟန်ပို က သည်တစ်ခါ ၀င်မနောက်ဘဲ လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ ရဲဝင့်က အအေးခွက်ကို အကြာကြီး ဆက်မွှေနေပြီးမှ တိုးတိုးဆက်ပြောသည်။
" မင်း ပြောသလို အဆင်ပြေတာ ကြည့်ရွေးဆိုရင်တော့ နှင်းပဲ ရွေးရမလို ဖြစ်နေပြီ "
ဟန်ပိုက မရယ်ပါ၊ ဖြည်းညင်းစွာ ခေါင်းယမ်းပြသည်။
" နှင်းလည်း ပြဿနာရှိတယ်၊ သူက ဘာသာခြား ဖြစ်နေတယ် "
ရဲဝင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဟန်ပိုက သူ ပြင်ဦးလွင်တွင် မနှင်းဖွေးနှင့် တွေ့ဆုံခဲ့ရပုံများကို ပြန်ပြောပြပါသည်။

ရွှေတိဂုံ စေတီတော်အလယ်ပစ္စယံမှ တစ်ဆင့် သိင်္ဂုတ္တရ ဥယျာဉ်တော်တည်ဆောက်ရေး လုပ်ငန်းများဘက် ဆီသို့ လှမ်းမျှော်ငေးမောကြည့်ရင်းက ရဲဝင့်က တိုးတိုးပြောသည်။
" အမှန်တော့ တို့ဘာသာ နှစ်ခုက ဆင်တူပါပဲ မဟုတ်ဘူးလား၊ သူတို့လည်း ဘုရား ရှိခိုးတာပဲ "
ဟန်ပိုက ခေါင်းယမ်းပြသည်။
" မင်းက အလုပ်ကျ မဲနေပြီး ဘာသာရေး စာပေတွေကျ မဖတ်ဘူး၊ ညိုသောင်းရေးတဲ့ ဘာသာကြီးလေးခု အနှစ်သာရများဆိုတဲ့ စာအုပ် ဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်၊ သူတို့ ဘာသာမှာ ထာဝရ ဘုရားသခင် ရှိတယ်၊ ရှိတာမှ အသွင် ၆ မျိုးနဲ့ကို ရှိတာ၊ တို့ဘာသာက သဗ္ဗေသတ္တာ ကမ္မသကာတဲ့။ သူတို့က တို့ဘုရားကို သူတို့ ထာဝရ ဘုရားသခင်ရဲ့ တမန်လို သတ်မှတ်ပြီး ကန်တော့တာ၊ တို့ ဘုရားက ထာဝရ ဘုရားသခင်ဆိုတာ မရှိ၊ မိမိပြုသော ကံအတိုင်း ခံစား၊ စံစားကြရသည်လို့ အပြတ်ဟောထားတာ၊ သူတို့ရဲ့ ဗြဟ္မာကိုတောင် သက်တမ်း ပြန်တွက်ပြပေးပြီး ချွတ်ခဲ့တာ၊ ဗကဗြဟ္မာလေ၊ မင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ် စစ်ဆိုရင် မတူဘူးဆိုတာ သိရမယ် "

ရဲဝင့် သက်ပြင်းချသည်။
" အဲဒီ ဘာသာ မဟုတ်တာက ဘယ်လောက် အရေးပါလို့လဲကွာ "
" ဒါတော့ မင်း ဆုံးဖြတ်ပေါ့၊ အဲဒီ ဘာသာမတူတာက ဘယ်လောက် အရေးပါတယ်၊ မပါဘူးဆိုတဲ့ ကိစ္စက လျစ်လျူရှုနိုင်လောက်အောင် တခြားတစ်ဖက်က ကိုယ့်စွဲလမ်းမှုက ဘယ်လောက် လေးနက်တယ် မနက်ဘူး ဆိုတာနဲ့ ချင့်ချိန်ရမှာလေ၊ ဒါတောင် အခု ဆန္ဒလောက်နဲ့ ချင့်ချိန်ရမှာ မဟုတ်ဘူးနော်၊ ကြာလာရင် တခြားပြဿနာတွေ များလာရင် ဘယ်လောက် လေးနက်နိုင်သေးတယ် ဆိုတာကိုပါ ထည့်စဉ်း စားရမှာ "
ရဲဝင့်က ငေးငိုင်နေဆဲ၊ ဟန်ပိုက ဆက်ပြောသည်။

" နှင်းတော့ သိဟန်တူတယ် မောင်၊ မဖြစ်နိုင်ဘူးဆိုတာ ဒါကြောင့် ငါ စလိုက်တိုင်း မျက်နှာကလေး ပျက် ပျက်သွားတာ "
ရဲဝင့် က သက်ပြင်းချသည်။
" ဒါဆိုလည်း မစပါနဲ့တော့ကွာ "

ဆက်ရန်
.

No comments: