Monday, May 7, 2012
တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၈)
" ခု သူဘယ်မှာလဲ "
" အစ်ကိုလေး အိပ်ခန်း ထဲမှာပါ၊ သူ့အခန်းထဲမှာ သူမနေချင်ဘူးတဲ့ "
" ရတယ် အက်နက် … နေပါစေ "
" ဘာလဲ၊ ခွေးသတင်း လား၊ လျှောက်ကိုက်ကုန်ပြီလား"
အော်လီဗာ ခုမှ ရယ်နိုင်ပြုံးနိုင်သည်။ အငယ်ဆုံးညီမတစ်ဦး က အစ်ကိုတစ်ယောက်ကို စိတ် သက်သာ ရာ ရ အောင်နှစ်သိမ့်နေ သည်နှင့် တူ၏။
ကို ဆက်ဖတ်ရန်.......
" မကိုက်သေးပါဘူး၊ ဆမ်ကလေးဖျားနေလို့တဲ့၊ အကြီးနှစ်ယောက်က အပြင်ထွက်နေကြသတဲ့၊ အပြင် ထွက် စားဖို့ ရက်ရွှေ့လိုက်ရတယ်လေ " " အပြင်ခေါ်လို့တော့ သူတို့လိုက်ပါတယ်နော့ "
" အို …. လိုက်ပါတယ်ဒက်ဖနီ ရဲ့၊ သူတို့ကြိုက်တဲ့အီတာလျံ စားသောက်ဆိုင်ကလေး ကို ခေါ်သွားမယ်လေ။ အဲဒီမှာ ရေသတ္တ၀ါဟင်းလျားမျိုးစုံရတယ်၊ ပြီးတော့ မုန့်တွေလဲ သိပ်ကောင်း တယ်လေ "
" ပျော်စရာကြီးပေါ့၊ သားအဖတွေ အဆင်ပြေသွားမှာပါ၊ မမျှော်လင့်ဘဲ သူတို့ အမေကျောင်းပိတ်ရက် တစ် ချိန်ချိန် မှာပြန်လာရင် အားလုံးပြီးသွားရောပေါ့၊ အဖုအထစ်တွေ ပြေသွားမယ်၊ ပြဿနာအားလုံးရှင်း သွားမယ်၊ ဒါပဲပေါ့၊ ဟုတ်ပြီလား "
" ဒက်ဖနီ … မင်းဟာ သူများစိတ်ချမ်းသာအောင် သိပ်လုပ်တတ်တဲ့ မိန်းကလေးပဲ "
" အဲဒါ ဒက်ဖနီ ရဲ့ ပါရမီလေ၊ ဒီအဆင့်ကို ဒက်ဖနီရောက်လာတာ လှလို့များထင်နေလား "
ဒက်ဖနီ သည် ထက်မြက်သလို ဟာသလည်းပြောတတ်၏။
" သွားစမ်းပါ၊ ဘယ်သူပြောလဲ …. မလှဘူးလို့ "
သည်တော့ မှ လက်ပြပြီး အခန်းထဲမှ သုတ်ခြေတင် ထွက်သွားသည်။ အိမ်ပြန်ဖို့ပြင်ဆင်နေရင်း ဘာလို့များ သည်မိန်းကလေး မိမိကို မကျတာပါလိမ့်ဟု တွေးနေမိ၏။ ဒက်ဖနီသည် အလွန်ကြည့်လို့ ကောင်းသည့် အမျိုးသမီးဖြစ်၏။ ကိုယ်နေဟန်လှသည်၊ အချိုးကျပြေပြစ်၏။ ရုံးလုပ်ငန်းခွင်ဝတ်စုံဖြင့် ဂရုတစိုက် ကာကွယ် ထားသည့်ကြားမှ သူ့ခန္ဓာကိုယ်အလှမှာ ပေါ်လွင်နေသေးသည်။ ဒက်ဖနီ မိမိအား ဆက်ဆံပုံ မှာ "သူငယ်ချင်းလိုပဲနေမယ်၊ သိပ်ရှေ့တိုးမလာနဲ့ဆရာ" ဟု ပြောနေသယောင်ယောင်။ စင်စစ် အားလုံးကို သူ သည်အတိုင်းဆက်ဆံခြင်းဖြစ်ပါသည်။ ဘာအကြောင်းများရှိလို့ပါလိမ့်။ တစ်နေ့နေ့ တော့ မေးကြည့်ရဦးမည်။
ခုနစ်နာရီဆယ့်ငါးမိနစ်တွင် ပြန်ရောက်သည်။ အခန်းထဲတွင် ဆမ်ကလေးအိပ်ပျော်နေသည်။ တစ်ကိုယ် လုံး ပူချစ်နေ၏။ ဟိုနှစ်ယောက်က ပြန်မလာသေး။ ညစာ ကို ကိုထုံးစံ အတိုင်း ဖြစ်သလို စားရန် အောက်ထပ် သို့ ဆင်းခဲ့သည်။
အက်နက် က ကြက်စွပ်ပြုတ် လုပ်ထားပေးခဲ့သည်။ ကျန်တာကို မိမိဘာသာ ကြော်လှော်စားလိမ့်မည်ဟု သိထား ပုံ ရ၏။ ကြက်ဥမွှေကြော် လုပ်နေရင်း သားနှင့်သမီးပြန်အလာ ကိုစောင့် သည်။ တော်တော်နှင့် ပြန် မလာကြ။ တစ်ယောက်တည်း စားလိုက်ရသည်။.
ဆယ် နာရီထိုး မှ မယ်လီဆာပြန်ရောက်လာသည်။ ပျော်ရွှင်လာပုံရ၏။ စိတ်လှုပ်ရှားနေ ပုံလည်း ရ၏။ ပြဇာတ် ၏ အဓိက ဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်နေရသည်မဟုတ်လား။
သို့သော် ဖအေ ကို မြင်လိုက်သည်နှင့် မျက်နှာ ချက်ချင်းတည်သွားပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့အခန်း ရှိရာ သို့ ပြေးတက်သွားသည်။ တံခါးပိတ်သံ ကြားလိုက်ရ၏။ အထီးကျန်ဝေဒနာသည် အထွတ်အထိပ် သို့ ရောက်သွားသလို ခံစားလိုက်ရ၏။
အကြီးကောင် ပြန်လာတော့ သန်းခေါင်ကျော်နေပြီ။ စာကြည့်ခန်းထဲတွင်ထိုင်ပြီး အသာစောင့် ကြည့်နေ ၏။ တံခါးမကြီးပိတ်ပြီး သူ့အခန်းဆီသို့ သုတ်ခြေတင်မည်ပြုသည်။ တစ်စုံတစ်ခုဖြစ်လာကြောင်း သူ့မျက်နှာ တွင် ပေါ်နေသည်။
" ဘယ်သွားနေတာလဲဘင်ဂျမင် "
" အင်္ဂါနေ့ညလေ၊ ဘတ်စကက်ဘောပွဲ လေ့ကျင့်ရတယ်ဖေဖေ "
" ဘတ်စကက်ဘော က သန်းခေါင်အထိ လေ့ကျင့်ရတယ်ဟုတ်လား "
" ပြီးတော့ ဟမ်ဘာဂါ စားကြသေးတာကိုး၊ ဘာအရေးကြီးလို့လဲဖေဖေ "
" ဘာမှ အရေးမကြီးပါဘူး၊ မင်းဘာဖြစ်နေတာလဲ ဘင်ဂျမင်၊ အမေမရှိတာနဲ့ မင်းမှာ လုပ်ချင်ရာလုပ်ဖို့ လိုင်စင် ရနေ တယ် အောက်မေ့နေလား၊ မရဘူးဘင်ဂျမင်၊ လိုက်နာရမယ့် စည်းကမ်းဟာ စည်းကမ်းပဲ၊ ဘာမှ အပြောင်းအလဲမရှိဘူး၊ သူသွားတာကသွားတာပဲ၊ ကျောင်းပိတ်ရက်မဟုတ်တဲ့ ကြားရက်တွေမှာ ဘယ်မှ မသွားဘဲ ကျောင်းစာလုပ်တာကိုပဲ တွေ့ချင်တယ်၊ မိသားစုနဲ့ တရင်းတနှီးနေ တာကို ပဲ တွေ့ချင်တယ်၊ ငါ ပြန်ရောက်ချိန် မင်း အိမ်မှာရှိနေရမယ်၊ ရှင်းရဲ့လား "
" ရှင်းပါတယ်၊ အဲဒီတော့ကော ဘာပိုထူးလာမှာ မို့လဲ "
သူ ဒေါသသံစွက်ပြီး ပြန်မေးသည်။
" ဘာပိုထူးလာမလဲ … ဟုတ်လား၊ မင်းအမေရှိရှိ မရှိရှိ မင်းဟာ ဒီမိသားစုစာရေးဝင်ပဲ၊ ပြီးတော့ ဆမ်နဲ့ မယ်လီဆာ တို့ နားမှာ မင်းရှိနေဖို့လိုတယ်၊ ငါရှိနေဖို့လဲလိုတယ် "
" အဓိပ္ပာယ် မရှိပါဘူး၊ ဆမ်အတွက်လိုတာက အမေပဲ၊ မယ်လီဆာက အခန်းတံခါးပိတ်ပြီး တစ်ချိန်လုံး တယ်လီဖုန်း နဲ့ နေနေတာ၊ အဖေက ညကိုးနာရီအထိ အိမ်မပြန်ဘူး၊ ပြန်လာတော့လဲ ကျွန်တော်တို့နဲ့ စကား မပြောနိုင်လောက်အောင် ပင်ပန်းလာတယ်၊ ကျွန်တော်က တစ်ယောက် တည်း ငေါင်စင်းစင်း ထိုင်ပြီး အချိန်ဖြုန်းရမှာလား "
အော်လီဗာ သည် သားလုပ်သူ၏ စကားများကြောင့် အရှိုက်ထိသွားသည်။ ချက်ချင်းမျက်နှာ ညှိုးကျ သွား၏။
" ဘာပဲဖြစ်ဖြစ်လေ … မင်းဟာ ဒီအိမ်မှာ နေနေသေးတယ်။ ပြီးတော့ ငါ ဘယ်တော့မှ ကိုးနာရီအထိ မနေဘူး၊ ရှစ်နာရီဆို ရောက်တာချည်းပဲ၊ ရုံးဆင်းပြီးရင် အဲဒီရထားမီအောင်လျှာထွက်မတတ် ငါပြေး ရတယ်၊ ဘယ်တော့မှ မင်းကို အိမ်မှာမတွေ့ရဘူး၊ တစ်လကျော်ခဲ့ပြီ ဘင်ဂျမင်၊ မင်းစည်းမဲ့ ကမ်းမဲ့ဖြစ်နေ တာ တစ်လ ကျော်ခဲ့ပြီ၊ ဒီအတိုင်း ဆက်သွားရင် မင်းကို ငါ တစ်လတိတိဒဏ်ပေးရလိမ့်မယ် "
" သွားစမ်းပါ "
ဘင်ဂျမင် ဒေါသတကြီးအော်သည်။ အော်လီဗာလန့်သွား၏။ ဖအေကို ဘယ်တုန်းကမှ ပြန်မပြောဖူးသည့် သား။ ခုတော့ ပုန်ကန်ခြားနားလေပြီကော။
" ကောင်းပြီ၊ မင်းတာဝန်မင်းယူပေတော့၊ ဟောဒီမိနစ်ပိုင်းကစပြီး မှတ်ထား၊ တစ်လတိတိ မင်းဘယ်မှ မသွားရ ဘူး "
" ဘာမှ သောက်အဓိပ္ပာယ်မရှိဘူး ဖေဖေ"
ဘင်ဂျမင် သည် ဒေါသ အမျက်ခြောင်းခြောင်း ထွက်ကာ အဖေကို ထိုးတော့ ကြိတ်တော့မည် လား အောက် မေ့ရသည်။
" မင်း ငါ့ကို ဘာမှမပြောနဲ့ "
သားအဖနှစ်ယောက် ၏အသံက မြင့်သည်ထက် မြင့်လာသည်။ မယ်လီဆာဆင်းလာသည်ကို ဘယ်သူမှ မမြင် လိုက်ကြ။ တိတ်တိတ်ကလေးဆင်းလာပြီး လှေကားရင်းမှ စောင့်ကြည့်နေခြင်းဖြစ်သည်။
" မင်း အမေ မရှိလဲပဲ ငါရှိသေးတယ်ကွ၊ ဒီအိမ်ကို ငါ အုပ်ချုပ်နေတယ် "
" ဘယ်သူပြောလဲ " သူတို့နှစ်ယောက် နောက်မှပေါ်လာသည့် မယ်လီဆာ၏အသံ၊ သားအဖနှစ်ယောက် တအံ့ တသြလှည့်ကြည့် လိုက်ကြသည်။
" ဖေဖေ့ကို ဘယ်သူက အဲဒီအခွင့်အရေးပေး ထားလို့လဲ၊ အိမ်မှာဖြင့် ဘယ်တော့မရှိဘဲနဲ့၊ ဖေဖေကကော သားသမီးတွေ ကို ဘယ်လောက်ဂရုစိုက်လို့လဲ၊ ဖေဖေဂရုတစိုက်ရှီရင် မေမေ ထွက်သွားမှာတောင် မဟုတ် ဘူး၊ အားလုံး ဖေဖေ့အပြစ်တွေ၊ ခုမှ အပျက်အစီးတွေကို တစစီလိုက်ကောက်ခိုင်းမနေပါနဲ့ "
အော်လီဗာ ငိုချပစ် လိုက်ချင်သည်။ သူတို့ မောင်နှမနှစ်ယောက် ဘာဆိုဘာမှ နားမလည်ကြပါကလား။ သူတို့ နားလည်နိုင်စွမ်း ရှိသည့် ကိစ္စမျိုးရော ဟုတ်ရဲ့လား။
" ဒီမယ် … ဒီမယ်၊ မင်းတို့ မောင်နှမနှစ်ယောက်စလုံး နားလည်ထားကြစမ်းပါ "
မောင်နှမနှ စ်ယောက် မျက်နှာချင်းဆိုင်လိုက်ချိန်တွင် အော်လီဗာ့မျက်နှာပေါ်တွင် မျက်ရည်တွေနှင့် စိုစွတ်နေပြီ။
" မေမေ မသွားဖြစ်အောင် ဖေဖေ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်၊ သူပြန်လာမယ်ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ဖေဖေ လုပ်မယ်၊ ဖေဖေ့ချွတ်ယွင်းချက်တွေ ရှိကောင်းရှိမယ်၊ ဒါပေမယ့် ကျောင်းပြန်တက်ချင်နေ တဲ့ ဆန္ဒ၊ တို့နဲ့ခွဲခွာပြီး လွတ်လွတ်လပ်လပ်နေပြီး ဘ၀ကို ပြန်စချင်တဲ့ သူ့ဆန္ဒဟာ ခုမှ ဖြစ်လာတာ မဟုတ်ဘူး၊ မေမေ့ ရင်ထဲမှာ အစောကြီး အမြစ်တွယ်လာတာ၊ ဘာနဲ့မှတားလို့ ရမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဖေဖေ ဟာ ဖေဖေ့ သားသမီးတွေကို သိပ်ချစ်ပါတယ် "
ပြောရင်း အသံတွေ တုန်လာသည်။ ဆက်ပြောနိုင်ပါတော့မည်လားဟု သံသယဖြစ်လာသည်။ သို့သော် ဆက်ပြောနိုင် ခဲ့ ပါသည်။ အသံမှာမူ ဆို့နစ်အက်ကွဲလျက်။
" ဖေဖေ အားလုံးကို ချစ်တယ်၊ ဒီအိမ်ထောင်စုရဲ့ ဖွဲ့စည်းပုံကို ဖေဖေ အပျက် မခံနိုင် ဘူး၊ ဖေဖေ တို့ အားလုံး တည်ဆောက်ခဲ့တဲ့ သားတို့ သမီးတို့အနားမှာ … ဖေဖေ …. "
ဆက် မပြောနိုင်တော့ ဘဲ အော်လီဗာ ရှိုက်ကြီးတငင် ငိုချလိုက်သည်။
" ဖေဖေ အားလုံး ကိုသိပ်ချစ်တယ်၊ အတူတူနေချင်တယ် "
တစ်ဖက် သို့ လှည့်ထွက်သွားမည်အပြုတွင် သူ့ပခုံးပေါ်သို့ ဘင်ဂျမင်၏လက်ရောက်လာကြောင်း သတိထား လိုက်မိသည်။ တစ်ဆက်တည်း မယ်လီဆာ အနားသို့ ရောက်လာပြီး ဖအေကို သိုင်းဖက်သည်။
" သမီး တို့လဲ ဖေဖေ့ကို ချစ်ပါတယ်ဖေဖေ "
မယ်လီဆာ က ဆို့နင့်ကြေကွဲသံဖြင့်ပြောသည်။ ဘင်ဂျမင်ကမူ ဘာမှမပြောဘဲ ဖအေ့ပခုံးကို သိုင်းဖက် ထားဆဲ။ မျက်ဝန်းထဲတွင် မျက်ရည်တွေပြည့်နေ၏။ မယ်လီဆာက အစ်ကို လုပ်သူကို တစ်ချက် ကြည့်ပြီး …
" သမီးတို့ ဆိုးခဲ့မိတဲ့အတွက် စိတ်မကောင်းပါဘူး ဖေဖေ "
ဘင်ဂျမင် ကလည်း စိတ်ထဲမှ ကျိတ်ပြီးတောင်းပန်သည်။ သို့သော် မိမိအနေဖြင့် အဖေ့အတွက် စိတ် မကောင်းဖြစ်ရုံ ကလွဲပြီး ဘာမှမတတ်နိုင်။ ကိုယ့်အပူနှင့်ကိုယ်၊ ကိုယ့်ပြဿနာနှင့် ကိုယ်မဟုတ်လား။
အတန်ကြီး ကြာမှ အော်လီဗာ စကားပြန်စနိုင်သည်။
" ဖေဖေလဲ စိတ်မကောင်းပါဘူး၊ ဖေဖေတို့အားလုံး သိပ်ခက်ခဲတဲ့ အခြေအနေ ထဲ ရောက်နေ တယ်လေ၊ မေမေလဲ တူတူ နေမှာပေါ့လေ "
ကလေးတွေ ကပါ မအေကို မကောင်းမမြင်စေချင်ပါ။ သည်ကိစ္စတွင်တော့ အော်လီဗာက ဆာရာ့ဘက်ကို မျှမျှ တတ ဖြစ်စေချင်ပါသည်။
" ပြန်လာမယ်ပြောပြီး ပြောတဲ့အတိုင်း ဘာလို့ ပြန်မလာတာလဲမသိဘူးနော်၊ ပြီးတော့ သမီးတို့ဆီ ဖုန်းလဲ မဆက် ဘူး "
သုံးယောက်သား မီးဖိုဆောင်ဘက်သို့ လျှောက်သွားနေစဉ် မယ်လီဆာ မကျေမနပ်ပြောသည်။
" ဖေဖေ လဲ သိပ်မလိုဘူးသမီးရယ်၊ သူထင်ထားတာထက် အလုပ်တွေပိုများနေလို့ဖြစ်မှာပေါ့၊ မဟာဝိဇ္ဇာ ဘွဲ့ ယူဖို့ဆိုတာ သိပ်ကြိုးစားရတာ၊ ဖေဖေထင်တော့ထင်ပါတယ်လေ၊ အဲဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ "
သို့သော် ဆာရာ အိမ်နှင့် ငါးပတ်လုံးလုံးကြီး ခွဲနေနိုင်မည်ဟူ၍တော့ မထင်ခဲ့။ သားငယ်လေးကိုရော၊ သူတို့ အားလုံး ကိုပါ ရက်စက်လွန်းပါသည်။ တယ်လီဖုန်းပြောတိုင်း သည်ကိစ္စကို ထပ်တလဲလဲပြောသည်။ သို့သော် မပြန်နိုင်သေးကြောင်း ဆာရာ ဇွတ်ငြင်းသည်။
ကျန်ရစ်သူတွေ ဘာဖြစ်နေနေ သူကတော့ လှောင်အိမ်ကလွတ်သော ငှက်လို လွတ်လပ်စွာ မြူးပျော်နေပြီပေါ့လေ။
" တစ်နေ့ တော့ ပြန်လာမှာပေါ့သမီးရယ် "
မယ်လီဆာက အတွေးနက်နေဟန်ဖြင့် ခေါင်းညိတ်ရင်း မီးဖိုဆောင်ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင် သည်။ ပြီးတော့ မေးခွန်းထုတ်သည်။
" ဒါပေမယ့် အလျင် အတိုင်း ပြန်ဖြစ်ပါတော့ မလားဟင် "
" ဖြစ်ချင်မှတော့ ဖြစ်မှာပေါ့၊ ဒါပေမယ့် ဘယ်နည်းနဲ့ ပြန်လာပြန်လာ သမီးတို့ ပျော်ကြမှာပါ၊ ပြီးတော့လဲ အလျင် အတိုင်း ပြန်ဖြစ်ချင်ဖြစ်သွားမှာပေါ့ "
" အလျင်က ဆိုရင် သိပ်ပျော်စရာ ကောင်းခဲ့တယ်နော် "
ဖအေ ကို မောကြည့်ပြီး မယ်လီဆာ တမ်းတမ်းတတ ပြောသည်။ အော်လီဗာ ခေါင်းညိတ်သည်။ ဘင်ဂျမင် ဘက် သို့ လှည့်ကြည့်လိုက်ပြီး …
" သား ကကော စကားပြောပါဦး၊ မင်းဘာဖြစ်နေတာလဲဟင် "
သို့သော် ဘင်ဂျမင် က ဝေဒနာကို ကြေညာမည်မဟုတ်ပါ။ အောက်လီဗာအဖို့ သိပ်ထူးဆန်းနေသည်။ ဘင်ဂျမင် သည် အလွန် ပွင့်လင်းသွက်လက်သည့် လူငယ်တစ်ယောက် ဖြစ်သည်။ ဘာကြောင့် တုံဏှိဘာဝေ လုပ်နေသည်မသိ။
" ဘာမှ ဖြစ်ပါဘူးဖေဖေ "
မနေတတ် မထိုင်တတ်ဖြစ်နေပုံဖြင့် "အိပ်တော့မယ် " ဟု ဆိုကာ လစ်ဖို့ခြေလှမ်းပြင် သည်။ အော်လီဗာ က ဟန့်လိုက်သည်။
"ဘင်ဂျမင် "
ဘင်ဂျမင် တုံ့သွား၏။ အော်လီဗာစိတ်ထဲတွင် ထင့်သွားသည်။ သည်သူငယ် တစ်ခုခုတော့ဖြစ်နေပြီ။
" သား ….. မင်း ဘာဖြစ်နေတာလဲ၊ မအိပ်ခင် ဖေဖေနဲ့ စကားပြောပါဦးလား "
ခဏတွေပြီး မှ ခေါင်းယမ်းသည်။
" နေပါစေဖေဖေ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး "
ပြီးတော့ စိုးရိမ်တကြီးမေးသည်။
" ကျွန်တော် ဒဏ်ပေးခံရဦးမှာလား "
အော်လီဗာ ချက်ချင်းဖြေသည်။ သည်အိမ်ကြီးကို မိမိအုပ်ချုပ်နေကြောင်း သူတို့အားလုံး သဘောပေါက် ထားဖို့ လိုသည်လေ။ မဟုတ်လျှင် ထင်ရာစိုင်းကုန်ကြလိမ့်မည်။ သူတို့အကျိုးအတွက် စည်းကမ်း တင်းကျပ် ရ ခြင်းဖြစ်ပါ၏။
" ဖေဖေစိတ်မကောင်းပါဘူးသား၊ ပြောထားတဲ့အတိုင်းပဲ စနေတနင်္ဂနွေအပါအ၀င် တစ်လတိတိညပိုင်းမှာ အပြင် မသွားရဘူး "
သားကိုချစ်၍ တင်းကျပ်ရခြင်းဖြစ်ကြောင်း အော်လီဗာ့ မျက်လုံးအစုံတွင် ပေါ်လွင်နေ၏။
ဘင်ဂျမင်ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွားသည်။ သို့သော် သည်တဒင်္ဂတွင် ဒဏ်ခတ် မှုကြောင့်ဖြစ်လာ မည့် ဂယက်ကို သားအဖနှစ်ယောက်စလုံး ကြိုတင်သတိမထားမိကြ။
သည်ည သူကလေး ဆီ မသွားလို့မဖြစ်။ တွေ့ကိုတွေ့ရမည်။ မတွေ့ဘဲမနေနိုင်ပါ။ သည်အချစ်ဦး ဇာတ် လမ်း ကလေး ဆက်လက်ရှင်သန်အောင် မည်သို့လုပ်ရပါမည်လဲ။ ဘင်ဂျမင် မစဉ်းစား တတ်အောင်ဖြစ်နေ၏။
ဘင်ဂျမင် ထွက်သွားတော့ အော်လီဗာ သမီးကိုငဲ့ကြည့်လိုက်သည်။ ပြီးတော့ သူထိုင်နေ သည့်နေရာ သို့ လျှောက်သွားပြီး နဖူးကိုနမ်းရင်း …
" သမီးကို ဖေဖေသိပ်ချစ်ပါတယ်သမီးရယ်၊ တကယ်ပြောတာပါ၊ ဖေဖေတို့ လောလောဆယ်တော့ စိတ်ရှည် လက်ရှည်စောင့်ကြရမယ်၊ အခြေအနေတွေ ပြန်ကောင်းလာမှာပါ "
မယ်လီဆာ ခပ်ဖြည်းဖြည်းခေါင်းညိတ်သည်။ ပြီးတော့ အဖေကို မော်ကြည့်၏။ ဘင်ဂျမင်၏ အကြောင်းကို မယ်လီဆာ မသိချင်ဘဲ သိနေ၏။
ဆန္ဒရာနှင့်သူ တတွဲတွဲလုပ်နေသည်ကိုရော၊ ကျောင်းလစ်နေသည်ကိုပါ မယ်လီဆာသိသည်။ တစ်ကျောင်းလုံး သိနေကြပြီမဟုတ်လား။ ဖေဖေ့ကို ဆန့်ကျင်ရဲသည်အထိ ကောင်မ လေးကို သူစွဲလမ်းနေပြီ ထင်ပါရဲ့။
ထိုည တွင် ဆမ်ကလေး ကောင်းကောင်းအိပ်သည်။ နံနက် မိုးလင်းတော့ အဖျားကျနေပြီ။ အော်လီဗာ အလုပ် သွားတော့ အားလုံး အေးအေးဆေးဆေးကျန်ခဲ့သည်ကို သတိထားမိ၏။ ရင်ထဲအေးသွားသည်။ ဘင်ဂျမင် ကို ဒဏ်ခတ်မိသည့်အတွက် ပြန်ပြီး စိတ်မကောင်းဖြစ်နေမိ၏။ သူ့အတွက်ဆိုတာ ဘင်ဂျမင် နားလည် ကောင်းပါရဲ့။
မယ်လီဆာ အဖေကိုနားလည်လာသည့်အတွက်လည်း ကျိတ်ပြီး ၀မ်းသာနေ၏။ ရုံးခန်းထဲရောက်တော့ စာရွက်ကလေးတစ်ရွက်ကို စားပွဲပေါ်တွင်တွေ့ရ၏။ သည်တော့မှ လာမည့်တနင်္ဂနွေနေ့တွင် ဒက်ဖနီ လာ လည်မည့် အကြောင်း သတိရသည်။
စိတ်ပျက်စရာ တနင်္ဂနွေနေ့များနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ရက်ပေါင်းများစွာရှိခဲ့ပြီ။ လာမည့်တနင်္ဂနွေကိုမူ ရင်ခုန်စွာ မျှော်နေ မိ၏။
အခန်း (၇)
တနင်္ဂနွေနေ့တွင် ဒက်ဖနီ ရထားနှင့်ပါလာသည်။ အော်လီဗာက ဘူတာရုံတွင်သွားကြိုသည်။ လမ်းတွင် ကလေးတွေ အကြောင်းပြောလာကြ၏။ မယ်လီဆာက ဖအေနှင့် တရင်းတနှီးပြန်ဖြစ်လာသည်။ ဆမ်ကလေး ကတော့ အေးတိအေးစက်ရှိနေဆဲပင်။ ဘင်ဂျမင်က ဒဏ်ခတ်ခံရသည့်အချိန်မှစ၍ အဖေနှင့် စကား မပြောဖြစ်အောင် ခပ်ရှောင်ရှောင်နေ၏။ သို့သော် အမိန့်ကိုတော့ တလေးတစားနာခံသည်။ ညစာ စား ချိန် တိုင်း သူ့ကို အိမ်မှာတွေ့ရသည်။
" ကိုယ် မင်းကို ကြိုပြောထားမယ်ဒက်ဖနီ၊ ကိုယ့်ကလေးတွေနဲ့ ဆက်ဆံဖို့ သိပ်လွယ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ပင်ကို အားဖြင့် သူတို့အားလုံး သဘောကောင်းကြပါတယ် "
အော်လီဗာ ခပ်ပြုံးပြုံးပြောသည်။ ဒက်ဖနီ ရောက်လာသည့်အတါက်လည်း ကျေနပ်နေ၏။ ဆာရာ့ဆီမှ ဖုန်း မလာသည်မှာကြာပြီ။ သည့်အတွက် သူတို့သားအဖတွေ ကျိတ်ပြီးခံစားနေကြရ၏။ အဆိုးဆုံး က အော်လီဗာ။
ဒက်ဖနီ က ပြန်ပြုံးပြရင်း …
" သူတို့အတွက် ဒက်ဖနီဟာ စိတ်ပူစရာမလိုဘူး၊ စိတ်အနှောင်အယှက်ဖြစ်စရာမလိုဘူးဆိုတာ သူတို့ သိ အောင် လုပ်ထားရမှာပေါ့ "
သည်နေ့ ဒက်ဖနီ ဘောင်းဘီ အနက်နှင့် သိုးမွေးဂျာကင်ဝတ်လာသည်။ ပိုလျနေ၏။
" ဘာလို့ အဲဒီလို ပြောရတာလဲ "
ဘာလို့ သူ သည်လိုပြောတာပါလိမ့်။ အော်လီဗာ သိပ်မရှင်း။ မိမိနှင့်ဆက်ဆံရေးတွင် စိတ်ကူးယဉ် မှု မပါ ကြောင်း သိစေလိုခြင်းဖြစ်မည်ထင်သည်။
" ဘာလို့ ပြောရသလဲဆိုရင် ခုရှုပ်မှ နောင်ရှင်းဆိုတဲ့ သဘောမျိုးဖြစ်စေချင်လို့ပါ၊ ရိုးရိုးသားသားဆိုတာ သိထားကြစေ ချင်လို့ပါ "
" ယောက်ျားတွေ ကို စိတ်မ၀င်စားတာတခြားအကြောင်းဘာတေါများရှိသေးလဲဒက်ဖနီ "
အမှတ် မထင် လေသံဖြင့် မေးလိုက်သည်။ မိမိဘက်မှလည်း သူ့အပေါ် ခုချိန်ထိ ရိုးသားဆဲပါ။
သို့သော် တစ်ချိန်ချိန်မှာ မိန်းကလေးနှင့် တွဲဖြစ်လျှင် သိပ်ပျော်စရာကောင်းမှာပဲဟုတော့ တွေးဖူးသည်။ ဒက်ဖနီ သည် ယောက်ျားတစ်ယောက်ကို အများကြီးပေးနိုင်သည့် မိန်းကလေးမျိုးဖြစ်သည်။ အရည်အချင်း၊ ရုပ်ဆင်းရူပကာ၊ ပညာဥာဏ်ထက်မြက်မှု။ အို …. အများကြီး။ သူ့ကို အော်လီဗာ တကယ်သဘောကျသည်။
" အင်း … နားလည်ပါပြီ၊ ဒါကြောင့် ရုံးမှာ ဘယ်သူနဲ့မျ မတွဲတာကိုး "
" ဘ၀သင်ခန်း စာတွေ အများကြီးရယ်လေ " သူ့ကို ပြောပြဖို့ ဒက်ဖနီဆုံးဖြတ်လိုက်သည်။
" ကျောင်းကဘွဲ့ရပြီး ပထမဆုံး အလုပ်ဝင်တော့ ဒက်ဖနီတို့ ကြော်ငြာကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်နဲ့ ချစ်ခဲ့တယ်အော်လီဗာ "
ဒက်ဖနီ အေးဆေးစွာပြုံးသည်။ အော်လီဗာ ရွှီးခနဲ လေချွန်လိုက်သည်။
" သူဟာ သိပ်တော်တဲ့၊ သိပ်ချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါ၊ အသက်လေးဆယ့်ခြောက်နှစ်ရှိပြီ၊ အိမ်ထောင် နဲ့၊ ကလေးနှစ်ယောက်ရှိတယ်၊ ဂရင်းဝစ်ခ်ျမှာနေတယ်၊ သူက ဘရင်ဂျီဘာသာဝင်လေ "
" ကွာရှင်း လို့မရဘူးပေါ့ "
" ဟာ … အော်လီဗာက သိပ်တော်တာပဲ၊ ဒေါ်လာနှစ်ရာဆုချမယ် "
သူက ခပ်ပေါ့ပေါ့ ခပ်ရွှင်ရွှင်ပြောသည်။ ခါးသီး နာကြည်းဟန်လုံးဝမရှိ။ သည်ဇာတ်လမ်းကို ဘယ်သူမှ မသိ။ အော်လီဗာ ကိုတော့ ပြောပြထားချင်သည်လေ။
" ကုမ္ပဏီ က သူတို့မိသားစုပိုင်လေ၊ သူက အရမ်းကောင်းတာ၊ ဒက်ဖနီ သူ့ကို အရူးအမူးချစ်တယ်၊ သူ့မှာ အိမ်ထောင် ရှိတာလဲ ဒက်ဖနီ့အတွက် အကြောင်းမဟုတ်ဘူး"
လမ်းနံဘေးဝဲယာ မှ ကျေးလက်ရှုခင်းများကို ဒက်ဖနီ ငေးကြည့်နေသည်။ အတိတ်တွင် လွင့်မျောနေ ပုံရ၏။ အော်လီဗာက ဆက်ပြောဖို့ တိုက်တွန်းသည်။ ဇာတ်လမ်းကို အစအဆုံး သိချင်နေ၏။ တခြားယောက်ျားတွေ ကို ဖွဲနှင့်ဆန်ကွဲထင်အောင် ပြုလုပ်နိုင်စွမ်းသည် ထိုပုဂ္ဂိုလ်ကိုလည်း စိတ်ဝင်စားနေ၏။ သူ့ကြည့်ရသည်မှာ တစ်ကိုယ်တည်း အပျိုကြီးဘ၀တွင် ပျော်နေပုံရသော်လည်း အချိန်တွေ ဖြုန်းပစ်နေသည်ကတော့ နှမြောစရာကောင်းလှသည်။
" ဆက်ပြောလေ၊ အဲဒီဇာတ်လမ်းက ဘယ်လောက်ကြာလဲ၊ ပြီးတော့ ဘယ်လိုအဆုံးသတ်သွားလဲ "
" ဒက်ဖနီ တို့ နှစ်ယောက်လုံး မိုးမမြင်လေမမြင် ပျော်ကြတယ်၊ ခရီးရှည်ကြီးတွေ အတူတူထွက်ကြတယ်၊ ပုံမှန် ကတော့ အင်္ဂါနဲ့ ကြာသပတေးညတွေမှာ အတူအိပ်တယ်၊ မြို့ထဲမှာ အခန်းတစ်ခန်း ငှား ထားတယ်လေ၊ နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့၊ ဒက်ဖနီဟာ သူ့ရဲ အငယ်အနှောင်းပေါ့လေ၊ သူ့ရင်ခွင် ထဲကနေ ဒက်ဖနီ ရုန်းထွက်နိုင်အား မရှိဘူးဆိုပါတော့ "
" သိပ်ပျော်စရာကောင်းမှာပဲနော် "
" လူသိမှာ ကိုတော့ သူသိပ်စိုးတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံး၊ ဣနြေ္ဒသိပ်ကောင်းတော့ ဘယ်သူမှ မရိပ်မိ ကြဘူး၊ ဒက်ဖနီ အပေါ် မှာ သူသိပ်ရိုးသားတယ်၊ သူ့မိန်းမနဲ့ကလေးတွေကိုလဲ သူသိပ်ချစ်တယ်၊ အဲဒီတုန်း က ကလေးတွေ က ငယ်သေးတယ်လေ၊ သူ့မိန်းမက ဒက်ဖနီထက် နည်းနည်းပဲကြီးတယ်၊ ဒက်ဖနီ့ ကို သူသိပ်ချစ်တာ၊ ဒက်ဖနီကလဲ အရူးအမူးပဲ၊ သူ့ဆီက နည်းနည်း ပါးပါးရတဲ့ အချိန်ကလေး ကိုပဲ ကျေနပ်နေ တာ"
သူ့ဘ၀ သူ ပျော်နေပုံပါလား။ တည်ငြိမ်စွာဖြင့် ပြောနေခြင်းဖြစ်၏။ အံ့လည်းအံ့သြ၊ နှမြောလည်းနှမြောမိ သည်။
" သူနဲ့ မတွေ့တာ ဘယ်လောက်ကြာပြီလဲ " သူ့ကိုကြည့်ပြီး ဒက်ဖနီရယ်သည်။
" သုံးရက်ကြီးများတောင် ရှိသါားပြီ၊ ဒီအလုပ်ကို သူရှာပေးတာလေ၊ ခု ပိုကောင်းတဲ့ အခန်းတစ်ခန်း ၀ယ်ထားတယ်။ တစ်ပတ်မှာ သုံးရက်အတူအိပ်တယ်၊ ဒီလိုပဲဆက်သွားမယ်လေ၊ ဒက်ဖနီဲ့ကိုချစ်ခဲ့တာ ဒီမတ်လ မှာ ဆယ့်တစ်နှစ်ပြည့်မယ်၊ အော်လီဗာကတော့ ကြောင်တယ်ထင်မလားပဲ၊ ရူးတယ် လို့ဆိုချင် ဆို၊ သူ့ကို အရမ်းချစ်နေမိတာကိုး"
ဒက်ဖနီ ကိုကြည့်ရသည်မှာ အကျေနပ်ကြီး ကျေနပ်နေဟန်။ အော်လီဗာ မျက်မှောင်ကြုတ်သွားသည်။ မယားရှိလင်တစ်ယောက်ကို ချစ်ရသည့်မိန်းကလေးက သူ့ဘ၀သူ လုံးဝကျေနပ်နေသည်တဲ့။
" မင်း တကယ်ပြောနေတာလားဒက်ဖနီ၊ ကိုယ့်ဘက်က နစ်နာနေတယ်လို့ တစ်ခါမှမစဉ်းစားမိဘူးလား "
" ဟင့်အင်း … မနစ်နာပါဘူး၊ ခုဆို သူ့ကလေးတွေလဲ ကောလိပ်ရောက်ကုန်ပြီ၊ သူ့မိန်းမကလဲ အသင်းအဖွဲ့ ပေါင်းဆယ့်ခြောက်ခုလောက်မှာ အမြဲအလုပ်များနေတယ်၊ သူ့ရဲ့ ဟိုဘက် ဘ၀မျက်နှာစာ ကလဲ ပျော်စရာ ပါပဲ၊ သူ့မိန်းမကို ဘယ်တော့မှ မထားခဲ့ဘူးဆိုတာလဲ ဒက်ဖနီသိတယ်လေ "
" ဟာ … မဟုတ်သေးပါဘူး၊ ဒက်ဖနီဘက်က နာတာပေါ့၊ မင်းဟာ ဒါထက်ပိုပြီး ထိုက်ထိုက် တန်တန်နေရာ ရရမယ့်မိန်းကလေးမျိုးပါကွာ "
" အို …. မဟုတ်ပါဘူး၊ တစ်ယောက်ယောက်ကို လက်ထပ်လိုက်ရင် ကွဲချင်ကွဲမယ်၊ မကွဲဘဲ စိတ်ဆင်းရဲ ချင် ဆင်းရဲမယ်၊ ဘာမှအာမခံချင်ရှိတဲ့ကိစ္စမျိုးမဟုတ်ဘူး၊ ကလေးယူဖို့ စိတ်ကူးသေးတ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါး နှစ်လောက်က နေမကောင်းဖြစ်ရာကနေ ကလေးမရနိုင်တော့ဘူး၊ ခုတော့ လိုလဲ မလိုချင်တော့ ဘူး၊ တော် လောက်ပြီ၊ ဒက်ဖနီ့ ဘ၀ပြည့်စုံနေပြီပဲ၊ သူများတွေ အတွက် ထူးဆန်းချင် ထူးဆန်းနေမယ်၊ ဒါပေမယ့် ဒက်ဖနီ တို့နှစ်ယောက်အတွက်တော့ ပျော်စရာ ဘ၀တစ်ခုပဲ၊ ကဲ …. သူငယ်ချင်း၊ အဲဒါ ဒက်ဖနီရဲ့ ဇာတ်လမ်းပဲ၊ သူသိထားသင့်တယ်ထင်လို့ ပြောပြတာနော် "
ညင်သာ စွာ ပြုံးသည်။ ပြီးမျ စကားဆက်သည်။
" ဘာလို့လဲ သိလား၊ အော်လီဗာကို ခင်လို့ "
" ကိုယ်လဲ မင်းကိုခင်ပါတယ် ဒက်ဖနီ "
အော်လီဗာ ရှက်ပြုံးပြုံးပြီး ခပ်နောက်နောက် ဆက်ပြောသည်။
" ဒါပေမယ့် ကိုယ့်အသည်းတွေ ကွဲကြေကုန်သလိုပဲ "
ရင်ထဲတွင် ပေါ့သွားသလို ခံစားလိုက်ရ၏။ သူတို့နှစ်ယောက် ပို၍ရင်းနှီးသွားကြပြီ၊ သူငယ်ချင်းတွေဖြစ်သွားကြပြီ။
" ဘယ်နေ့မှာ သူ့မိန်းမကို ထားခဲ့ပြီး မင်းဆီ အပြီးရောက်လာလိမ့်မယ်လို့ မထင်ဘူးလား "
" မထင်ပါဘူး ဆို၊ သူ အဲဒီလိုလုပ်ရင်လဲ ဒက်ဖနီ သူ့ကို လက်ထပ်ချင်မှ လက်ထပ်မှာ၊ ခုလိုနေရတာက လွတ် လပ်တယ်။ အနှောင်အဖွဲ့မရှိဘူး၊ ကိုယ့်အလုပ်နဲ့ ကိုယ့်တက်လမ်းနဲ့၊ ကိုယ့်အပေါင်းအသင်းနဲ့၊ ပြီးတော့ ကိုယ့်ချစ်သူနဲ့၊ တစ်ခုတော့ရှိတာပေါ့၊ ရုံးပိတ်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေမှာတော့ အထီးကျန် နိုင်တာပေါ့၊ ဒါပေမယ့် သူ့ဆီက ဒီလောက်ပဲ ရနိုင်မည်ဆိုတာ သိထားတော့ တွေ့ရတဲ့အချိန်တွေမှာ ပိုပျော် ရတယ်လေ"
တော်တော်ထူးဆန်းပြီး တော်တော် တွေးတတ်တဲ့ မိန်းကလေးပါလား။ သူ့ပွင့်လင်း ရိုးသားမှု အတွက် အော်လီဗာလေးစား မိသည်။
" မင်းလို မျိုး ကိုယ်တွေးတတ်ချင်တယ် ဒက်ဖနီ "
" တစ်နေ့ကျ တွေးတတ်လာမှာပေါ့ အော်လီဗာရယ် "
အိမ်ရှေ့တွင် ကားထိုးရပ်လိုက်သည်။
" ခုလိုပြောပြတဲ့အတွက် ကျေးဇူးလဲတင်ပါတယ် ဒက်ဖနီ "
" အော်လီဗာ့ကို ယုံတယ်လေ၊ ပြီးတော့ သိထားသင့်တယ်ထင်လို့၊ ကလေးတွေလဲ စိတ်မပူစေချင် ဘူးလေ "
အော်လီဗာ ရယ်သည်။
" ကောင်းပါလေ့ဗျာ၊ ကိုယ်က သူတို့နဲ့ ဘယ်လို မိတ်ဆက်ပေးရမှာလဲ၊ ကလေးတို့၊ မင်းတို့ ဘာမှ မပူနဲ့၊ ဟောဒီ အန်တီ က အိမ်ထောင်သည် တစ်ယောက် ကို အရူးအမူး ချစ်နေတာလို့ ပြောရမလား "
ထိုတဒင်္ဂ တွင် အော်လီဗာ၏ မျက်လုံးများ ထူးဆန်းစွာရွှန်းလဲ့နေသည်။
" မင်းဟာ တော်တော့ကို ထူးဆန်းတဲ့ အမျိုးသမီးပဲ၊ ကြိုက်သွားပြီ၊ မင်းအတွက် ကိုယ် ဘာလုပ်ပေးရပေးရ ပါ။ ကိုယ့်ကို သူငယ်ချင်းကောင်းတစ်ယောက်လို သဘောထားနော်၊ လိုတာပြော "
" မပူပါနဲ့၊ ပြောမှာပါ၊ တစ်ခါတစ်ခါတော့ ခြောက်ခြောက်သွေ့သွေ့ နိုင်တာပေါ့လေ၊ ဒါပေမယ့် ကိုယ့် ဘာသာ ကိုယ် ထိန်းနိုင်လာတယ်၊ သေကောင်ပေါင်းလဲ နေထိုင်မကောင်းဖြစ်နေတာတောင် သူ့ရက် မဟုတ်ရင် သူ့ဆီ ဖုန်းမဆက်ဘူး၊ ကိုယ့်ကိစ္စ ကိုယ်ရှင်းလင်း၊ ဒက်ဖနီ့အတွက် အဆင်ပြေပါတယ် "
အော်လီဗာ ခေါင်းယမ်းသည်။
" မင်းနဲ့စာရင် ကိုယ်ဟာ ကလေးပဲ ဒက်ဖနီ "
လေးဆယ့်ခြောက်နှစ်ထဲ ရောက်ခဲ့ပြီ။ ခေါင်းအုံတာက အစ ဆာရာ၏ အပြုစုခံယူချင်နေဆဲ။
" သိပ်အထင်မကြီးနဲ့ ဦး၊ ဒက်ဖနီ ကြောင်တာ ဖြစ်ချင်ဖြစ်နေမှာ၊ အဖေနဲ့ အမေက ဒက်ဖနီကို အဲဒီလို ထင်ကြ တယ်၊ သိသလား "
" သူတို့ ဒီအကြောင်းတွေ သိလား "
" သိတယ်၊ အားလုံး ပြောပြထားတယ်၊ အမေက လပေါင်းများစွာ အငိုမတိတ်ဘူး၊ ခုတော့လဲ ဘာမှ ဆက် မပြောတော့ဘူး၊ အစ်ကိုက ကလေးခြောက်ယောက်တောင် ရှိတယ်၊ အဲဒါ ဒက်ဖနီ့ အတွက် ခပ်ကောင်း ကောင်းပဲ၊ အဘိုးကြီး၊ အဘွားကြီးရဲ့ အာရုံက ကလေးတွေ ဆီ မှာ ရောက်နေတာ များ တယ်လေ၊ တော်သေးတာပေါ့နော် "
နှစ်ယောက်သား ရယ်ပြီး ကားပေါ်မှဆင်းကြသည်။ အင်ဒီပြေးထွက်လာပြီး ပတတ်ရပ် နှုတ်ဆက်သည်။ ဒက်ဖနီ ဘောင်းဘီပေါ် တွင် ရှေ့ လက်နှစ်ဖက်အရာတွေ ထင်သွားသည်။ သို့သော် ဒက်ဖနီက အရေး မထား။
သူတို့ နှစ်ယောက် အိမ်ထဲဝင်သွားတော့ ဆမ်ကလေး တီဗွီထိုင်ကြည့်နေသည်။ မယ်လီဆာက မီးဖိုဆောင် တွင် အက်နက် ကို ကူနေ၏။ အော်လီဗာက ဒက်ဖနီနှင့် ဆမ်ကို မိတ်ဆက်ပေးသည်။ ဆမ်က အမျိုးသမီး ကို စိတ်ဝင်တစားကြည့်ပြီး ….
" အန်တီ ဖေဖေနဲ့အတူတူ အလုပ်လုပ်တာလားဟင် "
" ဒါပေါ့၊ အန်တီ့မှာ သားတို့အရွယ် တူကလေးတစ်ယောက်ရှိတယ်၊ သူကလဲ သားလိုပဲ နပန်းကားတွေ သိပ် ကြိုက်တာ "
ကိုးနှစ်သားကလေးတွေနှင့် လည်း ဒက်ဖနီ တည့်အောင် ပေါင်းတတ်ပုံရသည်။ ဆမ် သဘောကျ သွားဟန်ဖြင့် ခေါင်း ညိတ်သည်။
" ဖေဖေက သားကို မနှစ်က တကယ့်နပန်းပွဲ ခေါ်သွားတယ်၊ အရမ်းကြည့်ကောင်းတာပဲ "
" အန်တီ လဲ အန်တီ့တူကလေးရှောင်နဲ့ တစ်ခါသွားကြည့်ပါတယ်ကွယ်၊ သူက သဘောတွေကျလို့ အန်တီ ကတော့ ကြောက်လိုက်တာ "
ဆမ်ကလေး သဘောကျပြီး ရယ်နေသည်။ ထိုစဉ် မယ်လီဆာ အခန်းထဲ ပင်လာသည်။
" လာ …. သမီး၊ ဟောဒါက ဒက်ဖနီ ဟတ်ချင်ဆန်၊ ဒက်ဖနီ၊ ဒါသမီး မယ်လီဆာလေ "
အမျိုးသမီးနှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြသည်။ အက်နက်က မယ်လီဆာနောက်က ပါလာပြီးမှ မီးဖို ဆောင် ဘက် ပြန်လစ်သွားသည်။ သူ့စိတ်ထဲတွင် အစ်ကိုလေး အတွဲများနေပြီလားဟု တွေးရင်း သုတ်ခြေ တင်ခဲ့ခြင်းဖြစ်၏။ မမလေး လုပ်သါားပုံကြောင့် အစ်ကိုလေး အတွဲရှာလျှင် အက်နက် အပြစ်တင် မည် မဟုတ်ပါ။
အမျိုးသမီးနှစ်ယောက် စကားလက်ဆုံကျနေကြ၏။ မယ်လီဆာက စကားပြောရင်း ဒက်ဖနီ့ကို အကဲ ခတ်နေကြောင်း အော်လီဗာ သတိထားမိ၏။ ၀တ်စားထားပုံကို မယ်လီဆာသဘောကျသည်။ နက်မှောင် သည့် ဆံပင်က လျော့ရဲရဲ လွယ်ထားသော အနက်ရောင် သားရေလက်ကိုင်အိတ်နှင့် လိုက်ဖက် လှသည်။
ဒက်ဖနီ သည် ဘယ်တော့မဆို လှပသေသပ်စွာ ဆင်ယင်ထုံးဖွဲကတတ်၏။ အဖိုးတန်ရတနာများကို သူ့ကိုယ် ပေါ် တွင် တွေ့ရစမြဲ။ သူ့အဘိုးကြီးဆီမှ ရသည့် လက်ဆောင်များ ဖြစ်ဟန်တူသည်။
သူပြော သွားသည့် ဇာတ်လမ်းကို နားထောင်ပြီး အော်လီဗာ အံ့သြလို့ မဆုံးသေး။ စိတ်ဝင်စားစရာ လည်း ကောင်း၏။ မယ်လီဆာ သည် ဒက်ဖနီအား အန္တရာယ်ရှိမည့် အမျိုးသမီးမဟုတ်ကြောင်း သိနေ သည့် အလား တရင်းတနှီး စကားပြောသည်။ ဖေဖေနှင့် ရိုးရိုးသားသားဖြစ်ကြောင်း ဒက်ဖနီအမူအရာနှင့် အပြောအဆို များ က သက်သေခံနေသည်မဟုတ်လား၊
" ဘင်ဂျမင်ကော သမီး " နောက်ဆုံးမှ အော်လီဗာမေးသည်။
မယ်လီဆာက ဒက်ဖနီ့ကို ကြည့်နေရာမှ ပြုံးပြီး …
" အပြင်နေမှာပေါ့၊ ဖေဖေကလဲ အဆန်းလုပ်လို့၊ မယ်လီဆာမှာ အစ်ကိုတစ်ယောက်ရှိတယ် ဒက်ဖနီ၊ မတည့် ပါဘူး၊ သူ့ကို မုန်းတာ ဆယ့်ရှစ်နှစ်တောင် ရှိခါနီးပြီ၊ ခုတော့ တော်တော်လေး လူကြီးဆန်လာပါပြီ "
နွေးနွေးထွေးထွေး ရှိသည့် ဧည့်ခန်းထဲတွင် လေးဦးသား ဆက်စကားပြောကြသည်။ အင်ဒီကို ခေါ်ပြီး လမ်းထွက်လျှောက် လိုက်ကြသေး၏။ အင်ဒီကို ခေါ်ပြီး လမ်းထွက်လျှောက်လိုက်ကြသေး၏။ ညစာ စားချိန် ရောက်မှ ဘင်ဂျမင်ပြန်ရောက်လာသည်။ ပုံပျက်ပန်းပျက်ဖြစ်ကာ စိတ်ဓာတ် အကျကြီး ကျနေပုံ။ ဘောလုံးကို ကစားသည်ဆိုရုံကစားပြီး ဆာရာတို့အိမ်တွင် ၀င်ခွေနေခြင်းဖြစ်၏။
ဆန္ဒရာ ၏ အဖေနှင့်အမေ မှာ ကွဲနေကြပြီဖြစ်၍ သူတို့အတွက် တွေ့ချိန်တွေ ပိုရနေသည်။ အမေက အိမ်မှာ ကပ်သည် မရှိ။ အဖေက ဖီလာဒီဖီယားသို့ ပြောင်းသွားပြီ။
ဘင်ဂျမင် က ဒက်ဖနီကို အေးစက်စွာ ဆက်ဆံသည်။ ညစာစားဖို့ အပြင်ထွက်ကြတော့ ကားပေါ်တွင် အားလုံး တိတ်ဆိတ်နေကြသည်။ အော်လီဗာပြောသည့် အီတာလျံစားသောက်ဆိုင်ကလေးတွင် သူတို့ စားကြ သည်။
ညစာဝိုင်းကမူ စိုပြည်သည်။ ရယ်စရာတွေပြောကြ၊ ပျော်ပျော်ပါးပါးစားသောက်ကြနှင့် ဘင်ဂျမင်သည်ပင်လျှင် ရယ်ရယ်ပြုံးဖော် ရလာသည်။ သို့သော် အဖေနှင့် ဒက်ဖနီကို မကြာခဏ အကဲခတ် နေသည်။
အချိုပွဲ ကို အိမ်မှာပြန်စားကြသည်။ အက်နက်၏ လက်ဖြစ်မုန့်တွေနှင့် အသီးအနှံတွေ။ သူတို့တစ်တွေ အချို တည်းနေကြစဉ် အင်ဒီက မီးးလင်းဖိုနားတါင် အားလျားမှောက်အိပ်နေ၏။ သူတို့ အားလုံး အတွက် ပျော်စရာ နေ့တစ်နေ့ဖြစ်သည်။ သည်လို နေ့မျိုးနှင့် ဝေးခဲ့သည်မှာ ကြာပြီ။
ဆမ်ကလေးပြောသည့် တစ္ဆေပုံပြင်တွေကို ၀ိုင်းနားထောင်နေစဉ်တွင် တယ်လီဖုန်း မြည်လာ သည်။ အော်လီဗာ သွား ကိုင်တော့ တစ်ဖက်က အဖေ့အသံကို ကြားရ၏။ အားလုံး ၀ိုင်းပြီး နားစွင့်နေ ကြသည်။
" ဟုတ်ကဲ့ … ဟုတ်ကဲ့ … ဖေဖေ၊ ဖြည်းဖြည်းပြောပါ၊ ခု … ဘယ်မှာလဲ၊ ဟုတ်လား၊ ဖေဖေတော့ နေကောင်း တယ်နော်၊ စိတ်အေးအေးထားပါဖေဖေ၊ အဲဒီမှာ ပဲနေ၊ ကျွန်တော် လာခေါ် မယ်၊ ကားကို အဲဒီမှာပဲ ထား လိုက်ပေါ့၊ မနက်ဖြန်မှ ယူရင်ဖြစ်တာပဲ "
စိတ်ပျက်လက်ပျက် အမူအရာနှင့် တယ်လီဖုန်းချလိုက်သည်။ ကလေးတွေ သူ့ကို အထိတ်တလန့် စောင့် ကြည့်နေ ကြ၏။ သူ့လက်တွေမသိမသာ တုန်နေသည်။
" ဘာမှ မဟုတ်ပါဘူး၊ အဘွား ကားမောင်းရင်း အိမ်နီးနားချင်းတစ်ယောက်ကို တိုက်မိလို့တဲ့၊ အခြေအနေ သိပ်မဆိုး ပါဘူး၊ အဘွားနည်းနည်း စိတ်ထိခိုက်သွားတယ်၊ ဒီည သူ့ကို ဆေးရုံမှာပဲ ထားရမယ်၊ ဘိုးဘိုး အရမ်း စိတ်ပူနေ တယ် …..
" တော်သေးတယ်၊ ၀င်တိုက်ခံရတဲ့သူငယ်က လျင်လို့၊ ခုန်ပြီးရှောင်လိုက်တာ ခြေသပွတ်တိုင် လည်သွား ရုံပဲ၊ မဟုတ်ရင် နှစ်ယောက်စလုံးမလွယ်ဘူး "
" အဘွား ကို ကားပေးမောင်း ဖို့ မကောင်းတော့ပါဘူးဖေဖေရယ် "
မယ်လီဆာ ပူပူပင်ပင် ပြောသည်။
" ဘိုးဘိုးက ပေးမမောင်းတော့ပါဘူး သမီးရဲ့၊ ဘိုးဘိုး အလစ်မှာ မောင်းထွက်သွားတာ "
ဆေးရုံရောက်တော့ ဆရာဝန်ဆရာမများအား အဘွားကသားကို ကျောင်းကြိုဖို့ မောင်းလာတာပါကွယ်" ဟု ပြောကြောင်းနှင့် တယ်လီဖုန်းပြောရင်း ဘိုးဘိုး ငိုနေသည့်အကြောင်းကိုတော့ အော်လီဗာ ထည့် မပြော တော့။ စိတ္တဇဆေးရုံတွင် တင်ထားပြီး အနီးကပ် ကုသဖို့လိုပြီဟု ဆရာဝန်တွေက မှတ်ချက် ချကြောင်း ပြော ရင်း ဖေဖေ တရှုပ်ရှုပ် ငိုချလိုက်ခြင်းဖြစ်၏။
ဒက်ဖနီ ကို အော်လီဗာ တစ်ချက်လှမ်းကြည့်ပြီး …
" စိတ်တော့မကောင်းဘူး ဒက်ဖနီ၊ ဒါပေမယ့် ကိုယ်သွားလို့မဖြစ်ဘူး၊ အမေ့ထက် ဖေဖေ့အတွက် ပိုပြီး စိတ် ပူစရာ ဖြစ်နေတယ်၊ မင်းကို ကိုယ်ဘူတာရုံမျာ ချပေးခဲ့မယ်လေ "
ရထားချိန် က တစ်နာရီခန့် လိုသေးသည်။ ဘူတာရုံမှာ သူ့ကို တစ်ယောက်တည်း ထားခဲ့ရမည့် အတွက် အော်လီ အားတုံ့အားနာဖြစ်နေသည်။
" ရပါတယ်၊ ဒက်ဖနီ တက္ကစီနဲ့သွားမှာပေါ့၊ ကိုယ့်ဘာသာကိုယ်သွားလေ "
ဒက်ဖနီ က ကလေးတွေမျက်နှာကို ဝေ့ကြည့်လိုက်သည်။
" ကလေးတွေနဲ့ ဆက်စကားပြောနေမယ်လေ၊ သူတို့သဘောကျမယ် ဆိုရင်ပေါ့ "
မယ်လီဆာနှင့် ဆမ်က ၀မ်းသာအားရ လက်ခံသည်။ ဘင်ဂျမင်ကမူ ခပ်မဆိတ်နေ၏။
" အဲဒါ ကောင်းတယ် "
အော်လီဗာ ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး မယ်လီဆာကို ကိုးနာရီဆယ့်ငါးမိနစ်တိတိတွင် တက္ကစီခေါ်ပေး ဖို့ ပြောပြီးမှ …..
" ဘင်ဂျမင် မောင်းပို့လဲ ရတာပဲ "
" တက္ကစီနဲ့ပဲ သွားပါ့မယ်၊ ဘင်ဂျမင်မှာ လုပ်စရာတွေရှိဦးမှာပေါ့၊ ပြီးတော့ ….. အဘွားကြီးတွေကို ဘယ်မောင်းပို့ချင်ပါ့မလဲ "
တင်းတင်းကျပ်ကျပ်ဖြစ်နေသည့် ဘင်ဂျမင့် အမူအရာကို သတိထားမိသဖြင့် ဒက်ဖနီ အရွှန်းဖောက် လိုက်ခြင်းဖြစ်၏။
ခဏနေတော့ အော်လီဗာ ထွက်သွားသည်။ ဘင်ဂျမင်လည်း ကလေးနှစ်ယောက်နှင့် ဧည့်သည်ကို ထားခဲ့ပြီး မသိမသာ လစ်ထွက်သွားသည်။
ဆမ် က မုန့်ထပ်ထည့်ရန် မီးဖိုဆောင်ဘက်သို့ ထွက်သွားချိန်တွင် မယ်လီဆာက သူက နေသည့် ပြဇာတ် ဇာတ်ညွှန်း ကို အပေးထပ်သို့ ပြေးတက်ယူသည်။ ဒက်ဖနီ့ကို သူပြချင်လှပြီ။ အက်နက်က သူ့အလုပ်ပြီး သဖြင့် အိပ်ရာဝင်သွားပြီ။ ဒက်ဖနီ တစ်ယောက်တည်း ဧည့်ခန်းထဲတွင် ကျန်ခဲ့၏။
ထိုစဉ် တယ်လီဖုန်း မြည်လာခြင်းဖြစ်၏။ ဘာလုပ်ရမှန်းမသိဘဲ ခဏတွေနေသည်။ ကလေးတွေ ပြန်ပေါ် မလာသေး သဖြင့် ကောက်ကိုင်လိုက်ရသည်။ အော်လီဗာထင်ပါရဲ့၊ ဘာများ ဖြစ်လို့ပါလိမ့် …။
သို့သော် ဖုန်းထဲမှ အသံက အမျိုးသမီး တစ်ယောက်၏အသံ။
" အော်လီဗာ အပြင်ထွက်သွားပါတယ်ရှင်၊ ဘာပြောပေးမလဲဟင် "
အလုပ်သဘော ဆန်ဆန် ပြန်ပြောလိုက်သည်။ ဆာရာ ပင် ဖြစ်ရမည်ဟု စိတ်ထဲက သိလိုက်၏။
" ကလေးတွေကော "
စိတ်အနှောင့်အယှက်ဖြစ်သွား သည့် လေသံဖြင့် ခပ်ပြတ်ပြတ်မေးသည်။
" ရှိပါတယ်၊ ခေါ်ပေးရမလားဟင် "
" အဲ … အင်း … ခေါ်ပေးပါလား၊ နေ … နေပါဦး၊ စိတ်မရှိနဲ့နော်၊ ခုပြောတာ ဘယ်သူပါလဲ "
မယ်လီဆာ လာနေပြီ။ တယ်လီဖုန်းထဲသို့ အသံနိမ့်ဖြင့်
" ကျွန်မ ကလေးထိန်းပါ၊ မယ်လီဆာ လာနေပါပြီ၊ ပြောနော် "
မယ်လီဆာကို ကြင်နာစွာ ပြုံးပြရင်း တယ်လီဖုန်း လှမ်းပေးလိုက်သည်။ ပြီးမှ ဆမ်ကလေးရှိရာ မီးဖိုဆောင် သို့ထွက်ခဲ့သည်။
ချာတိတ် က ပန်းသီးတွေ ပလုတ်ပလောင်းစားရင်း ဒက်ဖနီ့အတွက် မုန့်တွေလှီးနေသည်။
" သားမေမေဆီက ဖုန်းထင်တယ်၊ မယ်လီဆာနဲ့ စကားပြောနေတယ် "
" ဟုတ်လား … "
ဆမ်ကလေး လုပ်လက်စတွေအားလုံး ပစ်ချခဲ့ပြီး ဧည့်ခန်းဆီသို့ ပြေးထွက်သွားသည်။ ဆယ်မိနစ်ကြာမျ သူတို့ နှစ်ယောက် ပြန်ရောက်လာသည်။ မောင်နှမ နှစ်ယောက်စလုံး မျက်နှာလေးတွေညှိုးလို့။ ဒက်ဖနီ့ ရင် ထဲ တွင် နင့်ခနဲဖြစ်သွားသည်။ ဆမ်က မျက်ရည်စတွေကို အင်္ကျီလက်ဖြင့် သုတ်နေ၏။ မအေနျင့် စကားပြော ရင်းမျက်ရည်ကျခဲ့ ဟန် တူ၏။
"ကဲ … ဘယ်သူ မုန့်ထပ်ယူကြဦးမလဲ "
ဒက်ဖနီ က သူတို့နှစ်ယောက်ကို အာရုံပြောင်းပေးချင်သည်။ သို့သော် မည်သို့ပြုရမည်ကို မသိဘဲဖြစ်နေ ၏။ မယ်လီဆာက စူးစမ်းသည့် မျက်လုံးများဖြင့် သူ့ကိုကြည့်ပြီး မေးသည်။
" ဒက်ဖနီ က ဘာဖြစ်လို့ မေမေ့ ကို ကလေးထိန်းလို့ ပြောလိုက်တာလဲဟင် "
ဒက်ဖနီ မယ်လီဆာ ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
" ဘာဖြစ်လို့ အဲဒီလို ပြောလိုက်ရသလဲဆိုရင် သမိးမေမေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့၊ အထင်မှား အမြင်မှားဖြစ်မျာစိုးလို့ပဲ၊ ဖေဖေ နဲ့ အန်တီဒက်ဖနီက ရိုးရိုးမိတ်ဆွေတွေ၊ အန်တီ့မှာ သိပ်ချစ်ရတဲ့ ချစ်သူရှိ တယ်လေ၊ ဖေဖေနဲ့ အန်တီ ဟာ ဘယ်တော့မှ သူငယ်ချင်းအဆင့်က တက်မှာ မဟုတ်ဘူး …. ဒါကြောင့် သမီး တို့မေမေ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးလေ …
" အထင်အမြင် လဲ မလွဲစေချင်ဘူး၊ ဒီကိစ္စမျိုး မပါသေးဘဲနဲ့ကိုပဲ သမီးတို့မိသားစုမှာ ဝေဒနာတွေကိုယ်စီ ခံစားနေကြရတယ် ဆိုတာ ကိုယ်သိနေတယ်လေ "
မယ်လီဆာ ခေါင်းညိတ်သည်။ ဒက်ဖနီ့ ကို ကျေးဇူးလည်းတင်မိ၏။
" လာမယ့် အပတ်မှာလဲ မပြန်နိုင်သေးဘူးတဲ့ ဒက်ဖနီရယ်၊ ကျောင်းစာတွေပိနေလို့တဲ့ "
ဆမ် ကလေး တရှုပ်ရှုပ်ငိုနေပြန်သည်။ ဒက်ဖနီ အမှတ်မထင်ဆွဲပြီး ပွေ့ဖက်ထားလိုက်မိသည်။
" ပြန်လာဖို့ အဆင်မပြေသေး လို့ နေမှာပေါ့ သားရယ်၊ နောက်တော့ အပတ်စဉ် ပြန်လာနိုင်မှာပေါ့၊ တိတ်တော့နော် "
မယ်လီဆာက ကျေနပ်ဟန်မတူ။ ဆမ်က တွေးတွေးဆဆ လေသံဖြင့် ..
" သားတို့က ဘာလို့ လိုက်သွားပြီး မတွေ့နိုင်ရတာလဲ "
" အဲဒါတော့ အန်တီလဲ မသိသေးဘူးသားရယ် "
မျက်ရည်သုတ်ပေးရင်း ဒက်ဖနီပြောသည်။ သုံးယောက်သားထိုင်ပြီး ရှေ့မှ ပန်းသီးတွေနှင့် မုန့်တွေကို ဘယ်သူ မှ သတိမရကြတော့။
မယ်လီဆာက မကျေနပ်သည့်လေသံဖြင့် …
" အခန်းပြင်လို့ မပြီးသေးဘူးတဲ့၊ တို့ အိပ်စရာ နေရာမရှိဘူးတဲ့၊ လုံးဝမမိုက်ဘူး "
ဆမ်ကလေး အငိုတိတ်သွားသည်။ သုံးယောက်သားဆက်ပြီး စကားကောင်းနေသဖြင့် ကိုးနာရီ ဆယ့်ငါးမိနစ် ကျော်သွားသည်။
ဒက်ဖနီ သတိရပြီး နာရီကြည့်တော့ ကိုးနာရီခွဲနေပြီ။
" ဟောတော့ … ဒုက္ခပါပဲ၊ နောက်ရထား ရှိသေးလားဟင် "
မယ်လီဆာ က ခေါင်းညိတ်ပြီး …
" ဆယ့်တစ်နာရီ မှာ တစ်စီးရှိသေးတယ် ဒက်ဖနီ "
" ဒါဆို အဲဒီရထား နဲ့မှ ပြန်တော့မယ် "
" ဟာ … သိပ်ကောင်းပေါ့ "
ဆမ်ကလေးက ဒက်ဖနီ့လက်ကိုဆွဲပြီး ၀မ်းသာအားရပြောသည်။ သို့သော် သူတို့နှစ်ယောက်လုံး စိတ်ပန်း လူပန်းဖြစ်နေပုံ။ ဆမ်ကလေးကို ချော့သိပ်လိုက်သည်။
ပြီးတော့ မယ်လီဆာနှင့် စကားဆက်ပြောသည်။ မယ်လီဆာပါ အိပ်ငိုက်လာသဖြင့် ဆယ် နာရီကျော်ကျော် တွင် တက်အိပ်ခိုင်းလိုက်သည်။
" သွားအိပ်တော့ သမီး၊ ဆယ်နာရီခွဲလောက်မှ ကိုယ့်ဘာသာ တက္ကစီခေါ်ပြီး ပြန်မယ်၊ လောလောဆယ် စာ ဖတ်နေမယ် "
မယ်လီဆာ အားတုံ့အားနာနှင့် တက်သွားသည်။ ဒက်ဖနီ စာဖတ်ကျန်ရစ်၏။
ဆယ်နာရီခွဲ ခါနီးတွင် အော်လီဗာ ပြန်ရောက်လာသည်။
ဒက်ဖနီ မပြန်သေးကြောင်း တွေ့ရသဖြင့် တအံ့တသြ ဖြစ်နေသည်။ ဒက်ဖနီက ရောက်မဆိုက် …
" အခြေအနေ ဘယ်လိုလဲဟင်၊ အော်လီတို့ ဖေဖေကော "
" အင် … မဆိုးဘူးထင်ပါတယ် "
အော်လီဗာ့ ကို ကြည့်ရသည်မှာ အလွန်အမင်း နွမ်းနယ်နေပုံ။ အဖေ့ကို ကိုယ်တိုင် အိပ်ရာထဲ ပို့ခဲ့ရသည်။ ကလေး တစ်ယေက် လို ချော့သိပ်ခဲ့ရသည်။ အမေ့ကိစ္စ ဘာဆက်လုပ်မည်ကို မနက်ဖြန်မှ ဆုံးဖြတ်ကြဖို့ နှင့် နောက်နေ့ ဆက်ဆက်လာခဲ့မည့်အကြောင်း ပြောပြီး ပြန်ခွင့်တောင်းခဲ့ရသည်။
" စိတ်ဓာတ်ကျ စရာ ပါပဲကွာ၊ မေမေက စိတ်ရောဂါ နဲ့ ဆေးရုံမှာ၊ ဖေဖေက မေမေ့အဖြစ်ကိုကြည့်ပြီး ဗုန်းဗုန်း လဲမယ့် အခြေအနေ "
" ဒက်ဖနီ စိတ်မကောင်း လိုက်တာ အော်လီဗာရယ် "
အဖေနှင့်အမေ ငယ်ကြသေး၍ တော်သေးသည်ဟု ဒက်ဖနီတွေးနေမိသည်။ အဖေနှင့်အမေက ခုနစ်ဆယ် နှင့် ခုနစ်ဆယ့်ငါး ဆိုပေမယ့် ငါးဆယ်လောက်ပဲ အောက်မေ့ရသည်။ ဆာရာ ဖုန်းဆက်သည် ကို သတိရလာ ပြီး …
" သြော် … ဒါထက် … အမျိုးသမီးဖုန်းဆက်လာတယ် "
" ဟာ … ဒုက္ခပါပဲ၊ သူတို့အမေကို ကလေးတွေ ဘာများလျှောက်ပြောသေးလဲဟင် "
" မသိဘူး အော်လီဗာ၊ ဒက်ဖနီ မီးဖိုခန်းထဲ သွားနေတယ်၊ လွတ်လွတ်လပ်လပ်ပြောရအောင်လို့လေ၊ ဒါပေမယ့် ဖုန်းလာတော့ ဧည့်ခန်းထဲမှာ ဘယ်သူမှ မရှိတာနဲ့ ဒက်ဖနီ ကိုင်လိုက်တယ်၊ ဘယ်သူလဲမေးတော့ ကျွန်မ ကလေးထိန်း ပါလို့ ပြောလိုက်တယ် "
နှစ်ယောက်သား ရယ်ကြသည်။
" ကျေးဇူးတင်ပါတယ် ဒက်ဖနီ၊ စကားပြောပြီးတော့ သူ တို့အခြေအနေ ဘယ်လိုအကဲခတ်မိသလဲ "
" မောင်နှမနှစ်ယောက် စိတ်ဓာတ်ကျသွားပုံရတယ်၊ ဒီအပတ်လဲ ဆာရာ ပြန်မလာနိုင်သေးဘူးတဲ့၊ သူတို့ လိုက်သွားဖို့လဲ အခြေအနေမပေးသေးဘူး ဆိုလားပဲ၊ ဆမ်ကလေးငိုတယ်၊ ဒါပေမယ့် ဒက်ဖနီချော့တော့ အငိုတိတ်သွားတယ်"
" မင်းဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ မိန်းကလေးပဲ ဒက်ဖနီ "
နာရီကို ငုံ့ကြည့်လိုက်သည်။ စိတ်မကောင်းဖြစ်သွား၏။
" ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ရတော့မယ်၊ မင်းကို ဘူတာရုံလိုက်ပို့မယ်လေ … သွားစို့ "
ဒက်ဖနီ ကျေးဇူးတင်ကြောင်း ပြောသည်။ လမ်းတွင် တစ်နေ့တာအကြောင်း စားမြုံ့ပြန်ရင်း ဒက်ဖနီက …
" ဒီနေ့ စိတ်မကောင်းစရာတွေချည်းပဲနော် "
" ဟုတ်တယ် ဒက်ဖနီ၊ မင်းကိုထားခဲ့ပြီး ထွက်သွားရတဲ့အတွက်လဲ ကိုယ် စိတ်မကောင်းဘူး "
" အို … ကိစ္စမရှိပါဘူး၊ အော်လီအတွက်သာ ဒက်ဖနီ စိတ်မကောင်းတာပါ၊ တစ်နေ့နေ့တော့ အခြေအနေတွေ ကောင်းလာမှာပေါ့လေ "
အော်လီဗာ နွမ်းလျစွာပြုံးပြီး …
" အဲဒီနေ့ရောက်တော့ ကိုယ်က သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေရောပေါ့ "
နှစ်ယောက်သား ရထားစောင့်ကြသည်။ ရထား လာတော့ အစ်ကိုက ညီမ ကို နှုတ်ဆက် ဟန်ဖြင့် ပွေ့ဖက် နှုတ်ဆက် သည်။ ရထား ထွက်တော့ အတန်ကြာ လက်ပြနှုတ် ဆက်ကြ သည်။
ကား ကို ခပ်ဖြည်းဖြည်းမောင်းပြန်လာခဲ့သည်။
ရင်ထဲ တွင် တင်းကျပ်ကျပ်ကြီး ဖြစ်နေ၏။ ဒက်ဖနီသာ လွတ်လွတ်လပ်လပ်ဆိုလျှင် အခြေအနေ တစ်မျိုး တစ်ဖုံဖြစ်လာနိုင် မလားပဲ။ အို …. ဒါတွေက တဒင်္ဂစိတ်လှုပ်ရှားမှုတွေပါ။
ဒက်ဖနီ ဘယ်လောက်လှလှ၊ ဘယ်လောက်တော်တော် … အော်လီဗာ အလိုချင်ဆုံးက ဆာရာသာပါ။
အိမ်ရောက်ရောက် ချင်း သူပေးထား သည့် ဖုန်းနံပါတ် ကို ကောက် လှည့်သည်။ သို့သော် ဘယ်သူမှ လာ မကိုင်။
ဆက်ရန်
.
1 comment:
Anonymous said...
ဖတ်လို့အရမ်းကောင်းပါတယ်။
ပိုစ်တင်ပေးတာကျေးဇူးတင်ပါတယ်မရွှေစင်....
မေ