ထိုင်ရာမှ ကျွန်မတို့ ထလိုက်ကြပါသည်။ ကျွန်မ၏စိတ်များ အလွန်အမင်း လှုပ်ရှားနေကာ မျက်နှာ မှာ သွေးရောင် လွှမ်းနေပါသည်။ ခြေတွေ လက်တွေလည်း တဆတ်ဆတ် တုန်နေပါသည်။ အကယ်၍ များ သူက ကျွန်မလက်ကို ဆွဲကိုင်ကာ… "တို့ကို ဝမ်းသာစကား မင်း ပြောရလိမ့် မယ်နော်… ဒီမိန်းကလေး နဲ့ ကျုပ်နဲ့ လက်ထပ်ကြတော့မလို့လေ" ဟုများ စားပွဲထိုး ကို ပြုံးပြုံးကြီး ပြောလိုက်ချေသော် ခက်ရချည့်ရဲ့ဟု ကျွန်မ တွေးနေမိပါသည်။ သူ့ စကား ကို တခြား စားပွဲထိုး များကပါ ကြားလိုက်ကြရမည် ဆိုပါစို့။ အားလုံး က အပြုံးကိုယ်စီဖြင့် ကျွန်မတို့ ကို ဦးညွှတ် အရိုအသေ ပြုပြီး နှုတ်ဆက်ကြပေလိမ့်မည်။ ဧည့်ခန်းကြီး ကိုဖြတ်ပြီး ကျွန်မတို့ လျှောက် သွားကြသောအခါတွင် အံ့သြတကြီးဖြစ်သွားသည့် အမူအရာများ၊ စိတ်အား ထက်သန်စွာ ပြောဆိုသံ များ ဖုံးလွှမ်း သွားပေလိမ့်မည်။ ကို ဆက်ဖတ်ရန်........
သို့သော်လည်း ကျွန်မ စိတ်ကူးကြည့်သလို ဖြစ်မလာပါ။ သူက စားပွဲထိုးကို ဘာစကားမျှမပြောပါ။ ဘာ မျှ မပြောတော့ဘဲ ကုန်းလျှောနေရာကလေးမှ သူ ထွက်ခွာသွားပါသည်။ ကျွန်မကလည်း သူ့နောက်မှ ကပ်ပါရင်း ဓာတ်လှေကားရှိရာသို့ သွားပါသည်။ ဧည့်ကြိုစားပွဲနားမှ ကျွန်မတို့ဖြတ်လျှောက်သွားတော့ မည်သူကမျှ ကျွန်မ တို့ကို မော်၍ပင်မကြည့်ကြပါ။ ဧည့်ကြိုစာရေးသည် စာရွက်တစ်ထပ်ကြီးဖြင့် အလုပ် ရှုပ်နေ ပါသည်။ သူ့လက်ထောက်ကိုလည်း သမင်လည်ပြန်ပြန်ကြည့်ရင်း စကားလှမ်းပြောနေပါသည်။ ကျွန်မ သည် မစ္စက်ဒီဝင်းတားဖြစ်တော့မည့်အကြောင်းကို သူ ဘာမျှသိပုံမပေါ်ဟု ကျွန်မ တွေးလိုက်မိပါ သည်။ မန်ဒါလေစံအိမ်ကြီးမှာ ကျွန်မ နေထိုင်ရတော့မည်။ မန်ဒါလေစံအိမ်ကြီးကို ကျွန်မ ပိုင်ဆိုင် ရ တော့မည်။
ဒုတိယထပ် သို့ ဓာတ်လှေကားဖြင့် ကျွန်မတို့ တက်လာကြသည်။ ပြီးတော့ စင်္ကြံလမ်းအတိုင်း ဆက် လျှောက်သွားကြသည်။ သူက ကျွန်မ၏လက်တစ်ဖက်ကိုကိုင်ကာ ဟန်ပါပါ ဆွဲယမ်း ရင်း လျှောက် လာ ပါသည်။
"အသက် ၄၂ နှစ်ဆိုတာ မင်းအတွက် သိပ်များကြီးနေပြီလို့ ထင်သလားဟင်"ဟု သူက မေးပါသည်။
"အို… မထင်ပါဘူးရှင်။ အသက်ငယ်တဲ့ ယောက်ျားတွေကိုလဲ ကျွန်မ မကြိုက်ပါဘူး"ဟု ကျွန်မက စိတ် အား ထက် သန်စွာဖြင့် ခပ်မြန်မြန် ပြန်ဖြေလိုက်မိပါသည်။
"အသက်ငယ်တဲ့ ယောက်ျားတွေအကြောင်းလဲ မင်း ဘယ်တုန်းကမှ မသိခဲ့ပါဘူးကွယ်"
ပြောရင်းဆိုရင်း မှာပင် မစ္စက်ဗန်ဟော့ပါး၏အခန်းရှေ့သို့ ရောက်လာကြပါသည်။
"ဒီအကြောင်း ကို ကိုယ်တစ်ယောက် တည်း ဝင်ပြောပြလိုက်တာ ကောင်းလိမ့်မယ်"ဟု သူက ပြောပါ သည်။ တစ်ဆက်တည်း ပင် "ကိုယ့်ကို တစ်ခုပြောပြစမ်းပါဦး၊ ကိုယ်နဲ့ မြန်မြန်လက်ထပ်ရမယ့်အတွက် မင်း ဘယ်လိုမှ မအောက်မေ့ပါဘူးနော်၊ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ဘာတွေဝယ်မနေချင်တော့ဘူး မဟုတ်လား။
တကယ်တော့ ဒါတွေဟာ ဘာမှအဓိပ္ပာယ်မရှိပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ လက် ထပ်တဲ့ကိစ္စဟာ တစ်ရက်နှစ်ရက် အတွင်းမှာ အားလုံးချောချောမောမော ပြီးသွားမှာပါ။ စားပွဲပေါ်မှာတင် လက်ထပ်ခွင့် လိုင်စင်ရမယ်ကွာ၊ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး ဖြစ်သွားမယ်ကွာ၊ ပြီးတော့ ဗင်း နစ်မြို့ ကို မော်တော်ကားနဲ့ သွားကြမယ်။ ဒါမှမဟုတ်လဲ မင်း သွားချင်တဲ့ ဘယ်နေရာကိုမဆိုပေါ့"
"ဘုရားရှိခိုးကျောင်း မှာ လက်ထပ်မှာမဟုတ်ဘူးလား။ ဟိုလေ… အဖြူရောင်ဂါဝန်ကိုဝတ်လို့၊ သတို့သမီး ရံတွေ ဘာတွေနဲ့ ပေါ့။ ခေါင်းလောင်းတွေကလဲ ထိုးလို့လေ။ ဘုရားစာတွေရွတ်တဲ့အဖွဲ့နဲ့။ အဲဒီလိုမျိုး မဟုတ်ဘူး လား ဟင်… ပြီးတော့ အစ်ကို့ဆွေမျိုးတွေ မိတ်ဆွေအပေါင်းအသင်းတွေရော…"ကျွန်မက တသီကြီး မေးချ လိုက်မိပါသည်။
"မင်း မေ့သွားပြန်ပြီ။ အဲဒီလိုပုံစံမျိုးနဲ့ အလျင်တုန်းက ကိုယ် လက်ထပ်ခဲ့ဖူးပြီလေ…"ဟု သူက ပြန်ပြော ပါ သည်။
အဘွားကြီး၏အခန်းရှေ့မှာ ကျွန်မတို့ရပ်နေမိကြပါသည်။ စာထည့်သည့်ပုံးထဲသို့ ထိုးကြိတ် ထည့် ထား သော သတင်းစာ များကို သတိပြုမိသည်။ သည်နေ့မနက် နံနက်စာစားချိန်တွင် သတင်းစာကိုပင် မဖတ် အားလောက်အောင် ကျွန်မတို့ အလုပ်များခဲ့ကြပါသည်။
"ကဲ… ဘယ်လိုလဲ… မင်း သဘောထားက ဘယ်လိုလဲ…"
"ကောင်း ပါတယ်လေ… ကျွန်မက ကိုယ့်တိုင်းပြည်မှာပြန်ပြီး လက်ထပ်ကြရင် ကောင်းမလားလို့ စဉ်းစား လိုက်မိ လို့ပါ။ တကယ်ကတော့ ဘုရားရှိခိုးကျောင်းမှ လက်ထပ်ကြဖို့တို့… လူတွေ တလှေကြီးဖိတ်တာ မျိုးတို့… အဲဒီလို ကြီးကြီးကျယ်ကျယ်တွေပေါ့လေ… ဒါမျိုးကို ကျွန်မ မျှော်မှန်းမထားမိခဲ့ပါဘူး"
ကျွန်မ က သူ့ကို ပြုံးပြလိုက်ပါသည်။ မျက်နှာအမူအရာကိုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေဟန် လုပ်ပြ လိုက်ပါသည်။
"အဲဒါဆို တစ်မျိုးပျော်စရာကောင်းမှာပေါ့နော်"ဟူ၍လည်း သူ့ကိုဆက်ပြောမိပါသည်။
သူက အခန်းတံခါး ကို ဆွဲဖွင့်လိုက်သည်။ ဧည့်ခန်းအဝင်ပေါက်သို့ ကျွန်မတို့ဝင်လာခဲ့ကြပါသည်။
"သူငယ်မလားဟေ့…"ဟု ဧည့်ခန်းတွင်းမှ မစ္စက်ဗန်ဟော့ပါး၏အသံ ထွက်လာပါသည်။ "မင်း ဘာတွေ လျှောက် လုပ်နေတာလဲ။ ရုံးကို ငါ ဖုန်းဆက်တာ သုံးခါရှိသွားပြီ။ မင်း အရိပ်အယောင်ကိုတောင် မတွေ့ ဘူး လို့ သူတို့က ပြောတယ်" ကျွန်မ၏ရင်ထဲမှာ ရယ်ချင်စိတ် ရုတ်တရက် ပေါ်လာပါသည်။
တစ်ဆက်တည်း ငိုချင်စိတ်လည်း ပေါ် လာပြန်ပါသည်။ ရယ်ခြင်းအမှု၊ ငိုခြင်းအမှု နှစ်ခုစလုံးကို တစ်ပြိုင် တည်း ပြုလုပ်လိုစိတ်လည်း ပေါ်လာပါ သည်။ ပြီးတော့ ရင်ထဲမှာလည်း နာကျင်သည့်ဝေဒနာမျိုးကို ခံစား လာရပါသည်။ ဒါတွေ ဘာမှဖြစ်မလာ လျှင် ကောင်းလေစွဟူသော စိတ်ရူးစိတ်မိုက်ကလေးလည်း ထိုအချိန် အတွင်းမှာ ပေါ်လာပါသည်။ အခြားတစ်နေရာရာမှာ ကျွန်မတစ်ယောက်တည်း ရှိနေလိုက်ချင် သည်။ သည်အတိုင်းလျှောက်သွားနေ လိုက်ချင်သည်။ စိတ်လွတ်လက်လွတ်ဖြင့် လေကလေးပါ ချွန်နေလိုက် ချင်သည်။
"ဒါတွေ အားလုံး ကျွန်တော့်အပြစ်ချည်းပါပဲ ခင်ဗျာ" မစ္စတာဒီဝင်းတားက ပြောပြောဆိုဆိုဖြင့် အခန်း တံခါး ဖွင့်ကာ အတွင်းသို့ဝင်သွားပါသည်။ ပြီးတော့ တံခါးကို ပြန်ပိတ်လိုက်သည်။ အဘွားကြီး၏အံ့သြ တကြီး အာမေဍိတ်ပြုသံကို ကြားလိုက်ရပါသည်။
ကျွန်မကမူ အိပ်ခန်းထဲသို့ဝင်ခဲ့ပြီး ဖွင့်ထားသောပြတင်းပေါက်နားမှာ ထိုင်လိုက်ပါသည်။ ဆရာဝန် ၏ ဆေးဝါးကုသခန်းအပြင်ဘက်ရှိ ဧည့်ခန်းကလေးထဲမှာ ထိုင်စောင့်နေရသည်နှင့်ပင် တူသေးတော့ သည်။ ယင်းသို့ထိုင်စောင့်ရင်း မဂ္ဂဇင်းတစ်အုပ်၏စာမျက်နှာများကို လှန်လှောကြည့်နေရသလို၊ အရေးမကြီး သော ဓာတ်ပုံများကို အဓိပ္ပာယ်မရှိ ကြည့်နေရင်း ရေးထားသည့် ဆောင်းပါးများကိုလည်း ဖတ်နေရ သ လို၊ သို့သော်လည်း ထိုဆောင်းပါးပါ အကြောင်းအရာများကိုမူ ဘယ်တော့ မှ ပြန်လည် မမှတ်မိတော့သ လို ခံစားနေရပါသည်။
သွက်လက် ချက်ချာသည့် သူနာပြုဆရာမကလေး ထွက်လာသည်အထိ စောင့်နေရသည့်ပုံမျိုး။ "ကောင်း သွားပါပြီ။ ခွဲစိတ်ကုသမှုဟာ သိပ်ကို အောင်မြင်သွားပါပြီ။ ဘာမှပူစရာမလိုတော့ပါဘူး။ ကျွန်မ တော့ အိမ်ပြန်ပြီး တစ်ရေးလောက် အိပ်ပစ်လိုက်ဦးမယ်"ဟု ပြောသွားသလို ခံစားနေရပါသည်။
သည်ဟိုတယ်ခန်းထဲက အုတ်နံရံများမှာ ထူထဲလွန်းလှပါသည်။ ထို့ကြောင့် တစ်ဖက်ဧည့်ခန်းတွင်းမှ စကားပြောသံ များကို မကြားရပါ။ မစ္စတာဒီဝင်းတားက မစ္စက်ဗန်ဟော့ပါးကို ဘာတွေများ ပြောနေမလဲ၊ ဘယ်လိုစကားလုံးတွေ ကိုများ သူ ရွေးချယ်အသုံးပြုနေမလဲ ဟု ကျွန်မ တွေးကြည့်နေမိပါသည်။
"ကျွန်တော်တော့ သူ့ကို မြင်မြင်ချင်း ချစ်နေမိတော့တာပါပဲဗျာ။ ဒါကြောင့် နေ့တိုင်း ကျွန်တော် တို့နှစ် ယောက် ချိန်းတွေ့ခဲ့ကြတယ်လေ"ဟုများ ပြောလေမလား။
"ဟုတ်တာပေါ့ မစ္စတာဒီဝင်းတားရယ်… ကျွန်မ ကြားခဲ့ဖူးသမျှတွေထဲမှာတော့ စိတ်ကူးယဉ်စရာ အကောင်းဆုံး အချစ်ဇာတ်လမ်းကလေးပါပဲ"ဟု အဘွားကြီးက ပြန်ပြောလေမည်လား။
စိတ်ကူး ယဉ်စရာ အကောင်းဆုံးအချစ်…။
သည်အပေါ်ထပ်သို့တက်လာစဉ် ဓာတ်လှေကားထဲမှာတုန်းက ကျွန်မစိတ်ထဲမှာ ရှာဖွေကြည့်မိခဲ့သည့် စကားလုံးသည် ယင်းစကားလုံးပင်ဖြစ်ပါ၏။ ဟုတ်ပါတယ်ရှင်… စိတ်ကူးယဉ်စရာ အကောင်းဆုံးသော အချစ်… လူတွေက သည်စကားလုံးကိုပင် သုံးနှုန်းပြောဆိုကြပေလိမ့်မည်။ စိတ်ကူးယဉ်စရာ အကောင်း ဆုံးသော အချစ်ဆိုသည်မှာ ဗြုန်းဗြုန်းဒိုင်းဒိုင်းပေါ်လာတတ်တာမျိုးဖြစ်၏။ ပြီးတော့ အလွန်တရာလည်း စိတ်ကူးယဉ် လို့ ကောင်းလှပေ၏။ ပြီးတော့ နှစ်ယောက်သား စုလျားရစ်ပတ်လက်ထပ်ထိမ်းမြားကြဖို့ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကြပါ၏။ စွန့်စားခန်းတစ်ခုနှင့်ပင် တူနေသေးတော့သည်။
ပြတင်းပေါက်အနီး ကုလားထိုင်ပေးမှာ ထိုင်ကာ ဒူးနှစ်ဖက်ကို သိုင်းဖက်ထားရင်း ကျွန်မကိုယ် ကျွန်မ ပြန်ပြုံးမိပါသည်။ ဘယ်လောက် အံ့သြစရာကောင်းလိုက်ပါသလဲ။ ကျွန်မ ကြုံတွေ့ ရင်ဆိုင် ရတော့မည့် ဘဝသည်လည်း ဘယ်လောက်ကြည်နူး ချမ်းမြေ့စရာကောင်း လိုက်ပါသလဲ ဟုလည်း တွေးနေမိပါသည်။
ကျွန်မ ချစ်သော သူနှင့် ကျွန်မ လက်ထပ်ရတော့မည်။
ကျွန်မ သည် မစ္စက်ဒီဝင်းတား ဖြစ်ရတော့မည်။ သူ့ဇနီးဖြစ်ရတော့မည်။ ဆရာဝန်၏လူနာကုသခန်း အပြင်ဘက် ရှိ ဧည့်ခန်းထဲမှာထိုင်သလို သည်နေရာမှာထိုင်ပြီး စောင့်နေရသည့်အတွက် ကျွန်မမှာ နေမ ထိ ထိုင်မသာ ဖြစ်လာပါသည်။ တကယ်ဆိုတော့ သဘာဝအတိုင်းသာဖြစ်ဖို့ ကောင်းပါ၏။
ကျွန်မ ချစ်သူ နှင့် အပြန်အလှန်လက်ချင်းချိတ်ကာ ဧည့်ခန်းထဲမှာ ထိုင်ပြီး အပြုံးချင်း ဖလှယ်ကြဖို့ကောင်းပါသည်။ သည်လိုနေရင်း မစ္စတာဒီဝင်းတားက "ကျွန်တော်တို့နှစ်ယောက် လက်ထပ်ကြတော့ မလို့လေ… ကျွန် တော်တို့ နှစ်ယေက် အရမ်း ချစ်နေကြပြီ"ဟုသာ ပြောဖို့ကောင်းပါသည်။
အရမ်းချစ်နေကြပြီ။ သို့သော်လည်း "ချစ်နေမိပါပြီ"ဆိုသော စကားလုံးကို ယခုအချိန်အထိ သူ မပြောဖူး သေးပါကလား။ အေးလေ… အချိန်မှမရှိဘဲကိုး…။ အခုကိစ္စက နံနက်စာစားရင်း စားပွဲမှာ တက်သုတ်နှင် ကာ ပေါ်ပေါက်လာရသော အဖြစ်အပျက်ပင် မဟုတ်ပါလား။ လိမ္မော်ခွံယို ရယ်၊ ကော်ဖီရယ်၊ ပြီးတော့ လိမ္မော်သီးရယ် ဘယ်မှာ အချိန်ရှိလို့လဲ… လိမ္မော်သီးက သိပ်ချဉ် သတဲ့လေ…။ ဒါကလေးလောင်ပြောဖို့ ပဲ သူ့မှာအချိန်ရခဲ့တာ။ "မင်းကို ကိုယ် ချစ်နေမိပြီ" ဆိုတာမျိုးပြော ဖို့ အချိန် မှ မရသေးဘဲ။
မဟုတ်သေးပါဘူး။ "ချစ်နေပါပြီ"ဆိုသည့် စကားလုံးမျိုးကို သူ လုံးဝမပြောခဲ့။ လက်ထပ်ကြစို့ဆိုသော စကား ကိုသာ သူ ပြောသည်။ တိုတိုနှင့်လိုရင်းပင်။ ပဓာနကျသော စကားလုံးကိုသာ သူ ပြောပါသည်။ တကယ် ဆိုတော့လည်း တိုတိုနှင့်လိုရင်းကိုပြောကာ ပဓာနကျသည့် ချစ်ရေးဆိုမှုမျိုးကို ပိုလို့ ကောင်း မြတ်လှပါ၏။ ပိုပြီး စစ်မှန်လှပါ၏။ တခြားသူတွေလို မဟုတ်။ စကားတွေ ဖောင်လောက်အောင် ပြောနေ သော်လည်း အစစ်အမှန်ဆိုလို့ တစ်ဝက်မျှပင် မပါ တတ်သော ယောက်ျားငယ်ငယ် ကလေးတွေကို မဟုတ်။ ယောက်ျားငယ်ငယ်တွေက ချစ်လှပါသည်။ ကြိုက်လှ ပါသည် ဟု လျှာအရိုးမရှိတိုင်း ပြောသလို မျိုး မဟုတ်။
ရဘက်ကာ ကို ပထမဦးဆုံးအကြိမ် သူ ချစ်ရေးဆိုခဲ့ဖူးသလို မဟုတ်။
အို… ဒီအကြောင်းကို ငါ မစဉ်းစားရ။ မတွေးရ။ ဘေးဖယ်ပစ်လိုက်။ မေ့ပစ်လိုက်။ နတ်မိစ္ဆာတွေက ငါ့ ခေါင်းထဲ လာထည့်ပေးတာတွေကို လက်မခံနဲ့။ တွန်းထုတ်ပစ်လိုက်။ ရဘက်ကာဆိုတာကို တွေးမိတာ ဟ မကောင်းဆိုးရွားတွေ က လုပ်ကြံဖန်တီးထည့်လိုက်တာ။ မတွေးနဲ့။ ဘယ်တော့မှ မတွေးနဲ့။ မတွေး နဲ့.. မတွေးနဲ့… ငါ့ကို သူချစ်တယ်။ သူက ငါ့ကို မန်ဒါလေစံအိမ်ကြီး ပြချင်တယ်။ မန်ဒါလေစံအိမ်ကြီးဟာ အများသူ ငါတွေ ပြောဆိုနေကြသလိုပဲ တကယ်ပဲ ကြီးကျယ်ခမ်းနားသလား။ ငါ့ကိုရော လှိုက်လှဲပျူငှာ လက်ခံကြိုဆိုကြ ပါ့မလား။
ကျွန်မ၏ အိပ်ရာဘေးမှာ ကဗျာစာအုပ်တစ်အုပ်ရှိနေပါသည်။ ကျွန်မကို ထိုကဗျာ စာအုပ် ငှားထားမိ ကြောင်းကိုလည်း သူ မေ့နေပြီ။ ထိုစာအုပ်ကလည်း သူ့အတွက် ဘာမျှတန်ဖိုးမရှိတော့ပြီ။
"ကဲ… လုပ်စမ်း" မကောင်းဆိုးရွားက ကျွန်မကို လေသံတိုးတိုးဖြင့် ပြောနေပြီ။ "အဖွင့်စာမျက်နှာကို လှန်လိုက်စမ်း။ မင်းလုပ်ချင်နေတာ ဒါပဲမဟုတ်လား။ ကဲ… အဖွင့်စာမျက်နှာကို လှန်လိုက်စမ်းကွာ" မကောင်းဆိုးရွား က ဆက်ပြောနေပါသည်။ ဘာဆိုင်လို့လဲ။ ဘာအဓိပ္ပာယ်ရှိသလဲဟု ကျွန်မ ကိုယ်ကျွန်မ ပြန်ပြောမိပါသည်။ ဒီကဗျာစာအုပ်ကို တခြားပစ္စည်းတွေနဲ့အတူတူရောထားလိုက်ရင် ပြီးတာ ပဲ မဟုတ် လား။
ကျွန်မ တစ်ချက်သမ်းဝေလိုက်မိပါသည်။ ပြီးတော့ အိပ်ရာဘေးမှ စားပွဲဆီသို့ စိတ်မှတ်မထင် လျှောက် သွားမိ သည်။ စားပွဲပေါ်က ကဗျာစာအုပ်ကို ကောက်ယူလိုက်သည်။ ထိုအချိန်မှာပင် အိပ်ရာဘေးက လျှပ်စစ်မီးကြိုးနှင့် ခြေထောက်ငြိပြီး ယိမ်းယိုင်သွားပါသည်။ ထို့ကြောင့် လက်ထဲမှစာအုပ်က ကြမ်းပြင် ပေါ်သို့ လွတ်ကျသွားပါသည်။ ငုံ့ကြည့်တော့ စာအုပ်ကပွင့်လျက်။ ပွင့်နေသည့် စာမျက်နှာ ကလည်း အဖွင့်စာမျက်နှာ။
"မက်ဇ်သို့… ရဘက်ကာထံမှ…"
သည်မိန်းမ သေသွားပြီ။ သေသွားသူတစ်ယောက်အကြောင်းကို ဘာမျှစဉ်းစားနေစရာမလို။ သေသွား ကြသူများ သည် ငြိမ်းချမ်းစွာ အိပ်ပျော်သွားကြခြင်းဖြစ်သည်။ သူတို့ကို မြှုပ်နှံရာမြေပုံပတ်လည်မှာ လည်း မြက်ပင် များ ရှည်လျားစွာပေါက်နေကြပြီ။ သူ အသက်ရှင်စဉ်က ဘာတွေပဲ ရေးခဲ့ရေးခဲ့၊ သူ့မှာ ဘယ်လို အားမာန်တွေ ပဲ ရှိခဲ့ရှိခဲ့၊ အဓိပ္ပာယ်မရှိတော့ပြီ။ စာလုံးကလေးတွေက ခပ်စောင်းစောင်း။ မင်က ခပ်ပြန့်ပြန့်။ မနေ့တုန်းကမှ ရေးထားဘိသကဲ့သို့ ရှိချေသည်။
ကျွန်မသည် အလှပြင်ပစ္စည်းများထည့်သည့် သေတ္တာထဲမှ လက်သဲညှပ်သော ကတ်ကြေးကို ထုတ်ယူ လိုက်သည်။ ပြီးတော့ ထိုစာရေးထားသည့် စာရွက်ကို ညှပ်ပစ်လိုက်သည်။ ရာဇဝတ်မှုတစ်ခုခုကျူးလွန် လိုက်မိသူ လို နောက်သို့ သမင်လည်ပြန်လှည့်ကြည့်မိပါသည်။
အစအန ကလေးပင် မကျန်အောင် ကျွန်မ ဖြုတ်ယူလိုက်ပါသည်။ ထို စာရွက်ကလေးမရှိတော့သောအ ခါတွင် စာအုပ်ကလေးသည် ဖြူဖြူဖွေးဖွေးနှင့် သန့်ရှင်းစင်ကြယ်သွားလေသည်။ တစ်ကြိမ်တစ်ခါမှ အကိုင်အတွယ် မခံ ရသေးသော စာအုပ်အသစ်ကလေးသဖွယ်ဖြစ်သွားသည်။ ညှပ်ယူပြီးသည့်စာရွက်ကို အစိတ်စိတ် အမွှာမွှာ ဆွဲဖြဲကာ အမှိုက်ခြင်းထဲသို့ ပစ်ထည့်လိုက်သည်။
ပြီးတော့ ပြတင်းပေါက်နားမှ ကုလားထိုင်ဆီသို့ ပြန်သွားပြီး ထိုင်နေလိုက်ပါသည်။ သို့သော်လည်း အမှိုက်ခြင်းထဲမှ စာရွက်စုတ်ကလေးများအကြောင်းကို ကျွန်မ တွေးနေမိပြန်သည်။ ခဏကြာတော့ ထိုင်ရာမှထပြီး အမှိုက်ခြင်းဆီသို့ သွားကာ စာရွက်စုတ်ကလေးများကို ငုံ့ကြည့်မိပါသည်။
အစိတ်စိတ် အမွှာမွှာဖြစ်နေသည့်တိုင်အောင် ရေးထားသည့် မင်အရောင်များက ထင်း ထင်းကြီးပေါ်နေ ပြန်သည်။ ထိုလက်ရေးသည် ပျက်စီးမသွားသေး။ မီးခြစ်ယူပြီး စာရွက်စုတ် အပိုင်းအစများကို မီးတင်ရှို့ ပစ်လိုက်မိသည်။ စာရွက်စုတ်ကလေးများကို လောင်ကျွမ်းနေသည့် မီးတောက်ကလေး က ချစ်စရာ ကောင်းလှပါသည်။ မီးရှိန်ကြောင့် တွန့်လိမ်သွားကာ တဖြည်းဖြည်း ပြာဖြစ်သွားသည့် စာရွက်စုတ် ကလေးများ၏အဖြစ်ကို ကြည့်ရသည်မှာ အရသာ ရှိလှ ပါသည်။ လက်ရေး စာလုံးစောင်းစောင်းကလေး များမှာ မည်သည့်နည်းနှင့်မျှ ထင်ထင်ရှားရှား ရပ်တည် မနေနိုင်တော့။ စာရွက်စုတ်များဘဝမှ ပြာမှုန် ဘဝသို့ ကူးပြောင်းသွားရလေတော့သည်။
(ရကောက်) အက္ခရာကို နောက်ဆုံးမှ လောင်သည်။ ဒါတောင် မီးတောက်ထဲမှာ သူက တွန့်လိမ် ကောက်ကွေးနေသေးသည်။ ခဏကြာအောင် နန့်ကြောဆွဲနေလိုက်သေးသည်။ မူလကထက် ပိုပြီး ကြီး မားလာသေးသည်။ နောက်ဆုံးကျတော့မှ မီးတောက်က သူ့ကို အနိုင်ယူ ဖျက်ဆီး ပစ် လိုက်လေတော့ သည်။ ပြာဘဝမျှပင် မကတော့။ စိစိညက်ညက်ကြေသည့် ပြာမှုန်များ ဘဝ သို့ ရောက်သွားလေတော့ သည်။
ရေစင်ရှိရာသို့သွားပြီး ကျွန်မ၏လက်နှစ်ဖက်ကို ဆေးကျောသုတ်သင်ပစ်လိုက်သည်။ စိတ်ထဲမှာ အများ ကြီးသက်သာသွားပါပြီ။ စိတ်သစ်လူသစ် ဘဝသစ်သို့ ရောက်သွားသလိုလည်း ခံစားလိုက်ရပါသည်။ နံရံပေါ် မှာ ချိတ်ဆွဲထားသည့် ပြက္ခဒိန်တွင် ဇန်နဝါရီလ ၁ ရက်နေ့ကိုညွှန်ပြနေတာ ကြည့်နေသလို ရှိ ချေ သည်။ နှစ်အသစ်၊ လအသစ်၊ နေ့အသစ်၊ အားလုံးအသစ်။ ကျွန်မလည်း လူသစ် စိတ်သစ်။ ယုံကြည်ချက် အသစ်။
အခန်းတံခါး ပွင့်လာပြီး မစ္စတာဒီဝင်းတား အခန်းတွင်းသို့ ဝင်လာသည်။
"အားလုံး အဆင်ပြေသွားပါပြီ။ အဘွားကြီး အံ့အားသင့်ပြီး ရုတ်တရက် စကားပြန်မပြောနိုင်ဘူး။ ဒါပေမဲ့ သူ့စိတ်ကို သူ ထိန်းနိုင်သွားပါပြီ။ အောက်ထပ်က ရုံးခန်းကိုသွားလိုက်ဦးမယ်။ ပထမရထားနဲ့ မစ္စက် ဗန်ဟော့ပါး လိုက်သွားနိုင်ဖို့ စီစဉ်ပေးလိုက်ဦးမယ်။ ပထမတော့ သူက ဇဝေဇဝါပဲ။ ကိုယ်တို့ လက်ထပ် စာချုပ် လက်မှတ်ထိုးရာမှာ သူက သက်သေအဖြစ် လက်မှတ်ဝင်ထိုးခွင့်များရမလားလို့ မျှော်လင့်ပုံပဲ။ ဒါပေမဲ့ ကိုယ်က ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ်။ ကဲ… သူနဲ့ စကားသွားပြောလိုက်ပါဦး"
ဝမ်းသာကြောင်း၊ ပျော်ရွှင်ကြောင်းများကို တစ်လုံးတစ်ပါဒမျှ သူ ပြောမသွားပါ။ ကျွန်မလက်ကိုဆွဲပြီး အဘွားကြီးရှိနေသည့် ဧည့်ခန်းတွင်းသို့လည်း ခေါ်မသွားပါ။ ပြုံးရယ်ကာ လက်မြှောက်ဝှေ့ယမ်းပြပြီး စင်္ကြံအတိုင်းတစ်ယောက်တည်း လျှောက်ထွက်သွားလေသည်။ ကျွန်မလည်း မစ္စက်ဗန်ဟော့ပါးရှိရာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့မိသည်။ ဘာလုပ်ရမှန်းလည်း မသိ။ မနေတတ် မထိုင်တတ်လည်း ဖြစ်နေမိပါ သည်။ အခြားအိမ်ရှင်မတစ်ဦး၏လက်သို့ လွှဲပြောင်းပေးအပ်ခြင်းခံရသော အိမ်ဖော်တစ်ယောက်လို လည်း ခံစားနေမိပါသည်။
မစ္စက်ဗန်ဟော့ပါး သည် ပြတင်းပေါက်နားမှာ မတ်တတ်ရပ်ကာ စီးကရက်သောက်နေသည်။ သူ့ကို ကျွန်မ ထပ်မံတွေ့ရတော့မည်မဟုတ်ပြီ။ သူ့ကုတ်အင်္ကျီကြီးက ကြီးမားသောရင်သားပေါ်မှာ တင်းတင်း ကျပ်ကျပ်ကြီး ဖြစ်နေသည်။ ရယ်စရာကောင်းသော သူ့ဦးထုပ်ကြီးကိုလည်း ခေါင်းပေါ်မှာ တစောင်း ဆောင်းထားသည်။
"ကောင်းသပေါ့လေ…" သူက စတင်ပြောဆိုပါသည်။ လေသံက ခြောက်ကပ်ကပ်နှင့် မာရေကျောရေ နိုင်လှပါသည်။ မစ္စတာဒီဝင်းတားနှင့် ပြောလေ့ရှိသော လေသံမျိုးမဟုတ်။ "တစ်ပြိုင်တည်း မှာ အလုပ် နှစ်ခုလုပ်တတ်တဲ့ မိန်းကလေးအနေနဲ့ မင်းကို ချီးကျူးရတော့မလို ဖြစ်နေပြီ။ ငြိမ်တဲ့ရေ ဟာ အင်မတန် နက်တယ်ဆိုတာလိုပဲ… မင်းကိစ္စကို နည်းနည်းလေးမှ မရိပ်မိ လိုက်ဘူး။ နေစမ်းပါဦး… ဒီဘဝရောက် သွားအောင် မင်း ဘယ်လိုများ ကုလားဖန်ထိုးလိုက်ပါလိမ့်…"
ဘယ်လိုပြန်ဖြေရမည် ကို ကျွန်မ မသိပါ။ သူပြုံးပုံ ကလည်း ကျွန်မ မနှစ်သက်ပါ။
"ငါ တုပ်ကွေးမိပြီး အိပ်ရာထဲလဲသွားတာ မင်းအဖို့ ကံကောင်းဖို့ဖြစ်သွားတာပေါ့လေ… အဲဒီရက်တွေမှာ မင်း ဘယ်လို အသုံးချခဲ့တယ်ဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်။ နောက်ပြီးတော့ အမေ့မေ့ အလျော့လျော့ နဲ့ မင်း ဖြစ်နေခဲ့တာတွေကိုလဲ ခုမှ သဘောပေါက်တော့တယ်။ ငါ့ကိုပြောတော့ တင်းနစ် အရိုက် သင်နေတယ်ပေါ့လေ… ဟင်း… ဟင်း… ငါ့ကို အကျိုး အကြောင်းလောက်တော့ ပြောပြခဲ့ ဖို့ ကောင်းတယ်"
"ကျွန်မ ဝမ်းနည်းပါတယ်ရှင်"
အဘွားကြီး က ကျွန်မကို စူးစမ်းသလို ကြည့်သည်။ ခြေဆုံးခေါင်းဖျား မျက်စိကစားသည်။
"တစ်ရက်နှစ်ရက်အတွင်း မင်းကို လက်ထပ်ယူချင်တယ်လို့ သူက ငါ့ကိုပြောတယ်။ မင်းမှာ ခွင့်တောင်း စရာ မိဘ ညီအစ်ကိုမောင်နှမ မရှိတာ ကံကောင်းသွားပြန်တာပေါ့လေ။ အေးပေါ့လေ… ငါ့အနေနဲ့လဲ ဘာမှ လုပ်စရာ မလိုတော့ပါဘူး။ ဒီပြဿနာတွေအားလုံးထဲက ငါ လက်ရှောင်လိုက်ပါပြီ။ သူ့မိတ်ဆွေ အပေါင်း အသင်းတွေက ဘယ်လိုထင်ကြမလဲဆိုတာပဲ ငါ စဉ်းစားကြည့်မိတယ်။ ဒါလဲ သူ့အပေါ်တည် တာပေါ့လေ… နေစမ်းပါဦး။ မင်းထက် အများကြီး အသက်ကြီးတယ်ဆိုတာတော့ မင်း သဘောပေါက် ပြီးသား ပါနော်"
"သူ့အသက်က ၄၂ နှစ်ပဲရှိပါသေးတယ်။ နောက်ပြီးတော့ ကျွန်မကလဲ ၂၁ နှစ်ဆိုတော့ ကောင်းကောင်း အရွယ်ရောက်နေ ပါပြီ"
အဘွားကြီး က ရယ်ပါသည်။ စီးကရက်ပြာများကိုလည်း ကြမ်းပြင်ပေါ်သို့ ချွေချလိုက်ပါသည်။
"ကိုယ်ထင် ခုတင်ရွှေနန်း ဆိုတာမျိုးပေါ့အေ…"
မစ္စက်ဗန်ဟော့ပါး က ကျွန်မကို ကြည့်ရှုအကဲခတ်နေပြန်ပါသည်။ ဘယ်တုန်းကမျှ မကြည့်ခဲ့ဖူးသော အကြည့်မျိုးဖြင့် ကြည့်နေခြင်းဖြစ်သည်။ အကဲဖြတ်သည့် အကြည့်မျိုး။ တိရစ္ဆာန်ပြပွဲပြိုင်ပွဲများတွင် အကဲဖြတ် လူကြီးများက အမှတ်ပေးနိုင်ရန် တိရစ္ဆာန်များကို ကြည့်ရှုအကဲဖြတ်သည့် အကြည့်မျိုး။ သူ့ မျက်လုံး ထဲမှာ စပ်စုသည့် အရိပ်အယောင်များပေါ်နေသည်။ မလိုတမာ အရိပ်အယောင်မျိုး ကိုလည်း မြင်တွေ့နေရပါသည်။
"ပြောစမ်းပါဦး။ မလုပ်သင့်တာတစ်ခုခုကိုများ မင်း လုပ်ခဲ့မိပြီလား" ဟု သူက ဆက်မေးပြန်ပါသည်။ မိတ်ဆွေ အချင်းချင်း တရင်းတနှီးမေးသည့် ပုံစံမျိုးဖြစ်သည်။ တကယ်ကတော့ ကျွန်မကို ဆယ် ရာခိုင် နှုန်းကော်မရှင်ပေးခဲ့သည့် အင်္ကျီချုပ်သော အမျိုးသမီးဘလေ့ဇ်နှင့် သည်အဘွားကြီးသည် တူညီ လှပါ သည်။
"ရှင် ဘာကိုဆိုလိုသလဲဆိုတာ ကျွန်မ မသိပါဘူးရှင်"
အဘွားကြီး က ရယ်သည်။ ပခုံးများကိုလည်း တွန့်လိုက်သည်။
"ကဲ… ထားပါတော့လေ… ဒါပေမဲ့ အင်္ဂလိပ်မ ကလေးတွေ ဟာ မြင်းပွဲမှာ ခြေလျှိုထား တဲ့ ကော်ကောင် မြင်းတွေ ပဲလို့ အမြဲတမ်း ငါ ပြောလေ့ရှိတယ်။ မင်းလဲ ဒီအတိုင်းပေါ့လေ။ အခုတော့ ပါရီမြို့ ကို ငါတစ် ယောက်တည်းပဲ ခရီးဆက်ရတော့မှာပေါ့။ လက်ထပ်ခွင့်လိုင်စင်ရဖို့ မင်းခင်ပွန်းလောင်း က ကြိုးစားနေ တုန်း ငါက မင်းကို ဒီမှာခွဲထားခဲ့ပြီး သွားရတော့မှာပေါ့။ မင်းတို့ လက်ထပ်ပွဲတက်ဖို့ ငါ့ကို သူ မဖိတ် တာ တော့ သတိထားမိသကွဲ့"
"ဘယ်သူ့ ကိုမှ သူ မဖိတ်ချင်ဘူးလို့ ကျွန်မ ထင်ပါသည်။ နောက်ပြီးတော့လဲ အဲဒီအချိန်လောက်ဆိုရင် ရှင် ကလည်း သင်္ဘောနဲ့ခရီးဆက်နေလောက်ပြီ မဟုတ်လား"
"ဟင်း… ဟင်း…"သူက ပါးစပ်မဖွင့်ဘဲ ထိုမျှသာ အသံပြုကာ အလှပြင်ပစ္စည်းများထည့်သည့် သေတ္တာ ကို ဖွင့်သည်။ ပြီးတော့ သူ့နှာခေါင်းကို ပေါင်ဒါထပ်ရိုက်နေသည်။
"မင်းစိတ်ကို မင်း ကောင်းကောင်းသိမယ်လို့ ငါထင်တာ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကြီးတစ်ခုလုံးက မင်းတို့ တက်သုတ်ရိုက်လိုက်ကြတာ မဟုတ်လား။ တစ်ပတ်နှစ်ပတ် အချိန်ကလေး အတွင်းမှာ ဖြစ်သွား တာ လေ… သူဟာ ပေါင်းရသင်းရ လွယ်တဲ့လူလို့တော့ ငါ မထင်ဘူး။ သူ့ဓလေ့စရိုက်အတိုင်း မင်း လိုက်နာ ကျင့်ကြံနိုင်ဖို့လိုတယ်။ အခုအချိန်အထိ မင်းကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး မင်းဘဝအတွက် ဘာ တစ် ခုမှ မလုပ်ရသေးဘူး။ မင်းအတွက် အစစအရာရာ ငါကပဲ ပုံစံချပြီး လုပ်ပေးခဲ့တာမဟုတ်လား။ အခု တော့ မန်ဒါလေစံအိမ်ကြီးရဲ့အိမ်ကြီးရှင်မအဖြစ် မင်း တာဝန်ယူရတော့မယ်။ ငါ ပွင့်ပွင့်လင်းလင်း ပဲ ပြောမယ် သူငယ်မ… ဒီတာဝန်တွေကို ဘယ်နည်းနဲ့မှ ညည်း ဖြောင့်ဖြောင့်တန်းတန်းယူနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး"
လွန်ခဲ့ သည့် တစ်နာရီလောက်တုန်းက သည်အတိုင်းပဲ ကျွန်မ စဉ်းစားခဲ့ပါသေးသည်။ ယခု သူ့စကား လုံးများ က ကျွန်မ၏အတွေးဟောင်းကို ပြန်ပြီး ပဲ့တင်ရိုက်နေသလို ရှိပါသည်။
"မင်းမှာ ဘာအတွေ့အကြုံမှလဲ မရှိဘူး။ သူတို့ပတ်ဝန်းကျင် အခြေအနေတွေ အကြောင်းတွေလဲ မင်း မသိ ဘူး။ ငါတို့ ဖဲကစားပြီး လက်ဖက်ရည်သောက်ကြတဲ့အခါမှာတောင် စကားတစ်လုံးကို အမြီး အမောက် တည့်အောင် မင်း ပြောတတ်တာမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်း သူ့မိတ်ဆွေ သင်္ဂဟတွေ နဲ့ ဆက်ဆံရတဲ့အခါမှာ မင်း ဘယ်လိုစကားပြောမလဲ။ သူ့အလျင်မိန်းမ အသက်ရှင်စဉ်တုန်း က မန်ဒါလေစံအိမ်ကြီးမှာ သူတို့ ကျင်းပြခဲ့ကြတဲ့ ဧည့်ခံပွဲကြီးတွေဟာ အင်မတန် ကျော်ကြားပေ တာပဲ၊ အေးလေ… ဒီအကြောင်းတွေ သူက မင်း ကို ပြောပြထားပြီးပြီလား"
ကျွန်မ အိုးတိုးအမ်းတမ်းဖြစ်နေမိပါသည်။ သို့သော် မစ္စက်ဗန်ဟော့ပါးက ဆက်ပြောပြန်ပါသည်။ ကျွန်မ အဖြေ ကို မစောင့်သည့်အတွက် ဘုရားသခင်ကိုပင် ကျေးဇူးတင်ရပေဦးတော့မည်။
"သဘာဝတရားအတိုင်း ဆိုရင်တော့ သူက မင်းကို စိတ်ချမ်းသာစေချင်မှာပေါ့လေ… သူဟာ အင်မတန် စွဲမက် စရာကောင်းတဲ့ လူဖြစ်တယ်ဆိုတာကိုတော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့… အင်း…ဟို… ဝမ်းတော့ နည်း ပါရဲ့ကွယ်… ငါထင်တာကတော့ မင်းဟာ ဧရာမအမှားကြီးတစ်ခုကို လုပ်နေတာပဲ။ ဒီအတွက် မင်း အကြီး အကျယ် စိတ်ဆင်းရဲရလိမ့်မယ်"
ပေါင်ဒါဗူးကို သူ ပြန်ချလိုက်သည်။ ပြီးတော့ ကျွန်မကို သမင်လည်ပြန် ပြန်ကြည့်နေပါသည်။ နောက် ဆုံး မှာတော့ သူ ရိုးရိုးသားသား စေတနာနှင့် ပြောဆိုဟန်တူပါသည်။ သို့သော်လည်း ထိုရိုးသားပုံမျိုးကို ကျွန်မ အလို မရှိပါ။ ကျွန်မ ဘာမျှမပြောဘဲ နေလိုက်သည်။ သို့သော်လည်း ကျွန်မ၏မျက်နှာ အမူအရာ ကတော့ ဘယ်နည်းနှင့်မျှ ရွှင်ရွှင်ပျပျ မရှိနိုင်တော့ပါ။ ထို့ကြောင့်လည်း မစ္စက်ဗန်ဟော့ပါးက အလှပြင် စားပွဲရှိရာ သို့ လျှောက်သွားသည်။ မှန်ထဲမှာကြည့်ပြီး မှိုပွင့်ငယ်သဏ္ဌာန် သူ့ဦးထုပ်ကို ပြင်ဆောင်းနေ သည်။
ဆက်ရန်
.

No comments:
Post a Comment