" သား … အော်လီ၊ မေမေ့ကို ဆုံးရမယ့်ဆိုတာမျိုး ဖေဖေ မတွေးရဲဘူး၊ ပြီးတော့ … ပြီးတော့ … သူ ဘာမှ မမှတ်မိတော့ ဘဲ နေရမယ့် ဘ၀မျိုး၊ သူ့ကို ကြည့်နေရတာ တစ်စစီ လွင့်ကြေနေ သလိုပဲ၊ ဒါလောက် သဘောကောင်း တဲ့ မိန်းကလေးကွာ၊ ခုတော့ … ခုတော့ … သိပ်ကြမ်းတမ်း တာပဲ " " ခရစ္စမတ် မှာတုန်းက မေမေထူးခြားနေတာ ကျွန်တော် သတိထားခဲ့မိ ပါတယ် ဖေဖေ၊ ဘာရယ် လို့သာ တိတိ ကျကျ မသိ တာလေ၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော် လဲ ကိုယ့်အပူနဲ့ ကိုယ် မဟုတ်လား " တကယ်တော့ အမေကော ဇနီးပါ ဆုံးရတော့မည့် အဖြစ်မျိုးပါလား။ ဘ၀တွင် အချစ်ဆုံးနှစ်ဦး။ ခုတော့ တဖြည်းဖြည်း ဝေးသွားလေပြီကော။ သို့သော် ဖအေကြီးအတွက် အဓိကထား စဉ်းစား ရမည်။ " ကျွန်တော် ဘာလုပ်ပေးရလဲ ဖေဖေ "
သားအဖနှစ်ယောက် မျက်လုံးချင်း ဆိုင်မိကြသည်။ ဖေဖေနှင့် နှစ်ပေါင်း များစွာ ဝေးနေရာ မှ ပြန်လည် နီးကပ် လာသည် ဟု အော်လီဗာ ခံစားလိုက်ရ၏။ ကို ဆက်ဖတ်ရန်......
" ခုတော့ ဘာမှ လုပ်စရာမရှိသေးဘူးလား၊ အခြေအနေ စောင့်ကြည့်ကြသေးတာပေါ့ "
" ဖေဖေ့ ကို သားချစ်ပါတယ်ဖေဖေ "
အော်လီဗာ သည်လိုပြောဖို့ မရှက်တော့ပါ။ စောစောပိုင်းနှစ်များက သည်လိုပြောလျှင် အဖေ အနေရကျပ် လိမ့်မည် ထင်၏။
ဂျော့ဝတ်ဆင် သည် အော်လီဗာငယ်စဉ်က ခပ်တင်းတင်း အုပ်ချုပ်ခဲ့သူဖြစ်သည်။ အိုမင်းလာချိန်တွင်မှ သား အပေါ် ပျော့ပျောင်းလာသူ။ ခုတော့ သားမှလွဲ၍ အားထားရမည့်သူ မရှိတော့ပြီ။
" ဖေဖေ လဲ သားကို ချစ်ပါတယ်သားရယ် "
သားအဖနှစ်ယောက် ပွင့်လင်းစွာ ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။ ခဏကြာတော့ အိမ်တံခါးဖွင့်သံ ပိတ်သံကြား ရသည်။ အပေါ်ထပ်သို့ သုတ်ခြေတင်တက်သွားသော ဘင်ဂျမင် ကို အော်လီဗာ လှမ်းခေါ်လိုက် သည်။
" ဟေး …. အဲဒီလို လစ်မသွားနဲ့ဦးလေ၊ ဒီကိုလာပါဦး၊ ကျောင်းပိတ်ရက်လဲမဟုတ်ဘဲနဲ့၊ ဆယ့်တစ်နာရီခွဲ မှ ပြန်လာတယ်ဟုတ်လား၊ ဘယ်သွားနေလဲ ပြောစမ်း "
ဘင်ဂျမင် ပြန်လှည့်ဆင်းလာသည်။ အအေးဒဏ်နှင့် ရှက်စိတ် ရောထွေးပြီး မျက်နှာရဲသွားသည်။ အဘိုးဖြစ်သူ ကိုပါတွေ့လိုက်ရ၍ မျက်လုံးပြူးသွားသည်။
" သူငယ်ချင်းတွေ နဲ့သွားတာပါ ဖေဖေ၊ ဖေဖေမဆူဘူးထင်လို့ ကြာသွားတာပါ၊ ကျွန်တော် တောင်းပန်ပါ တယ်။ ဟဲလို … ဘိုးဘိုး၊ ဒီအချိန်ကြီး ဘိုးဘိုး ဘာလာလုပ်တာတုံး ဘာဖြစ်လို့လဲဟင် "
" ဘွားဘွား နေမကောင်းဘူးလား "
အော်လီဗာ့ မျက်နှာမှာ တင်းမာနေသည်။ အဖေ၏ နွေးထွေးမှုကို ရလိုက်သဖြင့် အားအင်တွေ တိုးလာ သလို ခံစားရ၏။ မိမိအနားတွင် တစ်ဦးတစ်ယောက် နီးကပ်စွာရှိနေသေး ပါ ကလား။ ဖေဖေ့အနေဖြင့်လည်း မိမိကို လိုအပ်နေလည်း အလားတူ ကလေးတွေ အတွက်လည်း မိမိလိုအပ်နေသည်ပင် မိမိအား မလိုအပ်သူမှာ ဆာရာတစ်ဦးတည်းသာဖြစ်၏။
" ကျောင်းဖွင့်ရက်တွေမှာ အပြင်မထွက်ရဘူးဆိုတာ မင်းနားလည်တယ်မဟုတ်လား၊ နောက်တစ်ခါ ဒါမျိုးတွေ့ ရင် မင်း နှစ်ပတ်ဒဏ်ပေးခံရမယ် … ကြားလား "
" ကောင်းပါပြီဖေဖေ၊ ကျွန်တော် တောင်းလဲတောင်းပန်ပြီးပါပြီ "
အော်လီဗာ ခေါင်းညိတ်လိုက်၏။ တစ်မျိုးပါလားလို့ စိတ်ထဲထင့်သွားသည်။ ဘင်ဂျမင်ကို ကြည့်ရသည်မှာ ထူးခြားနေ ၏။ စကားပြောပုံက မာဆတ်၏။ အရက်မူးနေပုံလည်းမရ။ ဆေးမူးနေဟန်လည်းမရှိ။ လူကြီး တစ်ယောက်နှင့် ပိုတူနေသလိုလို။
" ဘွားဘွား ဘာဖြစ်လို့လဲဟင် "
အဘိုးလုပ်သူ က စိတ်လက်မကြည်မသာဖြင့် မြေးအားမော့ကြည့်သည်။ အော်လီဗာက ခပ်သွက်သွက် ၀င်ရှင်းပြ၏။
" ကျန်းမာရေး သိပ်မကောင်းဘူးတဲ့ "
" စိုးရိမ် ရလားဟင် "
ဘင်ဂျမင် သည် ချက်ချင်းကလေးတစ်ယောက်ပြန်ဖြစ်သွားပြီး အဖေနှင့် အဘိုးအား အထိတ်တလန့်မေး သည်။
အော်လီဗာ က သားဖြစ်သူ၏ ပခုံးကိုပုတ်ပြီး …
" မစိုးရိမ်ရ ပါဘူး၊ ဘိုးဘိုးကို ၀ိုင်းကူဖို့လောက်ပါ၊ သားအချိန်ရတဲ့အခါ ဘိုးဘိုးဆီသွားနေပေးပေါ့ "
" ဟုတ်ကဲ့ ဖေဖေ၊ ဘိုးဘိုး … ဒီအပတ်ကျောင်းပိတ်ရက်မှာ သားလာခဲ့မယ်နော် "
ဘိုးဘိုး ကို ဘင်ဂျမင်သိပ်ချစ်သည်။ ဂျော့ဝတ်ဆင်ကလည်း မြေးတွေကို သံယောဇဉ်ကြီးသည်။ သူ့ထက် ပိုပြီး သူ့ကလေးတွေ ကို ချစ်သည်ဟု အော်လီဗာထင်သည်။
" အေးကွာ၊ ဒါဆို … ဒါဆို သားရဲ့ဘွားဘွား သိပ်ပျော်မှာပဲ "
ပြောပြောဆိုဆို ထရပ်သည်။ စိတ်ထဲတွင် အရမ်းအိုသွားသလို ခံစားလိုက်ရ၏။ ချာတိတ်၏ လက်မောင်း ကို လှမ်းဆုပ်ထားလိုက်၏။ ငယ်ရွယ်မှုနှင့် ခွန်အားတွေ သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာစေရန် ကြိုးစားနေသည့် အလား …
" ကဲ … သား တို့ သားအဖနှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်ကွာ၊ ပြန်မှပဲ၊ မစ္စက်ပေါ်တာလဲ ခုလောက် ဆို ပြန်ချင်ရော့မယ်၊ သူနဲ့ထားခဲ့ရတာလေ "
အိမ်ရှေ့ တံခါးဝ သို့ ခပ်ဖြည်းဖြည်း လှမ်းထွက်သွားသည်။
အော်လီဗာ တို့ သားအဖနှစ်ယောက် နောက်မှလိုက်ပို့ကြသည်။
" ဖေဖေ ဖြစ်ပါတယ်နော် "
အော်လီဗာ က လိုက်မောင်းပို့ရန် ပြောသော်လည်း ဂျော့က လက်မခံ။ သူ့ဘာသာသူ လွတ်လွတ် လပ်လပ် ပြန်မည်ဟု ဆိုသည်။
" ဒါဖြင့် ဖေဖေ အိမ်ရောက်ရောက်ချင်း ဖုန်းပြန်ဆက်နော် "
" ဟာကွာ … နေမကောင်းတာက မေမေပါကွ၊ ဖေဖေ မဟုတ်ပါဘူး "
ခပ်မာမာ ပြောသော်လည်း သူ့မျက်နှာမှာ ပျော့ပျောင်းနေ၏။ အော်လီဗာကို လှမ်းဖက်လိုက်ပြီ …
" ကျေးဇူးပဲ သား၊ အားလုံးအတွက် ကျေးဇူးတင်တယ်၊ ဖေဖေစိတ်မကောင်းတာကတော့ … ဟို … ဟို … "
ဘင်ဂျမင်ကို တစ်ချက်လှမ်းကြည့်ပြီးမှ စကားဆက်သည်။
" ဆာရာ့ကြောင့်ပဲ၊ အကြောင်းထူးရင် ဖေဖေ့ဆီဖုန်းဆက်၊ ဟုတ်လား၊ အဘွားနည်းနည်း နေကောင်းလာ ရင်ဆမ်ကလေး ပါ ခေါ်ခဲ့ပေါ့ "
သို့သော် သည်အခြေအနေကို ရောက်လာနိုင်တော့မည်မဟုတ်ကြောင်း စိတ်ထဲကသိနေ၏။
ဂျော့ဝတ်ဆင် ကားမောင်းထွက်သွားသည်ကို သားအဖနှစ်ယောက် ရပ်ကြည့်ကျန်ရစ်သည်။ တံခါးမကြီး ကို ဆွဲပိတ်ရင်း အော်လီဗာသက်ပြင်းချလိုက်သည်။ ဘာမှအလျင်အတိုင်း မရှိတော့ပါကလား။ ဘယ်သူမှ ယခင် နှင့် မတူကြတော့။ အမေ့အကြောင်း စဉ်းစားရသည်မှာလည်း ရင်နင့်ကြေကွဲစရာ ကောင်းလှသည်။ သား လုပ်သူ ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဖအေမသိနိုင်သည့် သူ၏တခြားသော ဘ၀မျက်နှာစာ တွင် ဘာတွေဖြစ်နေသနည်း။
" ကဲ … ဆိုစမ်းပါဦး၊ ခုတလော သား ဘာတွေဖြစ်နေတာလဲ "
မီးတွေမှိတ်ပြီး နှစ်ယောက်သား အပေါ်ထပ်သို့ တက်ရင်းမေးလိုက်ခြင်းဖြစ်သည်။
" ဘာမှမဖြစ်ပါဘူးဖေဖေ၊ သူငယ်ချင်းဆီ သွားနေတာပါ "
သူပြောပုံ က မှင်မသေ၊ ညာပြောမှန်းသိသာ၏။
" သားပြောတာ ဖေဖေ ယုံတော့ယုံချင်သား"
" ဖေဖေဘာလို့ အဲဒီလိုပြောတာလဲ "
ဘင်ဂျမင်က သမင်လည်ပြန်လှည့်ကြည့်ရင်း ပြန်မေးသည်။
" သား မိန်းကလေးတစ်ယောက် ဆီ သွားသွားနေတာမဟုတ်လား "
ဖေဖေ အတော်ပါး တာပဲ၊ ဘင်ဂျမင်လန့်သွားသည်။ မျက်နှာပျက်ပျက်နှင့် ပြုံးလိုက်သည့် အပြုံးက ၀န်ခံပြီး သွားဖြစ်သွား၏။
" ဟုတ်တော့ကော ဘာအရေးကြီးလို့လဲဖေဖေရာ "
စင်စစ် အရေးကြီးနေကြောင်း ဘင်ဂျမင်သိပါသည်။ ပထမဆုံး ချစ်မိသည့် မိန်းကလေး။ အရူးအမူး ချစ်နေမိ ပြီလေ။ အချိန်ရှိသရွေ့ ရင်ခွင်ထဲမှာထွေးပွေ့ထားချင်သည်။ ကောင်မလေး ၏ မိဘတွေ က နှစ်ယောက်စလုံး အလုပ်လုပ်ကြသဖြင့် လွတ်လွတ်လပ်လပ်တွေ့ချိန်တွေ အများကြီးရသည်။
တစ်ကျောင်းတည်းနေ ဆန္ဒရားကလေးကို ဘင်ဂျမင် စွဲစွဲလမ်းလမ်း ချစ်နေပြီ။ ဆန္ဒရာက ဓာတုဗေဒတွင် အားနည်း သည်။ ဘင်ဂျမင်က ပြပေးရ၏။ ဆန္ဒရာသည် ကျောင်းစာထက် အချစ်ရေးကို ပိုမိုစိတ်ဝင်စား သည့် မိန်းကလေးဖြစ်သည်။
" ဘာလို့ အိမ်ခေါ်မလာသလဲ၊ ဖေဖေ တွေ့ချင်ပါတယ်၊ မယ်လီဆာကော သားကောင်မလေးကို သိ သလား "
" သိမယ်ထင်တယ်၊ ဖြည်းဖြည်းပေါ့ဖေဖေရာ၊ ဂွတ်နိုက် … ဖေဖေ "
ပြောပြော ဆိုဆို အခန်းထဲ ၀င်ပြေးသွားသည်။ အိပ်ခန်းထဲသို့ ဆက်လျှောက်ရင်း အော်လီဗာ တစ်ယောက် တည်း ပြုံးလာသည်။ ဆမ်ကလေးကို လှမ်းကြည့်လိုက်စဉ် တယ်လီဖုန်းခန်းဆီသို့ သုတ်ခြေ တင်ခဲ့ ၏။ ရေချိုးရင်း စကားပြောနိုင်ရန် ကြိုးရှည်ရှည်ကို ဆာရာ တပ်ဆင်ထားခြင်းဖြစ်သည်။ ဘုရား … ဘုရား … ဖေဖေ့ဆီ က ထင်ပါရဲ့၊ သို့သော် ဆာရာ့ အသံကိုကြားတော့ အသက်ရှူမှားသွားသည်။
" ဟဲလို …. "
" အော်လီဗာလားဟင် "
" ဟုတ်တယ်လေ "
အတန်ကြာ တိတ်ဆိတ်သွားသည်။ ပြီးမှ ဣနြေ္ဒပြန်ဆည်ပြီး …
" နေကောင်းရဲ့လား ဆာရာ "
" ကောင်းပါတယ်၊ ဒီနေ့ပဲ အခန်း ရတယ်၊ ကလေးတွေ အခြေအနေကော နေကောင်းကြရဲ့လား "
" ဒီလိုပဲပေါ့ "
အောက်မေ့ တမ်းတသည့်စိတ်ဖြင့် လွမ်းရပြန်၏။ သို့သော် ချက်ချင်းမုန်းစိတ်တွေ တဖွားဖွား ပေါ်လာ သည်။
" သူတို့ မှိတ်ကြိတ်ပြီး ခံစားနေကြရမှာပေါ့ "
ဆာရာ က ကလေးတွေအကြောင်း မသိကျိုးကျွန်ပြုပြီး
" စကိတ်စီး လို့ ကောင်းကြရဲ့လား "
" မဆိုးပါဘူး၊ သူတို့ ပျော်ပုံ ရကြပါတယ် "
မင်းနဲ့တုန်းက လိုပေါ့ ဆာရာဟု ပြောမိမည် ဖြစ်သွားတော့သည်။ ထိန်းထားလိုက်၏။ သို့သော် မမေးပါဘူး ဟု ကိုယ့် ကိုယ် ကို ဆုံးမနေသည့်ကြားမှ စကားတစ်ခွန်း ထွက်သွားသည်။
" ဘယ်အပတ် ပြန်လာမှာလဲဟင် "
" ရောက်တာ မှ တစ်ပတ်ပဲ ရှိသေးတယ်လေ " တဲ့။ သွားပြီ …။ သူ့ကတိတွေကို သူချက်ချင်းမေ့သွားပြီ။ သည်လိုဖြစ်ရမည် ဟု ကြိုသိနေပါ၏။ သို့သော် သည်လိုပေါ်တင်ကြီး ငြင်းလိမ့်မည် မထင်ခဲ့။ ခုတော့ ဆာရာ သည် ပြောင်းလုပ်လိုက်သည့် အရုပ်တစ်ရုပ်လို မချစ်ပြင်ပြင် အသွင် တစ်မူ ထူးခြားခဲ့လေပြီ။ မသွားခင် သည်းအူပြတ်မျှ ငိုကြွေးခဲ့သည်မှာ မယုံနိုင်စရာပင်။
ပြောပုံမှာ ဆယ့်ရှစ်နှစ်လုံးလုံး ချစ်ခင်စွာ ပေါင်းသင်းခဲ့သည့် ဇနီးမယားနှင့် မတူတော့ဘဲ ခရီးသွားဟန်လွှဲ ဆန် လှသည်။
" ဆာရာ ထင်တယ်လေ။ ဆာရာတို့အားလုံး နေသားကျသွားအောင် အသက်၀၀ရှူဖို့လိုတယ် "
သြော် … အသက်၀၀ရှူ ဖို့ သူထွက်သွားတာကိုး။
" အဲဒါ ဘယ်လောက်ကြာမှာလဲ၊ တစ်ပတ်လား၊ တစ်လလား၊ တစ်နှစ်လား၊ ကလေးတွေက မင်းကို တွေ့ ချင် မှာပေါ့ ဆာရာ "
" ဆာရာ လဲ တွေ့ချင်ပါတယ်၊ သူတို့ နေသားကျသွားမှာပါ။ အလွန်ဆုံး တစ်ပတ်နှစ်ပတ်ပေါ့ "
ကိုယ့်အတွက် ကကောဟု အော်မေးလိုက်ချင်သည်။ စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
" သူတို့မင်း ကို သိပ်အောက်မေ့နေပြီ ဆာရာ "
စိတ်ထဲ က ဆက်ပြောနေမိ၏။
" ကိုယ်လဲ သူတို့နဲ့ အတူတူပါပဲ ဆာရာရယ် "
" ဆာရာလဲ အောက်မေ့တာပဲပေါ့ "
သူ့လေသံ က စိတ်အနှောင့်အယှက် ဖြစ်နေသည့် လေသံမျိုး … စကားဆက်ပြောချင်ဟန် မတူတော့။
" စနေနေ့ မှာ ရထားတဲ့ အခန်းကို ပြောင်းမယ်၊ အဲဒီ လိပ်စာ ပေးချင်လို့လေ၊ တယ်လီဖုန်း မပါသေးဘူး၊ မကြာခင် တပ်ပေးမှာ ပါ၊ ရရချင်း ထပ်ဆက်မယ်နော် "
" ဒီကြားထဲ မှာ အရေးကြီးတဲ့ကိစ္စ ပေါ်လာရင်ကော ကလေးတွေနဲ့ ပတ်သက်လို့ ပြောတာပါ "
စိတ်ထဲ တွင် ပြောနေရင်း တကယ်စိုးရိမ်လာသည်။ သူဘယ်မှာရှိနေသည် ဆိုသည်ကိုတော့ သိခွင့် တွေ့ရှိ တန်ကောင်း ပါသေးရဲ့။
" အဲဒါတော့ ဆာရာမပြောတတ်ဘူး၊ ဟိုတယ်ကိုပဲ ဆက်ပေါ့၊ ပြောစရာရှိတာ မှာထားခဲ့လို့ ရပါတယ်၊ ဒါမှ မဟုတ် တိုက်ခန်း ကို သံကြိုးပို့လို့ရတာပဲ၊ တယ်လီဖုန်းက မကြာခင် ရမှာပါ "
" တော်တော် ရယ်စရာကောင်းတဲ့ အစီအစဉ်ပဲ "
" ဆာရာ့ ဘက်က အကောင်းဆုံး စီစဉ်တာပါ၊ ဒီမယ် အော်လီ၊ ဆာရာသွားစရာရှိသေးတယ် "
" ဘာလဲ … တစ်ယောက်ယောက် စောင့်နေလို့လား "
လုံးဝ မပြောချင် သည့် စကားပါ။ သို့သော် မနာလိုစိတ်ကြောင့် တစ်ကိုယ်လုံး ပူပူလောင်လောင် ဖြစ်နေပြီ။
" ဘယ်ကလာ … နောက်ကျနေလို့ပါ အော်လီရယ်၊ မောင့် ကို ဆာရာ အောက်မေ့ပါတယ် "
တော်တော် တတ်နိုင်သည့် မိန်းမ။ စင်စစ် သည်နေရာကို သူရောက်နေစရာအကြောင်းမရှိပါ။ သူ့သဘော နှင့် သူ ထွက်သွားသည်။ ရင်ကွဲနာကျမတတ် ဝေဒနာများ ပေးသွားသည်။ ခုမှ " မောင့် ကို အောက်မေ့ပါ သည်" တဲ့လေ။ ပြောရဲလွန်း၊ ပြောရက်လွန်းပါကလား။
" မင်းမှာ ပြဿနာတွေ အများကြီးပဲ ဆာရာ၊ မင်းဆင်ကန်းတောတိုး လျှောက်လုပ်နေတာတွေ တစ်ခုမှ ကိုယ် နားမလည်ဘူး "
" ဆင်ကန်းတောတိုး မဟုတ်ပါဘူး အော်လီရယ်၊ အဲဒါ မောင်သိပါတယ်၊ တကယ်လိုအပ်လို့ ဆာရာ လုပ်ရ တာပါ "
" အပတ်တိုင်း ပြန်လာမယ် ပြောသွားတာ သက်သက် ညာပြောခဲ့တာပေါ့ ….. ဟုတ်လား "
" ညာပြော တာ မဟုတ်ပါဘူး။ စဉ်းစဉ်းစားစား ပြောခဲ့တာပါ၊ အားလုံးအတွက် သိပ်ခက်ခဲနေ လို့ ပြောခဲ့တာ ပါ "
" သိပ်ခက်ခဲနေအောင် လုပ်တာ မင်းပါ ဆာရာ၊ မင်းမရှိဘဲ ကိုယ်ဘာလုပ်နေရမှာလဲ၊ ပလေးဘွိုင်း တစ်အုပ် နဲ့ … "
" သြော် … အော်လီဗာ ရယ်၊ ဆာရာ့ အတွက်လဲ မလွယ်ပါဘူးကွယ် "
မလွယ်သည့်လမ်း ကို လျှောက်ကြရသည် ဆိုလျှင်လည်း တရားခံမှာ ဆာရာပင်။
" ကိုယ်ကမင်း ကို ထားခဲ့တာမဟုတ်ဘူးဆာရာ၊ ဘယ်တော့မှလဲ မင့် လုပ်သလိုလုပ်နိုင်မှာ မဟုတ်ဘူး "
" ဆာရာ့ မှာ ရွေးစရာလမ်း မရှိတော့လို့ပါ အော်လီရယ် "
" သွားစမ်းပါ၊ မေမေပြောတာ သိပ်မှန်တယ်၊ ဟိုး နှစ်ပေါင်းများစွာက ပြောခဲ့တာ။ မင်းဟာ တစ်ကိုယ် ကောင်းဆန် မယ့် မိန်းကလေးတဲ့ "
" ညဥ့်လဲ နက်လှပြီ အော်လီရယ်၊ ရန်မဖြစ်ပါရစေနဲ့တော့နော် "
စကားပြောနေ ရင်း ဆာရာ တစ်စုံတစ်ခုကို သတိထားမိနေသည်။
" အော်လီဗာ၊ ဘာလို့ အသံတိုးတိုးကလေး ပြောနေတာလဲဟင် "
အိပ်ရာထဲ ကပြောနေသံနှင့်မတူဘဲ အသံမှာ ခပ်လုံလုံဖြစ်နေသည်ထင်ရ၏။
" ဆမ်ကလေး ကိုယ်နဲ့ လာအိပ်နေတယ်၊ ခု ရေချိုးခန်းထဲကပြောနေတာ၊ သူနိုးမှာစိုးလို့ "
" ဟင် … သူနေမကောင်းလို့လား "
ဆာရာ ချက်ချင်း စိတ်ပူသွားသည်။ အော်လီဗာ ပို၍ ဒေါပွ သွား၏။ နေမကောင်းတော့ရော ပြန်လာ မှာမို့လား။
" မဟုတ်ပါဘူး၊ ဒါပေမယ့် ညညလန့်နိုးပြီး ကယောင်ကတမ်းတွေဖြစ်ဖြစ်နေလို့၊ ဒီည အဖေနဲ့ အိပ်ပါရစေတဲ့ "
နှစ်ယောက်စလုံး စကားမဆက်ဘဲ တိတ်ဆိတ်သွားသည်။ မကြာသေးခင်က အတူတူအိပ်ခဲ့သည့် အိပ်ခန်း ကို မြင်ယောင်လာသည်။ သက်ပြင်းတစ်ချက်ကိုချပြီး ဆာရာခပ်တိုးတိုးစကားဆက်သည်။
" သားလေး ကံကောင်းပါတယ်ကွယ်၊ မောင့်လိုအဖေမျိုးနဲ့ နေရလို့၊ ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ဦးနော်၊ တယ်လီဖုန်း ရရချင်း ပြန်ခေါ်မယ်နော် "
ဘယ်တော့ မှ ချစ်ရနံပြယ်မည် မဟုတ်ကြောင်း လွှတ်ခနဲပြောမည်ပြုပြီးမှ အသာထိန်းထားလိုက်သည်။ သူဘယ် လောက် ရက်စက်ရက်စက် မိမိက ချစ်မြဲချစ်ကာ ဘယ်ခါမှ မုန်းနိုင်လိမ့်မည်မဟုတ်ကြောင်း ကိုယ့်ကိုယ် ကို သိလိုက်ပါပြီ။ သူမရှိဘဲ တစ်ယောက်တည်းနေရသည့် ပထမရက်ပိုင်းများမှာ စိတ်ပျက်ဖွယ် အတိ။ နံနက်စာ ၀ိုင်းမှာ စားချင်စဖွယ်လုံးဝမရှိ။
ကြက်ဥကိုပင်လျှင် အပေါက်အလမ်းတည့်အောင် မကြော်တတ်ကြ။ လိမ္မော်ရည်မှာ ချွဲပျစ်ပျစ်။ ပေါင်မုန့် ပေါ် မှ ထောပတ် မှာ မတရားထူးချင်ထူနေတတ်ပြီး ပါးချင် လျှင် ထောပတ်အရသာ ပင် မတွေ့ရ။
အက်နက်သည် အလွန်တော်သည့် ထမင်းချက်တစ်ယောက်ဖြစ်ပါ၏။ အတူနေလာသည်မှာ ဆယ်နှစ်ကျော် ခဲ့ပြီဖြစ် ၍ မိသားစုလိုဖြစ်နေပြီ။ သို့သော် နံနက်စာဝိုင်းကို ဆာရာကိုယ်တိုင် စီစဉ်သဖြင့် ဆာရာ့လက်ရာ ကို တစ်အိမ်သားလုံး စွဲလမ်းနေကြပြီ။
ဆမ်ကလေး က အစားအသောက်ကို မကျေနပ်လျှင် အကြောင်းမဲ့ ခွေးကို ကန်သည်။ မယ်လီဆာက တစ်ချိန် လုံး မျက်နှာရှစ်ခေါက်ချိုးဖြင့်။ ဘင်ဂျမင်က အိမ်သားတွေနှင့် မျက်နှာချင်းဆိုင်ချိန် သိပ်မရှိတော့ပေ။ နံနက်စာ ကို အိမ်မှာ မစားပါရစေနှင့်ဟု ကြေညာပြီး အစောကြီး လစ်ထွက်သွား တတ်သည်။
မယ်လီဆာ က ကျောင်းအားရက်များတွင် အပြင်ထွက်လည်ချင်သည်ဟု အရေးဆိုလာသည်။ ဘင်ဂျမင် က အိမ်ပြန်နောက်ကျမြဲ။ သူငယ်ချင်းတွေနှင့် စာကျက်နေသည်ဟု ပြောမြဲ ဆမ်ကလေးက ညအိပ်ချိန် ဆိုလျှင် ကျည်တွန်ပြီ။ ချမ်းမြေ့ရိပ်မြုံအသိုက်အအုံကလေးသည် လုံးဝ ပြိုကျပျက်စီးသွားပေပြီတကား။
တယ်လီဖုန်းရမည်ဟု ပြောသည့်အချိန်ထက် နှစ်ပတ်ကြာပြီးမှ ဆာရာ ဖုန်းဆက်သည်။ တယ်လီဖုန်း တပ်ပြီး ပြီးချင်း ဆက်တာ တဲ့လေ။ သို့သော် အိမ်ကိုတော့ တစ်ခေါက်မှ ပြန်မလာ။ ထွက်လာခဲ့တာ မကြာသေး၍ ပြန်ဖို့မလိုသေး ဟု သူက အကြောင်းပြသည်။
နှစ်ယောက်စလုံး စကားကို တိုတိုတုတ်တုတ်ပင်ပြောကြတော့သည်။ စကားပြောရသည်မှာ အသက် မပါ တော့။ ကလေးတွေနှင့်တွေ့ရမည်ကို ဆာရာ တွေးကြောက်နေသည်။ သူတို့နှင့်တွေ့လျှင် သူတို့ကို နှစ်သိမ့် နိုင်လိမ့်မည် မထင်။ ထို့ကြောင့် သူတို့ကလေးတွေပညာစုံမှ၊ အတွေးအခေါ် ရင့်သန်လာမှ၊ အောင်မြင်မှု တွေရတဲ့အခါ ကျမှ ပြန်တွေ့ချင်သည်ဟု အကြောင်းပြသည်။
သို့သော် အော်လီဗာသိလိုက်ပါပြီ။ ဆယ့်ရှစ်နှစ်ကြာအချစ်များစွာဖြင့် ပေါင်းသင်းခဲ့သည့် သူတို့ အိမ်ထောင် ရေးသည် တစ်စစီလွင့်စဉ်သွားပြီဟူ၍ …။
အဖြစ်အပျက်မှာ အိမ်တွင်း၌သာ ဂယက်ရိုက်ခြင်းမဟုတ်ဘဲ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆီအထိ ရောက်သွားတတ်သည်။ ဇနီးလုပ်သူအပေါ် အပြစ်ဖို့ရမည့်အစား လူတိုင်းကို အော်လီဗာ စိတ်တိုနေ တတ်၏။ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်နေသည်။ မယ်လီဆာ၏စွပ်စွဲချက်မှာ မှန် သယောင် ယောင်ရှိကြောင်း ကျိတ်ပြီး ၀န်ခံနေမိသည်။ အဖေ့ကြောင့်၊ အဖေတစ်စုံတစ်ခုမှားယွင်းလို့ သည်လိုဖြစ်ရ သည် တဲ့လေ။
တဖြည်းဖြည်းနှင့် မိတ်ဆွေ အပေါင်းအသင်းများဆီသို့ သတင်းပြန့်သွားသည်။ ထိုအခါ ဘယ်သူနှင့်မှ မတွေ့ ချင်တော့ စပ်စုလိုသော၊ အတင်းအဖျင်းပြောသော လူ့သဘာဝကို ရွံ့ရှာစက်ဆုပ်လာသည်။
သည်လို အခြေအနေတွင် အဖေ့ဆီမှ တယ်လီဖုန်းက နေ့ရောညပါဝင်လာတတ်သည်။ အမေ့ သတင်းကြား ရသည်မှာ လုံးဝ စိတ်အေးစရာမရှိ။ တစ်နေ့တခြား ပိုပိုဆိုးလာသည်။ အဖေ့အနေဖြင့်လည်း သည်သား တစ်ယောက်သာရင်ဖွင့်စရာ၊ အားကိုးစရာရှိသည်မဟုတ်လား။ သို့သော် သားလုပ်သူ မှာလည်း သောက ပင်လယ်ဝေနေချိန် …။
ကလေးတွေ ကိစ္စကို အော်လီဗာ စိတ်ဓာတ်အကျဆုံးဖြစ်သည်။ သူတို့အားလုံးကို စိတ်ကုဆရာဝန် ဆီ ခေါ်သွားဖို့ပင် စဉ်းစားမိသေးသည်။ ဆမ်၏ ဆရာမနှင့် သွားတွေ့ ပြီး ဆွေးနွေးတော့ သည်လိုဖြစ်ရသည်မှာ သဘာဝလွန်ကိစ္စမဟုတ်ကြောင်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ရှင်းပြသည်။
ဆမ်ကလေးမှာ အဆင့်ကျလာရုံတင်မကဘဲ ပို၍ပို၍ ဂျစ်ကန်ကန်နိုင်လာသည်။ မယ်လီဆာလည်း ထို နည်းနှင်နှင်ပင် သူတို့ကျောင်းမှ စိတ်ပညာဆရာမကလည်း ခုလိုဖြစ်ရခြင်းမှာ သဘာဝကျကြောင်း၊ မယ်လီဆာ သည် တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချနေခြင်းမှာ စိတ်၏ သာမန်တုံ့ပြန်မှု တစ်မျိုးဖြစ်ကြောင်း၊ အိမ်တွင်းရေး ပြဿနာများ၏အနီးစပ်ဆုံး တရားခံမှာ မိမိဟု သူစွပ်စွဲခြင်းမှာလည်း သဘာဝ ကျကြောင်းများဖြင့် ရှင်းပြသည်။
ဘင်ဂျမင်ကလည်း သူ့ဘ၀ကို သူငယ်ချင်းများဆီတွင် သွားရောက်မြှုပ်နှံလျက်ရှိသည်။ ဆာရာ မရှိသည့် နောက်ပိုင်း အရာတိုင်းသည် ထိန်းမနိုင်သိမ်းမရဖြစ်လျက်ရှိ၏။ သို့သော် အချိန်တန်လျှင် အားလုံး အနည် ထိုင်သွားလိမ့်မည်ဟု စိတ်ပညာဆရာမက သူ့ကို နှစ်သိမ့်လွှတ်လိုက်သည်။ သို့သော် သည် အိမ်ထောင်စု တွင်အလျင်အတိုင်းပြန်ဖြစ်ဖို့ အော်လီဗာ သိပ်မမျှော်လင့်ချင်တော့ပေ။
တစ်နေ့တာ အလုပ်ခွင်မှ စိတ်ပန်းကိုယ်ပန်းဖြင့် ပြန်လာပြီး အိမ်ရောက်လျှင် ကမောက်ကမဖြစ်နေသော အိမ် နှင့် မပျော်ရွှင်တော့သော ကလေးများ၊ သို့မဟုတ် အချင်းချင်း ရန်လိုနေကြသော သားသမီး များနှင့် တွေ့ရ စမြဲ။ ညစာစားရသည်မှာ စိတ်ပျက်စရာကောင်းသည်ထက် ကောင်းလာသည်။ ဆာရာ ဖုန်းဆက်လာ လျှင် တယ်လီဖုန်းကို နံရံနှင့် ကိုင်ရိုက်ပစ်လိုက်ချင်၏။ သူ့သင်တန်းများအကြောင်း လုံးဝ စိတ်မ၀င်စားနိုင် ပါ။ သည်တစ်ပတ်မှာကော ဘာဖြစ်လို့ သူပြန်မလာနိုင်ရတာလဲ။
သူပြန်လာစေချင်ပါပြီ။ ခါတိုင်းလိုပင် အတူနေ၊ အတူစား၊ အတူသွား၊ အတူလာချင်ပါပြီ ဆာရာ။ ပြီးတော့ ကလေးတွေ ကို ပြန်ကြည့်ဖို့ သင့်ပြီဆာရာ။ အက်နက်သည် အလွန်အားကိုးရသော အိမ်ဖော် အမျိုးသမီးဖြစ်ပါ၏။ သို့သော် မအေအုပ်ချုပ်မှုနှင့် ယှဉ်ဖို့တော့ မဖြစ်နိုင်ဘူးလေ။
တစ်နေ့ ရုံးတွင် ထိုင်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ငေးနေမိသည်။
ဇန်န၀ါရီလ နှောင်းပိုင်းမို့ နယူးယောက်တွင် ထုံးစံအတိုင်း မိုးတွေ စွေနေသည်။ သူပြန်မှ ပြန်လာပါတော့ မည် လားဟု သံသယဖြစ်လာ၏။
" အော်လီဗာရေ … ၀င်ခဲ့မယ်နော် "
ကုမ္ပဏီ၏ ဒုတွဲဖက်ဥက္ကဋ္ဌ ဒက်ဖနီ ဟတ်ချီဆန်ဖြစ်သည်။ သူနှင့် တွဲလုပ်လာခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီ။ အလွန်ကြည့်ကောင်းသည့် အမျိုးသမီးဖြစ်သည်၊ ဆံပင်က အနက်ရောင် ဥရောပပုံစံ ဆင်ယင်ထုံးဖွဲ့ထား သည်။ အားလုံး သေသေသပ်သပ်။ လက်ဝတ်ရတနာကို တော်ရုံသင့်ရုံ ဆင်မြန်းထားသည်။ အပိုအလိုမရှိ။
ဒက်ဖနီ ကို သဘောကျသည်။ ထက်မြက်၍ အလုပ်ကြိုးစား၍ နှိုင်းနှိုင်းချိန်ချိန် လုပ်တတ်၍ဖြစ်သည်။ အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီး ဘာလို့ လက်မထပ်သေးတာပါလိမ့်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ဘယ်တုန်းကမှ မောင်လို နှမလိုထက် မပို။ ဒက်ဖနီက ချစ်ရေးချစ်ရာ ကိုရော အိမ်ထောင်ရေးကိုပါ စိတ်မ၀င်စားကြောင်း တစ်ရုံးလုံး ကို ကြေညာထား ခဲ့၏။ ပြောသည့် အတိုင်းလည်းနေသည်။ တချို့က သွေးတိုးစမ်းကြသည်။ တချို့က အလေးအနက် ချဉ်းကပ်ကြ သည်။ ဘယ်သူမှ နံရံကို မဖြိုနိုင်ကြ။
အော်လီဗာ က သူ့ကို လေးစားသည်။ လူမှုဆက်ဆံရေးတွင် ပြတ်သားသဖြင့် သူနှင့် အလုပ်လုပ်ရသည် မှာ လွယ်ကူသည်။
ဧရာမ ဖိုင်တွဲကြီးကို ကိုင်ပြီး ၀င်လာခြင်းဖြစ်၏။
" လာမယ့် အပတ်မှာ လုပ်စရာတွေလေ"
သူတစ်ချက်တုံ့သွားပြီး …
" ဟင် … ဘာဖြစ်နေတာလဲ၊ စိတ်မပါသေးရင် နောက်မှ လာခဲ့မယ်လေ "
ဆာရာ ထွက်သွားကြောင်း ဒက်ဖနီကြားသည်။ အော်လီဗာ မျက်နှာမကောင်းဖြစ်နေသည်ကို သတိထားမိ သည်။ သို့သော် သည်အကြောင်း တစ်ခါမှ မပြောဖြစ်ခဲ့ကြ။
" အိုး … ရပါတယ် ဒက်ဖနီ၊ လာပါလာပါ၊ ဘယ်အချိန်လုပ်လုပ် လုပ်ရမှာချည်းပဲ "
ဒက်ဖနီ ၀င်လာခဲ့သည်။ အော်လီဗာ့ကို ကြည့်ရသည်မှာ စိတ်ပူစရာပင်။ မျက်နှာ မှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ပိန်လည်းပိန်သွားသည်။ သောက လွှမ်းခြုံနေသည့် အမူအရာကို သူ ဖုံးကွယ်ထားသော် လည်း အတိုင်းသား ပေါ်လွင်နေ၏။ စိတ်ဓာတ်အကျကြီး ကျနေမှန်းသိသာလှသည်။
သူ့ရှေ့တွင် ထိုင်ပြီး အလုပ်တစ်ခုအတွက် စီမံချက်ကို တင်ပြသည်။ သို့သော် အော်လီဗာ အလုပ်အပေါ် တွင် အာရုံထား၍ ရဟန်မတူ။ ဤသို့ဖြင့် အလုပ်အကြောင်း ခဏထားပြီး ကော်ဖီသောက်ကြရန် သဘော တူကြ သည်။
ဒက်ဖနီ ဘာလုပ်ပေးရ မလဲဟင်၊ ဘာမှတော့ လုပ်ပေးတတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် လုပ်ပေးနိုင်တာ ရှိမလား လို့ "
အော်လီဗာ ပြုံးလိုက်သည်။ ဒက်ဖနီသည် စိတ်ဓာတ်ခွန်အား အပြည့်ရှိသည့် မိန်းကလေးမျိုးဖြစ်သည်။ ရုပ်ဆင်းရူပကာ လည်း ဆိုစရာမရှိအောင် လှပသည်။ ဘာကြောင့် သည်အရွယ်အထိ တစ်ကိုယ်တည်း ဘ၀ ဖြင့် နေနေပါလိမ့်ဟု အံ့သြမိပြန်၏။
အလုပ် ကို စွဲလမ်းနေဆဲဖြစ်မည်။ အလုပ်ထဲတွင် နစ်မြှုပ်နေရခြင်းကို ပျော်ပိုက်နေပြီး အသက်လေးဆယ်ပြည့် မှ အထိတ်တလန့်ဖြစ်တတ်ကြသည့် မိန်းမမျိုးထဲတွင် ဒက်ဖနီပါဝင်နေ မည်ထင်၏။ သို့သော် သူ့ကြည့်ရသည်မှာ ဘယ်သောအခါမှ အထိတ်တလန့်ဖြစ်မည့်ပုံစံမျိုးမဟုတ်။ မျက်လုံး များတွင် ကြင်နာတတ်ခြင်းကို တွေ့ရသော်လည်း လက်ရှိဘ၀ကို အထိပါးမခံဘဲ ဆက်လက် ထိန်းသိမ်း ထားမည့်ပုံ။
ကုလားထိုင်နောက်ကို မှီလိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း …
" ကိုယ်လဲ ဘာလုပ်ရမှန်းမသိတော့ဘူးကွာ၊ မင်းကြားပြီးရောပေါ့ ဒက်ဖနီ "
အော်လီဗာ ၏ ဝေဒနာကို သူ့မျက်လုံးစိမ်းများထဲတွင် ဒက်ဖနီ အထင်းသားတွေ့နေရ၏။ သူ့ပခုံးကို သိုင်းဖက်ပြီး အားပေးချင်သော် လည်း စိတ်ကို ထိန်းထားလိုက်၏။
" ပြီးခဲ့တဲ့လထဲက ဆာရာ အိမ်က ထွက်သွားတယ် ဒက်ဖနီ၊ ကျောင်းပြန်တက် မလို့တဲ့လေ၊ ဘော့စတွန် မှာ"
" အော်လီဗာ ကလဲ ကမ္ဘာကြီး ပျက်စီးမသွားသေးပါဘူး၊ ဒက်ဖနီက ဒါထက်ပိုဆိုးသလားလို့ "
အပြင်တွင်ဖြစ်နေသည့် သတင်းက သူတို့လင်မယားကွာရှင်းပြတ်စဲသည်အထိ ဖြစ်သည်တဲ့လေ။ သို့သော် သည်အကြောင်း မှာ မသိကျိုးကျွန်ပြုနေလိုက်သည်။
" ကိုယ့်အတွက်တော့ ကမ္ဘာပျက်တာကမှ တော်ဦးမယ်ဒက်ဖနီ၊ ဒါတွေအားလုံး သူ့မှာ တာဝန်ရှိတယ်လို့ ဆာရာ ၀န်မခံဘူး၊ သူ ထွက်သွားတာ ငါးပတ်ရှိပြီ၊ ကလေးတွေက ကိုယ့်ကို အကောင်းမမြင်ကြတော့ဘူး၊ အလားတူ ပဲ ကိုယ်ကလဲ သူတို့ကို ကြည့်မရတော့ဘူး၊ ရုံးမှာ အလုပ်ကတစ်ဖက်၊ အိမ်ပြန်ရောက်တော့ ခုနစ်နာရီ၊ ရှစ်နာရီ၊ အဲဒီအချိန်ဆို အိမ်မှာထိန်းမနိုင် သိမ်းမရဖြစ်နေပြီ။ ဘယ်တော့မှ ညစာ ကို အေးအေး ဆေးဆေး မစားရဘူး၊ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ် ရန်ဖြစ် ဆူပူငိုယို နဲ့၊ နောက်တစ်နေ့ မိုးလင်း တော့လဲ ထိုနည်းလည်းကောင်းပဲ "
" အင်း … ဘယ် ပျော်စရာကောင်းတော့မလဲနော်၊ ခဏတစ်ဖြုတ် နယူးယောက်မှာ အခန်းတစ်ခန်း ယူပြီး ပြောင်းနေပါလား၊ ရုံးနဲ့လဲနီး၊ ကလေးတွေလဲ အပြောင်းအလဲဖြစ်သွားတာပေါ့ "
သည်လို တစ်ခါ မှ မစဉ်းစားမိ၊ သို့သော် သူတို့တစ်တွေကို ကျောင်းပြောင်းလို့ မဖြစ်သေး။ သူငယ်ချင်း ဟောင်းတွေနှင့် ခွဲလိုက်လျှင် ပိုဆိုးကုန်နိုင်သည်။
" လက်ရှိ အခြေအနေကို ဆက်ထိန်းဖို့တောင် မနည်းကြိုးစားနေရတယ် ဒက်ဖနီ၊ ပြောင်းဖို့ရွှေ့ဖို့ မစဉ်းစား ရဲသေး ဘူး "
မယ်လီဆာ ဒေါသူပုန် ထပုံ၊ ဘင်ဂျမင် အိမ်မှ မမြဲလစ်ပုံနှင့် ဆမ်ကလေးက ညစဉ် အဖေနှင့် လာအိပ်နေပြီး အိပ်ရာ ထဲတွင် ရှူရှူး ပေါက်ချပုံများပါပြောပြလိုက်သည်။
" တစ်ခုခုတော့ အပြောင်းအလဲ လုပ်ပစ်ရမယ်အော်လီဗာ၊ တစ်နေရာရာ ခေါ်သွားမလား၊ တစ်ပတ်လောက် ဖြစ်ဖြစ်ပေါ့၊ ကာရီ ဘီယံကို ဖြစ်ဖြစ်၊ ဟာဝေယံကိုဖြစ်ဖြစ်လေ၊ ပူပူနွေးနွေးနေရာမျိုးဆို သူတို့ ပျော်ကြမှာပါ"
ဖြစ်နိုင်ပါမည်လား၊ သူတို့အလျင်လို ပြန်ဖြစ်လာနိုင်တော့ပါမည်လား။ ဒက်ဖနီကို အိတ်သွန် ဖာမှောက် ပြော ချနေမိသည့်အတွက် ရှက်သလိုလို ဖြစ်လာသည်။ သို့သော် အမျိုးသမီးက သတိထား မိဟန်မတူ။
" ကိုယ်တို့ ဒီလိုပဲ ဆက်နေသွားရင် သူ ပြန်လာမှာပဲ၊ အဲဒီတော့မှ နာရီလက်တံ ကို နောက်ပြန်လှည့်မယ်လို့ ကိုယ် စိတ်ကူးထားတယ် ဒက်ဖနီ "
" အဲဒီကိစ္စမျိုးတွေ မှာ အဲဒီလို ဖြစ်လာလေ့ မရှိဘူးအော်လီဗာ "
" အင်း … "
အင်း ရှည်ကြီး တစ်ချက်ချပြီး ပင်ပန်းနွမ်းနယ်စွာ လက်တစ်ဖက်ဖြင့် ဆံပင်ကို သပ်လိုက်သည်။
" အင်း … ဟုတ်ပါတယ်လေ၊ ဒါထက် ဒီအကြောင်းတွေ နားထောင်ရတာ မင်း ငြီးငွေ့ရောပေါ့၊ ဆောရီးပဲ ဒက်ဖနီ၊ ခုတလော ကိုယ့်အလုပ်ထဲမှာလဲ စိတ်မပါဘူး၊ အိမ်မှာ မနေချင်လို့သာ၊ ဒီမှာ ရုံးချိန်ပြီးလဲ ဆက် ထိုင် နေတာ၊ ညပိုင်းတွေမှာ အိမ်ကြီးဟာ စိတ်ပျက်စရာ အကောင်းဆုံးပဲ၊ စနေ၊ တနင်္ဂနွေဆို ပိုဆိုးသေး၊ ကိုယ် တို့ မိသားစုဟာ တစ်စစီ လွင့်စဉ်သွားပြီး ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ တစ်စစီ လွင့်စဉ်သွားပြီး ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ မရတော့သလိုပဲ၊ ဟိုတုန်းကဆိုရင် သိပ်ပျော်စရာကောင်း တဲ့ အိမ် ထောင်စုပါ ဒက်ဖနီ "
" ဒက်ဖနီ … ဘာအကူအညီပေး ရမလဲဟင် "
ကလေးတွေကို ဒက်ဖနီ တစ်ခါမျှမတွေ့ဖူးခဲ့။ ဘာကြောင့် အော်လီဗာကလေးတွေနှင့် မတွေ့ဖူးခဲ့တာပါ လိမ့်။ ရုံးပိတ်ရက်တွေမှာ အားလပ်ချိန်တွေအများကြီး ရှိလျက်သားနဲ့။
" ဒက်ဖနီ ကလေးတွေနဲ့ တွေ့ချင်ပါတယ်၊ သူတို့အတွက် ပြေရာပြေကြောင်း ဖြစ်နိုင်ကောင်းပါရဲ့၊ ဒါမှမဟုတ် သူတို့ အဖေနဲ့အမေကြားမှာ ၀င်နှောင့်ယှက်တယ်လို့များ ထင်မလားမသိဘူးနော် "
" မထင်လောက်ပါဘူး "
စာစာနာနာ ပြောဖော်ရ၍ အော်လီဗာက ဒက်ဖနီကို ကျိတ်ပြီး ကျေးဇူးတင်နေသည်။ ကျေနပ်စွာ ပြုံးလိုက် ပြီး …
" အခြေအနေ နည်းနည်း အနည်ထိုင်သွားရင် လာလည်လေ၊ ဒက်ဖနီကို သူတို့ ခင်ကြမှာပါ၊ ကိုယ့်မယ် တော်ကြီးလဲ အခြေအနေမကောင်းဘူး၊ တစ်ဖက်ဖက်က အခြေယိုင်သွားတာနဲ့ တစ်စစီပြိုကျ ကုန်သလိုပဲ နော်၊ အဲဒီလိုဖြစ်တယ်ဆိုတာ မင်းသိလားဒက်ဖနီ "
သူ့အပြုံး က သူငယ်ကလေးတစ်ယောက် ပြုံးသလို အပြစ်ကင်းစင်လှသည်။ ဒက်ဖနီ ရင်ထဲတွင် စာနာစိတ်၊ ကြင်နာစိတ်များ တဖွားဖွားဖြစ်ပေါ် လှုပ်ခတ်သွား၏။ ပြုံးပြုံးရယ်ရယ်ဖြင့် …..
" ဒက်ဖနီ ကို မေးနေတယ် ဟုတ်လား၊ သိပ်သိတာပေါ့၊ ဒါထက် အိမ်ကခွေးကော နေကောင်းရဲ့လား "
" ခွေး … ဟုတ်လား၊ ကောင်းပါတယ်၊ ဘာဖြစ်လို့လဲဟင် "
တအံ့တသြ ပြန်မေးလိုက်သည်။ ဘာအဓိပ္ပာယ်နှင့် မေးတာပါလိမ့်။
" သူ့ ကို သတိထားနေနော်၊ သူ့ကို ကူးစက်သွားပြီး လူတကာ လိုက်ကိုက်နေဦးမယ် "
နှစ်ယောက်သား ရယ်ကြသည်။ ပြီးတော့မှ သက်ပြင်းပြိုင်တူချကြသည်။
" ကိုယ်တို့ အိမ်ထောင်ရေးမှာ ဒီလို ဖြစ်လာလိမ့်မြယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး ဒက်ဖနီ၊ သူ့ လုပ်ပုံ က သိပ်ပိရိတယ်၊ ဘယ်သူမှ ကြိုမထွက်ထားမိကြဘူး၊ ကိုယ် ဘာမှ အဆင်သင့်မဖြစ်လိုက်ဘူး၊ ကလေးတွေ ဆို ပိုဆိုးတာပေါ့။ ကိုယ်တို့ဘ၀ဟာ ပြီးပြည့်စုံတဲ့ဘ၀လို့ ထင်ခဲ့တယ်လေ "
" ဒီလိုပဲ ဖြစ်တတ်ပါတယ်လေ၊ လူဆိုတာ ဖျားနာတတ်တယ်၊ သေကြေပျက်စီးတတ်တယ်၊ အချစ်သစ်ရှာ တတ်တယ်၊ ဒါမှမဟုတ်လဲ စိတ်ကူးပေါက်ရာ စွတ်လုပ်တတ်တယ်၊ မဖြစ်သင့်ပေ မယ့် ဖြစ်နေကြတာပဲလေ၊ အဲဒီအခြေအနေမျိုး ရောက်လာရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ။ ဘာကြောင့် အဲဒီ လို ဖြစ်ရတယ်ဆိုတာ တစ်ချိန်ချိန်မှာ ပြန်ကြည့်ရင် အဖြေပေါ်မှာပါ "
" ကိုယ့်အပြစ် ပဲ ဖြစ်မှာပါကွာ၊ သူ့ကို ဂရုမစိုက်ဘူး၊ အလုပ်ထဲမှာပဲ ကိုယ်က ဘ၀ကို မြှုပ်နှံထားတယ်လို့ သူကျိတ်ပြီး တွက်နေ မှာပေါ့ "
" ဘ၀ကို ငြီးငွေ့လာတာလဲ ဖြစ်နိုင်တာပဲ၊ အပြောင်းအလဲတစ်ခုအတွက် ဘ၀သစ် စချင်တာ လဲဖြစ်နိုင်တာပဲ၊ တချို့လုပ်တာကို နားလည်ဖို့ ခက်သားပဲ၊ ကလေးတွေက ပိုနားမလည်နိုင်ဘူးပေါ့ "
သူ့တွေးပုံမှာ အမှန်နှင့် အတော်ကြီး နီးစပ်ပါသည်။ သူ့အသက်နှင့် စာလျှင် အတော်ရင့်ကျက်နေသည့် မိန်းကလေးပါလား။ သူ့ကို တလေးတစား ခင်မင်ခဲ့ကြောင်းကို ပြန်သတိရနေ၏။ အပိုတွေ ပကာသနတွေ မပါဘဲ မိတ်ကောင်း ဆွေကောင်းတွေပီပီ အကူအညီပေးတတ်၊ အကြံဥာဏ်ပေးတတ်သည့် ဒက်ဖနီ။ ပြန် စဉ်းစားကြည့်တော့ မိမိ တွင် မိန်းကလေးအပေါင်းအသင်း မရှိသလောက် ပါကလား။
" ကလေးတွေ နားမလည်တာ မဆန်းပါဘူးဒက်ဖနီရယ်၊ ကိုယ်ကိုယ်တိုင် နားမလည် ဖြစ်နေတာပဲဟာ၊ သူ ဒီလို လုပ်သွားလို့ ဖြစ်လာတဲ့ပြဿနာတွေကို သူ ဘာမှ တာဝန်မယူဘူးထား၊ အပတ် တိုင်း ပြန်လာပါမယ်ဆိုတဲ့ ကတိကိုလဲ သူ့ဘာသာသူ ဖျက်တယ်"
" အင်း … အော်လီဗာ့ဘက်က ခံပြင်းစရာပေါ့လေ၊ ဒါပေမယ့် အဲဒါကပဲ အားလုံးအတွက် ပိုကောင်း မနေဘူး လား၊ သူပြန်လာချိန်မှာ အော်လီဗာတို့သားအဖတွေ နေသားကျပြီး အနည်ထိုင်နေလောက်ပြီလေ "
သူ နာနာကြည်းကြည်း ရယ်သည်။ ဒါကတော့ ဖြစ်နိုင်ခြေအလွန်နည်းသည့် မျှော်မှန်းချက်ပါ။
" အဲဒီလိုဖြစ်လာ ဖို့ မလွယ်ပါဘူး ဒက်ဖနီရယ်၊ အိမ်မှာက မနက်စာဝိုင်းက စပြီး မကျေနပ်မှုတွေ၊ အငြင်းအခုံ တွေနဲ့ စ တာလေ၊ ရုံးကို ထွက်လာတဲ့အထိ နားထဲမှာ အဲဒီအနိဋ္ဌာရုံတွေပါလာတုန်းပဲ၊ ည အိမ်ပြန်ရောက် ရင် လဲ ရန်ပွဲနဲ့တွေ့ရင်တွေ့၊ မတွေ့ရင် ဘယ်သူမှ မရှိကြလို့ပဲ၊ အဲဒါက ကိုယ့်အတွက် ပို ဆိုးတယ် …
" ကိုယ် ကလေးတွေ အဲဒီလောက် အကိုင်ရအတွယ်ရကျပ်လိမ့်မယ်လို့ ကိုယ် လုံးလုံး မထင်ခဲ့ဘူး သိလား၊ သိပ်သဘောကောင်းပြီး သိပ်နားလည်တတ်တဲ့ကလေးတွေ၊ ခုတော့ သူတို့တွေမှ ဟုတ်ပါလေစ လို့ အောက် မေ့ရတယ် ဒက်ဖနီရယ်၊ အိမ်ရဲ့ ဖွဲ့စည်းပုံပျက်နေသလိုပဲ၊ ဦးနင်းပဲ့ ထောင်နဲံ တာစူလို့ကို မရတော့ဘူး၊ ဒါကြောင့် ရုံးမှာပဲ အနေများတာ "
ရုံးရောက်ပြန်တော့ လည်း အလျင်လို အလုပ်ထဲတွင် မပျော်ပိုက်တော့။ ဒက်ဖနီ အကြံပေးသည့်အတိုင်း တစ်နေရာရာ ကို ခရီးထပ်ထွက်ပစ်လိုက်ဖို့ လိုမည်ထင်သည်။
" အဲဒီလို အဖြစ်မခံနဲ့လေ "
ဒက်ဖနီ က တတ်သိနားလည်သည့် မျက်လုံးများဖြင့် ကြည့်ပြီး စကားဆက်သည်။
" အဲဒါတွေ အတွက်လည်းပဲ အော်လီဗာ ပေးဆပ်နေတာပဲ၊ သူ့ကို အခွင့်အရေးတစ်ကြိမ် ပေးလိုက်ပါ၊ သူပြန်လာရင် သိပ်ကောင်းသွားမယ်၊ ပြန်မလာဘူးဆိုရင်လဲ ကိုယ့်ဘ၀ကိုယ် ဆက်လျှောက်ဖို့ တာစူ ရမှာ ပေါ့၊ ခုလိုကြီး ဖြစ်နေတာ အဓိပ္ပာယ်မှ မရှိတာ၊ တကယ်ပြောတာ အော်လီဗာ၊ အတွေ့အကြုံအရ ဒက်ဖနီပြောနေတာ "
" ဒါကြောင့် မင်းအိမ်ထောင်မပြုတာလားဟင် "
စကားဆက် ရှိနေပြီဖြစ်၍ မေးလိုက်ခြင်းဖြစ်သည်။ ရိုင်းသည်ဟု မဆိုသာတော့။
" ဆိုပါတော့လေ၊ တခြားပြဿနာတွေလဲ ရှိတာပေါ့ အသက်သုံးဆယ်ထိ အလုပ်တစ်ခုခု ကို အောင်မြင်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်၊ နောက်ပိုင်းကျတော့လဲ အလုပ်ထဲမှာပဲ တလဲလဲ နစ်မြုပ် နေပြန်ရော၊ အဲဒီနောက် … အင်း … ပြောရရင် အရှည်ကြီးပဲ၊ အချုပ်ကတော့ ဒီဘ၀ မှာပဲ ပျော်နေတယ်၊ ရှိ တော့ရှိတယ်၊ ရှားတယ်ဆိုပါတော့၊ အော်လီဗာကျတော့ ဒက်ဖနီလို ညဥ့်သန်းခေါင် အထိ ရုံးမှာနေလို့ မဖြစ်ဘူးလေ၊ ကလေးတွေရှိသေးတယ် မဟုတ်လား "
ညဥ့်နက် သန်းခေါင်အထိ ဒက်ဖနီ အလုပ်လုပ်တတ်ကြောင်း တစ်ရုံးလုံးသိသည်။ အလုပ်ကို စိတ်ဝင်စား သည်။ လုပ်လည်း လုပ်သည်။ ထက်လည်း ထက်သည်။ ထို့ကြောင့်လည်း သည်မျှ သူအောင်မြင်နေခြင်း ဖြစ်သည်။
ရှေ့မှ အမျိုးသမီးကိုကြည့်ပြီး ပြုံးလိုက်သည်။
" မင်းဟာ သိပ်ကိုပြည့်ဝတဲ့ မိန်းကလေးပဲ၊ မင်းယူလာတဲ့ ကိစ္စတော့ နောက်မှလုပ်ကြတာပေါ့ "
ငါးနာရီထိုးလုပြီ။ အိမ်စောစောပြန်ဖို့ စိတ်ကူးရ၏။ သို့သော် စောလွန်းနေသည်။
" စောစောပြန်ပေါ့၊ အပြောင်းအလဲ ဖြစ်သွားအောင်လေ၊ ကလေးတွေအတွက်ရော ကိုယ့်အတွက်ပါပေါ့၊ သား အဖတွေ အပြင်ထွက်ပြီး ညစာ စားကြပါလား "
အော်လီဗာ တအံ့တသြဖြစ်သွားသည်။ သည်လိုဘာလို့ မတွေးမိတာပါလိမ့်။ အိမ်တွင် ထုံးစံဟောင်းကြီးအတိုင်း လှုပ်ရှားခြင်းပါလား။
" ကျေးဇူးပဲ ဒက်ဖနီ၊ သိပ်ကောင်းတဲ့အကြံပဲ၊ ဒီကိစ္စမနက်ဖြန်မှ ဆက်လုပ်လို့ ဖြစ်ပါတယ်နော်၊ စိတ်မဆိုး ဘူး … သေချာတယ်နော် "
" အို … ဘယ်ကလာ၊ နောက်ထပ် တင်စရာတွေနဲ့ရောပြီး တင်တော့မယ်လေ "
မတ်တတ်ထပြီး တံခါးဝဆီသို့ လျှောက်သွားသည်။ ပြီး သမင်လည်ပြန်ကြည့်ပြီး …
" ခေါင်းအေးအေးထားပါ၊ မုန်တိုင်းရဲ့ အသက်ဟာ တဒင်္ဂပဲ၊ အကြာကြီး မတိုက်နိုင်ပါဘူး"
" တကယ်ပြောတာနော် "
ဒက်ဖနီက လက်ညှိုးနှင့် လက်ခလယ်ကို ထိပ်ဝိုင်းကားပြီး ထောင်ပြသည်။
" ကင်းထောက်သစ္စာပါနော် "
ဒက်ဖနီ ထွက်သွားသည်နှင့် အိမ်ကို တယ်လီဖုန်း ဆက်သည်။ အက်နက် ဖုန်းကိုင်သည်။
" ဟဲလို … အက်နက် "
ခုမှ စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး ဖြစ်လာသည်။
" ဒီနေ့ တို့အတွက် ညစာမလုပ်နဲ့ သိလား၊ စောစောပြန်လာပြီး ကလေးတွေနဲ့ အပြင်ထွက်စားမလို့ "
ဒက်ဖနီ အကြံပေးသည့် အတိုင်း လုပ်ရမည်။ အလွန်အားကိုးရသည့် အမျိုးသမီးပါပေ။
" သြော် "
အက်နက်ထံမှ တအံ့တသြ တုံ့ပြန်သံ …။
" ဘာပြုလို့လဲ အက်နက်"
ရင်ထဲ ထိတ်သွားသည်။ သားသမီးတွေနှင့် အပြင်အတူတူ ထွက်ဖို့ပင် အခြေအနေ မပေးတော့ဘူးလား။
" မယ်လီဆာက ကျောင်းကပွဲမှာ လေ့ကျင့်ဖို့ ထွက်သွားတယ် အစ်ကိုလေး၊ ဘင်ဂျမင်က ဘတ်စကက် ဘောပွဲ ရှိတယ်တဲ့၊ ဆမ်ကလေးက ဖျားနေတယ်ရှင့် "
" ဟာ …. ဒုက္ခပါပဲ၊ ဒါဆိုလဲ နောက်မှပဲ သွားတော့မယ်၊ ဆမ် ဘယ်လိုဖြစ်တာလဲ၊ သိပ်ဖျားနေလား "
" ဒါလောက်ကြီး မဟုတ်ပါဘူး အစ်ကိုလေး၊ ရိုးရိုးအအေးမိ တုပ်ကွေး ထင်ပါတယ်၊ ကျောင်း ကလှမ်းအကြောင်းကြားလို့ ကျွန်မ သွားခေါ်ခဲ့ရပါတယ် "
ဒါတောင် အက်နက် က မိမိကို အကြောင်းမကြား။
" ခု သူဘယ်မှာလဲ "
" အစ်ကိုလေး အိပ်ခန်းထဲမှာပါ၊ သူ့အခန်းထဲမှာ သူမနေချင်ဘူးတဲ့ "
" ရတယ်အက်နက် … နေပါစေ "
အင်း … အိပ်ခန်း တဲ့။ ဟိုတုန်းက သိပ်ပျော်စရာကောင်းခဲ့တဲ့အိပ်ခန်း၊ ခုတော့ အိပ်ခန်းလို့တောင် ခေါ်ဖို့ မကောင်းတော့ ပါဘူးလေ။ တယ်လီဖုန်းချလိုက်သည်။ ဒက်ဖနီ နောက်တစ်ခေါက် ၀င်လာ၏။
" ဘာလဲ၊ ခွေးသတင်း လား၊ လျှောက်ကိုက်ကုန်ပြီလား"
အော်လီဗာ ခုမှရယ်နိုင်ပြုံးနိုင်သည်။ အငယ်ဆုံးညီမတစ်ဦးက အစ်ကိုတစ်ယောက်ကို စိတ်သက်သာရာ ရ အောင်နှစ်သိမ့်နေသည်နှင့်တူ၏။
ဆက်ရန်
.

No comments:
Post a Comment