Friday, May 25, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၁)

ပြီးတော့ စကားအနည်းငယ်ဆက်ပြောသည်။ ရယ်မောသံကလေးတွေ ထွက်လာသည်။ စကားပြော ခဏရပ်ကြ သည်။ အခန်းကို မျက်လုံးဝင့်ကြည့်ကြသည်။
"မန်ဒါလေစံအိမ်ကြီးကတော့ အမြဲတမ်း လှပနေတာပါပဲ။ ဒီစံအိမ်ကြီးကို သဘောကျ ရဲ့လားဟင်..."ဟု သူ တို့ မေးကြမည်။
"အို... သဘောကျပါသကောရှင်..."ဟု ကျွန်မက ပြန်ပြောမည်။ ပြီးတော့ သူတို့ ပြောသည်များကို နား ထောင်ရင်း အလိုက်သင့်ပြန်ပြောနေမိသည်။ အလိုက် သင့် ပြောသည်ဆိုရာမှာလည်း မလည် မဝယ် ကျောင်းသူ ကလးတစ်ယောက် လို "ဟုတ်ကဲ့ပါရှင်"ဆိုတာမျိုး။ "သြော်... ဒီလိုပါလား" ဆိုတာမျိုး။ "ကျွန်မ ကတော့ သေသေ ချာချာ မသိပါဘူးရှင်" ဆိုတာမျိုးသာ ဖြစ်လိမ့်မည်။ မက်ဇင်မ် ရောက် လာ တော့မှ နေသာ ထိုင်သာ ရှိတောသည်။ ထွက်ပေါက်ရသလို ဖြစ်တော့သည်။ သူတို့ကလည်း မက်ဇင်မ် ဘက် လှည့်ပြီး စကားပြောကြတော့မည်။
ကို ဆက်ဖတ်ရန်.......

ထိုဧည့်သည် များ မော်တော်ကားမောင်းပြီး ပြန်သွားသောအခါ "မိန်းကလေးက ထုံထုံထိုင်းထိုင်း ကလေး နော်... ပါးစပ်ကိုတောင် ရဲရဲမဟရဲဘူး"ဟူသော စကားမျိုးကို ပြောသွားကြပေလိမ့်မည်။ ထိုမျှ မကသေး၊ ဘီယက်ထရစ် ပြောခဲ့သလို "ရဘက်ကာနဲ့တော့ ဘာမှမဆိုင်ဘူး"ဟူသော မှတ်ချက်မျိုး ကို လည်း ချကြ ပေလိမ့်မည်။
ကိုယ့်အိမ် သို့ လာရောက်လည်ပတ်သူများထံ ကိုယ်ကလည်း တုံ့ပြန်လည်ပတ်ပါသည်။ ယင်းသို့သော အသေး အဖွဲ့ ကိစ္စ ကလေးများကို မက်ဇင်မ်က အရေးတယူ ဆောင်ရွက်တတ်ပါသည်။ တစ်ခါတစ်ရံတွင် မူ သူ မလိုက်နိုင်သောကြောင့် ကျွန်မ တစ်ယောက်တည်း သွားရတတ်ပါသည်။

"မန်ဒါလေ မှာ ဧည့်ခံပွဲကြီးတွေလုပ်ဖို့များ အစီအစဉ်ရှိပါသလား မစ္စက်ဒီဝင်းတား"ဟု သူတို့က မေးကြ သည်။
"ကျွန်မ မသိပါဘူး ရှင်။ မက်ဇင်မ်က ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မကို ဘာမှမပြောဖူးသေးပါဘူး"ဟု ကျွန်မက ပြန်ဖြေသည်။
"ဧည့်ခံပွဲ လုပ် ဖို့ အချိန်စောတော့ စောပါသေးတယ်လေ... ဟိုနှစ်တုန်းကဆိုရင် ဧည့်ခံပွဲမှာ လူတွေ ပြည့် နေတာပဲ၊ လန်ဒန်က ဧည့်သည်တွေလဲ လာကြတယ်"
"သြော်... ဟုတ်လား" ဆိုတာမျိုး။ ဒါမှမဟုတ် "ကျွန်မတော့ ဒီအကြောင်းတွေ မသိပါဘူးရှင်" ဆိုတာမျိုး တစ်ခုခု ပြန်ဖြေမိမည်။
"အလျင် မစ္စက်ဒီဝင်းတားက သိပ်ကျော်ကြားတဲ့ အမျိုးသမီးပေါ့။ သူ့ရုပ်ရည်ကလဲ အင်မတန်ချောတယ် လေ..." ဟုလည်း သူတို့က ပြောတတ်ကြသည်။ ထိုအခါမျိုးတွင်...
"ဟုတ်... ဟုတ်ကဲ့... မှန်ပါတယ်ရှင်"ဟု အထစ်ထစ်အငေါ့ငေါ့ဖြင့် ကျွန်မ ပြန်ပြောတတ်သည်။ မနေ တတ် မထိုင်တတ်လည်းဖြစ်လာကာ လက်အိတ်အောက်မှ နာရီကို အမှတ်မထင် ကြည့်လိုက်မိသည်။ "သြော်... ကျွန်မ ပြန်လိုက်ဦးမှပဲရှင်... လေးနာရီတောင် ထိုးသွားပြီပဲ"

"လက်ဖက်ရည်သောက်သွားလိုက်ပါဦး... လေးနာရီဆယ့်ငါးမိနစ်ဆိုရင် ကျွန်မတို့ လက်ဖက် ရည် သောက်နေ ကျပါပဲ"
"နေပါစေတော့ ရှင်... သိပ်ကို ကျေးဇူးတင်ပါတယ်။ အချိန်မီ ပြင်လာခဲ့မယ်ဆိုရင် မက်ဇင်မ်ကို ပြောခဲ့မိ လို့ပါ" စသော စကားများကို ကမန်းကတန်း ပြောပြီး ကျွန်မ ပြန်ဖို့ ကြိုးစားမိခဲ့ပါသည်။ တကယ်ဆိုတော့ သူ ကလည်း လက်ဖက်ရည်သောက်စေချင်လွန်းလို့ မဟုတ်။ ကျွန်မကလည်း မက်ဇင်မ်ကို အချိန်မီ ပြန် လာခဲ့ပါမယ် ဟု ပြောထားခဲ့လို့မဟုတ်။ သူ့အကြောင်း ကိုယ်သိသလို ကိုယ့်အကြောင်းလည်း သူသိပါ လိမ့်မည်။

ကျွန်မ သတ္တိရှိလိုက်ချင်ပါသည်။ ဒါမျိုးတွေကို သွေးအေးအေးနှင့် ရင်ဆိုင်နိုင်စွမ်းရှိသော သတ္တိမျိုးရ လိုက်ချင်ပါသည်။ သူတို့ဘာပြောပြော ကိုယ်က မတုန်လှုပ်ဘဲ အလိုက်သင့် ပြန်ပြောတတ်ချင်ပါသည်။ အရှက် အကြောက်ကြီးသည့်စိတ်များ ပပျောက်စေချင်ပါသည်။ လူတောမတိုးသည့် အကျင့် များ ပျောက် စေချင် ပါသည်။
တစ်ခါတွင် ကျွန်မတို့စံအိမ်ကြီးနှင့် မလှမ်းမကမ်းရှိ ဘုရားရှိခိုးကျောင်းဝင်းတွင်နေသော အသင်းတော် ဂိုဏ်းအုပ်ကြီး ၏ ဇနီးထံသို့ ကျွန်မ သွားရောက်လည်ပတ်ပါသည်။
"အဝတ်အစား အထူးအဆန်းတွေဝတ်ပြီး တက်ရတဲ့ ဧည့်ခံပွဲကြီးတွေ မန်ဒါလေမှာ ပြန်လုပ်ဖို့ ရှင့် ယောက်ျားမှာ အစီအစဉ်များ ရှိတယ်ထင်ပါသလား။ အဲဒီဧည့်ခံပွဲမျိုးကတော့ အင်မတန်ကောင်းပေ တာ ပဲ။ ကျွန်မဖြင့် တစ်သက်မေ့နိုင်တော့မှ မဟုတ်ဘူး"ဟု ဂိုဏ်းအုပ်ကြီး၏ဇနီးက မေးပါသည်။

သည်အကြောင်းတွေအားလုံးကို ကောင်းစွာသိထားသည့် ဂိုက်မျိုးဖမ်းကာ ကျွန်မက ပြန်ပြုံးပြလိုက်ပါ သည်။
"ကျွန်မတို့ မဆုံးဖြတ်ရသေးပါဘူးရှင်... ကျွန်မတို့မှာ အလုပ်တွေကလဲ များပြားနေပါသေးတယ်။ တိုင် ပင်စရာတွေကလဲ ရှိနေပါသေးတယ်"ဟု ကျွန်မက ပြန်ပြောပါသည်။
"ဟုတ်တာပေါ့လေ... ဒါပေမဲ့ အဲဒီဧည့်ခံပွဲကြီးမျိုးလုပ်ဖို့တော့ မပျက်ကွက်စေချင်ဘူး။ ရှင့်ယောက်ျားကို ပူဆာပေးဖို့ ကောင်းတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ တစ်ပွဲမှမလုပ်ဖြစ်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်က လုပ်ခဲ့တဲ့ ပွဲကြီးကို ကျွန်မ မှတ်မိနေသေးတယ်။ ဂိုဏ်းချုပ်ကြီးနဲ့ ကျွန်မ သွားခဲ့တယ်လေ။ အင်မတန် ကြီးကျယ်ပါ ပေတယ်။ ခန်းမကြီးထဲမှာ ကကြတယ်။ တေးဂီတခန်းမထဲမှာ ဂီတပညာသည်တွေ ပြည့်လို့။ ဒီလိုပွဲကြီး မျိုး အောင်အောင်မြင်မြင် စည်စည်ကားကား ဖြစ်အောင် စီစဉ်ဖို့ ဆိုတာ မလွယ်ပေဘူး။ လူတိုင်း က သိပ် သဘောကျကြတယ်"

"ဟုတ်ပါတယ်ရှင်... မက်ဇင်မ်ကို ကျွန်မ ပြောပါ့မယ်"
နံနက်ခန်းထဲက စာရေးစားပွဲမှာ ရဘက်ကာ ထိုင်နေသည့်ပုံကို ကျွန်မ မြင်ယောင်လာသည်။ ဖိတ်စာ များ၊ ရှည်လျားသည့် လူနာမည်စာရင်းများ၊ လိပ်စာများနှင့် သူ အလုပ်ရှုပ်နေမည့်ပုံကို ကျွန်မ စဉ်းစား ကြည့်နေ မိသည်။
"ဥယျာဉ်ပွဲတစ်ခုလဲလုပ်ဖူးသေးတယ်။ ဂိုဏ်းအုပ်ကြီးနဲ့ ကျွန်မ သွားတယ်။ အကုန်လုံးကို အလှအပ ဆုံး ဖြစ်အောင် ပြင်ဆင်ထားသည်။ ပန်းတွေကလည်း ပင်လုံးညွှတ်ပွင့်ကြလို့။ နှင်းဆီခြံထဲမှာ စားပွဲသေး သေးကလေး တွေ ချခင်းထားတယ်။ အဲဒီမှာ လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံတယ်။ အင်မတန်ကောင်း တဲ့ စိတ် ကူးပဲ။ အမျိုးသမီးက အင်မတန် တော်တာကိုး..." ဟု ဂိုဏ်းအုပ်ကြီး၏ဇနီးက ဆက်ပြောနေသည်။
ပြီးတော့ စကား ကို ချက်ချင်းရပ်ပစ်လိုက်သည်။ သူ့မျက်နှာပေါ်မှာလည်း ရှက်သွေးကလေး အနည်းငယ် ဖြန်းလာသည်။ မပြောသင့်သောစကားကို ပြောလိုက်မိသဖြင့် အားတုံ့ အားနာ ဖြစ်သွားသည့် သဘော ပင်။ ကျွန်မကလည်း သူမ အရှက်ပြေပါစေတော့ဟူသောသဘောဖြင့် အလိုက် သင့် ပြန်ပြော မိပါသည်။

"ရဘက်ကာဟာ အင်မတန် အံ့သြစရာကောင်းတဲ့ အမျိုးသမီးဖြစ်မယ်ဆိုတာ သေချာပါတယ်"
"ရဘက်ကာ"ဆိုသော နာမည်ကြီးကို ကျွန်မ၏နှုတ်ဖျားမှ သည်လိုဖွင့်ဟပြောလိုက်မိခြင်းအတွက် ကိုယ့်နားကိုပင် ကိုယ်မယုံကြည်နိုင်တော့ပါ။ ဘာတွေဆက်ဖြစ်လာတော့မည်နည်းဟူသော အတွေးဖြင့် ကျွန်မ စောင်နေ့မိပါသည်။ သည်နာမည်ကြီးကို ကျွန်မ ထုတ်ဖော်ပြောလိုက်မိပြီ။ "ရဘက်ကာ"ဟူသော စကားလုံးကြီး ကို အကျယ်ကြီးပြောလိုက်မိပါသည်။ သည်လို ပြောလိုက်မိသည့်အတွက် စိတ်ထဲမှာ သက်သာ သွားသလို ရှိသည်။ ရင်ထဲမှာ ချောင်သွားသလိုရှိသည်။ ရဘက်ကာ။ ကျွန်မ အကျယ်ကြီး အော်ပြောလိုက်မိပါပြီ။

ကျွန်မ၏မျက်နှာပေါ်မှာ ရှက်သွေးဖြာသွားသည်ကို ဂိုဏ်းအုပ်ကြီး၏ ဇနီး မြင်များသွားလေ သလား ဟု တွေးမိပါသည်။ သို့သော်လည်း သူကပြောလက်စစကားကို ဘာမျှမဖြစ်သလို ချောချောမောမော ဆက် ပြောနေပါသည်။ ကျွန်မ ကလည်း သူပြောသည့် စကားများကို စိတ်ဝင်တစားဖြင့် ဆက် နားထောင်နေ မိ သည်။
"ရဘက်ကာကို ရှင် မမြင်ဖူးဘူးနော်..." ဟု သူက မေးသည်။ ကျွန်မက ခေါင်းခါပြသည်။ ခဏကြာ အောင် သူ တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ ဘာပြောရမည်ကို မသေချာသည့်ပုံမျိုး။
"ကျွန်မ တို့နဲ့ လူချင်း ဒါလောက်ရင်းနှီးလှတာတော့ မဟုတ်ပါဘူး။ ဂိုဏ်းအုပ်ကြီးက ဒီကိုပြောင်းလာ တာ လေးနှစ်လောက်ပဲ ရှိသေးတယ်လေ... ဒါပေမဲ့ ဧည့်ခံပွဲကြီးနဲ့ ဥယျာဉ်ပွဲကို ကျွန်မတို့ သွားတော့ ကောင်းကောင်း ဧည့်ခံပြုစုပါတယ်။ အင်မတန်ကို ချစ်စရာကောင်းတဲ့ အမျိုးသမီးပါပဲ။ ဘာမှ အပြစ်ပြော စရာ မရှိဘူး"

"နေရာတကာ မှာလဲ တော်ပုံရပါတယ်"ဟု ကျွန်မက ပြန်ပြောသည်။ သူ့အကြောင်းကို ပြောရသည့်အ တွက် ကျွန်မ ၏စိတ်တွင် အနှောင့်အယှက်မဖြစ်လေဟန် အမှုမဲ့အမှတ်မဲ့ပင် ပြောလိုက်ခြင်းဖြစ်ပါသည်။ လက်အိတ် ကိုလည်း လက်ထဲမှာ ဆော့ကစားနေမိသည်။ "အရာရာမှာလဲ တော်တယ်။ ရုပ်ရည် ကလဲ ချောတယ်။ အားကစားကိုလဲ မြတ်နိုးတယ်ဆိုတဲ့ အမျိုးသမီး ရှားပါတယ်"
"ဟုတ်ပါတယ်... တွေ့ရ ခဲပါတယ်။ သူကတော့ ပါရမီကိုပါလာတာ။

အခုပြောရင်း တောင် ကျွန်မ မျက်စိ ထဲမှာ မြင်ယောင်နေသေးတယ်။ အဝတ်အစား အထူးအဆန်းတွေ ဝတ်ပြီး တက်ရတဲ့ကပွဲကြီးနဲ့ ဧည့်ခံပွဲ ညတုန်းကပေါ့။ လှေကားထိပ်မှာရပ်ပြီး လာသမျှ ဧည့်သည် တွေနဲ့ လက်ဆွဲနှုတ် ဆက်နေ တယ်။ ဆံပင် လှိုင်းတွန့်ကလေးတွေက ပိတုန်းရောင် နက်မှောင်ပြီး တိမ်တိုက်လို လွင့်နေတယ်။ အင်မတန်ဖြူတဲ့ သူ့ အသားနဲ့ သိပ်လိုက်ဖက်တာပဲ။ သူ့ဂါဝန်ကလဲ ဆွတ်ဆွတ်ဖြူပြီး သူနဲ့သိပ်ကို ကြည့်ကောင်းနေတယ်။ ဟုတ်တယ်... အရမ်းကိုချောတဲ့ မိန်းမ"
"အိမ်မှု ကိစ္စတွေ ကိုလဲ သူကိုယ်တိုင်ဦးစီးလုပ်တယ်။ ကျွန်မတော့ စဉ်းစားလို့မရပါဘူးရှင်။ အင်မတန် အချိန်ကုန် တဲ့ အလုပ်ပဲ။ ဒါကြောင့် အိမ်ဖော်တွေလက်ကိုပဲ လွှဲထားလိုက်ရတော့တယ်"
"ဟုတ်တာ ပေါ့ရှင်... ကျွန်မတို့အနေဲ့ အကုန်လုံး ဘယ်လုပ်နိုင်ပါ့မလဲ။

နောက်ပြီး တော့ ရှင့်အသက်က သိပ်ငယ်သေးတယ်။ ဟုတ်တယ်နော်... အချိန်တန်တော့လဲ အသားကျလာမှာပေါ့လေ... နောက်ပြီး  တော့ ရှင့်မှာက ကိုယ်ပိုင်ဝါသနာလေးတစ်ခုလဲ ရှိသေးတယ် မဟုတ်လား.. ရှင်  ပန်းချီဆွဲတယ်လို့ ကျွန်မကို သူများတွေ ပြောဖူးတယ်"
"အို... ဒါလောက်တောင် ပြောပလောက်အောင် မဟုတ်ပါဘူးရှင်"
"အနုပညာ ဗီဇကလေး နည်းနည်းပါးပါးလောက်ရှိရင် ရနိုင်ပါတယ်။ ဒါလဲ လူတိုင်းဆွဲနိုင်ကြတာမှ မဟုတ်တာ။ ဒါကြောင့် ပန်းချီဆွဲတာကိုတော့ မစွန့်လွှတ်လိုက်ပါနဲ့။ ပန်းချီဆွဲလို့ကောင်းတဲ့ အကွက် အကွင်း တွေ မန်ဒါလေ မှာ အများကြီးရှိပါတယ်"

"ဟုတ်ကဲ့... ကျွန်မလဲ ထင်ပါတယ်ရှင်"
သူ့စကား ကို အလိုက်သင့် ပြန်ပြောနေသော်လည်း ကျွန်မ စိတ်ဓာတ်ကျသွားပါလေတော့သည်။ "အနု ပညာဗီဇကလေး နည်းနည်းပါးပါးလောက်ရှိရင် ရနိုင်ပါတယ်"ဟူသော စကားကြောင့် ပန်းချီဆွဲပစ္စည်း များကိုပိုက်ပြီး မန်ဒါလေစံအိမ်ကြီးအတွင်းမှာ ခြေဦးတည့်ရာ လျှောက်သွားနေသည့် ကျွန်မ၏အဖြစ်ကို စိတ်ကူးဖြင့် မြင်ယောင်ကြည့်နေမိပါသည်။
"ရှင် ဘာအားကစား တွေ လုပ်သလဲ... မြင်းစီးသလား၊ အမဲလိုက်သလား"
"အဲဒါမျိုး တွေ တစ်ခုမှ မလုပ်ပါဘူးရှင်... လမ်းလျှောက်ရတာကိုပဲ ကျွန်မ မြတ်နိုးပါတယ်"
"ကမ္ဘာပေါ် မှာ အကောင်းဆုံးလေ့ကျင့်ခန်းပေါ့။ ဂိုဏ်းအုပ်ကြီးနဲ့ ကျွန်မလဲ လိမ်းသိပ်လျှောက်တာ"

သူတို့လင်မယားနှစ်ယောက် လက်ချင်းတွဲကာ ဘုရားရှိခိုးကျောင်းကိုပတ်ပြီး လျှောက်နေရမည့်အဖြစ် ကို မျက်စိထဲမှာ မြင်ယောင်လာပါသည်။ ခွင့်ရက်ရှည်များတွင် မြောက်ပိုင်းဒေသရှိ ပင်နိုင်းတောင်တန်း များသို့ သွားရောက် အနားယူရင်း တစ်နေ့လျှင် မိုင်နှစ်ဆယ်လောက်အထိ သူတို့လင်မယား လမ်း လျှောက် ကြသည့်အကြောင်းများကို ဆက်ပြောပြနေသည်။
သူက စကားရပ်လိုက်သည်။ ကျွန်မက လက်ပတ်နာရီကို ငုံ့ကြည့်သည်။ ဧည့်ခန်းထဲရှိ နံရံကပ်နာရီမှ လေးချက်ထိုးလိုက်သဖြင့် ကိုယ့်နာရီကိုယ် ငုံ့ကြည့်ရန်တော့မလိုပါ။ ထိုင်ရာမှ ကျွန်မ ထလိုက်ပါသည်။
"အခု လို အိမ်မှာ အဆင်သင့်တွေ့ရတာ ဝမ်းသာပါတယ်ရှင်... ကျွန်မတို့ဆီကိုလဲ အားရင် အလည်လာ ခဲ့ပါဦး"

"သိပ်လာလည်ချင်ပါတယ်... ဂိုဏ်းအုပ်ကြီးကတော့ အမြဲတမ်း အလုပ်များနေတာ... ရှင့်ယောက်ျားကို လဲ သတိရကြောင်း ပြောလိုက်ပါနော်။ ကပွဲကြီးတစ်ခုလုပ်ဖို့လဲ ပြောဖြစ်အောင် ပြောလိုက်ပါဦး"
"ဟုတ်ကဲ့... စိတ်ချပါ"
သည်အကြောင်းတွေ အားလုံး ကောင်းစွာသိထားသူလို ကျွန်မက ဟန်ဆောင်လိုက်ရပြန်ပါသည်။ အပြန်လမ်း တွင် ကားထဲက ထိုင်နေကျထောင့်မှာထိုင်ရင် လက်သဲများကို ကိုက်နေမိပါသည်။ မန်ဒါ လေစံအိမ်ကြီး တွင် ကျင်းပသည့် အဝတ်အစားအထူးအဆန်းများဝတ်ပြီး တက်ရသောကပွဲကြီးကို တွေး ကြည့်နေမိသည်။

လူတွေက ကြိတ်ကြိတ်တိုး။ တေးဂီတသံတွေကလည်း တညံညံ။ ရယ်သံမောသံတွေ က ပြည့်လျက်။ ဂိုဏ်းအုပ်ကြီး၏ဇနီးပြောသလို လှေကားထိပ်မှာရပ်ပြီး ဧည့်သည်များနှင့် လက်ဆွဲနှုတ် ဆက်နေသော အဖြူရောင် ဂါဝန်ကြီးနှင့် ရဘက်ကာကိုလည်း မြင်ယောင်လာမိပါသည်။ သူသည် ဘာ ကိုမျှ အရေး မစိုက်။ ဧည့်သည်များအတွက် လိုအပ်သည်များရှိလျှင် အစေခံများကို အမိန့်လှမ်းပေးလိုက် သည်။ မည်မျှ လွယ်လိုက်ပါသနည်း။ ပြီးတော့ အတွဲတစ်ယောက်ယောက်၏ရင်ခွင်ထဲဝင်ကာ တေးသံ နှင့်အတူ အလိုက် သင့် ကနေပေလိမ့်မည်။
"မန်ဒါလေ မှာ ပျော်ပွဲရွှင်ပွဲတွေလုပ်ဖို့ အစီအစဉ်ရှိပါသလား မစ္စက်ဒီဝင်းတား..."

ထိုမေးခွန်းကို ကျွန်မ ပြန်လည်ကြားယောင်လာမိသည်။ အကြံပေး တိုက်တွန်းသည့် မေးခွန်းမျိုးလည်း ဖြစ်သည်။ ပြီးတော့ စပ်စုသည့်မေးခွန်းမျိုးလည်း ဖြစ်နေပြန်သည်။ ထိုမေးခွန်းမေးသူ မှာ ကားရစ်မြို့မှ အမျိုးသမီးတစ်ဦးဖြစ်သည်။ ကျွန်မဆီသို့ လာရောက် လည်ပတ် ရင်း မေးသွားခြင်းဖြစ်သည်။ ထိုမျှမက သေး၊ ကျွန်မကိုလည်း ခြေဆုံးခေါင်းဖျား အပြန်ပြန်အလှန်လှန် ကြည့်ပြီး အကဲခတ်သွားသေးသည်။
ထိုအမျိုးသမီး ကို ကျွန်မ ပြန်မတွေ့ချင်တော့ပါ။ အို… သူ့ကိုသာမဟုတ်၊ ဘယ်သူ့ကိုမှ ကျွန်မ မတွေ့ ချင်တော့ပါ။ မန်ဒါလေကို သူတို့လာကြခြင်းမှာ ကျွန်မတို့၏ အိမ်တွင်းရေးကို စပ်စုချင်သောကြောင့် လာကြခြင်း ဖြစ်ပါသည်။ ကျွန်မ၏ရုပ်၊ ကျွန်မ၏အမူအရာ၊ အနေအထိုင် အပြောအဆို များကို ဝေဖန်လို သောကြောင့် လာကြခြင်းဖြစ်ပါသည်။ မက်ဇင်မ်နှင့် ကျွန်မ၏ ဆက်ဆံရေးကို တစေ့ တစောင်း လေ့လာ အကဲခတ်လိုသောကြောင့် လာကြခြင်းဖြစ်ပါသည်။ ကျွန်မနှင့် စကား စမြည် ပြောဆိုကြပြီးနောက် သူတို့ ပြန်ကြမည်။ ရိုးရိုးပြန်တာမျိုးမဟုတ်။ ကွယ်ရာမှာ ကျွန်မတို့ အတင်း များ ကို ပြောကြပေ လိမ့်မည်။

”ဟိုတုန်းက နဲ့တော့ ကွာပါတော့်.. ” ဟု တစ်ယောက်က ပြောမည်။ တကယ်ကတော့ ကျွန်မကို ရဘက်ကာနှင့် နှိုင်းယှဉ်ကြည့်လိုသောကြောင့် သူတို့ အလည်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အတုံ့ အလှယ် သဘောဖြင့် သူတို့အိမ်များသို့ ကျွန်မ သွားရောက်မလည်လိုတော့ပြီ။ မလည်ဖိုလည်း ကျွန်မ ဆုံးဖြတ်ချက် ချလိုက်ပါသည်။ သည်အကြောင်းမက်ဇင်မ်ကိုလည်း ဖွင့်ပြောပြရတော့မည်။ ကျွန်မကို ရိုင်းစိုင်း သည်။ လူမှုရေးနားမလည်ဟု ပြောလျှင်လည်း ပြောပါစေတော့။ ကျွန်မအကြောင်း အတင်း အဖျင်းပြော ဖို့၊ ဆွေးနွေးဖို့ သူတို့အတွက် အကြောင်းအရာတွေ ပိုရလျှင်လည်း ရပါစေတော့။
ကျွန်မ သည် အောက်တန်းစားအလွှာထဲက မွေးဖွားကြီးပြင်းလာသူ ဖြစ်ကြောင်း သူတို့ ပြောကြမည်။ 
  
 ”အံ့သြစရာ မရှိပါဘူးအေ… သူက ဘာကောင်မမို့လဲ” ဟု ပြောရင်း ဝိုင်းရယ်ချင်လည်း ရယ်နေကြပေ လိမ့်မည်။
တစ်ယောက် က ”ဒီမှာ.. ညည်းတို့မသိသေးဘူးထင်တယ်။ မွန်တီကာလို အပန်းဖြေစခန်းတစ်နေရာမှာ သူ့ကိုတွေ့ပြီး မက်ဇင်မ် က ကောက်ယူလာတာလေ.. ကောင်မက ခြူးတစ်ပြားတောင် ကပ် တဲ့ကောင်မ မဟုတ် ဘူး။ အမေရိကန် အဘွားကြီးတစ်ယောက်ရဲ့ အစေအပါးကောင်မပါ” ဟု ပြောလိမ့်မည်။ သည် အခါ တွင် ကျန်လူတွေက ဝိုင်းရယ်ကြပေလိမ့်မည်။
”တကယ် ကတော့ ဘာမှ အဓိပ္ပါယ်မရှိပါဘူးနော်… သာမာန်မဟုတ်တဲ့ ယောက်ျားတွေဟာ ဘယ်လောက် များ ထူးဆန်းသလဲ။ မက်ဇင်မ်လဲ ဒီအတိုင်းပေါ့။ အင်မတန်ဇီဇာကြောင်တဲ့လူ။ ရဘက်ကာ မရှိတော့တဲ့နောက် သူ ဘယ်လိုများ ဆက်စခန်းသွားမလဲ မသိဘူးနော်.. ”ဟု လည်း ပြော ကြပေလိမ့်မည်။

ကျွန်မ ဘယ်လိုမှ မအောက်မေ့ပါ။ ဂရုစိုက်စရာလည်း မလိုပါ။ သူတို့ကြိုက်ရာ ပြောနိုင်ကြပါသည်။
ဝင်းတံခါးကိုဝင်ရန် အကွေ့တွင် ကျွန်မက ရှေ့သို့ကုန်းပြီး ပန်းခြံထဲက အမျိုးသမီးတစ်ယောက်ကို လှမ်းပြုံးပြသည်။ ခြံဝကအိမ်တွင်နေသော အမျိုးသမီးဖြစ်သည်။ ပန်းခြံထဲမှာ ပန်းခူးနေသည်။ ကားသံ ကြားတော့ သူက မော့ကြည့်သည်။ သို့သော်လည်း ကျွန်မပြုံးပြီး နှုတ်ဆတ်သည်ကို မြင်ပုံမပေါ်ပါ။ ကျွန်မကသာ လက်ယမ်းပြသည်။ သူက ခပ်ကြောင်ကြောင် ငေးကြည့်နေသည်။ ကျွန်မ မည်သူ မည်ဝါ ဖြစ်ကြောင်း လည်း သူ သိပုံမပေါ်ပါ။ နောက်သို့ ကျွန်မ ပြန်မှီချ လိုက်သည်။ မော်တော်ကား က ခြံတွင်းမှ လမ်းကလေးအတိုင်း ဆက်မောင်းလာသည်။

လမ်းချိုးလေးတစ်ခု ကို ကွေ့လိုက်သည်တွင် ကျွန်မတို့ရှေ့ မလှမ်းမကမ်းမှာ လူတစ်ယောက် လမ်းလျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ ကျွန်မတို့၏ မန်နေရျာဖရင့်ခရော်လေ ဖြစ်ပါသည်။ ခရော်လေက ကျွန်မကို မြင်တော့ ဦးထုပ်ချွတ်ပြီး ပြုံးနှုတ်ဆက်သည်။ ကျွန်မကို တွေ့ရသည့်အတွက် သူ ဝမ်းသာသွားပုံရပါသည်။ ကျွန်မက ပြန်ပြုံးပြသည်။
သူ့ကို ကျွန်မ သဘောကျပါသည်။ ဘီယက်ထရစ်ပြောသလို သူ့ကို ထုံးထိုင်းထိုင်းလူ၊ ဘာကိုမှ စိတ် မဝင်စား တတ်သူဟု ကျွန်မ မမြင်ပါ။ ကျွန်မကိုယ်တိုင်က ထုံထိုင်းထိုင်းဖြစ်ပြီး ဘာကိုမှ စိတ်မဝင်စား တတ်သူ မို့လည်း ဖြစ်နိုင်ပါသည်။ ကျွန်မတို့နှစ်ယောက်စလုံး ထုံထိုင်းသူများ ဖြစ်ကြသည်။
ရှေ့ကမှန် ကို လက်နှင့် ခေါက်ပြီး ကားရပ်ဖို့ ဒရိုင်ဘာကို ပြောလိုက်ပါသည်။

”မစ္စတာခရော်လေနဲ့ အတူတူ လမ်းလျှောက်ပြီး လိုက်ခဲ့တော့မယ်”
ကားရပ်သွားတော့ ဖရင့်ခရော်လေက ကျွန်မအတွက် ကားတံခါးကို လာဖွင့်ပေးသည်။
”အိမ်လည်က ပြန်လာပါသလား မစ္စက်ဒီဝင်းတား.. ”ဟု သူက စတင်မေးသည်။
”ဟုတ်ပါတယ် ဖရင့်”ဟု ကျွန်မက ပြန်ပြောသည်။
မက်ဇင်မ် က  သူ့ကို ဖရင့်ဟု ခေါ်သဖြင့် ကျွန်မလည်း ဖရင့်ဟုပင် လိုက်ခေါ်ပါသည်။ သို့သော်လည်း သူကတော့ ကျွန်မကို ”မစ္စက်ဒီဝင်းတား”ဟု သာ အမြဲတမ်းခေါ်ပါသည်။ လူသူကင်းမဲ့သည့် ကျွန်းကလေး တစ်ခုပေါ်မှာ သူနှင့် ကျွန်မ တစ်သက်လုံး လက်ပွန်းတတီးကြီး ပေါင်းသင်းဆက်ဆံကာ စိတ်ရှိလက်ရှိကြီး နေချင်တိုင်း နေပစ်လိုက်တောင်မှ ကျွန်မကို ”မစ္စက်ဒီဝင်းတား”ဟု ခေါ်နေဦးမည့် လူစား မျိုး ဖြစ်သည်။

”ဂိုဏ်အုပ်ကြီးအိမ် သွားလည်တာ… ဒါပေမဲ့ ဂိုဏ်းအုပ်ကြီး အပြင်သွားနေတယ်။ သူ့မိန်းမနဲ့ပဲ တွေ့တယ်။ သူတို့နှစ်ယောက်လဲ လမ်းလျှောက်တာ ဝါသနာပါသတဲ့။ ပင်နိုင်းတောင်တန်းတွေမှာ တစ်နေ့ကို မိုင်နှစ်ဆယ်လောက်တောင် လမ်းလျှောက်လေ့ရှိတယ်လို့ ကျွန်မကို ပြောပြတယ်”
”အဲဒီဒေသ အကြောင်း ကျွန်တော် ကောင်းကောင်းမသိပါဘူး. အင်မတန်နေပျော်တဲ့ အရပ်လို့တော့ ပြောသံကြားဖူးတယ်။ ကျွန်တော့ဦးလေးတစ်ယောက်လဲ အဲဒီမှာသွားပြီး အနားယူလေ့ ရှိတယ်”
ဖရင့်ခရော်လေ သည် သူ၏ဓလေ့အတိုင်း မယုတ်မလွန် မှတ်ချက်မျိုးကိုသာ ပြန်ပြောသည်။

”အင၀တ်အစားတွေ အဆန်းတကြယ်ဝတ်ပြီး ကကြရတဲ့ ကပွဲမျိုးတစ်ခု မန်ဒါလေမှာ ဘယ်တော့လုပ် မလဲဆိုတာ ဂိုဏ်အုပ်ကြီး ရဲ့ မိန်းမက သိချင်နေတယ်” ဟု ကျွန်မက ထိုစကားကို ပြောရင်း မျက်စိ ထောင့်ကပ်ကာ သူ့မျက်နှာကို မသိမသာ လှမ်းအကဲခတ်မိသည်။ ”နောက်ဆုံး ပွဲတစ်ပွဲကို သူ တက်ခဲ့ တယ်တဲ့။ သိပ်သဘောကျတာပဲတဲ့။ အဲဒီပွဲမျိုး ဒီမှာ ကျင်းပလေ့ရှိတယ်ဆိုတာ ကျွန်မ မသိဘူးဖရင့်”
စကားမပြန်ခင် သူ ခပ်ဆိုင်းဆိုင်း လုပ်နေသည်။ အနည်းငယ်လည်း အနေရအထိုင်ရ ခက်သွားပုံရ သည်။ ခဏကြာမှ ပြန်ဖြေသည်။
”သြော်… ဟုတ်ပါတယ်။ မန်ဒါလေကပွဲတွေဟာ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ကျင်းပလေ့ ရှိပါတယ်။ ဒီခရိုင်ထဲမှာရှိတဲ့ လူတွေအားလုံး လာကြပါတယ်။ လန်ဒန်က ဧည့်သည်တွေလဲ အများ ကြီး လာတယ်။ အင်မတန် ကြီးကျယ်တဲ့ပွဲကြီးတွေပေါ့” ”ဒီပွဲမျိုးဖြစ်အောင် စီစဉ်ရတာ လွယ်မှာ မဟုတ်ဘူးနော်”

” ဟုတ်ပါတယ်”
”ကျွန်မ ထင်တယ်.. ဒီပွဲမျိုးဖြစ်အောင် ရဘက်ကာတစ်ယောက်တည်း ဒိုင်ခံ စီစဉ်တာပဲ ထင်တယ်” ကျွန်မက ဘာကိုမှ အလေးမထားသလို အမှုမဲ့ အမှတ်မဲ့ ပြောချလိုက်ပါသည်။
ကျွန်မသည် ရှေ့တူရူရှိ မော်တော်ကားလမ်းကိုသာ စိုက်ကြည့်နေပါသည်။ သို့သော်လည်း ကျွန်မကို သူ လှည့်ကြာ့်လိုက်ကြောင်းကိုမူ သိလိုက်သည်။ ကျွန်မ၏ မျက်နှာအမူအရာကို သူ ကြည့်ချင်ဟန် တူသည်။
”ကျွန်တော်တို့အားလုံး ဝိုင်းပြီး စီစဉ်ကြရပါတယ်”ဟု သူက ခပ်အေးအေး ပြန်ပြောသည်။
သည်စကားကို သူ ပြန်ပြောလိုက်ပုံက ပြောမှားဆိုမှား မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ပြောသည့် ပုံမျိုးဖြစ်နေ သည်။ ပြီးတော့လည်း ရှက်ကိုးရှက်ကန်း အမူအရာပါ ပါနေသည်။ ရှက်တတ်သည့် ကျွန်မ အကျင့် ကိုပင် သတိပြန်ရစေသည်။ ထို့ကြောင့်လည်း ရဘက်ကာနှင့် သူ ချစ်ခဲ့ဖူးလေသလားဟု ရုတ်တရက် တွေးလိုက်မိပါသည်။ သူ့လေသံကလည်း တစ်မျိုး ဖြစ်နေသည်။

”အဲဒီလို ကပွဲမျိုးလုပ်မယ်ဆိုရင် ကျွန်မကတော့ ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူးလေ.. ဘာတစ်ခုမှလဲ ကျွန်မ က စီစဉ်တတ်တာမှ မဟုတ်ဘဲ”
”ခင်ဗျားအနေနဲ့ ဘာမှလုပ်ဖို့ မလိုပါဘူးဗျာ။ ကိုယ်နေတတ်သလို တင့်တင့်တယ်တယ် ကလေး ထိုင်နေရုံ ပါပဲ”
”အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့စကား ကို ရှင်ပြောလိုက်တာပါပဲ ဖရင့်။ ဒါပေမယ့် အဲဒီလောက်ပဲ ကျွန်မ က မတင့်တယ်နိုင်ပါဘူးရှင်”ဟု ကျွန်မက ရယ်သံကလေး စွက်ပြီး ပြန်ပြောပါသည်။
”အဲဒီလို ကပွဲမျိုးမှာ ခင်ဗျား က အတင့်တယ်ဆုံးဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ”

အလွန် ခင်မင်စရာကောင်းတဲ့ ဖရင့်ခရော်လေ။ အခု စကားပြောပုံကို ကြည့်ပါဦး။ ဘယ်လောက်များ ပညာပါလိုက်သလဲ။ ဘယ်လောက်များ ပရိယာယ်ကြွယ်လိုက်သလဲ။ သူ့ကို ကျွန်မ အရမ်းယုံကြည် သွားပါပြီ။ သို့သော်လည်း သူကတော့ ရိပ်မိပုံမပေါ်။
”အဲဒီပွဲမျိုးလုပ်ဖို့ မက်ဇင်မ်ကို ပြောပေးပါလားဟင်”
”ခင်ဗျားကိုယ်တိုင် ပြောတာ ပိုကောင်းတာပေါ့”
”ဟင့်အင်း… ကျွန်မ မပြေချင်ဘူး”
သည်နောက်တော့ ကျွန်မတို့ တိတ်သွားကြသည်။ ဘာစကားမှ မပြောဘဲ မော်တော်ကားလမ်းအတိုင်း ဆက်လျှောက် လာကြသည်။

ယခုဆိုလျှင် ရဘက်ကာ၏နာမည်ကို ကျွန်မ နှုတ်ဖျားမှ ဖွင့်ဟပြောဆိုနေမိပြီ။ ပထမအကြိမ်က ဂိုဏ်အုပ်ကြီး၏ဇနီးနှင့် ဖြစ်ပြီး ဖရင့်ခရော်လေနှင့် ပြောမိလိုက်ချေပြီ။ ရဘက်ကာ၏ အမည်ကို ယခုလို ပြောမိသည့် အတွက် ကျွန်မရင်ထဲမှာ ကျေနပ်နှစ်သိမ့်မှုများ ပေါ်လာသည်။ ခွန်အားများ ရှိလာသည်ဟု ထင်ရသည်။
”ဟိုတလောတုန်း က ပင်လယ်ကမ်းခြေကို ကျွန်မရောက်ခဲ့ပါတယ်။ ကမ်းခြေလဲ ရောက်ရော ဂျက်စ်ပါ ဟာ ရုတ်တရက် ဒေါသကြီးလာတယ်။ လူတစ်ယောက်ကို တအားဟောင်တော့တာပဲ။ အဲဒီလူရဲ့ မျက်လုံး က တစ်မျိုး ပဲလေ။ စိတ်မနှံ့တဲ့လူလိုပဲ” ခဏကြာတော့မှ တိတ်ဆိတ်မှုကို ကျွန်မက စတင် ဖျက် လိုက်သည်။

”ဘင်းကို ပြောနေတာထင်တယ်။ ပင်လယ်ကမ်းခြေမှာပဲ သူ အမြဲနေတယ်။ အင်မတန်ကောင်းတဲ့ လူပါ။ သူ့ကို ကြောက်စရာ မလိုပါဘူး။ ယင်ကလေးတစ်ကောင်ကိုတောင်မှ သတ်တဲ့လူ မဟုတ်ဘူး”
ဖရင့်ခရော်လေ ၏ လေသံသည် အလွန်တရာ တည်ငြိမ်အေးချမ်းနေသည်။
” အို… ကျွန်မ လဲ မကြောက်ပါဘူး”
ထိုမျှပြောပြီး စကားမဆက်သေးဘဲ တေးသွားလေးတစ်ခုကို ခပ်တိုးတိုး ညည်းနေမိသည်။ စိတ်ထဲမှာ ယုံကြည်ချက် များ ရှိလာအောင် အားတင်းသည့်သဘော ဖြစ်ပါသည်။
”အဲဒီမှာ ရှိ တဲ့ တိုက်ပုကလေးတော့ ပျက်စီးတော့မယ် ထင်တယ်”

ကျွန်မက ခပ်ပေါ့ပေါ့ပင် ပြောလိုက်မိပြန်ပါသည်။
”အထဲ ကို ကျွန်မ ဝင်ခဲ့ပါသေးတယ်။ ဂျက်စ်ပါကိုချည်ဖို့ ကြိုးဝင်ရှာတာလေ…. ပန်းကန်တွေက ဂျီး လက်လေးသစ် ဖြစ်နေပြီ။ စာအုပ်တွေလဲ ပျက်စီးစပြုနေပြီ။ ဘာကြောင့် တစ်ခုခု မလုပ်တာလဲ ဟင် နှမျောစရာ…”
သူ ချက်ချင်းပြန်ဖြေမည်မဟုတ်ကြောင်း ကျွန်မသိပါသည်။ ခါးကုန်းပြဓီး သူ့ဖိနပ်ကြိုးကို ပြင်ချည်နေ သည်။ ကျွန်မ က ချုံတစ်ခုမှ သစ်ရွက်တစ်ရွက်ကို ခူးပြီး ကြည့်နေဟန် ဆောင်လိုက်သည်။

ဆက်ရန်
.

No comments: