Tuesday, May 15, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁၆)

ကလေးမလိုချင်တာ၊ ယောက်ျား မယူချင်တာကလည်း အနှောင်အဖွဲ့တွေ မထားချင်လို့တဲ့လေ။ သူ့ အကြောင်း စဉ်းစားရင်း တော်တော်နှင့် အိပ်မပျော်နိုင်ပဲ မျက်စိတွေကြောင်နေ၏။
နွေရာသီ အချစ်ဇာတ်လမ်းတိုလေးတစ်ခုပြီးများသွားလေပြီလား။ ပျော်ခဲ့ကြသည်မှန်သော်လည်း လက်ရှိ အခြေအနေ တွင် မပျော်နိုင်ကြတော့ပြီ။
မိဂန်သည် မိမိအား စိတ်ရှည်လက်ရှည် စောင့်နေမည့် မိန်းကလေး မဟုတ်ကြောင်း ကို လည်း အော်လီဗာ သိ နေ၏။ ကလေးတွေကလည်း မီဂန်ကို ဘယ်နည်းနှင့်မျှ လက်ခံကြမည် မဟုတ်။
အင်း … မလွယ်လှသည့် အဖြစ်ပါလား။
ကို ဆက်ဖတ်ရန်.............

အခန်း (၁၈)

အလုပ်သမားနေ့ ရုံးပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေဆက်သွားသည်။ သည်တစ်ခေါက် ပါချေ့စ်အိမ်သို့ ပြန်ရ သည် မှာ အမှတ်ထင်ထင် ပျော်ရွှင်စရာကောင်းလှသည်။
ရေကူးကန် နံဘေးတွင် ကောင်လုံးကင်ပွဲ လုပ်ကြသည်။ ကလေးတွေက ခါတိုင်းလိုပင် သူတို့ သူငယ်ချင်း တွေကို ဖိတ်ကွေးသည်။ ဖေဖေနှင့် မာဂရက်တို့လည်း လာကြသည်။ စားစရာ မုန့်မျိုးစုံ ယူလာ၏။ အင်ဒီကို ပြန်ခေါ်လာပေးသည်။
အော်လီ က အားလုံးအတွက် ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ဖခင်လုပ်သူအား လှိုက်လှဲစွာ ကြိုဆိုရင်း ပြော သည်။ ပြီးတော့ မင်္ဂလာသတင်းကို ကြေညာဖို့ အော်လီဗာက အဖေ့ အနားကပ်ပြီး ပြောလိုက်သည်။

ပထမ ကလေးတွေကြောင်သွားသည်။ မယုံနိုင်သည့် မျက်လုံးများဖြင့် အဖေ့ကို လှမ်းကြည့်ကြသည်။ အဖေ့ အမူအယာကိုကြည့်ပြီးမှ သူတို့ ယုံသွားကြသည်။ ခဏနေတော့ ဒက်ဖနီလည်း ရောက်လာသည်။ မီဂန် တစ်ယောက်သာ ရောက်မလာဘဲ ပျောက်နေသည်။ ဟင်မတန်အရှေ့ပိုင်းကို ထွက်သွား သည်တဲ့။ အော်လီ ဗာစိတ်ထဲ စနိုးစနောင့်ဖြစ်သွားသည်။
မီဂန်သည် ကလေးတွေ၊ ခွေးတွေကို ချစ်တတ်သူမဟ်ုတ်။ ကောင်လုံးကင်ပွဲကိုလည်း စိတ်မ၀င်စား။ မိမိ အတွက် သူများတွေ စိတ်အနှောင့်အယှက် မဖြစ်စေချင်သဖြင့် ရှောင်သွားခြင်းဖြစ်သည်။
တစ်ပတ် လုံးလုံး သူတို့နှစ်ယောက် မတွေ့ဖြစ်ကြ။ အော်လီဗာက မတွေ့ဘဲ မနေနိုင်အောင် ဖြစ်နေသော် လည်း မီဂန်က အချိန်မပေးနိုင်ဘဲဖြစ်နေ၏။ အလုပ်တွေ ပိနေ၍ အိမ်ပြန်နောက်ကျသည်တဲ့လေ၊ အလုပ် ကတော့ မိမိ ကိုယ်တိုင်လည်း များနေတာပါပဲ။

ကောင်လုံးကင်ပွဲ ကို ဘင်ဂျမင်နှင့် ဆန္ဒရားလည်း လာကြသည်။ ဆန္ဓရာကို သည် တစ်ကြိမ် တွေ့ရသည်မှာ သနားစရာကောင်းလှသည်။ မျက်နှာတွေအမ်းကာ လမ်းကို အနိုင်နိုင်လျှောက်နေ ရ သည်။ တစ်ချိန်က မိန်းမ ချောကလေး တစ်ယောက်ဖြစ်ခဲ့ဖူးသည် ဆိုသည်မှာ မယုံနိုင် စရာပင်။
အလုပ်နှစ်ခု ကို တစ်ပြိုင်တည်း လုပ်နေရသည့်ဘင်ဂျမင်ကမူ ဖျော့တော့ပိန်လှီနေ၏။ သို့သော် ဆန္ဒရာက ဂျီ တိုက်မြဲ ဘာမှ အလိုကျသည်မရှိ။ တစ်ခါတစ်ခါ ဘင်ဂျမင်တစ်ယောက် ရူးချင်လောက်အောင် စိတ်ညစ် ရ သည်။

မယ်လီဆာ က ဆန္ဒရာကို အိမ်ထဲမှာ နားနားနေနေ လှဲနေဖို့ ခေါ်ဝင်သွားသည်။ အော်လီဗာက ဘင်ဂျမင် ကို ဘီယာတစ်ဘူး ကမ်းပေးလိုက်ရင်း အကဲခတ်လိုက်သည်။ အလူးအလဲ ခံနေရသည်မှာ ထင်ရှားနေ၏။
" အခြေအနေ ဘယ်လိုလဲသား "
" ကောင်းပါတယ်၊ ဓာတ်ဆီဆိုင်က ပိတ်တော့မယ်ဆိုလို့ အခြားအလုပ်တစ်ခု ရှာနေတယ်၊ ရမှာပါ၊ မွေးဖွားပြီးရင် ဆန္ဒရာက သူလဲအလုပ်လုပ်မယ်တဲ့ "
မျှော်လင့်ချက်တွေ ရှိသေးသယောင်ယောင် ပြောနေသော်လည်း ဘင်ဂျမင် အကြီးအကျယ် စိတ်ဓာတ် ကျနေပြီ။ မည်သူ စိတ်ဓာတ်မကျဘဲ ရှိပါမည်လည်း၊ ဆယ့်ရှစ်နှစ်သားအရွယ်နှင့် ကလေးအဖေဖြစ်ဖို့ ရက်ပိုင်းသာလိုတော့သည့်ဘ၀။ ဆယ့်ခုနှစ်နှစ်သမီး ဇနီးကို အလုပ်နှစ်ခုလုပ်ပြီး ရှာကျွေး နေရသည့်ဘ၀။
" မင်း ဆက်ပြီး ခေါင်းမာနေဦး မှာလား ဘင်ဂျမင်၊ ပင်ပမ်းလို့ လဲမသေခင် အဖေကူညီတာကို လက်ခံပါ လား"
ဘင်ဂျမင် ပြုံးသည်။ ထိုအခါ လူကြီးပေါက်စ ကလေးနှင့်တူသွားသည်။ သူ့တွင် ဘ၀အတွေ့အကြုံတွေ တစ်ပုံကြီး ရလိုက်ပြီးဖြစ်၏။ အဖေလုပ်သူ၏ရင်ထဲတွင် နင့်နေအောင် နာသွားသည်။

" ရပါတယ်ဖေဖေ၊ ကြည့်သေးတာပေါ့၊ ကလေးမွေးပြီးရင် အားလုံးအဆင်ပြေသွားမှာပါ "
" ကလေးမွေးပြီး ရင် ပိုဆိုးမှာပေါ့ "
" ဟုတ်ကဲ့။ ကျွန်တော်သိပါတယ်၊ ဒါကြောင့် ကလေးမွေးဖွားပုံ၊ ပြုစုပုံတွေ ကျွန်တော် သင်တန်းတက်နေ တယ်လေ၊ ဆန္ဒရာမွေး ရင် ကျွန်တော် ကိုယ်တိုင် မွေးခန်းထဲ ၀င်ကူမယ် "
သူ့ ဇွဲမာန် ကို မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်သွားသည်။ သို့သော် အဖေတစ်ယောက် အနေနှင့် စိတ်မပျက် ဘဲ မနေနိုင်ပါ။
" အကူအညီ လိုရင် ဖေဖေ့ကို ပြောနော် "
" ဟုတ်ကဲ့ … ပြောပါ့မယ် "
" တကယ်နော် "
ဘင်ဂျမင် ပြုံးပြန်သည်။ ရင့်ကျက်တည်ငြိမ်သော အပြုံးမျိုး။

" တကယ်ပါဖေဖေ။ ကျွန်တော် ပြောပါ့မယ် "
သားအဖနှစ်ယောက် အခြားဧည့်သည်များဆီသို့ လျှောက်လာခဲ့ကြသည်။ ပြီးတော့ ဘိုးဘိုး ဂျော့ဝတ်ဆင် ၏ မင်္ဂလာ အခမ်းအနားကိစ္စ ဆွေးနွေးကြသည်။ ဘင်ဂျမင်က လာဖြစ်အောင် လာပါမည်ဟု ကတိပေး သည်။ အော်လီဗာက သတို့သားကို သတို့သမီးလက်သို့ အပ်သည့် အခမ်းအနားကို တာဝန် ယူရမည်။
ဒက်ဖနီက သူတို့မိသားစုကို ကြည့်ပြီး ပျော်နေသည်။ ရှင်းသွားမှ အော်လီဗာကို ကပ်မေးသည်။ မီးပန်နှင့် ပြဿနာပေါ်နေသလား၊ ဘာကြောင့်မလာသလဲ ဟူသည့်မေးခွန်း။ အော်လီဗာက ပခုံးတွန့်ပြီး ဘာမှ မသိ ကြောင်းဖြေသည်။

" လွန်ခဲ့တဲ့တစ်ပတ်က ကလေးတွေနဲ့ တွေ့ဖို့လိုက်လာတယ်လေ၊ သိပ်အဆင်မပြေပါဘူးကွာ၊ စရိုက်ချင်း မတူကြ ဘူးလေ "
" သူက မိခင်စိတ်ရှိတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးလေ၊ ဒါကြောင့်လည်း အော်လီဗာနဲ့ တွဲဖြစ်တာ ဖြစ်ချင်ဖြစ် မှာပေါ့ "
အော်လီဗာ ရယ် နေသည်။
" မင်း ပြောတာဖြစ်နိုင်ပါတယ် ဒက်ဖနီ "
" အော်လီဗာကို ဥခွံထဲက ထွက်လာအောင်လုပ်ပေးနိုင်တဲ့အတွက် သူ့ ကိုတော့ ကျေးဇူးတင်ဖို့ကောင်းတာ ပေါ့၊ အော်လီဗာတို့ အဖေအတွက်လဲ စိတ်ချရပြီပေါ့နော် "
" အင်း … သားက ကလေးရတော့မယ်၊ အဖေက မိန်းမရတော့မယ်၊ ကိုယ်ကတော့ ဘုန်းမောင် တစ်ယောက်တည်း ရယ်ပေါ့ ဒက်ဖနီ "
" အချိန်တွေ အများကြီး ကျန်ပါသေးတယ် အော်လီဗာရယ် "

အော်လီဗာသည် ဘာကိုမှ အလောတကြီးလုပ်တတ်သူမဟုတ်။ မီဂန်နှင့် ဇာတ်လမ်းဆုံးသွားခြင်းကြောင့် ကမ္ဘာ့အစွန်အဖျား သို့ ရောက်သွားမည်မဟုတ်။ ကွာရှင်းပြတ်စဲသည့် ကိစ္စပင်မပြီးသေး။ ထို့ကြောင့် နောက် အိမ်ထောင်ပြုဖို့ ပေါ်လာစရာအကြောင်းမရှိ။ ကလေးတွေကိစ္စ။ မိမိအလုပ်ကိစ္စတွေ အများကြီး လုပ်စရာရှိ သေးသည်။ ကျန်တာတွေ မစဉ်းစားဘဲ ထားနိုင်သေးသည်။
ညမိုးချုပ်သည် အထိ ဒက်ဖနီနှင့် ရေကူးကြသည်။ ကလေးတွေက သီချင်းဆိုနေကြသည်။ ဂျော့တို့ စုံတွဲရော၊ ဘင်ဂျမင်တို့ရော ပြန်သွားကြပြီ။ ဘင်ဂျမင်က ညအလုပ်ဝင်ရဦးမည်တဲ့လေ။
အက်နက် ကို အော်လီဗာနှင့် ဒက်ဖနီက ၀ိုင်းသိမ်းပေးသည်။ သိမ်းဆည်းနေရင်း မနှစ် က နွေရာသီကို ပြေး သတိရလိုက်သေး၏။ သို့သော် အလွန်အမင်း လွမ်းဆွတ်တတ်းတခြင်းမဖြစ်မိတော့။
နယူးယောက် ကို ပြန်ရောက်သည့် ညတွင်ပင် မီဂန်အခန်းသို့ လာခဲ့သည်။ တစ်ပတ်ခွဲနေခဲ့ကြရ၍ အတိုး ချပြီး ချစ်ကြ၏။ ပြီးမှ စကားတွေ ပြောဖြစ်ကြသည်။ ဟင်မမကန်တောင်ပိုင်းကို အချစ်ဟောင်းနှင့် သွားခဲ့ခြင်းဖြစ်ကြောင်း မီဂန်က၀န်ခံသည်။

" တို့ ဇာတ်သိမ်းခန်း ရောက်ပြီလား "
" အဲဒီလို လဲ မဟုတ်ပါဘူး "
အိပ်ယာပေါ်တွင် ခြေပစ်လက်ပစ်လှဲရင်း …
" အစ်ကို့ ကို တွေ့တဲ့အခါတိုင်း မီဂန်ပျော်ပါတယ်၊ ဒါပေမယ့် အစ်ကို့ကလေးတွေကိုတော့ အမေလို မဆက်ဆံနိုင် ဘူး။ အဲဒီလို နေစေချင်တာမဟုတ်လား။ သူတို့ပြန်ရောက်လာကတည်းက အစ်ကို တစ်မျိုးဖြစ် သွားတယ်နော်။
ထုံစံ အတိုင်း မီဂန်သည် အပေါ်ယံကလေးရှပ်ပြီး တွေးသည်။ ဘာမှအလေးအနက်ဟန်မရှိ။ အတူတူ အိပ်ဖို့ ကလွဲပြီး အခြားဆန္ဒမရှိပါ။ ဒါကိုပင် အော်လီဗာ ပထမပိုင်းတွင် သဘောကျနေခဲ့၏။ သို့သော် ဒါလောက်နှင့် မလုံလောက်ကြောင်း တဖြည်းဖြည်း သိလာသည်။

မိမိမှ လွဲပြီး အခြားတစ်ယောက်နှင့်တွဲကာ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးမဖြစ်စေလို။ ပြီးတော့လည်း ကလေးတွေ နှင့်ဝေးကွာသည့် အဖြစ်မျိုး အရောက်မခံနိုင်။ သားသမီးကို နားမလည်သည့် ချစ်သူမျိုး၊ သားသမီးတွေက လက်မခံသည့် ချစ်သူမျိုးနှင့် လက်တွဲဖို့ကတော့ အလွန် ခက်ပေလိမ့်မြယ်။
မီဂန်က ဘာမှကြိုးစားလိမ့်မည် မဟုတ်သည်ကတော့ရှင်းနေပြီး။ သူ့ပင်ကိုယ်နိုက်က ဘယ်သူနှင့် မှ နှောင် နှောင်မနေချင်ပါဟု ကြေညာထားပြီး မဟုတ်လား။ သည်နောက် မီဂန် ဘယ်တော့မှ ဘယ်သူ့ကိုမှ ဒူးထောက်လိမ့်မည်မဟုတ်ပါ။ အနိုင်ယူမည်သာဖြစ်၏။ သို့သော် သည်တစ်တွင်တော့ အရှုံးပေါ်သော အနိုင်ယူခြင်းမျိုးဖြစ်နေသည်လားမသိ။

ဒီလို အခြေအနေမျိုး၊ ဖြစ်လာတာ ကိုယ်စိတ်မကောင်းဘူး မီဂန် "
အ၀တ်အစားတွေ ပြန်ဝတ်နေရင်း စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။ ခါတိုင်းလို အ၀တ်ပြန် ၀တ်ခြင်း ကို မီဂန်ဆွဲလားလွဲလားနှင့် မကန့်ကွက်တော့။
" ဒီလိုပဲ ဖြစ်လာရမှာပဲလေ၊ အစကတည်းက အကို့ကို မီဂန်ပြောပါတယ်၊ အစ်ကို့ဘ၀မှာ မီဂန်လို မိန်းကလေး မလိုအပ်ပါဘူးလို့၊ မီဂန်ထက် အများကြီးသာတဲ့၊ ဆရာထက် အများသာတဲ့၊ လင့်ဝတ္တရားအား လုံး ကို ဦးထိပ်ထားတဲ့ မိန်းကလေးမျိုးကို အစ်ကိုရသင့်ပါတယ် "
" မင်းကကော၊ ဒါထက်ပိုပြီး ဘာလို့မရယူတာလဲဟင် "
" မွေးကတည်းက ဒီအတိုင်းမွေးလာလို့ ဖြစ်မှာပေါ့ အစ်ကိုပြောတဲ့ ပုံစံမျိုးက ပရီစီလာလေ၊ မီဂန်က ဘယ်တုန်း ကမှ သူနဲ့ မတူခဲ့ဘူး။ အသက်နဲ့၊ အချစ်နဲ့ လဲပြီး ဘ၀ကိုလဲ ပုံမပေးနိုင်ဘူး။ ဘ၀ ကို ပျော်ပျော်ပဲ နေသွားချင်တယ်၊ ဘာတာဝန်မှ မယူချင်ဘူး၊ ရှင်းရှင်းလေးပါ၊ ရှင်းပါတယ်နော် "

ရှင်းပါသည်။ မီဂန်သည် ပစ္စုပ္ပန် ၀ါဒီ စစ်စစ်တစ်ဦးပေပဲ။ မိမိအနေဖြင့် သူ့ လိုမကျင့်သုံးနိုင်ပါ။ အ၀တ် အစား အပြည့်အစုံ ၀တ်ပြီးပြီ။ အခန်းထဲတွင် မတ်တတ် ရပ်ရပ် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သဘောပေါက် လိုက်၏။
" ကိုယ်ဘယ်လိုနှုတ်ဆက်ရမလဲဟင်၊ ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလား "
" စိတ်မကောင်းခြင်းများစွာဖြင့် ပြောရသော စကားလုံးများ။
" သွားဦးမယ်နော် " လို့လဲပြောလို့ရတာပဲ။
" တွေ့သေးတာပေါ့နော် "လို့လဲ ပြောလို့ရတာပဲ။
" ပျော်စရာကောင်းတဲ့ အချိန်ကလေးတွေအတွက် ကျေးဇူးတင်ပါတယ်ကွယ် " လို့လဲ ပြောလို့ရပါတယ်။

" အဲဒါတွေ အားလုံးထက်ပိုပြီး ကျေးဇူးတင်ပါတယ် မီဂန်၊ ကိုယ့်ဘ၀မှာ အထူးခြား ဆုံး တစ်ယောက်အဖြစ်နဲပလဲ ထပ်ပြီး ကျေးဇူးတင်ပါရစေဦး၊ မင်းဘ၀ တည်ငြိမ်ပြီး အနည်ထိုင် လာတဲ့ တစ်နေ့ကို မကြာခင် ရောက်ပါစေလို့လဲ ကိုယ်ဆုတောင်းပါတယ် မီဂန် "
" အဲဒီ အတွက်တော့ မမျှော်လင့်ပါနဲ့ အစ်ကို "
သူ့နှုတ်ခမ်းကို မီဂန်က ခပ်ဖွဖွနမ်းပြီး နှုတ်ဆက်ရင်း ဓာတ်လှေကားဆီသို့ လိုက်ပို့သည်။ ဓာတ်လှေကား မပိတ် မှီနောက်ဆုံးမြင်ကွင်းကို အော်လီဗာ သေသေချာချာ ကြည့်လိုက်သည်။ အဖြူရောင် ကီမိုနို ၀တ်စုံနှင့် ဆင်စွယ်ရောင် မျက်နှာဝန်းကျင်တွင် ဆံပင်တွေ ၀ဲကျလျက် ပြုံးပြုံးကလေးနှုတ်ဆက်သည်။
" အောက်မေ့နေဦး မှာပါ မီဂန် "အိမ်ကို လျှောက်ပြန်လာရင်း သူ့အကြောင်း စဉ်းစားလာသည်။ သူ့အတွက် ယူကြုံးမရ ဖြစ်မိ၏။ ဘ၀ကို တန်ဖိုးမထားဘဲ ပစ္စလက်ခတ် လုပ်ပစ်နေခြင်း ကို နှမြောမိခြင်းဖြစ်၏။
မီဂန် သည် မိုးထိတိုက်ကြီး၏ အပေါ်ဆုံးထပ် လေသာဆောင်မှ မှုံဝါးဝါး မြေပြင်မြင်ကွင်းကို ငုံ့ကြည့်နေ သည်။ သူဟုထင်ရသည့် ရွေ့လျားနေသော အရိပ်တစ်ခုကို တစ်ယောက်တည်း တိတ်တိတ်ကလေး လက်ပြနေ သည်။

ပြီးမှ ဧည့်ခန်းထဲ ပြန်ဝင်လာပြီး သီချင်းတစ်ပုဒ် ဖွင့်လိုက်သည်။ သူချန်ထားခဲ့သည့် ဘရန်ဒီခွက် ကို မော့လိုက်သည်။ ဆိုဖာပေါ်တွင်ထိုင်ရင်း မိမိ ကိုယ်ပေါ်တွင် ထင်ကျန်ဆဲဟု ခံစားရသည့် သူထွေးပိုက် ချော့မြူခဲ့သည့် နေရာများကို သတိရနေသည်။
တဒင်္ဂမျှ ဖြစ်ပါ၏။ ခဏကြာတော့ သူနှင့်သူ့အရင် တစ်ယောက်ကို ယှဉ်ကြည့်ပြီး ပြုံးမိသည်။ အင်း … အော်လီဗာ … အော်လီဗာ၊ အစ်ကိုဟာ လူကောင်းတစ်ယောက်နော်။
အိပ်ခန်း ဆီသို့ လျှောက်သွားသည်။ လုပ်စရာအလုပ်တွေက အပုံအပင်။ မနက်ဖြန် စာအုပ်တစ်အုပ် အပြီးသတ် တည်ဖြတ်ရမည်။ အတိတ်ကို လွမ်းမောနေချိန် မီဂန်တွင် မရှိပါချေ။ ပရိဘောဂ အဟောင်း တစ်ခု ကို ရောင်းပစ်ဖို့ ကိစ္စလောက်သာ သဘောထားပြီး အချစ်တစ်ကဏ္ဍကို နိဂုံးသတ် လိုက်၏။
မျက်ရည်တစ်ပေါက်မျှမကျ၊ တစ်ချက်မျှမရှိုက် သွားတိုက်၊ ရေမိုးချိုးပြီး မီးပိတ်အိပ်လိုက်သည်။
ဤသို့ဖြင့် အော်လီဗာ ၀တ်ဆင်သည် မိမိဘ၀ထဲမှ အပြင်သို့ ရောက်သွားလေသည်။

အခန်း (၁၉)

ဂျော့ဝတ်ဆင်နှင့် မာဂရက်ပေါ်တာတို့၏ လက်ထပ်မင်္ဂလာပွဲမှာ ထိုက်ထိုက်တန်တန်နှင့် စံနစ်တကျ ပြီးဆုံး သွားသည်။ ရိုးရိုးကလေးနှင့် နူးညံ့သိမ်မွေ့စွာ ပြီးဆုံးသွားခြင်းမျိုး။ သတို့သမီးနှင့် သတို့သား လက်ထပ် မင်္ဂလာပဋိညဉ်ရွတ်ဆိုတော့ ဒက်ဖနီမျက်ဝန်းအစုံတွင် မျက်ရည်တွေ ဥနေသည်။ မင်္ဂလာဆောင် သွားတိုင်း ဒက်ဖနီဖြစ်နေကျလေ။ မိမိမရနိုင်သည့်ဘ၀ကို ရယူသွားကြသူများအား ကြည့်ပြီး ကြည်နူးခြင်းဖြစ်နိုင်ပါ သည်။
သည်မင်္ဂလာပွဲ ကတော့ ရင်ထဲတွင် ပို၍ ဆွတ်ဆွတ်ပျံ့ပျံ့ခံစားရသည်။ သတို့သမီး က ချောကလက်နုရောင်  ကွက်ဖောက်ဇာအင်္ကျီကို ရိုးရိုးကလေးဝတ်ဆင်ထားသည်။ လက်ထဲတွင် အင်္ကျီနှင့် တစ်ရောင်တည်း သစ်ခွ ပန်းစီးတို့ ကိုင်လျက်။ အော်လီဗာ လက်ဆောင်ဝယ်ပေးသည့် ဦးထုပ် လှလှကလေးကို ဆောင်းထား၏။

မြေးတွေ၏ နောက်တွင် တန်းစီရပ်နေစဉ် တီးဝိုင်းမှ စတင်ဖျော်ဖြေသည့် သတို့သား ဘိုးဘိုးနှင့် သတို့သမီး ဘွားဘွားတို့ မျက်လုံးအိမ်များတွင် မျက်ရည်တွေ စိုစွတ်လျက်။
ဘုရားကျောင်းတွင် အခမ်းအနားကို တတ်နိုင်သမျှ အကျဉ်းရုံးပြီး အဆုံးသတ်လိုက်ကြသည်။ ပြီးလျှင် ပါချေ့စ်အိမ်တွင် ဧည့်ခံပွဲကလေးတစ်ခု လုပ်ပေးသည်။ အဖေ့အတွက် အော်လီဗာ စီစဉ်ပေးခြင်းဖြစ်၏။ အရင်းနှီးဆုံးမိတ်ဆွေ အချို့ပဲ ဖိတ်သည်။

သတင်းကြားကြားချင်း အားလုံး အံ့အားသင့်သွားကြ၏။ သို့သော် ဧည့်ခံပွဲကို ရောက်တော့မှ ဧည့်သည် အားလုံး ကြည်နူးမှု အပြုံးများ ဖျာဝေနေသည့် မင်္ဂလာမောင်မယ်ကို ကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြစ်နေ ကြ၏။
စက်တင်ဘာ ညနေခင်းဖြစ်၍ ရာသီဥတုမှာ သာတောင့်သာယာရှိနေသည်။ သတို့သားနှင့် သတို့သမီးနှစ် ယောက် တည်း ညနေ ငါးနာရီတွင် နယူးယောက်သို့ တက်သွားကြသည်။ ပလာဇာ ဟိုတယ် တွင် ညအိပ်ပြီး မနက်ဖြန်ဆန်ဖရန်စ္စကိုသို့ မင်္ဂလာခရီးနှစ်ပတ်ထွက်ကြမည်။ မာဂရက် အမျိုးများ ရှိရာသို့ ဆွေပြမျိုးပြခရီး အဖြစ် တမင်ရွေးသွားခြင်းဖြစ်သည်။ ကြာကြာလည်း မနေနိုင်ကြ။ မာဂရက် က ဂျော့၏နှလုံးရောဂါကို စိတ် ပူသည်။ ကုနေကျဆရာဝန်နှင့် ဝေးဝေးမှာ ကြာကြာ မနေချင်၊ ဂျော့ကမူ ကြင်နာနုနယ်သည့် မာဂရက်၏ လက်ချောင်းကလေးများဖြင့် တိုက်ကျွေး သည့် ဆေး ကိုသောက်နေရလျှင် ဘာရောဂါကိုမှ မမှုပြီ။

သူတို့ ဇနီးမောင်နှံ ပါချေ့စ် အိမ်မှ အထွက်တွင် ဧည့်သည်များက နှင်းဆီပွင့်ဖက်များဖြင့် ကြဲပက်ကြသေး သည်။ အဘိုးနှင့် အဘွား တို့မှာ ပျော်တပြုံးပြုံးဖြစ်နေကြ၏။
ဧည့်ခန်းတွင် ပြန်ထိုင်ကြတော့ ဒက်ဖနီက စိတ်လှုပ်ရှားစွာဖြင့် စားမြုံ့ပြန်သည်။
" သိပ် ကို ကြည်နူးစရာကောင်းတဲ့ ပွဲကလေးပဲ၊ ဒါလောက် တစ်ခါမှ ဒက်ဖနီမပျော်ဖူးဘူး၊ အင်း … ဒက်ဖနီ လဲ အဲဒီအရွယ်ကျမှ လက်ထပ်ဖြစ်မလား၊ မသိဘူး "
အော်လီဗာ က ခေါင်းရမ်းပြီး ရယ်ရင်း …
" ကိုယ့်ကိုလဲ ဖိတ်နော် "
မီဂန်နှင့် ဇာတ်လမ်းတစ်ခန်းရပ်သွားပြီဖြစ်ကြောင်း သူ့ကို ပြောပြပြီးဖြစ်သည်။ ဒက်ဖနီ မအံ့သြပါ။ သို့သော် အော်လီ့အတွက်တော့ စိတ်မကောင်းဖြစ်သွား၏။ ပြီးခဲ့သည့် နှစလလုံးလုံး သူပျော်နေသည်လေ။ ခုလဲ ပျော် ပါတယ် ပြောပေ မဲ့ သူ့ရင်ထဲမှ ဖော်မဲ့ တေးသံကို ဒက်ဖနီ ကြားနေရသည်။

" ငကန်းသေရင် ငစွေလာလိမ့်မပေါ့ "
" တော်ပါပြီ ဒက်ဖနီရယ်၊ ဒဏ်ရာတွေကုပါရစေဦး "
နောက် တစ်ယောက်နှင့်တွေ့ဖို့ အော်လီဗာ ကြောက်နေပါပြီ။ မီဂန်နှင့် နေခဲ့သည့် ကာလကို ပြန်စဉ်းစား ကြည့်သည်။ ကြာရှည် သာဆိုလျှင် ခံနိုင်မည်မဟုတ်။ ရိုးရိုးသားသား၊ နူးနူးညံ့ညံ့ကလေးနှင့် ဆိုလျှင်တော့ တစ်မျိုးပေါ့လေ။

ထိုည တွင် ဒက်ဖနီကို ဘူတာရုံသို့ ကားနှင့်ပို့ပေးရသည်။ သူ့ငနဲကြီးနှင့်သည်ည အတူတူအိပ်မည်တဲ့။ သူ့ အမျိုးသမီး ခရီးထွက်သွားသဖြင့် ရက်ပိုရလိုက်တာတဲ့လေ။
" တော်တော်ကံကောင်းတဲ့ ခွေးသားကြီး "
အော်လီဗာ သည်လိုပြောတိုင်း ဒက်ဖနီ ရယ်နေတတ်သည်။ ချစ်သူဆီက ဘာဆိုဘာမှ မမျှော်လင့်ဘဲ အချစ် တစ်ခုတည်းကိုသာ ကိုးကွယ်တတ်သည့် ဒက်ဖနီ။ သူ့ကို ချစ်နေသဖြင့် သူထားသလိုနေမည့် ဒက်ဖနီ။ ထို့ကြောင့် သူနှင့် ထိုက်တန်သည့် ချစ်သူရှာဖို့ကိစ္စကို အော်လီဗာ နောက်ထပ် မတိုက် တွန်းတော့ ပေ။

ထိုညတွင် မယ်လီဆာနှင့် ဧည့်ခန်းထဲတွင် ထိုင်ပြီး ဘိုးဘိုးတို့ မင်္ဂလာဆောင်အကြောင်း ထိုင်ပြောကြ သည်။ ထိုစဉ် တယ်လီဖုန်းမြည်လာသည်။ မယ်လီဆာက သူ့သူငယ်ချင်း တစ်ယောက်ယောက် ဆက်သည် ထင်၍ သွားကိုင်သည်။
ဘင်ဂျမင်ဖြစ်နေ ၍ မယ်လီဆာ အံ့သြသွားသည်။ အဖေနှင့် စကားပြောချင်သည်ဆို၍ ဘာမှ မမေးတော့ ဘဲ ဖေဖေ့ကို တယ်လီဖုန်းကမ်းပေးလိုက်သည်။ အဖေ့ပါးကို နမ်းပြီး နှုတ်ဆက်ခါ မယ်လီဆာ အခန်းထဲမှ ထွက် သွားသည်။
" မနက်ဖြန်မှ တွေ့မယ်နော်၊ အိပ်ရေးဝအောင်အိပ်လိုက်ကြားလား "
အော်လီဗာက မယ်လီဆာကို အခန်းထဲမှ အထွက်တွင် လှမ်းပြောလိုက်သည်။

" သားဘာဖြစ်လို့လဲ၊ ဖေဖေ ပြောနေတယ် "
တစ်ခုခု ဖြစ်နေပုံရသည်။ နေ့ခင်းကမှ မင်္ဂလာဆောင်ကို လာသေးသည်လေ။ ဆန္ဒရာတော့ပါမလာ။ နေ မကောင်းချင် သလို ဖြစ်၍ ခေါ်မလာဟုဆို၏။
" အဲလို ဖေဖေ၊ ဆန္ဒရာ ဆေးရုံရောက်နေပြီ ဖေဖေ၊ မွေးခန်းထဲမှာ ရှစ်နာရီ ကတည်းက ဆေးရုံရောက်နေတာ"
" အခြေအနေ အားလုံးကောင်းတယ် မဟုတ်လား "
သူ တို့ မောင်နှမတွေ မွေးစဉ်ကာလတွေကို ပြန်သတိရသည်။ အလွန်စိတ်လှုပ်ရှားစရာ ကောင်းသည့် တဒင်္ဂ တွေ။ သို့သော် ဘင်ဂျမင်က မိမိထက်ပိုပြီး ရင်တုန်နေပုံရ၏။ အသံတွေ ကတုန် ကယင်ဖြစ်နေသည်။

" အခြေအနေ မကောင်းဘူးဖေဖေ၊ သူ …. သူ အရမ်းနာနေတယ်၊ ဆေးတွေထိုးပေးလဲ နာနေတာပဲ၊ ကလေး တစ်ခုခုဖြစ်မှာ ကျွန်တော် သိပ်စိုးရိမ်နေတယ်ဖေဖေ "
ဘုရား … ဘုရား  ဒုက္ခပါပဲ၊ ပုံပျက်ပန်းပျက်ကလေးမွေးလာမှဖြင့်။
" ဖေဖေ လာခဲ့ရမလား "
" ဟုတ်ကဲ့၊ ညတော့နက်နေပြီ၊ ဖေဖေ့ကို အားလဲနာပါတယ် "
" ရတယ်၊ ဖေဖေ ခုလာခဲ့မယ် "
ကားသော့်ကိုင်ပြီး အိမ်ထဲမှ ပြေးထွက်ခဲ့သည်။ ဘင်ဂျမင် ခုလို အကူအညီတောင်းဖော် ရသည့်အတွက် ၀မ်းသာနေ၏။ ဆေးရုံရောက်တော့ ဆောက်တည်ရာမရ ပုံစံမျိုးဖြင့် ၀ရံတာတွင် ခေါက်တုန့်ခေါက်ပြန် လျောက်နေသည့် ဘင်ဂျမင်ကို တွေ့ရ၏။ ခွဲစိတ်ခန်းထဲ ၀င်သည့်အစိမ်းရောင် ၀တ်စုံကို ၀တ်ထားသည်။ ခေါင်းတွင် သံပရာခွံဦးထုပ်ကလေး စွတ်လျက်၊ သူ့ပုံစံမှာ ရယ်စရာဖြစ်နေ၏။

အော်လီဗာ ပြုံးမိသည်။ ဘင်ဂျမင်ကို မွေးတုန်းကလည်း အလားတူ ၀တ်စုံမျိုးဝတ်ပြီး မွေးခန်းထဲကို ၀င်ခဲ့ဖူး သည်လေ။ ထိုစဉ်က မိမိအသက်မှာ ယခု ဘင်ဂျမင်ထက် လေးနှစ်ကြီးသည်။
" သားက တကယ့်ဆရာန်နဲ့ တူတာပဲ၊ အခြေအနေဘယ်လိုလဲ "
" စိတ်ပျက်စရာပဲ ဖေဖေ၊ တအား ကြုံးအော်နေတာပဲ၊ ဆရာဝန်တွေက ကျွန်တော့်ကို ခဏအပြင် ထွက်နေ ပါတဲ့၊ သူတို့ ဘာဆက်လုပ်ကြမလဲ မသိဘူး "
" စိတ်အေးအေး ထားပါ သားရယ်၊ အားလုံး ပြီးသွားမှာပါ၊ ကော်ဖီတစ်ခွက်လောက် သောက်လိုက်ပါလား "
ဘင်ဂျမင် ခေါင်းရမ်းသည်။ အော်လီဗာက ကော်ဖီတစ်ခွက်သွားယူသည်။ မင်္ဂလာဆောင်တွင် ၀ိုင် အသောက်များသွားသည်။ အိပ်ငိုက်မည်စိုးသဖြင့် ကော်ဖီသောက်ဖို့ စိတ်ကူးခြင်းဖြစ်သည်။ အငွေ့ တ ထောင်းထောင်းနှင့်ကော်ဖီပန်းကန်ကိုင်ပြီး ပြန်လာတော့ ဘင်ဂျမင်အနားတွင် သူ့လို ၀တ်စုံမျိုးဖြင့် ဆရာဝန် နှစ်ယောက် ရပ်နေသည်။

အော်လီဗာက ခပ်လှမ်းလှမ်းက အသာ အကဲခတ်နေသည်။ ဘင်ဂျမင်က မျက်စိကို မှိတ်ထားပြီး ခေါင်းညိတ်သည်။
ဆရာဝန် နှစ်ယောက် ပြန်သွားတော့မှ အော်လီဗာ သူ့အနားတိုးသွားသည်။
" သိပ်ခက်နေတယ် တဲ့ ဖေဖေ၊ နည်းနည်း ခွဲမွေးရမယ်တဲ့၊ သူက ခွဲချင်မှာမဟုတ်ဘူး၊ ဒါပေမယ့် တခြား နည်း လမ်းမရှိတော့ဘူးတဲ့ "
ခေါင်း မှ ဦးထုပ်ကလေးကို ဆွဲချွတ်ရင်း ..
" ကျွန်တော့်ကို အထဲမ၀င်နဲ့တော့တဲ့၊ မေ့ဆေးပေးတော့မယ်တဲ့ "
" ခဏလေး သည်းခံစောင့်လိုက်ပါ သားရယ်၊ မကြာပါဘူး၊ လွယ်လွယ်ကလေးပါ "
သူ့ ပခုံး ကိုညှစ်ပြီး အားပေးလိုက်သည်။ ပြီးတော့ ကုလားထိုင်တစ်လုံးဆီသို့ တွဲခေါ်သွားသည်။

" တကယ်လို့ ကလေးတစ်ခုခုဖြစ်ရင် ဘယ့်နှယ်လုပ်မလဲဟင် ဖေဖေ "
" ဟာ …. သား ကလဲ၊ ဘာလို့ ဖြစ်ရမှာလဲ၊ ဘာမှ မဖြစ်စေရဘူး "
" သားအဖနှစ်ယောက် နာရီကြီးကို တမော့မော့ကြည့်ရင်း စောင့်ကြသည်။ နာရီ လက်တန် ရွေ့လျားနှုန်းက နှေးကွေးလွန်းသည်ထင်၏၊ နံနက်၊ တစ်နာရီကျော်ခဲ့ပြီ။ သည်တော့မှ ဆရာမ တစ်ယောက် ထွက်လာပြီး မစ္စတာဝတ်ဆင်ဆိုတာ ရှိလားဟု မေးလိုက်သည်။ နှစ်ယောက်သား ပြိုင်တူ ထလိုက်ကြ၏။ အော်လီဗာ ယောင်ရမ်းထလိုက်ခြင်းဖြစ်၏။ ဘင်ဂျမင်ကို အလိုရှိခြင်းဖြစ်သည်။
ဘင်ဂျမင် ပြေးလိုက်သွားသည်။
" မစ္စတာဝတ်ဆင် လား "
" ဟုတ်ပါတယ် ခင်ဗျာ "
" ဘာ … ဟိုမှာ ရှင်နဲ့တွေ့ချင်လို့တဲ့ "
ဆရာဝန် ဆရာမ တစ်သိုက် မွေးခန်းအပြင်တွင် သူ့ကို စောင့်နေကြ၏။

သားကလေးကို မိမိလက်ထဲ ထည့်ပေးလိုက်ကြသည်။ အထုပ်ဖြူဖြူသေးသေးကလေး၊ ဖအေ့ လက်ထဲရောက်သည်နှင့် ၀ါးခနဲတစ်ချက်အော်ပြီး နှုတ်ဆက်သည်။ အထုပ်ကလေးကို ရင်ခွင်ဆီသို့ ဖြည်း ဖြည်းညင်ညင်မယူလိုက်၏။
သားကလေး ကို ဘင်ဂျမင် ငုံ့ကြည့်လိုက်သည်။ ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာ၏။ တစ်ပြိုင်တည်း တွင် နှုတ်ခမ်းအစုံကပြုံးနေသည်။ နောက်မှလိုက်လာသည့် အဖေဘက်သို့ လှည့်ပြီး …
" ယောက်ျားလေဗျ ဖေဖေ၊ သားလေး … သားလေး "
အော်လီဗာ အပြေးအလွှားအနားတိုးပြီး နီတာရဲကလေးကို ငုံ့ကြည့်သည်။ ရင်ထဲတွင် သိမ့်ခနဲနွေးသွား၏။ ဘင်ဂျမင် မွေးခါစက အတိုင်းပါလား။ မျက်နှာရော၊ ဆံပင်ပါ တစ်ထေရာတည်း။ လောကကြီးကို အံ့သြစွာ ကြည့်နေ သည့် မျက်လုံးကလေးတွေကအစ တစ်ပုံစံတည်း။ ဆာရာ့ မျက်နှာပေါက်မျိုး …။

စင်စစ် သည်ကလေးသည် ဘင်ဂျမင်၏ သွေးချည်းသက်သက်မဟုတ်၊ ဆာရာ့သွေး၊ မိမိသွေး၊ အားလုံး၏ မျိုးဆက်သွေး။ မိမိမျိုးဆက်၏ ကိုယ်ပွားကလေးဖြစ်၏။ ဒါကိုမည်သို့မျှ ငြင်းနိုင်မည်မဟုတ်။ မျက်ရည်တွေ လည်လျက် က မြေးကလေးကို အော်လီဗာ အသာကိုင်ကြည့်လိုက်သည်။
ဘင်ဂျမင် ခုမှ ကလေးအမေကို သတိရသည်။ အနားမှ ဆရာမတစ်ယောက်ကို လှမ်းမေးလိုက်သည်။
" ဆန္ဒရာကောဟင် ဆရာမ၊ သူအခြေအနေကောင်းရဲ့လားဟင် "
" ကောင်းပါတယ်၊ ခဏနေ သူသတိရလာမှာပါ၊ ကလေးခန်ါ်ထဲကို ခဏလိုက်ခဲ့ပါနော်၊ ကျွန်မတို့ စစ်ဆေး နေတုန်း ကလေးကို ချီထားနိုင်ပါတယ် "
" သားလေး အခြေအနေအားလုံးကောင်းပါတယ်နော် "

" ကောင်းပါတယ်၊ ရှစ်ပေါင်းကိုးအောင်စတောင်ရှိတယ်လေ၊ ကိုယ်အင်္ဂါအားလုံးပါတယ်၊ ကျန်းမာရေးလဲ ကောင်းတယ် "
ဆရာမက ကလေးကို ပြန်ယူပြီး ကလေးခန်းဆီသို့ လျှောက်သွားသည်။ အပြည့်ဝဆုံး အပြုံးဖြင့် ဘင်ဂျမင် နောက်မှ လိုက်သွားသည်။ အော်လီဗာက လိုက်မသွားဘဲ ချစ်နေရစ်ခဲ့သည်။ မိမိဘ၀တွင် အမှတ်ထင်ထင် တဒင်္ဂဖြစ်၏။
အသက်လေးဆယ့်ငါးနှစ်တွင် အဘိုးဘ၀သို့ ရောက်ရခြင်း ခံစားမှုကို တစ်ယောက်ယောက်နှင့်မျှဝေချင် သည်နှင့် တယ်လီဖုန်းရှိရာသို့ လျှောက်သွားသည်။ နံပါတ်တစ်ခုကို ကောက်လှည့်မိလျက်သားဖြစ်နေ၏။

တစ်ဘက်မှ ပြန်ထူးသံကြားသည်နှင့် သူ့မျက်နှာက အလိုလိုပြုံးပြီးသားဖြစ်သွား၏။ နူးညံ့ညင်သာနေသော မိမိအသံကို ပြန်ကြားလိုက်ရသည်။
" ဟဲလို … ဘွားဘွား လား "
" ဘာ … ဘယ်ကိုဆက်တာလဲ၊ ခုပြောတာ ဘယ်သူလဲ "
ဖုန်း မှား ဆက်သည်ထင်၍ ချတော့မည့်ဆဲဆဲတွင် …
" ဆာရာ … မင်း ခုချိန်ကစပြီး ဘွားဘွားဖြစ်ပြီ သိလား "
အော်လီဗာ ရင်ထဲတွင် မင်္ဂလာသတင်းပေးရင်း လှုပ်ခတ်နေသည်။ မျက်ရည်တွေလည်း လည် လာပြန်သည်။

" ဘုရား … ဘုရား ၊ ကလေးက ကျန်းကျန်းမာမာပဲလား ဟင် "
" အားလုံးကောင်း တယ်၊ ရှစ်ပေါင်းကိုးအောင်စရှိတယ်။ ဘင်ဂျမင် မွေးတုန်းကနဲ့ တစ်ထေရာတည်းပဲ "
" ဆန္ဒရာကော "
" သိပ်တော့ ချောချောမောမော မဟုတ်ဘူး၊ နည်းနည်း ခံလိုက်ရတယ်၊ ဒါပေမယ့် အခြေအနေ ကောင်းပါ တယ်။ ကလေးလေး က သိပ်ချစ်စရာကောင်းတာပဲ ဆာရာရယ်၊ မင်းတွေ့ရမှာပါ "
" သူတို့ က မွေးမှာလားဟင် "
ဆာရာ ခုမှ လုံးလုံးလျားလျား နိုးလာသည်။

" ဒါပေါ့ … မွေးမှာပေါ့ "
မြေးကလေး ကို မြင်လိုက်ပြီး ကတည်းက အော်လီဗာ ချက်ချင်း စိတ်ပြောင်းသွားသည်။ ဘင်ဂျမင်နှင့် သဘောမတူ စရာအကြောင်း မရှိတော့ပေ။
" ဘင်ဂျမင် ဘယ်လိုဖြစ်နေလဲ "
" အရမ်း စိတ်လှုပ်ရှားနေတယ်၊ ပြီးတော့ ကလေးအဖေ ဖြစ်ရတာကို သိပ်ဂုဏ်ယူနေပုံပဲ၊ မင်းမြင်စေ့ချင်တယ် ဆာရာ "
" အော်လီဗာ ၀မ်းနည်းဝမ်းသာ ဖြစ်လျက်ရှိ၏။
" အော်လီပျော်နေတယ်ဟုတ်လား၊ ကိုယ်တိုင်ကလေးတွေ ထပ်ယူဦးပေါ့ "
ဘာကြောင့် ဆာရာ သည်လိုပြောတာပါလိမ့်။ သည်လို အချိန်မှာ မပြောသင့်ဘူးလေ၊ ကိုယ့် လမ်းကိုယ် လျှောက်နေကြပြီပဲ။

" အင်း … အဲဒီလို ပြောတဲ့လူတွေရှိပါတယ်၊ ဒါထက် မင်း နေကောင်းပါတယ်နော် "
" ကောင်း ပါတယ် "
" မျက်လုံးကော၊ ကောင်းလာပြီလား "
" နည်းနည်း ညိုနေသေးတယ်၊ ကောင်းသွားမှာပါ "
ဘင်ဂျမင် ကိုပြောပါ၊ မနက်ဖြန်မှ ဖုန်းဆက်မယ်လို့ "
" အင်း … ပြောပေးပါ့မယ်၊ ကိုယ့်ကိုကိုယ်ဂရုစိုက်နော် "
ဆာရာနှင့် စကားပြောတိုင်း မွန်းမွန်းကျပ်ကျပ် ဖြစ်ရသည်။ မင်္ဂလာသတင်းပေးချင်၍ ဆက်မိခြင်းဖြစ်၏။

ဆာရာက စကားပြောခွက်ကိုကြည့်ပြီး ပြုံးရင်း …
"ဂုဏ်ယူပါတယ် … ဘိုးဘိုး "
" ကိုယ် လဲ ဂုဏ်ယူပါတယ်ဘွားဘွား၊ တို့တွေ အဘိုးကြီး အဘွားကြီး ဖြစ်သွားပြီနော် "
" အဲဒါတော့ မသိဘူး၊ ဒါပေမယ့် ဆာရာ ပျော်သွားသလိုပဲ "
တယ်လီဖုန်း ချပြီး ဘင်ဂျမင်ကို စောင့်နေသည်။ အချိန်မရှိတော့၍ နယူးယောက်သို့ မပြန်တော့ဘဲ ဘင်ဂျမင်နှင့် အတူပါချေ့စ်အိမ်တွင် ၀င်အိပ်သည်။

ခြောက်လ အတွင်း ပထမဆုံး သူ့အိပ်ခန်းသို့ ဘင်ဂျမင် ပြန်လည်ရောက်ရှိခြင်းသည် အိမ်မှ အဖေ့ကို ပုန်ကန် ထွက်သွားပြီး ပြန်ရောက်သည့်အခါ သူကိုယ်တိုင် အဖေဖြစ်နေပြီ။ လောက၏ ဆန်းကျယ်ပုံ ကို အော်လီဗာ သုံးသပ်မိ၏။ အိပ်ခန်းဆီလျှောက် သွားရင်း မြေးကလေး အကြောင်း အော်လီဗာ စဉ်းစားလာသည်၊ သူ့အဖေလို ဘ၀အခက်အခဲတွေ မတွေ့ ပါစေ နဲ့၊ ချောမွေ့ပြေပြစ်သော လမ်းကြောင်းပေါ် လျှောက်နိုင် ပါစေ ဟုရင်ထဲမှ ဆုတောင်းလိုက်သည်။
ဘင်ဂျမင် ကမူ သူ့အိပ်ခန်းဟောင်းတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ။ သားကလေး အကြောင်းတွေးရင်း အိပ်ပျော်သွားခြင်းဖြစ်၍ နှုတ်ခမ်းအစုံမှာ ပြုံးလျက်။

ဆက်ဖတ်ရန်
.

No comments: