ဟိုတစ်နေရာရာ မှာ သွားပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေလိုက်ချင်သည်။
ဘယ်သူနှင့် မှလည်း စကား မပြောချင်။ ဘယ်သူပြောတာကိုမှလည်း နားမထောင်ချင်။
အဖိုးအနဂ္ဃ ထိုက်တန် လှသော ယခုအချိန် ကလေး ကို ပျောက်ကွယ် မသွားရအောင်
သိမ်းထားချင်သည်။ အလွန် ငြိမ်းချမ်းသော အချိန်။ ကျွန်မတို့ ၏ ခေါင်းပေါ် မှာ
ပျားက တဝီဝီအော်နေခိုက် ကျွန်မတို့ ကလည်း ငိုက်မျဉ်းချင်နေကြသည်။ ကို ဆက်ဖတ်ရန် .............
................................................................................................................................
ခဏကြာလျှင် ဒါတွေအားလုံး ပြောင်းလဲသွားတော့မည်။ မနက်ဖြန်ဆိုတာ လာတော့မည်။ နောက်တစ်လ ဆိုတာ လာတော့မည်။ နောက်တစ်နှစ်ဆိုတာ လာတော့မည်။ ကျွန်မတို့ လည်း ပြောင်းလဲ သွားကြ ရ တော့ မည်။ သည်လို အတူတကွ ထိုင်နေတာမျိုးမရှိနိုင်။ အချို့ အဝေးကြီးသို့ ထွက်ခွာ သွားလိမ့်မည်။ သို့တည်း မဟုတ် နာမကျန်းဖြစ်နေလိမ့်မည်။ သို့တည်းမဟုတ် သေဆုံး ကွယ်လွန် သွား လိမ့်မည်။
အနာဂတ်သည် ကျွန်မတို့ရှေ့မှာ ဖြန့်ကျက်ထားသည်။ ဘာဖြစ်မည်ကို မသိ။ မမြင်ရ။ ကျွန်မတို့ဖြစ်စေ ချင်တာတွေ လည်း ဖြစ်မည်မဟုတ်။ ဖြစ်ရမည်ဟု စီစဉ်ထားတာတွေလည်း ပျက်စီးသွားနိုင်သည်။ ယခု အချိန်ကလေး သည်ပင်လျှင် အမြဲဆုံးဖြစ်သည်။ နိစ္စတရားဖြစ်သည်။ အလုံခြုံဆုံးဖြစ်သည်။ မက်ဇင်မ် နှင့် ကျွန်မ သည် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း အတူတကွ ထိုင်နေကြသည်။ အနာ ဂတ်ဆိုတာ ကိုလည်း ဂရုမစိုက်တော့ပြီ။ အတိတ်ဆိုတာကိုလည်း အရေးမစိုက်လိုတော့ပြီ။ ယုတ်စွ အဆုံး အဲဒါတွေ အကြောင်း ကိုပင် မတွေးချင်ပြီ။
ကျွန်မက သည်လိုတွေးနေသော်လည်း မက်ဇင်မ်က ဒါတွေကို တွေးပုံမရ။ တန်ဖိုးထားပုံ လည်းမရ။ မော်တော်ကားလမ်းဘေးမှ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းပစ်ဖို့ ဘီယက်ထရစ်နှင့် ပြောဆို တိုင်ပင်နေ သည်။ ဘီယက်ထရစ်ကလည်း သဘောတူသည်။ သူ စိတ်ကူးရှိရာများကိုလည်း အကြံပေးနေ သည်။ လက်တစ်ဖက်ကမူ မြက်ပင်ကလေးများနှင့် ဂျိုင်းလ်စ်၏ခေါင်းကို လှမ်းပေါက်နေသည်။ သူတို့ အတွက် ဘာမျှမထူးခြား။ နေ့လယ်စာစားသောက်ပြီး နေရိုးနေစဉ်အတိုင်း နေကြသည်။ ကျွန်မ စိတ်ကူးယဉ်နေ သလို သူတို့မယဉ်။ ကျွန်မ စိုးရိမ်ထိတ်လန့်နေသလို သူတို့ မစိုးရိမ် မထိတ်လန့်ကြ။
"ကဲ... တို့လဲ ပြန်ကြဦးမှဖြစ်မယ်"ဟု ဘီယက်ထရစ်က သူ့ဂါဝန်မှ မြက်များကို ပွတ်သပ်ချရင်း ထိုင်ရာ မှ ထသည်။
"ကတ်ထရိုက်စ် တို့ ဖိတ်ထားတဲ့ညစာစားပွဲကို သွားရဦးမည်။ နောက်ကျလို့ မကောင်းဘူး"
"ဗာရာတစ်ယောက်ရော ဘယ်လိုလဲ" ဟု မက်ဇင်မ်က မေးသည်။
"ထုံးစံ အတိုင်းပေါ့။ သူ့ကျန်းမာရေးအကြောင်းပဲ ပြောနေတာပဲ။ မင်းတို့နှစ်ယောက်အကြောင်းကိုတော့ သူတို့ က မေးကြဦးမှာပေါ့လေ"
"ကျွန်တော် နှုတ်ဆက်လိုက်ကြောင်း ပြောပြပါဗျာ"ဟု မက်ဇင်မ်က ပြန်ပြောသည်။
ကျွန်မတို့ အားလုံး ထိုင်ရာမှထကြသည်။ ဂျိုင်းလ်စ်က သူ့ဦးထုပ်ပေါ်မှ ဖုန်များကို ခါချနေသည်။ တိမ် တိုက်အောင် သို့ နေဝင်သွားသည်။ ကောင်းကင်ကို မော့ကြည့်လိုက်မိပါသည်။
မြင်ကွင်း က ပြောင်းနေပြီ။ ကောင်းကင်တစ်ခုလုံး တိမ်တိုက်ဖြူဖြူကလေးများဖြင့် ငါးကြင်းကွက်ထနေ သည်။
"လေပြန်တိုက်လာတယ်" ဟု မက်ဇင်မ်က ပြောသည်။
"မိုးမမိပါစေ နဲ့ ဆုတောင်းရတော့မှာပဲ"ဟု ဂျိုင်းလ်စ်က ပြောသည်။
"ဒီနေ့တစ်နေ့လုံး ရာသီဥတုသာယာခဲ့တာနော်... အခု ပျက်စီးသွားတော့မယ် ထင်ပါရဲ့" ဟု ကျွန်မက ဝင်ပြောမိသည်။
မော်တော်ကားရပ်ထားသည့်နေရာ သို့ ကျွန်မတို့ တဖြည်းဖြည်းချင်း လျှောက်လာကြသည်။
"အရှေ့ဘက်ဆောင် မှာ အခန်းပြင်ထားတယ်။ ခင်ဗျားတို့ မတွေ့သေးဘူးနော်" ဟု မက်ဇင်မ်က မေး သည်။
"အပေါ်ထပ် တက်ကြည့်ပါဦးလား မမ... ဘယ်လောက်မှ မကြာပါဘူး"ဟု ကျွန်မက ခေါ်သည်။
ဘီယက်ထရစ်နှင့် ကျွန်မ သည် ခန်းမကြီးကိုဖြတ်ပြီး အပေါ်ထပ်သို့ တက်ခဲ့ကြသည်။ မက်ဇင်မ်နှင့် ဂျိုင်းလ်စ် က နောက်မှလိုက်လာကြသည်။
သည်စံအိမ်ကြီးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဘီယက်ထရစ်သည် ယခုတော့ သည်နေရာနှင့် စိမ်းနေပြီ။ သူ ကလေးဘဝ တုန်းက သည်လှေကား လက်တန်းကိုကိုင်ပြီး သူ့ကို ထိန်းသည့်မိန်းမနှင့် အတူ ပြေးတက်ပြေးဆင်း ပြုလုပ် ခဲ့ပေလိမ့်မည်။ သည်မှာ သူ နေထိုင်ခဲ့သည်။ သည်မှာ သူ ကြီးပြင်းခဲ့ သည်။ သည်နေရာ အားလုံးအကြောင်း ကို သူ သိသည်။ သည်နေရာကို ကျွန်မထက်ပင် ပိုပြီး သူ ပိုင် ဆိုင် ပတ်သက်ခဲ့ ပါသည်။ ကျစ်ဆံမြီးကလေးနှင့် ပြေးလွှားဆော့ကစားနေသည့် သူမ၏ကလေးဘဝက အကြောင်း များသည် သူ့ရင်ထဲ အသည်းနှလုံးထဲမှာ ကိန်းအောင်နေပေလိမ့်မည်။ ထိုနေ့ရက်များအား ကုန်ဆုံး လွန်မြောက် သွားပြီ။ ယခု လက်ရှိ အခြေအနေနှင့်ကား လုံးလုံးကြီး ကွဲပြားသွားပေပြီ။ ယခု တော့ သူ့အသက် က ၄၅ နှစ်။ သူ့နည်းသူ့ဟန်ဖြင့် အနည်ထိုင် အခြေကျနေပြီဖြစ်သော အခြားအမျိုး သမီး တစ်ယောက် ဖြစ်နေပြီ။ ယခင်က ဘီယက်ထရစ် မဟုတ်တော့။
ကျွန်မတို့ အိပ်ခန်း သို့ ရောက်လာကြသည်။ ဂျိုင်းလ်စ်က အခန်းထဲသို့ ကိုယ်ကိုကိုင်းဝင်ပြီး "ဟာ... တယ် ဟန်ကျပါလား... အလျင်နဲ့ဘာမှမဆိုင်ဘူး။ သိပ်ကို တိုးတက်သွားပြီ။ ဟုတ်တယ်မှတ်လား ဘီး..."ဟုလည်း သူ့မိန်းမကို တစ်ဆက်တည်း လှမ်းမေးသည်။
"ခန်းဆီး အသစ်၊ အိပ်ရာအသစ်၊ အားလုံးအသစ်ချည်းပဲ။ ဂျိုင်းလ်စ်... ရှင် မှတ်မိသေးတယ်မဟုတ် လား... ရှင် ခြေထောက်ကျိုးတုန်းက ကျွန်မတို့ ဒီအခန်းထဲမှာ နေကြတာလေ... ဟိုတုန်းက သိပ်မှောင် တယ်။ ဒီအခန်း ကို မေမေက နည်းနည်းကလေးမှ သဘောကျတာမဟုတ်ဘူး။ ဧည့်သည်တွေကိုလဲ ဒီ အခန်း ထဲမှာ ပေးမတည်းခိုင်းဘူး မဟုတ်လား မက်ဇင်မ်။ ဧည့်သည်များတဲ့အခါမျိုးတော့ တည်းခိုင်းရ တာရှိ မှာပေါ့လေ... လူပျိုဧည့်သည်တွေကိုလဲ ဒီမှာ ထားခဲ့ဖူးတယ်။ အခုတော့ အခန်းက သိပ်လှ သွားပြီ နှင်းဆီခြံကို အခုလို အပေါ်က စီးမြင်နေရတာလဲ သိပ်အဆင်ပြေတာပဲ။ မမမျက်နှာ ကို ပေါင်ဒါ ကလေး နည်းနည်းလောက်ရိုက်လိုက်ရင် ရမလားဟင်..."
မက်ဇင်မ်တို့နှစ်ယောက် အောက်ထပ်သို့ ပြန်ဆင်းသွားကြသည်။ ဘီယက်ထရစ်က မှန်ထဲမှာ သူ့ကိုယ် သူ ကြည့်နေ သည်။
"ဒါတွေကို အဘွားကြီး မစ္စက်ဒင်ဗာက ပြင်ပေးတာလား"ဟု ဘီယက်ထရစ်က မေးသည်။
"ဟုတ်ပါတယ် မမ... သူ သိပ်လုပ်တတ်တာပဲနော်"
"လုပ်တတ် ရမှာပေါ့။ သေသေချာချာ လေ့ကျင့်ထားတာပဲ။ ပစ္စည်းတွေကလဲ အကောင်းစားတွေချည်းပဲ။ ဒါတွေ ကို မင်းက ပြင်ဆင်ခိုင်းထားတာလား"
"မဟုတ်ပါဘူး... ကျွန်မ မခိုင်းရဲပါဘူး မမရယ်"
"ဒီအဘွားကြီး ကလဲ ဒါတွေ ဂရုစိုက်နေမှာမဟုတ်ပါဘူးလေ... မင်း ဘီးနဲ့ ဝက်မှင်ဘီးကို မမ သုံး မယ် နော်... သိပ်ကောင်းပါလား... မင်္ဂလာလက်ဆောင်ရတာလား"
"မက်ဇင်မ် ဝယ်ပေးထားတာတွေပါ"
"အင်း... ကောင်းလိုက်တာကွယ်... ညီမလေးတို့ကို တစ်ခုခုတော့ လက်ဖွဲ့ရဦးမယ်... ညီမလေး ဘာလို ချင် သလဲ"
"အို... ကျွန်မလဲ သေသေချာချာ မပြောတတ်ပါဘူး မမရယ်... ဒုက္ခမရှာပါနဲ့"
"အဓိပ္ပာယ်မရှိတဲ့ စကားကို မပြောပါနဲ့ လက်မဖွဲ့မိလို့ ရန်ငြိုးထားခံရတဲ့အဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့ကွယ်"
"မမ တို့ကို မဖိတ်တာလဲ စိတ်မရှိပါနဲ့နော်... မက်ဇင်မ်က နိုင်ငံခြားမှာပဲ လက်ထပ်ချင်တယ်ဆိုလို့ပါ"
"ရပါတယ် ကွယ်... နိုင်ငံခြားမှာ လက်ထပ်လိုက်တာ မင်းတို့နှစ်ယောက်စလုံးအတွက် မှန်ပါတယ်။ ဘာ ပဲဖြစ်ဖြစ် နောက်ဆုံး ကျတော့..." စကားကို တစ်ပိုင်းတစ်စဖြင့် ဖြတ်ထားလိုက်သည်။ ထိုအခိုက် သူ့ လက်ထဲ မှ လက်ကိုင်အိတ်မှာ ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသည်။
"သောက်ခွေး... အဖွင့်အပိတ်ခလုပ်တော့ ကျိုးပြီနဲ့တူတယ်။ အင်း... တော်ပါသေးရဲ့... ဘာမှ မဖြစ်လို့။ နေပါဦး... စောစောက ဘာပြောနေမိပါလိမ့်။ ဘာပြောမိမှန်းတောင် မသိတော့ဘူး။ သြော်... သိပြီ... သိပြီ... မင်္ဂလာဆောင်အတွက် လက်ဖွဲ့ဖို့။ ဘာပေးရရင် ကောင်းမလဲဆိုတာမမ စဉ်းစားကြည့် ဦးမယ်။ လက်ဝတ်ရတနာတွေတော့ မလိုပါဘူးနော်"
ကျွန်မ က ဘာမျှပြန်မဖြေပါ။
"ရိုးရိုးသာမန်လူတွေ အိမ်ထောင်ကျတာနဲ့တော့ မတူဘူးပေါ့လေ... မမ မိတ်ဆွေတစ်ယောက်ရဲ့သမီး ဟိုတစ်လော က လက်ထပ်တယ်။ ထုံးစံအတိုင်း ဘဝကို သုညကနေ စကြရတာပေါ့လေ... အဝတ် အစား တို့၊ ကော်ဖီပန်းကန် တို့၊ စားပွဲကုလားထိုင် တို့ကအစ လိုတာပေါ့။ မမကတော့ လျှပ်စစ်မီးတိုင်က လေး တစ်ခု လက်ဖွဲ့ တယ်။ အင်မတန်ကောင်းပါတယ်။ ငါးပေါင်တောင် ပေးလိုက်ရတယ်။ လန်ဒန်ကို အဝတ်အစား ချုပ်ဖို့သွားရင် မမ ချုပ်နေကျ မဒမ်ကာရောက်ဇမ်ဆိုတဲ့ အဘွားကြီးဆီကို သွားချုပ်ဖို့ မှာ ခဲ့ရဦး မယ်။ အင်မတန်တော်တယ်။ ဘယ်လိုလူမျိုးကို ဘယ်လိုပုံမျိုး ချုပ်ပေးရမယ်ဆိုတာ သိတယ်။ မင်း ကို တောပုံဖမ်း သွားအောင် ဘယ်တော့မှမဖြစ်ဘူး"
မှန်တင်ခုံရှေ့မှထပြီး သူ့ကိုယ်ပေါ်မှ ဂါဝန် သပ်ရပ်သွားအောင် ဆွဲဆန့်နေသည်။
"ဧည့်သည်တွေ များများစားစားဖိတ်ပြီး ဧည့်ခံပွဲလုပ်ဖို့ အစီအစဉ်များ ရှိသလား"
"ကျွန်မ မသိပါဘူး ရှင်။ မက်ဇင်မ် ကလဲ ဘာမှမပြောသေးပါဘူး"
"ငါ့မောင် ဟာ တော်တော်ရယ်စရာကောင်းတယ်။ တော်ရုံတန်ရုံနဲ့ သူ့အကြောင်း သိဖို့မလွယ်ဘူး။ မင်း အနေ နဲ့လဲ..."
စကားကို အဆုံးအထိမပြောဘဲ ထိုနေရာတွင် ဗြုန်းကနဲ ရပ်ပစ်လိုက်သည်။ ပြီးတော့မှ ကျွန်မ လက် မောင်း ကိုပုတ်ကာ ဆက်ပြောသည်။
"အို... ထားလိုက်ပါတော့လေ... ညီမလေးက မြင်းလဲ မစီးတတ်၊ အမဲ လဲ မလိုက်တတ်ဆိုတော့ ဂွကျ တာပဲကွယ်... ပျော်စရာကောင်း တာတွေအားလုံးနဲ့ လွဲရတော့တာပေါ့။ ရွက်လှေရော စီးတတ်သလား"
"မစီးတတ်ပါဘူးရှင်"
" အေး... အဲဒီအတွက်တော့ ဘုရားသခင် ကို ကျေးဇူးတင်ရတော့မှာပဲ"
တံခါးပေါက်ဆီ သို့ သူ သွားသည်။ ကျွန်မက အောက်ထပ်သို့ အတူ ဆင်းလိုက်လာသည်။
"စိတ်ပါတဲ့အခါ မမတို့ဆီကို အချိန်မရွေး လာလည်နော်။ မဖိတ်ဘဲနဲ့ ဧည့်သည်တွေ သူ့သဘောနဲ့သူ လာလည် တာ မမ သိပ်သဘောကျတာ။ လူ့ဘဝဆိုတာ တိုတိုကလေးပါကွယ်။ ဖိတ်စာကမ်းနေရတာနဲ့ အချိန်ကုန် မခံနိုင်ဘူး"
"အများကြီး ကျေးဇူးတင်ပါတယ်ရှင်"
လှေကားထိပ် သို့ ကျွန်မတို့ရောက်လာကြသည်။ ခန်းမထဲသို့ ငုံ့ကြည့်လိုက်တော့ အဝင်ပေါက်လှေကား ထစ်များပေါ် မှာ ရပ်နေသော မက်ဇင်မ်နှင့် ဂျိုင်းလ်စ်ကို တွေ့ရသည်။
"ဘီး... လာတော့လေ... မိုးတစ်ပေါက် နှစ်ပေါက်တောင် ကျလာပြီ။ တို့မော်တော်ကားကို အမိုး ချပြီး မောင်းကြရတော့မယ်"ဟု ဂျိုင်းလ်စ်က လှမ်းအော်ပြောသည်။
ဘီယက်ထရစ် က ကျွန်မလက်ကိုဆွဲပြီး ခါးကိုကိုင်ကာ ပါးကို နမ်းလိုက်ပါသည်။
"သွားတော့မယ်နော်။ မမ မေးခဲ့တဲ့ မေးခွန်းတွေထဲမှာ ကြမ်းတာတွေ ရိုင်းစိုင်းတာတွေပါရင် ခွင့်လွှတ် နော် ညီမလေး ... ဒီလိုမေးခွန်းတွေ မမေးသင့်ဘူးဆိုတာ မမ သိပါတယ်ကွယ်... ဒါပေမဲ့ မမ က ကွေ့ လည်ကြောင်ပတ်လုပ်ပြီး ပရိယာယ်တွေနဲ့ မမေးတတ်ဘူး။ မမအကြောင်းကို မက်ဇင်မ် က ပြောပြပါ လိမ့်မယ်။ စောစောတုန်းက မမ ပြောခဲ့သလိုပဲ။ မင်းဟာ မမ ကြိုတင်တွေးဆထားတာနဲ့ ဘာတစ်ခု မှ မတူဘူး"
ကျွန်မ ကို သူက စိုက်ကြည့်နေသည်။ လေတစ်ချက် ချွန်လိုက်သောကြောင့် သူ့နှုတ်ခမ်းမှာ တွန့်သွား သည်။ ထို့နောက် လက်ကိုင်အိတ်ထဲ မှ စီးကရက် ကို ထုတ်ကာမီးခြစ်ပြီး ညှိလိုက်သည်။
"မင်းဟာလေ... ရဘက်ကာ နဲ့ ဘာတစ်ခုမှ မတူပါဘူးကွယ်"ဟုလည်း လှေကားအတိုင်း ဆက်ဆင်း လာရင်း ပြောသည်။
အိမ်ပြင် သို့ ကျွန်မတို့ရောက်လာကြသည်။ တိမ်တိုက်ထဲမှာ နေလုံးပျောက်နေပြီ။ မိုးရေစက်ကလေးများ လည်း ကျနေသည်။ သစ်အယ်ပင်အောက်မှ ကုလားထိုင်နှင့် စောင်များကို ရောဘတ်က ကသုတ်က ရက် သယ်သွင်းနေသည်။
အခန်း (၁၀)
လမ်းကွေ့ကလေး မှာ ချိုးပြီး မော်တော်ကားပျောက်ကွယ်သွားသည်အထိ ကျွန်မတို့ရပ်ကြည့်နေမိ သည်။ မြင်ကွင်းမှ မော်တော်ကား ပျောက်သွားတော့ မက်ဇင်မ်က ကျွန်မလက်မောင်းကို ဆွဲပြီးပြော သည်။
"ဒါလောက်နဲ့ ပြီးသွားတာ တော်သေးတာပေါ့လေ။ ကဲ... မိုးကာအင်္ကျီဝတ်ပြီး ပြန်လာခဲ့။ တော်တော် အသုံးမကျ တဲ့ မိုး။ ကိုယ် လမ်းလျှောက်ချင်တယ်။ ဒီအတိုင်းထိုင်မနေနိုင်ဘူး"
သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ အာရုံခံစားမှုတွေလည်း လွန်ကဲနေပုံရသည်။ သူ့အစ်မ အရင်းနှင့် ယောက်ဖအရင်းကို ဧည့်ခံရရုံကလေးဖြင့် ဘာကြောင့်များ သူ ဒါလောက်တောင် မော ပန်းနွမ်းနယ် သွား ရသနည်းဟု ကျွန်မ တွေးကြည့်နေမိသည်။
"ခဏလေးစောင့်နော်... ကျွန်မ အပေါ်ခန်းကို ပြေးတက်ပြီး မိုးကာအင်္ကျီဝတ်လိုက်မယ်"
"ပန်းအလှပြင်တဲ့အခန်းထဲမှာ မိုးကာအင်္ကျီတွ တစ်ပုံကြီးရှိပါတယ်ကွာ" သူက စိတ်မရှည်သလိုပြော သည်။ "မိန်းမတွေဟာ သူ့တို့အိပ်ခန်းထဲရောက်သွားရင် နာရီဝက်လောက်နဲ့တော့ ပြန်ထွက်လာရိုး ထုံး စံမရှိဘူး။ ရောဘတ်... ပန်းအလှပြင်တဲ့အခန်းထဲက မိုးကာအင်္ကျီတစ်ထည်ယူပြီး မစ္စက်ဒီဝင်းတား ကို ပေးလိုက်စမ်း။ လူတကာဝတ်ပြီး ထားပစ်ခဲ့တာ ဒါဇင်ဝက်လောက်ရှိလိမ့်မယ်" မက်ဇင်မ် သည် မော် တော်ကားလမ်းပေါ်သို့ ရောက်နှင့်နေပြီ။ ဂျက်စ်ပါကိုလည်း လှမ်းခေါ်နေသည်။
"ဟေ့ကောင်ကြီး... ခွေးပျင်းကြီး... လာလိုက်ခဲ့။ မင်းကိုယ်လုံးကြီးဝနေတာ ပိန်သွားအောင် ပြေးစမ်း..." ဂျက်စ်ပါ က သူ့ကို ပတ်ချာလှည့်ပြေးရင်း ရွှင်မြူးစွာဖြင့် သူ့ကိုဟောင်နေသည်။ "ခွေးစုတ်... မင်းနှုတ်သီး ကြီး ပိတ်ထားစမ်း။ ရောဘတ်... ဘာဖြစ်လို့ ဒါလောက်တောင် ကြာနေရတာလဲကွ"
မိုးကာအင်္ကျီယူပြီး အခန်းထဲမှ ရောဘတ် ပြေးထွက်လာသည်။ ကျွန်မကလည်း ကမန်းကတန်း ယူဝတ် လိုက်သည်။ မိုးကာအင်္ကျီက သိပ်ကြီးနေသည်။ သိပ်လည်း ရှည်နေသည်။ သို့သော်လည်း တော်သည့် မိုးကာ ကို ပြန်လဲနေချိန် မရတော့။ မြက်ခင်းကိုဖြတ်ကာ တောအုပ်များရှိရာသို့ အတူထွက်လာခဲ့ကြ သည်။ ဂျက်စ်ပါ က ကျွန်မတို့ရှေ့မှ ပြေးနှင့်သည်။
"ကိုယ့်မိသားစု အကြောင်းကို ကိုယ် ကောင်းကောင်း နားမလည်ဘူး။ ဘီယက်ထရစ်ဟာ ကမ္ဘာပေါ်ရှိတဲ့ အကောင်းဆုံး လူတွေထဲမှာ တစ်ယောက်ပါတာအမှန်ပဲ။ ဒါပေမဲ့ သူနဲ့မဆိုင်တာတွေမှာ ဝင်ဝင်ပါချင် တယ်" ဟု မက်ဇင်မ်က ပြောသည်။
ဘယ်နေရာ မှ ဘီယက်ထရစ် မှားယွင်းကြောင်း ကျွန်မ အတိအကျ မသိပါ။ သို့သော်လည်း သူ့ကို မမေး ဘဲနေတာ က ပိုကောင်းမည်ဟုထင်ပါသည်။ နေ့လယ်စာမစားမီက သူ့ကျန်းမာရေးအကြောင်းကို ဘီယက်ထရစ် က ဝင်ရောက်ဆွေးနွေးသဖြင့် သူ မကျေနိုင် မချမ်းနိုင် ဖြစ်နေပုံရသည်။
"သူနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုသဘောရသလဲ"
"သူ့ကို ကျွန်မ အရမ်းသဘောကျတာပဲ အစ်ကို။ ကျွန်မအပေါ်မှာလဲ သူ သိပ်ကောင်းတယ်"ဟု ကျွန်မ က ပြန်ဖြေသည်။
"ထမင်းစားပြီး မင်တို့ပန်းခြံထဲကို ဆင်းသွားကြတုန်းက မင်းကို သူ ဘာတွေများ ပြောနေသလဲ"
"ဟင့်အင်း... ကျွန်မ မသိဘူး။ ကျွန်မကသာ အများဆုံး စကားပြောဖြစ်ခဲ့တယ် ထင်ပါတယ်။ မစ္စက်ဗန်ဟော့ပါးအကြောင်း သူ့ကို ပြောပြမိတယ်။ အစ်ကိုနဲ့ ကျွန်မ ဘယ်လိုတွေ့ ခဲ့ကြတယ် ဆိုတာလဲ ပြောပြမိ တယ်။ ဒါလောက်ပဲ ထင်ပါတယ်။ ကျွန်မဟာ သူမှန်းဆထားတာနဲ့တော့ လုံးလုံးကြီး လွဲ သွားတော့တာပဲ လို့လဲ ပြောတယ်"
"သူက ဘယ်လိုများ မှန်းဆထားလို့တဲ့လဲ"
"ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်ပုံမျိုး... ပြီးတော့ ခေတ်ဆန်ဆန်၊ လူရည်ကလဲ ခပ်လည် လည်... နောက်ပြီးတော့ ပျံတံတံ နန့်တန့်တန့် ဆတ်ကော့လတ်ကော့အစားထဲကဖြစ်မယ်လို့ မှန်းထား တာတဲ့"
မက်ဇင်မ်က ဘာမျှပြန်မဖြေ။ တုတ်တစ်ချောင်းကို ကုန်းကောက်သည်။ ပြီးတော့ ဂျက်စ်ပါအတွက် ခပ် ဝေးဝေးသို့ ပစ်ပေးသည်။
"ဘီယက်ထရစ်ဟာ တစ်ခါတစ်လေတော့ အင်မတန်ကို အသိဉာဏ် ခေါင်းပါးတယ်"ဟု ခဏကြာတော့ မှ သူက ဆက်ပြောသည်။
မြက်ခင်း၏တစ်ဖက်ရှိ မြက်ပင်များ ထူထပ်စွာပေါက်နေသော ကုန်းစောင်းကလေးပေါ်သို့ ကျွန်မတို့ တက်ခဲ့ကြသည်။ ပြီးတော့ တောထဲသို့ဝင်ခဲ့သည်။ သစ်ပင်တွေက ထူထပ်စွာ ပေါက်နေသည်။ ထို့ ကြောင့်လည်း ခပ်မှောင်မှောင်ဖြစ်နေသည်။ သစ်ကိုင်းအကျိုးအစများပေါ်မှဖြတ်ပြီး ကျွန်မတို့လျှောက် လာကြ သည်။ ခေါင်းလောင်းပြာပန်းများလည်း အဖူးတွေ တဝေဝေနှင့်ရှိနေသည်။ မကြာခင် ပွင့်ကြ တော့မည်။ ဂျက်စ်ပါ ငြိမ်နေသည်။ မြေပြင်ကို လိုက်နမ်းကြည့်နေသည်။ ကျွန်မက မက်ဇင်မ် ၏လက် မောင်းကိုဆွဲကိုင်လိုက်သည်။
"အစ်ကို... ကျွန်မ ဆံပင်ကို သဘောကျရဲ့လားဟင်..."ဟုလည်း မေးမိသည်။
သူက ကျွန်မကို အံ့သြတကြီးဖြင့် ငုံ့ကြည့်သည်။
"မင်း... ဆံပင်... ဘာဖြစ်လို့ မေးရတာလဲ... ကိုယ် သဘောကျပါတယ်။ ဆံပင်က ဘာဖြစ်လို့လဲ"
"အတော် ရယ်စရာကောင်းတဲ့ ကလေးမပဲ"
သစ်တောအလယ် မှ ကွက်လပ်ကလေးတစ်ခုသို့ ရောက်လာကြသည်။ လူသွားလမ်းကလေးက သည် နေရာ မှာ နှစ်ခုခွဲထွက်သွားသည်။ ဂျက်စ်ပါက လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ ညာဘက်လမ်းအတိုင်း လိုက် သွားသည်။
"ဟေ့ကောင်... အဲဒီလမ်း မဟုတ်ဘူးကွ။ ဒီဘက်လာခဲ့"ဟု မက်ဇင်မ်က လှမ်းအော်သည်။
ခွေးကလေးက ထိုနေရာမှာ ရပ်ပြီး ကျွန်မတို့ကို ပြန်ကြည့်နေသည်။ အမြီးကိုလည်း နန့်နေသည်။ သို့ သော် ပြန်မလာ။
"ဘာဖြစ်လို့ အဲဒီလမ်းကို သွားချင်ရတာလဲဟင်..."
"သူသွားနေကျလမ်း မို့လို့နဲ့ တူပါတယ်ကွာ" ဟု မက်ဇင်မ်က တိုတိုပဲ ပြန်ဖြေသည်။
"အဲဒီလမ်းအတိုင်းသွားရင် ပင်လယ်ကွေ့ကလေးကို ရောက်တယ်။ ကိုယ်တို့ရွက်သင်္ဘောကို အဲဒီမှာ ထားလေ့ ရှိတယ်။ ဂျက်စ်ပါ... ပြန်လာခဲ့"
ဘာစကားမှထပ်မပြောတော့ဘဲ ဘယ်ဘက်လမ်းကြောင်းကလေးအတိုင်း ကျွန်မတို့လျှောက်လာခဲ့ကြ သည်။ နောက်ဘက်သို့ သမင်လည်ပြန် လှည့်ကြည့်လိုက်တော့ ဂျက်စ်ပါ လိုက်လာသည်ကို တွေ့ရ သည်။
"ဒီလမ်းအတိုင်းသွား ရင် ကိုယ်ပြောဖူးတဲ့ တောင်ကြားကလေးကို ရောက်မယ်။ အဇေလီယာပန်းနံ့တွေ လဲ ရမယ်။ မိုးရွာပေမယ့် အရေးမကြီးပါဘူး။ အနံ့တောင် ပိုထွက်လာဦးမယ်"
သူ့စိတ် တည်ငြိမ်သွားပြီဖြစ်ကြောင်း ကျွန်မ သတိထားမိပါသည်။ သူ ပျော်နေပြီ။ စိတ်ချမ်းသာနေပြီ။ ကျွန်မ သိသော မက်ဇင်မ်။ ကျွန်မချစ်သော မက်ဇင်မ်။ ဖရင့်ခရော်လေအကြောင်းကို သူက စပြောပြနေ သည်။ ဖရင့်ခရော်လေသည် လူကောင်းဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရသူဖြစ်ကြောင်း၊ မန်ဒါလေ စံအိမ် နှင့် မန်ဒါလေလုပ်ငန်းများအပေါ်တွင်လည်း သစ္စာရှိပြီး ကိုယ်ရော စိတ်ပါ မြှုပ်နှံထားသူဖြစ်ကြောင်း များ ဆက်ပြောပြနေသည်။
အခုလိုနေရတာ အင်မတန်ကောင်းတာပဲ။ အီတလီနိုင်ငံမှာ တို့လင်မယားနှစ်ယောက်တည်းနေခဲ့ရသ လိုပဲ ဟု ကျွန်မ တွေးနေမိပါသည်။ သူ့မျက်နှာကိုလည်း မော့ကြည့်ကာ ပြုံးပြုံးပြရသည်။ သူ့လက်မောင်း ကိုလည်း တင်းတင်းကျပ်ကျပ်ကြီး ဆွဲကိုင်ထားမိသည်။ သူ့မျက်နှာပေါ်က ဒေါသဖြစ်သည့် အရိပ် အယောင် များ ပျောက်သွားပြီ။
ကျွန်မ ကလည်း "ဟုတ်ကဲ့" ဆိုတာမျိုး။ "တကယ်ပဲလားဟင်" ဆိုတာမျိုး။ "စိတ်ချမ်းသာစရာကောင်း လိုက်တာ အစ်ကို ရယ်" ဆိုတာမျိုးများ အလိုက်သင့် ပြန်ပြောနေမိသည်။ သို့သော်လည်း ကျွန်မ၏ အတွေး ကမူ ဘီယက်ထရစ်တို့ လာလည်ခြင်းသည် ဘယ်လိုများ သူ့ကို အနှောင့်အယှက်ဖြစ်စေသ နည်း ဆိုတာ ကိုသာ တွေးနေမိပါသည်။ မက်ဇင်မ်သည် တစ်နှစ်တွင် တစ်ကြိမ်နှစ်ကြိမ်တော့ ဒေါသ ပေါက်ကွဲ တတ်ကြောင်း ဘီယက်ထရစ် က ပြောပြသွားသေးသည်။
ဘီယက်ထရစ် သည် သူ့အစ်မဖြစ်သောကြောင့် သူ့အကြောင်း ကောင်းကောင်းသိနိုင်ပါသည်။ သို့သော် လည်း မက်ဇင်မ်နှင့်ပတ်သက်ပြီး ကျွန်မ ထိုသို့မထင်မိပါ။ တစ်ခါတစ်ရံ သူ့စိတ်အနှောင့်အယှက်ဖြစ် သည်မှာ မှန် ပါသည်။ သို့သော်လည်း သူ့အစ်မ ပြောသွားသလို ဒေါသကြီးတတ်သူကား မဟုတ်နိုင်ပါ။ ဘီယက်ထရစ် က ပုံကြီးချဲ့ပြောသွားခြင်းသာ ဖြစ်ပါလိမ့်မည်။ သို့တည်းမဟုတ် မိမိတို့၏ဆွေမျိုးများနှင့် ပတ်သက်ပြီး လွဲမှားစွာ မြင်တတ်ကြသည့်အတိုင်း ပြောသွားခြင်းလည်း ဖြစ်နိုင်ပါသည်။
"ဟောဟိုမှာ... ဟောဟိုကို လှမ်းကြည့်လိုက်စမ်း..."ဟု မက်ဇင်မ်က ရုတ်တရက် ပြောလိုက်သည်။
တောစပ် က ကုန်းစောင်းကလေးပေါ်မှာ ကျွန်မတို့ရပ်နေကြသည်။ လူသွားလမ်းကလေးသည် ကျွန်မ တို့ ရှေ့ မှာ ကွေ့ကာကောက်ကာဖြင့် တောင်ကြားကလေးဆီသို့ ဦးတည်သွားသည်။ ဘေးမှာ စမ်း ချောင်း ကလေးတစ်ခုရှိနေသည်။ သည်နေရာမှာ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းမရှိ။ ချုံပုတ်ငယ် တွေ ရှုပ်ရှုပ်ထွေးထွေး မရှိ။ သို့သော်လည်း လူသွားလမ်းကလေးနှင့် စမ်းချောင်း ကလေးဘေး မှာတော့ အဇေလီယာပန်းပင်များနှင့် တောင်ဇလပ်ပန်းပင်များကို တွေ့ရသည်။ သည်နေရာ က တောင်ဇလပ်ပန်း ပွင့်များသည် စံအိမ်ကြီးအနီးမှ တောင်ဇလပ်ပန်းများလို ရဲရဲ မနီကြ။ ရွှေရောင်လွင်လွင်ကလေးနှင့် အလွန်ကြည့်လို့ကောင်းသည်
တသုန်သုန် တိုက်ခတ်လာသည့် လေထဲမှာလည်း တောင်ဇလပ်ပန်းနံ့များ ကြိုင်လှိုင်နေသည်။ သည် လမ်း၊ သည်စမ်းချောင်း၊ သည်ပန်းပင်များ၊ သည်ပန်းရနံ့များအကြားမှာ ယခုလို ရပ်နေရသည့်အတွက် ကျွန်မ အလွန်တရာ စိတ်ချမ်းသာမိပါသည်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေသည်။ စမ်း ချောင်းရေစီးသံကလေးကလည်း ညင်ညင်သာသာ။ မိုးရေစက်ကျနေပုံကလည်း ညင်ညင်သာသာ။ မက်ဇင်မ် စကားပြောသောအခါတွင် သူ့အသံကလည်း တိုးတိုးသက်သာ။ သည်ပတ်ဝန်းကျင်၏အေး ငြိမ်းတိတ်ဆိတ်မှု ပျက်စီးသွားမှာကို စိုးရိမ်ဘိအလား။
"ဒီနေရာကို ပျော်စရာတောင်ကြားလို့ အစ်ကိုတို့က နာမည်ပေးထားတယ်"ဟု သူက ပြောသည်။
ကျွန်မတို့နှစ်ယောက် ငြိမ်သက်စွာ ရပ်နေကြသည်။ ဘာစကားမျှ ဆက်မပြောမိ။ ကျွန်မတို့ပတ်လည် မှာ ဝေဝေ ဆာဆာပွင့်နေကြသည့် ပန်းပွင့်ကလေးများကို ငုံ့ကြည့်နေမိကြသည်။ ကြွေကျနေသော ပန်း ကလေးတစ်ပွင့် ကို မက်ဇင်မ်က ကုန်းကောက်ပြီး ကျွန်မကို လှမ်းပေးသည်။ ပွင့်ဖတ်ကလေးတွေ က နွမ်းနေကြပြီ။ အရောင်အဆင်းလည်း ပျက်ပြယ်စပြုနေပြီ။ ကျွန်မက ပွင့်ဖတ် ကလေးများကို လက်နှင့် ခြွေလိုက်သည်။ ထိုအခါကျမှပင် အပင်ပေါ်မှ ယခုပင် ခူးလိုက်သလိုလတ်ဆတ်သော ပန်းရနံ့ က ထောင်းကနဲ ထွက်လာသည်။
ထိုအချိန်မှာပင် ငှက်အော်သံများကို စတင်ကြားရလေသည်။ ပထမဆုံး မြေလူးငှက်တစ်ကောင်က စ အော်သည်။ စမ်းရေစီးသံကလေးကြားမှ ငှက်အော်သံကို ကြားရတော့ ပတ်ဝန်းကျင်က ပို၍ သာယာ သွားသယောင် ထင်မှတ်ရသည်။ သူ့အော်သံကြားရတော့ ကျွန်မတို့နောက်ဘက်ရှိတောထဲမှာ ပုန်းနေ သော အခြားငှက်တစ်ကောင်က ပြန်ထူးသည်။ ခဏကြာတော့ ကျွန်မတို့ပတ်လည်ရှိ ငြိမ်သက်နေသော လေထဲ မှာ ငှက်ပေါင်းစုံတို့၏ မဖိုခေါ်သံများ ပြည့်လျှမ်းသွားပါလေတော့သည်။
ဆက်ရန်
.
No comments:
Post a Comment