Tuesday, May 15, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၅)

" အေးလေ၊ ဘာပဲဖြစ်ဖြစ် တစ်မျိုးကောင်းပါတယ်၊ ညီလေးက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲ ခိုင်ခိုင် မာမာ နေတတ်တယ်၊ ဒါလည်း လေ့လာစရာတွေ ကျန်နေသေးတာကိုး၊ လေ့လာရင်းက ပို လုပ်ချင် လာ တာတွေ ရှိတော့ တစ်မျိုးပေါ့ ဟုတ်လား " ရဲဝင့် တတိယ အကြိမ် ပခုံးတွန့်ပြ မိပါသည်။ ကို ဆက်ဖတ်ရန်....

မနှင်းဖွေး (၃)

လက်ဖက်ရည်ဆိုင်ထဲမှ မလိုင် နံပြား ထည့်ထားသော ကြွပ်ကြွပ်အိတ်ကလေးကို ဆွဲ၍ ထွက်လာပြီး စက်ဘီး ပေါ် တက်မည့်ဟန် ပြလိုက်စဉ် လမ်းတစ်ဖက် ကျောပိုးအိတ် ဆိုင်ရှေ့မှ လမ်းဖြတ်ကူးလာသော ကိုဟန်ပို ကို မထင်မှတ်ဘဲ လှမ်းတွေ့လိုက်ရသည်။
အတူ ပါလာသော ၀မ်းကွဲ ညီမလေးလက်ထဲသို့ မလိုင်နံပြားထုပ်ကလေး ကို လှမ်းပေးပြီး မနှင်းဖွေး လက်ခုပ် လက်ဝါး တီး၍ လှမ်းခေါ်သည်။
" ကိုဟန်ပို၊ ကိုဟန်ပို "
ကိုဟန်ပို က လှမ်းကြည့်ပြီး ၀မ်းသာအားရ လက်ဝှေ့ယမ်းပြသည်။ ဘေးဘယ်ညာ ကားရှင်းမရှင်း ကြည့်၍ လမ်းကို ကမန်းကတန်း ပြေးကူးလာသည်။
မနှင်းဖွေး တို့ ရှေ့ရောက်တော့ အရှိန်သတ်၍ အားရ၀မ်းသာ ဗလုံးဗထွေးပြောသည်။

" ငါ ပြင်ဦးလွင် ရောက်ကတည်းက နင်နဲ့ ဆုံချင်ဆုံမှာ၊ လိပ်စာ မတောင်းထားမိတာ မှားတာပဲဆိုပြီး လမ်းသွား တိုင်း ကောင်မလေးတွေ မျက်လုံးလိုက်လိုက်ကြည့်နေရတာ "
" ကိုဟန်ပိုကြီး ကလည်း ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ဟ၊ နင့်မျက်လုံးက ရှားရှားပါးပါး အညိုဖျော့ရောင်ကလေးမဟုတ်လား၊ နင် ပိန်သွား၊ ၀သွား လို့ ငါ ရုပ်မမှတ်မိလည်း မျက်လုံးတော့ မှတ်မိမှာပဲဆိုပြီး လိုက်ကြည့်တာ၊ အာပါးပါး၊ တစ်မြို့လုံး မျက်လုံး အညို ဖျော့ရောင်တွေ အများကြီးပဲ၊ ကုလားမ ဖြူဖြူကလေးတွေ "
ကိုဟန်ပို ထုံးစံအတိုင်း အားပါးတရ ပြောနေရာမှ မနှင်းဖွေးက မသိမသာ ညီမကလေးဘက်သို့ မျက်ရိပ်ပြ လိုက်တော့ မှ ပါးစပ်အဟောင်းသားနှင့် ရပ်သွားသည်။
မနှင်းဖွေး ၏ ၀မ်းကွဲ ညီမလေးကလည်း အသားက ဆွတ်ဆွတ်ဖြူသော်လည်း ရုပ်ကြည့်လိုက်တာနှင့် သိ သာ ထင်ရှားသော ကုလားမကလေးပါ။

လက်စသတ်တော့ ဒါကြောင့် မနှင်းဖွေး မျက်လုံးတွေက အညိုဖျော့ရောင်ဖြစ်နေတာကိုးဟု သဘောပေါက် သွားဟန် တူသည်။ အသံ တိတ်သွားသည်။
" ကဲပါ၊ အဲဒါတွေထား၊ ကိုဟန်ပို ဒီဘာလာလုပ်တာလဲ ပြောဦး "
ဟန်ပို က ဘယ်ညာကို ကျီးကန်းတောင်းမှောက် ကြည့်သည်။
" အမှန်ကတော့ အစက ငါ ထွက်ပြေးလာတာဟ "
မနှင်းဖွေး မျက်မှောင်ကြုတ်သည်။

" ကိုဟန်ပို က ပါသေးလို့လား "
" ပါတာပေါ့ဟ၊ ငါတို့ အတန်းထဲက အဖွဲ့တွေက စကတည်းက ပါကြတာ၊ မပါတာဆိုလို့ နင့်ကောင် ရဲဝင့် ပဲ ရှိတယ်၊ ဒီကောင်က တောက်လျှောက် သူ့စီးပွားရေးပဲ သူ လုပ်နေတာ "
သတင်း အဆက်အသွယ် မရသဖြင့် ရဲဝ့်အတွက် စိတ်ပူနေခဲ့ရသော မနှင်းဖွေး ဟန်ပို့ စကားကြောင့် တော် တော် ရင်အေးသွားသည်။
" သူ့လုပ်ငန်းတွေက ရပ်မနေဘူးလား "
" ကြံကြံဖန်ဖန်၊ ဒီကောင် စီးပွားဖြစ်လိုက်သမှ ခဏနေရင် နင့်တောင် လာတောင်းချင် တောင်းတော့မှာ "
မနှင်းဖွေး ၏ မျက်နှာ ဖြူဖြဇူကလေး သွေးရောင်လွှမ်းသွားသည်။

" ကိုဟန်ပိုကြီး ကလည်း နှင်းတို့ နှစ်ယောက်က ရိုးရိုး သူငယ်ချင်းတွေဟာ "
ဆန်း ဖို့လည်း သူ ကြိုးစားတော့မှာ မဟုတ်ပါဘူးလေဟု ရင်ထဲက ကြိတ်၍ သက်ပြင်းချရသည်။ ပြီးမှ ဟန်ပို့ ကို မေးသည်။
" နို့ အခုရော ကိုဟန်ပို့အစီအစဉ်က ဘာလဲ "
" ပြန်မှာဟ၊ ကောလာဟလတွေတဲံ၊ ရန်ကုန်မှာလည်း ငါ့ဘော်ဒါတွေ အေးအေးဆေးဆေး ပဲတဲ့၊ အိမ် က ပြန်ခေါ်နေပြီ၊ အဲဒါ ပြန်တော့မလို့ လုပ်နေတုန်း နင်နဲ့ဆုံတာ၊ ဟိုကောင်ကြီးဆီ ဘာမှာဦးမလဲ "
" ကိုဟန်ပို နဲ့ တွေ့မှာ မို့လို့လား "

" တွေ့မယ်၊ ငါတို့ ဖုန်းနဲ့တောင် ချိန်းထားပြီးပြီ၊ ငါက ငါလည်း ဘွဲ့ရ အလုပ်လက်မဲ့ စာရင်းဝင်နေပြီ၊ မင်းစက် မှာ လာအလုပ်လုပ်မယ်ပြောတော့ ဒီကောင်က ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာမယ့် အရိပ် အယောင်ရှိတယ်တဲ့၊ မင်းနဲ့ ဗိသုကာ ပြန်လုပ်သင့် လုပ်ရမယ်၊ စာတွေလည်း ပြန်ဖတ်ထား၊ ငါနဲ့ လာနေပြီး တိုင်ပင်ကြရအောင်တဲ့ "
" ကောင်းတာပေါ့၊ အဲဒါဆို နှင်းလည်း စာရင်းကိုင် လာလုပ်မယ်ပြောလိုက် "
ဟန်ပို က ရယ်သည်။
" သူဌေးကတော် ပဲ လုပ်ပါဟာ "
" ကိုဟန်ပိုကြီးနော် "
မနှင်းဖွေး မျက်နှာကလေးက နီရဲသွားပြန်သည်။

ရဲဝင့် (၆)

အရာရှိကလေး ဖုန်းပြောနေသည်ကို ရဲဝင့်က ဧည့်ခန်း ဆက်တီပေါ်တွင် ထိုင်ရင်း စိတ်လှုပ်ရှား စွာ စောင့် နေသည်။
ခဏနေတော့ အရာရှိကလေးက ဖုန်းကိုချ၍ ဆက်တီတွင် ပြန်လာထိုင်ရင်း ရဲဝင့်ကို ပြုံးပြသည်။
" ခဏလေးနော် ကိုရဲဝင့်၊ ကျွန်တော်တို့ကား လူတစ်ယောက် သွားကြိုနေတယ်၊ ပြန်လာရင် ကိုရဲဝင့်ကို လိုက်ပို့ပေး မယ် "
ရဲဝင့် ပါးစပ် အဟောင်းသားဖြစ်သွားသည်။
" ဘာပြောတာလဲ၊ ကျွန်တော်က ပြန်ရမှာလား "
အရာရှိကလေးက ပြုံး၍ ခေါင်းညိတ်ပြသည်။

" သိချင်တာလေးတွေ ရှိလို့ ခဏ ခေါ်မေးတာပါဗျာ၊ ကိုရဲဝင့်ကို ပြန်ပို့ပေးမှာပေါ့ "
ရဲဝင့်က ၀မ်းသာအားရ နေရာမှ ထရပ်သည်။
" ဟာ မပို့နဲ့တော့၊ ရတယ်၊ ကျွန်တော့်ဟာ ကျွန်တော် ပြန်မယ် "
" နေပါဦး ကားက အခုလာတော့မှာ၊ ဘတ်စ်ကားတွေက နည်းနေသေးတာ၊ ကျွန်တော် တို့ ပြန်ပို့ပေးပါမယ် "
" ဒီခရီးလောက်တော့ လမ်းလျှောက်နိုင်ပါတယ်ဗျာ၊ ကျွန်တော် လမ်းလျှောက်ပဲ ပြန်တော့မယ် "
အရာရှိ ကလေး က ပြုံး၍ နေရာမှထပြီး လက်ဆွဲနှုတ်ဆက်သည်။

" ဒါဆိုလည်း သဘောပဲ၊ ညီအစ်ကိုလို အကြံပေးရရင်တော့ ကိုရဲဝင့်မင်းဘူး ခဏပြန်ချင်ပြန်ပါလား "
" ဘာဖြစ်လို့လဲ "
" ခင်ဗျား တစ်လျှောက်လုံး ရန်ကုန်မှာပဲ ရှိနေတာ၊ ဟိုက မိဘတွေ၊ အင်းလေ အဖေပေါ့၊ ခင်ဗျားအဖေ စိတ်ပူနေရောပေါ့၊ ခဏတစ်ဖြုတ်တော့ ပြန်လိုက်ဦးလေ၊ ကားတွေလည်း ပုံမှန် ထွက်နေပါပြီ "
ရဲဝင့် တွေဝေ စဉ်းစားသည်။
အာရုံ ထဲတွင် ဖေဖေ့ပုံ မပေါ်ဘဲ မျက်နှာကလေးညှိုးနေသော စိမ်းဝေပုံပေါ်လာသည်။
" အေးဗျာ၊ ဟုတ်တယ်၊ ကျေးဇူးပဲ၊ ကျွန်တော် နက်ဖြန် သွားလိုက်မယ် "
" ဂွတ်လပ် ဗျာ "

မောင်နှမနှစ်ယောက် အိမ်ရှေ့က ဒန်းကလေးမှာ ထိုင်ဖြစ်ကြသည်။
" ကိုကို ပိန်သွားတယ် "
စိမ်းဝေက ရဲဝင့် လက်မောင်း တစ်ဖက်ကို ကိုင်ကြည့်ရင်း တိုးတိုးပြောသည်။ ရဲဝင့်ကတော့ ပြည့်ဝန်းနေသော လကို မော့ကြည့်နေရင်းက တိုးတိုးရယ်သည်။
မြေပြင်ပေါ်မှာလည်း လတစ်စင်းက ထင်းနေအောင် ၀င်းပနေသည်။
မဟုတ်ဘူးလေ။ သိပ် လှလာတယ်ဆိုတဲ့ စကားမျိုးက ကိုယ့်နှမ လိုပဲ သဘောထားရမည့် သူကို ပြောခွင့်ရှိ သည့် စကားမျိုးမှ မဟုတ်တာ။
" ၀ယ်ရေးချက်ရေး တော်တော် ခက်သွားသေးတယ်ကွ၊ ပြီးတော့ ညလည်း ရပ်ကွက်မှာ ကင်းစောင့်ရ၊ နေ့ လည်း အလုပ်လုပ်ရ "
" အခုရော အလုပ်တွေ ဒီလိုပဲ ထားခဲ့တာလား "
" အလုပ် က နားထားရတယ်၊ စိစစ်နေကြတယ်၊ ကြာမှာ "
စိမ်းဝေ မျက်နှာကလေး စိတ်ပူဟန် ပေါ်လာသည်။

" ဘယ်လို လုပ်မလဲ ကိုကို "
" ဗိသုကာဘွဲ့ ရပြီပဲကွာ၊ ဗိသုကာ ပြန်လုပ်မှာပေါ့၊ အဆောက်အအုံ လုပ်ငန်းတွေ ခေတ်ပြန်ကောင်းမယ်လို့ မှန်းထားကြတယ်၊ အရင် အလုပ်က စုမိထားတာလေးနဲ့ အဲဒီဘက် လှည့်မလား လို့ ကိုကို့သူငယ်ချင်း ဟန်ပိုကြီးနဲ့တောင် တိုင်ပင်ထားတယ်၊ အဲဒါတွေ ထားပါဦး၊ စိမ်းဝေက အခ ၁၀ တန်းပြီးထားပြီး တက္ကသိုလ် တွေက စောင့်ရဦးမှာဆိုတော့ ဘာလုပ်မယ် စိတ်ကူးထားလဲ "
စိမ်းဝေ က ပခုံးတွန့်ပြသည်။
" ရန်ကုန် မှာတော့ ကွန်ပျူတာတို့၊ အင်္ဂလိပ်စာတို့ တက်နေကြတယ် ကြားတယ်၊ ဒီမျာက ဘာမှမှ မရှိတာ "
ရဲဝင့် အသက်ရှူဖို့ ခဏမေ့သွားသည်။
လရောင်အောက်က ၀ိုးတ၀ါး အလင်းရောင်မှာပင် ၀တ်ဆင်ထားသည့် အိမ်နေရင်း သာမန် အ၀တ်အစား တီရှပ် အဟောင်း၊ လုံချည်ဗြောင်တို့နှင့် မလိုက်ဖက်လောက်အောင် သိသိသာသာ လှပလွန်းနေသည့် ၁၆ နှစ် အရွယ် မိန်းမငယ်၏ မျက်နှာကလေးကို ငေးကြည့်ရင်းက စဉ်းစားတုံ့ဆိုင်းနေသည်။

ပြီးမှ တိုးတိုးပြောသည်။
" ရန်ကုန်လာခဲ့လေ၊ ကိုကို ထားပေးမှာပေါ့ "
သွေးသား မတော်ဘူးဆိုသည့် အသိကြောင့် ရင်ခုန် တွန့်ဆုတ်စွာ ပြောလိုက်ရသော်လည်း စိမ်းဝေ မျက်နှာ ကလေး က အေးအေးဆေးဆေးပင်။
" လာချင်တာပေါ့ ကိုကိုရယ်၊ မေမေက ဘယ်လွှတ်မလဲ "
" ဒီလို လုပ် လို့ ရတယ်လေ "
" ဘယ်လိုလဲ "
" ကိုကိုက အခု ကြည့်မြင်တိုင်မှာ အိမ်သေးသေးကလေး တစ်လုံး ငှားထားတယ်၊ စက် မှာလည်း လောလော ဆယ်နေလို့မရတာနဲ့၊ အဲဒါ နော်လေးဖောဆိုတဲ့ ကရင်အဒေါ်ကြီး တစ်ယောက် က နေ့ဆိုလာချက်ပြုတ် လုပ် ကိုင်ပေးတာ၊ အမှန်က သူက နေပေးလို့ ရတယ်၊ ကိုကိုက တစ်ယောက် တည်း နေတာမို့ မခေါ်တာ၊ စိမ်းဝေ လာနေချင်ရင် အခန်းလည်း သတ်သတ်ရှိတယ်၊ သူ့လည်း ခေါ်ထားလို့ ရတယ်။ အန်တီခင်လည်း လောလောဆယ် ကျောင်းပိတ်ထားတော့ ခဏ လာနေပေါ့၊ စိမ်းဝေ အခြေကျရင် ပြန်လို့ရတာပဲ "

" ဖေဖေ့ ဘယ်လို လုပ်မလဲ "
" ဖေဖေက ကိုကို ၁၀ တန်းကတည်းက တစ်ယောက်တည်း နေနေကျပဲ၊ ရမှာပါ "
စိမ်းဝေ တွေဝေ စဉ်းစားနေသည်။
" စိမ်းဝေ ကတော့ တက်ချင်တယ်၊ ဖေဖေနဲ့ မေမေ့ကို ပြောကြည့်မယ်လေ၊ ကိုကိုပါ ၀ိုင်းပြောပေး "
" ပြောပေး မှာပေါ့ "
ရဲဝင့် ရင်ထဲတွင် ငြိမ်းချမ်း နွေးထွေးသွားသည်။ စုံကန္တာ နေပူကြီးမှာ ထီးမပါ၊ ဖိနပ်မပါ တစ်ယောက် တည်း လျှောက်နေရာ က ယခုတော့ နှမလှလှကလေး တစ်ယောက် တကယ် အပိုင်ရတော့မည်လား မသိ။
 
အန်တီခင်က ပထမတော့ သဘောမတူ။
သူ့စိတ်ထဲတွင် ကလေးဟုပဲ မြင်နေသော စိမ်းဝေကို အစ်ကိုဆိုသော်လည်း သွေးသား မတော်စပ်သူနှင့် ထားချင်ဟန် မတူ။ နောက်တော့ ဖေဖေက ၀င်ကူပြောသည်။
" ခင် စိတ်ပူရင် ဟိုမှာ ကြိုက်သလောက် ကြာကြာနေ၊ သမီးက အခု ကလေးပဲ ဆိုပေမယ့် ကျောင်းတွေ ဖွင့်တာ ထိုင်စောင့်ရင်း အချိန်တွေ အလကား ကုန်ပစ်လို့လည်း မဖြစ်သေးဘူးလေ၊ သားက ဟိုမှာ ရုန်းကန် နေရတော့ မျက်စိပွင့်တယ်၊ သူ့နှမကို သူ လမ်းညွှန်နိုင်တယ်၊ ဒီလို အခွင့်အရေးမျိုး လူတိုင်း ဘယ်ရ မလဲ "
နောက်ဆုံးတော့ ရဲဝင့် ပြန်နှင့်။ အန်တီခင်နှင့် စိမ်းဝေ စီစဉ်ပြီး လိုက်ခဲ့မည်ဟု ဖြစ်သွားသည်။
ရဲဝင့် အပြန် ခရီး တွင်တော့ ခြေလှမ်းတို့ သိသိသာသာ သွက်လက်ဖျတ်လတ်နေသည်။

ဟန်ပို က သင်္ဘောဆေးနံ့ မပြယ်သေးသည့် တိုက်ခန်းသစ်ကို လှည့်လည်ကြည့်ရှုရင်းက ခေါင်းခါသည်။
" ဘာလဲဟ "
ရဲဝင့်က မေးတော့ နှာခေါင်းရှုံ့ပြသည်။
" ငါ့ပိုက်ဆံတော့ မဟုတ်ပါဘူးကွာ၊ ဒါပေမဲ့ ၀င်ငွေက တစ်ပြားမှ မရှိသေးဘူး၊ တိုက်ခန်းဖိုးက ငါးသိန်းဆို တော့ တို့လုပ်ငန်းက အရှုံးနဲ့ စရသလို ဖြစ်နေလို့ "
ရဲဝင့်က ရယ်သည်။
" မင်းက ငှားစေချင်တာလား "
" ဒါပေါ့ကွ၊ ဒါ အပေါ်ထပ်အခန်း၊ အလွန်ဆုံး ငါးထောင်ပေါ့ "

" ရပါလိမ့်မယ်၊ အားကြီးကြီး၊ ဒီမှာ ငါပြောမယ်၊ ဒီအခန်း နောက် ၁၀ နှစ်ကြာလို့ နှစ်ဆ မမြတ်ရင် မင်း ပြောချင်တိုင်းပြော "
ဟန်ပို က လေအေးစက် တင်ဆင်နေသော အလုပ်သမားများဘက်သို့ လှည့်ကြည့်သည်။
" မင်း မီး ကရော မှန်လို့လား "
" ဒီစမ်းချောင်း တောင်ဘက်က မှန်တယ်ကွ "
ကန့်ထားသော သုံးထပ်သား အခန်းကလေးကို လှမ်းကြည့်ပြန်သည်။
" ငါက အဲဒီမှာနေ ဟုတ်လား "
" အေး "
" ငါ့ကို ညစောင့်ဖိုး ထပ်ပေးမှာလား "
ရဲဝင့်က ဟက်ဟက်ပက်ပက်ရယ်သည်။

" မင်း အိမ်ငှားခပဲ ထပ်မတောင်းရင် ကံကောင်းမှတ်၊ မင်းအတွက် အဆင်ပြေအောင် စီစဉ်ပေးတာ၊ ငါ့ဟာ ငါက စောင့်အိပ်မယ့်လူ ရှိပြီးသား "
ဟန်ပိုက ရှုံ့မဲ့ပြသည်။
" မင်းအိမ်နေလည်း ရတာပဲကွာ၊ ဒါမှမဟုတ် မင်းလည်း ငှားထားတာ ပြန်အပ်ပြီး ဒီလာနေရတာပဲဟာ "
" ငါ့ဟာ ငါက ဘယ်လို နေနေ ရတယ်ကွ၊ အခုက ငါ့ညီမလေးက သင်တန်းတွေ တက်ရင်း ငါနဲ့ ခဏ လာနေ မလို့၊ ဟိုအိမ်မှာပါ အမိုးကို ညပါ အိပ်ခိုင်းထားတယ် "
ဟန်ပိုက မျက်မှောင်ကြုတ်ပြသည်။

" မင်းနှမဆိုတာ ဟို ဘင်္ဂလား နှမကိုပြောတာ မဟုတ်လား "
" ဟေ့ကောင် "
" ဟ ဟုတ်တယ်လေကွာ၊ မင်းမိထွေးသမီး မဟုတ်လား၊ ဘာတဲ့၊ စိမ်းဝါဆိုလား "
" စိမ်းဝေပါကွ "
" အေးလေ၊ ကလေးလေးဟာ၊ ဘယ်အရွယ် ရှိသေးလို့ မင်းက ငါ့ကို ခွဲထုတ်နေတာတုံး "
" ၁၆ နှစ် "
" ၁၆ နှစ်လည်း ကလေးပါပဲကွာ၊ ဟေ့ကောင် ဒီမှာ ဟန်ပိုတို့က ရုပ်ဆိုးလို့ လူပျိုဘ၀ မကျွှတ်တာ မှန်တယ်၊ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးစိတ်နဲ့တောင် မပြစ်မှားဘူး မှတ် "
ရဲဝင့်က ရယ်၍ ဟန်ပို့ ပခုံးကို ဖက်သည်။

" ဒေါသမကြီးပါနဲ့ကွာ၊ မင်းလည်း ခွဲထုတ်တာ မဟုတ်ပါဘူး၊ စိမ်းဝေတင်မကဘူးကွ၊ သူ့အမေ အန်တီခင် ပါ ပါလာမှာ၊ မင်း အနေကျုံ့မှာ စိုးလို့ပါ "
" ပြီးရော "
ရဲဝင့်က အနီး စားပွဲလွတ်မှ ကားသော့ကို ကောက်ယူသည်။ ဟန်ပိုက " မင်း စက်ရောင်းတာ ဒီအခန်းနဲ့ အဲဒီ ပရက်စ်တို ကားတစ်စီးပဲ ရတာဟုတ်လား " ဟု မေးသည်။
" ရွှေတော့ ၀ယ်ဖြစ်သေးတာပေါ့ကွာ၊ လာပါ၊ လောလောဆယ်တော့ ငါ ဘိုင်မပြတ်သေးပါဘူး၊ ၄၅ ကျပ် မကတော့ ရှိပါသေးတယ်၊ အခု မင်းကို ဆိုင်လိုက်ကျွေးပါ့မယ် "
" အင်း ခုနေခါတော့ မင်း ၄၅ ကျပ်ပဲ ရှိရင်လည်း တစ်ရက်ပဲ ခံမှာပဲ "
သူငယ်ချင်း နှစ်ယောက် ရယ်မောရင်းက ပြင်ဦးလွင်တွင် ကျန်နေခဲ့သည့် မနှင်းဖွေးကို ပြိုင်တူ သတိရမိ ကြပေသည်။

ပိတောက်ပင် လမ်းထိပ်က လက်ဖက်ရည်ဆိုင် ကလေးက လမ်းဘေးပလက်ဖောင်းပေါ်မှ ခုံပု ကလေးတွေ ချထားသော ဆိုင်မျှသာ ဖြစ်သော်လည်း ယောက်ျားကြီးငယ်တို့ စည်ကားနေသည်။
ရဲဝင့်က စားပွဲခုံ သေးသေး ကလေးပေါ်မှာ သူရမည်ဟု ခန့်မှန်းထားသော လုပ်ကွက်ဆိုင်ရာ စာရွက် စာတမ်း ဖိုင် ကို ချ၍ သဲကြီးမဲကြီး လေ့လာနေသည်။
" လှလှချည်လား ရွာစားရဲ့ "
ဟန်ပို က နောက်တောက်တောက် မှတ်ချက်ချတော့ ရဲဝင့်က ခေါင်းမော့မကြည့်ဘဲ "ဘာဆိုင်းသံမှလည်း မကြားပါဘူးကွာ" ဟုဆိုသည်။
" ကြားရော ငါက ဆိုင်း စိတ်ဝင်စားတဲ့ သူမှ မဟုတ်တာ၊ ဒီခေတ် မိန်းကလေးတွေကို ပြောနေတာ၊ လှလှ ချည်လား လို့၊ ငါတို့ ကျောင်းသားတုန်းက မနှင်းဖွေးလောက်ကို အလှဆုံးထင်တာ၊ ဒီခေတ် မိန်းကလေးတွေ က ပိုလှကုန်တော့၊ အမေ ငါ့ကိုမွေးတာ ငါးနှစ်လောက် စောသွားပြီလို့ မကျေမနပ်ရေ ရွတ် တာ၊ ရှင်းပြီလား "
ရဲဝင့်က ရယ်သည်။

" ကဲ ပြစမ်းပါဦး၊ မင်းပြောတဲ့ ဒီခေတ်အလှ "
" ဟိုမှာ "
ဟန်ပိုက လမ်း ဟိုဘက်ခြမ်းမှာ လမ်းလျှောက်လာသည့် မိန်းမငယ်ကလေး တစ်ယောက်ကို ပြတော့ ရဲဝင့် အပြုံးလျော့သွားပြီး သြော်ဟု တိုးတိုးမြည်တမ်းသည်။ မိန်းကလေးက သူတို့နှစ်ဦး ထိုင်နေတာတွေ့ တော့ လှမ်းပြုံးပြ၍ လမ်း ကူးလာသည်။
အနား မှာ လာရပ်တော့ ဟန်ပိုက မင်သက်နေသည်။

" စိမ်းဝေ သင်တန်းပြီးပြီလား "
" ပြီးပြီ၊ အိမ်မှာ မေမေက စိမ်းဝေကို ပဲစောင်းလျားသီးသုပ်ကာ သင်ပေးမလို့တဲ့၊ အဲဒါ စိမ်းဝေ သုတ်ထားမှာ၊ ကိုကို အပြင်မှာ မစားခဲ့နဲ့ လို့ လာမှာတာ "
ရဲဝင့်ကပြုံး၍ ခေါင်းညိတ်ပြီး အေးပါ စိမ်းဝေရယ်ဟု ပြောသည်။ စိမ်းဝေက တာ့တာဟုဆိုကာ ထွက်ခွာ သွား သည်။
ဟန်ပို က ပါးစပ် အဟောင်းသားနှင့်၊ ဒါ စိမ်းဝေလားဟု မေးသည်။ ရဲဝင့်က စာရွက်တွေ လှန်လှော်နေရင်း က အေး ဟု ဆိုသည်။

" ဒါ စိမ်းဝေ ဆိုရင်တော့ ငါ့စကား ၀ါကျဆက်ရမယ်ကွ "
" ဘာ စကားတုံး "
" အရွယ် မရောက်သေးတဲ့ မိန်းကလေးစိတ်နဲ့တောင် မပြစ်မှားဘူးဆိုတာလေ၊ နောက်က ဆက်ဆယ်၊ သိပ်လှ ရင်တော့ ဘွာတေးလို့ "
" ခွေးကောင် "
ဟန်ပို က တဟားဟားရယ်နေပါသည်။

ကို ဆက်ဖတ်ရန်
.

No comments: