Wednesday, May 2, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၅)

အခန်း(၅)

လူ့ဘ၀တွင် ပထမဦးဆုံးအကြိမ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာ၏ ဝေဒနာကို ကျွန်မ ခံစားခဲ့ရပါသည်။ သည်လို ပထမဦးဆုံးခံစားရသော ချစ်ခြင်းမေတ္တာ၏ စိတ်ဝေဒနာကို တစ် သက် တွင် နောက် တစ်ကျော့ ပြန်ပြီး ခံစား ရတော့မည်မဟုတ်သည့်အတွက်လည်း ကျွန်မ ၀မ်း အသာကြီး သာခဲ့မိ ပါသည်။ ချစ်ခြင်းမေတ္တာ ၏ စိတ်ဝေဒနာမျိုးကို ကဗျာဆရာတွေက ဘယ်လိုပဲ ကာရံ အနုအလှတွေနှင့် ဖွဲ့နွဲ့ ကြစေကာ မူ စိတ်ဝေဒနာသည်ကား စိတ်ဝေဒနာပင်ဖြစ်ပါ၏။ ပြီး တော့ ၀န်ထုပ်ဝန်ပိုးကြီး တစ်ရပ် လည်း ဖြစ်ပါချေသည်။

ထိုအချိန်တုန်းက ကျွန်မ၏အသက်မှာ ၂၁နှစ်မျှသာရှိပါသေးသည်။ ၂၁နှစ်ရွယ်မျှသာရှိသေး သော မိန်းမပျိုကလေးများကား သူရသတ္တိနှင့် ပြည့်စုံကြသည်မဟုတ်။ သူတို့သည် အထိုက် အလျောက်တော့ သူရဲဘောကြောင်ကြ စမြဲဖြစ်သည်။ အကြောင်းမဲ့ စိုးရိမ်ထိတ်လန့်နေတတ် ကြသည်။ ပြီးတော့ အလွယ်ကလေးနှင့်လည်း အသည်းနှလုံးမှာ စွဲထင်တတ်ကြသည်။ ဒဏ်ရာ အနာတရဖြစ်တတ်ကြသည်။ ထိခိုက် နာကျည်းစေသော စကားလုံးများကိုလည်း နာသာခံခက် ဖြစ်တတ်ကြသည်။

ယခုတော့ ကျွန်မ၏အသက်မှာ လူလတ်ပိုင်းအရွယ်သို့ ရောက်လာပါပြီ။ သည်လို အသက် အရွယ် ကလေး ရလာတော့ လောကဓံတရားများကို အထိုက်အလျောက် ခံနိုင်ရည်ရှိလာပါပြီ။ ခံနိုင်ရည် ရှိလာပါပြီ ဟု ဆိုနိုင်သည့်တိုင်အောင် ပေါ့ပေါ့တန်တန် ပြောလိုက်သော စကားလုံးများ လိုပင် နာကျည်း ချင် နာကျည်းနေတတ်ပြန်ပါသည်။ မထီမဲ့မြင် အကြည့်ခံရခြင်းကိုပင် သေတပန်သက်ဆုံး အသည်း ဆတ်ဆတ် ခါချင်ခါနေတတ်ပြန်ပါသည်။ ကိုယ့်အပေါ်မှာ မရိုး မသားဆက်ဆံခြင်းကိုလည်း 'မချစ်သော် လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ ခြင်း'မှန်းသိကာ မလိုတမာ လည်း ဖြစ်တတ် ပါသေး သည်။

အသက်အရွယ် ကြီးရင့်ပြီးသူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ဖို့ဆိုသည်မှာ မလွယ်ကူ တော့ပါ။ အထစ်အငေါ့များကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိကြပါပြီ။ သို့သော် ထို အချိန်တုန်းက ကျွန်မ သည် ငယ်ရွယ်သေးသူမို့ သည်လို တည်ငြိမ်မှုမျိုး မရှိခဲ့ပါ။ မပြော ပလောက်သော အကြောင်း အရာ ကလေးတစ်ခုကိုပင် မခံမရပ်နိုင်လောက်အောင် နာကျည်း ချင် နာကျည်းနေ တတ်ပါသည်။ မဖြစ်လောက်သော အကြောင်းအရာကလေးတစ်ခုကြောင့် လည်း မနေတတ် မထိုင် တတ် ဖြစ်ချင်ဖြစ်နေ တတ် ပါသည်။

''ဒီကနေ့ တစ်မနက်စာလုံး ညည်းဘာတွေများ လုပ်နေသလဲ"
ထိုစဉ်က မစ္စက်ဗန်ဟော့ပါး မေးခဲ့သည့်မေးခွန်းကို ယခုတိုင်အောင်ပင် ကျွန်မပြန် လည်ကြား ယောင်နေ မိပါသေး သည်။ ထိုသို့ မေးစဉ်က မစ္စက်ဗန်ဟော့ပါးသည် ခုတင်ပေါ်တွင် ခေါင်းအုံး များကို မှေးမှီကာ လူမမာ လုပ်နေရသော အချိန်ဖြစ်ပါသည်။ အမှန်တကယ် ဖျားနာနေခြင်းကား မဟုတ်ပါ။ သို့သော်လည်း အိပ်ရာ ထဲ မှာ ရက်ရှည်ကြီး လဲလျောင်းနေရသည့်အတွက် သူကိုယ် တိုင် လည်း နေမထိ ထိုင်မသာ ဖြစ်နေပုံပေါက်ပါသည်။

ကျွန်မက ခုတင်ဘေးရှိ စားပွဲအံဆွဲထဲမှ ဖဲထုပ်ကို ဆွဲထုတ်ယူလိုက်ပါသည်။ အပြစ်တစ်ခုခုကို ကျူးလွန်ထားမိသကဲ့သို့ လည်ပင်းသို့တိုင်အောင်လည်း ကြက်သီးမွေးညှင်းများ ထမိပါသည်။
"တင်းနစ်အရိုက်သင်ပေးတဲ့ ဆရာနဲ့အတူတူ တင်းနစ်ကစားနေပါတယ်ရှင်"

အဘွားကြီး ကို ကျွန်မ လိမ်ပြောလိုက်မိပါသည်။ သည်လို လိမ်ပြောလိုက်မိသည်နှင့် တစ်ပြိုင် တည်း ကြောက်စိတ်များက ကျွန်မကိုယ်ကို ဖုံးလွှမ်းသွားပြန်ပါသည်။ ယခုလို ပြောလိုက်မိချိန် မှာပင် တင်းနစ်အရိုက်သင်ဆရာက သည်အခန်းထဲသို့ တက်လာပြီး ရက်ပေါင်းများစွာကြာ အောင် ကျွန်မ လေ့ကျင့်ခန်းမဆင်းဘဲနေကြောင်း ပြောပါက ဘာတွေ ဖြစ်ကုန်လေမည်နည်း။

"အေးကွယ်...ငါက အခုလိုအိပ်ရာထဲ ဘုံးဘုံးလဲနေတော့ "အေးကွယ်… ငါက အခုလိုအိပ်ရာထဲ ဘုံးဘုံးလဲနေတော့ မင်းအဖို့လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ အောင်ကို ဖြစ်နေတော့မှာပေါ့"
မစ္စက်ဗန်ဟော့ပါး က စီးကရက်တိုကို မိက်ကပ်ဖျက်သည့် ဆီဗူးထဲသို့ ထိုးခြေထည့်လိုက်ပြီး ဖဲထုပ်ကို ကုလားဖန်ထိုးနေ ပါတော့သည်။ သူ ကုလားဖန်ထိုးပုံမှာ အလွန်ကျွမ်းကျင်လှပါသည်။ ဖဲသုံးချပ်စီကို လည်း အပြန်ပြန်အလှန်လှန် မွှေနှောက်နေသည်။

"တစ်နေကုန် တစ်နေခန်း မင်း ဘာတွေလုပ်နေသလဲဆိုတာ ငါဖြင့် မတွေးတတ်အောင်ပဲ၊ မင်းဆွဲတဲ့ ပန်းချီပုံကြမ်းတွေလဲ ငါ့ကို မပြတော့ပါလား၊ ပြီးတော့ ငါ့ဖို့ တက်ဇောလ်အစာကြေဆေး ဝယ်ပေးဖို့လဲ မင်း မေ့နေပြီ။ မင်း တင်းနစ် ကစားတာ တိုးတက်မှုရှိပါစေလို့ ငါ ဆုတောင်းပါတယ်၊ ငါတော့ ဒါပဲ ပြော တတ်တော့တယ်၊ မင်း ကောင်းကောင်းကစားတတ်ရင် တစ်နေ့ကျရင် မင်းအဖို့ အများကြီးအသုံးတည့် မယ်၊ ကောင်းကောင်း မကစားတတ်သေးရင်တော့ အင်မတန် စိတ်ကုန်စရာကောင်းတယ်၊ ဒါထက် စ ပေးဘောကို အောက်ပင့်ရိုက်နေတုန်းပဲလား"
ပြောရင်းဆိုရင်း စပိတ်ကွင်း ဖဲတစ်ချပ် ကို ဖဲပုံထဲသို့ ပစ်ချလိုက်ပါသည်။ ဖဲချပ်ပေါ်ရှိ ဘုရင်မ၏မျက်နှာ မည်းမည်းကြီး က မိန်းမရွှင်မျက်နှာမျိုးနှင့် ကျွန်မကို မော့ကြည့်နေပါသည်။
"ဟုတ်ကဲ့ပါရှင်"

အလိုက်သင့် ပြန်ဖြေလိုက်ရသော်လည်း သူ့မွေးခွန်းကြီးက ကျွန်မကို ပျားတုပ်သလို ခံလိုက်ရပါသည်။ မှန်ပါသည်။ ယခုထက် တိုင်အောင် တင်းနစ် စပေးဘောကို အောက်ပင့်ရိုက်နေရဆဲပင် ဖြစ်ပါသည်။ တင်းနစ်အရိုက်သင် ဆရာနှင့် ကျွန်မ မကစားခဲ့ပါ။ မစ္စက်ဗန်ဟော့ပါး အိပ်ရာထဲလဲပြီဆိုကတည်းက တင်းနစ်ကွင်းပေါ် မှာ တစ်ကြိမ်တစ်ခါမျှ ခြေမချဖူးတော့ပါ။ ယခုဆိုလျှင် ရက်သတ္တနှစ်ပတ်ပင်ကျော်ခဲ့ပြီ။
သို့သော် လည်း အမှန်အတိုင်းမပြောဘဲ ဘာကြောင့် လိမ်လည်ပြောလိုက်မိကြောင်း ကျွန်မ ပြန် စဉ်းစား နေမိ ပါသည်။ မနက်တိုင်း မစ္စတာဒီဝင်းတာနှင့်အတူ ကားလျှောက်စီးနေသည်ကို ဘာကြောင့် အမှန် အ တိုင်း ဖွင့်မပြောမိပါလိမ့်။ မစ္စတာဒီဝင်းတာနှင့်အတူတူ သူ့စားပွဲ မှာ နေ့တိုင်း ထိုင်ကာ နေ့လယ် စာ စားခဲ့ ကြသည်ကို ဘာကြောင့် ဖွင်မပြောမိပါလိမ့်။
"တင်းနစ်ကစားရင် ပိုက်ဘက်ကို များများတက်၊ ဒီလို မတက်လို့ကတော့ မင်း ဘယ်တော့မှ လူတော် ဖြစ်လာမှာ မဟုတ်ဘူး"
အဘွားကြီး က စကားတံ ရှည်နေသည်။ ကျွန်မကလည်း သူ ပြောသည်ကို လက်ခံလိုက်ပါသည်။ ပြီး တော့ မိန်းမတော် မိန်းမကောင်း၊ မိန်းမအလိမ္မာကြီး အယောင်ဆောင်ကာ ဖူးနီကင်းဖဲချပ်ဖြင့် သူ့စပိတ် ကွင်းကို ဖုံးအုပ်ပစ်လိုက်မိပါတော့သည်။

မွန်တီကာလို အပန်းခြေစခန်းတွင် နေခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသည့်အကြောင်းအရာ အတော်များများကို  ကျွန်မ မေ့လျော့နေပါပြီ။ အဲဒီရက်များတုန်းက မနက်တိုင်း သူနှင့် ကျွန်မ ကားလျှောက်စီးခဲ့ကြသည့် အကြောင်းများ၊ ဘယ်နေရာတွေကို ရောက်ခဲ့သည်ဆိုသည်များ၊ ပြီးတော့ ဘာအကြောင်းတွေ စကား ဖောင်ဖွဲ့ခဲ့ကြသည် ဆိုသည်များကို ကောင်းစွာ မမှတ်မိတော့ပါ။

သို့သော်လည်း ကျွန်မ မမေ့နိုင်သည့် အကြောင်းများကတော့ ရှိနေပါသေးသည်။ သူနှင့်တွေ့ရတော့ မည် ဆိုလျှင် ကျွန်မ၏လက်ချောင်းကလေးများ မည်မျှလောက် တုန်ယင်နေကြသည် ကို လည်းကောင်း၊ ဖြစ်ကတတ်ဆန်း ဦးထုပ်ဆောင်းလာခဲ့မိသည်ကိုလည်းကောင်း၊ ဓာတ်လှေကား ဆင်းနေပုံ က သည်းမခံ နိုင်လောက်အောင် နှေးကွေးနေသောကြောင့် စင်္ကြံများအတိုင်း တရကြမ်း ပြေးကာ လှေကားထစ်များ ကို ခုန်ပျံကျော်လွှားပြေးဆင်းခဲ့မိသည်ကိုလည်းကောင်း၊ အပြင် ထွက်ပြန်တော့လည်း ဆုံလည်တံခါးကို တံခါးစောင့်ဖွင့်ပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ ကိုယ့်ဟာကိုယ် အလောသုံးဆယ် တွန်းဖွင့်ထွက်ခဲ့ သည်များကိုလည်းကောင်း ကျွန်မ လုံးဝ မေ့နိုင်တော့ မည် မဟုတ်ပါ။

ကျွန်မ ရောက်သွားတော့ ကားထဲ က ကားမောင်းသူနေရာမှာ သူ ထိုင်နေပေလိမ့်မည်။ သတင်းစာ တစ် စောင်ကိုလည်း ဖတ်နေပေလိမ့်မည်။ ကျွန်မကိုမြင်တော့ ပြုံးလိမ့်မည်။ လက်ထဲက သတင်းစာကို ပခုံး ပေါ်ကျော်ပြီး နောက် ထိုင်ခုံပေါ်သို့ လှမ်းပစ်တင်လိုက်လိမ့်မည်။ တစ်ဆက်တည်း တံခါးဖွင့်ကာ မေး လိမ့်မည်။
"ကိုင်း… အဖော်သဟဲကောင်းကလေး… ဒီနေ့မနက် ကျန်းခန့်သာလို့ မာပါစ၊ နောက်ပြီးတော့ အဖော် သဟဲကောင်းကလေး က ဘယ်အရပ်ကိုများ သွားလိုပါသတဲ့လဲ ခင်ဗျာ…"
သူနှင့်သာ အတူတူနေရမည်ဆိုလျှင် တစ်နေရာတည်းမှာပင် ပတ်ချာလှည့်ပြီး သူ မောင်းလိုက မောင်း စမ်းပါစေ။ ကျွန်မတို့ကတော့ အရေးမစိုက်နိုင်ပါပြီ။ သူ့ဘေးက ထိုင်ခုံမှာ ဝင်ထိုက်မိပြီဆိုသည်နှင့် တစ် ပြိုင်တည်း ကျွန်မ၏တစ်ကိုယ်လုံးရှိ သွေးများက ဆူဝေပြေးလွှား တွန်းထိုးကုန်ကြပြီ မဟုတ်လား။ ရှေ့ က လေကာမှန်ဘက် သို့ ကိုယ်ကို ကိုင်းလိုက်ပြီး ဒူးနှစ်ဖက်ကို လက်နှင့် သိုင်းဖက်ထားမိတော့သည်။ သူနှင့်တွေ့သည့် အခါတိုင်း အတန်းငယ်သော ကျောင်းသားလေးတစ်ယောက် အတန်း ကြီးသော ကျောင်းသားကြီး နှင့်တွေ့ပြီး ဂရုစိုက်ခံရသည့်အခါ ခံစားရသလို စိတ်ထဲ မှာ ဖြစ်ပေါ် စမြဲပင်။ နောက်ပြီး တော့ သူက ပိုပြီး ကြင်နာသည်။ ပိုပြီး ဖော်ရွေသည်။

"ဒီကနေ့ တိုက်တဲ့လေ က နည်းနည်းပိုစိမ့်တယ်။ ကျုပ်ကုတ်အင်္ကျီကို ခြုံထားလိုက်ရင် ကောင်းမယ်"
ထိုအကြောင်းကလေး ကိုလည်း ကျွန်မ ကောင်းစွာ မှတ်မိနေပါသေးသည်။ သူ့အဝတ်အစားကို ဝတ် ဆင်ခွင့်ရသည့် အတွက်လည်း အလွန်တရာ ပီတိဖြစ်လောက်အောင် အသက်အရွယ်ကလည်း ငယ်နု နေသေးသည် မဟုတ်ပါလား။ ကျောင်းသားတစ်ယောက်က သူ လေးစားအထင်ကြီးသည့် ကျောင်း သားကြီးတစ်ယောက် ၏ အဝတ်အစားကို လည်ပင်းမှာ ချီပတ်ထားခွင့်ရသည့်အခါတွင် ဂုဏ်ယူမိသလို ကျွန်မ လည်း သူ့အဝတ်အစားကို မိနစ်အနည်းငယ်မျှပင် ဝတ်ဆင်ခွင့်ရစေဦးတော့ ကျွန်မအဖို့တော့ ဧရာမအောင်ပွဲကြီးတစ်ခု ဖြစ်နေ ပါတော့သည်။ ထိုနံနက်ခင်းကား သာယာမှုအပေါင်းတို့နှင့် အတိပြီးနေ သည်တကား။

သူနှင့် ကျွန်မ၏ ဆက်ဆံရေးကား အချစ်ဝတ္ထုများထဲတွင် ကျွန်မဖတ်ခဲ့ရဖူးသလို မဟုတ်။ မထိခလုတ် ထိခလုတ်နှင့် ထေ့တေ့တေ့ ပြောပုံဆိုပုံမျိုးလည်း မရှိ။ ပြေးနိုင်မှ လွတ်စေ့မနော်ဆိုကာ အတင်းလိုက် အတင်းပြေး ရသည်မျိုးလည်း မရှိ။ ဓားချင်းယှဉ်ပြိုင် ထိုးခုတ်သူနှစ်ဦးတို့ အပြန်အလှန် ဟန်ရေးပြကာ အသည်းယား စရာ ရန်စပြုံးများ ပြုံးပြရသည်လည်း မရှိ။ နောက်ပြီးတော့ ရေလာမြောင်းပေး အတတ် ပညာမျိုး ကိုလည်း ကျွန်မ မတတ်မြောက်ရိုးအမှန်ပါ။ သူ့မြေပုံ စာရွက်ကလေးကို ပေါင်ပေါ်မှာတင်ပြီး သည်အတိုင်း ပဲ သူ့ဘေးမှာ ထိုင်နေမိတတ်သည်။ သူ စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ကျွန်မ ကတော့ ရင်ထဲမှာ ကြည်နူးချမ်းသာနေမိသည်။

သူ စကားပြောခြင်း၊ မပြောခြင်းမှာ ကျွန်မ၏စိတ်ကို မည်သို့မျှ မပြောင်းလဲစေပါ။ မည်သို့မျှလည်း မထိ ခိုက်စေ ပါ။ ကျွန်မ၏တစ်ခုတည်းသော ရန်သူမှာ မော်တော်ကားရှေ့ဒိုင်ခွက်ခုံရှိ နာရီကလေးပင် ဖြစ်ပါ သည်။ နာရီလက်တံများက တားမနိုင် ဆီးမရ မနားတမ်း ရွေ့လျားနေကြသည်။ ယခုပင် တစ်နာရီထိုး သွားချေပြီ။ အရှေ့အရပ်ကိုလည်း ကျွန်မတို့ မောင်းခဲ့ကြပါ၏။ အနောက်အရပ်ဘက်သို့လည်း ကျွန်မ တို့ မောင်းခဲ့ကြပါ၏။ မြေထဲပင်လယ်ကမ်းခြေကို မှီခိုနေကြရသည့် မြောက်များစွာသော ကျေးရွာကလေး များ ကိုလည်း ဖြတ်ကျော် မောင်းနှင်ခဲ့ပါ၏။ ယခုအချိန်မှာတော့ ထိုကျေးရွာကလေး တစ်ရွာတလေကိုမျှ ပင် ကျွန်မ ပြန်လည် မှတ်မိနိုင်စွမ်းမရှိတော့ပါ။

ကျွန်မ သေသေချာချာ မှတ်မိနေသေးသည်ကား ကျွန်မထိုင်နေသည့် မော်တော်ကားထိုင်ခုံမှ သားရေ ၏ အထိအတွေ့ပင် ဖြစ်ပါသည်။ နောက်ပြီးတော့ ကျွန်မ၏ပေါင်ပေါ်တွင် တင်ထားသော သူ့မြေပုံစာ ရွက်ကလေး ပင် ဖြစ်ပါသည်။ မြေပုံစာရွက်ကလေး၏ အနားသားများက စုတ်ပြဲနေပြီ။ ကိုင်တွယ်ဖန် များ သောကြောင့် ခေါက်ရိုးသားများကလည်း ကျိုးကြေနေပြီ။
တစ်ရက်တွင်မူ နာရီဒိုင်ခွက်ကလေးကိုကြည့်ရင်း ကျွန်မ စိတ်ရူးပေါက်နေမိ၏။ "အခု တဒင်္ဂ အချိန်က လေးကို ကြည့်စမ်း။ အခု တဒင်္ဂအချိန်ကလေးဟာ ဆယ့်တစ်နာရီထိုးပြီးလို့ မိနစ်နှစ်ဆယ်ကျော် သွားပြီ၊ ဒီအချိန်ကလေး ပျောက်ဆုံးမသွားပါစေနဲ့"ဟု စိတ်ကူးရင်း ဆုတောင်းနေမိသည်။ ပြီးတော့ မျက်လုံး များကို စုံမှိတ်ထားလိုက်မိပါသည်။ သည်လို မျက်လုံးစုံမှိတ်ထားခြင်းအားဖြင့် သည်တဒင်္ဂကလေး ကို စိတ်အာရုံထဲမှာ ပိုလို့ စွဲမှတ်မိစေပါသည်။

ကျွန်မ မျက်လုံးပြန်ဖွင့်လိုက်တော့ ကျွန်မတို့ ကားကလေး ကွေ့တစ်ခုသို့ရောက်နေပြီ။ ခြုံစောင်အနက် ကလေး ပခုံးပေါ်တင်ထားသည့် လယ်သူမကလေးတစ်ဦးက ကျွန်မတို့ကို လက်ဝှေ့ယမ်းပြနေသည်။ သည် လယ်သူမကလေး ကို ယခုပင် မြင်ယောင်နေမိပါသည်။ ဖုန်ပေနေသော ဂါဝန်၊ နှစ်လိုရွှင်ပျသော အပြုံးများ ကို ယခုပင် ပြန်လည် မြင်ယောင်နေမိပါသေးသည်။ စက္ကန့်ပိုင်းကလေးအတွင်းမှာပင် ကား လမ်းကွေ့ ကို ကျွန်မတို့ ချိုးလိုက်တော့ လယ်သူမ ကလေး လည်း တောစွယ်နှင့် ကွယ်ကာ မြင်ကွင်းမှ ပျောက်သွားလေတော့သည်။ သူသည် အတိတ်ဖြစ်သွားပါပြီ။ အတိတ် ကာလနှင့်သာ သက်ဆိုင် သွားပါ ပြီ။ အတိတ်မှာသာ နေရစ်ခဲ့ပေတော့။ စိတ်အာရုံတွင် မှတ်ထင်စရာ ကလေးတစ်ခုအဖြစ်သာ ရှိပေါစေ တော့။

ထိုနေရာကလေးကို ကျွန်မ ပြန်သွားလိုက်ချင်ပါသေးသည်။ ဟိုတုန်းက ကျွန်မခံစားခဲ့ရသည့် ကြည်နူး ချမ်းသာ ကလေး ကို ပြန်လည် ရယူခံစားလိုက်ချင်ပါသေးသည်။ သို့ပါသော်လည်း တကယ်တမ်း ကျွန်မ ပြန်သွားမည် ဆိုလျှင် ဟိုတုန်းကအတိုင်း တသဝေမတိမ်း ပြန်လည်ကြုံတွေ့ရလိမ့်မည် မဟုတ်ပါ။ ဟိုး တုန်း က နေမင်း၏အရောင်သည်ပင်လျှင် ယခုအခါတွင် ပြောင်းလဲနေပေလိမ့်မည်။

 လယ်သူမလေးကို ပြန်တွေ့သည်ထားဦးတော့၊ ဟိုတုန်းက ပုံစံမျိုးဖြစ်တော့မည် မဟုတ်ပါ။ ကျွန်မ တို့ကိုလည်း လက်ဝှေ့ ယမ်းပြတော့မည် မဟုတ်ပါ။ ကျွန်မတို့ကို သူ မြင်ချင်မှတောင် မြင်ပေလိမ့်မည်။ သည်လို တွေးလိုက်မိ သည်နှင့် တစ်ပြိုင် တည်း စောစောက နွေးထွေးနေသော ကျွန်မ၏ စိတ်အာရုံများသည် ပျက်ပြယ်သွားရ လေတော့သည်။

နာရီဒိုင်ခွက်ကို ကျွန်မ လှမ်းကြည့်လိုက်မိပြန်ပါသည်။ မိနစ်တည်းဟူသော အချိန်ပင် ကုန်ဆုံး လွတ် မြောက်သွားလေပြီ။ ကျွန်မ၏ ထို "တဒင်္ဂ" ကလေးသည် လွန်ခဲ့သော ငါးမိနစ်အချိန်မှာ ကျန်ရစ် ခဲ့လေ ပြီ။ ခဏကြာလျှင်ပင် သတ်မှတ်ထားသည့် အချိန်စေ့ရောက်ပေတော့မည်။ အချိန်စေ့ရောက် သည်နှင့် တစ်ပြိုင်တည်း ဟိုတယ်သို့ မပြန်လိုသော်လည်း မပြန်မဖြစ် ပြန်ကိုပြန်ရပါတော့မည်။

"ကိုယ့်စိတ်ထဲက အမြဲထာဝရ မှတ်မိနေချင်တာကလေးကို ပုလင်းထဲမှာ ထည့်သိမ်းထားလို့ရတဲ့ တီ ထွင်မှုမျိုး လုပ်လို့ရရင် သိပ်ကောင်းမှာပဲနော်…"ဟု စိတ်လိုက်မာန်ပါပင် ကျွန်မ ပြောလိုက်မိပါသည်။ ထို မျှနှင့် လည်း မရပ်နားသေး။ "ရေမွှေးကို ပုလင်းထဲမှာ ထည့်သိမ်းထားသလိုလေ… အနံ့လဲ ဘယ်တော့မှ မပြယ် ဘူး။ ဘယ်တော့မှလဲ ပျောက်ပျယ်မသွားဘူး။ အဲဒီလိုဆိုရင် ကိုယ်ခံစားမှတ်မိ ချင်တာကလေး ကို ပြန်ပြီး ခံစားချင်တဲ့အခါမှာ ပုလင်းဖုံးကိုဖွင့်ပြီး ခံစားမှတ်မိနိုင်တာပေါ့။ ခံစား မှတ်မိချင်တာ ကလေးကလဲ အသစ်တဖန် ပြန်ဖြစ်လာမယ်"
ကျွန်မ က ဆက်တိုက်ပြောချနေမိသည်။ ပြီးတော့ သူ့ကို မော့ကြည့်လိုက်သည်။ ဘာများ သူ ပြောလေ မလဲရယ် လို့ပေါ။ သူကတော့ ကျွန်မဘက်ကို ငဲ့စောင်းလို့မှ မကြည့်ပါ။ ရှေ့ကလမ်းကိုသာ မမှိတ်မသုန် အာရုံစိုက်ပြီး ကြည့်နေသည်။

"မင်းရဲ့ငယ်ရွယ်စဉ် အဖြစ်အပျက်တွေထဲက ဘယ်ဟာကိုများ ပြန်ပြီး ခံစားမှတ်မိနိုင်အောင် ပုလင်းထဲ ထည့်သိမ်းထားချင် လို့လဲ"ဟု သူက မေးပါသည်။ သူ့လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် ကျွန်မ ကို နောက်ပြောင်လိုတာလား၊ အတည်ပေါက်ပြောနေတာလား ကျွန်မ အကဲမဖမ်းတတ်ပါ။
"ဘယ်ဟာရယ် လို့တော့ မသေချာပါဘူးရှင်၊ ဒါပေမဲ့ အခု လောလောလတ်လတ် ကြုံတွေ့ နေရတဲ့ ဟောဒီ တဒင်္ဂအချိန်ကလေးကို ကျွန်မ ထည့်ပြီးတော့ သိမ်းထားလိုက်ချင်ပါတယ်။ ဒါမှ သေတဲ့ အထိ တစ်သက်လုံး မမေ့နိုင်တော့မှာ"
ကိုင်… ကောင်းကြပါလေရော။ မိန်းမပျိုကလေးတန်မဲ့နှင့် ပြောသင့် မပြောသင့် မဆင်ခြင် မိ။ ပြော ကောင်းသည် မပြောကောင်းသည် မစဉ်းစားမိ။ ဘာပြောလျှင် ဘယ်အဓိပ္ပာယ်ရောက်သည်ကိုမျှ မတွေးတော့ ဘဲ ရူးတူးတူး ပေါချာချာဖြင့် ပြောချမိလျက်သား ဖြစ်သွားပါတော့သည်။

"ဟောဗျာ… ဒီစကားဟာ ဒီကနေ့ ကြုံတွေ့ရတာကလေးတွေအတွက် တုံ့ပြန်တဲ့လက်ဆောင်မွန်ပေပဲ လား၊ ဒါမှ မဟုတ် ကျုပ် ကားမောင်းတော်တယ်လို့ ချီးကျူးလိုက်တာပေပဲလား"
ထိုသို့ ပြောပြီး သူက ရယ်မောနေပါသည်။ ရူးတူးတူး ပေါချာချာ ညီမငယ်တစ်ယောက်ကို အစ်ကို တစ် ယောက်က သရော်လှောင်ပြောင်သည့် ရယ်ပုံမျိုးဖြစ်ပါသည်။ သူကတော့ ရယ်နိုင်မောနိုင်ပြီပေါ့၊ ကျွန်မ မှာသာလျှင် တစ်ချီတည်းနှင့် နှုတ်ပိတ်တိတ်ငြိမ်သွားရတော့သည်။ သူနှင့် ကျွန်မကြားရှိ ကြီးမားသော ကွာဟ ချက်ကြီးကိုလည်း ချက်ချင်း သိရှိခံစားလိုက်ရတော့သည်။ နောက်ပြီးတော့ ကျွန်မ အပေါ်မှာ သူ ထားရှိသည့် ကြီးမားသော အကြင်နာတရားကလည်း ထိုကွာဟချက်ကြီးကို ပို၍ ကျယ်ပြော သွားစေပါ သည်။ သူနှင့် ကျွနမ ပို၍ ဝေးကွာသွားကြပြီဟုလည်း ကျွန်မ ခံစားလိုက်ရပါသည်။

သည်နေ့မနက် အဖြစ်အပျက်များကို မစ္စက်ဗန်ဟော့ပါးအား ပြန်ပြောပြ၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင် ကြောင်း ကျွန်မ သဘောပေါက် နားလည်လိုက်ပါသည်။ မစ္စတာဒီဝင်းတား၏အပြုံးက ကျွန်မ ၏နှလုံး သားကို ဓားထက်ထက်နှင့် မွှန်းသလိုရှိပါသည်။ ကျွန်မ၏စကားကို ကြားရလျှင်လည်း ဟို အဘွားကြီး က သည်လို သရော်ပြုံးမျိုးကိုပင် ပြုံးပေလိမ့်ဦးမည်။ ကျွန်မ၏နှလုံးသားများကို ဓားနှင့်မွှန်း သည့် အပြုံး မျိုး ဖြစ်ပါလိမ့်မည်။

ကျွန်မ ပြန်ပြောပြသည့် စကားများကို ကြားရရုံမျှနှင့် အဘွားကြီး စိတ်ဆိုးမာန်ဆိုး ဖြစ်လိမ့်မည်တော့ မဟုတ် ပါ။ အံ့သြတကြီးနှင့် တုန်လှုပ်ချောက်ချားခြင်းလည်း ဖြစ်ပေလိမ့်မည် မဟုတ်ပါ။ ကျွန်မ၏စကား ကိုလည်း ယုံကြည်လိမ့်မည်မဟုတ်ပါ။ ပြီးတော့ မျက်ခုံးကို မသိမသာ ချီပင့်လိုက်ပေလိမ့်မည်။ ပခုံးကို လည်း တွန့်လိုက်ပေလိမ့်မည်။ "နားရှိလို့သာ ကြားလိုက်ရပါတယ်အေ"ဟူသော သဘောမျိုးဖြင့်…
"ဟုတ်လား မိန်းကလေးရဲ့… မင်းကို ဒီလို ကားမောင်းပို့တယ်ဆိုတော့ သူဟာ မင်းအပေါ်မှာ ရက်ရက် ရောရာကြီး ကို အစွမ်းကုန် အကြင်နာတရားတွေ ထားလိုက်တာပေါ့ကွယ်။ 

မင်းကို ဒီလိုလိုက်ပို့ပေး နေရ တဲ့အတွက် သူ့ချာ သေချင်ပက်ကျိ ဖြစ်လောက်အောင် ပျင်းမနေဘူး ဆိုတာတော့ မင်း သေချာပါတယ် နော်…"ဟူသော အဓိပ္ပာယ်ပါသည့် စကားများကို ပြန်ပြောလိမ့်မည်။ ပြီးတော့ ကျွန်မ၏ ပခုံးကို ခပ်သာ သာပုတ်ကာ တက်ဇော်လ်အစာကြေဆေး အဝယ်ခိုင်းပေလိမ့်မည်။  ကျွန်မ၏ အသက် ငယ်သည်မှာ မှန်ပါသည်။ သည်လို အသက်ငယ်သည့်အတွက် အထင်သေး အမြင်သေးဖြစ်စရာတွေ ကျွန်မမှာ ဘာ များရှိသနည်းဟု တွေးရင်း ကျွန်မ အသည်းယားလာပါသည်။ သည်လို စဉ်းစား မိတော့ မကျေမနပ်ဖြင့် လက်သဲများကို ကျွန်မ ပြန်ကိုက်နေမိပါသည်။

ဆက်ရန်
.

No comments: