Wednesday, May 2, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၃)

အသက်နှစ်ဆယ် အရွယ် က အိပ်မက်တို့သည် နှစ်များစွာကပင် လွင့်ပြယ်ကွယ်ပျောက်ခဲ့ရုံမက ထို အိပ်မက် တို့ သည်ပင် တကယ် မက်ခဲ့ဖူး သည့် အိပ်မက်ဟုတ်မဟုတ် သံသယဖြစ်လာ၏။
ဘယ် နည်းနှင့် မျှ စာရေးဆရာတစ်ယောက် ဖြစ်မလာနိုင်တော့ပြီ။ ၃၅ နှစ်အရွယ်တုန်းကလည်း စိုးရိမ်မှုကြောင့် ဘ၀ပျက်ပြီ မှတ်ထင်ခဲ့ရ၏။ ၃၉ နှစ်တွင် သေမလောက်ဖြစ်ခဲ့ရသည်။ ယခု လေးဆယ့် တစ်နှစ် အရွယ် တွင်မူ ကြေကွဲမှုကို အနက်ရှိုင်းဆုံး ခံစားရလေ၏။
ကို ဆက်ဖတ်ရန်................

ယခုမူ ဘ၀သည် ရိုးစင်းအေးချမ်းခြင်းမှလွဲ၍ ဘာမှမကျန်တော့ပေ။ ထိုစဉ်တွင် အော်လီတစ်ယောက်ကမူ အထွတ်အထိပ် သို့ တရိပ်ရိပ်မြင့်တက်လျက်ရှိ၏။ အလွန်အခံရခက်သည့်အဖြစ်။ ကလေးများကပင်လျှင် သည် အိမ်ထောင်စုတွင် မိမိထက်အရေးပါနေကြသယောင်ယောင်။ သူတို့ဘ၀နှင့်သူတို့ ကိုယ်စီ ရှေ့သို့ ရွေ့ လျားနေကြ၏။
ဘင်ဂျမင် သည် အားကစားတွင် ထိပ်ဆုံးမှနေရာယူထားပြီး စာတွင်လည်း ပထမဆင့်ကမဆင်း။ မယ်လီဆာ က အနုပညာဘက်တွင် ထူးချွန်ပြီး သိပ်လှသည့် မိန်းကလေးတစ်ယောက်ဖြစ်လာ၏။ ရုပ်ရှင် မင်းသမီး လုပ်ချင်သည်ဟု မကြာခဏ ပြောတတ်သော်လည်း "ဟားဗတ်တက္ကသိုလ်"သို့ အစ်ကို လုပ်သူနှင့် အတူတက်ရန်လည်း ဆန္ဒရှိနေသည်။

ဘုရားရှိခိုးကျောင်းမှာ ဓမ္မတေးသီကျူးရာတွင် ဆမ်၏အသံသည် လူတိုင်းငဲ့ကြည့်ရလောက်အောင် သာယာနာပျော်ဖွယ် အတိဖြစ်သည်။ ရုပ်နှင့်အသံတွင် သူ့ဝိညာဉ်ဖြူစင်ပုံကို ထင်ရှားစွာတွေ့ရလေ၏။
မိမိ တွင် ဘာမျှပြောပလောက်အောင် ထူးခြားမှုရှိပါလိမ့်။ လင်တော်မောင်နှင့် သားသမီးများ၏အရိပ်သာ ထင်ဟပ်နေခြင်း ပါကလား။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က နာမည်ကျော် ရက်ကလစ်တက္ကသိုလ်မှာ ဘွဲ့ယူခဲ့ သူပါ ဆိုလျှင် ယုံကြပါတော့မည်လား။ သည်ဘ၀ကို သတိရသူကော ရှိဦးမည်လား။
မျှော်လင့်ချက် ဟူ၍ ရောင်ခြည်မှိန်မှိန်ကလေးတစ်ခုပဲ ကျန်တော့သည်။ သို့သော်လည်း အကောင်အထည် ဖြစ်လာဖို့ အလွန် အခွင့်အလမ်းနည်းသည့် ရောင်ခြည်မျှင်တန်းကလေး။
အကောင်အထည်ဖော် ဖို့ကော ဖြစ်နိုင်သည့် မျှော်လင့်ချက်မျိုးလား။ သည်အိမ်ကြီးတွင် အားလုံးအတွက် မိမိရှိဖို့ လိုသည်လေ။ နေပါဦး တကယ်ကော လိုလို့လား။ အက်နက်တစ်ယောက်လုံး ရှိနေ သည်ပဲ။ အော်လီ အတွက်ကျတော့ကော။ မဖြစ်သေးပါဘူးလေ။ နှင်းတောထဲတွင် အင်ဒီနှင့် လမ်းလျှောက်နေ သည့် အက်နက်ကိုကြည့်ပြီး ပြုံးမိသည်။ အင်ဒီက ခုန်လိုက် ပေါက်လိုက်၊ ဟောင်လိုက် ဟိန်းလိုက်နှင့် မြူးနေသည်။

သူတို့အားလုံး ပျော်နေကြ၏။ အက်နက်သည်ပင် အများနည်းတူ ပျော်နေသည်လေ။ ဘာကြောင့် မိမိ တစ်ယောက်တည်း အထီးကျန်ဖြစ်နေရပါလိမ့်။ ဘ၀ထဲက ဘာတွေဆုံးရှုံးသွားလို့လဲ။ ဘာတွေ စီး ထွက်သွား လို့လဲ။ ဘာများ လိုလေသေးရှိနေလို့လဲ။ ဘာတွေ လိုချင်နေလို့လဲ။
အို … လိုချင်တာတွေ အများကြီးရယ်။ အားလုံး အားလုံးပဲ။ အောင်မြင်မှု၊ ကျော်ကြားမှု၊ ဧရာမ အောင်မြင် ကျော်ကြားကျေနပ်မှုမျိုးကို ပြောတာနော်။ သို့သော် ဒါတွေမရနိုင်တော့မှန်း စိတ်ထဲက သိနေ ပါ၏။ မိမိဘ၀က မိမိအနီးမှ ဖြတ်သန်းကျော်သွားနေစဉ် သည်လိုပဲ ဖွဲဖွဲစွေရွာသည့် နှင်းတွေကို ကြည့် ရင်း အချိန် တွေကုန်ုလွန်သွားမည် ထင်ပါရဲ့။ အော်လီဗာကမှ တစ်ဆင့်ထက်တစ်ဆင့် ရာထူး ဌာနန္တရတွေ တိုး လျက် တက်လျက်ပေါ့လေ။

ရေမြင့် ကြာတင့် ဆိုသလို မိမိဘ၀သည်လည်း ကိုယ်ပိုင် မာစီဒီးကားသစ်ကြီးနှင့်။ သားမွေးအင်္ကျီတွေ ထည်လဲ ၀တ်လျက်။ ဂုဏ်ယူဝင့်ကြွားလောက်သည်။ သားသမီးသုံးယောက်နှင့်။ ပြီးတော့ တကယ် အားကိုး အားထား ပြုလောက်သည့် ချစ်လင်။ မိမိအတွက် ဘာမှဖြစ်မလာလျှင်လည်း အကြောင်း မဟုတ်တော့ ဘူး လေ။
မအောင်မြင်လည်း ရှိပါတော့၊ မထင်ပေါ်လျှင်လည်း ရှိပါစေတော့။

အားလုံးပြီးဆုံး ခဲ့ပြီ မဟုတ်လား။ တံတား အောက်တွင် ရေတွေစီးသွားသလို ဟိုငယ်ဘ၀သည် စီးဆင်းပျောက် ကွယ်သွားပြီကော။
" အစ်မရေ … စာတွေ "
အက်နက်က နံဘေးခုံတွင် ၀င်ထိုင်ရင်း ခပ်တိုးတိုးပြောသည်။
" ကျေးဇူးပဲ အက်နက်၊ သတင်းကောင်းလေးများ ပါပုံပေါ်ရဲ့လားကွယ် "
" ငွေတောင်းခံလွှာတွေ ခင်များများထင်ပါရဲ့ မမရယ်၊ စာတစ်စောင်ကတော့ ဘင်ဂျမင် တွက် ကျောင်းက လာတာထင်ပါရဲ့၊ ဒါပေမယ့် မမ နာမည်နဲ့ လိပ်စာတပ်ထားတယ် "
ဘင်ဂျမင် က လာမည့်နှစ် အတွက် ဟားဗတ် ၀င်ခွင့်လျှောက်လွှာပုံစံ ဖြည့်နေဆဲ ဖြစ်သည်။ မပို့ရသေး။ သူ့ကိစ္စတော့ မဖြစ်နိုင်။ စိတ်ထဲက တစ်စုံတစ်ခုကို ခံစားမိဖြင့် သိလိုက်၏။ သိနေ၏။ အက်နက်ဆီက စာအိတ် ကို လှမ်းယူတော့ လက်တွေတုန်နေသည်။

စာအိတ်ကို ကိုင်ပြီး အကြာကြီး တွေနေသည်။ ဘုရား … ဘုရား၊ ထင်တဲ့အတိုင်း ဖြစ်လာမှဖြင့်။ အက်နက် ကိုကျောပေးပြီး စာအိတ်ကို ဖွင့်မည်ပြုပြီးမှ ဧည့်ခန်းဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားသည်။ နွေဦး အတွက် ကြိုဝယ်ထားသည့် တောက်တောက်ပပ ပန်းပွင့်များ အဆုပ်လိုက် အဆုပ်လိုက်နှင့် ခန်းဆီးပတ် ပတ်လည် ဆင်မြန်းထားသည့်ဧည့်ခန်း။
စာအိတ် ကို ဖြေးဖြေး ချင်းဖွင့်သည်။ မိမိဘ၀၏ အပေါ်ခွံကို ခွာနေသည့်အလား။ သို့သော် သည်လို မတွေး မိအောင် ကြိုးစားသည်။ ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်လိုက်၏။ အက်နက် နောက်ဘက် မှ စောင့်ကြည့် နေသည်ကို လုံးဝ သတိမထားမိ။ စာကို သဲသဲမဲမဲ ဖတ်နေသည့် ဆာရာ့အား အက်နက် တအံ့တသြ ငေး ကြည့်နေ၏။

ဆာရာ အသက်ရှူဖို့ မေ့နေသည်။ ဖြစ်ကော ဖြစ်နိုင်ပါမလား။ သို့သော် မမှားနိုင်။ လုံးဝမမှားနိုင်။ ဘုရား …. ဘုရား။
ဂီတသံတွေ၊ အလင်းတန်းတွေ ရင်ထဲတွင် ဖြတ်သန်းသွားသလို ခံစားရ၏။ ကိုယ်ထဲတွင် တစ်စုံတစ်ရာ လစ်ဟာ ၍ မနေတော့။ ခန္ဒာကိုယ် အတွင်းပိုင်းတွင် တစ်စုံတစ်ရာ ၀င်ရောက်ခိုအောင်းလာသည့်နှယ်။ သို့သော် ကိုယ်ဝန်ဆောင် ရသလိုမျိုးမဟုတ်။ ချိုမြိန်သော ဝေဒနာတစ်မျိုးဖြစ်၏။ စင်စစ် မိမိကိုယ်ကို မိမိ ပြန်လည် တွေ့ရှိခြင်းဖြစ်သည်။
ဟုတ်သည် ဆာရာ ဟူသည် မိန်းကလေးကို ပြန်လည်တွေ့ရှိခြင်းပင်။ စာကို ထပ်ခါထပ်ခါဖတ်သည်။

" မဟာဝိဇ္ဇာတန်း သို့ ဆက်လက်တက်ရောက်သင်ကြားလိုသော သင်၏လျှောက်လွှာကို ကျွန်ုပ်တို့ ဟားဗတ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ စိစစ်စဉ်းစားပြီး လက်ခံပါကြောင်း ဂုဏ်ယူစွာ အကြောင်းကြား အပ်ပါသည်။"
ဂုဏ်ယူစွာ အကြောင်းကြားအပ်ပါသည်တဲ့။ ဂုဏ်ယူစွာ ပါးပြင်ပေါ်သို့ မျက်ရည်ဥတွေ လိမ့်ဆင်းလာသည်။ အိပ်မက်ပမာ ပါကလား။ ဟုတ်ပါသည်။ အိပ်မက်မျှသာပါ။ မည်သို့မျှ အကောင်အထည် ပေါ်မလာနိုင်သည့် အိပ်မက်မျိုး။

မျက်ရည်လွှာကြောင့် စာလုံးတွေေ၀၀ါးသွားသည်။ ဘယ်လိုလုပ်ပြီး သည်အိပ်မက်ကြီးနှင့် သည်လင် သည် သားတွေကိုထားခဲ့ပြီး ကျောင်းပြန်တက်နိုင်ပါမည်နည်း။ ဒါကိုသိလျက်နှင့် လွန်ခဲ့သည့် စက်တင်ဘာလထဲ တွင် ကျိတ်ပြီး လျှောက်လွှာတင်လိုက်ခြင်းဖြစ်၏။ ကလေးတွေ ကျောင်းပြန်ဖွင့်စ တစ်ယောက်တည်း အိမ် တွင်ကျန်ရစ်ပြီး အလွန့်အလွန် အထီးကျန်နေချိန်တွင် စိတ်ကူးပေါက်ပြီး တင်လိုက်ခြင်းမျိုး၊ မျှော်လင့်ချက်မထားဘဲ တင်လိုက်ခြင်းမျိုး၊ ခုတော့ ဟားဗတ်က မိမိကို ၀င်ခွင့်ပြုလိုက်ပြီတဲ့။ သို့သော် တကယ့် တကယ်ကျတော့ သွားနိုင်ပါမည်တဲ့လား။
ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဆီးနှင်းတွေ ဖြူဝေနေဆဲ။ မိမိအား စောင့်ကြည့်နေသည့် အက်နက်ကိုလည်း လှမ်းမြင်လိုက်၏။ သူတို့ နားလည်သင့်ပါသည်။ အားလုံး မိမိအပေါ် နားလည်သင့်ကြပါ သည်။ သိပ်ကြာမျာမှ မဟုတ်ဘဲ။ မိမိကိုယ်ကို မိမိ ပြန်လည်တွေ့ရှိပြီးခါမှ ထပ်မံပျောက်ဆုံးရမည်ဆိုသည် ကတော့ မဖြစ်သင့်ပါ။ ဘ၀ဟောင်းကို ပြန်လည်တူးဖော် တွေ့ရှိတော့မည့်ဆဲဆဲလေ။

အခန်း (၂)

" ဘာတွေများစိတ်မကောင်းစရာပါလို့ လဲဟင် မမလေး "
ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ဆာရာ့မျက်နှာကို ကြည့်ပြီး အက်နက် စိုးရိမ်တကြီးမေးသည်။ ပါးပြင်ပေါ် တွင် လည်း မျက်ရည်စီးကြောင်းတွေနှင့်။ ဆာရာက ပြတင်းပေါက်အပြင်ဘက်သို့ ငေးနေသည်။
မိမိရင်ထဲ မှ ခံစားမှုပေါင်းများစွာကို အက်နက် မည်သို့ နားလည်နိုင်ပါမည်လဲ။ စိတ်လှုပ်ရှားခြင်း၊ မယုံကြည်နိုင်ခြင်း၊ ပြီးတော့ မျှော်လင့်ခြင်းများစွာ၊ ထို့နောက် ကြောက်ရွံ့ထိတ်လန့်မှု။
ဆာရာ က မိးဖိုဆောင်ဘက်သို့ လှည့်ထွက်သွားရင်း …။
" ဘာမှ မဟုတ်ပါဘူး အက်နက်ရယ်၊ စာထဲမှာ အံ့သြစရာတွေပါလာလို့ပါ "
ဟု အလိုက်သင့် ပြောခဲ့သည်။ ရင်ထဲတွင် ခံစားမှုတွေရောထွေးနေသည်။ ၀မ်းသာခြင်းလည်းမဟုတ်။ ၀မ်းနည်းခြင်း လည်းမဟုတ်။

မီးဖိုထဲတွင် ဆောက်တည်ရာမရ လမ်းလျှောက်နေမိ၏။ ပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ သိစိတ် သညာ ကင်းမဲ့စွာ လှုပ်ရှားနေ၏။ ကုလားထိုင်တွေကို စားပွဲအောက်သို့ ထိုးသွင်းလိုက်၊ ကြမ်းပြင်ပေါ်မှ စက္ကူစုတ် ကို ခြေထောက်နှင့် ကျုံးကန်လိုက်နှင့်။ ထို့နောက် ဘာဆက်လုပ်ရမှန်းမသိဘဲ ဖြစ်နေပြန်၏။
" ဘာလုပ်ရမှာလဲ၊ ဘာဆက်လုပ်ရမှာလဲ "
ကိုယ့်ကိုယ်ကို ဒေါသတကြီး မေးမိပြန်၏။
ဒါတွေကို ဘယ်လိုလုပ်ပြီး ထားခဲ့နိုင်ပါမည်လဲ။ ဒါဆို ဟားဗတ်ကို မသွားနိုင်တော့ဘူးပေါ့။ ဒါဖြင့် ဘာကြောင့် ကျောင်းဝင်ခွင့် လျှောက်မိပါလိမ့်။ ကိုယ့်ကိုယ်ကို အံ့သြနေ၏။

အဓိပ္ပာယ်မရှိ ရယ်စရာသက်သက်ဖြစ်နေမည်လား။ အော်လီ ကြားလျှင်လည်း ခွက်ထိုးခွက်လန် ရယ်မည် မုချ။ သို့သော် မိမိအတွက်ကား အံ့သြထိတ်လန့်ဖွယ်ရာနှင့် မပစ်ရက်စရာ အခွင့်ကောင်း တစ်ရပ် ဖြစ်နေသည်။
ဘ၀ တွင် သည်မျှလောက် တစ်ခါမျှ ဇဝေဇ၀ါ၊ မရေမရာမဖြစ်ဖူးခဲ့ပေ။ သည် ကိစ္စ အော်လီ့ ကို လောလောဆယ်ပြောလို့မဖြစ်။ ခရစ္စမတ်ပွဲတော်ပြီးလောက်မှ ပြောမည် စိတ်ကူးသည်။ ပွဲတော်ရောက် ဖို့ နှစ်ပတ်သာလိုတော့သည်လေ။
စကိတ်စီး ခရီးထွက်ပြီးအပြန်မှ ပြောလျှင် ပိုကောင်းမည်။ သို့သော် ဘယ်လိုပြောရမှာပါလိမ့်။

" ကျောင်းပြန်တက်ချင်တယ် အော်လီရယ်၊ ဘော့စတွန်မှာ ပြောင်းနေမယ်၊ တစ်နှစ် နှစ်နှစ်ပေါ့၊ ဒီအသိုင်း အ၀ိုင်း ကနေ ထွက်သွားချင်ပြီ "
စိတ်ထဲက ပြောကြည့်ရုံမျှဖြင့် ဆာရာ မျက်ရည်တွေ ကျလာသည်။ ရင်ထဲတွင် နင့်လာသည်။ ထိုတဒင်္ဂ တွင်တော့ သူတို့နှင့်မခွဲချင်ပြန်။
အက်နက်က သူ့အကြောင်းပြချက်ကို မယုံကြည်။ ဆက်ပြီး အကဲခတ်နေ၏။ အံ့သြစရာပါရုံမျှမကနိုင်။ အံ့သြစရာ ဆိုလျှင်လည်း မင်္ဂလသတင်း မဖြစ်နိုင်ဟု တွက်လိုက်၏။
" ကလေးတွေ ဘယ်အချိန် ပြန်ရောက်ကြမှာလဲ "
မီးဖိုထဲ တွင် ညစာအတွက် ပျာယာခတ်နေသည့် အက်နက်အား ဆာရာ အကြောင် သား ငေးကြည့်နေသည်။ အလွန်အားကိုးရသည့် အက်နက်၊ ကျေးဇူးတင်ဖို့ ကောင်းသည့် အက်နက် ခုမှ သူ့ကြောင့် မိမိ ဘ၀ အသုံး မ၀င်တော့သလို ဖြစ်နေကြောင်း မြင်လာသည်။

အက်နက် က ဖြူစပြုနေပြီဖြစ်သည့် ဆံပင်တွေကို နောက်တွင် စုထုံးကာ နှုတ်ခမ်းတင်တင်းစေ့လျက် မီးဖိုဆောင် စားပွဲတွင် ညစာဟင်းပွဲများ ပြင်ဆင်နေသည်။ သူတို့ လင်မယား အပြင်ထွက်စားတိုင်း ကလေးတွေ က ထမင်းစားပွဲတွင် မစားဘဲ အက်နက်နှင့်အတူ မီးဖိုဆောင်စားပွဲတွင် စားလေ့ရှိသည်။ လူစုံ သည့်နေ့များ တွင်တော့ ထမင်းစားခန်းတွင် ထခမ်းတနား ပျော်ပျော်ပါးပါး စားလေ့ရှိကြ၏။ တစ်နေ့တာ အတွေ့အကြုံ များကို ထမင်းဝိုင်းတွင် တစ်ယောက်ချင်း ပြောကြရသည်။ အော်လီ သဘော အကျဆုံး အချိန် ဖြစ်၏။
အလုပ်ခွင် မှာ ပင်ပန်းသမျှ သည်အချိန်တွင် ပြေပျောက်သွားတတ်သည်။ ထို့ကြောင့် အပြင်ထွက်ပြီး စားခဲလှ သည်။ သည်နေ့တော့ စားသောက်ဆိုင်သစ် ဖွင့်ပွဲတစ်ခုသို့ အပေါင်းအသင်းများနှင့် သွားစားရန် စီစဉ် ထား ၏။

ဆာရာ့အတွေးကို တယ်လီဖုန်းသံက ဖြတ်တောက်ပစ်လိုက်သည်။ အက်နက် သွားနားထောင်မည် အပြု တွင် ဆာရာက ပြေးသွားပြီး ဖုန်းကိုင်သည်။ အော်လီ့ဆီက ဖြစ်မှာပါ။ ချက်ချင်း သူနှင့် ပူးပူး ကပ်ကပ် နေချင်စိတ် ပေါက်လာသည်။ သူ့အသံကိုကြားချင်၏။ စောစောကလေးကမှ ဖတ်လိုက်ရသည့် စာကြောင့် အခြေအနေ အရပ်ရပ်သည် အပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ။
သို့သော် ဖုန်းက အော်လီ့ဆီကမဟ်ုတ်၊ ညစာစားပွဲရက်ရွှေ့သည့်အကြောင်း မိတ်ဆွေတစ်ဦးက လှမ်းပြော ခြင်းဖြစ်၏။ ဆာရာ ပျော်သွားသည်။ လည်ချောင်းတွေ နာတာတာဖြစ်နေသောကြောင့်ဖြစ်၏။
အက်နက် ဘက်သို့ လှည့်ပြီး ….
" ဆာရာ တို့ အပြင်မထွက်တော့ဘေူး အက်နက်၊ ညစာစားပွဲရက် ရွှေ့လိုက်တယ်တဲ့၊ ကလေးတွေနဲ့ပဲ အတူတူ စားတော့မယ် "
အက်နက် က ခေါင်းညိတ်ပြီး ဆာရာ့ကို စိုက်ကြည့်နေရာမှ …..
" အစ်ကိုလေး နဲ့ အစ်မလေး နှစ်ယောက်တည်း အပြင်ထွက်စားပါလား "
တစ်နည်းနည်းနှ င့် အာရုံပြောင်းပစ်ဖို့ လိုသည်ဟု အက်နက် စဉ်းစားမိခြင်းကြောင့် အကြံပြုလိုက်ခြင်းဖြစ် သည်။

ဆာရာက အက်နက်ကို ကြည့်ပြီး ပြုံးနေလိုက်သည်။ အမျိုးသမီးနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး ခံစားနား လည်တတ်ကြ သူများဖြစ်၏။ အက်နက်သည် သခင်မဖြစ်သူ မမလေးအား အရောတ၀င်မနေဘဲ ခပ်လှမ်းလှမ်း မှနေ၍ တလေးတစားဆက်ဆံ၏။ သို့သော် အရေးကြုံလျှင် အကြံပေး ဖို့ ဆွေးနွေးဝန်လေးတတ်သူမဟုတ်။ အထူးသဖြင့် ကလေးတွေကိစ္စနှင့် ပတ်သက်လျှင် အက်နက် အလျှော့ မပေး။
ဆာရာ က တအားပြုံးလိုက်၏။ အက်နက်၏ အကြံပြုချက်ကို သဘောကျနေသည်။ နှစ်ယောက်တည်း လွတ် လွတ်လပ်လပ် သွားရလျှင် ကောင်းမည်။ သို့သော် တစ်ပြိုင်တည်းတွင် သူနှင့်အတူ မနေချင်ပြန်။ ဘာမှ ဆုံး ဖြတ်ချက်မချနိုင်မီ အရှေ့တံခါး ၀ုန်းခနဲဖွင့်သံကြားရပြီး တစ်ချိန်တည်းတွင် ဘင်ဂျမင် မီးဖိုဆောင် ထဲ ပြေးဝင် လာသည်။

အသက် ၁၇ နှစ်အရွယ် ဘင်ဂျမင်သည် အရပ် ခြောက်ပေရှိနေပြီး ဆံပင်တွေက ရွှေနီရောင်၊ မျက်လုံး များက အမေတူ အပြာရောင်။ အအေးဒဏ်ကြောင့် ပါးနှစ်ဖက်မှာ ရဲနေ၏။ ဦးထုပ်ကိုချွတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။
အက်နက် က သစ်သားဇွန်းဖြင့် ဘင်ဂျမင်အား ချိန်ရွယ်ပြီး …
" ကြည့်စမ်း …. လူဆိုးလေး၊ ဒါ ဦးထုပ်ထားရမယ့်နေရာလား၊ ခု ကောက်ယူလိုက် "
သို့သော် သူ့မျက်လုံးအစုံက ဘင်ဂျမင်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြနေ၏။ ဘင်ဂျမင်က အားရ ပါးရ ရယ်ပြီး ဦးထုပ်ကို ကောက်ယူကာ ကုတ်အင်္ကျီအိတ်ထဲ ထည့်ရင်း ..
" ဆောရီး … အက်နက်၊ ဟဲလို … မေမေ " ဟု မိခင်ကို တစ်ဆက်တည်း နှုတ်ဆက်ရင်း လက်ထဲ တွင် ပွေ့လာသည့်စာအုပ်တွေကို စားပွဲပေါ် ပစ်တင်လိုက်သည်။

" သားရယ် …. မချမ်းဘူးလား "
ဘင်ဂျမင် သည် ဘယ်တော့မှ လက်အိတ်စွပ်လေ့မရှိ။ သူ့လက်တွေမှာ နီရဲနေ၏။ သူငယ်ချင်း တစ်ယောက် ၏ ကားဖြင့် ပြန်လာပြီး လမ်းထိပ်က ဆင်းလျှောက်လာခြင်းဖြစ်၏။
ဗိုက်ဖြည့် ဖို့ ရေခဲသေတ္တာဆီသို့ လျှောက်သွားသည်။ ဘင်ဂျမင် သည် အစားနှင့်ပါးစပ် မပြတ်တမ်း မိတ်ဖွဲ့ ထားသူဖြစ်၏။ တစ်ခါတစ်ခါ စားလျှင်လည်း နည်းနည်းနောနောမဟုတ်။ သို့သော်လည်း ၀ဖီးမလာ ဘဲ ပိန်ပိန်ရှည်ရှည်ကြီးသာဖြစ်လာသည်။ ကိုယ်နေဟန်နှင့် ကျယ်ပြန့်သည့်ပခုံးများက ဖအေနှင့် တစ်ပုံ တည်း။
အက်နက် က သစ်သားဇွန်းဖြင့် ရွယ်ပြီး …
" သွား … ရေခဲသေတ္တာမဖွင့်နဲ့၊ ခဏနေရင် ညနေစာ စားရတော့မယ့်ဟာကို "
" မုန့်ကလေးတစ်ချပ်တည်းပါ အက်နက်ရယ်နော်၊ ဆာလွန်းလို့ပါဗျာ "

ပြောပြောဆိုဆို ၀က်အူချောင်းတွေ နှိုက်ပြီး ပလုတ်ပလောင်းဝါးနေသည့် သားဖြစ်သူကို ဆာရာ ငေးကြည့် နေသည်။ အင်း … လူပျိုကြီးဖားဖား ဖြစ်နေပါပေါ့လား။ သိပ်ချောသိပ်လှသည့်သား။
သူ့မှာ ကိုယ်ပိုင်ဘ၀ရှိသည်။ ကိုယ်ပိုင် အပေါင်းအသင်းတွေရှိသည်။ မကြာခင် လပိုင်းအတွင်း တက္ကသိုလ် ရောက်တော့မည်။ သူ့အတွက် အမေ လိုသေးလို့လား။ မိမိရှိနေခြင်းအားဖြင့် သူ့အတွက် ဘာများ ထူးလို့လဲ။
ဘင်ဂျမင်က မအေလုပ်သူ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ မေမေ့မျက်ဝန်းထဲတွင် တစ်ခါမှမမြင်ဖူး သည့် ဝေဒနာရိပ် ကို တွေ့ရ၏။
" ဘာဖြစ်လို့လဲဟင် ….. မေမေ "
ခေါင်းကို ခပ်သွက်သွက်ယမ်းပြီး …
" ဘာမှ ….. ဘာမှ မဖြစ်ပါဘူး သားရဲ့၊ ဖေဖေနဲ့အပြင်ထွက်ပြီး ညစာစားရရင် ကောင်းမလား စဉ်းစားနေ တာပါ၊ သား ဒီည ဘာလုပ် စရာရှိလဲ၊ စာမေးပွဲအတွက် စာကျက်ဖို့ပဲ မဟုတ်လား "
ဘင်ဂျမင် ခေါင်းညိတ်သည်။ ဘင်ဂျမင်သည် အလွန်စာကြိုးစား သည့် ကျောင်းသား တစ်ယောက်ဖြစ်သည်။ မအေ အလွန်မြတ်နိုးသည့် သားဦးလည်းဖြစ်၏။ ဂျစ်ကန်ကန် မလုပ်သည်က လွဲပြီး သူ့ အမူအကျင့်တွေ က ဆာရာ ငယ်ငယ်ကနှင့် တစ်ထပ်တည်း။

" ဟုတ်တယ် မေမေ၊ မနက်ဖြန် နောက်ဆုံးနေ့ပဲ၊ ဓာတု ဗေဒလေ၊ ဘလ်နဲ့ အတူ သွားကျက်မလို့၊ ကားယူ သွားရ မလားဟင် …. မေမေ "
ဆာရာ ပြုံးလိုက်သည်။ ခွဲသွားရလျှင် သားကြီးကို အောက်မေ့သည့်စိတ်ဖြင့်ပင် သေမည်လားမသိ၊ ပြီးတော့ အငယ်ဆုံးဆမ်ကလေး ….. ဘုရား ဘုရား …… ပြီးတော့ အော်လီ။
" ယူသွားလေ သား၊ ဂရုစိုက်မောင်းနော်၊ လမ်းပေါ်မှာ နှင်းတွေနဲ့၊ ဘီလ်ကို ဒီခေါ်လို့ မရဘူးလား သားရယ် "
အမေ့ စကား မဆုံးမီ ဘင်ဂျမင် ခေါင်းယမ်းနှင့်နေပြီ။ သည်နေရာတွင်တော့ ဖအေနှင့်တူသည်။ လုပ်မည် ဆို လျှင် လုပ်ရမှ။
" သူဒီကို လာတာ သုံးရက်ရှိပြီ မေမေ၊ ဒီနေ့ သားသူ့ဆီ လာခဲ့မယ်လို့ ပြောထားပြီးပြီ၊ ညီမလေး လဲ နောက်ကျ လိမ့်မယ်၊ မေမေ့ဆီ ဖုန်းမဆက်ဘူးလား "
ဆာရာ ခေါင်းယမ်းသည်။

" ဟင့်အင်း …. မဆက်သေးဘူး "
မယ်လီဆာ ဘယ်တော့မှ မဆက်။ အမြဲမေ့တတ်သည်။ သူက လွတ်လွတ်လပ်လပ် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် နေတတ်သည်။ ၁၅ နှစ်သမီးအရွယ်တွင် မယ်လီဆာသည် သူ့ကိုယ်သူ စိတ်ချလက်ချ ထိန်းသိမ်းနေပြီ။
" သား ဘာပြောတာလဲ၊ ဒီနေ့ အင်္ဂါနေ့လေ၊ ဘယ်လို ပြန်လာမှာလဲ "
မယ်လီဆာကို  သူငယ်ချင်း ယောက်ျားကလေးများဖြင့် ကျောင်းအားရက်တွင် လည်ပတ် ခွင့် ပေးထား သည်။ သို့သော် ထိုယောက်ျားလေးသည် မိဘတွေနှင့် မိတ်ဆက်ထားပေးပြီး သားယောက်ျား ကလေးဖြစ်ရမည်။

" သား အပြန် သူ့ကို ၀င်ခေါ်လာမယ်လေ "
စားပွဲပေါ် မှ ပန်းသီးတစ်လုံးကို ကိုက်ရင်း ….
" ကျောင်းကပွဲမှာ ဒီည ဇာတ်တိုက်ရမယ်တဲ့ မေမေ၊ မေမေ့သမီးက သိပ်တော်တာ၊ သူ့အတွက် စိတ်ချပါ မေမေရဲ့ "
အိမ်ရှေ့ တံခါးဝုန်းခနဲပွင့်သံ ကြားလိုက်ရပြန်သည်။ အက်နက် နာရီမော့ကြည့်သည်ကို ဆာရာ မြင် လိုက်၏။ သူ့နှုတ်ခမ်းအစုံပေါ်မှ ကျိတ်ပြုံးကလေးကိုလည်း ဆာရာ သတိထားလိုက်မိ၏။ ပြီးတော့ အသားကင် တုံးကြီး ကိုတစ်ချက်လှမ်းကြည့်သည်။

ဆမ်နှင့် အင်ဒီ လုံးလားထွေးလား ဖြစ်နေပြီ။ မိနစ်ပိုင်းအတွင်း သူတို့နှစ်ကောင် မီးဖိုထဲသို့ ၀ုန်းဒိုင်းကြဲပြီး ၀င်လာသည်။ ဖအေတူ မျက်လုံးစိမ်းကလေးတွေနှင့် ဆမ်လေး၏ ကိုယ်ပေါ်တွင် ခွေးခြေရာတွေ အနှံ့ဖြစ်နေ ပြီ။ အားရအောင် ဆော့ပြီးတော့ အင်ဒီက ဆမ့်ပခုံးပေါ်ကို လက်နှစ်ဖက်တင်ပြီး မျက်နှာကို အားရ ပါးရ လျှာနှင့် လျက်နေသည်။ ဆမ်က မောကြီးပန်းကြီးဖြင့် ….
" ဟာ …. မွှေးလိုက်တာ၊ ဒီနေ့ အသားကင်ပါတယ်မဟုတ်လား "
အက်နက် က ဆမ့်ကို အားရကျေနပ်စွာ ပြုံးကြည့်နေသည်။ သို့သော် ဆမ်နှင့်အင်ဒီ ဆက်ဆော့နေသဖြင့် မီးဖိုဆောင် တစ်ခုလုံး တစ်မုဟုတ်ချင်း မွစာကြဲသွားသည်။ ဘင်ဂျမင်နှင့် ဆာရာက တခစ်ခစ်နှင့် ရယ်နေကြ ၏။

ဆမ် သည် အက်နက်ရှင်းထားသည့် မည်သည့်အခန်းကိုမဆို မိနစ်ပိုင်းအတွင်း အမှိုက်ပုံဖြစ် သွားအောင် ဆော့နိုင်သည့် ကလေးဖြစ်သည်။ အက်နက် ထအော်ရတော့သည်။
" ဟေး … လူရှုပ်ကလေး၊ သွား … သွား၊ ဦးထုပ်က ဘယ်မှာလဲကြည့်စမ်း၊ ဆံပင်တွေကလဲ စိုရွှဲလို့၊ အအေးပပ်တော့ မှာပဲ "
ပြောပြောဆိုဆို မျက်နှာသုတ်ပ၀ါ ပြေးယူသည်။
" ဟဲလို … မေမေ "
ခုမှ အမေကို ပြေးနမ်းပြီး နှုတ်ဆက်သည်။ အင်ဒီက အမြီးတနှန့်နှန့်နှင့် စောင့်ကြည့်နေ၏။ ဆမ်က ဖိနပ်တွေ ချွတ်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချသည်။ အင်ဒီက ၀မ်းသာအားရ ပါးစပ်နှင့် ကောက်ချီပြီး ဧည့်ခန်းဆီ သို့ ပြေးထွက်သွားသည်။ ဖိနပ်စင်တွင် ယူသွားသိမ်းမည်လေ။

အက်နက်က အသံမြှင့်ပြီး …
" ကဲ … မင်းတို့နှစ်ယောက်စလုံး အပေါ်ထပ်သွား ရေချိုးကြတော့"
ညီအစ်ကိုနှစ်ယောက် အပေါ်ထပ် ပြေးတက်သွားကြသည်။ ဆမ်၏ ကုတ်အင်္ကျီလျေကားရင်းတွင် ကျကျန် ရစ်၏။ ဆာရာက နောက်မှ လှမ်းအော်သည်။
" ဆမ် … ပြန်လာခဲ့၊ အင်္ကျီပြန်ကောက်လှည့် "
သို့သော် ဆမ်မကြားတော့။ တစ်ချိုးတည်း လစ်ပြေးသွားပြီ။ အင်ဒီနှင့် လုံးလားထွေးလား ပြေး သွားခြင်း ဖြစ်၏။ ဘင်ဂျမင်က အပေါ်ထပ်တက်ပြီး ညကျက်ရမည့် စာအုပ်တွေ ရွေးနေသည်။ ဆာရာ အပေါ်ထပ်သို့ ဖြည်းဖြည်းလိုက်တက်သွားသည်။ အင်း … သူတို့လေးတွေနှင့် ခွဲနိုင်ပါမည်လားဟူသည်ကို မတွေးဘဲ မနေ နိုင်အောင် ဖြစ်နေပြန်၏။

အိပ်ခန်းထဲရောက်တော့ တယ်လီဖုန်း မြည်နေသည်။ မယ်လီဆာခေါ်ခြင်းဖြစ် ၏။ ပြဇာတ်တိုက်စရာ ရှိ၍ နောက်ကျမည့်အကြောင်း ဆက်ဖော်ရသည်။ ပြီးတော့ အော်လီဆက်ပြန်သည်။ အက်နက် အကြံပြု သလို နှစ်ယောက်တည်း အပြင်ထွက်စားချင်သည်တဲ့လေ။
" နှစ်ယောက်တည်း သွားစားရအောင်၊ ပိုတောင် ကောင်းသေးတယ် "
နယူးယောက်မှ လှမ်းပြောနေသည့် သူ့အသံမှာ နွေးထွေးလှသည်။ ဆာရာ့ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ဖုန်းပြန် ချတော့ မျက်ရည်တွေလည်နေသည်။ သူနှင့် နှစ်ယောက်တည်းဆိုရင် ဘာတွေပြောရပါ့မလဲ။ အို …. ပြော လို့ မဖြစ်သေးပါဘူး။ ခရစ္စမတ်ပြီးမှဘဲ ပြောမယ်။
အခန်းထဲမှာ ယောင်ချာချာ လျှောက်သွားနေမိ၏။

ရင်းနှီးကျွမ်းဝင်ပြီးသား အိမ်ခန်းသုံး ပစ္စည်းပစ္စယတွေကို လျှောက်ကိုင်ကြည့်နေသည်။ အိပ်ရာပေါ် လှဲချပြီး အော်လီနှင့် သားသမီးတွေအကြောင်း တွေးနေမိ၏။ အင်း … သံယောဇဉ်နှောင်ကြိုးတွေ။ သည်နှောင်ကြိုး များကြောင့် ပင် မိမိဘ၀ အဓိပ္ပာယ်မရှိ ဖြစ်နေရသည်လေ။
သူတို့အားလုံး သည် တစ်စုံတစ်ရာကို မိမိထံမှ အမှတ်မထင် ယူနေကြသည်။ တုံ့ပြန်မှုရှိသော ရယူခြင်းမျိုး။ သို့သော် သူတို့ တုံ့ပြန်မှုက မိမိဆန္ဒကို ပြည့်ဝစေခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤသို့ပြောရသည် မှာ အလွန် မကောင်းသည့်ကိစ္စဖြစ်ပါ၏။ သူတို့ကို သည်အကြောင်း ဘယ်လို ပြောရက်ပါမည်လဲ။ ဘယ်တော့မှ လည်း ပြောလို့ ထွက်မည် မထင်ပါ။
မည်သို့ ရှိစေ … ကိုယ်ပိုင် ဘ၀တစ်ခုတော့ တည်ဆောက်ရမည်။ သည်အတွက်လည်း ပြင်ဆင်ပြီးပြီလေ။

အက်နက်၏ ဘ၀မျိုးထက် ပို၍ အဓိပ္ပာယ်ရှိသည့် ဘ၀မျိုးဆိုပါတော့။ တစ်နေ့တစ်နေ့ သူတို့ ပြန်အလာကို လည် တဆန့်ဆန့် နှင့် မျှော်ရသည်။ ခုတော့ သည်လိုမျှော်ခဲ့ခြင်းသည်ပင် သူတို့ကို ခွဲသွားဖို့ အကြောင်း တစ် ရပ် ဖြစ်လာသည်လား မပြောတတ်။ ခွဲခွာဖို့အချိန်သည် သိပ်မဝေးတော့ပေ။
ဘင်ဂျမင်က ဆောင်းဦးပေါက်လျှင် တက္ကသိုလ်သွားတော့မည်။ နောက်နှစ်နှစ်ကြာလျှင် မယ်လီဆာ။ ပြီးတော့ ဆမ်ကလေး ၏အလှည့်။
နှစ်ပေါင်း များစွာ ပြင်းပြခဲ့သည့် ဆန္ဒကို တကယ်အကောင်အထည် ဖော်မည့်ဆဲဆဲ အချိန်ရောက် လာပြန် တော့လည်း ကိုယ့်ကိုယ်ကို အပြစ်တစ်ခုကျူးလွန်နေသလို ခံစားရပြီး ရင်ထဲ နင့်နေပြန်၏။
တယ်လီဖုန်း သံကြောင့် ဆာရာ အတွေးပြတ်သွားသည်။ သည်တစ်ခါ အော်လီတို့ အဖေ။ ယောက္ခမကြီး၏ လေသံမှာ ခါတိုင်းနှင့်မတူဘဲ ပင်ပန်းနွမ်းနယ်ကာ စိတ် အား ငယ်နေပုံ ရသည်။ ခုတလော အဘိုးကြီး နှလုံး သိပ်မကောင်းဟု သိရသည်။ အဘွားကြီးလည်း သိပ်ကျန်းကျန်းမာမာမရှိ။

" ဟဲလို … ဖေဖေ၊ ဘာထူးသေးလဲဟင် "
" အော်လီဗာ ရှိလား "
ခါတိုင်းနှင့် လုံးဝမတူ။ တိုတိုတုတ်တုတ် မေးသည်။
" မရှိဘူး ဖေဖေ၊ ဘာပြုလို့လဲဟင် "
ဆာရာ စိုးရိမ်တကြီးမေးသည်။ အဘိုးကြီးကို အဘွားကြီးထက် ပိုပြီး သံယောဇဉ်ရှိသည်လေ။
" အဲ … ဘာရယ်လို့တော့ မဟုတ်ပါဘူးကွယ်၊ သိပ်မသေချာပါဘူး။ နေ့လယ်ကတည်းက အဘွားကြီး ဈေး ၀ယ်ထွက် သွားတယ်ကွ၊ ခုထက်ထိပြန်ရောက်မလာလို့၊ ရာသီဥတုကလဲ … အင်း … ဖုန်းလဲ မဆက်တော့ ဖေဖေစိတ်ပူနေတာပေါ့၊ သူ ဒီလို တစ်ခါမှ မကြားဖူးဘူးလေ "
မေမေ ဖီးလစ် သည် ခြောက်ဆယ့်ကိုးနှစ်ရှိပြီဖြစ်သော်လည်း အလွန်ကျန်းမာရေးကောင်းသည်။ သို့သော် မကြာသေးခင် ကမှ အဘွားကြီး ချူချူချာချာ ဖြစ်စပြုလာသည်။ လွန်ခဲ့သည့် လအနည်းငယ်က အဆုတ်အအေးမိရောဂါ ရပြီးနောက် မူလအခြေအနေသို့ ပြန်မရောက်တော့ပေ။

ဖေဖေဂျော့ သည် သူ့အဘွားကြီးအတွက် အလွန်အမင်းစိတ်ပူလျက်ရှိသည်။ သူက ၇၂ နှစ်ရှိပြီဖြစ်သော် လည်း အဘွားကြီးထက် အပုံကြီးကျန်းမာ၏။ ခုတော့ သူလည်း တစ်နေ့တခြား ပါးလျလာသည်။
သို့သော် သူ့သား ကဲ့သို့ပင် ချောမောခံ့ညားတုန်းဖြစ်၏။ ထောင်ထောင်မောင်းမောင်းနှင့် နှုတ်ခမ်းများက ချစ်စရာ ပြုံးနေပြီး မျက်လုံးအစုံတွင် ကြင်နာမှုကို အမြဲတွေ့ရ၏။ သို့သော် ရံခါတွင် သူ့အသက်ထက်ပို၍ အိုစာ သွားသည် များရှိ၍ အော်လီဗာစိတ်ပူလျက်ရှိ၏။
" သူ အချိန်ကို မေ့သွားလို့ထင်ပါရဲ့သမီးရယ်၊ မိန်းမတွေ ဈေးဝယ်ရင် ဒီလိုပဲ မဟုတ် လား၊ ဖေဖေ လိုက်သွား ရကောင်းမလားလို့၊ ပြီးတော့လဲ စဉ်းစားမိတယ်၊ အော်လီဗာများ …. "
နောက်ပိုင်း တွင် ဖေဖေဂျော့သည် အလျင်ကလို မဟုတ်တော့ဘဲ သားလုပ်သူကို အားကိုးလာသည်။

" သူ ပြန်ရောက်ရောက်ချင်း သမီး ပြန်ဆက်ခိုင်းပါ့မယ်ဖေဖေ "
သည်အတိုင်း ဆိုလျှင် အပြင်ထွက်ပြီး ထမင်းစားဖြစ်ဖို့ မလွယ်တော့။ ဒါလည်း ခပ်ကောင်းကောင်း ပါပဲလေ။ စိတ်ထဲတွင် သူနှင့် နှစ်ယောက်တည်း နီးနီးစပ်စပ်နေရမှာ ကြောက်သလိုလိုဖြစ်လာ၏။
သို့သော် အော်လီဗာပြန်မရောက်မီ အဘိုးကြီး ပြန်ဆက်သည်။ တက်စီ အခက်အခဲရှိ၍ ကြာနေကြောင်း၊ အဘွားကြီးပြန်ရောက်နေပြီဖြစ်ကြောင်း ပြောသည်။ အမှန်မှာ တက်စီရသည်။ ကားပေါ်ရောက်မှ အဘွားကြီး သူ့လိပ်စာသူမေ့နေကြောင်းနှင့် အိမ်ဖုန်းနံပါတ်ကိုပါ မေ့နေကြောင်း ဂျော့က ထည့်မပြောတော့။

" သမီး ကို သက်သက်ဒုက္ခပေးသလိုဖြစ်သွားတယ်၊ ဆောရီးကွယ် "
" ဟော … မဟုတ်တာဘဲ …. ဖေဖေကလဲ၊ နောက် အချိန်မရွေးခေါ်ပါနော် ဖေဖေ "
" ကျေးဇူးပါပဲကွယ် "
တယ်လီဖုန်း ဆက်ရင်း ဇနီးလုပ်သူကို လှမ်းကြည့်နေသည်။ သီချင်းကလေးတညည်းညည်းနှင့် မီးဖိုဆောင် ထဲတွင် ယောင်လည်လည်လုပ်နေသည်။ မီးဖိုဆောင်ကို ဂျော့ကိုယ်တိုင် ၀င်ချက်နေရသည် မှာကြာပြီ။ မိမိက အချက်အပြုတ်ပိုကောင်း၍ ၀င်ချက်နေဟန်ဆောင်နေကြောင်း နှစ်ယောက် စလုံးသိနေ၏။

" သား ပြန်လာရင် ဖေဖေမေတ္တာပို့နေကြောင်း ပြောပေးပါသမီးရယ်၊ ပြီးတော့ အားရင် ဖေဖေ့ဆီ ဖုန်းဆက် ပါဦးလို့ "
" ဟုတ်ကဲ့ ဖေဖေ …. စိတ်ချပါ "
သို့သော် အော်လီပြန်ရောက်လာတော့ ဆာရာ ပြောဖို့ မေ့နေသည်။ အော်လီဗာ ကမန်းကတန်းရေချိုး၊ အ၀တ်အစား လဲသည်။ အပြင်ထွက်ဖို့ အလောတကြီးသူလုပ်နေခြင်းဖြစ်၏။
" ဆမ်ကလေး တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့ မောင်ရယ် "
သူနှင့် မျက်နှာချင်းဆိုင် မထိုင်လို၍ ခေါင်းရှောင်ဖို့ ကြိုးစားကြည့်သည်။

" အက်နက်မရှိလို့လား "
အော်လီမုတ်ဆိတ်ရိတ်ရင်း လှမ်းမေးသည်။ တစ်ပြိုင်တည်းတွင် အဖြေကိုစောင့်နေ၏။ သည်ည အပြင်ထွက်ဖို့ အော်လီစိတ်စောနေ၏။ သတင်းထူးတစ်ခု ဆာရာ့ကို လက်ဆောင်ပေးစရာရှိသည်လေ။
အော်လီဗာ ရာထူးတစ်ဆင့်တက်ပြန်ပြီ။ သူ့ကုမ္ပဏီတွင် ထိပ်ဆုံးကလူဖြစ်နေပြီ။ အသက်လေး ဆယ့်လေး နှစ်အရွယ်တွင် အော်လီဗာ ၀တ်ဆင်သည် နယူးယောက် စီးပွားရေးလောကတွင် အငယ်ဆုံး ညွှန်ကြားရေးမှူးအဖြစ် လူတိုင်း၏ပါးစပ်ဖျားတွင် ရေပန်းစားနေပြီ။
သည် အတွက် အော်လီဗာကျေနပ်၏။ အလုပ်ကို ချစ်မြတ်နိုးသူမဟ်ုတ်လား။ ရာထူးရပြီ၊ မြတ်နိုးရသော ဇနီး ကောင်းတစ်ယောက်နှင့် ချစ်စရာသားသမီးသုံးယောက်ရှိပြီ။ ဘ၀တွင် ဘာများ လိုပါသေး သနည်း။ ဘာမှမလို တော့အောင် ပြည့်စုံနေပါပြီ။

ဆက်ရန်
.

No comments: