လီမိုစင်းကားကြီး၏ နောက်ခန်းတွင် သားအဖသုံးယောက် ၀င်ထိုင်ကြသည်။ ကလေးတွေ၏ လက်ကို တင်း တင်းဆုပ်လျက်။
" ဖေဖေ ငှားထားတဲ့ အိမ်ကြီးလည်း သားနဲ့ သမီးသဘောကျမယ်ထင်ပါတယ် "
" ကြိုက်မှာပေါ့ ဖေဖေရ "
ဆမ်က အပြင်သို့ ငေးရင်း ပြုံးပြုံးကလေးပြောသည်။ ကမ္ဘာသစ်ရှိရာသို့ အသွားလမ်းတွင် မယ်လီဆာ သည် ရုပ်ချည်း လူကြီး တစ်ယောက်ဖြစ်သွားသလိုထင်ရ၏။ ဘ၀သစ်ကို ရင်ဆိုင်ဖို့ အဖေ စိုးရိမ်သလို၊ မဟုတ်ဘဲ သူတို့ပျော်နေကြသည်။ အနာဂတ်ကို တွေးပြီး စိုးရိမ်နေသူ က ဖေဖေ အော်လီဗာ တစ်ယောက်တည်း။ ကို ဆက်ဖတ်ရန်.........
အခန်း (၂၁)
အိမ်ကြီးမှာ မယ်လီဆာနှင့် ဆမ်ကလေး ကြိုတင်မှန်းဆထားသည့် အတိုင်း တစ်ပုံစံတည်းဖြစ်နေသည်။ သူတို့မောင်နှမနှစ်ယောက် ပျော်မဆုံးဖြစ်နေကြ၏။ ထိုအခါတွင်မှ အော်လီဗာ သူတို့နှင့်အတူ လိုက်ပျော်နိုင် တော့ သည်၊ အိမ်ကြီးအတွက် ပစ္စည်းတွေ ဖြည့်ဆီးဖို့ ဈေးဝယ်လို့ လွယ်လွန်းသဖြင့် အက်နက် တစ်ယောက် ၀မ်းသာမဆုံးဖြစ်နေ၏။ ဘာလိုချင်လိုချင် အလွယ်တကူ ရနိုင်သည့်မြို့။
မယ်လီဆာ ကလည်း သူ့ကျောင်းကိုသူ သဘောကျနေ၏။ ကျေးဇူးတော်နေ့တွင် ဆမ်ကလေးက သူငယ်ချင်း တွေကို အိမ်ခေါ်လာပြီး ကျွေးသည်။ ကျေးဇူးတော်နေ့ ရုံးပိတ်ရက်တွင်တော့ အိမ်မှာ သားအဖ သုံးယောက် တည်းခြောက်ကပ်ကပ် ဖြစ်နေ၏။ ဘိုးဘိုးမပါဘဲ ဘင်ဂျမင်မပဘဲ ကုန်လွန်ရသည့် ရုံးပိတ်ရက် များ။ ဆာရာနှင့်လည်း အဝေးကြီးဝေးခဲ့ပြီ။
ခရစ္စမတ် ကျရင်တော့ သူတို့အမေဆီ ပို့ပေးရမည်။ ဆန်ဖရန်စစ္စကိုတွင် တစ်လနေပြီး အမေနှင့် ပြန်တွေ့ ကြမှာ မို့ သူတို့မောင်နှမ ၀မ်းသာနေကြ၏။
ဤသို့ဖြင့် ဒီဇင်ဘာ တတိယပတ်သို့ ရောက်သွားသည်။ အော်လီဗာက သူတို့မောင်နှမကို လေဆိပ် လိုက် ပို့သည်။ တစ်ယောက်တည်း ရင်ထဲဟာကျန်ရစ်ဦးမည့် အဖြစ်ကို ကြိုသိနေ၏။ သို့သော် လုပ်စရာတွေက အပုံအပင် မို့ အလုပ်တွေနှင့် ဖိထားလိုက်မည်ဟု စိတ်ကူးထားလိုက်၏။
ရုံးအဖွဲ့သား အားလုံး က အော်လီဗာ့ကို စောင့်နေကြ၏။ အားလုံး ကို မွှေနှောက် တူးဖော်ပြီး ပြုပြင်စရာတွေ၊ ဆန်းသစ် စရာတွေကို ရှာဖွေရမည်။ သည်လိုအခါ တွင် အော်လီဗာ အလွမ်းဆုံး ပုဂ္ဂိုလ်မှာ ဒက်ဖနီဖြစ်သည်။ ဒက်ဖနီသည် မျက်စိလျှင်၏။ အသိဥာဏ် ထက်မြက်၏။ အဆုံး အဖြတ်မြန်၏။ မိမိ ၏ အခက်အခဲပေါင်းများ စွာကို ကူညီဖြေရှင်းပေးနိုင်သည့် အရည်အချင်းလည်းရှိ၏။
ထို့ကြောင့် တယ်လီဖုန်းနှင့်ရော၊ အမြန်စာနှင့်ပါ အလုပ်ကိစ္စတွေကို ဒက်ဖနီနှင့် ဆွေးနွေးရသည်။ သူ့ကိုပါ ပြောင်းပေးလျှင် ဘယ်လောက် ကောင်းလိုက်မလဲဟု အော်လီဗာ ခဏခဏတွေးမိသည်။ သို့သော် ဒက်ဖနီ က ကုတ်နှင့် ကော်လိုက်လျှင်တောင် နယူးယောက်က ခွာမည့် မိန်းမမဟုတ်။
သူက သူ့ချစ်သူမှလွဲ၍ ကျန်အရာအားလုံးကို ဖွဲနှင့်ဆန်ကွဲထင်သည့် မိန်းမမဟုတ်လား။ အလုပ် အဖြုတ် ခံချင် ခံမည်။ ဆယ့်သုံးနှစ်လုံးလုံး ချစ်လာခဲ့သည့် ချစ်သူနှင့်တော့ ဘယ်သူဖျက်ဖျက် အပျက်ခံမည့် မိန်းမမျိုး မဟုတ်။
အချိန်တွေ မည်သို့ ကုန်လွန်ဖြတ်သန်းသွားသည်မှန်းမသိလိုက်ဘဲ ခရစ္စမတ်နီးလာပြီ။ မယ်လီဆာ တို့ မောင်နှမက အမေ့ဆီ မသွားခင် ဧည့်ခန်းကို ပြင်ဆင်ကြသည်။ ခရစ္စမတ် သစ်ပင် စိုက်ထူကြ သည်။ အဖေနှင့် လက်ဆောင်ပစ္စည်းတွေ လဲလှယ်ကြသည်။ ကလေးတွေ ထွက်သွားသည့်နေ့ က ဧရာမ အိမ်ကြီးထဲတွင် တစ်ယောက်တည်း ငေါင်းစင်းစင်းဖြစ်ကျန်ရစ်သည်။ သူတို့ကလေးတွေ မပါဘဲ၊ ဆာရာမပါဘဲ ပထမဆုံးကြုံရသည့် ခရစ္စမတ်။ အားလုံးကို မေ့နိုင်အောင် ကြိုးစားပြီး အလုပ် ထဲတွင် နစ်မြှုပ်ထားခြင်းက သက်သာလိမ့်မည်။ အလုပ်တွေကလည်း တောင်လိုပုံနေသည်မဟုတ်လား။
နောက်တစ်နေ့ ညနေပိုင်းတွင် အတွင်းရေးမှူး အမျိုးသမီးကလေးတစ်ယောက် တံခါးခေါက်ပြီး ၀င် လာသည်။
" ဟယ်ရီဘရင်တန်က ပို့ခိုင်းလိုက်လို့ ပါရှင့်၊ မစ္စတာဝတ်ဆင် စိတ်ဝင်စားမယ် ထင်လို့တဲ့ "
ဖိတ်စာ တစ်စောင်ကို စားပွဲပေါ်တင်ပြီး ပြန်ထွက်သွားသည်။ အလုပ်ရှုပ်နေသဖြင့် ဖတ်မကြည့်အား။ ဘာဖိတ် စာမှန်းမသိ။ ရုံးဆင်းခါနီးမှ ကောက်ကြည့်မိသည်။ ရုပ်ရှင်ကုမ္ပဏီတစ်ခုက မင်းသမီး မင်းသား များနှင့် လုပ်ငန်းနှင့် ဆက်စပ်နေသည့် အရေးကြီးပုဂ္ဂိုလ်များအား နှစ်စဉ်ဖိတ်နေကျ ခရစ္စမတ်ပွဲတော် ဖိတ်စာ။
နိုင်ငံရေးနှင့် ဆက်နွယ်နေသည့် အခမ်းအနားမျိုးသွားဖို့ စိတ်မကူးမိ။ အချိန်လည်း မပေးနိုင်ဘူးလေ။ ဖိတ် စာကို ဘေးသို့ ဖယ်ထားလိုက်သည်။
နောက်လေးရက်အကြာ သောကြာနေ့တွင် တစ်ပတ်လုံး ပြီးစီးခဲ့သည့် အလုပ်များနှင့် မလုပ်ဖြစ်ခဲ့သည့် အလုပ်ကြွေးများကို ပြန်လည်ဆန်းစစ်သည်။ ဤတွင် ခရစ္စမတ်ပါတီဖိတ်စာကလေးကို ပြန်တွေ့သည်။
ဘယ်သူနှင့်မှ အသိအကျွမ်း မရှိသည့် ဧည့်ခံပွဲသို့ ဘာလို့ သွားရမည်လဲ။ ဖိတ်စာ ကို နဘေးသို့ ဖယ်လိုက် ပြန် သည်။ ဤတွင် စိတ်ထဲမှ ဒက်ဖနီအသံကို ကြားယောင်လာသလိုလို ထင်လိုက်၏။ ဒီလိုပွဲမျိုး ကို ဒက်ဖနီ က မလွတ်တမ်းသွားစေလိမ့်မည် မုချ။ အလုပ်ဌာနအတွက်ရော။ မိမိအတွက်ပါ သူ တိုက်တွန်းမည် ဧကန်။ လော့စ်အိန်ဂျလိစ် ဌာနမှူးအဖြစ်ဖြင့် တက်သင့်သည် အမှန်။
" ကောင်းပါပြီဗျာ … ကောင်းပါပြီ၊ သွားပါ့မယ် "
ဒက်ဖနီ အနားမှာရှိနေသည့်အလား တစ်ယောက်တည်း ပြောနေမိသည်။ နှုတ်ခမ်းအစုံက ပြုံးလျက်။ ဒက်ဖနီ ကို အောက်မေ့နေ၏။ သူနှင့်အတူ ညစာစားခဲ့သည့် ညနေပိုင်းများကိုလည်း လွမ်းနေ ၏။ လော့စ်အိန် ဂျလိစ်တွင် မည်သူနှင့်မှ ရင်းရင်းနှီးနှီးမရှိသေး။ အပေါင်းအသင်း ရှိလာသည့် တိုင်အောင်လည်း ဒက်ဖနီလို သူငယ်ချင်းတော့ရနိုင်မည်မထင်။
ရုံးမှပေး ထားသော ကားကိုသုံးခဲသည်။ သို့သော် သည်လို ပွဲမျိးတွင်တော့ သုံးရလိမ့်မည်။ ဘယ်နေရာ ကို မောင်းလို့ ဘယ်မှာရပ်ရမည်ကို ဒရိုင်ဘာမှ ပိုသိလိမ့်မည်။
အခမ်းအနား ကျင်းပသည့် ရုပ်ရှင်စတူရီယိုကြီးမှာ ဧရာမခြံကြီးဖြစ်သည်။ ခြံဝသို့ လီဗိုစင်းကားကြီးလိမ့်ဝင် သွား၏။ လုံခြုံရေးများက ဧည့်သည်စာရင်းနှင့် စစ်ဆေးအတည်ပြုပြီးမှ ၀င်ခွင့်ပေး သည်။ အော်လီဗာ အတွက် အားလုံးအဆန်းဖြစ်နေသည်။
အဆောက်အအုံကြီး တစ်ခုအတွင်း သို့ မိန်းကလေးနှစ်ယောက်က ဦးဆောင်ခေါ်သွားသည်။ တဒင်္ဂအတွင်း ရာချီရှိမည့် လူအုပ်ကြီးအတွင်း ရောက်သွားတော့၏။ ပိုးရောင်၊ ဖဲရောင်၊ စိန်ရောင်၊ မြရောင် တောက်နေသည့် ပရိသတ်မျိုး၊ လက်ထဲတွင် ရှမ်ပိန်ခွက်ကိုယ်စီဖြင့် ဟိုတယ် တစ်ခု ၏ ဧည့်ခန်းဆောင်ကြီးနှင့် တူအောင် ပြင်ဆင်ထားသည်။
မော့ကြည့် ရလောက်အောင် မြင့်သည့် သစ်ပင်ကြီးမှာ မီးရောင်စုံဖြစ်လျက်။ ကုမ္ပဏီအကြီးအကဲများက ပရိသတ် ကို ကြိုဆိုရင်း လိုက်လံနှုတ်ဆက်သည်။ အော်လီဗာတစ်ယောက် ကြောင်စီစီ ဖြစ်နေ၏။ ဘယ်သူ မှ သူ့ကိုမသိကြ။ ကျောင်းရောက်စ ကျောင်းသားသစ် ကလေးတစ်ယောက်လို ဖြစ်နေသည်။
ကိုယ့်အမည် ကိုယ်ဖော်ပြီး အကြိမ်များစွာ မိတ်ဆက်ရသည်။ နာမည်ကျော် ရုပ်ရှင် ပြဇာတ် မင်းသားမင်းသမီး များဖြစ်၍ အားလုံးနှင့် မျက်နှာထန်းမိနေ၏။ မယ်လီဆာကို သတိရသည်။ ပါလာ လျှင် ဆွေ့ဆွေ့ခုန် ၀မ်း သာနေမည်ထင်၏။ ဆမ်ကလေး၏ အချစ်တော်၊ မျက်နှာမှာ မှဲ့ခြောက်နိုင်း ချင်းနှင့် ချာတိတ်ကလေးကိုလည်း လှမ်းမြင်လိုက်သည်။
တစ်စုံတစ်ယောက် ကို လမ်းပေးဖို့ နောက်တစ်လှမ်းဆုတ်လိုက်သည်။ တစ်ယောက်ယောက် ၏ ခြေထောက် ကို နင်းမိလိုက်သည်။ တောင်းပန်ဖို့အသင့်ပြင်ရင်း တစ်ဘက်သို့ လှည့်လိုက်၏။ ဟင် … အနင်းခံ ရသူမှာ မိမိတစ်သက်တာ မြင်ဖူးသမျှ မိန်းကလေးများထဲတွင် အချောဆုံးဟုဆိုရမည့် အလှတန်ဆောင် ပါလား။ ပြစ်မျိုးမှဲ့မတင် မျက်နှာမျိုး။ မျက်လုံးအစုံက တဖျပ်ဖျပ် လက်နေသည့် အစိမ်းရောင်၊ ဆံပင် က ရွေရောင် အရင့်စား။
" ကျွန် … ကျွန်တော် တောင်းပန်ပါတယ်နော်၊ မတော်လို့ပါနော် "
မြင်ဖူးသည့် မျက်နှာပဲ၊ ဘယ်မှာ မြင်ဖူးမှန်းတော့ မသိ၊ အမျိုးသမီးက အပြုံးဖြင့် တုံ့ပြန်သည်။ အပြုံးနှုတ်ခမ်းအောက် မှ ပုလဲတန်းကလေးဖွေးခနဲ လက်သွားသည်။ ဆွယ်တာ အနက်ရောင်ကို ရိုးရိုး ကလေး ၀တ်ထားသည်။ ရှင်းသန့်ကြည်လင်၏။ ပြုံးပုံက မင်းသမီးတစ်လက်နှင့်မတူ။ အေးမြငြိမ်းချမ်း၏ ခန္ဓာကိုယ် မှာ သေးသွယ်ကျစ်လျစ်သည်။ ကျက်သရေရှိ၏။
" စိတ်မကောင်းလိုက်တာဗျာ "
နောက်ထပ်တောင်းပန် လိုက်သည်။ ခြေထောက်နှစ်ဖက်ကို အနေအထားပြင်ရပ်ပြီး ပတ်ပတ်လည်မှ ပရိ သတ် ကို ဝေ့ကြည့်ရင်း အမျိုးသမီးကရယ်နေသည်။
" ဘာမှ အဓိပ္ပာယ်မရှိပါဘူးနော်၊ ကျွန်မ ဒီကို နှစ်တိုင်းရောက်တယ်၊ ဘာလို့များ လာဖြစ်တာပါလိမ့် ဆိုပြီး တွေးမိတိုင်း အံ့သြရသည်။ မင်းသမီးမင်းသားတွေခေါ်ပြီး ရှမ်ပိန်ခွက်ကို လက်ထဲ ထည့်ပေး၊ ပျော်ပျော်ပါးပါး သောက်ကြပါနော်လို့ ပဋိသန္တာရပြတာပဲနော် "
ပတ်ပတ်လည် မှ လူတွေကို ကြည့်ရင်းပြောပြီး ရယ်နေပြန်သည်။ ပြီးမှ မိမိအား တောင်းပန်နေသူဘက်သို့ လှည့် လိုက်သည်။ လော့စ်အိန်ဂျလိစ်ဆင်ယင်ထုံးဖွဲ့မှုနှင့်မတူဘဲ သူ့အဆင်းသဏ္ဍာန်က တမူ ထူးနေသည် ဟု အော်လီဗာထင်သည်။ စကားစလိုက်သည်။
" မေးဖို့ မသင့်ဖူးဆိုတာ သိပါတယ်၊ ဒီမှာ အလုပ် လုပ်သလားဟင် "
" ဆိုပါတော့၊ ဒီကကော … ဒီမှာ လုပ်တာမဟ်ုတ်ဘူးထင်ပါတယ်နော် "
ပြန်မေး လိုက်ရသော်လည်း သူ ဒီကမဟုတ်မှန်း သိနေ၏။ ဒီမှာလုပ်ရင် မိမိအား မသိဘဲနေမည်မဟ်ုတ်။
" ကိုယ်ကကြော်ငြာအေဂျင်စီတစ်ခုကပါ၊ နယူးယောက်က ပြောင်းလာတာ မကြာသေးဘူး၊ နယူးယောက် နဲ့ လော့စ်အိန်ဂျလိစ် ဘာမှမတူဘူးနော်၊ တစ်ခြားစီပဲ၊ ဒါပေမယ့် ကိုယ်သဘောကျပါတယ် "
" စောင့်ကြည့်ပါဦး၊ ကြာရင် ရူးချင်လာလိမ့်မယ်၊ ကျွန်မရောက်တာ ဆယ်နှစ်ရှိပြီ၊ ခုထိ ကိုယ့်ကိုယ်ကို အံ့ဖွယ် ကျွန်း က အဲလစ်ကလေး လို့ ထင်နေတုန်းပဲ "
" အရင်တုန်း က ဘယ်မှာနေတာလဲဟင် "
" နီဘရာစကာ ကပါ "
မိန်းကလေးက ရယ်ပြီး ဆက်ပြောသည်။
" ပြောရင်ယုံမလားမသိဘူး။ ကျွန်မ သရုပ်ဆောင်သင်တန်းကျောင်းတက်ပြီးရုပ်ရှင်မင်းသမီးလုပ်ဖို့ထွက် လာတာ၊ အိမ်က ကျွန်မကို ခုထိအရူးထနေတုန်းလို့ ထင်နေတာ၊ အင်း … ရူးခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ် လေ၊ ဒီလောက ကလဲ ခက်သားကလား၊ ပိုးဝင်သွားရင် ဘာနဲ့မှတားလို့မရတော့ဘူး
စိတ်ပါ လက်ပါ ပြောနေပုံကိုကြည့်ပြီး သူ့မျက်လုံးတွေ အရောင်လက်ပုံကို သဘောကျနေသည်။ သူတို့ စကားပြောနေစဉ် အမျိုးသမီးတစ်ယောက် က သူ့ အော်တိုစာအုပ်ကို ထိုးပေးသည်။ ဘာမှမပြောဘဲ လက်မှတ် ထိုးပေးလိုက်သည်။ ပြီးတော့ အော်လီဗာ့ဘက်သို့ ပြန်လှည့်ကြည့်သည်။
ဘယ်သူဘယ်ဝါ ဟူသည်ကို သိဖို့ကောင်းပါလျက်သည်ကလေးမကို အမည် မဖော်နိုင်သည့် အတွက် အော်လီဗာ အနေရကျပ်သွားသည်။
" ကောင်းပြီ၊ မနက်ဖြန်မှာ မင်း ဘယ်သူဘယ်ဝါဆိုတာ ကိုယ်သိအောင်လုပ်မယ်၊ နေပါဦး၊ ကိုယ့်ကိုကိုယ် ငတုံး လို့ နာမည်မတတ်မိအောင် မင်း ဘယ်သူ ဘယ်ဝါဆိုတာ ခုပဲပြောလိုက်ပါလား၊ ကဲ … မင်း ဘယ်သူလဲ "
မျက်နှာချိုသွေးပြီး မေးလိုက်၏။ မိန်းကလေးကပုံပြင်ထဲမှ သူရဲကောင်းမကလေး တစ်ယောက်၏ အမည် ကို ပြောပြီး ကျီစယ်သည်။
ပြီးမှ … " ကျွန်မကို ဒီက မသိတဲ့အတွက် သဘောကျနေတာ။ အဲဒါက ပျော်စရာကောင်းတယ်လေ၊ အဲဒါလေး မပျက်စီးသွားစေနဲ့နော် "
" ကဲ … ပြောမှာ ပြောပါကွာ၊ ပြီးရင် ချက်ချင်း ကိုယ်မေ့ပစ်လိုက်ပါ့မယ် "
" တကယ်ပြော တာနော် "
လက်ဆန့်ပေးရင်း ထုံးစံအတိုင်း မိတ်ဆက်သည်၊
" ကျွန်မနာမည် ရှားလော့ဆင်မဆင် "
ရှားလော့ဆင်မဆင် သည် နာမည်ကျော် ပြဇာတ်အဖွဲ့ကြီးတစ်ခု၏ အပတ်စဉ် တီဗွီတွင် ပြနေသည့် ဇာတ်ကား မှ နာမည်ကျော် မင်းသမီးဖြစ်သည်။ သန်းပေါင်းများစွာသော ပရိသတ်တို့၏ အသည်းစွဲ မင်းသမီး။
" ဟာ … သေတော့မှာပဲ "
ငါ တစ်ကယ်တုံးတာပါလားဟု ခုမှပိုပြီး သဘောပေါက်ရ၏။
ရှားလော့နှင့် ခုလိုဆုံခဲ့ကြောင်း မယ်လီဆာသိလျှင်ဆွေ့ဆွေ့ခုန်နေမည် မုချ။
" ကိုယ်တော့ မယုံနိုင်အောင်ပွဲကာ "
" ကဲ … ကျွန်မဘက်က တာဝန်ကျေပြီ၊ ရှင်ကဘယ်သူလဲ "
လက်ဆွဲနှုတ်ဆက်ပြီး ကိုယ့်နာမည်ကိုယ်ပြောဖို့ မေ့နေသည့်အဖြစ်ပါလား။ သူ့ကို မမှတ်မိသည့်အတွက် ကိုယ့်ကိုကိုယ် ဒေါသထွက်မဆုံးဖြစ်နေ၏။ ရှားလော့ဆင်မဆင်ကို သည်လို သေးသေးသွယ်သွယ်၊ ငယ်ငယ် ရွယ်ရွယ်၊ လှလှပပကလေးဖြစ်နေမည်ဟု လုံးဝမမျှော်လင့်ခဲ့။
သဘာဝ အခန်းများတွင်ကပြလေ့ရှိ၏။ ဆံပင်ကလည်း ပြဇာတ်ခွင်ထဲတွင် သည်ပုံမျိုးမဟုတ်။ မိန်းကလေး ကို အကြောင်သား ငေးနေမိပြီးမှ မိမိနာမည်ကို ပြောပြီးမိတ်ဆက်သည်။
" ကိုယ်တောင်းပန်ပါတယ်၊ အရမ်း အံ့သြသွားလို့ပါ၊ ကိုယ့်နာမည်က အော်လီဗာဝတ်ဆင်၊ ကိုယ်တို့ အရှေ့ ကမ်းခြေသားတွေအတွက် သိပ်ဟောလိဝုဒ်ဆန်နေလို့လေ၊ မင်းသား မင်းသမီးတွေနဲ့ ကိုယ် မဆုံဘူး သလောက်ပဲ၊ ခြေထောက် တက်နင်းဖို့ဆိုတာ ဝေလာဝေး "
" ဖြစ်တတ်ပါတယ်လေ၊ မနှစ်က အဖေ ဒီကိုရောက်လာတယ်၊ ဂျုန်းကောလင်းနဲ့တွေ့တော့ ဂျုန်းမှန်း မသိဘူး၊ နီဘရာစကာ ကျမ်းစာကျောင်းက ဆရာမ မှတ်လို့တဲ့၊ မမဂျုန်း ပါးစပ်အဟောင်းသား ဖြစ် သွားကာ ဒီတစ်ခါ ပဲတွေ့ဖူးတယ်၊ အဖေ က ဘာမှမပြောဘဲ ဂျုန်းရဲ့ကျောကို ပုတ်ပြီး ဆက်လျှောက်သွား တယ်လေ "
" ကိုယ်လဲ အဲဒီလိုဖြစ်မလို့၊ မင်းက ကျန်းစာကျောင်းက ဆရာမနဲ့ မတူလို့ပေါ့ "
ရှားလော့ သည် ဘယ်သူနှင့်မှ မတူသည့် ဟို ဘက်ခြံမှ ချစ်စရာ မိန်းမချောကလေး တစ်ဦးနှင့်သာ တူပါ သည်။
" ရှင့်ကြည့်ရတာလဲ ကြော်ငြာကုမ္ပဏီကနဲ့ မတူပါဘူး။ ကျွန်မတို့ ပြဇာတ်ထဲက မင်းသားတစ်လက်နဲ့ တစ်ထေရာတည်းပဲ "
ပြောရင်း ရယ်ပြန်သည်။ အောင်မြင်နေသည့် မင်းသမီးတစ်လက်နှင့်မတူ။ ပျော်ပျော်နေတတ်ပုံရပြီး ပွင့်ပွင့် လင်းလင်းရှိပုံရသည်။
" ဟာ … မဖြစ်နိုင်တာ "
" နေပါဦး … ဘာလို့ ဒီကို ရောက်လာတာလဲ "
သူ့ကို ဖြတ်သွားဖြတ်လာသူပေါင်း များစွာက လက်ပြသွားလိုက်၊ အမူအယာဖြင့် အဝေးမှ နမ်းပြလိုက်ဖြင့် အမျိုးမျိုး နှုတ်ဆက်ကြသည်။ သို့သော် သူကဘယ်သူ့ဆီမှမသွားဘဲ အော်လီဗာနှင့် စကားဆက်ပြော ရသည်ကိုပင် ကျေနပ်နေသည်။
" တာဝန်အရ ဆိုပါတော့။ တာဝန်ရှိတဲ့ လူတစ်ယောက်နေမကောင်းလို့ သူ့နေရာကို လူစားဝင်ရတာလေ။ ဒါ ထက်ကျွန်တော်က မစ္စဆင်မဆင်ကို တားထားသလိုများ ဖြစ်နေမလား။ အရေးကြီးတဲ့ ဧည့်သည်တွေ ကို ဧည့်ခံပါ၊ ကျွန်တော်က ကိစ္စမရှိပါဘူး "
" ကျွန်မတာဝန်ပြီးပြီလေ၊ အစောကြီး ရောက်တယ်၊ ရှမ်ပိန်တစ်ခွက်သောက်တယ်၊ ကုမ္ပဏီပိုင်ရှင်ကို နမ်းပြီး နှုတ်ဆက်တယ်၊ တော်ပြီပေါ့။ ခုဟာက ကျွန်မ ကိုယ်ပိုင် အချိန်လေ၊ ပြီးတော့ အော်လီဗာနဲ့ စကားပြော ရ တာ သဘောကျလို့၊ မင်းသား မင်းသမီးတွေနဲ့ ပြောရတာနဲ့ ဘာမှ မဆိုင် ဘူး။ ပြဇာတ်လောက တစ်ခုလုံး တော်တော်များများနာမည်ကျနေကြတာ "
နာမည်ကျနေ သည့်အထဲ တွင် ရှားလော့ဆင်မဆင်မပါပါ။ သည်နှစ်အကယ်ဒမီ အတွက် ထိပ်တန်းမှ တစ်ပြေးနေ သူဖြစ်၏။
" လော့စ်အိန်ဂျလိစ် မှာ ဘာတွေလုပ်ဖြစ်လဲဟင် "
" အလုပ် ရယ်၊ ပြီးတော့ အလုပ်ရယ်ပဲ၊ ရုံးနဲ့အိမ်ကလွဲပြီး ကိုယ့်မှာဘာမှမရှိဘူးလေ "
" ဟင် … စိတ်ပျက်စရာကြီးပဲ၊ ညစာလေးဘာလေး အပြင်ထွက်မစားဘူးလား "
" ဘယ်မှ သိပ်မရောက်သေးပါဘူး၊ ကလေးတွေနဲ့တော့ တစ်ခါထွက် စားပြီးပြီ၊ ကျောက်ဆောင်နီ ကို ခေါ်သွား တယ်လေ၊ သူတို့သိပ်သဘောကျကြတယ်၊ ကိုယ်ကတော့ နှစ်ပေါင်းလေးရာလောက် အိုသွားပြီး နားပါ ထိုင်းသွားသလိုပဲ "
ရှားလော့ရယ်သည်။ ကျောက်ဆောင်နီကို သဘောကျပါ၏။ အဲလ်ဗစ်၊ ပရက်စလေ ၏ မော်တော်ကားကြီး ပြထားသည်။ သို့သော် အော်လီဗာ ပြောသည့်အတိုင်း အသံဗလံတွေက ဆူညံလှ သည်။
" စပါရို ကို ရောက်ပြီးပြီလား "
" ဟင့်အင်း … ဘယ်မှာရှိမှန်းတောင်မသိဘူး "
" တစ်ချိန်ချိန် မှာ သွားကြတာပေါ့၊ ဒါထက် ကလေးတွေက ဘယ်အရွယ်တွေလဲဟင် "
" သမီး က ဆယ့်ခြောက်နှစ်၊ သားကဆယ်နှစ်၊ ဟိုမှာ ကျန်ခဲ့တဲ့ သားတစ်ယောက်က ဆယ့်ရှစ်နှစ် "
" ပျော်စရာကြီးနေ မှာပဲနော် "
ပြုံးပြုံး ကလေးပြောလိုက်၏။ သို့သော် နည်းနည်းတော့ စိတ်ပျက်သွားသည်။ ရှားလော့ သူ့ကို သဘော ကျနေ၏။
" အမျိုးသမီးကကော အသက်ဘယ်လောက်ရှိပြီလဲ "
" လေးဆယ်နှစ်နှစ်၊ ကိုယ်တို့ကွာရှင်းထားကြတယ်လေ "
ရှားလော့ ဆင်မဆင်၏ မျက်နှာလေးဝင်းပသွားသည်။
" စိတ်ပူလိုက်ရတာ … ခုမှ ပျော်သွားတယ် "
အော်လီဗာ ဘ၀င်မြင့်ချင်သလို ဖြစ်သွား၏။ သည်မိန်းကလေးက မိမိလိုလူကို စိတ်ဝင်တစား ရှိနေသည်မှာ ဖြစ်နိုင်ပါ့မလား။
" ကလေးတွေ ခု အိမ်မှာရှိလားဟင် "
" မရှိကြဘူး၊ မကြာသေးခင် ကမှ ဘော့စတန်ကို ပြန်သွားကြတယ်၊ ခရစ္စမတ်မှာ သူ့အမေနဲ့သွားဖို့ စီစဉ်ပြီး သားဖြစ်နေလို့လေ "
ရှားလော့က နားရှုပ်သွားသည့် အမူအယာဖြင့် …
" နယူးယောက် မှာ နေတယ်ဆို၊ ပြီးတော့ ခရစ္စမတ်မှာ အော်လီဗာနဲ့ ဘာလို့ အတူတူမနေကြတာလဲ "
" တစ်နှစ်လုံး ကိုယ်နဲ့ အတူတူနေခဲ့ကြလို့ သူ့အမေကို အလှည့်ပေးတာပါ၊ ဟုတ်ပါတယ်၊ ကိုယ်က နယူး ယောက်မှာနေတယ်၊ သူက ဘော့စတန်မှာနေတယ်၊ ကျောင်းပြန်တက်မယ်ဆိုပြီး ထွက်သွားတာ၊ တစ်နှစ် လောက်ရှိပြီ၊ ပြီးတော့ …"
မိန်းကလေး ကို အကဲခတ်လိုက်သည်။ ရိုးရိုးသားသားထင်၏။ မျက်လုံးများတွင် ရိုးသားခြင်းကို အထင်းသား တွေ့ရ၏။ ပြီးတော့ စိတ်ဝင်တစားနားစိုက်နေသည်။
" သူက ထွက်သွားတာလေ၊ ကိုယ့်ကိုရော၊ ကလေးတွေကိုပါ ထားသွားတာ၊ ဒါကြောင့် ကလေးတွေ ကိုယ့် ဆီမှာ နေရတာလေ "
ပခုံးပေါ် မှ ဆံပင်ရှည်ရှည်တွေကို ကိုင်ရင်း မျက်နှာကလေးညှိုးသွားသည်။
"စိတ်မကောင်စရာ ၀တ္ထုရှည်ကြီးတစ်ပုဒ်ပဲနော် "
" ဟိုတုန်းကတော့ ဟုတ်ပါတယ်၊ ခုတော့လဲ ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်သွားပါပြီ။ သူလဲ သူ့ဘ၀ပျော်နေပြီ။ ကိုယ်တို့သားအဖတွေလဲ နေသားနေကျပြီလေ၊ က်ြရေးချက်ရေးကျရင် လူဆိုတာ ရောက်ရာဘ၀မှာ ခွင်ကျ အောင်နေတက်သွားတာပါပဲ "
" ကလေးတွေကောပဲလား "
အော်လီဗာ ခေါင်းညိတ်သည်။
" ဟုတ်တယ်၊ အားလုံး နေတတ်သွားပြီ၊ ခံနိုင်ရည်လဲရှိသွားပြီဆိုပါတော့ "
" အော်လီဗာ ဟာ သိပ်ကိုတာဝန်ကျေတဲ့ဖခင်တစ်ယောက်ပဲနော် "
" ကျေးဇူးတင်ပါတယ် ခင်ဗျာ "
အော်လီဗာက ဦးညွှတ်ပြီးပြောလိုက်၏။ နှစ်ယောက်သားရယ်ကြသည်။ ဧည့်ခံပွဲကို ကမကထစီစဉ်သည့် ကုမ္ပဏီ မှ လူကြီးတစ်ယောက် သူတို့ဆီ ရောက်လာသည်။ ရှားလော့၏ ပါးနှစ်ဖက်ကို နမ်းပြီး နှုတ်ဆက် သည်။ ပြီးမှ အော်လီဗာ လက်ဆွဲနှုတ်ဆက်သည်။
" ရှာလိုက်ရတာ အော်လီဗာရယ်၊ ကျုပ်က ကိုယ့်ကိုအရေးကြီးတဲ့ အဖွဲ့သားတွေနဲပ မိတ်ဆက်ပေးဖို့ စီစဉ်ထားတာ၊ ခုတော့ အရေးကြီးမင်းသမီးနဲ့ တွေ့ပြီးနေပြီကိုး "
" ကျွန်တော်က သူ့ခြေထောက်ကို တက်နင်းမိတယ် သိပ်သဘောကောင်းတဲ့မိန်းကလေးပဲ၊ ကျွန်တော့် ကိုတွန်းမထုတ်ဘူး၊ တရားလဲမစွဲဘူး၊ ခု လမ်းလျှောက်နိုင်သေးလားတောင်မသိဘူးဗျ၊ ဒါတင် မကသေး ဘူး၊ သိပ်ပျင်းစရာကောင်းတဲ့ ကျွန်တော့် ကလေးတွေအကြောင်း ပြောရင်း သူ့ကိုထပ်နှီပ်စက်နေတာ "
" အော်လီဗာနဲ့ စကားပြောရတာ သိပ်ပျော်စရာကောင်းတာပဲ "
ထိုပုဂ္ဂိုလ်ကရယ်တော့ ရှားလော့စိတ်မကောင်းဖြစ်သွားသည်။ သူ့ဘက်သို့လှည့်ပြီး ရှားလော့က မကျေမနပ် လေသံဖြင့် …
" ဘာလဲ … သူ့ကို ခေါ်သွားမလို့လား "
" ခဏလေးပါကွာ၊ ကိုယ် မင်းဆီပြန်ပို့ပေးပါ့မယ် "
တစ်ဆက်တည်း အော်လီဗာ့ဘက်လှည့်ပြီး …
" သူ့ကို သေသေချာချာလေ့လာထားဗျ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကို သူ မုန်းတယ်၊ ကလေးတွေနဲ့ ခွေးတွေကို ချစ်တတ်တယ်။ ပြဇာတ်ခွင်မှာ ပြောရမယ့် စကားလုံးတွေကို ဘယ်တော့မှ မမှားဘူး၊ အဲဒီလို မိန်းမမျိုး ကျုပ်တော့ မယုံဘူးဗျ။ ရုပ်ကလည်း သောက်ရမ်းမိုက်သေးတယ်၊ မနက်အိပ်ယာထ ကိုရင်တွေ့ရင် မူးမေ့သွားနိုင်တယ်။ ဘာမှ မပြင်ခင်ဆိုရင် သူ့မျက်နှာကလေးက တကယ့် နတ်သမီးကလေးပဲ "
" သွားစမ်းပါ ဟောစီရယ်၊ ပေါက်တတ်ကရတွေ "
ရှားလော့က တခစ်ခစ်ရယ်ရင်းပြန်ပြောသည်။ အော်လီဗာ အလိုလိုပျော်လာသည်။ သဘော လည်း ကောင်း ပုံရသည့် မိန်းကလေး။ မနက်စောစော အိပ်ယာထချိန် မှန်းပြီး သူ့မျက်နှာကလေး ကို မြင်ယောင်ကြည့်သည်။ မိတ်ကပ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျက်သရေ ရှိနေမည့် မိန်းမျိုးပါ။
" အလကားလျှောက်ပြောနေတာ အော်လီဗာ၊ ကလေးနဲ့ခွေးဆိုသိပ်မုန်းတာ "
သို့သော် မိမိကလေးတွေအကြောင်း ပြောတုန်းကတော့ သူစိတ်ဝင်စားပုံပဲ။
" အိုကေ ရှာလီ၊ တစ်ခြား ဧည့်သည်တွေကို ဧည့်ခံလိုက်ပါဦး၊ ကိုယ်အော်လီဗာကို ခဏခေါ်သွားလိုက်ဦး မယ်"
အော်လီဗာ စိတ်ပျက်ပျက်နှင့်လိုက်သွားရသည်။ ဟောင်လီက ရုပ်ရှင်လောကမှ အရေးကြီးသည့် လူ အားလုံးနှင့် လိုက်မိတ်ဆက်ပေးသည်။ တစ်နာရီကြာမှ ရှားလော့ကို ထားခဲ့သည့် နေရာ ကို ပြန်ရောက် သည်။ သို့သော် သူမရှိတော့ ပြန်သွားလောက်ပြီ။
ပရိသတ်ထဲမှ အသာကလေးလစ်ထွက်ခဲ့ပြီး ပြန်ဖို့ပြင်သည်။ ကားဆီလျှောက်အသွားတွင် အနီရောင်မာစီ ဒီးကားပေါ်သို့ တက်ဖို့ ဟန်ပြင်နေသည် သူ့ကို လှမ်းမြင်သည်။ စောစောက ပုံစံမျိုးမဟုတ်တော့။ ဆံပင် ကို ကျစ်ဆံမြီးနှစ်ခွကျစ်ထားသည်။ မျက်နှာပေါ်မှ မိတ်ကပ်တွေလည်း မရှိတော့၊ သားရေဂျာကင် အနက်ရောင် ၀တ်ထားသည်။
အော်လီဗာကိုမြင်တော့ ရှားလော့က လှမ်းပြီး လက်ပြသည်။ သူ့အနားရောက်အလာကို စောင့်နေသည့် အလား ကားတံခါး မပိတ်သေးဘဲ စောင့်နေသည်။ အော်လီဗာ ၀မ်းသာအားရ လျှောက်သွားသည်။ ရှား လော့ ကအပြုံးဖြင့် ကြိုနေသည်။
" အိမ်ပြန်မှာလား " မေးတော့ ရှားလော့ခေါင်းညိတ်သည်။ အပျိုပေါက်ကလေး တစ်ယောက် ပြုံးသလို အပြစ် ကင်းစင်စွာပြုံးနေ၏။ ပို၍ လှနေသည်ထင်၏။
" ခရစ္စမတ်နဲ့ တစ်ဆက်တည်း ပြဇာတ်နှစ်ပတ်ဆက်နားမယ်၊ ဒီညကစနားမှာလေ၊ အော်လီဗာကော အလုပ် တွေမပြတ်ဘူးလား "
တရင်းတနှီးမေး သည်။ အော်လီဗာက ခေါင်းညိတ်ပြလိုက်၏။ ညစာစားဖို့ ဖိတ်ချင်သည်။ သို့သော် နှုတ်က မရဲ၊ စိတ်ကို ရဲဆေးတင်ပြီး ဇွတ်မေးလိုက်သည်။
" ညစာစားပြီးပြီလားဟင် "
ရှားလော့ ခေါင်းရမ်းသည်။ မျက်နှာကလေး လင်းထိန်သွားပြီး …
" စပါရိုမှာ ပစ်ဇာ၊ သွားစားကြမလား၊ နေရာရပါဦးမလားမသိဘူး၊ လူတွေကျပ်မယ်၊ ကြိုးစားကြည့် တာပေါ့နော်"
ပြော၍သာပြောရသည်။ နေရာရမယ်မထင်၊ အစားအသောက် ကောင်းကောင်း စားချင်သူတွေရော၊ ရုပ်ရှင် မင်းသား မင်းသမီးတွေကို တွေ့ချင်လို့ လာသူတွေရော ကျိတ်ကျိတ်တိုးနေသည့်နေရာ။
" သိပ်ကောင်းတာပေါ့ "
အော်လီဗာ ရင်ထဲ နွေးခနဲဖြစ်သွားသည်။ သူ့ကားဆီ လှည့်ကြည့်လိုက်ပြီး ..
"ကိုယ့်ကားနဲ့ သွားကြမလား၊ ဒါမှမဟုတ် ကိုယ်နောက်က လိုက်ခဲ့ရမလား "
" လာပါ၊ ဒီကားနဲ့ပဲ သွားကြရအောင်ပါ "
" ဟာ … အားနာစရာကြီး "
ရှားလော့ပြုံးပြန်သည်။ နေပုံထိုင်ပုံကိုရော ပြောပုံဆိုပုံကိုပါ သဘောကျနေပြီ။ ဣနြေ္ဒရသည်၊ အေးဆေး တည်ငြိမ်သည်၊ သူလိုလူမျိုး မတွေ့ဖူးသလောက်ပင်။
" အို … ဘာလို့ အားနာရမှာလဲ "
ကြာရင် သူ စိတ်ပြောင်းသွားမှာ စိုးသည့်အလား ဒရိုင်ဘာကို ခပ်သွက်သွက် ပြန်လွှတ်လိုက်ပြီး ရှေ့ခုံတွင် သူနှင့် ယှဉ်ထိုင်လိုက်သည်။ ရှားလော့ဆင်မဆင်က ဖျတ်နဲ လှည့်ကြည့်ပြီး …
" အကြံရပြီ၊ စပါရိုက သိပ်ဆူတာပဲ၊ မာရိုဆေလမ်းပေါ်မှာ အီတာလျှံစားသောက်ဆိုင်ကလေး တစ်ဆိုင်ရှိ တယ်၊ ဆိုင်နာမည်က ချိယံဗီတဲ့၊ အလင်းရောင်မှိန်မှိန်ကလေးရယ်၊ ဘယ်သူမှလဲ မမြင်နိုင်ဘူး၊ နေဦး၊ နေရာ ရပါဦးမလားလို့ ဒီကနေ လှမ်းမေးကြည့်မယ် "
လက်တစ်ဖက်နှင့် ကားထဲမှ တယ်လီဖုန်းအနီကလေးကို လှည့်သည်။ တစ်ဖက်မှ စက်နှိုးသည်။ အော်လီဗာ သူလုပ်ပုံကို သဘောကျပြီး ပြုံးသည်။
" ဘာဖြစ်လို့လဲဟင် "
" ဘာမှ မဖြစ်ပါဘူး၊ သဘောကျလို့ပါ "
" ဟုတ်လား၊ သွားရမှာ တော်တော်လှမ်းတယ် "
စားသောက်ဆိုင် က ချက်ချင်းပြန်ထူးသည်။ မစ္စဆင်မဆင်အတွက်ဆိုလျှင် စားပွဲတစ်လုံး ပြင်ဆင်ထားပြီး အသင့်စောင့်နေ ပါမည်ဟု အကြောင်းပြန်သည်။
ရှားလော့ နေရာရွေး မှန်ပါပေသည်။ ဆိုင်ကလေးမှာ ခပ်ကျဉ်းကျဉ်းနှင့် တိတ်ဆိတ်သည်။ အဆင့် အတန်းမြင့် သည်။ ဟင်းလျာတွေက စုံလင်သည်။
နှစ်ယောက်သား ယှဉ်ထိုင်ကြသည်။ စားပွဲထိုးအကြီးအကဲကိုယ်တိုင် ဂရုတစိုက်လာပြီး သုံးဆောင်မည့် ဟင်းလျာ စာရင်း ကိုယူသည်။ အော်လီဗာ မယုံနိုင်အောင်ဖြစ်နေ၏။ အိပ်မက်မက်နေတာများလား၊ ရှားလော့ ဆင်မဆင်နှင့်အတူ ညစာ စားရတော့မည်လေ။
အင်း … ဟောလိဝုဒ်ဆိုတာ ဒါပါလားဟုလည်း ဆင်ခြင်မိ၏။ နယူးယောက်မှ မီဂန်ကို သွားသတိရ မိသေး၏။ သူတို့နှစ်ယောက်ကြားတွင် ခြားနားမှုတွေက အပုံအပင် တစ်ယောက်က စည်းမဲ့ကမ်းမဲ့ ပျက်စီးနေသူ။ တစ် ယောက်က တည်တည်ငြိမ်ငြိမ်ဖြင့် ရိုးသားသန့်စင်သူ။
" သိပ်ကောင်း တဲ့ နေရာပဲ "
အော်လီဗာ သဘောခွေ့နေသည်။ ဆာဆာနှင့်နှစ်ယောက်သား လွေးကြသည်။
" အင်း … မနက်ဖြန်မနက် အစောကြီးထဖို့ မပူရဘဲ အေးအေးဆေးဆေး အိပ်ရမှာ သိပ်လွတ်လပ် တာပဲနော်၊ အနုပညာသည်ဘ၀က လူမှုဆက်ဆံရေးလောကကိုပါ ထိခိုက်တာပဲ၊ ညညဆို ဘယ်မှ မသွားချင်လောက်အောင် ခြေကုန်လက်ပမ်းကျနေတာများတယ်။ ရေမိုးချိုး၊ အိပ်ယာထဲ ပစ်လှဲပြီး နောက်နေ့ကရမယ့် ဇာတ်ညွှန်းကို ဖတ်ရသေးတယ်လေ။
ဆက်ရန်
.

1 comment:
ခုလို မီးမလာတဲ့ ကြားက တင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်...
Post a Comment