Friday, May 4, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၅)

တစ်ယောက် ကို တစ်ယောက် တင်းတင်းဖက်ကာ ကြာမြင့်စွာ ငြိမ်သက်နေကြ၏။ ရံခါတွင် နှုတ်ခမ်းချင်း ထိ တွေ့ကြသည်။ ရင်အခုန်ရဆုံး ည၊ ရင်အနာရဆုံး ည၊ ပျောက်ဆုံးနေသော ကြင်နာမှု ကို ပြန်လည်တွေ့ ရှိ သည့်ည၊ တစ်ပြိုင်တည်းတွင် အသည်း တမြည့်မြည့်ကြွေသော ည။
ဆာရာ့ ရင်ခွင်ထဲ တွင် အော်လီဗာ အိပ်ပျော်သွားသည်။ သြော် ….. အော်လီဗာ အော်လီဗာ၊ ကြာမြင့်စွာ ချစ်ခဲ့ရ သည့် ချစ်သူ။ ဟားဗတ်တက္ကသိုလ် ဘွဲ့တစ်ခုဖြင့် ဘ၀ ကို တည်ဆောက် ခဲ့သူ။ အင်း …. ခုတော့ ဟားဗတ်တက္ကသိုလ် ဘွဲ့ ယူဖို့ မိမိ သူ့အား ခွဲခွာသွားရတော့မှာပါလား။
ကို ဆက်ဖတ်ရန်...........

အခန်း (၄)

ခရစ္စမတ်နံနက်ခင်း …..။
တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။ စားပွဲတွေ ခင်းကျင်းပြင်ဆင်ကြ၊ ကြက်ဆင်ကောင်းလုံးကြော်ကြ၊ လက်ဆောင် ပစ္စည်းတွေ ထုပ်ကြပိုးကြနှင့် ရှုပ်ယှက်ခတ်နေ၏။ သည်ကြားထဲတွင် နှစ်ဖက်မိဘတွေက ဖုန်းတဂွမ်ဂွမ် ဆက်နေကြသည်။
မေမေ သိပ်နေမကောင်းကြောင်းပြောတော့ အော်လီ စိတ်မပူ။ ခုတလော အဘိုးကြီး အစိုးရိမ်လွန်ကဲနေ သည်။ မွန်းတည့်ချိန်လောက် ကတည်းက ဖေဖေနှင့်မေမေ ကို အော်လီဗာမျှော်နေ သည်။ နှစ်နာရီလောက်မှ ရောက်လာကြ၏။ လက်ဆောင် ပစ္စည်းတွေ တစ်ပွေ့ တစ်ပိုက်နှင့် …..။
အက်နက်အတွက်လည်း သိုးမွေးခြုံထည်တစ်ခုပါ၏။ အင်ဒီ့အတွက်က အရိုးပေါင်းဟင်း တဲ့၊ မေမေ သည် ဖေဖေပြောသလောက်မဟုတ်ဘဲ ခရမ်းရောင်သိုးမွေးဆွယ်တာအသစ်ဖြင့် လှပနေ၏။ ခရစ္စမတ် အတွက် ဈေးဝယ်ထွက်သည့်အချိန်တွေများလွန်းသဖြင့် ပင်ပန်းနေခြင်းဖြစ်မည်။

လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ဖလှယ်ကြ၊ ကိုယ်စီအထုပ်တွေဖြေကြနှင့် လူတိုင်း အလုပ်ရှုပ်နေ ကြ၏။ တော်တော်နှင့်မပြီးနိုင်။
ဆာရာ က အော်လီဗာပေးသည့် မြလက်စွပ်ကလေး ကို ငုံ့ကြည့်ပြီး မျက်မှောင်ကုတ်နေသည်။ နံနက်စောစာ စီးစီး အရုဏ်မတက်မီ ကြက်ဆင်အစာသွတ်နေသည်ကို သူ ထိုင်ကြည့်နေ ရင်းပေးခြင်းဖြစ် သည်။ ဆာရာ က သူ့အတွက် သိုးရေအင်္ကျီနှင့် သူနားထောင်ချင်နေသည့် သီချင်းခွေများ ပေးသည်။ စိတ်ကူးပေါက်ရာ လျှောက်ဝယ်ခြင်းဖြစ်၏။ သားရေလက်ဆွဲအိတ် အနက်တစ်လုံးနှင့် ခြေအိတ်တွေလည်း ပါ၏။

အော်လီဗာ က ဆာရာ့အတွက် ကလေးတွေ လွယ်သည့် လွယ်အိတ်ကလေးတစ်လုံးလည်း ၀ယ်ပေး သည်။ မိမိအတွက် ဆာရာသည် ကလေးကလေးတစ်ယာက်ပဲဟူသည့် အဓိပ္ပာယ်။
ပြီးတော့ သံလိုက်အိမ်မြှောင်လေးတစ်ခု။ အိမ်ပြန်ဖို့ လမ်းပျောက်နေလျှင် အသုံးချဖို့။ စာတန်းကလေးရေး ထိုးထားသည်။

" အိမ်ကို မြန်မြန်ပြန်ခဲ့ပါနော် "
                ချစ်တဲ့ …
                        အော်လီ
" အဲဒါ ဘာလဲဟင် ဖေဖေ "
အဖေ့ လက်ဆောင်ထုပ်ကို အမေကဖြေတော့ ဆမ်ကလှမ်းပြီး စပ်စုသည်။
" သားနဲပမေမေ ကင်းထောက်ခရီးထွက်လို့ တောထဲမှာ မျက်စိလည်နေရင် အိမ်ပြန်လာနိုင်အောင်လို့လေ "
သူက သားငယ် ကို ပြုံးပြီးပြောသည်။ ဆမ်ကလေးရယ်နေသည်။ ဆာရာက လင်တော်မောင်ကို ငုံ့ပြီး ကြင်နာစွာ နမ်းသည်။ ပြီးတော့ အော်လီဗာ က သူနှင့်အတူလုပ်ဖို့ မီးဖိုဆောင်ထဲလိုက်သွားသည်။
ခရစ္စမတ် စားမြိန်ဝိုင်းမှာ ခါတိုင်းနှစ်များလိုပင် ပျော်ပျော်ပါးပါး။ သို့သော် ဘွားဘွားဖီးလစ်ကတော့ မနှစ်က လို မဟုတ်တော့ဘဲ နည်းနည်းဖောက်ချင်သည်။ မလိုအပ်ပါဘဲ ကုလားထိုင်မှထပြီး မီးဖိုဆောင်ထဲ သို့ ခဏခဏ ထသွားသည်။ သူများတွေကိုကူညီဖို့ ထထသွားခြင်းဖြစ်၏။ သို့သော် ဘာမှ လုပ် စရာ၊ ယူစရာမရှိသည့်အခါတွင် မီးဖိုဆောင်တွင် ကြောင်တောင်ရပ်နေသည်။ ဘာလုပ်ပေးရမလဲ၊ ဘာလိုသေးလဲ ဟူသည့် မေးခွန်း ကို ဆယ်ခါမကမေးသည်။

" ဘွားဘွား ဘာဖြစ်နေတာလဲ ဟင် ဖေဖေ၊ ခါတိုင်းမီးဖိုဆောင်ကို ဒါလောက်မ၀င်ပါဘူး "
ဆမ်က သူ့အဖေ ကို တိုးတိုးကပ်မေးသည်။ အော်လီဗာကလည်း မေမေဖီးလစ်ပျာယာခတ်နေပုံကို သတိထားမိ၏။
" သားမေမေ နဲ့ အက်နက်ကို ၀ိုင်းကူချင်လို့ ဖြစ်မှာပေါ့ကွာ၊ လူကြီးတွေဟာ ဒီလိုပဲကွ၊ သူတို့ လုပ်နိုင် ကိုင်နိုင် သေးတယ်ဆိုတာ ပြချင်ကြတယ် "
" သြော် ….. "
ဆမ် ခေါင်းညိတ်သည်။ ကျေနပ်သွား၏။ သို့သော် အခြားသူများလည်း ဘွားဘွားဖြစ်အင်ကို သတိ ထားမိ နေကြသည်။ ဆာရာက စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ခေါင်းယမ်းမိသည်။ အဘွားကြီး တစ်ခုခုဖြစ် နေပြီဟု သိလိုက်၏။

သို့သော် အားလုံး မြိန်မြိန်ရှက်ရှက်စားကြသည်။ အ၀အပြဲစားကြသည်။ ပြီးတော့ ဧည့်ခန်းထဲ သို့ လေးလေး ကန်ကန်ထသွားကြ၏။ ဆာရာနှင့်အက်နက်တို့ ထမင်းစားခန်းထဲတွင် သိမ်းဆည်း ကျန်ရစ် ၏။ ဘွားဘွား ဖီးလစ်လည်း ၀ိုင်းကူသည်။ မယ်လီဆာက ခဏ၀င်သိမ်းပေးပြီး ဧည့်ခန်းထဲသို့ ခပ်သွက်သွက် လိုက်ဝင် သွားသည်။ အဘိုးဖြစ်သူကို အထိတ်တလန့်ကြည့်လိုက်ပြီး …..
" ဘွားဘွား ဘယ်လို ဖြစ်နေတာလဲဟင် ဘိုးဘိုး၊ ကြည့်တာ ငယ်မူပြန်နေသလိုပဲ "
" ဒီလိုပဲသမီး ရဲ့၊ အဲဒီလိုဖြစ်လာရင် ငြိမ်သွားအောင်လုပ်ဖို့ မလွယ်ဘူး၊ အန္တရာယ်မဖြစ်ရင်တော်ပြီဆိုပြီး ကြည့်နေ တာ အကောင်းဆုံးပဲ၊ မီးဖိုထဲမျာ အဆင်ပြေနေသားမဟုတ်လား
"ပြေပါတယ် ဘိုးဘိုး၊ မီးဖိုထဲမှာ ပျာယာခတ်နေတုန်းပဲ "
အမှန် က ဘွားဘွားဖီးလစ် ဘာမှလုပ်စရာမရှိဘဲ ပျာယာခတ်နေခြင်းဖြစ်ပါ၏။ ဆာရာနှင့် အက်နက်က သတိထား မိသော်လည်း ဘာမှမပြောဘဲ လုပ်စရာရှိသည်ကို ဆက်လုပ်နေကြသည်။
စောစောက မယ်လီဆာ ကို ဧည့်ခန်းထဲသွားဖို့ ဆာရာက တိုးတိုးကပ်ပြောလိုက်သည်ကို အဘွားကြီးကြား သွားသည်။

" ဘယ်သူ ….. မယ်လီဆာ ဟုတ်လား၊ သူ ဘယ်မှာလဲဟင်၊ ငါသူ့ကို တွေ့ချင်လိုက်တာဟယ် "
အမေ က မသိလိုက်မသိဘာသာနေဖို့ အမူအရာဖြင့်ပြ၍ မယ်လီဆာ ခပ်ကုပ်ကုပ်လေး နေခဲ့ရသည်။ ဘိုးဘိုးအနား ၀င်ထိုင်သည့်တိုင်အောင် ရင်တွေတုန်နေဆဲ …..။.
" ဘွားဘွား ဒီလိုဖြစ်တာ သမီးတစ်ခါမှ မတွေ့ဖူးဘူး၊ စိတ်မမှန်တော့သလိုပဲ "
" ခဏခဏ အဲဒီလိုဖြစ်နေတယ် "
ဂျော့ဝတ်ဆင်သည် သားလုပ်သူကို ကြည့်ပြီး ညှိုးငယ်စွာ ပြောရှာ၏။ အော်လီကို သူရှင်းပြချင်နေသည်နှင့် အခန့်သင့်ပင်။ သို့သော် ဇနီးလုပ်သူမှာ လုံးလုံးကြီး စိတ်ဖောက်ပြန်နေခြင်း လည်း မဟုတ်ပေ။ သတိကောင်း ချင်လျှင် မိမိကပင် အရှုံးပေးရသည်။

" ဘိုးဘိုးလဲ နားမလည်တော့ပါဘူးသမီးရယ်၊ ငယ်မူပြန်ရလောက်အောင် သမီးဘွားဘွား အသက်ကြီးသေး တာလဲမဟုတ်ဘူး "
ဖီးလစ်ဝတ်ဆင် မှာ ခြောက်ဆယ့်ကိုးနှစ်သာရှိသေးသည်။ ဂျော့က သူ့ထက်သုံးနှစ်ကြီးသည်။
မိနစ် အနည်းငယ်ကြာတော့ ဆာရာနှင့် အဘွားကြီး ဧည့်ခန်းထဲဝင်လာသည်။ ခုတော့လည်း ဘွားဘွား ဖီးလစ် တည်တည်ငြိမ်ငြိမ် ပင်။ ကုလားထိုင်တစ်လုံးတွင် အေးအေးဆေးဆေးဝင်ထိုင်ပြီး ဘင်ဂျမင်နှင့် စကားပြောနေ သည်။
ဘင်ဂျမင်က ဟားဗတ်တက္ကသိုလ်ဝင်ခွင့် ကြိုလျှောက်ထားကြောင်း၊ တစ်ပြိုင်တည်းတွင် ပရင့်စတန်နှင့် အခြား တက္ကသိုလ် များတွင်လည်း တင်ထားကြောင်း အဘွားလုပ်သူအား ပြောပြနေသည်။ ဘင်ဂျမင်၏ ကာယပညာ အမှတ်တွေနှင့် ကျောင်းဝင်ခွင့်ရရေးတွင် မျက်နှာငယ်စရာ အကြောင်းမရှိပါ။ ကျောင်းတိုင်းမှ သူ့ကို လိုချင်ကြမည်ဖြစ်ပါသည်။ သို့သော် သူက မအေလိုပင် ဟားဗတ်မှာပဲတက်ချင်သည်။

ဆာရာက သားနှင့် တစ်ကျောင်းတည်းတက်ရမည့်အရေးကိုတွေးပြီး ပျော်နေသည်။ မိသားစုနှင့် မိမိခွဲပြီး ဘာကြောင့် သည်ကျောင်းကိုမှ ရွေးတတ်ရကြောင်း သူသဘောပေါက်လာနိုင်စရာရှိသည်မဟုတ်လား။ သည်အခါ တွင် သူ့ထက်ရှစ်လစောပြီး ဟားဗတ်သို့ ထွက်သွားသည့်အမေကို သူ ခွင့်လွှတ်နိုင်ကောင်း ပါ၏။
တားလို့ဆီးလို့မရလျှင်လည်း ရှစ်လလောက် ဆိုင်းပြီးမှ သားနှင့်အတူတက်ဖို့ အော်လီဗာအကြံပေးသေး သည်။ သို့သော် အနှစ်နှစ်အလလက ရင်ထဲမှာ ကိန်းအောင်းနေခဲ့သည့် ဆန္ဒပြည့်ဝရေးအတွက် တစ်နာရီ မျှ ဆာရာ နောက်ကျမခံနိုင်ပါ။ ဟိုးနှစ်ပေါင်းများစွာက ဖီးလစ်ဝတ်ဆင် အကဲဖြတ်ဖူးသည့်အတိုင်း ဘယ်သူ့ အတွက် မှ ဆာရာမငဲ့နိုင်တော့ပါ။
သို့သော်ဘွားဘွား ကတော့ သူ ဘာပြောခဲ့ဖူးသည်ကို သတိမရနိုင်တော့။ သတိရလျှင်လည်း နားလည်နိုင် မည်မဟုတ်ပါချေ။

" ငါ့မြေးဘယ်ကျောင်းရမယ်ဆိုတာ ဘယ်တော့လောက်သိရမလဲ "
ဂျော့ဝတ်ဆင် က ဘင်ဂျမင်တက်ရမည့်ကျောင်းကို သိပ်သိချင်နေသည်။
" ဧပြီကုန်လောက် သိရမယ် ဘိုးဘိုး "
" ဟာ ….. အကြာကြီးစောင့်ရမှာပေါ့၊ သားအတွက် အချိန်တွေ နှမြောစရာကောင်းလိုက်တာ "
" ဟုတ်တယ် ဘိုးဘိုး "
ဘင်ဂျမင်က အမေလုပ်သူကို ချစ်စဖွယ်အပြုံးဖြင့် လှမ်းကြည့်ပြီး ….
" အဖြေစောင့် ရင်း သားနဲ့ဖေဖေ ကျောင်းတွေကိုလှည့်ပြီး လေ့လာမလို့ဘိုးဘိုးရဲ့၊ တက္ကသိုလ်တော်တော် များများ ကို သားသွားလည်ဖူးပါတယ်၊ ဒါပေမယ့် ဂျူနဲ့ စတင်းဖို့ကိုတော့ မရောက်ဖူးသေးဘူး "
" ဝေးလွန်း ပါတယ်သားရယ်၊ ဘိုးဘိုးကတော့ ပရင့်စတန်ကိုပဲ သွားစေချင်တယ် "
အားလုံးပြုံးကြသည်။ ဘိုးဘိုးဂျော့သည် သူနေခဲ့သည့် ပရင့်စတန်ကိုသွားဖို့ လူငယ်လူရွယ်တိုင်းအား တိုက်တွန်းတတ်သည်။

" ဟားဗတ်မရရင်တော့ သွားတာပေါ့ဘိုးဘိုး၊ မယ်လိုဆာကို ပရင့်စတန်ပို့တာပေါ့ "
မယ်လီဆာက ဘင်ဂျမင်ကို စားလက်စမုန့်နှင့် လှမ်းပေါက်သည်။
" ဘာလဲ၊ ကိုကိုသိသားနဲ့၊ မယ်လီဆာက အနုပညာကျောင်းတက်မှာ "
" အေးပါ၊ ဆယ်တန်းမအောင်ခင်၊ ယောက်ျားမရရင်ပေါ့၊ ဟုတ်လား" ဟု ပြောမည်ပြုပြီးမှ လူကြီးတွေရှေ့မို့ အသားချိုထားလိုက်ရသည်၊ မယ်လီဆာတစ်ယောက် အတန်း ထဲက ကောင်လေး တစ်ယောက်နှင့် တတွဲတွဲ လုပ်နေသည်ကို ဘင်ဂျမင်သိနေ၏။ အလားတူ မိန်းမချော ကလေး စန္ဒရာ ကာထာနှင့် မိမိတွဲနေသည်ကိုလည်း သူသိနေသည်။ ဒါကြောင့်လည်း သူ့ကို အရမ်း မပြောရဲခြင်းဖြစ်၏။
ဘိုးဘိုးနှင့် ဘွားဘွားတို့ အေးအေးလူလူနေပြီးမှ ပြန်သွားကြသည်။ အော်လီဗာက ဆာရာ့ကို လှမ်း အကဲခတ်သည်။ ဆာရာ ငြိမ်ချက်သားကောင်းနေသည်မှာ နာရီဝက်ခန့်ရှိပြီ။ ကလေးတွေကိုပြောဖို့ စကားလုံး ရှာနေခြင်းဖြစ်မည်။

အားလုံးပင်ပန်းနေကြပြီ။ နောက်နေ့မှပြောရရင် ကောင်းမလားဟု တစ်မျိုးစဉ်းစားမိသည်။ သို့သော် ဆာရာ မအောင့်နိုင်တော့။ သည်အချိန်ကို စောင့်ခဲ့ရသည်မှာ ကြာပြီလေ။
ဘင်ဂျမင်က အမေ့ဆီက ကားသော့တောင်းပြီး လစ်တော့မည့်ဆဲဆဲ။ မယ်လီဆာက သူငယ်ချင်းဆီ ဖုန်းဆက် ဖို့ ဟန်ပြင်သည်။ ဆမ်ကလေးက တ၀ါးဝါး သမ်းနေပြီ။ အက်ဆမ်က တံခါးဝတွင်ရပ်ပြီး …
" ဆမ်ကလေး အိပ်ချိန်ရောက်ပါပြီ၊ အပေါ်ထပ် ခေါ်သွားတော့မယ်နော် မမလေး "
မီးဖိုဆောင်ထဲတွင် အားလုံးဆေးကြောသန့်ရှင်းပြီးနေပြီ။ အက်နက်က လုပ်စရာတွေအားလုံးပြီးလျှင် ကိုယ့် အခန်းကိုယ်ပြန်ပြီး တယ်လီဗေးရှင်းကြည့်ချင်လှပြီ။ ယနေ့မှ မိမိအတွက် ခရစ္စမတ် လက်ဆောင် ရသည့် တယ်လီဗေးရှင်း စက်သစ်လေး
" ကျေးဇူးပဲ အက်နက်၊ ဆာရာပဲ သားလေးကို သိပ်လိုက်တော့မယ်၊ အက်နက် နားတော့၊ ဆာရာ တို့ ဆွေးနွေးစရာကလေး ရှိလို့ "
ဆာရာ က ခပ်ပြုံးပြုံးကလေး ပြောလိုက်ခြင်းဖြစ်၏။ သို့သော် သူ့သခင်မမျက်ဝန်းထဲတွင် သူမမြင်ဖူးသည့် အရောင်တစ်မျိုး ကို အက်နက်မြင်လိုက်သည်။

" အားလုံးအတွက် မင်္ဂလာခရစ္စမတ်ပါ" ဟု နှုတ်ခွန်းဆက်ပြီး အက်နက်ထွက်သွားသည်။
ဆမ် အမေလုပ်သ၉ူကို တအံ့တသြကြည့်ပြီး …
" ဘာတွေဆွေးနွေးမှာလဲ မေမေ "
ဘင်ဂျမင်က လက်ကနာရီကို ငုံ့ကြည့်ပြီး …
"သား အပြင်သွားစရာရှိတယ် မေမေ"
" ခဏနေပါဦး သား ရယ်၊ သားတို့ အားလုံးကို မေမေ ပြောစရာရှိလို့ပါ "
" ဘာဖြစ်လို့လဲဟင် မေမေ "
ဘင်ဂျမင် က ဘာမှနားမလည်သလို ပြန်မေးသည်။ မယ်လီဆာက တယ်လီဖုန်းရှိရာသို့ သွားဖို့ပြင်နေရာမှ တုံ့သွားသည်။ အားလုံး ကိုယ့်နေရာကို ပြန်ထိုင်ပြီးသည်အထိ ဆာရာစောင့်နေသည်။ အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။ မိသားစုမဟုတ်တော့ဘဲ လုပ်ငန်းသဘော ဆန်သွားသည်။ အော်လီဗာက မီးလင်းဖိုအနီးမှ ကုလားထိုင်တွင် နေရာယူလျက် ကလေးတွေ နားခံသာအောင် ဘယ်လိုစကားလုံးတွေနဲ့ များဆာရာပြောမည်လဲဟု သိချင်ဇောဖြင့် နားထောင်နေသည်။

" အင်း … မေမေ ဘယ်ကစပြောရမှန်းတောင် မသိဘူး "
ကလေးတွေကိုကြည့်ပြီး ဆာရာ အသက်ရှူမှားမတတ် ဖြစ်သွားသည်။ အရပ်အမောင်းကောင်းကောင်းနှင့် အလွန်ရုပ်ဖြောင့်သော သားကြီး။ အပျိုကြီးဖားဖားဖြစ်နေပြီး ကလေးစိတ်မပျောက်သေးသည့် သမီးကလေး။ ပြီးတော့ နံဘေးမှ ဆိုဖာပေါ်တွင် ငိုက်မျဉ်းနေသည့် ဆမ်ကလေး။
" မေမေ့မှာ ဟိုးအစောကြီးတည်းက လုပ်ချင်နေတဲ့ ဆန္ဒတစ်ခုရှိခဲ့တယ်၊ အဲဒီစီမံကိန်းကို ခု အကောင် အထည်ဖော်တော့ မလို့၊ အဲဒီကိစ္စ ဖြစ်မြောက်ဖို့အားလုံးအတွက် လွယ်တော့ မလွယ် ဘူး၊ တော်တော်ကြီးမား တဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် သားနဲ့သမီးကို မေမေ ပထမဆုံးပြော ချင်တာက မေမေ သားသမီးတွေကို မေမေ ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် အလေးထားခဲ့တယ် ဆိုတာ နားလည်ကြပါ၊ ဒါပေမယ့် မေမေ့မှာ ထာဝရယုံကြည်ချက် တစ်ခု ရှိတယ်၊ ပြောလဲပြောခဲ့တယ်၊ အဲဒါ က ဘာလဲဆိုတော့ ကိုယ့် ကိုယ်ကို သစ္စာရှိရမယ် "
ပြောနေရင်း ဆမ်ကလေးလက် ကို ဆာရာ ဆုပ်ထားမိသည်။ အော်လီဗာကိုတော့ လှမ်းမကြည့်နဲ့။

" ကိုယ်ယုံကြည်တာကို မှန်တယ်ထင်တာကို ဘယ်လောက်ပဲ ခက်ခဲခက်ခဲ လုပ်ယူရမယ် "
နားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ အခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေ ၏။ မအေ့စကားလုံးတွေကို နားထောင်ပြီး မောင်နှမတစ်တွေ အထိတ်တလန့်ဖြစ်နေကြသည်။
အမေ့မျက်နှာ မှာ ရုတ်ခြည်း အလွန်အမင်း လေးနက်သွားကြောင်း ဘင်ဂျမင် သတိထားလိုက်မိသည်။ အဖေ ကမူ လုံးဝမျက်နှာပျက်နေသည်။ ဘုရား … ဘုရား၊ အဖေနှင့်အမေ ကွဲကြတော့မှာလား။ ဒါမှမဟုတ် မေမေ့ မှာ နောက်တစ်ခါ ကိုယ်ဝန်ရှိလို့ အရေးအခင်းဖြစ်ပြန်ပြီလား။

ကလေးနောက်တစ်ယောက်ရလျှင် တော်ပါသေးရဲ့။ အဖေနှင့်အမေ ကွဲကြပြီဆိုလျှင်တော့ မိမိတို့ ပျော်စရာ ကမ္ဘာကလေးဆုံးခန်းတိုင်ပြီပေါ့။ သူတို့မောင်နှမတွေ လုံးဝမစဉ်းစား တတ်အောင်ဖြစ်နေ ၏။
" မေမေ ကျောင်းပြန်တက်မလို့ "
ပြောပြောဆိုဆို သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
" ဟုတ်လား "
မယ်လီဆာ မျက်မှောင်ကုတ်ပြီး အာမေဍိတ်ပြုသည်။
" ဘယ်မှာလဲ မေမေ "
ဘင်ဂျမင်၏ ခြေမကိုင်မိ လက်မကိုင်မိ အမေး။
" ဘာပြုလို့လဲဟင် "
ဆမ်ကလေး ကလည်း သိချင်ဇောဖြင့်မေးသည်။ သူဘာမှ နားမလည်နိုင်အောင် ဖြစ်နေ သည်။ ကျောင်း ဆို သည်မှာ ကလေးများအတွက် မဟုတ်လား။ ဒါလောက် စိတ်ပျက်စရာကောင်း သည့်နေရာ ကို ဘာအတွက် ပြန်သွားမည်လဲ။ မိမိသာဆိုလျှင် လုံးဝစဉ်းစားမည်မဟုတ်။.

" ဖေဖေကော ကျောင်းပြန်တက်မှာလား "
ဆာရာ ပြုံးသည်။ သို့သော် အော်လီဗာ လိုက်မပြုံး။ မိမိအနေဖြင့် ကျောင်းပြန်တက်မည်ဆိုလျှင် သူတို့ အားလုံး အတွက် ပြဿနာဖြစ်ချင်းမှဖြစ်မည်။ ကင်းဘရစ်တွင် အားလုံးပြောင်းနေ၍ရသည်။ ခုတော့ ဆာရာ က တစ်ကိုယ်တော် စွန့်စားခန်းဖွင့်မည်။ အားလုံးက အသားကျနေပြီဖြစ်သော သက်သောင့် သက်သာ ဘ၀တွင် နေရစ်ခဲ့ကြရမည်။ ဆာရာကမူ အေးမြငြိမ်းချမ်းသည့် ဤဆိပ်ကမ်းသာ မှ နေ၍ ရှေ့တွင် ဘာတွေရှိမှန်းမသိသည့် ဘ၀ရေပြင်ကျယ်တွင် ရွက်လွင့်တော့မည်။
သည်အတွေး ၀င်လာလျှင် ကြောက်ရွံ့ထိတ်လန့်ရမည့်အစား ဆာရာပျော်လာတတ်သည်။ တစ်နေ့နေ့ တွင် သူတို့နားလည်လာအောင် ရှင်းပြဖို့ အခွင့်ကြုံမှာပါလေ။ ခုတော့လည်း ဘယ်သဘောပေါက်နိုင် ပါ့မလဲ။ လောလောဆယ်တော့ သူတို့ခံစားရတာကိုပဲ သူတို့သိမယ်လေ။

ဆမ်ကလေးကိုကြည့်ပြီး ဆာရာ့ရင်ထဲတွင် မခံမရပ်နိုင်အောင် စူးရှနာကျင်သွားပြန်သည်။ သို့သော် ထားခဲ့ ရ မည်လေ။
" ဖေဖေ မပါပါဘူး သားရဲ့၊ မေမေတစ်ယောက်တည်း သွားမှာပါ၊ နှစ်ပတ်အတွင်း သွားရလိမ့်မယ် "
ဘင်ဂျမင် က အလန့်တကြား အမူအရာဖြင့် ….
" ဟားဗတ် ကို တက်မှာ၊ ဟုတ်လား " ဟုမေးသည်။ ဘော့စတန်တွင် သွားနေပြီး ကျောင်းပြန်တက်မည်ဆို သည့် သူတို့အမေ ကို နားမလည်နိုင်အောင်ဖြစ်နေ၏။ ခဏနေမှ တဖြည်းဖြည်း ချင်း သဘောပေါက်လာသလို အဖေ့ကို လှမ်းကြည့်လိုက်သည်။

အမေ့ကြောင့် ခံစားနေရသည့် အထီးကျန် ဝေဒနာနှင့် သောကအရိပ်ကို အဖေ့မျက်ဝန်းထဲတွင် တွေ့ရ သည်။ ဟင် … အမေ့မျက်လုံးအိမ်ထဲတွင်လည်း အလားတူပါပဲလား။
" မေမေ အိမ် ကို တတ်နိုင်ဆုံး ခဏခဏ ပြန်လာမှာပါကွယ်၊ သားတို့မှာ ဖေဖေလဲရှိတယ်၊ အက်နက်လဲ ရှိ တယ်"
ဆမ်ကလေး က ခပ်မတ်မတ် ထိုင်လိုက်သည်။ ချက်ချင်းမျက်ရည်တွေလည်ကာ …
" မေမေ က သား တို့ကို ထားခဲ့ပြီး သွားမှာ …. ဟုတ်လား၊ အိမ်က ဆင်းသွားတာမျိုးလား "
ဆာရာ ပျာပျာသလဲ ပြန်ပြောသည်။
" ဟာ … မဟုတ်ပါဘူး သားရဲ့၊ ခဏသွားတာပါ၊ ကျောင်းပိတ်ရက်တွေ ပြန်လာမှာပေါ့ "
သို့သော် အမှန် အတိုင်း ပြောဖို့ တာဝန်ရှိကြောင်းကိုလည်း ဆာရာ သတိထားမိသည်။ ထို့ကြောင့် ဖြည့်ပြော လိုက် သည်။

" တက်ရမယ့် သင်တန်း က နှစ်နှစ်ကြာမယ်လေ "
" နှစ်နှစ် ….. ဟုတ်လား "
ဆမ်ကလေး တရှုံ့ရှုံ့ငိုတော့သည်။ ဆာရာက သိုင်းဖက်တော့ အတင်းရုန်းထွက်ပြီး အဖေ့ ဆီ ပြေးသွားသည်။ အားလုံး ဘာမှမပြောနိုင်ကြဘဲ ခဏငယ်မျှ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ ဆမ် ကလေးက …
" သား တို့ကို ထားပြီး ထွက်သွားမယ်ဆိုတော့ သားတို့ အားလုံးကို မချစ်တော့လို့ပေါ့ … ဟုတ်လား "
ဆာရာ က ထသွားပြီး သားကလေးကို ထွေးပွေ့ဖို့ ကြိုးစားသည်။ သို့သော် ဆမ်ကလေးက လက် မခံတော့။ ဆာရာ့မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လာသည်။ အလွန်မတန်ခက်ခဲမည်ဟု သိပါသည်။ သို့သော် သည်မျှ ပြင်းပြင်းထန်ထန် ခံစားရမည်ဟု မထင်ခဲ့။

မိသားစုတစ်ခုလုံး မိမိကြောင့် ခံစားနေကြရပုံကို မျက်ဝါးထင်ထင် မြင်ရတော့ ရင်ထဲတွင် နင့်နေအောင် နာကျင် ရပြန်ပါသည်။ သို့သော် မဖြစ်မနေ လုပ်ရမည့်အလုပ် ဖြစ်ကြောင်းလည်းသိနေ၏။
" အို … ချစ်တာပေါ့သားရယ်၊ သားတို့အားလုံးကို မေမေ သိပ်ချစ်ပါတယ်၊ မေမေ့အတွက် မလုပ်မဖြစ် တဲ့ကိစ္စ ဖြစ်နေလို့ပါ၊ ပြီးတော့ …
ဆာရာ ရှင်းဖို့ ကြိုးစားသည်။ သို့သော် ရှိုက်ကြီးတငင်ငိုနေသော ဆမ်ကလေးက ဘာမှမကြားနိုင်တော့။ အစ်မ လုပ်သူ မယ်လီဆာဆီပြေးသွားပြီး တအားဖက်ထားပြန်သည်။ မယ်လီဆာလည်း ဆမ်ကလေးနှင့် အတူ လိုက်ငိုနေပြီ။ ရေနစ်နေသည့် အလား မောင်နှမနှစ်ယောက်လုံး တစ်ဦးကို တစ်ဦးတအား ဖက် ထားကြ ၏။
မကျေနပ်သည့် မျက်လုံးများဖြင့် မယ်လီဆာ အမေ့ကို မော်ကြည့်သည်။

" ဘာပြုလို့လဲဟင်မေမေ "
သည်စကားလုံးကလေးများသည် ဆာရာ့နားထဲသို့ သံရည်ပူဖြင့် လောင်းချလိုက်ဘိသို့ရှိ၏။ လင်တော် မောင် ဘက်သို့ စစ်ကူတောင်းသည့် မျက်လုံးများဖြင့် လှမ်းကြည့်သည်။ သို့သော် အော်လီဗာ ဘာမျှ မပြော။ ကလေးတွေနှင့်အတူ သူလည်း ရင်ကွဲနာကျနေလေပြီ။ ဘာမှပြောမထွက်တော့။
" သမီးတို့ကို နားလည်အောင်ရှင်းပြဖို့တော့ ခက်တယ်၊ နှစ်ပေါင်း များစွာ မေမေ လုပ်ချင်နေတဲ့ ဆန္ဒ လို့ပဲ ပြောပါရစေတော့ကွယ် "
မယ်လီဆာက မောင်ကလေးကို ပွေ့ထားလျက် မျက်ရည်တွေကြားမှ …
" ဖေဖေနဲ့မေမေ ကွဲကြမှာလားဟင် "
" မဟုတ်ဘူး သမီး၊ အဲဒီလိုမဟုတ်ဘူး၊ ဖေဖေနဲ့မေမေ ဘာမှမဖြစ်ဘူး၊ မေမေ အိမ်က ခဏ ထွက်ပြီး ကျောင်း ပြန်တက်တဲ့သဘောပဲ၊ မေမေ့အတွက်ဆိုပါတော့၊ သမီးတို့ အားလုံး မပါဘဲ မေမေ တစ်ယောက်တည်း မေမေ့ ခြေထောက်ပေါ်မှာ ရပ်ကြည့်ချင်လို့လေ "

သူတို့တွေကြောင့် မိမိဘ၀ အရွေ့အလျားမရှိ ရပ်တန့်နေကြောင်း၊ သူတို့တတွေ နှောင်ဖွဲ့ ရစ်ပတ် ထားသဖြင့် မိမိဖန်တီးလိုသမျှ တစ်ခုမှဖြစ်မလာကြောင်းများကိုတော့ ထည့်မပြောတော့ပါ။ သူတို့ ဘက်က ကြည့်လျှင် တရားမျှတသည်ဟု မြင်နိုင်ကြမည်မဟုတ်ပါ။ ခုမြင်ကွင်းကိုပဲကြည့်လေ၊ ခါတိုင်း လိုပင် အော်လီဗာပြောခဲ့သမျှ မှန်နေကြောင်း ပြနေပြီမဟုတ်လား။ သို့သော် မိမိဘက်ကလည်း မှန်နေသည် ပင်။
သူတို့ ဘာသာသူတို့ ဖြစ်သွားမှာပါ၊ အသားကျသွားမှာပါ။ အဲဒီအခါမှာ မိမိက ကိုယ်ပိုင်ဘ၀တစ်ခု တည် ဆောက်နိုင်သည့် အခြေအနေမျိုးဖြင့် ပြန်လာမည်လေ။ သည်အတိုင်း ဆက်နေသွားရမည် ဆိုလျှင်တော့ သေသော်မှတည့် သြော်ကောင်း၏ဟု ဆိုရတော့မည်။ ဒါကတော့ မိမိဘက်က သိပ်ကိုသေချာနေ ပါသည်။

" ဒီမှာပဲ တက္ကသိုလ်တစ်ခုခုမှာ ထက်ရင်ကောမေမေ "
ဘင်ဂျမင်က ခပ်အေးအေးမေးသည်။ သူလည်း အထိတ်တလန့်ဖြစ်ရသည်ပင်။ သို့သော် ထိုင်ငိုရမည့် အရွယ် မဟုတ်တော့ဘူးလေ။ အမေကို စိမ်းစိမ်းကြည့်ပြီး နားလည်ဖို့ ကြိုးစားနေသည်။ အကြောင်း တစ်ခုခု တော့ရှိရမည်။ သားသမီးတွေ ကို ထုတ်ပြောဖို့မကောင်းလို့ မပြောဘဲထားခြင်းဖြစ်မည်။ ကွာရှင်းပြတ်စဲကြ တော့မည် ထင်ပါရဲ့။ ဒါလည်းမဖြစ်နိုင်သေးပါဘူး။ ဒါဆို ကလေးတွေ ကို မေမေခေါ်သွားမှာပေါ့။
စဉ်းစား ရင်း ဘင်ဂျမင် ဦးနှောက်ခြောက်လာသည်။ သို့သော် သူတို့မိသားစုဘ၀ ပြိုကျပျက်စီးနေပြီဆိုတာ သိနေသည်။ အကြောင်းရင်းကိုတော့ မစဉ်းစားတတ်။
ဘင်ဂျမင် သည် အမေ့ကိုသိပ်ချစ်သည့်သားဦးဖြစ်ပါသည်။ အမေ့တွင် လုံလောက်သည့် အကြောင်း တစ်ခုခု ရှိရမည်ဟု ယုံကြည်ချင်ပါ၏။ အမေ့ကို နားလည်ချင်ပါ၏။ သို့သော် ဘာမှမစဉ်းစားတတ်အောင်၊ မစဉ်းစား နိုင်အောင် စိတ်ညစ်နေသည်။

" ဒီမှာဆို မေမေ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး ဘင်ဂျမင်၊ ဟားဗက်က မေမေ့အတွက် နေရာမှန်ပဲ "
ဆာရာက ၀မ်းနည်းပက်လက်ပြုံးပြီးပြောသည်။ ဆာရာသည် ဆမ်ကလေး၏ ရှိုက်သံကို ကြားနေရသဖြင့် ဆို့ဆို့နစ်နစ်ကြီး ဖြစ်နေသည်။ သို့သော် အနားသို့လည်း မသွားရဲတော့။
" သားနဲ့မေမေ နွေဦးလောက်ဆို ကျောင်းမှာ ဆုံရမှာပဲမဟုတ်လား "
" အဲဒါ ကိုတော့ သားသဘောကျပါတယ် "
ဘင်ဂျမင် က အမေကိုကြည့်ပြီး ပြုံးနိုင်လာသည်။ သူက အမေလုပ်သူကို အမြဲတမ်း ယုံကြည်သည့်သား။ သို့သော် ရင်ထဲတွင်တော့ ဆောက်တည်ရာမရဖြစ်နေသည်။ ဘ၀တစ်ခုလုံး ရုတ်ခြည်း ပေါက်ကွဲ ပျက်စီး သွား သလိုခံစားလိုက်ရသည်မဟုတ်လား။

သည်အဖေနှင့် သည်အမေသည် တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှခွဲခွာနေကြလိမ့်မည် မဟုတ်ဟု ဘင်ဂျမင်ထင်ခဲ့သည်။ အထူးသဖြင့် အမေသည် မိမိတို့နှင့် ဘယ်တော့မှ မခွဲနိုင်ဟု ယုံကြည် ခဲ့၏။ စိတ်ကို အနိုင်နိုင်ထိန်းကာ အဖေ့ဆီသို့ တစ်ချက်လှမ်းကြည့်ပြီး တဲ့တိုးကြီး မေးလိုက်သည်။
" ဖေဖေ ဘယ်လိုသဘောရသလဲဟင် "
" မေမေ့ ဆုံးဖြတ်ချက်ပဲသား၊ ဖေဖေတို့တားဖို့မကာင်းဘူးလေ၊ ဖေဖေတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး၊ မေမေ့ဆန္ဒဖြစ်မြောက်အောင် ၀ိုင်းကူတာဟာ အကောင်းဆုံးပဲ "
ခုမှ ဆာရာနှင့် မျက်လုံးချင်းဆုံသည်။ အော်လီဗာ၏ မျက်လုံးထဲတွင် ပြောင်းလဲမှု အရိပ်တစ်ခု ထင်ဟပ်နေ ၏။ မိမိတစ်ယောက်တည်းကိုသာ ထိုက်ခြင်းမဟုတ်ဘဲ ကလေးတွေပါ ယူကျုံး မရဖြစ်နေခြင်းပါ လား။ ဒါကို အော်လီဗာဘယ်တော့မှ မေ့မည်မဟုတ်။ တစ်ပြိုင်တည်းတွင် သည်မိန်းကလေး ကို ဘယ်တော့ မှမုန်း၍ မေ့၍ရမည်မဟုတ်ကြောင်းလည်း သိနေ၏။
" ကိုယ့်တို့ အားလုံး မင်းကို အောက်မေ့နေကြမှာပါဆာရာ "
ပြုံးပျော် ရယ်မောခြင်းများ လက်ဆောင်ပစ္စည်း ဖလှယ်ခြင်းများဖြင့် ပြီးခဲ့သည့် ရိုးရာခရစ္စမတ်ပွဲတော်ကို အားလုံးမေ့ သွားကြလေပြီ။ သူတို့ဘ၀တွင် အားလုံးအတွက် အကြီးမားဆုံး ပြဿနာကြီးနှင့် ရင်ဆိုင် ရသည့် ည။

ဆာရာက မယ်လီဆာနှင့် သားကလေးဆမ်ရှိရာသို့လျှောက်သွားသည်။
မယ်လီဆာက ကလေးဆီသို့ အလာမခံဘဲ လက်ကာပြပြီး အမေကိုရော အဖေကိုပါ ဒေါသမျက်လုံးများဖြင့် ကြည့်လိုက်သည်။
" မေမေ ညာပြောနေတာ၊ အပြီးအပိုင်သွားတော့မှာမဟုတ်လား၊ ဒါကို အမှန်အတိုင်းပြောဖို့ သတ္တိမရှိလို့ မဟုတ်လား၊ မဟုတ်ဘူးဆိုရင် ဘာလို့ သားသမီးတွေအားလုံးခေါ်မသွားလဲ "
" အို … မဟုတ်တာ သမီးရယ်၊ သမီးတို့ ကင်းဘရစ်ကို လိုက်လာပြီးဘာလုပ်မှာလဲ၊ ဟိုမှာ ကျောင်းတက်ရင် အားလုံးအသစ်ပြန်စရမှာပေါ့၊ သမီးတို့ အပေါင်းအသင်းတွေနဲ့လဲ ကွဲကုန် မှာပေါ့၊ မေမေက အခန်းကျဉ်း ကလေးတစ်ခန်းငှားနေမှာ၊ ပြီးတော့ ခေါင်းမဖော်နိုင်လောက်အောင် စာကျက်တော့ မှာ၊ အဲဒီအခါ သမီးတို့ကို မေမေ ဘာမှပြန်ကြည့်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီမှာပဲ ဖေဖေနဲ့ အက်နက် နဲ့ သမီးတို့ နေခဲ့တာ အကောင်း ဆုံးပဲ၊ ကိုယ့်အိမ်နဲ့ ကိုယ့်ကျောင်း၊ ကိုယ့်အပေါင်းအသင်းတွေနဲ့ ပိုနေမြဲ ကျားနေမြဲလေ "
"မေမေကတော့ ကိုယ့်အိမ် ကိုယ့်ရာကနေ တစ်ယောက်တည်း ထွက်သွားမယ် ဟုတ်လား "

မယ်လီဆာ၏ မျက်ဝန်းထဲမှ မျက်ရည်များ၏ နေရာတွင် ဒေါသအခိုးအငွေ့ကလေးများ ၀င်လာသည်။ ဆမ်ကလေးက ခုထိ အငိုမတိတ်သေး။ မယ်လီဆာသည် ဖအေကို ဆတ်ခနဲ ကြည့်လိုက်သည်။
" ခုလိုဖြစ်ကာ ဖေဖေ တရားခံပဲ၊ ဖေဖေ တစ်ခုခုလုပ်လို့ မေမေ ခုလိုထွက်သွားဖို့ စီစဉ်တာမဟုတ်လား "
မယ်လီဆာ၏ ရင်ထဲတွင် အမေကိုရော အဖေကိုပါ မုန်းစိတ်တွေ ၀င်လာသည်။
ဆာရာက အလောတကြီး ကာကွယ်သည်။

" အဲဒါလုံးဝမဟုတ်ဘူး မယ်လီဆာ၊ ဒီကိစ္စဖေဖေနဲ့ ဘာမှမဆိုင်ဘူး "
" ဒီအသက်အရွယ်ရောက်မှ ကျောင်းပြန်တက်တယ်ဆိုတာ အကြောင်းရှိကို ရှိရမယ်၊ ဒါဖြင့် သမီးတို့အားလုံး ကိုမုန်းသွားလို့လား "
ဆမ်ကလေးက ကျိတ်ငိုရှိုက်နေရာမှ အော်ငိုတော့သည်။ မယ်လီဆာက မောင်ကလေးကို ပွေ့ပြီး ၀ုန်းခနဲ ထရပ်လိုက်၏။ အမေလုပ်သူကို တစ်ချက်လှမ်းကြည့်သည်။ မျက်နှာတစ်ခုလုံး မျက်ရည်တွေရွဲလျက်။ ဆာရာက သူတို့မောင်နှမဆီသို့ သွားဖို့စိတ်မကူးတော့။ ဆမ်ကလေးသည် မိမိကလေးမဟုတ်ဘဲ သူတို့ ကလေးဖြစ်သွားပြီမဟုတ်လား။
ဆမ်ကလေးမှာ ရှိုက်ရလွန်းသဖြင့် စကားကို ပီအောင် မပြောနိုင်ဘဲ ဖြစ်နေသည်။

" မေ … မေ … အဟုတ် … အဟုတ်လား … ဟင် … သား … သားတို့ကို တကယ် … တကယ် …. မုန်း သွား ပြီလား "
ဆာရာ့ပါးပြင်ပေါ် သို့ မျက်ရည်ဥတွေ လိမ့်ဆင်းလာသည်။ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ ခေါင်းတွင် တွင်ယမ်းပြလိုက်၏။ ပြီးမှ ဆို့နင့်အက်ကွဲနေသံဖြင့် ….
" မဟုတ် … မဟုတ်ဘူးဆမ်၊ သားတို့အားလုံးကို မေမေလေ မေမေရင်နဲ့အမျှ ချစ်ပါတယ်ကွယ်၊ သားတို့ကို ရောဖေဖေကိုပါ မေမေအသည်းနှလုံးထဲက ချစ်ပါတယ် "
ဆာရာ ငိုချလိုက်သည်။ အော်လီဗာက အားလုံးနှင့် မျက်နှာလွှဲလိုက်၏။ မောင်နှမတွေ ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်ကြည့်နေကြသည်။ သူတို့၏ မိသားစု ဘ၀ကလေးသည် ချောက် ကမ်းပါးကြီးထဲသို့ ထိုးကျ ပျက်စီးသွားချေပြီတကား။

အော်လီဗာက မယ်လီဆာဆီသို့ လျှောက်သွားပြီး ဆမ်ကလေးကို လှမ်းပွေ့ယူလိုက်သည်။ ဆမ်လေးက ငယ်ငယ်တုန်းကအတိုင်း အဖေ့လယ်ပင်းကို တအားသိုက်းဖက်ထားလိုက်သည်။
" တိတ်ပါ သားရယ်၊ အားလုံးအဆင်ပြေသွားမှာပါ "
အော်လီဗာက မယ်လီဆာကို ငုံ့ပြီးနမ်းမည်ပြုသည်။ မယ်လီဆာက အနမ်းမခံဘဲ ရုန်းထွက်ကာ သူ့အခန်းရှိ ရာသို့ ပြေးတက်သွားသည်။ ၀ုန်းခနဲ တံခါးဆောင့်ပိတ်သံကို အောက်မှ အားလုံး ကြားလိုက် ရသည်။ ဆမ် ကလေးကို ပွေ့ပြီး အော်လီဗာလည်း အပေါ်ထပ် တက်သွားသည်။ ဘင်ဂျမင်နှင့် ဆာရာတို့ သားအမိနှစ် ယောက်တည်းကျန်ရစ်၏။
ခုထိ ကြားရသည်တို့ကို မယုံနိုင်သေးဘဲ ဘင်ဂျမင်တစ်ယောက် တုန်လှုပ်နေဆဲ။ သို့သော် မယုံ၍မရတော့ ကြောင်းကိုလည်း တစ်ပြိုင်တည်းတွင်သိနေ၏။
" ဘာဖြစ်လို့လဲ ဟင် မေမေ "
ဘင်ဂျမင် သည် ပွင့်ပွင့်လင်းလင်းပြော၍ရသည့် အရွယ်သို့ ရောက်နေပြီဖြစ်၏။ ထို့ကြောင့် သားကြီးနှင့်ဆို လျှင် ဆာရာပွင့်လင်းလေ့ရှိသည်။

" မေမေ သေသေချာချာတော့မသိဘူး၊ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူးဆိုတာပဲ မေမေသိတယ်။ ပြီးတော့ အဲဒါဟာ အမှန်တရားပဲဆိုတာလဲ မေမေသေချာနေတယ်။ မေမေ ခုလက်ရှိ အိမ်ရှင်မဘ၀ထက် အဓိပ္ပာယ်ရှိတဲ့ဘ၀မျိုးကို တည်ဆောက်ချင်တယ်"
" ထားပါတော့လေ၊ ဒါပေမယ့် မေမေ သားကို စောင့်ဖို့တော့ကောင်းတာပေါ့် "
" မဖြစ်ဘူးသား၊ မေမေ ချချက်ချင်းကိုစမှဖြစ်မယ် "
ဆာရာ နှပ်ညှစ်လိုက်သည်။ မျက်ရည်များက တသွင်သွင်စီးကျနေဆဲ။ သူတို့တစ်တွေသာ ထိထိခိုက်ခိုက် ခံစားနေကြရသည်သာမဟုတ်ပါ။ မိမိကိုယ်တိုင်လည်း ရင်ထုမနာဖြစ်နေရပါ၏။
ဘင်ဂျမင်ခေါင်းညိတ်သည်။ မေမေ့ကိုနားလည်ချင်ပါ၏။ သိပ်ချစ်သည် မဟုတ်လား၊ မေမေ့ဆန္ဒ အားလုံး ပြည့်ဝပါစေလေ။ တစ်ပြိုင်တည်းတွင် သူ့မိခင်သည် သည်လို လုပ်ရက်မည့် အမျိုးသမီး တစ်ယောက်ဖြစ်လိမ့် မည်ဟူ၍ လည်း လုံးဝမထင်ပါချေ။

ပျော်စရာ ချမ်းမြေ့ရိပ်မြုံကလေးမှသည် မိသားစုမဟုတ်တော့သည့် လူတစ်စု အဖြစ် သို့ ပြောင်းလဲသွားပြီဟု ထင်လိုက်၏။ မခင်တစ်ဦး သေဆုံးသွားသည်နှင့်လည်း တူ၏။ သေသွားသည် ကမှ တော်ဦးမည်ထင်ပါတယ်လေ။
ခြေထောက် ကိုငုံ့ကြည့်နေရာမှ မေမေမျက်နှာကို မော်ကြည့်လိုက်သည်။ ခုလိုတွေးမိသည့်အတွက် စိတ်မကောင်း လည်းဖြစ်မိသည်။ မိမိကိုယ်မိမိ အပြစ်ရှိသူလို ခံစားရ၏။ သည်အိမ်ကြီးထဲမှ အမြန်ဆုံး ထွက် ပြေးချင်ပြီ။
ဘင်ဂျမင် သည် ဖအေထက် မအေ့ကိုပိုပြီး ယုံကြည်ကိုးစားခဲ့သူဖြစ်သည်။ ခုတော့ မေမေသည် သူတို့ ညီအစ်ကိုမောင်နှမ အားလုံးကိုသာမက ဖေဖေ့ကိုပါ ရက်စက်လေပြီ။ ဖေဖေ့အတွက်လည်း စိတ်မကောင်း ဖြစ်ရ၏။ သို့သော် မိမိအနေဖြင့် ဘာမှမတတ်နိုင်တော့ပါချေ။

" ခုနေ ကားခဏသုံးမယ်ပြောရင် ဖေဖေ စိတ်များဆိုးမလားဟင်မေမေ၊ ခုလိုအချိန်မှာ သားပြောရတာ စိတ်မကောင်းပါဘူး "
ဆာရာခေါင်းယမ်းသည်။ သားကြီးဘင်ဂျမင် မိမိကို ဘယ်လိုသဘောထားသည်ကို သိချင်နေ၏။ သားသမီး ထဲတွင် ဘင်ဂျမင်သည် မိမိနှင့် အနီးစပ်ဆုံးမဟုတ်လား။
" ရပါတယ်သားရယ် …. ယူသွားပါ၊ ဘာလို့ ဖေဖေစိတ်ဆိုးရမှာလဲ "
မိမိတွင် မည်သည့်လုပ်ပိုင်ခွင့်မရှိတော့ပါလားဟု တွေးလိုက်မိ၏။ ဘင်ဂျမင်သည် အရေးအခင်းထဲသို့ များများစားစား ၀င်မပြောသော်လည်း မည်သို့ ခံစားနေရကြောင်းတော့ မကဲခတ်လို့ရသည်။ ရုတ်ခြည်းစိတ် ပူသွားမိ၏ ဘင်ဂျမင်မှာ ဆယ့်ခုနှစ်နှစ်ထဲ ၀င်ရုံသာရှိသေးသည်။ စိတ်ညစ်ညစ်နှင့် အပြင်ထွက်သောက်စား ပြီး ကားမောင်းပြန်လာမည်ကို ဆာရာတွေးပြီး စိတ်ပူသွားသည်။
" ဒီအချိန်ကြီး သား ဘယ်သွားမလို့လဲဟင် "
ခရစ္စမတ်ည ဆယ်နာရီနောက်ပိုင်းတွင် ကားနှင့် အပြင်လွှတ်ရမည့်အရေးအတွက် ဆာရာရတက်မအေးနိုင်ပါ။

" ခဏလေးပါမေမေ၊ သူငယ်ချင်းတစ်ယောက်နဲ့တွေ့စရာရှိလို့ပါ၊ ချက်ချင်းပြန်လာပါ့မယ် "
" ကောင်းပြီလေ "
သား၏လက်ကိုလှမ်းဆွဲပြီး ….
" သားကို မေမေသိပ်ချစ်တယ်သိလား၊ အဲဒါ သားဘယ်တော့မှမမေ့နဲ့၊ ပြီးတော့ ….. "
ဆက်မပြောနိုင်ဘဲ ဆာရာငိုချလိုက်ပြန်သည်။ ဘင်ဂျမင်က တစ်ခုခုပြန်ပြောဖို့ ကြိုးစားသည်။ သို့သော် နှုတ်က ဘာမှ ထွက်မလာပါ။ အသာခေါင်းညိတ်ပြီး ကုတ်အင်္ကျီကို ကောက်ယူကာ ထွက်လာခဲ့သည်။
အိမ်ရှေ့တံခါးမကြီးပိတ်သံကြောင့် ဆာရာ သိမ့်ခနဲတုန်သွားသည်။ ပြီးမှ အပေါ်ထပ်အိပ်ခန်းဆီသို့ လှမ်း တက်လာခဲ့၏။ မယ်လီဆာ၏အခန်းထဲမှ ရှိုက်သံသဲ့သဲ့ ကြားနေရဆဲ။ တံခါးခေါက်ကြည့်တော့ အတွင်းမှ မင်းတုပ်ချထားသည်။ မယ်လီဆာ ပြန်မထူး။

ဆမ်ကလေး အခန်းဆီမှ ဘာသံမျှမကြားရ။ အခန်းထဲကိုတော့ ဆာရာမ၀င်ရဲ။ သို့ဖြင့် အိပ်ခန်း ဆီသို့ လျှောက်လာပြီး ခုတင်ပေါ်တွင် အတောင့်သား ထိုင်နေမိ သည်။ နောက်တစ်နာရီကြာ မှ အော်လီဗာ ရောက်လာသည်။
အိုပ်ရာပေါ်တွင် လှဲပြီး နံရံကို အကြောင်သားငေးကြည့်နေသော ဇနီးသည်ကိုတွေ့ရ၏။ မျက်ဝန်းထဲတွင် မျက်ရည် အပြည်ဖြင့် …..
" သားလေး ဘယ်လိုနေလဲဟင် "
ခါတိုင်းလို ဆမ်ကလေးအခန်းသို့ သွားပြီး နှုတ်ဆက်ဖို့ စိတ်မကူးတော့။ အော်လီဗာ့ သား လုံးလုံးဖြစ်သွားပြီလေ။ တစ်ယောက်တည်းမကပါဘူးလေ၊ အားလုံး ပါပဲ။ မြန်မြန် သွားနိုင်လေ ကောင်းလေဖြစ်ကြောင်း မြင် လာ၏။ အားလုံးအတွက် ပိုကောင်းမည်။ သွားမည်ဆို သည်ကို သိနေကြ မှတော့ မထူးတော့ပြီ။

" အိပ်ပျော်သွားပါပြီ "
ကုလားထိုင်ပေါ်သို့ နွမ်းနွမ်းနယ်နယ်ထိုင်ချလိုက်သည်။ နေ့တာသည် ရှည်လျားလှပါကလား။ ညသည် လည်းအဆုံးမရှိ ရှည်ကြာဦးမည်မုချ။ ဆာရာနှင့် စကားရည်မလုချင်တော့။ ခွဲခွာရခါနီး ရန်လည်းထပ်မဖြစ် ချင်တော့။ သူ့တစ်ကိုယ်ရေ အရေးကို ရှေ့တန်းတင်ကာ တစ်ကိုယ်တော် ဇာတ်လမ်း ခင်းသွားပြီ မဟုတ် လား။ မေမေကြိုတင်နိမိတ်မဖတ်သည့်အတိုင်းပင်။ သို့သော် သိပ်ကိုနောက်ကျသွားခဲ့ပါပြီ။ အားလုံး သောက ပင်လယ်ထဲတွင် ကူးခတ်ကျန်ရစ်ရတော့မည်။
ဆမ်ကလေး ကို အိပ်သွားအောင် ချော့မော့နိုင်ခဲ့ပေမယ့် ဘင်ဂျမင်နှင့် မယ်လီဆာကို ကလေးချော့ သလို ချော့၍ ရနိုင်ပါမည်လား။ သူ့အမေ ဖွင့်ဟကြေညာစဉ်က ဘင်ဂျမင်၏ မျက်လုံးများ ကို အော်လီဗာသတိထား လိုက်မိသည်။ အကြီးဆုံးမို့ ထိန်းထားရသော်လည်း သူ့ရင်တွင်းမှမီးလျှံကို မှန်းဆကြည့်မြင်နိုင် ပါ၏။

" သူတို့တွေ ပုံမှန်အခြေအနေကို ပြန်ရောက်ပါတော့မလားလို့တောင် ကိုယ်စိတ်ပူမိတယ်ဆာရာ "
" တော်ပါတော့မောင် ရယ်၊ ခုကိုပဲ ဆာရာ စိတ်ဆင်းရဲလှပါပြီ "
" အဲဒီလိုဆိုလဲ ဒါမျိုးမလုပ်သင့်ဘူးပေါ့၊ သူတို့အားလုံး ဘယ်သူ့ကိုမှယုံကြတော့မှာမဟုတ်ဘူး၊ အမေရင်း တစ်ယောက်လုံး က သွေးအေးအေးနဲ့ သူတို့ဘ၀ထဲက ထွက်သွားမှတော့ အဲဒီကလေးတွေဘယ်မှာ လူတော် လူကောင်းတွေ ဖြစ်လာတော့မှာလဲ၊ သေတောင်မဖြစ်ဘူးမှတ်"
" ဆာရာသေသွားရင်ကော "
" အဲဒါက မှ တော်ဦးမယ်၊ သူတို့ကို မင်း တမင်ထားခဲ့တာ မျိုးမှမဟုတ်တာဘဲ "
" ကျွန်မ က မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပေါ့လေ၊ ဟုတ်လား "

ဆာရာ ဒေါပွလာပြန်သည်။ ကိုယ့်ကိုယ်ကို ပြစ်မှုကျူးလွန်သူလို ခံစားနေရသည့်အထဲ သူကထပ်ပြီး ဆေး အတွက်ပိုလေးအောင်လုပ်နေ၏။
" မဟုတ်လို့လား၊ မင်းဟာ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အစားထဲကပဲ "
" သြော် ….. ရှင်က ကျွန်မကို ပြန်မလာနဲ့တော့လို့ ပြောနေတာလား "
" အဲဒါ မင်းစကားပါ၊ ငါ့ကို တရားခံမလုပ်ပါနဲ့ "
အော်လီဗာ စိတ်ထဲ အမုန်းအားတွေ တဖွားဖွားပေါ်သည်။ တော်တော် လုပ်ရက်သည့်မိန်းမ။ ဆမ် ကလေး သည် ရေနစ်နေသည့် ကလေးတစ်ယောက်ပမာ ဖအေကို မလွတ်တမ်းဖက်ထားသည်။ စင်စစ် ဆမ်ကလေးခမျာ မှာ ဘ၀ရေနစ်ခြင်းပင်။

ဘယ်လောက်ကြာကြာ ဆက်ပြီး သားလေးခံစားနေရမည်မသိ။ ကျန်သူများလည်း ထိုနည်းနှင်နှင် ပင် နေမှာ ပါလေ။ ပြန်လာဖို့လမ်းကို အော်လီဗာသိပ်မမြင်။ ဟားဗတ်တက္ကသိုလ်ရောက်ပြီဆိုသည်နှင့် ဆာရာ့ ဘ၀ထဲ သို့ ပတ်ဝန်းကျင်သစ်မှ လူသစ်တွေ ၀င်လာတော့မည်။ ထိုအချိန်တွင် မိမိနှင့် ကလေးတွေ က သူနှင့်အဝေး ကြီးမှာ။ ဘ၀ရှေ့ရေးသည် ဘာဆိုဘာမှ အာမခံချက် မရှိတော့ပါချေ။
" မြန်မြန် သွားတာ ပဲကောင်းမယ်ထင်ပါတယ်။ နောက်နှစ်ပတ်ဆက်နေရင်လဲ အားလုံးအတွက် စိတ်ဆင်းရဲ ရမယ် "
" သဘောပါ "
ရေချိုးခန်းဆီသို့ လျှောက်သွားပြီး အော်လီဗာအ၀တ်လဲသည်။ သူနှင့်ပို၍ဝေးသောကမ္ဘာသို့ ရောက်သွားပြီဟု ထင်လိုက်၏။ မနေ့ညကပင် အကြင်လင်မယားဘ၀ကို တရှိုက်မက်မက် ရယူခဲ့ကြသေး သည်။ ခုတော့ သူစိမ်းပြင်ပြင် ငယ်စာရင်းဝင်မဟုတ်တော့သလို။

အိပ်ရာပေါ် ပြန်ထိုင်ပြီး မေးလိုက်သည်။
" ဘယ်တော့သွားမယ် စိတ်ကူးလဲ "
" သန်ဘက်ခါလောက် ဆိုပါတော့၊ ပြင်ဆင်စရာတွေရှိသေးတယ်လေ "
" ကလေးတွေ ကို တစ်နေရာရာခေါ်သွားတာ ကောင်းမယ်ထင်တယ်၊ မင်းထွက်ခွာခန်းကို သူတို့မတွေ့ ရရင် ပိုခံသာမလားလို့ " " အင်း … အဲဒီအကြံမဆိုးပါဘူး "
လင်တော်မောင် ကို ဆာရာ ကြေကြေကွဲကွဲကြည့်လိုက်သည်။ ပြောစရာစကားမကျန်တော့။ အများကြီး ပြောပြီးကြပြီ။ ခုတော့ နှစ်ယောက်စလုံး မျက်ရည်တွေတွေကျလျက် ….။
" ကိုယ်တော့ ဘာထပ်ပြောရမလဲ မသိတော့ဘူးဆာရာ "

" ဆာရာလဲ အတူတူပါပဲမောင် "
နှစ်ယောက် သား အမှောင်ထဲတွင် ငြိမ်သက်စွာ ယှဉ်အိပ်ကြ သည်။ နောက်နှစ်နာရီ တွင် အော်လီဗာအိပ် ပျော်သွားသည်။ အရုဏ်တက်ချိန်တိုင် ဆာရာ အိပ်မပျော်သေး။ ထိုအချိန်တွင်မှ ဘင်ဂျမင်ပြန် လာသံကြား ရသည်။
ဘာမှ မေးမေးမြန်းမြန်းလုပ်မနေတော့။ အကြီးကောင်ကို ဆာရာစိတ်ချသည်။ သူ့ဘ၀မှာ အချစ်ဆုံး အမေ နှင့် ခွဲရမည်မို့ ဒါလောက်တော့ ခံစားရမည်ပေါ့။ ဘင်ဂျမင်သည်လည်း ဆာရာ့အတွက် ကလေး တစ်ယောက် ပဲမဟုတ်လား။
စင်စစ် ထိုညတွင် ဘင်ဂျမင် ကလေးဘ၀ ကို ကျော်ဖြတ်ပြီး လူလားမြောက်ခဲ့ခြင်းဖြစ်သည်။ ထူးဆန်းသော၊ ချိုမြိန်သော ဘ၀၏ ရသတစ်မျိုး ကို ပထမဆုံးခံစားဖူးခြင်း။

ချစ်သောဆန္ဒရာ၏ မိဘတွေအိမ်မှာမရှိခိုက် မရောက်ဖူးသောနယ်မြေသို့ ချစ်သူနှင့် အတူ ရောက် သွားကြခြင်းဖြစ်သည်။ မိမိဘ၀ထဲမှ မိန်းမသားတစ်ဦးက ထွက်ခွာသည့်ညတွင် အခြားတစ်ဦး အစား ၀င်လာဘိသို့ရှိ၏။
အိမ်တွင် ပူပူလောင်လောင်ဖြစ်ပွားနေသည့် အကြောင်းကို ဆန္ဒရာနှင့် ရင်ဖွင့်ဖြစ်သည်။ ထိုမှတစ်ဆင့် အကြင်နာမိုးတွေ ရွာစွေဖြစ်ကြခြင်းမျိုး။
တိတ်ဆိတ်ခြင်း လွှမ်းမိုးထားသော အိမ်ကြီး၏ အသံဗလံများကို ဆာရာ ခံစားသိမြင်သိနေ၏။ အလျင် အတိုင်း ပြန်ဖြစ်နိုင်ပါတော့မလား၊ မိသားစုစာရင်းသို့ ပြန်ဝင်နိုင်ပါတော့မည်လား၊ မရနိုင်တော့ ပါပြီ။မိမိ၏ ဘ၀ဟောင်း သည် ပျောက်ကွယ်သွားချေပြီတကား။ မိမိနေရာတွင် အခြားတစ်ယောက် အစားဝင် လာသည်နှင့်တူ၏။
သည်တော့ လည်း ဘ၀သစ်ကိုစရုံပင်ရှိသည်ပေါ့။ ဘ၀သစ်အကြောင်းကို တွေးမိသည်နှင့် ခါတိုင်းလိုပင် ရင်တွေ ခုန်လာသည်။ ရင်ထဲမှဝေဒနာတွေ အစိုင်အခဲ မည်မျှပင်ကြီးပါစေ၊ လမ်းသစ်ပေါ် သို့ လျှောက်ရမည့် အရေးကို တွေးမိလျှင် ရင်ထဲတွင် သိမ့်ခနဲနွေးသွားသည်။

ဆက်ရန်
.

1 comment:

ကိုရင် said...

ဇာတ်ချိန် အတော်မြင့်ပြီ အမရေ..
နောက်တစ်ပိုင်း မြန်မြန်လာစေတော့..