Saturday, May 12, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁၃)

ဓမ္မတေးသံ ငြိမ့်ငြိမ့်အေးအေးဖြင့် ဂူသွင်းသင်္ဂြိုဟ်ပြီးစီးသွားလေပြီ။ အော်လီဗာက အဖေ့ ကို ဖေးမလက်တွဲ ပြီး သုဿာန် မှ ပြန်လာခဲ့သည်။ ဂျော့ဝတ်ဆင်၏ ရင်ထဲတွင် ဘာမှ မရှိတော့၊ သြော် … ဖိလစ်ရယ်၊ မင်း မရှိပဲ ကိုယ်တစ်ယောက်တည်း ဘယ်လို ခရီးဆက်ရမှာ လဲကွယ် " ကို ဆက်ဖတ်ရန်....

အခန်း (၁၃)


ဇွန်လထဲရောက်တော့ ရင်ခုန်စရာကလေးများနှင့် ပြန်လည်ဆုံတွေ့ရသည်။ ကျောင်းတွေပိတ်လိုက်ပြီလေ။ နွေရာသီနိားဖို့ပါချော့စ်အိမ်ကြီးသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကြသည်။ ဂျော့ မကြာခဏလာတတ်သည်။ သို့သော် ဘိုးဘိုး ၀တ်ဆင်မျာ အလွန်အမင်း အိုစာသွားလေပြီ။
အထီးကျန်ဘ၀ကို အလူးအလဲ ခံစားနေရရှာ၏။ စိတ္တဇဝေဒနာသည်ဘ၀တွင် ဖီးလစ်ရှိနေစဉ်က မိမိအား မူမှတ်မိသဖြင့် ခံစားရသည့် အဖြစ်ထက် ယခုအဖြစ်က ပို၍ ဆိုးရွားလှချေသည်တကား။ ယခုတော့ သားနှင့် မြေးများအား သူတို့ ဘွားဘွားအကြောင်း ပြောပြရုံ၊ စားမြုံ့ပြန်ရုံသာရှိတော့သည်လေ။
သည်နွေရာသီ ကျောင်းပိတ်ရက်တွင် စီစဉ်ထားသည့်အတိုင်း အားလုံး အဆင်ပြေ ချောမွေ့နေ ၍ အော်လီဗာ ပီတိဖြစ်လျက်ရှိ၏။ နယူးယောက် တိုက်ခန်းကို ၀ယ်မိခြင်း အတွက် လည်း နောင်တ မရတော့။ အိမ်ပြန်ရောက်ချိန်နောက်ကျသော်လည်း ဟိုတုန်းကလို အိုးနင်းခွက်နင်း မဖြစ်တော့ပေ။ အိန်ပြန်ရောက်လျှင် သားသမီးတွေနှင့် ရေကူးကန်တွင် ရေဆင်းကူးသည်။ ကလေးတွေ က မောမောနှင့်အိပ် ရာစောစော ၀င်တတ်ကြသည်။

လွတ်လပ်ရေးနေ့တွင် သူတို့ အပေါင်းအသင်းတွေပါ ဖိတ်ပြီး အိမ်တွင် ကောင်လုံးကင်ပွဲ ကျင်းပပေး သည်။ နောက်နှစ်ပတ်တွင် မယ်လီဆာနှင့် ဆမ်တို့ ဆာရာ့ဆီသွားကြသည်။ သည်ရက်ပိုင်းကို အမေနှင့် သွားနေ ဖို့ အစီအစဉ်လုပ်ထားပြီးပြီ။
ဆာရာကယန်းပီယာနှင့် အတူ ပြင်သစ်သို့ ခရီးထွက်မည့်အကြောင်း ကလေးတွေကို ခေါ်သွားမည့် အကြောင်း အော်လီဗာနှင့် ဆွေးနွေးထားပြီးပြီ။ ကလေးတွေ အထိုက်အလျောက် အရွယ်ရောက် လာကြပြီ မို့ နားလည်နိုင်လောက်ပြီထင်၍ အော်လီသဘောတူလိုက်သည်။ မယ်လီဆာက ဆယ့်ခြောက်နှစ်ပြည့်ပြီလေ၊ သမီးအလေးက ဆယ်နှစ်ပြည့်တော့မယ်။ သူတို့ကိုယ်တိုင် လည်း နိုင်ငံခြား ခရီးသွားရမည် ဆိုပြီး ပျော်နေကြ သည်လေ။

ဘိုးဘိုးက ကောင်လုံးကင်ပွဲကို အိမ်နီးချင်း မိတ်ဆွေမာဂရက်ပေါ်တာနှင့် ရောက်လာသည်။ အားလုံးနှင့် တွေ့ဖူးပြီးသား၊ ရင်းနှီးဖူးပြီးသားဖြစ်၏။ အမျိုးသမီးကြီးက ခင်မင်ချင်စရာကောင်းသည့် မိန်းမချောကြီး တစ်ယောက်ဖြစ်သည်။ ငွေရောင်ဆံပင်နှင့်ခပ်ရွှင်ရွှင်၊ ခပ်သွက်သွက်။
ဆုံးသွား သည့် ခင်ပွန်းသည်က ဆရာဝန် တစ်ယောက်ဖြစ်ပြီး သူက သူနာပြုဆရာမ လုပ်ခဲ့ဖူး သည်တဲ့။ အော်လီဗာ တို့ အဖေကို အတော်ကလေး ဂရုစိုက်ပုံရသည်။ ဂျော့ဝတ်ဆင်အလိုကို မပြောဘဲ သိသိနေ သည့် ပုံစံ မျိုး။ အစားအသောက် ကျွေးချိန်ကျွေးသည်။ ရယ်စရာ၊ မောစရာတွေ ထိုင်ပြော ချိန် ပြောသည်။ ဘိုးဘိုး ဂျော့ဝတ်ဆင် တစ်ယောက် မနောခွေနေပုံရသည်။
ဖီးလစ်အကြောင်းမူ တဖွဖွပြောနေဆဲ။ သူ့ကြောင့် အသေစောရခြင်းဖြစ်ကြောင်း ကိုလည်း နောင်တ ကြီးစွာဖြင့် ပြောမဆုံးဖြစ်နေဆဲ။ သို့သော် သောက ဖိစီးမှုတွေ တဖြည်းဖြည်း အနည် ထိုင်လာ ပုံ တော့ရသည်။

လွန်ခဲ့သည့် နှစ်အတွင်း က ကိုယ်စီ ခံစားခဲ့ရသည့် နာကျည်းကြေကွဲစရာများသည် အားလုံးအတွက် လွင့်ပြယ်လျော့ပါးစပြုလာပြီ။
အော်လီဗာ ပင်လျှင် ပုံမှန်အနေအထားမျိုးပြန်ရောက်လာခဲ့ပြီမဟုတ်လား။ ဇွန်လအတွင်းက ကွာရှင်းပြတ်စဲ သည့်ကိစ္စကို ဆာရာ့အတွက် ဆောင်ရွက်ပေးခဲ့ပြီးပြီ။ ဒက်ဖနီ၏ တိုက်တွန်း မှုကြောင့် ကောင်မလေးတစ် ယောက်နှင့် တွဲဖြစ်မလို ဖြစ်သွားသေးသည်။ ကံကြီး၍ ဒုက္ခလှလှကြီး မတွေ့ရခြင်းဖြစ်၏။
ကောင်မလေး က မူးယစ်ဆေးကလေး တမြမြနှင့်လေ။ သူဝါသနာပါသည်က မိန်းမနပန်းပွဲတဲ့။ ဒက်ဖနီက သူ့ကို နောက်လို့ မဆုံးတော့။ ဘာပဲဖြစ်ဖြစ် အစရှိသွားပြီဆိုတာတော့ သေချာနေပြီလေ။
ကောင်လုံးကင်ပွဲသို့ ဘင်ဂျမင်နှင့် ဆန္ဒရာတို့လည်း လာကြသည်။ ဆန္ဒရာက ကိုယ်ဝန် ခုနစ်လနှင့်။ လောက အကြောင်းကို ဘာမှနားမလည်သည့် မျက်နှာကလေးနှင့် အော်လီဗာ စိတ်မကောင်းဖြစ်သွားသည်။ သည်မျက်နှာကလေးနှင့် ဧရာမကိုယ်ဝန်ကြီးမှာ ဘာမှ အဆက်အစပ် မရှိသလို ဖြစ်နေ၏။
ကလေးအကြောင်း တဖွဖွပြောနေသည်။ သုတို့ လက်ထပ်ဖြစ်ကြမှာလား ဟု အော်လီဗာ တွေးနေ သည်။ မေးကြည့်တော့ လက်ထပ်ဖို့ အစီအစဉ်မရှိကြောင်း ဘင်ဂျမင် ကပြောပြသည်။ နှစ်ယောက် စလုံး ငယ်သေး လို့တဲ့လေ။

မယ်လျှီာက ဆန္ဒရာနှင့် အရောတ၀င် စကားပြောဖို့ ကြိုးစားသည်။ သို့သော် ဆန္ဒရာဘက်က ဘာမှပြောစရာ မရှိသလိုဖြစ်နေ၏။ နောက်ဆုံး မယ်လီဆာ လက်လျော့ပြီး သူ့သူငယ်ချင်းတွေနှင့် တွတ်ထိုး နေတော့သည်။
ထိုနေ့က ဒက်ဖနီလည်း ရောက်လာ၏။ ရေကူးကန်နံဘေးတွင် မစ္စက်ပေါ်တာနှင့် အကြာကြီး စကား လက်ဆုံ ကျနေသည်။
ပြန်ခါနီး တွင် ဒက်ဖနီက ၀မ်းသာစကားဆိုသည်။
" သိပ်ပျော်စရာကောင်းတဲ့နေ့ပဲ အော်လီ၊ တကယ့်ပုံစံကျလွတ်လပ်ရေးနေ့လို့ ဆိုရမယ်၊ မိတ်ဟောင်းဆွေ ဟောင်းတွေ နဲ့၊ ကောင်လုံးကင်နဲ့၊ ဒါထက်ပိုပြီး ဘာလိုသေးလဲအော်လီ "
ဒက်ဖနီက ပြုံးပြုံးရယ်ရယ် ပြောနေ၏။ အော်လီဗာက ကုန်လွန်ခဲ့သည့်ရက်များကို သတိရပြီးရယ်သည်။
" အင်း … ဘာမှ မလိုတော့ပါဘူး၊ မတောင့်တရဲတော့ပါဘူး၊ ဟိုကောင်မလေးမျိုးနဲ့ ထပ်ဆုံ ရရင် သေရချေ ရဲ့ဗျာ" နှစ်ယောက်သား ရယ်ကြသည်။

" အော်လီဗာအဖေလဲ အခြေအနေ ကောင်းပုံရပါတယ်။ ဒဖနီတော့ မာဂရက်ကို သဘောကျတယ် သိလား၊ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီးပဲ၊ သူ့ယောက်ျားမဆုံးခင်က အာရှအရှေ့ဖျား တစ်ခွင်ကို ခရီး ထွက်ခဲ့ဖူးတယ်ဆိုပဲ၊ ပြီးတော့ ကင်ညာမှာလဲ နှစ်နှစ်တိတိ ဆေးခန်းဖွင့်ခဲ့ဖူးတယ်တဲ့ "
" မာဂရက်နဲ့ အိမ်နီးနားချင်းဖြစ်ရတာ ဖေဖေကံကောင်းတာပဲ ဒက်ဖနီ၊ အင်း … ဘင်ဂျမင်သာ သူ့ဘ၀သူ နားလည်ပါစေ ဆုတောင်းရတာပဲကွာ၊ ကလေးမလေးက ချစ်စရာကလေးပါ ဒါပေမယ့် သူ့ကြောင့် ဘင်ဂျမင် ဘ၀ပျက်လိမ့်မယ် "
" သူ့ကို အခွင့်အရေးပေးလိုက်ပါဦးလေ။ သူက အမှန်ကို အမှန်အတိုင်း လုပ်ချင်နေတာမဟုတ်လား၊ ဘယ်ဟာမှန်မှန်း ဘယ်ဟာမှားမှန်း သူ မသိသေးတာ တစ်ခုပဲလေ "
" သူ ကလေးအဖေဖြစ်လာရင်၊ ဘယ်လိုနေမလဲဆိုတာ ကိုယ့်တော့ စဉ်းစားလို့ကို မရဘူး။ သူ့ကိုယ်တိုင် က ကလေးပဲရှိသေးတာ မဟုတ်လား၊ ကောင်မလေး ကြည့်ရတာလဲ ဆယ့်လေးနှစ် သမီးလေး အောက်မေ့ ရ တယ်။ သနားစရာကောင်းလောက်အောင်ကို မိုက်တွင်းနက်တဲ့ ကလေးမပဲ ဒက်ဖနီ "
" အော်လီဗာ တို့ သူ့အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ သူသိပါတယ်၊ ဘာကြောင့် ဘင်ဂျမင် သူ့ကို ပေါင်းနေတယ်ဆိုတာလဲ သိမှာပေါ့၊ သူ့ခမျာလဲ ပျော်ရတာထက်၊ ကိုယ်ဝန်ကြီးလွယ်နေရတဲ့ ဒုက္ခ က ပိုပြီး ကြီးမှာပါ "

အော်လီဗာက မဲ့ပြုံးပြုံးပြီး
" ကိုယ်ဝန် ဆိုလို့၊ သူ့ဗိုက်ကြီးက သုံးမြွှာပူးဗိုက်ကြီးကျနေတာပဲ "
" ကလေးမလေး အပေါ် ကြင်ကြင်နာနာ ဆက်ဆံပါ အော်လီရယ် "
" သူ့ကြောင့် ကိုယ့်သား ရဲ့ဘ၀ ပျက်စီးနေတယ်လေ "
" အဲဒီလိုလဲ ဟုတ်ချင်မှ ဟုတ်မှာပေါ့၊ ကလေးမွေးလာရင် တစ်မျိုးတစ်မည် ဖြစ်လာနိုင်သေးတယ်လေ "
" ကိုယ်ကတော့ ခုချိန်ထိ ဖျက်ချစေချင်တုန်းပဲ "
ဒက်ဖနီ ခေါင်းရမ်းသည်။ ဘင်ဂျမင်နှင့်ရော၊ ကောင်မလေးနှင့်ပါ စကားပြောကြည့်ပြီးပြီ။

" ဘင်ဂျမင်က ဒါမျိုးဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူး၊ သူက အော်လီလိုပဲ၊ ကိုယ်ကျင့်တရားကို စောင့် ထိန်းတယ်လေ။ အားလုံးအတွက် အမှန်တရားဘက်က သိပ်ရပ်ချင်တယ်၊ ယုံကြည်ချက်အတိုင်း လုပ်ချင် တယ်၊ သူ လူကြီးဖြစ်လာနေပါပြီ၊ အော်လီဘာမှ ပူမနေနဲ့ "
" မင်းက ဘာလို့ ဒီလောက်ထင်နေရတာလဲ ဒက်ဖနီ "
" အော်လီ့ သား မို့ပေါ့၊ မဟုတ်ဘူးလား "
ဒက်ဖနီ နယူးယောက်သို့ ပြန်သွားသည်။ မရှေးမနှောင်းအားလုံး ပြန်သွားကြပြီ။ အော်လီဗက အက်နက်နှင့် ၀ိုင်းပြီး သိမ်းဆည်းပေးနေသည်။
ထိုညက ရေကူးကန်ဘေးတွင် တစ်ယောက်တည်း လှဲနေမိ၏။ ဆာရာ့အကြောင်း မစဉ်းစားပဲ မနေနိုင်ပြန်။ ခုချိန်ဆို သူဘာများလုပ်နေမှာပါလိမ့်။ ဟိုတုန်းကဆို လွတ်လပ်ရေးနေ့တိုင်း အမှတ် ထင်ထင် တစ်ခုခုလုပ် ဖြစ်ကြသည်။ နှစ်ယောက်စလုံး သည်နေ့ကို မြတ်နိုးကြသည်လေ။ အင်း … လက်ထပ် ခဲ့တာ သည်နွေ ဆို ဆယ့်ကိုးနှစ်ပြည့်ပြီ။ ထို့နောက် အမေ့အကြောင်း၊ အဖေ့အကြောင်းနှင့် မာဂရက် ပေါ်ကာ အကြောင်းပါ ဆက်တွေးနေမိ၏။

ဖေဖေတစ်ယောက် သည်အမျိုးသမီးအပေါ် တိမ်းညွှတ်နေပြီလား၊ ဒါမှမဟုတ် ကျေးဇူးရှိလို့ ရိုးရိုးသားသား တုန့်ပြန်နေ တာလား၊ ဒါမှမဟုတ် ကျေးဇူးရှိလို့ ရိုးရိုးသားသား တုန့်ပြန်နေတာလား။ ဒါမှမဟုတ် စကားပြော ဖော် သက်သက်လား။ေူရာထွေးနေတာလဲ ဖြစ်နိုင်တာပဲ။ သွားလေသူ မေမေကလွဲပြီး အခြား မိန်းမ တစ် ယောက်ကို ဖေဖေစိတ်ဝင်စားဖို့ ဆိုသည်ကတော့၊ အလွန်တွေးရခက်သည့် ကိစ္စဖြစ်ပါ၏။
ရယ်စရာတော့ အကောင်းသား။ အားလုံးအဖော်တွေကိုယ်စီနှင့်။ ဆာရာက ယန်းပီယာနှင့် အဖေက မာဂရက် နှင့် သားလုပ်သူကပင် သူ့ရင်သွေးကို လွယ်ထားသည့် မိန်းကလေးနှင့် မိမိမှာသာ တစ်ယောက် တည်း ရယ်လေ။
မပြည့်စုံသည့် ဘ၀မျိုး၊ ပြည့်စုံသည့် ဘ၀တစ်ခုဖြစ်လာဖို့ မိမိဆီရောက်လာမည့် တစ်စုံတစ်ယောက် အား စောင့်ဆိုင်းမျှော်လင့်နေသည့် အလား။ ဖြစ်ကောဖြစ်လာနိုင်ပါဦးမည်လား သံသယဖြစ်မိ၏။
" ဖေဖေ … ဖေဖေ၊ အဲဒီမှာလား ဟင် "
မယ်လီဆာ အသံနှိမ့်ပြီး အမှောင်ထဲကို ကြည့်ရင်း မေးလိုက်သည်။

" ဘာဖြစ်လို့လဲ သမီး၊ ဖေဖေကန်ဘေးမှာလေ "
" ဘာမှ မဖြစ်ပါဘူး၊ ဖေဖေ့ကိုစိတ်မချလို့ "
ဖအေ့ဆီသို့ မယ်လီဆာလျှောက်သွားပြီး ထိုင်ချလိုက်သည်။
" ဖေဖေ ဘာမှ မဖြစ်ပါဘူး သမီးရဲ့ "
သမီးငယ်၏ ဆံပင်ရှည်ရှည်တွေကို ကိုင်ကြည့်ရင်း အော်လီဗာပြုံးနေသည်။ မယ်လီဆာသည် အလွန်ချစ်ဖို့ ကောင်းသည့် ကလေးမလေးဖြစ်၏။ သားအဖနှစ်ယောက်ကြားတွင် အဖုအထစ်ကလေးတွေ မရှိတော့ပြီ။ နယူးယောက်ကို ပြောင်းရွှေ့နေထိုင်ခဲ့သည့် အချိန်မှစ၍ မယ်လီဆာတစ်ယောက် ပို၍ တည်ငြိမ် လာသည်။ ပို၍ ရင့်ကျက်လာသည်။ တစ်ပြိုင်တည်းတွင် အဖေနှင့်လည်း ပို၍ နီးစပ်လာသည်။

" ဒီနေ့ ရာသီဥတု သိပ်သာယာတာပဲနော် ဖေဖေ "
" အရမ်းလှတာပဲ "
အော်လီဗာ က အတွေး၏ ပဲတင်ရိုက်သံဖြင့်
" ဒါထက် ဘိုးဘိုးရဲ့ မိတ်ဆွေအမျိုးသမီးကို သမီးဘယ်လိုသဘောရသလဲ "
" မာဂရက် လား၊ သမီးသလောကျပါတယ် ချစ်ဖို့ကောင်းသားပဲ "
" သူတို့ လက်ထပ်ကြမယ်လို့ သမီးထင်သလား "
မယ်လီဆာ တွေသွားသည်။
" ဟာ … မဟုတ်တာပဲ၊ ဖေဖေကလဲဘိုးဘိုးက ဘွားဘွားကို ဒီလောက်ချစ်တဲ့ဟာကို၊ ဘယ်သူ့ကိုမှ ဘိုးဘိုး အစားထိုးမှာမဟုတ်ပါဘူး "
မယ်လီဆာကလည်း သိချင်နေသည့် ကိစ္စတစ်ခုကို ဖအေ့အား ပြန်မေးသည်။

" မေမေက ယန်းပီယာကို လက်ထပ်မယ်လို့ ဖေဖေထင်သလားဟင်၊ အသက်ချင်း တော်တော် ကွာတယ် နော် "
" ဖေဖေတော့ မထင်ပါဘူး၊ ခဏတဖြုတ်အဖော်အဖြစ်နဲ့ မေမေတွဲနေတာဖြစ်မှာပါ "
မယ်လီဆာကစိတ်သက်သာရာရသွားသလို ခေါင်းညိတ်ပြီး
" ဆန္ဒရာ ကြည့်ရတာ စိတ်မချမ်းသာစရာပဲနော် ဖေဖေ "
အော်လီဗာ ခေါင်းညိတ်သည်။ ဧည့်သည်များအကြောင်း သူတို့ပြန်သွားပြီးနောက် အိမ်ရှင်ဇနီးမောင်နှံ စားမြုံ့ပြန်လေ့ ရှိကြသည်။ သမီးကလေးနှင့် သည်လိုပြောနေရသဖြင့် အထီးကျန်ဝေဒနာ သက်သာ သလိုတော့ရှိသည်။

" ဖေဖေကတော့ ဘင်ဂျမင်ကို ကြည့်ပြီး သိပ်စိတ်ပျက်တာပဲ၊ သူ့ဘ၀ကို အဓိပ္ပာယ်မရှိ အချိန်ဖြုန်းပစ်နေ တာပဲ "
" ကလေးမွေး လာရင် သူတို့ဘယ်လို နေကြမလဲ ဟင် ဖေဖေ "
" ဘုရားသခင် မှပဲ သိမယ်၊ ဖေဖေ့ အယူအဆကတော့ အားလုံးဒုက္ခမရောက်အောင် ဖျက်ပစ်ရမှာ၊ သမီး ရဲ့ အစ်ကိုက ပြောလို့မရဘူး။ ပြီးတော့မှ လက်ထပ်ပါရစေ ပြောလို့ကတော့ ဖေဖေနဲ့တွေ့မယ် "
" အဲဒီလို ဖြစ်လာမယ် မထင်ပါဘူး ဖေဖေ၊ ဆန္ဒရာကို သနားတာလောက်ပဲ တခြားကောင်လေးတွေကိုလဲ မျက်နှာသာပေးနေ တုန်းပဲတဲ့၊ ဒုက္ခပဲနော်၊ ဆယ့်ခုနှစ်နှစ်သမီးလေးက ကိုယ်ဝန်ခုနစ်လနဲ့ ဆိုတော့ …
" စိတ်ထဲမှာ စွဲထားနော် သမီး၊ စိတ်ထဲက အရိုင်းခေါ်သံကိုကြားရင်း …. "
လက်ညှိုး ကို မယ်လီဆာ မျက်နှာရှေ့တွင် ရမ်းပြသည်။ မယ်လီဆာရယ်နေသည်။ အမှောင်ထဲတွင် မျက်နှာ ကလေး ထူပူသွား၏။
" သမီး ဒီလောက် မတုံးပါဘူး ဖေဖေ၊ မပူပါနဲ့ "
သမီးဘာကို ဆိုလိုတာပါလိမ့်။ အဖေလုပ်သူ သိပ်သဘောအပေါက်လိုက်ပါ။ အင်း .. သူပြောသည့် အဓိပ္ပာယ် ကို သူနားလည်ပါစေဟုသာ ဆုတောင်းရတော့သည်။ ပြင်သစ်မသွားခင် ဒက်ဖနီနှင့် ဆွေးနွေး ရဦး မည်။ မိန်းမချင်းမှ ပြောလိုကောင်းသည့် ကိစ္စမျိုးတွေ မဟုတ်လား။

" ဆမ်ကလေး အိပ်သွားပြီလား "
" တစ်ကြိုးတည်း ပဲ ဖေဖေ "
" ကဲ … ဖေဖေတို့လဲ အိပ်ကြစို့"
သားအဖနှစ်ယောက် လက်ချင်းချိတ်ပြီး အိမ်ထဲဝင်ခဲ့ကြသည်။ သာတောင့်သာယာ ရှိသော နေ့တစ်နေ့ဖြစ်၏။ နေ့တွင်နေခြည်ဖြာကာ နွေးထွေးနေပြီး၊ ညပိုင်းတွင် ကြည်လင်အေးမြနေ သည်။ အော်လီဗာ အကြိုက်ဆုံး ရာသီဥတုမျိုးဖြစ်၏။
သမီးကလေး ၏ နဖူးကို အနမ်းဖြင့် နှုတ်ဆက်ပြီးအခန်းထဲဝင်ခဲ့သည်။ အိပ်ယာပေါ်တွင်လှဲရင်း၊ မနှစ်က သည်နွေအကြောင်း ပြန်စဉ်းစားနေမိပြန်၏။ အပြောင်းလဲကြီး ပြောင်းလဲခဲ့လေပြီ။
မနှစ်က ဇူလိုင် ၄-ရက်နေ့တွင် ဆာရာကော မေမေပါ ရှိသေးသည်။ ဘင်ဂျမင်သည် ကလေးတစ်ယောက် အဖြစ်ဖြင့် မိသားစုဝိုင်းတွင် ပျော်ပျော်ပါးပါး ပါဝင်ခဲ့သည်။ အတွေးနယ်ချဲ့ရင်း ဖေဖေနှင့် မာဂရက်အကြောင်း ပါဆက်စဉ်းစားသည်။ တစ်ဖြည်းဖြည်း မျက်တောင်တွေ မှေးစင်းလာ၏။

အခန်း (၁၄)

စီစဉ်ထားသည့်အတိုင်း ဇူလိုင်လတွင် မယ်လီဆာနှင့် ဆမ် ဥရောပသို့ ခရီးထွက် သွားကြ သည်။ အော်လီဗာ လည်း နယူးယောက် တိုက်ခန်းသို့ ပြန်ရွှေ့လာခဲ့သည်။ ကလေးတွေမရှိဘဲ ပါချေ့စ်အိမ် တွင် ဆက်နေစရာ အကြောင်း မရှိတော့ဘူးလေ။
နယူးယောက်တွင် ရုံးအလုပ်တွေ ကြိုက်သလောက် လုပ်နေနိုင်သည်။ ဒက်ဖနီနှင့်အတူ အလုပ်တွေ ကျုံး လုပ်သည်။ တနင်းလာနှင့် သောကြာနေ့တိုင်း ညစာအတူ စားကြသည်။ ကျန်ရက်များတွင် ဒက်ဖနီက သူ့ အဆက်ကြီးနှင့် အတူနေသည်။
သူ့ချစ်သူ အကြောင်း ဒက်ဖနီက မကြာခဏ ပြောပြတတ်သည်။

" ဘာပြုလို့ ကိုယ့်ကိုကိုယ် အနာခံနေတာလဲ ဒက်ဖနီ မင်းအရွယ်ဟာ လက်ထပ်ရမယ့် အရွယ်ပဲ၊ မင်းကို တစ်ပတ် သုံးရက်ထက် အချိန်ပိုပေးနိုင်ပြီး မင်းနဲ့ သင့်တော်တဲ့သူ မရှိတော့ဘူးလား "
အော်လီဗာ မကြာခဏသည်လို နားပူနားဆာ လုပ်တတ်သည်။ သည်လိုအခါတိုင်း ဒက်ဖနီ ပုခုံးတွန့်ပြီး ရယ် တတ် သည်။
သူ့ချစ်သူ ဘယ်လိုချစ်ဖို့ကောင်းပြီး ဘယ်လောက်ပြည့်ဝကြောင်း သူ့ဘ၀တွင် ဘာမျှ မလိုတော့ကြောင်း ဖြင့်သာဒက်ဖနီ တွင်တွင်ပြောလေ့ရှိသည်။ ပြီးတော့ ကလေးမရနိုင်တော့သဖြင့် အိမ်ထောင်ပြုဖို့ မှာ သိပ် အရေးမကြီးတော့ကြောင်းလည်း ပြောပြတတ်၏။

" တစ်နေ့နေ့မှာ မင်းနောင်တရလိမ့်မယ် ဒက်ဖနီ "
ဒက်ဖနီအတွက် လုံးဝနောင်တရစရာ အကြောင်းမရှိပါ။ လိုချင်သတဲ့ဘ၀ကို ရနေပြီမဟုတ်လား။ မတွေ့ရ သည့် ကြားရက်တွေမှာ သူ့ကို အောက်မေ့နေသည်ကတော့ တစ်ပိုင်းပေါ့လေ။
" အော်လီထင်သလို ဖြစ်လာမယ် မထင်ပါဘူးကွယ် "
အထီးကျန် ဝေဒနာအကြောင်း အော်လီဗာရင်ဖွင့်တတ်သည်။ အနှစ်သုံးဆယ်နီးပါး ညစဉ် စကားပြောဖော် ရှိလာပြီး မှ တစ်ကိုယ်တည်း ဥတစ်လုံး ဘ၀သို့ ရောက်ရသည့်အဖြစ်။
ဖေဖေနှင့် ဘင်ဂျမင်တို့ ဆီသွားစရာရှိ၍ပါချေ့စ်သို့ ရောက်ခဲ့သည်။ ဆန္ဒရာ့ဗိုက်မှာ နာရီနှင့်အမျှ ကြီးထွား နေသလား အောက်မေ့ရသည်။ ဘင်ဂျမင်၏ အသားအရည်မှာ ဘယ်တုန်းကနှင့်မှ မတူအောင် ဖြူဖပ်ဖြူ ရော် ဖြစ်နေ သည်။

နေရောင်ခြည်နှင့် မတွေ့ရဘဲ အလုပ်နှစ်ခုကို လုပ်နေရသည်မဟုတ်လား။ နေ့ပိုင်းတွင် ဓာတ်ဆီဆိုင်တွင် ဆီဖြည့်လုပ်သား။ ညပိုင်း မော်တော်ကား စပယ်ယာတဲ့။ ဆန္ဒရာ ကောင်းကောင်းမွေးဖွားနိုင်ဖို့ အပြင်း အထန် အလုပ်လုပ်ပြီး ငွေစုနေခြင်းဖြစ်၏။ မွေးပြီးလျှင်လည်း ကလေးအတွက်က ကုန်ဦးမည် မဟုတ် လား။ အဖေပေးကမ်း ကူတာ ကို လက်မခံခဲ့ပေ။
" ဒါ ကျွန်တော့် တာဝန် ပါ ဖေဖေ၊ ဖေဖေဘာမှကူစရာမလိုပါဘူး "
" ဟာ … အဓိပ္ပာယ်မရှိတာကွာ၊ မင်းဟာ ကျောင်းမှာနေရမယ့် အရွယ်ပဲ ရှိသေးတယ် ဘင်ဂျမင်၊ မိဘ ပိုက်ဆံ ကျောင်းတက်နေရမယ့် အရွယ်ကွ "
သို့သော် ဘင်ဂျမင်က ဘ၀တက္ကသိုလ်တွင် အခြားပညာရပ်များကို ဆည်းပူးသင်ကြားလျက် နေလေပြီ။ ဆယ်တန်း မအောင်ခင်မှာ ကျွေးရမည့်သူ ရှိလာသည့်အခါ ဘ၀မှာ ဘယ်လောက်ကြမ်းတမ်းကြောင်း သင်ခန်းစာ များကို ကြေညက်လာသည်။

နောက်ပိုင်းတွင် ဆန္ဒရာတစ်ယောက် အိမ်အလုပ်ကိုယ် မလုပ်နိုင်တော့။ ခြေထောက်တွေရောင်လာသည်။ ဆရာဝန် က ကိုယ်ဝန်အဆိပ်ဖြစ်မှာ စိုးရိမ်နေ၏။ ဘင်ဂျမင်က နေ့လည်တစ်ခေါက် အိမ်ပြန်ပြေးလာပြီး သူ့အတွက် ချက်ရပြုတ်ရသည်။
ဘင်ဂျမင် ချက်ပြုတ်နေစဉ် ဆန္ဒရာက တယ်လီဗေးရှင်းကြည့်နေတတ်၏။ ဘယ်တော့ မှ ကျေနပ်သည်မရှိ။ ပြန်မလာနဲ့ … မတွေ့ချင်ဘူး စသည်ဖြင့် ရန်တွေက၏။ ညပိုင်းတွင် တတ်နိုင်သမျှ အိမ်စောစောပြန်သည်၊ အစောပိုင်းက ဆိုလျှင် ဘင်ဂျမင်တစ်ယောက် မနက်နှစ်နာရီ ထိုးအထိ အလုပ် လုပ်သည်။
ဖအေ တစ်ယောက် အနေဖြင့် အော်လီဗာ သည်းမခံနိုင်တော့၊ ပိုက်ဆံပေးသည်ကို ဘင်ဂျမင် ငြင်း မြဲ ငြင်းနေ ၏။ နောက်ဆုံး ဖြစ်သည့်နည်းနှင့် ဖြေရှင်းလိုက်ရသည်။ ဆန္ဒရာလက်ထဲ ကျိတ်ပြီး ထည့်ခဲ့ ရခြင်းဖြစ် ၏။ ဆန္ဒရာကမူ ပေးသလောက်ယူသည်။

နောက်ဆုံးတွင် အိမ်မှာသွားနေဖို့ပြောသည်။ သက်တောင့်သက်သာ နေစေချင်၍ဖြစ်သည်၊ ရေကူးချင် ကူးနိုင်သေး သည်လေ။ ဒါကိုတော့ ဆန္ဒရာငြင်းသည်။ ဘယ်မှ မသွားလိုကြောင်းပြောသည်၊ ဘင်ဂျမင်က ဘာမှ မစဉ်းစားနိုင်လောက်အောင် အလုပ်များနေ၏။
အင်း … သည်နေရာမှာတော့ ဘင်ဂျမင် တစ်ယောက်အမေနှင့် မတူဘဲကိုးဟုဒေါ်လာငါးရာတန် လက်မှတ်ရေးနေရင်း အော်လီဗာတွေးလိုက်မိသည်။ ဆန္ဒရာအတွက် ၀ယ်စရာရှိတာတွေ ကြိုဝယ် ထားဖို့ ပိုက်ဆံပေး ရဦးမယ်လေ။
ဆာရာ က ထွက်သွားကတည်းက တစ်ပြားတစ်ချပ်မျယူမသွားဘဲ သူ့အဘွားထားခဲ့သည့် ပိုက်ဆံဖြင့် နေနေခြင်း ပင်ဖြစ်၏။ အော်လီဗာ၏ အထောက်အပံ့ယူဖို့ မသင့်ကြောင်းဖြင့်လည်း ဆာရာက အစောကြီး ပိတ် ထားသည်။

ဆာရာ တစ်ယောက် ချောင်ချောင်လည်လည် မသုံးစွဲနိုင်ကြောင်း ကလေးတွေထံမှ အော်လီဗာ ကြားကြား နေ ရ၏။ သို့သော် ဆာရာနေ လိုသည့်ဘ၀က သည်ဘ၀မျိုးလေ။
မိမိ ဖန်ဆင်းပေး ခဲ့သည့် ဘ၀ကို ဆာရာ ကျောခိုင်းခဲ့ပြီမဟုတ်လား။ ရေတွက်မကုန်နိုင်သည့် အ၀တ်အစား အားလုံးနီးပါး ကို မယ်လီဆာအတွက်ဆိုပြီး ထားခဲ့သည်။
ဘာဆို ဘာမှ ယူမသွား ခြေညှပ်ဖိနပ်စီးပြီး ဂျင်းဘောင်းဘီနှင့် တီရှပ် ပဲဝတ်နေသည်တဲ့လေ။ သည် ပုံစံဖြင့် ဥရောပကို သွားကြရမည့် အတွက် ဆာရာရော ယန်းပီယာပါ ၀မ်းသာနေကြ၏။

ကလေးတွေဆီ က ပိုစ့်ကတ်တွေ ရောက်ရောက်လာသော် လည်း ဖုန်းမဆက်ကြ။ ထို့ကြောင့် သူတို့ ဘယ် ရောက်နေ မှန်း အော်လီဗာမခန့်မှန်းနိုင်ဖြစ်ကာ စိတ်ပူနေကြသည်။ သို့သော် ဆာရာက ပြင်သစ် တွင် ယန်းပီ ယာတို့ အမျိုးတွေ အိမ်မှာ တည်းမည့်အကြောင်း အခြားနိုင်ငံတွေရောက် လျှင် လူငယ်ကြိုက်ဟော်တယ်တွေ မှာ တည်းမည့်အကြောင်းနှင့် စိတ်မပူဖို့ မသွားခင်မှာသွားသည်။
အတွေ့အကြုံ သစ်တွေရနေလို့ သားနဲ့သမီး ပျော်နေကြကောင်းပါရဲ့။ သူတို့မောင်နှမကို ဆာရာ ဂရုစိုက် မည် ဆိုသည်ကတော့ သံသယဖြစ်စရာမပါ၊ ထို့ကြောင့် စိတ်ပူစရာအကြောင်းမရှိပါ။ သို့သော် သူတို့ကို အောက်မေ့ သည့် စိတ်ဖြင့် နေမထိထိုင်မသာဖြစ်နေ၏။

ညည အခန်းပြန်ရောက်လျှင် လေဟာပြင်ထဲရောက်နေသလို ခံစားရ၏။ အက်နက် ကို နွေရာသီ တစ်လျှောက်လုံး နားခွင့်ပေးထားသည်။ တစ်ပတ်တစ်ခါ အိမ်လာရှင်းပေးသည့် အလုပ်သမ တစ် ယောက် ကို ပုတ်ပြတ်ပေးပြီး ငှားထားသည်။
ပါချေ့စ်မှ အိမ်ကို ပိတ်ထားပြီး အင်ဒီကို အဖေ့ဆီ ပို့ထားသည်။ အဖေ့အတွက် အဖော်တစ်ယောက် တိုးအောင် ဆိုပြီး ပို့ထားခြင်းဖြစ်သည်။ တနင်္ဂနွေတစ်ရက်တွင် ဖေဖေဆီသို့ ရထား စီးပြီး ရောက်သွားသည်။ စိတ်မကောင်းစရာမြင်ကွင်းနှင့် တန်းတိုး သည်။ ဖေဖေ သည် မေမေ့ပန်းပင်တွေ ကို ပေါင်းသင်နေသည်။ ဘယ်တုန်းကမှ ပန်းခြံထဲ မဆင်းခဲ့သော ဖေဖေသည် ခုတော့ အပင်တွေကို တယုတယပြုစုနေ၏။ အထူး သဖြင့် မေမေချစ်သော နှင်းဆီပွင့်တွေကို ပိုပြီး ဂရုတစိုက် စောင့်ရှောက်နေ ၏။

" ဖေဖေ နေကောင်းပါတယ်နော် "
" အေး … နေကောင်းပါတယ်ကွာ၊ သားနဲ့မြေးတွေ မလာကြတော့ အိမ်ကြီးက ပိုပြီး တိတ်ဆိတ်နေ သလိုပဲ၊ မာဂရက်နဲ့တော့ မကြာမကြာ အပြင်ထွက်ပြီး ညစာစားဖြစ်တယ်၊ ဒါပေမယ့် ဖေဖေ့ မှာ လုပ်စရာတွေက အများကြီးရယ်၊ မေမေ့အိမ်နဲ့ ပန်းခြံကို ဖေဖေကြည့်နေရတယ်လေ "
အမေ့နာမည်နှင့် အစုရှယ်ယာတွေကို မြေးတွေနာမည်ပြောင်းဖို့လည်း ဖေဖေ အလုပ်ရှုပ်နေဟန်တူပါ၏။
ကားဝပ်ရှော့ ထိုးထားရ၍ ရထားနှင့်သွားရပြန်ရသည်။ အဖေ့အိမ်မှအပြန် ရထားပေါ်တွင် အတွေးပေါင်းစုံ ဖြင့် လေးလံလျက်ရှိ၏။ ပါလာသည့် ၀တ္ထုစာအုပ် တစ်အုပ်ကို ထုတ်ဖတ်သည်။
ဘူတာများစွာ ကျော်ဖြတ်လာခဲ့ပြီးမှ နံဘေးမှ ခုံလွတ်တွင် အမျိုးသမီးငယ်တစ်ယောက် ၀င်ထိုင်လာသည်။ ရှည်လျားနက်မှောင်သည့် ဆံပင်နှင့်။ အသားက ရွှေအိုရောင်။
လက်ကိုင်အိတ်ကြီးနှင့် ထိမိသွား၍ တောင်းပန်စကားဆိုသည်။

" မတော်လို့နော် "
ဧရာမအိတ်ကြီးနှင့် တင်းနစ်ရိုက်တံကို ပူးချည်ထားသည်။ တော်တော်နှင့် နေရာမကျနိုင်။ လှုပ်ရှားလိုက်တိုင်း တစ်ခုခုက အော်လီဗာပုခုံး သို့မဟုတ် ဒူးခေါင်းကို လာတိုက်နေ၏။
" ဆောရီးနော်၊ ကျွန်မ မနိုင်မနင်းဖြစ်လာလို့ "
အော်လီဗာ ခေါင်းညိတ်ပြီး
" ရပါတယ်၊ နေသာသလိုနေပါ "
စာအုပ်ကို ဆက်ဖတ်နေသည်။ အမျိုးသမီးက စာမူတစ်ခုနှင့်တူသည့် စာရွက်တစ်ရွက်ကို ထုတ်ယူပြီး၊ မှတ် ချက်တွေရေးနေ၏။ မကြာခဏ မိမိဘက်သို့ ငဲ့ငဲ့ကြည့်နေသည်ဟု စာဖတ်နေ ရင်း အော်လီဗာ သိနေသည်။ နောက်ဆုံး စာအုပ်ကို ပိတ်ပြီး သူ့ဘက်ငဲ့ကာ ပြုံးပြလိုက်သည်။

ခုမှ သေသေချာချာ အကဲခတ်မိခြင်းဖြစ်၏။ အစ်ကိုကာလသားများ အကြိုက်ပုံစံမျိုး။ မျက်လုံးပြာများက တစ်လက်လက်၊ မှဲ့ယင်ချေးကလေးသက်သက်နှင့်၊ အသက်ကနှစ်ဆယ့်ငါး နှစ်ဆယ.့်ခြောက်ထက် ပိုဦး မည် မဟုတ်။ မျက်နှာကို ဆေးဆိုးပန်းရိုက်လုပ်မထား။ ဆံပင်ကို နောက်လှန်ဖြီးထားသည်။
ဘူတာရုံတစ်ရုံ သို့ ရထားအဆိုက်တွင် အမျိုးသမီးကမေးသည်။
" အဲဒီစာအုပ်ကောင်းရဲ့လားဟင် "
" အင်း ၊ မဆိုးပါဘူး "
နယူးယောက် တွင် နာမည်ကြီးနေသည့် စာအုပ်ဖြစ်၏။ အော်လီဗာက ၀တ္ထုဖတ်လေ့သိပ်မရှိ။ ဒက်ဖနီ အတင်း ထည့်ပေးလိုက်၍ ယူလာခဲ့ရခြင်းဖြစ်သည်။
" အဲဒါ မင်း ရေးတဲ့စာမူလား "
အော်လီဗာ ကလည်း သူ့အကြောင်း သိချင်လာသည်။

အမျိုးသမီး က ပြုံးပြီး ခေါင်းရမ်းသည်။ ခုလိုကြည့်ရပြန်တော့ သုံးဆယ်လောက် ဖြစ်သွားသလိုလို။ အသံက ဖော်ရွေကြည်လင်သည်။ မျက်လုံးအစုံက တောက်ပသည်။
" ကျွန်မက အယ်ဒီတာပါ၊ အဲ့ဒီစာအုပ် ကျွန်မတို့တိုက်က ထုတ်တာလေ၊ ဒါကြောင့် မေးကြည့်တာပါ၊ မြို့ပြင် မှာ နေတာလားဟင် "
သူကလည်း စပ်စုနေ၏။ လူတိုင်းအကြောင်းကို သိချင်နေသည့် မိန်းကလေးထင်ပါရဲ့။ ဘလောက်စ် အင်္ကျီ ခပ်ပါးပါး ၀တ်ထားသည်။ လှပသည့်ပခုံးသားများနှင့် ပြည့်ဖြိုးသည့် လက်မောင်းသားများကို သတိပြုမိ လိုက် သည်။
" ဟိုတုန်းက ဟုတ်ပါတယ်၊ ခုတော့ မြို့ထဲမှာ ပြောင်းနေတယ်လေ "
" ကလေးတွေဆီက ပြန်တာပေါ့၊ ဟုတ်လား "
အသွယ်အ၀ိုက် မရှိဘဲ၊ တဲ့တိုးမေးခွန်းကို သဘောကျသွားသည်။

" မဟုတ်ပါဘူး၊ အဖေဆီက ပြန်တာပါ "
" ဒါဆို ကျွန်မ နဲ့ အတူတူပေါ့ "
သူကလေးက ပြုံးလိုက်ပြီး စကားဆက်သည်။
" ဖေဖေ့မိန်းမ ကလေးမွေးလို့သွားကြည့်တာလေ "
အဖေ က ခြောက်ဆယ့်သုံးနှစ်ရှိပြီဖြစ်ကြောင်း၊ တတိယအကြိမ် လက်ထပ်ခြင်းဖြစ်ကြောင်း၊ အမေ ကလည်း နောက်အိမ်ထောင်နှင့် လန်ဒန်တွင် နေကြောင်းများ ပြောပြသည်။
" စိတ်ဝင်စားဖို့ကောင်း တဲ့ မိသားစုပဲနော် "
ကလေးမ ရယ်သည်။

" ဟုတ်တယ်၊ ခု အမေလေး က အဖေ့ထက် ဆယ့်လေးနှစ်ငယ်တယ်လေ "
အမေ လက်ထပ်လိုက် သူက ဥရောပတွင် မသိသူမရှိသည့် ယာတောအိမ်များစွာ၊ ရဲတိုက်များစွာ ပိုင်ဆိုင် သော မှူးကြီးမတ်ရာတစ်ယောက်ဖြစ်ကြောင်းတော့ ထည့်မပြောဘဲနေလိုက်သည်။ အားလုံး ကို ကျောခိုင်း ပြီး၊ နယူးယောက်တွင် အလုပ်ဝင်နေခြင်းဖြစ်၏။ မိဘများ၏ အထက်တန်းလွှာ အသိုင်းအ၀န်းနှင့် သိပ်ခွင် မကျဘူးလေ။
" ဒါထက်၊ အစ်ကိုကကော ဘာလုပ်လဲဟင် "
အော်လီဗာ ရယ်သည်။ သူ့ကြည့်ရတာ ရယ်ချင်စရာဖြစ်နေသည်။ ပွင့်လင်းလွန်းခြင်းကပင် ရယ်စရာတစ် မျိုးဖြစ်နေ သလားမသိ။ သေသေချာချာကြည့်လေ၊ ဆွဲဆောင်မှုပိုရှိလေလေဖြစ်ကြောင်းလည်း သတိပြု မိ၏။

" ကိုယ် ကြော်ငြာက္ပုဏီတစ်ခုမှာ လုပ်တယ်လေ "
သည်အစ်ကိုကြီး မှာ အိမ်ထောင်များရှိသလား မသိဘူး။ သို့သော် ထပ်မမေးတော့။
" ဟုတ်လား "
ပို၍ မြူးကြွသွားသည်။
" အဖေ ကလဲ ကြော်ငြာကုမ္ပဏီပဲလေ၊ ရောဘတ်တောင်းဆင်းတဲ့၊ အစ်ကိုသိမှာပေါ့ "
လက်စသတ်တော့ သူကိုး။ တောင်းဆင်းမျာ မသိသူမရှိသည့် ဧရာမကုမ္ပဏီကြီးတစ်ခုမှာ အရေးပါဆုံး ပုဂ္ဂိုလ် ကြီးဖြစ်သည်။

" တို့ ဆုံဖူးတယ်၊ ဒါပေမယ့် သူကိုယ့်ကို မှတ်မိမယ်မထင်ပါဘူး။ ကိုယ့်နာမည်က အော်လီဗာဝတ်ဆင် "
" ကျွန်မက မီဂင်တောင်းဆင်း "
လက်ဆွဲနှုတ်ဆက်ကြသည်။ ဖတ်လက်စ စာမူကို ပြန်သိမ်းပြီး စကားဆက်ပြောကြသည်။ ဖတ်လက်စ စာအုပ် အကြောင်း အော်လီဗာ လုံးဝ မေ့သွားသည်။ နယူးယောက်ဘူတာရုံကြီးရောက်တော့ မီဂန်ကို အိမ် တိုင်ယာရောက် လိုက်ပို့ ပေးသည်။
မီဂန်နေသည့် ၆၉-လမ်းက အော်လီဗာနှင့် ၁၅-လမ်းသာဝေးသည်။ တက်စီဆက်မငှားတော့ဘဲ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့သည်။
နယူးယောက်၏ နွေရာသီညချမ်းကို အော်လီဗာ သဘောကျသည်။ လမ်းသွားလမ်းလာရှင်းလင်းပြီး ညကို အရသာ ထွက်ခံသူများနှင့် မိမိတို့လို ရုံးပြန်နောက်ကျသူများသာ ရှိတတ်သည်။ ကမ္ဘာလှည့်ခရီးသည် အနည်းအကျဉ်းကိုလည်း တွေ့ရ၏။

အခန်းထဲမ၀င်မီ ဖုန်းမြည်နေသံကြားရသည်။ ဒက်ဖနီ ထင်ပါရဲ့။ သို့သော် အခြားအမျိုးသမီးတစ်ယောက် အသံကြားရတော့ လန့်သွားသည်။
အသံရှင်က မီဂန်တောင်းဆင်း၊
" ဟဲလို အစ်ကို၊ စိတ်ကူးတစ်ခုရလို့ပါ၊ တစ်ခုခုစားရသောက်ရအောင် ပြန်လာခဲ့ပါလားဟင်၊ မီဂန်သိပ်တော့ မချက်တတ်ဘူး။ ဒါပေမယ့် တော်ရုံတော့ ဖြစ်ပါတယ်။ ဒါ့ထက် အစ်ကို … "
မီဂန် ချီတုံချတုံဖြစ်နေသည်။ ခေါင်းတွင် လက်ခနဲဝင်လာသည့် အတွေးကြောင့်ဖြစ်သည်။ သူ့မှာ အိမ်ထောင် ရှိနေရင်ကေ၊ သည်အရွယ်တွေက အများအားဖြင့် အိမ်ထောင်သည်တွေချည်း မဟုတ်လား အပင် မှားပြီး ချိုင်သလိုများ ဖြစ်နေမလား။ အိမ်ထောင်ရှိရင်လဲ သူပြောမှာပါလေ။ သူ့ကြည့်ရတာ ရိုးသား မည့် ပုံပါပဲ။
" အင်း … ကောင်းသားပဲ "
အော်လီဗာ အတွက် အတွေ့အကြုံသစ်ဖြစ်သည်။ တနင်္ဂနွေညတွင် မိန်းကလေးတစ်ယောက် ဖိတ်ကြားခြင်း ကို ပထမဆုံးခံရဖူးခြင်း။ ဒက်ဖနီပြောတာမှန်နေပြီ ထင်ပါရဲ့၊ သို့သော် မိမိတွင် သည်လို ကိစ္စမျိုး အလေ့ အကျင့်မရှိသည်က ခက်သည်။

" ကိုယ် တစ်ခုခု ယူလာခဲ့ရမလားဟင် "
" မယူလာပါနဲ့။ အားလုံးရှိပါတယ်၊ ရှစ်နာရီလောက်လာခဲ့နော် "
" သိပ်နိပ် တာပေါ့၊ ကျေးဇူးပဲ မီဂန်၊ မင်းခုလို စီစဉ်တဲ့အတွက်လေ "
" သိပ်တော့ သဘာဝမကျဘူး ထင်တယ်နော် "
မီဂန်က ရယ်ပြီးပြောသည်။ ဘာမှ အလေးအနက်ထားဟန်မရှိ။ သည်လိုပဲ ယောက်ျားတွေကို ဖိတ်ပြီး ခဏခဏ ဧည့်ခံတတ်သည့် မိန်းကလေးများလား။ သူ့စကားဆက်သည်။
" ရထားပေါ်မှာ အစ်ကိုနဲ့စကားပြောရတာ အားမရလို့ "
" ကိုယ်လဲ တူတူပါပဲ မီဂန် "
အချိန်ဆွဲ မနေတော့။ မေးလိုက်တော့မည်။ အိမ်ထောင်သည်တွေနှင့် မီဂန် သိပ်မပတ်သက်ချင်။

" ဒါထက် အစ်ကိုမှာ အိမ်ထောင်ရှိလား ဟင် "
" ကိုယ်လား … အဲ …. "
ရုတ်တရက် ဘယ်လိုဖြေရမှန်းမသိ။ အမှန်အတိုင်း ပြောဖို့ဆုံးဖြတ်လိုက်သည်။
" ရှိခဲ့ဖူးတယ် မီဂန် … ဒါပေမယ့် တို့ကွဲနေတာ … ခုနှစ်လ ရှိပြီ "
မီဂန် ကျေနပ် သွားပုံရသည်။
" ဒီနေ့ ကလေးတွေ ဆီက ပြန်လာတာပေါ့၊ ဟုတ်လား "
" မဟုတ်ဘူး၊ သူတို့ ဥရောပရောက်နေတယ်၊ နှစ်ယောက်ဆိုပါတော့လေ၊ တစ်ယောက်က အလုပ် လုပ် နေပြီ "
ဘင်ဂျမင် အကြောင်းတော့ အပြည့်အစုံ ပြောမပြတော့။
" ရှစ်နာရီနော် အစ်ကိုကြီး "
ဖုန်းခွက် ကိုချပြီး မီဂန်ပြုံးနေသည်။ ကိုယ့်ကိုကိုယ် ကျေနပ်နေ၏။ အော်လီဗာကလည်း ထိုနည်း လည်းကောင်း နောက်နာရီဝက်အကြာတွင် ပန်းခြံရိပ်သာလမ်းပေါ်ရောက်နေပြီ။
မီဂန် အခန်း မှာ မိုးပျံတိုက်ကြီး၏ အပေါ်ဆုံးထပ်ဖြစ်၏။ ပန်းခြံကလေးကို ကြံကြံဖန်ဖန် စိုက်ထားသည်။ သာမန် အလုပ်သမကလေးများနေနိုင်သည့် အခန်းမျိုးမဟုတ်။ အလွန်ဈေးကြီးသည့် ပထမတန်းစား တိုက် ခန်းမျိုးဖြစ် သည်။

ရောဘတ်တောင်းဆင်း သည်၊ လုပ်ငန်းတွင်သာထိတ်ထိတ်ကျဲအောင်မြင်နေသူမဟုတ်။ မျိုးရိုးအားဖြင့် လည်း အစဉ်အလာကြီးသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မီဂန်တွင် အထက်တန်းလွှာ အသွေးအရောင် များ ထင်ဟတ်နေခြင်းဖြစ်၏။ လှုပ်ရှားသည့် အမူအယာ၊ ပြောဆိုသည့်အသံ ဆင်ယင်ထုံးဖွဲ့မှုက စသိသာနေ၏။
ဆံပင်ကို ပုခုံးပေါ်တွဲဝဲချထားပုံကို အော်လီဗာသဘောကျ၏။ သေသေချာချာကြည့်မှ ချောယုံလှုံမကဘဲ ဆွဲဆောင်မှု အပြည့်ရှိကြောင်းပါ တွေ့ရသည်။ ယခုတော့ မျက်နှာကိုပါ လှလှပပ ချယ်သထားသည်။
လေ တဖြူးဖြူးဝင်နေသည့် ဧည့်ခန်းကြီးထဲသို့ မီဂန်က ဦးဆောင်ခေါ်သွားသည်။ နံရံပတ်ပတ်လည်မှာ အဖြူ နှင့် အ၀ါကဲသော အရောင်များသုံးထား၏။ ကြမ်းပြင်က အဖြူနှင့် အနက်ရောင် ကျောက်ပြားများ။

ဧရာမ မှန်စားပွဲကြီးအောက်တွင် မြင်းကြားကောဇောကြီးနှစ်ချပ် ခင်းထား၏။ မှန်ပြူတင်းကျယ်ကြီးများမှာ မြို့၏ရှုခင်းကို အတိုင်းသားမြင်နေရ၏။ ထမင်းစားခန်းထဲမှ မှန်စားပွဲတွင် နှစ်ယောက်စာ ပြင်ဆင်ထားသည်။
ဂျင်းအင်္ကျီနှင့် ပိုးစကတ်ကို ဖြစ်သလိုဝတ်ထားသော်လည်း မီဂန်၏အလှသည် အထက်တန်းကျနေဆဲဖြစ် သည်။
" သိပ်လှတဲ့ အခန်းပဲ "
အော်လီဗာက ရှုခင်းကို ငေးကြည့်ရင်းပြောသည်။ မီဂန်က လေသာဆောင်ဆီသို့ ခေါ်သွားပြီး ဂျင်နှင့် ဘော နစ်ရောထားသည့် ဖန်ခွက်ကို လှမ်းပေးလိုက်သည်။
" မီဂန်လိုချင်တာတွေ အများကြီးထဲမှာ ဒီတစ်ခုပဲ စိတ်ကြိုက်တွေ့သေးတယ် "
အနှစ်သုံးဆယ်ပြည့် မွေးနေ့တွင် မီဂန်တို့ အဖေက အိမ်တစ်လုံး ၀ယ်ပေးဖို့ စီစဉ်သည်။ မီဂန်က သည်တိုက် ခန်းကိုပဲ ကြိုက်သည်ဟု ပြောပြီး မနည်းတားရသည်။ ဘာကြောင့်သည် မိုးပျံတိုက်ခန်းကြီး သူသဘောကျ ကြောင်း အော်လီအကဲခတ်မိသည်။

" မီဂန် ဒီအခန်းကို ကြိုက်တယ်၊ ဒီမှာပဲ နေတာများတယ်၊ စနေတင်္ဂနွေဆိုတဲ့ ဘယ်မှ မသွားဘူး။ စာမူတွေ ထဲမှာ ခေါင်း မဖော်နိုင်ဘူးလေ "
ရယ်ရယ်မောမော ပြောသည်။ အော်လီဗာပြုံးနေ၏။ မီဂန်တောင်းဆင်းအကြောင်း သိချင်တာတွေများလာ သည်။ ရှေ့တစ်လှမ်း တိုးရန် ဆုံးဖြတ်လိုက်၏။
" ကိုယ်အကဲခတ်မိပါတယ် မီဂန်၊ ဒါထက် မင်းကတေကာ အိမ်ထောင်ရှိလား၊ ကွာရှင်းထားတာလား၊ ကလေး တစ်ဒါဇင်လောက် ရှိလား "
သေချာအောင် မေးရခြင်းဖြစ်၏။ တစ်ခုမှ မဖြစ်ကြောင်းတော့ သိနေသည်။

" ဘယ်တုန်းကမှ အိမ်ထောင်မကျခဲ့ဘူး။ ကလေးတစ်ယောက်မှမရှိဘူး။ ခွေးတစ်ကောင်မှ မရှိဘူး။ ငှက် ကလေးတွေ ကြွက်ကလေးတွေလဲ မရှိဘူး။ ပြီးတော့ လောလောဆယ် အိမ်ထောင်သည် ချစ်သူလဲ မရှိဘူး "
နှစ်ယောက်သား ရယ်ကြသည်။
" အိမ်ထောင်သည်ထဲမှာ ကိုယ်မပါဘူးပေါ့နော် "
" အစ်ကိုက အစ်ကိုရဲ့ အမျိုးသမီးဆီ ပြန်သွားဦးမှာလား "
လေသာဆောင်မှ ခေတ်မီ ကုလားထိုင်များပေါ်တွင် နှစ်ယောက်သားထိုင်ကြသည်။
" ဟင့်အင်း … မသွားတော့ပါဘူး၊ သူက ဟားဗက်မှာ ကျောင်းပြန်တက်နေတယ်လေ၊ စာရေးဆရာမ လုပ်တော့မယ် တဲ့ "
" ဟာ … ပျော်စရာကြီးပဲ "
" ကိုယ့်အတွက်တော့ ဘယ်ပျော်စရာကောင်းမလဲ၊ ကိုယ်နဲ့ ကလေးသုံးယောက်ကို ပစ်ထားခဲ့တာပဲ "
ဆာရာ့ အကြောင်း တစ်ခြားသူများကို ပြောမိတိုင်း ခါးသီးနာကျည်းသံတွေ ပါနေတတ်သည်။

" အင်း … ဒါဆိုရင်တော့ စိတ်မကောင်း စရာပေါ့နော် "
" ဒါပေါ့မီဂန် "
" ဆွေးနေတုန်းပဲ လားဟင် "
မီဂန်က သိချင်သမျှကို အချိန်မဖြုန်းပဲ မေးတတ်သူ။
" ခုတော့လဲ တဖြည်းဖြည်း နေသားတကျ ပြုလာပါပြီလေ။ တစ်သက်လုံး ဘယ်စိတ်ဆိုးနေနိုင်ပါ့မလဲ၊ ဒါထက် မင်းကို ကိုယ် ၀န်ခံရဦးမယ်၊ နှစ်ပေါင်းနှစ်ဆယ် အတွင်း ကိုယ့်မိန်းမကလွဲပြီး၊ ဘယ်မိန်းကလေး နဲ့မှ မတွဲဖူးဘူး၊ ဒါကြောင့် ကိုယ့်အမူအရာတွေ ကြောင်တောင်တောင်ဖြစ်နေမလား မသိဘူး "
" သူ ထွက်သွားပြီးတဲ့နောက် လဲ ဘယ်သူနဲ့မှ မတွဲဖြစ်ဘူး ဟုတ်လား "
မီဂန် အံ့သြနေသည်။ အော်လီဗာ့ကို သဘောလည်း ကျနေ၏။ ဘာ့ကြောင့်များ သူ့မိန်းမက သူ့ကို ထားသွားပါ လိမ့်နော်။ မီဂန်တို့ကတော့ တစ်လထက်ပိုပြီး အတွဲနှင့် ခွဲမနေနိုင်ဘူးလေ။ နောက်ဆုံး ချစ်သူနှင့် လမ်းခွဲလိုက်ကြသည်မှာ သုံးပတ်ရှိခဲ့ပြီ။ ခြောက်လလုံးလုံး ပျော်ခဲ့ကြ၏။ မိမိ၏ တိုက်ခန်း မှာရော၊ ပဉ္စမ ရိပ်သာလမ်းရှိ သူ့အိမ်မှာပါ မိုးမမြင်လေမမြင် ပျော်ခဲ့ကြခြင်းမျိုး။

ဆက်ရန်
.

No comments: