Saturday, May 12, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၂)

" ညီမက ဘာလို့ စိတ်ညစ်နေတာလဲ "
နှာခေါင်းကလေး ရှုံ့ပြသည်။
" ဘာရယ် မဟုတ်ပါဘူး၊ မေမေ နောက်အိမ်ထောင်ပြုတာက နားလည်ပေးလို့ရပါတယ်၊ ဆရာကြီး အဲလေ အစ်ကို့ ဖေဖေ အကြောင်းလည်း သိနေတာပဲ၊ ဒါပေမဲ့ ထုံးစံအတိုင်း ပတ်ဝန်းကျင် က ပွစိပွစိ နဲ့ ဆိုတော့ စိမ်း ဝေ လည်း စိတ်ညစ်တာပေါ့ "
" စိမ်းဝေ ဟုတ်လား "
" ဟုတ်တယ် စိမ်းဝေ နာမည် က "စိမ်းဝေ" တဲ့၊ နှစ်လုံးတည်း "
ဆက်ဖတ်ရန်.....

စိမ်းဝေ (၁)

စိမ်းဝေ ဘာဝထဲသို့ ကိုကို ဘယ်လို စရောက်လာခဲ့တာလဲ ဆိုတာကို ပြန်စဉ်းစားကြည့်တိုင်း စိမ်းဝေ ရင်နင့် စွာ အသိအမှတ်ပြုခဲ့ရသည့် အမှန်တရား တစ်ခုရှိသည်။ အဲဒါကတော့ ကိုကိုသည် စိမ်းဝေ ဘ၀ထဲ ကို ဘယ် တုန်းကမှ ရောက်မလာခဲ့ပါဘူး ဆိုသည့် အချက်ပင်ဖြစ်လေသည်။
မွေးကတည်းက ဖခင်ကို မမြင်ဖူးခဲ့သော စိမ်းဝေ။ ၁၀ နှစ်သမီးကျ ခါမှ ပထွေး တစ်ယောက် ရသည်။ ပြဿ နာတော့ သိပ်မရှိ။ ဆရာကြီး ဦးအောင်ဝင့်သည် ၀တ္ထုဇာတ်လမ်းတွေထဲက ပထွေးမျိုးနှင့် ဘယ်လိုမှ နှိုင်းယှဉ် ပြောစရာအကြောင်းမရှိသော ပထွေးမျိုးဖြစ်သည်။ စိမ်းဝေဘ၀မှာ ပထမဦး ဆုံး ဖေဖေ ဟု စိမ်းဝေ သဘောထားနိုင်သည်။

ဦးအောင်ဝင့်မှာ ၁၀ တန်း ကျောင်းသား လူပျိုပေါက်အရွယ် သားတစ်ယောက်ရှိနေသည် ဆိုတာကိုလည်း ဘယ်လိုမှ စနိုးစနောင့် မဖြစ်။ ထိုစဉ်က စိမ်းဝေ ၁၀ နှစ်သမီးသာရှိသေးသည်။ ကိုယ့်ထက် ၆ နှစ်တောင်ကြီး သော အဲသည့်လူကို အစ်ကိုလို သဘောထားချင်ထား သို့မဟုတ်လျှင် သူစိမ်းလို သဘောထား လိုက်ရုံသာ။
ဖေဖေ့ဘက်က ဘိုးဘိုး၊ ဘွားဘွားတွေကတော့ စိမ်းဝေကို ဆင်ဖြူကျွန်းခေါ်သွားမည်ဟု ဆိုကြသေး သည်။ မေမေ သဘောမတူပါ။
" သမီး အိမ်ထောင်ပြုတာ သမီး တစ်ယောက်တည်းအတွက် တွက်ပြီး ပြုတာ မဟုတ်ဘူး ဖေဖေ၊ အစ်ကို ကြီးဟာ သမီးကလေးအတွက်ပါ ဖခင်ကောင်း တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာ သေချာလို့ ရွေးတာ၊ သမိးကလေး ကို သမီး လက်ပေါ်မှာပဲ ပေးကြီးမယ် "
ဘွားဘွား က သက်ပြင်းချသည်။

" မောင်အောင်ဝင့်က လူကောင်း တစ်ယောက်ဆိုတာ တို့လည်း ရိပ်မိပါတယ်၊ ဒါပေမဲ့ သူ့သားကလေးက ၁၆ နှစ်၊ တို့မြေးက ၁၀ နှစ်၊ အခုတော့ ဟုတ်တာပေါ့၊ နောင် ၆ နှစ် ၇ နှစ် ဆိုရင် အပျို၊ လူပျို သွေးမတော် သားမစပ် တစ်အိမ်တည်း နေလို့ ဘယ်လိုလုပ် သင့်တော်မှာတဲ့လဲ "
မေမေ က ပြတ်သားစွာ ခေါင်းခါသည်။
" ကောင်လေး က ၁၀ တန်းအောင်ရင် ရန်ကုန်သွား၊ တက္ကသိုလ်တက်မှာ တစ်နှစ်မှာ အိမ်မှာလာနေလှ တစ်လပဲ၊ ပြီးတော့သည်အိမ်က သူတို့တစ်သက်လုံး နေလာတဲ့အိမ် ဆိုပေမယ့် အခု သမီးတို့ သားအမိရဲ့ အိမ်လည်း ဖြစ်နေပြီ၊ အနေကျုံ့ချင်း ကျုံ့ရင် ခဏတစ်ဖြုတ် ဧည့်သည်လို ပြန်လာတဲ့ သူက ကျုံ့ရမှာ၊ သမီး ရဲ့ သမီးကလေး ဘာမှ ဘေးကနေ အကြောင်းမရှိဘူး "
သည်ဆွေးနွေးသံတွေကို ဘေးကနေ ကြောင်တက်တက်နှင့် ငြိမ်ငြိမ်ကလေး ထိုင် နားထောင်ရင်း စိမ်းဝေ တစ်ယောက် မောင်ရဲဝင့် ဆိုသည့် သူကို ဘယ်လို ဆက်ဆံရမည်ဆိုတာ တော်တော် တွေးရခက်နေခဲ့မိ သည်။

တကယ် တွေရတော့လည်း ဘာမှ မထူးခြားပါ။
ကားမှောက်ထားသဖြင့် ပေရေစုတ်ပြတ်ပြီး ရောက်လာသူ မောင်ရဲဝင့်မှာ သူ့ ပုံပန်းသဏ္ဍာန်ကြောင့် စိမ်းဝေ ကို ခေတ္တမျှ ထိတ်လန့်စေခဲ့သော်လည်း စကား စပြောကတည်းက ရင်းရင်းနှီးနှီး အေးအေးဆေးဆေး ရှိလှသည်။
ကားမှောက် ထားသဖြင့် ပေရေစုတ်ပြတ်ပြီး ရောက်လာသူ မောင်ရဲဝင့်မှာ သူ့ ပုံပန်းသဏ္ဍာန်ကြောင့် စိမ်းဝေ ကို ခေတ္တမျှ ထိတ်လန့်စေခဲ့သော်လည်း စကား စပြောကတည်းက ရင်းရင်းနှီးနှီး အေးအေးဆေးဆေး ရှိ လှ သည်။

နောက်ပိုင်း တစ်အိမ်တည်းနေကြရတော့လည်း စိမ်းဝေကို ကလေးလေးတစ်ယောက်လိုသာ ဆက်ဆံ သည်။
သွေးမတော် သားမစပ် အတူနေရမည့် ယောက်ျားမျိုး တစ်ဦးဟုလည်း ဟန့်နေစရာအကြောင်းမရှိ။ အစ်ကို တစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံဖို့ကျတော့လည်း သူကိုယ်တိုင်ကိုက စိမ်းဝေကို " ဟိတ် ညီမလေး စားပြီးပြီလား" ဖေဖေတို့ ပြန်လာရင် ကိုကို သူငယ်ချင်းတွေအိမ် သွားတယ်ပြောလိုက်" တို့လောက်သာ ရှိပြီး ရင်းရင်းနှီးနှီးကြီးတော့လည်း မနေလှပါ။
အင်းလေ အရွယ်ကလည်း ကွာတာကိုး။

ဒါကြောင့် ပြောတာပေါ့။
စိမ်းဝေ ဘ၀ထဲ ကို ကိုကို တစ်ခါမှ တကယ် ရောက်မလာခဲ့ပါဘူး။ ထိုနှစ်က ကိုကို ၁၀ တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်သည်။ မင်းဘူး အ.ထ.က တွင် အငယ်တန်းတွေ တက်ခဲ့စဉ်က ကိုကို ပညာထူးချွန် သည်ဟု ဘယ်သူမှ မပြော။ ရန်ကုန်မှာ ၁၀ တန်းသွားတက်ပြီး စာမေးပွဲ ဖြေတော့မှ ထူးချွန် စွာ အောင်ခြင်းဖြစ်သည်။
ကိုကိုနှင့် အတူ မင်းဘူးမှ သူငယ်နှစ်ဦးလည်း ၁၀ တန်းကို ရန်ကုန်မှာ သွားနေပြီး ဖြေကြတာ ဖြစ်သော် လည်း သူတို့က ရိုးရိုးသား အောင်မြင်သည်။ ၁၀ တန်းတုန်း က တော်တော် တွဲခဲ့ကြသော သူငယ် ချင်းတွေ ဖြစ်သော်လည်း အောင်စာရင်း ထွက်ပြီးနောက် ကိုကိုနှင့် သူတို့ နှစ်ယောက် နည်းနည်း တန်းသွား ကြသည်။ ကိုကို ပို၍ အိမ်ကပ်လာသည်။

တစ်ယောက်၏ နှမက စိမ်းဝေ သူငယ်ချင်းပါ။
" စိမ်းဝေရယ်၊ နင်က အစ်ကို တစ်ယောက် ရပေမယ့် ငါတော့ ကြီးလာရင် နင့်ကို ယောင်းမ မတော်ချင်ပါ ဘူး "
" အလိုတော် ဘာကြောင့် "
" နင့် အစ်ကို က ရုပ်ကလည်း ဆိုးသေး၊ ဘ၀င်ကလည်း မြင့်သေး "
" ဟယ် ပြောထည့် လိုက်တာ၊ သူများကို "

" တကယ် ပြောတာဟဲ့၊ ငါ့အစ်ကိုနဲ့ ဘယ်လောက်တွဲခဲ့လဲ နင်လည်း သိတာပဲ၊ အစ်ကိုက ရန်ကုန် ပို့ပြီး ၀ိုင်း ကောင်းတွေ ထားတာတောင် ဂုဏ်ထူးတစ်ခုမှ မထွက်လို့ အိမ်မှာ မျက်နှာမရ ဖြစ်နေတာ၊ အဲဒါ နင့် အစ်ကို က အိမ်လာတိုင်း သူ ဆေးကျောင်းရွေးရမလား၊ စက်မှုပဲ ရွေးရမလား စဉ်းစားလို့ မရလို့ စိတ်ညစ် တဲ့ အကြောင်းတွေချည်း လာလာကြွားတော့ ကြာတော့ ငါ့အစ်ကိုက သည်းမခံနိုင်တော့ဘူးပေါ့၊ အဲဒါနဲ့ သူတို့ အခု သိပ်တောင် မခေါ်ကြတော့ဘူး "
စိမ်းဝေ ဘာပြန်ပြောရမည် မသိ။

တစ်ညတော့ စိမ်းဝေတို့ မောင်နှမ အိမ်ရှေ့ ဒန်းကလေးမှာ အတူ ထိုင်ဖြစ်ကြတုန်း စိမ်းဝေ အဲသည့် အကြောင်းတွေ ကိုကို့ကို ပြောပြဖြစ်သည်။
ကိုကို က ရယ်သည်။
" ထင်သားပဲ၊ ဒါကြောင့် ဒီကောင်တွေ သွားခေါ်တိုင်း ဟိုအကြောင်းပြ၊ သည်အကြောင်းပြနဲ့ "
" ကိုကိုကလည်း အဲဒါတွေ သွား မပြောနဲ့ပေါ့ "
ကိုကိုက ပြုံး၍ ခေါင်းခါသည်။

" ကိုကိုက သွားကြွားတာ မဟုတ်ရပါဘူးကွာ၊ အရင်းနှီးဆုံး သူငယ်ချင်းတွေဆိုပြီး သွားတိုင်ပင်တာပါ၊ ကိုကို တကယ် စဉ်းစားရ ခက်နေလို့ "
" ကိုကို ကလည်း ဖေဖေနဲ့ မေမေကို တိုင်ပင်ပေါ့ "
ကိုကို သက်ပြင်းချသည်။
" စိမ်းဝေရယ်၊ အန်တီခင်က ကိုကို့မေမေမှ မဟုတ်တာ၊ ၁၆ နှစ်သားကျမှ စတွေ့ဖူးတဲ့လင်ပါသား၊ ဘယ်လောက် ပဲ သူစိမ်းလို့မမြင်ဘူးထား၊ ကိုယ့်အမေလို သွားတိုင်ပင်လို့ ဖြစ်ပါ့မလား၊ ပြီးတော့ ဆေး ပဲတက် တက်၊ စက်မှုပဲ တက်တက်၊ ငါးနှစ်နဲ့ ခုနစ်နှစ်ကြား တက်ရမှာ၊ ဖေဖေ့ အနေအထား နဲ့ နိုင်ချင်မှနိုင်မှာ၊ ကိုကို သွားတိုင်ပင်ရင်တော့ ဖေဖေက "ဆေး"ပဲ တက်ပဲ ပြောမှာ၊ ဖေဖေ့မှာက အိမ်ထောင် အသစ်နဲ့၊ ဘ၀က ခုမှ ပြန်စနေရတာ၊ ကိုကို နားလည်မပေးလို့ မရဘူး၊ အဲဒါကြောင့် ဟိုကောင်တွေ နဲ့ သွားတိုင်ပင်တာ၊ သူတို့က သူတို့ ခံစားချက်တွေ အဓိက ထားနေကြတာကိုး "
စိမ်းဝေ ပင့်သက် ရှိုက်မိသည်။

"ဒါဆိုလည်း စိမ်းဝေနဲ့ တိုင်ပင်လေ "
" ဟေ "
" ဘာ ဟေလဲ၊ စိမ်းဝေက အခု ကိုကို့ရဲ့ တစ်ဦးတည်းသော ညီမလေး စိမ်းဝေနဲ့ မတိုင်ပင်ချင်ရအောင် ကိုကိုက စိမ်းဝေကို ညီမလေးလို့ သဘောမထားလို့လား "
နှုတ်ခမ်းကလေး စူ၍ ပြောနေသော စိမ်းဝေကို ကြည့်၍ ကိုကိုက ရယ်ပါတော့သည်။
" စိမ်းဝေ ရယ်၊ ညည်းက ကလေးလေးရှိသေးတာ၊ ဘာနားလည်လို့လဲ "
" ကိုကိုနော် "
မသိမသာ ခြေဆောင့်ပြသော စိမ်းဝေကို ကြည့်၍ ကိုကိုက ဟက်ဟက်ပက်ပက်ရယ်သည်။ " ဒါနဲ့ နေပါဦး၊ စိမ်းဝေ သူငယ်ချင်း ပြောတဲ့ အထဲမှာ ကိုကိုက ဘ၀င်မြင့်တာ အပြင် ရုပ်ဆိုးတာလည်း ပါသေးတယ်၊ ကိုကို့ရုပ်က အဲသလောက် ဆိုးလို့လား "

စိမ်းဝေ သံဆန်ခါအကွက် အလင်းရောင် ဟပ်နေသော ကိုကို့မျက်နှာကို သေသေချာချာ ကြည့်မိသည်။ မျက်ခုံး ထူလွန်းပြီး မျက်တွင်း နက်လွန်းသဖြင့် ကိုကို့မျက်လုံးများကို မမြင်ရ။ အမှောင်ရိပ် ကွယ်နေ သည်။
" ကိုကိုက "
" အင်း "
" အသားမည်းတယ် "
စိမ်းဝေ က လက်ကလေးတစ်ချောင်းချိုးပြသည်။ ကိုကိုကပြုံး၍ ဒါပဲလား ဟုမေးသည်။
" မျက်တွင်း နက်တယ် "
" ပြီးတော့ "
" ပါးခွက်တယ် "
" ကုန်ပြီလား "
" ခြုံပြောရရင်တော့ အရုပ်ဆိုးတာတော့ မဟုတ်ဘူးပေါ့ ကိုကိုရယ်၊ ရုပ်မလှဘူးပေါ့ "
" ဘာထူးလဲဟ "

ကိုကိုက စိမ်းဝေ ခေါင်း ကို မနာအောင် ခေါက်၍ ကောင်မလေး သူ့ကို ဘာမှ နားမလည်ဘူးပြောလို့ ငါ့ကို အငြိုး နဲ့ တွယ်နေတာဟု ဆိုသည်။
နောက်ဆုံးတော့ ကိုကို၊ စက်မှု တက္ကသိုလ်ပဲ လျှောက်ဖြစ်ပါသည်။ တက္ကသိုလ် ၀င်ခွင့် များ ဆေးတက္ကသိုလ် ၀င်မှတ် အနိမ့်ဆုံးကိုလည်း ကြားသိရသဖြင့် နဂိုကတည်းက ကိုကို ဆေးတက္ကသိုလ် လျှောက်လျှင်လည်း ကပ်ပြုတ်မည်ကို သိရသဖြင့် ကိုကိုရော စိမ်းဝေပါ စိတ် တုံးတုံး ကျသွားကြပါသည်။
သူငယ်ချင်းတွေ ကတော့ ဆေး အစကတည်းက ၀င်တာ မဟုတ်ဘဲနဲ့ အခြောက်တိုက် ကြီးကျယ်နေ တဲ့ ကောင်ဟု ဆိုကြလေသည်။

ရဲဝင့် (၂)

အရှေ့မြင် အနောက်မြင် တောင်ထိပ်ကို တက်ကြည့်လိုက်တော့ လုံးနေသော တောင်ထိပ် ကို သေသေချာ ချာ မမြင်ရ။ အပေါ်က တိမ်တိုက်တွေ လျင်မြန်စွာ ဖြတ်ပြေးနေသည်ကို မြင်ရသည်။
" တစ်ပြ ထပ်တက်ရဦးမှာပေါ့ "
ဘေးမှာ အတူ လျှောက်လာသော သူငယ်ချင်းဟန်ပိုက ညည်းတွားတော့ သူတို့နောက်က ပါလာသော သရုပ်ပြဆရာမ ကလေး ဒေါ်ဆွေဆွေက ရယ်သည်။
" ဘာတစ်ပြ လဲ ဟဲ့၊ အဲဒါကွယ် နေလို့ မမြင်ရတာ၊ နှစ်ကြော ရှိတယ်၊ နောက်ဆုံး အကြောကျမှတော့ တက် ရမှာ "
" အမေရေ၊ သေပြီ "
စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သော ဟန်ပိုကို ကြည့်၍ ရဲဝင့်နှင့် ဆွေဆွေ ၀ိုင်းရယ်ကြသည်။

" ဘာလဲကွ၊ အစကတည်းက မောမှာ ကြောက်ရင် ဘာလို့ တောင်တက်သလဲ "
" မစွံလို့ဟေ့၊ မစွဲလို့ဟ၊ မစွံတောင်တက်၊ မတက်လှေလှော်၊ မလှော်ရေကူး၊ မကူး စာသင်ဆိုတဲ့ ထဲမှာ လှေလှော် တာရော၊ ရေကူးတာရော စာသင်တာရော ငါ ဘာမှ မလုပ်တတ် လို့ တောင်လာတက်တာ ရှင်းပြီ လား "
ဟန်ပို က အငေါ်တူးတော့ ရဲဝင့်က အားရပါးရ ရယ်သည်။
" မင်းဟာမင်း မစွံတာ ကြော်ငြာချင် ကြော်ငြာ၊ တို့တီချယ်တော့ မ၀င်ခိုက်စေနဲ့ "
ဆရာမကလေး ဒေါ်ဆွေဆွေက အပျိုကြီးဖြစ်သည်။
" ခွေးကောင်ကလေးတွေ၊ နင်တို့ အမောမခံနိုင်တိုင်း ငါ့ ဆွဲမထည့်နဲ့ "
" ဟုတ်ပါ တယ် တီချယ်ရဲ့၊ ကျွန်တော်ကလည်း တီချယ့်ကို ဆွဲမထည့်ဖို့ ဒီကောင့်ကို ပြောနေတာပါ "
" တော်စမ်း ရဲဝင့်၊ နင့်အကြောင်း ငါသိတယ် "

နောက်က ဆရာဦးကျော်မြင့် အပါအ၀င် ကျောင်းသား ကျောင်းသူ ၄၊ ၅ ယောက် မီလာသဖြင့် နားစွန်း နားဖျားနှင့် ဆရာဦးကျော်မြင့်က ဘယ်သူ မစွံတာလဲ ဆွေဆွေရဲ့ဟု လှမ်းမေးတော့ ၀ါးခနဲ ရယ်မိကြသည်။ ဆရာကလည်း လူပျိုကြီး မဟုတ်ပါလား။
တက္ကသိုလ် ကောလိပ် ပေါင်းစုံ ခြေလျင်တောင်တက် အဖွဲ့ပါ၊ အရှေ့မြင် အနောက်မြင်တောင် က ကျောက် တောင်လည်း မဟုတ်၊ ရေခဲတောင်လည်း မဟုတ်သဖြင့် တက္ကသိုလ် ကောလိပ် ပေါင်းစုံမှ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် တက်ကြရာ စက်မှုတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားများဖြစ်ကြသော ရဲဝင့်နှင့် ဟန်ပိုတို့ပါ ပါလာကြခြင်းဖြစ်ပါသည်။
" မစွံတာတော့ အားလုံးပါပဲ ဆရာ၊ အခုက ဟန်ပိုက ပျော့လွန်းလို့ ကျွန်တော်နဲ့ တီချယ် အားပေးနေ ရတာပါ "

ဦးကျော်မြင့်က ပြုံးသည်။
" မင်းနဲ့ တော့ ဘယ်တူမလဲကွ၊ လှိုင်တက္ကသိုလ် ပတ်ပြီး မိုင် ၂၀ လမ်းလျှောက်ခိုင်းတုန်းက မင်းက နံပါတ် ၂ နဲ့ ၀င်တဲ့သူ၊ ဟန်ပိုက နောက်ဆုံးနားက ၀င်တဲ့သူ "
" အဲ ဒါ ကြောင့် ပြောတာပေါ့ ဆရာရဲ့၊ သတ်မှတ်ချိန် မ၀င်တဲ့သူတွေ ဖြုတ်ခဲ့ပါလို့ "
ရဲဝင့် က ဟန်ပိုကို မခံချင်အောင်စတော့ ဟန်ပိုက ထိုင်နေရာမှ မျက်စောင်းလှမ်းထိုးသည်။
" မင်းလည်း အဲဒီ သောက်ပြောတွေကြောင့် ငါကလွဲရင် ပေါင်းမယ့်သူ မရှိတာတောင် မမှတ်သေးဘူးလား "
ဟန်ပို တွယ်လိုက်တာ ချက်ကောင်း ထိသွားသဖြင့် ရဲဝင့် ဘာပြန်ပြောရမှန်း မသိ။ ကျန် ကျောင်းသူ ကျောင်းသား များက ၀ိုင်းရယ်ကြသည်။

မိုင် ၂၀ လူစစ်ပွဲတုန်းက သိပ်နှေး နေသူများကို မခေါ်ခဲ့သင့်ကြောင်း ဆွေးနွေးသည့် အုပ်စုမှာ ရဲဝင့် ထိပ်ဆုံး က ပါခဲ့တာတော့ အမှန်ပါ။ နောက်ဆုံး ကျောင်းသားခေါင်းဆောင် ကိုမြင့်မောင်တို့ အဖွဲ့က တမင် နောက်ဆုံးက ၀င်အောင် ချန်လျှောက်သဖြင့် သူတို့ကို မခေါ်မဖြစ်သောကြောင့် ဆရာများက လူတစ်ရာ ကျော်စလုံး ရွေးလိုက်ရတာပါ။ ထိုစဉ်က ရဲဝင့်ကို အတန်းငယ်မှ ဖြစ်ပြီး စွာသည်၊ ရင့်သည်ဟု မကျေနပ်သူ အများအပြားရှိခဲ့သည်။
" ဟေး ဘာလုပ်နေကြတာလဲ၊ တို့တစ်တွေ အလံတောင် စိုက်ထားပြီးပြီ၊ လာကြလေ၊ တက်ခဲ့ကြလေ "
တောင်စောင်းပေါ်မှ ကိုမြင့်မောင်၏ အော်သံကြီးထွက်လာသဖြင့် ဟန်ပိုနေရာမှ လူးလဲ ထရလေသည်။

ရပ်စောက်မြို့နယ်ဆိုတာ တိမ်တွေချည်းပါလား။
တောင်ထိပ်မှာ လေအေးကလေး တဖြူးဖြူး တိုက်ခတ်နေသည်။ ကျောအပြားလိုက် ခြေဆန့်၍ မျက်နှာ အထက်က ပြေးနေသော တိမ်များကို ကြည့်ရတာ အရသာရှိလှသည်။ နောက်ဆုံးတစ်ချက် အတက် မှာ နှလုံးခုန် ရပ်မတတ် မောဟိုက်ခဲ့ရသည်များ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်သည်။
ဟန်ပို လည်း သူ့ဘေးမှာ ပက်လက်။
" ရဲဝင့်နဲ့ ဟန်ပို "
ကိုမြင့်မောင် အသံ ခေါင်းပေါ်မှ ပေါ်လာသဖြင့် ရဲဝံ့ လူးလဲထ၍ မော့ကြည့်သည်။ ကိုမြင့်မောင် မျက်နှာ သိသိသာသာ ပျက်နေသည်။
" ဟုတ်ကဲ့ အစ်ကို မြင့်မောင် "
" လူစစ်တာ မိန်းကလေးနှစ်ယောက် လိုနေလို့ကွ၊ မင်းတို့လမ်းမှာ ထိုင်နားနေတဲ့ မိန်းကလေးတွေ များ တွေ့မိသေးလား "
ရဲဝင့် လည်း ခေါင်းနပန်းကြီးသွားသည်။

" မတွေ့ဘူး အစ်ကို၊ ကျွန်တော်တို့က စု ၁ လေ၊ ထိပ်ဆုံးက လာတာ "
ကိုမြင့်မောင် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
" အေးကွာ၊ ငါးစုစလုံး ၀င်လာပြီ၊ အခု စု ၂ က နှစ်ယောက်လိုနေတာ၊ စု ၂ က စုမှူးကို မေးတော့ သိပ်မလိုက်နိုင် လို့ နောက်က အဖွဲ့နဲ့ လိုက်ခဲ့မယ်လို့ ပြောသတဲ့ "
" နောက်ချန်အဖွဲ့ရော "
" အေး ဟုတ်သားပဲ၊ နောက်ချန်အဖွဲ့ ရောက်ပြီလားဟေ့ "
ပက်လက် အိပ်နေသော လူလေးငါးဦး လက်ထောင်ပြသည်။
" မိန်းကလေး နှစ်ယောက် ကျန်နေတာ တွေ့ခဲ့လားဟေ့ "
" တွေ့တယ်၊ အစ်ကို မောနေလို့တဲ့၊ ဖြည်းဖြည်း လိုက်ခဲ့မယ်တဲ့ "
ရဲဝင့် ထောင်းခနဲ ဒေါသ ထွက်သွားသည်။

" အဲဒါ ထားခဲ့စရာလားကွ၊ မင်းတို့ ဘယ်လို နောက်ချန်အဖွဲ့လဲ "
ထိုအဖွဲ့ထဲမှ တစ်ယောက်က ကုန်းထသည်။
" လိုက်ခဲ့ ဖို့ လမ်းသိလား မေးတာရတယ် ဆိုလို့ ထားခဲ့တာပေါ့ကွ၊ မင်းက ဘာကောင်မို့ ငါတို့ကို အော် ရတာလဲ "
ကိုမြင့်မောင် နှစ်ယောက် စလုံးကို လက်ကာပြသည်။
" ကဲ တော်ကြ၊ တော်ကြ၊ အားလုံး ဒီမျာပဲ ဆက်နားနေ၊ ငါနောက်ပြန်ပြန်ရှာပြီး ခေါ်ခဲ့မယ်၊ မဆင်းကြနဲ့ဦး "
" ကျွန်တော်လည်း လိုက်မယ်၊ အစ်ကို "
ကိုမြင့်မောင် သက်ပြင်းချ၍ ခေါင်းညိတ်သည်။ ရဲဝင့်ပခုံးကို ဖွဖွ နှစ်ချက်သုံးချက်ပုတ်သည်။

ကျေးဇူးပဲဟု ဆိုလိုတာလား၊ ငါ့ညီ အပြောအဆို ဆင်ခြင်ဟု ဆိုလိုတာလားမသိ။
မိန်းကလေး နှစ်ယောက် လမ်း မပျောက်ကြပါ။ သို့သော် မောလွန်း၍ ဘယ်လိုမှ ဆက်မတက်နိုင်တော့ဟု ဆိုကာ ပြန်ဆင်း လာမည့် အဖွဲ့ကို လမ်းပေါ်က ထိုင်စောင့်နေကြသည်။
တစ်ယောက် က စီးပွားရေး တက္ကသိုလ် ပထမနှစ် ကျောင်းသူ၊ တစ်ယောက် က နောက်ဆုံးနှစ် ကျောင်းသူ။
" မိုက်လိုက်တာ ညီမ တို့ရယ်၊ အစ်ကိုတို့က ဒီလမ်းက ဆင်းမှာ မဟ်ုတ်ဘူး၊ တော်သေး တာပေါ့၊ ပြန်ရှာမိ ပေလို့ပေါ့ "
ကိုမြင့်မောင် က ဆူတော့လည်း မျက်လုံးလေး ပေကလပ်၊ ပေကလပ် လုပ်နေကြသည်။ အကြီးမ က တော် တော်ဝသည်။ ညိုညို၀၀။

အဓိက မောနေတာက သူ ဖြစ်ပုံရသည်။ အငယ်မကလေးက ဖြူဖြူသွယ်သွယ်။ ထူးခြားတာက အငယ်မ ကလေး၏ မျက်လုံးများက အညိုဖျော့ရောင် ဖြစ်နေသည်။ အသားကလည်း ဆွတ်ဆွတ်ဖြူသည်။ ဘို ကပြားမ ကလေး လားမသိ။ လှတော့ တော်တော် အလှသား။ ခြေလျင်တောင် တက်အသင်း၏ တ်စုံဝတ် ထားတာတောင် ခြေမွှေး မီးမလောင်၊ လက်မွှေး မီးမလောင် နုနယ်စွာ နေခဲ့ရသည့် ဟန်ပန်က မပျောက်နိုင် ပါ။
" ကဲ မတတ်နိုင်ဘူး။ ရှေ့မှာ သုံးကွေ့လောက်ပဲလိုတော့တယ်၊ ရအောင်လိုက်ရမှာပဲ၊ လိုရင် အစ်ကိုတို့ တွဲ ခေါ်မယ် ဖြစ်တယ် မဟုတ်လား "
အငယ်မ ကလေးက အသက်ဝင်လာသည်။

" သမီးက ရတယ် အစ်ကို၊ အစ်မက သိပ်မောနေတာ။ အစ်မကိုပဲ တွဲကြပါ "
" ရပါတယ်၊ ကျွန်မလည်း တော်တော် အမောပြေသွားပါပြီ "
အကြီးမ ကလည်း သူ့ကိုယ်လုံးကြီးကို တွဲရမည့် သူတွေကို အားနာဟန်ရှိသည်။ ရဲဝင့်က ဒါဆို အစ်မ တို့ နှစ်ယောက် ရှေ့က လျှောက်ကြ၊ ကျွန်တော်နဲ့ အစ်ကို နောက်က လိုက်မယ်ဟု ၀င်ပြောသည်။

ကုန်းဂမူကလေးပေါ် သူတို့ လေးယောက်သား တက်လာကြတော့ ဟေးခနဲ တစ်ခနဲနက် အော်သံကြီးနှင့် အတူ လက်ခုပ်သံများ ဆူညံသွားသည်။ ကိုမြင့်မောင်က ပြုံး၍ အဖွဲ့သား အားလုံးကို လက်ဝှေ့ ယမ်းပြသည်။
အဖြူမ ကလေးက ရဲဝင့်ကို လှည့်ကြည့်၍ ယဲ့ယဲ့ ပြုံးပြသည်။ ဖြူဝင်းသော နားသယ်စပ်မှာ ချွေးဥများ အစီ အရီ ခိုတွဲရာ မှ စီးကျလျက် ရှိနေသည်။
" ပြန်လာခေါ်ပေးတာ ကျေးဇူးပဲနော် "
ရဲဝင့်က ပြုံးသည်။

" ကျေးဇူးတင် ရင် ရန်ကုန်ရောက်မှ မုန့်ကျွေး၊ စီးပွားရေးက မဟ်ုတ်လား၊ လာလယ်မယ်လေ "
" လာပါ အစ်ကို၊ နို့မို့ အစ်ကိုတို့ စက်မှုကို မလာရဲပါဘူး "
ရဲဝင့်က ရယ်သည်။

" စက်မှု ကမှန်း သိတယ်ပေါ့ "
" သိပါတယ်၊ အစ်ကို ရဲဝင့်က နာမည်ကြီးပဲ "
" အလို ဘာတွေ နာမည်ကြီးတာလဲ "
မိန်းကလေး က ဖြေရခက်သောဟန်ဖြင့် ရယ်သည်။ စကားပြောတာ ထောင့်မကျိုးဘူး၊ ဒါပဲ ငါ့မှာ နာမည်ကြီး စရာရှိတာပဲဟု တွေးမိသည်။

" ညီမ နာမည်က "
" မနှင်းဖွေး ပါ အစ်ကို၊ နှင်းလို့ ခေါ်ကြပါတယ် "
" ဟေ့ နောက်မှ ဆက် မိတ်ဆက်ကြဟေ့၊ ဓာတ်ပုံ ရိုက်မယ် "
ကိုမြင့်မောင် ၏ အော်သံကြီး ထွက်လာပါသည်။

ဆက်ရန်
.

No comments: