မီဂန် က ပြောပြောဆိုဆို အော်လီဗာ့ကို သိုင်းဖက်လိုက်ပြီး -
" မီဂန် က အတွက် ကတော့ ကလေးတွေဟာ အလကားပဲ၊ ကလေးအဖေတွေပဲ အသုံးကြတယ် "
နှစ်ယောက် သား အချိန်နာရီတွေကို သညာမဲ့စွာဖြတ်သန်းနေကြပြန်၏။
အော်လီဗာ့ အတွက် တစ်သက်မေ့နိုင်တော့မည်မဟုတ်သည့် မိန်းကလေး။ ကို ဆက်ဖတ်ရန် ...........
အခန်း (၁၆)
အချစ်ဇာတ်လမ်း သည် အပူလောင်ဆုံး နွေလများကို ဖြတ်သန်းလျက်ရှိ၏။ အပူဆုံးသြဂုတ်လ သို့ရောက်လာပြီ၊ ရာသီဥတုနှင့်အတူ သူတို့နှစ်ဦး၏ရမ္မက်ရှိန်မှာလည်း တရိပ်ရိပ်တက်နေဆဲ။ အခန်းနှစ် ခန်း တွင် တလှည့် စီအိပ်ကြသည်။
ဒက်ဖနီနှင့် တွေ့ချိန်ပင်မရတော့။ သို့သော် အော်လီဗာဘာတွေဖြစ်နေသည်ကို ဒက်ဖနီကသိနေ၏။ သူ့ အတွက် စိတ်ချမ်းသာနေမိ၏။ အော်လီဗာတစ်ယောက် အပျော်ကြီးပျော်နေသည်။
တစ်နေ့ တွင် အဖေနှင့် ဘင်ဂျမင်ကို တွေ့ဖို့ မီဂန့်ကို ခေါ်ပြီး ပါချေ့စ်သို့ ကားဖြင့် ထွက်ခဲ့ကြသည်။ ပါချေ့စ် ရောက်တော့ အိမ်မ၀င်ဘဲ ဖြတ်မောင်းသွားသည်။ သည်အိမ်ကြီးထဲကို မီဂန်နှင့် မ၀င်ချင်ပါ။ ဆာရာ့ အရိပ် က မိမိအပေါ်တွင် လွှမ်းမိုးနေဆဲ မဟုတ်လား။
သို့သော် ဆာရာသည် မိမိအာရုံကို ယခင်ကလောက်စိုးမိုးထားခြင်းမရှိတော့ချေ။ ယခုလောလောဆယ် စိုးမိုး နေသူက မီဂန်။
တနင်္ဂနွေနေ့ တွင် နှစ်ယောက်သား ပျော်ပုံသစ်နေစဉ် တယ်လီဖုန်းသံမြည်လာသည်။ ဘယ်သူများပါလိမ့်၊ မိမိအား ဒက်ဖနီလှမ်းပြီး ထောက်ခြင်းဖြစ်မည်။ ဖြစ်နိုင်ပါ့မလား။ နောက်ပိုင်းတွင် ဒက်ဖနီတစ်ယောက် အရင် ကလို ခဏခဏ မဆက်တော့။ အနှောင့်အယှက်မပေးချင်၍ဟုပြောသည်။
တယ်လီဖုန်းခွက် ကို ကောက်ကိုင်ပြီးအော်လီဗာ နားထောင်လိုက်သည်။ ပင်လယ်ရပ်ခြားကလာသည့် အသံမျိုး။ မသဲမကွဲအသံတွေဝင်လာပြီး လိုင်းပြတ်သွားသည်။ ခဏအတွင်း ပြန်မြည်လာပြန်၏။ အီတလီ မှ ခေါ်နေကြောင်း ပြောသည့် အော်ပရေတာ၏ အသံကို ခပ်တိုးတိုးကြားရသည်။ ပြီးတော့ အသံပျောက် သွား ပြန်သည်။
ရှေ့မှ မီဂန် ကိုကြည့်ပြီး အော်လီဗာစိတ်မကောင်းဖြစ်သွားသည်။ ကလေးတွေပြန်ရောက်ကြတော့မည်။ ထို့ ကြောင့် အနေအထိုင်ဆင်ခြင်ကြရတော့မည်လေ။
" ဟဲလို "
တစ်ဖက်က အသံ တိုးသည်ထက်တိုးလာသည်။ ငိုရှိုက်နေသည့်အသံလိုလို။
တအားအော်ကြည့်သည်။
" ဖေဖေ "
မယ်လီဆာ ၏ ငိုသံစွက်သော ခေါ်သံကိုကြားရပြီ။
" သမီး၊ မယ်လီဆာ … ဟုတ်တယ်၊ ဖေဖေပြောနေတယ်၊ ဘာဖြစ်လို့လဲ၊ ပြောစမ်း၊ ဘာဖြစ်တာလဲ "
တစ်ဖက် က အသံတိုးသွားပြန်သည်။
" ကား … ကားတိုက်မှုဖြစ်တယ် ဖေဖေ "
ဘုရား … ဘုရား၊ သားကလေး ဘာမှ မဖြစ်ပါစေနဲ့၊ ဆာရာလဲ ဘာမှ မဖြစ်ပါစေနဲ့။
" သိပ်မကြားဘူး၊ သမီး ကျယ်ကျယ်အော်ပြောစမ်း "
အော်လီဗာ မျက်ရည်တွေ လည်လာသည်။ မီဂန်က အသာစောင့်ကြည့်နေ၏။ ထိုတဒင်္ဂတွင် အော်လီဗာ မိမိ ကို လုံးဝ မေ့နေကြောင်း သိလိုက်၏။
" ကားတိုက်တယ် … သေသွားတယ် … မေမေ …. "
ဘုရား၊ ဘုရား၊ ဆာရာ … ဆရာ … ၀ုန်းခနဲ ထရပ်သည်။ တယ်လီဖုန်းထဲသို့ တအားအော်ပြော လိုက် သည်။
" မေမေ ဘာဖြစ်လဲ၊ ပြောစမ်း သမီး၊ ဘယ်လိုဖြစ်တာလဲ "
" ကားမောင်း လာတုန်း … သမီးတို့ ဆန်မီယိုမှာ … ယန်းပီယာ …. "
" မယ်လီးဆာ … မေမေ ဘာဖြစ်သွားလဲ "
ဆာရာ့ ကို သူချစ်နေဆဲဖြစ်ကြောင်း မီဂန် သေသေချာချာသိလိုက်သည်။ အင်း လေ … နှစ်ပေါင်း နှစ်ဆယ် ပေါင်း လာသည့်မိန်းမပဲ။ လွယ်လွယ်နှင့်ဘယ်မေ့နိုင်ပါ့မလဲ။ မီဂန်လည်း သူနှင့် အတူရောပြီး အထိတ်တလန့် ဖြစ်နေသည်။ မတ်တတ်ရပ်ပြီး အကြောင်သား ငေးကြည့်နေ၏။ လွန်ခဲ့သည့် ဆယ်နှစ် က ပရီစီလီအကြောင်း မိခင်ဖြစ်သူ ဖုန်းဆက်သည်ကို သွားသတိရလိုက်သည်။
" မေမေ … မေမေ ဘာမှမဖြစ်ဘူး ဖေဖေ ….. "
" ဆမ်ကော … ဆမ်ကလေးကော "
" ဆမ်ကလေး လက်ကြိုးသွားတယ်၊ သိပ်သနားဖို့ကောင်းတာပဲ ဖေဖေ "
ပြီးတော့ မယ်လီဆာငိုပြန်သည်။ ဘာမှ ပြည့်ပြည့်စုံစုံ နားမလည်နိုင်သေး။
" ကားတစ်စင်း က သမီးတို့ကားကို ၀င်တိုက်တာဖေဖေ၊ တအားဝင်တိုက်တာ၊ ဒရိုင်ဘာ ပွဲချင်းပြီးသေ တယ်၊ သူတို့ ကားပေါ်က ကလေးနှစ်ယောက်သေတယ်။ ပြီးတော့ …. ယန်းပီယာသေပြီဖေဖေ။ ဖေဖေ …. အို ဖေဖေ ရယ်၊ အရမ်းကြောက်ဖို့ကောင်းတာပဲ "
ဘုရား၊ ဘုရား အလွန်အဖြစ်ဆိုးသည့် လူငယ်ပါကလား၊ တော်ပါသေးရဲ့၊ မိမိရင်သွေးကလေးတွေ ဘာမှ မဖြစ် လို့၊ တွေးမိပြီးမှ စိတ်ထဲ မသိုးမသန့်ဖြစ်သွားသည်။ သည်လိုမတွေးကောင်းဘူးလေ။
" သမီးကော … သမီးဒဏ်ရာ ရသေးလား "
" သမီး ဘာမှမဖြစ်ဘူး "
" မေမေကော ….. "
" ဆေးရုံ မှာ၊ ဖေဖေ့ဆီဖုန်းဆက်ခိုင်းလို့ သမီးတို့ ပြင်သစ်ကို ပြန်သွားရမယ်။ အသုဘကိစ္စ လုပ်ရ မယ်လေ၊ သောကြာနေ့အရောက် အိမ်ပြန်ဖို့ စီစဉ်ထားတယ် "
" သမီး ဘာမှ မဖြစ်တာ သေချာတယ်နော်၊ မေမေကော တကယ် ဘာမှမဖြစ်ဘူးလား "
" မျက်လုံး နည်းနည်းညို သွားတယ်၊ မှန်ကွဲ နည်းနည်းပါးပါး ရှတာလောက်ပါပဲ၊ ဘာမှ မဖြစ်လောက် ပါဘူး ဖေဖေ "
" တော်ပါသေးရဲ့ မသေကောင်းမပျောက်ကောင်း၊ အမေ့ချစ်သူနှင့် တခြားလူတွေ သေတာကျေတာကို မိမိ ကလေးတွေမြင်ကြမည်။ တွေးကြည့်ရုံမျှဖြင့် ကျောထဲစိမ့်သွားသည်။
" ဖေဖေ လိုက်လာခဲ့ရမလား "
" ဟင့်အင်း … မလိုဘူး ထင်ပါတယ်၊ ပြင်သစ်ကို ပြန်ပြီး ယန်းပီယာရဲ့ မိဘတွေ အိမ်မှာပဲနေမယ်၊ အဲဒီ ဖုန်း နံပါတ် မေမေပေးထားတယ်ဆို "
" အင်း … ရှိတယ်၊ ဖေဖေဆက်မယ်လေ၊ ဒါထက် သမီး "
သူ့လက်တွေတုန်နေသည်။ မျက်ရည်တွေလည်လျက်က …
" သမီး … ဆမ်ကလေးကို ဂရုစိုက်နော်၊ မေမေ့ကိုလဲ ပြောပြပါ၊ ဖေဖေ စိတ်မကောင်းပါဘူးလို့ "
မယ်လီဆာငိုရင်း တယ်လီဖုန်းချလိုက်သည်။ အော်လီဗာက ဖုန်းချပြီး မီဂန့်ကို စိုက်ကြည့်နေ၏။ သူ အနား မှာရှိနေသည်ကို လုံးဝမေ့နေခဲ့သည်။ " သူတို့ ဘာမှမဖြစ်ပါဘူးနော် " ဘရန်ဒီတစ်ခွက် လှမ်းပေးရင်း မီဂန်မေး သည်။
" အင်း … သိပ်ဆိုးဆိုးရွားရွားကြီး မဟုတ်ပါဘူး၊ ပြောရတာ လိုင်းကမကောင်းဘူး၊ ကားတိုက်လို့တဲ့၊ လူတွေ သေကြတယ်၊ ကိုယ့်အမျိုးသမီး ရဲ့ ချာတိတ်က မောင်းလာတာတဲ့၊ သူလဲသေသွားတယ် "
" ဟင် … အဖြစ်ဆိုးလိုက်တာ "
အော်လီဗာ့ နဘေး တွင် မီဂန်ဝင်ထိုင်သည်။ သူမသောက်သေးသည့် ဘရန်ဒီကို တစ်ကြိုက်ယူသောက် လိုက်၏။ " ကလေးတွေကော၊ ဒဏ်ရာတွေဘာတွေရသေးလား "
" ဆမ်ကလေး လက်ကျိုးသွား တယ်တဲ့၊ မယ်လီဆာတော့ ဘာမှမဖြစ်ဘူး၊ ဆာရာလဲ နည်းနည်းပါးပါး ထိ တယ်ပြောတယ်၊ သူတို့အရမ်းလန့်သွားကြမှာပဲ။ စပြောတော့ အသံက မကွဲဘူး၊ ဆမ်ကလေးလား၊ ဆာရာ လား၊ တစ်ယောက်ယောက်သေပြီလို့ ထင်လိုက်တာ "
မီဂန်က အော်လီဗာ ကို သိုင်းဖက်ထားလိုက်သည်။ နှစ်ယောက်သား အကြာကြီး ယှဉ်ထိုင်နေကြ၏။ ထိုည တွင် မီဂန်မပြန်တော့ပဲ အော်လီဗာ့အခန်းတွင်ပင် ဆက်နေသည်။ တစ်လအတွင်း ပထမဆုံး လင်မယား လို မနေသည့်ည။
အော်လီဗာ့ ခေါင်းထဲတွင် ကလေးတွေပဲရောက်နေသည်။ အင်း … သူတို့ပြန်လာကြတော့မှာပါလား။ မီဂန့် အခန်း တွင် သွားအိပ်လို့ မဖြစ်တော့။ မီဂန်လည်း မိမိအခန်းတွင် လာအိပ်၍မသင့်တော့၊ ထိန်းထိန်း သိမ်းသိမ်း နေကြရတော့မည်။ မကြာခင် ပြောင်းလဲလာတော့မည့်အခြေအနေတွေကို တွေးပြီး ယခုပင် ပြောင်းလဲ သလိုဖြစ်လာ၏။
ကြာသပတေးနေ့ ညတွင် နှစ်ယောက်စလုံး စိတ်ဓာတ်အကျကြီး ကျလျက်ရှိ၏။ တစ်ညလုံးမအိပ်ဘဲ အချိန် ကို အကျိုးရှိရှိသုံးကြ၏။ စကားတွေထိုင်ပြောကြ၏။
" တစ်နေ့နေ့တော့ လက်ထပ်ဖြစ်မှာ မဟုတ်လား မီဂန် "
" အော်လီဗာ က သက်သက် နောက်လိုက်ခြင်းဖြစ်၏။ မီဂန် အလန့်တကြားဖြစ်သွားသည်။
" အို … အဓိပ္ပာယ် မရှိတာ၊ တစ်ဖက်စွန်း မရောက်ကြေးလေ "
" လက်ထပ်တာ ဟာ တစ်ဖက်စွန်း ရောက်တာလား မီဂန် "
" မီဂန့် အတွက်တော့ ဟုတ်တယ်၊ မီဂန် ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူးလေ၊ အစ်ကိုသိသားနဲ့ကွာ "
" မီဂန် က ဟင်းချက်ကောင်းလို့ပါ " " ဒါဆို စားသောက်ဆိုင်က ကောင်မလေးတစ်ယောက်နဲ့ သွားလက်ထပ်ပေါ့ "
" သူက မင်းလောက်ကောင်းချင်မှကောင်းမှာကိုး "
" အကောင်းပြောစမ်းပါ၊ မီဂန် ယောက်ျားယူပြီး ကလေးတွေမွေးမယ်ဆိုပါတော့၊ ပြီးတော့ ဘာဆက်လုပ် ရမှာတုန်း " အော်လီဗာက စဉ်းစားဟန်ပြုသည်။ မီဂန်ရယ်နေ၏။
" ကိုယ်စဉ်းစားလို့ ရတာတော့ တစ်ခုပဲရှိတယ် "
" အဲဒီအတွက် နဲ့ တော့ လက်ထပ်ဖို့မလိုပါဘူး အစ်ကိုရာ "
နှစ်ယောက်သား တစ်လလုံးလုံးပျော်ခဲ့ကြသည်။ ခုတော့ မီဂန်က ဇာတ်လမ်းတစ်ပုဒ်ဆုံးသွားသလို လုပ် နေ၏။
" မီဂန်တော့ ဒါထက်ပိုပြီး ဘာမှမလိုချင်ဘူး၊ ဒီလောက်ဆို တော်ပြီ "
" တစ်နေ့ ကျရင်တော့ ဒါထက်လိုအပ်ကြောင်း မင်းနားလည်လာမှာပါ "
" အဲဒီလို နားလည် လာရင် အစ်ကိုဟာ ပထမဆုံး သိရမယ့်လူပဲ " " တကယ်ပြောတာနော် "
" တကယ်ပါ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ်ကိုနဲ့ပဲ အလေးအနက် ပြောဖူးတာပါ။ မီဂန် ပြောဖူးတယ် မဟုတ်လား၊ အိမ်ထောင်သည်ဘ၀ဟာ မီဂန့်အတွက် မဟုတ်ဘူးလို့။ အစ်ကို့အနေနဲ့လဲ မီဂန့်လို မိန်းကလေး မျိုး မလိုအပ်ဘူး၊ လိုအပ်တာ အစ်ကို့ကို သေမလောက် စွဲချစ်ပြီး ကလေးတွေကိုလဲ ဂရုစိုက်နိုင် တဲ့၊ ပြီးတော့ နောက်ထပ် ကလေးတစ်ဒါဇင်လောက် မွေးပေးနိုင်တဲ့ မိန်းမမျိုးလိုတာ "
" ကိုယ့် ကို မင်းအဖေနဲ့မှားပြီး ပြောနေတာလား မီဂန် "
" မမှား ပါဘူး၊ တကယ်ပြောတာပါ။ မီဂန်က ကိုယ့်အကြောင်းကိုယ်သိတယ်၊ မီဂန်မှာ ကောင်းတာတွေရှိ သလို မကောင်းတာတွေရှိတယ်၊ အစ်ကို့ရဲ့မိန်းမဆာရာနဲ့တူတာတွေလဲ အများကြီးရှိမယ်၊ ဒါကြောင့် အစ်ကို နဲ့ ဆာရာ ဖြစ်နိုင်တာလေ၊ ရိုးရိုးသားသား ပြောတာပါနော် " သည်ကလေးမပြောတာ ဟုတ်လေမလား ဟု စဉ်းစားစရာဖြစ်လာသည်။
" ဒါဆို … တို့ ဘာဆက်လုပ်ကြမလဲ "
" ဒီအတိုင်း ပျော်ပျော်နေမယ်လေ၊ အခြေအနေပေးသလောက်ပေါ့။ တစ်ယောက်ယောက်မှာ ဇာတ်လမ်းတွေ ရှုပ်လာပြီး အခက်အခဲရှိလာရင် လမ်းခွဲကြရုံပေါ့။ ပွေ့ဖက်နှုတ်ဆက်ပြီး တစ်ယောက် နဲ့ တစ် ယောက်ကျေးဇူးတင်စကားပြောကြရုံပေါ့ "
" အဲ့ဒါ လောက်လွယ် သလား မီဂန် "
" အဲဒါလောက် လွယ်ပါတယ် "
" ကိုယ်တော့ လက်မခံနိုင်ဘူး မီဂန်။ ဘယ်သူပဲ ဖြစ်ဖြစ် လူ့ဘ၀ထဲမှာ အတွယ်အတာဆိုတာ ရှိရတယ် ကွယ်။ တစ်ချိန်လုံး ချစ်ခဲ့ကြပြီး သံယောဇဉ်ဆိုတာ ဖြစ်လာတယ်။ တို့နှစ်ယောက်ကြားမှာ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ နှောင်ဖွဲ့နေပြီ မီဂန် "
" ထားပါတော့၊ သန့်ရှင်းတဲ့ မေတ္တာနဲ့ လိင်ကိစ္စသွားမရောနဲ့နော်၊ အဲဒီနှစ်ခုက အမြဲဒွန်တွဲနေတာ မဟုတ်ဘူး။ အစ်ကို့ကို မီဂန်သဘောကျတယ်။ ဂရုစိုက်ချင်တယ်၊ ချစ်နေမိသလားတောင်မသိဘူး။ ဒါပေမယ့် ကလေးတွေပြန်ရောက်လာရင် အားလုံးအပြောင်းအလဲတွေဖြစ်ရတော့မယ်။ အစ်ကိုနဲ့ မီဂန်အတွက် ပိုပြီး ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာမယ်။ အဲဒီအချက်ကို လက်ခံပြီး ခရီးဆက် ရမယ်။ အဲဒီကိစ္စလောက်နဲ့ကိုယ့်ကို ကိုယ်သက်မသေသင့်ကြဘူးလေ၊ မတန်ဘူးပေါ့ "
ပျော်စရာ ကောင်းနေတုန်း မှာ ပျော်မယ်၊ ပျော်စရာမကောင်းတော့ဘူးဆိုရင် ဘာလို့ ဆက်ဒုက္ခခံမလဲ ဆိုသည့် သဘော။ မှန်ပါသည်။
အာဂမိန်းကလေး ပါလား။ သံယောဇဉ် ကင်းနိုင်လွန်းပါပေသည်။ ကိုယ့်ကိုကိုယ်ဆန်းစစ်သောအခါ သူ့ကို ချစ်နေမိပြီ ဟု အဖြေထွက၏။ သို့သော် ထပ်စဉ်းစားသည့်အခါ သူပြောသလိုပင် သူ့ခန္ဓာကိုယ်ကို ချစ်နေမိ ခြင်းပင်ဖြစ်၏။ သည်နေရာတွင်လည်း မီဂန် မှန်နေပြန်ပါပြီကော။
မနက် မိုးလင်းတော့ မီဂန် သူ့အခန်းကို သူ ပြန်သည်။ တစ်လကျော် အတူနေခဲ့ သည့် ခြေရာ လက်ရာ များကို အားလုံးဖျောက်ပြီး ပြန် သွားခြင်းဖြစ် ၏။ ခေါင်းကိုက်ပျောက်ဆေး၊ ရေမွှေးပုလင်း၊ မိမိအ၀တ်ဘီရို ထဲတွင် ရောက်နေသည့် အ၀တ်အစား အချို့ကိုပါ ယူပြန်သွားခြင်းဖြစ်၏။ ဆာရာထွက်သွားစကလို ရင်ထဲ ဟာကျန် ရစ်ပြန်သည်။
ဘာကြောင့် သည်လိုဇာတ်သိမ်းခန်းတွေနှင့်ချည်းကြုံနေရပါလိမ့်၊ ဘာကြောင့် သည်အတိုင်း ဆက်မသွား နိုင် ရတာလဲ။ မိမိအနေဖြင့် ဘယ်သူနှင့်မှ မခွဲချင်ပါ။
သို့သော် မိမိ၏ဆန္ဒနှင့် တကယ်ဖြစ်နေသည်တို့ ထပ်တူမညီနိုင်ကြောင်း နောက်တစ်နေ့တွင် ထင်ရှား လာ လေသည်။ သည်အကြောင်းကို ကလေးတွေ လေယာဉ်ပေါ်က အဆင်းတွင် အမှတ်ထင်ထင် သိလိုက်ခြင်း ဖြစ်၏။
သူတို့နောက်က ဆာရာဆင်းလာသည်။ သူ့မျက်နှာပေါ်တွင် ဘယ်တုန်းကမှမမြင်ဖူးခဲ့သည့် ထိတ်လန့် ခြင်း၊ အထီး ကျန်ခြင်း၊ ဝေဒနာရိပ်များကိုတွေ့ရ၏။ မေးစေ့တွင် ပတ်တီးမဖြုတ်ရသေး။ ဆယ့်လေး ချက် ချုပ်လိုက် ရသည့် ဒဏ်ရာဖြစ်သည်။
ဆမ်ကလေး က ကောင်းသည့် လက်တစ်ဖက်ဖြင့် မအေလက်ကို မလွှတ်တမ်း ကိုင်ထား သည်။ ကြောက်ရွံ့ ထိတ်လန့်နေဆဲအမူအယာမျိုး။ ကျိုးထည့်လက်ကို လက်ခုံမှ လက်မောင်းရင်း အထိ ကျောက်ပတ်တီး စီး ထားသည်။
မယ်လီဆာက ဖအေကို မြင်မြင်ချင်း ရင်ခွင်ထဲပြေးဝင်ပြီးငိုသည်။ ခဏနေတော့ ဆမ်ကလေးပါ ရင်ခွင် ထဲ ရောက် လာသည်။ လက်တစ်ဖက်ဖြင့် ဖအေကို သိုင်းဖက်သည်။
တစ်ချိန်က မိမိ၏ဇနီးဖြစ်ခဲ့ဖူးသော မိန်းမသားကို အော်လီဗာစောင့်ကြည့်လိုက်၏။ စန်ရီယိုတွင် သေဆုံး သွား သည့် ပြင်သစ်လူငယ်ကလေး ကို သူဘယ်လောက်ချစ်ကြောင်း စာနာစိတ်ဖြင့် ကောင်းကောင်းကြီး သိ လိုက် ပါ၏။ " ကိုယ် စိတ်မကောင်းပါဘူး ဆာရာ၊ တကယ့်ကို စိတ်မကောင်းဖြစ်မိတာပါ "
သူ့ကို သည် ပုံသဏ္ဍာန်ဖြင့် တွေ့ရတော့လည်း အော်လီဗာ ရင်ထုမနာဖြစ်ရပြန်သည်။
" ကိုယ် ဘာလုပ်ပေးရမလဲ၊ ကိုယ်လုပ်ပေးနိုင်တာ ရှိလားဟင် "
ပစ္စည်းရွေး သည့် ကောင်းတာဆီသို့ လျှောက်သွားရင်း မေးတော့ ဆာရာခေါင်းရမ်းသည်။ မယ်လီဆာက အသုဘ အခမ်းအနားအကြောင်း ပြောပြ၏။ ယန်းပီယာမှာ တစ်ဦးတည်းသောသားဖြစ်ကြောင်း၊ ထို့ကြောင့် မိဘတွေယူကြုံးမရ ဖြစ်နေကြကြောင်းများကိုပါ ပြောပြသည်။
အော်လီဗာ က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီး သူတို့ကို ဖြေသာအောင် နှစ်သိမ့်စကားများ ရှာကြံ ပြော သည်။ ဆမ်လေး ၏ ခေါင်းပေါ်မှကျော်ပြီး ဆရာ့ကို ကြည့်လိုက်သည်။
" ပါချေ့စ် မှာ ခဏနားနေပါလား၊ ကိုယ်တို့က နယူးယောက်တိုက်ခန်းမှာ နေနေကြတာလေ၊ ရုံးပိတ် ရက်လောက် ပဲ ပြန်တယ် "
ဆာရာ ပြုံးပြီး ခေါင်းရမ်းသည်။ ရုပ်ကျမသွားဘဲ ပို၍ တည်ငြိမ်ရင့်ကျက်လာသည် ထင်ရ၏။
တနင်္လာနေ့ ကျောင်းပြန်တက်ရမယ်လေ၊ ချက်ချင်းပြန်သွား၇မှာ၊ လုပ်စရာတွေက အများကြီးပဲအော်လီ"
ဝတ္ထုရှည် တစ်ပုဒ် စရေးနေပြီဖြစ်ကြောင်းတော့ ထည့်မပြောလိုက်။
" အားလုံးအတွက် ကျေးဇူးတင်ပါတယ် အော်လီ၊ ဆာရာ့အတွက် မပူပါနဲ့။ ကလေးတွေလဲ မကြာခင် ခါတိုင်းလိုပဲ လာလည်နိုင်ကြမှာပါ "
သို့သော် ဆာရာ ကင်ဘရစ်တိုက်ခန်းကို ပြန်ရမှာကြောက်နေသည်။ အော်လီဗာကို တစ်ယောက်တည်း ထားခဲ့စဉ် က သူဘယ်လို ခံစားရမည်ကိုလည်း ခုမှနားလည်လာသည်။ မိမိခန္ဓာကိုယ် တစ်ပိုင်းတစ်စ ယန်းပီယာ ကလေးနှင့်အတူ ပါသွားသလိုခံစားရ၏။ သူ့ကို သူငယ်ချင်းလိုလည်း ချစ်သည်။ သွေးရင်းသား ရင်းမောင်ငယ် တစ်ယောက်လိုလည်း ချစ်သည်။ ပြီးတော့ ချစ်သူလိုလည်းချစ်သည်။
မိမိတွင် ရှိရှိသမျှ အားလုံးပေးပြီး ချစ်သည့် အချစ်မျိုး။ သို့သော် ယန်းပီယာ က မိမိဆီမှ ဘာတစ်ခုမှ ရယူခြင်း မရှိခဲ့ပါချေ။ စင်စစ် ထိုသူငယ်သည် မိမိအား ချစ်ခြင်းမေတ္တာ၏ ပေးဆပ်ခြင်းသဘောကို သင်ကြားပေး သွား ခြင်းဖြစ်သည်။ သင်ကြားပေးနေရင်း ကံဆိုးမိုးမှောင်ကြခြင်းဖြစ်သည်။
ကလေးတွေ ကို အော်လီဗာ့လက်သို့ အပ်ပြီး ဘော့စတန်သို့ ဆာရာလေယာဉ်ပျံဖြင့် ပြန်ထွက်သွားသည်။ သားအဖ တတွေ တက္ကစီဖြင့် မြို့ထဲသို့ ပြန်လာခဲ့ကြသည်။
မောင်နှမနှစ်ယောက် စိတ်ဓာတ်ကျကာ ကားပေါ်တွင် ငြိမ်သက်စွာ လိုက်ပါလာကြသည်။ ဆမ်ကလေးကို နာနေ လားမေးတော့ ဆရာဝန် ဆီခေါ်သွားပေးပါ ပြောသည်။ အော်လီဗာက အရိုးအထူးကု ဆရာဝန် တစ်ယောက်နှင့် တွေ့ဖို့ အသင့်လုပ်ထားပြီးသား။
မယ်လီဆာ သည် စိတ်ပျက်စရာတွေနှင့် ကြုံလာခဲ့သော်လည်း သည်ခရီးမှ အပြန်တွင် အရပ်ထွက်လာပြီး ပို၍ ချစ်စရာကောင်း လာသည်။ ကလေးတွေနှင့် ရင်အုပ်မကွာ ပြန်နေရတော့မည့် အကြောင်း စဉ်းစား မိ တော့ ရင်ထဲအေး သွားသည်။
မနက်ဖြန်စနေနေ့ဖြစ်၍ ပါချေ့စ်အိမ်သို့ သွားကြသည်။ တနင်္ဂနွေနေ့တွင် ကလေးတွေနှင့် ဆုံဖို့ မီဂန့်ကို ဖိတ်ထားသည်။ အက်နက်က တနင်းလာနေ့မှ ပြန်ရောက်မည်။ သည်နှစ်ရက်အတွင်း သားအဖတွေ ကိုယ် တိုင် ချက်ပြုတ်စားကြရမည်။
တိုက်ခန်း ကို ရောက်တော့ အော်လီဗာ ကြက်ဥမွှေကြော်နှင့် ပေါင်မုန့် ထောပတ် သုတ်ပေး သည်။ မောင်နှမ နှစ်ယောက်က သူတို့၏ နွေရာသီ ဥရောပ ခရီး အကြောင်း ဖြည်းဖြည်း ချင်း ပြန်ပြောကြသည်။
အခင်းမဖြစ်ပွားမီ အထိ သိပ်ကို ပျော်စရာကောင်းသည့် ခရီးစဉ်ဖြစ်သည်။ သားနှင့်သမီး ပြောသမျှ နား ထောင်နေ ရင်း ဆာရာသည် မိမိနှင့်ဝေးလံလှသော ကမ္ဘာတစ်ခုသို့ ရောက်သွားပြီဟု ခံစားသိရှိ လိုက်သည်။ သူ့ကို ချစ်နေမိတုန်းပဲလားဟု ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်မိ၏။ အဖြေများ ၀ိုးတ၀ါးနိုင် လှသည်။
ညစာ စားပြီးပြီးချင်း ကလေးတွေ အိပ်ယာဝင်ကြသည်။ သူတို့ခရီးပမ်းလာကြသည်လေ။
ဆမ်ကလေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း နေသားတကျဖြစ်အောင် အိပ်ယာထဲ တွင် နေရာချပေးပြီး သိပ် သည်။ ပြီးမှမယ်လီဆာအခန်းကို သွားကြည့်သည်။
" ဒါက ဘာကြီး ပါလိမ့် "
တစ်စုံတစ်ခု ကို ကောက်ကိုင်ပြီး မယ်လီဆာ မျက်မှောင်ကုတ်မေးသည်။ ဟိုက် … ဒုက္ခပဲ၊ မီဂန့် ဘလောက်စ် အင်္ကျီ၊ဘရာစီယာက တန်းလန်းချိတ်လျက်။ နှစ်ယောက်စလုံး လုံးဝမေ့နေသည့်အဖြစ်။ တစ်နေ့မီဂန့် ကို လိုက်ဖမ်းရင်း မယ်လီဆာအခန်းထဲ ရောက်သွားခြင်းဖြစ်သည်။ အော်လီဗာ ကြက်သေသေနေ၏။
ဘာပြောရမှန်း မသိဘဲ ကြောင်နေသည်။ ပြီးခဲ့သည့် တစ်လအဖြစ်အပျက်တွေကို ဆယ့်ခြောက်နှစ်အရွယ် သမီး ကို ပြောလို့မဖြစ်ဘူးလေ။ အတတ်နိုင်ဆုံး ဣနြေ္ဒဆည်ပြီး။
" မသိဘူးလေ၊ သမီးဟာ မဟုတ်ဘူးလား "
" မဟုတ်ပါဘူး "
စွပ်စွဲသည့်လေသံဖြင့် မယ်လီဆာ တုံ့ပြန်သည်။ ချက်ချင်းအကြံရလာ၍ နဖူးကို လက်ဝါးနှင့်ပုတ်လိုက်ပြီး ..
" သိပြီ၊ ဒက်ဖနီ့ ဟာဖြစ်မယ်၊ ဖေဖေပါချေ့စ်သွားနေတဲ့တစ်ရက်မှာ သူ့အခန်းဆေးသုတ်နေလို့ ဒီမှာ တစ်ည လာ အိပ်တယ် "
မယ်လီဆာ ကျေနပ်သွားသည်။ အဖေ့ပါးကို နမ်းပြီး နှုတ်ဆက်ကာ အိပ်ယာဝင် သည်။ အော်လီဗာ သည် သေဒဏ်မှ လွတ်မြောက်လာသူ၏ ခြေလှမ်းများဖြင့် သမီးလုပ်သူ၏ အခန်းထဲမှ ပြန်ထွက်လာခဲ့၏။
ထိုည တွင် မီဂန့်ဆီဖုန်းဆက်သည်။ သိပ်အောက်မေ့နေကြောင်း၊ တနင်္ဂနွေနေ့ထိ အကြာကြီးစောင့် ရဦးမည် ဖြစ်ကြောင်း များပြောမိသည်။
နောက်တစ်နေ့ တွင် သားအဖ သုံးယောက်ပါချေ့စ်သို့ ထွက်လာခဲ့ကြသည်။ တံခါးဖွင့်လိုက်တော့ ပူလောင် ကာ အနံ့တစ်မျိုးထွက်နေသည်။ လေအေးစက်တွေဖွင့်ပြီး သန့်ရှင်းရေးလုပ်ကြသည်။ ပြီးမှ စားစရာတွေ ထွက် ၀ယ်ကြသည်။ နေ့လည်စာစားပြီးမှ အင်ဒီ့ကို ခေါ်ဖို့အဖေ့ အိမ်သို့ ထွက်လာခဲ့ကြ၏။
ဘိုးဘိုးဝတ်ဆင်ကို ကျန်းကျန်းမာမာတွေ့ရ၏။ ဘွားဘွား၏ ပန်းခြံထဲတွင် ပန်းပင်တွေကို ပြင်နေသည်။ သည် တစ်ခါ သူတစ်ယောက်တည်းမဟုတ်။ မာဂရက်ပါ ကူလုပ်နေသည်ကို တွေ့ရ၏။
မာဂရက် က ဆံပင်ပုံစံ ပြောင်းညှပ်ထားသည်။ အပြာနုရောင်ဝတ်စုံကို ၀တ်ထား၏။ ခြံထဲသို့ ကားဝင်လာသည် ကို တွေ့တော့ နှစ်ယောက်သား ၀မ်းသာအားရ ရယ်ရယ်မောမော ကြိုဆိုကြသည်။ အဖေ့ ကို ခုလိုမြင်ရတော့ အော်လီဗာ စိတ်အေးသွားသည်။ အဖေ့ကို တွေ့တိုင်း အမေ့ကို နောက်ဆုံးနှုတ် ဆက်ပုံ ကို အော်လီဗာ သတိရမြဲဖြစ်သည်။ အင်း … မေမေဆုံးတာ သုံးလတောင်ရှိခဲ့ပြီကော။
" လာကြ … လာက … သားတို့ … သမီးတို့ … ဘိုးဘိုး ကြိုဆိုပါတယ်ဗျာ "
မာဂရက်က အိမ်ထဲဝင်သွားပြီး၊ သူကိုယ်တိုင် လုပ်သည့် ဘီစကစ်မုန့်တွေယူလာကျွေးသည်။ ဆမ်က စား လို့ ကောင်းကြောင်း ပြောရင်း အားရပါးရစားသည်၊ မာဂရက်က ပြုံးနေ၏။ ဘွားဘွားလက်ရာကို မမီသေး ကြောင်း ပြော သည်။
" ဘွားဘွားကတော့ ကမ္ဘာပေါ်မှာ မုန့်ဖုတ်အတော်ဆုံးကွ၊ အထူးသဖြင့် သံပရာဘီစကစ်မှ အပိုင်ဆုံးပဲ "
ဂျော့ဝတ်ဆင်ပြုံးနေ သည်။ အော်လီဗာငယ်ငယ်ကလေးက အချိန်တွေကို သူသတိရနေ၏။
" ဖေဖေ ဘာတွေလုပ်ဖြစ်လဲ၊ ပြောပါဦး "
တောင်ထန်းပင်အောက် တွင်ထိုင်ရင်း အော်လီဗာမေးသည်။
" ဒီပန်းခြံထဲမှာပဲ အချိန်ကုန်တယ်လေ၊ လုပ်လို့ကို မဆုံးနိုင်ပါဘူးကွယ်၊ ပြီးခဲ့တဲ့ အပတ် ကတော့ ဖေဖေ တို့ နယူးယောက်ကိုသွားဖြစ်တယ်၊ မာဂရက်ကိစ္စ ပေါ်လို့လေ၊ ပြီးတော့ ဘရော့ဒ်ဝေးမှာ ပြဇာတ်ကြည့်တယ်၊ တော်တော်ကောင်းတဲ့ဇာတ်ကွ"
အော်လီဗာ တအံ့တသြ ဖြစ်သွားသည်။ ဖေဖေသည် ဘယ်တုန်းကမှ ပြဇာတ်ကြည့်သူမဟုတ်။ ရုပ်ရှင် ဆို ဝေလာဝေး။ ဂျော့ က ခုမှ ဆမ်ကလေး၏လက်ကို သတိထားမိသွားသည်။
" ဟင် … သားလေး … ဘာဖြစ်လာတာလဲ "
ဆမ်က ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ မယ်လီဆာက အသေးစိတ်တွေဖြည့်ပြောသည်။ အဘိုးကြီးနှင့် အဘွားကြီး မျက်ကလူးဆန်ပြာနှင့် နားထောင်နေကြသည်။
" မသေကောင်းမပျောက်ကောင်းကွာ၊ ကြည့်စမ်းကဲ … သားနဲ့သမီးနားလည်ပြီမဟုတ်လား၊ ဘ၀ဆိုတာ ဘယ်လောက် တန်ဖိုးရှိသလဲ၊ ပြီးတော့ ဟို … ဟိုကလေးရယ်၊ သားတို့သမီးတို့ မေမေရဲ့မိတ်ဆွေဆိုရင် အသက်အစိတ် ပဲရှိသေးတယ်၊ ဟုတ်လား၊ အင်း … စိတ်မကောင်းစရာပဲ "
အဘိုးအို က ပြောပြောဆိုဆို မာဂရက်လက်ကို လှမ်းကိုင်လိုက်သည်။ အော်လီဗာ အံ့သြသွား၏။ ဘာအဓိပ္ပာယ် ပါလိမ့်၊ ခဏနေတော့ မာဂရက်က ကလေးတွေကို အိမ်ထဲခေါ်သွားပြီး မုန့်တွေထပ်ကျွေး သည်။
" ဖေဖေ့ ကြည့်ရတာ တော်တော် ကျန်းမာနေပုံပဲ "
အော်လီဗာ က အဖေကို အစ်လိုက်၏။ မိမိနှင့် မီဂန်အဖြစ်ကို စဉ်းစားမိ လိုက်သောကြောင့် မေးလိုက်ခြင်းဖြစ် ၏။ အိမ်နီးချင်းအမျိုးသမီးမာဂရက်ကို ဖေဖေ တိမ်းညွတ်နေပြီ လား။ ဖေဖေပျော်နေသည်ဆိုလျှင်လည်း အပြစ်ပြောစရာမရှိပါ။ သူတို့နှစ်ယောက်စလုံး အဖော်မဲ့ အထီးကျန်တွေ မဟုတ်လား။
" ဖေဖေ့ ကျန်းမာရေး လဲ ကောင်းပါတယ်၊ မာဂရက်ကလဲ ဂရုစိုက်ပါတယ်၊ သူက သူနာပြုဆရာမ လုပ်ခဲ့ ဖူး တယ်လေ၊ သူ့ယောက်ျားက ဆရာဝန်ကိုး "
" ဟုတ်ကဲ့ … ကျွန်တော် မှတ်မိပါတယ် "
" သား တို့ကို ဖေဖေ ညစာကျွေးပါဦးမယ်၊ မြို့မှာ ကျွေးမှာ၊ မာဂရက်က နယူးယောက်ကို ခဏခဏ သွား ချင် တယ်၊ အဲဒါမှ နုပျိုတယ်တဲ့၊ ဟုတ်လား မဟုတ်လားတော့ မသိဘူး၊ ဒါပေမယ့် သူ့အရွယ်နဲ့ စာရင် တော်တော် နုတဲ့ မိန်းကလေးပဲ "
အော်လီဗာ ပြုံးလိုက်သည်။ ခုနစ်ဆယ်တွင်း မိန်းမတစ်ယောက်ကို မိန်းကလေးဟု ခေးလိုက်သည်ကို ပြုံးမိ ခြင်းဖြစ် ၏။
" နောက်လ လောက်မှာ ဖေဖေတို့ လက်ထပ်ကြမယ်၊ ဖေဖေတို့မှာ အချိန်သိပ်မကျန်တော့ဘူး၊ ကျန်တဲ့ အချိန် ကလေးကို အလဟသအဖြစ်မခံနိုင်ဘူးလေ၊ သားနားလည်နိုင်ပါ့မလား မသိဘူး၊ သားရဲ့မေမေတော့ နားလည်မယ် ထင်ပါတယ် "
" ဗျာ … လက်ထပ်မယ် ဟုတ်လား "
အော်လီဗာ ကုလားထိုင်ကို ဆွဲလှည့်ပြီး ဖအေနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
" မေမေဆုံးတာ မှ သုံးလ ပဲရှိသေးတယ်၊ ဖေဖေကနောက်မိန်းမယူတော့မယ်ဟုတ်လား "
သည်အတိုင်းနေ လျှင် အော်လီဗာ ဝေဖန်မည် မဟုတ်ပါ။ သို့သော် လက်ထပ်မည်ဆိုသည်ကတော့ ရှက်ဖို့ ကောင်း လှသည်။
" ဖေဖေ တကယ်ပြောနေတာလားဟင် "
" တကယ်ပြောနေတာ အော်လီဗာ၊ ဖေဖေ့မှာ အခွင့်အရေးရှိပါတယ်၊ ကုလားထိုင်တစ်လုံးပေါ်မှာ ဒီအတိုင်း တစ်ယောက်တည်း အငူသား ထိုင်နေရမှာလား၊ ဖေဖေ့အရွယ်တွေ၊ ကားလစကားနဲ့ပြောရရင် ငြိတွယ်ကြ တာကို သားကလက်မခံဘူးလား၊ ငြိတွယ်နိုင်သေးတယ် အော်လီဗာ၊ ဒီအတိုင်းနေသွားလို့ မသင့် ဘူး၊ မိကောင်းဖခင်သားပီပီ တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ ဖေဖေ့မှာ တာဝန်ရှိတယ် "
" မေမေ့ ကို အောက်မေ့နေဖို့ကော ဖေဖေ့မှာ တာဝန်မရှိဘူးလား၊ တလေးတစားသစ္စာစောင့်ထိန်းဖို့ တာဝန် မရှိ ဘူးလား၊ အမေ့အလောင်းဟာ မြေကြီးထဲမှာ အေးတောင်မအေးသေးဘူး "
ဒေါသဖြစ် လာသဖြင့် ၀ုန်းခနဲထပြီး အော်လီဗာ လမ်းလျှောက်နေလိုက်သည်။ ဂျော့ဝတ်ဆင် သားဖြစ်သူ ကို အသာစောင့်ကြည့်နေ၏။
မီးဖိုဆောင် ပြတင်းပေါက်မှ မာဂရက်က အပြင်သို့ စိုးရိမ်စွာ လှမ်းအကဲခတ်နေ သည်။ မိမိတို့ ဘ၀ကို မိမိ တို့ ဖန်တီးနိုင်ခွင့်ရှိသော်လည်း သားသမီးတွေကို ဖွင့်တိုင်ပင်လျှင် ဘယ်သူမှ သဘောတူမည် မဟုတ်ကြောင်း မာဂရက် က ဂျော့ကို ပြောထားပြီးသားဖြစ်သည်။
ဂျော့ က မသေခင်ကလေး ကျန်ရှိသည့်အချိန်ကို အလဟသ မဖြစ်စေချင် သွားလေသူ ချစ်ဇနီး ၏ နေရာတွင် အစားမထိုးနိုင်သော်လည်း မာဂရက်ကို ချစ်နေပြီ။
" သား ရဲ့ မေမေကို ဖေဖေလေးစားပါတယ်၊ ဒါပေမယ့် ဖေဖေ့မှာ ကိုယ့်ဘ၀ကိုယ် ဆက်လျှောက်ဖို့လဲ အခွင့် အရေး ရှိသင့်တယ်လေ၊ သားလဲ တစ်နေ့ နောက်မိန်းမ တစ်ယောက် ယူဖြစ်ချင် ယူဖြစ်မှာပဲ၊ ဆာရာ့ ကို တစ်သက်လုံး တမ်းတနေလို့ မဖြစ်ဘူးလေ "
" ခုလို ကျွန်တော့် ကို သြ၀ါဒပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စကိုတော့ ဖေဖေ လေးလေး နက်နက် စဉ်းစားပြီး မှ ဆုံးဖြတ်သင့်ပါတယ် "
ရက်သတ္တပတ်ပေါင်း များစွာ မိမိက အိမ်ထောင်ရေးကို မစဉ်းစားဘဲ နေနိုင်ပါလျက် အဖေလုပ်သူက မိန်းမ ယူတော့ မည်တဲ့။
" ဖေဖေ စဉ်းစားပြီးပြီ၊ (၁၄)ရက်နေ့မှာ လက်ထပ်ဖို့ စီစဉ်ပြီးပြီ။ သားလဲလာစေချင်တယ်၊ ကလေးတွေ ပါ ခေါ်ခဲ့ပေါ့ "
" ကျွန်တော် မလာချင်ဘူးဖေဖေ၊ ဖေဖေ့ဆုံးဖြတ်ချက်ကို ပြင်နိုင်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပါတယ် "
ထိုအခိုက် မာဂရက်နှင့် ကလေးတွေ ပြန်ရောက်လာသည်။ ဂျော့အတွက် မြက်ဦးထုပ်နှင့် အအေး တစ်ခွက် ဖျော် ယူလာသည်၊ နေ့လည်ပိုင်းသောက် ရမည့် နှလုံးဆေးပုလင်းလည်း ပါလာ ၏။ နှစ်ယောက်သား အကြား တွင် အကြင်နာတရားဖြင့် ဆွတ်ပျံ့နေပုံ ကို အော်လီဗာ အတိုင်း သား မြင်နေ ရ၏။
သို့သော် သည်ကိစ္စကို လက်ခံနိုင်ဖို့ အထိတော့ အော်လီဗာ အဆင်သင့်မဖြစ်သေးပါ။ မပြန်ခင် တစ်ချိန် လုံး ဘ၀င်မကျဘဲ အတောင့်သားထိုင်နေမိသည်။ ကလေးတွေ ကားပေါ်တက်ကြပြီး ပြန်ဖို့ အသင့်ဖြစ်မှ မာဂရက် ကို ၀တ်ကျေတန်းကျေ နှုတ်ဆက်သည်။
ပြန်လာကြလို့ လမ်းတစ်ဝက်ရောက်မှ အင်ဒီကိုခေါ်ဖို့ သတိရကြသည်။ အိမ်ရောက်ရောက်ချင်း အဖေ့ဆီ ဖုန်းပြန် ဆက်သည်။ နောက်အပါတ်မှ အင်ဒိကို လာခေါ်မည့်အကြောင်း ပြောလိုက်သည်။
" ဟုတ်ပြီလေ၊ သူဒီမှာ ရှိနေတော့လဲ တို့ အဖော်ရတာပေါ့ကွာ၊ ဒါထက် သားစိတ်အနှောင့် အယှက်ဖြစ်ပြီး ပြန်သွားရတာ ဖေဖေ စိတ်မကောင်းပါဘူး၊ သားဖက်က ကြည့်ရင် ဒီလိုပဲ ခံစားရမှာပဲ ဆိုတာ ဖေဖေ နားလည် ပါတယ်၊ ဒါပေမယ့် ဖေဖေ့ဘက်လဲ ၀င်ကြည့်စေချင် တယ်၊ အော်လီဗာ ပြီးတော့ မာဂရက် ဟာ တကယ်တော် တဲ့ အမျိုးသမီးတစ်ယောက်ပါကွာ "
" ဖေဖေနဲ့ အတူ ကျွန်တော် ပျော်ပါတယ်၊ ဒါပေမယ့် သိပ်မြန်လွန်းသလားလို့ပါ "
" ဟုတ်ပါတယ်၊ သားပြောတာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် တို့ဘက်ကလဲ မှန်တယ်ထင်တာကို လုပ်ကြ တာ လေ၊ ဒီအသက်အရွယ်တွေနဲ့ ဆိုတော့ …. အချိန်က သိပ်မကျန်တော့ဘူး မဟုတ်လား၊ သင်္ချိုင်း ကုန်းနား ရောက်နေပြီ "
" အဲဒါကြောင့် ဖြည်းဖြည်း စဉ်းစားဖို့ ကျွန်တော် ပြောတာပေါ့ "
" အင်း … ဖေဖေ တို့ကလဲ အဲဒါကြောင့် အချိန်မဆွဲချင်တာလေ၊ သား ဖေဖေ့အရွယ်ရောက်ရင် နားလည် လာမှာပါ "
အော်လီဗာ နားလည် ပါသည်။ သို့သော် အဖေလုပ်သူနှင့် မာဂရက်တို့ လင်မယား လို နေကြ မည့် မြင်ကွင်း ကို မြင်ယောင်ပြီး စိတ်အပျက်ကြီး ပျက်သွားသည်။
ညဘက်တွင် မီဂန်နှင့် ဖုန်းပြောရင်း သည်အကြောင်း ပြောပြလိုက်သည်။ မီဂန်က သူ့ကို ဝေဖန်သည်။
" အဲဒါ အစ်ကိုကြောင်တာပဲ၊ ရမ္မက်ဆန္ဒဟာ လူမသေခင် အရင်သေသွားတယ်ထင်လား၊ မီဂန်တော့ မထင် ဘူး၊ ဒီနေရာမှာ အဘိုးကြီးမှန်တယ်၊ သိပ်တော်တာပဲ၊ အစ်ကိုတို့မှာ ကိုယ့်ဘ၀နဲ့ကိုယ်၊ ကိုယ့်ကလေးတွေ နဲ့ ကိုယ် အလုပ်ရှုပ်နေချိန်မှာ သူကတစ်ယောက်တည်း ထိုင်ငေါင်နေရမှာလား၊ အစ်ကို က အဖေကြီး ကို အမေ့ အတွက် လွမ်းဆွေးတသရင်း ဘ၀ကို ကုန်လွန်စေချင်တယ်၊ ဒါပေမယ့် သူ့ ဘ၀သူ ဖန်တီးနိုင်ခွင့် ရှိတယ်လေ"
မီဂန်နှင့် တိုင်ပင်မှ ပိုဆိုးနေကြောင်း တွေ့ရသည်။ စိတ်ထဲက တအုံနွေးနွေးဖြစ်နေ၏။
" မင်း နဲ့ ကိုယ့်အဖေနဲ့ တစ်ဂိုဏ်းထဲပဲ၊ တို့နှစ်ယောက်စလုံး သွေးသားကိစ္စကို ရှေ့တန်းတင်ထားကြတဲ့ လူတွေချည်းပဲ "
တက်ဆက်တည်းတွင် မယ်လီဆာ သူ့ဘရာစီယာတွေ့သွားကြောင်း ပြောတော့ မီဂန်အော်ရယ်သည်။ ပြီး တော့ မခံချင်အောင် ပြောလိုက်သေး၏။
" အဲဒီည ကို ကောင်းကောင်းကြီး မှတ်မိနေတယ်လေ "
" ကိုယ်လဲ သတိရနေတာပါပဲ၊ ကိုယ်မင်းကို အောက်မေ့ပြီ မီဂန် "
" မနက်ဖြန်လာခဲ့မယ်လေ၊ ရေကူးကြတာပေါ့၊ ရေကူးမယ်လေ … "
ကလေးတွေနှင့်ဖြစ်ပါ့မလား။ အော်လီဗာ ကျောထဲစိမ့်သွားသည်။ ဒုက္ခတွေတော့ ဖြစ်ကုန်တော့မှာပဲ။
တနင်းလာနေ့အထိ စောင့်ကြရင်မကောင်းဘူးလား မီဂန် "
မကောင်းဘူး၊ စဉ်းစားသေးတာပေါ့လေ "
ဖုန်းချလိုက်တော့ အော်လီဗာ့ မျက်နှာပြုံးနေသည်။ ဖေဖေ့ကိစ္စ မီဂန်ပြောတာ မှန်နေမည်လား၊ သို့သော် သည်ဆက်မစသ်းစားချင်တော့။ ဒီအသက်အရွယ်ကြီးနဲ့ မိန်းမယူမယ်ဆိုသည်ကို အော်လီဗာ ဘယ်လိုမှ လက်မခံချင်ပါ။ ရင်တွင် တနုံ့နုံ့ဖြစ်နေသည်။ အော်လီဗာက မီဂန့်ကို လဘူတာသွားကြိုသည်။ ဘောင်းဘီ တိုကလေးနှင့် ကြိုးသိုင်းတိုနှံ့နှံ့ကလေး ၀တ်လာသည်။ အော်လီဗာ့စိတ်ကို ထိန်းထားရသည်။
ကားပေါ်တွင် မီဂန်က ကလူကျီစယ်တော့
တော်ပါတော့ မီရဂန်ရယ်၊ ကိုယ် အဲဒီစိတ်နဲပပဲ ရူးသွားမယ် "
" တမင်ရူးအောင်လုပ်နေတာပဲဟာ "
မီဂန်က ချက်ချင်းအာ၇ုံပြောင်းပြီး စာအုပ်တိုက်ကြောင်းတွေ လမ်းတွေပြောလာသည်။ သူတို့ အိမ်ရောက် မယ်လီဆာနှင့်ဆမ် ရေကူးကန်ထဲရောက်နေပြီ။ မယ်လီဆာက ရေမြှုပ်အိပ်ယာပေါ်တွင် ပြင်သစ်က ၀ယ် လာသော ရေကူးဝတ်စုံသစ်နှင့် ပတ်လက်လှန်လျက်။ ဆမ်က မော်တော်ကား ကျွတ်တစ်လုံးကို ခိုပြီး ရေကူးနေ သည်။
သူတို့အဖေနှင့် မိန်းမချောကလေး တစ်ယောက်ရောက်လာတော့ မောင်နှမနှစ်ယောက် စိတ်ဝင်တစား လှမ်း ကြည့်ကြသည်။ တစ်ယောက်ချင်းနှင့် မီဂန့်ကို မိတ်ဆက်ပေးပြီး နှစ်ယောက်သား အ၀တ်လဲခန်း ဆီသို့ ထွက်ခဲ့ ကြသည်။
ခုမှ ရေကူးဝတ်စုံ ၀တ်ဖို့ မီဂန့်ပြင်ဆင်သည်။ အနမ်းနှုတ်ဆက်ခဲ့ပြီး တံခါးကို အသာဖွင့်သည်၊
" ကန်မှာ ဆုံမယ်နော် "
ဟုပြောပြောဆိုဆို လစ်ထွက်ခဲ့သည်။ စိတ်ထဲတွင် စိုးရိမ်စိတ်တွေ ပိုလျက်။ မယ်လျှီာတစ်ယောက် မီဂန့် တွေ့ လျှင် အထိတ်တလန့်များ ဖြစ်လေမည်လား။ တစ်ဖက်လည်း ပြန်စဉ်းစားကြည့်သည်။ ဒါလောက် ပူစရာ မလိုဘူးထင်ပါတယ်၊ သူလည်း သူ့အမေရဲ့ နှစ်ဆယ့်ငါးနှင့် ချစ်သူကို ကြည်ဖြူခဲ့ပြီပဲ။ မိမိ တွင် အလားတူ အခွင့်မျိုးရှိသင့်သည်လေ။
သည်လို တွေးမိသည်နှင့် တစ်ပြိုင်နက် ဖေဖေ့စကားများကို ပြန်လည်ကြားယောင်လာသည်။ သို့သော် အခြေအနေချင်း က မတူပါချေ။
" ဆမ်ကလေးက မီးဖိုဆောင်တွင် အအေးတစ်ပုလင်းလာရှာခြင်းဖြစ်သည်။ ဖအေကိုမြင်တော့
" ဖေဖေ ဘယ်ပျောက်သွားတာလဲ "
" ကားရုံထဲမှာ ခွတစ်ချောင်းသွားရှာနေတာပါကွာ "
" ဘာလုပ်ဖို့လဲ "
" ဟာ … သေတော့မှာပဲ။ ဘာပြောရမှန်း မသိဖြစ်သွား၏။ သူတို့မရှိတုန်းက ဘာပြဿနာမှ မပေါ်ဘူး၊ ခုပြန်ရောက်မှ မကြံသေးဘူး … စလာပြီ။
အချိုရည်ဘူးကို သူ့အတွက် ငှဲ့ပေးလိုက်ခဲ့ပြီး ရေကူးကန်သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ မီဂန်က ရေထဲ ဆက်နေပြီ၊ ဆံပင်တွေကို မြင့်မြင့်တင်လျက်။ အနီရောင်ရေကူးဝတ်စုံနှင့် ကြည့်လို့ကောင်းလှသည်။ မယ်လီဆာက မိန်းမမျက်နှာကို အကဲခတ်နေ၏။
သူတို့ နှစ်ယောက် စကားမပြောပဲ၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် အကဲ ခတ်နေခြင်းဖြစ်၏။ အော်လီဗာ သည် ကန်ဘောင်ပတ်ပတ်လည်တွင် လျှောက်ကူးရင်း ရင်တမမနှင့် အခြေအနေ ကို စောင့်ကြည့် နေ၏။ ဆမ်ကလေးလည်း အထဲပြန်ရောက်နေပြီ။
" မယ်လီဆာ ရေကူးဝတ်စုံကလေးက လှလိုက်တာနော် "
မီဂန် က စပြီးစကားဆိုသည်၊ တကယ်လည်းလှပါသည်။ ခန္ဓာကိုယ်ကလေးနှင့်ကွက်တိ၊ ပန်းနုရောင် ကလေး။
"ပြင်သစ်က ၀ယ်လာတာလေ "
" ပြင်သစမှာ အရမ်းပျော်စရာ ကောင်းမှာပဲနော် "
" အင်း … ပျော်ပါတယ် "
သူမသိဘူးထင်၍ ကားတိုက်သည့်အကြောင်း ထည့်မပြောတော့။ သူနှင့်မကြာသေးခင်ကမှ သိတာ လို့ ဖေဖေ ကပြောထားသည်မဟုတ်လား။
" မယ်လီဆာ တို့ ပြန်ရောက်တာ နှစ်ပတ်မျှ ရှိသေးသည်လေ "
မီဂန် က မယ်လီဆာဘေးမှဖြတ်ပြီး လျင်မြန် ကျင်လည်စွာ ကူးသွားသည်။ မယ်လီဆာ က ရေမြှုပ်မွေ့ရာပေါ် လျလှပပ ဒိုင်ဇင်ထိုးဆင်းလိုက်ပြီး တစ်ဘက်သို့ ကူးခတ်သည်၊ မိန်းမသား နှစ်ယောက် တို့သည် တစ်ဦးနှင့် တစ်ဦးအင်အားပြိုင်နေကြသည့်အလား၊ တစ်နေ့ လုံး ရေကူးကန် ထဲမှ အခြေအနေမှာ တင်းမာလျက်၊
နေ့လည်စာ စားရင်း မီဂန်က အင်္ဂလန်မှာနေခဲ့ရသည့် ကလေးဘ၀ကို ပြောပြသည်။ မယ်လီဆာက စိတ်ဝင် စားမှု့ လုံးဝမပြ။ ထိုအခါ မီဂန် က ဆမ်နှင့်ရော မယ်လီဆာနှင့် စကားပြောဖို့ ဆက် မကြိုးစားတော့။ သို့သော် မီဂန် ကို သားအဖတစ်တွေအားလုံး ပြန်ပို့ကြသည်။
သည်တော့မှပင် အော်လီဗာ ရင်ထဲ အလုံးကြီးကျတော့သည်။ ကားပေါ်မှအဆင်းတွင် အော်လီဗာကို ချစ်လျှံ မျက်လုံးရွှဲကြီးများဖြင့် စိုက်ကြည့်သွားသည်။
မယ်လီဆာ က ကားပေါ်တွင် မှိန်းပြီး လိုက်လာသည့် ဆမ်ကလေးက အသက်ပြင်းပြင်းရှူကာငြိမ်နေ သည်။
" မီဂန် ကို ဘယ်လို သဘောရသလဲဟင် သမီး၊ မဆိုးပါဘူးနော် "
သည်စကားလုံးများ နှုတ်မှထွက်သွားပြီးပြီးချင်း မှားပြီဟု သိလိုက်သည်။
မယ်လီဆာ သည် မြွေဟောက်မကလေးတစ်ကောင်လို ဖအေဘက်သို့ ပါးပြင်းမောက်မောက် ထောင်ကာ ဆတ်ခနဲ လှည့်လိုက်ပြီး …
" မိန်းမကောင်းတစ်ယောက် နဲ့တော့ မတူဘူး "
" ဟဲ့ သမီး … ဘယ်လိုပြောလိုက်တာလဲ "
" သူ့ရေကူးဝတ်စုံ ကို ဖေဖေ မမြင်ဘူးလား "
" အင်း … ဟုတ်တယ် "
ဆမ်က ရယ်ရယ်မောမောဝင်ပြောသည်။ အစ်မလုပ်သူက ဘုကြည့်လှမ်းကြည့်တော့ ဇက်ကလေး ပုသွား သည်။ အော်လီဗာက မီဂန်ဘက်မှ အယူခံဝင်သည်။
" မီဂန်ဟာ သိပ်တော်တဲ့ မိန်းကလေးကွယ့် "
" ဒါပေမယ့် … သူ့ကလေးတွေကိုတော့ မချစ်တာ သေချာတယ် "
ဆမ် က သူ့အမြင်ကို ဇွတ်ဝင်ပြောသည်။
" သား ဘာကြောင့် ဒီလိုပြောနိုင်တာလဲ "
" ဘာကြောင့်လဲဆိုတော့ သားတို့ကို စကားသိပ်မပြောဘူးလေ၊ ဒါပေမယ့် သူ့ကိုကြည့်ရတာ မဆိုးပါဘူး "
" တော်လဲတော် တယ်၊ မဂ္ဂဇင်းတိုက်တစ်တိုက်ကအယ်ဒီတာလေ "
" အယ်ဒီတာက အယ်ဒီတာပဲ၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကလွဲပြီး ဘာမှဂရုစိုက်မယ့်ပုံမျိုးမဟုတ်ပါဘူး "
ရမ္မက်ခိုးတွေ လျှံနေသည့် သူ့မျက်လုံးတွေကို မယ်လီဆာ အကဲခတ်မိသည်။ သည် မျက်လုံးတွေနှင့် ယောက်ျား တကာ ကို မြှူဆွယ်နိုင်ပေမယ့် မယ်လီဆာကတော့ မုန်းသည်။
အော်လီဗာ သည် အကြောင်းဘာမှဆက်မဆွေးနွေးတော့ ဆမ်ကလေးအိပ်သွားတော့ မယ်လီဆာ သူ့အခန်း ထဲ မှ ထွက်လာသည်။ မျက်မှောင်ကုတ်လျက်။
" ဖေဖေ၊ ရော့ ဒါတွေ ပြန်ပေးလိုက်ပါ၊ သူ့ဟာတွေ မဟုတ်လား။
ဘလောက်အင်္ကျီနှင့် ဘရာစီရာကို ကမ်းပေးသည်။
" သမီး ဘာကြောင့် အတတ်စွပ်စွဲနေတာလဲ "
ခိုးထုပ် ခိုးထည်နှင့် အမိခံရသူလို ဖြစ်နေသည်။ မိမိတွင် ဘာအခွင့်အရေးမှ မရှိရတော့ဘူးလား။
" ဒက်ဖနီ ဟာတွေ လို့ ဖေဖေပြောတယ်လေ "
" ဒက်ဖနီ ဟာတွေ မဟုတ်ပါဘူး၊ မီဂန့်ဟာတွေပါ၊ ဒက်ဖနီထက် ပိုကြီးတယ် "
သမီးလုပ်သူ ကို ကြည့်ပြီး အော်လီဗာ မျက်နှာနီရဲသွားသည်။
" ဒီမယ်၊ မယ်လီဆာ၊ လူကြီးတွေရဲ့ ကိစ္စတစ်ချို့မှာ ကလေးတွေ မပါရဘူး၊ နားလည်လား "
" အဲဒီ မိန်းမ ဟာ မကောင်းတဲ့မိန်းမပဲ "
မယ်လီဆာ ၏ မျက်လုံးတွေ မီးဝင်းဝင်းတောက်နေသည်။ အော်လီဗာလည်း စိတ်ဆိုးလာပြီ။
" အဲဒီလိုမပြောနဲ့၊ မီဂန့်အကြောင်း ညည်းဘာသိလို့လဲ "
" သိလဲမသိချင်ဘူး၊သူကလဲ သမီးတို့ကို ဂရုစိုက်တာမဟုတ် ပါဘူး၊ ခွေးမတစ်ကောင် လိုသွားရည်တများများနဲ့ ဖေဖေ့နောက်ကို လိုက်ကပ်နေတာပဲ၊ ကြည့်လို့ကိုမရဘူး "
ဘာဖြစ်လို့ မီဂန်ကို မယ်လီဆာ တူးတူးခါးခါး မုန်းနေပါလိမ့်၊ စဉ်းစားလို့ မရအောင် ဖြစ်နေသည်။ သမီးငယ် ၏ ဒေါသလေသံများကို နားထောင်ရင်း သူတို့ နှစ်ယောက်၏ ပဋိပက္ခများ အကြောင်း ကို တွေးနေမိ၏။ တစ်ခုတော့ရှိသည်။ မီဂန်သည် မိမိ တစ်ဦးတည်းကိုသာ ဦးစားပေးဆက်ဆံပြီး ကလေးတွေကို ၀တ်ကျေ တမ်းကျေသာ စကားပြောသည်။ မိမိလိုချင်သည်မှာ သည်လိုမဟုတ်ပေ။
" သူဟာ ဖေဖေ့ ရိုးရိုးမိတ်ဆွေ ပဲ၊ သမီး သိပ်ဒေါသကြီးမနေနဲ့ "
" ဖေဖေ တကယ်ပြောနေတာလား " မယ်လီဆာ စိတ်သက်သာရာ ရသွားဟန်ဖြင့် မေးသည်။
" ဘာကို တကယ်ပြောရမှာလဲ "
" ဖေဖေ သူ့ကို ကြိုက်နေတာ မဟုတ်ဘူးလား "
" အင် … သိပ်မသေချာပါဘူး၊ သူ့ကို သဘောတော့ကျပါတယ် "
သည်လို မိန်းမမျိုးက ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူး၊ သူ့ကိုယ်သူပဲချစ်မှာ "
မယ်လီဆာပြောတာ ဟုတ်ကောင်းဟုတ်ပါလိမ့်မည်။
" ကဲပါ … အဲဒီအတွက် ဘာမှစိတ်ပူမနေပါနဲ့ "
မယ်လီဆာ ထွက်သွားတော့ အဖေ့အကြောင်း အော်လီဗာ ခေါင်းထဲ ၀င်လာပြန်သည်။ မာဂရက်ပေါ်တာ ကို အဖေလက်ထပ်ခွင့် ရှိပါလျက် မနာလိုဖြစ်နေသည့် ကလေးတစ်ယောက်လို ကန့်ကွက်မိခြင်း ပါလား။ စင်စစ် မိမိတွင် ဘာမှပြောပိုင်ခွင့်မရှိပါချေ။ မိမိက အဖေ့အတွက် ဘာလုပ်ပေးနိုင်လို့လဲ။ မာဂရက်လို အချိန်မှန် ဆေးတိုက်ပေးနိုင်မလား။ အဖေ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပါစေ။
တယ်လီဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဆက်သည့်အခါ တစ်ဘက်မျ မာဂရက်က ပြန်ထူးသည်။ ရုတ်တ ရက် စိတ်ထဲ ထောင်းခနဲဖြစ်သွားသည်။ သို့သော် ချက်ချင်း ဣနြေ္ဒဆည်လိုက်နိုင်ပြီး အဖေနှင့် စကားပြော ချင်သည်ဟု ပြောလိုက်သည်။
" ဟဲလို … ဖေဖေ လား၊ ဟုတ်ကဲ့ … အဲဒီအကြောင်း ပြောချင်လို့ပါ "
ရှေ့ဆက် ဘာပြောရမှန်းမသိဘဲ ကြောင်နေသည်။
" ဖေဖေ့ကို ကျွန်တော် ချစ်ပါတယ်ဖေဖေ၊ အဲဒါပြောချင်တာပါ၊ ဖေဖေ့အတွက် အကောင်းဆုံးဖြစ်မယ် ထင် တာကို လုပ်ပါ၊ ကျန်တာတွေ ခေါင်းထဲမထားပါနဲ့ သူက ဖေဖေ့ကို ပျော်အောင်ထားနိုင်မယ်ဆိုရင် …"
ပြောရင်း မျက်ရည်တွေ လည်လာသည်။
" ဖေဖေလုပ်စရာရှိတာ ဆက်လုပ်ပါ၊ ဖေဖေဖေပျာ်ရွှင်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါ့ မယ် ဖေဖေ "
တစ်ဘက်မှ ရှိုက်သံသဲ့သဲ့ကို အော်လီဗာ ကြားရသည်။ အာခေါင်တစ်ချက် ရှင်းပြီး ကျေးဇူး တင်ကြောင်း ဂျော့က သားလုပ်သူကို ပြောသည်၊
" မာဂရက်ဟာ သိပ်သဘောပြည့်တဲ့ မိန်းကလေးပါ အော်လီဗာ၊ မေမေနဲ့တော့ နိုင်းလို့မရဘူးပေါ့လေ "
" ဖေဖေ တို့ နှစ်ယောက် ပျော်ရွှင်ပါစေလို့ ကျွန်တော် ထပ်ဆုတောင်းပါတယ် ဖေဖေ "
" ဖေဖေတို့ လက်ထပ်ရင် သားလာမှာလား "
" ဟုတ်ကဲ့၊ လာပါ့မယ် "
" စက်တင်ဘာ ၁၄ ရက်နေ့၊ သား မေ့မနေနဲ့နော် "
အော်လီဗာ ရယ်သည်။ ဖေဖေ့အသံမှာ နုပျိုရွှင်လန်းနေ၏။ သူနှင့်အတူ လိုက်ပျော်နေမိသည်။
ဘာကြောင့် မိမိကိုယ်တိုင် သည်အခွင့်အရေးမျိုး မရှိနိုင်ရမှာလဲ၊ ဘာကြောင့် ချစ်သူ တစ်ယောက်နှင့် အတူတကွ ပျော်ပျော်ရွှင်ရွှင် အခြေမချနိုင်ရမှာလဲ။
စိတ်လက်ပေါ့ပါးသွားသဖြင့် မီဂန်ဆီ တယ်လီဖုန်းဆက်ကြည့်သည်။ အခန်းထဲတွင် သူမရှိ၊ အပြင်ထွက်နေ သည်။ တယ်လီဖုန်းလက်ခံသည့် ကက်ဆက်ထဲသို့ မိမိုဆက်ကြောင်း သတင်းပေး ခဲ့ရပြန်သည်။ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားမိ၏။
သူနှင့် အတူတူ အပျော်ကြီးပျော်ခဲ့သည့် ခုတင်ကြီးပေါ်တွင် တစ်ယောက်တည်း အိပ်ရသည်။
ဇာတ်လမ်း တစ်ခု လုံး မယ်လီဆာပြောသလိုများဖြစ်နေမည်လား။ အိပ်မက်ဆန်သည့် အတွေးများလား။
သို့သော် မီဂန်သည် ဘယ်သူ့ကိုမှ ဟန်ဆောင်ဖုန်းကွယ်၍ ဆက်ဆံတတ်သည့် မိန်းကလေးမျိုး မဟုတ်ပါ ချေ။ သူ့အတွက် ပျော်ပျော်နေပြီး၊ ဘယ်သူ့ကိုမှ မထိခိုက်အောင်နေတတ်သည့် မိန်းကလေးဖြစ် ပါ၏။ ပြီးတော့ သည်ထက် ပိုပြီးဘာမှ မျှော်လင့်သည့် မိန်းကလေးမျိုးလည်း မဟုတ်ပါ။
ကလေးမလိုချင်တာ၊ ယောက်ျား မယူချင်တာကလည်း အနှောင်အဖွဲ့တွေ မထားချင်လို့တဲ့လေ။ သူ့အကြောင်း စဉ်းစားရင်း တော်တော်နှင့် အိပ်မပျော်နိုင်ပဲ မျက်စိတွေကြောင်နေ၏။
နွေရာသီ အချစ်ဇာတ်လမ်းတိုလေးတစ်ခုပြီးများသွားလေပြီလား။ ပျော်ခဲ့ကြသည်မှန်သော်လည်း လက်ရှိ အခြေအနေ တွင် မပျော်နိုင်ကြတော့ပြီ။
မိဂန်သည် မိမိအား စိတ်ရှည်လက်ရှည် စောင့်နေမည့် မိန်းကလေး မဟုတ်ကြောင်း ကိုလည်း အော်လီဗာသိ နေ၏။ ကလေးတွေကလည်း မီဂန်ကို ဘယ်နည်းနှင့်မျှ လက်ခံကြမည်မဟုတ်။
အင်း … မလွယ်လှသည့် အဖြစ်ပါလား။
ဆက်ရန်
.

No comments:
Post a Comment