Monday, May 14, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၄)

" စိမ်းဝေ ကလေး က ကလေးနေရာ နေစမ်း "
" မေမေ ကလည်း "
ဖေဖေ က ရယ်၍ "သူ့အစ်ကိုနဲ့ပဲကွယ်၊ သွားပါစေ၊ သားတို့ နောက်သာ မကျကြနဲ့" ဟုပြောသည်။
စိမ်းဝေ ကိုကိုနင်းသော စက်ဘီး နောက်ထိုင်ခုံမှာ ထိုင်၊ ကိုကို့ ခါးကို ကိုင်၍ ကျေနပ်စွာ လိုက်ပါ သွား ပါသည်။
ကို ဆက်ဖတ်ရန်....

မနှင်းဖွေး (၂)

မင်းဘူးမြို့ ကို ရောက်ကတည်းက ကိုရဲဝင့်နှင့်များ ဆုံနေဦးမလားဟု တွေး၍ မနှင်းဖွေး စိတ်လှုပ်ရှားနေ သည်။
ရွှေစက်တော် ဘုရားပွဲ အမီပြန်မည်ဟု ပြောပြီး ရန်ကုန်က ပြန်သွားခဲ့သူမို့ ရေကြီး၍ ထိခိုက်ပျောက်ရှ သည့် သူတွေထဲမှာ ကိုရဲဝင့်ရော ပါနေဦးမလားမသိ ဟူ၍လည်း စိတ်ပူနေသည်။
တကယ် ပါသွားတာက ပြင်ဦးလွင် အထက်တန်း ကျောင်းသူ ဘ၀တုန်းက မနှင်းဖွေးကို အလွန်ချစ်သည့် ဆရာမ။ ဆရာမ ညီမတွေက မနှင်းဖွေးကို လှမ်းပြောစဉ်က မနှင်းဖွေးလည်း တော်တော် စိတ်ပူသွားခဲ့ သည်။ ဒဏ်ရာရရုံလောက်ပါပဲ။ မင်းဘူး ဆေးရုံမျာ တင်ထားရသည်။ မနှင်းဖွေးပါ လိုက်ခဲ့ပေးပါ ဟု ပြော တော့ မနှင်းဖွေး သူငယ်ချင်း တစ်ယောက်ကို အဖော်ခေါ်၍ စတားဘတ်စ်ကားကြီးစီးပြီး တက်လာ ခဲ့ သည်။

မင်းဘူး ဆေးရုံကတော့ ရုံပြည့် ရုံလျှံ ဖြစ်နေသည်။ တချို့လည်း မကွေးတိုင်း ပြည်သူ့ ဆေးရုံကြီးကို ဆက်ပို့ ရ သတဲ့။
ဆရာမ ကတော့ အခြေအနေ မဆိုးပါ။ ပြေးရင်းလွှားရင်း လဲရာမှ ခြေသလုံး အရိုးသိမ်ကလေးသာ ကျိုး သတဲ့။ အရိုးမကြီးဆိုလျှင် တော်တော်နှင့် လမ်းလျှောက်နိုင်မည့်ပုံစံ မပေါ်။
" ဘောလုံး သမားတွေ ကျိုးနေကျ အရိုးတဲ့ သမီးရဲ့၊ တီချယ်တော့ ပထမဦးဆုံး မြန်မာ မိန်းကလေးဘောလုံး သမားဖြစ်ပြီ "
တီချယ့် ကို အရယ်အပြုံးမပျက် တွေ့ရတော့မှ မနှင်းဖွေး စိတ်အေးရတော့သည်။
တီချယ် က မနှင်းဖွေး ပခုံးကို ကျော်ကြည့်၍ ပြုံးပြသည်။

" အေးအေး သား၊ ဗီရိုပေါ်သာ တင်ခဲ့၊ မင်းမှာလည်း သွေးလှူထားခါစ တီချယ် ကိစ္စတွေ လိုက်လုပ်ပေး နေရတာ၊ နားပါဦး "
လူငယ်တစ်ဦး က လူနာခုတင်ဘေးက ဗီရိုပေါ်က ဆေးပုလင်းများပါသော ကြွပ်ကြွပ်အိတ် တစ်အိတ်ကို လှမ်း တင်သည်။
လူငယ် ၏ မျက်နှာကိုမြင်တော့ မနှင်းဖွေး၏ မျက်ဝန်းညိုညိုကလေးများ ၀ိုင်းစက်သွားပါသည်။
" ဟယ် ကိုရဲဝင့် "
" ဟာ နှင်း၊ ဘယ်လိုလုပ်ပြီး "
တီချယ် က သူတို့မျက်နှာများ ကို အကဲခတ်ပြီး သဘောကျစွာ ၀င်မိတ်ဆက်ပေးသည်။

" သားတို့ သမီးတို့က သိနေကြတာကိုး၊ ဒါ စောစောက ပြောတဲ့ တီချယ့် သမီးလို နေတဲ့တပည့် လိုက် လာလိမ့် မယ် ဆိုတာလေ၊ သမီးရေ မောင်ရဲဝင့်က မင်းဘူးမြို့ခံ လူငယ်တချို့နဲ့ ဒီမှာ လိုတာတွေ လာ ကူညီနေကြတာ၊ တီချယ့်ကို အဖော် မပါဘူးဆိုလို့ မိတ်ဆက်ပြီး လာလုပ်ကိုင် ပေးနေတာ၊ ခုပဲ ခွဲရမယ့် လူ တစ်ယောက် အတွက် သွေးလှူထားသေးတယ်၊ မနားဘူး၊ သမီးသူငယ်ချင်းလား "
" တက္ကသိုလ်မှာ ခင်တာပါ တီချယ် "
မနှင်းဖွေး စကားပြောရင်း လှည့်ကြည့်ရင်းနှင့် ရဲဝင့် ဘေးတွင် အဖော်တစ်ယောက် ပါလာသည်ကို သတိ ထားမိသည်။
အလို။
သိပ်လှတဲ့ မိန်းကလေး တစ်ယောက်ပါလား။

၁၃ နှစ်၊ ၁၄ နှစ်လောက်ပဲ ရှိဦးမည်ထင်သည်။ အနေတော် လတ်သောအသားအရေ ကလေးက တစ်ပြေး ညီ ၀င်းမွတ်နေသည်။
မျက်ခုံး က ထူထူ၊ မျက်လုံးက ၀ိုင်းဝိုင်းဖြောင့်စင်း၍ ရှည်လျားသောမျက်တောင်တို့နှင့်။
လှပါသည် ဟု အများက ချီမွမ်းတာ အမြဲခံရသော မနှင်းဖွေး ကိုယ်တိုင် ပင်လျှင် မှင်တက်ငေးမော ကြည့် ရလောက်အောင် လှလွန်းသည့် မျက်နှာကလေး။ အရွယ်ကလေး မရောက်တရောက်မို့သာပေါ့။ အရွယ် ရောက်ေ တက္ကသိုလ်သာတက်လို့ကတော့ မသိသူ မရှိလောက်အောင် ထင်ရှားဦးမျာ။
ရဲဝင့်က မနှင်းဖွေး အကြည့် ကို ရိပ်မိသွားသဖြင့် လှည့်ကြည့်ပြီး ရယ်ပြသည်။

" ဒါ ညီမလေးလေ၊ စိမ်းဝေတဲ့ "
အို ဟုတ်တာပေါ့ ။
ကို၇ဲဝင့် ဖခင်၏ မယားပါသမီး။ အဲသည့် နာမည်ကို ကိုရဲဝင့် ပြောပြဖူးသည်။ သည်မျှ လှသည့် မိန်းကလေး တစ်ယောက်ဆိုတာတော့ တစ်ခါမှ ပြောမပြဖူးပါ။ အင်းလေ ကလေးက အခုမှ အရွယ်စရောက် တာကိုး။
" လှလိုက်တာ ညီမလေးရယ် "
မနှင်းဖွေး မနေနိုင်ဘဲ မှတ်ချက်ချတော့ ကလေးမလေးက ရှက်ကိုး ရှက်ကန်းနှင့် ရယ်ပြီး မမလည်း သိပ် လှ တာပါပဲ။ ကိုကိုနဲ့ ဘယ်လို ခင်မိသွားတာလဲဟုမေးသည်။
ရဲဝင့် က ရယ်၍ စိမ်းဝေခေါင်းကို မနာအောင် ထုသည်။

" စိမ်းဝေ ရယ်၊ စိမ်းဝေပြောပုံက ကိုကိုက ရုပ်ဆိုးလွန်းလို့ပဲ နှင်းက မပေါင်းသင့်ဘူးလိုလို "
စိမ်းဝေ က လျှာကလေးတစ်လစ် ထုတ်ပြသည်။
မနျင်းဖွေးကတော့ သည်မျှ လှပသည့် မိန်းကလေး တစ်ဦးဘာသွေးသားမှ မတော်စပ်ပါဘဲ ကိုရဲဝင့် ဘေးတွင် တရင်းတနှီး မကြာမီ လူလားမြောက်လာတော့မည်ကို တွေးမိကာ ရင်ထဲတွင် တစ်မျိုး ခံစား နေရပါတော့သည်။

ရဲဝင့် (၄)

ကိုတင်စိုး က စားပွဲပေါ်က ၁၀ တန်ခည်း သက်သက်ပါသော ကြွပ်ကြွပ်အိတ်ထုပ်ကြီးကို ကြည့်၍ စိတ်မသက်သာ စွာ ခေါင်းခါသည်။
" ရဲဝင့်ရာ၊ မင်းကို ငါပေးလိုက်တာ ၇၅ ကျပ်တန်တွေချည်းပဲ၊ မင်း ဘာမှ မသုံးလိုက်ရသေးဘူး ဆိုတာ လည်း ငါအသိ၊ မင်းဟာမင်း ထပ်စုထားတဲ့ ပိုက်ဆံတွေလည်း ဟိုတစ်ခါ ရာတန်တုန်း ကမှ ပြန်ရသေးတယ်၊ ဒီ တစ်ခါ ပလုံသွားတာ ငါအသိ၊ ဒီ ပိုက်ဆံတွေကို ပြန်ဆပ်ဖို့ မပြောနဲ့၊ မင်း ယူထား တဲ့ စက်ဖိုးတောင် ဖြည်းဖြည်းချင်းပဲ ဆပ်တော့လို့ ငါပြောမလို့၊ မင်းက အခု ဒါတွေ ဘာလို့ လာပေး ရတာလဲ "
ရဲဝင့်က စပ်ဖြဲဖြဲ လုပ်ပြသည်။
" အစ်ကို မသိသေး တာ ရှိသေးတယ် "
" ဘာလဲ "
" ရွှေဈေး က ခြောက်ထောင် ဖြစ်သွားတော့ ကျွန်တော် ရွှေရောင်းလိုက်တာ ထင်တာ ထက် မြတ်သွား တယ် "

" မင်း ဘယ်က ရွှေရှိလို့လဲ "
" ဟိုတစ်ခါပြီးကတည်းက နည်းနည်း၊ နည်းနည်း ၀ယ်ထားတာ နှစ်နှစ်နီးနီးရှိပြီဆိုတော့ နည်းနည်း ရှိနေပြီ၊ ဖေဖေ့ဆီကလည်း မေမေ့ ပစ္စည်း ကျန်ခဲ့တာတချို့ သွားယူတယ်၊ အမွေ တောင်းလာတာပေါ့ "
ကိုတင်စိုး က စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
" မိဘ အမွေအနှစ် ရောင်းပစ်ရသလားကွ "
ရဲဝင့် က ပခုံးတွန့်ပြသည်။
" ပညတ်တွေပါ အစ်ကိုရ၊ အမေတောင် ဆုံးရှုံးခဲ့ရသေးတာ၊ အမေ ၀တ်ခဲ့တဲ့ ရွှေကျမှ နှမြောစရာလား၊ ဒီလို မျိုးကြီးထဲမှာ ကျွန်တော့်ကို အဘက်ဘက်က ကူညီခဲ့၊ သင်ပေးခဲ့တဲ့ အစ်ကို ဆုံးရှုံးရတာတွေ များတဲ့အပြင် ကျွန်တော့်ကို ပေးလိုက်တာတွေလည်း ဆုံးရှုံးရပြီလို့ ထင်နေရရင် ကျွန်တော်လည်း လုပ်ငန်း ကံမကောင်းနိုင် ဘူး၊ ဒါကြောင့် အစ်ကိုငွေကို ချက်ချင်း ပြန်ဆပ်တာ၊ အမေရှိရင်လည်း အမေက သူ့သား ကို အဲလိုပဲ ဖြစ်စေ ချင်မှာ " ကိုတင်စိုးက သက်ပြင်းချသည်။

" ငါလည်း မင်းစိတ်ဓာတ်ကို ချီးကျူးပါတယ်၊ ဒီငေါတွေ မင်းမှာ ဘယ်လောက် ခက်ခဲရတယ်ဆိုတာ သိပေမယ့် လည်း ယူရမလို ဖြစ်နေပြီ၊ ကျန်တဲ့ ငါ ရစရာရှိတဲ့ နေရာတွေက လူတွေက မင်းလို မဟုတ်ဘူး ကွ၊ မရှိဘူးပဲ ပြောကြတော့တာ၊ အေးလေ စက်ဖိုးတော့ မင်း နှစ်ပေါက်သာ စောင့်ဆပ်တော့ ဟုတ်ပြီလား "
ရဲဝင့်က မချိပြုံး ပြုံး၍
" စိတ်ချ အစ်ကို၊ မြတ်မှ အမြတ်ထဲက ဆပ်ရမှာ။ မြတ်ပါစေသာ အစ်ကို ဆုတောင်းပေး" ဟုဆိုသည်။
" ကျောင်းရော ဘယ်လို လုပ်ထားလဲ "
" ဒီတစ်ခါ ပြန်ဖွင့်ရင် ဖိုင်နယ်ပဲ အစ်ကို၊ ဒီတစ်နှစ်တော့ ဒီလိုပဲ ပြီးသွားမှာပါ၊ ဘွဲ့ကတော့ ရသွားမှာပဲ၊ ပုံတော့လည်း တကယ် မဆွဲတတ်သေးဘူးပေါ့၊ ပြီးမှ ဆက်လေ့လာရမှာပဲ "
ကိုတင်စိုး က ခေါင်းတဆတ်ဆတ် ညိတ်သည်။

" ကောင်မလေးလည်း ပြီးတော့မှာ မဟုတ်လား၊ ယူဖို့ရော ဘယ်လို စီစဉ်ထားသလဲ "
ရဲဝင့် မျက်လုံးပြူး၍ အစ်ကိုပြောတာ နှင်းကိုလားဟု မေးသည်။
" အေးလကွာ၊ မင်း တွဲနေတာကြာလှပြီ "
ရဲဝင့် သက်ပြင်းချ ၍ ခေါင်းခါသည်။
" နှင်းက သူငယ်ချင်းပါ အစ်ကိုရာ၊ အမေက မရှိ၊ တစ်ကောင်ကြွက်လို ဖြစ်နေလို့ မိန်းကလေး သူငယ်ချင်း တစ်ယောက် ရင်းရင်းနှီးနှီး တိုင်တိုင်ပင်ပင် ရထားတာ စိတ်ချမ်းသာပြီး တွဲနေတာ၊ ရည်းစား မဟုတ် ပါဘူး "
ကိုတင်စိုး က မျက်လုံးပြူးပြသည်။

" မဟုတ်သေးလည်း ဟုတ်လိုက်တော့လေကွာ၊ မင်းဟာက ဒီကောင်မလေးနဲ့မှ မဟုတ်ရင် ဘယ်သူ့ သွား ဟုတ် မလဲ "
ရဲဝင့် ခေါင်းခါသည်။
" အချစ် ဆိုတာ ရှိလား မရှိလား မသိပါဘူး အစ်ကိုရာ၊ အချစ်ဆိုတာ ပါရင်တော့ ရင်ထဲမှာ နွေးခနဲ ဒိတ်ခနဲ တော့ ဖြစ်ရမယ်ထင်တာပဲ၊ နှင်းနဲ့က မဖြစ်ဘူး၊ တော်ကြာ မချစ်ဘဲ ချစ်တယ် ပြောမိတာမျိုးဖြစ်မှာ ကြောက် တယ်"

" မင်းဟာ ကလည်း နှင်းနဲ့က နွေးခနဲ ဒိတ်ခနဲ မဖြစ်ဘူးဆိုတော့ တခြားမိန်းကလေးနဲ့ ဖြစ်နေတာမျိုးများ ရှိလို့လား "
ရဲဝင့် က ကိုတင်စိုးမျက်နှာကို ကြောင်တက်တက် ပြန်ကြည့်သည်။
" အင်း ရှိတယ် ပြောလည်း ခက်၊ မရှိဘူး ပြောလည်း ခက် မသိတော့ပါဘူး အစ်ကိုရာ "
ရဲဝင့် လေးကန်သော ခြေလှမ်းများနှင့် ထထွက်သွားပါတော့သည်။

စိမ်းဝေ (၃)

စိမ်းဝေ ၉ တန်း စတက်ကတည်းက ရန်ကုန်ပြန်သွားသော ကိုကိုသည် စိမ်းဝေ ၁၀ တန်း ဖြေပြီးသည် အထိ ပြန်မလာ။
နောက်ဆုံးနှစ် စာမေးပွဲ ဖြေနိုင်ကြောင်းတော့ စာရေးသည်။ စိမ်းဝေ ၁၀ တန်းဖြေနိုင်လားဟု မေးသည်။ စက္ကူစက် ကလေးက မိတ်ရလာသဖြင့် ကြွေးကျေအောင် ကြိုးစားနေရသတဲ့။ ဟုတ်မှာပါ။ ကိုကိုနှင့် တစ်ခါ မှ သိပ်ကြာကြာ အတူတူ မနေရသော်လည်း ကိုကို့စိတ်ကို စိမ်းဝေ သိသည်။ သူ့ကို အားကိုး၍ အလုပ် အပ်ချင် သူတွေကို တစ်ယောက်ယောက်နှင့် ခဏထားခဲ့ပြီး ထွက်လာမည့် လူစားမျိုး မဟုတ်။ ငွေထက် ယုံကြည်ခံရ မှုကို ဦးစားပေးမည့် သူမျိုးဖြစ်သည်။ ယုံကြည်ခံရမှု၏ အရှေ့မှာ မိသားစု ကိုလည်း ထားမည့် သူ မဟုတ်။

မိသားစု
ဘုရားရေ။ တကယ်တော့ ကိုကို့ မိသားစုအစစ်က ဖေဖေ တစ်ယောက်တည်းသာ မဟုတ်ပါလား။ စိမ်းဝေ တို့ကို ဘယ်လို လုပ် မိသားစုလို့ ပြောမှာတဲ့လဲ။
စိမ်းဝေ မျက်ရည် စို့လာသည်။ မဟုတ်သေးဘူးလေ။
စိမ်းဝေ ကို တာဝန်ယူနိုင်ဖို့ ကိုကို ကြိုးစားနေတာတဲ့။ ကိုကို ပြောသွားတာပဲ။ သူ ငါ့ကို မိသားစုလို တကယ် သဘောထား လို့ပေါ့။
မိသားစု လို တကယ် သဘောထားရင် ခဏဖြစ်ဖြစ်တော့ တစ်ခေါက်ပြန်လာပါ ကိုကိုရယ်ဟု ညည်းတွားမိ သည်။ ရန်ကုန်မှာလည်း တက္ကသိုလ်တွေ ပိတ်ပြန်သတဲ့။ တော်သေးတာပေါ့။ ကိုကို က ကျောင်းပြီးသွားလို့။ စပိတ်တာက ကိုကိုတို့ ကျောင်း။ နောက်ပိုင်း ကျတော့ မမနှင်း တို့ဘက် တွေလည်း ပိတ်ရသတဲ့။ မမနှင်း ကတော့ ကျောင်း ပြီးလို့ ပြင်ဦးလွင် ပြန်ရောက်နေပြီ။
ဇွန်လ နောက်ပိုင်းမှာ ရန်ကုန်ဘက်က သတင်းများက တဖြည်းဖြည်း စိတ်ပူစရာ ဖြစ်လာသည်။ မင်းဘူးက ဘာမှ သိပ်မထူးခြား။ မကွေးဘက် ကမ်းမှာလည်း ဘာမှ ထူးခြားမှု သိပ်မရှိ။
ဖေဖေ ကတော့ မိုးလင်းစ ကတည်းက ရေဒီယိုတစ်လုံးကို လိုင်းပေါင်းစုံ ပြောင်းဖမ်း၍ အလုပ်ရှုပ်နေ သည်။

" သားကလည်း ပြန်လာတာ မဟုတ်ဘူး "
တစ်ခါတလေလည်း အဲသလို မြည်တွန် တောက်တီးသည်။
ဆင်ဖြူကျွန်း က မေမေ့ အမျိုးတွေလည်း တက်လာသည်။ မေမေနှင့် စိမ်းဝေကို လာခေါ်တာတဲ့။ မင်းဘူး မှာ ဘာမှ ထူးထူးခြားခြား အပြောင်းအလဲ မရှိတာကို မျက်မြင်တွေ့ရတော့မှ စိတ်ချပြီး ပြန်သွားကြသည်။
စိမ်းဝေ ကတော့ တစ်နေ့သုံးကြိမ်လောက် ဘုရားရှိခိုးပြီး ကိုကို ဘေးကင်းပါစေဟု ဆုတောင်းသည်။
နောက်ပိုင်း စာအဆက်အသွယ် ပြတ်တောက် သွားတော့ " ရှင်ပင် စက္ကတဲ" ဘုရား မှာ ကျောက်တုံးတောင် သွားမသေးသည်။
ကိုကို ဘေးကင်းလျှင် ကျောက်တုံး ပေါ့ပါစေပေါ့။
ကျောက်တုံး က ပေါ့ပေမယ့်လည်း စိမ်းဝေရယ်က လေးမြဲလေးနေသည်။

ရဲဝင့် (၅)

ရဲဝင့် ၀င်လာသော လူနှစ်ဦးကို မော့ကြည့်သည်။
တစ်ဦးက မျက်နှာစိမ်း၊ တစ်ဦးကတော့ ကိုတင်စိုးစက်မှာ ခဏခဏ ဆုံဖူးသည်။ နာမည်တော့ မေ့တေ့တေ့။
" ညီလေးရေ၊ နည်းနည်း ရနိုင်မလား၊ ကိုစိုးစက်မှာ ပြတ်နေလို့ "
ရဲဝင့် က လက်ထဲက စာအုပ်ကို လှန်လှောကြည့်သည်။
" နည်းနည်းတော့ ရမယ် အစ်ကို၊ အများကြီးတော့ မရှိတော့ဘူး "
" ရသလောက်ပေါ့ကွာ၊ ဒီရက်ထဲတော့ လက်မလည်ဘူးဟေ့ "
ရဲဝင့် က ရယ်၍ အလုပ်သမား တစ်ဦးကို ခေါ်ပြီး လက်ကျန် အနေအထားတွက်ချက်ခိုင်းသည်။ နောက် တစ်ဦး ကို အနားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် နှစ်ခွက် သွားဝယ်ရန် လွှတ်လိုက်သည်။

" ညီလေးရာ ဘယ်မှ မသွားဘူးလား "
ပါလာ သည့် မျက်နှာစိမ်း ဧည့်သည်က ရင်းရင်းနှီးနှီး ဟန်ပန်နှင့် မေးသည်။ ရဲဝင့်က ပခုံးတွန့်ပြသည်။
" ဒီမှာပဲ နေ၊ ဒီမှာပဲ အိပ်ရတာပဲ၊ အလုပ် မဆင်းတဲ့ လူတွေက အများကြီးပဲလေ၊ အလုပ်ကလည်း မပြတ်တော့ ကိုယ်စောင့်နေမှ ပြေလည်တယ် "
ဧည့်သည် မျက်နှာက အလိုမကျဟန် ပေါ်လာသည်။
" အဲဒါပြောတာ မဟုတ်ဘူးလေကွာ၊ အစ်ကိုတို့လို မထွက်ဘူးလားလို့ "
ရဲဝင့် ခေါင်းခါသည်။

" သိပ်နားမလည်ဘူး အစ်ကိုရာ၊ ကျွန်တော် သိပ်နားမလည်တဲ့ အလုပ် ကို ယောင်တောင်ပေါင်တောင် နဲ့တော့ သွား မလုပ်ချင်ဘူး "
" ညီလေး က ညီလေးနဲ့ မဆိုင်ဘူးလို့ ထင်တာလား "
မျက်နှာသိ ဧည့်သည် က ဟန့်သလို လက်ထောင်ပြသည်။ ရဲဝင့်ကတော့ ဒုတိယအကြိမ်သာ ပခုံးတွန့်ပြသည်။
" ဒါ လူတိုင်းနဲ့ဆိုင်တဲ့ ကိစ္စပဲ ညီလေးရေ "
" လူတိုင်း နဲ့ ဆိုင်တဲ့ ကိစ္စတွေ အများကြီးပဲ၊ အဲဒါတွေ အားလုံးကို လူတိုင်းကတော့ လုပ်မနေပါဘူး၊ ကျွန်တော့် သဘော ကတော့ ကိုယ်နားလည်တာဆိုရင် လုပ်တယ်၊ ကိုယ် နားမလည်တာဆိုရင် မလုပ်ဘူး "
ဧည့်သည်မျက်နှာနည်းနည်းနီလာသည်။
" ကဲ မင်း နားလည်တာက ဘာလဲ၊ ပြောပြပါဦး "
ခေါ် လာသူက မျက်နှာ ပျက်စ ပြုနေသော်လည်း ရဲဝင့်က မျက်နှာမပျက်ဘဲ ခပ်အေးအေးပင် ဖြေသည်။

" ကျွန်တော် နားလည်တာက ကျွန်တော်တို့ မိသားစုက ဆင်းရဲတယ်၊ သိပ်အဆင်းရဲကြီး မဟုတ်ပေ မယ့် ဖေဖေ့ အသိပညာ၊ ကျွန်တော့် အသိပညာနဲ့ ထိုက်ထိုက်တန်တန် မနေနိုင်လောက်အောင် ဆင်းရဲ တယ်၊ အဲဒါကို အသင့်အတင့် ရှိလာချင်ရင် ကျွန်တော် အလုပ်ကြိုးစားရမယ်၊ ဒါပဲ "
" ပိုက်ဆံရှာတာပဲ စိတ်ဝင်စားတယ်ပေါ့ ဟုတ်လား "
" ဟုတ်တယ်၊ တစ်ခုတော့ ရှိတယ်၊ ငါးပါးသီလတော့ လုံချင်တယ်၊ ငါးပါးသီလ ကျိုးမှရမယ့် ပိုက်ဆံတော့ မလို ချင်ဘူး "
ဧည့်သည် မျက်နှာ အနည်းငယ် ပြေလျော့သွားသည်။

" အေးလေ၊ ဘာပဲဖြစ်ဖြစ် တစ်မျိုးကောင်းပါတယ်၊ ညီလေးက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲ ခိုင်ခိုင် မာမာ နေတတ်တယ်၊ ဒါလည်း လေ့လာစရာတွေ ကျန်နေသေးတာကိုး၊ လေ့လာရင်းက ပို လုပ်ချင်လာ တာတွေ ရှိတော့ တစ်မျိုးပေါ့ ဟုတ်လား "
ရဲဝင့် တတိယ အကြိမ် ပခုံးတွန့်ပြမိပါသည်။

ဆက်ရန်
.

No comments: