Monday, May 14, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁၇)

"အလျင် ထမင်းချက်ပဲ နဲ့ တူတယ်"ဟု ရောဘတ်က ဟင်းထပ်ထည့်ပေးခိုက်တွင် သူက ပြော သည်။ "အင်္ဂလန် တစ်တိုင်းတစ်ပြည်လုံးမှာ အကောင်းဆုံး ထမင်းဟင်း ရနိုင် တဲ့ နေရာဆို လို့ ဟောဒီ မန်ဒါလေ တစ်နေရာ ပဲ ကျန်တော့တယ်လို့ ဘီးကို မကြာခဏ ပြောပြ ရတယ်။ ဟောဒီဟင်းကလဲ အလျင်လက်ရာ ပဲ" "အချိန်ကာလအားလျော်စွာ ထမင်းချက်တွေ ကို ကျွန်တော်တို့ လဲပစ်နေတာပဲ။ ဒါပေမဲ့ ထမင်းဟင်းစံ ချိန် ကိုတော့ ပျက် မသွားအောင် အမြဲထိန်းထားတယ်။ မစ္စက်ဒင်ဗာ က ဟင်းစပ်တွေ အားလုံးကို ထိန်း သိမ်း ထားတာ။ အစပ်တည့်အောင် ဘယ်လိုပြင်ပြီး ဘယ်လိုချက်ရမယ်ဆိုတာ ထမင်းချက်တွေကို အမြဲ ပြောပြတယ်" မက်ဇင်မ် က ဝင်ပြောသည်။ ကို ဆက်ဖတ်ရန်.....

"တကယ့်မိန်းမကြီး... အဲဒီမစ္စက်ဒင်ဗာဟာလေ..."ဟု ဂျိုင်းလ်စ်က မှတ်ချက်ချသည်။ ပြီးတော့ ကျွန်မ ကို လည်း လှမ်းမေး လိုက်သေးသည်။ "ဟုတ်တယ်နော်... မင်းရော ဘယ်လိုထင်သလဲ"
"အို... ဟုတ်ပါတယ်ရှင် ... မစ္စက်ဒင်ဗာဟာ အံ့သြစရာကောင်းတဲ့ အမျိုးသမီးကြီးတစ်ဦးပါပဲ"
"ဒါပေမဲ့ ဆီဆေးပန်းချီကားတွေတော့ သူ မဆွဲပါဘူးနော်..."ဟု ဂျိုင်းလ်စ်က ပြောရင်း ကျယ်ကျယ် လောင်လောင်ကြီး ရယ် ချ လိုက်သည်။ ဖရင့်ခရော်လေက ဘာမျှ မပြော။ မော့ကြည့် လိုက်တော့ ကျွန်မ ကို ကြည့်ရှု အကဲခတ်နေသည့် ဘီယက်ထရစ်ကို တွေ့ရသည်။ သူက တစ်ဖက် သို့ မသိမသာ ပြန်လှည့်သွားပြီး မက်ဇင်မ်နှင့် စကားပြောနေသည်။

"ဂေါက်သီးရော ကစားပါသလား မစ္စက်ဒီဝင်းတား"
ခရော်လေ က ကျွန်မကို မေးခြင်းဖြစ်သည်။
"ကျွန်မ မကစားတတ်ပါဘူး"
ကျွန်မ ကိုယ်တိုင် ဂေါက်သီးအကြောင်း နားမလည်သော်လည်း မစ္စက်ဒင်ဗာ အကြောင်း ပျောက်သွားသ ဖြင့် ဝမ်းသာရသေးတောသည်။ ထို့ကြောင့်လည်း ဂေါက်သီးအကြောင်းကို ခရော်လေ ပြောချင်သ လောက် ပြောပါစေတော့ဆိုတာ နားထောင်နေလိုက်ပါသည်။ ထမင်းစားပြီး အချိုပွဲ များ လိုက်နေ သည်။ သည်နေရာကနေ ဘယ်လိုလုပ်ထရလျှင် ကောင်းမည်နည်းဟု ကျွန်မ တွေးနေ မိ သည်။ မက်ဇင်မ်ကို လှမ်းကြည့်လိုက်တော့လည်း နေရာမှ ထဦးမည့် အရိပ်အယောင် မပြ။

ဂျိုင်းလ်စ်က နှင်းခဲတွေဖုံးနေသည့် မော်တော်ကားတစ်ဦးကို ခက်ခက်ခဲခဲဖြင့် သူတို့ဘယ်လိုတူးဖော်ယူ ကြရသည့်အကြောင်း ကျွန်မကို ပြောပြနေပြန်ပါသည်။ သူ ပြောပြနေသည်ကို ကျွန်မ ကောင်းစွာ သဘောမပေါက်ပါ။ သို့သော်လည်း ယဉ်ကျေးသိမ်မွေ့သည့် အမူအရာဖြင့်ပင် နားထောင်နေရတော့ သည်။ ခေါင်းညိတ်ပြတန်ပြ၊ ပြုံးတန်ပြုံး၊ ရယ်တန်ရယ်ပြရသည်။ စားပွဲစွန်းတွင် မက်ဇင်မ်လည်း စားသောက်ပြီး သွားပြီဖြစ်ကြောင်း တွေ့ရသည်။ ဂျိုင်းလ်စ်က သူ့စကားကို ခဏနားလိုက်သည်။ မက်ဇင်မ် ကို ကျွန်မ လှမ်းကြည့်သည်။ တံခါးပေါက်ဆီသို့ သူ့ခေါင်းကို လှည့်လိုက်သည်။
ထိုင်ရာ မှ ကျွန်မ ဗြုန်းကနဲ ထရပ်လိုက်မိသည်။ ဗြုန်းကနဲ ထရပ်လိုက်သောကြောင့် စားပွဲနှင့်တိုက်မိပြီး စားပွဲ သွက်သွက်ခါ သွားသည်။ ဂျိုင်းလ်စ်၏ဝိုင်အရက်ခွက်မှာ စောင်းပြီး လဲကျသွားသည်။
"အလို... ဘုရား... ဘုရား..."
ကျွန်မ က အယောင်ယောင်အမှားမှား အော်မိသည်။ ရုတ်တရက် ဘာလုပ်ရမှန်းလည်း မသိ။ ထို့ကြောင့် လက်သုတ်ပဝါ ကို မမီမကမ်း လှမ်းဆွဲယူမိသည်။

"ထားလိုက်လေ... ဖရစ် လာရှင်းမှာပေါ့... ပိုပြီး ပေကျံကုန်လိမ့်မယ်။ မမရေ... သူ့ကို ပန်းခြံထဲခေါ်သွား ပါလား... သူလဲ ဒီခြံထဲမှာ ဘာမှမကြည့်ရသေးဘူး"ဟု မက်ဇင်မ်က ဝင်ပြောသည်။
မက်ဇင်မ် ကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနွယ်နေပုံရသည်။ သည်ဧည့်သည်တွေတစ်ယောက်မှရောက် မလာလျှင် ကောင်းမှာပဲဟု ကျွန်မ တွေးမိပါသည်။ တကယ်ဆိုတော့ ကျွန်မတို့လင်မယားနှစ်ယောက် လွတ်လွတ်လပ်လပ်နေရမည့် နေ့ရက်ကလေးတစ်ခုကို သူတို့လာရောက်ဖျက်ဆီးပစ်လိုက်ခြင်းနှင့် အတူတူဖြစ်ပါသည်။ ကျွန်မ တို့မှာ ခရီးရောက်မဆိုက်သာ ရှိသေးသည်။ သည်လိုအချိန်မျိုးမှာ ယခုလို ဧည့်ခံရခြင်း သည် ပင်ပန်းလွန်းလှသည်က ပိုပြီး မှန်ပါသည်။ ကျွန်မတို့ ပန်းခြံထဲသို့သွားဖို့ မက်ဇင်မ် ပြောပုံ မှာ စိတ်အနှောင့်အယှက်ဖြစ်သွားသည့်ပုံမျိုး ဖြစ်နေသည်။ ကျွန်မကလည်း အသုံးမကျ လိုက် သည့်ဖြစ်ခြင်း။ ဂျိုင်းလ်စ်၏ဝိုင်အရက်ခွက် မှောက်သွားရသည်အထိ နမော်နမဲ့နိုင်လွန်းလှသည်။
ဘီယက်ထရစ်နှင့် အတူ အိမ်ပြင်သို့ ထွက်လာကြသည်။ ကုန်းလျှောကလေးမှ တစ်ဆင့် မြက်ခင်းစိမ်း စိမ်းနုနုကလေး ရှိရာသို့ လျှောက်လာကြသည်။

"မန်ဒါလေ ကို စောစောစီးစီး ပြန်လာကြတဲ့အတွက် ညီမလေးကို မမ သနားမိပါတယ်။ အီတလီမှာ သုံး လေးလလောက် ဆက်နေဖို့ ကောင်းတယ်။ နွေရာသီအလယ်ပိုင်းလောက်ကျမှ ပြန်လာရောပေါ့။ မက်ဇင်မ် လဲ ကောင်းကောင်းကျန်းမာသွားမယ်။ ညီမလေးလဲ ဒီမှာ သိပ်စိမ်းမနေတော့ဘူး။ အားလုံး နဲ့ ဗြုန်းဗြုန်းဒိုင်းဒိုင်းကြုံရတာ ဆိုတော့ အရာရာမှာ သိပ်အာရုံစိုက်နေရတာပေါ့"
"ကျွန်မ ဒီလို သဘောမထားပါဘူး မမရယ်... မန်ဒါလေကို ကျွန်မ သဘောကျသွားမှာပဲဆိုတာ သိနေပါ တယ်"
သူက ဘာမျှပြန်မပြောပါ။ မြက်ခင်းပေါ်မှာ ကျွန်မတို့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။
"ညီမလေး အကြောင်း နည်းနည်းပါးပါး ပြောပြစမ်းပါဦး"ဟု နောက်ဆုံးတွင် သူက ပြောသည်။ "ပြင်သစ် ပြည်တောင်ပိုင်းမှာ မင်း ဘာတွေလုပ်နေခဲ့တယ်ဆိုတာပေါ့။ ဟို... လန့်စရာကောင်းတဲ့ အမေရိကန် အဘွားကြီး တစ်ယောက် နဲ့ အတူတူနေတယ်လို့ မက်ဇင်မ်က ပြောတယ်"

မစ္စက်ဗန်ဟော့ပါး အကြောင်း ကျွန်မ ရှင်းပြပါသည်။ ပြီးတော့ မက်ဇင်မ်နှင့် ကျွန်မ၏ ဇာတ်လမ်း စတင် ဖြစ်ပေါ်လာပုံကိုလည်း အမှန်အတိုင်း ရိုးရိုးကလေး ရှင်းပြလိုက်ပါသည်။ ဘီယက်ထရစ်၏ မျက်နှာပေါ် တွင် ကရုဏာရိပ်ကလေး ပေါ်လာသည်ကို မြင်တွေ့လိုက်ရပါသည်။ သို့သော်လည်း ထင်ထင် ရှားရှား ကြီးကား မဟုတ်။ တစ်စုံတစ်ရာကို သူ တွေးနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
"အင်း... မင်းပြောတဲ့အတိုင်းဆိုရင်တော့ ဒီအဖြစ်အပျက်တွေ အားလုံးဟာ ဗြုန်းစားဗြင်းစားကြီး ဖြစ် ကုန်ကြတာ ကိုး... ဘာပဲဖြစ်ဖြစ် မမတို့အားလုံးကတော့ ဝမ်းသာကြပါတယ် ညီမလေးရယ်... မင်း စိတ် ချမ်းသာ ရပါလိမ့်မယ်လို့ မမ မျှော်လင့်ပါတယ်"
"ကျေးဇူးတင် ပါတယ် မမရယ်။ မမကို အရမ်းကျေးဇူးတင်ပါတယ်"

ကျွန်မ စိတ်ချမ်းသာရမည် ကို သူ သိပါသည်ဟု ပြောရမည့်အစား "စိတ်ချမ်းသာရလိမ့်မယ်လို့ မျှော်လင့် ပါတယ်"ဆိုသောစကား ကို ဘာကြောင့်ပြောသနည်းဟု ကျွန်မ တွေးကြည့်နေမိသည်။ သူသည် ကြင်နာ တရားတတ်သူ ဖြစ်သည်။ ရိုးသားသည်။ သူ့ကို ကျွန်မ အများကြီး သဘောကျသွားပါသည်။ သို့သော် လည်း သူ့လေသံထဲက တစ်စုံတစ်ရာကလေးတစ်ခုက ကျွန်မကို စိုးရိမ်စိတ်ပွားနေမိပါသည်။
"ဒီအကြောင်းတွေ နဲ့ပတ်သက်ပြီး မက်ဇင်မ်က မမဆီ စာရေးပြောတုန်းက..." ဘီယက်ထရစ်က ကျွန်မ ၏လက်မောင်း ကို ဆုပ်ကိုင်လိုက်ရင်း ဆက်ပြောပြန်ပါသည်။
"ပြင်သစ်ပြည်တောင်ပိုင်း မှာ မင်းကို သူ တွေ့ကြောင်း ပြောပါတယ်။ ပြီးတော့ မင်းဟာ အသက်သိပ် ငယ်ကြောင်း၊ သိပ်လဲ လှကြောင်း ရေးလိုက်တယ်။ အဲဒီစာဖတ်လိုက်ရတော့ မမ တုန်လှုပ်သွားမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပိုင်းမှာ တွေ့ရတတ်တဲ့ မိန်းမငယ်ငယ်လေးတွေဟာ များသောအားဖြင့် ပျံတံတံ နန့်တန့်တန့်အစားတွေ ထဲက ဖြစ်တတ်ကြတယ်။

သိပ်ခေတ်ဆန်ပြီး အခြယ်အမှုန်းတွေကလဲ များတတ်တယ်။ ဒီနေ့လယ် ထမင်းမစားခင် နံနက်ခန်းထဲကို ဝင်လာတဲ့ ညီမလေးကိုလဲ မြင်လိုက်ရော... မမဟာ ငှက်မွေးလေးတစ်ပင်နဲ့ အလဲရိုက်အချခံလိုက်ရသလို ခံစားလိုက်ရတယ်"
ထိုစကားပြောပြီး သူက ရယ်သည်။ ကျွန်မကလည်း သူနှင့်ရောပြီး ရယ်မိပါသည်။ သို့သော်လည်း ကျွနမ၏ရုပ်ဆင်းရူပကာကို မြင်ရခြင်းအားဖြင့် သူ စိတ်ကျေနပ်သည် မကျေနပ်သည်ကိုလည်းကောင်း၊ စိတ်သက်သာမှု ရသည် မရသည်ကိုလည်းကောင်း ထုတ်ဖော်ပြောဆိုခြင်းကား မရှိပါ။

"သိပ်ကို သနားစရာကောင်းတဲ့ မက်ဇင်မ်... အင်မတန် တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ အချိန် ကာလတွေ ကိုပဲ သူ ဖြတ်သန်းကျော်လွှားခဲ့ရတယ်။ ဒီအကြောင်းတွေ သူ မေ့ပျောက်သွားအောင် မင်း က ဖန်တီးပေး လိုက်နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။ ဒီမန်ဒါလေ စံအိမ်ကြီးကိုလဲ သူ သိပ်မြတ်နိုး တယ်ကွယ်"
အတိတ်ကာလတုန်းက အဖြစ်အပျက်များကို ယခု သူ ပြောပြနေသလိုပင် အေးအေးသက်သာပြောပြ မည်ဆိုလျှင် ဘယ်လောက်ကောင်းမည်နည်းဟု ကျွန်မတွေးမိပါသည်။ ကျွန်မ မသိလိုသောအကြောင်း၊ မကြားလိုသော အကြောင်းများကိုပါ ယခုလို အေးအေးသက်သာ ပြောပြလိုသည့် စိတ်ကူးပေါက်သွား စေချင်ပါသည်။

"သူနဲ့ မမ က အကျင့်စရိုက်ချင်းတော့ မတူဘူးပေါ့ကွယ်... တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို ကွာ ပါတယ်။ မမ ခံစားရတာတွေအားလုံး မမ မျက်နှာပေးမှာ ပေါ်တယ်။ လူတွေကို မမ သဘောကျ လို့ဖြစ် စေ သဘောမကျလို့ဖြစ်စေ စိတ်ဆိုးတာပဲဖြစ်စေ ကျေနပ်တာပဲဖြစ်စေ ဘာမှ ဖုံးကွယ် မထားတတ်ဘူး။ ဟန်မဆောင်တတ်ဘူး။ မက်ဇင်မ်ကတော့ ဒီလိုမဟုတ်ဘူး။ အင်မတန် နှုတ်ဆိတ်တယ်။ အင်မတန် မျို သိပ်နိုင်တယ်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သိဖို့မလွယ်ဘူး။ မမကတော့ ဘာ မဟုတ်တာ ကလေးနဲ့လဲ ပေါက်ကွဲတတ်တယ်။ ပြီးတော့လဲ မေ့ပစ်လိုက်တာပဲ။ မက်ဇင်မ်ကတော့ တစ်နှစ်မှာ တစ် ခါ နှစ်ခါလောက် ပေါက်ကွဲတတ်တယ်။ သူ ပေါက်ကွဲပြီဆိုရင် မလွယ်တော့ဘူး။ ညီမလေး အပေါ်မှာ တော့ ဘယ်တော့မှ ပေါက်ကွဲမှာမဟုတ်ပါဘူးလေ...။ ညီမလေးက အေးချမ်းပြီး အဆိပ်အတောက် ကင်းတယ် မဟုတ်လားကွယ်"

ဘီယက်ထရစ်က ပြုံးရင်း ကျွန်မ၏လက်မောင်းကို ညှစ်လိုက်ပါသည်။ ကျွန်မက သူပြောလိုက်သည့် "အေးချမ်းပြီး အဆိပ်အတောက်ကင်းတယ်"ဟူသော စကားလုံးကို စဉ်းစားနေမိသည်။ သည်စကားကြီး ကို ကြားရတော့ စိတ်ချမ်းသာမိသည်။ နေသာထိုင်သာ ရှိမိသည်။ အေးချမ်းပြီး အဆိပ်အတောက်ကင်း သူမှာ အရာရာ တွင် အေးချမ်းလျက်၊ အပြစ်ကင်းမဲ့လျက်၊ ပူပင်သောကကင်းမဲ့လျက်၊ သံသယစိတ်များ ဇဝေဇဝါစိတ် များ၏ အထုအထောင်း အညှဉ်းအပန်းမှ ကင်းဝေးလျက် ရှိရပေမည်။ ကျွန်မလိုမ ဟုတ်။ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေ၊ ချောက်ချားမှုတွေ၊ ကိုယ့်လက်သဲ ကိုယ်ပြန်ကိုက်နေ ပုံ တွေ၊ ဘယ်လမ်းကို လိုက်ရမှန်းမသိဘဲ နားဝေတိမ်တောင်ဖြစ်နေပုံတွေနှင့် ဘာမျှ မဆိုင်သော အေးချမ်း ပြီး အဆိပ်အတောက်ကင်းမဲ့သူ။

"ညီမလေး ကို မမ ပြောရဦးမယ်။ စိတ်မဆိုးနဲ့နော်... မင်းဆံပင်ကို ပြင်လိုက်ရင်ကောင်းမယ်ထင်တယ်။ လှိုင်းတွန့် ကလေးတွေ ဘာလို့လုပ်မထားတာလဲ။ အခုအတိုင်းသာ သိပ်ဖြောင့်ပြီး သိပ်သွယ်လွန်းတယ်။ ဦးထုပ်ဆောင်း လိုက်ရင် ကြည့်မကောင်းဘူးပေါ့။ နားရွက်နောက်ကိုသိမ်းပြီး ဘာဖြစ်လို့ စုချည်မထား တာလဲ"
သူ ပြောသည့်စကား ကို  ကျွန်မ ကျိုးနွံ့စွာ နာခံလိုက်ပါသည်။ ဆံပင်များကို နားရွက်နောက်သို့ စုယူ လိုက်ကာ သူ ဘာပြောမလဲဟု စောင့်နေလိုက်ပါသည်။ သူက ကျွန်မကို သေသေချာချာ စစ်ဆေးကြည့် နေပါသည်။ ပြီးတော့မှ ခေါင်းကိုယမ်းခါလိုက်သည်။

"မဟုတ်သေးဘူး... မဟုတ်သေးဘူ... ပိုလို့တောင် အကြည့်ရဆိုးတယ် ထင်တယ်။ အဲဒီပုံနဲ့ မင်းနဲ့ မလိုက်သေးဘူး။ လှိုင်းတွန့်ကလေးတွေဖြစ်အောင် ကောက်ပေးလိုက်ရင် ကောင်းမယ်။ နောက်ကိုလှန် မဖြီး နဲ့၊ မက်ဇင်မ်ကရော ဘာပြောသေးသလဲ၊ ဒီပုံအတိုင်း မင်းနဲ့ လိုက်တယ်လို့ သူ ထင်သလား"
"ကျွန်မ မသိပါဘူးရှင်... ဒီအကြောင်း တစ်ခါမှ သူ မပြောဖူးဘူး"
"အင်း... ဒါဖြင့်ရင် ဒီပုံစံ ကိုပဲ သူ ကြိုက်လို့ဖြစ်မှာပေါ့။ မမ ပြောသလိုမလုပ်နဲ့တော့။ တစ်ခုပြောစမ်းပါဦး။ လန်ဒန် နဲ့ ပါရီမှာတုန်းက အဝတ်အစားရော ဝယ်ဖြစ်ခဲ့သေးသလား"
"မဝယ်ဖြစ်ခဲ့ပါဘူး။ ကျွန်မတို့ အချိန်လဲ သိပ်မရပါဘူး မမရယ်... မက်ဇင်မ်က အိမ်ကို တအားပြန်ချင်နေ တာ အရေးမကြီးပါဘူးလေ... ပုံစံပေးပြီး အချိန်မရွေး လှမ်းမှာလို့ရပါတယ်"
"မင်းကိုယ်ပေါ် မှာ ဝတ်ထားတဲ့ အဝတ်အစားနဲ့ပတ်သက်လို့ မင်း စိတ်ထဲမှာ ဘယ်လိုမှမဥပဒ်ဘူးထင် တယ်" ထိုစကား ကိုပြောရင်း ကျွန်မ ဝတ်ထားသည့် ဖလန်နယ်ဂါဝန်အညံ့စားကို သူ မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ဘယ်ဟုတ်ပါ့ မလဲ မမရယ်... အကောင်းတွေကို ကျွန်မ သိပ်ကြိုက်တာပေါ့။ ဒါပေမဲ့ အဝတ်အစား ကောင်းကောင်း ဝယ်ဝတ်နိုင်ဖို့ ပိုက်ဆံများများစားစား ဘယ်တုန်းကမှ ကျွန်မမှာ မရှိခဲ့ဘူး။ အခုလဲ မရှိ ဘူး" "မက်ဇင်မ်က လန်ဒန်မှာ တစ်ပတ်လောက် ဘာဖြစ်လို့ မနေနိုင်ရတာလဲ။ မင်းအတွက် ဘာဖြစ် လို့ အဝတ်အစားမဝယ်တာလဲလို့ မမ စဉ်းစားကြည့်နေမိတယ်။ သူ တစ်ကိုယ်ကောင်းဆန်လွန်း တယ်ထင် တယ်။ သူ့ဖို့ပဲ သူ ကြည့်တယ်။ အခါတိုင်းကတော့ သူ ဒီလိုမဟုတ်ပါဘူး။ ဘာမဆို သူ သိပ်စေ့စပ် တာ။ သိပ်တိကျတာ"
"ဟုတ်လား... ကျွန်မနဲ့ပတ်သက်လို့တော့ ဒါလောက် စေ့စေ့စပ်စပ်မဖြစ်ဖူးပါဘူး။ ကျွန်မ ဘယ်လို အဝတ် အစားတွေ ဝတ်နေတယ်ဆိုတာကိုတောင် သူ သတိပြုမိပုံမပေါ်ဘူး။ သူ့စိတ်ထဲမှာလဲ ဘယ်လိုမှ မဥပဒ်ဘူး ထင်ပါတယ်" "အင်း... ဒီလိုဆိုရင်တော့ သူ့စိတ်ပြောင်းသွားပြန်ပြီနဲ့ တူတယ်"
ကျွန်မဆီမှ မျက်လုံးများခွာပြီး အဝေးသို့ လှမ်းကြည့်နေသည်။ ဂျက်စ်ပါကို လေချွန်ခေါ်သည်။ ပြီးတော့ ကျွန်မတို့ခေါင်းပေါ် မှာ မိုးနေသည့် အိမ်ကြီးကို မော့ကြည့်သည်။

"ဒါနဲ့ အနောက်ဘက်ဆောင်မှာ မင်းတို့ မနေဘူးထင်တယ်"
"မနေပါဘူး။ အရှေ့ဘက်ဆောင်မှာနေတယ်။ အခန်းကို ပြင်ပေးထားတယ်"
"ဟုတ်လား... ဘာဖြစ်လို့ ဟိုဘက်ကို ပြောင်းတာလဲ မမ မသိဘူး။ ဘာဖြစ်လို့များပါလိမ့်..."
"မက်ဇင်မ် က စီစဉ်တာပဲ။ ဟိုဘက်ဆောင်ကို သူ ပိုသဘောကျပုံရပါတယ်"
ဘီယက်ထရစ် က ဘာမျှပြန်မပြောပါ။ ပြတင်းပေါက်များကို လှမ်းကြည့်နေရင်း ခပ်သာသာကလေး လေ ချွန်နေသည်။ ပြီးတော့မှ "မစ္စက်ဒင်ဗာနဲ့ ဆက်ဆံရတာ ဘယ်လိုနေသလဲ"ဟု ကောက်ကာ ငင်ကာ မေးချ လိုက်ပါသည်။
ကျွန်မ က ကိုယ်ကိုကိုင်းချလိုက်ပြီး ဂျက်စ်ပါ၏ခေါင်းနှင့် နားရွက်များကို လက်ဖြင့် ပွတ်သပ်နေးမိပါ သည်။

"မစ္စက်ဒင်ဗာနဲ့ ကျွန်မ သိပ်အဆက်အဆံမရှိသေးပါဘူးရှင်... ဒါပေမဲ့ သူနဲ့တွေ့ရတာ ကျွန်မ နည်းနည်း တော့ လန့်သလိုလိုပဲ။ ကျွန်မ တစ်သက်မှာ သူလို အမျိုးသမီးမျိုးကို တစ်ခါမှ မတွေ့ဖူးသေး ဘူး"
"ညီမလေးအနေ နဲ့ သူ့ကို ဘာမှလန့်နေစရာ မလိုပါဘူးလေ"
ဂျက်စ်ပါ က ကျွန်မကို မော့ကြည့်သည်။ သူ့မျက်လုံးကြီးများက မာန်မာနကင်းမဲ့သလိုရှိနေသည်။ တစ် နည်းအားဖြင့် သူ့ကိုယ်သူ စိတ်ချသည့်ပုံမျိုး။ သူ့ခေါင်းပေါ်မှ ပိုးသားလို နူးညံ့သောအမွေးကလေးများကို နမ်းလိုက်မိပါသည်။ သူ့နှုတ်သီးကိုလည်း ကိုင်ထားမိသည်။
"ဒီမိန်းမကြီး ကို ဘာမှကြောက်နေစရာမလိုဘူး။ ပြီး သူ့ကို မင်း လန့်နေတာလဲ သူ မသိစေနဲ့။ မမအနေနဲ့ လဲ သူနဲ့ပတ်သက်စရာ ဘာမှတော့ မရှိပါဘူး။ ပတ်သက်ချင်စိတ်လဲ မရှိဘူး။ မမကို သူ ဆက်ဆံတာ က တော့ အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပါပေရဲ့"
ကျွန်မ က ဂျက်စ်ပါ၏ခေါင်းကို ပွတ်မြဲပွတ်နေသည်။

"ညီမလေးရော ရင်းရင်းနှီးနှီးပေါင်းရဲ့လား"
"မပေါင်းပါဘူးရှင်... ရင်းနှီးလှတယ်လို့ မဆိုနိုင်ပါဘူး"
ဘီယက်ထရစ် က လေချွန်ရင်း ဂျက်စ်ပါ၏ခေါင်းကို လှမ်းပွတ်ပေးနေသည်။

"မမအဖို့ကတော့ ညီမလေးနဲ့ဆက်ဆံနေရရင်လဲ ပြီးတာပါပဲလေ... သူနဲ့ ပတ်သက်စရာအကြောင်း ဘာမှ မရှိပါဘူး"
"ဒါပေမဲ့ အိမ် ရဲ့ဝေယျာဝစ္စတွေအားလုံးကို သူကလဲ စီမံကွပ်ကဲနေတာပါ။ ကျွန်မအနေနဲ့ ဘာမှ ဝင်စွက် ဖက်စရာ အကြောင်းလဲ မရှိပါဘူး"
"ဒီလိုတော့လဲ မဟုတ်သေးဘူး။ အိမ်ထောင်ထိန်းသိမ်းတဲ့ကိစ္စတွေမှာ မင်း ဝင်စွက်ရင်လဲ ဒီကိစ္စအ တွက် သူ့စိတ်ထဲ မှာ ဘယ်လိုမှ ထူးခြားမှာမဟုတ်ပါဘူး"
ဘီယက်ထရစ်၏ထိုစကားကိုကြားရတော့ ကျွန်မ စဉ်းစားလာရပြန်ပါသည်။ မနေ့ညတုန်းက မက်ဇင်မ် ကလည်း သည်စကားမျိုးကိုပင် ပြောခဲ့သေးသည်။ သူတို့နှစ်ယောက် အမြင်ချင်းတူနေသည်မှာ ထူးဆန်း သလိုတော့ ရှိသည်။ အိမ်မှုကိစ္စများတွင် ကျွန်မ ဝင်ရောက်စွက်ဖက်နေမည်ကို မစ္စက်ဒင်ဗာ မလိုလားဟု ကျွန်မ အတွေးပေါက်ခဲ့ ပါသည်။

"အချိန်တန်ရင်တော့ သူ စိတ်ပြောင်းသွားပါလိမ့်မယ်။ ဒါပေမဲ့ အခုလို တွေ့တွေ့ချင်း ဒါမျိုးနဲ့ကြုံနေ ရတော့ မင်းအဖို့ စိတ်ချမ်းသာစရာမကောင်းတော့ဘူးပေါ့။ ဟုတ်ပါတယ်... ဒီမိန်းမကြီး သက်သက်မဲ့ သဝန်တို စိတ်တွေ ပွားနေတာပါ"
"ဘာဖြစ်လို့လဲဟင်..." ကျွန်မက သူ့ကိုမော့ကြည့်ပြီး ပြန်မေးသည်။ "ကျွန်မအပေါ်မှာ ဘာဖြစ်လို့ သူက သဝန်တိုရမှာလဲ.... မက်ဇင်မ်ကလဲ သူ့အပေါ် ခင်မင်တွယ်တာစိတ်တွေ ထားနေပုံမရပါဘူး"
"သြော်.. ညီမလေးရယ်... သူက မက်ဇင်မ်နဲ့ပတ်သက်ပြီး မင်းကို သဝန်နေတာ မဟုတ်ဘူးကွယ်။ မက်ဇင့်မ် ကို သူ လေးစားတယ်။ ဒီထက် ဘာမှမပိုဘူး။ ဒါနဲ့မဆိုင်ဘူး" သူက စကားကို ခဏဖြတ်လိုက် သည်။ အနည်းငယ် လည်း မျက်မှောင်ကုပ်လိုက်သည်။ ပြီးတော့ မသေချာမရေရာသောအကြည့်မျိုးဖြင့် ကျွန်မ ကို ကြည့်နေသည်။ "ညီမလေး ဒီစံအိမ်ကြီးပေါ်ကို အိမ်ရှင်မအဖြစ်နဲ့ ရောက်လာတဲ့အတွက် သူ မကျေမနပ်ဖြစ်နေတာ။ အခုဖြစ်ရတာတွေ ဟာ အဲဒါ အရင်းခံပဲ"

"ရှင်... ဘာဖြစ်လို့လဲ မမရယ်... ဘာကြောင့် သူက ကျွန်မကို မကျေမနပ်ဖြစ်ရတာတဲ့လဲ"
"ဒီအကြောင်း ကို မင်း သိထားပြီးပြီလို့ မမ ထင်ထားတာ... မက်ဇင်မ်က ဒီအကြောင်း မင်းကို ပြောပြ ထားပြီးပြီလို့ထင်တာ... သူက ရဘက်ကာကို သိပ်ချစ်တယ်လေ..."
"သြော်... သြော်... ဒီလိုကိုး..."
ကျွန်မတို့ နှစ်ယောက် ဂျက်စ်ပါကို ပြိုင်တူ ပွတ်ပေးနေမိကြသည်။ ဂျက်စ်ပါက မနေတတ် မထိုင်တတ် ဖြစ်ပြီး ပက်လက်လှန်ပစ်လိုက်သည်။
"ဟောဟို မှာ အမျိုးသားတွေ လိုက်လာကြပြီ။ သစ်အယ်ပင်ကြီးအောက်မှာ ခုံတွေချပြီး ထိုင်ကြရ အောင်။

ဂျိုင်းလ်စ်လဲ အရမ်းဝနေပြီ။ အခုလို မက်ဇင်မ်နဲ့ယှဉ်လျှောက်လာတော့မှ သူ့ကိုယ်လုံးကြီးက ထင်းနေတော့တယ်။ ဖရင့်လဲ ရုံးကို ပြန်သွားတော့မယ်ထင်တယ်။ ဖရင့်ခရော်လေဟာ ထုံထိုင်းထိုင်း ရယ်... ဘာအကြောင်းကိုမှ ဟုတ္တိပတ္တိ သူ စိတ်ဝင်စားပုံ မရဘူး" ထိုသို့ပြောပြီး အမျိုးသားများကို တစ် ဆက်တည်း လှမ်းပြောသည်။ "ရှင်တို့ယောက်ျားတွေ ဘယ်လိုလဲ... ဘာတွေတိုင်ပင်လာကြသလဲ... ကမ္ဘာကြီး ကို တစ်စစီဖဲ့ကြဖို့များ စည်းဝါးရိုက်လာကြလေသလား"
ဘီယက်ထရစ် က ယင်းသို့ လှမ်းအော်ပြောရင်း ရယ်သည်။ အမျိုးသားများက ကျွန်မတို့ ရှိနေရာသို့ လျှောက်လာကြပြီး အတူရပ်လိုက်ကြသည်။ ဂျိုင်းလ်စ်က တုတ်ချောင်းကလေးတစ်ခုကို ဂျက်စ်ပါ လိုက် ကောက်စေရန် အဝေးသို့ လှမ်းပစ်လိုက်သည်။ ကျွန်မတို့အားလုံး ဂျက်စ်ပါကို ဝိုင်းကြည့်နေကြသည်။ ဖရင့်ခရော်လေက သူ့လက်ပတ်နာရီကို ငုံ့ကြည့်သည်။
"ကျွန်တော် သွားလိုက်ဦးမှပဲ။ နေ့လယ်စာကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စက်ဒီဝင်းတား"
"မကြာ မကြာ လဲ လာလည်ပါရှင်"ဟု ကျွန်မကို ပြန်ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

ကျန်လူတွေပါ ပြန်ကြလျှင် ဘယ်လောက်ကောင်းမည်နည်းဟု ကျွန်မ တွေးနေမိပါသည်။ သူတို့ နေ့ လယ်စာစားဖို့သာ လာတာလား၊ သို့မဟုတ် တစ်နေက်ုနေကြဖို့ လာသလား။ ကျွန်မ သေသေချာချာ မသိပါ။ သူတို့ပါ ပြန်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အီတလီနိုင်ငံမှာတုန်းက မက်ဇင်မ်နှင့် ကျွန်မ နှစ်ယောက် တည်း လွတ်လွတ်လပ်လပ်နေခဲ့ကြရပါသည်။ ယခုလည်း ကျွန်မတို့ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်ပါသည်။
ကျွန်မတို့အားလုံး သစ်အယ်ပင်အောက်သို့ လျှောက်လာကြသည်။ ရောဘတ်ကကုလားထိုင်များနှင့် အောက်မှာခင်းရန် စောင်များယူလာပြီး ချပေးသည်။ ဂျိုင်းလ်စ်က ဖြန့်ခင်းထားသော စောင်ပေါ်မှာ ပက် လက်လှန် လှဲချလိုက်ပြီး မျက်နှာကို ဦးထု ပ်နှင့် ဖုံထားးလိုက်သည်။ ခဏကြာတော့ သူ့ဟောက်သံ ပေါ် လာသည်။ ပါးစပ်ကြီးကလည်း ပွင့်လျက်။
"ဂျိုင်းလ်စ်... တိတ်တိတ်နေစမ်း..."ဟု ဘီယက်ထရစ်က လှမ်းအော်သည်။

"ငါ အိပ်မပျော်ပါဘူးကွ..."ဟု ဂျိုင်းလ်စ်က မျက်လုံးဖွင့်ကြည့်ပြီး ဗလုံးဗထွေး ပြန်ပြောသည်။ ပြီးတော့ ပြန်အိပ်သွားပြန်သည်။ ဂျိုင်းလ်စ်၏အရုပ်ဆိုးပုံကို ကျွန်မ စဉ်းစားကြည့်နေမိသည်။ ဘီယက်ထရစ် က သူနှင့် ဘာကြောင့် လက်ထပ်သလဲဟုလည်း တွေးကြည့်နေမိပါသည်။ ဘီယက်ထရစ် သည် သူ့ကို ချစ် မည်မဟုတ်ပါ။ သည်လို ကျွန်မ တွေးနေတုန်းမှာပင် ဘီယက်ထရစ်ကလည်း ကျွန်မ အကြောင်း ကို တွေးနေဟန်တူပါသည်။ ဒီကောင်မလေးမှာ ဘယ်လို စွဲမက်စရာများ မက်ဇင်မ် မြင်ထားပါလိမ့် ဟု သူ တွေးကောင်းတွေးနေပါလိမ့်မည်။ သူ့မျက်လုံးများကမူ အကြင်နာရိပ်များ လွှမ်းလျက်။ ခင်မင်ရင်းနှီး သည့် အမူအရာများပြည့်လျက်။ သူတို့ ဘွားအေကြီးအကြောင်း စကားစပ် မိနေကြသည်။
"တစ်နေ့တော့ အဘွား နဲ့ သွားတွေ့ကြဦးမှ" ဟု မက်ဇင်မ်က ပြောသည်။

"အဘွားလဲ သိပ်အသက်ကြီးပြီ။ တစ်ခုခုစားရင် မေးစေ့က စီးကျကုန်တာပဲ။ သနားစရာသိပ်ကောင်း တယ်" ဟု ဘီယက်ထရစ် က ဆက်ပြောသည်။
ကျွန်မ က မက်ဇင်မ်၏လက်မောင်းကို တွဲမှီထားရင်း သူတို့ပြောနေကြသည်များကို လိုက်နားထောင်နေ မိသည်။ မက်ဇင်မ်ကလည်း ဘီယက်ထရစ်နှင့် စကားပြောရင်း ကျွန်မ၏လက်မောင်းကို ပွတ်သပ်ပေး နေသည်။ တကယ်တော့ ကျွန်မအကြောင်းကို မစဉ်းစားဘဲ စိတ်မှတ်မထင် ပွတ်သပ်ပေးနေခြင်းဖြစ် သည်။
ငါလဲ ဂျက်စ်ပါ ကို ဒီလိုပဲလုပ်တာပဲ။ အခုတော့ ငါကိုယ်တိုင် ဂျက်စ်ပါ ဘဝရောက်နေပြီ။ သူ့ကိုတွဲမှီထား ရင်း သူ ပွတ်သပ်ပေးနေတာကို ခံနေရပြီ။ ငါ ရှိနေမှန်း သူ သိရင် ဘယ်လောက် စိတ်ချမ်း သာစရာ ကောင်းလိုက်မလဲ။ ဘာပဲဖြစ်ဖြစ် သူနဲ့ နီးနီးကပ်ကပ်တော့ နေရပါရဲ့။ ဂျက်စ်ပါကို ငါ သဘောကျ သလို မျိုး သူကလဲ ငါ့ကို သဘောကျနေတာများလား... တွေးကောင်းကောင်းနှင့် ကျွန်မ ဆက်တွေးနေ မိ သည်။

လေငြိမ်သွားသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လာသည်။ လေငြိမ်သဖြင့် အပူရှိန်ပိုလာသည်။ ငိုက် မျဉ်းချင် စရာ ကောင်းလှသည်။ မြက်ခင်းတွေမှာ ရိတ်ထားသည်မှာ မကြာသေးသောကြောင့် မြက်နံ့ သင်းသင်းကလေးများကိုလည်း ရှူရှိုက်နေရသည်။ ပျားတစ်ကောင်က ဂျိုင်းလ်စ်၏ခေါင်းပေါ်မှာ တဝီဝီ ပျံသန်းနေသည်။ ဂျိုင်းလ်စ်က ဦးထုပ်နှင့်ယမ်းပြီး ခြောက်လွှတ်လိုက်သည်။
ကျွန်မတို့အနား သို့ ဂျက်စ်ပါ ပြန်ရောက်လာသည်။ အပူရှိန်ကြောင့် လျှာတွဲလောင်းကျနေသည်။ ကျွန်မ အနားမှာ လာထိုင်ပြီး သူ့ကိုယ်လုံးဘေးကို လျှာနှင့်လျက်နေသည်။ အိမ်ကြီး၏ မှန်ကူပြတင်းပေါက် များ ပေါ်မှာ နေရောင်ထိုးကျနေသည်။ မြက်ခင်းများနှင့် ကုန်းလျှောကလေး ပင် ရောင်ပြန်ဟပ်နေ သည်ကို တွေ့ရသည်။ ကျွန်မတို့နှင့် အနီးဆုံး မီးခိုးခေါင်းတိုင်မှ မီးခိုးတန်းကလေး ထွက်လာသည်။ ထုံးထမ်း စဉ် လာအတိုင်း စာကြည့်ခန်းထဲက မီးလင်းဖိုမှာ မီးထည့်ကြပြီဖြစ်ကြောင်း ကျွန်မ တွေးကြည့်နေ မိပါသည်။

မြေလူးငှက်ကလေးတစ်ကောင်သည် မြက်ခင်းပေါ်မှနေ၍ ထမင်းစားခန်းပြတင်းပေါက်အနီးရှိ မက္ကနိုလီ ယာသစ်ပင်ကြီးပေါ်သို့ ပျံသွားသည်။ မက္ကနိုလီယာပန်းနံ့သင်းသင်းကလေးကို ရှူရှိုက်လာရသည်။ ပတ် ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ခပ်လှမ်းလှမ်း ပင်လယ်ကမ်းခြေဆီမှ လှိုင်းပုတ်သံကို လည်း သဲ့သဲ့သာကြားရတော့သည်။ ဒီရေကျသွားပြီထင်သည်။
ကျွန်မတို့ ခေါင်းပေါ်သို့ ပျားတစ်ကောင် ပြန်ရောက်လာပြန်သည်။ သစ်အယ်ပွင့်များမှ ဝတ်ရည်ကို စုတ် ယူနေ သည်။ ငါ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာ ဒါပဲ။ မန်ဒါလေစံအိမ်ကြီးမှာနေရင် ဒီလိုပဲရှိမယ်လို့ ငါ မျှော်မှန်းခဲ့ သားပဲဟုလည်း တွေးနေမိပါသည်။

ဟိုတစ်နေရာ မှာသွားပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေလိုက်ချင်သည်။ ဘယ်သူနှင့်မှလည်း စကား မပြောချင်။ ဘယ်သူပြောတာကိုမှလည်း နားမထောင်ချင်။ အဖိုးအနဂ္ဃထိုက်တန်လှသော ယခုအချိန် ကလေး ကို ပျောက်ကွယ် မသွားရအောင် သိမ်းထားချင်သည်။ အလွန် ငြိမ်းချမ်းသောအချိန်။ ကျွန်မတို့ ၏ ခေါင်းပေါ် မှာ ပျားက တဝီဝီအော်နေခိုက် ကျွန်မတို့ကလည်း ငိုက်မျဉ်းချင်နေကြသည်။

ဆက်ရန်
.

No comments: