Thursday, May 31, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၁)

'အင်ဒီရော၊ ဟင် ဖေဖေ' ဆမ်က သူ့အချစ်တော်အကြောင်းမေးသည်။
ထုံးစံ အတိုင်းပေါ့ကွာ၊ သိပ်ခွေးပါးဝတဲ့ကောင်၊ ဟိုနေ့ကကန်ထဲ ဆင်းကူးပြီး ရေစိုကြီး နဲ့ ဆိုဖာတွေပေါ် တက် အိပ် တယ်လေ၊ အက်နက် က တံမြက်စည်းနဲ့ လိုက်ရိုက်တယ်၊ လုံးလားထွေးလား နဲ့ ဘယ်သူနိုင် လဲတော့ မသိ ဘူး၊ ညနေကျတော့ သူ့ခန်းဆီးတွေကို အင်ဒီကိုက်ဖြဲပစ်တယ်လေ'
ကို ဆက်ဖတ်ရန်.....

သားအဖသုံးယောက်ပြောပြီး ရယ်ကြသည်။ အော်လီဗာက စကားလုံး သေသေချာချာ ရွေးပြီး စကားဆက်သည်။
"ဒီည ဧည့်သည်တစ်ယောက်လာပြီး ညစာစားလိမ့်မယ်၊ ဖေဖေ့ အသိထဲကပါ"
လေသံ ကို သာမန်ဖြစ်အောင် တတ်နိုင်သျှ ကြိုးစား ပြောသည်။ သို့သော် ကလေးတွေက ချက်ဆို နားခွက် က မီးတောက်သည်။

"သမီး တို့ သူ့ကို တွေ့ရင် ခင်ကြမှာပါ"
မယ်လီဆာက မျက်ခုံးတစ်ဖက်ပင့်ပြီး စူးစမ်းသည့်အပြုံးမျိုးဖြင့် …
"ဖေဖေ စိတ်ဝင်စားစရာတွေ့နေပြီလား"
လွန်ခဲ့သည့်ခြောက်လခန့်ကဆိုလျှင် အဖေ့ကို စိတ်ဝင်စားသည့် မိန်းမတိုင်းအား မုန်းဖို့အသင့် ရှိနေခဲ့၏။ ယခုတော့ အခြေအနေတွေ ဗြုန်းစားကြီး ပြောင်းလဲခဲပြီ၊ မယ်လီဆာ ဆယ့်ခုနစ်နှစ်ပြည့် ပြီလေ၊ ကျောင်း က ကောင်ကလေး တစ်ယောက် ကို ကိုယ်တိုင်စိတ်ဝင်စားနေပြီ ဟုတ်လား၊ ပြီးခဲ့ သည့် နွေရာသီကျောင်းပိတ်ရက် က ယန်းမီယာနှင့် အမေ့အကြောင်းကိုရော၊ အဖေနှင့်အမေ ဘယ်တော့ မှ ပြန်ပေါင်းကြတော့မည် မဟုတ်ကြောင်းကိုရော နားလည်ခဲ့ပြီ။

"ရိုးရိုးမိတ်ဆွေပါ သမီးရဲ့"
"သူက ဘယ်သူလဲဟင်"
"သူ့နာမည် က ရှားလော့တဲ့၊ နီဘရာစကာ သူလေ"
ဘာ ဆက်ပြောရမှန်း မသိ ရယ်နေသည်။ ပြဇာတ်မင်းသမီးတစ်ယောက် ဖြစ်ကြောင်းနှင့် တီဗွီတွင် နာမည်ကြီးနေ သူ ဖြစ်ကြောင်းတော့ မပြောချင်သေး၊ နောက်မှ သူတို့ ဘာသာ သိပါစေ။ အက်နက်နှင့် မိတ်ဆက်ပေးစဉ် တုန်းက အတိုင်းပေါ့။
အက်နက် ပါးစပ် အဟောင်းသား ဖြစ်နေသည်။ ချက်ချင်း နှစ်ယောက်သား ရင်းနှီးသွားကြ၏။ အက်နက်တောင်း သဖြင့် ရှားလော့က ဓာတ်ပုံတွေ အများကြီး ယူလာပေးသည်။ သူငယ်ချင်းတွေဆီ ပို့ဖို့လေ၊ ခုတော့ ရှားလော့ကို သူ့ဆရာနှင့် သဘောတူနေပြီ။

အိမ်ရောက်တော့ အက်နက် က အသင့်စောင့်ကြိုနေ သည်။ မောင်နှမနှစ်ယောက် ကို ပွေ့ ဖက် နှုတ်ဆက်သည်။ စားစရာမျိုးစုံ အသင့် လုပ်ထားပြီးသား၊ အင်ဒီ က သူတို့ မောင်နှမနှစ်ယောက် ကို မြင့်တော့ ခုန်ပေါက်အော်ဟစ်ကာ အမူအယာအမျိုးမျိုးဖြင့် နှုတ်ဆက်သည်။
ညစာ မစားခင် ဆမ်က ရေကူးချင်ကြောင်း ပြောသည်။ ဘော့စတန်မှာ ချမ်းလွန်း၍ နှစ်ပတ်လုံးလုံး ဆန်ဖရန်စ္စ ကို အိမ်မှ ရေကူးကန်ကို သတိရနေမြဲ၏။ ဒါလောက်ချမ်းတာမျိုး တစ်ခါမှ မကြုံဖူးဘူး ဟု ပြောသည်။

မယ်လီဆာ က အထုပ်အပိုးတွေ ဖြေဖို့ သတိမရနိုင်ဘဲ သူငယ်ချင်းတွေဆီ ဖုန်းဆက် သည်။ မောင်နှမနှစ်ယောက်စလုံး အိမ်ပြန်ရောက်လာသည့်အတွက် ၀မ်းသာနေကြ သည်ကို မြင်ရ၍ အော်လီဗာ ပျော်သွားသည်။ ဘင်ဂျမင်ဆီ သူတို့နှစ်ယောက် သွားချိန် မရခဲ့ခြင်း အတွက်တော့ စိတ်မကောင်း ဖြစ်ရ၏။
ဘင်ဂျမင် တစ်ယောက် အလုပ်နှစ်ခုကို အချိန်မှန်မှန် လုပ်နေရပြန်ပြီဖြစ်ကြောင်း မယ်လီဆာက ကားပေါ် တွင် ပြောပြသည်။
"တယ်လီဖုန်းဆက်တိုင်း ဆန္ဒရာ မရှိဘူးဖေဖေ၊ သူကိုယ်တိုင် ကလေးထိန်းနေရတယ်တဲ့၊ ညနက် သန်းခေါင် အထိ ပြန်လာချင်မှ ပြန်လာတယ်တဲ့၊ ကိုကိုအကြီးအကျယ် စိတ်ဓာတ်ကျနေပုံပဲ"
ညခုနစ်နာရီ တိတိတွင် အော်လီဗာ တစ်ယောက် ရင်တထိတ်ထိတ်ခုန်လျက် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေ သည်။ အပေါ်ထပ်မှ မယ်လီဆာနှင့် ဆမ်ကလေးတို့ အသံတွေကိုလည်း တစ်ဖက်က နားစွင့်နေသည်။ ဟော … မာစီဒီးအနီး ကလေးဝင်လာပြီ။ အသက်ရှူမှားမတတ် ဖြစ်သွားသည်။

ပြေးထွက်ပြီး ချစ်သူကို အနမ်းဖြင့် ကြိုဆိုလိုက်ချင်၏။ သို့သော် အသာကလေး ထပြီး တံခါးဝမှ ဣနြေ္ဒရရ ဆီးကြိုသည်။ ကလေးတွေ ချောင်းကြည့်နေကြမည်ကိုလည်း စိုးရိမ်နေ၏။
ကုတ်သားကလေး ကို ငုံ့နမ်းပြီး နှုတ်ဆက်သည်။ "သိပ်အောက်မေ့တာပဲ" ဟု တိုးတိုး ကလေး ပြောလိုက်၏။ ရက်ပေါင်း များစွာ၊ လပေါင်းများစွာ ဝေးကွာနေသည်ဟု စိတ်ထဲထင်နေ၏။ မနက်ပိုင်း ကပဲ တွေ့ခဲ့ကြသေးသည်။
"ရှာလီ လဲ အောက်မေ့တာပဲ မောင်ရယ်"
တိုးတိုး ကလေး ပြန်ပြောသည်။ တစ်ဆက်တည်း မေးလိုက်သည်။
သူတို့ အခြေအနေကောဟင်"
အလုပ်တစ်ခု ကို ခိုးကြောင်ခိုးဝှက် ကျိတ် လုပ်နေသည့် ကလေးနှစ်ယောက်နှင့် တူနေ၏။

"ကောင်းတယ်၊ ပျော်ပျော်ပါးပါးပဲ၊ ကားပေါ်မှာ မင်းအကြောင်း ပြောလိုက်တယ်၊ ခုထိတော့ အခြေအနေ မဆိုးဘူး"
ဇီဇာကြောင်သည် အမေ့ဆီကို ချွေးမလောင်း ကို ခေါ်လာသူ၏ အဖြစ်ထက် ဆိုးပါသည်။ အော်လီဗာ ရင်တွေ ခုန်လှပြီ။ ရှားလော့က ပိုဆိုး၏။ သူတို့ကလေးတွေနှင့် တွေ့ရမည်ကို လန့်နေ၏။
အော်လီဗာ က မောင်နှမနှစ်ယောက်ကိုခေါ်ဖို့ အပေါ်ထပ်တက်သွားတော့ ရှားလော့ တစ်ယောက် ထိုင်ရ မလို၊ ထရမလိုနှင့်။ ဓာတ်ပုံတွေကို မော့ကြည့်လိုက်၊ အပြင်ကို ငေးကြည့်လိုက်၊ ပရိဘောဂ တွေကို ကိုင်ကြည့် လိုက်နှင့် မတည်မငြိမ် ဖြစ်နေသည်။ သူတို့မောင်နှမနှစ်ယောက် မိမိကိုမုန်းနေ လျှင် ဆိုသည့် အတွေး က ရှားလော့အား ခြောက်လှန့်လျက် ရှိ၏။ ထွက်ပြေးရ ကောင်းမလားဟုပင် စိတ်ကူးပေါက် မိသည်။ ထိုတဒင်္ဂတွင်ပင် သူတို့သားအဖ သုံးယောက်နှင့် အင်ဒီပါ အခန်းထဲသို့ ဆူဆူညံညံနှင့် ၀င်လာကြ သည်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် အသံများနှင့် အထူဝင်လာကြ ခြင်း ဖြစ်၏။ သို့သော် ရှားလော့ ကိုမြင်တော့ ရုတ်ချည်း တိတ်ဆိတ်သွားသည်။

အော်လီဗာ က ခပ်သွက်သွက် ရှေ့တိုးလာပြီး သူတို့နှင့် မိတ်ဆက်ပေးသည်။ မယ်လီဆာက လက်ဆွဲ နှုတ်ဆက်ပြီး ရှားလော့ ကို သေသေချာချာ အကဲခတ်သည်။ သဘောကျနေပုံရ၏။ ဆမ်က မျက်စိ ကို မှေးပြီး ကြည့်သည်။ တစ်ခုခုကို အပြေးအလွှား စဉ်းစားနေသည့်ပုံမျိုး၊ တော်တော်လှ သည့် အမျိုးသမီး ပါကလား၊ အဖြူရောင် ဆွယ်တာနှင့် အပြာရောင်စကတ်ကို ၀တ်ထားသည်။ မျက်နှာကို မယ်လီဆာလောက် ပင် ပြင်ပြင်ဆင်ဆင် လုပ်မထား။ ဆံပင်ပုံ သဏ္ဍာန်လည်း ခပ်ရိုးရိုးပင်။
ရှားလော့ က ပြုံးပြီး ...
"နှစ်ယောက်လုံး နဲ့ တွေ့ရတာ ၀မ်းသာပါတယ်၊ သားနဲ့သမီးအကြောင်းတော့ ဖေဖေ့ဆီက အများကြီး ကြား ထားပြီးပါပြီ"
ဆမ် က အားရ၀မ်းသာရယ်ပြီ ...
"ဟုတ်လား၊ ကျွန်တော့်အကြောင်း ဘာတွေပြောလဲ၊ ကျွန်တော့် သိပ္ပံစမ်းသပ်ခန်းအကြောင်း မပြောဘူး လား"
ဆမ် က ဂုဏ်ယူဝမ်းသာစွာ ပြောသည်။ မယ်လီဆာက လှမ်းဟောက်သည်။

"ကဲ-ဆမ်၊ အသာနေစမ်း"
"အန်တီကြည့်မလား ဟင်၊ ကျွန်တော်ပြမယ်"
ဆမ်က အားရပါးရ ပြုံးပြီး ဖိတ်ခေါ်နေသည်။ ရှားလော့က ခေါင်းညိတ်လိုက်သည်။ သို့သော် မယ်လီဆာ က အတင်းဝင်တား၏။
"သွားမကြည့် နဲ့ အန်တီ၊ အလကား၊ တီကောင်တွေ မွေးထားတာ၊ ရွံ့စရာကြီး"
အက်နက်နှင့် မယ်လီဆာက အိမ်ပေါ်မှာ မထားရဘူးဆို၍ တီမွေးမြူရေးခြံ ကို ကားရုံထဲပို့ထားရသည်။ အလွန် ချစ်စရာကောင်းသည့် အဖေ့မိတ်ဆွေအမျိုးသမီးကို သူပြချင်လှပြီ၊ ရှားလော့က ဆမ်ကလေး က ကြည့်ပြီး သဘောကျနေသည်။

"အန်တီ ငယ်ငယ် ကလည်း မွေးဖူးတယ်ကွယ့်၊ အမက ရွံ့လို့ဆိုပြီး ပစ်ထုတ်လိုက်တယ်၊ အန်တီ က မြွေတွေကော၊ ကြွက်ဖြူတွေကော မွေးတာ၊ ပူးကလေးတစ်ကောင်လဲ ပါတယ်၊ ဆမ်ကော မမွေးဘူး လား" ဆမ် ခေါင်းရမ်း သည်။ အန်တီ ရှားလော့ကို ကြိုက်သွားပြီ။
"ဟား ... ပျော်စရာကြီး နေမှာပဲ၊ ဖေဖေ သား မွေးရမလားဟင်"
"အက်နက် ဆီကို ပထမ ခွင့်တောင်းလေ"
ညစာ အဆင်သင့်ပြင်ပြီးဖြစ်ကြောင်း အက်နက် သတင်းလာပို့သည်။ အားလုံးဝိုင်းထိုင်လိုက်ကြ သည်။ ရှားလော့ က အဖြူရောင် လက်သုတ်ပ၀ါကို ပေါင်ပေါ်တွင် ဖြန့်တင်လိုက်၏။ မယ်လီဆာက အသေးစိတ် အကဲခတ်နေသည်။ ဆံပင်အရောင်တဖိတ်ဖိတ်၊ လက်သည်းကလေးတွေကို လှပစွာ ပြင်ထားသည်။

အမယ်စုံလှသော အက်နက်၏ လက်ရာ ဟင်းလျာမျိုးကို အားရပါးရစားကြသည်။ ရှားလော့နှင့် နှစ်ယောက် တည်းဖြစ်သလို ချက်ပြုတ်စားခဲ့သည့် အချိန်များ ကို အော်လီဗာ အောက်မေ့ တမ်းတနေ သည်။ ကလေးတွေ ပြန်ရောက်ပြီး နောက်ပိုင်းလည်း အတတ်နိုင် ဆုံး ရှားလော့ကို အချိန်ပေးမည် ဟု စိတ်ကူးထား၏။ သည်မျှတော့ အခွင့်အရေး ရှိသင့်သည်လေ၊
စားလို့သောက် လို့ ကောင်းနေကြတုန်း ဆမ်ကလေးက ရှားလော့ကို တည့်တည့်ကြည့်ပြီး ထအော် ပါလေတော့ ၏။ မျက်လုံးအပြူးသားနှင့် ... "အဲဒါ ... အဲဒါ ... အန်တီက ... ဟို ... ဟို"
ဘယ်က စလို့ ဘယ်လိုမေးရမှန်း သူ မသိ။ ရှားလော့ ရယ်သည်၊ မယ်လီဆာအရင်မှတ်မိမည် ထင်ခဲ့ သည်။ ရှားလော့ က လျှို့ဝှက်စွာ ပြုံးနေသည်။ ဆမ်ကလေးက ဆက်မေးသည်။

"ကျွန်တော်သိပြီ၊ တီဗွီမှာ ... ဟုတ်တယ် မဟုတ်လားဟင်"
ရှားလော့ က အနေရကျပ်သွားသည့် အမူအယာဖြင့် ...
"ဟုတ်ပါတယ်ဆမ်ရဲ့၊ ဟုတ်ပါတယ်"
"ဘာဖြစ်လို့ ကျွန်တော်တို့ကို မပြောသလဲ" ဆမ်ကလေး မကျေမနက်ဖြင့် မေးသည်။ မယ်လီဆာက တွေးပြီး စဉ်းစားနေသည်။ အသိအကျွမ်း ထဲက တစ်ယောက်ယောက်နှင့် တူသလိုလိုတော့ ရှိသည်။ သို့သော် ဘယ်သူနှင့် တူမှန်း မသိ။ "အဲဒါ အရေးကြီးလို့လား ဆမ်ရယ်"

"အန်တီက မြွေတွေ ကြွက်တွေ ပူးတွေ မွေးတာတော့ ပြောတယ်။ တီဗွီပြဇာတ်အကြောင်းတော့ မပြောဘူး" အားလုံးဝိုင်း ရယ်ကြသည်။ မယ်လီဆာ ချက်ချင်း မှတ်မိလိုက်ပြီ၊ မျက်လုံးအပြူးသား ပါးစပ် အဟောင်းသားနှင့် ... "ကြည့်စမ်း ... ကြည့်စမ်း၊ ရှားလော့ ဆင်မဆင်၊ ဟုတ်လား"
"ဟုတ်ပါတယ် သမီးရယ်" ရှားလော့ ခပ်အေးအေး ပြန်ပြောသည်။ အက်နက်က အချိုပွဲလာချရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြုံးသည်။ "ကျေးဇူးပဲ အက်နက်" ရှားလော့က အက်နက်ဘက်ကို လှည့်ပြီး ပြော လိုက်သည်။

"ဘာဖြစ်လို့ အစက မပြောတာလဲဟင်"
မယ်လီဆာ က ဆမ့်လေသံအတိုင်း ထပ်မေးသည်။
"ပြောလိုက်ရင် သမီးတို့ ပိုသဘောကျမယ်ဆိုတာ သိပါတယ်တယ်၊ ဒါပေမယ့် အန်တီကို မင်းသမီး တစ်လက် အဖြစ် မဟုတ်ဘဲ ရိုးရိုးခင်စေချင်လို့၊ ပြီးတော့ အဲဒါ သိပ်အရေးကြီးလို့လားဟင်"
"ဟုတ်ကဲ့၊ မယ်လီဆာသဘောပေါက်ပါတယ်၊ ဒါပေမယ်ံ"
စကားပြတ် သွားပြီး မနက်ဖြန်ကျောင်းရောက်ရင် သူငယ်ချင်းတွေ ကြွားဖို့ မယ်လီဆာ စိတ်ကူးလိုက် သည်။ ရှားလော့ ဆင်မဆင်နှင့်အတူတူ ညစာစားခဲ့သည့်အကြောင်း ပြောရမည်။ ကျောင်းက သူငယ်ချင်း ကောင်မလေး တော်တော်များများက ရုပ်ရှင်မင်းသမီး မင်းသားများကို သိကြသည်။ အချို့ဆွေမျိုးတော် ကြသည်။ မိမိတွင် အသိအကျွမ်းပင် မရှိခဲ့။
ရှားလော့ ကို သေသေချာချာ ပြန်ကြည့်သည်။ သိပ်လှတဲ့ အမျိုးသမီးပဲ၊ အဖေကလည်း ပိုချောနေ ၏။ မိမိတို့မောင်နှမနှင့် တရင်းတနှီး ဆက်ဆံပုံ၊ ရှားလေ့ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ အားလုံးသဘော ကျနေ သည်။

"မယ်လီဆာ အရမ်း ၀မ်းသာတာပဲ အန်တီရယ်"
မယ်လီဆာ က အရိုးခံအတိုင်း ပြောလိုက်သည်။ ရှားလော့ ရယ်နေသည်။ အော်လီဗာ ၀တ်ဆင်၏ သမီးဆီ က သည်လို စကားမျိုးကြားရခြင်းသည် မိမိအတွက်လည်း ၀မ်းသာစရာအတိ မဟုတ်လား။
"ကျေးဇူးတင်ပါတယ် မယ်လီဆာ၊ သမီးတို့မောင်နှမနဲ့ တွေ့ဖို့ အန်တီ အရမ်းစိတ်လှုပ်ရှားခဲ့ရပါ တယ်၊ အ၀တ် ကို ဆယ်ခါလောက် ပြန်လဲရတယ်လေ"
အော်လီဗာ့ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ မယ်လီဆာက ပါးစပ်အဟောင်းသားနှင့် ...
"အန်တီ တကယ်ပြောတာလားဟင်၊ မယ်လီဆာ အံ့သြလို့ကို မဆုံးနိုင်ဘူး၊ ပြဇာတ်ကနေရင်း တီဗွီ ဘယ်လို ရိုက်ရတာလဲဟင်" ထို့နောက်တော့ မောင်နှမနှစ်ယောက် မေးခွန်းတွေ မြားပစ်သလို ဆက်တိုက်လွှတ်တော့၏။ "ဟေး ... ဟေး အန်တီပြီးအောင် စားပါစေဦးကွာ၊ ဖြေးဖြေးပေါ့"
အော်လီဗာ ၀င်တားမှ မောင်နှမနှစ်ယောက် ငြိမ်သွားသည်။ မယ်လီဆာက စဉ်းစဉ်း စားစား လေသံဖြင့် မေးခွန်းတစ်ခု ထုတ်မေးသည်။

"သမီးတို့ ဖေဖေနဲ့ အန်တီ ဘယ်လိုတွေ့တာလဲ ဟင်"
ဝန်တိုစိတ်မရှိဘဲ သိလိုစိတ်သက်သက်ဖြင့် မေးလိုက်ခြင်း ဖြစ်၏။ ရှားလော့က မယ်လီဆာကို ကြည့်ပြီး ကြင်ကြင်နာနာ ပြုံးလိုက်သည်။
"ကံကောင်းထောက်မလို့ ဆိုပါတော့ သမီးရယ်၊ ကုမ္ပဏီက ပေးတဲ့ ခရစ္စမတ်ပွဲမှာ ဆုံကြတာလေ"
အော်လီဗာက အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။ လက်ခံဖို့ သူတို့အသင့် ဖြစ်နေကြပြီ မဟုတ်လား။
"ခရစ္စမတ် အဖိတ်နေ့ညမှာ ရှာလီက ဖေဖေ့ကို ညစာ ဖိတ်ကျွေးတယ်လေ"
ရှားလော့ အခန်းတွင် ထိုညအိပ်ခဲ့သည့်အကြောင်းနှင့် အရူးအမူး ချစ်နေကြပြီဖြစ်ကြောင်းများတော့ ထည့် မပြော။ သို့သော် သူတို့နှစ်ယောက်၏ မျက်လုံးများက ပြောပြနေသည်နှင့်မခြား။ မယ်လီဆာ ကောင်းကောင်းရိပ်မိပါသည်။ ဆမ်ကလေးကပင် အကဲခတ်နိုင်သည်။ ဖေဖေနှင့် သည် အမျိုးသမီး ကြည့်ပုံတွေ က ယန်းပီယာနှင့် မေမေ့လိုဘဲဟု သိနေ၏။ သို့သော် သည်အတွက် ဆမ်ကလေး လုံးဝစိတ်အနှောင့်အယှက် မဖြစ်၊ ပျော်နေသည်။

အချိုပွဲစားပြီးတော့ ဆမ်က ရှားလော့ကို ကားရုံထဲလိုက် ကြည့်ဖို့ ခေါ်ပြန်သည်။ ရှားလော့က လိုလို ချင်ချင် ထသွားပြီး ဆမ့်တီမွေးခန်းမှာ စနစ်တကျရှိကြောင်း ပြန်လာပြောတော့ မယ်လီဆာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
ညကိုးနာရီထိုးတော့ ဆမ်အိပ်ယာ ၀င်သွားသည်။ မယ်လီဆာက အောက်ထပ်တွင် ဆက်နေပြီး ဇာတ်ညွှန်း အကြောင်း ရှားလော့နှင့် ဆက်ဆွေးနွေးသည်။
ရှားလော့ က ဘရော့ဒ်ဝေးကိုရောက်ဖို့ ကြိုးစားနေကြောင်းများပါ ပြောပြီး နာရီကြည့်ရင်း မနက်လေး နာရီ တွင် အရေးကြီးသည့် အခန်းတစ်ခန်းရိုက်ရန် စတူဒီယို သွားရမည်ဖြစ်ကြောင်း စိတ်မကောင်း စွာ ပြောသည်။

"အိမ်ပြန်ရောက်ရင်လဲ အန်တီမအိပ်နိုင်သေးဘူး သမီးရဲ့၊ စာတွေ ကျက်ရဦးမယ်၊ သမီးဝါသနာပါ ရင် ဆက်ကြိုးစား ပါ။ ဒါပေမယ့် အရမ်းပင်ပမ်းတယ်နော်၊ အန်တီကတော့ အဲဒီလို ပင်ပမ်းတာကိုပဲ သဘောကျနေတယ်" "တစ်ခါလောက် လာကြည့်လိုရမလား ဟင်"

မယ်လီဆာ မရဲတရဲ မေးသည်။
"အို ... ရပါတယ် သမီးရဲ့၊ ဖေဖေ လွှတ်မယ်ဆိုရင် အချိန်မရွေးလာခဲ့ပါ။ သူတောင် တစ်ခါလာ ကြည့်လို့ရမလား ဟင်"
ရှားလော့က ရှက်ပြုံးကလေး ပြုံးပြီး အော်လီဗာ့ကို ငဲ့ကြည့်သည်။ ပြီးတော့ မယ်လီဆာ မမြင် အောင် သူ့လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။
"ဟုတ်လား၊ ဘယ်လိုနေလဲဟင် ဖေဖေ"
"သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမယ့် အရမ်းပင်ပမ်းတဲ့အလုပ်ပဲ"
အော်လီဗာက အကြင်နာ မျက်လုံးများဖြင့် ချစ်သူကလေးကို ငေးကြည့်ရင်း ပြောသည်။

"လူတွေအများကြီးလားဟင် အန်တီ"
"အဲဒီတုန်းက သုံးဆယ့်နှစ်ယောက် ထင်တယ်"
"တစ်ခြားသရုပ်ဆောင်တွေက စကားမှားလို့ ခဏခဏ ပြန်တိုက်ရတယ်၊ ဒါပေမယ့် ကြည့်လို့ ကောင်းပါတယ်"
အော်လီဗာက ရှင်းပြသည်။ ရှားလော့ကလည်း ထပ်ဖြည့်ပြောသည်။
"ရိုက်ကွင်းရဲ့ နောက်ကွယ်မှာ ဖြစ်နေတာတွေကို မယ်လီဆာ ပိုပြီး စိတ်ဝင်စားမယ်ထင်တယ်၊ ကြည့်စမ်း၊ စကားကောင်းနေလိုက်တာ ..."
သားအဖနှစ်ယောက်ကို ရှားလော့ နှုတ်ဆက်သည်။ မယ်လီဆာက လက်ပြပြီး အပေါ်ထပ်သို့ တစ်ကြိုးတည်း လစ်တော့၏။ မနက်ဖြန်ထိ မစောင့်နိုင်တော့၊ ညတွင်းချင်း သူငယ်ချင်းတွေဆီ ဖုန်းဆက်တော့မည်။

အော်လီဗာက ရှားလော့ကို ကားဆီသို့ လိုက်ပို့သည်။
"မင်းဟာ ကိုယ်ထင်တာထက်ပိုပြီး အံ့သြစရာ ကောင်းတဲ့ မိန်းကလေးပဲ ရှာလီ၊ တီကောင်တွေကို လဲ မရွံ့မရှာသွားကြည့်တယ်၊ ဆယ်ကျော်သက်တွေနဲ့လဲ တည့်အောင် ပေါင်းတတ်တယ်၊ မင်းအကြောင်း ကိုယ်မသိတာ နောက်ဘာတွေများ ရှိသေးလဲဟင်"
"ရှိတာပေါ့"
ပျော်လွန်းလို့ ရွှန်းလဲနေသည့် မျက်လုံးများဖြင့် ချစ်သူကို မော့ကြည့်သည်။ ဘယ်လောက်စိတ်ချမ်း သာစရာကောင်းသည့် ညချမ်းပါလဲ၊ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေ ကင်းစင်ပပျောက်တာ သူတို့ ကလေးတွေ၏ ရှေ့တွင် ချစ်သူမျက်နှာကို ရဲရဲကြည့်နိုင်တော့မည် အဖြစ်ထက် ပို၍ ကြည်နူးစရာ ဘာများ ရှိပါဦးမည်လဲ။

"ရှိတာပေါ့၊ မောင့်ကို ဘယ်လောက်ချစ်နေတယ်ဆိုတာ မောင်မသိဘူးလေ"
"ကိုယ်လဲ အတူတူပါပဲ ရှာလီရယ်"
ပြောပြောဆိုဆို ရင်ခွင်ထဲ ဆွဲယူပြီး နမ်းလိုက်သည်။ ဆမ်ကလေးက သူ့အိပ်ခန်းထဲမှ မျက်လုံး အပြူးသားနှင့် အောက်သို့ ငုံ့ကြည့်နေ၏။ အိပ်ယာပြင်ပေးနေသော အက်နက်ကို လှမ်းအော်ပြောသည်။
"အက်နက်၊ အက်နက်၊ ဟိုမှာကြည့်စမ်း ... ဖေဖေရယ်၊ ဖေဖေရယ်၊ ရှားလော့ကို နမ်းနေပြီ"
အက်နက် က သူ့ကို နောက်မှ ဆွဲခေါ်ပြီး
"ကဲ ... ကိုယ့်အလုပ် ကိုယ်လုပ်စမ်း၊ လာ ... သွားတိုက်မယ်"
"ဖေဖေ့ကို သူသဘောကျနေပြီလားဟင် အက်နက်"
"သား ဖေဖေ က ဒါလောက်ချောတာပဲ၊ ဘာကို သဘောမကျရမှာလဲ"
"ဒါပေမယ့် သူက တီဗွီမင်းသမီးလ၊ ပြဇာတ်မင်းသမီး"
"အို ... ဘာပဲဖြစ်ဖြစ်၊ ဘာထူးလဲ"
ရေချိုးခန်းထဲသို့ သွားတိုက်ဖို့ ဆမ်ဝင်သွားသည်။ အက်နက်တစ်ယောက် ခေါင်းတညိတ်ညိတ်နှင့် ရပ်ကြည့်နေ၏။ သည်ညမြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီး အက်နက်ကြည်နူးနေသည်။ မိမိ ဆရာ ကော၊ ရှားလော့ဆင်မဆင် ပါ ကံကောင်းကြပါသည်။
 
အခန်း(၂၃)


ထိုရက်သတ္တပတ် ရုံးပိတ်ရက်တွင် ရှားလော့ ရောက်လာသည်။ မာစီဒီးကားကလေးကို တောင်ကုန်း ကလေး လမ်းအတိုင်း ကွေ့ပတ်မောင်းတက်လာခဲ့၏။ တံခါးဝမှ ခလုတ်ကို ရဲရဲတင်းတင်း နှိပ်လိုက် သည်။ ဆမ်ကလေး ပြေးထွက်လာသည်။ ရှားလော့ကို မြင်တော့ ဆွေ့ဆွေ့ခုန် ၀မ်းသားနေ၏။
ရှားလော့က စောင်နှင့်ပတ်ထားသည့် လှောင်အိမ်ငယ်တစ်ခုကို ဆမ်ကလေးအား ကမ်းပေးလိုက် သည်။ အထဲမှ ရှူးရှူးရှဲရှဲနှင့် အသံတွေ ထွက်နေ၏။ ဆမ်က စောင်ကို ဆွဲခွာပြီး အထဲကို ငုံ့ကြည့် လိုက်သည်။ သူ့မျက်နှာကလေး ၀င်းထိန်သွားသည်။
"ဟယ်...ဟယ်၊ ဖေဖေရေ၊ ဒီမှာ လာကြည့်ပါဦး၊  သားအတွက် အန်တီရှာလီ ယူလာတယ်၊ ပူးကလေးဗျ"
မုတ်ဆိတ်ရိတ် ရေမိုးချိုးပြီး ဆင်းလာသော အဖေ့ကို လှမ်းအော်ပြောသည်။

"သား မွေးမယ်နော် ဖေဖေ"
"မွေးလေ၊ မွေးပေါ့ သားရဲ့"
"သားအခန်းထဲမှာ ထားလို့ရမလားဟင်"
"သား ဘယ်အနံ့ခံနိုင်မလဲ၊ အနံ့မခံနိုင်ရင် ထားလေ"
ဆမ်သည် လှောင်အိမ်ကလေးကို ပိုက်ပြီး အပေါ်ထပ် ပြေးတက်သွားတော့၏။
ထိုနေ့ညနေ တွင် မာလီဘူကမ်းခြေသို့ အလည်ထွက်ခဲ့ကြ၏။ ကမ်းခြေတွင် ဆော့ပြီးလျှင် မယ်လီဆာ ကြည့်ချင်နေ သည့် ရုပ်ရှင်ကားကို ၀င်ကြည့်မည်။ မြီးကောင်ပေါက်တွေ အကြိုက်တစ္ဆေ ကား။ ရုပ်ရှင်ကြည့်ပြီးတော့ "ကျောက်ဆောင်နီ" တွင် သွားစားကြသည်။ ဆူဆူညံညံ အသံတွေကို သူတို့ မမှုကြတော့။
နောက်တစ်ပတ်တေါင် ဒစ်စနေဥယျာဉ်သို့ သွားလည်ကြသည်။ ရှားလော့တစ်ယောက် အပျော်ကြီး ပျော်နေသည်။ မောင်နှမနှစ်ယောက်ကို ပျော်စရာနေရာတွေအားလုံးပို့ပေးသည်။ အိမ်တွင် လည်း သားအဖသုံးယောက်ကို ညစာ ချက်ကျွေးသည်။

ရှားလော့ ၀ယ်ပေးထာသည့် ပူးကလေးကို ဆမ်က "ရှာလီ" ဟု ချစ်စနိုး နာမည်ပေးထားသည်။ မယ်လီဆာက သူ့အဖေနှင့် ရှားလော့ဆင်မဆင်တွဲနေကြောင်း သူငယ်ချင်းအားလုံးကို ခပ်ကြွားကြွားကလေး ပြောထားသည်။
ရှားလော့နှင့် အဖေ ညပိုင်း ထွက်လျှင်လည်း မောင်နှမနှစ်ယောက် ကြည်ကြည်ဖြူဖြူပင်၊ စနေ၊ တနင်္ဂနွေနေ့ များတွင် ရှားလော့က မပြန်တော့ဘဲ အိပ်သည့်အခါ အိပ်သည်။ ဧည့်သည်များအတွက် ထားသည့် အိပ်ခန်းလွတ်တစ်ခု တွင် အိပ်ခြင်း ဖြစ်၏။ သို့သော် ကလေးတွေ အထင် အမြင် သေးလောက်သော အပြုအမူမျိုး ရှားလော့တွင် ရှာမရ။
သူတို့ မောင်နှမနှစ်ယောက် အိပ်ပြီဆိုမှ အော်လီဗာက ချွတ်နင်းပြီး ဆောင်တော်ကူးသည်။ ခိုးကြောင် ခိုးဝှက် ချစ်ရသည်ကိုပင် နှစ်ယောက်သား ပို၍ အရသာတွေ့နေကြ၏။
နောက်တစ်လ အကြာတွင် ဂျော့တို့ ဇနီးမောင်နှံ ရောက်လာကြသည်။ ပထမပိုင်းတွင် နာမည်ကျော် မင်းသမီးနှင့် တွေ့ရခြင်းအတွက် ၀မ်းသာအားရ ဖြစ်ကြသော်လည်း မကြာခင်ပင် မင်းသမီးဆိုသည့် ဂုဏ်ပုဒ် ကိုမေ့သွားကြပြီး ရှားလော့နှင့် တရင်းတနှီး ဖြစ်သွားကြသည်။

ရှားလော့သည် အောင်မြင်မှုကို သတိရနေသည့် အမျိုးသမီး မဟုတ်။ ထို့ကြောင့် သူနှင့်ဆက်ဆံဖူး သမျှ လူ အားလုံး သူ့ကို ချစ်ကြခြင်း ဖြစ်၏။ မယ်လီဆာနှင့် တွေ့စက ပြောသလိုပင် အောင်မြင်မှု ရခြင်း ကို ကျေနပ်သော်လည်း ဘ၀တွင် သိပ်ရေးပါသည့်ကိစ္စကြီးတစ်ခုလိုတော့ ရှားလော့မထင်။ မိမိကို ချစ်ခင် သည့် လူတွေကိုသာ အဓိက ထားချင်သည်။
သို့သော် သူ့အောင်မြင်မှုကို ဘာနှင့်မှ ဖုံးကွယ်ထား၍ မရပါ။  သွားလေရာရာ မှာ အော်တို စာအုပ် ပေးသူတွေနှင့် ရှောင်လို့ မလွတ်နိုင်အောင်ပင်။ သူ့ပြဇာတ်တွေကို ချီးကျူးချင်သည့် လူတွေ ကို လည်း နေရာတကာတွင် တွေ့ရ၏။ သူတို့သားအဖတွေက စိတ်မရှည်ချင်သော်လည်း ရှားလော့ က ပရိသတ်ကို ကျေးဇူးရှင်ဟု သတ်မှတ်ပြီး အားလုံး၏ အလို ကျအောင် နေတတ်ပြောတတ်သည်။
သည်အကြောင်း မယ်လီဆာက မေးသည်။

"ဘာလို့ အန်တီ ဒါလောက် စိတ်ရှည်ရတာလဲဟင်"
"အဲဒါက မင်းသားမင်းသမီးတွေရဲ့ အလုပ်တွေနဲ့ ဆက်နေတယ်လေ၊ သူတို့ကို ပေးရသလို  ကိုယ်ကလဲ ပြန်ရတဲ့ လုပ်မျိုးလေ သမီးရဲ့၊ ပရိသတ်ကို ဂရုမစိုက်တဲ့နေ့ဟာ အနုပညာရှင် တစ်ယောက် နာမည်ကျ တဲ့နေ့ပဲ"
ဂျော့ဝတ်ဆင်ကမူ ရှားလော့ကို ကမ္ဘာပေါ်တွင် အလှဆုံး မိန်းကလေးဟု ထင်သည်။ သားဖြစ်သူနှင့် လက်ထပ်ဖြစ်ပါစေဟုလည်း ဆုတောင်းရသည်မှာအမော။ မပြန်ခင် အော်လီဗာ မေးသည်။
"သားတို့ လက်ထပ်ဖြစ်မှာလား"
"ဟာ ... ဖေဖေကလဲ၊ တွေ့တာမှ နှစ်လပဲ ရှိသေးတယ်၊ ဖြည်းဖြည်းပေါ့၊ ပြီးတော့ ရှားလော့က ရှေ့မှာ တက်လမ်း အများကြီး ရှိသေးတယ်။ ကျွန်တော့်လို ကလေးသုံးယောက်အဖေကို သူစိတ်ကူးမယ် မထင်ပါဘူး" "ဖေဖေတော့ သူစိတ်ကူးမယ် ထင်တယ်။ သိပ်ကို ရိုးသားသန့်စင်တဲ့ အဖိုးတန်မကလေးပဲ"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဟောလိဝုဒ်မှာ သူခေါင်းခေါက် ရွေးနိုင်တာပဲ၊ ကြည့်သေးတာပေါ့လေ"
သို့သော် ကံကောင်းထောက်မစွာ တွေ့ဆုံကြသည့်အတွက် သူတို့နှစ်ယောက်စလုံး အံ့သြ မဆုံး ဖြစ်နေကြသည်တော့ အမှန်။

အဖေတို့စုံတွဲ နယူးယောက်ကို ပြန်သွားပြီး နောက်တစ်နေ့ညတွင် နှစ်ယောက်သား အေးအေး လူလူ ထိုင်စကားပြောနေကြစဉ် တယ်လီဖုန်းသံမြည်လာသည်။ ဟင် ... ဘင်ဂျမင် အသံပါလား၊ ရှိုက်ကြီးတငင် ငိုနေသည်။ အော်လီဗာ နားမလည်နိုင်အောင် ဖြစ်နေ၏။
"စိတ်အေးအေး ထားစမ်း၊ ဖြည်းဖြည်းပြော သား ဖြည်းဖြည်းပြော၊ အသက်ဝအောင် ရှူပစ်လိုက်"
"ရှားလော့ ကို လှမ်းကြည့်ရင်း ပြောနေသည်။ ဘာများ ဖြစ်လို့ပါလိမ့်။ ဘင်ဂျမင့်ဆီက သတင်း မကြာုးသည် မှာ ကြာပြီ။
"ဘင်ဂျမင်-ပြောစမ်း၊ ဖေဖေ့ကို ပြောစမ်း၊ ဘာဖြစ်တာလဲ"
"ကျွန်တော် ... ကျွန်တော် မခံနိုင်တော့ဘူး ဖေဖေ၊ ကျွန်တော် သူ့ကို သိပ်မုန်းတယ်"

"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ခံနိုင်ရည် မရှိတော့ဘူး။ ကျွန်တော် အလုပ်ကို ကုန်းရုန်းလုပ်ပြီး သူတို့ သားအဖ အဆင်ပြေအောင် ထားပါတယ်၊ ဒါပေမယ့် နောက်ကို တာဝန်ရှိတယ်ဆိုပြီး သူက အလုပ် ထွက်ပစ်လိုက်တယ်၊ ပြီးတော့ ဟုတ်တာလဲ မဟုတ်ဘူး"
သည် တစ်ခါ ကလေးရရင်တော့ မိမိကလေး မဟုတ်နိုင်တော့။ သူနှင့်မထိတွေ့တာ နှစ်လကျော်ပြီ လေ"
"တစ်ချိန်လုံး အပြင်ထွက်နေတယ် ဖေဖေ၊ ဘီလီနဲ့ တွဲလိုက်၊ ဂျော့ပီယာစ်နဲ့တွဲလိုက်နဲ့၊ ကျွန်တော်လဲ မပြော တတ်တော့ဘူး ဖေဖေ၊ တစ်ခါတစ်လေ ကလေးကို ကျွန်တော်က အလုပ်ထဲ ခေါ်သွားရတယ်၊ အဲလက်စ် ကို ကျွန်တော် သိပ်ချစ်တယ် ဖေဖေ၊ ကျွန်တော် သူနဲ့ မထားခဲ့နိုင်ဘူး၊ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြိုးစားသေးတယ်၊ သားလေးကြောင့် ကျွန်တော် မလုပ်ဖြစ်တာ၊ ကလေးကို သူ လုံးဝ ဂရုမစိုက်ဘူး၊ ကလေးကို နို့ဖျော်တိုက်ဖို့တောင် သတိရချင်မှ ရတယ်။ ကျွန်တော် အိမ်ပြန်ရောက်ရင် ကလေးက ဆာလွန်းလို့ ငယ်သံပါအောင် အော်ငိုတာ ခဏ ခဏ ကြုံရတယ်၊ ကျွန်တော် ဘာလုပ်ရမလဲ ဖေဖေ၊ ကျွန်တော့်ကို ... ကျွန်တော့်ကို ကယ်ပါဦး ဖေဖေ"

တရှိုက်ရှိုက် ငိုပြန်သည်။ တယ်လီဖိုးနီးယားကို အမြန်ဆုံး ထွက်ခဲ့ဖို့ အော်လီဗာက အကြံပေးသည်။ ကလေးကို မထားခဲ့နိုင်ကြောင်း ဘင်ဂျမင်ပြောတော့ ...
"ခေါ်လာခဲ့လေ၊ သားနဲ့အတူ ခေါ်လာခဲ့ပေါ့"
"အဲဒီလိုလဲ မပေးနိုင်ဘူးတဲ့၊ ကျွန်တော်က အတင်းခေါ်သွားမယ် ပြောတော့ ရဲတိုင်မယ်တဲ့၊ သူက အမေ တဲ့၊ ကျွန်တော် ယူသွားပိုင်ခွင့် မရှိဘူးတဲ့"
"ဆန္ဒရာ့ အမေ ဘယ်မှာလဲ၊ သူ့အမေကို အကူအညီ တောင်းရင်ကော"
"မပြောတတ်ဘူး ဖေဖေ၊ နောက်တစ်ယောက်နဲ့ တွဲသွားပြီး ဘာကာစဖီးမှာ ရောက်နေတယ်"
"သူ့ဖုန်းနံပါတ် ရှိလား" "ဟုတ်ကဲ့ ရှိတယ်၊ မီးဖိုဆောင်နံရံမှာ ဆန္ဒရာ ရေးထားတာ တွေ့တယ်"
ဘင်ဂျမင် အငိုတိတ်သွားပြီ။

"မနေ့ မနက်ကတည်းက ထွက်သွားတာ ခုထိ အိမ်ပြန်မလာဘူး ဖေဖေ၊ အဲလက်စ် ကလေး မွေးပြီးကတည်းက အဲဒီအတိုင်းပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာ"
အဲလက်စ် ကလေး မွေးသည်မှာ ငါးလခွဲ ရှိခဲ့ပြီ။
"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါတယ် ဖေဖေ မရတော့ဘူး၊ ကျွန်တော် အရမ်းမုန်းသွားပြီ"
အော်လီဗာ နားလည်ပါသည်။ မိမိကိုယ်တိုင်သာ ဘင်ဂျမင်နေရာမှာ ရှိလျှင် သတ်မိမည်ထင်၏။ လက်မထပ်ဖြစ်တာ ကို ကျေးဇူးတင်ရတော့မည်။ ရှင်းလို့ ရနိုင်သေးသည်လေ။
"စိတ်အေးအေးထား၊ ဒီစနေ့၊ တနင်္ဂနွေမှာ ဘိုးဘိုးတို့ဆီ သွားနေပါလား သားရဲ့"
"အဲလက်စ် ကလေးအတွက် ဘယ်လိုလုပ်မလဲ ဖေဖေ"

"ခေါ်သွားလေ၊ ဘွားဘွားမာဂရက် ကြည့်ပေးမှာပေါ့၊ သူက တစ်ချိန်တုန်းက သူနာပြုဆရာမပဲ၊ ဘာမှ စဉ်းစားမနေနဲ့၊ ထုပ်ပိုးပြီး ချက်ချင်း ထွက်ခဲ့တော့၊ ဘိုးဘိုးဆီကို ဖေဖေကြိုပြီး ဖုန်းဆက်ထား မယ်၊ ကဲ ... ဆန္ဒရာ့ အမေ ဖုန်းနံပါတ်ပေး" ဘင်ဂျမင်က ဖုန်းနံပါတ်ပေးပြီးသည် ညနေပဲ အဘိုးအိမ်ကို သွားပါမည်ဟု ကတိပေးသည်။ အော်လီဗာ က အဖေ့ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောသည်။ နံဘေးတွင် မာဂရက်လည်း ရှိနေ၏။ အားလုံး အဆင်ပြေစေရမည်ကို ဂျော့က ကတိပေးသည်။
"သားလေး ကို ဒီအမှိုက်ပုံ ထဲက အမြန်ဆုံး မင်း ဆွဲထုတ်ရမယ် အော်လီဗာ" "ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ ဖေဖေ" အချစ်ဆိုး မြေးဦးကလေးက စိတ်ညစ်လွန်းလို့ သူ့ကိုယ်သူ သတ်သေဖို့ပင် စိတ်ကူးကြောင်းတော့ ထပ် မပြောတော့ပါ။ သို့သော် ရှားလော့ကိုတော့ ပြောပြလိုက်သည်။ ရှားလော့ တစ်ယောက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဘုရား ... ဘုရား၊ လုပ်စရာ ရှိတာ မြန်မြန်လုပ်ပါ အော်လီဗာရယ်၊ လိုက်သွားပြီး ခေါ်ခဲ့ပါလားဟင်"
"ကောင်မလေး နဲ့ အမေနဲ့ စကားပြောရဦးမယ်၊ ဆန္ဒရာတို့ သားအမိကို သူပြန်ခေါ်နိုင် မလား မေးမယ်လေ"
တယ်လီဖုန်း ဆက်တော့ ချက်ချင်း ကောက်ကိုင်သည်။ အရက်မူးနေပုံရသည့် မိန်းမတစ်ယောက်၏ အသံ၊ အော်လီဗာ က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောတော့ အမျိုးသမီးက ချက်ချင်း မှတ်မိသည်။ ဘင်ဂျမင်နှင့် သူ့သမီး အကြောင်းကိုလည်း သိနေပုံရ၏။
အော်လီဗာ က လေအေးကလေးဖြင့် တစ်မျိုးတစ်ဖုံ စီစဉ်ဖို့လိုပြီဖြစ်ကြောင်း နားချသည်။ သမီးနှင့် မြေးကို ပြန်ခေါ်ထားနိုင်မလား မေးသည်။ ဆန္ဒရာအမေက အရေးအကြီးဆုံးအချက်ကို ဒဲဒိုးမေးသည်။

ဆက်ရန်
.

1 comment:

Anonymous said...

ဇာတ်လမ်းက‌တော့အရှိန်‌ကောင်း‌နေပြီ..မ‌ရွှေစင်
‌ရေ..ကိုးနတ်ရှင်‌ကောင်းပါ‌စေလို့ဆု‌တောင်း‌နေ
တယ်ဗျို့...‌နေ့တိုင်းဖတ်ရ‌အောင်...းD