Wednesday, May 30, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၂)

အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။

" ကိုကိုက စားခဲ့ပြီလား "
ရဲဝင့်က ခေါင်းခါသည်။
" မစားပါဘူး စိမ်းဝေရယ်၊ ကဲလာ တို့မောင်နှမ အတူ စားရအောင် "
စိမ်းဝေ က ရွှင်လန်းစွာ ရယ်၍ ရဲဝင့် လက်မောင်းတစ်ဖက်ကို မှီတွယ်လိုက်သည်။

ဒန်းကလေးပေါ်မှာ ထိုင်မိကြတော့၊ လက ထိန်နေအောင် သာနေပြီ။
နှစ်ယောက်သား စကားမစမိတဲ့ လကို အတော်ကြာအောင် ငေးနေမိကြသည်။ တော်တော်ကြာမှ ရဲဝင့် က မေးသည်။
" အာသာ မန္တလေးသွားပြီလား "
စိမ်းဝေကပြုံး၍ ခေါင်းညိတ်ပြသည်။
" စိမ်းဝေ ကို ခေါ်သေးလား "
စိမ်းဝေက ခဏ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြသည်။
" ငြင်းလိုက်တာပေါ့ "
" ဟုတ်တယ် "
ရဲဝင့်က ခဏ တုံ့ဆိုင်းနေပြီးမှ ဘာလို့လဲဟုမေးသည်။ စိမ်းဝေက ပခုံးသာတွန့်ပြသည်။ ပြီးတော့မှ တိုးတိုး မေးသည်။

" ကိုကို အာသာ့ ကို ဘယ်လို မြင်လဲ "
ရဲဝင့် အကြာကြီး စဉ်းစားနေသည်။ ပြီးမှ တိုးတိုးဖြေသည်။
" လူကောင်းလေးလို့ ထင်တာပဲ၊ စိမ်းဝေကိုတော့ တော်တော် ချစ်နေတာ သေချာတယ်၊ ဖွင့်ရော ပြော ထားလား " စိမ်းဝေက ရယ်သည်။ " ကိုကိုကတော့ ဒက်ခနဲပဲ၊ ဖွင့်ပြောတယ်တော့လည်း မဟုတ်၊ ရိပ်ဖမ်းသံဖမ်းပေါ့ ကိုကိုရယ်၊ စိမ်းဝေ က စကားစ ဖြတ်ပြောပစ်ရတာပေါ့ "
ရဲဝင့်က မျက်မှောင်ကြုတ်သည်။ " စိမ်းဝေက စဉ်းစားနေတုန်းလား " စိမ်းဝေက ရယ်ပြန်သည်။

" မစဉ်းစားပါဘူး ကိုကို ရယ်၊ သူကလည်း မစဉ်းစားမှန်း သိလို့ ဇွတ်ရှေ့မတိုးတာပါ၊ စိမ်းဝေကလည်း ခင်မင်ဖို့ ကောင်းတဲ့ သူငယ်ချင်း တစ်ယောက်မဆုံးရှုံးချင်လို့ ရှေ့အတိုးမခံတာပါ၊ ကိုကိုက သဘောတူနေ လို့လား "
ရဲဝင့် နှုတ်ဆွံ့သွားသည်။ ပြီးမှ " ကိုကိုက သဘောတူတာလည်း မရှိပါဘူး၊ မတူတာလည်း မရှိပါဘူး၊ စိမ်းဝေ စိတ်ချမ်းသာ ဖို့က အဓိကပါပဲ၊ ခဏပိုင်းအတွင်းကလေး လေ့လာကြည့်ရတာတော့ စိမ်းဝေ ကိုတော့ စိတ်ချမ်းသာစေမယ့် ပုံစံမျိုးလေးပါပဲ" ဟု ဖြေသည်။
စိမ်းဝေက ပြုံး၍ ခေါင်းခါသည်။ " ချစ်မှ စိတ်ချမ်းသာမှာပေါ့ ကိုကိုရယ်၊ သူ့ကို စိမ်းဝေ မချစ်ပါဘူး "
ရဲဝင့် နှလုံးခုန် တစ်ချက် ရပ် သွားသည်။ " မချစ်သေးတာလား " စိမ်းဝေက မျက်လုံးပြူးပြသည်။

" မချစ်သေးတာဆိုတာ ရှိလို့လား ကိုကို "
ရဲဝင့် က သက်ပြင်းချသည်။
" မြင်မြင်ချင်း ချစ်တယ်တို့၊ ဒိတ် ခနဲ ချစ်သွားတယ်တို့ဆိုတာ တကယ်ရှိ၊ မရှိ ကိုကိုလည်း မသိဘူး၊ ရင်းနှီးတာ ကြာလာရင် တွယ်တာ၊ အပေးအယူ မျှမျှတတ ခင်မင်နေကြရင် စိတ်ချမ်းသာ တစ်ယောက် အတွက် တစ်ယောက်အမြဲ ငဲ့ညာပေးနေတတ်တာတွေကို ကြည်နူး၊ ဒီလို စိတ်မျိုးတွေကနေ ကြာရင် အချစ် ဆိုတာ တဖြည်းဖြည်း ဖြစ်လာ၊ ခိုင်မာလာနိုင်တယ်လို့တော့ ထင်တယ်၊ ချစ်မိပြီ ဆိုတဲ့အချိန်ကျမှ တစ်ဖက် က မစစ်မှန်ရင် ဒါမှမဟုတ် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ ချွတ်ယွင်းချက် ရှိနေရင် အရမ်း စိတ်ဆင်း ရဲ ရတတ်တယ်၊ ဒီတော့ အဲသလို ရင်းနှီးလာနိုင်တဲ့ သူမျိုးကို တစ်နေ့နေ့ ချစ်သူဖြစ်လာရင် အဆင်ပြေပါမလား ဆိုတာ ကြိုလေ့လာထားရင် မမှားဘူး၊ အာသာကို လေ့လာကြည့်ရင် အဲသလို မျိုးတွေ တော့ မရှိဘူး မဟုတ်လား " စိမ်းဝေက မျက်လုံးကလေး ပိတ်အောင် ရယ်သည်။

" ကိုကိုရယ်၊ ချစ်တာ၊ မချစ်တာ ဒီကိစ္စကို ကြိုပွိုင့်ယူပြီး ကန်ထရိုက်တိုက် ဆောက်သလို တွက်နေ လို့တော့ ဘယ်ရမလဲ " ရဲဝင့် က ရှက်ရယ် ရယ်သည်။
" ထင်တာ ပြောတာလေ၊ ကိုကိုလည်း အချစ် ကို သေသေချာချာ မသိပါဘူး "
" စိမ်းဝေကတော့ သိတယ် " စိမ်းဝေက ခပ်သွက်သွက် ၀င်ပြောလိုက်သဖြင့် ရဲဝင့် ပါးစပ် ပွင့်သွားသည် ဆိုပါဦးဟုလည်း စကားထောက်မိသည်။ " ချစ်တယ် ဆိုတာလေ " " အင်း " " အချစ်ပဲ "
" ဟာ စိမ်းဝေကလည်း " စိမ်းဝေက မျက်လုံးကလေး ပိတ်အောင် ရယ်ပြန်သည်။

" ဟုတ်တယ် ရုတ်တရက် ချစ်ချင်တဲ့ သူကလည်း ချစ်သွားမှာပဲ၊ တဖြည်းဖြည်းနဲ့ ချစ်လာတဲ့ သူလည်း ရှိမှာပဲ၊ ချစ်ပြီးရင်တော့ အချစ်ပဲ၊ ဆုံနိုင်ရ်လည်း ချစ်မျာပဲ၊ မဆုံနိုင်တော့ရင်လည်း အဝေးကနေ ချစ်မှာပဲ၊ ချွတ်ယွင်း ချက် တွေ့လည်း ချစ်မှာပဲ၊ မစစ်မှန်ရင်လည်း ချစ်မှာပဲ၊ မဆုံစည်းနိုင်တော့ရင်၊ မဆုံစည်း သင့်တော့ရင် ရှောင်ချင် ရှောင်သွားမယ်၊ ရင်ထဲကတော့ ဆက်ချစ်နေမှာပဲ၊ ဒါက ရင်ထဲက ခံစားချက် သက်သက် ပဲ၊ ကိုကိုတို့ ယောက်ျားလေးတွေ အတွက်တော့ မသိဘူး၊ စိမ်းဝေတို့ မိန်းကလေးတွေရဲ့ စိတ် က အဲသလိုမျိုးပဲ၊ အဲဒီတော့ ကိုကို အာသာ့ကို အကဲခတ်မနေနဲ့၊ စိမ်းဝေ သူ့ကို ဘယ်တော့မှ မချစ်ဘူး၊ မမနှင်းလို အပျိုကြီး လုပ်ရ လုပ်ရ " စိမ်းဝေ မနားတမ်း ဆက်တိုက် ပြောနေသော စကားများကို အသက် ပင် မရှူမိဘဲ နားထောင်နေရာက ရဲဝင့် မျက်ခုံးကြုတ်မိသည်။
" နှင်းက ဘာဖြစ်လို့လဲ " စိမ်းဝေ ပြုံးသည်။ " မမနှင်းက ကိုကို့ကို ချစ်တာ ကိုကိုကလွဲရင် လူတိုင်း သိတယ်၊ ကိုကို နဲ့ သူ ပေါင်းစပ်ဖို့ မဖြစ်နိုင်တော့ သူ သင့်တော်တဲ့ လူ ရှာချစ်လို့လား၊ ဒီလိုပဲ ရင်ထဲမှာ ကြိတ်ချစ်နေတာပဲ ဟာ " ရဲဝင့်မျက်နှာ အနည်းငယ် နီသွားသည်။

" ဒီကောင်မလေး ပေါက်တက်ကရ "
စိမ်းဝေက ရယ်၍နေရာမှ ထသည်။
" ကိုကို ပင်ပန်းလာပြီ၊ နားတော့လေ၊ စိမ်းဝေတော့ နေနဲ့ည မှားနေတုန်းပဲ ရှိသေးတယ်၊ မေမေနဲ့ သွား စကားပြောလိုက်ဦးမယ်၊ မနက်ကျရင်တော့ စောစောထ၊ စိမ်းဝေကို ရွှေတိဂုံဘုရား လိုက်ပို့ပေး "
ရဲဝင့် ယောင်အမ်းအမ်းနှင့် ခေါင်းညိတ်မိစဉ်း စိမ်းဝေက အိမ်တွင်းဘက်သို့ ၀င်ရောက်သွားသည်။
စိမ်းဝေရယ်။ ဘာတွေလဲကွယ်။

မနှင်းဖွေး (၁၁)

မနှင်းဖွေး ရုံးခန်းနံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားကို လှမ်းငေးနေမိသည်။ နေပူကျဲတဲကြီးမှာ သံဃာတော်တွေ ဆွမ်းခံကြွနေသည့်ပုံ။ ကြည့်သူဘက်ကို ကျောခိုင်းနေကြသဖြင့် မျက်နှာတွေကို မမြင်ရ။ ဓာတ်ပုံလိုမျိုး ပုံတူဆွဲထားခြင်းမျိုး မဟုတ်။ လိုင်းတွေက ထင်ရှားသည်။ အရောင်တွေ က ပြတ်သားသည်။ ထူးခြားတာတော့ အမှန်။
ရဲဝင့်က ရုံးခန်း ထဲ ၀င်လာသည်။ မနှင်းဖွေး ငေးကြည့်နေတာကို မြင်တော့ ပန်းချီကားဘက်ကို လှည့်ကြည့် သည်။ ပြီးတော့ ပြုံးပြသည်။
" စိမ်းဝေ ကို ဒီက ပန်းချီပြခန်းလိုက်ြိပတော့ သူဝယ်ခိုင်းတဲ့ ပန်းချီကားလေ၊ ဘယ်မှာ ထားရမှန်း မသိတော့ ရုံးခန်း ထဲ ချိတ်ထားတာ၊ နှင်းက သဘောကျလို့လား "
မနှင်းဖွေး ဖြည်းညင်းစွာ ခေါင်းခါပြသည်။ ဟုတ်ပါ့ ။

စိမ်းဝေ ကလေး ပြန်သွားတာ သုံးလလောက်ရှိနေပြီပဲ။ ကိုရဲဝင့် တစ်ယောက် တွေးရင်း သတိရလာသဖြင့် သိမ်း ထားသော ပန်းချီကားကို ထုတ်၍ ချိတ်ဟန် တူသည်။
" ကောင်းပါတယ်၊ စိမ်းဝေ က ၀ယ်ပြီး ဘာလို့ ယူမသွားတာလဲ " သူလိုချင်လို့ မဟုတ်ဘူး၊ တို့ကို ၀ယ်ခိုင်းတာ၊ ကိုကို နောင်တမရစေရဘူးတဲ့၊ တို့လည်း နားမလည်ဘူး "
" ကိုရဲဝင့် ဘယ်လောက် ပေးခဲ့ရလဲ " ရဲဝင့်က ဈေးပြောပြတော့ မနှင်းဖွေး ခေါင်းတဆတ်ဆတ် ညိတ်သည်။ "ကိုရဲဝင့် ကို စိမ်းဝေ က နိုင်ငံခြားမှာ ပညာ ကြိုးကြိုးစားစား သင်ထားကြောင်း သက်သေပြ သွားတာ၊ အဲဒါ ဆရာမင်းဝေအောင် ပန်းချီ ကား မဟုတ်လား " ရဲဝင့် မျက်ခုံးပင့်သွားသည်။

" နှင်းက သိတယ် "
" အခု ပန်းချီပြခန်းတွေ နိုင်ငံခြား ရောင်းတာတွေ ဖွင့်ပေးတော့ နိုင်ငံခြားက ပန်းချီကုန်သည်တွေ ၀င်ဝင် လာနေတယ်၊ လက်ရှိ ပန်းချီဆရာတွေထဲမှာ နိုင်ငံခြား ဈေးကွက်မှာ နာမည်ကြီးသွားတဲ့ လူတွေရှိတယ်၊ ဆရာမင်းဝေအောင် တို့၊ ဆရာကြီး ဦးလွန်းကြွယ်တို့လို လူတွေပေါ့၊ ကိုရဲဝင့်ဆီမှာ ဒီပန်းချီကား ရှိနေမှန်း သိနေရင် နိုင်ငံခြားသားတွေ ရောက်လာပြီး နိုင်ငံခြားငွေအများကြီး ပေးဝယ်ကြလိမ့်မယ်၊ စိမ်းဝေက ဒါကြောင့် ကိုကို နောင်တမရစေရဘူးလို့ ပြောတာ" ရဲဝ့် မျက်မှောင်ကြုတ်၍ တွေဝေ စဉ်းစားနေသည်။ ပြီးမှ တိုးတိုးပြောသည်။ " စိမ်းဝေ က စကားပြောတာ သိပ် လူကြီးဆန်လာတယ်၊ တချို့ စကားတွေ ဆိုရင် တို့တောင် သိပ် နားမလည်တော့ဘူး " " ဘယ်လို " ရဲဝင့် က နေရာမှ ထရင်းက ပြုံးသည်။

" ကဲပါ နှင်းရယ် အတော်ပဲ၊ နှင်းကို တိုင်ပင်ချင်တာ၊ ဒီနားမှာ ဂရင်းဟောက်စ်ဆိုတဲ့ ကော်ဖီဆိုင်ကလေး အသစ် ဖွင့်တာ သိပ် သပ်ရပ်တာပဲ၊ သွားသောက်ရင်း စကားပြောရအောင် "
မနှင်းဖွေး ခေါင်းညိတ် ၍ နေရာမှ ထသည်။

" အဲဒါပဲ နှင်းရဲ့၊ သူက ပြီးတော့ ပိတ်ပြောသေးတယ်၊ အာသာ့ကို အကဲခတ်မနေနဲ့တဲ့၊ စိမ်းဝေ သူ့ကို ဘယ်တော့ မှ မချစ်ဘူး တဲ့၊ မမနှင်းလို အပျိုကြီး လုပ်မှာလို့တောင် ပြောသေးတယ် "
မနှင်းဖွေးက တွေဝေစဉ်းစားနေရင်းက ပြုံး၍ သူ့ရှေ့က ကက်ပူချီးနိုး ကော်ဖီ ပန်းကန် ကို မွှေနှောက်နေ သည်။ " ကိုရဲဝင့်က ဘာမှ မပြောလိုက်ဘူးလား " ရဲဝင့်က ခေါင်းခါပြသည်။ မနှင်းဖွေးက တိတ်ဆိတ်စွာ ပင် ကော်ဖီပန်းကန်ကို ဆက်မွှေနေသည်။ ပြီးတော့ ရဲဝင့်ရှေ့က မမွှေရသေးသော အက်စ်ပရက် ကို ကော်ဖီပန်းကန် ကို လှမ်းယူ၍ မွှေပေးသည်။ " ဒါဆို ကိုရဲဝင့် က တကယ်ပဲ အာသာ့ကို သိနေတာပေါ့ "ရဲဝင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" နှင်း ဘယ်လိုလုပ် သိတာလဲ မနှင်းဖွေး ခေါင်းခါပြသည်။
" မသိပါဘူး ထင်တာပါ၊ အခုက စိမ်းဝေလည်း အဲသလိုပဲ ထင်နေဟန် တူတယ်၊ အဲဒါကြောင့် အဲဒီ စကား ပြောတာပေါ့ "
ရဲဝင့်က မနှင်းဖွေး ကမ်းပေးလာသော ကော်ဖီပန်းကန်ကို လှမ်းယူသည်။
"ယူကေ မှာ တို့ ကူညီထားဖူးတဲ့ လူငယ်ကလေးတချို့ရှိတယ်၊ စိမ်းဝေနဲ့တော့ မိတ်ဆက်ပေးမထားဘူး၊ အဝေး ကနေ စောင့်ရှောက်ခိုင်းထားတဲ့ သဘောပဲ၊ သူတို့က စိမ်းဝေနဲ့ အာသာ စခင်ကတည်းက သိကြတယ်၊ တို့လည်း စိတ်ပူလို့ နည်းနည်း စုံစမ်းကြည့်တော့ ကောင်လေးက လူကောင်း ကလေးဖြစ်နေတယ်၊ အဲဒါနဲ့ပဲ စိမ်းဝေနဲ့ သင့်တော် မသင့်တော် လေ့လာ ကြည့်နေတာ၊ စိမ်းဝေ က စိတ်မ၀င်စား ဘူး ဆိုရင် အရေးမကြီးပါဘူး၊ ဒါပေမဲ့ လူငယ်တွေဆိုတော့ အခု စိတ်မ၀င်စားလည်း နောက် စိတ်ဝင်စားသွားနိုင်တာပဲလေ " မနှင်းဖွေးက တိုးတိုးရယ်သည်။

" ကိုရဲဝင့်ရယ်၊ အ လိုက်တာ " " ဘာလို့လဲ နှင်း "
" စိမ်းဝေက ကိုရဲဝင့်ကိုပဲ ချစ်တာ၊ တခြား ဘယ်သူ့မှ စိတ်မ၀င်စားနိုင်ဘူးလို့ ပြောထည့်သွားတာ၊ အဲဒါကို မရိပ်မိလိုက်ဘူး၊ စိမ်းဝေလေး မပြန်ခင်ဘဲ နှင်းကို တိုင်ပင်ပါဦးတော့ ခုတော့ သွားပြီ "
ရဲဝင့် ပါးစပ် အဟောင်းသားဖြစ်သွားပါသည်။

စိမ်းဝေ (၁၁)

ကွန်ပျူတာ မော်နီတာပေါ် မှ ကျားကြီး ပြေးထွက်လာပြီး မာန်ဖီနေပုံကို ငေးကြည့်နေသော စိမ်းဝေ ကို ဈေးဝယ် လူအုပ်ကြီးက ဘယ်မှ တစ်လှည့်ညာမှ တစ်လှည့် ဥဒဟို ရှောင်ကွင်း၍ သွားနေရသည်။
ပိတ်ရက် မို့ ကင်းဘရစ်ခ်ျမြို့ရှိ ဒီလန်ကုန်တိုက်က စည်ကားနေသည်။
" ပေါင်တစ်ထောင်တဲ့၊ ပေါင် တစ်ထောင်ဆိုရင် မြန်မာငွေ ဘယ်လောက် ရှိမလဲ မသိဘူးနော် အာသာ "
အာသာ က ပြုံး၍ စင်ပေါ်မှာ တင်ထားသော ဗြိတိသျှ စွယ်စုံကျမ်း စာအုပ်ကြီးကို လှမ်းပြသည်။
" ၅ သိန်းလောက်ပေါ့ဟာ၊ အဲဒါဝယ်လည်း နင် အဲသလောက် ပေးရမှာပဲ၊ ကွန်ပျူတာဝယ်ရင်တော့ အဲသည် စွယ်စုံကျမ်း ဆိုတာ နင် ထည့်လို့ရတဲ့ စာအုပ်တွေထဲက တစ်ခုပဲ ဖြစ်သွားပြီ၊ ပြီးတော့ စာအုပ်က အင်နီမေးရှင်း မပါဘူး၊ ကွန်ပျူတာ ကတော့ နင်မြင်တဲ့ အတိုင်းပဲ၊ ယူသာ ယူလိုက် "
စိမ်းဝေ မျက်နှာ တွေဝေ သွားသည်။

" ကိုကို့ကို သနားတယ်ဟ၊ ၅ သိန်းဆိုတာ သူ အကြာကြီး ပင်ပင်ပန်းပန်း ရှာချင် ရှာနေရမှာ "
အာသာက ရယ်သည်။ " နင် မေးကြည့်၊ နင့်အစ်ကို တစ်စက္ကန့်တောင် မစဉ်းစားစေရဘူး၊ ဒက်ခနဲ ၀ယ်ပေးမှာ " စိမ်းဝေက လှည့်ကြည့်သည်။ " နင်က ဘာလို့ ပြောနိုင်ရတာလဲ " အာသာ ပခုံးတွန့်ပြသည်။
" ငါဆိုလည်း အဲသလိုပဲ လုပ်မှာမို့လို့ပေါ့၊ အခုက ငါက မိဘပိုက်ဆံ လက်ဝါးဖြန့်နေရတုန်း မို့လို့ပေါ့၊ နင့် အစ်ကို နဲ့ ငါ နဲ့ နင့်ကိုချစ်တာ တစ်ပုံစံတည်းပဲ " စိမ်းဝေက မျက်စောင်းထိုးသည်။

" နင့် စကားက ဘာစကားလဲ၊ ကိုကိုက ငါ့ကို ညီမလေးအရင်းလို ချစ်တာ နင်က သူငယ်ချင်းလေ "
အာသာ က ရယ်၍ ခေါင်းကုတ်သည်။
" ငါ အဲဒါတွေ သိပ်နားမလည်ဘူး၊ ငါကတော့ နင့်ကို သိပ်ချစ်တော့ မျက်စိအောက်ကလည်း အပျောက် မခံနိုင်ဘူး၊ မျက်စိအောက် မှာလည်း မျက်နှာညိုတာ မမြင်ချင်ဘူး၊ ညီမလေးတွေ သူငယ်ချင်းတွေ အဲသလို တော့ မခွဲတတ် ပါဘူး၊ သူလည်း အဲသလိုပဲ ဖြစ်ချင် ဖြစ်မှာပေါ့ " စိမ်းဝေ နှလုံးခုန် မမှန်ချင်သလို ဖြစ်သွားသည်။ လူအုပ်ထဲက တိုး၍ ဆိုင်ပြင်ကို ထွက်လာရင်း အာသာ့အကြည့် ကို ရှောင်လွှဲမိသည်။ အာသာကတော့ ရှေ့တွင် အာသာက စိမ်းဝေကို မီလာသည်။ " ဘာလဲဟ စိတ်ဆိုးသွားတာလား "ဟု မေးသည်။ စိမ်းဝေက မျက်စောင်းထိုးသည်။ " ဆိုးတာပေါ့၊ နင့် စကားက သူငယ်ချင်းချင်း ရည်းစားစကား ပြောသလို ဖြစ်နေပြီ " အာသာက ရယ်၍ ခေါင်းကုတ်သည်။

" သိပါဘူးဟာ၊ စိတ်ထဲရှိတာ ပြောတာပဲ၊ နို့ ရည်းစားစကား ပြောတယ်ဆိုတာ အတင်း အဖြေလိုက်တောင်း နေတဲ့ဟာမျိုး မဟုတ်လား "
" အာသာ " " အေးပါ အေးပါ ဆောရီး၊ နင် မကြိုက်ဘူးဆိုရင် ငါ မပြောတော့ဘူး၊ ဒါနဲ့ နင်က ကွန်ပျူတာ မ၀ယ်တော့ဘူး လား " စိမ်းဝေ မျက်နှာအကြောများ လျော့သွားသည်။
" ငါ့ ဒက်စ်တော့လည်း အသုံး တည့်နေတာပဲ " " ၀င်းဒိုးက အသစ်ဟ " စိမ်းဝေက ရယ်သည်။
" ငါနဲ့အတူ တက်နေတဲ့ သီရိလင်္ကာ ကျောင်းသူ ပြောဖူးတယ်၊ ၀င်းဒိုးဆိုတာ ပြတင်းပေါက် မဟုတ်လား၊ ကွန်ပျူတာ မှာ အုပ်ထားတဲ့ စနစ်ကို ၀င်းဒိုးလို့ခေါ်တာ အဓိပ္ပာယ် ရှိတယ်တဲ့၊ ခဏခဏ အသစ်ပေါ်တော့ အဟောင်း ကို ပြတင်းပေါက်ကနေ လွှင့်ပစ်ပစ်နေရလို့တဲ့၊ တော်ပါပြီဟာ၊ တကယ်လိုမှပဲ လဲတော့မယ် "
" ပြီးရော ရှေ့နှစ် ငါကျောင်းပြီး လို့ အလုပ်စ၀င်ရင် ပထမဦးဆုံးရတဲ့ လခနဲ့ နင့်ကို ကွန်ပျူတာ လဲပေးမယ် "

" မယူဘူး "
အာသာက ဟက်ဟက်ပက်ပက် ရယ်နေစဉ် စိမ်းဝေက "ဂယ်လီဗာ" ဆိုင်အတွင်း ၀င်သွား သဖြင့် နောက်က အူယားဖားယား လိုက်ခဲ့ရသည်။ ဂယ်လီဗာထဲတွင်တော့ လူက အနည်းငယ် ရှင်းနေ သည်။ " သားရေအိတ်ဆိုင်ကြီး၊ နင်က ဘာကြည့်မလို့လဲ " စိမ်းဝေက လက်ကိုင်သရေအိတ် ကလေးများ ကို ကိုင်ကြည့်နေရင်းက လှည့်မကြည့်ဘဲ ဖြေသည်။
" ကိုကိုက သားရေအိတ်ကလေးတွေ ကြိုက်တတ်တယ်၊ ခရီးကလည်း ခဏခဏ သွားရတော့ ကိုကို့ဖို့ ကြည့်တာ " အာသာက သက်ပြင်းချသည်။ " စိမ်းဝေရယ်၊ ဒီက ပစ္စည်းတွေက တို့ မြန်မာနိုင်ငံနဲ့ကပ်ရင် အိန္ဒိယက ပစ္စည်းတွေဟ" " ဘာဖြစ်လဲ၊ ငါမှ အိန္ဒိယ မသွားဖြစ်တာ " အာသာက ပခုံးသာ တွန့်ပြမိသည်။

တက္ကစီ စိမ်းဝေတို့ အိမ်ရှေ့ ရောက်တော့ ည ၇ နာရီသာ ရှိသေးသော်လည်း အင်္ဂလန် ဆောင်းရာသီမို့ မည်း မှောင်နေပြီ။
လမ်းမီးတိုင်များ မှ အလင်းရောင်နှင့် အိမ်တွေထဲမှာ ထွန်းထားသည့် အလင်းရောင် များ ပြတင်းပေါက် မှန် က တစ်ဆင့် မြင်နေရတာက လွဲရင် အင်္ဂလန် ဆောင်းတွင်းက အထီးကျန် ဆန်လှသည်။ လမ်းတွေပေါ် မှာ လည်း လူရော ကားရော ရှင်းပြီး နှင်းက ဖွဖွကလေး ဆိုင်းနေသည်။ စိမ်းဝေ ငှားနေရာ တိုက်ခန်းနှင့် မလှမ်းမကမ်း က ဘတ်စ်ကား မှတ်တိုင်၏ ပလတ်စတစ် ပတ်ပတ်လည် ကာ ထားသော စောင့် ဆိုင်း ရာ နေရာထဲ တွင်တော့ ဂျာကင်အစိမ်းရောင်နှင့် လူတစ်ယောက် ရပ်နေသည်။ ကားစောင့်နေဟန်တူ သည်။ " နင် ဒီကားနဲ့ ဆက်ပြန်မှာလား " စိမ်းဝေက မေးတော့ အာသာက ရယ်သည်။ " နင် ကော်ဖီသောက် မဖိတ်ရင်ပေါ့ " စိမ်းဝေ က သက်ပြင်းချသည်။

" ညဥ့်နက်နေပြီဟာ၊ ပြန်တော့၊ နင့်ကို အစကတည်းက ငါ တစ်ယောက်တည်း ပြန်မယ်လို့ ပြောသားပဲ "
" ရပါတြယ်ဟာ၊ ငါကလည်း တကယ် စိတ်မချလို့ လိုက်ပို့တာပါ၊ သွား၊ နင် အိမ်ထဲ ရောက်မှ ငါထွက်မယ် "
" ဘာစိတ်ပူစရာ ရှိလဲ၊ လူလည်း တစ်ယောက်မျှ မရှိဘဲ "
အာသာ က ဂျာကင်အစိမ်းနှင့် လူရှိရာသို့ မေးထိုးပြသည်။
" ဟိုမှာ တစ်ယောက်၊ ရိုးရိုးသားသား လူပဲ ဖြစ်ချင်တော့ ဖြစ်မှာပေါ့၊ ဒါပေမဲ့ ယူကေက လူတော့ မဟုတ်တာ သေချာတယ် " " ဘာဖြစ်လို့လဲ " " သူ့ဂျာကင်က လောင်းကုတ် မဟုတ်ဘူး၊ ပေါင်လည်ပဲ ရှိတယ်၊ ပြီးတော့ အစိမ်းရောင် လွင်လွင်။ ယူကေက လူတွေ ဆောင်းမှာ ဒါမျိုး ဘယ်တုန်းက ၀တ်လို့လဲ "
သူပြောမှ စိမ်းဝေ အဲဒီလူကို သေသေချာချာ ကြည့်မိသည်။ အဲဒီ လူ ကလည်း တက္ကစီကားနှင့် စိမ်းဝေ တို့ နှစ်ယောက်ကို စိုက်ကြည့်နေရာက ပလတ်စတစ် အကာအတွင်းမှ ထွက်လာ၍ တက္ကစီ ဘက် လျှောက်လာ နေသည်။ စိမ်းဝေ ပါးစပ် အဟောင်းသား ပွင့်သွားသည်။

" ကိုကို "
တက္ကစီကား တံခါးကို ကမူးရှူးထိုး တွန်းဖွင့်၍ စိမ်းဝေ ရဲဝင့်ဆီ ပြေးသည်။ လက်ထဲက ရဲဝင့်အတွက် ၀ယ် ထားသော လက်ကိုင် သရေအိတ် ထည့်ထားသည့် စက္ကူအိတ်က ယမ်းခါ၍ ပါသွားသည်။
ရဲဝင့် ကလည်း လက်ထဲက ခရီးဆောင်အိတ်ကို ပလက်ဖောင်းပေါ် ပစ်ချ၍ ခြေလှမ်းခပ်သွက်သွက်ဖြင့် စိမ်းဝေ ဆီ လျှောက်လာသည်။ ရဲဝင့်ကပဲ လက်ကမ်းကြိုလိုက်တာလား။ စိမ်းဝေကပဲ တိုးဝင်လာ တာလား။ နှစ်ယောက်စလုံး သိပ် မသေချာ။ စိမ်းဝေက ရဲဝင့် ရင်ခွင်ထဲ ရောက်သွားသည်။ ရဲဝင့် ကိုယ်ကို လက်နှစ်ဖက်နှင့် တင်းကျပ်စွာ ဖက်ထား သည်။ ရဲဝင့်ကတော့ စိမ်းဝေ ကျောပြင်ကလေးကို ယုယစွာ ဖွဖွလေး ထွေးလိုက်သည်။ စိမ်းဝေ နောက်ဘက်က တက္ကစီ ကားစက်နှိုးသံကို ဖွဖွ ကြားရသည်။ ပြီးတော့ မောင်းထွက် သွားသည်။

ဆက်ရန်..
.

1 comment:

Anonymous said...

ဘာကြီးလဲဟာ..ေ ပြာ‌တော့‌မောင်နှမလိုချစ်တာဆို..
ဖတ်ရတာတမျိုးကြီးဘဲ....။